“ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မလွယ်နဲ့”
“ရှေးထုံးပယ်က လွဲတတ်သည်။ ဈေးသုံးလွယ်က မွဲတတ်သည်”
----------------------------------------------------(ကျည်းကန်ရှင်ကြီးမေတ္တာစာမှ)
အဲဒါက ရှေးတုန်းက ဗမာအယူအဆပေါ့။ အခုတော့ အစစ အရာရာ ရှေးထုံးကိုလိုက်နေရင် ရှေးရိုးစွဲ ဗမာအဖိုးကြီးလို့ လူငယ်တွေက ကွယ်ရာမှာ အတင်းအုပ်တာ ခံရနင်းကီး ရှိလယ်။
အလားတူပါဘဲ။ အရင်ကတော့ ဗမာတွေကို စုဘို့ဆောင်းဘို့ အားပေးတဲ့ စကားပုံတွေဆိုတာ တင်းကြမ်းပြည့်။ အပေါ်မှာ ဖော်ပြထားတဲ့ ကျည်းကန်ရှင်ကြီးမေတ္တာစာအပြင် “ချွေတာစုဆောင်း သူဌေးလောင်း”တို့၊ “လူမိုက်နဲ့ငွေ အတူမနေ”တို့ စသဖြင့် ငွေစုဘို့ အားပေးတဲ့ ဆိုရိုးတွေရှိတယ်။ (တင်းကြမ်းပြည့်လို့သာ အပေါ်မှာ ခပ်တည်တည်နဲ့ အုပ်ထည့်လိုက်တာ။ တကယ်စဉ်းစားတော့ ဆိုရိုးက နှစ်ခုဘဲ ထွက်လာတယ်...ဟီး။ ဘာဘဲဖြစ်ဖြစ် ပြန်မပြင်တော့ဘူး။ ငါ့စကားအတွက် နွားတကောင်ရလည်းမနည်းဘူး)။ ဒါပေမယ့် ငွေချည်းသက်သက် စုတာကိုတော့ စီးပွားရေးအမြင်နဲ့ ကြည့်ရင် မိုက်မဲရာကျသတဲ့။ ဘာကြောင့်လည်းဆိုတော့ ငွေတန်ဘိုးဟာ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် အချိန်နဲ့အမျှ တန်ဘိုးကျဆင်းနေတာမို့ ငွေချည်းသက်သက်စုတာထက်စာရင် တခြားရင်းနှီးမြုတ်နှံမှုလုပ်တာက ပိုပြီး အကျိုးရှိတယ်လို့ မြင်ကြတယ်။
ဒီလို ငွေစုခြင်း၊ သုံးဖြုန်းခြင်းတွေနဲ့ ပတ်သက်လို့ တဦးတယောက်ချင်းအနေအထား သုံးသပ်ရာကနေ လူမျိုးတမျိုးအနေနဲ့၊ တိုင်းပြည်တပြည်အနေနဲ့ခြုံငုံပြီး စဉ်းစားရင်ရော....ဘယ်လိုများ သုံးသပ်နိုင်ကြမလဲ။ စင်္ကာပူက စထရိတ်တိုင်းမ်းစ် သတင်းစာ ပေးစာကဏ္ဍက စာဖတ်သူတဦးရဲ့ စာကို ဆီလျော်အောင် ဘာသာပြန်ပြလိုက်တယ်။ မူရင်းကိုတော့ မဖော်ပြတော့ပါဘူး။ ကျနော်တလွဲကြီး ဘာသာပြန်ထားတာကို မြင်သွားရင် အလကားနေရင်း အထင် စမော သွားမှာစိုးလို့။
..............................................................................................................
ဂျပန်တွေ ပိုက်ဆံစုတယ်။ မဖြုန်းကြဘူး။ ဂျပန်ပြည်ရဲ့ ပြည်ပပို့ကုန်ဟာ သွင်းကုန်ထက် ပိုများတယ်။ ကုန်သွယ်ရေးရှင်းတမ်းမှာ ကြည့်ရင် နှစ်စဉ် ဒေါ်လာ ၁၀၀ ဘီလီယံကျော် ပိုငွေရှိတယ်။ သို့သော်လည်း…အဲ…တဲ့ပေါ့လေ။ ဂျပန်ရဲ့ စီးပွားရေးကို အားမကောင်းဘူးလို့ သတ်မှတ်ကြတယ်။ ပြိုကျလုနီးနီး စီးပွားရေးလို့ သမုတ်ကြတယ်။
ဟော…အမေရိကန်တွေကျတော့ သုံးတယ်၊ဖြုန်းတယ်။ လုံးလုံး မစုသလောက်ဘဲ။ အမေရိကန်ရဲ့ သွင်းကုန်က ပြည်ပပို့ကုန်ထက် အဆမတန်များတယ်။ နှစ်စဉ်ကုန်သွယ်ရေးရှင်းတမ်းမှာ ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် လိုငွေပြတယ်။ ဒါပေမယ့် အမေရိကန်စီးပွားရေးကို ခိုင်မာတောင့်တင်းတယ်လို့ ဆိုကြပြန်ရော ။ ပိုပြီး ခိုင်မာလာဦးမယ်လို့ လည်း ယုံကြည်ကြလိုက်သေးတယ်။
ဒီနေရာမှာ မေးစရာရှိတာက အမေရိကန်တွေ သုံးဘို့ဖြုန်းဘို့ငွေ ဘယ်ကများ ရပါလိမ့်…….ပေါ့။ ဂျပန်၊ တရုတ် နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေဆီက ချေးယူပါသတဲ့ခင်ဗျား။ တကယ်တမ်းပြောရရင် အမေရိကန်တွေ သုံးချင်တိုင်းသုံးဘို့ တခြားနိုင်ငံအားလုံးလိုလိုက ချွေတာစုဆောင်းနေကြတယ်။ ကမ္ဘာတလွှားနိုင်ငံတွေက သူတို့ စုငွေတွေကို အမေရိကန်ပြည်မှာဘဲ ဒေါ်လာဘ၀နဲ့ ရင်းနှီးမြှုတ်နှံထားကြတယ်လေ။
အိန္ဒိယ တနိုင်ငံတည်းက သူ့ရဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ဘီလီယံ ၅၀ ကျော်ကို အမေရိကန် အာမခံစာချုပ်တွေအဖြစ်နဲ့ ထားရှိတယ်။ အလားတူဘဲ တရုတ်ပြည်ကလည်း အားကျမခံ၊ ဒေါ်လာ ဘီလီယံ ၁၅၀ ကျော်ကို ယူအက်စ်အာမခံစာချုပ်တွေအနေနဲ့ ပစ်ထည့်ထားပြန်တယ်။ ဂျပန်ရဲ့ မြှုတ်နှံမှုဆိုရင်တော့ ပြောမနေနဲ့။ ထရီလီယံနဲ့ကို ချီပြီးရှိတယ်ဆိုကိုး။
ရလာဒ်က…..
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတလွှားကပိုင်ဆိုင်တဲ့ ငွေကြေး ဒေါ်လာ ၅ ထရီလီယံကို သူ၏လယ်ဝယ် အပိုင်လွှဲပြောင်းရယူထားတယ်။ ဒါကြောင့် ကမ္ဘာတလွှားကလူတွေ ခြစ်ခြုတ်ပြီး ငွေစုနေကြချိန်မှာ “မောင်ဘုရှ်(Mr. Bush)တို့တိုင်းသူပြည်သားတွေ”ကတော့ လွတ်လွတ်လပ်လပ် ကြီး သုံးဖြုန်းနေကြတယ်။ (ကျေးဇူးပြု၍ “မောင်ပွတ်တို့ တိုင်းသူပြည်သားတွေ” လို့ မှားယွင်း မဖတ်ရှုကြပါရန်)။
ဒီကနေ့အနေအထားမှာဆိုရင်….အမေရိကန်တွေရဲ့ ဖြုန်းတီးအားကောင်းနေဘို့အတွက် (တနည်းပြောရရင်) အမေရိကန်စီးပွားရေးကြီး ချောမွေ့စွာလည်ပတ်နေစေဘို့အတွက် ကျန်တဲ့တိုင်းပြည်တွေက လေးလတကြိမ်ဆိုသလို ဒေါ်လာ ၁၈၀ ဘီလီယံလောက်ကို ယူအက်စ်အေအရောကိ ပို့ပေးပြီး ချောဆီထည့်ပေးနေရတယ်။ တွက်ကြည့်ရင် ဒေါ်လာ ၂ ဘီလီယံလောက် နေ့စဉ် ယူအက်စ်ကို ပူဇော်ပသ နေရတယ်။
တရုတ်စီးပွားရေးပညာရှင်တယောက်က မေးတဲ့ မေးခွန်းလေးတခု အရမ်းသင်းတယ်။ အမေရိကန်က တရုတ်ပြည်တွင်းမှာ မြှုတ်နှံထားတာနဲ့ တရုတ်ပြည်က အမေရိကန်ပြည်တွင်းမှာ မြှုတ်နှံထားတာ၊ ဘယ်ဒင်းက ပိုများပါသလဲ….တဲ့။ အမေရိကန်ပြည်က မြှုတ်နှံမှုဟာ တရုတ်က မြှုတ်နှံထားတာရဲ့ ထက်ဝက်ခန့်ဘဲ ရှိပါသတဲ့ကွယ်။
အလားတူပါဘဲ။ အိန္ဒိယပြည်ဟာ ဒေါ်လာ ဘီလီယံ ၅၀ ကျော် အမေရိကန်ပြည်မှာ မြှုတ်နှံထားလေရဲ့။အဲဒီအချိန်မှာ အိန္ဒိယမှာထားရှိတဲ့ အမေရိကန်မြှုတ်နှံမှုကတော့ ဒေါ်လာဘီလီယံ ၂၀ အောက်မှာဘဲရှိတယ်။
အိန္ဒိယက အကြွယ်ဝဆုံးနဲ့ ထင်ရှားတဲ့ စက်မှုလုပ်ငန်းရှင် မစ္စတာ ဒီရူဟိုင်း အမ်ဘန်နီ (ကွယ်လွန်)က တခါက ပြောဘူးတယ်။ အိန္ဒိယအစိုးရဟာ အင်မတန် မိုက်မဲတယ်။ တိုင်းပြည်ပိုင် နိုင်ငံခြားငွေတွေကို အမေရိကန်ထံ အတိုးနှုန်း မည်ကာမတ္တလောက်နဲ့ ချချေးပေးပြီးတဲ့နောက် ကိုယ်ကကျတော့ အတိုးနှုန်းကြီးကြီးနဲ့ ပြန်လည် ချေးယူတဲ့အတွက် ကြောင့်ပါတဲ့။ (ထူးထွေတည့် အံ့ရာသော်)။
ဒါဆို ဘာကြောင့်များ တကမ္ဘာလုံးက ယူအက်စ်နောက်ကို ငွေတွေ လိုက်ပြီး ချေးပေးနေကြရသေးသလဲ…….။
ဝှက်ဖဲကတော့ အမေရိကန်တွေရဲ့ ဖြုန်းတီးအားပါဘဲ။……ဖြုန်းသမှ လုံးဝ မစုသလောက်ကို ဖြုန်းကြတယ်ဆိုဘဲ။ (ရုပ်ရှင်ကြည့်လိုက်၊ဒီအိတ်တီးကင်မရာများ၊ နားကြပ်များ ၀ယ်ယူလိုက်လုပ်နေသူ ဘလော့ဂါသူငယ်အား စောင်းမြောင်းရေးခြင်းမဟုတ်ပါဗျိုး)။ တကယ်တမ်းပြောရရင် အမေရိကန်တွေဟာ အကြွေးဝယ်ကဒ် (ခရက်ဒစ်ကဒ်)တွေကို သုံးပြီး အနာဂတ်မှာရမယ့် ၀င်ငွေကိုတောင် ကြိုတင်သုံးဖြုန်းကြသတဲ့။ အဲဒီလို အမေရိကန်တွေ ဖြုန်းအားကောင်းလာလေလေ အမေရိကန်ပြည်ထောင်စုကို (ကျန်တဲ့ တိုင်းပြည်တွေက) ထုတ်ကုန်တွေ တင်ပို့ဘို့ရာ ဆွဲဆောင်မှုအား ပိုကောင်းလာလေလေ ဖြစ်လာတော့တယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ် သွင်းကုန်ပမာဏဟာ ပို့ကုန်ထက် ပိုမိုများပြားနေတာဖြစ်တယ်။
ရလာဒ်ကတော့……
တကမ္ဘာလုံးဟာ သူတို့ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ပြည်ထောင်စုရဲ့ သုံးစွဲအားအပေါ်မှာ မှီခိုမှန်းမသိ မှီခိုလာရတယ်။ အမေရိကန်ဟာ သူ့လူမျိုးတွေရဲ့ ဖြုန်းတီးတတ်တဲ့ ဓလေ့ထုံးစံကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကျန်တဲ့တကမ္ဘာလုံးကို သူ့ရဲ့ဖြုန်းတီးအားပေါ်မှာ မှီခိုအသက်မွေးတတ်အောင် မသိမသာလေ့ကျင့်ပေးနေတယ်။ အဲဂလိုနဲ့ အဲဒီဖြုန်းတီးအားကို အသက်ဆက်နိုင်ဘို့ ယူအက်စ်မှာ ပိုက်ပိုက်တွေ လိုလာတဲ့အခါ တကမ္ဘာလုံးက အဲဒီ “လိုငွေ” ကို ထုတ်ချေးကြရလေသတည်းပေါ့လေ။
ဘာနဲ့ အလားသဏ္ဍာန်တူလဲဆိုတော့………ဈေးဆိုင်ပိုင်ရှင်တယောက်က ဖောက်သည်တယောက် သူ့ဆိုင်မှာ အမြဲဆက်လက် ဈေးဝယ်နေနိုင်ဘို့အတွက် အကြိမ်ကြိမ် ငွေထုတ်ချေးပေးနေရတဲ့ အဖြစ်နဲ့ တူတယ်။ သူ့ဖောက်သည်လာမ၀ယ်တော့ရင် သူ့အတွက် အလုပ်မဖြစ်တော့ဘူးမို့လား။ ဒါကြောင့် အဲသည်ဖောက်သည်ကိုဘဲ ထပ်ဖန်တလဲလဲ ငွေထုတ်ချေးနေရရှာတယ်။ ယူအက်စ်ကလည်း အဲသည်လို ကံကောင်းတဲ့ ဖောက်သည်မျိုးပေါ့။ အဲ…အဲ….ကျန်တဲ့ တကမ္ဘာလုံးကတော့ ကြံရာမရတဲ့ ဈေးဆိုင်ပိုင်ရှင်တပိုင်း ငွေချေးသူတပိုင်းနဲ့ တူနေတယ်။
ဒါထက် အမေရိကန်ကို အဲသည်လို ကြေးပံ့နေတဲ့ ဈေးဆိုင်ပိုင်ရှင်တပိုင်း ငွေချေးသူတပိုင်းဟာ ဘယ်သူဖြစ်မယ် ထင်သလဲ….။ တခြားဟုတ်ရိုးလား။ ဂျပန်နိုင်ငံဘဲပေါ့။ သူ့ရဲ့ စီးပွားရေးဟာ အားမကောင်းဘူးလို့ သတ်မှတ်ထားကြတဲ့ ဂျပန်နိုင်ငံပါ။ (အခုတော့ ဘဘလီတို့ စင်္ကာပူကတောင် ကျွန်ဝယ်ရာ အဆစ်ပါလိုက်သေး။ ကြားလိုက်တယ်မို့လား။ ယူအက်စ်မှာ ဒုက္ခရောက်နေတဲ့ ဘဏ်တွေကို ငွေတွေ အမြောက်အမြားထောက်ကူလိုက်တာ။ အခုတော့ “ပလုံ” သွားတော့မယ့်ကိန်းဆိုက်နေလေရဲ့။ သြော်...မှားလို့။ မှားလို့။ သူတို့က ရေတိုအတွက် မြှုတ်နှံတာ ဟုတ်ဘူးတဲ့။ ရေရှည်အတွက်ပါတဲ့။ ဘွာတေးနော်၊ ဘွာတေး။ Just honest mistake lah....)
ဂျပန်လူမျိုးတွေ ဒီလိုသာမသုံးမဖြုန်းနေကြမယ်ဆိုရင်ဖြင့် သူတို့ စီးပွားရေးလည်း ကြီးထွားမလာနိုင်ဘူးလို့ ခေတ်မီစီးပွားရေးပညာရှင်အများစုက ညည်းတွားကြပါတယ်။ ဂျပန်လူမျိုးတွေ သုံးလာဖြုန်းလာအောင် ဖိအားပေးတဲ့အနေနဲ့ ဂျပန်အစိုးရက စုငွေတွေအပေါ်မှာ ထားတဲ့ အတိုးနှုန်းတွေကို လျှော့ချပစ်လိုက်တယ်။ အလွန်အမင်းစုဆောင်းသူတွေကိုဆိုရင် တရားတောင်စွဲလိုက်သေးတယ်။ ဒါပေမယ့်လည်း ဂျပန်လူမျိုးတွေက ထူးပြီးတော့ သုံးဖြုန်းမလာကြပါဘူး။ အကျင့်ဆိုတာ ဖျောက်နိုင်ခဲတယ်မဟုတ်လား။ အခွန်အတုတ်တွေ စည်းကြပ်မယ် ဆိုတောင်မှ အဲဒီအကျင့်က ပျောက်မယ်မထင်။ ဟုတ်တယ်ဟုတ်။ ဂျပန်လူမျိုးတို့ထုံးစံ စာတိုက်ကတဆင့် စုဆောင်းငွေ ချည်းသက်သက်ကြည့်ရင်တောင် ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ ရှိပါသတဲ့။ အိန္ဒိယရဲ့ ဂျီဒီပီထက် သုံးဆလောက် များတယ်။ အဲသလို စုဆောင်းမှုဟာ ဂျပန်နိုင်ငံအတွက် ခွန်အားဖြစ်လာရမယ့်အစား ဒဏ်ရာဒဏ်ချက် တခုသာ ဖြစ်လာတော့တယ်။
အဲဒီတော့….မောင်ညီမလေးတို့ရေ….. သင်ခန်းစာက ဘာတဲ့လဲ။
တခြားမဟုတ်….။ လူထုရဲ့ သုံးအားဖြုန်းအားမရှိဘဲ တိုင်းပြည်တပြည်ဟာ မကြီးထွားမဖွံ့ဖြိုးနိုင်ဘူးဆိုတဲ့ သင်ခန်းစာဘဲကွဲ့။ ရိုးရိုးသုံးရုံဖြုန်းရုံနဲ့ မရသေးဘူးနော်။ ချေးငှားပြီးတော့ကို သုံးရဖြုန်းရမတဲ့။
အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ အိန္ဒိယပြည်ဖွား နာမည်ကျော် စီးပွားရေးပညာရှင် ဒေါက်တာ ဂျာဒစ်ရှ် ဘာဝါတီက အိန္ဒိယပြည်ဝန်ကြီးချုပ် မန်မိုဟာဆင်း ကို ပြောတယ်။ အိန္ဒိယလူမျိုးတွေဟာ အလဟဿပြုန်းတီးစွာ စုဆောင်းနေကြသတဲ့(Wastefully save)။ သူတို့ကို ပြည်ပက တင်သွင်းလာတဲ့ နိုင်ငံခြားဖြစ်ကားတွေ၊ အလှကုန်တွေ များများဝယ်သုံးခိုင်းပါ။ အဲဒါဆိုရင် အိန္ဒိယပြည်ကို ကြီးထွားမှုလမ်းကြောင်းပေါ်ကို ပြန်လည်ပို့ဆောင်ပေးနိုင်ပါလိမ့်မယ် တဲ့။ နောက်ပြီးတော့ အဲသလို သုံးစွဲမှုအားကို မြင်တွေ့ရခြင်းသည်ပင်လျှင် နိုင်ငံခြားကုမ္ပဏီ တွေကို အိန္ဒိယမှာ လာရောက်မြှုတ်နှံချင်အောင် ဆွဲဆောင်နိုင်တဲ့ အချက်တချက်ဖြစ်တယ်လို့လည်း သူက ဆိုတယ်။
ကဲကဲ….အခုပြောပြခဲ့တဲ့ ခေတ်သစ်စီးပွားရေးပညာရပ်ကို ခရေစေ့တွင်းကျ မလေ့လာ အားသေးဘူး ဆိုရင်တောင် လောလောဆယ် ပိုက်ဆံစုနေတဲ့ လူတချို့ဆီက အရင် ငွေချေးပြီး သုံးဖြစ်အောင်တော့ သုံးလိုက်ဦးဗျို့။

11 comments:
That is how oil rich ME countries, China, Japan and Spore can have leverage on a big nation like US.
One has to be nice to the banker.
ကိုပေါ,
အနော်တို့ လဲ ချေးငှားပြီးတော့ကို သုံးဖြုန်း ချင်ပါတယ်။ မြန်မာထုံး နှလုံး မူပြီး နှစ်သစ် အတွက် ဆင် သက်စေ. ကုသိုလ် ပြုချင်လိုက် တာ။
ကိုပေါ
share တဲ့ အတွက် ရော ၊ ဘာသာပြန် အတွက် ရော ကျေးဇူး ပါ ။ ကျွန်တော် တို့ လည်း ချေး ငှား တဲ့ အကျင့် လေး တွေ ၊ ဖြုန်းတီး တဲ့ အကျင့် လေး တွေ စတဲ့ အနေ နဲ့ ကို ပေါ ဆီ က ပဲ ငွေ စ ချေး မလား လို့ ။
အထက်ပါ လီယိုနာဒိုပေါ၏ သုံးကြမယ် ဖြုန်းကြမယ် ပို့စ်ကို ဖတ်ပြီး သကာလ အကျွန်ပ် မောင်ဘွိုင်ဇ်းမှာ အမိ မြန်မာနိုင်ငံတော်ကြီး စီးပွားရေးအရ ကမ်ဘာ့တစ်လွှား ရင်ဘောင်တန်းနိုင်ရေး အလို့ငှာ ကျည်းကန်ရှင်ဆရာတော် ဘုရားကြီး၏ မေတာစာကို မျက်ကွယ်ပြုလျက် ရှိသမျှ စုဆောင်းငွေ (ဒေါ်လာ ၂၀ နှင့် ၄၇ ဆင့်တိတိ)များ အပြင် နောင်အနာဂါတ် ကာလာတွင် ၀င်လာဖွယ်ရှိသည့် ၀င်ငွေများကို ဗုံးပေါလအော သုံးစွဲတော့မည်ဖြစ်ကြောင်း၊ ယင်းအပြင် လိုသလောက် သုံးစွဲနိုင်ရန်အတွက် ရှိရှိသမျှ ဘဏ်တွင် ခရဒ်ဒစ်ကဒ်များ စတင် လျှောက်ထားနြေီ့ ဖြစ်ကြောင်း အသိပေးအပ်ပါသည်...။
အပေါ်က စတွေက နောက်နေတာ...။ အခုက အတည်ပြောတာ...။ အခုလို စိတ်ဝင်စားဖွယ် ဗဟုသုရဖွယ် စာကောင်းတွေကို ဘာသာပြန်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။
ထပ်မံပြီးတော့လည်း ကောင်းနိုးရာရာလေးတွေ ပြန်ပေးပါဦးလို့...။
ဗဟုသုတရပါတယ်ဗျာ.. ဂလိုဆိုတော့လည်း.. ဖြုန်းဖို့အားယူလိုက်အုံးမယ်.. ဟဲဟဲ...
ဒါနဲ့..
ကွင်းစကွင်းပိတ်ထဲကစာကိုဖတ်မိတော့၊ တိုက်ပဲတိုက်ဆိုင်လွန်းတယ်လို့ ခံစားရတယ်၊ ကျနော်လည်းဒီရက်ပိုင်းမှ နားကြပ်ဝယ်ဖြစ်တယ်ဗျ၊ အို၊ တိုက်ပဲတိုက်ဆိုင်လွန်းတော့တယ်။
totally agree with you!!! Thinking of somebody to borrow money.... ha ha ha...
ကိုပေါ ရေ
တွေးစရာလေး တစ်ခုရလိုက်တယ်။ကျေးဇူးဗျို့။
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ...။
so saving is good or bad? u said ppl r feeling the pinch of cpf saving system in sg (kthwe blog)... can u talk abt it more?
ဆီပုံးမရှိတော့ ဘယ်နား ရေလာလောင်းရမှာလဲ ဂျ..
ရဘူး မဒမ်ပေါကိုပါ ဆွဲထုတ်ပြီး ဒီပို့စ်အောက်မှာပဲ ရေသေနတ်နဲ့ ပစ်သွားတယ် ဒက်ဒက်ဒက်ဒက်..
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျို့
Post a Comment