ဒါပေမယ့် ဒီလောက်နဲ့ လုံလောက်ပြီလား။ ဒီအချက်တွေဟာ ကျနော့်ကို မျိုးချစ်စင်္ကာပူနိုင်ငံသား တယောက် ဖြစ်စေသလား။ စင်္ကာပူအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးကိစ္စတွေမှာ ကိုယ်နဲ့မဆိုင်သလို အေးအေးဆေးဆေး ဘာသိဘာသာနေတတ်ကြတဲ့ ကျနော်တို့တတွေဟာ ကိုယ့်ကိုယ်ကို မျိုးချစ်စိတ်ရှိသူတွေလို့ ကြွေးကြော်နိုင်ကြပါသလား။
လွန်ခဲ့တဲ့ ဧပြီလကတည်းက ဒီမေးခွန်းတွေအပေါ်မှာ ကျနော် အတွေးသံသရာချဲ့နေခဲ့ပါတယ်။ အဲဒီအချိန်က ကျနော်ဟာ ဒီမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပြမှုကို သတင်းယူနေရတဲ့အချိန် ဖြစ်ပါတယ်။
အခုအချိန်မှာ အတည်ပြုပြီးသွားပြီဖြစ်တဲ့ အဲဒီတိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို မဲထည့်ကြစဉ်က ဖြစ်ပါတယ်။
နိုင်ငံသားတွေထဲက ဒါဇင်အနည်းငယ်ဟာ မဲထည့်ရမည့်အခွင့်အရေးကို ဆုပ်ကိုင်ပြီး စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ (ဘာသာပြန်သူမှတ်ချက်။ လူ ၂၀၀၀ ကျော် တက်ရောက်သော ပွဲတခုအား ဒါဇင်အနည်းငယ်ဟု ရေးသားသည့် သတင်းစာမျိုးမှာ ကမ္ဘာပေါ်တွင် စထရိတ်စ်တိုမ်းစ်နှင့် မြန်မာ့အလင်း နှစ်မျိုးသာ ရှိမည်ဟု ကျနော်ထင်မိသည်။)
တနေ့တာကုန်ဆုံးလို့ လူစုမခွဲခင်မှာ သူတို့ဟာ အင်မတန် စိတ်တက်ကြွဘွယ်ကောင်းတဲ့ သူတို့ရဲ့ နိုင်ငံတော်သီချင်း “ကမ္ဘာမကြေ” ကိုသီဆိုပြီး အဆုံးသတ်ဘို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ရင်ထဲကို စီးကူးပြီး ထိမှန်လာတဲ့ ခံစားချက်တွေကြောင့် ကျနော်ဟာ အနီးမှာရှိတဲ့ ကျနော်တို့စင်္ကာပူနိုင်ငံသားသတင်းထောက်တယောက်ကို မေးခဲ့မိပါတယ်။ “ခင်ဗျားအနေနဲ့ နိုင်ငံတော်သီချင်းကို နောက်ဆုံးအကြိမ်အဖြစ်သီဆိုခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ နေပါဦးဗျ။ ခေါင်းစဉ်က ဘာပါလိမ့်၊ မာရီ ကီတာ မို့လား။”
ဟုတ်ပါတယ်။ ခေါင်းစဉ်နဲ့ ပတ်သက်လို့ ကျနော်မှားယွင်းခဲ့ပါတယ်။ မာရီ ကီတာ ဆိုတာဟာ “လာကြဟေ့၊....ကြစို့” ဆိုတဲ့ အဓိပ္ပါယ်ရပြီး အဲဒီစကားနှစ်လုံးဟာ နိုင်ငံတော်သီချင်းရဲ့ စစချင်း အဖွင့်စာသား နှစ်လုံးဖြစ်ပါတယ်။ တကယ့်ခေါင်းစဉ်ကတော့ “မာဂျူလာ စင်္ကာပူရ” သို့တည်းမဟုတ် “ရှေ့သို့ စင်္ကာပူ” ဖြစ်ပါတယ်။ ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်ဘွယ်ကောင်းလိုက်တဲ့ မှားယွင်းမှုလဲဗျာ။
မြန်မာသံရုံးရှေ့ အဲဒီနေ့ကပွဲမှာ ကျနော့်အနေနဲ့ သိနားလည်ခွင့်ရလိုက်တဲ့ တခြားအရာတခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ “မျိုးချစ်စိတ်ဆိုတာမှာ ငါမဆိုင်စိတ်ဓါတ်အတွက် နေရာမရှိဘူး” ဆိုတဲ့အချက်ပါဘဲ။
မှန်ပါတယ်။ မြန်မာတွေ စင်္ကာပူက လမ်းပေါ်မှာ လူစုလူဝေးနဲ့ စုဝေးကြတဲ့အတွက် လူစုလူဝေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်လို့ မှားတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အမိမြေအတွက် နိုင်ငံရေးမှာ ပါဝင်ပတ်သက်လိုတဲ့ သူတို့ရဲ့ ခိုင်ကျည်တဲ့ သန္နိဋ္ဌာန်နဲ့ ဆန္ဒပြင်းပြမှုကို ကျနော့်အနေနဲ့ မလေးစား၊မကြည်ညိုဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။
ဒီလိုဘဲ နောက်ထပ် မျိုးချစ်စိတ်ဓါတ် ဥပမာတခုကတော့ ပြီးခဲ့တဲ့ မေလက တရုတ်နိုင်ငံသားတွေက ထုတ်ဖော်ပြသလိုက်တဲ့ အင်တာနက်ပေါ်က ဒေါသတကြီး တုန့်ပြန်မှုပါ။ တိဘက်အရေးကိစ္စမှာ တရုပ်နိုင်ငံရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကို ၀ိုင်းဝန်းရှုတ်ချတဲ့အခါ တုန့်ပြန်ကြတဲ့ တုန့်ပြန်မှုပါ။
စင်္ကာပူနိုင်ငံအနေနဲ့လည်း နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်ပေါ်ခဲ့လို့၊ အကြပ်အတည်းဆိုက်လာလို့ လိုအပ်လာတဲ့အခါ မြန်မာနိုင်ငံသားတွေ လုပ်ဆောင်ခဲ့ကြသလို ဘဲ စင်္ကာပူနိုင်ငံသားတွေကရော ပါဝင်ပတ်သက်ကြပါ့မလား။ တရုတ်ပြည်လို မမျှမတ ဝေဖန်မှုကို ခံရတဲ့အခါ တရုတ်နိုင်ငံသားတွေ လုပ်ခဲ့သလို စင်္ကာပူနိုင်ငံသားတွေကရော ခုခံကာကွယ်ကြပါ့မလား။
စင်္ကာပူနိုင်ငံသားတွေလည်း ထွက်လာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ချင်ပါတယ်။ ဒါပေမယ့် အရင်က ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရကြည့်ရင်တော့ ကျနော့်အနေနဲ့ သိပ်မကျိန်းသေလှဘူး။
၂၀၀၆ ခုနှစ် မတ်လအတွင်းက အသက်၂၁ နှစ်ကနေ ၃၄ အကြား စင်္ကာပူနိုင်ငံသား ၄၁၃ ယောက်ကို စထရိတ်စ်တိုင်းမ် သတင်းစာက စစ်တမ်းကောက်ကြည့်ခဲ့တယ်။ အဲဒီနှစ်က မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း သူတို့ရဲ မဲဆန္ဒနယ်ဟာ ယှဉ်ပြိုင်အရွေးခံတဲ့ အတိုက်အခံပါတီမရှိလို့ မဲပေးခွင့်မရခဲ့ရင် စိတ်မပျက်ဘူးလို့ ဆယ်ဦးမှာ ခြောက်ဦးက ဆိုပါတယ်။
စစ်တမ်းအကောက်ခံရသူရဲ့ ထက်ဝက်ကျော်က သူတို့နယ်က လွှတ်တော်အမတ်ဟာ ဘယ်သူဘယ်ဝါလဲလို့ မသိကြဘူး။ ပါလီမန်ထဲမှာ လက်ရှိ ရှိနေတဲ့ ပါတီသုံးခုရဲ့ အမည်ကို ဆယ်ယောက်အနက် နှစ်ယောက်ကဘဲ မှန်မှန်ကန်ကန် ဖြေနိုင်ကြတယ်။
အဲသည်လောက် နိုင်ငံရေးအသိခေါင်းပါးနေရင် (ငါမဆိုင် သလိုနေကြရင်) ကျနော်တို့ဟာ မျိုးချစ်စိတ်ရှိတယ်လို့ ကြွေးကြော်နိုင်ပါဦးမလား။ သေချာပါတယ်။ မကြွေးကြော်နိုင်ပါဘူး။
ဘာကြောင့် ဒီအခြေအထိ ဆိုက်ရောက်သွားရသလဲ။
ဖြစ်နိုင်တဲ့ အကြောင်းရင်းတခုကတော့ စင်္ကာပူနိုင်ငံသားအများစု၊ အထူးသဖြင့် ငယ်ရွယ်တဲ့ မျိုးဆက်သစ်ဟာ လိုလေသေးမရှိတဲ့ ဘ၀ကို ခံစားခဲ့ကြရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒါကလည်း သူတို့ရဲ့ ဘ၀တွေကို ထောင့်ပေါင်းစုံကနေ စောင့်ရှောက်ပေးတဲ့ စွမ်းဆောင်ရည်ပြည့်တဲ့ အစိုးရရဲ့ ကျေးဇူးကြောင့်ပါ။
အများစုဟာ သူတို့ရဲ့ အလုပ်အကိုင်နဲ့ မိသားစု တိုးတက်ရေးကို တည်ဆောက်ရင်းနဲ့ဘဲ ကျေနပ်နှစ်သိမ့်နေကြတာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှန်သမျှကို နိုင်ငံရေးနယ်မှာ လှုပ်ရှားကစားနေကြသူတွေထံမှာသာ လုံးလုံးလွှဲအပ်ထားတယ်။ အဲဒီလို စိတ်ဓါတ်မျိုးဟာ သာမန် အေးချမ်းတည်ငြိမ်နေတဲ့အချိန်မှာ ပြဿနာမရှိလှပေမယ့် စင်္ကာပူမှာ ဆိုးရွားကျပ်တည်းတဲ့အခြေအနေတွေ ကျရောက်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။
အခုလို အမျိုးသားနေ့အခါသမယမှာ ကျနော်တို့တွေ မျိုးချစ်စိတ်ပိုပြီးရှိလာအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အပေါ် ကျနော့်စိတ်ကူးတွေကို မျှဝေချင်ပါတယ်။
ပထမဆုံးအနေနဲ့ လက်ရှိအခြေအနေတွေနဲ့ ပြည်တွင်းကိစ္စရပ်တွေကို အာရုံစိုက်ရပါမယ်။ အထူးသဖြင့် စင်္ကာပူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများဖြစ်တဲ့ ဦးနှောက်ယိုစီးမှုလိုပြဿနာမျိုး၊ အသက်အရွယ်အိုမင်းကြီးရင့်လာသူများပြဿနာလိုမျိုး ကိစ္စတွေကိုပေါ့။ အဲဒီပြဿနာတွေဟာ စင်္ကာပူကို ထိခိုက်နိုင်တယ်ဆိုရင် တနေ့ကျရင် သင့်ကိုလည်း ထိခိုက်လာမှာ အမှန်ဘဲ။
ဒေသခံ သင့်ခ်-တင့်ခ် တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ကမကထပြုတဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ဟောပြောပွဲ တွေကို တက်ရောက်ပါ။ ပါဝင် ပတ်သက်ပါ။
အဲသည်လို တက်ရောက်ခြင်းဖြင့် ကိစ္စရပ်တွေအကြောင်း ပိုမိုလေ့လာခွင့် ရလာပါလိမ့်မယ်။ အဲသည် ဗဟုသုတဟာ လွတ်လပ်ရေးရပြီးကတည်းက စင်္ကာပူအနေနဲ့ ဘယ်လောက်အထိ လျှောက်လှမ်းခဲ့ရသလဲဆိုတဲ့အချက်ကို ပိုမိုနားလည်စေပြီး ကျနော်တို့ ခက်ခက်ခဲခဲ ရယူထားတဲ့ အောင်မြင်မှုကို ဘာကြောင့် ကာကွယ်သင့်သလဲဆိုတာကိုပါ သဘောပေါက်စေပါလိမ့်မယ်။
တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကိုလည်း ထက်သန်လာစေအောင် လှုံ့ဆော်နိုင်ပြီး နိုင်ငံရေးမှာ ပိုမို သိနားလည်စွာ ပါဝင်လာအောင်လည်း တွန်းအားပေးနိုင်ပါလိမ့်မယ်။
တချိန်တည်းမှာဘဲ အစိုးရရဲ့ အမျက်တော်ရှမှာကို မစိုးရိမ်ရဘဲ တဦးတယောက်အနေနဲ့သော်လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း လွတ်လွတ်လပ်လပ် မှတ်ချက်ချခွင့်၊ ပါဝင်လှုပ်ရှားခွင့်ရတဲ့ ပတ်ဝန်းကျင်မျိုးလိုအပ်နေပါတယ်။
အဲဒီလို လိုအပ်နေတဲ့ ခွင်ကို ချဲ့ထွင်နိုင်ဘို့အတွက် ယခုအခါ နိုင်ငံရေးဘလော့ဂ်များ၊ အွန်လိုင်းစီတီဇင်လို လူမှု-နိုင်ငံရေး အင်တာနက်စာမျက်နှာများ နဲ့ အနုပညာမြင်ကွင်းများ စသဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။
နိုင်ငံရေးအရ ပိုမိုတက်ကြွတဲ့ နိုင်ငံသားတဦးဟာ အာဏာရပီအေပီပါတီအတွက်ရော၊ အတိုက်အခံပါတီများအတွက်ပါ အကျိုးရှိတာ အမှန်ပါ။
အနည်းဆုံးတော့ နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ အစိမ်းသက်သက် နိုင်ငံသားတဦးကို ပါလီမန်ထဲကို အမတ်အဖြစ် ချက်ချင်းကြီး ဆွဲသွင်းစရာမလိုတော့ဘူးပေါ့။
ကျနော့်အနေနဲ့ကတော့ ပထမဦးဆုံးအဆင့်အနေနဲ့ အမျိုးသားနေ့အခမ်းအနားမှာ နိုင်ငံတော်သီချင်းကို တီဗီကနေ တိုက်ရိုက်လွှင့်ထုတ်နေတုန်းမှာ စိတ်ဝင်တစားနားထောင်မယ်၊ ပြီးတော့ စာသားတွေကို အသေအချာ နားလည်အောင် စဉ်းစားကြည့်မယ်လို့ စီစဉ်ထားတယ်။
(၂) “ပြန်လည်ပေးဆပ်ချိန် ရောက်လာပြီလော”...........လျောင်ဇီဟျမ်း (တီအိုစီ)
စင်္ကာပူအာဏာပိုင်များမှ ဗီဇာသက်တမ်းတိုးမြှင့်မပေးရန် ဆုံးဖြတ်လိုက်သည့်နောက်ပိုင်း စင်္ကာပူမှ ထွက်ခွာသွားရသူ မြန်မာအရေးတက်ကြွသူသုံးဦးအကြောင်းနှင့် ရီအင်ထရီ ပါမစ် သက်တမ်းတိုးပေးခြင်းမခံရသော အမြဲတမ်းနေထိုင်ခွင့်(ပီအာရ်)ရထားသူ မြန်မာသုံးဦးအကြောင်း သတင်းများကို ရည်ညွန်းပါသည်။
ယမန်နှစ်က ရဟန်းရှင်လူထောင်ပေါင်းများစွာအား ရက်ရက်စက်စက် မနားမနေ သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့အပေါ် စင်္ကာပူနှင့်အာဆီယံအပါအ၀င် တကမ္ဘာလုံးက မယုံနိုင်လောက်အောင် စိုးရိမ်ထိတ်လန့်ခြင်းကို ပြသခဲ့ကြသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုမှာပင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ မြန်မာလူမျိုး တစ်သိန်းခန့် နေထိုင်ရာ စင်္ကာပူတွင်လည်း မြန်မာနိုင်ငံသားများ၊ စင်္ကာပူနိုင်ငံသားများ နှင့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ အားလုံးသည် မြန်မာစစ်အစိုးရ၏ လုပ်ရပ်အား ကန့်ကွက်သည့်အနေဖြင့် လူစုလူဝေးမျိုးစုံ စုဝေးကာ ဆန္ဒပြခဲ့ကြသည်။
ကျွန်ုပ်တို့၏ ကျောင်းသားများကိုယ်တိုင်ပင် တက္ကသိုလ်ကောလိပ်များ၌ မြန်မာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ကို ပြီးခဲ့သောနှစ် အောက်တိုဘာလက ဖိနှိပ်ခံမြန်မာပြည်သူများအကြောင်း လူအများအာရုံပြုမိစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ( TOC’s report). ကို ဖတ်ပါရန်။
အာဆီယံပဋိညာဉ် စာတမ်းပါ လူ့အခွင့်အရေးအဖွဲ့အစည်းနှင့်ပတ်သက်၍ အခန်း ၁၄ ၌ နိဒါန်းအနေဖြင့် ဖော်ပြရာတွင်...
....ဒီမိုကရေစီ၏ စည်းမျဉ်းစည်းကမ်းများ၊ တရားဥပဒေအတိုင်း တသွေမတိမ်းလိုက်နာမှု နှင့် ကောင်းမွန်သော အုပ်ချုပ်မှု တို့ကို စွဲစွဲမြဲမြဲ လိုက်နာပြီး လူ့အခွင့်အရေးနှင့် အခြေခံကျသော လွတ်လပ်မှုကို လေးစားခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း......
....ဟူ၍ ပါရှိသည်။
သို့စင်လျက် မြန်မာ့အရေးတက်ကြွသူများကို ယခုကဲ့သို့ အရေးယူပြလိုက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကျန်သည့် တကမ္ဘာလုံးကို မည်သို့ အချက်ပြရာ ရောက်သနည်း။ အထူးသဖြင့် ပြီးခဲ့သောလကအထိ အာဆီယံဥက္ကဋ္ဌနေရာကို ယူခဲ့သော စင်္ကာပူအနေဖြင့် ကျန်သည့် တကမ္ဘာလုံးကို မည်သည့် အဓိပ္ပါယ်သတင်းစကားမျိုး ပါးရာရောက်နေပါသနည်း။
ဗီဇာသက်တမ်းတိုးမပေး၍ ထွက်ခွာသွားရသူများအဖို့.....၄င်းတို့သည် မြန်မာပြည်သို့ ပြန်လို့ ဖြစ်နိုင်ပါဦးမည်လော။ ၄င်းတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ် စိတ်ချရပါ၏လော။ ယခုကဲ့သို့ အချိန်တိုတိုအတွင်း အကြောင်းကြားမှုကြောင့် ဗြုန်းစားကြီး ထထွက်သွားရသူတို့အဖို့ အခြားတိုင်းပြည်တခုတွင် နေထိုင်ခွင့်အခြေအနေတခု ရရန်လွယ်ကူမည်မဟုတ်ချေ။ ဤသို့ဆိုလျှင် ၄င်းတို့သည် ယာယီ ဒုက္ခသည်ဘ၀ဖြင့် အဆုံးသတ်သွားရမည် မဟုတ်တုံလော။
အလားတူပင်...အရေးယူခံရသော ပီအာရ် (အမြဲတမ်းနေထိုင်ခွင့်ရသူ) များအတွက်လည်း ထွက်ခွာသွားပြီးလျှင် ပြန်ဝင်ခွင့်ရတော့မည် မဟုတ်၍ စင်္ကာပူနိုင်ငံတွင်းတွင်သာ ခြေချုပ်မိနေမည်ဖြစ်သည်။ ၄င်းတို့သည် အခြားနိုင်ငံတနိုင်ငံတွင် နေထိုင်ခွင့်မရရှိပါက စင်္ကာပူမှ ထွက်ခွာသွားနိုင်တော့မည်မဟုတ်ချေ။
စင်္ကာပူတွင် မည်သည့်ဥပဒေကို ချိုးဖောက်သည်ဟူ၍ တခါမျှ တရားစွဲဆို မခံခဲ့ရဘဲ ယခုကဲ့သို့ ပြုမူခံရသော မြန်မာနိုင်ငံသားမျိုးချစ်များအတွက် ကျွန်ုပ်သည် အထူးတလည် စိတ်မကောင်းဖြစ်ရပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော တခုတည်းသော ပြစ်မှုမှာ (ပြစ်မှုဟု ဆိုနိုင်ခဲ့လျှင်) ၄င်းတို့တိုင်းပြည်အား ချစ်သည့်စိတ်၊ ၄င်းတို့ တိုင်းသူပြည်သားများနှင့် တိုင်းသူပြည်သားများ၏ ဒုက္ခကို ထပ်တူထပ်မျှ စာနာ၍ တသွေးတသားထဲရှိမှု တို့ကို ထုတ်ဖော်ပြသခဲ့မိခြင်းသာ ဖြစ်သည်။
စင်္ကာပူအာဏာပိုင်တို့၏ ယခု လုပ်ရပ်သည် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ တက်ကြွသူများနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏ ရှုတ်ချခြင်းကို ဖိတ်ခေါ်နေသကဲ့သို့ ရှိချေသည်။
ကျွန်ုပ်တို့တိုင်းပြည်သည် မြန်မာစစ်အစိုးရအား ထောက်ခံအားပေးနေပါသည်ဆိုခြင်းကို တကမ္ဘာလုံးအား တနည်းတဖုံ ပြသရာ ရောက်မနေပါသလော။
ကျွန်ုပ်တို့တိုင်းပြည်သည် မြန်မာလူမျိုးဆန္ဒပြသူများကို နှိပ်ကွပ်ရာ တခုတည်းသော တိုင်းပြည် ဖြစ်မနေပါပြီလော။
ဤလုပ်ရပ်ကြောင့် စင်္ကာပူ၏ ပထမတန်းစား နိုင်ငံဟူသော ဂုဏ်ပုဒ်သည် ကမ္ဘာ့အလယ်တွင် ၀င့်ထည်နိုင်ပါဦးမည်လော။
အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအစည်းအရုံး (IBA)က ထုတ်ပြန်သည့် စင်္ကာပူ၏ လူ့အခွင့်အရေးနှင့် တရားဥပဒေဆိုင်ရာ အစီရင်ခံစာတွင်ပါရှိသော စွတ်စွဲချက်များအား မှန်ကန်သည်ဟု ဖြည့်ဆည်းပေးရာ ရောက်မနေပါသလော။
စင်္ကာပူ၏ ၄၃နှစ်ပြည့် မွေးနေ့တွင် ကျွန်ုပ်ဂုဏ်ယူပါသည်။ မက်စ်ဆီလာမက်လွတ်မြောက်ထွက်ပြေးခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စဖွယ် ရှိသော်လည်း ကျွန်ုပ်တို့ ဘာမျှ မတတ်နိုင်သော ကိစ္စဖြစ်သည့်အတွက် ရှိစေတော့။ ယခုကဲ့သို့ မြန်မာများအား အရေးယူခြင်းမှာမူ ဘယ်သူမပြုမိမိမှုဆိုသကဲ့သို့ ကျွန်ုပ်တို့ အရှက်အိုးကို ကျွန်ုပ်တို့ဘာသာ ခွဲရာ ရောက်နေသည်။
အနောက်ဒီမိုကရေစီနိုင်ငံများသည် စင်္ကာပူနိုင်ငံအား မနှစ်ခြိုက်ကြဆိုသော ပြောကြားချက်များအား (စထရိတ်တိုင်းမ်းစ်၊ သြဂုတ် ၉) ကျွန်ုပ်မထောက်ခံသော်ငြား၊ ယခုလုပ်ရပ်ကြောင့်မူ ကမ္ဘာတလွှားမှ လူများ စင်္ကာပူအပေါ် ကြိုက်နှစ်သက်မှု ပိုမိုနည်းပါးသွားစေတော့မည်မှာ အမှန်ပင်ဖြစ်သည်။
ဤအကြောင်းနှင့် စပ်လျဉ်း၍ စထရိတ်စ်တိုင်းမ်စ် သတင်းစာပါ သတင်းထောက် ကိုးခံဘင်း၏ (“Patriotism wilts in apathy’s harsh glare”, ST, Aug 8) ကို ကျွန်ုပ်တို့အားလုံး ဖတ်ရှုသင့်ကြပေသည်။ ဆောင်းပါးတွင် လျော်ကန်သင့်မြတ်စွာ မေးထားသည်မှာ....
“စင်္ကာပူနိုင်ငံသည် နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်တွေ့နေရပြီဆိုပါက ယခု မျိုးချစ်မြန်မာလူမျိုးများ ပြုမူသကဲ့သို့ စင်္ကာပူနိုင်ငံသားအလုံအလောက်က ပြုမူကြပါမည်လော” ဟူ၍ပင်ဖြစ်သည်။
စင်္ကာပူအစိုးရအနေဖြင့် သြဂုတ်လဆန်းပိုင်းတွင် အာဆီယံဥက္ကဋ္ဌရာထူးကို ထိုင်းနိုင်ငံလက်သို့ လွှဲပြောင်းပေးပြီးသည့်အချိန်တိုင်အောင် စောင့်ဆိုင်းနေပြီးမှ ယခုကဲ့သို့ အရေးယူခြင်းကို ပြုလုပ်သလောဟု မစဉ်းစားဘဲမနေနိုင်အောင်ရှိသည်။
အကယ်၍ ထိုအတိုင်းသာ မှန်ပါက ဤဖြစ်ရပ်သည် အလွန်တရာ ၀မ်းနည်းဘွယ်ကောင်းသည့် ကိစ္စဖြစ်သည်။
အဘယ့်အကြောင့်ဆိုသော် အာဆီယံလူ့အခွင့်အရေးကော်မတီအတွက် အစိုးရ၏ ထောက်ခံမှုသည် အစစ်အမှန်ထောက်ခံမှုမဟုတ်ဘဲ သင်္ကြန်အမြောက်ကဲ့သို့ လူကြားကောင်းရုံ ဟန်ပြသက်သက်သာဖြစ်နေသည့် အတွက်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာစစ်အစိုးရ အာဏာရနေစဉ်အတွင်း မြန်မာ့မြေပေါ်သို့ မြန်မာ့အရေးလှုပ်ရှားသူများပြန်လည် ခြေချလိုက်ပါက ကြောက်မက်ဘွယ်အကျိုးဆက်များ ရှိလာမည်ကို သိသိနှင့် ကျွန်ုပ်တို့သည် သူတို့၏ ဗီဇာများကို တိုးမပေးခဲ့ခြင်းကြောင့်ဖြစ်သည်။
ဤသို့ဆိုရင် အခြားနိုင်ငံသားတွေက ကျွန်ုပ်တို့အား အမြဲတစေ မုန်းတီးနေခြင်းအတွက်ကို ဘာများ အထူးတလည် အံ့သြနေစရာ ရှိပါသေးသနည်း။
ကျွန်ုတို့ မေးခွန်းထုတ်ရမည်မှာ ကျွန်ုပ်တို့အစိုးရသည် အဘယ်ကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ဆေးဝါးကုသခွင့်တောင်းခံလာသည့်အခါ ခွင့်ပြုလေ့ရှိပြီး၊ ထိုစစ်ဗိုလ်ချုပ်များက သူတို့၏ ပြည်သူများအပေါ် မတရားသတ်ဖြတ်နှိပ်စက်ညှင်းပန်းမှုကို ထုတ်ဖော်ပြောကြားလာသည့် မြန်မာကျောင်းသားများ၊ မြန်မာ့အရေးတက်ကြွသူများကိုမူကား အဘယ်ကြောင့် နှိပ်ကွပ်ရသနည်း ဆိုသည့် မေးခွန်းများပင်ဖြစ်ပါတော့သည်။
မူရင်းကို ဖတ်ရှုရန်.....