အခုတလော ဂျူးရဲ့ စာပေဟောပြောပွဲ ဟောပြောချက်ကို ဟိုလူ ဒီလူတွေက အီးမေးလ်နဲ့ ပို့တာတွေ၊ ဘလော့ဂ်ပေါ်မှာ တင်ထားတာတွေကြောင့် အသစ်တကြိမ် ပြန်လည်ဖတ်ရှုရပါတယ်။
ဒီဟောပြောချက်ဟာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်နောက်ဆုံးနှစ် တက်နေကြတုန်းမှာ အော်ပီကျယ်၊ တင်မောင်သန်းတို့နဲ့အတူ ဂျူးလာရောက် ဟောပြောသွားတဲ့ ဟောပြောချက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ် လောက်က ဟောပြောချက်ပေါ့။ အဲဒီတုန်းက ဟောပြောသူသုံးယောက်စလုံးရဲ့ ဟောပြောချက်တွေကို ကျောင်းသားတွေ တဝေါဝေါ ပွဲကျပြီး လက်ခုပ်သံတဖြောင်းဖြောင်းနဲ့အတူ နားထောင်ခဲ့ကြရတာကို သတိရမိပါတယ်။
အခု အီးမေးလ်ကတဆင့် ထပ်မံဖြန့်ဝေနေတဲ့ ဂျူးဟောပြောချက် (အဆုံးမပါ။ တပိုင်းတစ ဟောပြောချက်မျှသာ)ကို ဖတ်ကြည့်လိုက်တဲ့အခါ တနေရာမှာ စာတွေ ကျကျန်နေခဲ့တာကို သတိပြုမိပါတယ်။
ဘယ်နေရာလဲဆိုတော့ ဂျူးက ၆-ကွက် ကာတွန်းလေး တခုအကြောင်းကို ပြန်ပြောပြတဲ့နေရာမှာပါ။ စာရိုက်တဲ့လူက ပဉ္စမမြောက် အကွက်အကြောင်း ဂျူးပြောသွားတာ ရိုက်ဖို့ ကျန်သွားခဲ့ပါတယ်။ နောက်ပြီး ဆဋ္ဌမအကွက်ကို ပဉ္စမအကွက်ဆိုပြီး မှားယွင်းဖော်ပြထားတာကိုလည်း တွေ့ရတယ်။ တကယ်တော့ ပဉ္စမအကွက်မပါရင် အဲဒီကာတွန်းဟာ အဓိပ္ပါယ်မပြည့်စုံတော့ပါဘူး။ ဖတ်တဲ့လူတွေလည်း ဘုမသိ ဘမသိနဲ့သာ ဖတ်လိုက်ကြရမယ်။ တကယ့်ကာတွန်းရဲ့ ဆိုလိုချက်ကိုတော့ နားလည်နိုင်ကြမယ် မထင်ဘူး။
အမှန်တော့ ဟောပြောချက်တွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေမှာ အခုလို စာတွေ ကျကျန်ခဲ့တာ၊ သတ်ပုံမှားယွင်းဖော်ပြတာတွေဟာ အင်မတန် အရုပ်ဆိုးပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာ ကျနော်ရေးခဲ့ဘူးတဲ့ ဝတ္ထုတိုလေးတပုဒ်ဆိုရင် စာစီတဲ့နေရာမှာ သတ်ပုံမှားယွင်းပြီး စာစီတဲ့အတွက် အဓိပ္ပါယ်ပျက်ယွင်းသွားခဲ့ရဘူးပါတယ်။ ဝတ္ထုထဲမှာ “တွေ့မိသည်တွင်” ဆိုတဲ့ စာသားကို “တွေးမိသည်တွင်” လို့ မဂ္ဂဇင်းက မှားယွင်းဖော်ပြတာပါ။ တစုံတခုကို မြင်တွေ့မိရာက အတိတ်ဇာတ်လမ်းကို နောက်ကြောင်းပြန်တွေးတောမိတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ရေးသားခဲ့တာပါ။ ဒါပေမယ့် သတ်ပုံမှားသွားတဲ့အတွက် တစုံတခုအကြောင်းတွေးတောနေရင်းက အတိတ်ဇာတ်လမ်းကို ဆက်စပ်တွေးတောမိသလို အဓိပ္ပါယ်တလွဲထွက်သွားပါတော့တယ်။ ကျနော်လည်း ကိုယ့်ဝတ္ထုလေးကို ပုံနှိပ်စာသားအနေနဲ့ မြင်ရလို့ ဝမ်းသာမိပေမယ့် တဖက်မှာလည်း တလွဲကြီးမြင်လိုက်ရတဲ့အတွက် တော်တော်လေး စိတ်ပျက်မိပါတယ်။
ဒီလိုလွဲမှားမှုဟာ အချို့နေရာတွေမှာ အရေးမကြီးလှပေမယ့်လည်း တတ်နိုင်သမျှ အမှားနည်းအောင် သတိထားရင်တော့ အကောင်းဆုံးပါ။ မိန့်ခွန်း(သို့မဟုတ်) သတင်းအချက်အလက်တွေကို ဖော်ပြရမှာ မှားယွင်းရိုက်နှိပ်မိခဲ့ရင် မျှော်လင့်မထားတဲ့ ပြဿနာတွေကိုတောင် ကြုံရတတ်ပါတယ်။ တစုံတယောက်ရဲ့ စာမူကို (သို့မဟုတ်) ဟောပြောချက်ကို စာသားအနေနဲ့ ပြန်လည် ရိုက်ကူးလိုသူများအနေနဲ့ အထူး သတိပြုဖွယ် အချက်တချက် ဖြစ်ပါတယ်။
အခုလည်း ဂျူးဟောပြောချက်ကို စာရိုက်ရာမှာ ကျကျန်ခဲ့တဲ့ နေရာအတွက် ကျနော်မှတ်မိသလောက် ဖြည့်စွက်ပြီး အောက်ပါအတိုင်း ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖြည့်စွက်ထားတဲ့နေရာကို အရောင်နဲ့ ပြထားပါတယ်။
“..... ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘ၀ကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊ ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ ကာတွန်းလေးတပုဒ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒီကာတွန်းလေးကို ရေးဆွဲတဲ့သူ ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။ ကျမက ဆရာအော်ပီကျယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။ ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ အခုချိန်ထိ နှစ်ပေါင်းများစွာ စွဲတင်ကျန်ရစ်ခဲ့ပါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း၊ အဲ့ဒီ ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆ ခုလောက်ပါတယ်။ အခု ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။
သူက ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး စန့်စန့်ကြီး အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့ အမျိုးသမီးလေးက တယောက်၊ သူက ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပူနေတဲ့ မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘေးနားမှာတော့ ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒီဆရာဝန်က လူနာကို နားကြပ်ကလေး နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ ပထမဦးဆုံးအကွက်။
ဒုတိယအကွက်ကတော့ အဲဒီဆရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့ မျက်လုံးတွေကို အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့ အူကြောင်ကြောင် မျက်လုံးမျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့ ခေါင်းပေါ်မှာလဲ ကွက်ရှင်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ ရှုပ်နေတဲ့ သပွတ်အူလို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့် သူတော်တော်ဦးဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တဲ့ပရိသတ် သိအောင် ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက ဒုတိယအကွက်။
နောက် တတိယအကွက်ရောက်တော့ ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက ကွက်ရှင်မတ်တွေ၊ သပွတ်အူတွေ မရှိတော့ပဲနဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။ ဖန်သီးလေးဘေးမှာ အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။
နောက် စတုတ္ထကွက်မှာရောက်တော့ ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတ်ပြီး လူနာရှင် အမျိုးသမီးဘက်ကို လှည့်ပြီးတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ၀မ်းနည်းပါတယ်၊ လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒီလို ပြောလိုက်ပါတယ်။ အဲ့ဒါက စတုတ္ထအကွက်ပေါ့။
နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောက ကြမ်းပြင်ပေါ်မှာ စန့်စန့်ကြီး အိပ်နေတဲ့ လူမမာဟာ ငေါက်ကနဲ ထထိုင်ပြီးတော့ ဆရာဝန်ကို ဒေါသတကြီး ပြစ်တင်ဆဲဆို ရန်တွေ့နေတဲ့ ပုံကို သရုပ်ဖော်ထားပါတယ်။ အဓိပ္ပါယ်က သူမသေသေးဘဲနဲ့ သေပြီ ပြောရသလားပေါ့။ (ရယ်သံများ)။
နောက်ဆုံးအကွက်မှာကျတော့ စောစောတုန်းက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာလေးနဲ့ သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ 'ရှင် ဆရာဝန်ထက် ပိုပြီးတော့ မသိချင်နဲ့' အဲ့ဒီလို ပြောလိုက်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ).....”

13 comments:
သြော်
ခုမှပဲ သဘောပေါက်သွားတော့တယ်
ညီမဖတ်တုန်းက ဆက်စပ်လို့ မရဘူးဖြစ်သွားတယ် ..း)
ကျေးဇူးတင်ပါတယ်
ဘာပဲဖြစ်ဖြစ် စေတနာနဲ့ စာရိုက်တင်ပေးသူတွေကိုလည်း ကျေးဇူးတင်မိပါတယ် ..း))
ကိုပေါ ခုမှ ဇာတ်ရေ လည်တော့တယ် ကျေးဇူး ဖော်ဝေါ့တွေကတော့ ရတာမနဲဘူးး) ဒီလိုလူတွေလဲ တဖြည်းဖြည်းများလာပြီ
လေးစားလျက်
တောင်ပေါ်သား
အမှားကိုမှန်စေချင်တဲ့စေတနာကို ကျေးဇူးတင်ပါတယ် ကိုပေါရေ။
သဇင်တို့လည်း ဖတ်ဖတ်ချင်း ဇာတ်ရေမလည်ဘူးဖြစ်သွားတာ။
ဆရာမောင်စိန်ရေးတဲ့ ကာတွန်းပါ။း)
Thanks for your correction.
BINO
ကျေးဇူးပဲ ကိုပေါရေ ..
ကျမလဲ ဖတ်တုန်းက ဘယ်လိုပါလိမ့် တခုခုတော့ တခုခုပဲ ကိုယ်ကပဲ တော်တော်ညံ့လို့ သဘောမပေါက်တာလားလို့ ထင်နေတာ။
ကျမကတော့ ဖော်ဝေါ့မေးလ်မှာ ဖတ်တာမဟုတ်ဘူး မာယာ အင်တာနက်မဂ္ဂဇင်းမှာ ဖတ်ရတာပါ။
ပြင်ဆင်ဖြည့်စွက်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်။
ဟုတ်တယ်ဗျို့။ အခုမှ ရှင်းသွားတော့တယ်။ ကျေးဇူးပဲ ကိုပေါရေ။
I started my first year BE course at MIT (Mandalay) in Nov 1995. Then we transferred to YIT at the end of Dec 1995. My first day at YIT (Yangon)was 1-1-1996 and This speaking was surely between 1-1-1996 and 28-3-1996, my first year term. I went back to my home town on 28-3-1996. I noted this date in my 1996 diary but unfortunately my dairy is at my native home. (The 75th year University memorial building (diamond building) was opened on 7-12-1996 8am and around 10-12-1996 , we all went back to our home for 3 years holiday)
Thanks.
It is very different from what I have read before.
At first I dont understand it much.
ကာတွန်းကို မကြည့်ရသေးပေမဲ့ ကိုပေါရေးတာနဲ့ ရယ်သွားပါတယ်။ ပေဖူးလွှာထဲမှာ ဆရာမောင်စိန်ရေးတဲ့ လူကြီးခန်းဆိုတဲ့ ကာတွန်းလေးတွေ သိပ်ကြိုက်ခဲ့ဘူးပါတယ်။
ကျနော့်တုန်းက ဖတ်နေရင်... အဲဒီနေရာကြီးက တခုခုဟာ နေသလိုဖြစ်နေလို့
ကိုယ့်ဘာသာကိုယ် ပဉ္စမမြောက် အကွက် ကို
လူနာက... မျက်နှာငယ်လေး နဲ့...
"သေချာရဲ့လား ဆရာရယ်... " ဆိုပြီး ပြန်မေးပါတယ်
လို့ ဖြည့်ပြီး သာဆက်ဖတ်လိုက်တော့ တယ်..
တကယ်က လူနာက ပြန်အော် တာကိုး..... ... ဟီး...
နားမလည်လို.ပြန်ဖတ်တော.လည်း အူလယ်လယ်ဖြစ်သွားတာ ခုမှဘဲရှင်းတော.တယ်...thks
ကျေးဇူးဗျာ။
အဲဒီလိုနေတဲ့ ကာတွန်းကွက်ကို ကျနော်လည်း နည်းနည်းတော့ရိပ်မိပါတယ်။ လှဲနေတဲ့လူနာက တခုခု လုပ်လိုက်လို့ ဒါမှမဟုတ် အသံပေးလိုက်လို့ သူ့မိန်းမက ဟောက်လိုက်တာ ဖြစ်ရမယ်လို့။ အခုလို အတိအကျသိရတာ ပိုသေချာသွားတာပေါ့။
Post a Comment