ကျနော်သည် အထက်အညာသားဖြစ်ပါသည်။ ကျနော့်ကို ဖွားမြင်ရာ ဒေသတွင် ကျေးရွာအများစုမှာ လျှပ်စစ်မီးမရှိ။ ယခုအခါ ရန်ကုန်မြို့တော်ကြီးတွင်ပါ လျှပ်စစ် ပုံမှန်မရရှိတော့ရာ တပ်မတော်အစိုးရလက်ထက်တွင် အစစ ခေတ်မီတိုးတက်လာပါသည်ဟု ရေးသားကြသော ပြည်တွင်းပြည်ပ ဆောင်ပါးရှင်များအား နားရင်းသာ ရိုက်ချင်ပါတော့သည်။
ကျနော်တို့ ငယ်ငယ်က ညဖက်ရောက်လျှင် ရေနံဆီ မီးခွက်ဖြင့်စာကြည့်ရသည်။ ရေနံဆီမှာ အစိုးရသမ၀ါယမ ဆိုင်က ပုံမှန်ပေးလေ့မရှိသဖြင့် မန်းရေနံမြေ၊ ရေနံချောင်းရေနံမြေ စသည့် ရေနံမြေများမှ ခိုးထုတ်ရောင်းချသော ရေနံကို ပြန်ချက်ထားသည့် ရေနံဆီကို ၀ယ်သုံးကြရခြင်းဖြစ်သည်။
မီးစာမှာ ချည်မျှင်ဖြင့် ပြုလုပ်ထားပြီး ထွန်းပြီး ခဏနေသည်နှင့် မှိုင်းသီးကြီးများ ဖြစ်လာလေ့ရှိသည်။ ထိုအခါ ကျွန်တော်၏ အစ်မတယောက်သည် ထိုမှိုင်းသီးကြီးများကို တွယ်ချိတ်အဖျားဖြင့် ထိုးဆွကာ ခြွေတတ်ပါသည်။ ပုံမှန် မခြွေပါက ထိုမှိုင်းသီးသည် ဖျစ်ကနဲ ထပေါက်တတ်သည်လည်း ရှိသည်။
ထိုခေတ်က ဖောင်တိန်သုံးသောခေတ်ကာလ ဖြစ်သည့်အလျောက် ကျနော်တို့အိမ်မှ မီးခွက်များမှာ များသောအားဖြင့် မင်အိုး ဖန်ဘူးကိုယ်ထည်များကို သုံးကြပါသည်။
မီးခွက်၏ မကောင်းချက်များမှာ အလင်းရောင်အားမကောင်းခြင်း၊ လေတိုက်လျှင် မီးငြိမ်းတတ်ခြင်း၊ မီးခိုးမှိုင်းများထွက်ခြင်း၊ မီးခွက်မှောက်လျှင် ရေနံဆီများ ယိုဖိတ်ပြီး မီးစွဲလောင်တတ်ခြင်း၊ မီးခွက်မှ မှိုင်းသီးများဆီများသည် စာရွက်စာတမ်းများတွင် ပေကျံတတ်ခြင်းတို့ဖြစ်သည်။ မီးခွက် စာကြည့်မီးကြောင့် မီးစွဲလောင်သည်မှာ မကြာခဏ ဖြစ်သည်။
နောက်ပိုင်း ဘက်ထရီအိုးများ ခေတ်စားလာသောအခါ တတ်နိုင်သူအချို့သည် ဘက်ထရီအိုးနှင့် မီးချောင်းများကို ၀ယ်ယူသုံးစွဲကြသည်။ သို့သော် ဘက်ထရီအိုးကို လျှပ်စစ်မီးရရှိသော ကုန်းဇောင်း၊ ကျောင်းတော်ရာ စသည့် ရွာကြီးများသို့ သုံးရက်ခြားတခါ ပို့ကာ အားသွင်းရသည်။
လျှပ်စစ်မီးမရှိသည့်အတွက် တောဘက်ဒေသများတွင် အစစ လူနေမှုနောက်ကျကာ ဒုက္ခမျိုးစုံ ကြုံရသည်။ အဆိုးဆုံးမှာ ထမင်းဟင်းချက်ပြုတ်ရန်အတွက် ထင်းခုတ်ခြင်းများ၊ မီးသွေးဖုတ်ခြင်းများ ပြုလုပ်လာကြသောအခါ တောများပြုန်းတီးလာခြင်းပင် ဖြစ်သည်။ (နအဖနှင့် အလွမ်းသင့်သည့် သစ်ကုမ္ပဏီတွေ သစ်ခုတ်ရောင်းတာလည်း ပါပေသပေါ့။) ကျနော်တို့ငယ်ငယ်ကတော့ မိုးတွင်း မုန်းချောင်းရေစကျလည့်အချိန်တွင် ချောင်းထဲတွင် မျောလာသော သစ်ကိုင်းများ၊ သစ်လုံးများကို တရွာလုံးထွက်၍ ထင်းဆယ်ကြလေသည်။ နောက်ပိုင်း လူဦးရေများလာသောအခါ ထင်းဆယ်၍ မလောက်တော့။ ထင်းခုတ်ရောင်းသူများက ထင်းလှည်းများဖြင့် လာရောင်းသောအခါ ၀ယ်သုံးကြရသည်။ ဤသည်မှာလည်း ဈေးကြီးလှသည်။
ထင်းဈေးကြီးလာသောအခါ ကျနော့်ဖခင်က အိမ်တွင် စပါးခွံဖွဲမီးဖြင့် ချက်၍ရသော ဖွဲမီးဖိုတခုကို ရွှံစေး၊ သံပြားတို့ဖြင့် ဆောက်သည်။ အလကားရသော စပါးခွံဖွဲများကို ကျနော်က ဆန်စက်တွင် သွားကျုံးရသည်။ ဖွဲမီးမှာ လူက မီးဖိုနားတွင် ထိုင်၍ ဖွဲကို မပြတ်ထည့်ပေးနေရသည်။ လေခတ်ပေးရသည်။ မီးရှိန်ကတော့ ကောင်းသည်။ သို့သော် မီးခိုးများမှာ အူတက်နေပြီး ထမင်းအိုး၊ ဟင်းအိုးများမှာ မဲတူးနေပေတော့သည်။
ယခုအခါ ကျနော်၏ အလုပ်တွင် မိမိအလုပ်နှင့်သက်ဆိုင်သည့်အလျောက် နေရာင်ခြည်စွမ်းအင်မှ လျှပ်စစ်သို့ ကူးပြောင်းသော ဆိုလာဆဲလ် (Solar Cells) များအကြောင်းကို ဖတ်ရှုရသည်။ ယခင်က ဆိုလာဆဲလ်များကို ထုတ်လုပ်ရာတွင် စားရိတ်စက ကုန်ကျလှသည်။ ယခုအခါ ဆိုလာဆဲလ်များကို အချို့ထုတ်လုပ်သူများက သတင်းစာရိုက်ထုတ်သလို Printing စနစ်ဖြင့် ကွေး၍ လိပ်၍ ရသော ဆိုလာဆဲလ်များကို ပေါပေါသီသီ ထုတ်နိုင်နေပြီ ဖြစ်ကြောင်းသိရသည်။ ယခင်က ၀ပ်အား တ၀ပ်ရရန်အတွက် သုံးဒေါ်လာခန့်ကုန်ကျရာမှ ယနေ့အခါ ၃၀ ဆင့်ခန့်သာ ကုန်ကျတော့ကြောင်း သိရှိရသည်။
အညာဖက်တွင် မိုးတွင်းမှလွဲ၍ ကျန်ရာသီများတွင် နေရောင်ခြည်ကို ကောင်းမွန်စွာရရှိသည်။ အကယ်၍သာ ဆိုလာဆဲလ်များကို တပ်ဆင်လျက် ထမင်းဟင်း ချက်ပြုတ်နိုင်မည်၊ ဘက်ထရီအိုးများကို အားဖြည့်ထားနိုင်မည်ဆိုလျှင် မီးဘေးအန္တရာယ်လျော့နည်းသွားသလို၊ တောပြုန်းခြင်းကိုလည်း အတန်အသင့် ကာကွယ်နိုင်မည်။ ညဖက်တွင် မီးထွန်းနိုင်ခြင်း၊ ရေဒီယို၊ တီဗီ၊ လျှပ်စစ်မီးပူ အစရှိသည့် လျှပ်စစ်ပစ္စည်းများကိုလည်း သုံးစွဲနိုင်ပြီး လူတို့၏ လူနေမှုဘ၀ မြင့်တက်လာမည်ဖြစ်ပေသည်။
တလောက (ဗီအိုအေတွင်ထင်သည်) နယ်လှည့်ကျောပိုးအိတ်အဖွဲ့မှ နယ်စပ်ကရင်ရွာများတွင် ဆိုလာပြား (Solar Panels) များကို လှည့်လည်တပ်ဆင်ပေးသည့် သတင်းကို ဖတ်ရှုရသည်။ ထိုဒေသတွင် နေရောင်ကောင်းစွာမရသည့်ကြားကပင် ဆိုလာပြားတတ်ဆင်ပါက မီးချောင်းလေးချောင်းနှင့် တီဗီ သုံးစွဲနိုင်ကြောင်း သိရှိရသည်။ အကယ်၍ နေရောင်မကောင်းသည့်နေ့တွင် မီးချောင်းကို လေးချောင်းမသုံးဘဲ နှစ်ချောင်းမျှ လျှော့သုံးလျှင်လည်း ညဖက်ကောင်းစွာထွန်းနိုင်ကြောင်း တပ်ဆင်သူတဦးက ပြောကြားသွားသည်။ အကယ်၍ မီးချောင်းမသုံးလိုပါက ယခုအခါ အင်မတန် ခေတ်စားနေပြီဖြစ်သော LED မီးများကို အသုံးပြုနိုင်သည်။ ကျနော်တို့ခေတ်က မီးခွက်ထက် အဆပေါင်းများစွာ ပိုလင်းပြီး ဘက်ထရီသိပ်မစားသော နည်းပညာဖြစ်သည်။ မီးလောင်မှာ မပူရ၊ လေတိုက်လျှင် မီးငြိမ်းမှ မပူရ။
နည်းပညာတိုးတက်လာသည်နှင့်အမျှ ပို၍ Efficient ဖြစ်သော၊ ဈေးသက်သာသော ဆိုလာပြားများကို ထုတ်လုပ်ရောင်းချနိုင်ပါက (ကျက်သရေအိုး နအဖကြီး အသုံးမကျသော်လည်း) မြန်မာပြည်၏ တောနယ်ဖက်တွင် လျှပ်စစ်မီးဖြင့် နေနိုင်သော ခေတ်တခေတ်ကို မကြာမီ ရောက်လာပေလိမ့်မည်ဟု မှန်းဆမိပါသည်။

8 comments:
ဖတ်အပြီ စဉ်စားမိ၏၊ အကယ်၍ လက်မလည်အောင်ရှိပါက လက်အငှားရိုတ်ပေးချင်သည်။
လေးစားစွာဖြင့်
နာဂစ်ရဲ့ လက်သည်ကလည်း ဒါပဲပေါ့ဗျာ။
လျှပ်စစ်မီး အလုံအလောက်မရတော့ ထုတ်လုပ်လိုက်တဲ့ သစ်မာမီးသွေး.. ကောင်းမှကောင်း တဖျောင်းဖျောင်း..
မီးသွေးမတတ်နိုင်လည်း ထင်းလေးချိုးဆိုက်.. ဒီလိုမှမဟုတ်ရင် ဘယ်လိုလုပ် ထမင်းချက်စားမတုန်း။ ဒီလိုနဲ့ ဒီရေတောလည်း ကုန်တာပဲ...
ပို့ စ်တွေဖတ်လို့ မရဖြစ်နေတယ်။
နောက်ဆုံးပေါ်နည်းလမ်းတစ်ခုမှာ နွားချေးထဲ ဓာတ်ခဲထည့်ပြီး မီးထွန်းစေသော နည်းဖြစ်သည်။ ဝန်ကြီးတွေကိုယ်တိုင် သရုပ်ပြခဲ့ပါသေးသည်။ သတင်းစာများမှ ဆိုလာပြားမလို၊ တို့မှာ နချေးရှိတယ် ဟု ဆိုလာမည်ကို ဦးပေါမတွေးမိသလော။
(ခင်လို့နောက်တာပါ ဦးပေါ)
မြဲတမ်းလို ဖတ်ဖြစ်တဲ့
ခမမ
ကြည့်လဲလုပ်ဦး ခွေးတွေ သိသွားရင် အဲဒီရွာကို သွားပြီး မီးရှို့ခိုင်းနေဦးမယ်...
ကိုပေါရေ အခုလောလောဆယ်ကတော့ ဆိုလာပြားမပြောနဲ့ ရှောက်သီးဆေးပြားတောင်
သန့်သန့်ရှင်းရှင်း ဖောဖောသီသီ မထုတ်နိုင်သေးတဲ့
အခြေအနေလေ။ မြန်မာပြည်မှာ လူမှန်နေရာမှန်ဖြစ်သွားတဲ့ အခါမှ အဲ့ဒီခေတ်တခေတ်ဆိုတာကို ရောက်နိုင်မှာပါ။
ြ
ဒီလို post မျိုးကို မြန်မာပြည်ကလူတွေဖတ်စေချင်တယ်။ သူတို့ ခမျာ ကိုယ်စီးတဲ့ မြင်း အထီးမှန်း အမမှန်း ခုထိ မခွဲတတ်သေးတဲ့ သူတွေရှိနေသေးတယ်။ တိုးတက်မှုကို ပာို အဖွဲ့ က ဘယ်ပေတံနဲ့ တိုင်းတာမှန်းမှ မသိတာလေ။ သူတို့ လည်းတွေးမှာပေါ့ သူတို့ လက်ထက်မှာ ကျောက်ခေတ်ကထက်တော့အများကြီးတိုးတက်အောင်လုပ်ပေးနိုင်တယ် ဆိုပြီး .......
စဉ်းစားနေတာ ..အိမ်ကို ဆိုလာပြားတပ်မလားလို့ ..
Post a Comment