အင်း... ဘာလိုလိုနဲ့ စင်္ကာပူကို ရောက်တာ ဆယ်နှစ်ပြည့်တော့မယ်။
ပီအာရ်မကျခင် အီးပီဘ၀က အတူနေခွင့်ရဘို့အတွက် မဒမ်ပေါက ကျောင်းတက်ရတယ်။ မဒမ်ပေါ ကျောင်းမပြီးခင်မှာတင် အလုပ်တဖက်နဲ့ ကျနော်ကလည်း NTU မှာ အချိန်ပိုင်းကျောင်းတက်တယ်။
အဲဒီတုန်းကဆိုရင် ကျနော်တို့အိမ်ဟာ စာအိမ်ကြီးပေါ့။ သူငယ်ချင်းတွေကလည်း အိမ်မှာအတူ စာလာလုပ်ကြ၊ တွက်ကြ၊ အဆိုင်းမင့် လုပ်ကြပေါ့လေ။ စာမေးပွဲနီးပြီဆိုရင် စာမေးပွဲပူ ပူနေကြတဲ့ အပူအိမ်ကြီးပေါ့။
အဲသည်ထဲမှာမှ ကျနော်က အလုပ်တဖက်၊ ကျောင်းတဖက် ဆိုတော့ ပိုပူရတယ်။ ဒါကို မဒမ်ပေါက မကြည့်ရက်လို့ ပြောရှာပါတယ်။
“ကိုကို...ချစ်လေးကျောင်းပြီးလို့ အလုပ်ရပြီ၊ ပီအာရ်လည်း ကျပြီဆိုရင် ကိုကို တလှည့်နားဦး၊ ချစ်အလုပ်လုပ်မယ်”....တဲ့။
အဲသလိုနဲ့ မဒမ်ပေါကျောင်းပြီးသွားတော့ အဲဒီ စကားလေး ထပ်ကြားရဦးမလားဆိုပြီး နားစွင့်နေတာ မဒမ်ပေါကလည်း အလုပ်ရပြီး၊ ပီအာရ်ကျပြီးကတည်းက ကျနော်တင်ခဲ့တဲ့ ပို့စ်တွေထဲကလို Double Thinker ဖြစ်သွားတယ်။ တခြားပြောချင်တာ မဟုတ်ပါဘူး... ရူးချင်ယောင်ဆောင်တာကို ပြောတာပါ။ ကျောင်းမပြီးခင်က ပြောခဲ့တဲ့ စကားကို ယောင်လို့မှ ထပ်မဟတော့ဘူးခင်ဗျ။ ရူးချင်ယောင်ဆောင်သွားရှာလေတယ်။
ကျနော်ကလည်း ဒီလိုတော့ ဘယ်အမေ့ခံနိုင်ပါ့မလဲ။ ကျနော့်အနေနဲ့ အလုပ်လုပ်လာတာ (မလေးရှားက ၂ နှစ်ခွဲပါ ထည့်တွက်ရင်) ၁၂ နှစ်လောက် ကြာလာပြီဆိုတော့ ခဏလောက် အလုပ်ကထွက်ပြီး နားချင်လာတယ်။ ဒါနဲ့ မဒမ်ပေါ နှုတ်ဆော့ခဲ့တာလေးကို အခွင့်ကြုံတိုင်း ရေနှူးပြီး မကြာခဏ ပြောပါများတော့ သူမခမြာလည်း မနေသာတော့ဘဲ “အင်း... ဒါဆိုလည်း သုံးလေးငါးလလောက် ခဏထွက်ပြီးတော့ နား။ ပြီးမှ... နောက်တလုပ်ပြန်ရှာတဲ့”။
သူ့ဆီက အဲသည်စကားရတာနဲ့ ကျနော့်မှာ ပျော်မယ်မှ မကြံရသေးဘူး... စီးပွားပျက်ကပ်ဆိုက်တာနဲ့ တိုးတော့တာပါဘဲ။ သိတယ်မို့လား.... အခုအချိန်မှာ အလုပ်ထွက်ပြီး နားတယ်ဆိုရင် နောက်တလုပ်ပြန်ရှာတဲ့အခါ အလုပ်ရဖို့ မသေချာတော့ဘူးလေ။ ခဏနားရုံမက နှစ်နဲ့ ချီပြီး နားရကိန်းရှိတယ်။ ဒါကို သိလျက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး အလုပ်က ထွက်လိုက်တယ်ဆိုရင်လည်း သားကျွေးမှု၊ မယားကျွေးမှုကို တာဝန်မသိတဲ့လူလို့ အထင်ခံရမှာကို စိုးရိမ်ရသေးတယ်လေ။
ဒီတော့..... မောင်ပေါတယောက် ကြံရာမရဖြစ်ပြီး တမျိုးလှည့်တွေးတယ်။
အင်း.... အခု စီးပွားပျက်တဲ့ ခေတ်ကာလကြီးမှာ ကုမ္ပဏီတွေက လူလျှော့နေကြတယ်။ ငါတို့ကုမ္ပဏီလည်း တနေ့ကျရင် လူလျှော့ရကိန်းရှိတယ်။ လူလျှော့တဲ့အထဲ ငါပါရင် ကောင်းမယ်လို့ မကြံကောင်းမစည်ကောင်း မျှော်လင့်မိပြန်တယ်။ (လူလျှော့လို့ ဖြုတ်တဲ့အထဲပါရင် ကိုယ့်ဆန္ဒနဲ့ကိုယ် အလုပ်ထွက်လိုက်တာမျိုးလို တာဝန်မသိရာ မရောက်ဘူး၊ ၀ိနည်းလွတ်တယ်လို့ ကျနော့်ဘာသာ လိုရာဆွဲ တွေးထားတယ်။း-)
နောက်ပြီးတော့ အဲသည်လို လူလျှော့တယ်ဆိုရင် လုပ်သက်တနှစ်ကို တလစာနှုန်း၊ သို့မဟုတ် လ၀က်စာနှုန်းနဲ့တွက်ပြီး အဲဒီအပေါ်မှာမှ အပိုတလစာ ဆောင်းပေးတာမျိုး ထုံးစံရှိတော့ ကျနော်က လုပ်သက်ဆယ်နှစ်ဆိုတော့ ဆယ့်တလ စာလောက် မြိုးမြိုးမြက်မြက်ကလေးရပြီး နားရမယ်ပေါ့။ ကိုယ့်ဘာသာစိတ်ထဲမှာ တွက်ရေးနဲ့ စက်သူဌေးလုပ်နေတာပေါ့။
အဲ...ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ မန်နေဂျာက တဌာနလုံးကို စာပို့တယ်။ စာထဲမှာ သောကြာနေ့ကျရင် အားလုံးရုံးတက်ကြဖို့နဲ့ အရေးတကြီး ထုတ်ပြန်ကြေညာစရာရှိတယ်လို့ ပြောထားတယ်။ အားလုံးကလည်း သတင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လစာလျှော့တာသော်လည်းကောင်း လူလျှော့တာသော်လည်းကောင်း ဖြစ်မှာပဲ လို့ မျှော်လင့်ထားကြတယ်။
ကျနော်ကလည်း အဲသည်အကြောင်း မဒမ့်ကို အိမ်မှာ မျက်နှာသေလေးနဲ့ ပြောထားတယ်။ (စိတ်ထဲမှာတော့ ကျိတ်ဝမ်းသာနေတာပေါ့.....ဟိ။) မဒမ့်ကို ကျနော် ပြောပြနေတုန်း အနားမှာ သမီးလည်း ရှိနေတယ်။ သမီးရှိနေတဲ့ကိစ္စကိုတော့ သိပ်ပြီး အထူးတလည် အာရုံမထားမိပါဘူး။
ဟော...နောက်တနေ့မနက် ရုံးရောက်တော့ Network ထဲ ၀င်လို့မရတော့ဘူး။ ကျွန်တော့် Account ကို Disabled လုပ်ထားတာတွေ့ရတော့ သေချာပြီ။ ငါတော့ ပါပြီပေါ့လေ။ စိတ်ထဲမှာ ပီတိတွေ ဖြာနေတယ်။ ဒါပေမယ့် ဌာနထဲက အဖြုတ်ခံရတဲ့ နှစ်ယောက်ကို အောက်ထပ်က လာခေါ်သွားတော့ ကျနော်မပါဘူး။ ဟိုက်...တခုခုတော့ လွဲမှားနေပြီ။
အဲဒါနဲ့ ကွန်ပြူတာဌာနကို အကျိုးအကြောင်း ဖုန်းဆက်ကြည့်တော့မှ အဖြစ်အပျက်ကို ရေလည်တော့တယ်။ အဖြုတ်ခံရတဲ့သူတွေရဲ့ အကောင့်တွေကို ပိတ်ရာမှာ တခြားဌာနက ကျနော်နဲ့ နာမည်ခပ်ဆင်ဆင်တူတဲ့ အင်ဂျင်နီယာရဲ့ Account နဲ့ မှားပြီး ပိတ်မိတာပါ ဆိုတဲ့ ရှင်းပြချက်နဲ့အတူ တောင်းပန်စာ ရောက်လာတယ်။ အဲဒါနဲ့ ကျနော်လည်း ဒီတသုတ်မှာ ကံထူးသူ မောင်ရှင် မဖြစ်လိုက်ရတော့ဘူး။
ညနေရုံးဆင်းတော့.... ဧည့်သည်တယောက်ကို ထမင်းကျွေးဘို့ ချိန်းထားတာမို့ မြို့ထဲ သွားရတယ်။ တဖက်က ရုံးဆင်းလာမယ့် မဒမ်နဲ့လည်း အတူသွားဖို့ လမ်းမှာ ချိန်းထားရတာပေါ့။ မြို့ထဲရောက်တော့ ကျနော့်ဖုန်းက မြည်လာတယ်။ ကိုင်လိုက်တော့ အိမ်ကနေ သမီး လှမ်းဆက်တာ ဖြစ်နေတယ်။
ဖုန်းကိုင်လိုက်တော့ သမီးက....“ဖေဖေ ဒီနေ့ အလုပ်ပြုတ်သွားပြီလားဟင်”....တဲ့။ ချက်ချင်း တန်းမေးတော့တာပဲ။
ကျနော်ကလည်း စိတ်ထဲမှာ ....ဒီလိုတော့လည်း သမီးက ဘယ်ဆိုးလို့တုန်း၊ အရွယ်နဲ့မလိုက်အောင် ငါ့အတွက်တော့ ပူပန်ဖော်ရရှာသားပဲ... လို့ တွေးပြီး..... “ဖေဖေ အလုပ်မပြုတ်သေးပါဘူး သမီးရယ်” လို့ နှစ်သိမ့်တဲ့ အသံလေးနဲ့ ဖြေလိုက်တယ်။
အဲသည်မှာ သမီး ဆက်ပြောတာက....
“ဖေဖေ... အလုပ်မပြုတ်သေးဘူးဆိုရင် မီးကို ဂျူရောင်းပွိုင့် အောက်ထပ် Bee Cheng Hiang ဆိုင်က ၀က်သားကင် အချိုဝယ်လာ ပေးပါ”....တဲ့။
လက်စသတ်တော့..... ဒင်း စိုးရိမ်ပုံက ဒီလိုကိုး။