“မေတ္တာ၊ ဂရုဏာ ကြီးမားသူများအကြောင်း”

Share |
ကျနော်ကြည်ညိုလေးစားမိသော မွန်မြတ်ကြီးကျယ်သူများအကြောင်းကို အခုတလော ထပ်ဖန်တလဲလဲ တွေးမိပါသည်။ ထိုသူများအကြောင်းကို ကျနော်ရေးဖန်များ၍ အပ်ကြောင်းထပ်နေပြီလော မပြောတတ်။ သို့သော် ထပ်ပြောချင်၊ ထပ်ရေးချင်ပါသေးသည်။

ထိုသူများမှာ အခြားမဟုတ်။ “ဗုဒ္ဓ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်” စသူများပင် ဖြစ်သည်။

ဗုဒ္ဓသည် သူတဦးတည်းအတွက်သာဆိုလျှင် ဒီပင်္ကရာ ဘုရားလက်ထက် သုမေဓာရှင်ရသေ့ဘ၀ကတည်းက ကျွတ်တမ်းဝင်နိုင်သူဖြစ်သည်ဟု ကျနော်မှတ်သားဖူးပါသည်။ ဗုဒ္ဓသည် သတ္တ၀ါဝေနေယျအပေါင်းတို့ကို ကယ်ချွတ်လိုသော ဆန္ဒအရ သဗ္ဗညုတ ဉာဏ်တော်ကို ရည်မျှော်မှန်းကာ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီကို ဖြည့်ဆီးခဲ့ရသည်ဟု မှတ်သားရပါသည်။ ဒီပင်္ကရာဘုရားကိုယ်တိုင်ကလည်း သုမေဓာကို နောင် ဘယ်ရွေ့ဘယ်မျှကြာ၍ ဘယ်ကမ္ဘာတိုင်သောအခါ ဤသုမေဓာရသေ့သည် အဘယ်သို့သော ဘွဲ့အမည်ဖြင့် သဗ္ဗညုတဉာဏ်ကိုရမည်ဟု ဗျာဒိတ်တော်ပေးခဲ့ကြောင်း သိရပါသည်။ ဗုဒ္ဓ၏ နောက်ဆုံးဘ၀ဖြစ်သော သိဒ္ဒတ္ထဘ၀တွင်ပင် ထီးနန်းစည်းစိမ်၊ စကြ၀တေးမင်းစည်းစိမ်တို့ကို စွန့်လွှတ်၍ တောထဲတွင် ဒုက္ခခံကာ သဗ္ဗုညုတဉာဏ်ကို ရရာရကြောင်း ပင်ပန်းဆင်းရဲစွာ အားထုတ်ခဲ့သေးသည်။ ဝေနေယျတို့အပေါ်တွင် ဗုဒ္ဓ၏ မေတ္တာ၊ ဂရုဏာ ကြီးမားပေစွဟု ဆင်ခြင်မိပါသည်။

တဖန် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စဉ်းစားမိပြန်သည်။ ကိုအောင်ဆန်းသည် ထိုခေတ်က ကျောင်းပြီးလျှင် ဘီအေ ဘွဲ့ရတယောက်အဖို့ အလွယ်တကူ ရနိုင်သည့် အများအားကျလောက်သော ၀န်ထောက်၊ မြို့အုပ် အစရှိသည့် ရာထူးကြီးများရှိပါလျက် ကျောင်းသားဘ၀မှာပင် ကျောင်းထုတ်ခံရလောက်သည့် နိုင်ငံရေးလုပ်ငန်းများကို အဘယ်ကြောင့် လုပ်ခဲ့လေသနည်း။ စဉ်းစားစရာရှိသည်။ အလားတူပင် နိုင်ငံခြားသို့ထွက်ခွာလာပြီး ဂျပန်ပြည်နှင့် အချိတ်အဆက်ရကာ ပင်ပင်ပန်းပန်း စစ်ပညာသင်ကြားခြင်းကို ပြုသည်။ တကိုယ်ရေတကာယ ကြီးပွားချမ်းသာရန်အတွက်မျှဆိုလျှင် သူကဲ့သို့ အရည်အချင်းရှိသူတယောက်သည် ဤမျှပင်ပန်းဆင်းရဲ ခက်ခဲလှသော နိုင်ငံရေးလမ်းကို လိုက်ရန်မလိုပါ။ အောင်ဆန်း နိုင်ငံခေါင်းဆောင် ဖြစ်လာ၍ ဘာအကျိုးအမြတ်ရသနည်း။ အင်္ဂလန်သို့ အသွားခရီးတွင် အိန္ဒိယ၌ ခရီးတထောက်ဝင်စဉ် အောင်ဆန်း၏၀တ်စုံမှာ အမြင်မတော်၍ နေရူးက သူ့လူတွေကို ၀တ်စုံတခု အမြန်ချုပ်ခိုင်းကာ ပေးရသည်ဆို၏။ လန်ဒန်တွင် ရိုက်ကူးထားသော ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံတွေထဲမှ ၀တ်စုံသည် ထိုဝတ်စုံပင် ဖြစ်သည်။ အောင်ဆန်းသည် သူ့ကိုယ်ကျိုးကို ရှေ့တန်းမတင်သူဖြစ်သည်။ မြန်မာပြည်သူ မြန်မာသားတို့အပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာ၊ ဂရုဏာ ကြီးမားပေစွဟု တွေးတောဆင်ခြင်မိပါသည်။

ယခုတဖန် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို စဉ်းစားမိပြန်သည်။ အောက်စဖို့တက္ကသိုလ်မှ ဘွဲ့ရသည်။ နိုင်ငံခြားတွင် သက်တောင့်သက်သာ နေထိုင်နိုင်သော အခွင့်အရေးကို ရနေခဲ့သူ၊ ယခု ဆန္ဒရှိလျှင်ပင် ထိုအခြေအနေကို အချိန်မရွေး ရယူနိုင်သူ ဖြစ်ပါသည်။ သို့သော် သားမြေးတို့ကိုပင် နှစ်ရှည်လများ တွေ့ခွင့်မရသော၊ ခင်ပွန်းသည်ကွယ်လွန်ကာနီးအချိန်တွင်ပင် အနီးတွင် ရှိမနေနိုင်သော၊ အသက်အန္တရာယ်များလှသော၊ ထောင်နှင့်နေအိမ်အကျယ်ချုပ်တွင် ကျခံနေရသောဘ၀တွင် ဒုက္ခဆင်းရဲမျိုးစုံကို အံတုလျက် တိုက်ပွဲဝင်နေသည်။ မြန်မာပြည်သူပြည်သားတို့ အပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာ၊ ဂရုဏာ ကြီးမားလှပေစွဟု တွေးတောဆင်ခြင်မိပါသည်။

အလားတူပင် ကြီးမြတ်သော သူများဖြစ်ကြသော ယေရှုခရစ်၊ မာသာထရီဇာ စသူများအကြောင်းကို စဉ်းစားပြန်လျှင်လည်း အားလုံးမှာ မေတ္တာ၊ ဂရုဏာ ကြီးမားလှသူများဖြစ်ကြပေသည်။

ထိုသူအားလုံး၏ အဖြစ်သနစ်ကို ကြည့်ရှုလျှင် အားလုံးလိုလိုပင် ရွေးချယ်ခြင်း(Choice) ဆိုသည်ကို ကြုံခဲ့ရသည်။ ဘယ်လို လမ်းကို ရွေးချယ်ခဲ့ကြပါသနည်း။ ထိုသို့ အခက်အခဲ၊ ဆင်းရဲဒုက္ခမျိုးစုံ ရောပြွမ်းသောလမ်းကို ခက်ခဲကြမ်းတမ်းမှန်း သိသိကြီးနှင့် ထိုသူတို့ အဘယ်ကြောင့် ရွေးချယ်ခဲ့ကြပါသနည်း။ ထိုအခက်အခဲ၊ ဆင်းရဲဒုက္ခတို့ကို ရင်ဆိုင်အံတုဝံ့သော သတ္တိကို အဘယ်က ရကြပေသနည်း။ ထိုသတ္တိသည် ကြီးမားလှသော မေတ္တာအဟုန်နှင့် ပြင်းပြလှသော ဆန္ဒအဟုန်တို့မှ ပေါက်ဖွားလာလေသလောဟု ကျနော် တွေးတောမိပါသည်။

ထို့ပြင် ကျနော်တွေးတောမိသည့် အရာတခုလည်း ရှိသေးသည်။ ကျနော်တို့သည် မိမိညွှတ်တွားကော်ရော်၊ အလေးအမြတ်ထားကြသူတို့၏ အပြုအမူကို အားကျအတုယူ၊ လက်တွေ့ကျင့်သုံးခြင်းဖြင့်သာ ထိုသူတို့အား အမှန်တကယ် ကြည်ညိုလေးစားဂါရ၀ ပြုရာရောက်မည်ဟု ထင်ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန် စံကာနီးတွင် “ရဟန်းတို့၊ ငိုကြွေးနေရုံမျှဖြင့် ငါ့အားချစ်ရာမရောက်။ ငါ့ဟောခဲ့သော တရားများကို လက်တွေ့ လိုက်နာကျင့်ကြံခြင်းသည်သာလျှင် ငါ့အား ချစ်မြတ်နိုးရာရောက်ပေသည်”ဟု မိန့်ကြားခဲ့ကြောင်း မှတ်သားဖူးပါသည်။

ကျနော်တို့သည် သာမန်လူပုဂ္ဂိုလ်၊ ပုထုဇဉ်မျှသာဖြစ်၍ အဆိုပါ ပုဂ္ဂိုလ်ကြီးများလောက် မေတ္တာ၊ ဂရုဏာမကြီးမားကြနိုင်သော်ငြား မိမိတို့ နေ့စဉ်ဘ၀တွင် မိမိ၏ အတ္တအကျိုးကို အလွန်အမင်း ရှေ့တန်းမတင်ကြဘဲ မိမိမျှပင် ကံမကောင်းအကြောင်းမလှသူများ၊ ဒုက္ခရောက်နေသူများကို မေတ္တာ၊ ဂရုဏာရှေ့ထားပြီး သူတို့၏ ဆင်းရဲဒုက္ခများ သက်သာပပျောက်စေရန် စွမ်းနိုင်သလောက် ၀ိုင်းဝန်းကူညီကြခြင်းအားဖြင့် ကျနော်တို့ လေးစားသောသူများကို ဂါရ၀ပြုကြပါစို့ဟု တိုက်တွန်းလိုပါသည်။

3 comments:

Nge Naing said...

ယေရှုခရစ်တော် မဟတ္တမ ဂန္ဒီ၊ နယ်လဆင်မန်ဒဲလား၊ မာသာထရေဆာတို့လည်း မေတ္တာရှင်တွေ ဖြစ်ပါတယ်။ ကျွန်မ အခုတင်ထားတဲ့ ပို့စ်ကိုလည်း အကြံပေးပါဦး

မေဓာဝီ said...

မှန်ပါတယ်ကိုပေါရေ
ဗုဒ္ဓကို တကယ်ကြည်ညိုရင် ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာကျင့်ကြံမှ။
ပါးစပ်ကချည်း ဘုရားစာတွေ အော်နေရုံနဲ့လဲ မပြီးသေးဘူး။
ခုခေတ်မှာက ပါးစပ်ကအော်နေတဲ့သူတွေက ခပ်များများ။ လက်တွေ့ကျင့်တာကနည်းတယ်။ တချို့လဲ ဘုရားပေးတဲ့နည်းတွေ ရှိတာကို တလွဲအယူတွေနဲ့ မှားယွင်းကျင့်ကြံကြတယ်။
နောက်ပြီး တချို့က လောဘကြောင့်၊ တချို့ကတော့ ဘယာကြောင့် တရားဖက်တာတွေလဲ အများသား။ သဒ္ဓါကြောင့်က ရှားတယ်။
အဲဒီလိုပဲပေါ့ ... နောက်ဥပမာတွေလဲ တူတူပါပဲ။

Ko Gyi said...

ဖြစ်နိုင်ရင် စ လုံး နိုင်ငံသားလဲ မခံ နဲ…
နအဖ အခွန်ရုံး ကိုလည်း ၁၀% ဆက်ကြေး
မပေးကြရင် အကေါင်းဆုံးပါ။။
မတရား ဆက်ကြေး ပေးမဲ. အစား
ရတဲ.လစာ လေးရဲ. ၁% သို. ၂% ကို
ဒီမိုလှူတ်ရှား မှူ.မှာ ကူညီထောက်ပံ.ကြပြီး…
မြန်မာ ပြည် ဒုတိယ လွတ်လပ်ရေး အတွက်
ကိုယ်.တာ ၀န်ကြေကြမယ် ဆိုရင်….
အကေါင်းဆုံးပေါ.ဗျာ ။ ။

ကိုကြီး
ခေတ္တစင်္ကာပူ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs