မှုန်ပြာရီ….
ရာသီတွေ…ပြောင်း…
တဆောင်းသစ်ပြန်ပြီ….
ငွေနှင်းမှုန်မှုန်….သုန်သုန်လေမြူး
ဟေမာန်ဦး…ကူးခဲ့ပြီ။
(ကိုသန်းလှိုင်၏ “တဆောင်းသစ်ပြန်ပြီ်” သီချင်းမှ)
ကျနော် ငယ်ငယ်က အသည်းစွဲနှစ်ခြိုက်ဘူးသော မောင်သိန်းဆိုင်၏ နာမည်ကျော် ရေနံ့သာခင်ခင်ကြီးဝတ္ထုကို သတိရမိပါတယ်။ ဇာတ်ကောင် ဒေါ်ရေနံ့သာခင်ခင်ကြီးဟာ သူမနေထိုင်ခဲ့ရာ ရေနံ့သာ စံအိမ်ကြီးအပေါ်မှာ အင်မတန်သံယောဇဉ်ကြီးလှသူ။ ရာသီအကူးအပြောင်းမှာ သူမအကျဉ်းကျနေရာ အချုပ်ခန်းလေးထဲကနေ ….“အင်း၊ ခုအချိန် ရေနံ့သာမှာဆိုလျှင်တော့”…. ဟူသော အတွေးမျိုးဖြင့် လွမ်းမောနေတတ်သူ။
ကျနော် ယခုရောက်ရှိနေရာ စင်ကာပူနိုင်ငံကတော့ ရာသီအလှည့်အပြောင်း ရင်ခုန် လွမ်းမောဘွယ်ရာမရှိ။ မိုးရွာခြင်းနှင့် နေပူခြင်း နှစ်မျိုးတည်းသာ ရှိသော နိုင်ငံပါတကား။ ဘယ်အချိန်မိုးရွာမယ်ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းလို့မရ။ အခုဘဲ ကြည်လင်နေရာက ချက်ချင်းလက်ငင်းဆိုသလို ကောင်းကင်တွင် တိမ်ညိုတွေ အလျှင်အမြန် အုံ့မှိုင်းဖွဲ့ကာ ဗြုန်းစားကြီး ရွာချတတ်ပါတယ်။ ပြီးတော့ မိုးတိတ်သွားတာနဲ့ စောစောက ရွာချခဲ့တာက သူမဟုတ်သယောင်ယောင်။ ခဏအတွင်းမှာဘဲ ကြည်လင်တဲ့ကောင်းကင်နဲ့ နေကျဲကျဲပူလျက်။
အင်း....အခုအချိန် မြန်မာပြည်မှာ ဆိုလျှင်တော့…………။
♦ ♦ ♦ ♦
ကျနော်တို့ တိုင်းပြည်မှာ နွေမိုးဆောင်း ရာသီဥတု သုံးမျိုးအနက် ကျနော်က ဆောင်းရာသီကို အကြိုက်နှစ်သက်ဆုံး။ ဆောင်းရာသီမှာမှ အညာဆောင်းကို ရန်ကုန်ဆောင်း ထက် ပိုသဘောကျသည်။ ကျနော် တက္ကသိုလ်တက်နေစဉ်ကာလများမှာ ရန်ကုန်ဆောင်း က သိပ်မအေးလှတော့။
အညာမှာတော့ သည်သို့မဟုတ်။ အချုပ်တန်းဆရာဖေရဲ့ ကဗျာထဲက….“ခန်းဆောင်ရွှေ ရဝေအတွင်းမှာလ၊ ချမ်းပေါင်လေ တဖေတင်းသော်လည်း၊ ဖြေရင်းရယ်တဲ့ခိုက်ခိုက်တုန်…” ဆိုတာလို အင်မတန် အရိုးကွဲမတတ် အေးတာချမ်းတာမျိုးကလား။ ကျနော်အိပ်တော့ မယ်ဆိုရင် အမေက အောက်မှာ ဂွမ်းစောင်လေးခံပြီးမှ အပေါ်က အညာစောင် အထပ်ထပ်ကပ်ပြီးခြုံပေးတာ။ စောင်ပုံအောက်ရောက်သွားမိရင် အပေါ့အပါးသွားဘို့တောင် ပြန်မထွက်ချင်တော့လောက်အောင် ဇိမ်ရှိတာမျိုး။
မနက်ကျတော့ နေမြင့်အောင် အိပ်နေတာမျိုးမဟုတ်ဘူး။ ဆောင်းတွင်းဆိုရင် အမေက ကောက်ညှင်းတို့ဘာတို့ အစောကြီးထပေါင်းတတ်တယ်။ အဲသည်မှာ မီးဖိုဘေးနားမှာ စောင်ခြုံနဲ့ သွားထိုင်ပြီး မီးလှုံတတ်တယ်။ ခေါင်းမှာက သိုးမွှေးဦးထုပ်ကို နားရွက်တွေပါ လုံအောင် ဆွဲချထားရတယ်။
ကျနော်ဆယ်တန်းဖြေပြီး ရွာပြန်သွားတော့ ပိုက်ဆံလိုချင်တာနဲ့ မနက်စောစောထပြီး မြေပဲခင်းမှာ ပေါင်းထိုးတာတို့၊ မြေဆွပေးတာတို့ နေ့စားလိုက်လုပ်တယ်။ အဲသည်တုန်းက အလွန်ဆုံးရလှ တမနက်ကို ငါးကျပ်၊ တဆယ်ပေါ့။
ဟား….မနက်ဝေလီဝေလင်း တူရွင်းလေးတွေ ကိုယ်စီနဲ့ ရွာပြင်ကို ထွက်လိုက်ရင် နှင်းမြူထုကြီးက ကိုင်းပြင်တလျှောက်လုံးကို ဖုံးထားတယ်။ အဝေးကိုမမြင်ရဘူး။ ပိတ်ပိတ် ပိန်းနေတာ။ ကုလားပဲခင်းတွေကြား လူသွားလမ်းလေးတွေကနေ ဖြတ်လျှောက်ရ တယ်။ အဲသလိုနဲ့ မုန်းချောင်းကို အရင်ရောက်တယ်။ အိုး….မုန်းရေပြင်ပေါ်မှာ အငွေ့တွေ တထောင်းထောင်းထနေတဲ့ မြင်ကွင်းကို သတိရမိသေးတော့။
မြေပဲခင်းက မုန်းချောင်းရဲ့ တဖက်ကမ်း၊ မြေနုကျွန်းပေါ်မှာ။ မုန်းချောင်းကို ဖြတ်ရမယ်။ ရေထဲကို မနက်စောစော ချမ်းချမ်းစီးစီးနဲ့ဖြတ်ရမှာမို့ ကြက်သီးတွေ ထနေသလား။ နိုး…နိုး…နိုး။ မုန်းရေက ပတ်ဝန်းကျင်အအေးဓါတ်နဲ့ ဆန့်ကျင်ဘက် နွေးနွေးလေးဖြစ်နေတယ်။ ရေအတိမ်ဆုံးနေရာကနေ ခါးတောင်ကျိုက်ပြီး ဖြတ်ကူးကြရတယ်။
နောက်တော့ မြေပဲခင်းထဲမှာ စပြီး တူးကြဆွကြတဲ့အချိန် နေလုံးက ဟိုး ရှမ်းရိုးမတွေအပေါ်ကနေ ဖြည်းဖြည်းချင်းထွက်လာတယ်။ စထွက်လာကာစမှာ ပတ္တမြားလုံးကြီးနဲ့ အရမ်းတူတာဘဲ။ အဲသည်ကနေ တဖြည်းဖြည်းမြင့်တက်လာတော့ နှင်းမြူတွေလည်း တစတစနဲ့ ကျဲပါး ပျောက်ကွယ်သွားတော့တာပေါ့။
တမနက်မှာ မြေပဲခင်းထဲ ပေါင်းထိုးနေရင်းက ခပ်လှမ်းလှမ်းမှာ ရွှေရောင်လက်လက် အရာတခုကို မြင်လို့ သူများမဦးခင် ခပ်သွက်သွက်ကလေး ထပြေးကြည့်ရတယ်။ မုန်းရေနဲ့အတူ တိုက်စားပြီးပါလာတဲ့ ရွှေစလေးများလား။ ဘယ်ဟုတ်လို့လဲ။ မြက်ရဲ့အဖျားမှာ သီးနေတဲ့ နှင်းစက်ကလေးကို နေရောင်ထိုးလို့ လက်နေတာကိုး။ ရှက်ရှက်နဲ့ ကိုယ့်နေရာကိုယ်ပြန်လာရတယ်။ အတူပေါင်းထိုးနေတဲ့ သူငယ်ချင်းတွေက ၀ိုင်း ရယ်ကြတယ်။ “ဒီကောင် ပွပြီဆိုပြီး ပြေးကြည့်တယ်” ပေါ့။
အဲသည်တုန်းက ကျနော်တို့အားလုံး ဘယ်သူ့မှာမှ နာရီမပါကြဘူး။ ၀တ်လဲမ၀တ်ကြဘူး။ ရွာထဲက ဘုန်းကြီးကျောင်းက ဆွမ်းစားခေါင်းလောင်းထိုးသံနားထောင်ပြီး အချိန်ကို ခန့်မှန်းကြတယ်။
ကျနော်တို့ ငယ်ငယ်မူလတန်းကျောင်းသား၊ အလယ်တန်းကျောင်းသားဘ၀ကဆို ဆောင်းတွင်း မနက်တွေမှာ မဆော့ကြဘူး။ အဲသည်လို နေရောင်အောက်မှာ သိုးမွေးဦးထုပ် ကလေးတွေကိုယ်စီဆောင်းလို့ တန်းစီ နေစာလှုံ၊ စကားပြောကြ။ ကျောင်းတက် ခေါင်းလောင်းထိုးတော့မှ ကျောင်းပေါ်တက်ကြတာကိုး။
စင်ကာပူမှာ သင်တို့ ဘယ်နှခါများ မနက်စောစော နေစာလှုံဘူးပါသလဲ။ အဲ…ဆင်တိုစာ ကမ်းခြေက နေ့လည်ခင်း နေပူကျဲကျဲအောက်မှာ ရေကူးဝတ်စုံနဲ့ နေလှန်းခံနေသော နေစာလှုံသူများ ကိုတော့ အံ့သြဘွယ်ရာ တွေ့ရသည်ပ။ စင်ကာပူနိုင်ငံသားတွေကို ရာသီအလှည့်အပြောင်းရဲ့ ရင်ခုန်ဘွယ် ခံစားချက်ကလေးတွေကို ပြောပြလည်း သင်းတို့ သဘောမပေါက်နိုင်ကြ။
“ဟေ့…ငါတို့ တိုင်းပြည်က မတိုးတက်ပေမယ့် ချစ်စရာ အရမ်းကောင်းတယ်ကွ။ မင်းတို့ မသိကြဘူးလား။ တိုးတက်မှု၊ ဖွံ့ဖြိုးမှုတွေက လုပ်ယူလို့ ဖြစ်ပေမယ့် ဟောသည်လို သဘာဝက ပေးတဲ့လက်ဆောင်တွေက လုပ်ယူလို့ မရနိုင်ဘူး။ မှတ်ထားကြကွယ့်”
“ဟောသည်မှာ ခ၀ဲ၊ ခွာညို၊ သဇင်။ ဆောင်းရာသီမှာမှ ပွင့်တဲ့ ပန်းတွေ။ ရာသီအလိုက် ပွင့်တဲ့ပန်းတွေ။ မိန်းကလေးတွေကလည်း ရာသီအလိုက် ပန်ဆင်မြန်းကြ။ ငါတို့ဆီမှာ မိန်းကလေးတွေ ပန်းပန်ကြတယ်ကွ။ ပန်းဆိုတာ စားပွဲပေါ်က ပန်အိုးထဲမှာတင် ထိုးရတာမျိုးမဟုတ်။ ငါတို့ချစ်တဲ့ အန်တီစု ပန်းတွေပန်ထားရင် ဘယ်လောက် ကျက်သရေ ရှိသလဲ။ မကြာခင် သဇင်တွေ ပွင့်ဦးတော့မယ်။”
အဲသည်လိုမျိုးလည်း ကျနော်က တခါတရံ ကျနော့်ဘာသာ စိတ်ထဲမှာ ကျိတ်ပြီးတော့ ကြွေးကြော်နေတတ်တာမျိုး။ တချိန်မှာ ကျနော်တို့ မြတ်နိုးတဲ့အရာတွေအားလုံးကို လွတ်လပ်မှု နဲ့အတူ ပြန်လည်ရရှိကြဦးမှာပါ။ အဲသည်အချိန်ကျရင် အမျိုးသားအောင်ပွဲနေ့လို၊ လွတ်လပ်ရေးနေ့လို ဆောင်နှင်းမြူအောက် ကျင်းပရတဲ့ အခမ်းအနားမျိုးတွေမှာ ကျနော်တို့ ချစ်တဲ့ အန်တီစုကို သဇင်ပန်းတွေ၊ အပြုံပန်းတွေ ဝေနေအောင်ဆင်မြန်းထားတာကို ကျနော်တို့အားလုံး မြင်တွေ့ကြရဦးမှာပါ။

သြော်......အခုအချိန် မြန်မာပြည်မှာ ဆိုလျှင်တော့…………။
ကိုပေါ။
(၂၈ ရက်။ နိုဝင်ဘာလ။ ၂၀၀၇ ခုနှစ်)
12 comments:
နောက်ဆုံးအပိုဒ်မှာရေးထားတဲ့မြင်ကွင်းကိုစိတ်ကူးနဲ့မှန်းပြီး
ခံစားရင်း ချစ်သော အန်တီစုကိုအရမ်းလွမ်းပါသည်။
ကိုပေါရေ...
ပန်းတွေ အများကြီးနဲ့ အန်တီစုကို မြင်ယောင်နေမိတော့တယ်....
ရာသီ ၃ ခုမှာ ဆောင်းကို အကြိုက်ဆုံးပဲ..ဆိုတာ တူတယ်ဗျို့
သိတ်လွမ်းနေလား.....အဲ့တာဆိုပြန်လေ....ဟီး
ငယ်ငယ်တုံးက ကြုံခဲ့ဖူးတဲ့ ဆောင်းကို ပြန်ပြီး အမှတ်ရမိတယ်၊ ဆောင်းတွင်းကြီး မနက်စောစော ကျောင်းတက်ဖို့ ရန်ကုန်ကို သင်္ဘောနဲ့အကူးမှာ နှင်းတွေပိတ်နေလို့ သင်္ဘော မထွက်နိုင်ပဲ၊ သင်္ဘောဆိပ်မှာ လူတွေ အများကြီး တိုးမပေါက် ပြည့်ကျပ်နေပြီး နှင်းကွဲအောင် စောင့်ခဲ့တာ၊ သင်္ဘော အချိန်မှီမထွက် လို့ ကျောင်းမတက်လို့ မရတော့လို့ ပျော်ခဲ့တာတွေ ပြန်သတိရမိ ပါတယ်၊ ဆောင်းကို ကိုယ့်မွေးလဖြစ်လို့လဲ အရမ်းကြိုက်ပါတယ်၊
လွမ်းစရာကြီး..
သြော်.. ဒီတဆောင်းဖြင့် ပြောင်းမှာပါ. လို့ မျှော်လင့်ရမှာလား ဟင်
ပိတောက်မြေ(http://padaukmyay.blogspot.com/)နဲ့ ပိတောက်ရိပ်နဲ့က ညီအကိုဘလော့ဂ်လားဗျ။ ဟီး
ဘာမှမပူနဲ့ လမင်းရေ...တိုင်းပြည်လွတ်မြောက်တဲ့ တနေ့မှာ စင်ကာပူက မြန်မာတွေ လေယာဉ် စင်းလုံးငှားပြီး အန်တီစုကို ပြန်တွေ့ကြမယ်။
မခင်မင်းဇော်.....တူရမယ်လေ။ အသားအရောင်ဘဲ မတူတာ။
ကလူသစ်.... ဂျောက်တွန်းတာလားဟင်။ လွတ်လပ်တဲ့တနေ့ ပြန်ပါမယ်ဗျာ။
ချစ်လေပြေ....အင်း။ ရန်ကုန်ကို သင်္ဘောနဲ့ကူးတယ်ဆိုတော့ ဒလသူ ဘဲဖြစ်ရမယ်။ ဦးစံရှားလုပ်ကြည့်တာလေ။ မဟုတ်ရင်တော့ “လွဲတဲ့အခါလည်း လွဲပေမပေါ့” ပေါ့ဗျာ။
ပန်ဒိုရာ.......အခုလောလောဆယ်တော့ “သည်နွေမိုးဆောင်းပြောင်းသော်လည်း” လို့ဘဲ ပြောနိုင်ပါသေးတယ်။
ကလူသစ်....ဘုရားပေးပေး။ ကျမ်းပေးပေး။ ဘာမှမတော်ပါဘူးခင်ညာ။
လာလည်တယ်လို့ အသိပေးဖို့တောင် စီဘောက်စ်က မရှိတော့ ဒီမှာပဲ အော်ရတော့မှာပဲ။ ဒီမှာကတော့ ဆောင်းက စိတ်ညစ်စရာကြီးပါဗျာ။ မီးပုံမှာ မီးလှုံရတဲ့ မြန်မာ့ဆောင်းကိုပဲ လွမ်းတယ်။
ဟုတ်ဘူးမှားတယ်၊ ဒလဆိုရင် ငှက်နဲ့ ကူးမှားပေါ့၊ သင်္ဘောနဲ့ ဘယ်ကူးမလဲ
ကိုပေါရဲ့ ဒီပို့စ်ကို ခုမှ ဖတ်ဖြစ်လို့ ကွန်မန့်ရေးလိုက် ပါတယ်။
ကိုပေါရဲ့ ဆောင်းရာသီဖွဲ့နဲ့ အညာဆောင်းမြင်ကွင်း သရုပ်ဖော်ကို သဘောကျမိပါတယ်။
အငွေ့တထောင်းထောင်းထနေတဲ့ မုန်းချောင်း ရေပြင်၊ ရှမ်းရိုးမက ထွက်လာတဲ့ နေလုံးနီနီ၊ မြက်ဖျား ပေါ်က နှင်းစက် ကလေးတွေ ... တကယ်ပဲ မျက်စိထဲ မြင်ယောင်လာမိ ပါတယ်။
ကျမတို့ တိုင်းပြည်မှာရှိတဲ့ ဖန်တီးယူလို့ မရတဲ့ သဘာဝက ပေးတဲ့ လက်ဆောင်တွေကို ကျမလည်း အလွန် ချစ်မြတ်နိုးပြီး တန်ဖိုးထားပါတယ်။
ဒီစာအတွက် .. ကိုပေါကို ကျေးဇူးပါ ... ။
ချစ်လေပြေ>>>> မှားတဲ့အခါလည်း မှားပေမပေါ့…ကွယ်။
မမေဓာဝီ>>>>> ကျေးဇူးတင်ပါတယ်။ ကျနော်က ဆရာမရေးတဲ့ “နွေလယ်ခေါင်မှာ”လို အရေးအသားမျိုးကို အထူးနှစ်သက်မိပါတယ်။ အခု ဘလော့ဂ်ကို ဆက်ရေးနေတာတွေ့ရလို့ အထူး ၀မ်းသာမိပါတယ်။
ကိုစေးထူးရေ…..အဲသည်မှာ ရာသီကလွဲလို့ ညစ်စရာ သိပ်ရှိမယ် ထင်ပါဘူးဗျာ။ သြော် စင်ကာပူမှာ ဆိုလျှင်တော့….ဟိ။
Post a Comment