လူပေါင်းမှားက သူတောင်းစား ဖြစ်တတ်ချေ၏။
ကျနော်ကိုပေါအကောင်းစားလေးမှာလည်း ဘလော့ဂါ မခင်ဦးမေ၏ ချီးမြှောက်မှုကြောင့် ဒွန်းစဏ္ဍားဘ၀ ရောက်ရမည်ကဲ့သို့ ရှိသည်တွင် ၂၀၀၇ ခုနှစ် ဧပြီလက ဘားမားတူဒေးတွင် ကျနော်ရေးသားခဲ့သော “သည်မဏ္ဍိုင် မယိုင်လဲစေချင်” ခေါင်းစဉ်ရ သူတောင်းစားဋီကာကြီးကို သတိရမိချေသည်။ ထိုစဉ်က ကိုဘအောင်ကို ဇာတ်လိုက်ထားရေးခဲ့သော ဆောင်းပါးအား ယခု ကျွန်ုပ် နာမ်စားသုံးကာ ခေါင်းစဉ်ကိုပြောင်း၊ အနည်းငယ်ပြင်ဆင်မွမ်းမံ၍ ပြန်လည်ဖော်ပြလိုက်ပါသည်။
“ကျွန်ုပ်နှင့် သူတောင်းစားများ”
မြန်မာပြည်မှ ပြန်လာကြသူများ တညီတညွတ်တည်း ပြောတတ်ကြသောအချက်မှာ မြန်မာပြည်၏ လမ်းဆုံလမ်းခွများ၊ မီးပွိုင့်များ၊ စားသောက်ဆိုင်များ၊ ကားမှတ်တိုင်များတွင် တောင်းရမ်းစားသောက်သော သူတောင်းစားများ အများအပြား တိုးပွားလာကြောင်းပင် ဖြစ်သည်။ အချို့မှာ သူတောင်းစားမျိုးရိုးမှ ဆင်းသက်လာ၍ မဟုတ်။ ကြပ်တည်းလှသော ခေတ်ကြီးထဲတွင် အဆင်မပြေလွန်းလှ၍ ကြံရာမရ မျက်နှာအောက်ချကာ သူတောင်းစားဘ၀ကို ခံယူကြရခြင်းဖြစ်ကြောင်း သိရ၍ ထိုသူတို့အပေါ် သနားဂရုဏာသက်မဆုံးအောင် ဖြစ်ရချေသည်။
ဘယ်ဘ၀က ရေစက်မှန်းတော့မသိ။ ကျွန်ုပ်သည် ငယ်စဉ်ကပင် သူတောင်းစားများကို သနားတတ်လေသည်။ သူတောင်းစားများ အိမ်ရှေ့လာရပ်လျှင် လက်ဘက်ခြောက်ပုံးထဲတွင် အမေ၀ှက်ထားသော အကြွေစေ့များကို တိတ်တိတ်ယူ၍ ပေးလေ့ရှိသည်။
ကျွန်ုပ်တို့ လယ်ကိုင်းကျောင်းတော်ရာဖက်တွင် လာရောက်တောင်းရမ်းသော သူတောင်းစားကလည်း မျိုးစုံလှသည်။
အချို့က “အကိုကြီး၊ အစ်မကြီးတို့ရယ်…. အကိုကြီးတို့ ပေးမှကမ်းမှ စားသောက်ရမယ့် ဘ၀ပါ”ဟု အစချီကာ သနားစဖွယ် မျက်နှာအောက်ချ၍ တောင်းရှာကြ၏။
အချို့ကတော့ ဂီတ ပါ၏။ အတိုအရှည်မတူသော ၀ါးဘိုးဝါး အဆစ်ပိတ် နှစ်ခုကို လက်တဖက်တချက်တွင် ကိုင်ကာ မြေတွင် တဖက်စီ ဆောင့်၍ ခေတ်ပေါ်သီချင်းများကို ချွဲချွဲပစ်ပစ် သီဆိုတောင်းရမ်း၏။ ၀ါးဘိုးဝါး၏ ဂီတသံမှာ “ဗုံတုံတုံ..ဗုံတုံတုံ”ဟု မြည်ကာ နားထောင်၍ မဆိုးလှ။
သို့သော် ခက်သည်က ထိုသူများ လာရောက်တောင်းရမ်းပြီးကတည်းက ကျွန်ုပ်တို့အိမ်တွင် မည်သူမျှ သီချင်းကို ကောင်းကောင်းဆိုခွင့်မရတော့။ တယောက်ယောက်က ခံစားချက်အပြည့်နှင့် သီချင်းဆိုပြီဆိုလျှင် ကျန်မောင်နှမများက မပျက်မကွက် ပါးစပ်ဆိုင်းဖြင့် “ဗုံတုံတုံ” ကြလေတော့ရာ သီဆိုသူခမြာ စောစောက သွင်းထားသမျှသော ခံစားချက်တို့ ရေစုန်မျောရလေတော့သတည်း။
တချို့သော သူတောင်းစားများကတော့ မြန်မာဆန်ဆန် စည်းနဲ့ဝါးကို လက်တဖက်တချက်တွင်ကိုင်လျှက် “သီရိဓမ္မာသောက မဟာရာဇာ……” သီချင်းကို နှာသံလေးစွက်၍ သီဆိုတောင်းရမ်းကြကုန်၏။
သူတောင်းစားမျိုးစုံထဲတွင် ကျွန်ုပ်အနေဖြင့် ဘယ်လိုမှ စေတနာထား၍ မရသော သူတောင်းစားတယောက်လည်း ရှိသေး၏။ ထိုသူမှာ လူလတ်ပိုင်းအရွယ် သန်သန်မာမာကြီး ဖြစ်၏။ အခြားသူတောင်းစားများကဲ့သို့ အောက်ကျို့ကာ တောင်းရမ်းသည်လည်း မဟုတ်။ အိမ်ခြံတံခါးဝတွင် မားမားကြီး လာရပ်ကာ အောင်မြင်ထည်ဝါသောအသံကြီးနှင့် “ကျနော်က သူတောင်းစားမျိုးရိုး မဟုတ်ပါဘူးခင်ဗျာ။ မိကောင်းဖခင် သားသမီးပါ။ မယုံလို့ရှိရင် အရင်က ပွင့်ဖြူမြို့နယ် ပါတီယူနစ်ဥက္ကဋ္ဌလုပ်သွားတဲ့ ဦးတင်ထွန်းကိုသာ မေးကြည့်ပါ… ဘယ်သူဘယ်ဝါကို မေးကြည့်ပါ…” စသဖြင့် ဇာတ်ကြောင်းရှည်လျားစွာ ဖွဲ့နွဲပြောပြသော သူကောင့်သားပင်တည်း။
ကျွန်ုပ်၏ ၀မ်းကွဲအကို တဦးမှာ ထိုသူတောင်းစား၏ လေယူလေသိမ်းအတိုင်း ပြန်လည် သရုပ်ဆောင်ပြသည့်နေရာတွင် အင်မတန် ပြောင်မြောက်လှ၍ နားထောင်နေရသူအပေါင်းမှာ တဝေါဝေါ တသောသောနှင့် အူနှိပ်နေရချေသည်။
သူတောင်းစားကို စဏ္ဍာလ (စင်ဒဏ်လားဟု မှားမဖတ်ပါနှင့်)၊ ဒွန်းစဏ္ဍား၊ ကယ်ပါ၊ ဖုန်းတောင်းယာစကာ၊ သူဖုန်းစား စသဖြင့် အမည်အမျိုးမျိုး ခေါ်ဝေါ်ကြရာ ကျွန်ုပ်တို့ ဒေသဖက်တွင် “ဘုရားအသည်”ဟု ထူးထူးဆန်းဆန်း ခေါ်သည်လည်းရှိသည်။ ရှေးမြန်မာဘုရင်များလက်ထက်က ဘုရားကျွန်အဖြစ် လှူဒါန်းခံရသူများ၏ အဆက်အနွယ်များပင်လောဟု တွေးတောမိသည်။ ထိုသူတို့မှာ မျိုးရိုးစဉ်ဆက် ထိုဘ၀တွင် အသက်မွေးရကြောင်းကိုလည်း သူများပြောတာ ကြားဖူးသည်။ အချို့မှာတော့ မျိုးရိုးကြောင့်မဟုတ်ဘဲ ကုဋ္ဌနူနာ စွဲကပ်ပြီး လူ့အသိုင်းအ၀ိုင်းက ကြဉ်သဖြင့် သူတောင်းစားဘ၀ ရောက်သွားသူများလည်း ရှိပေသည်။
ကျွန်ုပ်ဆယ်ကျော်သက်အရွယ် စာကို မတောက်တခေါက် ဖတ်ရှုလာသောအချိန်တွင် သူတောင်းစားဆိုသည်မှာ နိုင်ငံတခု (သို့မဟုတ်) လူ့အဖွဲ့အစည်းတခုရဲ့ အပြစ်အနာအဆာဟု မြင်လာသည်။ သို့သော် သူတောင်းစားများအပေါ်တွင်တော့ ဂရုဏာမပျက် ပေးကမ်းမြဲပင်။
သူတောင်းစားများအကြောင်းကို စဉ်းစားရင်း လွန်ခဲ့သည့် ဆယ်နှစ်ခန့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်စဉ်ကာလက အဖြစ်အပျက် တခုကို ပြန်ပြောင်းသတိရမိသည်။ ထိုစဉ်က ပီနန်မြို့နှင့် မဝေးလှသော မြို့ငယ်ကလေးတခုတွင် အလုပ်လုပ်ရသည်။ အပတ်စဉ် စနေနေ့တိုင်း ပီနန်မြို့ရှိ British Council တွင် အင်္ဂလိပ်စာ စကားပြောသင်တန်း သွားတက်၏။
တရက် သင်တန်းမှအပြန် အိတ်စ်ပရက်စ် ဘတ်စ်ကားပေါ်တွင် ကားအထွက်ကို ထိုင်စောင့်နေစဉ် ကလေးနှစ်ဦး ကားပေါ်သို့ တက်လာပြီး ခရီးသည်များထံ တခုံချင်း ချဉ်းကပ်၍ စာရွက်တရွက်ကို ပြကာပြကာ သော့ချိတ်ရောင်းရင်း ပိုက်ဆံတောင်းလေတော့သည်။ စာရွက်မှာ မလေးဘာသာဖြင့် ရေးထားသော ထောက်ခံစာလိုလို ဘာလိုလိုစာရွက်ဖြစ်သည်။ ကောင်လေးက ၇ နှစ်ခန့်၊ မိန်းကလေးမှာ ၅ နှစ်ခန့်။ ကျွန်ုပ်ထိုင်ခုံသို့လည်း ရောက်လာပြီး စာရွက်ပြလျက် မလေးဘာသာဖြင့် ပြောဆိုတောင်းရမ်းလေသည်။ ကျွန်ုပ်လည်း တတ်သည့်ပညာ မနေသာ ဆိုသကဲ့သို့ အင်္ဂလိပ်လို အသံထွက်ပီသစေရန် အစွမ်းကုန် အားထုတ်လျက် “I don’t speak Malay”ဟု အင်္ဂလိပ် လေယူလေသိမ်းနှင့် ပြောချလိုက်သည်တွင် ကောင်လေးမျက်နှာမှာ ရုတ်ချည်း ၀င်းပသွားပြီး “ဟာ… အစ်ကိုကြီးက ဗမာလား” ဟု ဗမာလို တခါတည်း တန်းမေးပါလေတော့သည်။ ကျွန်ုပ်လည်း ရှက်ရှက်နှင့် “အေးကွ” ဟု ၀န်ခံလိုက်ရသည်။
ကောင်လေးကလည်း ဆွေမျိုးတွေ့ရသကဲ့သို့ ၀မ်းသာအယ်လဲဖြင့် သူ့ညီမလေးနှင့်ပါ မိတ်ဆက်ပေးပြီး သူ့မိဘများ အလုပ်အကိုင်အဆင်မပြေသည့်အကြောင်းနှင့် သူတို့အကြောင်းကို ဇာတ်စုံခင်းပါတော့သည်။ သူညီမလေးက ဗိုက်ဆာပြီး ဘာမှ မစားရသေးကြောင်း ပြောကာ ကျွန်ုပ်ထံမှ ပိုက်ဆံတောင်းပါလေတော့သည်။ ကလေးမ၏ မျက်နှာမှာ အမှန်ပင် ဆာလောင်မွတ်သိပ်နေပုံရ၍ ကျွန်ုပ်လည်း သော့ချိတ် ၂ ခုယူ၍ မလေးရင်းဂစ်ငွေ ၅ ဒေါ်လာ ထုတ်ပေးလိုက်ရာ နှစ်ယောက်သား ၀မ်းသာအားရ ကားပေါ်မှ ဆင်းသွားကြလေသည်။ ကျွန်ုပ်လည်း ကံမကောင်းအကြောင်းမလှသည့် သူတို့ မောင်နှမဖြစ်ထွေကို သနား၍မဆုံး ဖြစ်တော့မည့်ဆဲဆဲ နောက်ထပ်ကလေး ၆ ယောက်ခန့် ပြေးတက်လာပြီး ကျွန်ုပ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် တန်းလာကာ တယောက်တပေါက် ဗမာလိုရော မလေးလိုပါ ပြောကာ ဆူဆူညံညံ ပိုက်ဆံတောင်းကြပါလေတော့သည် ကားပေါ်ရှိ ခရီးသည်များကလည်း ကျွန်ုပ်နှင့် ကလေးတသိုက် ဆူညံဆူညံ ဖြစ်နေကြသည်ကို စူးစမ်းသည့်အနေဖြင့် လှည့်ကြည့်ကြလေသည်။ ဘာတွေ ဖြစ်နေတာလဲပေါ့။ နောက်ဆုံးမတော့ နောက်ထပ် ငွေ ၅ ဒေါ်လာနှင့်အတူ စောစောက ၀ယ်ထားသော သော့ချိတ် ၂ ခုကိုပါ ထုတ်ပေး၍ ဝေယူကြရန်ပြောလိုက်သည်တွင်မှ ကျေးဇူးရှင်ကလေးများ ကားပေါ်က တန်းစီ၍ ဆင်းသွားကြလေတော့သည်။ ဤကား ရှားရှားပါးပါး ကြုံတွေ့ခဲ့ရဖူးသော မလေးရှားရောက် တောင်းရမ်းစားသောက်သူ မြန်မာကလေးငယ်များပင်တည်း။
တဖန် သူတောင်းစားမျိုးနွယ်တွင် မပါဝင်သော်လည်း အလားတူပင် ပိုက်ဆံတောင်းရမ်းသူများကို ကျွန်ုပ်ကြုံတွေ့ဖူးပါသည်။ ထိုသူများကြောင့် ကျွန်ုပ်မှာ စိတ်ကသိကအောက် ဖြစ်ခဲ့ရဖူးရာ ယခင်ကတော့ ထိုသူများကို သူတောင်းစားများလောက်ပင် ဂရုဏာထား၍ မရချေ။
ပထမတကြိမ်မှာ ကျွန်ုပ်၏ နိုင်ငံကူးလက်မှတ်အတွက် အခွန်ရုံးသို့သွားကာ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာလုပ်ခဲ့စဉ်က ဖြစ်၏။ အင်းစိန်မြို့နယ် အခွန်ဦးစီးဌာနမှ စာရေးမသည် မြို့နယ်ဦးစီးမှူး မအားသေးဟုဆိုကာ ကျွန်ုပ်ကို နာရီဝက်စောင့်ခိုင်း၏။ ကျွန်ုပ်လည်း သဘောရိုး ထင်မှတ်ကာ စောင့်၏။ နာရီဝက်ကြာသောအခါ နောက်ထပ် တနာရီ စောင့်ခိုင်းပြန်၏။ ကျွန်ုပ်လည်း စောင့်ပြန်၏။ တနာရီကြာသောအခါ နောက်ထပ် နာရီဝက် စောင့်ခိုင်းပြန်၏။ သုံးကြိမ်တိတိ စောင့်ဆိုင်းပြီးသောအခါတွင်မတော့ စာရေးမက ထိုနေ့အဖို့ ဦးစီးမှူး အားတော့မည်မဟုတ်၍ နောက်တနေ့ပြန်လာရန် ပြော၏။ ကျွန်ုပ်လည်း အညာသား ခပ်အူအူဖြစ်ရာ သဘောရိုးနှင့် ပြောသည်ထင်ပြီး နောက်တနေ့မှ ပြန်လာမည်ဆိုကာ အခွန်ရုံးပေါ်မှ ဆင်းခဲ့၏။
ရုံးအောက်ရောက်သောအခါ ကျွန်ုပ်ကဲ့သို့ အခွန်ထောက်ခံစာ လာလုပ်သူ သူငယ်ချင်းတယောက်နှင့် ပက်ပင်းတိုး၍ ၄င်းအား အဖြစ်အပျက်အလုံးစုံကို ပြန်ပြောပြရာ ထိုသူငယ်ချင်းက “ကိုပေါ၊ ခင်ဗျားနှယ် အ လိုက်တာ လွန်ပါရောဗျာ။ အဲဒါ စာရေးမက သူ့ကို ပိုက်ဆံမပေးလို့ ခင်ဗျားကို သက်သက် ရစ်နေတာ။ လာလာ ကျနော်နဲ့ လိုက်ခဲ့” ဆိုသဖြင့် ကျွန်ုပ်လည်း အခွန်ရုံးပေါ်သို့ နောက်တခေါက် ပြန်ရောက်ရပြန်၏။
ကျွန်ုပ်၏ မိတ်ဆွေသည် အခွန်ရုံးပေါ်ရောက်သည်နှင့် စာရေးမအား “အန်ကယ်လ်နဲ့ တွေ့ဖို့ ချိန်းထားတယ်”ဟု ဆိုကာ စာရေးမ၏ ပြန်အပြောကို မစောင့်တော့ဘဲ မြို့နယ်မှူးအခန်းထဲသို့ စွတ်ကနဲ ၀င်သွား၏။ ကျွန်ုပ်ကား ဘာလုပ်ရမည်မသိ။ အပြင်ဖက်တွင် ယောင်နနနှင့် ရပ်လျက် စာရေးမ၏ မျက်စောင်းဒဏ်ကို ခံကာ စောင့်နေရ၏။ ဆယ့်ငါးမိနစ်ခန့်ကြာသော် ကျွန်ုပ်မိတ်ဆွေသည် မြို့နယ်မှူးအခန်းထဲမှ ပြုံးရွှင်စွာထွက်လာပြီး “ကိုပေါ၊ ခင်ဗျားကို အန်ကယ်လ်က တွေ့ချင်လို့ အခုလာခဲ့ပါတဲ့” ဆိုလေရာ ကျွန်ုပ်လည်း ၀င်ခွင့်ရသွားတော့၏။ ကိစ္စပြီး၍ အပြန်လမ်းတွင် ထိုမိတ်ဆွေအား မြို့နယ်မှူးနှင့် သိကျွမ်းပါသလောဟု စပ်စုမိရာ သူနှင့် လုံးဝမသိကျွမ်းကြောင်း၊ ကျွန်ုပ်စကားအရ စာရေးမ၏ ပိုက်ဆံတောင်းချင်သော သဘောကို ရိပ်စားမိ၍ သိကျွမ်းသယောင် ဖန်တီးခဲ့ရကြောင်း ပြောပြရာ ကျွန်ုပ်မှာ ထိုမိတ်ဆွေ၏ လည်ပတ်မှုကို ဆလံ သ ခဲ့ရပေသည်။ တချိန်တည်းမှာပင် မိမိ၏ ထူအပုံ၊ အကင်းမပါးပုံကိုလည်း စိတ်ထဲတွင် ကျိတ်၍ ၀န်ခံလိုက်ရပေသည်။ စာရေးမအနေဖြင့် ပိုက်ဆံတောင်းရာတွင် သူတောင်းစားများကဲ့သို့ မျက်နှာအောက်ချ၍ မတောင်းနိုင်ခြင်းကြောင့်သာ ဤသို့ဖြစ်ရချေသည်ဟု တွေးမိပါသည်။
ဤသို့ အစိုးရ၀န်ထမ်းများမှ ပိုက်ဆံတောင်းခြင်းကို ပထမဦးဆုံး ကိုယ်တွေ့ကြုံရပြီးသကာလ နောက်ပိုင်း မြန်မာပြည်သို့ အလည်အပတ်ပြန်စဉ် လေဆိပ်၌ လ၀က ရဲဘော်ကလေးများ၏ “အကို၊ ကျနော်တို့ဖို့ လက်ဆောင်လေးများ မပါဘူးလား” ဆိုသည်များကို မကြာခဏ ကြုံရဖူး၏။ သို့သော် ထိုပုဂ္ဂိုလ်လေးများမှာ မပေးလျှင်လည်း သိပ်ပြီး ဂျိုကျလေ့မရှိသဖြင့် တော်ပေသေး၏။ လေဆိပ်အကောက်ခွန်မှ ပုဂ္ဂိုလ်များမှာမူကား လက်ဆောင်မမြင်ရလျှင် ရှိရှိသမျှ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ကို ဖွင့်ခိုင်းပြီး လှန်လှောရှာဖွေကာ ကြန့်ကြာအောင် လုပ်တော်မူတတ်ကြပါပေသည်။
နောက်ဆုံးတခေါက် မြန်မာပြည်မှ ထွက်ခွာလာစဉ်က မိသားစုနှင့်အတူ ပြည်ပသို့ ထွက်လာသည်ဖြစ်၍ အ၀တ်အစားထည့်ထားသော အိတ်သည် အတော်ပင်ကြီး၏။ ထွက်ခွာခန်းမထဲ၌ လေယာဉ်ပျံစောင့်နေစဉ် အသံချဲ့စက် စပီကာမှနေ၍ “ဦးကိုပေါ၊ စစ်ဆေးရေးကောင်တာသို့ အမြန်ဆုံးလာခဲ့ပါရန်” ကြေညာသဖြင့် ရင်ထဲတွင် ဒိတ်ကနဲဖြစ်သွားပြီး ဘုမသိဘမသိ အူကြောင်ကြောင်နဲ့ ထသွားရ၏။ ကောင်တာနားတွင် အ၀တ်တွေထည့်ထားသော အိတ်ကြီးအား ညွှန်ပြလျက် ယူနီဖောင်းဝတ် အရာရှိတယောက်က “ညီလေး၊ ဒါ အထည်တွေမို့လား” ဟု မေး၏။ ကျွန်ုပ်လည်း “အ၀တ်အထည်၊ အင်္ကျီ အ၀တ်အစား”ကို ဆိုလိုသည်ထင်မှတ်၍ အူတူတူနှင့် “ဟုတ်ကဲ့ ခင်ဗျ” ဟု ဖြေမိ၏။ ထိုအခါ ယူနီဖောင်းဝတ်ပုဂ္ဂိုလ်က “အေး.. အကိုတို့လည်း သိတယ်၊ ညီလေး။ အဲဒါ အကိုတို့ စားဖို့ သောက်ဖို့လေး လုပ်သွားဦးကွာ”ဟု ဆိုလေ၏။ ထိုအခါကျမှ ကျွန်ုပ်မှာ အခြေအနေမှန်ကို ရိပ်စားမိ၍ “ဟာ၊ ကျွန်တော်က အ၀တ်အစား၊ အ၀တ်အထည်ကို မေးတာမှတ်လို့။ အဲဒါ ကျနော်တို့ အင်္ကျီတွေ ထည့်ထားတဲ့ အိတ်ပါ” လို့ ကပျာကယာ ဖြေရှင်းလိုက်မှ “သြော်၊ ဒီလိုလား။ ဆောရီး၊ ဆောရီး။ အဲဒါဆို သွားတော့” ဆိုကာ လွှတ်လိုက်လေသည်။ ထိုစဉ်ကတော့ ထိုသူများကြောင့် စိတ်ကသိကအောက်ဖြစ်ရ ရယ်လည်းရယ်ချင် ဖြစ်ခဲ့ရပါသည်။
ယခု ပြန်လည်စဉ်းစားတော့မူ အားလုံးကို သနားဂရုဏာစိတ်သာ ပေါ်မိပါသည်။ သူတို့သည်လည်း ပြည်သူထဲက ပြည်သူတွေပင်။ သည် စစ်အာဏာရှင် စနစ်ဆိုးအောက်တွင် မှားယွင်းသော စနစ်ကြောင့် အမှားအမှန်ကို မခွဲခြားနိုင်တော့ဘဲ မိမိတို့၏ အရှက်၊ သိက္ခာတို့ကို ဘေးချိတ်ကာ လောလောဆယ် တဒင်္ဂ အဆင်ပြေချောမွေ့မှုအတွက် မျက်နှာအောက်ချရသည့်ဘ၀ (သို့) မျက်နှာပြောင်တိုက်ရသည့်ဘ၀ကို ခံယူလိုက်ကြရသူတွေပင်ဖြစ်သည်။ အခြေအနေတရပ်၏ တွန်းပို့မှုအောက်တွင် စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်သွားသည်ဟုသာ ယူဆမိပါသည်။
ဤသို့ဖြစ်ရသည်မှာ လူထု၏ စားဝတ်နေမှု ဒုက္ခအ၀၀ကို စစ်အစိုးရက လစ်လျူရှုကာ ပြေလည်အောင် ဖြေရှင်းမပေးနိုင်၍ ဖြစ်သည်။ ဤသို့သောအခြေအနေမှ လွတ်မြောက်ရန်မှာ ပြည်သူလူထု၏ အကြပ်အတည်းပြဿနာတို့ကို အလေးထား ဖြေရှင်းပေးလိုသော ပြည်သူရွေးချယ်သည့် အစိုးရတရပ် ပေါ်ပေါက်လာမှသာ ဖြစ်နိုင်ပေမည်။
နေရောင်ခြည်သည် ညအမှောင်ကို ခွင်း၍ သစ်ပင်ပန်းမာလ်တို့အား အကိုင်းအခက်အလက်၊ အဖူးအပွင့်တို့ဖြင့် ဝေစည်လာအောင် စွမ်းဆောင်နိုင်သည်ဆိုပါလျှင် စစ်မှန်သော ဒီမိုကရေစီစနစ်ဖြင့် လွတ်လပ်၍ တရားမျှတစွာ အုပ်ချုပ်သော ပြည်သူ့အစိုးရတရပ်သည်လည်း မြန်မာပြည်သူ လူထုအား ဆင်းရဲမွဲတေမှု အမှောင်တွင်းမှ ကယ်တင်၍ မြန်မာ့လူ့အဖွဲ့အစည်းဟူသော သစ်ပင်ပန်းမာလ်တို့အား တရားမျှတခြင်း၊ ရင့်ကျက်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းတည်းဟူသော အကိုင်းအခက်အလက်၊ အဖူးအပွင့်တို့ဖြင့် အနာဂတ် အရုဏ်ဦးအောက်တွင် တင့်တယ်ဝေစည်နိုင်စေမည်ဟု ယုံကြည်မိပါတော့သည်။
မူရင်းကို ဖတ်ရန်။ ။ သည်မဏ္ဍိုင် မယိုင်လဲစေချင် (ကိုပေါ)

12 comments:
ဆရာပေါ
မုကာခဏဆိုသလို အလည်ရောက်ပါတယ်။
ခင်ဗျားရဲ့ သွက်လက်တဲ့အရေးအသားကို ကျနော်နှစ်သက်မိတယ်။ ရယ်ရမလို ငိုရမလို ဖြစ်ရတဲ့လူတွေထဲမှာ ကျနော်လည်းပါတယ်။
ဒါပေမယ့် ခင်ဗျားက ရေးတတ်တော့ ပိုပြီးဖတ်လို့ ကောင်းတာပေါ့...။
အင်္ဂလိပ်လိုပြောလိုက်မှ ဗမာလား တန်းမေးခံရတာကို ရယ်မိတယ်။ အနော့်လိုပဲ နေမှာ
သူတောင်းစား၊ အလှူခံ၊ အေးဓားပြ အဲဒီ ဝေါဟာရတွေ ခုခေတ်မှာတော့ တူတူပဲ ဖြစ်သွားပြီ ထင်တယ်။
ဘာသာရေးအရေခြုံပြီး တောင်းတာတွေလဲရှိသေးတယ်။ ပြီးတော့ ရပ်ကွက်ကနေ ဘာအတွက် ညာအတွက် (မထည့်မနေရ) အလှူခံတာမျိုး။ သူတို့လဲ အပေါ်စီးက ခပ်တည်တည်နဲ့ တောင်းတာပဲ။
စားပွဲရှေ့မှောက် တောင်းတဲ့ တတိယတန်းစား သူတောင်းစားတွေကတော့ အဆိုးဆုံးပဲ။ ဒီ့ပြင် သူတောင်းစားကမှ မပေးချင် ရှောင်လို့ရမယ်။ ဒင်းတို့ကမရဘူး။ အေးဓားပြ တိုက်သလိုပဲ။ ကိုယ်အဆင်ပြေချင်တော့လဲ အောင့်သက်သက်နဲ့ ပေးလိုက်ရတာပါပဲ။
အဲဒါမျိုး သူတောင်းစားမျိုး တွေကို စွန့်ကြဲ ပေးကမ်း လှူဒါန်းရတာလဲ ငွေသာကုန်၏ ကျိုးမရှိသလိုပဲ။ ကိုယ့်စိတ်က သဒ္ဓါတရားနဲ့ လှူတာမှ မဟုတ်ဘဲနော်။
ကိုပေါပြောသလိုဆိုတော့လဲ အားလုံးကို ကရုဏာသက်စရာပါ။ အထူးသဖြင့် ကလေးတွေကိုတော့ ပိုပြီး သနားမိတယ်။
အနှစ်သာရအပြည့်ပါတဲ့ဆောင်းပါးကိုဖတ်ရလို့ဝမ်းသာရသလို၊ ကိုယ့်နာမည်ကို သတိရမိတဲ့အတွက် ဝမ်းနည်းရပါကြောင်း (တခြားနေရာမှာ သတိရပါလား... :( )
SDL
dear ko paw,
biz as usual par
ကိုပေါရယ်.အရင်ပိုစ့်မှာ ၀ါသနာကို အပင်ပန်းခံပြီးများ စဉ်းစားနေရသေးတယ်၊ စာရေးတာပဲဖြစ်မှာပေါ့..
ကိုပေါက စာရေးကောင်းသားပဲ၊ သရော်စာ လိုမျိုးရေးရင် ပိုတောင်ကောင်းသေးတယ်..
ဘလော့ဂ်ပေါ်မှာတင် မဟုတ်ပဲ စာအုပ်ပါထုတ်
နိုင်အောင်ကြိုးစားကြည့်ပါလား..
ဖတ်ပြီးသားပေမဲ့ဒါကပိုပြီးပြည့်စုံနေသလိုဘဲ-
ပိတောက်ပင်ကြီးကတော့ရနံ့ တွေမွှေးလို့ကြိုင်လို့ လှိုင်လို့
မြိုင်လို့ပါဘဲဗျာ-
လွန်ခဲ့သော ၅ နှစ်ခန့်က ရန်ကုန်ဘဏ်တခုမှာ ပညာရေးကင်းရှင်း အတွက် လျော်ဖို့သွားတာပေါ့။ အကျင့်ကပါနေတော့ ၂၀ဝ တန် တရွက်အပို ထည့်ပေးလိုက်ပါတယ်။ စာရေးမလေးက ပိုက်ဆံလည်း ရေပြီးရော ကျွန်တော့်ကို ၂၀ဝ တန်ပြန်ပေးပါတယ်။ ဝန်ထမ်းကောင်း တယောက်တော့ တွေ့ပြီဟ လို့ ဝမ်းသာလို့ မဆုံးသေးဘူး။ "အကိုမနောက်ပါနဲ့၊ ထုံးစံက ၁၀ဝ၀" ... တဲ့။ :P
ဖတ်ဖူးပေမယ့် ပြန်ဖတ်တော့လဲ ဖတ်လို့ ကောင်းနေတာပဲ... ကျွန်မဒီတခေါက်ပြန်တော့ ကိုပေါလိုပဲ ပညာပြခံရတယ်... စာရေးမလေးတွေ ထမင်းစားနေလိုက်တာ မပြီးတော့ဘူး... ကျွန်မကလဲ ခပ်ရွတ်ရွတ်... မပေးပဲ ဒီတိုင်းထိုင်စောင့်တယ်... ပိုက်ဆံနှမျောလို့ တော့ မဟုတ်ဘူး... အကျင့်ပျက်တာ အားမပေးချင်လို့ ... ကျွန်မအမျိုးသာားဆို ဒီဘက်လေဆိပ်ကနေ စီးကရက်ဗူးတွေ အမြဲဝယ်ဝယ်သွားတယ်... သူက အားနာတတ်တာကို... ကျွန်မကတော့ တခြားနေရာ အားနာတတ်ပေမယ့် အဲဒီနေရာကျတော့ လူမိုက်အားပေးသလို ဖြစ်မှာမို့  အားမနာဘူး... ကျွန်မအမျိုးသားကပြောတယ်... သူတို့ မလဲ ရတဲ့လစာလေးက နဲတော့ လိုချင်ရှာမပေါ့တဲ့... မိသားစုစားဝတ်နေရေးကရှိသေးတယ်မိုလားတဲ့... ကိုပေါရေ... အဲလိုလှည့်တွေးပြန်တော့...အင်းးးးး
တကယ်တော့ အနာတခြားဆေးတခြားဖြစ်နေတာပါလေ...
လေဆိပ်မှာ တောင်းတယ် ... ဘာတယ်နဲ့ ကြားဘူးနေတာ ... တကယ်နဖူးတွေ့ ဒူးတွေ့ မကြုံဘူးသေးတော့ ယုံတမ်းစကားလို ဖြစ်နေတာ ... တကယ်မှဟုတ်ရဲ့လား။ အဲလို တကယ်တောင်းရဲတာလား ... တွေးမိနေတာ ...
ဟိုတစ်ခေါက်ပြန်ဖြစ်တော့ အစ်မ စီးကရက်ဘူးလေးပါရင် ပေးခဲ့ပါ ဆိုတာ ကြားလိုက်ရတော့ ... အော် ... တကယ်ပါလား .. ဆိုပြီး သူတို့တွေကို သနားရမှာလား .. စိတ်ပဲတိုရမှာလား .... စိတ်ထဲတမျိုးကြီးပါပဲ ...သူတို့လဲ ၀န်ထမ်းလစာနဲ့ လောက်မှာမဟုတ်ဘုးလေ ..ဆိုစိတ်ထဲ မကောင်းမိတာလေးပါ ...
ကိုပေါရေ ခုတစ်လော ခင်ဗျားရေးတာတွေ ကို ကန့်ကွက်မယ့် အတိုက်အခံလုပ်မဲ့သူတွေပျောက်နေပါလား
မှန်လွန်းလို့ မြေလျှိုးကုန်ကြပြီထင်တယ်
အခုတလော ဒီစလုံးမှာလည်း food court မှာ သော့ချိတ်လိုမျိုး အရုပ်သေးသေးရောင်းပြီး အလှူခံတဲ့ လူတယောက် (ရုပ်ကတော့ အဖြူရုပ်) တွေ့တွေ့နေတယ်..
သူကနားမကြားပါဘူးလို့ ရေးထားတယ်..
အရုပ်က ၁ခုကို $6 နဲ့ ၂ခုယူရင် $10 ပါတဲ့..
ကိုယ်စားတာကမှ $3, $3.50, $4..
သူဌေးဖြစ်များ ကြံနေတာလားမသိ။
Post a Comment