“သစ္စာသည်သာ အလှတရား”

Share |
ကဗျာဆရာ ဒေါင်းနွယ်ဆွေ မကွယ်လွန်ခင် ဆေးရုံပေါ်မှာနောက်ဆုံးရေးစပ်သွားတဲ့ ကဗျာလေးတပုဒ်ကို အဲဒီခေတ်အခါက လစဉ်ထုတ် မြန်မာမဂ္ဂဇင်းတိုင်းလိုလိုမှာ ဖော်ပြကြတယ်။ ကဗျာက….

ငါသေတဲ့အခါ
ဘာအမွေများ ထားခဲ့ရပ
အို…လောကတ၀ှမ်းလုံး
အချောအလှအဆန်းဆုံး
သဘောဓမ္မလွှမ်းဖုံး
မနောမယပန်းကုံးတွေကို
တေးဖွဲ့ကာ ကဗျာတွေသီလို့
အသည်းလွှာမြေမဟီဝယ်
အုတ်ဂူလုပ်ကာ မြှုတ်ခဲ့မည်ပ…..တဲ့။

(နှစ်တွေလည်းကြာခဲ့ပြီမို့ ကျနော်အမှတ်လွဲပြီး မူရင်းနဲ့ ကွဲပြားနိုင်ပါတယ်။)

အဲဒီခေတ်က ရှုမ၀မဂ္ဂဇင်းမှာ... ဒေါင်းနွယ်ဆွေ အပါအ၀င် ကဗျာဆရာတော်တော်များများရဲ့ ကဗျာတွေကို သရုပ်ဖော်ပေးတာက ဗဂျီအောင်စိုး။ သူ့ပန်းချီတွေက မော်ဒန်အတ် ခေါ်မယ်ထင်ပါရဲ့။ အဲသည်တုန်းက ကျနော်ဟာ ကလေးသာသာအရွယ်ဆိုတော့ သူ့ပန်းချီတွေကို ကောင်းကောင်းနားမလည်။ (အဲ…အခုလည်း သိပ်နားမလည်လှပါ)။ သူ့ပန်းချီပုံမှာ လက်မှတ်ထိုးရင် အ၀ိုင်းလေးတခုမှာ ဘေးက အ၀ိုင်းသေးသေးလေးတွေ ၀န်းရံပြီး “သစ္စာသည်သာ အလှတရား” ဆိုတဲ့ သူ့လက်ရေး စာကြောင်းလေးကလည်း အမြဲပါတယ်။ ကျနော်က သူ့ပန်းချီတွေကိုသာ နားမလည်တာ။ အဲသည် စာကြောင်းလေးက မြင်ပါများတော့ ခေါင်းထဲစွဲနေတယ်။ အဲဒီတုန်းကတော့ ဒါဟာ ဗဂျီအောင်စိုးရဲ့ ထွင်လုံးသက်သက်၊ သူ့ဖီလော်ဆော်ဖီဘဲလို့ ယူဆခဲ့တာက လွဲလို့ သိပ်ပြီး လေးလေးနက်နက် မတွေးခဲ့ပါဘူး။

ဒါပေမယ့်…အခုအချိန်မှာတော့ သစ္စာသည်သာ အလှတရားဆိုတာကို လက်ခံလာတယ်။ သစ္စာတရားဆိုလို့ သစ္စာလေးပါး မြတ်တရားလောက်အထိကို တွေးမနေပါနဲ့ဦး။ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ သစ္စာတရား၊ အမှန်တရားတွေကို ကျနော်တို့အားလုံး ဘယ်လောက်အထိ လက်ခံနိုင်သလဲ။ တကယ်တော့ လူ့ဘ၀မှာ လူတွေက အမှန်တရားကို မျက်ကွယ်ပြုဘို့ ကြိုးစားနေကြလို့သာ။ တကယ့်တကယ် အမှန်တရားကို ရှင်းရှင်းလင်းလင်း လက်ခံနိုင်ကြမယ် ဆိုရင် ရှုပ်နေတာတွေ ရှင်းသွားမယ်။ ကောက်ကွေ့နေတာတွေ ဖြောင့်ဖြူးသွားမယ်။

အမဲကို မြင်ပါလျက် အဖြူပါလို့ ပြောနေရတာဟာ စိတ်ပင်ပန်းစရာကောင်းလှပါတယ်။ မဲရင် မဲတယ်။ ဖြူရင်ဖြူတယ်ပေါ့။ တခါတလေကျတော့လည်း သတ္တိကြောင်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ လောဘဇောတိုက်လို့ အတ္တထူပိန်းလွန်းသွားတဲ့အခါမှာဖြစ်ဖြစ် အဖြူအမဲ သဲကွဲနေပါလျက်နဲ့ အဖြူအမဲမသဲကွဲတဲ့ (Grey Area)တွေ လို့ ရောချနေကြတဲ့ အဖြစ်တွေလည်းရှိတယ်။ မာယာတွေ တပုံတပင်နဲ့ ချီတက်ကြရင်း တခါတလေမှာ ကိုယ့်မာယာတောမှာ ကိုယ် မျက်စိလည်နေကြရတာတွေလည်း ရှိတယ်။

တကယ်ကျတော့ မသိနားမလည်မှု (Ignorance) ကြောင့် အမှားအမှန်မခွဲခြားတတ်တာက ပြုပြင်ဘို့ သိပ်မခက်ဘူးလို့ ကျနော် ယူဆပါတယ်။ မသိတဲ့လူက သူသိသွားတဲ့တချိန်မှာ ပြုပြင်ရအရမ်းလွယ်တယ်။

ဟော… အမှားအမှန်ကို သိသိကြီးနဲ့ တမင်သက်သက် ရူးချင်ယောင်ဆောင်တာမျိုးကတော့ ပြောရဆိုရ အရမ်းကို ခက်တယ်။ အဲဒါကြောင့်လည်း ဗမာဆိုရိုးစကားမှာ “အိပ်ချင်ယောင် ဆောင်တဲ့သူကို အနှိုးရခက်တတ်တယ်”လို့ ဆိုကြတာပေါ့။ ကနေ့ခေတ် မြန်မာ့နိုင်ငံရေး ပြဿနာမှာလည်း အိပ်ချင်ယောင်ဆောင်တဲ့သူတွေ၊ ရူးချင်ယောင်ဆောင်တဲ့သူတွေ၊ နှာစေးနေတဲ့သူတွေ၊ အတင်းအဓမ္မ ဒိုင်လူကြီးလုပ်ချင်သူတွေ ဒုနဲ့ဒေး။ အဲဒီသူတွေကို သွားပြီးတော့များ တရားပြမယ်မကြံနဲ့။ ဘုန်းကြီးတစ္ဆေလိုဘဲ။ ကျမ်းကိုးကျမ်းကား တသီကြီးဆွဲထုတ်ပြီး ကိုယ့်ကိုတောင် တရားပြန်ဟောလိုက်ဦးမယ်။

နာမည်ကြီး အယ်ဒီတာ စာရေးဆရာတယောက် ကျနော်တို့ စက်မှုတက္ကသိုလ် စာပေဟောပြောပွဲမှာ လာပြီး ဟောပြောစဉ်က မာန်ပါပါနဲ့ စင်မြင့်ပေါ်က ရွတ်သွားတဲ့ ကဗျာထဲက စာသားတချို့ကို ယခုတိုင် ကျနော့်နားမှာ ကြားယောင်လျက်ရှိဆဲ။

“အမှန်တရားဆိုတာ
လှံနဲ့ထိုး လှံကျိုး
ဓါးနဲ့ထိုး ဓါးကျိုး
မသေတဲ့ အမျိုး”….တဲ့။

အင်း….အခုတော့ မည်သို့သော စွမ်းအားတရပ်က မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲ လိုက်လေသည်မသိ။ အဲသည်ဆရာကိုယ်တိုင်ပင်လျှင် ဖြောင့်တန်းနေသော အမှန်တရားကို ကွေးကောက်အောင် ပုံသွင်းဘို့ မချိမဆန့် ကြိုးစားနေပုံကို မြင်ရတာတော့ မြင်ရသူအဖို့ပါ စိတ်မသက်သာစရာ။

ဒါပေမယ့်လည်း သူဆိုခဲ့သလိုပင် အမှန်တရားဆိုတာ ထိုးနှက်ထုရိုက်လို့ ကောက်ကွေးသွား တတ်တာမျိုး မဟုတ်လေတော့ ထိုးနှက်ဘို့ ကြိုးစားသူများသာလျှင် ကြေမွပျက်သုဉ်းသွားရတဲ့ သာဓကတွေကို ကျနော်တို့မျက်မှောက်မှာပင် တပုံတပင်ကြီး တွေ့ခဲ့ကြရပြီ မဟုတ်ပါလား။

နောက်တခုက အမှန်တရားနဲ့အတူ အမြဲလိုလို ယှဉ်တွဲတွေ့ရလေ့ရှိတာက ရိုးဖြောင့်ခြင်း။

ရိုးသားတယ်၊ ဖြောင့်မတ်တယ်ဆိုတာ ဟန်ဆောင်မှုကင်းပြီး အရှိကိုအရှိအတိုင်း၊ ပကတိအတိုင်း မဖုံးကွယ်ဘဲ နေတာထိုင်တာ ပြုမူပြောဆိုတာလို့ ကျနော်နားလည်ပါတယ်။ ဘယ်လူ့အသိုင်းအ၀ိုင်းမှာမဆို ရိုးသားတာကို တန်ဘိုးထားကြပါတယ်။

အရှိကို အရှိအတိုင်း၊ ပကတိအတိုင်း မဖုံးမကွယ် နေထိုင်ပြုမူ ပြောဆိုတာဟာ မာယာကင်းတဲ့ သဘော။ လှည့်ဖြားခြင်း ကင်းတဲ့ သဘော…..လို့ ကျနော်ထင်တယ်။ အဲသည်လို သဘောသဘာဝရှိသူမှာ ရှိတဲ့ဂုဏ်ဟာ ရိုးဂုဏ်ပေါ့။

ကလေးတွေ ချစ်စရာကောင်းတဲ့အချက်တွေထဲမှာ မာယာပရိယာယ်ကင်းခြင်းလည်း တချက် ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ရွှေဥဒေါင်းရဲ့ “တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ” စာအုပ်ထဲမှာ လူကြီးလူကောင်းတွေနဲ့ ပတ်သက်လို့ “အမျိုးမြတ်ခြင်းအတွက် မာန်မတက်သော်လည်း ရိုးဖြောင့်ခြင်းအတွက် ဂုဏ်ယူတတ်တယ်” ဆိုတဲ့ စကားလေးကို ကျနော် အင်မတန် နှစ်သက်ပါတယ်။

လက်တွေ့မှာတော့ လူတွေဟာ အသက်ကြီးလာ၊ ပညာတတ်လာတာနဲ့အမျှ မာယာလည်း များလာတတ်ကြတယ်။ ကိုယ့်အကြံအစည် ကိုယ့်အတွေးအခေါ်တွေကို တင်ပြတဲ့နေရာမှာ မာယာတွေ သုံးလာတတ် ကြတယ်။ အမှန်တရားကနေ သွေဖီချင်တဲ့အခါ ကိုယ့်လုပ်ရပ်ကို လူမသိအောင် မာယာတွေ သုံးလာကြတယ်။ အဲသည်အခါမှာ စောစောက ပြောခဲ့တဲ့ “လောကတ၀ှမ်းလုံး၊ သဘောဓမ္မလွှမ်းဖုံး၊ မနောမယ ပန်းကုံးလေးတွေ”ကို ချောင်ထိုးလိုက်ပြီး မာယာမျက်နှာ ဖုံးစွပ်လို့ အမှန်တရားကို ထိုးနှက်တိုက်ခိုက်ဘို့ ကြိုးစားလာတော့တာပါဘဲ။

အမှန်တရားအတွက် တော်လှန်နေကြတဲ့ စစ်မြေပြင်မှာ အဲဒီမာယာစစ်သည်တွေရဲ့ စစ်ချီတေးသံတွေကြောင့် ရံဖန်ရံခါဆိုသလို အခိုက်အတန့် အခြေအနေ ရှုပ်ထွေးသွား တတ်တာတော့ ရှိပါတယ်။ နောက်ဆက်တွဲ အကျည်းတန်တဲ့ မြင်ကွင်းတွေလည်း အခိုက်အတန့် ဖြစ်ပေါ်လာကြတတ်ပါတယ်။ ဒါပေမယ့် အချိန်တန်တော့လည်း သမိုင်း စာမျက်နှာတွေမှာ အောင်ဆန်းလို ရိုးဖြောင့်တဲ့ သူတွေက ဘယ်လိုနေရာမှာ မှတ်တမ်းတင်ခံရ သလဲ။ မရိုးဖြောင့်တဲ့ မာယာစစ်သည်တွေက ဘယ်နေရာမှာ နေကြရသလဲ။ သူ့နေရာနဲ့သူ ထိုက်တန်သလို ကွဲပြားသွားကြပေမပေါ့။

လောလောဆယ်တော့ ကျနော်တို့တတွေဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို စုံနံ့သာမြိုင်ရှာပုံတော်ဖွင့်နေကြစဉ် တော်လှန်ရေးဆိုတဲ့ တောလမ်းခရီးစဉ်တလျှောက်မှာ သစ္စာတရားကို လက်ကိုင်ထားလို့ မာယာစစ်သည်တွေရဲ့ တောခြောက်သံကို နားမယောင်မိဘို့ သတိထားကြရပေဦးမယ်။

7 comments:

တန်ခူး said...

ကိုပေါရေ...အရမ်းတန်ဖိုးရှိတဲ့အတွေးလေးပါ...“အမျိုးမြတ်ခြင်းအတွက် မာန်မတက်သော်လည်း ရိုးဖြောင့်ခြင်းအတွက် ဂုဏ်ယူတတ်တယ်” ဆိုတာလေးကို ကျွန်မလဲအရမ်းနှစ်သက်မိပါတယ်။

Anonymous said...

"သစ္စာသည်သာ အလှတရား "တဲ့လား...ကိုပေါရေ။
တော်လှန်ရေး ခရီးကြမ်း....ဘဝခရီးလမ်း မှသည်...သံသရာခရီး ထိတိုင်အောင် သစ္စာပန်းကုန်းကတော့ အမွှေးပျံ့ဆုံး.... အလှဆုံး ဖြစ်နေမှာပါ။

ခင်မင်းဇော် said...

ကိုပေါ ..
အဲဒီ ဆရာက သင့်ဘ၀ တင်မောင်သန်းမဟုတ်လား..
ခုတော့လဲ သူကိုယ်တိုင်က ပုံပျက်ပန်းပျက် ဖြစ်နေပါပေါ့လေ...
အမှန်ပဲပေါ့ သစ္စာသည်သာ အလှတရားဆိုတာ....

မြင့်ဇေ said...

ဦးဒေါင်းနွယ်ဆွေ ကဗျာတွေက ကောင်းပါတယ်။ ဒါပေမယ့် ကျနော့် အဖေက အလံဖြူ။ သူက အလံနီ။ အဲဒီမှာတင် အမေနဲ့ ကွိုင် တက်တယ်။ သူက ကင်ဆာ ခံစားနေရချိန်မှာ ရေးတာက သူ့ရဲ့ အကောင်းဆုံး ကဗျာတွေကို ကင်ဆာ ဝေဒနာ ခံစားရင်း ကွယ်လွန်ခါနီး ထိရေးခဲ့တာပါ။ အဲဒီအချိန်မှာ ကျနော့် အဖေက အစာအိမ်ရောဂါ ဖြစ်နေတာ။ သူက ကဗျာမရေးဖူး။ အော်နေတာပါ။ အဲဒီမှာတင် ကျနော့်အမေက ပြောတယ်။ ရှင်တို့ ဒေါင်းနွယ်ဆွေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောတယ်။ ရှင့်လို့ အော်မနေဘူး။ ကဗျာတွေရေးနေတာ၊ လို့ဆိုတော့ အဖေလည်း ငြိမ်ပါရောလား။
အမှန်ကတော့ အမေက တောသူ ရိုးရိုးရှင်းရှင်းလေ။

pandora said...

ပန်ဒိုရာလည်း ဆရာဒေါင်းနွယ်ဆွေ ဆေးရုံပေါ်မှာရေးခဲ့တဲ့ ကဗျာတပုဒ် သိမ်းထားတာ ရှိတယ်


အင်း.. အမှန်တရား နဲ့ ပတ်သက်လို့ကတော့ ကိုယ်ထင်တာ ကိုယ်မှန်တယ်လို့ တယူသန်နေကြတာလား။ ကိုယ့်ဘက်ကကြည့်ရင် ကိုယ်အမှန်လား..။

Anonymous said...

ဦးအောင်သင်း ကို ပြေတာလား မသိဘူးနော်။

ကိုပေါ said...

မောင်လမ်းသစ်ကွန်မင့်လေးကို ဖတ်ရတော့ ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းလေးကို သတိရသဗျာ။
“ချီးဘူးကတုံးကို သစ်စေးသုတ်ကာ ရွှေချ ဘုရားကိုလှူလိုက်မယ်...”တဲ့။ ဦးနှောက်ကောင်းလွန်းလို့လေ။း-)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs