Showing posts with label question. Show all posts
Showing posts with label question. Show all posts

“သင် ဘယ်လိုထင်သလဲ”


ပုံ (a) တွင်ပြထားသော စက်ဝိုင်း ဧရိယာသည် မြန်မာပြည်၏ လူဦးရေ အရေအတွက်ကို ကိုယ်စားပြုသည်ဆိုလျှင် (b), (c), (d), (e) ပုံ အသီးသီးရှိ ဧရိယာများသည် မည်သူတို့ကို ကိုယ်စားပြုသည်ဟု သင်ထင်ပါသနည်း။

(မှတ်ချက်။…….။ စကေးကိုက်ဆွဲထားခြင်းမဟုတ်ပါ။ အကြမ်းဖျင်း ခန့်မှန်းနိုင်ရန်သာဖြစ်ပါသည်။ ပုံကို အသေးစိတ်မြင်နိုင်ရန် ပုံပေါ်တွင် ကလစ်ခေါက်ပါ။)
Read more

“သံတူကြောင်းကွဲ”

မြန်မာဘာသာစကားမှာ အနက်အဓိပ္ပါယ်တခုထက်ပိုတဲ့ ဝေါဟာရတွေရှိပြီး သုံးစွဲတဲ့အခါ နားထောင်သူအဖို့ အဓိပ္ပါယ်ကောက်မလွဲအောင် သတိထားသုံးစွဲရတာတွေ ရှိပါတယ်။

ဥပမာ......... “ယုံကြည်မှု”။

ယုံကြည်မှုလို့ ဆိုလိုက်ရင် တစုံတခုအပေါ် သက်ဝင်ယုံကြည်မှု (Belief) ဆိုလိုတာ ဖြစ်နိုင်သလို တဦးနဲ့ တဦး အပြန်အလှန် ယုံကြည်စိတ်ချမှု (Trust)ကို ဆိုလိုတာလည်း ဖြစ်နေနိုင်ပါတယ်။ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုဟာ သက်ဝင်ယုံကြည်မှုဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းအချင်းချင်းကြားက ယုံကြည်မှုဟာ ယုံကြည်စိတ်ချမှု ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံရေးစကားဝိုင်းတွေမှာ အဲဒီ ယုံကြည်မှု အကြောင်းကို ကွဲကွဲပြားပြားဖြစ်အောင် ဂရုတစိုက်နဲ့ ပြောဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပြောချင်တာဟာ အရေးတော်ပုံတခုအပေါ် ယုံကြည်မှုကို ပြောချင်တာလား၊ ဒါမှမဟုတ် အရေးတော်ပုံအတွင်းမှာ အတူတကွပါဝင်ကြမယ့် ရဲဘော်ရဲဖက် အချင်းချင်းအကြားက ယုံကြည်မှုကို ပြောချင်တာလား။ နားထွေးသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။

နောက်ထပ် ဝေါဟာရ တခုက..... “ယဉ်ကျေးမှု”။

ယဉ်ကျေးမှုဆိုတာမှာလည်း လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှု ( Culture ) နဲ့ အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု ( Politeness )ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။

အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု (Politeness )မှာတောင်မှ နှစ်မျိုးနှစ်စား ထပ်ခွဲရမယ်လို့ ယူဆမိပါတယ်။

ပထမ တမျိုးက လူအဖွဲ့အစည်းအတွင်းမှာ ယဉ်ကျေးတယ်လို့ အစဉ်အလာအရသတ်မှတ်ထားတဲ့ သင်္ကေတတွေ( etiquette )ပါ။ အဲဒါတွေက ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ဦး၊ ဒေါ် တပ်ပြီး ခေါ်ဝေါ်တာမျိုး၊ ဘုန်းကြီးနဲ့ ဆက်ဆံတဲ့အခါ ခေါ်ဝေါ်သုံးစွဲ ပြုမူတာမျိုးတွေ၊ သံခင်းတမန်ခင်းတွေနဲ့ ထိတွေ့ပြောဆိုတဲ့အခါ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေ၊ ဧည့်ခံပွဲတွေတက်ရောက်တဲ့အခါ နေရာဒေသအလိုက် လိုက်လျောညီထွေ ပြုမူပြောဆိုသင့်တယ်လို့ အများလက်ခံသတ်မှတ်ထားချက်တွေပါ။

ဒုတိယတမျိုးကတော့ ပိုပြီးအဆင့်မြင့်တဲ့ ယဉ်ကျေးမှုမျိုးပါ။ အဲဒါက တဖက်သားအပေါ်မှာ လေးစားမှု၊ ကိုယ်ချင်းစာမှု တို့ကို ပြတဲ့ ယဉ်ကျေးမှုမျိုးပါ။ ဥပမာ ကိုယ့်ဝေစု ရိက္ခာထုပ်ကို ကိုယ်မစားပဲ ကိုယ့်ထက် ငတ်ပြတ်နေသူကို ကျွေးလိုက်တာမျိုး၊ အတူတကွ ခရီးထွက်လာသူချင်းအပေါ်မှာ ကူညီစောင့်ရှောက်မှုမျိုး၊ သူတပါးအပေါ်မှာ မတရားလူလည်ကျခေါင်းပုံဖြတ်ဖို့ကို စက်ဆုတ်မှုမျိုး၊ သူတပါးလွတ်လပ်ခွင့်ကို မထိပါးတာမျိုး စတဲ့ အပြုအမူမျိုးတွေဟာ အယဉ်ကျေးဆုံး အပြုအမူတွေပါ။ အတိုချုပ်ပြောရရင်တော့ အယဉ်ကျေးဆုံး အပြုအမူတွေဟာ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ရှိမှုအပေါ်မှာ အရင်းခံပါတယ်။

လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အဆင့်မြင့်ပညာတွေတတ်ကောင်း တတ်နေနိုင်ပါတယ်။ ငွေကြေးအရလည်း ကျိကျိတက် ချမ်းသာနေနိုင်ပါတယ်။ ဒါမှမဟုတ် တဖက်ဖက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေနိုင်ပါတယ်။ ဒါမှမဟုတ် အာဏာကို လက်ကိုင်ရထားတာလည်း ဖြစ်နေနိုင်ပါတယ်။

ဒါပေမယ့် အဲဒီ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အခြားလူတွေအပေါ်မှာ ကိုယ်ချင်းစာစိတ်ခေါင်းပါးပြီး မျှမျှတတ ရှိဖို့ မကြိုးစားဘူးဆိုရင် ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးဌာနန္တရ ကြီးကြီး မယဉ်ကျေးသူလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။

အဲဒီနေရာမှာ စောစောကပြောတဲ့ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု ( Culture ) အစိတ်အပိုင်းတခုဖြစ်တဲ့ တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေ ခေါင်းပေါင်း စတဲ့ အဆင်တန်ဆာသက်သက်ကို ၀တ်ဆင်ပြရုံနဲ့ ယဉ်ကျေးသူလို့ သတ်မှတ်လို့မရပါဘူး။ အလားတူပဲ လူကြီးရှေ့မှာ ခါးကုန်းသွားတတ်ပြီး၊ နှုတ်ကနေ ချိုသာယဉ်ကျေး ပြောဆိုတတ်ရုံမျှနဲ့လည်း ယဉ်ကျေးသူလို့ ပြောလို့ မရပြန်ပါဘူး။

တကယ့်အယဉ်ကျေးဆုံးလူသားဆိုတာက လူသားအချင်းချင်းအပေါ် ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ဆက်ဆံတတ်သူသည်သာလျှင် အယဉ်ကျေးဆုံးလူသားလို့ ကျနော်ယူဆချင်ပါတယ်။

အလားတူ နောက်ထပ် ဝေါဟာရတခုကတော့...... “ရိုးတယ်” ဆိုတဲ့ စကားပါ။

ရိုးတယ်ဆိုတာ ရိုးသားတာ (Sincere) ကို ပြောတာဖြစ်နိုင်သလို၊ အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း ( Simple ) ကို ဆိုလိုတာဖြစ်နိုင်တဲ့အပြင်၊ ရိုးအခြင်း၊ ထူခြင်း (Naive) ကို ပြောလိုခြင်းလည်း ဖြစ်နိုင်ပါတယ်။

အဲဒီသုံးမျိုးမှာ ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးသားတယ်ဆိုတာ တဖက်သားကို လှည့်ဖြားလိုတဲ့သဘော ကင်းစင်လို့ဖြစ်ပါတယ်။ လက်တွေ့လောကမှာ ဘယ်သူမှ လှည့်ဖြားခံရခြင်းကို နှစ်သက်မယ်မထင်ပါဘူး။ “လက်တွေ့လောကမှာ” ဆိုတဲ့ စကားကို ရှေ့မှာ ခံထားရခြင်းကတော့ “အနုပညာအရ” လှည့်ဖြားခြင်းလည်း ရှိနိုင်သေးလို့ပါပဲ။

အနုပညာမှာတော့ လှည့်ဖြားဆိုတာထက် တကယ်မရှိတာကို ရှိသယောင် ဖန်တီးယူခြင်းတွေ ပါဝင်လို့ပါပဲ။ အဲသည်လို လှည့်ဖြားခြင်းကိုတော့ အနုပညာကို ခံစားတတ်တဲ့ လူတွေရဲ့ သဘောသဘာဝအရ တကယ်မဟုတ်မှန်းသိသိကြီးနဲ့ နှစ်သက်နိုင်ပါတယ်။

လက်တွေ့လောကမှာ လှည့်ဖြားခြင်းကတော့ အထက်မှာပြောခဲ့တဲ့ လူအချင်းချင်းအပေါ်မှာ ရှိသင့်တဲ့ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတရှိမှုကို မလေးစားရာ၊ ဖောက်ဖျက်ရာရောက်တဲ့အတွက် မယဉ်ကျေးတဲ့ အပြုအမူလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လှည့်ဖြားခြင်းသဘော ကင်းစင်တဲ့အတွက် ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။

အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း (Simple) ဖြစ်ခြင်းကတော့ လူတဦးတယောက်ချင်းရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်သွားပါပြီ။ ကောင်းတယ်ဆိုးတယ် ပြောစရာ မရှိတော့ပါဘူး။ တိုက်ပုံနဲ့ ပုဆိုးကို နှစ်သက်သူက တိုက်ပုံပုဆိုးကို ၀တ်နိုင်သလို၊ ဂျင်းဘောင်းဘီနဲ့ နားသံသီးဝတ်ချင်သူကလည်း သူ့ဘာသာ လွတ်လပ်စွာ ၀တ်ဆင်နိုင်ပါတယ်။ အဲဒီနေရာမှာ ငါက တိုက်ပုံ၊ ပုဆိုးဝတ်လို့၊ ငါက ရင်ဖုံးနဲ့ ချိတ်ထမီဝတ်လို့ ဂျင်းဘောင်းဘီ၊ စကပ်ဝတ်တဲ့လူတွေထက် ပိုပြီး လူကောင်းဖြစ်တယ်၊ ပိုပြီး လူယဉ်ကျေးဖြစ်တယ်လို့ သတ်မှတ်ရင် မှားယွင်းတယ်လို့ ယူဆပါတယ်။


နောက်ဆုံးတခုဖြစ်တဲ့ ရိုးအခြင်း ( Naive )ကတော့ မကောင်းတဲ့ အဓိပ္ပါယ်လို့ သဘောရပါတယ်။ အတယ်ဆိုမှတော့ ဘယ်ကောင်းပါတော့မလဲ။ သူတပါးက ကိုယ့်အပေါ်မှာ မမျှမတလာလုပ်ရင်လည်း ခံရတော့မှာကိုး။

ကျနော်ငယ်ငယ်က အ ပုံကို အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။

ကျနော် သုံးလေးနှစ်သား အရွယ်က ကျနော့်အိမ်ကို လာလည်တဲ့ အကိုဝမ်းကွဲတယောက်ဟာ အိမ်ကို ရောက်တိုင်း ကျနော်ကို အနင်းခိုင်းတတ်ပါတယ်။ ကျနော်ကလည်း နင်းပေးတာပေါ့။ နင်းလို့ မိနစ် ၂၀ လောက် ကြာပြီဆိုရင် အကိုက အောက်က အနင်းခံရင်းက ကျနော့်ကို နင်းခ တောင်းပါတော့တယ်။ ကျနော်ကလည်း အကို့ကို နင်းခ ပေးဖို့အတွက် အမေ့ဆီပြေးပြီး ပိုက်ဆံတောင်းပါတယ်။

အမေကတော့ ပြောရှာပါတယ်။ “ငါ့သားနှယ်.... အလိုက်တာဟယ်။ နင်က နင်းခ ပေးရမယ့်လူမဟုတ်ဘူး။ တကယ်တော့ နင်က ရ ရမယ့်လူ။” ။ ဒါနဲ့ ကျနော်က အကို့ဆီကို ပြန်ပြေးပြီး ကျနော်က နင်းခ ရ ရမယ့်လူ ဖြစ်တဲ့အကြောင်း ပြန်ပြောပြတယ်။ အကိုက တခါ ရှင်းပြပြန်တယ်။ “ဒီမှာ.... မင်းက ငါ့အပေါ် တက်နင်းတဲ့သူ။ ငါက အနင်းခံရတဲ့လူ။ ငါ့မှာ အနင်းလည်းခံရသေးတယ်၊ မင်းကိုလည်း နင်းခ ပြန်ပေးရဦးမယ်ဆိုတော့ မင်းတရားသလား” လို့ ပြန်မေးတယ်။

အဲဒီတော့ ကျနော်လည်း အမေ့ဆီကို ပြန်ပြေးပြီး ကျနော်သာလျှင် နင်းခကို ပေးရမယ့်သူ ဖြစ်တဲ့အကြောင်း အမေ့ကို နောက်တခေါက် ရှင်းပြရ ပြန်တာပေါ့။ ကဲ.... ကျနော့်မွေးသမိခင်အဖို့တော့ သူ့သားတော်မောင်ရွှေသွေးဟာ ဒီလောက် အူအနေပုံကို ဘယ်လောက်များ အားမလိုအားမရ ဖြစ်လိုက်လေမလဲ။

အဲဒါ ကျနော်ငယ်ငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အခုကြီးတော့လည်း အဲဒီလို ရိုးအပုံကို မကောင်းမှန်းသိလို့ ပြုပြင်ပေမယ့် တချို့နေရာတွေမှာတော့ ခံရဆဲပါ။

ကဲ......ရှေ့တပို့စ်တုန်းကလိုပဲ။ ကျနော့်ပို့စ်ကို မေးခွန်းလေးတခုနဲ့ အဆုံးသတ် လိုက်ပါတယ်။

မိတ်ဆွေအနေနဲ့ မယဉ်ကျေးဆုံးလို့ ယူဆသတ်မှတ်တဲ့ အပြုအမူလုပ်ရပ်ဟာ ဘယ်လိုအပြုအမူလုပ်ရပ်မျိုး ဖြစ်ပါသလဲ။
Read more

“အားနာခြင်းဆိုတာ”

“အမေးနွားကျောင်း၊ အဖြေဘုရားလောင်း” ဆိုတဲ့ စကားရှိတယ်။

အဓိပ္ပါယ်က မေးတဲ့ မေးခွန်းဟာ ပညာမတတ်တဲ့ နွားကျောင်းသားတယောက်ရဲ့ မေးခွန်းလို ရိုးစင်းတဲ့ မေးခွန်းဖြစ်ကောင်းဖြစ်မယ်။ သို့သော် ဖြေဆိုတဲ့အခါမှာတော့ ဖြေဆိုသူရဲ့ ပညာဉာဏ်ကြီးရင့်မှုအပေါ်မှာ တည်မှီပြီး အဆင့်မြင့်ပြီး ပညာသားပါတဲ့အဖြေမျိုး ဖြစ်နိုင်တယ်.........လို့ ကျနော်ယူဆနားလည်ထားပါတယ်။

အခုတလော ကျနော်လည်း ကောင်းဘွိုင်စိတ် ၀င်နေလို့ ဘလော့ဂ်လာဖတ်တဲ့ မိတ်ဆွေတွေကို မေးခွန်းလေးတွေ ထုတ်ချင်ပါတယ်။ ဘိုဘိုဟန်သီချင်းထဲကလို “မြန်မာပြည်က ကောင်းဘွိုင်...သေနတ်မပစ်ပါ...” ဆိုတဲ့ စာသားလေးကိုတောင် ပြေးသတိရတယ်။ ကျနော်လည်း သေနတ်မပစ်ပါဘူး။ မေးခွန်းပဲထုတ်မှာပါ။

ကျနော်အရင်က မြန်မာတီးရှော့ပ် ဖိုရမ်မှာတုန်းက ယူခဲ့တဲ့ “ညောင်ရမ်းဂွတို” ဆိုတဲ့ အမည်နဲ့လည်း လိုက်ဖက်သွားတာပေါ့။ ရောင်ပေစူးကလေးနဲ့ ပုဆိုးကို စလွယ်သိုင်းပြီး၊ လက်တဖက်မှာ လေးဂွကိုင်ထားမယ့် ကျနော့်ပုံကို အရင်မြင်ယောင်ကြည့်ကြပေါ့။

ကဲ.... အခု ပထဦးဆုံးမေးခွန်းလေးကို မမေးခင် အဲသည်မေးခွန်းကို ဘာကြောင့် မေးရသလဲဆိုတဲ့ နောက်ကြောင်းရာဇ၀င်လေးကို နည်းနည်း တီးခေါက်မိအောင် အတိုချုံးပြီး ပြောပြချင်တယ်။

မြန်မာလူမျိုးတွေဟာ အားနာတတ်ကြပါသတဲ့။ အဲဒီ “အားနာခြင်း”ကို အခြေခံလို့ အရင်တုန်းက ဘားမားတူဒေး စာမျက်နှာမှာ “သင်အားနာတတ်သလား” ဆိုပြီး ကျနော် စာတပုဒ်ရေးဘူးပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်လောက်က ကျနော်တို့ရဲ့ စကားဝိုင်းတခုမှာ အဲဒီ အားနာတတ်တဲ့ ကိစ္စက ခေါင်းစဉ်တခုအနေနဲ့ ပြန်ပါလာပြန်ရော။

မိတ်ဆွေတယောက်ကတော့ အားနာခြင်းဆိုတာဟာ တဖက်လူကို ကိုယ်နဲ့နှိုင်းပြီး စာနာတတ်သောစိတ်ကနေ ပေါက်ဖွားလာတာလို့ ဆိုပါတယ်။ ကောင်းတဲ့သဘောပေါ့။

နောက်တယောက်ကတော့ အားနာခြင်းဆိုတာ စိတ်ထဲမှာ ရှုပ်ထွေးခြင်း (a state of confusing)၊ ကွဲကွဲပြားပြား ပိုင်းခြားမသိခြင်းကနေ အခြေခံတယ်လို့ဆိုပါတယ်။ မကောင်းတဲ့သဘောကို ဆောင်ပါတယ်။

ကျနော်က မိတ်ဆွေတို့ကို မေးချင်တဲ့မေးခွန်းမှာ နှစ်ပိုင်းပါဝင်ပါတယ်။

( စကားမစပ် ကြားဖြတ်ပြောရရင် နိုင်ငံရေးသမားတွေ စကားပြောတဲ့အခါ သူတို့ကို ဘာပဲမေးလိုက်မေးလိုက်......“ဒါက နှစ်ပိုင်းရှိတယ်” ဆိုတဲ့ စကားနဲ့ စဖြေတာကို အကြိမ်အတော်များများမှာ တွေ့ဖူးပါတယ်။ တကယ်နှစ်ပိုင်းရှိလို့ ပြောတာမျိုးမဟုတ်ပဲ ပြောနေကျ အကျင့်ကြီးပါနေလို့ ပြောထွက်သွားတာမျိုးပါ။ တချို့လူတွေလည်း ဘာပဲပြောပြော....“တခုတော့ ရှိတယ်” ဆိုတာမျိုး ရှေ့ကခံပြောတတ်ကြတယ်။ အဲသည်လူမျိုးနဲ့တွေ့ရင် အတွေးချော်တတ်တဲ့ ကျနော်တို့မှာ ကျိတ်ပြီး အူနှိပ်နေရတတ်တယ်။)

ကဲ....ဘေးချော်သွားပြီ။ ပြန်ကောက်ရရင် ကျနော့် မေးခွန်းမှာ နှစ်ပိုင်း ရှိတယ်။

(၁) အားနာခြင်း ဆိုတာ ဘာလဲ။
(၂) အားနာတတ်ခြင်းဟာ ကောင်းသလား၊ ဆိုးသလား။


မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ။ ကျနော့်ကို နွားကျောင်းသားကလေးလိုပဲ သဘောထားပြီး မိတ်ဆွေအမြင်ကို အားမနာပ ဖြေဆိုသွားကြဘို့ တိုက်တွန်းလိုက်ပါတယ်။

(နောင်ကိုလည်း အလျဉ်းသင့်ရင် သင့်သလို မေးခွန်းလေးတွေ တင်ပေးသွားပါမယ်။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs