ကျနော့်ဘလော့ဂ်ခေါင်းစီးအား “ပိတောက်ရိပ်”ဟု အမည်ပြောင်းပေးလိုက်သည်။ သည်အမည်ကို ကျနော် စိတ်ကူးမိသည်မှာ ကြာပြီ။
ကျနော့်စိတ်ကူးပြောပြတော့ ကျနော့်ဇနီးက သည်ဘန်နာဒီဇိုင်းကို လိုလိုချင်ချင် ဖန်တီးပေးခဲ့ခြင်း။
ပုံထဲမှာပါတဲ့ ပိတောက်ပန်းများမှာ မြန်မာပြည်ကတော့မဟုတ်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က ပီနန်မြို့ကို အလည် ရောက်စဉ် မြွေဘုရားကျောင်းကအထွက် လမ်းဘေးက ပိတောက်ပင် နိမ့်နိမ့်လေးမှာ ပိတောက်ပန်းတွေ ပင်လုံးကျွတ်ဝေနေတာကိုတွေ့ရတော့ သူမနှင့် ကျနော် ၀မ်းသာအားရ ဓါတ်ပုံရိုက်ယူကြသည်။
တယောက်က အကိုင်းကို ဆွဲချပေးထားစဉ် ကျန်တယောက်က ပန်းတွေကို ကင်မရာနဲ့ရိုက်။ ရှုဒေါင့်အမျိုးမျိုး၊ အကွာအဝေးအမျိုးမျိုး။
ပိတောက်ပန်းကို မဲနေသဖြင့် ဘေးဘီကို သတိမထားမိ။ နောက်တော့မှ အနီးအနား ကော်ဖီဆိုင်ထဲရှိ လူအားလုံးက ကျနော်တို့လုပ်ရပ်ကို အထူးအဆန်း သဖွယ် လှမ်းကြည့်နေကြ သည်ကိုတွေ့ရသည်။
မနေနိုင်တော့သော ဆိုင်ရှင်က ထွက်လာမေးသည်။ ဘာအတွက်များ ရိုက်နေကြသလဲပေါ့။ အင်းလေ....သူမေးလည်း မေးစရာပါဘဲ။ ပီနန်မှာတော့ ပိတောက်တွေက ဖောချင်းသောချင်း ပွင့်တာမျိုးမဟုတ်လား။ ပွင့်သည့်အချိန်အခါကလည်း “တနှစ်တွင် သည်တလပေပ၊ တလမှာ တရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ” မဟုတ်။ မိုးများ၍လောမသိ။ ပွင့်ချိန်မှာလည်း တာရှည်လှသည်။
ကျနော်မလေးရှားမှာ နေခဲ့စဉ်က ပီနန်ရောက်တိုင်း ပိတောက်ပွင့်ကြွေတွေ ကြဲပြန့်နေသည့် လမ်းတလျှောက်မှာ “ပိတောက်လမ်း” သီချင်းကို တကိုယ်တည်းညည်းရင်း လျှောက်ခဲ့ရတာ တွေကို သတိရ မိပြန်သည်။
ကျနော့်အနေနှင့်တော့ ပိတောက်ဟု ဆိုလိုက်သည်နှင့် ရင်ခုန်သံက မြန်ချင်လာသည်။
မှတ်မှတ်ရရ ဒုတိယနှစ် စာမေးပွဲတနေ့တွင် အိမ်မှာ ပိတောက်ပန်းတွေ ရသဖြင့် သူမအား ပေးရန် အလှဆုံးပိတောက်တခက် ရွေးယူသွားခဲ့ဘူးသည်။ သို့သော် ခရီးခုလတ်တွင် ညီမငယ်တယောက်က မရမက လုယူသွားသဖြင့် သူမအားမပေးလိုက်နိုင်ခဲ့။ နှစ်တွေ ရှည်ကြာသွားခဲ့သည်။
ပိတောက်ရိပ်သည် အေးမြသည်။ ပိတောက်၏ သင်္ကေတတွင် တက်ကြွခြင်း၊ မြူးပျော်ခြင်း၊ ဆန်းသစ်ခြင်းတို့ပါသည်။ မြန်မာတွေ ကမ္ဘာတလွှားဘယ်နေရာကိုရောက်ရောက် သင်္ကြန်အချိန် ရောက်တိုင်း ပိတောက်ကို သတိရကြသည်သာဖြစ်သည်။ ပိတောက်ရနံ့ကို တမ်းတကြသည်။ ဆရာ ဒဂုန်တာရာ ပိတောက်ကို တမ်းတရပုံကတော့ ထူးသည်။ သူ့ရဲ့ “ပိတောက်အမှတ်တရ” ကဗျာအဖွင့်မှာ သည်လိုရေးသည်။
အမှတ်တရ
များစွာအနက်၊ နှလုံးသားမှ
လျို့ဝှက်အစီရင်ခံစာ၊ ငါ့မှာမရှိ
ပိတောက်ပွင့်လျှင်၊ ရင်မှာခုန်လာ
တနှစ်တခါ၊ စေတနာက
စိတ္တဇလော
သို့မဟုတ်
အသစ်မွေးဖွားခြင်းလော………။
ကျနော်တို့ စင်ကာပူရောက်မြန်မာတွေကတော့ ပြီးခဲ့သော သင်္ကြန်မှာ “ပိတောက်ချစ်သူ၊ စုချစ်သူ” ဆိုပြီး ရေကစား မဏ္ဍာတ်ထိုးကာ ပိတောက်အလွမ်းကို ဖြေကြသည်။ ပြီးတော့ အိုးဝေ(စင်ကာပူ) အင်တာနက်စာမျက်နှာက စာ၊ကဗျာ၊ ဆောင်းပါးတွေကို ရွေးချယ်စုစည်း ထားသည့် “ပိတောက်ချစ်သူ၊ စုချစ်သူ” လက်ကမ်းစာစောင်လေး အခမဲ့ ဖြန့်ဝေဖြစ်သည်။ ဆရာဒဂုန်တာရာရဲ့ ကဗျာကို နောက်ကျောဖုံးမှာ ကိုင်းညွတ်ကျနေသော ပိတောက်ခက်ကလေးများ ထောင့်နှစ်ထောင့်တွင်ထည့်ကာ ဖော်ပြခဲ့ကြသည်။ လက်ကမ်းစာစောင် အပြည့်အစုံကို သည်မှာ ဖတ်ပါ။
တချိန်တုန်းက ကျနော်မပေးဖြစ်ခဲ့သော ပိတောက်တခက်အတွက် သူမက ကျနော့်ကို ကဗျာတပုဒ် (မရေးတတ်ရေးတတ်နှင့်) ရေးပေးဖော်ရလေသည်။
ပြာလဲ့လဲ့ မိုးသားအောက်
ညှင်းခတဲ့ လေနုအေးမှာ
ယိမ်းနွဲ့ကာ ဟန်ပါပါနဲ့
စိမ်းရောင်စို ရွက်ကြိုကြားက
ဝါသွေးငယ် ဖူးတံတင့်လို့
ရှိန်းမြမြ ရနံ့ထုံသင်း။.............တဲ့။
ကိုပေါ
(၁၅ ရက်၊ နိုဝင်ဘာ။ ၂၀၀၇)

12 comments:
ပန်ဒိုရာ့ စာတွေကို လာဖတ်သွားတဲ့ ကိုပေါ။
လက်ဖက်ရည်ဆိုင်မှာကတည်းက ကိုပေါတို့စကားဝိုင်းကို ဘေးကထိုင်သွားရည်ကျရင်း အဲဒီနာမည်တွေ ရင်းနှီးခဲ့ပြီးသားပါ။ အိုးဝေမှာ ရေးနေတာတွေလည်း ဖတ်ဖူးပါ့ဗျာ။ အခုလို လာအားပေးသွားတာကို ကျေးဇူးတင်ကြောင်း၊ နောင်ကိုလည်း အလည်လာလှည့်ပါလို့ ဆီပုံးမရှိတဲ့ ဘလောက်ရိပ် အဲလေ.. ပိတောက်ရိပ်မှာ ဒီနေရာက ၀င်အော်လိုက်ရပါကြောင်း။
လာလည်တဲ့အတွက် ကျေးဇူးပါ ပန်ဒိုရာ။ ပန်ဒိုရာရဲ့ ကဗျာတွေကို အထူးနှစ်သက်မိပါတယ်။ စီပုံးထည့်ဘို့အတွက် ဘူးဆိုဖရုံမသီးတဲ့ ကျနော်ဟာ အခုဆို သခွါးသီးတွေပါ အဆစ်သီးရမယ့် ကိန်းဆိုက်နေပြီထင်ပါရဲ့။
ကျောင်းအဆင်းကားဂိတ်မှာ လာစောင့်နေသူနဲ့ ကျောင်းဆင်းလာသူ တယောက်နဲ့တယောက် ပြေးဖက်ကြရလောက်အောင် ချစ်ကြတဲ့သူတွေ အကြောင်းကြားရတော့ တခါက တဘ၀ရုပ်ရှင်ထဲက ကျော်ဟိန်းနဲ့ခင်သီတာထွန်း (ထင်တယ်)ကို သတိရသဗျာ။ ဟီး ဟီး
ဘာလဲကလူသစ်....
လု..လု..၀ု...၀ု....၀ု....
စက္က..အ...အ...အ.... (ပံ့တင်သံများ)
ဆိုတဲ့ မြင်ကွင်းလေးလား။ ကျော်ဟိန်းက ကျနော့်လောက် ကြည့်မကောင်း ပါဘူးဗျာ...ဟဲ။
ကဗျာတစ်ပိုဒ် လိုက်တောင်းတယ်။ ရ၀ူး။ ပြန်လာပေး။ ဆီပုံးမရှိလည်း ကွန်မန့်မှာ လာအော်မှာပဲ။ မဒမ်ပေါ မဆူမချင်းပေါ့။ ဟဲဟဲ....။
တကယ်ပါ ကဗျာအဆုံးပိုဒ်ကလေး လုံးစေ့ပတ်စေ့ သတိမရတော့လို့ပါဗျိုး။ အရင်တုန်းက ကိုယ်ကလည်း ကြိုက်လို့ အဖန်ဖန်ဖတ်ပြီး အလွတ်နီးပါးရနေတာမျိုးမဟုတ်လား။ မှတ်မိသလောက် သဘောကတော့...
နှလုံးသားမှာ
ဘောဂမီးအိမ်ကို
ထိန်နေအောင် ထွန်းညှိလိုက်တဲ့အချိန်
သိင်္ဂါရ ရသဟာ
နှလုံးသားရဲ့ တနေရာမှာ
အမည်မသိ ဝေဒနာနဲ့
တိတ်ဆိတ်စွာ အိပ်မောကျနေလေရဲ့....။
ဆိုတာမျိုးပေါ့။
ကိုပေါ
စီပုံးမရှိလို့ ဒီမှာပဲရေးခဲ့တယ်။ ဆီဈေးကြီးလို့ ဆီပုံးမတပ်ထားတာလား။
အမြဲလာဖတ်ဖြစ်တယ်။ ဒီလောက် အရေးကောင်းတဲ့သူ
ဘလော့လုပ်တာ နောက်ကျလွန်းတယ်။
အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ မခင်မင်းဇော်။ အများတောင်းဆိုလာတော့လည်း ဆီဈေးနည်းနည်းလျှော့ပြီး စီပုံးတပ်ရတော့မှာပေါ့ဗျာ။ ဗမာတွေက စိတ်ကြီးတယ်လေ။ တော်ကြာ ဆီဈေးလျှော့မပေးလို့ လမ်းပေါ်ထွက်လာရင်ဒုက္ခ။ နအဖလို ပြေးပေါက်မှားနေဦး မယ်။
စိတ်ဓါတ်သွင်ပြင်တွေ ဖော်ပြထားတာ ကျနော် တော်တော်လေး သဘောကျသဗျို့။ ကျနော့်မှာ သိပ်မကြိုးစားဘဲ ကြီးပွားချင်နေတဲ့ စိတ်ကလေးတခုဘဲ မခင်မင်းဇော်နဲ့ ကွာသွားတယ်… အဟီး။ (လွယ်လွယ်ပြောရရင် အပျင်းထူတာပေါ့ဗျာ)။
ဒီလောက်ကောင်းတဲ့ လက်နဲ့ ဘာလို့များ စာပေလောကကို ၀င်ရောက်မနှောက်ယှက်ရတာလဲ။ ကောင်းတယ်ဗျာ အပြင်အဆင်လေးရော စာလေးတွေရော။
ကိုပေါရဲ့ စာတွေက ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ရသလွမ်းမောရိပ်လေး သန်းနေတုန်းနေတုန်း ပါပဲဗျာ။ စွယ်တော်ရိပ်အောက်က ”နံရံပေါ်ကစာ” လိုမျိုးကိုအမှတ်ရနေတုန်းပါပဲ။ ခု ကွန်ကရိတော ရိပ်အောက်မှာ ဘယ်လိုစာမျိုးဖန်တီးဖြစ်ပါအုန်းမလဲ။
ကဖိုးဇေ….လာလည်တဲ့အတွက် ကျေးဇူးပါဗျိုး။ ဆရာမောင်မိုးသူလေနဲ့ပြောရရင် “စာပေလောကမှာ မင်းတို့တွေရှိနေပြီဆိုရင် လုံလောက်တယ်။ ငါလာဘို့ မလိုတော့ဘူး။”….နောက်တာပါ။ မြန်မာစာပေလောက ပျက်စီးသွားမှာစိုးလို့ လက်တွန့်နေတာပါဗျိုး။
ဝမ်းဒါးဖစ်ရှ်ရေ…..ကျောင်းနေဖက်တွေ ထင်ပါရဲ့။ နံမည်လေးမြင်လိုက်ရတော့ ငါးလေးအိုးကပ် ချက် စားချင်စိတ်ပေါ်တယ်။ နောက်တာနော်။
Post a Comment