ပူလာအူဘင်ကျွန်းကအပြန် ချန်ဂီကမ်းခြေကို ရောက်တော့ တိမ်တိုက်တွေနောက်က ဖြတ်သန်းပြီး ၀င်လုဆဲဆဲ နေလုံးကြီးကို အခုလို မြင်တွေ့ရတယ်။
နေမင်းကြီးကတော့ ညရောက်လို့ ကမ္ဘာ့ဟိုဘက်ခြမ်းကို ပုန်းရှောင်သွားလည်း နောက်တနေ့ အရုဏ်တက်ပြီဆိုတာနဲ့ အရှေ့ဆီကနေ ကမ္ဘာမြေသည်ဘက်ခြမ်းကို ရွှေရည်တွေလွှမ်းလို့ အလင်းတန်းတွေ ပြန်လည် ဖြန့်ကျက်ပေးဦးတော့မှာပေါ့။
ဟောဒီကမ္ဘာကြီးမှာ သစ်ပင်တွေ၊ သက်ရှိတွေ ရှင်သန်နေနိုင်တာ နေမင်းကြီးရဲ့ ကျေးဇူးလည်း မကင်းဘူးတဲ့။ နေရဲ့ အလင်းရောင်ကနေတဆင့် ရှင်သန်ခြင်းတွေကို ရတယ်ဆိုရင် မမှားဘူးပေါ့။ နောင်လာမယ့် ကျနော်တို့ရဲ့ လူသားမျိုးဆက် ပေါင်းများစွာအထိတော့ ဒီအတိုင်းဘဲ မပြောင်းမလဲ ဆက်လက် ဖြစ်တည်သွားမယ်ထင်ရဲ့။
ဒါပေမယ့် ဒီနေမင်းကြီးဟာ ဘယ်တော့မှ မပျောက်ကွယ်ဘဲ ထာဝရ တည်ရှိသွားမှာတော့ မဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုကြတယ်။ နောင် နှစ်သန်းပေါင်း ထောင်ပေါင်းများစွာ ကြာလို့ သူ့ဆီက လောင်ကျွမ်းစရာ လောင်စာတွေ ကုန်ခန်းသွားတဲ့တနေ့မှာ သူ့ရဲ့ ဆွဲငင်အား တစတစ လျော့ပါးသွားတဲ့အချိန် သူ့အလုံးအ၀န်းက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး ဟောဒီကမ္ဘာအပါအ၀င် သူ့ကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တွေကို လောင်ကျွမ်းရစ်ခြုံသွားလိမ့်မတဲ့။ အဲဒီအချိန်ကျရင်တော့ သက်ရှိတွေ၊ သစ်ပင်တွေဆိုတာ လည်း မရှင်သန်နိုင်ကြတော့ဘူးပေါ့။
အခုတော့.... မကြာခင် နေ၀င်တော့မယ်။
ညရောက်တဲ့အခါ မဟူရာကောင်းကင်မှာ နေမင်းရဲ့ အလင်းရောင်ကို ရောင်ပြန်ဟပ်ပေး မယ့် လမင်းကြီးရယ်၊ အရောင်တောက်ပတဲ့ ဂြိုလ်တွေရယ်၊ ဟိုးအဝေးမှာ ပေါက်ကွဲနေတဲ့ ကြယ်တွေရယ်ကို တိမ်တိုက်တွေကြားက မြင်တွေ့ရဦးမယ်။
အသက်ရှင်သန်နေသရွေ့တော့ ဆည်းဆာကိုလည်း ငေးမောနိုင်မယ်။ လရောင်ကိုလည်း တိမ်းမူးနိုင်မယ်။ အရုဏ်ကိုလည်း မျှော်လင့်နိုင်ဦးမယ်။
နေမင်းကြီးနဲ့အတူ နေ့နဲ့ ညဟာ လိုက်တမ်းပြေးတမ်း ကစားရင်း ကမ္ဘာပေါ်က ရှင်သန်နေတဲ့ ဘ၀တွေကို နရီစည်းကျ ပိုင်းခြား ပေးနေတော့တယ်။

6 comments:
ဆည်းဆာမှာ တိမ်တွေတောက်တော့ ရွှေရောင်တွေရော ခွက်ထဲမှောက်ကျခဲ့သေးလား...ကပေါ :)))))))
LM
နှစ်သစ်မှာ ကိုပေါ-မဒမ်ပေါ မိသားစုလေး ပျော်ရွှင်ပါစေလို့
ဆည်းဆာပုံလေးကလှတယ်...နေဝန်းနဲ့အတူက ရင်ထဲတမျိုးပဲ...ငိုချင်သလိုလို...
နေဝင်...ပြီး နေထွက်
ဒါ တရက်လို့ ဆိုရင်....
မွေးဖွား...ပြီး နှုတ်ဆက်
ဒါ တသက် လို့ဆိုမလား...
ပလောအူဘင် ဒီလောက်သွားနေတာ ဘာရှိလို့လဲဟ
That's exactly what's going on economically in the world. I enjoyed so much reading your articles. Pls keep writing.
Post a Comment