သံဃာတော်တပါးက ဗုဒ္ဓရဲ့တရားတော်တွေကို ပြန်လည်ဟောကြားနေတဲ့အခါမှာ ပရိတ်သတ်ထဲက လူတယောက်က ရုတ်တရက်ထရပ်လိုက်ပြီး တရားဟောနေတဲ့ သံဃာကို ပေစောင်းစောင်းကြည့်ကာ….
“အရှင်ဘုရား။ လေချည်း စွတ်ကန်မနေပါနဲ့ဘုရား။ ဒီပုံနဲ့ဆိုရင် နောက်ထပ် အနှစ်တရာနေလည်း နိဗ္ဗာန်ရောက်မှာမဟုတ်ဘူး။ သတ္တိရှိရင် တပည့်တော်တို့ တောအုပ်ထဲသွားပြီး တရားအားထုတ်ကြတာပေါ့”
လို့ ပြောရင် အဲဒီလူ တော်တော်လေးလွဲနေပြီလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးရဲ့တရားကို နာနေကြတဲ့ လူတွေထဲမှာ တချို့က ပါရမီအခံ အတော်ရင့်သန်နေတဲ့ လူတွေလည်း ပါနိုင်ပါတယ်။ အဲသည်လူမျိုးတွေအဖို့ ဘုန်းကြီးရဲ့ တရားကို နာပြီးတဲ့အခါမှာ တစုံတခုကို ရုတ်တရက်နားလည်သွားပြီး တရားရသွားတာမျိုးလည်း ဖြစ်နိုင်တယ်။
အလားတူပဲ။ ကျောင်းစာသင်ခန်းထဲမှာ ဆရာက ကျောင်းသားတွေကို အာကာသသိပ္ပံအကြောင်း၊ ဂျူပီတာဂြိုဟ်နဲ့ ဂြိုဟ်ရံလတွေအကြောင်းကို သင်ကြားပြသနေစဉ်မှာ အတန်းထဲမှာ ထိုင်နေတဲ့ ကျောင်းသားတယောက်က ထပြီး
“ဆရာရယ်… ဆရာ့ဟာက မမြင်ရတာတွေကို လေနဲ့ပဲ အာချောင်မနေပါနဲ့။ တကယ်တမ်းဆိုရင် ဆရာရော ကျနော်တို့ပါ ဂျူပီတာဂြိုဟ်ကို အရောက်သွားပြီး လက်တွေ့ လေ့လာကြတာပေါ့” ကို စကားကပ်ပြီး ထပြောရင် အဲသည်အကောင် (ကျနော်တို့ခေတ်ကလိုမျိုးဆိုရင်) ဆရာ နဘန်ကျင်းတာ ခံရကိန်းရှိတယ်။
လူတွေမှာ မွေးကတည်းက ပါးစပ်ပေါက်ပါလာတာဟာ အစာ စားဖို့သက်သက်မဟုတ်။ အဲဒီပါးစပ်ပေါက်ကို အသုံးပြုပြီး တယောက်နဲ့ တယောက် ပြောဆိုဆက်သွယ်နိုင်ဖို့လည်း ဖြစ်တယ်။ အဲဒီ ပါးစပ်ပေါက်က ပြောတဲ့အသံကို ကြားနိုင်ဖို့ နားဆိုတာကြီးလည်း ဦးခေါင်းရဲ့ ဘေးတဖက်တချက်မှာ တခုစီ ကပ်ပါလာသေးတယ်။
လူပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ် အချင်းချင်းဆက်သွယ်တဲ့အခါ အများအားဖြင့် ပါးစပ်က ထွက်တဲ့ အသံတွေနဲ့ ပြောဆိုဆက်သွယ်ကြတယ်။ အချို့သော အကောင်ဗလောင်တွေမှာ အသံသာမက အမူအရာတွေ၊ အရောင်အဆင်းတွေ၊ အနံ့တွေနဲ့လည်း အချက်ပြ ဆက်သွယ်တာ ရှိတယ်။
လူတွေမှာတော့ တွေးခေါ်စဉ်းစားဆင်ခြင်ဉာဏ်ဟာ တခြားတိရိစ္ဆာန်တွေထက် သာလွန်ပုံရတဲ့အတွက် ကမ္ဘာပေါ်မှာ လူရယ်လို့ စတင်ဖြစ်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ လူအချင်းချင်း ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်ဖို့ ဘာသာစကားတွေ ပေါ်လာတယ်။ တယောက်နဲ့ တယောက် မမြင်ရတဲ့အချိန်မှာလည်း တဆင့်ကြားခံဆက်သွယ်နိုင်ဖို့ စာပေအက္ခရာတွေ၊ ပန်းချီအနုပညာတွေ ပေါ်ထွန်းလာခဲ့တယ်။ အခုခေတ်ဆိုရင် နည်းပညာကြောင့် ကမ္ဘာတဖက်ခြမ်းက လူတယောက်နဲ့ နောက်တဖက်ခြမ်းက အခြားလူတယောက် အချင်းချင်း အသံရော ရုပ်ပါ မြင်ရပြီး ဆက်သွယ်နိုင်တဲ့ စနစ်တွေပေါ်လာတယ်။ ပြည်ပကလူတွေအဖို့… ဂျီတော့မှာ တချိန်လုံး ချက်နေကြတဲ့လူတွေ၊ Skype ပေါ်မှာ အမြုတ်ထွက်မတတ် ပြောနေကြသူတွေချည်း ဆိုတော့ ဒီအကြောင်းကို အထူးတလည် ပြောပြနေစရာတောင် လိုမယ်မထင်တော့ပါဘူး။
ဒီတော့ ပြန်ခြုံပြောရရင် ဒီပါးစပ်ပေါက်ကလေးတပေါက် ပါလာတာဟာ ထမင်းစားဖို့သက်သက် ပါလာတာမဟုတ်။ အဲသည်လို ထမင်းစားရုံသက်သက်လောက်ပဲ သုံးမယ်ဆိုရင် ဟို “အိပ်၊ စား၊ ကာမ ဤသုံးဝ” ဆိုတဲ့ အမျိုးအစားထဲကို ရောက်မှန်းမသိ ရောက်သွားလိမ့်မယ်။
ဒီကနေ့ နည်းပညာကြောင့် ဘလော့ဂ်တွေပေါ်လာတယ်။ ပါးစပ်နဲ့ပြောရင် ကိုယ့်ပတ်ဝန်းကျင်က လူပဲ ကြားမယ်။ ဘလော့ဂ်ပေါ်မှာ ကိုယ်ရေးလိုက်ရင် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကိုယ့်ပတ်ဝန်းကျင်ကလူတွေသာမက၊ ကမ္ဘာတလွှားက လူတော်တော်များများ သိအောင် လုပ်နိုင်တဲ့ အားသာမှုဖြစ်လာတယ်။
မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ လူတဦးကောင်း၊ တယောက်ကောင်းနဲ့ အောင်မြင်နိုင်တာမျိုးမဟုတ်။ လူအများရဲ့ ပူးပေါင်းပါဝင်မှုလိုတယ်။ အဲဒီလို “လူအများ” ဆိုတဲ့ စကားပါလာကတည်းက အချက်ပြမှု၊ အတွေးအမြင်ဖလှယ်မှု၊ သတင်းအချက်အလက် ဖြန့်ဝေမှု၊ သင်ကြားပြသမှု၊ နာယူမှု စတဲ့ ဆက်သွယ်ရေးစနစ်တွေ သုံးဖို့လိုလာပြီ။
ဒါတွေကို ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သုံးစွဲခွင့်မရဘူး။ စစ်အစိုးရဟာ လူတွေရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာ စုရုံးပိုင်ခွင့်တွေကို ကန့်သတ်ထားတယ်။ စာနယ်ဇင်းတွေ၊ အင်တာနက်တွေ၊ ရုပ်မြင်သံကြားတွေ စတာတွေအားလုံးမှာ ကန့်သတ်ပိတ်ပင်တားဆီးမှုတွေနဲ့ချည်း တွေ့ကြုံနေရတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ အဲဒီ ပြောဆိုဆက်သွယ်အချက်ပြမှုတွေရဲ့ ခွန်အားကို နအဖ စစ်အာဏာရှင်က ကောင်းကောင်းကြီး သဘောပေါက်လို့ပဲ ဖြစ်တယ်။ သူ့အာဏာတည်မြဲရေးအတွက် လူတွေ ပါးစပ်ပေါက်ပိတ်နေဖို့ အရေးကြီးတယ်ဆိုတာကို နအဖ ကောင်းကောင်းကြီး သဘောပေါက်တယ်။
သဘောမပေါက်တာက အဲဒီ စစ်အာဏာရှင်ကို တော်လှန်နေပါတယ်၊ ဒီမိုကရေစီစနစ်ကို ရချင်ပါတယ်ဆိုပြီး ကြိုးပမ်းနေကြတဲ့လူတွေထဲက အချို့က သဘောပေါက်ပုံမရဘူး။
ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့…. ဒီကနေ့ အင်တာနက်စာမျက်နှာတွေမှာ လိုက်ကြည့်လိုက်ပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရေးသားကြတဲ့ သတင်းဆောင်းပါးတွေမှာ ကွန်မင့်ရေးကြတဲ့အခါ “လေကန်မနေကြပါနဲ့တော့ဗျ။ ၂၁ နှစ်ကြီးတောင် ရှိလာပြီ။ အခုပြန်ပြီး နအဖကို တိုက်ကြစို့” ဆိုတဲ့ ကွန်မင့်မျိုးတွေကို မမြင်ချင်အဆုံး တွေ့နေရတယ်။
ဒီလူတွေဟာ (၁) လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့်ရဲ့ ထိရောက် အရေးပါပုံကို နားမလည်ဘူး။ (၂) အခု ပြည်တွင်းကို ပြန်ပြီး နအဖကို တိုက်ရအောင် ဆိုတာကလည်း “ဟိုတရားဟောသံဃာကို တောထွက်ဖို့ စိန်ခေါ်တဲ့ လူမိုက်” လို ဖြစ်နေတယ်။
ကောင်းပြီ။ ပြည်တွင်းကို ပြန်တိုက်မယ်ပဲ ဆိုပါတော့။ ပြန်မတိုက်ခင် စနစ်တကျ ပြင်ဆင်မှုတွေ လုပ်ဖို့ မလိုဘူးလား။ ငါစိတ်ရှိတာပဲဆိုပြီးတော့ လေယာဉ်လက်မှတ်ဝယ်ပြီး ပြည်တွင်းကို ပြန်သွား။ ဟိုရောက်တော့ ဘာအဆက်အသွယ်မှလည်းမရှိ၊ ဒီလိုပဲ အရူးချီးပန်း လျှောက်လုပ်လို့ ဖြစ်မှာလား။
တကယ်တော့ ပြည်တွင်းကို ပြန်မယ့်လူကလည်း မပြန်ခင်မှာ စနစ်တကျ ပြင်ဆင်ရမယ်။ ကိုယ်ဘာလုပ်ချင်တာလဲ ပထမ သိရမယ်။ ပြည်တွင်းက အချိတ်အဆက်တွေနဲ့ မိအောင်ချိတ်ဆက်ရမယ်။ ကိုယ်ပြည်တွင်းရောက်သွားရင် ကိုယ့်လုပ်ငန်းတွေမှာ ငွေကြေးအားဖြင့် ထောက်ကူမယ့် ပြည်ပက မျိုးချစ်မြန်မာတွေနဲ့ အကျေအလည် ဆွေးနွေးရမယ်။ ပြည်တွင်းရောက်တဲ့အခါမှာလည်း မိမိနဲ့ ယုံကြည်ချက်တူရာလူတွေနဲ့ တွေ့ဆုံ ပြောဆိုဆွေးနွေးရမယ်။ ဆက်သွယ်ရမယ်။ အချက်ပြရမယ်။ အဲဒါတွေလုပ်ဖို့ “လေကန်တယ်ဆိုတဲ့ အဆင့်”ကို မဖြစ်မနေ ကျော်ဖြတ်ရမယ်။
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ဟာ ပြည်တွင်းက အင်အားစုတွေအပေါ်မှာ အဓိက မှီတည်နေတာ မှန်တယ်။ ဒါပေမယ့် သိကြတဲ့အတိုင်း ပြည်တွင်းက အင်အားစုတွေဟာ အာဏာရှင်လက်အောက်မှ စနစ်တကျ အမှည့်ချွေ ချွေခံနေရတဲ့အခါ စားဝတ်နေရေးကအစ တကယ်တမ်းမှာ မပြေလည်ကြဘူး။ နောက်ပြီး နယ်တွေကို ထွက်ပြီး စည်းရုံးရေးဆင်းတဲ့အခါ၊ စာရွက်စာတမ်းတွေ ရိုက်နှိပ်ဖြန့်ဖြူးတဲ့အခါ၊ ပုန်းအောင်းဖို့ နေရာတွေကို ငှားရမ်းရတဲ့အခါ၊ အမှုဆင်အဖမ်းခံရလို့ တရားရုံးရောက်တဲ့အခါ၊ ထောင်ကျသွားလို့ ထောင်ဝင်စာသွားတွေ့တဲ့အခါ အဲဒီကိစ္စအားလုံးအတွက် ငွေလိုတယ်။ သူတို့မှာ ၀င်ငွေ လုံလောက်စွာ မရှိကြဘူး။ ပြည်ပရောက် မြန်မာတွေက မြန်မာ့ဒီမိုကရေစီအရေးအတွက် စိတ်သန်တယ်ဆိုရင် အဲဒီကဏ္ဍမှာ တကယ် ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်တယ်။ နိုင်ငံခြားရောက်နေလို့ ဘာမှ လုပ်မပေးနိုင်ဘူးဆိုတာ မဟုတ်ဘူး။ မှားတယ်။ နအဖက လူတွေကို အဲသည်လိုပဲ ထင်စေချင်နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လို လူတွေထင်သွားပြီး ဘာမှ မလုပ်ဘဲနေတော့မှ သူတို့ အာဏာ ရေရှည်တည်မြဲနိုင်မှာကိုး။
ဒီတော့…. “အခုပြန်ပြီး တိုက်ကြစို့” လို့ ဖိတ်ခေါ်လာသူတွေကို ပြောချင်ပါတယ်။
“ပြန်သာ ပြန်ပါ ရွှေဟင်္သာ”
မိတ်ဆွေ စိတ်သန်တယ်ဆိုရင် ဘယ်သူ့အပြန်ကိုမှ စောင့်မနေပါနဲ့။ အခုချက်ချင်း ပြန်ပါ။ မိတ်ဆွေရဲ့ အင်အားကို ပြည်တွင်းမှာ တကယ်လည်း လိုအပ်ပါတယ်။ မိတ်ဆွေရှေ့မှာ တကယ်ပဲ ပြည်တွင်းကိုပြန်ပြီး လုပ်နေသူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ်မပြန်ချင်ဘဲနဲ့တော့ ပါးစပ်အရသာခံပြီး “ဒီလူ..ဒီလူတွေ ပြန်ရင်တော့ ငါလည်း ပြန်ပြီကွာ” လို့ လာမပြောလေနဲ့။ ဘာကြောင့်လဲဆိုတော့ အဲဒါကမှ တကယ် လေကန်တာအစစ်အမှန် ဖြစ်နေလို့ပါ။
“ပြန်သာ ပြန်ပါ ရွှေဟင်္သာရေ…. ပြန်သာ ပြန်ပါ”

25 comments:
Great great great!
Thanks, ko paw.
Good tal byar. Thank you.
ကျနော်တောင် ခုလေးပဲ ပြောမိပြန်တယ် အကိုပေါ ရေး) လာလေ့လာဖို့ ဖိတ်ခေါ်ပါတယ်
လေးစားလျက်
တောင်ပေါ်သား
အလွန်ထိေ၇ာက် သော အတွေးအမြင် ဖြစ်ပါတယ်။ လုံးဝ ထောက်ခံပါတယ်။
ကိုပေါရေ
ဒီနေရာတော့ သဘောထားချင်းတိုက်ဆိုင်ပါတယ်။
အားပေးနေပါတယ်။
များများရေးပါ။
a yan yan ko kg tel ko paw, thanks naw
Yes Correct. That is what I want to say to those people.
ha ha ha
phone gyi yuu nae hlay (boat luu) twe
Totally agree wz u KP, we also doing a little bit of supporting to inside activists with my closed friends as we can bt problem is required to keep secrete so we hv so difficult to organize many people to participate,that's why I always expecting overseas groups to unite n set up a well organization which is able to get people's trust
KO PAW
Great post . Really, i'm appreciate you.
We will continue.
Congradulation!!!!!!!!
ကိုပေါ ..
ဘာကိုပြောချင်နေတာလဲကို မသိဘူး ..
ကိုပေါ ဘာဖြစ်ချင်တာလဲ.. ဘာလုပ်ချင်တာလဲ .. သူများတွေကို အပြစ်ပြောချင်တာလား .. ` ငါ့လောက်ဘယ်သူမှ အသုံးမကျဘူး´ လို့ ဆိုလိုချင်တာလား ... စိတ်ကုန်ပ ဗျာ .
မျိုးမြင့်မောင် ဘယ်ရောက်နေပါလိမ့် .. မြှောက်ပင့် ပြီး မပြောသေးပါလား
အခုလို သတိတရ တမ်းတပြန်တော့လည်း မအားတဲ့ကြားက လာရပြန်ပေါ့ကွာ။ အင်း ဘာပြောချင်တာလည်း မသိဘူးဆိုလည်း သဘောပေါက်အောင် သေချာထပ်ဖတ်ပါလား။ ဘယ်လောက်ဖတ်ဖတ် သဘောမပေါက်ဘူးဆိုရင် မြန်မာစာဖတ်တတ်တဲ့ လူတစ်ယောက်ယေက်ကို ဖတ်ခိုင်းပြီး ရှင်းပြခိုင်းပေါ့။ နားလည်တာလည်း မဟုတ်ဘဲနဲ့ ဘာလို့ မဆီမဆိုင် လမ်းလွဲချင်တဲ့ မေးခွန်းတွေ လာမေးနေတာတုန်း လဒူရဲ့။ မင်းတို့လည်း မဆူမဆဲဘဲ လွတ်ထားလေ ပိုဒူလာလေပဲ။
အဲ ပို့စ်နဲ့ ပတ်သတ်လို့ပြောရရင်တော့ ကိုပေါခေါင်းစဉ်က နည်းနည်းပျော့တယ်။ ကျနော်သာဆိုရင် "ပြန်ချင် ပြန်လေ လဒတွေ" လို့ပြောမှာ။
မျှော်နေကြတဲ့ လဒူတွေ လဒတွေ ဒီစာကို ဖတ်ပြီး သွေးတက်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။
So rude! Myo Myint Mg
Be mature!
:P
U never go school ?
So stupid, Anonymous.
Be sensible!
:P
You've got no brain?
to MMM
SO ANGRY? MAY BE U HAVE NO BRAIN COS U ALWALYS SUPPORT SOMESONE WITHOUT THINKING. :)
Ko Myo Myint yae...
Just ignore them..
They are just addicted to "Barking " ;D
Let them bark!
သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် စိတ်မတိုပါဘူး။ ဟဲဟဲ ဘယ်လဒူတွေ ထွက်လာပြီး ဘာအသစ်အဆန်းတွေ ဆဲဦးမှာလဲဆိုတာ သိချင်လို့ ထပ်ဆွပေးကြည့်တာ။ အပျင်းများပြေမလားလို့ပါ။ မဆွံတော့ဘူးဗျ။ ဒီကောင်တွေ ကြာလေ ပိုဒူလေပဲ။ :D
ပြည်တွင်းကနေပြီး လုပ်တာ ပြည်ပကထက် အဆအရာအထောင် အသောင်း ထိရောက်တယ် ဆိုတာ မှန်တယ်။ ဒါပေမဲ့ တခု စဉ်းစားကြည့်ပါ။ လူတိုင်းက ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး။ ကိုမင်းကိုနိုင် မဟုတ်ဘူး။ နအဖအစိုးရကို ဆန့်ကျင်ရတဲ့အရာမှန်သမျှ ကိုယ်ကျိုးစွန့်ရတာတွေ ချည်းပဲ။ နည်းနည်းစွန့်နိုင်တဲ့သူရှိမယ်။ များများစွန့်နိုင်တဲ့သူ ရှိမယ်။ ကိုယ်တတ်နိုင်သလောက် လုပ်နေတာကို အပြစ်မပြောသင့်ဘူး ထင်တယ်။ ကျနော့်သူငယ်ချင်း အများစုဟာ စင်ကာပူမှာပါ။ ကျနော်မေးကြည့်ပါတယ်။ ဘယ်သူ့ဘယ်သူ မှ စင်ကာပူမှာ ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာမတွေ့ရပါဘူး။ ဆိုလိုတာက လူတိုင်းမလုပ်ပါဘူး။ ဝါသနာမပါတာဘဲ ပြောရမလား။ ပျင်းတယ်ပဲ ပြောရမလား။ ကြိုက်သလိုသာ ပြောပါတော့။ အလှူငွေဆိုတာလဲ အခု ကိုပေါပြောသလို လစဉ်မပြောနဲ့ စင်ကာပူဒေါ်လာတစ်ဒေါ်လာတောင် မထည့်ဝင်ဖူးပါဘူး။ ဒါ အမှန်တရားပါ။ အဲဒါကို ကိုယ်နိုင်တဲ့ဘက်က စည်းရုံးလှုံ့ဆော်နေတဲ့သူကို အပြစ်မပြောသင့်ဘူး ထင်ပါတယ်။ ပြောသာပြောနေတာပါ။ ဒီစာလဲ ကျနော့်သူငယ်ချင်းတွေ မဖတ်ပါဘူး။ ခါးတယ်ဗျာ။ ဒါပေမဲ့ အမှန်တရားပဲ။ ကျနော်တို့ အများကြီး လုပ်ဖို့ လိုပါသေးတယ်။ တမီးလ်တွေက တိုင်းဂါးတွေကို ဝိုင်းပြီးထောက်ပံ့ကြသလိုမျိုး ကျနော်တို့ ထောက်ပံ့နိုင်ဖို့ ပထမခြေလှမ်းကို ကိုပေါ လှမ်းနေခြင်း လို့ ကျနော်မြင်ပါတယ်ခင်ဗျား
ကိုပေါ
ရေးထားတာကတော့ကောင်းပါတယ်၊ဒါပေမယ့်ဘာကြောင့်
ဒီလိုရေးရတာလဲလို့စဉ်းစားမရဖြစ်နေတယ်၊တချို့ကအားမ
လိုအားမရဖြစ်ပြီးပြောတာလဲဖြစ်ချင်ဖြစ်မယ်၊ကိုပေါတို့ကတ
ကယ်နိုင်ငံရေးကိုနားလည်တဲ့ဆရာကြီးတွေဆိုတော့ဒီလိုလူ
တွေကိုကိုယ့်ဘက်ပါလာအောင်နည်းမှန်လမ်းမှန်လေးနဲ့မစည်း
ရုံးနိုင်ဘူးလား၊ငါသိတယ်ငါတတ်တယ်ငါဆရာကြီးဆိုတဲ့အထာ
နဲ့ပြောနေလို့ကတော့၂၀၁၀မပြောနဲ့၂၁၀၀ေ၇ာက်လည်းမ
အောင်မြင်ဘူးဗျ၊ပြီးတော့ဟိုမသုံးလုံးနဲ့ဆရာကြီးကလည်း
တော်တော်လေးအပြောကြမ်းပါလားဗျ၊ခင်များတို့ဒီလိုကြပ်
ကြပ်လုပ်တော်လှန်ရေးကြီးဘယ်တော့မှပြီးမှာမဟုတ်ဘူး၊
့မြစ်ဆုံ က မသုံးလုံး ကိုတော့ ကြမ်းတယ်ပြောပြီး ကိုတုတ်ကြီး ဆဲစာ ကျအားပေးလို့..တညိုးပါလား..
နောက်တခု..ကိုပေါ ဘယ်လိုလူတွေကို ရည်ရွယ်ပြီး ဒါမျိုးရေးသလဲဆိုတာ ဒီဘလော့က ကွန်မန့်တွေ ပုံမှန်ဖတ်ရင် အသိသာကြီးပါ..အားမလိုအားမရဖြစ်သူတွေကိုရည်ရွယ်တယ်လို့ နေ့တိုင်းလာဖတ်သူတယောက်အနေနဲ့ မခံစားရပါ..သူ့စာထဲမှာရေးသလို ပါးစပ်အရသာခံပြောနေသူတချို့ကိုသာရည်ရွယ်တယ်လို့ ခံစားမိပါတယ်..
TLk
ကိုအနောနီးမာစ်ရေ
ကျနော်ကကိုတုတ်ကြီးပြောတာတွေကိုထောက်ခံတာကကိုပေါ
ရဲ့ပို့စ်နဲ့ဘာမှမဆိုင်ဘူး၊ခင်များမြင်အောင်ကြည့်ရင်မြင်ပါလိမ့်မယ်
မဆိုင်တာတွေကိုဆွဲမထည့်ပါနဲ့၊မသုံးလုံးကိုပြောတာကိုခင်များက
ဘာကိစ္စ၀င်နာနေရတာလဲ၊ခင်များကိုယ်တိုင်ကမသုံးလုံးလား
ကိုယ့်အမည်တောင်မပြောနိုင်ပဲနဲ့သူများကိုလာဝေဖန်တာက
တော့နဲနဲဟာသများဖြစ်နေသလားလို့။
ဟုတ်ကဲ့ ကိုမျိုးချစ်ခေါ် ကိုလေပေါရေ
ကျနော် ကော်မန့်လေးတွေပဲ ဖတ်ဖြစ်ပါတယ်။
ကျနော်ကတော့ တကယ်ပြောတာာပါ
ခင်ဗျား မြန်မာပြည်ကို ခုပြန်ပီး စည်းရုံးရေးဆင်းလဲ ရပါတယ်။
တိုင်းပြည်ကောင်းစားရင် ကျနော်တို့ကို ခေါ်လိုက်ပေါ့ဗျာ.
အခု အရင်ဆုံးပြန်ပီးလှုပ်ရှားပါ..။
ကျနော်တို့ လေလှိုင်းကနေ အားပေးထောက်ခံနေမှာပါ။
ဒါမှလဲ ကျနော်တို့ ခင်ဗျားတို့ အင်ဂျင်နီယာတွေ သိက္ခာပိုရှိပေမပေါ့။
ကိုပေါတို့ကလူတွေကိုကိုယ့်ဘက်ပါလာအောင်နည်းမှန်လမ်းမှန်လေးနဲ့မစည်း
ရုံးနိုင်ဘူးလား?
ငါသိတယ်ငါတတ်တယ်ငါဆရာကြီးဆိုတဲ့အထာ
နဲ့ပြောနေလို့ကတော့၂၀၁၀မပြောနဲ့၂၁၀၀ေ၇ာက်လည်းမ
အောင်မြင်ဘူး....
True... Now... whenever I read your politic post, I don't agree with most of the words that you said...
I feel you are scolding the Burmese from Singapore who do not do politic.
မြစ်ဆုံ နှင့် အမည်မသိ…သို့…
ကျနော်ဟာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ကိုယ်ထင်မြင်ယူဆတဲ့အတိုင်း ဘလော့ဂ်ပေါ်မှာ အတတ်နိုင်ဆုံး ရိုးသားစွာ ရေးသားတင်ပြနေခြင်းသာဖြစ်ပါတယ်။ လူကြိုက်များမယ့်.. လူတိုင်းလက်ခံနိုင်မယ့် အကြောင်းအရာလေးတွေကိုချည်း ရွေးချယ်ပြီး ရေးသားနေခြင်း မဟုတ်ဘူးဆိုတာကို ပထမဆုံး သတိပြုစေချင်ပါတယ်။
ဒီ့အတွက် ကျနော်ပြောသမျှကို လက်ခံ သဘောတူစရာမလိုပါဘူး။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ အစကတည်းက ကွဲလွဲမယ့်သူတွေ ရှိနိုင်တယ်ဆိုတာ စဉ်းစားမိပြီးသားပါ။ ဒါပေမယ့် ကွဲလွဲသူတွေရှိသလို ယုံကြည်လက်ခံလို့ ပူးပေါင်းပါဝင်နေသူတွေလည်း ရှိပါတယ်။ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်တွေကို ကျနော်ယုံကြည်တဲ့အလျောက် အခုကတည်းက စတင်ကျင့်သုံးနေတာမျှသာဖြစ်ပါတယ်။
“ငါသိတယ်၊ ငါတတ်တယ် ဆိုတဲ့ ငါဆရာကြီးဆိုတဲ့ အထာနဲ့ ပြောနေလို့ကတော့” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ကျနော်ရေးပြီဆိုကတည်းက ကိုယ်သိသလောက်ကိုပဲ ရေးနိုင်တာပါ။ ဒီကိစ္စမှာ ဘယ်သူမှ သူသိတာ၊ သူတတ်တာထက် ပိုမရေးနိုင်ဘူးဆိုတာကို သတိချပ်သင့်ပါတယ်။ ကျနော့်ထက်ပိုသိ၊ ပိုတတ်တဲ့ လူတွေလည်း မြန်မာတွေထဲမှာ အပုံကြီးနေမှာပါ။ အဲသည်အထဲမှာ မိတ်ဆွေတို့ ပါရင်လည်း သိတဲ့အလျောက်၊ တတ်တဲ့အလျောက် မသိသေးတဲ့လူတွေ၊ မတတ်သေးတဲ့လူတွေ သိအောင်ရေးကြပါ။ ကျနော့်အနေနဲ့တော့ မက်ဆေ့ခ်ျ (Message) တခုကို တဦးတယောက်ကနေ တခြားတယောက်ကို ပေးတဲ့နေရာမှာ “ရိုင်းတာတွေ၊ ယဉ်ကျေးတာတွေ၊ မာတာတွေ၊ ပျော့တာတွေ” စတဲ့ ပုံသဏ္ဍာန်တွေထက် ပေးချင်တဲ့ မက်ဆေ့ခ်ျရဲ့ အနှစ်သာရကိုပဲ ကြည့်တယ်။
နောက်ဆုံးအချက်က မြန်မာ့ဒီမိုကရေစီအရေးမှာ မပါဝင်သူများကို အပြစ်တင်သလားဆိုတော့… နိုင်ငံသားတာဝန်ကို သိလျက်နဲ့ ရှောင်လွှဲနေသူများကို အပြစ်တင်ပါတယ်။ ဒါဟာ ကျနော့်သဘောထားပါ။ မကြိုက်ချင်လည်း မတတ်နိုင်ပါဘူး။ ဒီလိုအပြစ်တင်တာ ကျနော်တယောက်တည်းမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုကစလို့ နိုင်ငံရေးသမားတွေလည်း အပြစ်တင်ကြတာပဲ။ ဗိုလ်ချု့ပ်အောင်ဆန်းကျတော့ ပြောသင့်တယ်။ အခြားလူတယောက်က ဒီစကားကိုပဲ ပြောရင်တော့ မပြောသင့်ဘူးဆိုတာ တရားနည်းလမ်းမကျပါဘူး။ မှန်ကန်တယ်၊ အကျိုးရှိတဲ့စကားဆိုရင် ဘယ်သူပြောပြော နာယူသင့်ပါတယ် ရှင်သာရိပုတ္တရာကိုယ်တော်ကြီးဆိုရင် သင်္ကန်းရုံတဲ့နေရာမှာ အ၀န်းအ၀ိုင်းမညီဘူးလို့ ဝေဖန်တဲ့ သာမဏေလေးရဲ့ စကားကို နာယူတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။
အထက်ကဆိုခဲ့တဲ့အတိုင်း လူကြိုက်များမယ့် စကားလေးတွေကို ရွေးချယ်ပြီး စိတ်မပါဘဲ ရောယောင်ပြောနေမယ့်အထဲမှာ ကျနော်မပါဘူး။ ကျနော့်စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ အရင်းအတိုင်း ရိုးသားစွာ ပြောနိုင်အောင် အတတ်နိုင်ဆုံး အားထုတ်နေတယ်။
လူတွေလက်ခံနိုင်မယ့် အယူအဆတွေကိုပဲ ပြောကြားပြီး စည်းရုံးရမယ်လို့ ယူဆသူတွေကိုလည်း ကျနော်မပိတ်ပင်ပါဘူး။ မိမိတို့ ယုံကြည်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ မိတ်ဆွေတို့ ယုံကြည်တဲ့နည်းနဲ့ လူတွေကို စည်းရုံးနိုင်လို့ ၂၁၀၀ မတိုင်ခင် မြန်မာပြည် ဒီမိုကရေစီရတယ်ဆိုလည်း ကျနော် ၀မ်းသာမှာပါ။ ဆက်လုပ်ကြပါ။
ဒါပေမယ့် ကျနော့်ကို ဘယ်လိုရေးရမယ်၊ ဘယ်ပုံရေးရမယ် စသဖြင့် လာရောက် ဖိအားပေးတာမျိုးကိုတော့ ၀မ်းနည်းပါတယ်။ ဒီဘလော့ဂ်ကို ထောင်ကတည်း လွတ်လပ်စွာတွေးခေါ်မိလို့၊ လွတ်လပ်စွာ ပြောဆိုချင်လို့၊ လွတ်လပ်စွာ ထုတ်ဖော်ချင်လို့ ဘလော့ဂ်ရေးတာပါ။ သူများဆန္ဒနဲ့ ရေးသားဖို့ကို လုံးလုံးဆန္ဒမရှိပါဘူး။
လေးစားစွာဖြင့်…
ကိုပေါ။
Post a Comment