“မီးခိုးလိုလို တိမ်လိုလို”

Share |
လူတွေမှာ ကြီးပွားပုံကြီးပွားနည်း အမျိုးမျိုးရှိနိုင်ပါတယ်။

တချို့လည်း သမာအာဇီဝနဲ့ ရိုးရိုးသားသား ကြိုးစားအားထုတ်ရင်း ကြီးပွားကြတယ်။
တချို့တော့ သူတပါးအပေါ်မှာ မတော်တရော် ခေါင်းပုံဖြတ်လို့ ကြီးပွားကြတယ်။
တချို့ကျပြန်တော့ ဒုစရိုက်မှု၊ မသမာမှုတွေနဲ့ ကြီးပွားချမ်းသာလာတတ်ကြတယ်။

ကျနော်တို့ငယ်ငယ်က ဖတ်ခဲ့ ကြည့်ခဲ့ နားထောင်ခဲ့ရတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ် စတာတွေမှာ မတရားသဖြင့် ကြီးပွားချမ်းသာတာမျိုးကို အားမကျမိအောင် ပညာပေးတဲ့ ဦးတည်ချက်တွေပါတယ်။ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း ဆိုတာကို စိတ်သဏ္ဍာန်မှာ သံမှိုနှက်သလို စွဲမြဲအောင် သင်ယူခဲ့ရတယ်။ မတရားမှုကို ရွံရှာစက်ဆုပ်ဖွယ်ဖြစ်ရပ်တခုအဖြစ် ဖတ်ခဲ့ရ၊ လေ့လာခဲ့ရ၊ သင်ယူခဲ့ရတယ်။ ဒီတော့ မတရားမှုနဲ့ ကြီးပွားချမ်းသာလာသူတွေကို အားကျစရာအဖြစ်လည်း သဘောမထားခဲ့ဘူး။ ယုတ်စွအဆုံး အဲသည်လို ကြီးပွားလာသူတွေကို လက်ဆွဲနှုတ်ဆက်ဖို့တောင် ၀န်လေးခဲ့တယ်။

ကြီးပွားချမ်းသာမှုမှာတင် မဟုတ်ပါဘူး။ အခြားနယ်ပယ်တွေမှာ အောင်မြင်တယ်ဆိုရင်လည်း တရားသဖြင့် အောင်မြင်တာမျိုးကိုပဲ လက်ခံလိုပါတယ်။

ဒါပေမယ့် ဒီကနေ့ လက်ရှိမျက်မှောက်ခေတ်ကြီးထဲမှာ ကြည့်လိုက်တဲ့အခါ မတရားသဖြင့် ကြီးပွားသူတွေ၊ မတရားသဖြင့် အောင်မြင်သူတွေကို လူတွေက အပြစ်ရယ်လို့တောင် မမြင်ကြဘဲ ဖော်လံဖားကြ၊ ကျို့ကြ၊ ချူကြ၊ မြှိုက်ကြ၊ မြောက်ကြပင့်ကြတာတွေကို တွေ့နေရတယ်။ သူတို့အဖို့ ဘယ်လိုနည်းနဲ့ ကြီးပွားလာသလဲဆိုတာက အရေးမပါတော့သယောင်။

အထူးသဖြင့် အစိုးရတရပ်ဟာ မတရားတဲ့နည်းနဲ့ အာဏာကို ရယူပြီး အမြင်မတူသူတွေကို မတရားသဖြင့် နှိပ်ကွပ်နေရင်တောင်မှ အဲသည်အာဏာရအစိုးရကို မြှောက်ကြ၊ပင့်ကြတဲ့ လူတွေ ဒုနဲ့ဒေးရှိနေတာကို တွေ့နေရတယ်။ အဲဒီလူတွေရဲ့ အသွင်သဏ္ဍာန်မှာ တရားမျှတမှုကို မြတ်နိုးခြင်းဆိုတဲ့ ၀ိသေသလက္ခဏာလေး ပျောက်ဆုံးနေဟန်တူရဲ့။

အချို့နိုင်ငံတွေမှာ အစိုးရအာဏာရလာပုံဟာ မတရားသောနည်းနဲ့ အတိုက်အခံကို မတရားသဖြင့် တဖက်သတ်ချေမှုန်းပြီး အာဏာရလာပုံမျိုးပါ။ တခါ နိုင်ငံကြီးပွားပုံကလည်း ငွေကြေးခ၀ါချတယ်၊ အာဏာရှင်အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်တယ်၊ လက်နက်ပစ္စည်း ရောင်းချတယ်၊ ပြည်သူကို ဖိနှိပ်လည်ပင်းညှစ်တယ် စတာမျိုးတွေနဲ့ ကြီးပွားလာတတ်ကြပါတယ်။ ဒါပေမယ့် လူတွေက ကြီးပွားတာကိုသာ မြင်ကြတော့တယ်။ ဘယ်ပုံဘယ်နည်း ကြီးပွားလာတယ်ဆိုတာကို ထည့်တွက်ဖို့တော့ မေ့လျော့နေကြဟန်တူရဲ့။

လူတယောက်ဟာ မိမိထောက်ခံလိုတဲ့ဖက်ကို လွတ်လပ်စွာ ထောက်ခံနိုင်တာမှန်ပေမယ့် မိမိထောက်ခံတဲ့ဘက်က အခြားတဖက်ကို မတရားသဖြင့် ချေမှုန်းနေမယ်၊ တရားလက်လွတ်ပြုမူနေမယ်ဆိုရင်တော့ မိမိရဲ့ ထောက်ခံမှုကို ပြန်လည် သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။

ဘက်နှစ်ဘက်ဟာ အရာရာ တန်းတူရည်တူ အခွင့်အရေး ရနေပြီး တဖက်က အရည်အချင်းကြောင့် သာသွားတာမျိုး၊ အောင်မြင်သွားတာမျိုးဆိုရင် ဘာမှ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ အဲသည်လိုမဟုတ်ဘဲ အသာစီးရသွားတဲ့လူက အမြင်ကွဲလွဲတဲ့ အခြားတဖက်အပေါ်မှာ မတရားတဲ့ ဥပဒေတွေ အမျိုးမျိုးပြဌာန်းပြီး အရေးယူတာမျိုး၊ ဖိနှိပ်တာမျိုးဆိုရင် မြန်မာပြည်ပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် မတရားတဲ့ဖက်က ဘက်မလိုက်ကြဖို့ လိုပါတယ်။ ကြားမနေမိဖို့လည်း အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး တခါက ပြောဖူးသလို….“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”...ဆိုသလို ဖြစ်နေလို့ပါပဲ။

အမှန်နဲ့ အမှားဟာ တဖက်စွန်းစီမှာ တည်ရှိနေကြတယ်။ အဲဒီအချိန်မှာ ကြားနေတယ်ဆိုပြီး ကြားမှာ ၀င်ရပ်သူဟာ ဘယ်တော့မှ ရာနှုန်းပြည့်အမှန်သမားလုံးလုံး မဖြစ်နိုင်တော့ပါဘူး။ အဖြူနဲ့အမဲမှာ ကြားအရောင်ဖြစ်တဲ့ မီးခိုးကိုတော့ ရချင်ရမယ်။ ဒါပေမယ့် မီးခိုးဟာ အဖြူစစ်စစ်တော့ မဖြစ်နိုင်ဘူး။ အမှန်တ၀က်အမှားတ၀က်တွေကို အမှန်သက်သက်လိုလို ရောင်းစားလိုသူများဟာ မရိုးသားသူများ ဖြစ်ကြပါတယ်။

4 comments:

Anonymous said...

ကိုပေါပြောတာ လုံးဝလက်ခံတယ်။ တခုရှိတာက အိုဘားမာဟာ လူမဲပါ၊ အပြောကလဲကောင်းသလို အရည်အချင်းလဲရှိပါရဲ့၊
ဒါပေမဲ့ သိပ်တော့တော်ဝင်ဆန်မဲ့ပုံ မင်းစိုးရာဇာပုံမပေါက်လှဘူး၊ အမြီးကျက်အမြီးစား
ခေါင်းကျက်ခေါင်းစား ဆိုသလို သူ့လက်ထက်မှာ
သူ့တိုင်းပြည်စီးပွါးရေးဦးမော့ဖို့နဲ့ သူ့ကိုမဲပေးခဲ့တဲ့ သူ့လူမျိုးကောင်းစားဖို့
ဘာမဆို အတတ်နိုင်ဆုံး ကြိုးစားလုပ်မဲ့ပုံပဲ၊ တရုတ်သြဇာခံ တိုင်းပြည်တွေကို သူ့ဖက်ပါအောင်
အချိုသတ်လက်လျှိုကမ်း၊ ပြီးတော့မှ တရုတ်ကြီးကို
လည်ပင်းဖက်ပြီး ပူးသတ်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဒလိုင်လာမာကြီးလို
လေးစားပါတယ်ဆိုပြီး ပြတိုက်ထဲထဲ့တဲ့ သဘောလုပ်တော့မှာစိုးရိမ်မိပါရဲ့၊

pandora said...

pကျနော်လည်း ကြားနေတစ်မျိုးအကြောင်း ရေးထားတယ်။ တိမ်ဖြူပုဆိုးနတ်မီးခိုး ၀တ်ကြပါစေလေ။

Maung Linn said...

တကယ်ကောင်းတဲ့ ထိတဲ့ ပိုစ့်ပါ.. သတိထားမိတာ ဒီလိုပိုစ့်တွေမှာ န.အ.ဖ ဒေါက်တိုင်တွေ အသံတိတ်နေတတ်တယ်..

မောင်လင်းအဖေ said...

အွန်လိုင်းတော်လှန်ရေး.... ဟားဟား.....

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs