“တို့ရွာမှာ…”

Share |
ငါမွေးခဲ့တဲ့ရွာရဲ့ အရှေ့ဘက်မှာ လယ်ကွင်းပြင်တွေရှိတယ်။ ရွာထိပ်ကထွက်ကြည့်ရင် ပုပ္ပါးတောင်ကလပ်နဲ့ ရှမ်းတောင်တန်းတွေကို ဟိုးအဝေးမှာ ရေးရေးမြင်ရတယ်။

ရွာအနောက်ဘက်မှာတော့ ပြောင်း၊နှမ်း၊ကုလားပဲ၊ မြေပဲ မျိုးစုံ စိုက်ပျိုးလို့ရတဲ့ ကိုင်းမြေ တွေရှိတယ်။ စေတုတ္တရာတို့ မင်းတုန်းတို့ဘက်က မြစ်ဖျားခံလာတဲ့ မုန်းချောင်းဟာ ကိုင်းမြေတွေကြားက ဖဲကြိုးတစလို ရစ်ခွေစီးဆင်းပြီး ဧရာဝတီမြစ်ကို ဦးတိုက်တယ်။

ရှောက်တော၊ကုန်းဇောင်း ရွာတွေကစလို့ မုန်းချောင်းတလျှောက် တို့ရွာတွေက တရွာနဲ့ တရွာဆက်နေတဲ့ ရွာစဉ်တန်းကြီးတွေပေါ့။

တခါတခါ ဧရာဝတီမြစ်ရေက ရွာခြေအထိ အလည်လာတတ်တယ်။ သူလာလည်ရင် ငါတို့ရဲ့မိဘ လူကြီးတွေလည်း ပျက်စီးသွားတဲ့ လယ်တွေကြည့်ပြီး မျက်ရည်လည်ရတာပေါ့။ ငါတို့ငယ်ငယ် ကတော့ လူကြီးတွေရဲ့ သောကကို ဘယ်နားလည်နိုင်ပါ့မလဲ။ ဧရာဝတီမြစ်ရေတက်ရင် မြစ်ရေစပ် လယ်ကွင်းတွေမှာ အဖေ ကွန်တလက်နဲ့ ငါးဖမ်းတဲ့နောက်ကို ပုလိုင်းတလုံးလွယ်ပြီး လိုက်ရတာကို အင်မတန်ပျော်ခဲ့ တယ်။

ငါတို့ရွာမှာ လျှပ်စစ်မီးမရှိ၊ ရေဒီယို အိမ်တိုင်းမရှိ၊ စာကြည့်တိုက်မရှိ။ အလယ်တန်းကျောင်းမရှိ။
နွေမှာဖုန်ထူ၊ မိုးမှာ ဗွက်ပေါက်။ အဲဆောင်းတွင်းမှာဆိုရင်တော့ မနက်စောစောထလို့ အညာ စောင်ကြမ်းကြီးတွေကို ခြုံလို့၊ မန်ကျည်းကိုင်းခြောက်တွေကို ထင်းဆိုက်ပြီး မီးလှုံကြတယ်။ ပြောင်းဖူးမီးဖုတ်စားကြမယ်။ ရွာတောင်ပိုင်းက ညွန့်အေးတို့ ညီအမ လည်ရောင်းတဲ့ ငှက်ပျောရွက်ကပ် ထားတဲ့ မုန့်ပေါင်းကို လက်နဲ့ ဆုပ်ဆုပ်ပြီး ပူပူနွေးနွေး စားကြမယ်။

မုန်းချောင်းက ရေကြီးတဲ့အခါမျိုးဆိုရင် ရွာပေါ်အထိရေတွေ တက်တတ်တယ်။ အဲသည်အခါမှာ ထင်းတွေနဲ့ နွားတွေကို ရေလွတ်တဲ့ အမြင့်ပိုင်းကို ပို့။ လူတွေကတော့ နှစ်ထပ်အိမ်အပေါ်ထပ်တွေမှာ တက်နေရတယ်။ သစ်လုံးတွေကို ထွင်းထားတဲ့ နွားစာခွက် (ငါတို့ဒေသမှာ နွားစခေါင်း လို့ခေါ်တယ်)တွေဟာ တအိမ်နဲ့ တအိမ် ကူးလူးသွားလာဘို့ လှေဖြစ်လာတယ်။ ငါတို့အိမ်က နွားစခေါင်းက ခပ်ပြားပြားမဟုတ်ဘဲ အလုံးကြီးဖြစ်နေလို့ အင်မတန်မှောက်လွယ်တယ်။ တခါက ရေထဲမှာ ထမီကို အသာမပြီး အိမ်လာလည်တဲ့ ငါ့ဒေါ်ကြီးကို အပြန်ခရီးမှာ ရေထဲမလျှောက်ရအောင် စေတနာဗလပွနဲ သူအတန်တန်တားတဲ့ကြားက နွားစခေါင်းကို လှေလှော်ပြီးလိုက်ပို့တယ်။ အိမ်လှေကားက စထွက်လို့ သိပ်တောင်မှ မလှော်ရသေးဘူး နွားစခေါင်းက မှောက်သွားလို့ ဒေါ်ကြီးခမျာ ထမီပါမက ခေါင်းကစလို့ တကိုယ်လုံးရွှဲသွားတယ်။ ဆူလိုက်၊ ဆဲလိုက်တာ မပြောပါနဲ့တော့။

မိုးတွင်းမှာဆို မနက်မိုးမလင်းခင် ရွာထိပ်က ကျွဲချိုမှုတ်သံ၊ ဒါမှမဟုတ် မောင်းအသေးလေးကို ထုသံကြားရမယ်။ ပျိုးနှုတ်မယ့်လူတွေကို လူစုနေတာလေ။ ကောက်စိုက်မတွေကတော့ ငါတို့အိမ်ရှေ့က ကင်းတဲနားမှာ လူစုရင်း မှောင်ထဲမှာ တွတ်ထိုးနေကြမယ်။

အဲသည်ရွာကလေးမှာ ဆယ်စုနှစ်တွေ ပြောင်းသွားလည်း လူတွေရဲ့ ဘ၀က ထူးခြားပြီး ပြောင်းလဲမလာ။ သူတို့တတွေ မင်္ဂလာဆောင်တွေမှာ ထညက်ရည်နဲ့ ပေါင်မုန့်ကြမ်းကို အချပ်လိုက်ကျွေးနေကြဆဲ။ မနက်မိုးမလင်းခင် လယ်ထဲဆင်း၊ နွားနဲ့ဖက် ရုန်းကန်နေကြဆဲ။ ကမ္ဘာတလွှားက နည်းပညာ ပြောင်းလဲ မှုတွေဟာ သူတို့နဲ့ မဆိုင်သလိုဘဲ။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ သွားမပြောနဲ့။ ကံမကောင်းရင် ဆဲအလွှတ်ခံ ရမယ်။ အခြေခံ လူ့အခွင့်အရေးတွေအကြောင်းကို တွေးမနေကြ။ သိလည်း မသိကြ။ လက်ဘက်ရည်ကြမ်းအိုး၊ ဆေးပေါ့လိပ်နဲ့ လက်ဖက်သုတ် တပန်းကန်ဟာ သူတို့အပန်းဖြေဘို့ အတွက် လိုအပ်တဲ့ အခြေခံအရာတွေပေါ့။

တခါတခါတော့ လူတွေဟာ ကံကြမ္မာရဲ့ ပစ်ချခံရတဲ့နေရာမှာ လူဖြစ်လာကြပြီး ရောက်ရာ အရပ်မှာဘဲ ရောင့်ရဲစွာ၊ ဘာကိုမှ သိနားလည်ခွင့်မရစွာနဲ့ ဘ၀ကို ရိုးရိုးစင်းစင်းနေထိုင် သွားကြတတ်တာကို တွေးနေမိတယ်။ မသိတဲ့ လူတွေကတော့ရှင်းတယ်။ ခံလို့ ခံနေရမှန်းမသိတော့ နေပျော်တယ်။ ခံနေရတာကို သိနေရတဲ့လူကတော့ မနေပျော်တော့ဘူးပေါ့။

ဘာဘဲပြောပြော ငါ့ရွာလေးကို တခါတခေါက်လောက်တော့ ပြန်သွားဘို့ဆန္ဒရှိနေတုန်းဘဲ။

ကိုပေါ
(၁၄ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခုနှစ်)


3 comments:

ကလိုစေးထူး said...

မြန်မာပြည် အလွမ်းပြေပါပဲဗျာ။

ဒါပေမယ့် လျှောက်တွေးမိပြန်တော့ ကျနော်တို့ မြန်မာပြည် ရွာတွေက ဟိုးခေတ်ကနေ အခုထိတိုင် ပုံစံ မပြောင်းလဲတာက သိပ်မဖြစ်သင့်တော့ဘူး ထင်မိတာပဲ။ ဆိုလိုတာက မြန်မာ့ကျေးလက်ဟန် ယဉ်ကျေးမှုပုံစံကို ပြောင်းလဲ စေချင်တာ မဟုတ်ပါဘူး။ ဥပမာ- မနက်စောစော ကျွဲချိုမှုတ်တဲ့ လုလင်က ရောင်နီလေး ပျို့လာတော့ သူဆင်းရမယ့် လယ်ထဲကို ဟိုင်းလတ်ကားနဲ့သွား၊ စပါးပေါ်ချိန်ကျရင် စပါးဈေးဘယ်လောက်ရှိလဲဆိုတာကို မြို့ပေါ်ကို ဆဲလ်ဖုန်းနဲ့လှမ်းမေး…။ နွားဆိုတာကို ကျေးလက်စရိုက်လေး မပျောက်အောင် ထိန်းထားရုံသဘော လှည်းယဉ်ကျော့ကျော့သာ အဆွဲခိုင်း…။ အင်း…၊ ဖြစ်တော့ ဖြစ်လာမယ် ထင်ပါတယ်ဗျာ။

ကျနော်လဲ ကိုပေါလိုပဲ ရွာကို တခေါက်တော့ ပြန်ချင်သေးတယ်ဗျာ။

Ko Paw said...

ကိုကလိုစေးထူးရေ…
ရွှေပြည်တော် မျှော်တိုင်းမဝေးရအောင် ကြိုးပမ်းကြသေးတာပေါ့ဗျာ။ မှတ်ချက်ရေးပေးတဲ့အတွက် ကျေးဇူးပါ။

ZINMINN said...

ko paw,
sorry, i don't know how to write burmese with computer.
But i realy glad to read all your articles especialy this one.
I'm at france, n me too do for free burma.
N i'm sure that if we work all together we can return back our motherland.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs