“မုဆိုးနားနီးမုဆိုး။ တံငါနားနီးတံငါ။”
မြန်မာစကားပုံဖြစ်ပါသည်။ ပတ်ဝန်းကျင်သည် လူအပေါ်လွှမ်းမိုးတတ်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အလားတူအဓိပ္ပါယ်ရသော ပုံပြင်တပုဒ်ကိုလည်း ကျနော်တို့ ငယ်ငယ်က သင်ခဲ့ရပါသေးသည်။ လေမုန်တိုင်းဒဏ်ကြောင့် ပတ်ဝန်းကျင်နှစ်ခုသို့ တကွဲတပြားစီကျရောက်သွားသော ကျေးညီနောင်ပုံပြင်။ ထိုပုံပြင်တွင် ၄င်းတို့ရောက်ရှိသွားရာ ပတ်ဝန်းကျင်အသီးသီး၏ လွှမ်းမိုးမှုကို ကျေးငယ်များခံရကာ ယင်းတို့၏ စရိုက်သဘာဝ မတူခြားနားသွားပုံကို ဖော်ပြထားသည်။
ဤနေရာတွင် ကြုံကြိုက်၍ ကျောင်းတုန်းက အဖြစ်အပျက်တခုကို ကြားဖြတ် ပြောပြချင်ပါသေးသည်။ တက္ကသိုလ်ပထမနှစ်မှာ မြန်မာစာဆရာက တတန်းလုံးကို စာစီစာကုံး ရေးယူခဲ့ကြရန် မှာကြားလိုက်သည်။ အကြောင်းအရာက ပတ်ဝန်းကျင်၏ လူအပေါ်လွှမ်းမိုးတတ်ပုံ။ ခေါင်းစဉ်ကို ကိုယ့်သဘောကျ ရွေးချယ်ပေးနိုင်သည်ဟု ဆို၏။ ထိုစဉ်က ကျနော်ဘာရေးခဲ့သလဲကိုတော့ ကောင်းကောင်း မမှတ်မိ။ မှတ်မိသည်မှာ သူငယ်ချင်းတယောက် ရေးလာသော ခေါင်းစဉ်ကို ဖြစ်သည်။ “ပတ်ဝန်းကျင်ကောင်း ကိုယ်ပါကောင်း” တဲ့။ သူ့စာစီစာကုံးကို ကျနော့်အား ပေးဖတ်သဖြင့် နောက်တီးနောက်တောက် ကျနော့်အကျင့်အတိုင်း….“ အလဲ့…. ပတ်ဝန်းကျင်ဂေါင်း ကိုယ်ဖာဂေါင်း ဆိုပါလား” ဟု အသံထွက်ဖတ်လိုက်မိရာ အဆဲသန်သော ထိုသူငယ်ချင်း၏ မိုးမွှန်နေအောင် ဆဲဆိုမှုကို ခံလိုက်ရဖူးသည်။ (မှတ်ချက်။…….။ အဆဲသန်သည်ကလွဲ၍ ထိုသူငယ်ချင်းမှာ ဘာသာရေး ကိုင်းရှိုင်းသူတဦး ဖြစ်သည်။)
ဤပို့စ်၏ အစတွင် ဖော်ပြခဲ့သော ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုဆိုသည်မှာ တစုံတယောက်အပေါ်တွင် နေ့စဉ်နှင့်အမျှ၊ အချိန်နှင့်အမျှဆိုသလို ကျရောက်နေသော လွှမ်းမိုးမှုမျိုးကို ဆိုလိုသည်။ တခါတလေကျတော့ အမြဲတစေလွှမ်းမိုးမှုမဟုတ်ဘဲ တစုံတခုသောအဖြစ်အပျက်ကြောင့် တစုံတယောက်၏ အတွေးအခေါ် (သို့မဟုတ်) သဘောသဘာဝ သဏ္ဍာန်ကို ပြောင်းလဲသွားခြင်း ရှိသည်ဟုလည်း ထင်မိသည်။
ဝေးဝေးမကြည့်ပါနှင့်။ ကျနော်လေးစားသော စာရေးဆရာ ဆရာကြီးရွှေဥဒေါင်းပင် သူ့၏ ဘဝတသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင် သူ၏ စိတ်နေသဘာဝကို ချဉ်တူးခါးသီးစေခဲ့သော အဖြစ်အပျက်များ အကြိမ်ကြိမ် ကြုံကြိုက်ခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ သူ့အဆိုအရမူ ထိုအဖြစ်အပျက်များကြောင့် သူ့သဏ္ဍာန်တွင် ဖြူကောင်ကဲ့သို့ ဆူးကြီးများ တချောင်းပြီးတချောင်း ပေါက်လာခဲ့သည် ဆို၏။
စိတ်နေသဘာဝပြောင်းသည်ဆိုလျှင် အတွေးအခေါ်များ၊ အမူအကျင့်များလည်း ပြောင်းလဲသွားနိုင်သည်မှာ မလွဲမသွေပင်ဖြစ်သည်။ ကျနော်တို့သည် တစုံတယောက်၏ တစုံတရာသော အတွေ့အကြုံ၊အဖြစ်အပျက်ကို ကိုယ်တိုင်မကြုံဘူး၊ မခံစားခဲ့ရဘူးသော် အလွယ်တကူ အံ့အားသင့်တတ်ကြသည်။ အလွယ်တကူ ပြက်ရယ်ပြုတတ်ကြသည်။ အလွယ်တကူ ဝေဖန်အပြစ်တင်တတ်ကြပေသည်။ ထိုသူ၏ အဖြစ်အပျက်အား နားလည်ခံစားပေးဖို့ ဝန်လေးတတ်ကြသည်။ ဖေးမကူညီဖို့ ငြင်းဆန်တတ်ကြပေသည်။
ငယ်စဉ်ကတည်းက စွဲဝင်ကပ်ငြိခဲ့သော အတွေးအခေါ်များ၊ အမူအကျင့်များသည် အသက်ကြီးလာ၍ ဆင်ခြင်တုံတရားရှိလာသောအခါ၌ပင် ရုတ်တရက် ပြုပြင်ပြောင်းလဲယူဖို့ ခဲယဉ်းတတ်ပေသည်။ ဆောင့်ကြောင့်ထိုင်ရသော ကြွေခွက်အိမ်သာများတွင် တသက်လုံး အသားကျလာခဲ့သူအဖို့ ဘိုထိုင်အိမ်သာနှင့် ရုတ်တရက် အထာမကျသကဲ့သို့ပင်တည်း။
သို့သော်…. အတွေးအခေါ် အမူအကျင့်များသည် ကျနော်တို့၏ နေ့စဉ် ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ၊ ပြုလုပ်ချက်များ၊ စွမ်းဆောင်ချက်များအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်လျက်ရှိသည်။ တနည်းပြောရလျှင် ကျနော်တို့၏ ဘဝကို အချိန်နှင့်အမျှ ထုဆစ်လျက်ရှိသည်။ ထိုမျှမက ကျနော်တို့နှင့် ထိစပ်နေသူများ၊ ဆွေမျိုးမိတ်ဆွေများနှင့် လူ့အသိုင်းအဝိုင်းတခုလုံးကို ထုဆစ်ပုံသွင်းလျက်ရှိပေသည်။
ပထမတော့ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုက မိမိ၏ ဘဝနှင့်အတွေးအမြင်အပေါ် တစုံတရာသော အတိုင်းအတာတခုအထိ သက်ရောက်သည်။ နောက်တော့ မိမိ၏ အတွေးအမြင်နှင့်အပြုအမူက ပတ်ဝန်းကျင်အပေါ် အတိုင်းအတာတခုအထိ တုန့်ပြန် သက်ရောက်လေတော့သည်။
ကျနော်တို့သည် ဘာမှ မလုပ်ဘဲ ထိုင်နေသည် ဆိုဦးတော့။ ထိုသို့ ဘာမှ မလုပ်ဘဲ ထိုင်နေမှုသည် ပတ်ဝန်းကျင်အပေါ်တွင် အကျိုးသက်ရောက်မှု (ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ) တစုံတရာ ဖြစ်နေစေသေးသည်။ တစုံတရာကို ပြုမူလုပ်ဆောင်ခဲ့လျှင်ကား ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုသည် ပိုမိုထင်ရှားလာလေသည်။
လူ့လောကထဲ၌ နေထိုင်ကြသော ကျနော်တို့သည် မိမိတို့၏ ပြုမူဆောင်ရွက်ချက်များကို ပရမ်းပတာ အကျိုးသက်ရောက်မှုဖြစ်စေရန် မလိုလားကြ။ ပုံမှန်စိတ်ရှိသူ လူတို့သည် မိမိ၏ ပြုမူဆောင်ရွက်ချက်ကြောင့် မိမိကိုယ်တိုင်အပေါ်တွင် ကောင်းကျိုးသက်ရောက်ခြင်းကိုသာ လိုလားကြသည်။ မိမိအပေါ်တွင် ကောင်းကျိုးသက်ရောက်သော်လည်း မိမိနှင့်ဘဝတူလူသားအချင်းချင်းပေါ်တွင် ဆိုးကျိုးသက်ရောက်စေပြန်ပါက ထိုလုပ်ရပ်သည် ကောင်းသည်ဟု မဆိုသာ။ တရားမျှတသည်ဟုလည်း မပြောနိုင်။
ထို့ကြောင့် ပုံမှန်စိတ်ရှိယုံမက သူတပါးအပေါ်တွင် ကိုယ်ချင်းစာစိတ်ရှိသူတို့နှင့် အရှည်သဖြင့် တွေးတောတတ်သူတို့သည် လူသားတဦးတယောက်အပေါ်၊ ပတ်ဝန်းကျင်အပေါ်၊ လူ့အဖွဲ့အစည်းအပေါ်တွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်မည့် အပြုအမူမျိုး၊ လုပ်ဆောင်မှုမျိုးကို ရှောင်ရှားရန်လည်း သတိမူလာတတ်ကြသည်။
ပတ်ဝန်းကျင်သည် လူသားတယောက်အပေါ် တစုံတရာသောအတိုင်းအတာအထိ လွှမ်းမိုးနိုင်သည်ဆိုလျှင် မိမိကောင်းကျိုးကို လိုလားသူတို့သည် ကောင်းမွန်သော ပတ်ဝန်းကျင်ကိုသာ တောင့်တအပ်ပေသည်။ တဖန် ကောင်းမွန်သောပတ်ဝန်းကျင်ဖြစ်ပေါ်လာရေးအတွက် မိမိကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ရန်လည်း တာဝန်ရှိလာသည်။ ထိုသို့တာဝန်ရှိသည့်အတိုင်း မှန်မှန်ကန်ကန် ပြုမူဆောင်ရွက်နိုင်ရန် မှန်ကန်သော အတွေးအခေါ်လည်း လိုအပ်လာသည်။
အတွေးကြောင်လျှင် အလုပ်ကြောင်သည်။ အတွေးမှားလျှင် အလုပ်မှားသည်။ အတွေးမှန်မှ အလုပ်မှန်သည်။
အရွယ်ရောက်သူ လူသားတိုင်းအဖို့ ရင့်ကျက်လာသော အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် မိမိ၏ အတွေးအမြင်တို့သည် မိမိကောင်းကျိုး ဆောင်မဆောင်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုး ဆောင်မဆောင်ကိုသော်လည်းကောင်း အစဉ်သဖြင့် သုံးသပ်မိရန် လိုသည်ဟု ထင်မြင်ယူဆမိပါတော့သည်။
10 comments:
ငယ်ငယ်ကဖတ်ခဲ့တဲ့ တို့ကျောင်းသား စာစီစာကုံးတွေကို သတိရမိတယ်။
ဒုတိယပိုဒ်ကလွဲရင် စာစီစာကုံးရေးတာလိုမျိုးပဲ...။ :)
sdl
အတွေးကြောင်လျှင် အလုပ်ကြောင်သည်။ အတွေးမှားလျှင် အလုပ်မှားသည်။ အတွေးမှန်မှ အလုပ်မှန်သည်။
Many writer had written about it.
BINO
ကိုပေါရေ..
ဆူးအကြီးနဲ့  ဆူးအသေးပဲကွာ ပါတယ်.. တခုတည်းသော စိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်တဲ့ သတိပဌာန်တရား တွေ အားမထုတ်သရွေ့  ဆူးအကြီးမဟုတ်ရင် ဆူးအသေးတွေ တချိန်လုံး ထွက်နေတာပါပဲ..
မရီတာပြောသလိုပါပဲ၊ ကိုပေါဘလောက်ကို စဖတ်မိလိုက်တာ ဘိုအောင်ဒင် ပို့စမှာပါ၊ ရေးဟန်ကိုကြိုက်လို့ အမြဲလာဖြစ်ပါတယ်၊ လင်းလက်မင်ဂလာဆောင်မှာ တွေ့တော့အသေအချာ လိုက်ကြည့်ထားသေးတာ၊ စင်ကာပူအကြောင်းရေးတာတွေမှာ များလွန်:၊ မကောင်းမြင်လွန်:တယ် ထင်ပေမယ့် ပေးလာတဲ့ မှတ်ချက်တွေကို သေချာပြန်ဖြေတာကို သဘောကျမိပြန်ပါတယ်၊ မှတ်မှတ်ရရ စမိတ်ဆက်တဲ့ comment မှာပဲ လူမှားပီး အကောခံရပါတယ်၊ အဲတုန်းကတွေးမိပါတယ် "နိုင်ငံရေးသမားဆိုတာ ရန်သူ တယ်ရှာတာပဲ၊ ကောင်းကောင်းပြောလဲ ရန်ပဲလိုနေတာပါလားလို့"။ ဆူးပေါက်သွာ:တာပေါ့နော်၊ ဒါကြောင့် လာဖတ်တယ်၊ ကောင်းရင် ကောင်းတယ်ပြောတယ်၊ မကြိုက်ရင်အမြင်မတူရင် ဘာမှ မပြောဘူး၊ ကိုမလုပ်နိုင်တဲ့ ကိစ္စတွေလုပ်နေသူအဖြစ်တော့လေးစားပါတယ်၊
ဟုတ်ပါတယ်ကိုပေါရေ။ ပတ်ဝန်းကျင်ကို ကြည့်ပဲ တော့ မပြစ်တင်လို့ တော့ မရဘူးပေါ့နော်။ အဓိကကတော့ ကိုယ်ကိုယ်တိုင်ပဲလို့ ထင်ပါတယ်ဗျာ။ ပတ်ဝန်းကျင်ကတော့ အနည်းနဲ့ အများတော့ လွှမ်းမိုး မှာပဲပေါ့။
porcupine ကျောမှာလည်း spine တွေနဲ့ပါ ကိုပေါရယ်။
=)
Ma Ritaရေ
ှSpike (= ဆူး) ဖြစ်မယ်ထင်ပါတယ်..
Spineက ကျောရိုးပါ..
မင်္ဂလာတရားတော်မှာ “လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမီဝဲနှင့်ကင်းအောင်နေ၊ ပညာရှိကိုအစဉ်တွဲလို့ မီဝဲဆည်းကပ်နည်းယူစေ” လို့ ဆိုတာကလည်း ဒီလွှမ်းမိုးမှုတွေရဲ့ သက်ရောက်မှုကိုသိလို့ ဘုရားရှင်ကဟောခဲ့တာဖြစ်မယ်။ အင်း..လူမိုက်ဆိုသူတွေကလည်း လူလိမ္မာတွေကို လူမိုက်တွေလို့ သတ်မှတ်ကြတာ။ လူလိမ္မာကလည်း လူမိုက်တွေကို လူမိုက်လို့ သတ်မှတ်ကြတာမျိုးလေ။ ကိုယ်သာအလိမ္မာဆုံးလို့ ကိုယ့်ဘာကိုယ်ယူဆကြတာလည်း စိတ်ချမ်းသာနည်းတစ်မျိုထင်ပါရဲ့ ။အခုပြောနေတာကတော့ လူမှုပတ်ဝန်းကျင်နယ်ပယ်လေးတင်ပါ။ ကိုပေါပြောတဲ့ပတ်ဝန်ကျင်ကတော့ ရုပ်၊ နာမ် အားလုံးပါတဲ့ပတ်ဝန်းကျင်ဖြစ်နိုင်ပါတယ်။ စိတ်နယ်ပယ်မှာက အရောင်ဆိုးခြင်းမခံရနိုင်လောက်အောင်တည်ငြိမ်နေသူတို့ အဖို့ ပတ်ဝန်းကျင်ကဒီလောက်မလွှမ်းမိုးနိုင်ပေမဲ့ ရုပ်ပတ်ဝန်းကျင်(ရာသီဥတု၊ ရေမြေ၊ သယံဇာတ) တွေကတော့ရှောင်လို့ မရတဲ့လွှမ်းမိုးမှုတွေရှိကြတယ်နော်။ အဲဒါတွေကိုတော့ တာဝန်သိစိတ်ရှိတဲ့(သာမာန်ထက်ပို၍) လူသားတွေကသာ ထိမ်းသိမ်းရကောင်းမှန်းသိကြတာပါ။ သက်ရောက်မှုကတော့ လူတိုင်းအပေါ်ကိုရောက်နိုင်တာမျိုးပေါ့။ စာစီစာကုံးရေးနည်းတွေမမေ့သေးပဲကိုး :)
:cool:
ခဏ ခဏရောက်ပြီးဖတ်ဖြစ်ပါတယ် ဒီတခါတော့ ဖတ်ရတာ အကြောင်းရာ သိပ်မဆန်း သလိုခံစားရတယ်(အတွေးအရေး ကို ဒီထက်ပိုမျှော်လင့်ခဲ့တာကိုး)...ပြီးတော့ အထက်က တစ်ယောက်ပြောသွားသလိုပဲ..စာစီစာကုံးနဲ့ ဆင်သလားလို့...
Post a Comment