(၂၀၀၈ ခုနှစ် မေလ လူထုဆန္ဒခံယူပွဲ မတိုင်မီက ရေးခဲ့ပြီး ကျနော့်ဘလော့ဂ်မှာရော၊ ဘားမားတူဒေး အင်တာနက်စာမျက်နှာမှာပါ ဖော်ပြခဲ့ဘူးတဲ့ ပို့စ်ကလေးပါ။ အဲသည်အချိန်အခါက နိုင်ငံရေးအနေအထားနဲ့ ကွက်တိမို့ ဖတ်ရှုသူများ နှစ်သက်ကြတယ်လို့ သိရပါတယ်။ အခု နည်းနည်းပါးပါး ပြုပြင်မွမ်းမံပြီး ထပ်မံဆန်းသစ်လိုက်ပါတယ်။ ခံစားကြည့်ကြပါဦး။)
မျက်စိပေါ်တွင် စည်းနှောင်ပိတ်ဖုံးထားသည့် အ၀တ်ကို ဖယ်ရှားလိုက်ပြီးနောက် လက်ထဲ၌ ဆုပ်ကိုင်ထားမိသော လက်ကိုင်ပုဝါစကို မြင်လိုက်ချိန်တွင် မမြ၀င်း၏ နှုတ်မှ အာမေဋိတ်စကားတခွန်း လွှတ်ကနဲ ထွက်သွားသည်။
“ဟင်….ကိုကိုချစ် လက်ကိုင်ပုဝါပါလား”
မျက်စိပေါ်တွင် စည်းနှောင်ပိတ်ဖုံးထားသည့် အ၀တ်ကို ဖယ်ရှားလိုက်ပြီးနောက် လက်ထဲ၌ ဆုပ်ကိုင်ထားမိသော လက်ကိုင်ပုဝါစကို မြင်လိုက်ချိန်တွင် မမြ၀င်း၏ နှုတ်မှ အာမေဋိတ်စကားတခွန်း လွှတ်ကနဲ ထွက်သွားသည်။
“ဟင်….ကိုကိုချစ် လက်ကိုင်ပုဝါပါလား”
ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးတဲ့ နာမည်ကျော် “ဗိုလ်အောင်ဒင်” ရုပ်ရှင်ဇာတ်ကားကို ကြည့်ဘူးသူတိုင်း အထက်ပါ ဇာတ်ဝင်ခန်းကလေးကို သတိရကြမယ်ထင်ပါတယ်။ အဲဒီ ဇာတ်ဝင်ခန်းဟာ ဇာတ်လမ်းရဲ့အထွတ်အထိပ်လို့လည်း ပြောလို့ရနိုင်ပါတယ်။
ဇာတ်လမ်းကျောရိုးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတခု။ အဓိက ဇာတ်ကောင်များ အနက် တဦးမှာ နာမည်ကျော် စီအိုင်ဒီ ရဲအရာရှိ ဦးဘချစ်။ နောက်တဦးက ဦးဘချစ်နှင့် လက်ထပ်တော့မည့် ချစ်ဇနီးလောင်း မိန်းမချောကလေး မမြ၀င်း။ ပြီးတော့ ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်။
ဗိုလ်အောင်ဒင်ဆိုသော အနှီဇာတ်ကောင်သည် မွေးရာပါ ဓားပြမဟုတ်။ (ဘယ်သူကတော့ မွေးကတည်းက ဓားပြဖြစ်ပါ့မလဲ)။အဲ... မူလက လူရိုးလူကောင်းဟု ဆိုလိုခြင်း။ ပြည်မြို့မှ စက်သူဌေးဦးသင်းက သူ့လယ်တွေ၊ မြေတွေ၊ စာချုပ်တွေကို မတရားသိမ်းသွားဖြင့် စီးပွားပျက်သွားကာ တနေ့တွင် ရန်ကုန်သို့ အဆင်း လမ်းခရီးတွင် ဦးသင်းကို ပင်ပင်းတိုးမိရာ မတော်တဆ သတ်မိသွားသည်။ အဲသည်ကစလို့ တပည့်ဖြစ်သူ သုခ၏ မြှောက်ထိုးပင့်ကော်လုပ်မှုကို နားယောင်ခြင်းဖြင့် ဓားပြအဖြစ်ကို ရောက်ရှိသွားသူ။ တကတဲ…သူ့အပြစ်ကို တပြားသားမှ မပါဘူး။ အသတ်ခံရသူ ဦးသင်းရဲ့ ခြောက်လုံးပြူးကို ရသွားတဲ့ အချက်ကလည်း ဓားပြဖြစ်ဘို့ အထောက်အကူပြုလိုက်သွားတဲ့ အချက်တချက်ပါဘဲ။
အဲအဲ…ဓားပြဖြစ်သွားပေမယ့် သူ့ပင်ကိုယ်က သနားကြင်နာတတ်တယ်။ ကတိတည်တယ် ဆိုကိုးဗျ။ အဲဒီအချက်က ဇာတ်ကားရဲ့ အသက်လို့လည်း ဆိုနိုင်ပါတယ်။
သူ့ဘ၀မှာ ပထဦးဆုံးအကြိမ် ဓားပြတိုက်တာက ပြည်မြို့က မမြ၀င်းနဲ့ မမြ၀င်းအမေ အားကိုးရာမဲ့ မိန်းမသားနှစ်ဦးတည်းနေတဲ့အိမ်ကို ၀င်ပြီး ဓားပြတိုက်တာ။ အဘွားကြီးက အမျိုးမျိုးတောင်းပန်၊ သမီးဖြစ်သူ မမြ၀င်းကလည်း ရုပ်ကလေးကလှပြန်ဆိုတော့ အဲဒီ သနားကြင်နာတတ်ရုံမက နှာဘူးလည်းကျတတ်ဟန်တူတဲ့ ဗိုလ်အောင်ဒင်ဟာ တန်ဘိုးကြီးတဲ့ ရွှေငွေလက်ဝတ်ရတနာမှန်သမျှ ဘာမှမယူတော့ဘဲ နောက်ဆုံးမှာ ရန်ကုန်သွားဘို့ လမ်းစရိတ်ငွေတဆယ်ကိုသာ တောင်းယူသွားတော့သတဲ့။ မိုက်လိုက်တဲ့ ကိုယ့်လူနှယ်။ မ..ဘက်လိုက်တော့ မိုက်ဘက်ပါ ဆိုတာ ဒါမျိုးဘဲ ဖြစ်မယ်။
ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ ဗိုလ်အောင်ဒင်နေရာက သရုပ်ဆောင်တာ အဲသည်ခေတ်က ပျိုတိုင်းကြိုက်တဲ့ မင်းသားချော ခင်မောင်ရင်။ ဘာပြောကောင်းမလဲ။ ဓားပြကနေပြီး ဟီးရိုးဇာတ်ကောင်ကြီး ဖြစ်သွားလိုက်တာများဗျာ။ “မဲ့ပြုံးလေး ပြုံးလိုက်တာ စွဲလောက်တဲ့ ဗိုလ်အောင်ဒင်”၊ “ရွှေမျက်မှန် ကိုလူချော ဗိုလ်အောင်ဒင်”၊ “ဥပဒေနဲ့ လောင်းကစားတဲ့ ဗိုလ်အောင်ဒင်” စသဖြင့် ၀ိသေသထူးတွေနဲ့ ပရိသတ် အစွဲကြီး စွဲကြတာပေါ့။ အို….မဆီမဆိုင်….လူပုံ ဖြူသွဲ့သွဲ့ နဲ့ ကနွဲ့ကလျ လမ်းလျှောက်တတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် အချောစားကလေးကိုတောင် ပြေးသတိရမိလိုက်သေးတော့။
အဲဂလိုနဲ့ ရန်ကုန်ရောက်တော့ ဗိုလ်အောင်ဒင်ဂိုဏ်းက တစတစ ကြီးထွားလာပြီး ရန်ကုန်မြို့လယ်ခေါင် မဂိုလမ်းတို့ ဘာတို့မှာတောင် နေ့ခင်းကြောင်တောင် ဓားပြတိုက်တဲ့ အထိ အတင့်ရဲလာတယ်။ သတင်းစာတွေကလည်း ပုလိပ်တွေ အစွမ်းအစ မရှိပုံကို ဝေဖန်ကြတာပေါ့။ (သြော်..ဒါလား။ အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့်ရှိတယ်ကွဲ့။ မောင်ရင်တို့ ခေတ်နဲ့ မတူဘူး။ ကြားလား…ကလေးတွေ၊ အတွန့်တက်မယ် မကြံနဲ့။)
သတင်းစာတွေက အမျိုးမျိုး အော်လာကြတော့ နောက်ဆုံးမှာ ပုလိပ်မင်းကြီးခမြာ မနေသာတော့ဘဲ အရည်အချင်းရှိတဲ့ ပုလိပ်စုံထောက်အရာရှိ ဦးဘချစ်ကို ခွင့်နဲ့အနားယူနေရာက ရန်ကုန်ကို အမြန်ဆုံးပြန်ခေါ်ပြီး တာဝန်ပေးရတယ်။ (မှတ်ချက်။ ။စုံထောက်ဆိုတာက အမည်လှသော်လည်း ပြောင်းပြန်လှန်ရင် အဓိပ္ပါယ်ကောင်းတဲ့ စကားလုံးမဟုတ်။) အဲဒီအချိန်က စုံထောက်အရာရှိ မောင်ဘချစ်က ပြည်မြို့က ရွှေဆံတော်ဘုရားကြီးမှာ သူ့ချစ်သူ မမြ၀င်းကလေးနဲ့ နှစ်ကိုယ်သစ္စာထားနေတဲ့အချိန်ပေါ့။
ဦးဘချစ်ခမြာလည်း ရန်ကုန်ကို အရေးပေါ် ပြန်လာပြီး လိုက်လံစုံစမ်းတော့ ဗိုလ်အောင်ဒင် ဆိုတဲ့ ငနဲဟာ အဲသည်ခေတ် လူကုံတန်အသိုင်းအ၀ိုင်းမှာ အရမ်းဝင်ဆန့်တယ်။ ပါတီကြီးတွေ အကြီးအကျယ်ပေး။ ကလပ်တွေဘာတွေမှာ လောင်းကစားကြပြန်ပြီဆိုရင်လည်း အကြီးအကျယ် ငွေအရှုံးခံနိုင်တယ်။ လုံးဝ မဖြုံဘူး။ အလုပ်ကလည်း မယ်မယ်ရရမရှိ၊ မိဘမျိုးရိုးက ချမ်းသာလှတာမဟုတ်ကြောင်းသိလာရတဲ့အခါမှာ ပုလိပ်မျက်စိနဲ့ မသင်္ကာစရာ ဖြစ်လာတော့တာပေါ့ခင်ဗျာ။ တကယ်ဆိုရင် ဒီဘက်ခေတ်မှာ ဦးတေဇတို့လို ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကြီးပွားလာမျိုးဆိုရင်တော့ ဘာ မသင်္ကာစရာရှိသလဲပေါ့။ ဟုတ်ဘူးလား။
အဲဒီလို ဦးဘချစ်တို့က နောက်ယောင်ခံ စောင့်ကြည့်နေတုန်းမှာ ဗိုလ်အောင်ဒင်ရဲ့ တပည့် တယောက် အမှားလုပ်တယ်။ နာမည်က ရာမ တဲ့။ သူက ဗိုလ်အောင်ဒင်ကို သိပ်ကြည်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ သူ့ဘာသာသူ သပ်သပ် တစင်ထောင်ချင်နေတဲ့သူ။ အဲဒီ ရာမက ဓားပြတိုက်ရင်း ဗိုလ်အောင်ဒင်အတန်တန်မှာထားတဲ့ ကြားက သေနတ်ကို ထုတ်သုံးမိလို့ လူသတ်မှုဖြစ်တယ်။ သတင်းကြားတော့ ဗိုလ်အောင်ဒင်က ရာမ ပုန်းနေတဲ့နေရာကို လိုက်သွားတယ်။ အဲသည်နေရာမှာ နောက်တကြိမ် သေနတ်ပစ်မှုထပ်ဖြစ်ပြီး ရာမလက်ချက်နဲ့ ရာမရဲ့ဇနီး သိန်းရင် သေသွားပြန်တယ်။ သေမှာပေါ့။ ပစ်မယ်မှန်းသိသိနဲ့ ဗိုလ်အောင်ဒင်က သိန်းရင်ကို ရှေ့ကထားပြီး ရာမပုန်းနေတဲ့ အခန်းထဲကို ၀င်လိုက်တာကိုး။ အဲသည်အချိန်မှာဘဲ နောက်ယောင်ခံလိုက်လာတဲ့ ဦးဘချစ်တို့ ရဲတွေ ရောက်လာပြီး အားလုံးကို လက်ရဖမ်းတယ်။ ရာမက ဗိုလ်အောင်ဒင်ကို အစကတည်းက မုန်းနေသူပီပီ အကုန်ဖော်တယ်။ ပုလိပ်ကို ဗိုလ်အောင်ဒင်ဟာ သူတို့ ခေါင်းဆောင် ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်ဘဲလို့ ထုတ်ပြောတယ်။
ဦးဘချစ်က ဗိုလ်အောင်ဒင်ကို ဒီမတိုင်မီကတည်းက ရင်းနှီးကြသူတွေ ဖြစ်တာကြောင့်တကြောင်း၊ နောက် ဗိုလ်အောင်ဒင်က လူကုံထံအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်သူဆိုတော့ သူ့အနေနဲ့ သက်သေမခိုင်မာသေးတဲ့ အမှုတခုမှာ ဗိုလ်အောင်ဒင်ကို ရဲစခန်းမှာ ချက်ချင်းဖမ်းမချုပ်နိုင် သေးတာကြောင့်တကြောင်းလို့ ထင်တယ်။ မျက်နှာကြီးတရားခံကို သူ့အိမ်မှာဘဲ ရာဇ၀တ်အုပ်ကလေး အစောင့်အရှောက်နဲ့ ခဏခေါ်ပြီး ရဲစစ်ချက်ယူဘို့ ကြိုးစားတယ်။ ဒါပေမယ့် ရဲစခန်းမှာ မထားဘဲ သူ့အိမ်မှာ ခေါ်ထားလိုက်တဲ့အချက်ကတော့ ဦးဘချစ် တော်တော်ရှော်တယ်လို့ ဆိုရမယ်။
ဗိုလ်အောင်ဒင်ကတော့ “ကျုပ်တပည့် ရာမက ကျုပ်ကိုမုန်းလို့ပြောတာနဲ့ ကျုပ်က ဓားပြဗိုလ်ဖြစ်ရရောတဲ့လား။ ခင်ဗျားတို့ ပုလိပ်မှာ ဘာသက်သေမှ မယ်မယ်ရရမရှိဘူး။ ဒီတော့ ကျုပ်အနေနဲ့ကတော့ ၀တ်လုံငှားပြီး ထွက်ပေါက်ရှာမယ်လေ။ ဒါဘဲ” တဲ့။ ဒါပေမယ့် သူ့ဆီက သိမ်းဆည်းရမိထားတဲ့ ပြည်မြို့က စက်သူဌေးဦးသင်းရဲ့ ခြောက်လုံးပြူးကိစ္စနဲ့ ပတ်သက်လို့ တော့ ဦးဘချစ်က ဆက်လက်မေးမြန်းစရာတွေ ရှိနေသေးသပေါ့။
အဲဒီအချိန်က တိုက်တိုက်ဆိုင်ဆိုင် မမြ၀င်းတို့ သားအမိကလည်း ရန်ကုန်ကို ဘုရားဖူးလာရင်း ဦးဘချစ်အိမ်မှာ တည်းနေတဲ့အချိန်။ ဦးဘချစ်က ဗိုလ်အောင်ဒင်ဆီက စစ်ချက်ယူနေတုန်းမှာပဲ ဦးဘချစ်ကို သူ့အထက်လူကြီး (ရဲမင်းကြီး)ကလှမ်းခေါ်လို့ ဦးဘချစ် ချက်ချင်း သွားရတယ်။ သွားကာနီးမှာ “ဦးအောင်ဒင်၊ လူကြီးလူကောင်းတယောက်လို နေရစ်မယ်လို့ ကျနော်ယူဆပါတယ်” လို့ ပြောပြီး ရာဇ၀တ်အုပ်ကလေးတယေက်ရဲ့ စောင့်ရှောက်မှုနဲ့ ဗိုလ်အောင်ဒင်ကို သူ့အိမ်မှာ ခဏထားရစ်ခဲ့ရတယ်။
အဲသည်တချိန်လုံးမှာ မမြ၀င်းက ဧည့်ခန်းထဲမှာ စန္ဒရားတီးဘို့လုပ်နေတုန်း စန္ဒရားက ကီးကြောင်နေလို့ အခက်တွေ့နေတယ်။ ဦးဘချစ် ထွက်မသွားခင်က ပြင်ပေးဘို့ နားပူတော့လည်း သူပြန်လာမှ ပြင်ပေးမယ် ပြောပြီး ထွက်သွားတယ်။ အဲဒီမှာ ဗိုလ်အောင်ဒင်က နည်းနည်းပါးပါး နားလည်တော့ ၀င်ပြင်ပေးလိုက်တယ်။ မမြ၀င်းကလည်း ဗိုလ်အောင်ဒင်ကို တီးတတ်ရင် တလက်စတည်း သီချင်း တပုဒ်လောက်တီးပြပါဆိုတော့ နံဘေးက ရာဇ၀တ်အုပ်ကလေးရဲ့ ခွင့်ပြုချက်နဲ့ ဂန္ဓမာတောင် ဘွဲ့ကို ဆိုတီး တီးပြရတယ်။ သီချင်းတ၀က်လောက်ရောက်တော့ မမြ၀င်းနဲ့ ရာဇ၀တ်အုပ်ကလေး ဂီတရေယဉ်ကြောမှာ နစ်မျောနေတုန်း ရုတ်တရက် ၀ုန်းကနဲ ထတည့်ပြီး ရာဇ၀တ်အုပ်ငနဲကို လက်သီးစာကျွေး၊ ကြိုးနဲ့တုပ်၊ သူ့တပည့်သုခကို လှမ်းခေါ်၊ ကားနဲ့ အိမ်ရှေ့ကစောင့်ခိုင်း။ မမြ၀င်းကိုပါ ဓားစာခံခေါ်ပြီး ကရင်တွေနေတဲ့ တောင်ပေါ်ဒေသကို ကားတတန်၊ ဆင်တတန် ထွက်ပြေးတော့တာဘဲ။ အမှန်ကတော့ ကားနှစ်တန်ခွဲ၊ ဆင်သုံးတန်လောက်ဆိုရင် ပိုမှန်မယ်။ စကားစပ်မိလို့ ပြောရရင် ဘဘလီတို့ ကျွန်းနိုင်ငံမှာ ဟိုတလောက အချုပ်စခန်းကနေ လွတ်ပြေးတဲ့ မက်စ် ဆီလာမက် ကတော့ စန္ဒယားတီးခွင့် ရလိုက်ပုံမရဘူး။ အိမ်သာတက်ရင်းတန်းလန်း ထွက်ပြေးရတာဆိုတော့။
တောင်ပေါ်စခန်းကို ရောက်တော့ ဗိုလ်အောင်ဒင်တယောက် မမြ၀င်းရဲ့ အမုန်းဒဏ်ကို ခံရ။ ဒါပေမယ့် သိတယ်မို့လား။ ဗိုလ်အောင်ဒင်အဖို့ကျတော့ ပထမဦးဆုံးအကြိမ် ဓားမြတိုက်က တည်းက မမြ၀င်းကို တဖက်သတ် စွဲလမ်းခဲ့တာလေ။ ဒီတော့ အခုလို ပြန်တွေ့ရတဲ့အချိန်မှာ… ရင်မှ အကြင်နာ ညင်သာစွာဘဲ နိုးထလာပြန်ပြီ… ဖြစ်ကုန်တော့တာပေါ့။ မမြ၀င်းကတော့ ခါးခါးသီးသီးပေါ့။ သူ့မှာ လက်ထပ်တော့မယ့် ရည်းစားကြီး ငုတ်တုတ် ရှိတာမဟုတ်လား။
တနေ့မှာ ထုံးစံအတိုင်း တပည့်ဖြစ်သူ သုခရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုနဲ့ မမြ၀င်းကို အကဲစမ်းဘို့ ဗိုလ်အောင်ဒင်က ကြိုးစားတယ်။ အဲသည်မှာ မမြ၀င်းက ဗိုလ်အောင်ဒင်ကို အသင့်ဝှက်ထားတဲ့ ဓားနဲ့ တွက်လိုက်တာ ဗိုလ်အောင်ဒင် အီတွန့်ပွမ်သွားတယ်။ ဒါပေမယ့် ဗိုလ်အောင်ဒင်က လူဆိုးပေမယ့် ကြင်နာသနားတတ်တယ်လေ။ အပြစ်မယူပါဘူး၊ ဗွေမယူပါဘူးပေါ့ကွယ်။ မမြ၀င်းကိုတော့ တော်တော်လန့်သွားပုံရတယ်။ အဲဒါနဲ့ သူတော်ကောင်းကြီး ဗိုလ်အောင်ဒင်က သူ့တပည့် သုခကို မှာတယ်။ မမြ၀င်းကို ကောင်းကောင်းမွန်မွန် ပြန်ပို့ပေးလိုက်ပါပေါ့။
ဒါပေမယ့် မမြ၀င်းက အဲသည်မှာ ဗိုလ်အောင်ဒင်ကို စပြီး ဂရုဏာသက်တယ်။ မိန်းမများ... ဖြစ်ပုံက... ဖြစ်ပုံက။ သူထိုးလိုက်တဲ့ ဓါးဒဏ်ရာ ပျောက်တော့မှ ပြန်တော့မယ်ပေါ့။ မြ..အဲသည်လောက်အထိ မရည်ရွယ်ပါဘူး။ ဒါကြောင့် ဖွဖွလေး ထိုးလိုက်တာပါ..ဘာညာပေါ့။ အဲသလိုနဲ့ အိုးချင်းထား၊ အိုးချင်းထိပြီး သံယောဉ်ဇဉ်တွေဖြစ်ကြ။ ကလေးတို့ရေ…ဒီနေရာမှာ စကားဖြတ်ပြီး ပြောရရင်… သင်ခန်းစာက ကိုယ့်ကို မုန်းနေတဲ့ မိန်းမတယောက်ရဲ့ အချစ်ကို ရချင်ရင် အဲဒီမိန်းမရဲ့ ဓားနဲ့ အထိုးခံဘို့ အရင်ကြိုးစားရမကွဲ့။ ပြီးမှ ကိုယ်ကခွင့်လွှတ်ပြလိုက်။ ဘယ်မိန်းမမှ မခံနိုင်ဘူး။ ကြွေဆင်းသွားမယ်။ အဲ…အဲ…ဓားဒဏ်ရာနဲ့ ကိုယ်က အရင် ကြွေမသွားဘို့တော့ လိုသပေါ့ ကွယ်။ ဒေါက်တာနေ၀င်းမောင်တို့ ပြောပြောနေတဲ့ ကိုယ့်ဘက်က သဘောထားကြီးပြရေး ဖီလော်ဆော်ဖီဆိုတာ ဒါမျိုးပေါ့ကွယ်။
မမြ၀င်းလေးခမြာမှာ သူ့အမေကိုလည်း ပူပန်၊ ကိုကိုချစ်ကိုလည်း သတိရ၊ ဟော အခု ဗိုလ်အောင်ဒင်နဲ့ကလည်း သံယောဇဉ်တွေ ဖြစ်ဆိုတော့ သူခံစားနိုင်တာထက် အများကြီးပိုပြီး ခံစားမှုတွေပေါင်းစုံ အမျိုးသားညီလာခံကြီးကျင်းပလိုက်တော့ နောက်ဆုံး နာမကျန်းဖြစ်ပြီး ဗုန်းဗုန်းလဲကျ တော့တာပေါ့။ အဲဒါနဲ့ဘဲ ပြည်မြို့က ဒေါက်တာစံသိန်းကို တဖက်လှည့်နဲ့ ညကြီးမင်းကြီး လူနာပင့်ခေါ်။ ပေါင်းတည်မှာ လူနာကြည့်ဘို့လို့ ညာပြောပြီး မြို့နဲ့ဝေးလာတော့မှ မျက်စိကို အ၀တ်စည်း။ တောင်ပေါ်ကို ဆင်နဲ့ ပင့်။ မမြ၀င်းကိုနာမကျန်းဖြစ်တာကို ဆေးကုသခိုင်း။ လူနာရောဂါပျောက်မှ ခြေကြွခ ရက်ရက်ရောရော ပေးပြီး ပြန်လွှတ်။ အပြန်မှာလည်း မျက်စိအ၀တ်စည်းသေးတယ်တဲ့။ အခုခေတ် စစ်ထောက်လှမ်းရေးတွေ ကျောင်းသားတွေကို ဖမ်းရင် မျက်စိကို အ၀တ်စည်းတာ ဒါရိုက်တာရွှေဒုံးဘီအောင်ရဲ့ ပယောဂ မကင်းဘူးလို့ ထင်တယ်။
ဦးဘချစ်တို့ပုလိပ်အဖွဲ့က ဒေါက်တာစံသိန်းရဲ့ မှန်းဆထွက်ဆိုချက်အရ ဖြစ်နိုင်ချေ ရှိတဲ့ နေရာတွေကို တောနင်းရှာ။ နောက်ဆုံးမတော့ ဗိုလ်အောင်ဒင်တို့ စခန်းနားလည်း ရောက်ရော ဗိုလ်အောင်ဒင့်တပည့်တွေ ခြုံခိုတိုက်ခိုက် ဖမ်းဆီးတာကို ခံရပြီး ကျားရှေ့မှောက်လျက်လဲဆိုသလို ဗိုလ်အောင်ဒင်ရဲ့ ရှေ့တော်မှောက်ကို ရောက်လာခဲ့ရတယ်။
သူ့လက်ခုပ်ထဲက ရေဘ၀ရောက်လာပေမယ့် ဗိုလ်အောင်ဒင်က သူတော်ကောင်းပီပီ ဦးဘချစ်တို့ကို အဆုံးမစီရင်ပါဘူး။ လူသတ်မှုသက်သေခံအဖြစ် ဦးဘချစ် သိမ်းယူထားတဲ့ ပြည်မြို့က စက်သူဌေး ဦးသင်းရဲ့ ခြောက်လုံးပြူးကိုဘဲ ပြန်တောင်းပါတယ်။ ခြောက်လုံးပြူးရရင် ပြန်လွှတ်မယ်ပေါ့။
ဦးဘချစ်အနေနဲ့ကတော့ Duty is duty ပေါ့လေ။ အလုပ်ဝတ္တရားကို ဖောက်ဖျက်ဘို့ မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီး သူ့ကို ဗိုလ်အောင်ဒင်က သတ်လို့ သေလိုက်ရတာကမှ ဖြေသာပါဦးမယ်။ အခုလို သူ့ချစ်သူ ဇနီးလောင်း မမြ၀င်းနဲ့ ဗိုလ်အောင်ဒင်တို့ တဦးနဲ့ တဦး မေတ္တာမျှနေတာ မြင်ရတာကကိုဘဲ ရည်စားလူလု ရွှေဥကြမ်းညပ်..အဲလေ..အူနုကျွဲခတ် ဆိုသလို ဦးဘချစ်ခမြာ ပိုပြီး အသည်းနာတာပေါ့။ တကယ်ဆိုရင် မမြ၀င်းနဲ့ သူနဲ့က ပြည်မြို့ ရွှေဆံတော်ဘုရားကြီးမှာ သွေမပျက်ဘို့ သစ္စာထားခဲ့ကြတာမို့လား။
ဗိုလ်အောင်ဒင်ဘက်က ကြည့်ပြန်ရင်လည်း သူသာ တကယ်တော့ မမြ၀င်းကို အရင်ဆုံး စတွေ့ခဲ့သူ။ ချစ်ခဲ့သူ။ ပထမဦးဆုံးအကြိမ် ဓါးပြတိုက်တုန်းက အားကိုးရာမဲ့တဲ့ မိန်းမသားတွေ ဆိုပြီးတော့ ကျုပ်အနေနဲ့ လမ်းစားရိတ်ငွေတဆယ်ဘဲ ယူခဲ့တယ်မို့လား… ဘာညာ သာရကာနဲ့ ချေးခြောက်ရေနှူးပြီး မမြ၀င်းကို သူ့ဘက်ပါအောင် ငိုပြ။ အခုလောလောဆယ် မမြ၀င်းကလည်း သူ့ကို ပြန်ချစ်နေပြီဆိုတော့ ဦးဘချစ်လက်ထဲ ပြန်ထည့်လိုက်ဘို့ဆိုတာက သဘောထားကြီးတဲ့လူပေမယ့်လည်း ထင်သလောက်မလွယ်။ ဒါကြောင့်ပြောတာ။ လောကကြီးမှာ ကိုယ်မပိုင်တဲ့ သူများပစ္စည်းကို ကူညီချင်လို့ဘဲဖြစ်ဖြစ်၊ ကယ်တင်ချင်လို့ဘဲ ဖြစ်ဖြစ် အတင်းအဓမ္မ ကြာရှည်သဖြင့် လက်ဝယ်ထားရှိတာဟာ မကောင်းဘူးကွဲ့။ အချိန်တန်လို့ ပိုင်ရှင်က ပြန်တောင်းတဲ့အခါကျမှ ဒါကြီးကို ကိုယ်က သံယောဇဉ်တွယ်နေပါပြီ။ ပြန်မပေးနိုင်တော့ပါဘူးဆို…အရပ်ရပ် နေပြည်တော် ကြားလို့ဘယ်တော်ပါတော့မလဲ။ ဟုတ်ဘူးလား။ နေပြည်တော်ဆိုလို့ ကြပ်ပြေးကိုလည်း ပြေးမမြင်နဲ့ဦး။ ဆိုရိုးစကားကို ဆိုရိုး စကားလိုဘဲ ရိုးရိုးသားသားဖတ်ကြပါ။ ခင်ဗျားတို့ ခက်တယ်ဗျာ။ ပြောပြောနေရတယ်။
အဲသည်လို ဦးဘချစ်နဲ့ ဗိုလ်အောင်ဒင်တို့ အသီးသီး အသက အသက မမြ၀င်းကို ကိုယ့်ဘက်ယိုင်အောင် အိုဘားမားနဲ့ ကလင်တန်တို့ မဲဆွယ်သလို အပြိုင်အဆိုင် သွေးဆောင်နေတဲ့အချိန်မှာ တကယ်အကြပ်ရိုက်နေရရှာသူကလေးကတော့ မမြ၀င်း။
မမြ၀င်းဘက်က ကြည့်ရင် ဦးဘချစ်က သူ့ချစ်ဦးသူ။ ဘုရားမှာ နှစ်ကိုယ်တူသွေမပျက်ဘို့ သစ္စာထားခဲ့သူ။ လက်ထပ်တော့မယ့်သူ။ ဒီဇာတ်လမ်းမှာ ဗိုလ်အောင်ဒင် ၀င်ဖျက်လို့ သူ့မှာ လှေနံနှစ်ဖက်နင်းတဲ့ မိန်းမဘ၀ကို ရောက်ရတဲ့သူ။ ဒါပေမယ့်လည်း တဖက်ကကြည့်ပြန်တော့ ဗိုလ်အောင်ဒင်ကိုလည်း လုံးလုံးကြီး ပစ်ပစ်ခါခါပြုလို့မရ။ တောင်ပေါ်စခန်းမှာ နေခဲ့စဉ်ခဏ သံယောဇဉ်တွေက ချည်နှောင်ခဲ့ရပြီလေ။ ….အကိုကြီး... မြအပေါ်မှာ ထားခဲ့တဲ့ စေတနာတွေ၊ အကြင်နာတွေ၊ အယုယတွေကို ဟောဒီ မိမြက ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ မေ့ပျောက်လို့ ရနိုင်တော့မလဲ…..။
အဲသလိုနဲ့ မဝေခွဲနိုင်မှုတွေအကြားမှာ မမြ၀င်းခမြာ မျက်ရည်လည်ရွဲနဲ့ ငါးရံ့ပြာလူးသလို ထွန့်ထွန့်လူးအောင် ခံစားနေရရှာသပေါ့။ အဲသည်မှာတင် အကြံကောင်းပေးမယ့် တတိယအုပ်စုလို လူတယောက် ပေါ်လာတယ်။ (ဆရာတင်မောင်သန်းကို စောင်းမြောင်း ရေးခြင်းမဟုတ်ပါ။) ဦးဘချစ်နဲ့အတူပါလာတဲ့ ပုလိပ်အရာရှိတယောက်ဘဲ။ သူ့အလိုအရ ဗိုလ်အောင်ဒင်ရော၊ မမြ၀င်းရော၊ ဦးဘချစ်ရော ဘယ်သူမှ မမှားဘူး။ ကံကြမ္မာကကို သည်လိုဖန်တီးလာလို့ သည်စခန်းဆိုက်တာ။ သည်တော့ သည်ကိစ္စမှာလည်း ကံစီမံရာဘဲ။ ကံကြမ္မာကိုဘဲ ဆုံးဖြတ်ခိုင်းမယ်။ ကဲ.... မပိုင်လား။ တတိယအုပ်စုမှန်ရင် ဥာဏ်ပညာနဲ့ ပြည့်စုံတယ်မှတ်။
“ဦးအောင်ဒင်ကလည်း လက်ကိုင်ပုဝါ တထည်ပေးပါ။ ဆရာဦးဘချစ်ကလည်း လက်ကိုင်ပုဝါ တထည်ပေးပါ။ ဒီလက်ကိုင်ပုဝါနှစ်ထည်ကို သည်ကွပ်ပျစ်ပေါ်မှာ ချထားမယ်။ ဟောဒီက ငါ့တူမကြီးကိုတော့ မျက်စိကို အ၀တ်စည်းရမကွဲ့။ ဦးက ဆွဲဆိုတဲ့အချိန်မှာ ငါ့တူမက ကွပ်ပျစ်ပေါ်မှာ ချထားတဲ့ လက်ကိုင်ပုဝါနှစ်ထည်ကို ဆွဲရမယ်။ စပြီး လက်ထဲကို ဆွဲမိတဲ့ လက်ကိုင်ပုဝါ ပိုင်ရှင်ဟာ ငါ့တူမကြီးရဲ့ ဖူးစာရှင်ပေါ့ကွယ်။” ……လို့ အခါတော်ပေး ဆရာကြီးက အကြံကောင်းပေးတယ်။
ဦးဘချစ်ရော၊ ဗိုလ်အောင်ဒင်ရော၊ ကျန်တဲ့လူတွေအားလုံးက ဒီအစီအစဉ်ကို သဘောတူကြတယ်။
ဒါပေမယ့် မမြ၀င်းမှာ ပူပန်နေတာ တချက်ရှိတယ်။
“ကိုကိုချစ် သဘောတူနိုင်မှ တူတယ်ပြောနော်။ နောက်တော့မှ မြ ကိုလေ... သစ္စာမရှိတဲ့ မိန်းမရယ်...လို့ စိတ်နဲ့တောင် မပြစ်မှားရဘူးနော်”
“ကိုကိုချစ် သဘောတူပါတယ် မြ ရယ်”
အဲ...အဲ... ဒိုင်လူကြီး တတိယအုပ်စုသမားမှာလည်း ပြောစရာ နည်းနည်းကျန်သေးတယ်။
“….ဒီကိစ္စမှာ တယောက်ယောက်က ရှုံးနိမ့်သွားခဲ့ရင် မင်းမှာသစ္စာ လူမှာကတိ ဆိုတဲ့အတိုင်း... လူကြီးလူကောင်းပီပီ.... ”
အာ….ဒီလူ ဒီလောက်ပြောနေတာကို ဗိုလ်အောင်ဒင် အားကြီး စိတ်ဆိုးတယ်။ သူ့ကို သက်သက်မဲ့ စော်ကားနေတယ်လို့ ယူဆတယ်။
“ဘာလဲ….ခင်ဗျားက ကျုပ်ကို ရည်စူးပြီး ပြောနေတာလား။ ဗိုလ်အောင်ဒင်ဟာ ဓားပြဗိုလ် လူဆိုးဗိုလ် ဆိုပေမယ့် ခင်ဗျားတို့ထက် အများကြီး သစ္စာရှိတယ်။ ဒီမယ်….ကျုပ်ရှုံးရင် ပြုံးနေလိုက်မယ်။ ကျုပ်နိုင်ရင်သာ ခင်ဗျားတို့ မျက်နှာတချက်မပျက်ကြနဲ့။ အားလုံး ဒုက္ခရောက်သွားမယ်” တဲ့။
အဲသည်လိုနဲ့ မမြ၀င်းတယောက် မျက်နှာကို အ၀တ်စည်း။ အခါပေးဆရာကြီးက လက်ကိုင်ပုဝါ နှစ်ထည်ကို ကွပ်ပျစ်ပေါ်မှာ အသာချ။ မမြ၀င်းဟာ ရင်တမမနဲ့ အသက်ကို အောင့်ပြီး ပုဝါစကို ဆွဲလိုက်တယ်။
“ဟင်…..ကိုကိုချစ် လက်ကိုင်ပုဝါပါလား….”
ရုပ်ရှင်ထဲမှာတော့ ဗိုလ်အောင်ဒင်ဟာ ကတိအတိုင်း သူရှုံးတဲ့အခါမှာ ပြုံးနေလိုက်တယ်။ သူတပည့်တွေကိုလည်း ညွှန်ကြားတယ်။ ဦးဘချစ်တို့ မမြ၀င်းတို့ကို နေမ၀င်ခင် ဆင်နဲ့ ပြန်ပို့ပေးဘို့ကိုပေါ့။ သူကိုယ်တိုင်ကတော့ အသည်းကွဲပြီး ကျန်ရစ်ခဲ့တာပေါ့။
ဒီဇာတ်ကားကို ကြည့်တော့ ဗိုလ်အောင်ဒင်ဟာ လူဆိုးဗိုလ်၊ ခိုးဆိုး၊ လုယက်၊ ဓါးပြတိုက် မကောင်းမှုတွေ ကျူးလွန်ခဲ့ပေမယ့် ပေးထားတဲ့ ကတိကိုတော့ တည်တာတွေ့ရတယ်။ နောက်ဆုံးမှာ သူ့ကတိအတိုင်း ဦးဘချစ်တို့ မမြ၀င်းတို့ကို ပြန်လွှတ်လိုက်တာတွေ့ရတော့ စောစောပိုင်းက မဟုတ်တရုတ် လျှောက်လုပ်ခဲ့တဲ့ သူ့အပြစ်တွေကိုတောင် ခွင့်လွှတ်ချင်သလို လို ဖြစ်လာတယ်။ ပရိတ်သတ်ကြီးမှာ သူ့ကို သနားစိတ်တောင် ၀င်လိုက်မိသေးရဲ့။ ဗမာတွေ ခွင့်လွှတ်တတ်ပုံများ ပြောပြပါတယ်။
ကျနော်လည်း တွေးမိတယ်လေ။
သူခိုးဓါးပြတိုင်းသာ ဗိုလ်အောင်ဒင်လို ကတိတည်တတ်မယ်ဆိုရင် လောကကြီးက တော်တော်သာယာမယ်လို့။
မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။
(၁) “ဗိုလ်အောင်ဒင်ဟေ့.. ဗိုလ်အောင်ဒင်”
(၂) ဘားမားတူဒေးတွင် တင်ခဲ့သောပို့စ်
11 comments:
ကို ပေါ-
အရေးကောင်းသလို၊ တင်ပြချက်ကလည်း ထိရောက်မှုအတော်ရှိတဲ့ စာတစ်ပုဒ်။
ကလောင်အစွမ်းကို ဆေးတစ်ခွက်လို အသုံးချပြိး အဆိပ်သင့်နေသူများ ကုသပေးနေသာ ကိုပေါ ကိုလေးစားမိပါသည်။
ကိုပေါရဲ့ဆေးကတော့ ထက်လှပါတယ်- အဆိပ်သင့်နေသူကို ဆေးသောက်ရအောင် ကြိမ်လုံးတစ်လုံးတော့ ရှာရဦးမယ်။
ကိုပေါ -
ခွင့်တောင်းပါရစေ.- ကျွန်တော်တို့ Blog -www.journal.sanchaung.com မှာ တင်ထားဖို့ ခွင့်ပြုနိုင်မလား။
ုKaSanChaung,
ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့... သုံးပါ။
ခင်မင်စွာဖြင့်...
ကိုပေါ။
ဗိုလ်အောင်ဒင်ကား ပြန်နွေးပြီးသားဖြစ်သွားတယ်။ ကျေးဇူး။ ဒါနဲ့ “ဗိုလ်အောင်ဒင် တစ်ကိုယ်တည်းသမား အရူးကြီးပမာ ဖြစ်ကာဇာတ်သိမ်းမည်” ဆိုတဲ့ သီချင်းက အဲဒီကားရဲ့ ဇာတ်ဝင်တေးလားဟင်။
မယုဝရီ…. မှန်လိုက်လေ။ ဇာတ်သိမ်းသီချင်းလေဗျာ။ အရူးကြီးပမာ ဖြစ်သွားတဲ့ တစုံတယောက်ကိုတောင် သတိရမိတယ်။
ကြုံလို့ပြောပြရဦးမယ်..ငယ်တုံးက အိမ်ကိုဧည့်သည်လာတိုင်း နံရံပေါ်က ဖေဖေ့ဓါတ်ပုံကို ဒါဗိုလ်အောင်ဒင်လားလို့ မေးလေ့ရှိကြတယ်။ ကိုယ်ကတော့တူတယ် မထင်ပေါင်. ဒမြနဲ့နှိုင်းရမလားဆိုပြီး ခလေးပီပီ စိတ်ကောက်သေးတာ.. အံမယ်..အမေလုပ်သူကတော့ သဘောအကျကြီးကျပြီး လဖ္ဘက်ရည်တွေ မုံ့တွေချကျွေးရတာအမော..
အခုကိုပေါက ဗိုလ်အောင်ဒင်ကို သူနဲ့တင်စားလိုက်တော့ ကိုယ်တို့အမေ စိတ်
ညစ်ရှာမယ်။ ကိုယ်ကတော့ မဟော်သဓါရဲ့ သားတရားစီရင်ခန်းလေး သတိယမိတယ်။
very good post.
:)
ကိုပေါ
အရေးအသားကတော့ဆရာကြီးပါပဲ၊ပေးထားတဲ့မက်ဆေ့
ကိုလည်းသဘောပေါက်ပါတယ်၊ဒါပေမယ့်နေပြည်တော်
ငသန်းကတော့မွေးကထဲကဓမြဖြစ်နေတာကိုပေါမသိလိုက်
တာနာတာပဲ။
အခု ဒမြဗိုလ်ကြီးကလဲပြုံးနေပါတယ် လက်ကိုင်ပုဝါနှစ်ထည်လုံးသူ့ဟာချည်းပဲချထားတာဆိုတော့ ပြုံးပြုံးနဲ့ပေါ့
နောက်ဆုံးကျတော့ ဗိုလ်အောင်ဒင်နဲ့ မမြ၀င်း ရသွားကြတယ် မဟုတ်လား။ သားဗိုလ်အောင်ဒင် ဇာတ်ကားမှာ ကြည့်ဖူးတာပဲ။
ကိုအောင်ကိုကိုထိုက်ပြောတာနဲ့ သတိရမိတယ်။ လက်ကိုင်ပ၀ါတစ်ထည်ကို မျိုချပစ်ရမလား မသိဘူးနော်။
လာရောက်အားပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဗိုလ်အောင်ဒင်ကို အရူးကြီးပမာဖြစ်ကာ ဇာတ်သိမ်းပြီ ဆိုတဲ့လူနဲ့၊ အမေစိတ်ညစ်မှာ မြင်ယောင်တဲ့လူနဲ့၊ နှစ်ထည်စလုံး သူ့လက်ကိုင်ပုဝါချည်းပဲ ဆိုတဲ့လူနဲ့၊ နောက်ဆုံး လက်ကိုင်ပုဝါတထည်ကို မျိုချပစ်ဖို့ ကြံတဲ့လူနဲ့ (လက်ကိုင်ပုဝါ မြိုဖို့ကြံတဲ့သူဟာ Thinking out of the box or out of the mouth?? )…. စုံလင်ပါပေတယ်။ ကွန်မင့်တွေကို ဖတ်ပြီး ရယ်လိုက်ရတာ။
Post a Comment