ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 4975 ရက် တိတိကြာခဲ့ပါပြီ။

“ကွန်ပြူတာကို လန့်သူများ”

Share |
ပြီးခဲ့တဲ့ သီတင်းပတ်က Graphic design software တခုကို ပေါ်ပြူလာစတိုးဆိုင်ကနေ ၀ယ်လာပြီး ကျနော့် ကွန်ပြူတာမှာ Install လုပ်လိုက်ပါတယ်။ “ကျွန်ုပ်နဲ့သူတောင်းစားများ” ဆိုတဲ့ ပို့စ်မှာ တင်ထားတဲ့ အကြွေစေ့ခွက်ထဲကို ၀င်နေပုံဟာ ကျနော် စမ်းသပ်ကြည့်ထားတဲ့ Animation တခုပေါ့။

အဲဒါကို ပန်းချီဝါသနာပါဟန်တူတဲ့ သမီးကလည်း လာယူပြီး သူ့ကွန်ပြူတာမှာ သူ့ဘာသာ သူ Install လုပ်ပါတယ်။ သူ့အတွက်တော့ Installation လုပ်ရတာ အင်မတန်လွယ်ကူပုံပဲ။ ဘာမှ အကြောက်အလန့်လည်း မရှိဘူး။

ကျနော်တို့တုန်းက ဘွဲ့ရပြီး လုပ်ငန်းခွင် ၀င်တဲ့အထိ ကွန်ပြူတာ ဆိုတာကြီးကို လန့်နေတာ သတိရမိတော့တယ်။ ဒါတောင် ကျနော်တို့ဟာ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ရလာသူတွေပါ။

တက္ကသိုလ်က ကွန်ပြူတာခန်းထဲမှာ ကွန်ပြူတာစကိုင်ရတော့ စတုတ္ထနှစ် ထင်ပါရဲ့။ Fortran 77 တို့၊ C language တို့ကို သင်ကြားရပြီး ကွန်ပြူတာပေါ်မှာ ပရိုဂရမ်လေးတွေ စတင်ရေးကြရ၊ Compilation လုပ်ပါတယ်။ တကယ်တမ်းမှာ ကွန်ပြူတာ ကိုင်ရချိန်က အင်မတန်နည်းပါးပြီး တယောက်ကို တလုံးကိုင်ခွင့်မရှိပါဘူး။ လေးငါးခြောက်ယောက် တစု၊ အစုလေးတွေခွဲပြီး ကွန်ပြူတာတလုံးကို မျှသုံးရတဲ့အခြေအနေပါ။ ကျနော်က အပြင်မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကွန်ပြူတာသင်တန်းတွေလည်း မတက်နိုင်တော့ ကွန်ပြူတာဆိုတာ လုံးဝ အစိမ်းသက်သက်ပေါ့။ ပါဝါတောင် ဘယ်လိုဖွင့်ရသလဲ မသိခဲ့ဘူး။ အဲဒီတုန်းက Windows OS ကလည်း သိပ်မတွင်ကျယ်သေးဘူး။ အားလုံးက DOS မှာ။

ကွန်ပြူတာခန်းထဲမှာတော့ ဆရာ၊ ဆရာမတွေ ဖွင့်ပေးပြီးသားကွန်ပြူတာမှာ တတ်ကျွမ်းတဲ့ ကျောင်းသားအချို့ ရှေ့ကနေ လုပ်ပြတာတွေကို လိုက်ကြည့်ရတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့တော့ ဘာလုပ်သွားလို့ ဘာဖြစ်သွားမှန်း တကယ့်ကို ဘာမှမသိပါဘူး။ ကွန်ပြူတာကို ကိုယ်ကိုင်ရမယ့် အလှည့်ရောက်တော့လည်း ကီးဘုတ်ပေါ်က လက်ကွက်ကိုမသိလို့ သက်ဆိုင်ရာ ခလုပ်ကို လိုက်ရှာနေရတာနဲ့ အချိန်ကုန်သွားတယ်။ အချိန်ပြည့်သွားပြီဆိုရင် ခေါင်းထဲမှာ အားလုံးေ၀၀ါးပြီး အူလည်လည်နဲ့ပဲ အခန်းထဲက ထွက်ခဲ့ရတယ်။

မှတ်မိသေးတယ်။ ပဉ္စမနှစ်လောက်မှာ ကွန်ပြူတာထုတ်လုပ်တဲ့ နာမည်ကျော်ကုမ္ပဏီကြီးတခုက ကွန်ပြူတာတွေ လာပြီး ပြသတယ်။ ဆရာတွေကလည်း ကျောင်းသားတွေ လာကြည့်ကြပေါ့။ အဲဒါနဲ့ ကျနော်တို့ ကွန်ပြူတာတွေကို သွားကြည့်ကြတယ်။ ပြခန်းထဲမှာ အစီအရီပြသထားတဲ့ စက်တွေမှာ စီဒီနဲ့ သီချင်းတွေ ဖွင့်ထားတဲ့ စက်က ဖွင့်လို့။

ကျနော်တို့ ကွန်ပြူတာကို မထိရဲ၊ မကိုင်ရဲ ပါဘူး။ လက်တကမ်းအကွာလောက်က ရပ်ပြီး လှမ်းကြည့်နေကြတယ်။ မတော်တဆ ကိုယ့်ကြောင့်ပျက်စီးသွားရင် အဲဒီခေတ်က ၀င်ငွေနဲ့ တစ်ဘ၀စာ ဆပ်လို့ကုန်မှာ မဟုတ်ဘူးဆိုပြီး ခပ်လှမ်းလှမ်းက ကြည့်နေကြတာပေါ့။

အဲသည်မှာ ဆရာတယောက်က ကိုင်လေ၊ ကိုင်ကြည့်ပါ၊ သုံးကြည့်ပါ တိုက်တွန်းတော့ ဘာကို ကိုင်ကြည့်ရမလဲ အကြပ်ရိုက်နေတယ်။ ကိုယ့်နောက်က ကြည့်နေတဲ့ မိန်းကလေးလေးယောက်ကို အကဲခတ်လိုက်တော့လည်း ကိုင်ရဲကြပုံ မရဘူး။ အဲဒါနဲ့ ကျနော်လည်း အရဲစွန့်ပြီး မောက်စ်ကလေးကို အသာကိုင်၊ ဟိုနှိပ်ဒီနှိပ် လုပ်လိုက်တာ နံဘေးမှာထောင်ထားတဲ့ စက်ပုံးထဲက စီဒီထည့်တဲ့ အံဝှက်က ဝေါကနဲ ထွက်ချလာတယ်။ လူလည်း လိပ်ပြာစဉ်မတတ် လန့်ပြီး ဆတ်ကနဲ တုန်သွားတာပဲ။ နောက်က ကောင်မလေးတွေဆီကလည်း “ဟဲ့… ပလုပ်တုတ်” ဆိုပြီး လန့်ခုန်တဲ့ အသံထွက်လာတယ်။ ကွန်ပြူတာနဲ့ မရင်းနှီးပုံပြောပါတယ်။

ပိုပြီး အရှက်ကွဲတာက နောက်ဆုံးနှစ်မှာပါ။ စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ထုတ်ဝေမယ့် ပို့စ်ကဒ်အတွက် ဖိုတိုရှော့ပ်နဲ့ ဒီဇိုင်းလုပ်ဖို့ ကာလာဖလင်ခွဲတဲ့ (မိတ်ဆွေရဲ့) စက်ရုံကို တည သွားအိပ်ကြရတယ်။ ကျနော်တို့က ဒီဇိုင်းအိုင်ဒီယာ ပေးမယ်ပေါ့လေ။

ဖိုတိုရှော့ပ်ထဲမှာ မျဉ်းဖြောင့်တကြောင်း ကျနော်ဆွဲတော့ မျဉ်းက ကိုယ်လိုတဲ့ အရှည်ကို မရောက်သေးခင်မှာ မောက်စ်က ရွှေ့လာလိုက်တာ စားပွဲအစွန်းကို ရောက်လာတယ်။ အဲဒါနဲ့ ကျနော်က “ဟဟ.. လုပ်ကြပါဦးဟ၊ ဒီမှာ အစွန်းကို ရောက်နေပြီ၊ ဆက်ရွှေလို့ မရတော့ဘူး” လို့ အော်တော့ စက်ရုံပိုင်ရှင် မိတ်ဆွေခမြာ ရယ်လိုက်တာလေ။ သူကပြောတယ်… “အစ်ကို၊ မောက်စ်ကို အသာမပြီး ရှေ့ကို ပြန်ချလို့ရတယ်လေ” လို့ ပြောရှာတယ်။

မလေးရှားမှာ ၂ နှစ်ခွဲ အလုပ်လုပ်ခဲ့တုန်းကလည်း အိမ်မှာ စက်ရုံကပေးထားတဲ့ ကွန်ပြူတာတလုံးတော့ရှိတယ်။ ဒါပေမယ့် ဒီက ကောင်က အင်တာနက်ပဲ ကိုင်တတ်တယ်။ ကျန်တဲ့ Installation တွေ၊ Partition ခွဲတာတွေဆို ကျနော်နဲ့ မဆိုင်သလိုဘဲနေတယ်။ အဲဒါတွေကို MCC မှာ ဆရာလုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းက လုပ်တယ်။ ကျနော်ကလည်း ကွန်ပြူတာကို လန့်တဲ့အရှိန်နဲ့ နည်းနည်းလေးမှတောင် ၀င်ပြီး စပ်စုမကြည့်မိဘူး။

ဟော… စင်္ကာပူမှာလည်း အလုပ်ဝင်ရော ဟက်တက်ကွဲတော့တာပဲ။ အလုပ်စ၀င်ဝင်ချင်းနေ့မှာ ဆော့ဖ်ဝဲ တခုကို ကိုယ့်ကွန်ပြူတာထဲ ထည့်ဖို့ဖြစ်လာတယ်။ ကိုယ်ကလည်း စပြီး စမ်းသပ်မလို့ရှိသေး နောက်ကနေ ဘော့စ်ရောက်လာပြီး “မင်းကို တိုင်မင် (Timing) မှတ်မယ်။ မင်းအလုပ်လုပ်တာ ဘယ်လောက်မြန်သလဲလို့” ဆိုပြီး နာရီကြည့်ပြီး တိုင်မင်မှတ်တယ်။

ဟာ… ဘာပြောကောင်းမလဲ။ ကျနော့်မှာ ပရက်ရှာဝင်ပြီး နဖူးမှာ ဇီးကင်းလောက် ချွေးသီးချွေးပေါက်ကြီးတွေ တွဲခိုလာတယ်။ နောက်ဆုံးမတော့ ဆီရီယယ်နံပါတ်တောင် မှန်အောင် မရိုက်နိုင်တော့ဘူး။ အလွဲလွဲအမှားမှားတွေ အကုန်လုပ်ပစ်လိုက်တော့… ဘော့စ်က “မင်းကွာ… ဘေ့စစ်တောင် မရပါလား” ဆိုပြီး ဆူပါလေတော့တယ်။

တနှစ်ကျော်ကျော်ကြာလို့ ကိုယ့်ဘာသာ ကွန်ပြူတာလေးတလုံး ၀ယ်ကိုင်နိုင်တော့မှပဲ “သြော်… တချို့ဟာတွေက ဘာမှ ခက်ခဲတာမဟုတ်။ ငါ့မှာ ကွန်ပြူတာမရှိခဲ့လို့ ခက်ခဲခဲ့ရတာ၊ အရှက်ကွဲခဲ့ရတာပါလား” ဆိုတာ သဘောပေါက်လာတယ်။ (ဒီနေရာမှာ ကွန်ပြူတာ ကိုယ်ပိုင်မရှိပေမယ့် ကွန်ပြူတာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သူများကိုတော့ ချီးကျူးပါတယ်။ ဒါပေမယ့် ကျနော်သိသလောက် အများစုကတော့ ကျနော့်လိုချည်းပဲ။)

မဒမ်ပေါလည်း ထို့အတူပဲ။ ကျောင်းတုန်းက တတန်းထဲ တက်ခဲ့တာလေ။ ထို့အတူပဲ ဖြစ်ရတော့မှာပေါ့။ အံမယ်… သူကတော့ လည်တယ်ခင်ဗျ။ စင်္ကာပူရောက်လာတော့ သူ့မှာလည်း ကွန်ပြူတာလန့်တတ်တဲ့အကျင့် ရှိတာကို ၀န်မခံဘူး။ ကျနော့်ကို ဘာပြောလဲဆိုတော့ “ကိုကိုရေ… ချစ်လေးက မျက်စိအားနည်းတယ်၊ ကွန်ပြူတာစခရင်ကို ကြာကြာကြည့်လို့မရဘူး၊ မူးတတ်တယ်” ဆိုတော့ ဒီက ကောင်က အဟုတ်မှတ်ပြီး ကွန်ပြူတာနဲ့ ပတ်သက်သမျှ အကုန်လုပ်ရတယ်။ နောက်တော့ ဘယ်ဟုတ်လို့တုန်း။ ကွန်ပြူတာနဲ့လည်း ရင်းနှီးသွားရော အဲဒီစကားမျိုး ပြောသံမကြားရတော့ဘူး။ ကွန်ပြူတာရှေ့မှာချည်းပဲ။ ကိုယ့်ကိုတောင် ဆရာပြန်လုပ်လိုက်သေးတယ်။ ကောင်းကြပါလေရော။

အဲ… ကွန်ပြူတာကို လန့်တာ ကျနော်တို့ မြန်မာတွေချည်းမဟုတ်။ ဖွံ့ဖြိုးတိုးတက်မှု နည်းတဲ့ နိုင်ငံတွေကလာကြတဲ့ လူတွေမှာ လူလတ်ပိုင်းအရွယ်တွေကစလို့ လူကြီးပိုင်းဟာ ကွန်ပြူတာနည်းပညာကို အကြောက်ကြီး ကြောက်တတ်ကြတာကို တွေ့ရတယ်။ လူမျိုးခြား အသိတယောက်ဆိုရင် သူ့ပညာရပ်ပိုင်းဆိုင်ရာမှာ မိုးပျံအောင် ထူးချွန်ပါတယ်။ ဒါပေမယ့် အင်တာနက်မှာ ဂျီမေးလ်အကောင့် ဖွင့်ဖို့ကိုတောင် အင်မတန် မ၀ံ့မရဲဖြစ်နေတာတွေ့ရတယ်။ ဘီလ်ဆောင်တာတို့၊ ငွေလွှဲတာတို့ကို Internet banking နဲ့ လုပ်လို့ရတယ်ဆိုတာတောင် လုံခြုံရေးကို မယုံကြည်လို့မဟုတ်။ ကွန်ပြူတာသုံးရမှာကို သေမလောက်ကြောက်တဲ့အတွက် စာတိုက်မှာပဲ မအားတဲ့ကြားက သွားသွားတန်းစီနေတာကို တွေ့ရတယ်။

ဟော…. သမီးတို့ခေတ်ကျတော့ အစစ လွယ်ကူလိုက်တာ။ ကွန်ပြူတာကို သူ့အနေနဲ့ ကျနော်တို့တုန်းကလို “တန်ဘိုးကြီးပစ္စည်း၊ အဖိုးတန်ပစ္စည်း”လို့ မမြင်တော့ဘူး။ ပျက်သွားမှာကိုလည်း သူ့အနေနဲ့ ပူပန်ပုံမရဘူး။ အဲဒီအချက်ကိုက သူလုပ်ချင်တာ လုပ်ဖို့အတွက် စိတ်ဖိစီးမှု၊ စိုးရိမ်မှု မရှိတော့ဘူးပေါ့။ ကွန်ပြူတာပေါ်မှာ သူမစမ်းဘူးတာ မရှိသလောက်ဖြစ်အောင် လျှောက်ပြီး မွှေနှောက်တယ်။ အိမ်က တီဗီဆိုရင်လည်း ရီမုဒ်ကွန်ထရိုးကို ကျနော်တို့ထက်ပိုကျွမ်းတယ်။ နောက်ပြီး မူလတန်းပဲရှိသေးတယ်။ ကျောင်းမှာ ကွန်ပြူတာကိုင်ကြရတယ်ဆိုတော့ သူ့ဟာနဲ့သူ ဖြစ်သွားတာပဲ။ ကျနော်တို့လည်း အရင်ကလောက်တော့ ကွန်ပြူတာ ကိုင်ရမှာ မကြောက်တော့ဘူး။

တကယ်လို့သာ ကျနော်ဟာ ဒီကနေ့အထိ ကွန်ပြူတာကို မကိုင်တွယ်ဖူးသေးဘူး၊ ကိုယ်ပိုင် ကွန်ပြူတာ မရှိသေးဘူးဆိုရင် ကွန်ပြူတာကို ကိုင်ကြည့်ဖို့ အခုထက်ထိ လန့်နေဦးမှာပဲ။

အဲဒီအကြောင်းတွေကို ပြန်တွေးရင်း လူဟာ ဘယ်အရာမဆို ထိတွေ့ခွင့်ရရင်၊ ကျင့်သုံးခွင့်ရရင် မကြာခင်မှာပဲ အသားတကျ ဖြစ်သွားတတ်တာပဲဆိုတဲ့ အချက်ကို သွားတွေးမိတယ်။ ဒီမိုကရေစီစနစ်ဆိုတာလည်း ကျနော်တို့ တိုင်းပြည်မှာ သေသေချာချာ ကျင့်သုံးကြည့်ဖို့ အခွင့်မသာသေးလို့ပါ။ စတင်ကျင့်သုံးခွင့်ရတာနဲ့ မကြာခင်မှာဘဲ ဒီမိုကရေစီစနစ်နဲ့ အသားကျသွားမှာ အမှန်ပါပဲ။

13 comments:

Rita said...

Local Train
:)

ကိုပေါ said...

Local train approaching the same station? 

Anonymous said...

Your daughter is very cute. :)

မေဓာဝီ said...

ကျမရဲ့ ဦးရီးတော်လဲ တူတူပဲ။ ကွန်ပျူတာကို တော်ရုံတန်ရုံ မသုံးဘူး။ အလုပ်ထဲမှာ စာရိုက်စရာရှိလဲ သူ့အတွင်းရေးမှူးကို ခိုင်းတယ်။ အိမ်မှာဆို အီးမေးလ်ကအစ ကျမပဲ ရိုက်ပေးရတယ်။ ဘေလ်ဆောင်တာ ငွေလွှဲတာလဲ တန်းစီပြီး လုပ်တုန်းပဲ။ သူကတော့ အင်တာနက်က လုံခြုံမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပဲပေါ့။ ကိုပေါပြောသလို ကွန်ပျူတာကို လန့်တာပဲ နေမှာ။

သူတို့နဲ့ယှဉ်ရင် ကျမတို့ ခေတ်က ပိုသာလာကြပါပြီ။ ဒီလိုပဲ ကျမတို့နဲ့ ယှဉ်ရင် နောက်လူငယ်တွေက ပိုပြီး သာလာကြတယ်။ ဒီလိုနဲ့ ... ကိုပေါသမီးတို့လို နောက်မျိုးဆက်သစ် ကလေးတွေရဲ့ ခေတ်မှာတော့ ... အစစ အရာအရာ အသားကျနိုင်ကောင်းမယ် ထင်ပါရဲ့။

Maung Naing said...

ကိုပေါပြောမှ ကျနော့်ကျောင်းတုံးကအဖြစ်ကို သတိရတယ်..အဲဒီ C Language . ပရိုဂရမ်ထဲမှာ ပါတဲ့ Enter ရိုက်ဖို့ ရေးထားတာကိုတောင် ဘာမှန်းမသိပဲ ပရိုဂရမ်နဲ့ ရောကျက်ပြီးကျောင်းပြီးသွားတယ်.. တော်တော်ကြာလို့  Auto CAD လေးဘာလေးသွားသင်မှ အဲဒီ Enter ဆိုတာကို နည်းနည်းသဘောလာပေါက်တယ်.. ကျနော်ထက်ဆိုးတာက ၅တန်း EP က ဆရာအသစ်တဦးပါ.. တနေ့ ကျောင်းမှာ PLC Unit တခုရောက်လာပါတယ်.. မြင်ဖူးအောင် ကျောင်းသားတွေကို ပြမယ်ဆိုလို့  LAB အခန်းမှာ တဖွဲ့ ဆီသွားကြည့်ရပါတယ်.. ဆရာက ကွန်ပျူတာနဲ့  အဲဒီ PLC Unit နဲ့ တွဲ RAN ပြီးနည်းနည်းပါးပါး ရှင်းပြပါတယ်.. ကျောင်းသားတွေက မေးချင်တာမေးပြီးတဲ့နောက်မှာ ဆရာက ပြီးပြီ..ဆိုပြီး ကွန်ပျူတာကို မီးခလုတ်ကနေ တိုက်ရိုက်ပိတ်ချလိုက်ပါတယ်.. အဲဒါကို ကျနော်အပါအ၀င် အင်ဂျင်နီယာလောင်း ကျောင်းသားကြီး တော်တော်များက ဆရာဘာမှ အမှားလုပ်လိုက်တယ်လို့ သိပုံမရကြပါဘူး.. ကွန်ပျူတာနည်းနည်းပါးပါး အပြင်မှာ သင်ဖူးတဲ့ ကျနော်သူငယ်ချင်းက ကွန်ပျူတာကို အဲဒီလိုမပိတ်ရဘူးလို့ ကျနော်တို့ ကို တိုးတိုးလေးပြောတာ ကျနော်တို့  ကောင်းကောင်းနားမလည်ခဲ့ပါဘူး.. နောက်မှ Y.I.T က LAB မှာ အဲဒီအချိန်တွေတုံးက Hardisk တွေ ခဏခဏ ကြွတာ.. ဒါကြောင့်လားလို့  ဆပ်ဆက် တွေးနေမိပါတယ်.. [အခုရော ကွန်ပျူတာကို မီးခလုတ်ကနေပဲ ပိတ်နေကြတုံးပဲလားမသိပါဘူး :-) ]

မသူတော် said...

လူဟာ ဘယ်အရာမဆို ထိတွေ့ခွင့်ရရင်၊ ကျင့်သုံးခွင့်ရရင် မကြာခင်မှာပဲ အသားတကျ ဖြစ်သွားတတ်တာပဲဆိုတဲ့ အချက်ကို သွားတွေးမိတယ်။ ဒီမိုကရေစီစနစ်ဆိုတာလည်း ကျနော်တို့ တိုင်းပြည်မှာ သေသေချာချာ ကျင့်သုံးကြည့်ဖို့ အခွင့်မသာသေးလို့ပါ။ စတင်ကျင့်သုံးခွင့်ရတာနဲ့ မကြာခင်မှာဘဲ ဒီမိုကရေစီစနစ်နဲ့ အသားကျသွားမှာ အမှန်ပါပဲ။

I agree! That's why I saw crazy people when they talked about discipline Democracy. There is only one Democracy and human rights. No Royal human rights or civilian human rights!!

အောင်ကိုကိုထိုက် said...

ကွန်ပြူတာကြောင့် ကိုယ့်ဟာကိုယ်သတ်သေသွားသူ ရှိတယ် ဘမာပြည်မှာ
ရွေတောင်ချည်မျှင် အထည်နှင့်အချောကိုင်စက်ရုံကခင်ဗျ ဒေါ်မြမြဝင်းBE (Chemical) .ဖြစ်ပုံကတရုပ်ကနေ အထည်ဒီဇိုင်းဆွဲတဲ့ ဆော့ဖ်ဝဲတစ်ခုကို ကွန်ပြူတာ စကင်နာ ဖလင်ထုတ်တဲ့စက် အစုံအလင်နဲ့ ပြည်တွင်းက အောင်သောင်းနဲ့အကြောင်းသင့်သူကစက်ရုံကို သွင်းတယ် ပြီးတော့အဲဒီစက်တွေထိန်းသိမ်းဖို့ QC ဌာနက အဲဒီအမျိုးသမီးကိုတာဝန်ပေးတယ် ပြီးတော့စက်ရုံမှူးဦးစိုးလှိုင် (ဒုဗိုလ်မှုးဟောင်း)က ခပ်တည်တည်နဲ့ သိန်းတစ်ထောင်ကျော်ပေးရသော ထိုကွန်ပျူတာပျက်လျင် ခုံရုံးဖွဲ့စစ်မည် ဟု အမှာစကားပြောကြားပါလေရော ဖြစ်ပုံက ပရင်တာ ထုတ်မ၇တာပါ ဆော့ဖ်ဝဲကို ဘယ်သူကယောင်မှားပြီး ဖျက်လိုက်တယ်မသိ ပြန်တင်ရင်ရပါတယ် ဒါပေမဲ့ သူကအစကတဲကရိုး၇ိုး ကြောက်ကလဲကြောက်တတ် ဘာမှလဲ ကွန်ပြူတာအကြောင်းမသိတော့ ခုံရုံးကိုကြောက်တာနဲ့ ဓါတ်ခွဲခန်းထဲက ဓါတုပစည်းတွေသောက်ပြီး သေဆုံးသွားခဲ့၇ပါတယ်
အဓိကတာဝန်ရှိသူ က စက်၇ုံမှုးစိုးလှိုင်ပါ နကန်းတစ်လုံးမှမသိဘဲ ပြောချင်ရာပြော အမိန့်ပေးချင်ရာပေး အရူးဘုံမြှောက် သလို ကောင်တွေ
ကြောင့် ပညာရှင်တစ်ယောက်ဆုံးရှုံးရတယ် ခလေးတွေအမိမဲ့ ဖြစ်ရတယ်

khin oo may said...

ကွန်ကလူးရှင်းက အတင်းကြီးပါဘဲလား။

ဂျစ်တူး ( မုံရွာ ) said...

ဂျစ်တူးကကွန်မြူကိုစမြင်စကကွန်မြူတာမော်နီတာက
အဖြူရောင်ကလေးဆိုတော့-တီဗွီအသေးစားလေးလို့ 
ထင်တာဗျာ-နောက်ပြီးပြောလိုက်သေးတယ်------
တီဗွီကလေးကအဖြူရောင်လေးနော်လို့ 
အသံအကျယ်ကြီးနဲ့ (ပင်ကိုယ်အသံ)ပြောမိလို့ ဘေးက
လူတွေကဝိုင်းဟားလိုက်ကြတာဗျာ-

Anonymous said...

ကျမ မနှစ်ကအလုပ်တခုသွားလျှောက်တော့ သူတို့က လက်တွေ့စစ်တဲ့အခါ ကွန်ပြူတာ ဘယ်လောက်သုံးနိုင်သလဲလို့ ၁နာရီမေးခွန်းထဲ့မေးတယ်။ အမှန်က မြန်မာပြည်မှာတုံးကလဲ ကွန်ပြူတာသင်တန်းကို အခြေခံ အဆင့်လောက်သာ၃လ တက်ခဲ့ဘူးတာ..
ရုံးမှာတုံးကလဲ ဒါရိုက်တာအခန်းထဲမှာပဲ ကွန်ပြူတာသုံးတာ ဆိုတော့ရင်းနှီးမှု့က မရှိဘူးပေါ့။
ဒီရောက်တော့လဲ မိတ်ဆွေတယောက်က မော်ဒယ်အသစ်လဲလို့ ပေးထားတဲ့ စက်ကလေးကိုပဲ စိုးရိမ်တကြီးနဲ့ ကိုယ်သိပြီးသားအခြေခံပဲ လှည့်ပတ်သုံ့းတယ်၊ စူးစူးစမ်းစမ်းနဲ့ ဘာကိုမှ အထွန့်တက်မသုံးဘူး။
အသက်သာအသေခံမယ် စက်တော့အပျက်မခံဘူးပေါ့လေ။ အလုပ်စာမေးပွဲမှာက ပရင့်ထုတ်တဲ့စက်တွေ အများကြီးဆိုတော့ ပရင့်ဘောက်စ်ကျလာရင် ကိုယ်ထုတ်မဲ့စက်ရဲ့ နံပါတ်ရိုက်ထဲ့ရတာမသိခဲ့ဘူး။
သင်တန်းမှာသင်ခဲ့သလိုပဲ ပရင့်ပုံလေးကို ကလစ်နှိပ်ပြီး ကိုယ့်စာအထွက်စောင့်ကြည့်နေတာ
စာမထွက်ပဲ ဘောက်စ်ပဲကျကျလာတော့ လူကတုံတုံယင်ယင် ဖြစ်နေပြီ၊ သူများတွေကတော့အခန်းထောင့်က စက်မှာတရွက်ပြီးတရွက် သွားပြီးဆွဲဆွဲ ထွက်လာလိုက်ကြတာ..ဖြူးလို့ပဲ၊ ဆရာမကလဲ ဖြေတဲ့သူတွေထဲမှာ ကိုယ့်ပဲစောင့်ကြည့်နေတာ၊ ကျမလဲ ကြောက်ကြောက်နဲ့ လုပ်မီလုပ်ရာ အံကြိတ်ပြီး ကျလာသမျှဘောက်စ်ပိတ်လိုက် ပရင့်ပုံကို နှိပ်လိုက်လုပ်နေတာ နောက်ဆုံးဆရာမက ဖြေဆိုခြင်းကို ကျေးဇူးပြုပြီးရပ်လိုက်ပါတဲ့၊ နောက် ဘေးကပ်ရက်က အတွင်းေ၇းမှူးအခန်းထဲ ၀င်သွားပြီး ပြန်ထွက်လာတော့ သူ့လက်ထဲမှာ ကျမအဖြေလွှာတွေ စာအုပ်တအုပ် ထုတ်လို့ရလောက်တယ်။ ဆ၇ာမက အချိန်မပြည့်သေးပဲ ၀မ်းနည်းပါတယ် ထပ်ကြီုးစားဖို့
လိုပါသေးတယ်လို့ပြောလွှတ်လိုက်တယ်..တကယ်ဆိုအိမ်မှာလဲ
အိမ်မှာလဲ လေ့ကျင့်လို့ရ၊ စာမေးပွဲခန်းထဲမှာလဲ သွေးအေးအေးနဲ့ ဘောက်စ်ထဲကစာကိုဖတ်ရင်ရနိုင်သေးရဲ့နဲ့. လှေနံဒါးထစ် ကိုယ်သင်ခဲ့ဘူးတဲ့ ပရင့်ပုံလေးပဲ အံကြိတ်ပြီးနှိပ်မိလို့ ရခဲ့တဲ့
အကျိုးပေါ့ ကိုပေါရေ။ ဘ၀မှအမှတ်အရဆုံးနေ့ပေါ့။

ရွှန်းလဲ့ said...

Conclusion ကိုကြိုက်တယ်။ :)

Thargyi(Gyobingauk) said...

စည်းကမ်းပြည့်ဝသောဒီမိုကရေစီကိုအရင်းသွားရအုံးမှာ နော်... ကိုပေါလျောက်ပီးပြောမနေနဲ့... အဘတို့ကရေ ရှည်ကိုကြည့်ပီး တွေးခေါ်ထားတာ.. ချက်ခြင်းကြီး ဒီမိုကရေစီဆိုတာပေးလို့မဖြစ်ဘူး.. သိလား.. ဒီမိုကရေစီဆိုတာစည်းကမ်းမရှိလို့ ချက်ခြင်းကြီးပေးလိုက်ရင်ကွန်ပြူတာ ကြောက်သလိုကြောက်မှာစိုးလို့..စည်းကမ်းရှိတဲ့ဒီမိုကရေစီကိုအရင်းပေးအုံးမှာ..

မြစ်ဆုံ said...

ကိုပေါပြောလို့ပြောလိုက်ဦးမယ်၊ကျနော်တို့ကတော့နယ်က
ဆိုတော့ပိုဆိုးတာပေါ့၊ကျနော်တို့နယ်မှာကွန်ပြူတာဆိုတာ
ကိုရုပ်ရှင်၊ဗီဒီယိုတွေထဲမှာပဲမြင်ဖူးတာ၊စိတ်ထဲမှာတော့ကွန်
ပြူတာဆိုတာတီဗီအသေးလေးတလုံးနဲ့လက်နှိပ်စက်နဲ့တွဲ
ထားတာထင်နေတာဗျ၊ကျနော်ဘန်ကောက်ရောက်ပြီး(၄)
နှစ်အကြာမှာမြစ်ကြီးနားပြန်သွားတော့အင်တာနက်ဆိုင်တွေ
ရှိနေပြီ၊ဒါပေမယ့်အီးမေးလ်သွားပို့ရင်စက်ကိုမကိုင်ခိုင်းဘူး၊
ကိုယ်ရေးချင်တာကိုစာရွက်မှာရေးပြီးပေးရတယ်၊စက်ပျက်
သွားမှာစိုးလို့တဲ့။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs