ကျနော် မူလတန်းကျောင်းသားအရွယ်တုန်းက ခေတ်စားတဲ့ ကက်ဆက်ဇာတ်လမ်းတခုရဲ့ နောက်ခံသီချင်းတပုဒ်မှာ “အားလုံးပြု” ဆိုတဲ့ စာသားကို ထပ်ဖန်တလဲလဲ ကြားနေရတယ်။ သီချင်းအဓိပ္ပါယ်နဲ့ အဲသည်စကားလုံးနဲ့ ဆက်စပ်လို့ မရဘူး။ အဲဒါနဲ့ အစ်မတွေကို အဲဒီ“အားလုံးပြု” ဆိုတာ ဘာကိုပြောတာလဲလို့ သွားမေးမိလို့ ၀ိုင်းရယ်တာ ခံလိုက်ရလေတယ်။ အမှန်က “I love you” ပါတဲ့ဗျား။ ဘယ်သိပါ့မလဲနော့။ ဒီက ငါးတန်းရောက်မှ အေဘီစီဒီ စသင်ရတာ။
တခါကလည်း ကျနော့်ဦးကြီးတွေနဲ့ အစ်ကိုဝမ်းကွဲတွေ တယော၊ ဒုံမင်း၊ မယ်ဒလင်တို့နဲ့ တီးကြဆိုကြတဲ့ ၀ိုင်းမှာ သွားသွားနားထောင်ပြီး ခေါင်းရှုပ်လာရတာရှိသေးတယ်။ သူတို့ဆိုတဲ့ သီချင်းထဲမှာ “သက်လှယ်ရယ် ဘိုခင်ကျောက်သွေး” ဆိုတာပါတယ်။ ဘာကြောင့် ဘိုခင်က ကျောက်ကို သွေးရသလဲ… ကျနော် စဉ်းစားရင်း ခေါင်းခြောက်နေတယ်။ ဒါနဲ့ ထုံးစံအတိုင်း သွားမေးတော့ သူတို့ လူကြီးတွေအတွက် ဟာသဖြစ်သွားပါတော့တယ်။ “သက်လှယ်ရယ် ဘုန်းခင်ကြောင့်မသွေ… ရတက်ကြွယ်တယ် ဒီမောင်ကြုံရပလေ” ပါတဲ့ ခင်ဗျား။
ကျနော့်တူမတွေထဲက တယောက်ဟာ တလွဲကြားတဲ့ နေရာမှာ ကျနော်နဲ့ နင်လားငါလားပဲ။
တနေ့မှာ အဆိုတော်ကြီး ဘိလပ်ပြန်သန်းရဲ့ “ဘာသာဘာဝရယ်၊ သာရကာကျေးငှက်ရယ်၊ လွန်ပျော်မြူးစေဖွယ်၊ ထူးတဲ့ မြိုင်တောလယ်” ဆိုတဲ့ ခေတ်ဟောင်းသီချင်းကို ကျနော့်တူမ အားရပါးရ အော်ဆိုလိုက်ပုံများ “နာနာဘာဝရယ်.. သာရကာ ကျေးငှက်ရယ်” တဲ့။
အဲဒါကို တူမအလတ်က ကြားတော့ အသာမနေဘူး။ “ဟယ်…. နာနာဘာဝ ဆိုတော့ သရဲကြီးပေါ့” လို့ မှတ်ချက်ချလိုက်သေးတယ်။
တရက်မှာလည်း အဲဒီတူမပဲ ကျနော့်ကို လာမေးပြန်တယ်။
“ဦးဦး… မေဆွိရဲ့ ရည်းစားနာမည်က ကိုလှအောင်လား”…တဲ့။
ကျနော်ကလည်း “အာ…. ရှုပ်ရှုပ်ယှက်ယှက်ဟာ သူ့ရည်းစားနာမည် ငါဘယ်သိမလဲ။ နင်..ဘယ်က ကြားလာလို့လဲ” ဆိုတော့…. ကျနော့်ကို မေဆွိရဲ့ ကျော်ကြားတဲ့ “အိပ်ဆေး” သီချင်းကို အသံနေအသံထားနဲ့ ဆိုပြတယ်။
“ကိုယ်လေအိပ်မရဘူး..၀ူး…. အို့ ကိုလှအောင်ရေ….” တဲ့။ ဟိုက်...သွားပဟ။
တကယ့်ကို တလွဲ။ “ဟဲ့..ဟဲ့.. အို့… ကိုယ်လန့်အော်တယ်….ပါဟယ်”… လို့ ပြင်ပေးလိုက်ရတယ်။
တခြားတူမတယောက်တော့ မြန်မာအသုံးအနှုန်းတွေကို အမြဲတလွဲ မှားပြောတတ်တဲ့ အကျင့်ရှိတယ်။ သူမှားပုံတွေလည်း ကြည့်ပါဦး။
“ကိုယ်တွေလက်တွေ နာလိုက်တာ” လို့ ပြောရမယ့်နေရာမှာ “ကိုယ်လုံးကိုယ်ပေါက်တွေ နာလိုက်တာ” ဆိုတာမျိုး…၊ “မျက်ရည်နဲ့ မျက်ခွက်”လို့ ပြောရမယ့်နေရာမှာ “ဟို အစ်မကြီးလေ။ ငိုလိုက်တာ မျက်နှာနဲ့ မျက်ခွက်” ဆိုတာမျိုးတွေပေါ့။
အံမယ်… ကျနော်သမီးကလည်း ခေသူမဟုတ်။ ကျနော့်လိုပဲ တလွဲကြားတဲ့နေရာမှာ ချန်ပီယံပဲ။
သုံးနှစ်သမီးအရွယ်မှာ စင်္ကာပူကို ရောက်လာပြီး သူ့ကို မူကြိုထားပေးရတယ်။ အဲသည်မှာ ညနေကျောင်းလွှတ်ကာနီးပြီးဆိုရင် ဆရာမက ကျောင်းသားအားလုံးကို မတ်တတ်ရပ်ခိုင်းတယ်တဲ့။ ကျနော်တို့ကလည်း ဆရာမ အင်္ဂလိပ်လို ပြောတာ သမီး နားလည်ရဲ့လား သိချင်တော့…. “ဆရာမက ဘယ်လို ပြောတာလဲ” လို့ သမီးကို မေးကြည့်ရတာပေါ့။
သမီးက ပြောတယ်။ “ဆရာမက ပုစိညှောက်ကျယ် လို့အော်လိုက်ရင် မီးတို့လည်း အားလုံး မတ်တတ်ရပ်ကြရတယ်” တဲ့။ ကျနော့်တို့မှာ အခုထိ သမီးပြောတဲ့ “ပုစိညှောက်ကျယ်” ဆိုတဲ့ စကားလုံးဟာ ဘယ်အင်္ဂလိပ်ဝေါဟာရကို ရည်ညွှန်းမှန်း မသိသေးဘူး။
ရှိသေးတယ်။ သမီးနဲ့အတူ ကွန်ပြူတာပေါ်မှာ Tetris ဂိန်းဆော့ကြတယ်။ ကျနော်က သုံးလေးတန်းလောက်ကို တပြိုင်နက် ဖြိုချလိုက်နိုင်ပြီဆိုရင် ကွန်ပြူတာက အသံနဲ့အတူ ဘေးက သမီးဆီက “ဘူးဂျော့” ဆိုတဲ့ ၀မ်းသာအားရ အော်သံထွက်လာတယ်။ ကွန်ပြူတာ စပီကာ ကတော့ “Good Job.” လို့ အသံထွက်ပါတယ်။
ကျနော်လည်း ကြံဖန်ဂုဏ်ယူလိုက်ပါတယ်။ မဆိုးဘူးဟ။ ငါ့သမီး ဗမာဆန်တယ်၊ ဗမာနားရှိတယ် ပေါ့၊ အဲအဲ… သမီးရဲ့ အင်္ဂလိပ်ဝေါဟာရတွေမှာ မြန်မာဆန်နေတာတွေ ရှိနေသေးတယ်။ “ပလပ်စတိတ်” တဲ့။ “စပလိန်” တဲ့။ အဲဒါကို သွားထောက်ပြရင် မခံဘူးခင်ဗျ။
“မီးက အင်္ဂလိပ်လို ပြောတာမဟုတ်ဘူး။ ဗမာလို ပြောနေတာတဲ့”… ခင်ဗျ။

13 comments:
ha ha ha.....
very funny.
ကိုပေါသမီးက တော်တော်ချစ်စရာကောင်းတာဘဲ။ ကျွန်မလည်းခုအချိန်ထိ ကြားချင်ရာတွေ တလွဲကြားတုန်း ဟီးဟီး
ဟီး...ရယ်လိုက်ရတာ..
(ကိုပေါ..."ပုစိညှောက်ကျယ်" က "please ရှောက်ကျယ်" များဖြစ်နေမလား... တရုပ်လိုရောပြောတာလားလို့  စဉ်းစားမိလို့ :)
အိမ်ကတစ်ယောက်လဲ ဂေါက်သီးပဲ ရိုက်နေလို့ ဒီကလည်း လေဒီယိုပဲ နားထောင်နေရတာ။ ဘော်လုံးပွဲလည်းမကြည့်ချင်တော့..နောက်ဆုံးဘလော့ဂ်ပေါ်ရောက်လာပါသည်။
ကိုပေါရေ… မဒပ်ပေါကို ချစ်ခွင့်ပန်တုန်းက အားလုံးပြုလို့ ပြောခဲ့တာလား…
ကိုပေါ သမီးလေးက အဖေတူသမီးပေါ့.. ။
ကျမတို့လဲ ငယ်ငယ်က သီချင်းတွေကို ကြားချင်သလို ကြား ဆိုချင်သလို ဆိုခဲ့ကြတာ။ သေချာတောင် မမှတ်မိတော့ဘူး။
ဦးပေါရေ အားငယ်နဲ့နော်...ဒီမှာလဲကြည့်အုံး...နားကြားလွဲတာကို ကောင်း၂အသုံးချပီး ကမ္ဘာကျော်သွားတဲ့သူတောင်ရှိတာ..http://www.youtube.com/watch?v=lqHyiOpaCro
ကိုပေါရေ. ကျမလဲ ကိုပေါသမီးလေးလို ချီးကျူးလိုက်ပါတယ်..ဒီပိုစ့်က ရီရလို့ ဘဲထီးဘူးဂျော့ပါ။
ဟားဟား အသံတောင်ထွက်ရယ်ရတယ် .. ကိုပေါက ဟာသရေးတာကတော့ ကောင်းပ ...
ကျွန်တော်တို့ရွှေမြန်မာတိုင်းရင်းသူအဆိုတော်လေး အယ်ဆိုင်းဇီဆိုတဲ့ နင်ငါ့ကိုအရူးမလုပ်နဲ့ ဆိုတဲ့ဟာကို ကျွန်တော်ကြားတာက နင်ငါ့ကိုအစ်ရှုးမလုပ်နဲ့ လို့ကြားတာ .. ကျွန်တော့်မှာဘာလို့ အစ်ရှုး မလုပ်နဲ့လို့ ဆိုပါလိမ့်လို့ထင်နေတာ နောက်စာသားတွေ့မှာပဲ သိတော့တယ်..
ကျနော့် ညီမလေးငယ်တုန်းက တနေ့ "ကိုဘသော်" စားချင်တယ် ဆိုပြီး ပူဆာဘူးတယ်။ ဈေးသည်က ကော် ပြန့် ကြော် ဆိုတာကို မြန်မြန်ရွတ်တော့ ကိုဘသော်လို့ ကြားတာ။ ဘယ်လောက်အမှန်သင်ပေးပေး ကိုဘသော်ပဲ
ကျွန်တော့ မိန်းမလည်း ကြားရင်တလွဲ
အာဇာနည် ဆိုတဲ့ သီချင်းကို မှဲ့ခရု တဲ့
ကျွန်တော် လည်း သူ ဘာသီးချင်းဆို နေတာလဲပေါ့
နောက်တော့မှ "Thank you" ကို မှဲ့ခရုလို့သူဆိုနေတာ ကျွန်တော် ပြင်ပေးလဲ သူက အဲလိုဘဲ ကြား လို့တဲ့ ပြင်လို့ မရဘူးတဲ့
Post a Comment