“ဘောလုံးဆိုတာ လုံးနေတော့လည်း”

(လွန်ခဲ့တဲ့ တနှစ်လောက်က တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။ အားလပ်ရက် ပေါ့ပေါ့ပါးပါး ဖတ်ရအောင်ပါ။)



ပြဿနာကို မီးထွန်းရှာတယ်လို့ ထင်တော်မမူကြပါနဲ့။

အရေးကြီးလှတဲ့ ပြဿနာတရပ်တော့မဟုတ်လှပါဘူး။ပြဿနာဆိုတာထက် ပဟေဠိဆိုရင် ပိုမှန်မယ်ထင်ပါရဲ့။ ဒါပေမယ့် နောက်ကျောကုန်းရဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ယားဖုပေါက်နေသလို အဲဒီပဟေဠိလေးကြောင့် စိတ်ထဲမှာ သရိုးသရီနဲ့တော့ ခံစားရတယ်ပေါ့။ အဲသည် ပဟေဠိကို အဖြေညှိလို့မရမချင်း သည်လိုဘဲ ဆက်လက်ခံစားနေရဦးမယ်ထင်တယ်။

ဒီလိုပါ.....ဘောလုံးပွဲတွေမှာ လူတွေ ပြောလေ့ပြောထ ရှိတဲ့ စကားတခု ရှိပါတယ်။ ဘယ်ဘက်က “နိုင်မလဲ၊ ရှုံးမလဲ” ဆိုတာကို ကြိုတင်ထင်ကြေးပေးရမယ့်အခါမျိုးမှာ သုံးစွဲကြတဲ့ လက်သုံးစကားပေါ့။

“ဘောလုံးဆိုတာက အလုံးကြီးဆိုတော့လည်း အနိုင်အရှုံးက ပြောရခက်သားဗျ”.........တဲ့။

ဒါမှမဟုတ်.......“ဘောလုံးဆိုတာ လုံးနေတော့လည်း ဘယ်သူနိုင်မလဲဆိုတာ ကံသေကံမ မပြောနိုင်ဘူးလေ” ........တဲ့။

အဲသည်စကားကို ဘောလုံးဝါသနာရှင်တော်တော်များများပြောကြတယ်။ မထင်မရှားဆိုက်ကားဆရာကစလို့ နာမည်ကျော် လူသိများတဲ့ ပုဂ္ဂိုလ်ကြီးတွေအဆုံး သုံးစွဲကြလေ့ရှိတယ်။

ကျနော့်မှာတော့ အဲသည်စကားကြားတိုင်း ဘောလုံးပွဲ အနိုင်အရှုံး နဲ့ ဘောလုံးရဲ့ လုံးဝန်းတဲ့ပုံသဏ္ဍာန်အကြားက ကျိုးကြောင်းဆက်နွယ်ချက်ကို ရှာမတွေ့နိုင်ဘူးဖြစ်နေတယ်။

ဒီလိုဗျာ။ ဘောလုံးပွဲတပွဲမှာ နိုင်ဘို့ဆိုတာ အသင်းလိုက် အပေးအယူမျှတမှု၊ တဦးချင်း ကောင်းမွန်မှု၊ တဖက်အသင်းရဲ့ အားနည်းချက်ကို အသုံးချ ထိုးဖောက်နိုင်မှု၊ ဂိုးသွင်းတဲ့အချိန်မှာ တိကျမှု၊ ကံကောင်းမှု၊ အခြေအနေ၊ အချိန်အခါ၊ ကွင်း၊ ဒိုင်လူကြီး၊ ရာသီဥတု စတဲ့ များပြားလှစွာသော အချက်တွေအပြင် မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာလည်း မူတည်နေပါတယ်မဟုတ်ပါလား။

တဖက်နဲ့တဖက် ခြေသိပ်မကွာတဲ့အသင်းတွေဆိုရင် အဲသည်လို အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့အချက်တွေဟာ များပြားလွန်းလို့၊ ခွဲခြမ်းစိတ်ဖြာဘို့လည်း ခက်ခဲလွန်းလို့ ဘယ်ဘက်ကနိုင်မလဲဆိုတာ ကံသေကံမ ပြောမပြနိုင်တဲ့အထိ ဖြစ်တတ်ကြတယ်။ တခါတလေ ခြေအပြတ်အသတ်ကွာနေတဲ့အသင်း ၂ သင်း ကန်ရင်တောင် မထင်မှတ်ဘဲ ကောင်းတဲ့အသင်းက ရှုံးတတ်ပါသေးတယ်။ ဒါကြောင့် ဘောလုံးပွဲမှာ အနိုင်အရှုံးကို ကြိုပြောဘို့ ခက်တယ်ဆိုတာကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါတယ်။

ဒါပေမယ့် “ဘောလုံးပွဲထုံးစံမို့ အနိုင်အရှုံးကို ကြိုတင်ဆုံးဖြတ်ဘို့ဆိုတာ မလွယ်ပါဘူး” လို့ ပြောရမယ့်အစား “ဘောလုံးဆိုတာ လုံးနေတော့လည်း ပြောရခက်သား” လို့ တင်စားပြောလိုက်တဲ့အခါမယ် ကျနော့်လို အတွေးကြောင်လေ့ရှိတဲ့လူတဦးအဖို့ အောက်မှာဖော်ပြထားတဲ့အတိုင်း ကပ်သီးကပ်သပ် လျှောက်တွေးစရာဖြစ်လာပါတယ်။

ဘောလုံးဟာ လုံးနေလို့ အနှိုင်အရှုံးပြောရခက်တယ်ဆိုရင် လုံးဝန်းမနေတဲ့ အရာကို အသုံးပြုရတဲ့ တခြားကစားနည်းတွေမှာ အနှိုင်အရှုံးကို တပ်အပ် ပြောနိုင်မလား။ ဥပမာ...ကြက်တောင်၊ ရေကူး၊ မြင်းစီး၊ အမေရိကန်ဘောလုံး (လုံးပေမယ့် ရှည်လမျော ပုံသဏ္ဍာန်ရှိတော့ လုံးဝန်းတယ်ပြောလို့မရဘူးလေ)..........စသဖြင့်ပေါ့လေ။ နည်းနည်း ဂွတိုက်ပြီး မေးရမယ်ဆိုရင် “ဘောလုံးဆိုတာ ရှည်လမျောကြီးဖြစ်နေရင် အရှုံးအနိုင်ကို ကံသေကံမ ပြောနိုင်မလား” လို့ ပြန်မေးစရာရှိတယ်။ ဒါက အားကစားမှာ ပြောတာပါ။

မြင်းပွဲတို့၊ လေးကောင်ဂျင်တို့၊ ဆယ်ပြားစိ ခေါင်းပန်းလှန်တာတို့ပါ ထည့်စဉ်းစားလိုက်ရင် လုံးမနေပေမယ့် အနိုင်အရှုံးပြောရခက်တဲ့ ကိစ္စတွေ တလှေကြီးပေါ်လာပြန်ရော။ ဒါပေမယ့်...မျောက်ပန်းလှန်တဲ့နေရာမှာ “ဆယ်ပြားစိ ဆိုတာ အပြားကြီးဆိုတော့လည်း အနိုင်အရှုံးကို ကံသေကံမ မပြောနိုင်ဘူးလေ” လို့ ပြောတာမျိုး မရှိဘူးလေ။

အဲသည်တော့ “ဘောလုံးဆိုတာ အလုံးကြီးဆိုတော့ အနှိုင်အရှုံးပြောရခက်တယ်” ဆိုတဲ့ စကားကို ကျိုးကြောင်းခွဲခြမ်းစိတ်ဖြာတဲ့နည်းကိုသုံးပြီး နားလည်ရခက်ခဲနေပါတယ်။ ဒါပေမယ့် သိတယ်မို့လား။ လူတိုင်းလိုလို နားလည်တဲ့ကိစ္စမှာ ကျနော့်လို ကိုယ့်ကိုယ်ကို လူတတ်ကြီးလို့ အခြောက်တိုက်ထင်နေတဲ့လူက နားမလည်နိုင်ဘူးဆိုတော့ စိတ်ထဲမှာ ကသိကအောက်ပေါ့။

ဒီအကြောင်းကို ရေးမယ် စဉ်းစားနေတာကြာပါပြီ။ မနေ့ကတော့ ကျနော်ကြိုက်တဲ့ ကဗျာဆရာ နှင်းခါးမိုး ဘလော့ဂ်မှာ ကဗျာအသစ်ကလေးတပုဒ်တင်ထားတာတွေ့လို့ သွားဖတ်ရတယ်။ တကယ်ကောင်းတဲ့ ကဗျာတပုဒ်ပါဘဲ။ သွားဖတ်ကြဘို့ ညွှန်းချင်ပါတယ်။ ခေါင်းစဉ်က “လိုက်လိုက်ကောက်ရတဲ့ ညနေခင်းများ” တဲ့။

ကဗျာထဲမှာ “ဘောလုံးဆိုကတည်းက အလုံးကြီးလေ ဘာမှအသေအချာမပြောနိုင်ဘူး” ဆိုတဲ့စာသားလေးကိုတွေ့တော့ ကျနော့် နှလုံးသားက ယားဖုဟောင်းဖြစ်တဲ့ အဖြေမညှိနိုင်ခဲ့တဲ့ ပဟေဠိကလေး ရင်ထဲမှာ ပြန်ပေါ်လာတယ်။စာဖတ်သူရော.......“ဘောလုံးဆိုတာ လုံးနေတော့လည်း” ဆိုတဲ့ စကားမျိုးကို တကြိမ်တခါက သုံးခဲ့ဘူးပါသလား။ကျနော့်ပဟေဠိလေးအပေါ် မိတ်ဆွေရော ဘယ်လိုသဘောရပါသလဲ။

မူရင်းပို့စ်နဲ့ ကွန်မင့်တွေက ဒီမှာပါ။.................
Read more

“အသင့်ပြင်ထားရမယ့်အချိန်”

“There was something in the air that night. The stars were bright, Fernando…”

“အဲဒီညက လေထဲမှာ တစုံတရာ ရှိနေခဲ့တယ်…. ကြယ်ကလေးတွေလည်း တောက်ပနေခဲ့တယ်….ဖာနန်ဒို…..”

ABBA သီချင်းထဲက စာသားလေးပါ။

ဒေါ်အောင်ဆန်းစုကြည်အသက် ၆၀ ပြည့်မွေးနေ့ကစလို့ စင်္ကာပူမှာ မြန်မာ့အရေးအတွက် စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။ ပြည်တွင်းအင်အားစုတွေကို လစဉ်ပုံမှန် ထောက်ကူခဲ့ကြတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ ငွေစုဆောင်းတဲ့အခါ အိုးဝေ(စင်္ကာပူ)အဖွဲ့သားတွေနဲ့ နီးစပ်ရာရာ ပါဝင်ထည့်ဝင်သူတွေလောက်ပါပဲ။ ပြင်ပကနေ ကောက်ခံတာမျိုး နည်းပါးပါတယ်။

အဲဒီတုန်းက အနေအထားကို ပြန်ကြည့်ရင် ပထမတော့ လူအတော်များများဟာ မြန်မာ့ဒီမိုကရေစီအရေးအပေါ်မှာ မျှော်လင့်ချက်ကုန်ဆုံးနေသလိုဖြစ်နေခဲ့ကြတယ်။ မြန်မာ့နိုင်ငံရေးအကဲခတ်အချို့ကအစ ဘာမှ ဖြစ်မလာနိုင်ကြတော့ဘူးလို့လည်း ထင်ခဲ့ကြတယ်။ (တချို့ပညာရှင်ဆိုသူတွေ ဘယ်လောက်လွဲသလဲဆိုရင် ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ ၂ ပတ်အလိုအထိ လူတွေ နောက်တကြိမ်လမ်းမပေါ်ကို ပြန်ဆင်းလာဖို့ မဖြစ်နိုင်တော့ဘူးလို့ ဟောကိန်းထုတ်လို့ ကောင်းတုန်း။ အဲသည်လူတွေအားလုံး လွဲခဲ့ပါတယ်။)

၂၀၀၇ ခုနှစ် ရောက်တော့ နှစ်စပိုင်းလောက်ကတည်းက လူတွေရဲ့ ခံစားချက်က သိသိသာသာ ပြောင်းလဲလာတယ်။ ဘားမားဗီဂျေ ရုပ်ရှင်ထဲမှာ ပြောသလိုပဲ လောင်စာဆီ ဈေးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်တော့ တစုံတခုဖြစ်တော့မယ်ဆိုတာကို လူတွေ ခံစားသိရှိနေခဲ့ကြတယ်။ ကိုမင်းကိုနိုင်တို့တတွေ စတင်လမ်းလျှောက်ချီတက်ကြတယ်။ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ ဆန္ဒပြပွဲတွေ ဖြစ်လာတယ်။ စင်္ကာပူမှာတောင် မြန်မာ ၄၀ လောက် အင်္ကျီအဖြူတွေဝတ်ပြီး အောချာ့ဒ်လမ်းမကြီးမှာ အောချာ့ဒ်ဘူတာကနေ စီးတီဟောလ်အထိ လမ်းလျှောက်ကြပြီး ကိုမင်းကိုနိုင်တို့ရဲ့ လှုပ်ရှားမှုကို ထောက်ခံခဲ့ကြတယ်။ (ထုံးစံအတိုင်း စင်္ကာပူရဲက ဖမ်းတားပြီး နောက်ပိုင်း ရဲစခန်းကို ခေါ်ယူမေးမြန်းတာတွေ လုပ်ခဲ့ပါသေးတယ်။)

ဒီနောက်တော့ မြန်မာပြည်တွင်းမှာ သံဃာတော်များ ဦးဆောင်လို့ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တယ်။ အဲဒီတော်လှန်ရေးကြီးကို နအဖစစ်အစိုးရက ထုံးစံအတိုင်း အကြမ်းဖက်နှိမ်နင်းလိုက်လို့ ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေတော့ မရလိုက်ဘူး။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးကြီးက စစ်အစိုးရကို အံတုမယ့် မျိုးဆက်သစ်တရပ်ကို ထပ်မံ မွေးဖွားပေးလိုက်ပြန်တယ်။ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာတော့ နအဖရဲ့ မင်းသားမျက်နှာဖုံးဟာ လုံးလုံး ပြုတ်ကျသွားတော့တယ်။

အခုလည်း စောစောက ပြောခဲ့တဲ့ လေထဲမှာ တစုံတရာရှိနေတယ် ဆိုတဲ့ ခံစားမှုမျိုး ကျနော့်အာရုံထဲမှာ ရနေပြန်ပြီ။ ကျနော့်ပတ်ဝန်းကျင်မှာကြည့်လိုက်ရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် လစဉ် အလှူငွေထည့်ဝင်ကြတဲ့လူတွေ အရင်ကထက် ပိုမိုများပြားလာတယ်။ ကျနော့်ဘလော့ဂ်မှာဆိုရင် ဘလော့ဂ်ဖတ်သူတဦးက စတင်ငွေလှူဒါန်းလိုက်ပြီးနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ငွေလှူသူတွေ အလျှိုလျှို ပေါ်ပေါက်လာပါတယ်။ စင်္ကာပူက Food court တွေ၊ ကော်ဖီဆိုင်တွေမှာ မြန်မာတွေရဲ့ စားပွဲဝိုင်းတွေက စကားသံတွေကို နားစွန်နားဖျား ကြားရတဲ့အခါတိုင်း အကြိမ်တော်တော်များများမှာ မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေးသံတွေ ဖြစ်နေလေ့ရှိတယ်။

ပြည်တွင်းပြည်ပမှာ တူရာ တူရာ၊ နီးစပ်ရာ ချိတ်ဆက်လှုပ်ရှားနေတဲ့ အဖွဲ့လေးတွေ လည်း အရင်ကထက် အဆမတန် ပိုမိုများပြားလာနေတယ်။ အချို့သော အဖွဲ့လေးတွေ ပူးပေါင်းသွားပြီး ထိထိရောက်ရောက် လုပ်ကိုင်လာနိုင်ကြတယ်။

အခုအချိန်အခါရဲ့ အနေအထားကို အနီးစပ်ဆုံး ဥပမာပေးရရင် သီပေါမင်းပါတော်မူတဲ့နောက် အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရာက ပထမဦးဆုံးအကြိမ် ၀ိုင်အမ်ဘီအေ… ဂျီစီဘီအေ စတဲ့အသင်းတွေ ပေါ်ပေါက်လာတဲ့အချိန်နဲ့ ဒို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာတဲ့အချိန်စပ်ကြား အချိန်ကာလနဲ့ တူနေတယ်။ အဲဒီအချိန်တုန်းက ကျောင်းသားတွေ၊ သံဃာတွေ၊ အလုပ်သမား၊ လယ်သမားတွေ အားလုံးသော လူထုလူတန်းစားအသီးသီးကြားမှာ နိုင်ငံရေးအသိအမြင်တွေ တဟုန်ထိုး တိုးတက်မြင့်မားနေပြီး အင်္ဂလိပ်နယ်ချဲ့အပေါ် မကျေနပ်ချက်တွေ၊ တော်လှန်လိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတဲ့ ကာလပေါ့။

အခုဆိုရင်လည်း လူတွေရဲ့ စိတ်ထဲမှာ မြန်မာ့ဒီမိုကရေစီရေးကို နိုင်ငံသားတာဝန်အရ မဖြစ်မနေ လုပ်ကို လုပ်ဆောင်သင့်တယ်လို့ ယူဆပြီး ပူးပေါင်းပါဝင်လာတဲ့လူတွေ တစထက်တစ ပိုမိုများပြားလာပါတယ်။ ချက်ချင်လက်ငင်း အပြောင်းအလဲဖြစ်သွားမလားလို့ ထင်မှတ်ပြီး တပွဲတိုး ပါဝင်လာတာမျိုးမဟုတ်ဘဲ အရှည်သဖြင့် မရမချင်းကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို မွေးမြူလာကြတယ်။ ဒါတွေဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက်၊ မြန်မာပြည်ရဲ့ အနာဂတ်အတွက် အင်မတန်ကောင်းမွန်တဲ့ အလားအလာတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင် နအဖ အစိုးရဟာ ပြည်သူလူထု ကြုံတွေ့နေရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးဖို့ ဆန္ဒ လုံးလုံးမရှိဘူးဆိုတဲ့အချက်ရယ်၊ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းလည်း လုံးလုံးမရှိဘူးဆိုတဲ့အချက်ရယ်ဟာ အနှစ်၂၀ လုံးလုံး တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ဖျက်ဆီးခဲ့တဲ့နောက်ပိုင်းမှာ ၀ိဝါဒ ကွဲပြားစရာမလိုလောက်အောင်ကို ကောင်းကောင်းကြီး ထင်ရှားခဲ့ပြီ။ ဒါကြောင့်လည်း နအဖဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ဘယ်တုန်းကမှ မရခဲ့တာပေါ့။

တိုင်းပြည်ဘယ်အခြေအနေဆိုက်ဆိုက် နအဖစစ်ဗိုလ်ချုပ်များဟာ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ စိတ်ဓါတ်နဲ့ သူတို့အာဏာအဓွန့်ရှည်ရေးအတွက်သာ မတရားတဲ့ နည်းလမ်းပေါင်းစုံသုံးစွဲပြီး မီးကုန်ယမ်းကုန် ကြိုးပမ်းနေဆဲ။ ဒီတော့ ပြည်သူလူထုအနေနဲ့ နအဖအပေါ် မနှစ်မြို့တဲ့ စိတ်ဓါတ်ဟာ ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင် အလွန်အမင်း မြင့်မားနေချိန်ဖြစ်ပါတယ်။ ပြည်တွင်းမှာဆိုရင် အာဏာရှင်ကို ပေါ်တင် အာဏာဖီဆန်တဲ့ လုပ်ရပ်တွေ တစထက်တစ များပြားလာတာကို တွေ့ရပါမယ်။ ဖမ်းမယ်မှန်းသိသိနဲ့ လမ်းလျှောက်ပွဲတွေ၊ ဆုတောင်းပွဲတွေ တိုးလုပ်လာကြတယ်။ သံဃာတော်တွေကအစ သပိတ်မှောက်ကံဆောင်ပွဲတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ နှိုးဆော်နေကြတဲ့အချိန်၊ တနည်းပြောရရင် တစုံတခုကို ဖြစ်ဖို့ ပြန်လည်တာစူနေတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒီတခါ ဖြစ်လာမယ့် တော်လှန်ရေးဟာ တော်လှန်ရေးအင်အားစုများရဲ့ စနစ်တကျပြင်ဆင်မှုကြောင့် နအဖကို ထိုင်ခုံက ပြုတ်ကျသွားလောက်အောင် စွမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

ကျနော်စဉ်းစားမိတယ်။ နအဖအစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတောင် အေးအေးဆေးဆေး ကျင်းပသွားခွင့် ရပါတော့မလားမသိ။ ကျင်းပခွင့်ရလျှင်လညှ်း နအဖ အစိုးရအနေနဲ့ “ဆုပ်လည်းစူး၊ စားလည်းရူး” အနေအထားမှာ ရှိပါတယ်။ နအဖရဲ့ ထိုင်ခုံက သိသိသာသာကြီးကို လှုပ်စပြုနေပါပြီ။

ပြည်ပရှိ မြန်မာပြည်အပေါ်သစ္စာစောင့်သိကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် တော်လှန်ရေးကြီးမှာ စနစ်တကျ ကူညီပံ့ပိုးနိုင်အောင် မိမိတို့ နီးစပ်ရာ၊ လက်လှမ်းမှီရာ အဖွဲ့ငယ်လေးတွေ အချင်းချင်း ချိတ်ဆက်ကြပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြုထားဖို့ နှိုးဆော်လိုက်ရပါတယ်။
Read more

“တပင်တည်း ရင်ထဲက ကြံဖွံ့”

(ကြံဖွံ့အဖွဲ့ကြီးသို့ ၀င်လိုသူများ ကြံ့ဖွံ့အဖွဲ့သို့မ၀င်မီ ဒီစာကို အရင်ဖတ်ပါ။ အဟိ... အခုတလော... “ဒီစာကို အရင်ဖတ်ပါ” တွေ ရေးရတာ လက်တွေ့နေတယ်။ အဟမ်း...အဟမ်း... ထပ်ပြောဦးမယ်။ ကြံဖွံ့အဖွဲ့ကြီးသို့ ၀င်ရောက်ရန် စိတ်ကူးနေသူများသာ ဒီစာကို ဖတ်ပါရန်။ ကြံဖွံ့အဖွဲ့ဝင်ဖြစ်ပြီးသူများ မဖတ်ရ။ သတိပေးထားပါလျက်နှင့် ဖတ်ပြီး ကျိတ်မနိုင် ခဲမရ ဖြစ်ကြပါက မိမိတို့ တပ်မတော်အစိုးရအနေဖြင့်....အဲလေ... ဤဘလော့ဂါအနေဖြင့် တာဝန်မယူနိုင်ပါကြောင်း....အောင်း...အောင်း.....း-)

ကြံဖွံ့ဆိုလျှင် ပြည်သူတိုင်းက မုန်းကြပေသည်။ နအဖဗိုလ်ချုပ်များနှင့် အရိုးအရင်း ကိုက်ရသူ တချို့တလေက လွဲလျှင်ပေါ့လေ။

အဘယ်ကြောင့် မုန်းကြသနည်း။ ကြံဖွံ့အသင်းကြီးသည် ပြည်သူလူထု၏ အကျိုးစီးပွားကို ဆောင်ကြဉ်းရန် ဖွဲ့စည်းထားခြင်းမဟုတ်။ နအဖ အာဏာတည်မြဲရေးအတွက် ဒေါက်တိုင်သဖွယ် ကျားကန်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းကြောင့်ပင်တည်း။

ပြည်သူတိုင်းလိုလို မုန်းကြသော်လည်း အဆိုပါ ကြံဖွံ့အဖွဲ့ကြီးတွင် အဖွဲ့ဝင်ပေါင်း သန်းနှင့်ချီ၍ ရှိပေသည်။ အဘယ်ကြောင့်နည်း။

အများစုမှာ မ၀င်မနေရ….ဟု အာဏာပိုင်များက ဖိအားပေးသောကြောင့် ၀င်လိုက်ကြရသူများ ဖြစ်ပေသည်။ အသင်းဝင်မဟုတ်ပါက ရာထူးတက်လမ်းများ ပိတ်ကုန်မည် စိုးရိမ်သောကြောင့်သော်လည်းကောင်း၊ အများနည်းတူ တန်းတူရည်တူ အခွင့်အလမ်းများကို မရတော့မှာ စိုးရိမ်သောကြောင့်သော်လည်းကောင်း အောင့်သက်သက်နှင့် ၀င်လိုက်ကြရသူများဖြစ်သည်။ ဤနေရာတွင် အဖွဲ့ဝင်မဟုတ်သူများ၏ အခွင့်အရေးများကို လျှော့ချ ပိတ်ပင်ခြင်းဖြင့် အဖွဲ့ဝင်ဖြစ်လာစေရန် ကြံဆောင်အားထုတ်တတ်ကြကုန်သော အလားတူဖြစ်ရပ်များကို ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများ၏ ပြည်တွင်းရေးသက်သက်ဖြစ်သော ကြံ့ဖွံ့အဖွဲ့ကြီးအကြောင်းကို ရေးပြနေခြင်းမျှသာ ဖြစ်ပါကြောင်း။

နောက်တမျိုးမှာ မိမိလုံးဝ မသိလိုက်ရဘဲ ဘုမသိဘမသိနှင့် အော်တိုမက်တစ် ကြံဖွံ့အဖွဲ့ဝင်ဖြစ်သွားကြရသူများပင်။ ကျေးဇူးရှင် ကိုရွှေကြံဖွံ့စည်းရုံးရေးမှူးများက စေတနာသဒ္ဓါပို၍ ရပ်ကွက်ထဲရှိလူမှန်သမျှကို ကြံ့ဖွံ့အဖွဲ့ထဲသို့ သူ့သဘောနှင့်သူ ဆွဲသွင်းလိုက်ခြင်းကြောင့်ပင်တည်း။ ကျွန်ုပ်ပင်လျှင် ဇာတိမြေ၌ ကြံဖွံ့အဖွဲ့ဝင်တယောက် ဖြစ်နေပြီလော မပြောတတ်။ မြန်မာပြည်တွင် ဤတနေရာ၌ ထူးထူးကဲကဲ ၀န်ဆောင်မှု ကောင်းလှချေသည်တကား။

နောက်ဆုံး အမျိုးအစားမှာ အခွင့်အလမ်းများကို နန့်နန့်တက် မက်မောသောကြောင့် ကြံ့ဖွံ့အဖွဲ့ဝင်အဖြစ် ခံယူသွားကြသူများဖြစ်သည်။ ကြံဖွံ့အဖွဲ့သို့ဝင်လိုက်လျှင် နိုင်ငံခြားသို့ လေ့လာရေးခရီး သွားရန်အခွင့်အရေးရခြင်း၊ နိုင်ငံခြားသို့ ထွက်ရန်လွယ်ကူခြင်း၊ ဟိုသင်တန်း ဒီသင်တန်းများတွင် အခမဲ့ တက်ရောက်ခွင့်ရခြင်း၊ ရပ်ထဲရွာထဲမှာ စွာကျယ်စွာကျယ် လုပ်ခွင့်ရခြင်း၊ သူများတကာ လက်လှမ်းမမှီသည့် စီးပွားရေးခွင်များကို ရရှိနိုင်ခြင်း၊ အနှိပ်ခန်းများ၊ ဘီယာဆိုင်များတွင် မိုက်ကြေးခွဲနိုင်ခြင်း၊ အကောင်ဗလောင်များဖြင့် ထိတွေ့သိကျွမ်းကာ ကပ်ဖားယပ်ဖားလုပ်ခွင့်ရခြင်း၊ အနာဂတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းကာ အမတ်လောင်းနေရာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ခြင်း၊ မိမိသားသမီးများ ကြံဖွံ့ခံလိုက်ပါက ယင်းတို့၏ အနာဂတ်ပညာရေးအဆင်ပြေချောမွေ့စေခြင်း စသည့်... စသည့်... အခွင့်အရေးများကို မက်မော၍ ကူးပြောင်းကြခြင်းဖြစ်သည်။ ဤနေရာတွင်လည်း ကျွန်ုပ်တို့ ပြည်တွင်းရေးဖြစ်သော ကြံဖွံ့အဖွဲ့ဝင်များအကြောင်းသက်သက်ကိုသာ ရေးပြနေခြင်းဖြစ်ပါကြောင်း... အောင်း...အောင်း။

ထိုသို့လျှင် အခွင့်အရေးကို ဘန်းပြကာ စည်းရုံးခြင်းဖြစ်သဖြင့် အခွင့်အရေးသမားများနှင့်သာ ပြည့်နှက်နေပေတော့သည်။ ကြံ့ဖွံ့အဖွဲ့ကြီး ပြောပါတယ်။

ထိုအဖွဲ့မျိုးသည် သာမန်လူရိုးလူကောင်းများအတွက် အဖွဲ့ဝင်အဖြစ် အမြဲတစေ နေချင်စဖွယ်ကောင်းသော အဖွဲ့အစည်းမျိုးတော့ ဖြစ်မလာပါ။ အဘယ့်ကြောင့်ဟူမူ အဖွဲ့ဝင် အားလုံးသည် တယောက်နှင့် တယောက် မာန်စောင်ကာ အခွင့်အလမ်းကို ချောင်းမြောင်းနေကြသူ သူကောင့်သားတွေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မိမိတက်လမ်းအတွက် တဦးနှင့် တဦး နောက်ကျောကို ဓားနှင့် ထိုးရန် ၀န်မလေးသော၊ တာဝန်ကို ရှောင်လွှဲလိုသော၊ သစ္စာမရှိသော၊ မိမိကိုယ့်ကျိုးအတ္တကိုသာ ရှေ့တန်းတင်သော၊ အထက်ဖား အောက်ဖိ ဆီမီးခွက်ယိမ်းကနေသော.. လူတွင်ကျယ်လုပ်လိုသူ လူကြွားများနှင့်သာ ပြည့်နှက်နေသည့် လူ့အဖွဲ့အစည်းမျိုးသာ ဖြစ်လာနိုင်ပေသည်။ ကြံဖွံ့အဖွဲ့ကြီးကို ပြောတာနော်…အော်…အော်။ အံမယ်လေး… ဒီအချက်ကို ထည့်ထည့်ပြောနေရတာ မောလိုက်တာ။ သတ်သတ်မှတ်မှတ် မပြောပြန်လျှင်လည်း ကွန်မင့်ကဏ္ဍတွင် မဆိုင်သူများမှ သူတို့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း လာရောက် သက်သေပြကြမည်ကို စိုးရွံ့လှပါသည်…အီ…အီ။

အခွင့်အရေးသမားများနှင့် ပြည့်နှက်နေသော အဖွဲ့ကြီးများသည် ရေရှည်မတည်တံ့နိုင်။ အသင်းဝင်အများစုသည် အဖွဲ့အပေါ်သစ္စာမရှိကြ။ အခက်အခဲကြုံသည်နှင့် အသင်းဝင်အဖြစ်မှ အဆောတလျှင် အူယားဖားယား နှုတ်ထွက်သွားကြမည်သာဖြစ်သည်။ ထင်ရှားအောင် ဥပမာပေးရလျှင် ရှစ်လေးလုံးအရေးတော်ပုံကာလ၌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ တင်းပြည့် ကျပ်ပြည့် ဇလားပြည့် ပါတီဝင်များ အလျှိုလျှို နှုတ်ထွက်ကြပုံနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။ ဒါလည်း ကြံ့ဖွံ့အဖွဲ့ကြီးအကြောင်း ပြောနေတာသက်သက်ပဲနော်။

ကြံဖွံ့အဖွဲ့ကြီးသည် မတော်မတရားသည့်နည်းမျိုးစုံဖြင့် ကြိုးပမ်းထား၍ လတ်တလောတွင် အင်အားကောင်းသယောင်၊ ပြည့်စုံကြွယ်ဝသယောင်၊ ဘဏ္ဍာငွေများ တောင့်တင်းသယောင် ထင်ရပေသည်။ သို့သော် အတွင်းက လှိုက်စားနေသော အဖွဲ့အစည်းကြီးမျှသာ ဖြစ်သည်ကို သတိပြုပါ။ မဆလပါတီကြီးကို သတိရကြပါ။ ထိုသို့သော အဖွဲ့ကြီးများ ပြိုပြီဟေ့ဆိုလျှင် နအဖလက်ထက် တည်ဆောက်ထားသော လမ်းမကြီးများ၊ တံတားကြီးများ၊ ဘုရားကြီးများ ရေတိုက်စားသည့်အခါ၊ ငလျှင်လှုပ်သည့်အခါ ပြိုသည်ထက်ပင် ပိုမိုမြန်ဆန်တတ်ပေသေးသည်။ ထို့ကြောင့် အခွင့်အရေးများကို နန့်နန့်တက် မက်မော၍ ကူးပြောင်းတတ်ကြသူများ ဤအချက်ကို သတိထားကြပါရန်။ ကြံဖွံ့အဖွဲ့ဝင် ဖြစ်ချင်နေသူများအား သတိပေးခြင်းမျှသာ ဖြစ်ပါကြောင်း။

အခွင့်အရေးကို မက်မော၍ ကူးပြောင်းတတ်သူများသည် သစ္စာမရှိသော သူများသာဖြစ်သဖြင့် အဖွဲ့အစည်းများ ပြိုပျက်သောအခါ ခေတ်ရေစီးကိုလိုက်၍ အခြား အင်အားတောင့်တင်းလာသည့် ဖက်သို့ သူ့လူကိုယ့်ဖက်သားလုပ်ကာ အမြန် ပြန်လည်ကူးပြောင်းလာတတ်ကြသေးသည်။ ဤအချက်ကို အခွင့်အရေးသမားမဟုတ်သူများက အထူးတလည် သတိထားကြရန်။ လိုအပ်လျှင် “သာကူးစောင့်ကြည့်ရေးအဖွဲ့”၊ “အခွင့်အရေးသမား စောင့်ကြည့်ရေးအဖွဲ့”၊ “ စနေမောင်မောင် နေရာချထားရေးအဖွဲ့” စသဖြင့် အဖွဲ့အစည်းများ ဖွဲ့တန်သင့်လျှင် ဖွဲ့ရချေမည်။

မည်သို့ပင်ဖြစ်စေ…. ယခု လောလောဆယ် အချိန်တွင်ကား ကြံဖွံ့အဖွဲ့ကြီးသည်… ချေးတောထဲတွင် ပေါက်သော ဘူးပင်အလား အညွန့်တလူလူဖြင့် ရှိနေချေသေးသည်။ ကျွန်ုပ်တို့ အနေနှင့် မည်မျှပင် အမြုတ်ထွက်မတတ် ရေးပြသော်လည်း ချေးကြိုက်သော လောက်ကောင်သည် ချေးတွင်သာ ပျော်မွေ့သကဲ့သို့ အခွင့်အရေးကို မက်မောသော အခွင့်အရေးသမားတို့သည်လည်း ကြံဖွံ့အဖွဲ့ကြီးသို့ ပျော်ပျော်ကြီးပင် နေ့စဉ်နှင့်အမျှ ကူးပြောင်းဝင်ရောက်နေကြမည်ဦးသာဖြစ်သည်။ ဤသည်ကို ယောနိသောမနသိကာရဖြင့် နှလုံးသွင်းလျက် ဖြေသိမ့်ကြပါကုန်လော့။

ပေါက်တိပေါက်ရှာ တွေးတောခြင်း၌ အထူးမွေ့လျော်သော ကျွန်ုပ်၏ နားထဲတွင်မူကား ချေးတောထဲတွင် ပျော်တတ်သော ကိုရွှေလောက်ကောင်များ အချင်းချင်း အုပ်စုဖွဲ့၍ “ကိုရွှေလောက်ကလေး ဘယ်လိုငယ်…. ဒီလို ကူးတတ်တယ်….ချေးပင်လယ်ကြီး ဘယ်လိုကျယ်… ကူးတတ်ပါတယ်….. လောက်ဇွဲ အံ့လောက်တယ်” ဟု ပျော်ပျော်ကြီး သံပြိုင်သီဆိုကြနေသည်ကို ကြားယောင်မိပါတော့သည်။

စာကြွင်း။..........။ ဘုရားစူး၊ မိုးကြိုးပစ် ကြံဖွံ့အဖွဲ့ကြီးအကြောင်းကို ရေးသားထားခြင်းသာလျှင် ဖြစ်ပါသည်။
Read more

“ဗိုလ်အောင်ဒင် ပြန်လာပြီ”

(၂၀၀၈ ခုနှစ် မေလ လူထုဆန္ဒခံယူပွဲ မတိုင်မီက ရေးခဲ့ပြီး ကျနော့်ဘလော့ဂ်မှာရော၊ ဘားမားတူဒေး အင်တာနက်စာမျက်နှာမှာပါ ဖော်ပြခဲ့ဘူးတဲ့ ပို့စ်ကလေးပါ။ အဲသည်အချိန်အခါက နိုင်ငံရေးအနေအထားနဲ့ ကွက်တိမို့ ဖတ်ရှုသူများ နှစ်သက်ကြတယ်လို့ သိရပါတယ်။ အခု နည်းနည်းပါးပါး ပြုပြင်မွမ်းမံပြီး ထပ်မံဆန်းသစ်လိုက်ပါတယ်။ ခံစားကြည့်ကြပါဦး။)

မျက်စိပေါ်တွင် စည်းနှောင်ပိတ်ဖုံးထားသည့် အ၀တ်ကို ဖယ်ရှားလိုက်ပြီးနောက် လက်ထဲ၌ ဆုပ်ကိုင်ထားမိသော လက်ကိုင်ပုဝါစကို မြင်လိုက်ချိန်တွင် မမြ၀င်း၏ နှုတ်မှ အာမေဋိတ်စကားတခွန်း လွှတ်ကနဲ ထွက်သွားသည်။

“ဟင်….ကိုကိုချစ် လက်ကိုင်ပုဝါပါလား”



ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးတဲ့ နာမည်ကျော် “ဗိုလ်အောင်ဒင်” ရုပ်ရှင်ဇာတ်ကားကို ကြည့်ဘူးသူတိုင်း အထက်ပါ ဇာတ်ဝင်ခန်းကလေးကို သတိရကြမယ်ထင်ပါတယ်။ အဲဒီ ဇာတ်ဝင်ခန်းဟာ ဇာတ်လမ်းရဲ့အထွတ်အထိပ်လို့လည်း ပြောလို့ရနိုင်ပါတယ်။

ဇာတ်လမ်းကျောရိုးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတခု။ အဓိက ဇာတ်ကောင်များ အနက် တဦးမှာ နာမည်ကျော် စီအိုင်ဒီ ရဲအရာရှိ ဦးဘချစ်။ နောက်တဦးက ဦးဘချစ်နှင့် လက်ထပ်တော့မည့် ချစ်ဇနီးလောင်း မိန်းမချောကလေး မမြ၀င်း။ ပြီးတော့ ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်။

ဗိုလ်အောင်ဒင်ဆိုသော အနှီဇာတ်ကောင်သည် မွေးရာပါ ဓားပြမဟုတ်။ (ဘယ်သူကတော့ မွေးကတည်းက ဓားပြဖြစ်ပါ့မလဲ)။အဲ... မူလက လူရိုးလူကောင်းဟု ဆိုလိုခြင်း။ ပြည်မြို့မှ စက်သူဌေးဦးသင်းက သူ့လယ်တွေ၊ မြေတွေ၊ စာချုပ်တွေကို မတရားသိမ်းသွားဖြင့် စီးပွားပျက်သွားကာ တနေ့တွင် ရန်ကုန်သို့ အဆင်း လမ်းခရီးတွင် ဦးသင်းကို ပင်ပင်းတိုးမိရာ မတော်တဆ သတ်မိသွားသည်။ အဲသည်ကစလို့ တပည့်ဖြစ်သူ သုခ၏ မြှောက်ထိုးပင့်ကော်လုပ်မှုကို နားယောင်ခြင်းဖြင့် ဓားပြအဖြစ်ကို ရောက်ရှိသွားသူ။ တကတဲ…သူ့အပြစ်ကို တပြားသားမှ မပါဘူး။ အသတ်ခံရသူ ဦးသင်းရဲ့ ခြောက်လုံးပြူးကို ရသွားတဲ့ အချက်ကလည်း ဓားပြဖြစ်ဘို့ အထောက်အကူပြုလိုက်သွားတဲ့ အချက်တချက်ပါဘဲ။

အဲအဲ…ဓားပြဖြစ်သွားပေမယ့် သူ့ပင်ကိုယ်က သနားကြင်နာတတ်တယ်။ ကတိတည်တယ် ဆိုကိုးဗျ။ အဲဒီအချက်က ဇာတ်ကားရဲ့ အသက်လို့လည်း ဆိုနိုင်ပါတယ်။

သူ့ဘ၀မှာ ပထဦးဆုံးအကြိမ် ဓားပြတိုက်တာက ပြည်မြို့က မမြ၀င်းနဲ့ မမြ၀င်းအမေ အားကိုးရာမဲ့ မိန်းမသားနှစ်ဦးတည်းနေတဲ့အိမ်ကို ၀င်ပြီး ဓားပြတိုက်တာ။ အဘွားကြီးက အမျိုးမျိုးတောင်းပန်၊ သမီးဖြစ်သူ မမြ၀င်းကလည်း ရုပ်ကလေးကလှပြန်ဆိုတော့ အဲဒီ သနားကြင်နာတတ်ရုံမက နှာဘူးလည်းကျတတ်ဟန်တူတဲ့ ဗိုလ်အောင်ဒင်ဟာ တန်ဘိုးကြီးတဲ့ ရွှေငွေလက်ဝတ်ရတနာမှန်သမျှ ဘာမှမယူတော့ဘဲ နောက်ဆုံးမှာ ရန်ကုန်သွားဘို့ လမ်းစရိတ်ငွေတဆယ်ကိုသာ တောင်းယူသွားတော့သတဲ့။ မိုက်လိုက်တဲ့ ကိုယ့်လူနှယ်။ မ..ဘက်လိုက်တော့ မိုက်ဘက်ပါ ဆိုတာ ဒါမျိုးဘဲ ဖြစ်မယ်။

ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ ဗိုလ်အောင်ဒင်နေရာက သရုပ်ဆောင်တာ အဲသည်ခေတ်က ပျိုတိုင်းကြိုက်တဲ့ မင်းသားချော ခင်မောင်ရင်။ ဘာပြောကောင်းမလဲ။ ဓားပြကနေပြီး ဟီးရိုးဇာတ်ကောင်ကြီး ဖြစ်သွားလိုက်တာများဗျာ။ “မဲ့ပြုံးလေး ပြုံးလိုက်တာ စွဲလောက်တဲ့ ဗိုလ်အောင်ဒင်”၊ “ရွှေမျက်မှန် ကိုလူချော ဗိုလ်အောင်ဒင်”၊ “ဥပဒေနဲ့ လောင်းကစားတဲ့ ဗိုလ်အောင်ဒင်” စသဖြင့် ၀ိသေသထူးတွေနဲ့ ပရိသတ် အစွဲကြီး စွဲကြတာပေါ့။ အို….မဆီမဆိုင်….လူပုံ ဖြူသွဲ့သွဲ့ နဲ့ ကနွဲ့ကလျ လမ်းလျှောက်တတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် အချောစားကလေးကိုတောင် ပြေးသတိရမိလိုက်သေးတော့။

အဲဂလိုနဲ့ ရန်ကုန်ရောက်တော့ ဗိုလ်အောင်ဒင်ဂိုဏ်းက တစတစ ကြီးထွားလာပြီး ရန်ကုန်မြို့လယ်ခေါင် မဂိုလမ်းတို့ ဘာတို့မှာတောင် နေ့ခင်းကြောင်တောင် ဓားပြတိုက်တဲ့ အထိ အတင့်ရဲလာတယ်။ သတင်းစာတွေကလည်း ပုလိပ်တွေ အစွမ်းအစ မရှိပုံကို ဝေဖန်ကြတာပေါ့။ (သြော်..ဒါလား။ အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့်ရှိတယ်ကွဲ့။ မောင်ရင်တို့ ခေတ်နဲ့ မတူဘူး။ ကြားလား…ကလေးတွေ၊ အတွန့်တက်မယ် မကြံနဲ့။)

သတင်းစာတွေက အမျိုးမျိုး အော်လာကြတော့ နောက်ဆုံးမှာ ပုလိပ်မင်းကြီးခမြာ မနေသာတော့ဘဲ အရည်အချင်းရှိတဲ့ ပုလိပ်စုံထောက်အရာရှိ ဦးဘချစ်ကို ခွင့်နဲ့အနားယူနေရာက ရန်ကုန်ကို အမြန်ဆုံးပြန်ခေါ်ပြီး တာဝန်ပေးရတယ်။ (မှတ်ချက်။ ။စုံထောက်ဆိုတာက အမည်လှသော်လည်း ပြောင်းပြန်လှန်ရင် အဓိပ္ပါယ်ကောင်းတဲ့ စကားလုံးမဟုတ်။) အဲဒီအချိန်က စုံထောက်အရာရှိ မောင်ဘချစ်က ပြည်မြို့က ရွှေဆံတော်ဘုရားကြီးမှာ သူ့ချစ်သူ မမြ၀င်းကလေးနဲ့ နှစ်ကိုယ်သစ္စာထားနေတဲ့အချိန်ပေါ့။

ဦးဘချစ်ခမြာလည်း ရန်ကုန်ကို အရေးပေါ် ပြန်လာပြီး လိုက်လံစုံစမ်းတော့ ဗိုလ်အောင်ဒင် ဆိုတဲ့ ငနဲဟာ အဲသည်ခေတ် လူကုံတန်အသိုင်းအ၀ိုင်းမှာ အရမ်းဝင်ဆန့်တယ်။ ပါတီကြီးတွေ အကြီးအကျယ်ပေး။ ကလပ်တွေဘာတွေမှာ လောင်းကစားကြပြန်ပြီဆိုရင်လည်း အကြီးအကျယ် ငွေအရှုံးခံနိုင်တယ်။ လုံးဝ မဖြုံဘူး။ အလုပ်ကလည်း မယ်မယ်ရရမရှိ၊ မိဘမျိုးရိုးက ချမ်းသာလှတာမဟုတ်ကြောင်းသိလာရတဲ့အခါမှာ ပုလိပ်မျက်စိနဲ့ မသင်္ကာစရာ ဖြစ်လာတော့တာပေါ့ခင်ဗျာ။ တကယ်ဆိုရင် ဒီဘက်ခေတ်မှာ ဦးတေဇတို့လို ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကြီးပွားလာမျိုးဆိုရင်တော့ ဘာ မသင်္ကာစရာရှိသလဲပေါ့။ ဟုတ်ဘူးလား။

အဲဒီလို ဦးဘချစ်တို့က နောက်ယောင်ခံ စောင့်ကြည့်နေတုန်းမှာ ဗိုလ်အောင်ဒင်ရဲ့ တပည့် တယောက် အမှားလုပ်တယ်။ နာမည်က ရာမ တဲ့။ သူက ဗိုလ်အောင်ဒင်ကို သိပ်ကြည်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ သူ့ဘာသာသူ သပ်သပ် တစင်ထောင်ချင်နေတဲ့သူ။ အဲဒီ ရာမက ဓားပြတိုက်ရင်း ဗိုလ်အောင်ဒင်အတန်တန်မှာထားတဲ့ ကြားက သေနတ်ကို ထုတ်သုံးမိလို့ လူသတ်မှုဖြစ်တယ်။ သတင်းကြားတော့ ဗိုလ်အောင်ဒင်က ရာမ ပုန်းနေတဲ့နေရာကို လိုက်သွားတယ်။ အဲသည်နေရာမှာ နောက်တကြိမ် သေနတ်ပစ်မှုထပ်ဖြစ်ပြီး ရာမလက်ချက်နဲ့ ရာမရဲ့ဇနီး သိန်းရင် သေသွားပြန်တယ်။ သေမှာပေါ့။ ပစ်မယ်မှန်းသိသိနဲ့ ဗိုလ်အောင်ဒင်က သိန်းရင်ကို ရှေ့ကထားပြီး ရာမပုန်းနေတဲ့ အခန်းထဲကို ၀င်လိုက်တာကိုး။ အဲသည်အချိန်မှာဘဲ နောက်ယောင်ခံလိုက်လာတဲ့ ဦးဘချစ်တို့ ရဲတွေ ရောက်လာပြီး အားလုံးကို လက်ရဖမ်းတယ်။ ရာမက ဗိုလ်အောင်ဒင်ကို အစကတည်းက မုန်းနေသူပီပီ အကုန်ဖော်တယ်။ ပုလိပ်ကို ဗိုလ်အောင်ဒင်ဟာ သူတို့ ခေါင်းဆောင် ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်ဘဲလို့ ထုတ်ပြောတယ်။

ဦးဘချစ်က ဗိုလ်အောင်ဒင်ကို ဒီမတိုင်မီကတည်းက ရင်းနှီးကြသူတွေ ဖြစ်တာကြောင့်တကြောင်း၊ နောက် ဗိုလ်အောင်ဒင်က လူကုံထံအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်သူဆိုတော့ သူ့အနေနဲ့ သက်သေမခိုင်မာသေးတဲ့ အမှုတခုမှာ ဗိုလ်အောင်ဒင်ကို ရဲစခန်းမှာ ချက်ချင်းဖမ်းမချုပ်နိုင် သေးတာကြောင့်တကြောင်းလို့ ထင်တယ်။ မျက်နှာကြီးတရားခံကို သူ့အိမ်မှာဘဲ ရာဇ၀တ်အုပ်ကလေး အစောင့်အရှောက်နဲ့ ခဏခေါ်ပြီး ရဲစစ်ချက်ယူဘို့ ကြိုးစားတယ်။ ဒါပေမယ့် ရဲစခန်းမှာ မထားဘဲ သူ့အိမ်မှာ ခေါ်ထားလိုက်တဲ့အချက်ကတော့ ဦးဘချစ် တော်တော်ရှော်တယ်လို့ ဆိုရမယ်။

ဗိုလ်အောင်ဒင်ကတော့ “ကျုပ်တပည့် ရာမက ကျုပ်ကိုမုန်းလို့ပြောတာနဲ့ ကျုပ်က ဓားပြဗိုလ်ဖြစ်ရရောတဲ့လား။ ခင်ဗျားတို့ ပုလိပ်မှာ ဘာသက်သေမှ မယ်မယ်ရရမရှိဘူး။ ဒီတော့ ကျုပ်အနေနဲ့ကတော့ ၀တ်လုံငှားပြီး ထွက်ပေါက်ရှာမယ်လေ။ ဒါဘဲ” တဲ့။ ဒါပေမယ့် သူ့ဆီက သိမ်းဆည်းရမိထားတဲ့ ပြည်မြို့က စက်သူဌေးဦးသင်းရဲ့ ခြောက်လုံးပြူးကိစ္စနဲ့ ပတ်သက်လို့ တော့ ဦးဘချစ်က ဆက်လက်မေးမြန်းစရာတွေ ရှိနေသေးသပေါ့။

အဲဒီအချိန်က တိုက်တိုက်ဆိုင်ဆိုင် မမြ၀င်းတို့ သားအမိကလည်း ရန်ကုန်ကို ဘုရားဖူးလာရင်း ဦးဘချစ်အိမ်မှာ တည်းနေတဲ့အချိန်။ ဦးဘချစ်က ဗိုလ်အောင်ဒင်ဆီက စစ်ချက်ယူနေတုန်းမှာပဲ ဦးဘချစ်ကို သူ့အထက်လူကြီး (ရဲမင်းကြီး)ကလှမ်းခေါ်လို့ ဦးဘချစ် ချက်ချင်း သွားရတယ်။ သွားကာနီးမှာ “ဦးအောင်ဒင်၊ လူကြီးလူကောင်းတယောက်လို နေရစ်မယ်လို့ ကျနော်ယူဆပါတယ်” လို့ ပြောပြီး ရာဇ၀တ်အုပ်ကလေးတယေက်ရဲ့ စောင့်ရှောက်မှုနဲ့ ဗိုလ်အောင်ဒင်ကို သူ့အိမ်မှာ ခဏထားရစ်ခဲ့ရတယ်။

အဲသည်တချိန်လုံးမှာ မမြ၀င်းက ဧည့်ခန်းထဲမှာ စန္ဒရားတီးဘို့လုပ်နေတုန်း စန္ဒရားက ကီးကြောင်နေလို့ အခက်တွေ့နေတယ်။ ဦးဘချစ် ထွက်မသွားခင်က ပြင်ပေးဘို့ နားပူတော့လည်း သူပြန်လာမှ ပြင်ပေးမယ် ပြောပြီး ထွက်သွားတယ်။ အဲဒီမှာ ဗိုလ်အောင်ဒင်က နည်းနည်းပါးပါး နားလည်တော့ ၀င်ပြင်ပေးလိုက်တယ်။ မမြ၀င်းကလည်း ဗိုလ်အောင်ဒင်ကို တီးတတ်ရင် တလက်စတည်း သီချင်း တပုဒ်လောက်တီးပြပါဆိုတော့ နံဘေးက ရာဇ၀တ်အုပ်ကလေးရဲ့ ခွင့်ပြုချက်နဲ့ ဂန္ဓမာတောင် ဘွဲ့ကို ဆိုတီး တီးပြရတယ်။ သီချင်းတ၀က်လောက်ရောက်တော့ မမြ၀င်းနဲ့ ရာဇ၀တ်အုပ်ကလေး ဂီတရေယဉ်ကြောမှာ နစ်မျောနေတုန်း ရုတ်တရက် ၀ုန်းကနဲ ထတည့်ပြီး ရာဇ၀တ်အုပ်ငနဲကို လက်သီးစာကျွေး၊ ကြိုးနဲ့တုပ်၊ သူ့တပည့်သုခကို လှမ်းခေါ်၊ ကားနဲ့ အိမ်ရှေ့ကစောင့်ခိုင်း။ မမြ၀င်းကိုပါ ဓားစာခံခေါ်ပြီး ကရင်တွေနေတဲ့ တောင်ပေါ်ဒေသကို ကားတတန်၊ ဆင်တတန် ထွက်ပြေးတော့တာဘဲ။ အမှန်ကတော့ ကားနှစ်တန်ခွဲ၊ ဆင်သုံးတန်လောက်ဆိုရင် ပိုမှန်မယ်။ စကားစပ်မိလို့ ပြောရရင် ဘဘလီတို့ ကျွန်းနိုင်ငံမှာ ဟိုတလောက အချုပ်စခန်းကနေ လွတ်ပြေးတဲ့ မက်စ် ဆီလာမက် ကတော့ စန္ဒယားတီးခွင့် ရလိုက်ပုံမရဘူး။ အိမ်သာတက်ရင်းတန်းလန်း ထွက်ပြေးရတာဆိုတော့။

တောင်ပေါ်စခန်းကို ရောက်တော့ ဗိုလ်အောင်ဒင်တယောက် မမြ၀င်းရဲ့ အမုန်းဒဏ်ကို ခံရ။ ဒါပေမယ့် သိတယ်မို့လား။ ဗိုလ်အောင်ဒင်အဖို့ကျတော့ ပထမဦးဆုံးအကြိမ် ဓားမြတိုက်က တည်းက မမြ၀င်းကို တဖက်သတ် စွဲလမ်းခဲ့တာလေ။ ဒီတော့ အခုလို ပြန်တွေ့ရတဲ့အချိန်မှာ… ရင်မှ အကြင်နာ ညင်သာစွာဘဲ နိုးထလာပြန်ပြီ… ဖြစ်ကုန်တော့တာပေါ့။ မမြ၀င်းကတော့ ခါးခါးသီးသီးပေါ့။ သူ့မှာ လက်ထပ်တော့မယ့် ရည်းစားကြီး ငုတ်တုတ် ရှိတာမဟုတ်လား။

တနေ့မှာ ထုံးစံအတိုင်း တပည့်ဖြစ်သူ သုခရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုနဲ့ မမြ၀င်းကို အကဲစမ်းဘို့ ဗိုလ်အောင်ဒင်က ကြိုးစားတယ်။ အဲသည်မှာ မမြ၀င်းက ဗိုလ်အောင်ဒင်ကို အသင့်ဝှက်ထားတဲ့ ဓားနဲ့ တွက်လိုက်တာ ဗိုလ်အောင်ဒင် အီတွန့်ပွမ်သွားတယ်။ ဒါပေမယ့် ဗိုလ်အောင်ဒင်က လူဆိုးပေမယ့် ကြင်နာသနားတတ်တယ်လေ။ အပြစ်မယူပါဘူး၊ ဗွေမယူပါဘူးပေါ့ကွယ်။ မမြ၀င်းကိုတော့ တော်တော်လန့်သွားပုံရတယ်။ အဲဒါနဲ့ သူတော်ကောင်းကြီး ဗိုလ်အောင်ဒင်က သူ့တပည့် သုခကို မှာတယ်။ မမြ၀င်းကို ကောင်းကောင်းမွန်မွန် ပြန်ပို့ပေးလိုက်ပါပေါ့။

ဒါပေမယ့် မမြ၀င်းက အဲသည်မှာ ဗိုလ်အောင်ဒင်ကို စပြီး ဂရုဏာသက်တယ်။ မိန်းမများ... ဖြစ်ပုံက... ဖြစ်ပုံက။ သူထိုးလိုက်တဲ့ ဓါးဒဏ်ရာ ပျောက်တော့မှ ပြန်တော့မယ်ပေါ့။ မြ..အဲသည်လောက်အထိ မရည်ရွယ်ပါဘူး။ ဒါကြောင့် ဖွဖွလေး ထိုးလိုက်တာပါ..ဘာညာပေါ့။ အဲသလိုနဲ့ အိုးချင်းထား၊ အိုးချင်းထိပြီး သံယောဉ်ဇဉ်တွေဖြစ်ကြ။ ကလေးတို့ရေ…ဒီနေရာမှာ စကားဖြတ်ပြီး ပြောရရင်… သင်ခန်းစာက ကိုယ့်ကို မုန်းနေတဲ့ မိန်းမတယောက်ရဲ့ အချစ်ကို ရချင်ရင် အဲဒီမိန်းမရဲ့ ဓားနဲ့ အထိုးခံဘို့ အရင်ကြိုးစားရမကွဲ့။ ပြီးမှ ကိုယ်ကခွင့်လွှတ်ပြလိုက်။ ဘယ်မိန်းမမှ မခံနိုင်ဘူး။ ကြွေဆင်းသွားမယ်။ အဲ…အဲ…ဓားဒဏ်ရာနဲ့ ကိုယ်က အရင် ကြွေမသွားဘို့တော့ လိုသပေါ့ ကွယ်။ ဒေါက်တာနေ၀င်းမောင်တို့ ပြောပြောနေတဲ့ ကိုယ့်ဘက်က သဘောထားကြီးပြရေး ဖီလော်ဆော်ဖီဆိုတာ ဒါမျိုးပေါ့ကွယ်။

မမြ၀င်းလေးခမြာမှာ သူ့အမေကိုလည်း ပူပန်၊ ကိုကိုချစ်ကိုလည်း သတိရ၊ ဟော အခု ဗိုလ်အောင်ဒင်နဲ့ကလည်း သံယောဇဉ်တွေ ဖြစ်ဆိုတော့ သူခံစားနိုင်တာထက် အများကြီးပိုပြီး ခံစားမှုတွေပေါင်းစုံ အမျိုးသားညီလာခံကြီးကျင်းပလိုက်တော့ နောက်ဆုံး နာမကျန်းဖြစ်ပြီး ဗုန်းဗုန်းလဲကျ တော့တာပေါ့။ အဲဒါနဲ့ဘဲ ပြည်မြို့က ဒေါက်တာစံသိန်းကို တဖက်လှည့်နဲ့ ညကြီးမင်းကြီး လူနာပင့်ခေါ်။ ပေါင်းတည်မှာ လူနာကြည့်ဘို့လို့ ညာပြောပြီး မြို့နဲ့ဝေးလာတော့မှ မျက်စိကို အ၀တ်စည်း။ တောင်ပေါ်ကို ဆင်နဲ့ ပင့်။ မမြ၀င်းကိုနာမကျန်းဖြစ်တာကို ဆေးကုသခိုင်း။ လူနာရောဂါပျောက်မှ ခြေကြွခ ရက်ရက်ရောရော ပေးပြီး ပြန်လွှတ်။ အပြန်မှာလည်း မျက်စိအ၀တ်စည်းသေးတယ်တဲ့။ အခုခေတ် စစ်ထောက်လှမ်းရေးတွေ ကျောင်းသားတွေကို ဖမ်းရင် မျက်စိကို အ၀တ်စည်းတာ ဒါရိုက်တာရွှေဒုံးဘီအောင်ရဲ့ ပယောဂ မကင်းဘူးလို့ ထင်တယ်။

ဦးဘချစ်တို့ပုလိပ်အဖွဲ့က ဒေါက်တာစံသိန်းရဲ့ မှန်းဆထွက်ဆိုချက်အရ ဖြစ်နိုင်ချေ ရှိတဲ့ နေရာတွေကို တောနင်းရှာ။ နောက်ဆုံးမတော့ ဗိုလ်အောင်ဒင်တို့ စခန်းနားလည်း ရောက်ရော ဗိုလ်အောင်ဒင့်တပည့်တွေ ခြုံခိုတိုက်ခိုက် ဖမ်းဆီးတာကို ခံရပြီး ကျားရှေ့မှောက်လျက်လဲဆိုသလို ဗိုလ်အောင်ဒင်ရဲ့ ရှေ့တော်မှောက်ကို ရောက်လာခဲ့ရတယ်။

သူ့လက်ခုပ်ထဲက ရေဘ၀ရောက်လာပေမယ့် ဗိုလ်အောင်ဒင်က သူတော်ကောင်းပီပီ ဦးဘချစ်တို့ကို အဆုံးမစီရင်ပါဘူး။ လူသတ်မှုသက်သေခံအဖြစ် ဦးဘချစ် သိမ်းယူထားတဲ့ ပြည်မြို့က စက်သူဌေး ဦးသင်းရဲ့ ခြောက်လုံးပြူးကိုဘဲ ပြန်တောင်းပါတယ်။ ခြောက်လုံးပြူးရရင် ပြန်လွှတ်မယ်ပေါ့။

ဦးဘချစ်အနေနဲ့ကတော့ Duty is duty ပေါ့လေ။ အလုပ်ဝတ္တရားကို ဖောက်ဖျက်ဘို့ မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီး သူ့ကို ဗိုလ်အောင်ဒင်က သတ်လို့ သေလိုက်ရတာကမှ ဖြေသာပါဦးမယ်။ အခုလို သူ့ချစ်သူ ဇနီးလောင်း မမြ၀င်းနဲ့ ဗိုလ်အောင်ဒင်တို့ တဦးနဲ့ တဦး မေတ္တာမျှနေတာ မြင်ရတာကကိုဘဲ ရည်စားလူလု ရွှေဥကြမ်းညပ်..အဲလေ..အူနုကျွဲခတ် ဆိုသလို ဦးဘချစ်ခမြာ ပိုပြီး အသည်းနာတာပေါ့။ တကယ်ဆိုရင် မမြ၀င်းနဲ့ သူနဲ့က ပြည်မြို့ ရွှေဆံတော်ဘုရားကြီးမှာ သွေမပျက်ဘို့ သစ္စာထားခဲ့ကြတာမို့လား။

ဗိုလ်အောင်ဒင်ဘက်က ကြည့်ပြန်ရင်လည်း သူသာ တကယ်တော့ မမြ၀င်းကို အရင်ဆုံး စတွေ့ခဲ့သူ။ ချစ်ခဲ့သူ။ ပထမဦးဆုံးအကြိမ် ဓါးပြတိုက်တုန်းက အားကိုးရာမဲ့တဲ့ မိန်းမသားတွေ ဆိုပြီးတော့ ကျုပ်အနေနဲ့ လမ်းစားရိတ်ငွေတဆယ်ဘဲ ယူခဲ့တယ်မို့လား… ဘာညာ သာရကာနဲ့ ချေးခြောက်ရေနှူးပြီး မမြ၀င်းကို သူ့ဘက်ပါအောင် ငိုပြ။ အခုလောလောဆယ် မမြ၀င်းကလည်း သူ့ကို ပြန်ချစ်နေပြီဆိုတော့ ဦးဘချစ်လက်ထဲ ပြန်ထည့်လိုက်ဘို့ဆိုတာက သဘောထားကြီးတဲ့လူပေမယ့်လည်း ထင်သလောက်မလွယ်။ ဒါကြောင့်ပြောတာ။ လောကကြီးမှာ ကိုယ်မပိုင်တဲ့ သူများပစ္စည်းကို ကူညီချင်လို့ဘဲဖြစ်ဖြစ်၊ ကယ်တင်ချင်လို့ဘဲ ဖြစ်ဖြစ် အတင်းအဓမ္မ ကြာရှည်သဖြင့် လက်ဝယ်ထားရှိတာဟာ မကောင်းဘူးကွဲ့။ အချိန်တန်လို့ ပိုင်ရှင်က ပြန်တောင်းတဲ့အခါကျမှ ဒါကြီးကို ကိုယ်က သံယောဇဉ်တွယ်နေပါပြီ။ ပြန်မပေးနိုင်တော့ပါဘူးဆို…အရပ်ရပ် နေပြည်တော် ကြားလို့ဘယ်တော်ပါတော့မလဲ။ ဟုတ်ဘူးလား။ နေပြည်တော်ဆိုလို့ ကြပ်ပြေးကိုလည်း ပြေးမမြင်နဲ့ဦး။ ဆိုရိုးစကားကို ဆိုရိုး စကားလိုဘဲ ရိုးရိုးသားသားဖတ်ကြပါ။ ခင်ဗျားတို့ ခက်တယ်ဗျာ။ ပြောပြောနေရတယ်။

အဲသည်လို ဦးဘချစ်နဲ့ ဗိုလ်အောင်ဒင်တို့ အသီးသီး အသက အသက မမြ၀င်းကို ကိုယ့်ဘက်ယိုင်အောင် အိုဘားမားနဲ့ ကလင်တန်တို့ မဲဆွယ်သလို အပြိုင်အဆိုင် သွေးဆောင်နေတဲ့အချိန်မှာ တကယ်အကြပ်ရိုက်နေရရှာသူကလေးကတော့ မမြ၀င်း။

မမြ၀င်းဘက်က ကြည့်ရင် ဦးဘချစ်က သူ့ချစ်ဦးသူ။ ဘုရားမှာ နှစ်ကိုယ်တူသွေမပျက်ဘို့ သစ္စာထားခဲ့သူ။ လက်ထပ်တော့မယ့်သူ။ ဒီဇာတ်လမ်းမှာ ဗိုလ်အောင်ဒင် ၀င်ဖျက်လို့ သူ့မှာ လှေနံနှစ်ဖက်နင်းတဲ့ မိန်းမဘ၀ကို ရောက်ရတဲ့သူ။ ဒါပေမယ့်လည်း တဖက်ကကြည့်ပြန်တော့ ဗိုလ်အောင်ဒင်ကိုလည်း လုံးလုံးကြီး ပစ်ပစ်ခါခါပြုလို့မရ။ တောင်ပေါ်စခန်းမှာ နေခဲ့စဉ်ခဏ သံယောဇဉ်တွေက ချည်နှောင်ခဲ့ရပြီလေ။ ….အကိုကြီး... မြအပေါ်မှာ ထားခဲ့တဲ့ စေတနာတွေ၊ အကြင်နာတွေ၊ အယုယတွေကို ဟောဒီ မိမြက ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ မေ့ပျောက်လို့ ရနိုင်တော့မလဲ…..။

အဲသလိုနဲ့ မဝေခွဲနိုင်မှုတွေအကြားမှာ မမြ၀င်းခမြာ မျက်ရည်လည်ရွဲနဲ့ ငါးရံ့ပြာလူးသလို ထွန့်ထွန့်လူးအောင် ခံစားနေရရှာသပေါ့။ အဲသည်မှာတင် အကြံကောင်းပေးမယ့် တတိယအုပ်စုလို လူတယောက် ပေါ်လာတယ်။ (ဆရာတင်မောင်သန်းကို စောင်းမြောင်း ရေးခြင်းမဟုတ်ပါ။) ဦးဘချစ်နဲ့အတူပါလာတဲ့ ပုလိပ်အရာရှိတယောက်ဘဲ။ သူ့အလိုအရ ဗိုလ်အောင်ဒင်ရော၊ မမြ၀င်းရော၊ ဦးဘချစ်ရော ဘယ်သူမှ မမှားဘူး။ ကံကြမ္မာကကို သည်လိုဖန်တီးလာလို့ သည်စခန်းဆိုက်တာ။ သည်တော့ သည်ကိစ္စမှာလည်း ကံစီမံရာဘဲ။ ကံကြမ္မာကိုဘဲ ဆုံးဖြတ်ခိုင်းမယ်။ ကဲ.... မပိုင်လား။ တတိယအုပ်စုမှန်ရင် ဥာဏ်ပညာနဲ့ ပြည့်စုံတယ်မှတ်။

“ဦးအောင်ဒင်ကလည်း လက်ကိုင်ပုဝါ တထည်ပေးပါ။ ဆရာဦးဘချစ်ကလည်း လက်ကိုင်ပုဝါ တထည်ပေးပါ။ ဒီလက်ကိုင်ပုဝါနှစ်ထည်ကို သည်ကွပ်ပျစ်ပေါ်မှာ ချထားမယ်။ ဟောဒီက ငါ့တူမကြီးကိုတော့ မျက်စိကို အ၀တ်စည်းရမကွဲ့။ ဦးက ဆွဲဆိုတဲ့အချိန်မှာ ငါ့တူမက ကွပ်ပျစ်ပေါ်မှာ ချထားတဲ့ လက်ကိုင်ပုဝါနှစ်ထည်ကို ဆွဲရမယ်။ စပြီး လက်ထဲကို ဆွဲမိတဲ့ လက်ကိုင်ပုဝါ ပိုင်ရှင်ဟာ ငါ့တူမကြီးရဲ့ ဖူးစာရှင်ပေါ့ကွယ်။” ……လို့ အခါတော်ပေး ဆရာကြီးက အကြံကောင်းပေးတယ်။

ဦးဘချစ်ရော၊ ဗိုလ်အောင်ဒင်ရော၊ ကျန်တဲ့လူတွေအားလုံးက ဒီအစီအစဉ်ကို သဘောတူကြတယ်။

ဒါပေမယ့် မမြ၀င်းမှာ ပူပန်နေတာ တချက်ရှိတယ်။

“ကိုကိုချစ် သဘောတူနိုင်မှ တူတယ်ပြောနော်။ နောက်တော့မှ မြ ကိုလေ... သစ္စာမရှိတဲ့ မိန်းမရယ်...လို့ စိတ်နဲ့တောင် မပြစ်မှားရဘူးနော်”

“ကိုကိုချစ် သဘောတူပါတယ် မြ ရယ်”

အဲ...အဲ... ဒိုင်လူကြီး တတိယအုပ်စုသမားမှာလည်း ပြောစရာ နည်းနည်းကျန်သေးတယ်။

“….ဒီကိစ္စမှာ တယောက်ယောက်က ရှုံးနိမ့်သွားခဲ့ရင် မင်းမှာသစ္စာ လူမှာကတိ ဆိုတဲ့အတိုင်း... လူကြီးလူကောင်းပီပီ.... ”

အာ….ဒီလူ ဒီလောက်ပြောနေတာကို ဗိုလ်အောင်ဒင် အားကြီး စိတ်ဆိုးတယ်။ သူ့ကို သက်သက်မဲ့ စော်ကားနေတယ်လို့ ယူဆတယ်။

“ဘာလဲ….ခင်ဗျားက ကျုပ်ကို ရည်စူးပြီး ပြောနေတာလား။ ဗိုလ်အောင်ဒင်ဟာ ဓားပြဗိုလ် လူဆိုးဗိုလ် ဆိုပေမယ့် ခင်ဗျားတို့ထက် အများကြီး သစ္စာရှိတယ်။ ဒီမယ်….ကျုပ်ရှုံးရင် ပြုံးနေလိုက်မယ်။ ကျုပ်နိုင်ရင်သာ ခင်ဗျားတို့ မျက်နှာတချက်မပျက်ကြနဲ့။ အားလုံး ဒုက္ခရောက်သွားမယ်” တဲ့။

အဲသည်လိုနဲ့ မမြ၀င်းတယောက် မျက်နှာကို အ၀တ်စည်း။ အခါပေးဆရာကြီးက လက်ကိုင်ပုဝါ နှစ်ထည်ကို ကွပ်ပျစ်ပေါ်မှာ အသာချ။ မမြ၀င်းဟာ ရင်တမမနဲ့ အသက်ကို အောင့်ပြီး ပုဝါစကို ဆွဲလိုက်တယ်။

“ဟင်…..ကိုကိုချစ် လက်ကိုင်ပုဝါပါလား….”



ရုပ်ရှင်ထဲမှာတော့ ဗိုလ်အောင်ဒင်ဟာ ကတိအတိုင်း သူရှုံးတဲ့အခါမှာ ပြုံးနေလိုက်တယ်။ သူတပည့်တွေကိုလည်း ညွှန်ကြားတယ်။ ဦးဘချစ်တို့ မမြ၀င်းတို့ကို နေမ၀င်ခင် ဆင်နဲ့ ပြန်ပို့ပေးဘို့ကိုပေါ့။ သူကိုယ်တိုင်ကတော့ အသည်းကွဲပြီး ကျန်ရစ်ခဲ့တာပေါ့။

ဒီဇာတ်ကားကို ကြည့်တော့ ဗိုလ်အောင်ဒင်ဟာ လူဆိုးဗိုလ်၊ ခိုးဆိုး၊ လုယက်၊ ဓါးပြတိုက် မကောင်းမှုတွေ ကျူးလွန်ခဲ့ပေမယ့် ပေးထားတဲ့ ကတိကိုတော့ တည်တာတွေ့ရတယ်။ နောက်ဆုံးမှာ သူ့ကတိအတိုင်း ဦးဘချစ်တို့ မမြ၀င်းတို့ကို ပြန်လွှတ်လိုက်တာတွေ့ရတော့ စောစောပိုင်းက မဟုတ်တရုတ် လျှောက်လုပ်ခဲ့တဲ့ သူ့အပြစ်တွေကိုတောင် ခွင့်လွှတ်ချင်သလို လို ဖြစ်လာတယ်။ ပရိတ်သတ်ကြီးမှာ သူ့ကို သနားစိတ်တောင် ၀င်လိုက်မိသေးရဲ့။ ဗမာတွေ ခွင့်လွှတ်တတ်ပုံများ ပြောပြပါတယ်။

ကျနော်လည်း တွေးမိတယ်လေ။

သူခိုးဓါးပြတိုင်းသာ ဗိုလ်အောင်ဒင်လို ကတိတည်တတ်မယ်ဆိုရင် လောကကြီးက တော်တော်သာယာမယ်လို့။

မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။
(၁) “ဗိုလ်အောင်ဒင်ဟေ့.. ဗိုလ်အောင်ဒင်”
(၂) ဘားမားတူဒေးတွင် တင်ခဲ့သောပို့စ်
Read more

“တခါတုန်းက ရလွတ်ပလွတ်”

ရလွတ်ပလွတ်ရွာကလေးတွင် ကိုပေတရာမိသားစုကို မသိသူမရှိ။ ကလေးတွေ တပြုံတမနှင့် ဆင်းရဲသည့် နေရာတွင် ကာက၀လ္လိယ လင်မယားက အဘ ခေါ်လောက်ပေသည်။ ကိုပေတရာသည် လက်သမားအလုပ်ဖြင့် အသက်မွေး၍ ဇနီးဖြစ်သူ ရှင်ဂွက်ထော်က အကြော်ရောင်းလေသည်။

အနှီ ပေတရာနှင့် ရှင်ဂွက်ထော်တို့ လင်မယားတွင် အလကားကျော်စွာ၊ ဗညားပိစိ၊ ညောင်ရမ်းဂွတို၊ ပေတရာဂျူနီယာ၊ ဂျူလိယက်ဂွက်ထော် ဆိုသော သားသမီးများ ရှိကြလေသည်။ နေသည့်အိမ်မှာလည်း… “အကာဆူးခက်၊ အင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကျဲကျဲ၊ ၀က်သိုက်တဲတွင်၊ အုတ်ခဲခေါင်းအုံး၊ အိုးတလုံးဖျာမရှိ၊ ဘူမိကမ္ဗလာ၊ မြေမွေ့ရာနှင့်၊ ချူချာတော်မူလှသော၊ ကာက၀လ္လိယ၊ မွဲပြာကျမောင်နှံ၊ စံသည့်အိမ်တော်” ကဲ့သို့ပင်တည်း။ (ဤဘလော့ဂါသည် စာစပ်သည့်နေရာတွင် စလေဆရာဦးပုညလောက်နီးနီး လက်စွမ်းထက်ပါပေသည်။ ထက်ပေမပေါ့… ကာက၀လ္လိယ ၀တ္ထုထဲက တိုက်ရိုက်ကူးချထားတာကိုး… ဟိုးဟိုး)

သို့သော် ပေတရာသည် ခေတ်အမြင်ရှိသူဖြစ်သည်။ သားအကြီးဆုံးဖြစ်သော အလကားကျော်စွာကို မရှိမဲ့ ရှိမဲ့ထဲက ခြစ်ခြုတ် စုဆောင်းကာ လောကဓါတ်ပညာများကို သင်ယူစေသည်။ အလကားကျော်စွာသည် ပညာထူးချွန်သူဖြစ်၍ ရလွတ်ပလွတ်အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်သောအခါ တောင်ပုလုမြို့ ဆေးတက္ကသိုလ်သို့ “စကောလား စကာလားရှစ်” ဖြင့် တက်ရောက်သင်ကြားရလေသည်။

တက္ကသိုလ်သို့ရောက်သောအခါ အလကားကျော်စွာသည် မိမိ၏ ဆင်းရဲမွဲတေသော အဖြစ်ကို ရှက်သည်။ မိမိအတန်းဖော် သူငယ်ချင်းတို့က မိမိတို့ဖခင်သည် ဆေးဆရာကြီး ဦးဘယ်သူ၊ ဗြဲတိုက်ဝန် ဦးဘယ်ဝါ၊ ရွှေတိုက်စိုး ဦးဘယ်ဒင်း စသဖြင့် ဂုဏ်ပုဒ်များကို အပြိုင်အဆိုင် ဂုဏ်ယူနေကြချိန်ဝယ် အလကားကျော်စွာသည် မိမိ၏ ဖခင်မှာ လက်သမားကြီး ဦးပေတရာပါဟု ထုတ်ဖော်ပြောကြားရမည်ကို ရှက်နေလေသည်။ ထို့ကြောင့် သူ့ဖခင်၏ အလုပ်အကိုင်ကို ကုန်သည်လိုလို ဘာလိုလို ထိန်ဝှက်ထား၏။ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်သော ဖခင်များအတွက် သူတို့သားသမီးများက ဂုဏ်ယူဝင့်ကြွားနေကြစဉ်ဝယ် မိမိတတ်သောပညာဖြင့် ရိုးသားစွာ အသက်မွေးရှာသော ဖခင်အား အလကားကျော်စွာသည် အဘယ်ကြောင့် ရှက်ရွံ့လေသည်မသိ။ (မစန္ဒာရဲ့ အရေးအသားလေးနဲ့ မတူဘူးလား...အဟိ။ ခိုးချထားတာ... ခိုးချထားတာ။)

တရက်တွင် တောင်ပုလုမြို့ရှိ ဆေးတက္ကသိုလ်အဆောင်ကို ပြုပြင်ရာ လက်သမားကြီး ဦးပေတရာ လာရောက်ပြုပြင်ရသည်။ ထိုအချိန်တွင် ကျောင်းအဆင်းတွင် သူငယ်ချင်းနှင့်အတူ ပြန်လာသော သားဖြစ်သူ အလကားကျော်စွာကို မြင်ရ၍ ဦးပေတရာက သားဖြစ်သူကို ၀မ်းသာအားရ လှမ်းလက်ပြနှုတ်ဆက်ရှာသည်။ သို့သော်အလကားကျော်စွာက ရှက်သဖြင့် မမြင်ချင်ယောင်ဆောင်နေ၏။ သူငယ်ချင်းဖြစ်သူက “မင်းရဲ့အမျိုးလား”ဟု မေးသောအခါ အလကားကျော်စွာက “ငါတို့ ရပ်ကွက်ထဲက လူကြီးပါကွာ” ဟု ပြန်ပြောသည်ကို ဦးပေတရာကြားသွားလေသည်။ ခေတ်စကားနှင့်ပြောရလျှင် ကိုပေတရာကြီး heart ထိသွားသည်။ (ဤနေရာတွင် ၀တ္ထုအသွားမှာ မစန္ဒာ၏ “တိမ်ဖုံးပါလို့ လမသာ” (ရုပ်ရှင်အမည်… ပန်းသီတဲ့ကြိုး) ဇာတ်ကွက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တူနေသည်ကို တွေ့ရပါအံ့။ တူမှာပေါ့… ခိုးချထားတာကိုး… ဟိုးဟိုး)

….တေဒူးထန့်…. ဘူနောင်တေးဘူ…ထန့်ဗျော်ဘူ…. တေဒူးထန့်… ဘူနောင်တေးဘူ… ထန့်ဗျော်ဘူ…. (လွမ်းခန်းလာတော့မှာမို့ Intro တီးလုံးဝင်ခြင်း)။

သို့နှင့်... ပေတရာမှာ ဝေဒနာကို မဖြေသာဘူးဆိုကာ သေရွာသို့ မြန်းလေတော့သည်။ (ကဲ... ပရိသတ်ကြီး စတင်လွမ်းနိုင်ပါပြီ။)

ရှင်ဂွက်ထော်လည်း လင်ဆိုးမယားတဖားဖား…. အဲလေ… လင်သေမုဆိုးမ တရွရွ… အဲလေမှားပြန်ပဟ…. လင်သေမုဆိုးမဘ၀ ဒုက္ခလှလှကြီးတွေ့ပြီး လူမမယ် ကလေးတွေ တပြုံကြီးတာဝန်ကို မနိုင်မနင်း ထမ်းရွက်လျက် အကြော်ရောင်းရင်း ဒုက္ခ၀ဲတွင် နစ်လျက်ရှိသည်။ မြို့တွင်တက်နေသော သားကြီးဖြစ်သူ အလကားကျော်စွာကို အားကိုးစွာ တမ်းတ ရှာ၏။

သို့သော်အလကားကျော်စွာကား ဆေးကျောင်းတွင် သူဌေးသမီး ခင်စိုးပိုင်..အဲလေဟုတ်ပေါင်..ရှင်ဂွမ်းဂွိနှင့် တွဲခုတ်နေသဖြင့် ရွာမပြန်အား။ ကျောင်းပြီးသောအခါ ရှင်ဂွမ်းဂွိနှင့်ပင် လက်ထပ်၍ တောင်ပုလု မြို့တွင် ဆေးခန်းဖွင့်ပြီး ၀င်ငွေကောင်းကာ သူဌေးဂိုက် ဖမ်းနေလေသည်။

ရလွတ်ပလွတ်တွင် ကျန်ရစ်ရှာသော အမေအို ရှင်ဂွက်ထော်နဲ့ လူမမယ် သားသမီးများကား မ၀ရေစာ စားလျက် ရုန်းကန်နေကြရသည်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသကဲ့သို့ ပို၍ ကံဆိုးသော အဖြစ်အပျက်သည် အဆိုပါ မုဆိုးမ မိသားစုအပေါ်တွင် မကြာမီမှာပင် ထပ်မံ ကျရောက်လာပြန်သည်။ အခြားမဟုတ်။ ရွာထဲမှ “ထင်ရာစိုင်း” အမည်ရှိ လူရမ်းကားသည် မုဆိုးမမိသားစု၏ ဒုက္ခအ၀၀ကို ကယ်တင်လိုသည်ဆိုရာ ရှင်ဂွက်ထော်ကို အလိုမတူဘဲ အတင်းအဓမ္မ ခွေးကျင့်ခွေးကြံ ကြံကာ ရယူလိုက်သည်။ ရှင်ဂွက်ထော်လည်း အရှက်ဖြင့် လူမလုပ်လိုတော့သော်လည်း လူမမယ်သားသမီးများမျက်နှာကို ထောက်ထားငဲ့ညှာ၍ ကိုယ့်ကိုယ်ကို အဆုံးမစီရင်နိုင်ဘဲ လူရမ်းကား ထင်ရာစိုင်းကို လင်တော်လိုက်ရလေသည်။

ထင်ရာစိုင်း သည် ရှင်ဂွက်ထော်ကို ယူရုံမက လူမမယ်သားသမီးများကိုလည်း ပထွေးပီသစွာ နိုင်ထက်ကလူပြုလေသည်။ ထိုအဖြစ်ကို အိမ်နီးချင်းများက သိသော်လည်း အိမ်နီးချင်းကောင်း ပီသစွာ ၀င်ရောက် မစွက်ဖက်ဘဲ နေကြလေသည်။ အိမ်နီးချင်းတို့၏ လက်သုံးစကားမှာ “သူများအိမ်တွင်းရေးကို ၀င်မစွက်ရေး၊ တို့အရေး” ဟူသတည်း။

ထင်ရာစိုင်းသည် ကလေးများကို နှိပ်စက်ရုံမက… ခြံထဲတွင် ထွက်သော ဖရုံသခွား၊ ဘူးသီး စသည်တို့ကိုလည်း သူ့အရက်ဖိုးအတွက် ခူးပြီး ရောင်းစားလေသည်။ ရှင်ဂွက်ထော်နှင့် ကလေးများမှာ အစာရေစာကိုပင် ၀လင်အောင်မစားရ။

ပိုဆိုးသည်မှာ ညနေစောင်းလျှင် ထိုလူရမ်းကား ထင်ရာစိုင်း သည် အရက်မူးကာ သီချင်းတပုဒ်ကို အော်ဟစ်သီဆိုတတ်သေးသည်။

“ယူပါကယ်ပါဦး… မပြောချင်ဘူး…
ကိုယ့်ရဲ့ အိမ်တွင်းရေးကိုကွယ်….
ကိုယ်တိုင်ဆုံးဖြတ်ရမယ်လေ….
ကိုယ့်ရဲ့ စွမ်းရည်ပြမယ့် စိတ်ဓါတ်တွေ….
ဘယ်လိုအတားအဆီးတွေ့ပစေ မမှုဘူးဟေ့…
ဖခင်တယောက်ရဲ့ စိတ်ထားများ”

ပထွေးဖြစ်သူ ထိုသီချင်းဆိုလျှင် လူမမယ်ကလေးများမှာ အင်မတန် ခံပြင်းကြသည်။ ထင်ရာစိုင်းက သီချင်းအပြီးတွင် “ထင်ရာစိုင်းသာ အမိ၊ ထင်ရာစိုင်းသာ အဖ၊ ငါ့ကို ပထွေးလို့မထင်နဲ့၊ အဖေလို့ခေါ်ကြ” ဟု ပြောတတ်သေးသည်။ ကလေးများမှာကား ကလေးနှင့် လူကြီး အင်အားချင်းမမျှသဖြင့် အံကြိတ်၍သာ နေကြရရှာသည်။

အကိုကြီးဖြစ်သူထံ အကြောင်းစုံကို စာရေးတိုင်တန်းသောအခါတွင်လည်း အကိုဖြစ်သူက “မင်းတို့ ညံ့လို့ မင်းတို့ခံရတာ။ မခံနိုင်ရင် ငါ့လို လွတ်မြောက်အောင် ရုန်းထွက်ကြ။” ဟု ဆိုကာ တောင်ပုလုတွင် စည်းစိမ်ခံစားမြဲ ခံစားနေ၏။ တခါတွင်လည်း ငွေကြေးလိုအပ်၍ တောင်းခံသောအခါ အလကားကျော်စွာက “မိဘဆိုတာ သားသမီးဆီက မမျှော်ကိုးစကောင်းပါဘူး၊ သားသမီးပြည့်စုံနေတယ်ဆိုရင်တောင် မိဘဆိုတာ ပီတိစားပြီး မုဒီတာပွားနေရမှာ”ဟု ပြန်ပြောသဖြင့် ရှင်ဂွက်ထော်နှင့် ကလေးများလည်း ကိုယ်လွတ်ရုန်းသွားသော အလကားကျော်စွာအား စိတ်အနာကြီးနာကာ နေကြလေသည်။

သို့နှင့် ရက်ကိုလစား၊ လကို နှစ်စား၊ နှစ်ကို အမျိုးသားညီလာခံစားကာ အချိန်ကာလတွေ ကြာမြင့်ခဲ့လေသည်။

တရက်တွင်…. ရလွတ်ပလွတ်ရွာကလေး အိပ်မောကျနေခိုက် ရှင်ဂွက်ထော်တို့ တဲဆီမှ ကလေးများ၏ “ဟေး” ကနဲ အော်ဟစ်သံများကြောင့် တရွာလုံး နိုးလာသည်။ အကြောင်းကို စုံစမ်းကြသောအခါ ထင်ရာစိုင်းတယောက် မူးမူးနှင့် အန်ဖတ်ဆို့ကာ သေသွားပြီ ဖြစ်ကြောင်းသိကြရလေသည်။ ထိုအခါကျမှ အိမ်နီးချင်းများလည်း “သေတာပဲ ကောင်းပါတယ်တော်။ ကျုပ်တို့တော့ ဒင်းကို ကြည့်မရတာ ကြာပါပေါ့။ ဒင်းရှိနေတာ အရပ်နာတယ်” ဟု ပြောဖော်ရကြလေတော့သည်။

သည့်နောက်ပိုင်းတွင် ရှင်ဂွက်ထော်အကြော်ရောင်းရငွေ၊ ခြံထဲမှ ဟင်းသီးဟင်းရွက် ရောင်းရငွေတို့ဖြင့် ကလေးတို့မှာ အစာရေစာ နပ်မှန်လာသည်။ စီးပွားလမ်း ဖြောင့်ဖြူးလာသည်။

ရှင်ဂွက်ထော်တို့ စီးပွားတက်လာချိန်တွင် တောင်ပုလုမြို့တွင်ကား စီးပွားပျက်ကပ်ဆိုက်လျက် လူအများ အကြပ်အတည်းနှင့် ကြုံကြလေသည်။ တောင်ပုလုမြို့သားတို့မှာ ဆေးခန်းပင် မသွားနိုင်ကြ၍ အလကားကျော်စွာလည်း ၀င်ငွေထိခိုက်ကာ ခေါက်ဆွဲပြုတ်သာ သောက်နိုင်ပေတော့သည်။

တရက်တွင် ရလွတ်ပလွတ်ရွာမှ သတင်းတပုဒ်သည် တောင်ပုလုမြို့သို့ ရောက်လာလေသည်။ သတင်းမှာ ရှင်ဂွက်ထော်တို့ ခြံထဲတွင် အိမ်သာကျင်းတူးရာမှ ရွှေခွက်ကြီးများကို တူးဖော်တွေ့ရှိခြင်းကြောင့် ရှင်ဂွက်ထော်တို့ မိသားစု နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားပုံသတင်းပေတည်း။

ဤသည်ကို အလကားကျော်စွာ ကြားသောအခါ ချက်ချင်းပင် အထုတ်ပြင်၍ ရလွတ်ပလွတ်သို့ ခရီးနှင်လေသည်။

အိမ်သို့ရောက်သောအခါ ရှင်ဂွက်ထော်မှာ သားဖြစ်သူကို ရုတ်တရက်မမှတ်မိ။

အလကားကျော်စွာက… “အမေ၊ သားကို မမှတ်မိတော့ဘူးလား။ အမေ့သားကြီးလေ။ အမေကိုးလလွယ်၊ ဆယ်လမွေးခဲ့ရတဲ့ သားကြီးလေ။ အခုသားကြီး အမေတို့နဲ့ ဥမကွဲသိုက်မပျက်နေဖို့ ပြန်လာပြီလေ” ဟု ပြောလေသည်။

ရှင်ဂွက်ထော်က “ဘာ…သားကြီးလဲ။ အမေနဲ့ ညီတွေ ညီမတွေ ဒုက္ခရောက်နေတုန်းက နင်လှည့်ကြည့်ဖော်ရလား။ နင့်ကို မွေးရတာ ငါဝမ်းရေစပ်တယ်။” ဟု နာကျည်းစွာ အော်ပြောလေသည်။

အလကားကျော်စွာ မျက်နှာပျက်သွားသော်လည်း ဟန်ကိုယ့်ဖို့ဆိုသလို အိနြေ္ဒဆည်လိုက်ကာ “အမေရယ်… တောင်းဆိုး ပလုံးဆိုးပဲ ပစ်ရိုး ထုံးစံရှိပါတယ်။ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိပါဘူး”ဟု ချွဲလိုက်လေသည်။

ထိုအခါ ရှင်ဂွက်ထော်က “အေးပါ….အမေကတော့ လူကြီးမို့…ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် စီးပွားကတော့ မင်းညီ၊ညီမတွေ အရွယ်ရောက်လာပြီမို့ အခု သူတို့ပဲ ကြီးကြပ်တော့တယ်။ သူတို့တွေ သားကို လက်ခံတယ်ဆိုရင်တော့ အမေဘာမှ ပြောစရာ မရှိပါဘူး” ဟု ဖြေလေသည်။

အလကားကျော်စွာလည်း ထညက်ကို သကာရည်လူးထားသော မျက်နှာဖြင့် ညီများနှင့် နှမများဖက်သို့ လှည့်ကာ… “အကိုကြီးကို ခွင့်လွှတ်တယ်မို့လားဟင်” ဟု မေးလိုက်ရာ…

ညီများ၊ ညီမများက တသံတည်း ပြန်ဖြေလိုက်သည်မှာကား……..

“..................................................................”

ညီ၊ ညီမများ ပြန်ဖြေသည် စာရေးသူ ကောင်းကောင်း မကြားလိုက်ပါ။ စာဖတ်သူများ ဖြည့်တွေးကြပါကုန်။

(မှတ်ချက်။..............။ ဤဇာတ်လမ်းတွင် သုံးထားသော ဇာတ်ကောင်အမည်များ၊ မြို့ရွာအမည်များမှာ ကာတွန်းမောင်ဝဏ္ဏ၏ သမိန်ပေါသွပ် ဇာတ်လမ်းများမှ ကူးယူထားခြင်း ဖြစ်ပါသည်။)
Read more

“သူတို့လည်း အခြေအနေ မဟန်ဘူး”

တနှစ်အတွင်း ဒေါ်လာ ၅၈ ဘီလီယံဖိုးလောက် အရှုံးပေါ်ခဲ့တဲ့ စင်္ကာပူ အစိုးရပိုင် တင်းမားဆက်ကုမ္ပဏီကြီးမှာ စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟိုချင်း(Ho Ching လီရှန်လွန်းကတော်)နေရာကို ဆက်ခံဖို့ နိုင်ငံခြားသား ချစ်ပ်စ်ဂွတ်ဒ်ယီးယား (Chips Goodyear) ဆိုသူကို နှစ်နှစ်တိတိ အချိန်ယူစောင့်ကြည့်ခဲ့ပြီးမှ လုံးဝသင့်လျော်သူပဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စီအီးအိုအဖြစ် အစမ်းတာဝန်ယူစေခဲ့ပါတယ်။ ဒီလိုမယူစေခင်မှာ တင်းမားဆက် ဘုတ်အဖွဲ့နဲ့ရော၊ စီအီးအိုဖြစ်သူ ဟိုချင်းကိုယ်တိုင် အနေနဲ့ရော၊ သမ္မတပါမကျန် ပါဝင်တဲ့ ရွေးချယ်ရေး အကဲဖြတ်မှုအဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် အစမ်းကာလမှာပဲ တင်းမားဆက်ဘုတ်အဖွဲ့နဲ့ နည်းဗျူဟာအရ ကွဲပြားမှုတွေ ရှိတယ်ဆိုပြီး နှုတ်ထွက်သွားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လိုနည်းဗျူဟာတွေ ကွဲလွဲတာလဲ၊ အကြောင်းရင်းမှန်ကို တင်းမားဆက်ကရော စင်္ကာပူအစိုးရကပါ ထုတ်ပြန်ကြေငြာခြင်း မရှိဘဲ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ အဲဒီနေရာကို ၀န်ကြီးချုပ်ကတော် ဟိုချင်းကပဲ မျက်နှာပြောင်စွာ ပြန်လည် လက်ခံလိုက်ပါတယ်။ သေချာတာကတော့ စီအီးအို ခန့်ထားရွေးချယ်ရေးစနစ်အဆင့်ဆင့်မှာ အကြီးအကျယ် မှားယွင်းခဲ့တာ၊ အသုံးမကျခဲ့တာပါဘဲ။ ဒီလောက် နိုင်ငံပိုင်ကုမ္ပဏီကြီးမှာ အုပ်ချုပ်မယ့်လူကို ၂ နှစ်တိတိ အချိန်ယူစောင့်ကြည့်ခဲ့တဲ့ ကာလအတွင်းမှာ ဘယ်သူကမှ သူ့နည်းဗျူဟာ ဘာလဲဆိုတာ မေးမကြည့်ခဲ့ဘူးလားဆိုတဲ့ မေးခွန်းကြီး ပေါ်လာပါတော့တယ်။

တနေ့က ကျင်းပခဲ့တဲ့ စင်္ကာပူပါလီမန်အစည်းအဝေးမှာ အတိုက်အခံအမတ်တွေကရော၊ ပီအေပီအမတ်တွေကပါ အဲသည် ဗျူဟာကွဲလွဲမှုအပေါ် မေးခွန်းထုတ်ကြတဲ့အခါ တာဝန်ရှိသူ ဘဏ္ဍာရေးဝန်ကြီး “သားမင်း” (Tharman) က ဒီလို ပြန်ဖြေပါတယ်။

“ဒီကိစ္စအပေါ် ပြည်သူတွေက သိချင်နေကြတယ်။ ဒါဟာ Public Interest (ပြည်သူ့အကျိုးစီးပွား) ဖြစ်တာ မှန်တယ်။ ဒါပေမယ့် Public Interest ဆိုတာလောက်နဲ့ သတင်းအချက်အလက်တွေကို ဖွင့်ချဖို့အတွက် မလုံလောက်ဘူး” ဖြေကြားသွားတယ်။

အဲသည်ကိစ္စနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံသားတွေ အင်မတန် ဒေါသထွက်ကြပါတယ်။ ဟုတ်တယ်လေ။ Public Interest ဖြစ်တယ်ဆိုတာနဲ့တင် ထုတ်ဖော်ရှင်းလင်းပြောကြားဖို့ လုံလောက်နေပြီ။ အခု မပြောဘူးဆိုတော့ လူထုကို မခန့်လေးစားလုပ်ရာ ရောက်တယ်။ ပီအေပီအစိုးရဟာ ပြည်သူ့အကျိုးစီးပွားထက် သူ့အစိုးရအကျိုးစီးပွားကို ရှေ့တန်းတင်တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

အဲဒီ “သားမင်း”ရဲ့ ပြောကြားချက်ကို စထရိတ်တိုင်မ်းစ် သတင်းစာမှာ ပြန်လည်ဖော်ပြတဲ့အခါ သူပြောခဲ့တဲ့ Public Interest ဆိုတဲ့ အဓိက စကားလုံးကို ထိန်ချိန်ပြီး ဖော်ပြတာကို လွတ်လပ်တဲ့ Alternative Media သမားတွေက လက်ပူးလက်ကြပ် ဖမ်းပြထားတယ်။ အကြောင်းစုံကို ဒီလင့်ခ်မှာ သွားဖတ်ကြည့်ပါ။

စင်္ကာပူအစိုးရရဲ့ သတင်းစာ၊ တီဗီ စတာတွေမှာ လီကွမ်းယူ၊ လီရှန်းလွန်းကစလို့ ပီအေပီ ခေါင်းဆောင်ပိုင်းရဲ့ အမှားအယွင်းတွေကို ဖုံးကွယ်တည်းဖြတ်ပြီး ဖော်ပြလေ့ရှိပါတယ်။ အတိုက်အခံတွေကိုဆိုရင် ပြည်သူတွေ မကောင်းထင်အောင် သာသာထိုးထိုး ရေးသားလေ့ရှိပါတယ်။ ဒါကြောင့်လည်း စင်္ကာပူမီဒီယာရဲ့ လွတ်လပ်မှုအဆင့်အတန်းဟာ ထိုင်း၊ မလေးရှားတို့စာရင် အလွန်နိမ့်ပါးနေပြီး မြန်မာ၊ မြောက်ကိုရီးယားတို့နဲ့ သိပ်မကွာဘဲ ရှိနေတာပါ။

အခုတော့ အင်တာနက်ရဲ့ အကျိုးကျေးဇူးကြောင့် စင်္ကာပူအစိုးရရဲ့ Mainstream Media ရဲ့ မရိုးမသားလုပ်မှုဟာ ဘူးပေါ်သလို ပေါ်လာခဲ့ပါပြီ။

စင်္ကာပူအစိုးရရဲ့ မပွင့်လင်းမှု၊ တာဝန်မခံမှု၊ တာဝန်ရှောင်မှု၊ မှားယွင်းမှု၊ အာဏာရှင်ဆန်မှု၊ မတရားမှုတွေကို ဖော်ထုတ်မယ့် ဘလော့ဂါတွေ၊ အတိုက်အခံတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ အင်တာနက်နဲ့ နည်းပညာကျေးဇူးကြောင့် ပေါ်ထွက်လာခဲ့ပါပြီ။

မီဒီယာကို ထိန်းချုပ်ထားသလို၊ ဂျီအာစီခေါ်တဲ့ အစုလိုက်ကိုယ်စားပြုရွေးချယ်ရတဲ့ မဲဆန္ဒနယ်စနစ်ကြောင့်ရယ်၊ မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲနီးမှ အာဏာရပါတီစိတ်ကြိုက် နယ်နိမိတ်ခွဲချင်သလို ခွဲတတ်တာရယ်၊ အရည်အချင်းရှိတဲ့ အတိုက်အခံတွေကို အသရေဖျက်မှုတွေနဲ့ အစိုးရချုပ်ကိုင်တဲ့ တရားရုံးတွေမှာ မတရားသဖြင့် တရားစွဲဆိုပြီး ဒေ၀ါလီခံရအောင် လုပ်တတ်တာတွေရယ်ကြောင့်သာ ပီအေပီအစိုးရ သက်ဆိုးရှည်နေတာပါ။

ဒါပေမယ့် အာဏာရှင်စနစ်တို့ ထုံးစံ ဘယ်တော့မှ ရေရှည်ချုပ်ကိုင်ထားနိုင်မှာတော့ မဟုတ်ပါဘူး။ ပြည်သူတွေအများစု မျက်လုံးပွင့်လာတဲ့တချိန်၊ အကြောက်တရားနည်းပါးသွားတဲ့အချိန်မှာ အာဏာရှင်စနစ်ဟာ မုချကျဆုံးရမှာပါ။ ကျနော့်ခန့်မှန်းချက်ကတော့ နောင်ဆယ်နှစ်အတွင်းမှာ စင်္ကာပူမှာ နိုင်ငံရေးစနစ်ပြောင်းလဲပါလိမ့်မယ်။ ၂၀၂၀ မတိုင်ခင်ပေါ့။

အဲဒီအချိန်ကျရင် အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဒီမိုကရေစီ အစိုးရတွေ အုပ်ချုပ်နေလောက်ပြီလို့ ကျနော်မျှော်မှန်းပါတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း ဘဘရွှေတယောက် အရိုးဆွေးနေလောက်ပြီး မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ပူးတွဲဖတ်ရှုရန်။..........။ A mockery of Parliament
Read more

“မေတ္တာ၊ ဂရုဏာ ကြီးမားသူများအကြောင်း”

ကျနော်ကြည်ညိုလေးစားမိသော မွန်မြတ်ကြီးကျယ်သူများအကြောင်းကို အခုတလော ထပ်ဖန်တလဲလဲ တွေးမိပါသည်။ ထိုသူများအကြောင်းကို ကျနော်ရေးဖန်များ၍ အပ်ကြောင်းထပ်နေပြီလော မပြောတတ်။ သို့သော် ထပ်ပြောချင်၊ ထပ်ရေးချင်ပါသေးသည်။

ထိုသူများမှာ အခြားမဟုတ်။ “ဗုဒ္ဓ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်” စသူများပင် ဖြစ်သည်။

ဗုဒ္ဓသည် သူတဦးတည်းအတွက်သာဆိုလျှင် ဒီပင်္ကရာ ဘုရားလက်ထက် သုမေဓာရှင်ရသေ့ဘ၀ကတည်းက ကျွတ်တမ်းဝင်နိုင်သူဖြစ်သည်ဟု ကျနော်မှတ်သားဖူးပါသည်။ ဗုဒ္ဓသည် သတ္တ၀ါဝေနေယျအပေါင်းတို့ကို ကယ်ချွတ်လိုသော ဆန္ဒအရ သဗ္ဗညုတ ဉာဏ်တော်ကို ရည်မျှော်မှန်းကာ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီကို ဖြည့်ဆီးခဲ့ရသည်ဟု မှတ်သားရပါသည်။ ဒီပင်္ကရာဘုရားကိုယ်တိုင်ကလည်း သုမေဓာကို နောင် ဘယ်ရွေ့ဘယ်မျှကြာ၍ ဘယ်ကမ္ဘာတိုင်သောအခါ ဤသုမေဓာရသေ့သည် အဘယ်သို့သော ဘွဲ့အမည်ဖြင့် သဗ္ဗညုတဉာဏ်ကိုရမည်ဟု ဗျာဒိတ်တော်ပေးခဲ့ကြောင်း သိရပါသည်။ ဗုဒ္ဓ၏ နောက်ဆုံးဘ၀ဖြစ်သော သိဒ္ဒတ္ထဘ၀တွင်ပင် ထီးနန်းစည်းစိမ်၊ စကြ၀တေးမင်းစည်းစိမ်တို့ကို စွန့်လွှတ်၍ တောထဲတွင် ဒုက္ခခံကာ သဗ္ဗုညုတဉာဏ်ကို ရရာရကြောင်း ပင်ပန်းဆင်းရဲစွာ အားထုတ်ခဲ့သေးသည်။ ဝေနေယျတို့အပေါ်တွင် ဗုဒ္ဓ၏ မေတ္တာ၊ ဂရုဏာ ကြီးမားပေစွဟု ဆင်ခြင်မိပါသည်။

တဖန် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စဉ်းစားမိပြန်သည်။ ကိုအောင်ဆန်းသည် ထိုခေတ်က ကျောင်းပြီးလျှင် ဘီအေ ဘွဲ့ရတယောက်အဖို့ အလွယ်တကူ ရနိုင်သည့် အများအားကျလောက်သော ၀န်ထောက်၊ မြို့အုပ် အစရှိသည့် ရာထူးကြီးများရှိပါလျက် ကျောင်းသားဘ၀မှာပင် ကျောင်းထုတ်ခံရလောက်သည့် နိုင်ငံရေးလုပ်ငန်းများကို အဘယ်ကြောင့် လုပ်ခဲ့လေသနည်း။ စဉ်းစားစရာရှိသည်။ အလားတူပင် နိုင်ငံခြားသို့ထွက်ခွာလာပြီး ဂျပန်ပြည်နှင့် အချိတ်အဆက်ရကာ ပင်ပင်ပန်းပန်း စစ်ပညာသင်ကြားခြင်းကို ပြုသည်။ တကိုယ်ရေတကာယ ကြီးပွားချမ်းသာရန်အတွက်မျှဆိုလျှင် သူကဲ့သို့ အရည်အချင်းရှိသူတယောက်သည် ဤမျှပင်ပန်းဆင်းရဲ ခက်ခဲလှသော နိုင်ငံရေးလမ်းကို လိုက်ရန်မလိုပါ။ အောင်ဆန်း နိုင်ငံခေါင်းဆောင် ဖြစ်လာ၍ ဘာအကျိုးအမြတ်ရသနည်း။ အင်္ဂလန်သို့ အသွားခရီးတွင် အိန္ဒိယ၌ ခရီးတထောက်ဝင်စဉ် အောင်ဆန်း၏၀တ်စုံမှာ အမြင်မတော်၍ နေရူးက သူ့လူတွေကို ၀တ်စုံတခု အမြန်ချုပ်ခိုင်းကာ ပေးရသည်ဆို၏။ လန်ဒန်တွင် ရိုက်ကူးထားသော ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံတွေထဲမှ ၀တ်စုံသည် ထိုဝတ်စုံပင် ဖြစ်သည်။ အောင်ဆန်းသည် သူ့ကိုယ်ကျိုးကို ရှေ့တန်းမတင်သူဖြစ်သည်။ မြန်မာပြည်သူ မြန်မာသားတို့အပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာ၊ ဂရုဏာ ကြီးမားပေစွဟု တွေးတောဆင်ခြင်မိပါသည်။

ယခုတဖန် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို စဉ်းစားမိပြန်သည်။ အောက်စဖို့တက္ကသိုလ်မှ ဘွဲ့ရသည်။ နိုင်ငံခြားတွင် သက်တောင့်သက်သာ နေထိုင်နိုင်သော အခွင့်အရေးကို ရနေခဲ့သူ၊ ယခု ဆန္ဒရှိလျှင်ပင် ထိုအခြေအနေကို အချိန်မရွေး ရယူနိုင်သူ ဖြစ်ပါသည်။ သို့သော် သားမြေးတို့ကိုပင် နှစ်ရှည်လများ တွေ့ခွင့်မရသော၊ ခင်ပွန်းသည်ကွယ်လွန်ကာနီးအချိန်တွင်ပင် အနီးတွင် ရှိမနေနိုင်သော၊ အသက်အန္တရာယ်များလှသော၊ ထောင်နှင့်နေအိမ်အကျယ်ချုပ်တွင် ကျခံနေရသောဘ၀တွင် ဒုက္ခဆင်းရဲမျိုးစုံကို အံတုလျက် တိုက်ပွဲဝင်နေသည်။ မြန်မာပြည်သူပြည်သားတို့ အပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာ၊ ဂရုဏာ ကြီးမားလှပေစွဟု တွေးတောဆင်ခြင်မိပါသည်။

အလားတူပင် ကြီးမြတ်သော သူများဖြစ်ကြသော ယေရှုခရစ်၊ မာသာထရီဇာ စသူများအကြောင်းကို စဉ်းစားပြန်လျှင်လည်း အားလုံးမှာ မေတ္တာ၊ ဂရုဏာ ကြီးမားလှသူများဖြစ်ကြပေသည်။

ထိုသူအားလုံး၏ အဖြစ်သနစ်ကို ကြည့်ရှုလျှင် အားလုံးလိုလိုပင် ရွေးချယ်ခြင်း(Choice) ဆိုသည်ကို ကြုံခဲ့ရသည်။ ဘယ်လို လမ်းကို ရွေးချယ်ခဲ့ကြပါသနည်း။ ထိုသို့ အခက်အခဲ၊ ဆင်းရဲဒုက္ခမျိုးစုံ ရောပြွမ်းသောလမ်းကို ခက်ခဲကြမ်းတမ်းမှန်း သိသိကြီးနှင့် ထိုသူတို့ အဘယ်ကြောင့် ရွေးချယ်ခဲ့ကြပါသနည်း။ ထိုအခက်အခဲ၊ ဆင်းရဲဒုက္ခတို့ကို ရင်ဆိုင်အံတုဝံ့သော သတ္တိကို အဘယ်က ရကြပေသနည်း။ ထိုသတ္တိသည် ကြီးမားလှသော မေတ္တာအဟုန်နှင့် ပြင်းပြလှသော ဆန္ဒအဟုန်တို့မှ ပေါက်ဖွားလာလေသလောဟု ကျနော် တွေးတောမိပါသည်။

ထို့ပြင် ကျနော်တွေးတောမိသည့် အရာတခုလည်း ရှိသေးသည်။ ကျနော်တို့သည် မိမိညွှတ်တွားကော်ရော်၊ အလေးအမြတ်ထားကြသူတို့၏ အပြုအမူကို အားကျအတုယူ၊ လက်တွေ့ကျင့်သုံးခြင်းဖြင့်သာ ထိုသူတို့အား အမှန်တကယ် ကြည်ညိုလေးစားဂါရ၀ ပြုရာရောက်မည်ဟု ထင်ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန် စံကာနီးတွင် “ရဟန်းတို့၊ ငိုကြွေးနေရုံမျှဖြင့် ငါ့အားချစ်ရာမရောက်။ ငါ့ဟောခဲ့သော တရားများကို လက်တွေ့ လိုက်နာကျင့်ကြံခြင်းသည်သာလျှင် ငါ့အား ချစ်မြတ်နိုးရာရောက်ပေသည်”ဟု မိန့်ကြားခဲ့ကြောင်း မှတ်သားဖူးပါသည်။

ကျနော်တို့သည် သာမန်လူပုဂ္ဂိုလ်၊ ပုထုဇဉ်မျှသာဖြစ်၍ အဆိုပါ ပုဂ္ဂိုလ်ကြီးများလောက် မေတ္တာ၊ ဂရုဏာမကြီးမားကြနိုင်သော်ငြား မိမိတို့ နေ့စဉ်ဘ၀တွင် မိမိ၏ အတ္တအကျိုးကို အလွန်အမင်း ရှေ့တန်းမတင်ကြဘဲ မိမိမျှပင် ကံမကောင်းအကြောင်းမလှသူများ၊ ဒုက္ခရောက်နေသူများကို မေတ္တာ၊ ဂရုဏာရှေ့ထားပြီး သူတို့၏ ဆင်းရဲဒုက္ခများ သက်သာပပျောက်စေရန် စွမ်းနိုင်သလောက် ၀ိုင်းဝန်းကူညီကြခြင်းအားဖြင့် ကျနော်တို့ လေးစားသောသူများကို ဂါရ၀ပြုကြပါစို့ဟု တိုက်တွန်းလိုပါသည်။
Read more

“အချစ်မပါတဲ့ အိမ်ထောင်ရေး”

“စင်္ကာပူနိုင်ငံသား မပြောင်းခင် ဒီစာကိုဖတ်ပါ” ပို့စ်ကို တင်လိုက်ပြီးသည့်နောက် ကျနော့်ဘလော့ဂ်ကို လာရောက်ဖတ်ရှုသူအရေအတွက် သိသိသာသာ ထိုးတက်သွားသည်။ စာဖတ်သူ မြန်မာတို့စိတ်ထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်၍ အလေးအနက်ထားကြကြောင်း၊ စိတ်ဝင်စားမှုရှိကြကြောင်း သိလိုက်ရ၍ ၀မ်းသာမိပါသည်။

အဆိုပါပို့စ်ကို ဖတ်ရှုပြီးနောက် ရေးထားခဲ့သော ကော်မန့်များကို ဖတ်ရသည်တွင် လူတို့၏ စဉ်းစားပုံအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး၊ စိတ်နေစိတ်ထားအမျိုးမျိုးကိုလည်း လှစ်ကနဲ သိမြင်လိုက်ရသည်။ သို့သော်လည်း အကြမ်းဖျင်း အမျိုးအစားခွဲခြားရပါမူ နှစ်မျိုးနှစ်စားသာ ခွဲခြား၍ ရမည်ထင်သည်။ ပထမ တမျိုးမှာ စင်္ကာပူနိုင်ငံသား မခံယူလိုသော အမျိုးအစားနှင့် ဒုတိယ အမျိုးအစားမှာ စင်္ကာပူနိုင်ငံသားခံယူခြင်းသည် ပါးနပ်လိမ္မာသော လုပ်ရပ်ဖြစ်သည်ဟု ခံယူသော အမျိုးအစားဖြစ်သည်။

ဒုတိယ အုပ်စု၏ အကြောင်းပြချက်များမှာ မြန်မာသံရုံးသို့ အခွန်ငွေမပေးဆောင်ရရေး၊ ကလေးများ၏ ပညာမြင့်မားရေး၊ အလုပ်အကိုင်စီးပွားဖြောင့်ဖြူးရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ အခြားနိုင်ငံများသို့ ထပ်ဆင့် ပြောင်းရွှေ့သွားရန် လွယ်ကူစေရေး စသည့် အကြောင်းပြချက်များပင်ဖြစ်သည်။

အံ့သြစရာကောင်းသည့်အချက်မှာ စင်္ကာပူနိုင်ငံ၏ ယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ဟူသောအကြောင်းပြချက်မျိုးကိုလည်းကောင်း၊ စင်္ကာပူ၏ ရာသီဥတုအနေအထားကို နှစ်သက်၍ဟူသော အကြောင်းပြချက်မျိုးကိုလည်းကောင်း၊ စင်္ကာပူရှိ လူမျိုးစုများ၏ ဖော်ရွေမှုကြောင့်ဟူသော အကြောင်းပြချက်မျိုးကိုလည်းကောင်း၊ စင်္ကာပူမှ အစားအသောက်များ၊ ဂီတ၊ စာပေ၊ ရုပ်ရှင်၊ သုခုမအနုပညာများကို နှစ်သက်မြတ်နိုး၍ဟူသော အကြောင်းပြချက်မျိုးများကိုလည်းကောင်း လုံးဝမတွေ့ရခြင်းပင် ဖြစ်သည်။

ထိုအခါ ကျွန်တော့်ခေါင်းထဲသို့ လျှပ်တပြက် ၀င်ရောက်လာသော စကားလုံးတခုမှာ “Marriage of convenience” ဟူသော အင်္ဂလိပ်စကားလုံးပင် ဖြစ်သည်။ အဆိုပါ စကားလုံးကို ၀ီကီ ပီဒီးယားတွင် ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုသည်။

A marriage of convenience (plural marriages of convenience) is a marriage contracted for reasons other than the reasons of relationship, family, or love. Instead, such a marriage is orchestrated for personal gain or some other sort of strategic purpose, such as immigration.

မြန်မာလို အတိုချုပ်ဘာသာပြန်ရမည်ဆိုလျှင် ချစ်ခြင်းမေတ္တာမပါဘဲ အကျိုးအမြတ် တစုံတခုအတွက် လက်ထပ်ခြင်းပင် ဖြစ်သည်။

အိမ်ထောင်တခုပြုလျှင် ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ အကြင်နာ၊ သစ္စာရှိမှုတို့ကို အခြေခံကာ တည်ဆောက်သော အိမ်ထောင်တခုသည် ငွေကြေးအားဖြင့် မကြွယ်ဝသော်ငြား အောင်မြင်သော အိမ်ထောင်ရေး၊ ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်ရေး၊ ငြိမ်းချမ်းသော အိမ်ထောင်ရေးတခု ဖြစ်နိုင်ပေသည်။ ငွေကြေးအကျိုးအမြတ်သက်သက်ကိုသာ အခြေခံ၍ တည်ဆောက်သော အိမ်ထောင်ရေးသည်ကား ငွေကြေးရုပ်ဝတ္ထုအရ ကြွယ်ဝချမ်းသာသော်လည်း ချစ်ခြင်းမေတ္တာ၊ အကြင်နာ၊ သစ္စာရှိမှုတို့ကို အခြေခံသော အိမ်ထောင်ရေးလောက် အားကျဖွယ်ကောင်းမည်ကား မထင်။

မေတ္တာ၊သံယောဇဉ်၊ အကြင်နာ၊ သစ္စာရှိမှုတို့ကို အခြေခံထားသော အိမ်ထောင်ရေးတွင် မည်သို့သော အခက်အခဲများ ကြုံပါစေ (through thick and thin) အတူတကွ ကျော်လွှားနိုင်ကြမည်သာဖြစ်သည်။ Marriage of convenience သည်ကား မပြေလည်မှုတခု ကြုံတွေ့သည်နှင့် အလွယ်တကူ ကွဲသွားနိုင်သည့် အိမ်ထောင်ရေးမျိုးပင် ဖြစ်သည်။

အိမ်ထောင်ရေး ဥပမာကဲ့သို့ပင် နိုင်ငံတခု၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင်လည်း အဆိုပါ နိုင်ငံအပေါ်တွင် ချစ်မြတ်နိုးစိတ်၊ နိုင်ငံသားတို့အပေါ် ကြင်နာစိတ်၊ နိုင်ငံနှင့် လူမျိုးအပေါ် သံယောဇဉ်နှင့် သစ္စာရှိမှုတို့ လိုအပ်သည်ဟု ထင်ပါသည်။ ယင်းတို့ ချို့တဲ့နေပါက မိမိနိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံတွင် အကြပ်အတည်း ကြုံသည့်အခါ (သို့မဟုတ်) အခြားနိုင်ငံတခုခုဖြင့် စစ်မက်ဖြစ်ပွားသည့်အခါ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာမစောင့်သိတော့ဘဲ အဆိုပါ နိုင်ငံသားသည် အဆောတလျှင် ကိုယ်လွတ်ရုန်းသွားမည်သာဖြစ်ပါသည်။ ဤသို့ဖြင့် အခြားနိုင်ငံတခုသို့ သွားရောက်ကာ နောက်ထပ် နိုင်ငံသားထပ်မံလျှောက်ထားမည်ဆိုပါက အိမ်ထောင်ရေးတွင် မကြာခဏ ခြံခုန်တတ်သူကဲ့သို့ပင် ရေရှည်တွင် မည်သူကမျှ ယုံစားဝံ့တော့မည်မဟုတ်ဘဲ ကိုယ်ကျိုးပင် နည်းနိုင်ပါသေးသည်။

ကျနော်တဦးတည်း၏ သဘောထားအမြင်အရမူ နိုင်ငံသားပြောင်းသည့်ကိစ္စကို ဟဲန်ဖုန်းမိုဒယ် အသစ်ပြောင်းကိုင်သကဲ့သို့ အလွယ်တကူ ပြောင်းလဲသင့်သည့်အရာဟု မထင်ပါ။ အကယ်၍ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးစနစ်၊ လူမျိုး၊ ယဉ်ကျေးမှု၊ ရေမြေတောတောင်၊ ရာသီဥတု၊ အစားအသောက်၊ သံယောဇဉ် စသည်များကို ထည့်သွင်းစဉ်းစားပြီး အမှန်တကယ် ထိုနိုင်ငံကို ချစ်မြတ်နိုး၍၊ သံယောဇဉ်ရှိ၍ သစ္စာရှိ၍ နိုင်ငံသား ပြောင်းလဲခြင်းဖြစ်မူကား အထူးအထွေ ပြောစရာမရှိပါ။ မှားယွင်းသည်ဟူ၍လည်း မဆိုနိုင်ပါ။ သို့သော် ပြောင်းလဲလိုက်သူ၏ ခံယူချက်နှင့် ပြောင်းလဲပုံ ပြောင်းလဲနည်းကတော့ အရေးကြီးသည်ဟု မြင်ပါသည်။

အကယ်၍ သူ့နိုင်ငံသားခံလိုက်သော်လည်း နှလုံးသားမှာမူကား သူ့နိုင်ငံအပေါ်တွင် မရှိ။ (စင်္ကာပူနိုင်ငံသား စားပွဲတင် တင်းနစ်ချန်ပီယံ လီကျားဝေ ၏ အဖြစ်သည် အတန်ငယ် အကျည်းတန်လှပါသည်။) ယုတ်စွအဆုံး အာဆီယံဘောလုံးပြိုင်ပွဲတွင်တောင် မြန်မာအသင်းဖက်က အားပေးရမည်လော၊ စင်္ကာပူအသင်းဖက်က အားပေးရမည်လော မဝေခွဲလောက်အောင် ဖြစ်နေပါက ထိုသူအဖို့ အရာရာတိုင်းတွင် စင်္ကာပူနိုင်ငံသားတပိုင်း၊ မြန်မာနိုင်ငံသားတပိုင်းဖြင့် Identity Crisis ခေါ် မိမိ၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ ပျောက်ဆုံးနေသည့်အဖြစ်ကို ကြုံတွေ့ရပေတော့မည်။

ထို့ကြောင့် စင်္ကာပူနိုင်ငံသား ခံယူမည်စိတ်ကူးလျှင် ဤအရေးများကိုပါ ထပ်မံထည့်သွင်းစဉ်းစားကြည့်ပါဦးဟု ထပ်လောင်းရေးသားလိုက်ရပေသည်။
Read more

“စင်္ကာပူနိုင်ငံသား မပြောင်းခင် ဒီစာကိုဖတ်ပါ”

မနေ့ညက အီးမေးလ်ကနေ တဆင့်ရတဲ့ ဆောင်းပါးလေးတပုဒ်ရဲ့ လင့်ခ် ဖော်ပြလိုပါတယ်။ စင်္ကာပူနိုင်ငံသားအဖြစ်ကို ပြောင်းတော့မယ်စဉ်းစားနေတဲ့ မြန်မာများအနေနဲ့ မပြောင်းခင် ဖတ်ရှုသင့်တဲ့ ဆောင်းပါးကောင်းတပုဒ်ပါ။ ဆောင်းပါးရှင်ဟာ အချက်အလက်၊ အထောက်အထားပြည့်စုံစွာနဲ့ ဝေဖန်သုံးသပ်ပြထားပါတယ်။

ကျနော်စင်္ကာပူအကြောင်းရေးရင် ဒေါသသံ ပါတာ များပါတယ်။ ဒီဆောင်းပါးရှင်ကတော့ ကျနော့်လို မဟုတ်ပါဘူး။ ပုဂ္ဂလိက ခံစားချက်ကို ဘေးချိတ်ပြီး အချက်အလက် ခိုင်လုံစွာနဲ့ မျှမျှတတ သုံးသပ်ပြထားတာကို တွေ့ရပါတယ်။ စင်္ကာပူရောက် မြန်မာတိုင်း ဖတ်သင့်တဲ့ ဆောင်းပါးတပုဒ်လို့ ယူဆတဲ့အလျောက် မျှဝေလိုက်ပါတယ်။ အောက်က လင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။

http://www.scribd.com/doc/18681880/Myanmar-Singaporean11

နောက်ပိုင်းမှာ ကျနော့်ဘလော့ဂ်ကို လာလည်သူတွေ ဖတ်နိုင်အောင် ဘေးဖက်မှာရော၊ အောက်ဖက်မှာပါ အမြဲတစေ ညွှန်းထားပါမယ်။ ဆောင်းပါးရှင် အမည်ကို မသိတဲ့အတွက် အမည်မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။ ရေးသူ ဘယ်သူပဲဖြစ်ဖြစ် ဒီဆောင်းပါးကို ရေးတဲ့အတွက် အထူး ကျေးဇူးတင်ကြောင်း ကျနော့်ဘလော့ဂ်ပေါ်က တဆင့် ပြောလိုက်ပါရစေ။
Read more

“မခေါ်ဘဲလာ… မနှင်ဘဲပြေးတဲ့”

ကန်ရေပြင်ထက်က
ဝဲဂယက်ကလေးတွေ
နေခြည်ကိုရှက်
နှင်းစက်ကလေးလို
ပျောက်ပျက်ပြေးတဲ့ တခဏမှာ….

မနှင်ပေမယ့်လည်း
ဗြုန်းစားကြီး စွန့်ခွာ
ကမ္ဘာတဖက်ခြမ်းကို
ခြေလှမ်းရင်း ကျောခိုင်းသွားခဲ့သူ….။

တကယ်တော့ မင်းဟာ….
မထင်မှတ်တဲ့အချိန်မှာ
ဘယ်သူမှ မဖိတ်ခေါ်ပါဘဲနဲ့
မင်းဆန္ဒ မင်းသဘော တခုတည်းနဲ့
ဘာကိုမှ မစောကြောဘဲ
ငါတို့ရဲ့ ကမ္ဘာလေးထဲကို
ထင်တိုင်းကြဲပြီး ၀င်ရောက်ခဲ့သူပါ။

တည်ငြိမ်နေတဲ့ ကန်ရေပြင်ပေါ်
ခဲလုံးလေးပစ်ချလိုက်သလို
လှိုင်းဂယက်တွေကို
ထပွက်စေခဲ့သူဟာလည်း… မင်းပဲပေါ့။

မင်းကြောင့်

အပြစ်မဲ့တဲ့ တဖက်သားမှာ
ရတက်ပွားစရာတွေ ဖြစ်ခဲ့ရတယ်ဆိုတာ
မင်းသိပါစ။

အခုကျတော့…
ဆေးလိပ်မတို
နေမညိုဘဲ
ပြန်လိုဇောနဲ့
ကျောခိုင်းရက်ပြီပေါ့။

အင်း…. ယက်တော၊ ယက်တော…
မင်းတော်တော် ခက်တဲ့ ကောင်ပါလားကွာ။

-ကိုပေါ-


Read more

“မီးခိုးလိုလို တိမ်လိုလို”

လူတွေမှာ ကြီးပွားပုံကြီးပွားနည်း အမျိုးမျိုးရှိနိုင်ပါတယ်။

တချို့လည်း သမာအာဇီဝနဲ့ ရိုးရိုးသားသား ကြိုးစားအားထုတ်ရင်း ကြီးပွားကြတယ်။
တချို့တော့ သူတပါးအပေါ်မှာ မတော်တရော် ခေါင်းပုံဖြတ်လို့ ကြီးပွားကြတယ်။
တချို့ကျပြန်တော့ ဒုစရိုက်မှု၊ မသမာမှုတွေနဲ့ ကြီးပွားချမ်းသာလာတတ်ကြတယ်။

ကျနော်တို့ငယ်ငယ်က ဖတ်ခဲ့ ကြည့်ခဲ့ နားထောင်ခဲ့ရတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ် စတာတွေမှာ မတရားသဖြင့် ကြီးပွားချမ်းသာတာမျိုးကို အားမကျမိအောင် ပညာပေးတဲ့ ဦးတည်ချက်တွေပါတယ်။ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း ဆိုတာကို စိတ်သဏ္ဍာန်မှာ သံမှိုနှက်သလို စွဲမြဲအောင် သင်ယူခဲ့ရတယ်။ မတရားမှုကို ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ရပ်တခုအဖြစ် ဖတ်ခဲ့ရ၊ လေ့လာခဲ့ရ၊ သင်ယူခဲ့ရတယ်။ ဒီတော့ မတရားမှုနဲ့ ကြီးပွားချမ်းသာလာသူတွေကို အားကျစရာအဖြစ်လည်း သဘောမထားခဲ့ဘူး။ ယုတ်စွအဆုံး အဲသည်လို ကြီးပွားလာသူတွေကို လက်ဆွဲနှုတ်ဆက်ဖို့တောင် ၀န်လေးခဲ့တယ်။

ကြီးပွားချမ်းသာမှုမှာတင် မဟုတ်ပါဘူး။ အခြားနယ်ပယ်တွေမှာ အောင်မြင်တယ်ဆိုရင်လည်း တရားသဖြင့် အောင်မြင်တာမျိုးကိုပဲ လက်ခံလိုပါတယ်။

ဒါပေမယ့် ဒီကနေ့ လက်ရှိမျက်မှောက်ခေတ်ကြီးထဲမှာ ကြည့်လိုက်တဲ့အခါ မတရားသဖြင့် ကြီးပွားသူတွေ၊ မတရားသဖြင့် အောင်မြင်သူတွေကို လူတွေက အပြစ်ရယ်လို့တောင် မမြင်ကြဘဲ ဖော်လံဖားကြ၊ ကျို့ကြ၊ ချူကြ၊ မြှိုက်ကြ၊ မြောက်ကြပင့်ကြတာတွေကို တွေ့နေရတယ်။ သူတို့အဖို့ ဘယ်လိုနည်းနဲ့ ကြီးပွားလာသလဲဆိုတာက အရေးမပါတော့သယောင်။

အထူးသဖြင့် အစိုးရတရပ်ဟာ မတရားတဲ့နည်းနဲ့ အာဏာကို ရယူပြီး အမြင်မတူသူတွေကို မတရားသဖြင့် နှိပ်ကွပ်နေရင်တောင်မှ အဲသည်အာဏာရအစိုးရကို မြှောက်ကြ၊ပင့်ကြတဲ့ လူတွေ ဒုနဲ့ဒေးရှိနေတာကို တွေ့နေရတယ်။ အဲဒီလူတွေရဲ့ အသွင်သဏ္ဍာန်မှာ တရားမျှတမှုကို မြတ်နိုးခြင်းဆိုတဲ့ ၀ိသေသလက္ခဏာလေး ပျောက်ဆုံးနေဟန်တူရဲ့။

အချို့နိုင်ငံတွေမှာ အစိုးရအာဏာရလာပုံဟာ မတရားသောနည်းနဲ့ အတိုက်အခံကို မတရားသဖြင့် တဖက်သတ်ချေမှုန်းပြီး အာဏာရလာပုံမျိုးပါ။ တခါ နိုင်ငံကြီးပွားပုံကလည်း ငွေကြေးခ၀ါချတယ်၊ အာဏာရှင်အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်တယ်၊ လက်နက်ပစ္စည်း ရောင်းချတယ်၊ ပြည်သူကို ဖိနှိပ်လည်ပင်းညှစ်တယ် စတာမျိုးတွေနဲ့ ကြီးပွားလာတတ်ကြပါတယ်။ ဒါပေမယ့် လူတွေက ကြီးပွားတာကိုသာ မြင်ကြတော့တယ်။ ဘယ်ပုံဘယ်နည်း ကြီးပွားလာတယ်ဆိုတာကို ထည့်တွက်ဖို့တော့ မေ့လျော့နေကြဟန်တူရဲ့။

လူတယောက်ဟာ မိမိထောက်ခံလိုတဲ့ဖက်ကို လွတ်လပ်စွာ ထောက်ခံနိုင်တာမှန်ပေမယ့် မိမိထောက်ခံတဲ့ဘက်က အခြားတဖက်ကို မတရားသဖြင့် ချေမှုန်းနေမယ်၊ တရားလက်လွတ်ပြုမူနေမယ်ဆိုရင်တော့ မိမိရဲ့ ထောက်ခံမှုကို ပြန်လည် သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။

ဘက်နှစ်ဘက်ဟာ အရာရာ တန်းတူရည်တူ အခွင့်အရေး ရနေပြီး တဖက်က အရည်အချင်းကြောင့် သာသွားတာမျိုး၊ အောင်မြင်သွားတာမျိုးဆိုရင် ဘာမှ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ အဲသည်လိုမဟုတ်ဘဲ အသာစီးရသွားတဲ့လူက အမြင်ကွဲလွဲတဲ့ အခြားတဖက်အပေါ်မှာ မတရားတဲ့ ဥပဒေတွေ အမျိုးမျိုးပြဌာန်းပြီး အရေးယူတာမျိုး၊ ဖိနှိပ်တာမျိုးဆိုရင် မြန်မာပြည်ပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် မတရားတဲ့ဖက်က ဘက်မလိုက်ကြဖို့ လိုပါတယ်။ ကြားမနေမိဖို့လည်း အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး တခါက ပြောဖူးသလို….“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”...ဆိုသလို ဖြစ်နေလို့ပါပဲ။

အမှန်နဲ့ အမှားဟာ တဖက်စွန်းစီမှာ တည်ရှိနေကြတယ်။ အဲဒီအချိန်မှာ ကြားနေတယ်ဆိုပြီး ကြားမှာ ၀င်ရပ်သူဟာ ဘယ်တော့မှ ရာနှုန်းပြည့်အမှန်သမားလုံးလုံး မဖြစ်နိုင်တော့ပါဘူး။ အဖြူနဲ့အမဲမှာ ကြားအရောင်ဖြစ်တဲ့ မီးခိုးကိုတော့ ရချင်ရမယ်။ ဒါပေမယ့် မီးခိုးဟာ အဖြူစစ်စစ်တော့ မဖြစ်နိုင်ဘူး။ အမှန်တ၀က်အမှားတ၀က်တွေကို အမှန်သက်သက်လိုလို ရောင်းစားလိုသူများဟာ မရိုးသားသူများ ဖြစ်ကြပါတယ်။
Read more

“နှစ်ထောင့်တစ်ဆယ် အတွေးများ”

ပြည်သူ့အတွေး.....


တတိယအုပ်စုအတွေး.....


နအဖ အတွေး.....

Read more

“မြန်မာပြည်ကို ချစ်သူများ”

“သူတို့ကတောင် ငွေပို့ပြီး ထောက်ကူသေးတာကွာ၊ ငါတို့က ဘာလို့ လူမစိုက်နိုင်ရမှာလဲ”…. တဲ့။

ကျနော်အင်မတန် ချစ်ခင်လေးစားတဲ့ လူတယောက်ပြောတာပါ။ သူ့စကားကို ကြားတော့ ကျနော့် ရင်ထဲမှာ မချိဘူး။ သြော်…. သူ့မှာ ဘ၀တခုလုံးတောင် စိုက်ပြီး ပေးဆပ်ထားရတာ။ ကျနော်တို့ ထောက်ကူတယ်ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။

“ငါတို့ ဗမာပြည်မယ်…. မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်” တဲ့။

မြန်မာပြည်တွင်းမှာ ယနေ့ စစ်အစိုးရကို ရဲရဲဝံ့ဝံ့ အံတုရင်ဆိုင်နေကြသူတွေဟာ ဗိုလ်အောင်ဆန်းလိုပဲ သတ္တိထွန်းပြောင်တဲ့ သူရဲကောင်းတွေပါ။ တချို့ဆို ထောင်အကြိမ်ကြိမ် မတရားချခံရပေမယ့် စိတ်ဓါတ် ယိုယွင်းမသွားဘူး။ ပျက်စီးမသွားဘူး။ ယိမ်းယိုင်မသွားဘူး။ ပိုလို့တောင် ပြတ်သားလို့လာသေးတယ်။

အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာ အများကြီးရှိနေတယ်။ တချို့ဆိုရင် အပြင်မှာ လူမမယ်ရင်သွေးတွေနဲ့ မိသားစုတွေ ကျန်ရစ်ခဲ့တယ်။ ဒီသူရဲကောင်းတွေရဲ့ ရင်သွေးလေးတွေဟာ သူတို့မိဘရဲ့ သတ္တိသွေးနဲ့ ဖြောင့်မတ်တဲ့ စိတ်နှလုံးကောင်းတွေ သူတို့သဏ္ဍာန်မှာ အမွေဆက်ခံပြီး ပါလာမှာမုချ။ သူတို့လေးတွေ ကြီးပြင်းလာတဲ့ တချိန်ကျရင် တိုင်းပြည်အတွက် တကယ်ပဲ အားကိုးရတဲ့ ခေါင်းဆောင်ကောင်းတွေ၊ အမွန်အမြတ် တန်ဘိုးထားရမယ့် ရတနာလေးတွေ ဖြစ်လာမှာသေချာတယ်။

ခုအချိန်မှာတော့ မိခင်ဖခင်နဲ့ ခွဲခွာပြီး နေကြရရှာတဲ့ ဒီလူမမယ်ကလေးတွေကို လူလောကအလယ်မှာ မချို့မငဲ့ ကြီးပြင်းနိုင်အောင် ကျနော်တို့က ကူညီစောင့်ရှောက်ကြဖို့လိုတယ်။ ဒီအကြောင်းကို ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရေးသားတဲ့ “Letters from Burma” ဆိုတဲ့ စာအုပ်ထဲမှာလည်း ရေးထားတယ်။ (နောက်ပို့စ်တခုမှာမှ ကျနော် သီးသန့် ဘာသာပြန်ပေးပါဦးမယ်။)

ကျနော်တို့ ပြည်တွင်းကို ငွေပို့တဲ့အခါ တပိုင်းက နိုင်ငံရေးအကျဉ်းသားတွေမိသားစုတွေကို ထောက်ကူဖို့ရယ်၊ နောက်တပိုင်းက လက်ရှိ တော်လှန်ရေးလုပ်ငန်းတွေမှာ သုံးဖို့ရယ် ဆိုပြီး နှစ်ပိုင်းခွဲပြီး ရည်ရွယ် ပေးပို့ပါတယ်။

အခုတလော ပြည်ပကနေ ထောက်ကူတဲ့ အလှူရှင်ဦးရေ တိုးတက်များပြားလာတာကို တွေ့ရလို့ အင်မတန် ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာရပါတယ်။ တချို့ဆိုရင် လစဉ်ပုံမှန် ငွေသတ်သတ်မှတ်မှတ် ထည့်ဝင်လှူဒါန်းကြတယ်။ နောက် ကိုယ်တိုင်လှူရုံမက သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ တဆင့်ပြန်လည် ကောက်ခံပေးတာမျိုးလည်း ရှိတယ်။ လှူဒါန်းသူတွေအနေနဲ့ ဒီငွေတွေဟာ သူတို့ သားသမီးလေးတွေအတွက် ဖိနပ်အသစ်လှလှလေးတရံဖြစ်ကောင်းဖြစ်မယ်၊ အင်္ကျီဝတ်စုံလှလှလေး တစုံဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် မိမိ တလစာ ရုပ်ရှင်ကြည့်မယ့်ငွေလည်း ဖြစ်နိုင်သေးတယ်၊ ဒါမှမဟုတ် အပန်းဖြေ ခရီးထွက်လို့ရတဲ့ငွေပမာဏလည်း ဖြစ်နိုင်သေးတယ်။

ဒီလို ကိုယ်ကျိုးအတွက် သုံးစွဲနိုင်တဲ့ ငွေထဲကနေ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ကူညီစောင့်ရှောက်ဖို့အတွက် ကိုယ်တိုင်ကတော့ ခြိုးခြံချွေတာပြီး လှူဒါန်းကြတာကို တွေ့ရတဲ့အခါ ကျနော့်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ စိတ်စေတနာနဲ့ သံယောဇဉ်ကို နားလည်မိလို့ပါ။ သူတို့တွေဟာ တိုင်းပြည်ကို ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး မျက်နှာလွှဲခဲပစ် လုပ်မသွားရက်တဲ့လူတွေ။ သူတို့အများစု အဲသည်လို လှူဒါန်းပါတယ်ဆိုတာကို ကျနော်တို့က စာရင်းအင်းရှိပေမယ့် အခုအချိန်မှာ အလှူရှင်နာမည်တွေကို အတိအလင်းထုတ်ဖော်ကြေငြာလို့ ရသေးတာမဟုတ်ဘဲ လျို့ဝှက်ထားရတဲ့အချိန်မှာ ဘာကိုမှ မငဲ့ကွက်ဘဲ လှူဒါန်းတာမို့ ပိုလို့တောင် စင်ကြယ်ပါသေးတယ်။ သည်လိုအလှူရှင်ဦးရေ များပြားလာလေလေ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုမိုလင်းလက်လာလေလေပါပဲ။ သူတို့ရဲ့ စင်ကြယ်တဲ့ အလှူအတွက်ရော၊ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာကောင်းအတွက်ရော ကျနော်သာဓုခေါ်ပါတယ်။

အဲဒီလို အင်တိုက်အားတိုက် လှူဒါန်းနေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ဒီပို့စ်နဲ့ ချီးကျူးဂါရ၀ ပြုလိုက်ပါတယ်။
Read more

“ပြန်သာ ပြန်ပါ ရွှေဟင်္သာ”

သံဃာတော်တပါးက ဗုဒ္ဓရဲ့တရားတော်တွေကို ပြန်လည်ဟောကြားနေတဲ့အခါမှာ ပရိတ်သတ်ထဲက လူတယောက်က ရုတ်တရက်ထရပ်လိုက်ပြီး တရားဟောနေတဲ့ သံဃာကို ပေစောင်းစောင်းကြည့်ကာ….

“အရှင်ဘုရား။ လေချည်း စွတ်ကန်မနေပါနဲ့ဘုရား။ ဒီပုံနဲ့ဆိုရင် နောက်ထပ် အနှစ်တရာနေလည်း နိဗ္ဗာန်ရောက်မှာမဟုတ်ဘူး။ သတ္တိရှိရင် တပည့်တော်တို့ တောအုပ်ထဲသွားပြီး တရားအားထုတ်ကြတာပေါ့”

လို့ ပြောရင် အဲဒီလူ တော်တော်လေးလွဲနေပြီလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးရဲ့တရားကို နာနေကြတဲ့ လူတွေထဲမှာ တချို့က ပါရမီအခံ အတော်ရင့်သန်နေတဲ့ လူတွေလည်း ပါနိုင်ပါတယ်။ အဲသည်လူမျိုးတွေအဖို့ ဘုန်းကြီးရဲ့ တရားကို နာပြီးတဲ့အခါမှာ တစုံတခုကို ရုတ်တရက်နားလည်သွားပြီး တရားရသွားတာမျိုးလည်း ဖြစ်နိုင်တယ်။

အလားတူပဲ။ ကျောင်းစာသင်ခန်းထဲမှာ ဆရာက ကျောင်းသားတွေကို အာကာသသိပ္ပံအကြောင်း၊ ဂျူပီတာဂြိုဟ်နဲ့ ဂြိုဟ်ရံလတွေအကြောင်းကို သင်ကြားပြသနေစဉ်မှာ အတန်းထဲမှာ ထိုင်နေတဲ့ ကျောင်းသားတယောက်က ထပြီး
“ဆရာရယ်… ဆရာ့ဟာက မမြင်ရတာတွေကို လေနဲ့ပဲ အာချောင်မနေပါနဲ့။ တကယ်တမ်းဆိုရင် ဆရာရော ကျနော်တို့ပါ ဂျူပီတာဂြိုဟ်ကို အရောက်သွားပြီး လက်တွေ့ လေ့လာကြတာပေါ့” ကို စကားကပ်ပြီး ထပြောရင် အဲသည်အကောင် (ကျနော်တို့ခေတ်ကလိုမျိုးဆိုရင်) ဆရာ နဘန်ကျင်းတာ ခံရကိန်းရှိတယ်။

လူတွေမှာ မွေးကတည်းက ပါးစပ်ပေါက်ပါလာတာဟာ အစာ စားဖို့သက်သက်မဟုတ်။ အဲဒီပါးစပ်ပေါက်ကို အသုံးပြုပြီး တယောက်နဲ့ တယောက် ပြောဆိုဆက်သွယ်နိုင်ဖို့လည်း ဖြစ်တယ်။ အဲဒီ ပါးစပ်ပေါက်က ပြောတဲ့အသံကို ကြားနိုင်ဖို့ နားဆိုတာကြီးလည်း ဦးခေါင်းရဲ့ ဘေးတဖက်တချက်မှာ တခုစီ ကပ်ပါလာသေးတယ်။

လူပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ် အချင်းချင်းဆက်သွယ်တဲ့အခါ အများအားဖြင့် ပါးစပ်က ထွက်တဲ့ အသံတွေနဲ့ ပြောဆိုဆက်သွယ်ကြတယ်။ အချို့သော အကောင်ဗလောင်တွေမှာ အသံသာမက အမူအရာတွေ၊ အရောင်အဆင်းတွေ၊ အနံ့တွေနဲ့လည်း အချက်ပြ ဆက်သွယ်တာ ရှိတယ်။

လူတွေမှာတော့ တွေးခေါ်စဉ်းစားဆင်ခြင်ဉာဏ်ဟာ တခြားတိရိစ္ဆာန်တွေထက် သာလွန်ပုံရတဲ့အတွက် ကမ္ဘာပေါ်မှာ လူရယ်လို့ စတင်ဖြစ်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ လူအချင်းချင်း ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်ဖို့ ဘာသာစကားတွေ ပေါ်လာတယ်။ တယောက်နဲ့ တယောက် မမြင်ရတဲ့အချိန်မှာလည်း တဆင့်ကြားခံဆက်သွယ်နိုင်ဖို့ စာပေအက္ခရာတွေ၊ ပန်းချီအနုပညာတွေ ပေါ်ထွန်းလာခဲ့တယ်။ အခုခေတ်ဆိုရင် နည်းပညာကြောင့် ကမ္ဘာတဖက်ခြမ်းက လူတယောက်နဲ့ နောက်တဖက်ခြမ်းက အခြားလူတယောက် အချင်းချင်း အသံရော ရုပ်ပါ မြင်ရပြီး ဆက်သွယ်နိုင်တဲ့ စနစ်တွေပေါ်လာတယ်။ ပြည်ပကလူတွေအဖို့… ဂျီတော့မှာ တချိန်လုံး ချက်နေကြတဲ့လူတွေ၊ Skype ပေါ်မှာ အမြုတ်ထွက်မတတ် ပြောနေကြသူတွေချည်း ဆိုတော့ ဒီအကြောင်းကို အထူးတလည် ပြောပြနေစရာတောင် လိုမယ်မထင်တော့ပါဘူး။

ဒီတော့ ပြန်ခြုံပြောရရင် ဒီပါးစပ်ပေါက်ကလေးတပေါက် ပါလာတာဟာ ထမင်းစားဖို့သက်သက် ပါလာတာမဟုတ်။ အဲသည်လို ထမင်းစားရုံသက်သက်လောက်ပဲ သုံးမယ်ဆိုရင် ဟို “အိပ်၊ စား၊ ကာမ ဤသုံးဝ” ဆိုတဲ့ အမျိုးအစားထဲကို ရောက်မှန်းမသိ ရောက်သွားလိမ့်မယ်။

ဒီကနေ့ နည်းပညာကြောင့် ဘလော့ဂ်တွေပေါ်လာတယ်။ ပါးစပ်နဲ့ပြောရင် ကိုယ့်ပတ်ဝန်းကျင်က လူပဲ ကြားမယ်။ ဘလော့ဂ်ပေါ်မှာ ကိုယ်ရေးလိုက်ရင် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကိုယ့်ပတ်ဝန်းကျင်ကလူတွေသာမက၊ ကမ္ဘာတလွှားက လူတော်တော်များများ သိအောင် လုပ်နိုင်တဲ့ အားသာမှုဖြစ်လာတယ်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ လူတဦးကောင်း၊ တယောက်ကောင်းနဲ့ အောင်မြင်နိုင်တာမျိုးမဟုတ်။ လူအများရဲ့ ပူးပေါင်းပါဝင်မှုလိုတယ်။ အဲဒီလို “လူအများ” ဆိုတဲ့ စကားပါလာကတည်းက အချက်ပြမှု၊ အတွေးအမြင်ဖလှယ်မှု၊ သတင်းအချက်အလက် ဖြန့်ဝေမှု၊ သင်ကြားပြသမှု၊ နာယူမှု စတဲ့ ဆက်သွယ်ရေးစနစ်တွေ သုံးဖို့လိုလာပြီ။

ဒါတွေကို ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သုံးစွဲခွင့်မရဘူး။ စစ်အစိုးရဟာ လူတွေရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာ စုရုံးပိုင်ခွင့်တွေကို ကန့်သတ်ထားတယ်။ စာနယ်ဇင်းတွေ၊ အင်တာနက်တွေ၊ ရုပ်မြင်သံကြားတွေ စတာတွေအားလုံးမှာ ကန့်သတ်ပိတ်ပင်တားဆီးမှုတွေနဲ့ချည်း တွေ့ကြုံနေရတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ အဲဒီ ပြောဆိုဆက်သွယ်အချက်ပြမှုတွေရဲ့ ခွန်အားကို နအဖ စစ်အာဏာရှင်က ကောင်းကောင်းကြီး သဘောပေါက်လို့ပဲ ဖြစ်တယ်။ သူ့အာဏာတည်မြဲရေးအတွက် လူတွေ ပါးစပ်ပေါက်ပိတ်နေဖို့ အရေးကြီးတယ်ဆိုတာကို နအဖ ကောင်းကောင်းကြီး သဘောပေါက်တယ်။

သဘောမပေါက်တာက အဲဒီ စစ်အာဏာရှင်ကို တော်လှန်နေပါတယ်၊ ဒီမိုကရေစီစနစ်ကို ရချင်ပါတယ်ဆိုပြီး ကြိုးပမ်းနေကြတဲ့လူတွေထဲက အချို့က သဘောပေါက်ပုံမရဘူး။

ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့…. ဒီကနေ့ အင်တာနက်စာမျက်နှာတွေမှာ လိုက်ကြည့်လိုက်ပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရေးသားကြတဲ့ သတင်းဆောင်းပါးတွေမှာ ကွန်မင့်ရေးကြတဲ့အခါ “လေကန်မနေကြပါနဲ့တော့ဗျ။ ၂၁ နှစ်ကြီးတောင် ရှိလာပြီ။ အခုပြန်ပြီး နအဖကို တိုက်ကြစို့” ဆိုတဲ့ ကွန်မင့်မျိုးတွေကို မမြင်ချင်အဆုံး တွေ့နေရတယ်။

ဒီလူတွေဟာ (၁) လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့်ရဲ့ ထိရောက် အရေးပါပုံကို နားမလည်ဘူး။ (၂) အခု ပြည်တွင်းကို ပြန်ပြီး နအဖကို တိုက်ရအောင် ဆိုတာကလည်း “ဟိုတရားဟောသံဃာကို တောထွက်ဖို့ စိန်ခေါ်တဲ့ လူမိုက်” လို ဖြစ်နေတယ်။

ကောင်းပြီ။ ပြည်တွင်းကို ပြန်တိုက်မယ်ပဲ ဆိုပါတော့။ ပြန်မတိုက်ခင် စနစ်တကျ ပြင်ဆင်မှုတွေ လုပ်ဖို့ မလိုဘူးလား။ ငါစိတ်ရှိတာပဲဆိုပြီးတော့ လေယာဉ်လက်မှတ်ဝယ်ပြီး ပြည်တွင်းကို ပြန်သွား။ ဟိုရောက်တော့ ဘာအဆက်အသွယ်မှလည်းမရှိ၊ ဒီလိုပဲ အရူးချီးပန်း လျှောက်လုပ်လို့ ဖြစ်မှာလား။

တကယ်တော့ ပြည်တွင်းကို ပြန်မယ့်လူကလည်း မပြန်ခင်မှာ စနစ်တကျ ပြင်ဆင်ရမယ်။ ကိုယ်ဘာလုပ်ချင်တာလဲ ပထမ သိရမယ်။ ပြည်တွင်းက အချိတ်အဆက်တွေနဲ့ မိအောင်ချိတ်ဆက်ရမယ်။ ကိုယ်ပြည်တွင်းရောက်သွားရင် ကိုယ့်လုပ်ငန်းတွေမှာ ငွေကြေးအားဖြင့် ထောက်ကူမယ့် ပြည်ပက မျိုးချစ်မြန်မာတွေနဲ့ အကျေအလည် ဆွေးနွေးရမယ်။ ပြည်တွင်းရောက်တဲ့အခါမှာလည်း မိမိနဲ့ ယုံကြည်ချက်တူရာလူတွေနဲ့ တွေ့ဆုံ ပြောဆိုဆွေးနွေးရမယ်။ ဆက်သွယ်ရမယ်။ အချက်ပြရမယ်။ အဲဒါတွေလုပ်ဖို့ “လေကန်တယ်ဆိုတဲ့ အဆင့်”ကို မဖြစ်မနေ ကျော်ဖြတ်ရမယ်။

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ဟာ ပြည်တွင်းက အင်အားစုတွေအပေါ်မှာ အဓိက မှီတည်နေတာ မှန်တယ်။ ဒါပေမယ့် သိကြတဲ့အတိုင်း ပြည်တွင်းက အင်အားစုတွေဟာ အာဏာရှင်လက်အောက်မှ စနစ်တကျ အမှည့်ချွေ ချွေခံနေရတဲ့အခါ စားဝတ်နေရေးကအစ တကယ်တမ်းမှာ မပြေလည်ကြဘူး။ နောက်ပြီး နယ်တွေကို ထွက်ပြီး စည်းရုံးရေးဆင်းတဲ့အခါ၊ စာရွက်စာတမ်းတွေ ရိုက်နှိပ်ဖြန့်ဖြူးတဲ့အခါ၊ ပုန်းအောင်းဖို့ နေရာတွေကို ငှားရမ်းရတဲ့အခါ၊ အမှုဆင်အဖမ်းခံရလို့ တရားရုံးရောက်တဲ့အခါ၊ ထောင်ကျသွားလို့ ထောင်ဝင်စာသွားတွေ့တဲ့အခါ အဲဒီကိစ္စအားလုံးအတွက် ငွေလိုတယ်။ သူတို့မှာ ၀င်ငွေ လုံလောက်စွာ မရှိကြဘူး။ ပြည်ပရောက် မြန်မာတွေက မြန်မာ့ဒီမိုကရေစီအရေးအတွက် စိတ်သန်တယ်ဆိုရင် အဲဒီကဏ္ဍမှာ တကယ် ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်တယ်။ နိုင်ငံခြားရောက်နေလို့ ဘာမှ လုပ်မပေးနိုင်ဘူးဆိုတာ မဟုတ်ဘူး။ မှားတယ်။ နအဖက လူတွေကို အဲသည်လိုပဲ ထင်စေချင်နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လို လူတွေထင်သွားပြီး ဘာမှ မလုပ်ဘဲနေတော့မှ သူတို့ အာဏာ ရေရှည်တည်မြဲနိုင်မှာကိုး။

ဒီတော့…. “အခုပြန်ပြီး တိုက်ကြစို့” လို့ ဖိတ်ခေါ်လာသူတွေကို ပြောချင်ပါတယ်။

“ပြန်သာ ပြန်ပါ ရွှေဟင်္သာ”

မိတ်ဆွေ စိတ်သန်တယ်ဆိုရင် ဘယ်သူ့အပြန်ကိုမှ စောင့်မနေပါနဲ့။ အခုချက်ချင်း ပြန်ပါ။ မိတ်ဆွေရဲ့ အင်အားကို ပြည်တွင်းမှာ တကယ်လည်း လိုအပ်ပါတယ်။ မိတ်ဆွေရှေ့မှာ တကယ်ပဲ ပြည်တွင်းကိုပြန်ပြီး လုပ်နေသူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ်မပြန်ချင်ဘဲနဲ့တော့ ပါးစပ်အရသာခံပြီး “ဒီလူ..ဒီလူတွေ ပြန်ရင်တော့ ငါလည်း ပြန်ပြီကွာ” လို့ လာမပြောလေနဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒါကမှ တကယ် လေကန်တာအစစ်အမှန် ဖြစ်နေလို့ပါ။

“ပြန်သာ ပြန်ပါ ရွှေဟင်္သာရေ…. ပြန်သာ ပြန်ပါ”
Read more

“လမ်းရှိသော်ငြား...”

(ပုံကို ဒီက ယူပါတယ်။)


“မရှိတာထက် မသိတာခက်။
မသိတာထက် မလုပ်တာခက်။

မရှိတာကို ရှိအောင်လုပ်ရင် ရှိလာနိုင်တယ်။
မသိတာကို သိအောင်လုပ်ရင် သိလာနိုင်တယ်။

မလုပ်တာကတော့ ဘာမှကို ဖြစ်မလာနိုင်တော့လို့ မလုပ်တာဟာ မရှိတာတို့၊ မသိတာတို့ထက်တောင် ခက်ပါသေးတယ်။”
-(ယောမင်းကြီး ဦးဖိုးလှိုင်)-


ကျနော်တွေးကြည့်မိတယ်။

ဗုဒ္ဓက သစ္စာလေးပါးကို ဟောကြားပြီး ဒုက္ခဆင်းရဲအပေါင်းတို့ ကင်းငြိမ်းရာအမှန် နိဗ္ဗာန်ရှိကြောင်းနဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားခဲ့တယ်။ သူညွှန်ပြတဲ့ လမ်းအတိုင်း ကြိုးစားကျင့်ကြံလို့ အကျွတ်တရား ရသွားသူတွေလည်း ရှိတယ်။

အဲဒီအချိန်မှာ တစုံတယောက်က နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းဟာ ဘာလဲဆိုတာ သိဖို့လည်း မကြိုးစား၊ သိပြန်တော့လည်း ကျင့်ကြံအားထုတ်ဖို့ မကြိုးစားဘဲ အချိန်ကြာလာလို့ မဂ်၊ဖိုလ် မဆိုက်တဲ့အခါ “ရဟန်းကြီး ဂေါတမဟာ အလကားပါကွာ၊ ငါ့ကို နိဗ္ဗာန်ရောက်အောင်လည်း ဆောင်ကျဉ်းမပေးနိုင်ပါဘူး” လို့ ဆိုလာခဲ့ရင် အဲသည်လို ပြောတဲ့လူဟာ နည်းလမ်းကျစွာ ပြောဆိုဝေဖန်တယ်လို့ မဆိုနိုင်ပါဘူး။

တကယ်လို့ ဗုဒ္ဓဟောကြားချက်တွေကို သိအောင်ကြိုးစားပြီး သိတဲ့အတိုင်း တသွေမတိမ်း လိုက်နာအားထုတ်ရင်တောင်မှ တဦးတယောက်ချင်းရဲ့ ပါရမီ အနုအရင့်ပေါ်မူတည်ပြီး ကျွတ်တမ်းဝင်ဖို့ ကာလ အရှည်အကြာဟာ တူညီနိုင်ကြမယ်မဟုတ်ဘူး။

အဲဒီလိုအနေအထားမှာ “ငါတော့ ၂၁ နှစ်လုံးလုံး အားထုတ်ပြီးပြီ။ အခုထိလည်း နိဗ္ဗာန်ကို ရေးရေးမျှ မမြင်ရသေးဘူး၊ ဗုဒ္ဓပြောတဲ့ နည်းလမ်းက မစွံပါဘူးကွာ” လို့ရော ဆိုသင့်ပါသလား။

ဥပမာ စန္ဒယားအတီးသင်တယ်ဆိုပါစို့။ သင်တဲ့ဆရာကတော့ တပည့်တွေအားလုံးကို အတူတူ သင်ကြား နည်းလမ်းပြလိုက်တာပါပဲ။ ဒါပေမယ့် တပည့်တွေရဲ့ တတ်မြောက်မှု၊ ကျွမ်းကျင်မှုတွေမှာတော့ တယောက်နဲ့တယောက် မတူညီနိုင်ကြဘူး ဆိုတဲ့ သဘောမျိုးပေါ့။

နောက်တချက်က… နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို အားထုတ်မှသာ နိဗ္ဗာန်ကို ရောက်နိုင်တာမျိုး။ “နိဗ္ဗာန်တော့ ရောက်ချင်တယ်။ မရောက်မီစပ်ကြား လမ်းတလျှောက်မှာ အကုသိုလ်အမှုလေးတွေ၊ ဒုစရိုက်အမှုလေးတွေ ကြုံရင် ကြုံသလို လုပ်သွားလိုက်မယ်။ မဂ်ဖိုလ်ဆိုက်တော့မှ သူတော်ကောင်းပီသစွာ နေလိုက်မယ်”... အဲသလို လုပ်လို့ ရတာမျိုးလည်း မဟုတ်ပြန်ဘူး။ အဲသည်လိုသာ နိဗ္ဗာန်ကို အကုသိုလ်နဲ့ ချီတက်လို့ရကြေးဆိုရင် အဆုံးပန်းတိုင်ရောက်တဲ့အခါ အဲဒါဟာ နိဗ္ဗာန်မဟုတ်ဘဲ ငရဲဖြစ်နေတာကို တွေ့ရလိမ့်မယ်။

အခု မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ “ဘာလုပ်ကြမလဲ၊ ဘယ်လို လုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းတွေကို မေးကြတာကို မကြာမကြာ ကြုံရတယ်။ အဲသည်အခါတိုင်းမှာ ကျနော်က အထက်က ဥပမာကို သတိရမိတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တို့၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မစုစုနွေးတို့က ဒီမိုကရေစီစနစ်ကို ရောက်ဖို့ရာ ဘာတွေလုပ်ရမယ်ဆိုတာ တချိန်လုံး ပြောခဲ့တာတွေရှိတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲက နှစ်ခုလောက်ကို ကောက်နှုတ်ပြရမယ်ဆိုရင်.....

“မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ”၊
“လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့သတ္တိ၊ မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်ဘဲ နေရဲတဲ့သတ္တိ မွေးကြဖို့”၊

နောက်ဆုံးကတော့ “အကြမ်းမဖက် ငြိမ်းချမ်းသောနည်းနဲ့ အာဏာရှင်ကို တော်လှန်ဆန့်ကျင်ကြဖို့”… ဒါတွေဟာ ဒီမိုကရေစီစနစ်ကို သွားချင်ရင်၊ အာဏာရှင်စနစ်ကို တော်လှန်ချင်ရင် မဖြစ်မနေ ပြုမူကျင့်ကြံကြရမယ့် နည်းလမ်းတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွသော သူရဲကောင်းတွေဟာ ပြောတဲ့အတိုင်းလည်း တသွေမသိမ်း ပြုမူကျင့်ကြံပြီး ရှေ့ကနေ ရှေ့ဆောင်လမ်းပြနေပါတယ်။

အဲဒီ လမ်းကြောင်းတွေကို ကျနော်တို့ သိဖို့ ကြိုးစားခဲ့ကြသလား။ သိတဲ့အခါမှာရော စွဲစွဲမြဲမြဲ အားထုတ်ကျင့်ကြံဖို့ ကြိုးစားခဲ့ကြဘူးသလား။ အဲသည်လို မကြိုးစားဘူးဘဲနဲ့ “ဟာ… အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့… အလကားပါကွာ။ ငါတို့ကို ဒီမိုကရေစီစနစ်ကို ရောက်အောင်လည်း ပို့ဆောင်မပေးနိုင်ဘူး” လို့ အပြစ်ပြောခဲ့ရင် ပြောတဲ့လူဟာ စောစောက ဗုဒ္ဓကို အပြစ်တင်တဲ့လူနဲ့ ဘာမှ မထူးဘူး။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တို့၊ ကိုမင်းကိုနိုင်တို့က လမ်းပြထားတယ်။ ဒါပေမယ့် ကျင့်ကြံအားထုတ်တဲ့နေရာမှာတောင် သူ့ပါရမီ အနုအရင့်အရ အချိန်ကာလဟာ အတိုအရှည်ကြာနိုင်သေးတယ်။ အဲဒါကို “ငါ ၂၁ နှစ်လုံးလုံး ဒီမိုကရေစီအတွက် အားထုတ်ခဲ့ပြီးပြီ။ အခုထိလည်း ဒီမိုကရေစီ ပန်းတိုင်ကို ရေးရေးမျှ မမြင်ရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လမ်းကြောင်းက မစွံပါဘူးကွာ” လို့ ပြောသင့်ပါသလား။

တကယ်တော့ ဒီမိုကရေစီစနစ် ထွန်းကားတာကို မြင်ချင်ရင် ဒီမိုကရေစီနည်းနာတွေကို လမ်းတလျှောက်မှာ ကျင့်သုံးမှသာ ရောက်နိုင်တာမျိုး။ ဒီမိုကရေစီစနစ်ကိုတော့ ရောက်ချင်တယ်။ လမ်းတလျှောက်မှာ ဒီမိုကရေစီနဲ့ မညီတဲ့ အပြုအမူလေးတွေ၊ စိတ်ဓါတ်ကလေးတွေ ကြုံရင်ကြုံသလို ပြုမူ မွေးမြူသွားလိုက်မယ်။ ဒီမိုကရေစီစနစ်ကို ရတော့မှ ဒီမိုကရေစီကျကျကြီး ကျင့်သုံးတော့မယ်ဆိုတဲ့ အယူအဆမျိုးကို ကိုင်စွဲသင့်တာမျိုးမဟုတ်။ အဲသည်လိုသာ ဒီမိုကရေစီစနစ်ကို အာဏာရှင်နည်းလမ်းနဲ့ ချီတက်လို့ရကြေးဆိုရင် အပင်ပန်းခံမနေကြပါနဲ့တော့။ နအဖရဲ့ လမ်းပြမြေပုံအတိုင်းလိုက်သွားပြီး စည်းကမ်းရှိသောဒီမိုကရေစီဆိုတာကြီးကိုသာ လက်ခံလိုက်ကြပါတော့လို့ တိုက်တွန်းရမလိုဖြစ်နေတယ်။ ဒါပေမယ့် အဲဒီလမ်းအတိုင်းသွားရင် အဆုံးသတ်ပန်းတိုင်ရောက်တဲ့အခါ ဒီမိုကရေစီစနစ်ကို တွေ့မြင်ရမှာမဟုတ်ဘဲ၊ ကိုယ်ဖော်ဆောင်ခဲ့တာဟာ အာဏာရှင်စနစ်ကြီး ဖြစ်နေတာကို ဘွားဘွားကြီး သွားတွေ့ရလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွသော လူထုခေါင်းဆောင်တွေဟာ သူတို့ မိန့်ခွန်းတွေမှာ၊ အင်တာဗျူးတွေမှာ၊ စာအုပ်စာတမ်းတွေမှာ ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းကြီး ပြောပြထားပြီးသားပါ။

နည်းလမ်းမရှိဘူးလို့ ထင်ရင် ရှိအောင်လုပ်ပါ။ ရှိလာနိုင်ပါတယ်။
နည်းလမ်းကို မသိသေးဘူးဆိုရင် သိအောင်လုပ်ပါ။ သိလာနိုင်ပါတယ်။
ဒါပေမယ့် ဘာမှ မလုပ်ဘူးဆိုရင်တော့ ဘာမှ ဖြစ်မလာနိုင်ဘူး။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ စကားရယ်၊ “လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့သတ္တိ၊ မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်ဘဲ နေရဲတဲ့ သတ္တိကို မွေးကြပါ” ဆိုတဲ့ စကားရယ်၊ အဲသည် စကားနှစ်ရပ်ကို ပထမဦးဆုံး လက်ခံကျင့်သုံးနိုင်အောင် ကြိုးစားကြပါစို့။

အဲသည်နောက်မှာ တဆင့်တက်လို့ ကိုယ့်နီးစပ်ရာ မိတ်ဆွေ၊ ဆွေမျိုးအသိုင်းအ၀ိုင်းမှာ နိုင်ငံရေးကို ဆွေးနွေးမယ်၊ အုပ်စုငယ်လေးတွေဖွဲ့မယ်၊ လူထုကို နိုင်ငံရေးအသိ မြှင့်တင်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်မယ်၊ ဒီမိုကရေစီအင်အားစုများကို အင်တိုက်အားတိုက် ထောက်ကူမယ်။ ကိုယ်တိုင်ကိုယ်ကျပါဝင်လှုပ်ရှားမယ်။

ဒီလိုသာ အဆင့်ဆင့် လုပ်မယ်ဆိုရင် ပထမပိုင်းမှာ အတွေ့အကြုံနုသေးလို့ အမှားအယွင်းလုပ်မိသော်ငြား တဖြည်းဖြည်းနဲ့ ရင့်ကျက်လာမယ်။ နောက်တဆင့်တက်ပြီး ကိုယ်ဘာလုပ်သင့်သလဲဆိုတာ မြင်လာမယ်။ နောက်ပြီး အရေးကြီးဆုံး အချက်ဖြစ်တဲ့ ဒီမိုကရေစီအင်အားစုများနဲ့ စတင်ချိတ်ဆက်မိလာမယ်။ အဆုံးစွန်အန္တိမရည်ရွယ်ချက်ကတော့ ပြည်သူတရပ်လုံး စနစ်တကျ ညီညာစွာ ချိတ်ဆက်မိသွားပြီဆိုရင် လူထုဆန္ဒပြပွဲတွေ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး စတဲ့ သပိတ်တွေ၊ အလုပ်သမား၊ လယ်သမား စတဲ့ သပိတ်တွေကို ရက်လရှည်ကြာ လိုအပ်သလို တောင့်ခံပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျသွားအောင် စွမ်းဆောင်နိုင်မှာပါ။ ပြည်တင်းရင် မင်းမခံနိုင်ဆိုတဲ့ အဆိုရှိတာကို သတိရပါ။

အဲသည်လို ပြင်ဆင်တဲ့အခါမှာလည်း အရေးတော်ပုံတခု ပေါ်လာမှ ကောက်ကာငင်ကာ တပွဲတိုး ထပြီး စီစဉ်တာမျိုးမဟုတ်ဘဲ မတိုင်မီကတည်း အချိန်ယူပြီး စနစ်တကျ ဖွဲ့စည်းလာနိုင်ခဲ့တယ်ဆိုရင် ပိုပြီး စေ့စပ်သေချာမယ်၊ အကွက်စေ့မယ်။ အောင်မြင်မှုကို အရယူနိုင်မယ်။

အခုအချိန်မှာ ဘယ်တုန်းကနဲ့မှ မတူအောင် အဖွဲ့ငယ်လေးတွေ သီးခြားဖွဲ့ပြီး လှုပ်ရှားနေကြတာကို မြင်ရလို့ အင်မတန် အားတက်မိပါတယ်။ အချို့အဖွဲ့ငယ်လေးတွေဆိုရင် အချင်းချင်း ချိတ်ဆက်ပူးပေါင်းမိကြပြီး ပိုမိုကြီးမားတဲ့ အဖွဲ့တွေကို ဖွဲ့စည်းလာနိုင်တာကို တွေ့လာရတယ်။ ဒီအဖွဲ့တွေရဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေကို ပြည်တွင်းမှာ မကြာခင် တွေ့မြင်ကြရတော့မှာလည်း ဖြစ်ပါတယ်။

ကျနော်တို့ ပြည်ပရောက် မြန်မာများအနေနဲ့ မိမိအချိတ်အဆက်ရှိသူကလည်း မိမိအဆက်အသွယ်နဲ့ ပြည်တွင်းအင်အားစုတွေကို ငွေကြေးအင်အား၊ နည်းပညာ၊ လက်ကိုင်ဖုန်း၊ အမ်ပီသရီးပလေယာ၊ ကင်မရာ၊ ကွန်ပြူတာ စတဲ့ အထောက်အကူပစ္စည်းတွေ ပေးပို့ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Read more

"Unfair verdict"

နအဖ တရားရုံးရဲ့ မတရားဆုံးဖြတ်ချက်ကို လုံးဝ ရှုတ်ချပါသည်။

Myanmar's Suu Kyi gets 18 months under house arrest

YANGON (AFP) – Aung San Suu Kyi was sentenced to three years' jail and hard labour by a Myanmar court Tuesday, but the head of the ruling junta commuted the punishment to 18 months' house arrest, a minister said.

The court sentenced her on charges of breaching the terms of her house arrest after a bizarre incident in which an American man, John Yettaw, swam to her lakeside house in May, an AFP correspondent in court said.

But Home Affairs minister General Maung Oo said outside the court that military ruler Than Shwe had signed a special order suspending the sentence and ordered that Suu Kyi should spend 18 months under house arrest.


Read more

“အညာမြေသို့ လက်ဆောင်မွန်”

ကျနော်သည် အထက်အညာသားဖြစ်ပါသည်။ ကျနော့်ကို ဖွားမြင်ရာ ဒေသတွင် ကျေးရွာအများစုမှာ လျှပ်စစ်မီးမရှိ။ ယခုအခါ ရန်ကုန်မြို့တော်ကြီးတွင်ပါ လျှပ်စစ် ပုံမှန်မရရှိတော့ရာ တပ်မတော်အစိုးရလက်ထက်တွင် အစစ ခေတ်မီတိုးတက်လာပါသည်ဟု ရေးသားကြသော ပြည်တွင်းပြည်ပ ဆောင်ပါးရှင်များအား နားရင်းသာ ရိုက်ချင်ပါတော့သည်။

ကျနော်တို့ ငယ်ငယ်က ညဖက်ရောက်လျှင် ရေနံဆီ မီးခွက်ဖြင့်စာကြည့်ရသည်။ ရေနံဆီမှာ အစိုးရသမ၀ါယမ ဆိုင်က ပုံမှန်ပေးလေ့မရှိသဖြင့် မန်းရေနံမြေ၊ ရေနံချောင်းရေနံမြေ စသည့် ရေနံမြေများမှ ခိုးထုတ်ရောင်းချသော ရေနံကို ပြန်ချက်ထားသည့် ရေနံဆီကို ၀ယ်သုံးကြရခြင်းဖြစ်သည်။

မီးစာမှာ ချည်မျှင်ဖြင့် ပြုလုပ်ထားပြီး ထွန်းပြီး ခဏနေသည်နှင့် မှိုင်းသီးကြီးများ ဖြစ်လာလေ့ရှိသည်။ ထိုအခါ ကျွန်တော်၏ အစ်မတယောက်သည် ထိုမှိုင်းသီးကြီးများကို တွယ်ချိတ်အဖျားဖြင့် ထိုးဆွကာ ခြွေတတ်ပါသည်။ ပုံမှန် မခြွေပါက ထိုမှိုင်းသီးသည် ဖျစ်ကနဲ ထပေါက်တတ်သည်လည်း ရှိသည်။

ထိုခေတ်က ဖောင်တိန်သုံးသောခေတ်ကာလ ဖြစ်သည့်အလျောက် ကျနော်တို့အိမ်မှ မီးခွက်များမှာ များသောအားဖြင့် မင်အိုး ဖန်ဘူးကိုယ်ထည်များကို သုံးကြပါသည်။

မီးခွက်၏ မကောင်းချက်များမှာ အလင်းရောင်အားမကောင်းခြင်း၊ လေတိုက်လျှင် မီးငြိမ်းတတ်ခြင်း၊ မီးခိုးမှိုင်းများထွက်ခြင်း၊ မီးခွက်မှောက်လျှင် ရေနံဆီများ ယိုဖိတ်ပြီး မီးစွဲလောင်တတ်ခြင်း၊ မီးခွက်မှ မှိုင်းသီးများဆီများသည် စာရွက်စာတမ်းများတွင် ပေကျံတတ်ခြင်းတို့ဖြစ်သည်။ မီးခွက် စာကြည့်မီးကြောင့် မီးစွဲလောင်သည်မှာ မကြာခဏ ဖြစ်သည်။

နောက်ပိုင်း ဘက်ထရီအိုးများ ခေတ်စားလာသောအခါ တတ်နိုင်သူအချို့သည် ဘက်ထရီအိုးနှင့် မီးချောင်းများကို ၀ယ်ယူသုံးစွဲကြသည်။ သို့သော် ဘက်ထရီအိုးကို လျှပ်စစ်မီးရရှိသော ကုန်းဇောင်း၊ ကျောင်းတော်ရာ စသည့် ရွာကြီးများသို့ သုံးရက်ခြားတခါ ပို့ကာ အားသွင်းရသည်။

လျှပ်စစ်မီးမရှိသည့်အတွက် တောဘက်ဒေသများတွင် အစစ လူနေမှုနောက်ကျကာ ဒုက္ခမျိုးစုံ ကြုံရသည်။ အဆိုးဆုံးမှာ ထမင်းဟင်းချက်ပြုတ်ရန်အတွက် ထင်းခုတ်ခြင်းများ၊ မီးသွေးဖုတ်ခြင်းများ ပြုလုပ်လာကြသောအခါ တောများပြုန်းတီးလာခြင်းပင် ဖြစ်သည်။ (နအဖနှင့် အလွမ်းသင့်သည့် သစ်ကုမ္ပဏီတွေ သစ်ခုတ်ရောင်းတာလည်း ပါပေသပေါ့။) ကျနော်တို့ငယ်ငယ်ကတော့ မိုးတွင်း မုန်းချောင်းရေစကျလည့်အချိန်တွင် ချောင်းထဲတွင် မျောလာသော သစ်ကိုင်းများ၊ သစ်လုံးများကို တရွာလုံးထွက်၍ ထင်းဆယ်ကြလေသည်။ နောက်ပိုင်း လူဦးရေများလာသောအခါ ထင်းဆယ်၍ မလောက်တော့။ ထင်းခုတ်ရောင်းသူများက ထင်းလှည်းများဖြင့် လာရောင်းသောအခါ ၀ယ်သုံးကြရသည်။ ဤသည်မှာလည်း ဈေးကြီးလှသည်။

ထင်းဈေးကြီးလာသောအခါ ကျနော့်ဖခင်က အိမ်တွင် စပါးခွံဖွဲမီးဖြင့် ချက်၍ရသော ဖွဲမီးဖိုတခုကို ရွှံစေး၊ သံပြားတို့ဖြင့် ဆောက်သည်။ အလကားရသော စပါးခွံဖွဲများကို ကျနော်က ဆန်စက်တွင် သွားကျုံးရသည်။ ဖွဲမီးမှာ လူက မီးဖိုနားတွင် ထိုင်၍ ဖွဲကို မပြတ်ထည့်ပေးနေရသည်။ လေခတ်ပေးရသည်။ မီးရှိန်ကတော့ ကောင်းသည်။ သို့သော် မီးခိုးများမှာ အူတက်နေပြီး ထမင်းအိုး၊ ဟင်းအိုးများမှာ မဲတူးနေပေတော့သည်။

ယခုအခါ ကျနော်၏ အလုပ်တွင် မိမိအလုပ်နှင့်သက်ဆိုင်သည့်အလျောက် နေရာင်ခြည်စွမ်းအင်မှ လျှပ်စစ်သို့ ကူးပြောင်းသော ဆိုလာဆဲလ် (Solar Cells) များအကြောင်းကို ဖတ်ရှုရသည်။ ယခင်က ဆိုလာဆဲလ်များကို ထုတ်လုပ်ရာတွင် စားရိတ်စက ကုန်ကျလှသည်။ ယခုအခါ ဆိုလာဆဲလ်များကို အချို့ထုတ်လုပ်သူများက သတင်းစာရိုက်ထုတ်သလို Printing စနစ်ဖြင့် ကွေး၍ လိပ်၍ ရသော ဆိုလာဆဲလ်များကို ပေါပေါသီသီ ထုတ်နိုင်နေပြီ ဖြစ်ကြောင်းသိရသည်။ ယခင်က ၀ပ်အား တ၀ပ်ရရန်အတွက် သုံးဒေါ်လာခန့်ကုန်ကျရာမှ ယနေ့အခါ ၃၀ ဆင့်ခန့်သာ ကုန်ကျတော့ကြောင်း သိရှိရသည်။

အညာဖက်တွင် မိုးတွင်းမှလွဲ၍ ကျန်ရာသီများတွင် နေရောင်ခြည်ကို ကောင်းမွန်စွာရရှိသည်။ အကယ်၍သာ ဆိုလာဆဲလ်များကို တပ်ဆင်လျက် ထမင်းဟင်း ချက်ပြုတ်နိုင်မည်၊ ဘက်ထရီအိုးများကို အားဖြည့်ထားနိုင်မည်ဆိုလျှင် မီးဘေးအန္တရာယ်လျော့နည်းသွားသလို၊ တောပြုန်းခြင်းကိုလည်း အတန်အသင့် ကာကွယ်နိုင်မည်။ ညဖက်တွင် မီးထွန်းနိုင်ခြင်း၊ ရေဒီယို၊ တီဗီ၊ လျှပ်စစ်မီးပူ အစရှိသည့် လျှပ်စစ်ပစ္စည်းများကိုလည်း သုံးစွဲနိုင်ပြီး လူတို့၏ လူနေမှုဘ၀ မြင့်တက်လာမည်ဖြစ်ပေသည်။

တလောက (ဗီအိုအေတွင်ထင်သည်) နယ်လှည့်ကျောပိုးအိတ်အဖွဲ့မှ နယ်စပ်ကရင်ရွာများတွင် ဆိုလာပြား (Solar Panels) များကို လှည့်လည်တပ်ဆင်ပေးသည့် သတင်းကို ဖတ်ရှုရသည်။ ထိုဒေသတွင် နေရောင်ကောင်းစွာမရသည့်ကြားကပင် ဆိုလာပြားတတ်ဆင်ပါက မီးချောင်းလေးချောင်းနှင့် တီဗီ သုံးစွဲနိုင်ကြောင်း သိရှိရသည်။ အကယ်၍ နေရောင်မကောင်းသည့်နေ့တွင် မီးချောင်းကို လေးချောင်းမသုံးဘဲ နှစ်ချောင်းမျှ လျှော့သုံးလျှင်လည်း ညဖက်ကောင်းစွာထွန်းနိုင်ကြောင်း တပ်ဆင်သူတဦးက ပြောကြားသွားသည်။ အကယ်၍ မီးချောင်းမသုံးလိုပါက ယခုအခါ အင်မတန် ခေတ်စားနေပြီဖြစ်သော LED မီးများကို အသုံးပြုနိုင်သည်။ ကျနော်တို့ခေတ်က မီးခွက်ထက် အဆပေါင်းများစွာ ပိုလင်းပြီး ဘက်ထရီသိပ်မစားသော နည်းပညာဖြစ်သည်။ မီးလောင်မှာ မပူရ၊ လေတိုက်လျှင် မီးငြိမ်းမှ မပူရ။

နည်းပညာတိုးတက်လာသည်နှင့်အမျှ ပို၍ Efficient ဖြစ်သော၊ ဈေးသက်သာသော ဆိုလာပြားများကို ထုတ်လုပ်ရောင်းချနိုင်ပါက (ကျက်သရေအိုး နအဖကြီး အသုံးမကျသော်လည်း) မြန်မာပြည်၏ တောနယ်ဖက်တွင် လျှပ်စစ်မီးဖြင့် နေနိုင်သော ခေတ်တခေတ်ကို မကြာမီ ရောက်လာပေလိမ့်မည်ဟု မှန်းဆမိပါသည်။
Read more

“နောက်ဆုံးခံတပ်”


မြန်မာ့နိုင်ငံသမိုင်းမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍကို မေ့ပျောက်လို့မရဘူး။ ဆရာ ဒဂုန်တာရာစကားကို (ကျနော်မှတ်မိသလို) ပြန်ကိုးကားရရင်….

၁၃၀၀ပြည့် အရေးတော်ပုံကြီးကြောင့် မြန်မာ့လွတ်လပ်ရေးကို ချက်ချင်း မရယူနိုင်ခဲ့သော်လည်း လွတ်လပ်ရေးကို အရယူပေးမယ့် မျိုးဆက်တခုကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ အလားတူပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဒီမိုကရေစီကို ချက်ချင်းမရခဲ့သော်လည်း ဒီမိုကရေစီကို ဆောင်ကျဉ်းပေးမယ့် မျိုးဆက်သစ်တရပ်ကို မွေးဖွားပေးခဲ့ပါသတဲ့

အလားတူပဲ မကြာခင်ကမှ ခေတ်ပြိုင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဦးဝင်းတင်နဲ့ အင်တာဗျူးမှာ ရှစ်လေးလုံးအရေးအခင်းကြီးနဲ့ ပတ်သက်လို့ ဦးဝင်းတင် ပြောကြားသွားတာ ရှိပါသေးတယ်။

အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုသော နိုင်ငံရေးခေါင်းဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူ နဂိုကတည်းက ခေါင်းဆောင်ဖြစ်နေတာမဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော်ပုံက မွေးထုတ်တဲ့ခေါင်းဆောင်။

ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံးစိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေတယ်။ နိုင်ငံရေးပါတီကြား၊ ကျောင်းသားလူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့ အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေ အားလုံး ဒီနေ့နိုင်ငံရေးဖြစ်ပေါ်မှုတွေအားလုံးဟာ ရှစ်လေးလုံးကနေ အခြေခံခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ရဲ့ အသီးအပွင့်တချို့ပေါ့ဗျာ။

နိုင်ငံတခုမှာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူ လူတန်းစားနှစ်ရပ်ပေါ်ပေါက်လာရင် ဖိနှိပ်ခံရသူတွေဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်အောင် ကြိုးစားတတ်ကြတာ သဘာဝပါ။ အဖိနှိပ်ခံလူတန်းစား မထကြွလာရဲအောင် အာဏာရှင်ကလည်း ပိုမို ဖိနှိပ်တတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ ဒါပေမယ့် အာဏာရှင်က ပိုမို ဖိနှိပ်လေလေ၊ ပြည်သူကလည်း မခံမရပ်နိုင်ဖြစ်လေလေပါပဲ။

၂၆ နှစ်လုံးလုံး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုပြီး အရပ်သား မျက်နှာဖုံးစွပ်ထားတဲ့ စစ်အစိုးရဟာ ပြည်သူလူထုကို တုတ်တုတ်မျှ မလှုပ်အောင် ချုပ်ထားနိုင်တယ် ထင်ခဲ့ရတယ်။ ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မဆလအစိုးရပြုတ်ကျသွားတဲ့အတွက် စစ်အစိုးရအနေနဲ့ အရပ်သားမျက်နှာဖုံး လုံးဝကွာကျခဲ့ရပါတယ်။ တခါ နအဖ စစ်အစိုးရက အာဏာသိမ်းပြီး အစိုးရဖြစ်လာပြန်တော့ လူထုကို ဆထက်တံပိုးတိုးလို့ ဖိနှိပ်အုပ်ချုပ်ပြန်တယ်။ စစ်အစိုးရတက်လာကာစ သာသနာရေးကို အားပေးသယောင်ယောင်နဲ့ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြီး ဘုရားဒကာ၊ ကျောင်းဒကာ၊ သာသနာ့ဒါယိကာ အချိုးချိုးလာတဲ့ နအဖဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဘုန်းတော်ကြီးတွေကို ရက်ရက်စက်စက် ရိုက်နှက်ပစ်သတ်ခဲ့လို့ ဘုရားဒကာ မျက်နှာဖုံးပါ လုံးလုံးလွင့်စဉ် သွားရပါတော့တယ်။

ဒါတွင်မက နာဂစ် မုန်တိုင်းအတွင်းမှာတော့ နိုင်ငံတကာက ကမ်းလှမ်းလာတဲ့ လူသားဆန်တဲ့ အကူအညီပေးမှုတွေကိုပါ ကဖျက်ယဖျက် လုပ်လိုက်ပြန်တဲ့အခါ စစ်အစိုးရရဲ့ လူသားမျက်နှာဖုံးပါ မုန်တိုင်းနဲ့အတူ လွင့်ပါသွားတယ်လို့ ဆိုနိုင်ပါတယ်။ အခုဆိုရင် နအဖရဲ့ မူလအသွင်သဏ္ဍန်အစစ်ဖြစ်တဲ့ စစ်ဘီလူးကြန်အင်လက္ခဏာတွေကို အထူးတလည် မှန်းဆကြည့်စရာမလိုလောက်အောင် အတိုင်းသားမြင်နေကြရပါပြီ။

ဒါဟာ စစ်အာဏာရှင်ရဲ့ မျက်နှာဖုံးတွေ တလွှာပြီး တလွှာကျွတ်ကျနေတာဖြစ်သလို စစ်အာဏာရှင်ရဲ့ ခံတပ်တွေ တတပ်ပြီး တတပ်ပြိုကျနေတာလို့လည်း ပြောလို့ရပါတယ်။ စစ်အာဏာရှင်ဟာ နောက်ကို တလက်မချင်း ရွှေ့ပေးနေရတဲ့သဘောပါ။ လမ်းပြမြေပုံ ၇ ချက်နဲ့ နောက်ကို နောက်ပြန်တလှမ်းချင်း ရွှေ့နေတဲ့ နအဖ စစ်အစိုးရပါ။ အခုဆိုရင် ချောက်ကမ်းပါးကို ကျောပေးလျက်သား အနေအထားကို ရောက်နေပါပြီ။

ပြည်သူတွေအနေနဲ့ကလည်း စီးပွားရေးအကြပ်အတည်းကြောင့်ရယ်၊ နအဖရဲ့ ရက်ရက်စက်စက် ခြေမှုန်းမှုရယ်ကြောင့်သာ အပေါ်ယံမှာ ငြိမ်သက်နေရတာပါ။ နအဖ မကောင်းမှန်းကို ပြည်သူတိုင်းသိသလို အပြောင်းအလဲကိုလည်း ပြည်သူတိုင်းက တောင့်တနေပါပြီ။ ဘယ်ခေတ်အခါကနဲ့မှမတူအောင် ပြည်သူတွေမှာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ အဖက်ဖက်က ချွတ်ခြုံကျနေချိန်ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဗိုလ်ကျသောင်းကျန်းမှုကို ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်နေကြတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ အခုဆိုရင် လူငယ်လူရွယ်တွေကအစ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီး ပြည်တွင်းပြည်ပမှာ အင်နဲ့အားနဲ့ လှုပ်ရှားနေကြတဲ့ ခေတ်အခါကို ရောက်နေပါပြီ။

စစ်အာဏာရှင်အနေနဲ့လည်း နောက်ဆုံးခံတပ်မှာ ပိတ်မိနေပါပြီ။ သူ့မှာ သည့်ထက်နောက်ဆုတ်စရာ မြေမကျန်တော့ပါဘူး။ ဒီတခါ ခံတပ်ပြိုပြီဆိုရင် ပြည်သူတွေရဲ့ အောင်ပွဲဆိုတာ အသေအချာပါပဲ။ ကျနော်တို့အားလုံးက ညီညီညာညာ ခွန်အားစုစည်းပြီး ရှေ့ကို လှမ်းတက်ကြဖို့ပဲ လိုပါတော့တယ်။
Read more

“ကဲ… မင်းဘာတတ်နိုင်သေးလဲ”

(၁)

တော်ပြီ.. တော်ပြီ… သည်းခံနိုင်တာထက်ကို လွန်လာပြီ။

လူကြားထဲမှာမို့ အောင့်အည်း သည်းခံနေလိုက်ပေမယ့် ကျေနပ်လို့တော့ မဟုတ်ဘူးနော်။

အေး… ငါ့ကို သတ္တိမရှိဘူးလို့လည်း မထင်လေနဲ့။ တကယ်က စိတ်ထဲရှိတဲ့အတိုင်း ငါက ဖွင့်ချလိုက်ချင်တာ။ ဘေးက မဆိုင်တဲ့လူတွေကို အားနာနေလို့သာပေါ့။

အေးပါ။ မင်းအခွင့်သာတုန်းမှာတော့ ငါ့ကို အားရအောင် နှိပ်စက်ထားဦးပေါ့။

ဒါပေမယ့် မင်းတခု သိထားဖို့ရာက အခုလို ငြိမ်နေလိုက်ရတာကိုပဲ ငါ့စိတ်ထဲမှာ အင်မတန် မကျေမချမ်း ဖြစ်ရတယ်ဆိုတာပါပဲ။

(၂)

ဟား၊ ဟား၊ ဟား။ ကဲ…ငါ့အလှည့်ရောက်ပြီ။

အခု ဘယ်သူမှ မရှိတော့ဘူး။ မင်းဘာတတ်နိုင်သေးလဲ။

အံမယ်…မင်းက.. ငါ့ကို ဒုက္ခပေးချင်သေးတယ်ပေါ့လေ။ လာလေ၊ စိန်လိုက်၊ ကမ်းမွန်း။

ကမ်းမွန်း။ လာစမ်းပါကွ။ ဘယ်မှာပုန်းနေတာလဲ။ ကမ်းမွန်း။ လာပြီလား။ လာပြီဆိုရင်….ကဲကွာ….။

“ဘူ”

အားဟား….. မှတ်ပလား။ မင်းလို ငါ့ဗိုက်ထဲမှာ နေပြီး လေလုံးထွားနေတဲ့ ကောင်ကို အခုလို အားရပါးရ အကျယ်ကြီး အသံမြည်အောင် ပေါက်ထုတ်လိုက်ရမှပဲ ငါကျေနပ်တော့တယ်။

(အီးအကျယ်ကြီး ပေါက်တတ်သော မိတ်ဆွေ ဘလော့ဂါတဦးသို့ အမှတ်တရ။)
Read more

“အထည်ကြီးပျက်ရဲ့ ရင်ဖွင့်သံ”

မြန်မာပြည်မှာတုန်းက အိမ်နဲ့ ခြံနဲ့ နေနိုင်ခဲ့တယ်။ အခု စင်္ကာပူမှာတော့ တိုက်ခန်းတွဲတခုက ခိုအိမ်သာသာ တိုက်ခန်းကျဉ်းကလေးထဲမှာ နေရတယ်။

မြန်မာပြည်တုန်းက အလုပ်ကို သက်တောင့်သက်သာ လုပ်ခဲ့ရတယ်။ အခုတော့ ၀န်ထုပ်ဝန်ပိုးကြီးကို တချိန်လုံး ထမ်းထားရသလိုပဲ။

မြန်မာပြည်တုန်းက သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်မှာ စိတ်အေးလက်အေး ထိုင်နိုင်တယ်။ အခုတော့ သူငယ်ချင်းတွေနဲ့ တပတ်တခါတောင် ပုံမှန်မတွေ့နိုင်ဘူး။

မြန်မာပြည်တုန်းက အင်္ကျီကိုယ်တိုင်းနဲ့ အပ်ချုပ်ဆရာဆီမှာ အပ်ပြီး ၀တ်တယ်။ ရယ်ဒီမိတ်တွေကို စိတ်ကူးထဲတောင် မထည့်ဘူး။ အခုတော့ ပေါပေါပဲပဲ ရယ်ဒီမိတ်တွေ ရောင်းတဲ့ ဆိုင်တွေမှာ ဈေးလျှော့ချချိန်ကို စောင့်ပြီး ရရာဆိုက်ဇ်ကို ၀ယ်ဝတ်ရတယ်။

မြန်မာပြည်တုန်းက အသီးအရွက်၊ သားငါးကို ချက်ကာနီးမှ ဈေးကနေ လတ်လတ်ဆတ်ဆတ် ၀ယ်စားတတ်တာလေ။ ဒီမှာတော့ ရေခဲရိုက်ထားတာတွေကို တပတ်စာဝယ်ပြီး ရေခဲသေတ္တာထဲက ထုတ်ချက်ရပေသပေါ့။

မြန်မာပြည်မှာ မီးသွေးနဲ့ အမြဲလိုလို ချက်စားဖြစ်တယ် (မယုံမရှိနဲ့)။ ဒီမှာတော့ တနေ့တနေ့ ဓါတ်ငွေ့မီးဖိုနဲ့ ချက်ပြုတ်တာတွေကို စားနေရတယ်။ မီးသွေးနဲ့ချက်ပြုတ်တာကို ဈေးကြီးပေးပြီး တခါတရံမှ စားနိုင်တယ်။

မြန်မာပြည်တုန်းက ဆိုက်ကားဆိုတာမျိုးကို ဥဒဟို စီးခဲ့တာ။ စင်္ကာပူက ဆိုက်ကား အခုထက်ထိ မစီးနိုင်သေးဘူး။

မြန်မာပြည်မှာတုန်းက ကျွဲဆိုတာ မြို့ပြင်ထွက်လိုက်ရင် မမြင်ချင်မှ အဆုံး။ စင်္ကာပူမှာတော့ ကျွဲမြင်ချင်ရင် “နိုက်ဆာဖာရီ”ဆိုတာကြီးမှာ ညဖက် ကျွဲကို မီးထိုးပြပြီး “ဟောဒါက Asian Buffalo ပါ” လို့ ရှင်းလင်းပြသတာ ဈေးကြီးလွန်းလို့ ကြေးရေတတ်တွေမှ သွားကြည့်နိုင်တယ်။

နောက်ပြီး မြန်မာပြည်တုန်းက ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေခဲ့ရတယ်….အဟီး။ အခုတော့ သူများတိုင်းပြည်၊ သူများ အစိုးရလက်အောက်မှာ နေနေရတယ်။
------------------
“ဟေ့ကောင် ကိုပေါ။ မင်း.. ဘာတွေ အာချောင်နေပြန်ပြီလဲ။ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေပြန်တာလား။ မင်းကို ဘယ်သူက အတင်းရိုက်ပြီး ပြည်ပမှာ နေခိုင်းလို့လဲကွ။ မင်း ဒီလောက် အကောင်းထင်နေရင် အခုချက်ချင်း ပြန်သွားပါလား။”

“ ဟာဂျာ…. ဒါကတော့… ဒါကတော့”
Read more

“ကွန်ပြူတာကို လန့်သူများ”

ပြီးခဲ့တဲ့ သီတင်းပတ်က Graphic design software တခုကို ပေါ်ပြူလာစတိုးဆိုင်ကနေ ၀ယ်လာပြီး ကျနော့် ကွန်ပြူတာမှာ Install လုပ်လိုက်ပါတယ်။ “ကျွန်ုပ်နဲ့သူတောင်းစားများ” ဆိုတဲ့ ပို့စ်မှာ တင်ထားတဲ့ အကြွေစေ့ခွက်ထဲကို ၀င်နေပုံဟာ ကျနော် စမ်းသပ်ကြည့်ထားတဲ့ Animation တခုပေါ့။

အဲဒါကို ပန်းချီဝါသနာပါဟန်တူတဲ့ သမီးကလည်း လာယူပြီး သူ့ကွန်ပြူတာမှာ သူ့ဘာသာ သူ Install လုပ်ပါတယ်။ သူ့အတွက်တော့ Installation လုပ်ရတာ အင်မတန်လွယ်ကူပုံပဲ။ ဘာမှ အကြောက်အလန့်လည်း မရှိဘူး။

ကျနော်တို့တုန်းက ဘွဲ့ရပြီး လုပ်ငန်းခွင် ၀င်တဲ့အထိ ကွန်ပြူတာ ဆိုတာကြီးကို လန့်နေတာ သတိရမိတော့တယ်။ ဒါတောင် ကျနော်တို့ဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ရလာသူတွေပါ။

တက္ကသိုလ်က ကွန်ပြူတာခန်းထဲမှာ ကွန်ပြူတာစကိုင်ရတော့ စတုတ္ထနှစ် ထင်ပါရဲ့။ Fortran 77 တို့၊ C language တို့ကို သင်ကြားရပြီး ကွန်ပြူတာပေါ်မှာ ပရိုဂရမ်လေးတွေ စတင်ရေးကြရ၊ Compilation လုပ်ပါတယ်။ တကယ်တမ်းမှာ ကွန်ပြူတာ ကိုင်ရချိန်က အင်မတန်နည်းပါးပြီး တယောက်ကို တလုံးကိုင်ခွင့်မရှိပါဘူး။ လေးငါးခြောက်ယောက် တစု၊ အစုလေးတွေခွဲပြီး ကွန်ပြူတာတလုံးကို မျှသုံးရတဲ့အခြေအနေပါ။ ကျနော်က အပြင်မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကွန်ပြူတာသင်တန်းတွေလည်း မတက်နိုင်တော့ ကွန်ပြူတာဆိုတာ လုံးဝ အစိမ်းသက်သက်ပေါ့။ ပါဝါတောင် ဘယ်လိုဖွင့်ရသလဲ မသိခဲ့ဘူး။ အဲဒီတုန်းက Windows OS ကလည်း သိပ်မတွင်ကျယ်သေးဘူး။ အားလုံးက DOS မှာ။

ကွန်ပြူတာခန်းထဲမှာတော့ ဆရာ၊ ဆရာမတွေ ဖွင့်ပေးပြီးသားကွန်ပြူတာမှာ တတ်ကျွမ်းတဲ့ ကျောင်းသားအချို့ ရှေ့ကနေ လုပ်ပြတာတွေကို လိုက်ကြည့်ရတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့တော့ ဘာလုပ်သွားလို့ ဘာဖြစ်သွားမှန်း တကယ့်ကို ဘာမှမသိပါဘူး။ ကွန်ပြူတာကို ကိုယ်ကိုင်ရမယ့် အလှည့်ရောက်တော့လည်း ကီးဘုတ်ပေါ်က လက်ကွက်ကိုမသိလို့ သက်ဆိုင်ရာ ခလုပ်ကို လိုက်ရှာနေရတာနဲ့ အချိန်ကုန်သွားတယ်။ အချိန်ပြည့်သွားပြီဆိုရင် ခေါင်းထဲမှာ အားလုံးေ၀၀ါးပြီး အူလည်လည်နဲ့ပဲ အခန်းထဲက ထွက်ခဲ့ရတယ်။

မှတ်မိသေးတယ်။ ပဉ္စမနှစ်လောက်မှာ ကွန်ပြူတာထုတ်လုပ်တဲ့ နာမည်ကျော်ကုမ္ပဏီကြီးတခုက ကွန်ပြူတာတွေ လာပြီး ပြသတယ်။ ဆရာတွေကလည်း ကျောင်းသားတွေ လာကြည့်ကြပေါ့။ အဲဒါနဲ့ ကျနော်တို့ ကွန်ပြူတာတွေကို သွားကြည့်ကြတယ်။ ပြခန်းထဲမှာ အစီအရီပြသထားတဲ့ စက်တွေမှာ စီဒီနဲ့ သီချင်းတွေ ဖွင့်ထားတဲ့ စက်က ဖွင့်လို့။

ကျနော်တို့ ကွန်ပြူတာကို မထိရဲ၊ မကိုင်ရဲ ပါဘူး။ လက်တကမ်းအကွာလောက်က ရပ်ပြီး လှမ်းကြည့်နေကြတယ်။ မတော်တဆ ကိုယ့်ကြောင့်ပျက်စီးသွားရင် အဲဒီခေတ်က ၀င်ငွေနဲ့ တစ်ဘ၀စာ ဆပ်လို့ကုန်မှာ မဟုတ်ဘူးဆိုပြီး ခပ်လှမ်းလှမ်းက ကြည့်နေကြတာပေါ့။

အဲသည်မှာ ဆရာတယောက်က ကိုင်လေ၊ ကိုင်ကြည့်ပါ၊ သုံးကြည့်ပါ တိုက်တွန်းတော့ ဘာကို ကိုင်ကြည့်ရမလဲ အကြပ်ရိုက်နေတယ်။ ကိုယ့်နောက်က ကြည့်နေတဲ့ မိန်းကလေးလေးယောက်ကို အကဲခတ်လိုက်တော့လည်း ကိုင်ရဲကြပုံ မရဘူး။ အဲဒါနဲ့ ကျနော်လည်း အရဲစွန့်ပြီး မောက်စ်ကလေးကို အသာကိုင်၊ ဟိုနှိပ်ဒီနှိပ် လုပ်လိုက်တာ နံဘေးမှာထောင်ထားတဲ့ စက်ပုံးထဲက စီဒီထည့်တဲ့ အံဝှက်က ဝေါကနဲ ထွက်ချလာတယ်။ လူလည်း လိပ်ပြာစဉ်မတတ် လန့်ပြီး ဆတ်ကနဲ တုန်သွားတာပဲ။ နောက်က ကောင်မလေးတွေဆီကလည်း “ဟဲ့… ပလုပ်တုတ်” ဆိုပြီး လန့်ခုန်တဲ့ အသံထွက်လာတယ်။ ကွန်ပြူတာနဲ့ မရင်းနှီးပုံပြောပါတယ်။

ပိုပြီး အရှက်ကွဲတာက နောက်ဆုံးနှစ်မှာပါ။ စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ထုတ်ဝေမယ့် ပို့စ်ကဒ်အတွက် ဖိုတိုရှော့ပ်နဲ့ ဒီဇိုင်းလုပ်ဖို့ ကာလာဖလင်ခွဲတဲ့ (မိတ်ဆွေရဲ့) စက်ရုံကို တည သွားအိပ်ကြရတယ်။ ကျနော်တို့က ဒီဇိုင်းအိုင်ဒီယာ ပေးမယ်ပေါ့လေ။

ဖိုတိုရှော့ပ်ထဲမှာ မျဉ်းဖြောင့်တကြောင်း ကျနော်ဆွဲတော့ မျဉ်းက ကိုယ်လိုတဲ့ အရှည်ကို မရောက်သေးခင်မှာ မောက်စ်က ရွှေ့လာလိုက်တာ စားပွဲအစွန်းကို ရောက်လာတယ်။ အဲဒါနဲ့ ကျနော်က “ဟဟ.. လုပ်ကြပါဦးဟ၊ ဒီမှာ အစွန်းကို ရောက်နေပြီ၊ ဆက်ရွှေလို့ မရတော့ဘူး” လို့ အော်တော့ စက်ရုံပိုင်ရှင် မိတ်ဆွေခမြာ ရယ်လိုက်တာလေ။ သူကပြောတယ်… “အစ်ကို၊ မောက်စ်ကို အသာမပြီး ရှေ့ကို ပြန်ချလို့ရတယ်လေ” လို့ ပြောရှာတယ်။

မလေးရှားမှာ ၂ နှစ်ခွဲ အလုပ်လုပ်ခဲ့တုန်းကလည်း အိမ်မှာ စက်ရုံကပေးထားတဲ့ ကွန်ပြူတာတလုံးတော့ရှိတယ်။ ဒါပေမယ့် ဒီက ကောင်က အင်တာနက်ပဲ ကိုင်တတ်တယ်။ ကျန်တဲ့ Installation တွေ၊ Partition ခွဲတာတွေဆို ကျနော်နဲ့ မဆိုင်သလိုဘဲနေတယ်။ အဲဒါတွေကို MCC မှာ ဆရာလုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းက လုပ်တယ်။ ကျနော်ကလည်း ကွန်ပြူတာကို လန့်တဲ့အရှိန်နဲ့ နည်းနည်းလေးမှတောင် ၀င်ပြီး စပ်စုမကြည့်မိဘူး။

ဟော… စင်္ကာပူမှာလည်း အလုပ်ဝင်ရော ဟက်တက်ကွဲတော့တာပဲ။ အလုပ်စ၀င်ဝင်ချင်းနေ့မှာ ဆော့ဖ်ဝဲ တခုကို ကိုယ့်ကွန်ပြူတာထဲ ထည့်ဖို့ဖြစ်လာတယ်။ ကိုယ်ကလည်း စပြီး စမ်းသပ်မလို့ရှိသေး နောက်ကနေ ဘော့စ်ရောက်လာပြီး “မင်းကို တိုင်မင် (Timing) မှတ်မယ်။ မင်းအလုပ်လုပ်တာ ဘယ်လောက်မြန်သလဲလို့” ဆိုပြီး နာရီကြည့်ပြီး တိုင်မင်မှတ်တယ်။

ဟာ… ဘာပြောကောင်းမလဲ။ ကျနော့်မှာ ပရက်ရှာဝင်ပြီး နဖူးမှာ ဇီးကင်းလောက် ချွေးသီးချွေးပေါက်ကြီးတွေ တွဲခိုလာတယ်။ နောက်ဆုံးမတော့ ဆီရီယယ်နံပါတ်တောင် မှန်အောင် မရိုက်နိုင်တော့ဘူး။ အလွဲလွဲအမှားမှားတွေ အကုန်လုပ်ပစ်လိုက်တော့… ဘော့စ်က “မင်းကွာ… ဘေ့စစ်တောင် မရပါလား” ဆိုပြီး ဆူပါလေတော့တယ်။

တနှစ်ကျော်ကျော်ကြာလို့ ကိုယ့်ဘာသာ ကွန်ပြူတာလေးတလုံး ၀ယ်ကိုင်နိုင်တော့မှပဲ “သြော်… တချို့ဟာတွေက ဘာမှ ခက်ခဲတာမဟုတ်။ ငါ့မှာ ကွန်ပြူတာမရှိခဲ့လို့ ခက်ခဲခဲ့ရတာ၊ အရှက်ကွဲခဲ့ရတာပါလား” ဆိုတာ သဘောပေါက်လာတယ်။ (ဒီနေရာမှာ ကွန်ပြူတာ ကိုယ်ပိုင်မရှိပေမယ့် ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သူများကိုတော့ ချီးကျူးပါတယ်။ ဒါပေမယ့် ကျနော်သိသလောက် အများစုကတော့ ကျနော့်လိုချည်းပဲ။)

မဒမ်ပေါလည်း ထို့အတူပဲ။ ကျောင်းတုန်းက တတန်းထဲ တက်ခဲ့တာလေ။ ထို့အတူပဲ ဖြစ်ရတော့မှာပေါ့။ အံမယ်… သူကတော့ လည်တယ်ခင်ဗျ။ စင်္ကာပူရောက်လာတော့ သူ့မှာလည်း ကွန်ပြူတာလန့်တတ်တဲ့အကျင့် ရှိတာကို ၀န်မခံဘူး။ ကျနော့်ကို ဘာပြောလဲဆိုတော့ “ကိုကိုရေ… ချစ်လေးက မျက်စိအားနည်းတယ်၊ ကွန်ပြူတာစခရင်ကို ကြာကြာကြည့်လို့မရဘူး၊ မူးတတ်တယ်” ဆိုတော့ ဒီက ကောင်က အဟုတ်မှတ်ပြီး ကွန်ပြူတာနဲ့ ပတ်သက်သမျှ အကုန်လုပ်ရတယ်။ နောက်တော့ ဘယ်ဟုတ်လို့တုန်း။ ကွန်ပြူတာနဲ့လည်း ရင်းနှီးသွားရော အဲဒီစကားမျိုး ပြောသံမကြားရတော့ဘူး။ ကွန်ပြူတာရှေ့မှာချည်းပဲ။ ကိုယ့်ကိုတောင် ဆရာပြန်လုပ်လိုက်သေးတယ်။ ကောင်းကြပါလေရော။

အဲ… ကွန်ပြူတာကို လန့်တာ ကျနော်တို့ မြန်မာတွေချည်းမဟုတ်။ ဖွံ့ဖြိုးတိုးတက်မှု နည်းတဲ့ နိုင်ငံတွေကလာကြတဲ့ လူတွေမှာ လူလတ်ပိုင်းအရွယ်တွေကစလို့ လူကြီးပိုင်းဟာ ကွန်ပြူတာနည်းပညာကို အကြောက်ကြီး ကြောက်တတ်ကြတာကို တွေ့ရတယ်။ လူမျိုးခြား အသိတယောက်ဆိုရင် သူ့ပညာရပ်ပိုင်းဆိုင်ရာမှာ မိုးပျံအောင် ထူးချွန်ပါတယ်။ ဒါပေမယ့် အင်တာနက်မှာ ဂျီမေးလ်အကောင့် ဖွင့်ဖို့ကိုတောင် အင်မတန် မ၀ံ့မရဲဖြစ်နေတာတွေ့ရတယ်။ ဘီလ်ဆောင်တာတို့၊ ငွေလွှဲတာတို့ကို Internet banking နဲ့ လုပ်လို့ရတယ်ဆိုတာတောင် လုံခြုံရေးကို မယုံကြည်လို့မဟုတ်။ ကွန်ပြူတာသုံးရမှာကို သေမလောက်ကြောက်တဲ့အတွက် စာတိုက်မှာပဲ မအားတဲ့ကြားက သွားသွားတန်းစီနေတာကို တွေ့ရတယ်။

ဟော…. သမီးတို့ခေတ်ကျတော့ အစစ လွယ်ကူလိုက်တာ။ ကွန်ပြူတာကို သူ့အနေနဲ့ ကျနော်တို့တုန်းကလို “တန်ဘိုးကြီးပစ္စည်း၊ အဖိုးတန်ပစ္စည်း”လို့ မမြင်တော့ဘူး။ ပျက်သွားမှာကိုလည်း သူ့အနေနဲ့ ပူပန်ပုံမရဘူး။ အဲဒီအချက်ကိုက သူလုပ်ချင်တာ လုပ်ဖို့အတွက် စိတ်ဖိစီးမှု၊ စိုးရိမ်မှု မရှိတော့ဘူးပေါ့။ ကွန်ပြူတာပေါ်မှာ သူမစမ်းဘူးတာ မရှိသလောက်ဖြစ်အောင် လျှောက်ပြီး မွှေနှောက်တယ်။ အိမ်က တီဗီဆိုရင်လည်း ရီမုဒ်ကွန်ထရိုးကို ကျနော်တို့ထက်ပိုကျွမ်းတယ်။ နောက်ပြီး မူလတန်းပဲရှိသေးတယ်။ ကျောင်းမှာ ကွန်ပြူတာကိုင်ကြရတယ်ဆိုတော့ သူ့ဟာနဲ့သူ ဖြစ်သွားတာပဲ။ ကျနော်တို့လည်း အရင်ကလောက်တော့ ကွန်ပြူတာ ကိုင်ရမှာ မကြောက်တော့ဘူး။

တကယ်လို့သာ ကျနော်ဟာ ဒီကနေ့အထိ ကွန်ပြူတာကို မကိုင်တွယ်ဖူးသေးဘူး၊ ကိုယ်ပိုင် ကွန်ပြူတာ မရှိသေးဘူးဆိုရင် ကွန်ပြူတာကို ကိုင်ကြည့်ဖို့ အခုထက်ထိ လန့်နေဦးမှာပဲ။

အဲဒီအကြောင်းတွေကို ပြန်တွေးရင်း လူဟာ ဘယ်အရာမဆို ထိတွေ့ခွင့်ရရင်၊ ကျင့်သုံးခွင့်ရရင် မကြာခင်မှာပဲ အသားတကျ ဖြစ်သွားတတ်တာပဲဆိုတဲ့ အချက်ကို သွားတွေးမိတယ်။ ဒီမိုကရေစီစနစ်ဆိုတာလည်း ကျနော်တို့ တိုင်းပြည်မှာ သေသေချာချာ ကျင့်သုံးကြည့်ဖို့ အခွင့်မသာသေးလို့ပါ။ စတင်ကျင့်သုံးခွင့်ရတာနဲ့ မကြာခင်မှာဘဲ ဒီမိုကရေစီစနစ်နဲ့ အသားကျသွားမှာ အမှန်ပါပဲ။
Read more

“အားလုံးပြု နဲ့ ဘူးဂျော့ သားအဖ”

ကျနော် မူလတန်းကျောင်းသားအရွယ်တုန်းက ခေတ်စားတဲ့ ကက်ဆက်ဇာတ်လမ်းတခုရဲ့ နောက်ခံသီချင်းတပုဒ်မှာ “အားလုံးပြု” ဆိုတဲ့ စာသားကို ထပ်ဖန်တလဲလဲ ကြားနေရတယ်။ သီချင်းအဓိပ္ပါယ်နဲ့ အဲသည်စကားလုံးနဲ့ ဆက်စပ်လို့ မရဘူး။ အဲဒါနဲ့ အစ်မတွေကို အဲဒီ“အားလုံးပြု” ဆိုတာ ဘာကိုပြောတာလဲလို့ သွားမေးမိလို့ ၀ိုင်းရယ်တာ ခံလိုက်ရလေတယ်။ အမှန်က “I love you” ပါတဲ့ဗျား။ ဘယ်သိပါ့မလဲနော့။ ဒီက ငါးတန်းရောက်မှ အေဘီစီဒီ စသင်ရတာ။

တခါကလည်း ကျနော့်ဦးကြီးတွေနဲ့ အစ်ကိုဝမ်းကွဲတွေ တယော၊ ဒုံမင်း၊ မယ်ဒလင်တို့နဲ့ တီးကြဆိုကြတဲ့ ၀ိုင်းမှာ သွားသွားနားထောင်ပြီး ခေါင်းရှုပ်လာရတာရှိသေးတယ်။ သူတို့ဆိုတဲ့ သီချင်းထဲမှာ “သက်လှယ်ရယ် ဘိုခင်ကျောက်သွေး” ဆိုတာပါတယ်။ ဘာကြောင့် ဘိုခင်က ကျောက်ကို သွေးရသလဲ… ကျနော် စဉ်းစားရင်း ခေါင်းခြောက်နေတယ်။ ဒါနဲ့ ထုံးစံအတိုင်း သွားမေးတော့ သူတို့ လူကြီးတွေအတွက် ဟာသဖြစ်သွားပါတော့တယ်။ “သက်လှယ်ရယ် ဘုန်းခင်ကြောင့်မသွေ… ရတက်ကြွယ်တယ် ဒီမောင်ကြုံရပလေ” ပါတဲ့ ခင်ဗျား။

ကျနော့်တူမတွေထဲက တယောက်ဟာ တလွဲကြားတဲ့ နေရာမှာ ကျနော်နဲ့ နင်လားငါလားပဲ။

တနေ့မှာ အဆိုတော်ကြီး ဘိလပ်ပြန်သန်းရဲ့ “ဘာသာဘာဝရယ်၊ သာရကာကျေးငှက်ရယ်၊ လွန်ပျော်မြူးစေဖွယ်၊ ထူးတဲ့ မြိုင်တောလယ်” ဆိုတဲ့ ခေတ်ဟောင်းသီချင်းကို ကျနော့်တူမ အားရပါးရ အော်ဆိုလိုက်ပုံများ “နာနာဘာဝရယ်.. သာရကာ ကျေးငှက်ရယ်” တဲ့။

အဲဒါကို တူမအလတ်က ကြားတော့ အသာမနေဘူး။ “ဟယ်…. နာနာဘာဝ ဆိုတော့ သရဲကြီးပေါ့” လို့ မှတ်ချက်ချလိုက်သေးတယ်။

တရက်မှာလည်း အဲဒီတူမပဲ ကျနော့်ကို လာမေးပြန်တယ်။

“ဦးဦး… မေဆွိရဲ့ ရည်းစားနာမည်က ကိုလှအောင်လား”…တဲ့။

ကျနော်ကလည်း “အာ…. ရှုပ်ရှုပ်ယှက်ယှက်ဟာ သူ့ရည်းစားနာမည် ငါဘယ်သိမလဲ။ နင်..ဘယ်က ကြားလာလို့လဲ” ဆိုတော့…. ကျနော့်ကို မေဆွိရဲ့ ကျော်ကြားတဲ့ “အိပ်ဆေး” သီချင်းကို အသံနေအသံထားနဲ့ ဆိုပြတယ်။

“ကိုယ်လေအိပ်မရဘူး..၀ူး…. အို့ ကိုလှအောင်ရေ….” တဲ့။ ဟိုက်...သွားပဟ။

တကယ့်ကို တလွဲ။ “ဟဲ့..ဟဲ့.. အို့… ကိုယ်လန့်အော်တယ်….ပါဟယ်”… လို့ ပြင်ပေးလိုက်ရတယ်။

တခြားတူမတယောက်တော့ မြန်မာအသုံးအနှုန်းတွေကို အမြဲတလွဲ မှားပြောတတ်တဲ့ အကျင့်ရှိတယ်။ သူမှားပုံတွေလည်း ကြည့်ပါဦး။

“ကိုယ်တွေလက်တွေ နာလိုက်တာ” လို့ ပြောရမယ့်နေရာမှာ “ကိုယ်လုံးကိုယ်ပေါက်တွေ နာလိုက်တာ” ဆိုတာမျိုး…၊ “မျက်ရည်နဲ့ မျက်ခွက်”လို့ ပြောရမယ့်နေရာမှာ “ဟို အစ်မကြီးလေ။ ငိုလိုက်တာ မျက်နှာနဲ့ မျက်ခွက်” ဆိုတာမျိုးတွေပေါ့။

အံမယ်… ကျနော်သမီးကလည်း ခေသူမဟုတ်။ ကျနော့်လိုပဲ တလွဲကြားတဲ့နေရာမှာ ချန်ပီယံပဲ။

သုံးနှစ်သမီးအရွယ်မှာ စင်္ကာပူကို ရောက်လာပြီး သူ့ကို မူကြိုထားပေးရတယ်။ အဲသည်မှာ ညနေကျောင်းလွှတ်ကာနီးပြီးဆိုရင် ဆရာမက ကျောင်းသားအားလုံးကို မတ်တတ်ရပ်ခိုင်းတယ်တဲ့။ ကျနော်တို့ကလည်း ဆရာမ အင်္ဂလိပ်လို ပြောတာ သမီး နားလည်ရဲ့လား သိချင်တော့…. “ဆရာမက ဘယ်လို ပြောတာလဲ” လို့ သမီးကို မေးကြည့်ရတာပေါ့။

သမီးက ပြောတယ်။ “ဆရာမက ပုစိညှောက်ကျယ် လို့အော်လိုက်ရင် မီးတို့လည်း အားလုံး မတ်တတ်ရပ်ကြရတယ်” တဲ့။ ကျနော့်တို့မှာ အခုထိ သမီးပြောတဲ့ “ပုစိညှောက်ကျယ်” ဆိုတဲ့ စကားလုံးဟာ ဘယ်အင်္ဂလိပ်ဝေါဟာရကို ရည်ညွှန်းမှန်း မသိသေးဘူး။

ရှိသေးတယ်။ သမီးနဲ့အတူ ကွန်ပြူတာပေါ်မှာ Tetris ဂိန်းဆော့ကြတယ်။ ကျနော်က သုံးလေးတန်းလောက်ကို တပြိုင်နက် ဖြိုချလိုက်နိုင်ပြီဆိုရင် ကွန်ပြူတာက အသံနဲ့အတူ ဘေးက သမီးဆီက “ဘူးဂျော့” ဆိုတဲ့ ၀မ်းသာအားရ အော်သံထွက်လာတယ်။ ကွန်ပြူတာ စပီကာ ကတော့ “Good Job.” လို့ အသံထွက်ပါတယ်။

ကျနော်လည်း ကြံဖန်ဂုဏ်ယူလိုက်ပါတယ်။ မဆိုးဘူးဟ။ ငါ့သမီး ဗမာဆန်တယ်၊ ဗမာနားရှိတယ် ပေါ့၊ အဲအဲ… သမီးရဲ့ အင်္ဂလိပ်ဝေါဟာရတွေမှာ မြန်မာဆန်နေတာတွေ ရှိနေသေးတယ်။ “ပလပ်စတိတ်” တဲ့။ “စပလိန်” တဲ့။ အဲဒါကို သွားထောက်ပြရင် မခံဘူးခင်ဗျ။

“မီးက အင်္ဂလိပ်လို ပြောတာမဟုတ်ဘူး။ ဗမာလို ပြောနေတာတဲ့”… ခင်ဗျ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs