ရလွတ်ပလွတ်ရွာကလေးတွင် ကိုပေတရာမိသားစုကို မသိသူမရှိ။ ကလေးတွေ တပြုံတမနှင့် ဆင်းရဲသည့် နေရာတွင် ကာက၀လ္လိယ လင်မယားက အဘ ခေါ်လောက်ပေသည်။ ကိုပေတရာသည် လက်သမားအလုပ်ဖြင့် အသက်မွေး၍ ဇနီးဖြစ်သူ ရှင်ဂွက်ထော်က အကြော်ရောင်းလေသည်။
အနှီ ပေတရာနှင့် ရှင်ဂွက်ထော်တို့ လင်မယားတွင် အလကားကျော်စွာ၊ ဗညားပိစိ၊ ညောင်ရမ်းဂွတို၊ ပေတရာဂျူနီယာ၊ ဂျူလိယက်ဂွက်ထော် ဆိုသော သားသမီးများ ရှိကြလေသည်။ နေသည့်အိမ်မှာလည်း… “အကာဆူးခက်၊ အင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကျဲကျဲ၊ ၀က်သိုက်တဲတွင်၊ အုတ်ခဲခေါင်းအုံး၊ အိုးတလုံးဖျာမရှိ၊ ဘူမိကမ္ဗလာ၊ မြေမွေ့ရာနှင့်၊ ချူချာတော်မူလှသော၊ ကာက၀လ္လိယ၊ မွဲပြာကျမောင်နှံ၊ စံသည့်အိမ်တော်” ကဲ့သို့ပင်တည်း။ (ဤဘလော့ဂါသည် စာစပ်သည့်နေရာတွင် စလေဆရာဦးပုညလောက်နီးနီး လက်စွမ်းထက်ပါပေသည်။ ထက်ပေမပေါ့… ကာက၀လ္လိယ ၀တ္ထုထဲက တိုက်ရိုက်ကူးချထားတာကိုး… ဟိုးဟိုး)
သို့သော် ပေတရာသည် ခေတ်အမြင်ရှိသူဖြစ်သည်။ သားအကြီးဆုံးဖြစ်သော အလကားကျော်စွာကို မရှိမဲ့ ရှိမဲ့ထဲက ခြစ်ခြုတ် စုဆောင်းကာ လောကဓါတ်ပညာများကို သင်ယူစေသည်။ အလကားကျော်စွာသည် ပညာထူးချွန်သူဖြစ်၍ ရလွတ်ပလွတ်အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်သောအခါ တောင်ပုလုမြို့ ဆေးတက္ကသိုလ်သို့ “စကောလား စကာလားရှစ်” ဖြင့် တက်ရောက်သင်ကြားရလေသည်။
တက္ကသိုလ်သို့ရောက်သောအခါ အလကားကျော်စွာသည် မိမိ၏ ဆင်းရဲမွဲတေသော အဖြစ်ကို ရှက်သည်။ မိမိအတန်းဖော် သူငယ်ချင်းတို့က မိမိတို့ဖခင်သည် ဆေးဆရာကြီး ဦးဘယ်သူ၊ ဗြဲတိုက်ဝန် ဦးဘယ်ဝါ၊ ရွှေတိုက်စိုး ဦးဘယ်ဒင်း စသဖြင့် ဂုဏ်ပုဒ်များကို အပြိုင်အဆိုင် ဂုဏ်ယူနေကြချိန်ဝယ် အလကားကျော်စွာသည် မိမိ၏ ဖခင်မှာ လက်သမားကြီး ဦးပေတရာပါဟု ထုတ်ဖော်ပြောကြားရမည်ကို ရှက်နေလေသည်။ ထို့ကြောင့် သူ့ဖခင်၏ အလုပ်အကိုင်ကို ကုန်သည်လိုလို ဘာလိုလို ထိန်ဝှက်ထား၏။ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်သော ဖခင်များအတွက် သူတို့သားသမီးများက ဂုဏ်ယူဝင့်ကြွားနေကြစဉ်ဝယ် မိမိတတ်သောပညာဖြင့် ရိုးသားစွာ အသက်မွေးရှာသော ဖခင်အား အလကားကျော်စွာသည် အဘယ်ကြောင့် ရှက်ရွံ့လေသည်မသိ။ (မစန္ဒာရဲ့ အရေးအသားလေးနဲ့ မတူဘူးလား...အဟိ။ ခိုးချထားတာ... ခိုးချထားတာ။)
တရက်တွင် တောင်ပုလုမြို့ရှိ ဆေးတက္ကသိုလ်အဆောင်ကို ပြုပြင်ရာ လက်သမားကြီး ဦးပေတရာ လာရောက်ပြုပြင်ရသည်။ ထိုအချိန်တွင် ကျောင်းအဆင်းတွင် သူငယ်ချင်းနှင့်အတူ ပြန်လာသော သားဖြစ်သူ အလကားကျော်စွာကို မြင်ရ၍ ဦးပေတရာက သားဖြစ်သူကို ၀မ်းသာအားရ လှမ်းလက်ပြနှုတ်ဆက်ရှာသည်။ သို့သော်အလကားကျော်စွာက ရှက်သဖြင့် မမြင်ချင်ယောင်ဆောင်နေ၏။ သူငယ်ချင်းဖြစ်သူက “မင်းရဲ့အမျိုးလား”ဟု မေးသောအခါ အလကားကျော်စွာက “ငါတို့ ရပ်ကွက်ထဲက လူကြီးပါကွာ” ဟု ပြန်ပြောသည်ကို ဦးပေတရာကြားသွားလေသည်။ ခေတ်စကားနှင့်ပြောရလျှင် ကိုပေတရာကြီး heart ထိသွားသည်။ (ဤနေရာတွင် ၀တ္ထုအသွားမှာ မစန္ဒာ၏ “တိမ်ဖုံးပါလို့ လမသာ” (ရုပ်ရှင်အမည်… ပန်းသီတဲ့ကြိုး) ဇာတ်ကွက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တူနေသည်ကို တွေ့ရပါအံ့။ တူမှာပေါ့… ခိုးချထားတာကိုး… ဟိုးဟိုး)
….တေဒူးထန့်…. ဘူနောင်တေးဘူ…ထန့်ဗျော်ဘူ…. တေဒူးထန့်… ဘူနောင်တေးဘူ… ထန့်ဗျော်ဘူ…. (လွမ်းခန်းလာတော့မှာမို့ Intro တီးလုံးဝင်ခြင်း)။
သို့နှင့်... ပေတရာမှာ ဝေဒနာကို မဖြေသာဘူးဆိုကာ သေရွာသို့ မြန်းလေတော့သည်။ (ကဲ... ပရိသတ်ကြီး စတင်လွမ်းနိုင်ပါပြီ။)
ရှင်ဂွက်ထော်လည်း လင်ဆိုးမယားတဖားဖား…. အဲလေ… လင်သေမုဆိုးမ တရွရွ… အဲလေမှားပြန်ပဟ…. လင်သေမုဆိုးမဘ၀ ဒုက္ခလှလှကြီးတွေ့ပြီး လူမမယ် ကလေးတွေ တပြုံကြီးတာဝန်ကို မနိုင်မနင်း ထမ်းရွက်လျက် အကြော်ရောင်းရင်း ဒုက္ခ၀ဲတွင် နစ်လျက်ရှိသည်။ မြို့တွင်တက်နေသော သားကြီးဖြစ်သူ အလကားကျော်စွာကို အားကိုးစွာ တမ်းတ ရှာ၏။
သို့သော်အလကားကျော်စွာကား ဆေးကျောင်းတွင် သူဌေးသမီး ခင်စိုးပိုင်..အဲလေဟုတ်ပေါင်..ရှင်ဂွမ်းဂွိနှင့် တွဲခုတ်နေသဖြင့် ရွာမပြန်အား။ ကျောင်းပြီးသောအခါ ရှင်ဂွမ်းဂွိနှင့်ပင် လက်ထပ်၍ တောင်ပုလု မြို့တွင် ဆေးခန်းဖွင့်ပြီး ၀င်ငွေကောင်းကာ သူဌေးဂိုက် ဖမ်းနေလေသည်။
ရလွတ်ပလွတ်တွင် ကျန်ရစ်ရှာသော အမေအို ရှင်ဂွက်ထော်နဲ့ လူမမယ် သားသမီးများကား မ၀ရေစာ စားလျက် ရုန်းကန်နေကြရသည်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသကဲ့သို့ ပို၍ ကံဆိုးသော အဖြစ်အပျက်သည် အဆိုပါ မုဆိုးမ မိသားစုအပေါ်တွင် မကြာမီမှာပင် ထပ်မံ ကျရောက်လာပြန်သည်။ အခြားမဟုတ်။ ရွာထဲမှ “ထင်ရာစိုင်း” အမည်ရှိ လူရမ်းကားသည် မုဆိုးမမိသားစု၏ ဒုက္ခအ၀၀ကို ကယ်တင်လိုသည်ဆိုရာ ရှင်ဂွက်ထော်ကို အလိုမတူဘဲ အတင်းအဓမ္မ ခွေးကျင့်ခွေးကြံ ကြံကာ ရယူလိုက်သည်။ ရှင်ဂွက်ထော်လည်း အရှက်ဖြင့် လူမလုပ်လိုတော့သော်လည်း လူမမယ်သားသမီးများမျက်နှာကို ထောက်ထားငဲ့ညှာ၍ ကိုယ့်ကိုယ်ကို အဆုံးမစီရင်နိုင်ဘဲ လူရမ်းကား ထင်ရာစိုင်းကို လင်တော်လိုက်ရလေသည်။
ထင်ရာစိုင်း သည် ရှင်ဂွက်ထော်ကို ယူရုံမက လူမမယ်သားသမီးများကိုလည်း ပထွေးပီသစွာ နိုင်ထက်ကလူပြုလေသည်။ ထိုအဖြစ်ကို အိမ်နီးချင်းများက သိသော်လည်း အိမ်နီးချင်းကောင်း ပီသစွာ ၀င်ရောက် မစွက်ဖက်ဘဲ နေကြလေသည်။ အိမ်နီးချင်းတို့၏ လက်သုံးစကားမှာ “သူများအိမ်တွင်းရေးကို ၀င်မစွက်ရေး၊ တို့အရေး” ဟူသတည်း။
ထင်ရာစိုင်းသည် ကလေးများကို နှိပ်စက်ရုံမက… ခြံထဲတွင် ထွက်သော ဖရုံသခွား၊ ဘူးသီး စသည်တို့ကိုလည်း သူ့အရက်ဖိုးအတွက် ခူးပြီး ရောင်းစားလေသည်။ ရှင်ဂွက်ထော်နှင့် ကလေးများမှာ အစာရေစာကိုပင် ၀လင်အောင်မစားရ။
ပိုဆိုးသည်မှာ ညနေစောင်းလျှင် ထိုလူရမ်းကား ထင်ရာစိုင်း သည် အရက်မူးကာ သီချင်းတပုဒ်ကို အော်ဟစ်သီဆိုတတ်သေးသည်။
“ယူပါကယ်ပါဦး… မပြောချင်ဘူး…
ကိုယ့်ရဲ့ အိမ်တွင်းရေးကိုကွယ်….
ကိုယ်တိုင်ဆုံးဖြတ်ရမယ်လေ….
ကိုယ့်ရဲ့ စွမ်းရည်ပြမယ့် စိတ်ဓါတ်တွေ….
ဘယ်လိုအတားအဆီးတွေ့ပစေ မမှုဘူးဟေ့…
ဖခင်တယောက်ရဲ့ စိတ်ထားများ”
ပထွေးဖြစ်သူ ထိုသီချင်းဆိုလျှင် လူမမယ်ကလေးများမှာ အင်မတန် ခံပြင်းကြသည်။ ထင်ရာစိုင်းက သီချင်းအပြီးတွင် “ထင်ရာစိုင်းသာ အမိ၊ ထင်ရာစိုင်းသာ အဖ၊ ငါ့ကို ပထွေးလို့မထင်နဲ့၊ အဖေလို့ခေါ်ကြ” ဟု ပြောတတ်သေးသည်။ ကလေးများမှာကား ကလေးနှင့် လူကြီး အင်အားချင်းမမျှသဖြင့် အံကြိတ်၍သာ နေကြရရှာသည်။
အကိုကြီးဖြစ်သူထံ အကြောင်းစုံကို စာရေးတိုင်တန်းသောအခါတွင်လည်း အကိုဖြစ်သူက “မင်းတို့ ညံ့လို့ မင်းတို့ခံရတာ။ မခံနိုင်ရင် ငါ့လို လွတ်မြောက်အောင် ရုန်းထွက်ကြ။” ဟု ဆိုကာ တောင်ပုလုတွင် စည်းစိမ်ခံစားမြဲ ခံစားနေ၏။ တခါတွင်လည်း ငွေကြေးလိုအပ်၍ တောင်းခံသောအခါ အလကားကျော်စွာက “မိဘဆိုတာ သားသမီးဆီက မမျှော်ကိုးစကောင်းပါဘူး၊ သားသမီးပြည့်စုံနေတယ်ဆိုရင်တောင် မိဘဆိုတာ ပီတိစားပြီး မုဒီတာပွားနေရမှာ”ဟု ပြန်ပြောသဖြင့် ရှင်ဂွက်ထော်နှင့် ကလေးများလည်း ကိုယ်လွတ်ရုန်းသွားသော အလကားကျော်စွာအား စိတ်အနာကြီးနာကာ နေကြလေသည်။
သို့နှင့် ရက်ကိုလစား၊ လကို နှစ်စား၊ နှစ်ကို အမျိုးသားညီလာခံစားကာ အချိန်ကာလတွေ ကြာမြင့်ခဲ့လေသည်။
တရက်တွင်…. ရလွတ်ပလွတ်ရွာကလေး အိပ်မောကျနေခိုက် ရှင်ဂွက်ထော်တို့ တဲဆီမှ ကလေးများ၏ “ဟေး” ကနဲ အော်ဟစ်သံများကြောင့် တရွာလုံး နိုးလာသည်။ အကြောင်းကို စုံစမ်းကြသောအခါ ထင်ရာစိုင်းတယောက် မူးမူးနှင့် အန်ဖတ်ဆို့ကာ သေသွားပြီ ဖြစ်ကြောင်းသိကြရလေသည်။ ထိုအခါကျမှ အိမ်နီးချင်းများလည်း “သေတာပဲ ကောင်းပါတယ်တော်။ ကျုပ်တို့တော့ ဒင်းကို ကြည့်မရတာ ကြာပါပေါ့။ ဒင်းရှိနေတာ အရပ်နာတယ်” ဟု ပြောဖော်ရကြလေတော့သည်။
သည့်နောက်ပိုင်းတွင် ရှင်ဂွက်ထော်အကြော်ရောင်းရငွေ၊ ခြံထဲမှ ဟင်းသီးဟင်းရွက် ရောင်းရငွေတို့ဖြင့် ကလေးတို့မှာ အစာရေစာ နပ်မှန်လာသည်။ စီးပွားလမ်း ဖြောင့်ဖြူးလာသည်။
ရှင်ဂွက်ထော်တို့ စီးပွားတက်လာချိန်တွင် တောင်ပုလုမြို့တွင်ကား စီးပွားပျက်ကပ်ဆိုက်လျက် လူအများ အကြပ်အတည်းနှင့် ကြုံကြလေသည်။ တောင်ပုလုမြို့သားတို့မှာ ဆေးခန်းပင် မသွားနိုင်ကြ၍ အလကားကျော်စွာလည်း ၀င်ငွေထိခိုက်ကာ ခေါက်ဆွဲပြုတ်သာ သောက်နိုင်ပေတော့သည်။
တရက်တွင် ရလွတ်ပလွတ်ရွာမှ သတင်းတပုဒ်သည် တောင်ပုလုမြို့သို့ ရောက်လာလေသည်။ သတင်းမှာ ရှင်ဂွက်ထော်တို့ ခြံထဲတွင် အိမ်သာကျင်းတူးရာမှ ရွှေခွက်ကြီးများကို တူးဖော်တွေ့ရှိခြင်းကြောင့် ရှင်ဂွက်ထော်တို့ မိသားစု နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားပုံသတင်းပေတည်း။
ဤသည်ကို အလကားကျော်စွာ ကြားသောအခါ ချက်ချင်းပင် အထုတ်ပြင်၍ ရလွတ်ပလွတ်သို့ ခရီးနှင်လေသည်။
အိမ်သို့ရောက်သောအခါ ရှင်ဂွက်ထော်မှာ သားဖြစ်သူကို ရုတ်တရက်မမှတ်မိ။
အလကားကျော်စွာက… “အမေ၊ သားကို မမှတ်မိတော့ဘူးလား။ အမေ့သားကြီးလေ။ အမေကိုးလလွယ်၊ ဆယ်လမွေးခဲ့ရတဲ့ သားကြီးလေ။ အခုသားကြီး အမေတို့နဲ့ ဥမကွဲသိုက်မပျက်နေဖို့ ပြန်လာပြီလေ” ဟု ပြောလေသည်။
ရှင်ဂွက်ထော်က “ဘာ…သားကြီးလဲ။ အမေနဲ့ ညီတွေ ညီမတွေ ဒုက္ခရောက်နေတုန်းက နင်လှည့်ကြည့်ဖော်ရလား။ နင့်ကို မွေးရတာ ငါဝမ်းရေစပ်တယ်။” ဟု နာကျည်းစွာ အော်ပြောလေသည်။
အလကားကျော်စွာ မျက်နှာပျက်သွားသော်လည်း ဟန်ကိုယ့်ဖို့ဆိုသလို အိနြေ္ဒဆည်လိုက်ကာ “အမေရယ်… တောင်းဆိုး ပလုံးဆိုးပဲ ပစ်ရိုး ထုံးစံရှိပါတယ်။ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိပါဘူး”ဟု ချွဲလိုက်လေသည်။
ထိုအခါ ရှင်ဂွက်ထော်က “အေးပါ….အမေကတော့ လူကြီးမို့…ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် စီးပွားကတော့ မင်းညီ၊ညီမတွေ အရွယ်ရောက်လာပြီမို့ အခု သူတို့ပဲ ကြီးကြပ်တော့တယ်။ သူတို့တွေ သားကို လက်ခံတယ်ဆိုရင်တော့ အမေဘာမှ ပြောစရာ မရှိပါဘူး” ဟု ဖြေလေသည်။
အလကားကျော်စွာလည်း ထညက်ကို သကာရည်လူးထားသော မျက်နှာဖြင့် ညီများနှင့် နှမများဖက်သို့ လှည့်ကာ… “အကိုကြီးကို ခွင့်လွှတ်တယ်မို့လားဟင်” ဟု မေးလိုက်ရာ…
ညီများ၊ ညီမများက တသံတည်း ပြန်ဖြေလိုက်သည်မှာကား……..
“..................................................................”
ညီ၊ ညီမများ ပြန်ဖြေသည် စာရေးသူ ကောင်းကောင်း မကြားလိုက်ပါ။ စာဖတ်သူများ ဖြည့်တွေးကြပါကုန်။
(မှတ်ချက်။..............။ ဤဇာတ်လမ်းတွင် သုံးထားသော ဇာတ်ကောင်အမည်များ၊ မြို့ရွာအမည်များမှာ ကာတွန်းမောင်ဝဏ္ဏ၏ သမိန်ပေါသွပ် ဇာတ်လမ်းများမှ ကူးယူထားခြင်း ဖြစ်ပါသည်။)

17 comments:
ဟားဟားဟားဟား...........သဘောကျတယ်ဗျား..ဂွတ်ပါ..ကိုပေါရေ..

ကို ပေါ ၊ မအိပ်ေ သး ဘူး လား ။ ဇွဲ ကောင်း လှ ချည် လား ။ တနေ့ တစ် ပုဒ် လောက် တင် စေ ချင် ပါ တယ် ။
ကိုပေါရေ..
ရီလဲရီရတယ်..
ဆိုလိုရင်းကိုလဲ သဘောကျတယ် ...
ကျေးဇူးပဲ..
ကျန်မောင်နှမတွေရဲ့ အဖြေကို ကျနော် နားလည်သလိုပြောရရင် (ဟဲဟဲ...ဂျင်ဝက်ရဲ့ အထာပေါ့။) အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။
"အစ်ကိုနဲ့ ပတ်သတ်ပြီး ကျနော်တို့ အာဃာတတွေ ထားမနေတော့ပါဘူး အစ်ကိုရယ် (ထားလည်း ဘာထူးမှာမို့လဲ။ စိတ်ပင်ပန်းတာပဲ အဖတ်တင်မှာပေါ့။)။ အဲဒီတော့ အစ်ကို စိတ်အေးလက်အေးသာ နေပါ။ အိမ်လခတော့ မှန်မှန်ပေးပေါ့။ လာလာ အစ်ကိုနေရမယ့် ကျနော်တို့တိုက်ရဲ့ နောက်က တဲလေး အခု လိုက်ပြမယ်။"
ဟားဟားဟားဟား..ရေးလည်းရေးတတ်ပ၊Thank you.
Couldn't find words to cheer Ko Paw's wit for this perfect satirical work! Indeed a timely, well-thought post!
ကိုပေါရေ ရီလဲရီရ သဘောလဲကျပါ့။
ကွက်တိပါပဲ...
ကိုယ်သာအငယ်တွေနေရာမှာဆို မရှက်ဖူးလားလို့ပဲမေးမှာ..
အကိုကြီးနေရာဆိုလဲ ကိုယ့်အပြစ်နဲ့ကိုယ်
အသေသာခံလိုက်မယ်..
အရှက်မဲ့တဲ့အဖြစ်က အသက်မဲ့တဲ့အဖြစ်ထက်
ဆိုးမယ်ထင်ပါရဲ့..
ရီရတယ် ကိုပေါ ..
မြတ်လေး ရုပ်ရှင်တကားလို ပိတ်ကား ၂ ခြမ်း ခြမ်းပြီး။ ဇာတ်သိမ်း ၂ ခု သိမ်းကြည့်ရအောင်။
ဒါက နောက် ဇာတ်သိမ်း တခု ..
ထင်ရာစိုင်းလဲ သေရော၊ ဟိတ် ငါကတော့ ထင်ရာစိုင်းညီ အာလူး ပဲ။ ငါ့အကိုကြီး မယား ဂွက်ထော်ကို စောင့်ရှောက်ဖို့ ငါ့တာဝန်ထား။ ငါသေရင်လည်း မပူနဲ့ ငါ့ညီ တုတ်ကြီးတို့ ရှိသေးတယ်။
(စိတ်တော့ မဆိုးနဲ့ ကိုပေါ။ ဒီလိုရေးရတာက ရှင်ဂွက်ထော် သားသမီးတွေက ထင်ရာစိုင်း အန်ဖတ်ဆို့ သေတာကို ထိုင်စောင့်နေကြတယ် ဆိုတာကိုး။ တကယ်ဆို ထင်ရာစိုင်းကို ရိုက်ထုတ်လိုက်ကြတယ်လို့ ရေးပါလား ခင်ဗျာ။ ဒါဆို သူ့ညီတွေလည်း ဘယ် လာရဲတော့မလဲ။)
Anonymous (August 22, 2009 7:41 AM),
အင်း.... အဲဒီ ဇာတ်သိမ်းမျိုးလည်း ဖြစ်မလာဘူး ဘယ်သူပြောနိုင်မလဲ။
သေချာတာကတော့ သားသမီးတွေ အားလုံးက မကျေနပ်ကြဘူး။ အင်အားနည်းနေသေးလို့ မလှန်နိုင်သေးတာ။ အရွယ်ရောက်လာလို့ ကာယဗလနဲ့ ပြည့်လာပြီဆိုရင် “ထင်ရာစိုင်း”ကို ၀င်ကာပိုင်း တာမျိုးလုပ်ချင်လုပ်ကြမှာပေါ့။ အချိန်မကျခင် ထင်ရာစိုင်း အန်ဖတ်ဆို့သွားရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒါမျိုးက သက်ဆိုးတော့ရှည်တတ်တယ်ဗျ။း-)
ကိုပေါရေ...ထင်ရာစိုင်းကိုသေဖို့ထိုင်စောင့်ရင်းနဲ့ ထင်ရာစိုင်းပထမ မယားပါမြေးလေးတောင် ထင်ရာစိုင်းနေရာယူဖို့တကဲကဲလုပ်နေတာ အရွယ်ရောက်နေပီ...
ဆြာပေါ
ဗညားပိစိ အာတာလွတ်မြို့ ကို ထွက်လာတဲ့ ဇာတ်ထပ်ဖြည့်လို့ရသေးတယ်။ သူကတော့ အာတာလွတ် သန်းခေါင်စာရင်းလည်း မပြောင်းဘူးတဲ့။ အမေနဲ့ ညီအကို မောင်နှမတွေ ကိုလည်း ငွေကြေးထောက်ပံ့သေးတယ်။ မကောင်းတာ လူတိုင်းသိတဲ့ ထိုင်ရာစိုင်း မကောင်းကြောင်းလဲ လူတိုင်းသိအောင် လှည့်ပြော တတ်သေးတယ်။ ဒါပေမယ့် သူကလည်း ထိုင်ရာစိုင်း မသေသရွေ့ ရလွတ်ပလွတ်ကို မပြန်ဘူး ဆိုပဲ။
ဇာတ်ပိုနာချင်ရင် ဗညားပိစိ ပို့ပေးတဲ့ ငွေလေးတွေကို ထိုင်ရာစိုင်းက အရက်သောက်ပစ်တယ်။ ပိုက်ဆံမပေးရင် သူ့အမေကိုရိုက်ဖို့ ကြိမ်လုံးတောင် အဲဒီငွေနဲ့ပဲ ဝယ်တယ်လို့ ထပ်ဖြည့်လိုက်ပါဦး။
(တကယ်က ဇာတ်ကောင် တယောက် ထပ်ထည့်ချင်တာ ပေးစရာ နာမည်က "အာဖျံကွီး" ပဲကျန်တော့တာ။ အဲဒီ နာမည်တော့ မပေးချင်တာနဲ့။ ဗညားပိစိကို နောက်တစ်မြို့ ပို့လိုက်ရတယ်။)
ပို့စ်နဲ့တော့မဆိုင်ပါဘူး-ကိုကျော်နဲ့ တူတယ်-တကယ်ပြောတာပါခင်ဗျာ----ဘလောက်ရေးသူနေရာ
မှာတင်ထားတဲ့ဓါတ်ပုံကိုပြောတာပါခင်ဗျာ---မဒန်ကျော်
ရေမရီနဲ့ နော်----
I believe there is another kind of "အလကားကျော်စွာ", who has to leave "ရလွတ်ပလွတ်ရွာကလေး" for "တောင်ပုလုမြို့" for his career and financial reasons. Later, he has decided to stay as a so-called citizen in "တောင်ပုလုမြို့" because he cannot practise his profession honestly and live a comfortable livestyle in his mother land. Anyway, his heart stays in his mother land, and he never hesitates to offer his help to the family of "ရှင်ဂွက်ထော်" and contributes, in his best capacity, for the betterment of "ရလွတ်ပလွတ်ရွာကလေး". I believe there are a lot of this kind of "အလကားကျော်စွာ" out there. Can we and should we dub them as "quitters"?
All in all, loving one's country is not about holding its passport. It is something in our hearts and minds, and no one but ourselves can change this. To me, I have not thought of taking SG citizenship till now, and I intend to raise my son as a Burmese to my best extent. However, if our children have to decide for their education, career and financial well-being one day and the chasm of opportunities between SG citizens and PRs becomes too wide, I will leave the decision to them and I won't dub them as "quitters".
Ko Myo (SG)
သဘောကျတယ်ကိုပေါရေ။ စကားမစပ် ခိုးချတာတွေ များလှချည်လားငှင်။ ခွိခွိ။
အားလုံးကိုသဘောပေါက်တယ်၊ဆိုလိုရင်းကိုလဲသိတယ်၊ဒီ
လိုအကိုမျိုးပြန်လာရင်ရွာစွန်ကတဲကုပ်လေးမှသွားနေခိုင်း
မယ်၊မကျေနပ်ရင်လဲသေပေါ့၊ဟုတ်ဖူးလား။
ကိုပေါ...
လာဖတ်တာတော့ နောက်ကျနေပြီဗျ...
ကိုပေါအရေးအသားတော့ သဘောကျသဗျာ...
သားအကြီးဆုံးကတော့ မောင်နှမတွေ လက်မခံဘူးဆိုတာ သေချာသိသွားရင်..
ရှေ့ ရေးအတွက် တခြားမြို့ ရွာမှာ ပရိုပိုဆယ်တင်ပြီး
လုပ်စားဦးမယ်ထင်တယ်....။
Post a Comment