“ဆန္ဒပြပွဲ”

Share |
၂၀ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခု။ အင်္ဂါနေ့။.....

ဒီနေ့ ငါတို့ ဆန္ဒပြဖြစ်ခဲ့ကြတယ်။

လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိတဲ့ စင်ကာပူနိုင်ငံရဲ့ လူအစည်ကားဆုံးနေရာမှာ ငါတို့ မြန်မာတွေ စုစုပေါင်း အယောက် ၅၀ ခန့်ဟာ တူညီဝတ်စုံတွေ ၀တ်ပြီး ဆန္ဒပြဖြစ်ခဲ့ကြတယ်။

ဒီဆန္ဒပြပွဲကို မနက် ၁၀ နာရီလောက်ကမှ ကောက်ခါငင်ခါ စီစဉ်လိုက်ကြရတာပါ။ အကြောင်းကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ထုတ်ပြန်ကြေညာချက်မှာ ငါတို့ လုံးဝလက်မခံနိုင်စရာအချက်တွေ ပါလာလို့။ အဓိက ကတော့ “မြန်မာ့အရေးကို ဖြေရှင်းရာမှာ မြန်မာအစိုးရရဲ့ သဘောထားအတိုင်း ဖြစ်စေရမယ်။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့လေးစားတယ်။ သူတို့ ၀င်မရှုပ်ဘူး။ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မှုကို အားပေးထောက်ခံတယ်။” ဆိုတာမျိုး သူတို့က ကြေညာချက်ထုတ်လာတယ်။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။

အေး....ငါတို့ တခုခု လုပ်ကြရင်ကောင်းမယ်။ ဘာလုပ်ကြမလဲ။ အော့ချာ့ဒ်လမ်းမမှာ ဆန္ဒသွားပြကြမယ်။ ရဲတွေ မသိအောင် လျို့ဝှက်လုပ်ကြ။ ရဲတွေ ခြေရာခံမမိအောင် တတ်နိုင်သမျှ လမ်းဘေးဖုန်းနဲ့ ပြောကြ ဆွေးနွေးကြ။ ဖိတ်ကြားကြ။ မီဒီယာတွေကိုလည်း ခေါ်ထား။ စင်ကာပူဘက်က လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကြောင်းကြားထား။ အတိုက်အခံပါတီတွေကိုလည်း အသိပေး။

မူလအစီအစဉ်အရ အလုပ်က ဆင်းတာနဲ့ ညနေ ၆ နာရီလောက်မှာ အောချာ့ဒ် လမ်းဒေါင့်က စတားဘတ်က် ကော်ဖီဆိုင်မှာ လူစုကြမယ်။ နောက်မှ အင်္ကျီအနီတွေ လဲပြီး အော့ချာ့ဒ်လမ်းပေါ်ထွက်မယ်။ ဆန္ဒပြမယ်။ အသေးစိတ်ကို ကော်ဖီဆိုင်မှာ ထိုင်တုန်း ဆွေးနွေးကြမယ်။ ရဲလာမဖမ်းခင် မီဒီယာနဲ့ စကားပြော။ ရဲလာတားရင် ဆယ်မိနစ်လောက် အချိန်ပေးဘို့ စေ့စပ်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရင် လက်ချင်းတွဲပြီး လမ်းမပေါ်ထိုင်ချမယ်။ ဖမ်းပလေ့စေ။ မခုခံကြနဲ့။ အားလုံးရဲစခန်းကို လိုက်သွားကြမယ်။ အလွန်ဆုံး ရဲစခန်းမှာ တည အိပ်ရရုံဘဲရှိမယ်။ ဒီကောင်တွေ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုအောက်မှာ ငါတို့ကို အသားလွတ်ဖမ်းမထားရဲဘူး။ ဖမ်းလည်း သူတို့ ငါတို့ကို ဖမ်းတာနဲ့ ထိုက်တန်တဲ့ တန်ရာတန်ဘိုးကို ပေးရလိမ့်မယ်။

ကဲ....ကိုဘို....ခင်ဗျားက အဆက်အသွယ်ကောင်းတယ်။ ၀င်မပါနဲ့။ ခပ်လှမ်းလှမ်းကနေ အကဲခတ်။ ကျုပ်တို့ကို ဖမ်းရင် ခင်ဗျားက သက်ဆိုင်ရာမီဒီယာ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လုပ်စရာဆက်လုပ်။

အဲဒီလို အစီအစဉ်တွေလုပ်ပြီးမှ နေ့လည် ၂ ချက်တီးလောက်ရောက်တော့ သတင်းက ဘလော့ဂ်တွေ စီဘောက်စ်တွေ အီးမေးတွေထဲကို ပေါက်ကြားသွားတယ်။ ဟာ...သွားပဟ။ စတောင် မစ ရသေးဘူး။ ရဲတွေတော့ သိကုန်တော့မယ်။ ဗမာတွေ အော့ချာ့ဒ်လာတာနဲ့ ဘူတာမှာ ဖမ်းစစ်တော့မှာဘဲ။ ဒုက္ခပါဘဲ။ စိတ်လေတယ်။

သည်လိုနဲ့ ညနေရုံးဆင်းတော့ နီးစပ်ရာလူတွေကို တခြားဘူတာပြောင်းချိန်းရတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး။ အဲ....ဖယောင်းတိုင်ပြေးဝယ်တဲ့လူက၀ယ်၊ စာရွက်ပေါ်မှာ ဆော့ပင်နဲ့ တောင်းဆိုချက်တွေကို ရေးသူကရေး။

ခဏနေတော့ ကိုဘိုလည်း ရောက်လာတယ်။ ခပ်လှမ်းလှမ်းမှာ။ မျက်လုံးချင်းဆုံတော့....အံမယ်...ခပ်တည်တည်နဲ့။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း “သူနဲ့ ငါတို့ လုံးဝမသိဘူးဆိုတဲ့ အက်တင်အပြည့်နဲ့။” ကိုယ့်လူကို စိတ်ထဲမှာ အကယ်ဒမီပေးလိုက်တယ်။

ကံကောင်းချင်တော့ ရဲတွေနဲ့ မီဒီယာတွေက ညနေ ၆ နာရီလောက်ကတည်းက လာစောင့်ပြီး ဒီနေ့အဖို့ ဘာမှ မဖြစ်တော့ဘူး ယူဆသွားပုံရတယ်။ အဲဒီနားမှာဘဲ မီဒီယာကလူတွေနဲ့အတူ အေးအေးလူလူ ယောင်တောင်ပေါင်တောင် လုပ်နေကြတယ်။

သည်လိုနဲ့ ညနေ ၇ နာရီထိုးတော့ စတားဘတ်က်မှာ မြန်မာတွေ ၅၀ လောက်စုမိကြတယ်။ အင်္ကျီအနီတွေကို ခဏအတွင်း ပြောင်းလဲ ၀တ်ဆင်လိုက်ကြတယ်။ အခြေအနေကိုသုံးသပ်၊ လုပ်ငန်းစဉ်ကို အမြန်ဆွေးနွေးပြီး ကော်ဖီဆိုင်ထဲက ထွက်လိုက်ကြတယ်။ အဲသည်အချိန်မှာ မီဒီယာက ၀ိုင်းပြီး တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေရိုက်။ ဗီဒီယိုရိုက်။

လူသွားလမ်းပေါ်မှာ လက်ချင်းချိတ်လို့ သုံးယောက်တတန်း ရှေ့နောက်တန်းလိုက်ကြတာ ၁၅ တန်းလောက် ရတယ်။ ဟိုး ရှေ့ဆုံးက သုံးယောက်က အင်္ဂလိပ်လို ရေးထားတဲ့ ဘန်နာ အကြီးကြီးကို ကိုင်လို့။ ရေးထားတာက “မြန်မာတွေရဲ့ ဆန္ဒကို နားထောင်ပါ။ စစ်အစိုးရရဲ့ အမိန့်ပေးမှုကို နားမယောင်ပါနဲ့” တဲ့။ နောက်ကလူတွေကလည်း တတောင်ဆစ်ချင်းချိတ်ထား တာဆိုတော့ အားနေတဲ့လက်ချောင်းတွေထဲမှာ အေဖိုးဆိုက်နဲ့ ရေးထားတဲ့ တောင်ဆိုချက်တွေကို ကိုင်ပြီး ရင်ဘတ်ရှေ့မှာ ထောင်ထားကြတယ်။ လမ်းသွားလမ်းလာတွေ ၀ိုင်းကြည့်ကြတယ်။ ဓါတ်ပုံရိုက်ကြ။ ရပ်ကြည့်ကြပေါ့လေ။

ပထမတော့ အရပ်ဝတ်ရဲတွေဘဲ ရှိသေးတယ်။ ရဲတွေ အင်အားများများ ရှိမနေဘူး။ မီဒီယာတွေက စိတ်တိုင်းကျ ရိုက်ယူကြတယ်။ ငါတို့အထဲမှာ မီဒီယာ တာဝန်ခံ နှစ်ယောက်က ဘေးကနေ မီဒီယာတွေကို အင်တာဗျူး ဒိုင်ခံဖြေပေးတယ်။ အဲသည်လိုနဲ့ မိနစ် ၂၀ လောက်ကြာတော့ ရဲတွေ ရောက်လာတယ်။

ကြိုတင်တိုင်ပင်ထားတဲ့အတိုင်း အားလုံး သုံးယောက်တတွဲကနေ လမ်းမဘက်ကို မျက်နှာလှည့်လိုက်ပြီး လူငါးဆယ်အတန်းရှည်ကြီး လက်ချင်းယှက်ပြီး တွဲရပ်လိုက်တယ်။

ရဲတွေ ပျာယာခပ်သွားတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ငါတို့အစီအစဉ်ကို သူတို့မသိဘူးလေ။ အဲဒါနဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်က ရဲတွေကို အမိန့်ပေးတယ်။ မင်းတို့ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ သွားရပ်တဲ့။ အဲဒါနဲ့ ရဲတွေ မျက်နှာချင်းဆိုင်မှာ လာရပ်ကြတယ်။ ဘောလုံးပွဲမစခင် အသင်းနှစ်သင်း မျက်နှာချင်းဆိုင်ရပ်သလိုမျိုး။ လမ်းပေါ်က သွားနေတဲ့ ကားတွေပေါ်က လူတွေ ငါတို့ကို ကြည့်သွားကြ။ လက်မထောင်ပြသွားကြ။

ငါ့ညာဘက်မှာ ငါ့မိန်းမ။ ငါ့ဘယ်ဘက်မှာ ငါမသိတဲ့ လူတယောက်။ ညာဘက် တယောက် ကျော်မှာ ဘလော့ဂါမိန်းကလေးငယ်တယောက်။ ငါက ရွှတ်နောက်နောက်နဲ့ “ငါတို့တွေ အာဆီယံ ၀န်ကြီးတွေ လက်ယှက်သလို ခရော့စ်ပုံစံနဲ့ ယှက်ကြမလား” ပြောတော့ အားလုံး ၀ိုင်းရယ်ကြတယ်။ တကယ်တော့ အဲဒီ အာဆီယံ လက်ယှက်ပုံစံဟာ အင်မတန် မျက်စိထဲမှာ ထော်လော်ကန့်လန့်နိုင်တယ်။ ကိုယ့်ဘေးကလူနဲ့ အနီးဆုံးလက်နှစ်ဘက်ကို လွယ်လွယ်ကူကူ ယှက်တာမျိုးမဟုတ်ဘဲ၊ ဝေးတဲ့ဘက်ခြမ်းက လက်ကို ခက်ခက်ခဲခဲ လှမ်းဆွဲကြရတာမျိုးလေ။ အာဆီယံခေါင်းဆောင်တွေ ဓါတ်ပုံအရိုက်ခံဘို့ လက်တွေယှက်ကြတိုင်း လက်တွေမှားမှားထုတ်ကြတုန်း။ အဲဒါကြောင့်ပြောတာ။ အာစီယံဟာ အစစ ထော်လော်ကန့်လန့်တွေချည်းဘဲလို့။ လက်ချင်းကောင်းကောင်းယှက်တတ်ဖို့တင် ဆယ်နှစ်လောက် အချိန်ယူရမယ်။ ဥရောပယူနီယံလို အသင်းအဖွဲ့မျိုးဖြစ်လာဘို့ဆိုရင် နောင်ဘုရားတဆူပွင့်တဲ့အထိ စောင့်ရမယ်ထင်တယ်။

ငါတို့အားလုံး ရဲတွေရှေ့မှာ အဲသည်အနေအထားနဲ့ ဆယ်မိနစ်လောက် ရပ်နေကြတယ်။ ငါ့စိတ်ထဲမှာ ငါ့ရှေ့က ရဲလူဖလံလေးကို ကြည့်ပြီး “သူ့ခမြာ ငါ့ကိုဖမ်းရင် မ မှ မနိုင်ပါ့မလား” တွေးပြီး စိတ်မောနေမိတယ်။ နောက်တော့ ငါတို့ အေးအေးချမ်းချမ်းဘဲ လူစုခွဲလိုက်တော့တယ်။

ငါတို့ ဒီနေ့ ဆန္ဒပြပွဲကို အောင်မြင်တယ်လို့ သတ်မှတ်ကြတယ်။ စင်ကာပူအစိုးရရဲ့ ချုပ်ခြယ်တဲ့ ဥပဒေကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာလေ။ ကိုယ့်အခွင့်အရေးကို ကိုယ်လေးစားစွာ ကာကွယ်ခြင်း တမျိုးပေါ့။ စင်ကာပူ လူ့အခွင့်အရေးအဖွဲ့က မိတ်ဆွေတွေက ပွဲအပြီးမှာ လာပြီး ၀မ်းသာအားရ နှုတ်ဆက်ကြတယ်။ ကွန်ဂရက်ကျူလေးရှင်းပေါ့။ ပြန်လာတော့ ရထားပေါ်မှာ ကိုယ့်လူတွေ အိမ်ကို ချောချောမောမော ပြန်ရောက်ရဲ့လား ဖုန်းဆက်ကြည့်ရ သေးတယ်။

(ဆန္ဒပြပွဲ ဗီဒီယိုကို ဒီမှာ ကြည့်ပါ။)

ကိုပေါ။
(၂၀ ရက်။ နိုဝင်ဘာ ၂၀၀၇ ခုနှစ်)

21 comments:

pandora said...

စွန့်ရဲသူတွေအတွက် ချီးကျုးဂုဏ်ယူလျက်
အားလုံး ဘေးရန်ကင်းကြပါစေ။

LIN LET KYAL SIN said...

သေချာတယ် ကိုပေါကိုတော့ သူတို့နိုင်မှာ မဟုတ်ဘူး :D ဘာပဲဖြစ်ဖြစ် အခုလိုမျိုး အောင်အောင်မြင်မြင် ပြီးဆုံးသွားတာ အများကြီး ၀မ်းသာပါတယ် :)

Ko Paw said...

>>> ပန်ဒိုရာ.......ပေးဆပ်မှုတိုင်းဟာ အချည်းနှီးတော့ မဖြစ်သွားပါဘူး။ အခုဆိုရင် လူအတော်များများဟာ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတွေကို ပိုပြီးနားလည် တန်ဘိုးထားလာကြပါတယ်။ သည့်အတွက် ထိုက်တန်တဲ့ ရင်းနှီးမှုကို ပေးဘို့လည်း အသင့်ဖြစ်လာကြပါတယ်။

>>> မလင်းလက်.....လာလည်တဲ့အတွက် ကျေးဇူးပါ။ သူတို့ သုံးယောက်လောက် ၀ိုင်းမရင်တော့ ဖြစ်နိုင်လောက်ပါတယ်။ မနေ့ကပွဲမှာ အားလုံး ပါဝင်ပံ့ပိုးမှုကြောင့် အောင်မြင်တာပါ။ နောက်တခုက တိုက်ပွဲတခုကို အတူတိုက်ဘူးရင် ရဲဘော်ရဲဘက်စိတ် ပိုရှိလာတယ်လို့ ထင်ပါတယ်။
“မျက်ရည်ငန်ပျပျတွေကို
ဝေမျှသောက်သုံးသူတွေဟာ
ရဲဘော်ရဲဘက်ဖြစ်တယ်” တဲ့။
ရဲဘော်ရဲဘက်စိတ်နဲ့ ပန်းတိုင်ရောက်အောင်ကြိုးပမ်းကြသေးတာပေါ့။

လူသစ် said...

ကပေါ....အောင်အောင်မြင်မြင် အေးအေးချမ်းချမ်းပြီးသွားလို့ စိတ်ချမ်းသာရတယ်ဗျာ။ ဒီနေ့မနက်သတင်းစာမှာပါမှ သိလိုက်ရတယ်။

ခင်မင်းဇော် said...

ကိုပေါ အားပေးဂုဏ်ယူလျှက်နော်။
အရမ်းပဲ ကျေနပ်တယ် ။
အာစီယံ လူကြီးတွေ
ဗမာပြည်က ပြည်သူတွေကို သတိထားဖို့
သဘောပေါက်သွားတာပေါ့။

ခင်မင်းဇော် said...

ကိုပေါ အားပေးဂုဏ်ယူလျှက်နော်။
အရမ်းပဲ ကျေနပ်တယ် ။
အာစီယံ လူကြီးတွေ
ဗမာပြည်က ပြည်သူတွေကို သတိထားဖို့
သဘောပေါက်သွားတာပေါ့။

nlt said...

This is the act of bravery!
You've made us proud.
THANK YOU.

Thadar (မသဒ္ဓါ ) said...

ဟိုးအရင်ကတည်းကညီမလေးကိုမေးဖူးတယ်။ မောင်လေး အရေးကောင်းတာနဲ့
blog ရေးဖို့ ။ မောင်လေးအချိန်မရှိတာသိလို့  ဆက်မတိုက်တွန်းမိပါဘူး။အခု ပေါ်တာတာ
ဝမ်းသာတယ်။ ဒို့တွေ အားလုံးပြန်တွေ့ ကြတာပေါ့ ။ ကျမ်းမာအောင်နေ။ ညီမလေးကိုလည်းဂရုစိုက်။ မကြီး အလုပ်တွေရှုပ်နေလို့  မဆက်သွယ်မိတာ။
မမ blog မှာ..link ထည့်ထားမယ်။ လာဖတ်ရလွယ်အောင်။
welcome to blogger’s world!
မမ

PeTi said...

လေးစားပါတယ်။

Ko Paw said...

လာလည်ကြတဲ့ မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။

ကလူသစ်….ကလေးနေကောင်းလား။ တကြိမ်တော့ တွေ့ကြသေးတာပေါ့ဗျာ။

မခင်မင်းဇော်ရေ….အာဆီယံလူကြီးတွေကလည်း ကျွဲပါးစောင်းတီးရသလိုပါဘဲဗျာ။ အဲ…အများစုကလည်း ဒီပုတ်ထဲက ဒီပဲတွေ ဖြစ်နေတာကိုး။

ကိုအင်အယ်တီ…..လာဖတ်တဲ့အတွက် ကျေးဇူး။ ဒီအေအက်စ်အက်စ်ကေ အီးဂရုပ် ထဲမှာ ရေးတဲ့ ခင်ဗျားရဲ့ စာတွေကို ၁၀၀ ရာခိုင်နှုန်းထောက်ခံတယ်။ ကြိုက်တယ်ဗျိုး။

အစ်မကြီးသဒ္ဒါ…..လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တီးရှော့ပ်ပျက်ပြီးကတည်းက ချာလပတ်ရမ်းနေတာ အခုမှ နည်းနည်း အနည်ထိုက်လာတယ် အမရေ။

ပီတိ…..ပီတိရဲ့ မှတ်ချက်ကို ဖတ်ရတဲ့အခါ ပီတိ တွေ ဖြာသွားပါတယ်။း-)

Ka Daung Nyin Thar said...

ကြိတ်ထားဗျို့ ကိုပေါရေ.. လုပ်ကိုင်သွားပုံလေးတွေက သပ်ရပ်တယ်ဗျာ

ဝေလင်း said...

ကိုပေါရေ

စီဘောက်မတွေ့လို့ ကွန့်မန့်မှာ ၀င်နှုတ်ဆက်သွားပါတယ်။
တချိန်တုန်းက စင်ကာပူမှာ ဒါမျိုးတွေလုပ်ဖို့ ဘယ်သူ စိတ်ကူးရဲမလဲ နော့။ အခုတော့ ဂုဏ်ယူစရာဗျာ။
ပါဝင်ဝိုင်းဝန်းသူအားလုံးကို အထူးလေးစားပါတယ်။
ရဲစခန်းမှာ ၂ ကိုလည်း ဆက်ရေးပါအုန်း။ စောင့်ဖတ်နေမယ်။ တခုတော့ ဆရာ ၀င်လုပ်ပါရစေဗျာ။
သူတို့ စိုးရိမ်ချက်ကို နားလည်ပေးလိုက်ပါ။ ရေရှည်မြန်မာ့အရေးကို ငဲ့ပြီး စင်ကာပူအတိုက်အခံတွေနဲ့ မလုံးမိအောင် သတိထားစေချင်ပါတယ်။
အာဆီယံမှာ တချို့အစိုးရတွေ မြန်မာ့အရေးကို မဖြစ်မနေ ၀င်ပြောလာကြတဲ့အကြောင်းတွေထဲမှာ သူတို့ အတိုက်အခံတွေ မြန်မာ့အရေးကို အသုံးချပြီး နိုင်ငံရေးအမြတ်ယူသွားမှာ စိုးရိမ်ကြတဲ့အချက်လည်း ပါတယ်။ အာဆီယံ ကော့ကက်စ် အောင်မြင်လာတာ သူတို့အတွက် စိတ်မသက်သာစရာ မဟုတ်လား။
လောလောဆယ်မှာ အာဆီယံဒီမိုကရေစီရေးထက် မြန်မာ့ဒီမိုကရေစီရေးက ပိုအရေးကြီးပါတယ်။ လုပ်ရင်း ဇောကပ်သွားမှာစိုးလို့၊ ပညာရှိသတိဖြစ်ခဲ ဖြစ်မှာစိုးလို့ပါဗျာ။ လေ၀င်ပေါတယ်ထင်လည်း ခံပါ့မယ်။
အားလုံး ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ကြပါစေဗျာ။

Ko Paw said...

ကိုကဒေါင်း....မျှော်လင့်တုန်း ကြော့ကွင်းက ပြန်လာတဲ့အတွက် ၀မ်းမြောက်ရပါတယ်။း-)

ကိုဝေလင်း....လာလည်တဲ့အတွက်ရော၊ စေတနာအရင်းခံနဲ့ မြော်မြော်မြင်မြင် ထောက်ပြ အကြံပေးတဲ့အတွက် ကျေးဇူးတင်လှပါတယ်။ ကိုဝေလင်းပြောတဲ့အထဲက “ရေရှည် မြန်မာ့အရေးကို ငဲ့ပြီး” ဆိုတဲ့အချက်ကို အထူးအာရုံစိုက်မိပါတယ်။ ဒီအချက်က ကျနော်တို့အထဲမှာလည်း အမြဲတစေ ဆွေးနွေးဖြစ်တဲ့အချက်ပါ။ ကျနော်တို့ ရှေ့လျှောက် အထူးသတိထားလုပ်ပါမယ်။ ရဲစခန်းမှာ...၂ ကို ဒီနေ့ဘဲ တင်ဖြစ်ပါလိမ့်မယ်။ ကိုဝေလင်းရဲ့ ကဗျာများကို နှစ်သက်ပြီး အတွေးအခေါ်များကို လေးစားပါတယ်။

win myint 19862003 said...

Dear Ko Paw,
As a Ex-RIT Student..I am very proud of you and your teams who loved our country (BURMA)
We Burmese from Japan are very admire of your work..good job..well ..be together..and fight for our beloved country and our people..
Thanks
Win Myint 86 Ec.E
Temp..Japan..

TZA said...

မင်္ဂလာပါကိုပေါ..

လုပ်သွားတာလေး သပ်ရပ်တယ်ဗျာ၊ ရေလည်သဘောကျတယ်။

ကိုပေါဘလော့ဂ်ကိုဒီနေ့မှသိတယ်၊ နောက်အမြဲလာဖတ်မယ်ဗျား။

Ko Paw said...

ကိုဝင်းမြင့်…………အခုလိုအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အတူ ဆက်လက် တိုက်ပွဲဝင်ကြတာပေါ့ဗျာ။

ကိုတီဇက်အေ…….လာလည်တဲ့အတွက်ကျေးဇူးပါ။ ကျနော်ကတော့ ကိုတီဇက်အေ ဘလော့ဂ်က အစားအသောက်တွေ လာသွားရည်ကျနေကျ။ ဘလော့ဂ်ဒင်နာ လို့တောင် ပြောရမလားမသိဘူး။ ဟောင်ကောင်ခရီးစဉ်အကြောင်းတွေကလည်း စိတ်ဝင်စားဘွယ် ကောင်းလှပါတယ်။

Thway Ni said...

ကိုပေါ .. ဒီပို့စ်ကို ဆုံဆည်းရာ ဘလောဂ့်မှာ ပြန်တင်ပေးထားပါတယ် ။ တခြားသူတွေလည်း သိရအောင် ။ ဒီအဖြစ်အပျက်ကတော့ စင်္ကာပူနိုင်ငံရဲ့ မြန်မာအသိုင်းအ၀ိုင်းတွက် မှတ်တမ်းတင်စရာတခုလို့ မြင်ပါတယ် ။

-သွေးနီ-
(နယ်ခြားမဲ့မြန်မာဘလောဂါ့များ)
BBWOB

Ko Paw said...

ကျေးဇူးတင်ပါတယ်....ကို Thway Ni ။

Kay said...

We are pround of you all.

Anonymous said...

very good. touch me a lot.

khayayphyu

Ko Paw said...

To Kay and Khayaphyu,

Thanks for your support.

With best regards,
Ko Paw

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs