“ဘောလုံးဆိုတာ လုံးနေတော့လည်း”

Share |
(လွန်ခဲ့တဲ့ တနှစ်လောက်က တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။ အားလပ်ရက် ပေါ့ပေါ့ပါးပါး ဖတ်ရအောင်ပါ။)



ပြဿနာကို မီးထွန်းရှာတယ်လို့ ထင်တော်မမူကြပါနဲ့။

အရေးကြီးလှတဲ့ ပြဿနာတရပ်တော့မဟုတ်လှပါဘူး။ပြဿနာဆိုတာထက် ပဟေဠိဆိုရင် ပိုမှန်မယ်ထင်ပါရဲ့။ ဒါပေမယ့် နောက်ကျောကုန်းရဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ယားဖုပေါက်နေသလို အဲဒီပဟေဠိလေးကြောင့် စိတ်ထဲမှာ သရိုးသရီနဲ့တော့ ခံစားရတယ်ပေါ့။ အဲသည် ပဟေဠိကို အဖြေညှိလို့မရမချင်း သည်လိုဘဲ ဆက်လက်ခံစားနေရဦးမယ်ထင်တယ်။

ဒီလိုပါ.....ဘောလုံးပွဲတွေမှာ လူတွေ ပြောလေ့ပြောထ ရှိတဲ့ စကားတခု ရှိပါတယ်။ ဘယ်ဘက်က “နိုင်မလဲ၊ ရှုံးမလဲ” ဆိုတာကို ကြိုတင်ထင်ကြေးပေးရမယ့်အခါမျိုးမှာ သုံးစွဲကြတဲ့ လက်သုံးစကားပေါ့။

“ဘောလုံးဆိုတာက အလုံးကြီးဆိုတော့လည်း အနိုင်အရှုံးက ပြောရခက်သားဗျ”.........တဲ့။

ဒါမှမဟုတ်.......“ဘောလုံးဆိုတာ လုံးနေတော့လည်း ဘယ်သူနိုင်မလဲဆိုတာ ကံသေကံမ မပြောနိုင်ဘူးလေ” ........တဲ့။

အဲသည်စကားကို ဘောလုံးဝါသနာရှင်တော်တော်များများပြောကြတယ်။ မထင်မရှားဆိုက်ကားဆရာကစလို့ နာမည်ကျော် လူသိများတဲ့ ပုဂ္ဂိုလ်ကြီးတွေအဆုံး သုံးစွဲကြလေ့ရှိတယ်။

ကျနော့်မှာတော့ အဲသည်စကားကြားတိုင်း ဘောလုံးပွဲ အနိုင်အရှုံး နဲ့ ဘောလုံးရဲ့ လုံးဝန်းတဲ့ပုံသဏ္ဍာန်အကြားက ကျိုးကြောင်းဆက်နွယ်ချက်ကို ရှာမတွေ့နိုင်ဘူးဖြစ်နေတယ်။

ဒီလိုဗျာ။ ဘောလုံးပွဲတပွဲမှာ နိုင်ဘို့ဆိုတာ အသင်းလိုက် အပေးအယူမျှတမှု၊ တဦးချင်း ကောင်းမွန်မှု၊ တဖက်အသင်းရဲ့ အားနည်းချက်ကို အသုံးချ ထိုးဖောက်နိုင်မှု၊ ဂိုးသွင်းတဲ့အချိန်မှာ တိကျမှု၊ ကံကောင်းမှု၊ အခြေအနေ၊ အချိန်အခါ၊ ကွင်း၊ ဒိုင်လူကြီး၊ ရာသီဥတု စတဲ့ များပြားလှစွာသော အချက်တွေအပြင် မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာလည်း မူတည်နေပါတယ်မဟုတ်ပါလား။

တဖက်နဲ့တဖက် ခြေသိပ်မကွာတဲ့အသင်းတွေဆိုရင် အဲသည်လို အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့အချက်တွေဟာ များပြားလွန်းလို့၊ ခွဲခြမ်းစိတ်ဖြာဘို့လည်း ခက်ခဲလွန်းလို့ ဘယ်ဘက်ကနိုင်မလဲဆိုတာ ကံသေကံမ ပြောမပြနိုင်တဲ့အထိ ဖြစ်တတ်ကြတယ်။ တခါတလေ ခြေအပြတ်အသတ်ကွာနေတဲ့အသင်း ၂ သင်း ကန်ရင်တောင် မထင်မှတ်ဘဲ ကောင်းတဲ့အသင်းက ရှုံးတတ်ပါသေးတယ်။ ဒါကြောင့် ဘောလုံးပွဲမှာ အနိုင်အရှုံးကို ကြိုပြောဘို့ ခက်တယ်ဆိုတာကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါတယ်။

ဒါပေမယ့် “ဘောလုံးပွဲထုံးစံမို့ အနိုင်အရှုံးကို ကြိုတင်ဆုံးဖြတ်ဘို့ဆိုတာ မလွယ်ပါဘူး” လို့ ပြောရမယ့်အစား “ဘောလုံးဆိုတာ လုံးနေတော့လည်း ပြောရခက်သား” လို့ တင်စားပြောလိုက်တဲ့အခါမယ် ကျနော့်လို အတွေးကြောင်လေ့ရှိတဲ့လူတဦးအဖို့ အောက်မှာဖော်ပြထားတဲ့အတိုင်း ကပ်သီးကပ်သပ် လျှောက်တွေးစရာဖြစ်လာပါတယ်။

ဘောလုံးဟာ လုံးနေလို့ အနှိုင်အရှုံးပြောရခက်တယ်ဆိုရင် လုံးဝန်းမနေတဲ့ အရာကို အသုံးပြုရတဲ့ တခြားကစားနည်းတွေမှာ အနှိုင်အရှုံးကို တပ်အပ် ပြောနိုင်မလား။ ဥပမာ...ကြက်တောင်၊ ရေကူး၊ မြင်းစီး၊ အမေရိကန်ဘောလုံး (လုံးပေမယ့် ရှည်လမျော ပုံသဏ္ဍာန်ရှိတော့ လုံးဝန်းတယ်ပြောလို့မရဘူးလေ)..........စသဖြင့်ပေါ့လေ။ နည်းနည်း ဂွတိုက်ပြီး မေးရမယ်ဆိုရင် “ဘောလုံးဆိုတာ ရှည်လမျောကြီးဖြစ်နေရင် အရှုံးအနိုင်ကို ကံသေကံမ ပြောနိုင်မလား” လို့ ပြန်မေးစရာရှိတယ်။ ဒါက အားကစားမှာ ပြောတာပါ။

မြင်းပွဲတို့၊ လေးကောင်ဂျင်တို့၊ ဆယ်ပြားစိ ခေါင်းပန်းလှန်တာတို့ပါ ထည့်စဉ်းစားလိုက်ရင် လုံးမနေပေမယ့် အနိုင်အရှုံးပြောရခက်တဲ့ ကိစ္စတွေ တလှေကြီးပေါ်လာပြန်ရော။ ဒါပေမယ့်...မျောက်ပန်းလှန်တဲ့နေရာမှာ “ဆယ်ပြားစိ ဆိုတာ အပြားကြီးဆိုတော့လည်း အနိုင်အရှုံးကို ကံသေကံမ မပြောနိုင်ဘူးလေ” လို့ ပြောတာမျိုး မရှိဘူးလေ။

အဲသည်တော့ “ဘောလုံးဆိုတာ အလုံးကြီးဆိုတော့ အနှိုင်အရှုံးပြောရခက်တယ်” ဆိုတဲ့ စကားကို ကျိုးကြောင်းခွဲခြမ်းစိတ်ဖြာတဲ့နည်းကိုသုံးပြီး နားလည်ရခက်ခဲနေပါတယ်။ ဒါပေမယ့် သိတယ်မို့လား။ လူတိုင်းလိုလို နားလည်တဲ့ကိစ္စမှာ ကျနော့်လို ကိုယ့်ကိုယ်ကို လူတတ်ကြီးလို့ အခြောက်တိုက်ထင်နေတဲ့လူက နားမလည်နိုင်ဘူးဆိုတော့ စိတ်ထဲမှာ ကသိကအောက်ပေါ့။

ဒီအကြောင်းကို ရေးမယ် စဉ်းစားနေတာကြာပါပြီ။ မနေ့ကတော့ ကျနော်ကြိုက်တဲ့ ကဗျာဆရာ နှင်းခါးမိုး ဘလော့ဂ်မှာ ကဗျာအသစ်ကလေးတပုဒ်တင်ထားတာတွေ့လို့ သွားဖတ်ရတယ်။ တကယ်ကောင်းတဲ့ ကဗျာတပုဒ်ပါဘဲ။ သွားဖတ်ကြဘို့ ညွှန်းချင်ပါတယ်။ ခေါင်းစဉ်က “လိုက်လိုက်ကောက်ရတဲ့ ညနေခင်းများ” တဲ့။

ကဗျာထဲမှာ “ဘောလုံးဆိုကတည်းက အလုံးကြီးလေ ဘာမှအသေအချာမပြောနိုင်ဘူး” ဆိုတဲ့စာသားလေးကိုတွေ့တော့ ကျနော့် နှလုံးသားက ယားဖုဟောင်းဖြစ်တဲ့ အဖြေမညှိနိုင်ခဲ့တဲ့ ပဟေဠိကလေး ရင်ထဲမှာ ပြန်ပေါ်လာတယ်။စာဖတ်သူရော.......“ဘောလုံးဆိုတာ လုံးနေတော့လည်း” ဆိုတဲ့ စကားမျိုးကို တကြိမ်တခါက သုံးခဲ့ဘူးပါသလား။ကျနော့်ပဟေဠိလေးအပေါ် မိတ်ဆွေရော ဘယ်လိုသဘောရပါသလဲ။

မူရင်းပို့စ်နဲ့ ကွန်မင့်တွေက ဒီမှာပါ။.................

6 comments:

PhotoVigor said...

Good writing, great post.
Cheers..

khin oo may said...

မသုံးဘူးဘူး. ဘောလု့းံပွဲနဲ့ဝေးပါတယ်။

khin oo may said...

တစ်ခါတည်းဘလော့ပိုစ်ငါးခုလောက်ကို ဆက်တိုက်ဖတ်သွားချင်ပါတယ်။ ဟိုကလစ်ဒီ ကလစ်ကို စိတ်မရှည်ပါ။ အချိန်ကုန် ၏

Anonymous said...

I agree with KOM

မေဓာဝီ said...

ကျမလည်း ပြောမလို့ဘဲ။ မခင်ဦးမေပြောသလို ပို့စ်တွေဆက်တိုက် ဖတ်ရတာမျိုးက ပိုအဆင်ပြေတယ်။
ဟိုကလစ် ဒီကလစ်က သိပ်အဆင်မပြေဘူး။
ဒါနဲ့ အောက်ဆုံးမှာ ကြော်ငြာလဲ တွေ့တယ်နော်။ အခမဲ့လား။ အခနဲ့လား။ :)

ကိုပေါ said...

မခင်ဦးမေ...ကိုပီတာကျော် နဲ့ မမေဓါဝီ....

Feedback အတွက် ကျေးဇူးတင်ပါတယ်။

မမေဓာဝီ.... အဲဒီ ကြော်ငြာက အခမဲ့ပါ။ ကျနော်ကူညီထိုက်သူများကို ကျနော်တတ်နိုင်တဲ့ဖက်က အကူအညီပေးတဲ့ သဘောပါ။

ကမ္ဘောဒီးယားက အန်ကာဝပ်ကို သွားရောက်လည်ပတ်ဖြစ်တယ်ဆိုရင် အဲဒီဆိုင်မှာ စားဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs