ဟောဟိုအရာ….အဖြူပါပေ မြင်သလားမေ

Share |
မောင်..ရှေ့ကို တည့်တည့်လျှောက်မယ်လေ...
မေလည်း တည့်တည့်လိုက်ကာ လျှောက်မယ်မောင်ရေ….
ဟောဟိုအရာ….အဖြူပါပေ မြင်သလားမေ….
ဘော်သာခွာကြူပုလဲဖြူ… မြင်သားပေါ့သက်ဝေ…..

မင်္ဂလာဆောင်မှာ ဖွင့်နေတဲ့ သီချင်းမဟုတ်ရပါဘူး….မိတ်ဆွေတို့။

ကျနော် ကိုပေါ နဲ့ ဇနီး မဒမ်ပေါ တို့ နှစ်ယောက် ပြီးခဲ့တဲ့ သြဂုတ်လထဲတုန်းက အကျီအဖြူ ကိုယ်စီဝတ်ပြီး တည့်တည့်အလျှောက်ကောင်းလို့ စင်ကာပူက ရဲစခန်းကို နှစ်ကြိမ်တိတိ အလည်အပတ်ရောက်ခဲ့ရတာကို ပြန်ပြောင်းအောက်မေ့ရင်း ရင်ထဲရောက်လာတဲ့ သီချင်းလေး ပါ။

အဲသည်တုန်းက အဖြူရောင်တီရှပ်တွေ ၀တ်ပြီး စင်ကာပူနိုင်ငံ အော့ချာ့ဒ် လမ်းကနေ မြန်မာတွေ စုရပ် ပင်နီဆူးလား ပလာဇာအထိ မမောမပန်း လျှောက်လှမ်းခဲ့ကြတယ် လေ။ ကိုမင်းကိုနိုင်တို့ စလိုက်တဲ့ လမ်းလျှောက်ပွဲကို အားပေးထောက်ခံချင်လွန်းလို့ တက်ကြွသူ မြန်မာတစုဟာ လူငါးယောက်ထက် စုဝေးမှုကို ခွင့်မပြုတဲ့ စင်ကာပူနိုင်ငံမှာ လမ်းထွက် လျှောက်ခဲ့ကြသပေါ့။ ကျနော်တို့လင်မယားရဲ့ နံဘေးမှာ ယှဉ်တွဲပြီး လျှောက်နေတာကလည်း ကျနော့်မိတ်ဆွေ နဲ့ သူ့ရဲ့ မဒမ်။

အဲ….တူစုံမောင်မယ် ကိုယ်စီ ကြည်နူးမြူးရွှင်စွာ စတင်လျှောက်လှမ်းလို့ ခြေလှမ်းတရာ မပြည့်ခင်မှာဘဲ အရပ်ဝတ်ရဲတွေက ရှေ့ကတားပြီး ကျနော်နဲ့ မိတ်ဆွေကို စစ်ဆေးမေးမြန်း တော့တာဘဲဗျို့။ ပြီးတော့ ဆက်မလျှောက်ဘို့လည်း အကြံပေးသဗျ။ စစ်ဆေးမေးမြန်းတဲ့ ပန်ချာပီဘိုးတော်က အကြံပေးတာသက်သက်ပါ ဆိုပေမယ့် လေသံကတော့ အကြံပေးတဲ့ လေသံ တစက်ကလေးမှ မပေါက်ပါဘူး။ မယုံရင် နောက်လမ်းတနေရာမှာ ကျနော်တို့နည်းတူ ဖမ်းအစစ်ခံရတဲ့ ဘလော့ဂါ ကဒေါင်းညင်သာကိုသာ မေးကြည့်ပါတော့..အိမ်နီးချင်းတို့၊ ရပ်ကွက်လူကြီးတို့၊ မြို့မိမြို့ဖတို့ရေ။

အေးလေ…အလကားနေရင်း မတောင်းဘဲပေးတဲ့ အကြံဆိုတော့လည်း “မတောင်းဘဲ ပေးတဲ့ တို့ရဲ့လက်ဆောင်…..မင်းလေး တန်ဘိုးထားချင်မှ ထားမယ်” ဆိုတဲ့ သီချင်းလေးအတိုင်း ကျနော်တို့တတွေဟာ သူ့အကြံပေးချက်ကို အော့ချာ့ဒ် လမ်းမပေါ်မှာတင် ချထားခဲ့ပြီး ပင်နီ ဆူးလားပလာဇာ ရောက်သည်အထိ ဆက်လျှောက်ဖြစ်ခဲ့ကြပါတယ်။

အကျိုးဆက်အနေနဲ့ နောက်ဆုံး ဇာတ်ပေါင်းတော့ စောစောက ပြောခဲ့တဲ့အတိုင်း စင်ကာပူက တန်လင်းရဲဌာနချုပ်ကို တခေါက်၊ တန်လင်း ရဲစခန်းဟောင်းလို့ ခေါ်တဲ့ စစ်ကြောရေးစခန်းကို တခေါက် အလည်အပတ် ကြွရောက်လိုက်ရပါတယ်။

ရဲဌာနချုပ်မှာ စစ်ချက်ယူရုံမျှသာ ဖြစ်ပြီး၊ အကာလ ညအခါကြီးမှာ ခေါ်ယူမေးမြန်းတဲ့ တန်လင်း ရဲစခန်း ဟောင်းမှာတော့ ခံဝန်ချက်ပါ ရေးထိုးခဲ့ရပါသဗျ။

အဲသည်တန်လင်းရဲစခန်းဟောင်းမှာ လက်ချာရိုက်ဘို့တာဝန်ကျတဲ့ ကိုရွှေရဲများက ….“မင်းတို့က စိတ်စေတနာကောင်းနဲ့ အေးချမ်းစွာ လမ်းလျှောက်တာမှန်ပေမယ့် မင်းတို့ထဲက တယောက်ယောက်က ထပြီး ဆူပူတယ်။ အဖျက်လုပ်ငန်းလုပ်တယ် ဆိုရင် မင်းတို့ ဘယ်လို လုပ်မလဲ။ အဲဒီအခါကျရင် မင်းတို့ကို တို့က အရေးမယူချင်ပေမယ့်လည်း ယူရပေတော့မယ်။ အဲဒီအတွက် ပြင်ပမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေကို ငါတို့ ခွင့်မပြုတာ”… ဆိုတဲ့ သဘောမျိုး ပြောသေးတယ်ခင်ဗျ။

အမယ်မင်း…ကျေးဇူးကြီးပါပေ့၊ မောင်မင်းကြီးသားတို့ရယ်။ လူလေး ၄၀ လောက် လမ်းလျှောက်တာကို ရေးကြီးခွင်ကျယ် စကားလုပ်ပြောနေရသေးသကိုး။ အဲသည်လိုသာ ကိုယ်တော်ချောတို့ ပူပန်ရိုးမှန်ခဲ့ရင် စင်ကာပူမှာ လူတွေ သိန်းနဲ့ချီတက်ရောက်တဲ့ စင်ကာပူ အမျိုးသားနေ့လိုပွဲမျိုးကို ကျင်းပနိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့။ ဟုတ်တယ်ဟုတ်။

ဒီနေ့လည်း တိုပါးရိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ နိုင်ငံရေးနှင့် ပတ်သက်သော လှုပ်ရှားမှုတွေကို ခွင့်မပြုတော့ဘူးဆိုတာ ကြားလိုက်ရပါသဗျ။ အဲ…လုပ်ချင်ရင်တော့ ရဲစခန်း ထောက်ခံစာ ယူခဲ့ရမယ်ဆိုဘဲ။ အင်း….စင်ကာပူမှာ ရဲစခန်းထောက်ခံစာယူဘို့ထက် ကျားဟိုဒင်းသာ ပြေးနှိုက်လိုက်ချင်ပါတော့တယ်…ဘုရားဒကာတို့ရေ။

အဲဒီသီတင်းကြားတော့ ကျနော့်ရင်ထဲမှာ သိချင်တာလေး တခုနဲ့ အတူ ပူပန်မှုလေးတခု လည်း ပေါ်လာတယ်ဗျ။

ကျနော်သိချင်တာက……နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျော့ဂ်ျယိုးတယောက် တိုပါးရိုး ဘုန်းကြီးကျောင်းကို ဟိုတလောက သွားတာ ဘာသာရေးသက်သက်လို့ဘဲ ဆိုရလေမလား။ ဒါမှမဟုတ် နိုင်ငံရေးလှုပ်ရှားမှုလို့ဘဲ သတ်မှတ်ရလေမလား။

အင်း….သူက ဗုဒ္ဓဘာသာဝင်မဟုတ်တော့ ဘုရားဝတ်ပြုဘို့ သွားတာတော့ မဖြစ်နိုင်ဘူးလေ။ နောက်ပြီး သူက သာသနာရေးဝန်ကြီး…အဲလေ….ပြည်ထဲရေးဝန်ကြီးလည်းမဟုတ်တော့ သာသနာ ရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားမေးမြန်းရန်လည်း မဖြစ်နိုင်ပြန်ဘူး။ ဒါမျိုးက ကျနော်တို့တိုင်းပြည်က ဗိုလ်မှုးချုပ် သူရမြင့်မောင်တို့မှ ကျွမ်းကျင်လိမ္မာတဲ့ အလုပ်မျိုးကလား။

ဘာဘဲဖြစ်ဖြစ်…..အဲဒီတလောက သတင်းစာမျက်နှာဖုံးသတင်းတွေမှာတော့ မစ္စတာ ဂျော့ဂ်ျယိုးကို တိုပါးရိုးဘုန်းကြီးကျောင်းက မြန်မာဘုန်းတော်ကြီးများ ၀ဲယာ ခြံရံကာ ပြုံးပြုံးကြီး တွေ့လိုက်မိပါတယ်။ နောက်နားမှာရှိတဲ့ လှေကားအတက်ဘေးက ခြင်္သေ့ကြီးနှစ်ကောင်ကပါ ပြုံးနေသလား အောက်မေ့ ရတယ်။

ကဲကဲ…ကျနော်ပူပန်တာလေး ပြောပြတော့မယ်။ “အိုးကမပူ စလောင်းက ပူရန်ကော” လို့ မိတ်ဆွေတို့ အပြစ်တော်တင်ရင်လည်း ခံရမှာပါ။

ဒီလိုပါ….မစ္စတာ ဂျော့ဂ်ျယိုးအနေနဲ့ နောက်တကြိမ် ဘုန်းကြီးကျောင်းကို သွားခဲ့ရင်ဖြင့် ရဲစခန်းထောက်ခံစာယူသွားဘို့ သတိမေ့လျော့သွားမှာကို စေတနာသန့်သန့်နဲ့ ပူပန်မိကြောင်း တင်ပြလိုက်ရပါသဗျိုး။

ကိုပေါ။
(နိုဝင်ဘာလ ၇ ရက်။ ၂၀၀၇။)

2 comments:

Teri said...

Nice Blog :)

Anonymous said...

Nevermind.

I will remind him.

khayayphyu

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs