တနေ့သ၌ ကျွန်ုပ်သည် အချိန်များ ဖြုန်းတီး၍ မကုန်အောင် ပိုလျှံနေသဖြင့် အကျင့်ပါနေသည့်အတိုင်း ဘလော့ဂ်များကို လှည့်လည်ဖတ်ရှုရာ သက်ဝေ ဆိုသူ၏ ဘလော့ဂ်တွင် ကျွန်ုပ်အား “အသွင်တူ၏ မတူ၏” ဟူသည့်ခေါင်းစဉ်ဖြင့် ပို့စ်တပုဒ်ရေးသားပေးရန် တိုက်တွန်းထားသည်ကို တွေ့ရသည့်အခါ သက်ဝေအား ခင်မင်သည့်အလျောက် သူ၏ တိုက်တွန်းချက်ကို လက်ခံကာ ဤဇဗ္ဗူဒိပ်ကျွန်းတွင် စံပြလင်မယား ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော ကျွန်ုပ်နှင့် မဒမ်ပေါတည်းဟူသည့် လင်မယားအကြောင်းကို နောင်လာနောက်သားများ အတုယူစိမ့်သောငှာ ကျားကုတ်ကျားခဲ၊ မဆုတ်မနစ်သော လုံလဥဿဟကို ထုတ်၍ ရေးသားလိုက်ပါသည်။ နည်းနမူနာယူကာ အတုယူမှတ်သားကြပါကုန်။
အင်း… နိဒါန်းနဲ့တင် ခဲတွေ၊ ပြောင်းဖူးရိုးတွေ ဝင်လာတော့မယ်။ ရီတာပြောသလို လူချစ်လူခင်များစေတဲ့ ဂါထာဆိုတာ ဒါမျိုးပဲဖြစ်ရမယ်။
နောက်တာပါဗျာ။ သူများတွေ မသိသေးတဲ့ ကျနော်တို့ အကြောင်း အချို့ကိုပဲ နည်းနည်းလောက် ရေးသားပြပါ့မယ်။ အောက်ဆုံးမှာလည်း ဘလော့ဂါ ပန်ဒိုရာရဲ့ တခါက တောင်းဆိုချက်အရ လက်လှမ်းမီသမျှ ဟိုးငယ်ငယ်က ဓါတ်ပုံတွေကစလို့ ယခုအချိန်ထိ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။ တခါပဲ တောင်းဆိုရတယ်။ နှစ်ခါတောင်းဆိုစရာ မလိုတာကို သတိပြုပါ။ ကျနော့် ငယ်ငယ်က ဓါတ်ပုံတော်တော်များများဟာ မိဘတွေအိမ် မီးထဲပါသွားတုန်းက ဆုံးရှုံးသွားပါတယ်။ အနာဂတ် သမိုင်းပညာရှင်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တော့မှာပါပဲ…. သွပ်သွပ်သွပ်။
ကဲ…လာပါပြီ။ မဒမ်ပေါနဲ့ မတူတာက စပြောရမယ်။ ကျနော်က သရဲမကြောက်တတ်ဘူး။ ကျောင်းပိတ်ရက်တွေမှာ သင်္ချိုင်းကုန်းနဲ့ မလှမ်းမကမ်းက မြေပဲခင်းမှာ တယောက်တည်း ညအိပ်စောင့်တတ်တယ်။ ကျနော့်မဒမ်ပေါကတော့ သရဲကြောက်တတ်တယ်ခင်ဗျ။ (အခု သူနဲ့ပေါင်းပြီး ကျနော်တောင် နည်းနည်း ကြောက်တတ်ချင်သလိုလို ဖြစ်လာတယ်။)
မဒမ်ပေါ သရဲကြောက်မှန်းသိတော့ ကျနော်ရော၊ သမီးကပါ မဒမ့်ကို အမြဲလိုလို စတတ် နောက်တတ်တယ်ဗျ။ ဥပမာ ညဖက်မှာ မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတဲ့ သူ့နောက်ကို ခြေဖွနင်းသွားပြီး နောက်ကနေ အသံမထွက်ဘဲ စိန်းစိန်းကြီး စိုက်ကြည့်နေတာမျိုးပေါ့။ ဒါပေမယ့် ဘယ်အချိန်နောက်နောက် အရမ်းစိတ်ဆိုးတတ်တယ်ဗျ။ လူသေအလောင်းတွေ ဘာတွေဆိုလည်း သူက အရမ်းကြောက်တာ။
ဒီတော့ ကျနော်ကလည်း မဒမ့်ကို တကူးတက မှာရတယ်။ ကျနော်သေရင် ချက်ချင်း မီးမသဂြိုဟ်ဖို့၊ အိမ်မှာ အနည်းဆုံး သုံးရက်လောက်တော့ ဆက်ထားဖို့၊ အဲသည်သုံးရက်အတွင်းမှာလည်း နောက်ဆုံးလိုက်လျောခြင်းအနေနဲ့ အလောင်းဘေးနားမှာ အမြဲ စောင့်အိပ်ပေးဖို့၊ မဟုတ်ရင် အလောင်းအနေနဲ့ အထီးကျန် အားငယ်မှာကို စိုးရိမ်မိတဲ့အကြောင်းတွေ ညဖက်တွေမှာ ရွေးပြီး တဖွဖွ မှာကြားရပါတယ်။ မဒမ်က ပြန်ပြောတယ်။ “မင်း… ဒီလောက်ဝနေတာ။ ဝတဲ့လူတွေက သေရင် အပုပ်မြန်တယ်။ ဒီတော့ နေ့မကူးဘဲ ချက်ချင်း သဂြိုဟ်မယ်”တဲ့။ ရက်စက်ပုံက။ နည်းနည်းမှ မကြင်နာဘူး။
ဒီလောက် အလောင်းကြောက်တဲ့ မဒမ်ပေါအတွက် စိတ်မသက်သာစရာ ကိုးလို့ကန့်လန့် အဖြစ်တခု ကြုံရပါသေးတယ်။ ဒီလိုပါ…. တခါက နိုင်ငံခြားသား အသိတယောက်ရဲ့ ညီဝမ်းကွဲလေး ဆုံးသွားတယ်။ မြန်မာလိုဆိုရင် အစိမ်းသေ သေတယ်ပဲ ဆိုပါစို့ရဲ့။ သေသူဟာ တခါမှ မသိမမြင်ခဲ့ဘူးတဲ့ တစိမ်းတယောက် ဖြစ်နေပေမယ့် မိတ်ဆွေရဲ့ ညီဝမ်းကွဲဆိုတော့ အိပ်ခ်ျဒီဘီ တိုက်အောက်မှာ လုပ်တဲ့ အဲဒီ အသုဘကို လင်မယားနှစ်ယောက် သွားကြပါတယ်။ ပထမတော့ အောက်မှာ နေကြာစိစား၊ အအေးသောက်၊ ထုံးစံအတိုင်း တခြား သိတဲ့လူတွေနဲ့ တော်ကီလေးတွေ ပွားရတာပေါ့လေ။
ခဏနေတော့ ကျနော်တို့အသိက အားလုံးကို တိုက်တွန်းတယ်။ တိုက်အပေါ်ထပ်မှာ သေဆုံးသူရဲ့ မိခင် (သူ့အဒေါ်) ရှိတယ်။ တသုတ်ချင်း အပေါ်ကို တက်သွားပြီး အားပေးလိုက်ကြရအောင်တဲ့။ ဟုတ်တာပေါ့။ လုပ်သင့်တာပေါ့။ လုပ်ရမှာပေါ့။ အဲဒါနဲ့ ကျနော်က ရှေ့ဆုံးကနေ ဦးဆောင်တက်ခဲ့တယ်။ မဒမ်က နောက်နားမှာ တခြားသူတွေနဲ့ စကားပြောရင်း လိုက်ပါလာတယ်။ အိမ်ထဲဝင်ကာနီး ကော်ရစ်ဒါမှာ ဆိုဖာတွေ၊ ထိုင်ခုံတွေ အပြင်ထုတ်ထားတာကိုတွေ့တော့ ကျနော်လည်း သံသယရှိလို့ ကော်ရစ်ဒါကနေ ဟထားတဲ့ တရုပ်ကပ်ကတဆင့် ဧည့်ခန်းထဲကို လှမ်းလည်း ကြည့်လိုက်ရော… လားလား… အလောင်းကို ကြမ်းပြင်ပေါ်မှာ အစန့်သား ခင်းကျင်း ချထားတာတွေ့ရတယ်။
ဒါနဲ့ ကျနော်က မဒမ့်ကို လှမ်း သတိပေးရတယ်။ “ချစ်လေးရေ… အခန်းထဲမှာ အလောင်းရှိနေတယ်နော်။ လန့်မသွားနဲ့ဦး” လို့။ မဒမ်က နောက်မှာ အမျိုးသမီးတယောက်နဲ့ စကားဖောင်နေတော့ ကျနော်ပြောတာကို မကြားဘူးဗျ။
ရှေ့ဆုံးကနေ အိမ်ထဲဝင်လိုက်တော့ တံခါးသော့ကို ပူးချည်ထားတဲ့ သံကြိုးစနဲ့ ခြစ်မိပြီး ကျနော့်လက်မှာ သွေးနည်းနည်းစို့သွားလို့ အယူမသည်းဘူးဆိုတဲ့လူလည်း ထိတ်ကနဲဖြစ်ပြီး နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်သွားသေးတယ်။
ထင်တဲ့အတိုင်း မဒမ်က ဝင်ဝင်ချင်းမှာ မမျှော်လင့်ဘဲ အလောင်းကြီးကို ဘွားကနဲမြင်လိုက်တော့ သူ့မျက်နှာဟာ သရဲအခြောက်ခံလိုက်ရသူလို ဖြူဖတ်ဖြူလျော်နဲ့ တော်တော်လေး ခြောက်ခြားသွားပုံရတယ်။ ဒါပေမယ့် နာမည်က ဟန်သူ ဆိုတဲ့အတိုင်း ဟန်မပျက်ပေါ့လေ။ မာန်တင်းပြီး ကျနော့်ဘေးမှာ လာရပ်တယ်။ ကျနော်တို့အားလုံး ဆယ့်နှစ်ယောက်လောက်ရှိမယ်။ အလောင်းပတ်ပတ်လည်မှာ ဝိုင်းပြီး မတ်တတ်ရပ်ရင်း အသုဘ ရှုကြတယ်ပေါ့။
ပန်းနဲ့ အမွှေးတိုင်နံ့တွေက အခန်းတခုလုံးကို စူးစူးရှရှ လွှမ်းခြုံထားတယ်။ ကြမ်းပြင်ပေါ်က အလောင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ လက်ကလေးတွေသာ ဖော်ထားပြီး ကျန်တာကတော့ ပိတ်ဖြူနဲ့ ပတ်၊ ကိုယ်ပေါ်မှာ ပန်းတွေ ကျိုးတို့ကျဲတဲ လွှမ်းထားတယ်။ မျက်နှာက ပြင်ထားပေမယ့် နည်းနည်းလေး ပြာချင်နေပြီ။ သူတို့ဘာသာစကားနဲ့ ဘုရားစာလို့ ထင်ရတဲ့ မန္တာန်တပိုဒ်ကို ကက်ဆက်ကနေ ထပ်ဖန်တလဲလဲ ရွတ်နေတယ်။ “ဥုံ…..ကွိစိနံကွ တကွမ်ကွ” ဆိုတာမျိုးပေါ့။ ကျနော်တို့တွေက တယောက်ချင်း အလောင်းရဲ့ ခြေရင်းမှာ ချပေးထားတဲ့ ခွက်ထဲက ပန်းပွင့်လေးတွေကို ယူပြီး အလောင်းပေါ်မှာ ကြဲဖြန့် ချပေးရတယ်။
အသိကတော့ သူ့ညီဝမ်းကွဲကို တော်တော်ချစ်ပုံရတယ်။ သေသူရဲ့ ပါးကလေးကို စမ်းကြည့်လိုက်။ ဆံစလေးကို သပ်ပေးလိုက်။ လက်ကလေးကို ကိုင်လိုက်နဲ့ပေါ့လေ။ ပြီးတော့ မဒမ်နဲ့ ကျနော့်ဖက်ကို လှည့်ပြီး “လာလာ…. အောင်နဲ့ ဟန်။ လာကိုင်ကြည့်လှည့်။ ဘယ်လိုမှ သဘောမထားဘူး။ ထိလို့ရတယ်။ ကိုင်လို့ရတယ်” ဆိုတဲ့အကြောင်းကို သုံးကြိမ်ထက်မနည်း လှည့်ခေါ်ပြီး တိုက်တွန်းပါတယ်။ ကျနော်ကလည်း စောစောက ခြစ်မိလို့ သွေးစို့နေတဲ့လက်နဲ့ သွားထိရမှာကို ဝန်လေးနေတယ်။ မဒမ်ပေါ မျက်နှာကို ကြည့်ရတာလည်း ပြိုတော့မယ့် မိုးလိုပါပဲ။ လင်မယားနှစ်ယောက် အကြံအိုက်နေကြတယ်။ ငြင်းရမှာလည်း အားနာစရာကြီးးမို့လား။ ကျန်တဲ့ လူတွေကလည်း ဘယ်သူမှတော့ သွားကိုင်မကြည့်ကြပါဘူး။ ကံကောင်းချင်တော့ သေဆုံးသူရဲ့ အမေဖြစ်ဟန်တူသူ မီးဖိုထဲက ထွက်လာတာတွေ့ရတဲ့အတွက် ဝမ်းနည်းကြောင်း သွားပြီး စကားပြောကြတယ်။ ခဏနေတော့ နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ်။ မဒမ်ပေါ ကြည့်ရတာ တက္ကစီပေါ်ရောက်မှ အသက်ဝဝ ရှူနိုင်ပုံပဲ။
ညဖက်ရောက်တော့ ကျနော်က အိပ်ယာပေါ်မှာ ခပ်တောင့်တောင့် စန့်စန့်ကြီးလှဲပြီး မဒမ့်ကို “လာ…. ဟန်။ ထိကြည့်၊ ကိုင်ကြည့်လို့ရတယ်” ဆိုတဲ့ နေ့လည်က မိတ်ဆွေရဲ့ အသံမျိုးနဲ့ ပြောမိလို့ အဲဒီညက မဒမ်ပေါ စိတ်ဆိုးတာ ခံလိုက်ရသေးတယ်။ (စကားစပ်မိလို့ ပြောရရင် မိုးမခ ဝက်ဆိုက်က ဆရာသမားများဟာ အသုဘအခမ်းအနားတွေအကြောင်း ဖော်ပြတဲ့အခါတိုင်းမှာ လူသေအလောင်းတွေကို မမေ့မလျော့ မျက်နှာအနီးကပ် ဖော်ပြရတတ်ကြတာကို တွေ့ရတယ်။)
ဒါကတော့ မဒမ်ပေါနဲ့ ကျနော်ရဲ့ အသွင်မတူပုံတွေထဲက တချက်ပေါ့။
တကယ်တော့ အစအနောက် သန်ပုံမှာ လင်မယားနှစ်ယောက်စလုံး အသွင်တူပါတယ်။ မဒမ်ပေါဆိုရင် ကျနော်တခါက လေနဲ့ဝမ်း မကွဲတာလေးတောင် ချမ်းသာမပေးဘူး။ အောက်ပါအတိုင်း ကဗျာစပ်ပြီး ကျနော့်ကို နောက်လိုက်သေးတယ်။ သူများကို နောက်ဖို့အရေး… မစင် နေရာက ဝင်ပြီး ခံစားရေးတာ။
" သွားခွင့်ပြုပါ....သခင် "
* သခင့်အပါး
အစိုင်အခဲဘဝနဲ့ ကိုယ့်ရပ်တည်မှုဟာ
မနေ့ကစလို့ ပျက်သုဉ်း
အရည်ဘဝ လုံးလုံးရောက်ခဲ့ပြီ....။
* သခင်နာကျင်မယ်မှန်းသိပေမယ့်
မဆင်မခြင် ထွက်ပေါက်ရှာ
'လေ'အလာကို စောင့်မိခဲ့တဲ့ကိုယ့်ကို
ခွင့်လွှတ်ပါ....သခင်။
* ဒီလိုနဲ့စောင့်နေတုန်း...
ဟောဟိုက 'လေ'တလုံး
ဗြုန်းကနဲဆို..ပေါ်အလာ
ပုန်းခိုကာ လိုက်လို့သွား
အပြင်ဘက်နားအရောက်မှာတော့
တုန်ခါနေတဲ့ သခင့်အသံ
မပီမသ ကြားလိုက်မိတာက...
"ဟာ...ထွက်ကုန်ပဟ"...တဲ့"
မဒမ်ပေါ
23 Nov 2007
ကဲ... ဘယ်လောက်ဆိုးတဲ့ မဒမ်ပေါလဲဆိုတာ။
ရုပ်ရည်အားဖြင့်ရော…။
ကျနော်က အညာသား။ အသားအရောင်လှတယ်။ အနောက်တိုင်းသားလူဖြူတွေဆို ကျနော့်လို အသားအရောင်မျိုးကို လိုချင်လွန်းလို့ ပင်လယ်ကမ်းခြေမှာ တနေကုန်တနေခန်းဆင်းပြီး နေလှန်းကြပ်တင်တာတောင် လိုက်မမှီတဲ့ အသားအရောင်မျိုး။ ကြေးနီရောင် အသားအရောင်ပေါ့။ အဲ…အဲ ပြည့်စုံအောင် ပြောရရင် ကြေးနီရောင်မှာမှ ခဲမဖြူတို့ အဖြိုက်နက်တို့ တော်တော်လေးရောစွက်တဲ့ ကြေးနီရောင်မျိုး။
ရုပ်ရည်ကတော့ “ကိုပေါက ဗမာချော ချောပြီး ကြည့်ကောင်းတယ်” တဲ့။ တခါက ကိုယ့်ကို မျက်နှာချင်းဆိုင် စေ့စေ့ကြည့်ပြီး အဲသလို ပေါ်တင်ကြီး လာပြောချလိုက်တာ မျက်နှာမထားတတ်အောင်ပဲ ရှက်သွားခဲ့ဖူးတယ်။ အဲသည်လို ဗြောင်လာပြောတာ ဘယ်သူမှတ်လို့လဲ။ မျက်နှာချင်းဆိုင် မှန်ထဲမှာ ပေါ်နေတဲ့ လူပေါ့။ ဟွန်း… မုန်းစရာကြီး။ ကဲကို ကဲတယ်။
မဒမ်ပေါကတော့ ကျောင်းတုန်းက ကျနော်တို့ နှစ်ရဲ့ Queen လေ။ ကျနော်တို့ မျက်မမြင်ကျောင်း တက်ခဲ့လေသလားလို့တော့ မိတ်ဆွေတို့ ကျေးဇူးပြု၍ မတွေးကြပါနဲ့ပေါ့။ မဒမ်ပေါရဲ့ ကျောင်းတုန်းက ဆံပင်ပုံက ကိုလေးပွ ပုံနဲ့။ ကင်တင်းမှာ ဆင်းပြီး ကေသာကို တချက်ဝဲလိုက်ရင် အားလုံး ကြွေသွားတယ်။ ကင်တင်းမှာ ဝဲပျံနေတဲ့ ယင်ကောင်တွေကို ပြောတာပါ။ ဆံပင်နဲ့ ယမ်းမိလို့။
ဘလော့ဂါ မသီတာ ပြောသလို လင်မယားနှစ်ယောက်ဟာ တမိုးတည်းအောက်မှာ အတူနေပြီး စားတဲ့ အာဟာရကလည်းတူတော့ ဥတုတွေ၊ အာဟာရတွေကပဲ ပြုပြင်သလားမသိ။ ဒီလောက် အဖြူအမဲ သဲကွဲနေတဲ့ ကျနော်တို့ မောင်နှံကို တူတယ်လို့ ပြောတဲ့လူတွေလည်း တော်တော်များပါတယ်။
ညားကာစက မဒမ်ပေါက ပြောဖူးတယ်။ “ကိုကို… ချစ်လေးက သူများမိန်းမတွေလို စိန်တွေ၊ ရွှေတွေ၊ အဝတ်အစား၊ အသုံးအဆောင်၊ အလှအပ ပစ္စည်းတွေ စိတ်မဝင်စားဘူး။ အစားအသောက်ကလေးပဲ တခုပဲ ကောင်းကောင်းမွန်မွန် စားနေရရင် ကျေနပ်ပါပြီ၊ အဲဒါလေးတခုတော့ လိုက်လျောပါ”….လို့ ကတိတောင်းဖူးတယ်။
အဲဒီစကားကြားရတော့ မောင်ပေါတို့ ပိုက်ဆံတွေ အပီ စုမိတော့မယ်၊ မိန်းမ အရတော်လေစွဆိုပြီး ပီတိတွေ လှိုင်လှိုင်ဖြာခဲ့ဖူးတယ်။ အစားအသောက်တော့ ဘာကုန်မှာလဲ။ ဒီတော့ လိုက်လျောပါ့မယ်။ ကတိပေးပါတယ်ကွယ်ပေါ့။ အစားမှာ မော်လမြိုင်ဆိုတဲ့အတိုင်း မော်လမြိုင်သူဆိုတော့ ဒီလောက်တော့ ရှိပေမပေါ့လို့လည်း ဖြေတွေး တွေးခဲ့သဗျ။
ဒါပေမယ့် နောက်တော့မှ သိရတာ။ မဒမ်ပေါတို့ အမျိုးက နှယ်နှယ်ရရ အမျိုးမဟုတ်ဘူး။ “စားပြီး ဆေးသောက်တဲ့ အမျိုး”တဲ့။ စာဖတ်သူများ မရှင်းမှာ စိုးလို့ နည်းနည်း ထပ်ပြောပြပါမယ်။ သူတို့အမျိုးမှာ မတည့်တဲ့အစာ၊ ရှောင်တဲ့အစာဆိုတာ ဘာဆို ဘာမှ မရှိဘူးတဲ့ ခင်ဗျ။ အစာမကြေမယ့် အစာဆိုလည်း စားပြီး အစာကြေဆေးသောက်လိုက်တယ်။ သွေးတက်မယ့် အစာမျိုးဆိုရင်လည်း စားပြီး သွေးကျဆေးကို မှီဝဲလိုက်တယ်။ အိမ်မှာ အဲသည်လိုသောက်ဖို့ ဆေးမျိုးစုံလည်း စုဆောင်းထားတယ်။ ကောင်းကြပါလေရော။
မောင်ပေါရဲ့ ဦးနှောက် ပရိုဆက်ဆာ က နှေးတော့ လက်ထပ်ပြီး ဆယ်နှစ်လောက်နေမှ သဘောပေါက်တယ်။ တကယ်တော့ စိန်တွေ ရွှေတွေ ဆိုတာက တခါတရံမှ ဝယ်တတ်ကြတာဖြစ်လို့ တခါတရံမှ ကုန်တတ်တာမျိုးကလား။ အစားအသောက်ကတော့ နေ့စဉ်နဲ့အမျှဆိုတော့….. ကျနော့်ခမြာမှာ တော်တော်လေး ထိရှာပါတယ်။ ဒါကြောင့် မောင်ပေါ မဒမ့်ကို တခါတလေ အစားအသောက်လိုင်းကနေ စိန်ရွှေ၊ အဝတ်အစားလိုင်းကို အပြောင်းအလဲလေးဖြစ်အောင် ပြောင်းကြည့်ပါလားလို့ ဖျားယောင်းတိုက်တွန်းကြည့်မိတယ်။ ဒါပေမယ့် မဒမ်က “ဟင့်အင်း…ရတယ်။ မပြောင်းတော့ပါဘူး။ စိန်တွေ၊ ရွှေတွေက ကိုယ်သေရင် ကိုယ့်နောက်ပါမှာမဟုတ်ဘူး။ နောက်မိန်းမ ကောင်းစားဖို့ ဖြစ်သွားလိမ့်မယ်” လို့ ပြန်ပြောတဲ့အတွက် ကျနော့်မှာ အကြံအိုက်နေပါတယ်။
အဲဒါနဲ့ပဲ ကျနော်လည်း အရှုံးမရှိရအောင် သူနဲ့အတူ ဘာမဆိုလိုက်စားရတယ်။ အရင်က ဒူးရင်းသီးဆို အနံ့မခံနိုင်တဲ့အညာသားဟာ အခု ဒူးရင်းသီးကိုတောင် ကျိတ်မှိတ်ပြီး စားတယ်။ မဒမ်ရဲ့ လက်သုံးစကားရှိတယ်။ “စားနိုင်တုန်း ကျွေးထားနော်။ နောင် အိပ်ယာထဲလဲပြီး မစားနိုင်တော့မှ ငါမကျွေးလိုက်ရလေခြင်း ဆိုပြီးတော့ နောင်တရနေမယ်”တဲ့။ ဒါနဲ့ ကျနော်ကလည်း ပြန်ပြောရပါတယ်။ “မင်း…. အခုတောင် တန်နေပြီပါကွာ” လို့။
ဒီလိုနဲ့ အစားမှာ တူလိုက်တာ အသောက်တူတာမှာပါ ဂိတ်ဆုံးသွားတယ်။ ပထမတော့ မဒမ်ပေါကို ဘီယာအတူသောက်ဖို့ ဆွယ်လိုက်တယ်။ သူကလည်း ပါရမီရင့်သန်တဲ့အလျောက် ပထမ ဘီယာ၊ နောက်တော့ ဝိုင်၊ နောက်တော့ မာတီနီ၊ နောက်တော့ ကော့ညက်၊ နောက်တော့ ဝီစကီ (ဂျက်ဒယ်နီယယ်၊ ချီးဗတ်စ်၊ ဘလက်၊ ဘလူးလေဘယ်) စသဖြင့် ကျနော့်ကိုတောင် ကျော်တက်ချင်လို့ မနည်း လမ်းပိတ်ထားရတယ်။ သူ့အကြိုက်ဆုံးက ဘလူးလေဘယ်လ်ပါတဲ့။
အခုတော့ ကျနော့်အသည်းမကောင်းလို့ သိပ်မသောက်နိုင်တော့ဘူး။ မဒမ်ပေါအတွက်တော့ ကြေကွဲမိုးတိမ်ပေါ့။ ဦးပုညစကားနဲ့ ပြောရမယ်ဆိုရင်….
“ဘဝဟောင်းက၊ ငယ်ပေါင်းပီပီ၊ လည်ချင်းမှီ၍၊ တိုက်ဂါးပညောင်၊ ဘီယာချောင်မှာ၊ ဆွေမောင်နဲ့မယ်၊ ကျီစယ်သမှု၊ အမြည်းလု၍၊ ကယုကယင်၊ ချစ်တုန့်တင်လျက်၊ ကျင်ကျင်လည်လည်၊ ပျော်ခဲ့ဘူးသည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ရေ၊ လှိုင်းဘောင်ဘင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင် အော်ဟစ်၍ငိုဆဲတွင်၊ နဂိုသောက်မြဲ၊ မောင်ပေါရဲ့လည်ဆွဲဟာ၊ ရင်ကွဲနာနဲ့ တခါတရံမျှသာ သောက်ရရှာလေသည်” လို့ စပ်ရမလားမသိဘူး။
အဲဒါကတော့ လူမသိသေးတဲ့ မောင်ပေါနဲ့ မဒမ်ပေါရဲ့ အသွင်တူခြင်း မတူခြင်းတွေပါ။ အောက်မှာ မဒမ်ပေါနဲ့ ကျနော်ရဲ့ ငယ်နုစဉ်က (အခုလည်း ငယ်ပါတယ်) ရုပ်ပုံလေးတွေကို မမြင်ဘူးသူများ ကြည့်လို့ရအောင် အမှတ်တရ ထည့်ပေးလိုက်ပါတယ်။
ဘလော့ဂါသက်ဝေ ကျပ်နေ… အဲလေ….ကျေနပ်မယ်ထင်ပါတယ်။ (မသက်ဝေ ကြည့်ရတာ စကားလိမ်တွေကို ပြောင်းပြန်လှန်တာ မကျွမ်းကျင်ဘူးထင်တယ်… ဟိဟိ။ ဟို စကားလိမ်ပို့စ်တုန်းက ကျနော့်ကို ကျေးဇူးတောင် တင်လိုက်သေးတယ်။ ဟီဟီဟီ။)

အပေါ်ကပုံနှစ်ပုံက မဒမ်ပေါ ငယ်ငယ်က ပုံလေးတွေလေ။ မျက်လုံးနက်နက်ကလေးနဲ့ ချစ်စရာမကောင်းဘူးလား။ သူ့အမေ(ကျနော့်ယောက္ခမ)ကတော့ အဲဒါ ဓါတ်ပုံဆရာ ခဲထိုးထားလို့ပါဆိုပြီး အားပေးရှာတယ်။

ကျနော်ငယ်ငယ်က ဓါတ်ပုံဆရာ ရွာကိုလာတုန်း အစ်မနှစ်ယောက်နဲ့အတူ ရွာထိပ်က လယ်ကွင်းတွေနားမှာ ရိုက်ထားတာ။ ဓါတ်ပုံအဖြူအမဲ ခေတ်ကပေါ့။ ဝတ္ထားတဲ့အက်ႌေတြက “မယ္ရက္ခုိး”ဆင္တ့ဲ။ အထက်မင်းလှမြို့နယ်ထဲက စမ်းမကြီး ဆိုတဲ့ ရွာကထွက်တာ။ ဆောင်းတွင်းမှာ ဝတ်ရင် နွေးတယ်။

ကိုပေါ ငယ်ငယ်တုန်းက တော်ရှာပါတယ်တော်ရေ့...တော်ရှာပါတယ်အေ့...... ခုနစ်တန်း လူရည်ချွန်။ ငပလီ ရွှေဝါချိုင်စခန်းမှာ ရိုက်ထားတာ။ အဲသည်ကတည်းက လူက နည်းနည်းတော့ နွဲ့ချင်သား။ ကြည့်ပါလားလို့.... ပုံကို။

မဒမ်ပေါ၊ သန်းသန်း၊ စန်းသီတာဦး(ရိမေ).......နောက်ဆုံးနှစ်မှာ ရိုက်ထားတာ။

စက်မှုတက္ကသိုလ်မြက်ခင်းပြင်ပေါ်မှာ။
(သိန်းဆောင်၊ ဇေယျာသင်း၊ ကိုပေါ၊ ဝင်းဇော်နိုင်၊ မြင့်လွင် (ဝူးဝါး)၊ မျိုးထွန်း၊ မောင်မောင်သန့်၊ မိုးဇော်လွင် (ပုံထဲတွင် ရင်ခေါင်းအထိ မြေမျိုခံနေရသူ)၊ ရဲမိုးထွန်း၊ ဝင်းမောင်ဦး)

မဒမ်ပေါ Extreme Makeover

အဲသည်တုန်းက လူကောင်းလေး ကိုပေါ။ ဘုရားဒကာ ကိုပေါ။ သေရည်သေရက်ကို လျှာဖျားမျှမတင်ဟု ကြွေးကြော်ခဲ့သူ။ အခုတော့ လျှာမထိ အာမထိ မော့တယ်။ အာစရိယပူဇော်ပွဲမှာ ကန်တော့ချိုး တိုင်ပေးနေပုံပါ။
(ဝင်းမောင်ဦး၊ ဟန်သက်အောင်၊ ဇေယျာသင်း(ကွယ်လွန်)၊ ကိုပေါ၊ ဝင်းသိန်း၊ ကျော်ဌေးကြီး)

အီလက်ထရွန်းနစ်ကျောင်းသားများရဲ့ စက်မှုပြပွဲတွင်။ (ကျော်မိုးလတ်၊ ဦးကြင်စိုး (ပါမောက္ခချုပ်)၊ ဒေါက်တာစန်းတင့် (ဌာနမှူး)၊ ဦးမျိုးကြည်(ကထိက)၊ ကိုပေါ၊ ဒေါ်မြင့်မြင့်(ဌာနမှူး)၊ ဦးညီလှငယ် (ဒု-ပါချုပ်)၊ ဦးသာလှိုင် (အငြိမ်းစား ဌာနမှူး)၊ သိန်းအောင်)

စက်မှုတက္ကသိုလ် ပင်မအဆောက်အဦးကြီးအတွင်း သြဘာလမ်းထိပ်မှာ (မျိုးထွန်း၊ ဇေယျာသင်း၊ မိုးဇော်လွင်၊ မြင့်လွင် (ဝူးဝါး)၊ ဇော်နိုင်၊ ရဲမိုးထွန်း၊ ကိုပေါ၊ မောင်မောင်သန့်၊ ဝင်းဇော်နိုင်၊ ဝင်းမောင်ဦး)

ရန်ကုန်စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစု ရန်ပုံငွေအတွက် စပါကလင် ရောင်းနေသော ကိုပေါနှင့် မဒမ်ပေါ။ မဒမ်ပေါရဲ့ ထိုစဉ်က ကေသာမှာ ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် လူပင်လေလော၊ တစ္ဆေလော ဆိုသည့် ကိုလေးပွ ဆံပင်မျိုးပေါ့။

ဂျီဟောသူ မဒမ်ပေါရဲ့ မထင်မှတ်ဘဲ ဟာသ မြောက်တဲ့ ဓါတ်ပုံတပုံ။ မျက်နှာပေါ်က ကြယ်သီးလေးနှစ်လုံးနဲ့ အင်္ကျီပေါ်က ကြယ်သီးတွေ အလှချင်းပြိုင်နေပုံပေါ့... ဟီးဟီး.... ဆံပင်ပုံကတော့ အတန်းထဲမှာ စက္ကူမြှားနဲ့ပစ်ရင် ဘယ်တော့မှမလွဲတဲ့ ဆံပင်ပုံမျိုးပေါ့။

မလေးရှားမှာ အလုပ်လုပ်ခဲ့စဉ်က ပီနန်ဘုန်းကြီးကျောင်းရှေ့မှာ အမှတ်တရ (အောင်ချိုဦး၊ ကိုဉာဏ်စိုး၊ ညီညီဇော်မင်းနဲ့ ကိုပေါ)

မင်္ဂလာပါ ချရာမ။ မဒမ်ပေါ ဆရာမလုပ်စဉ်က။ ဘလော့ဂါ တီတီဆွိတို့လိုပေါ့။ အဲသည်တုန်းက ဘုန်းကြီးမျက်မှန်လိုလို ရွှေကိုင်းမျက်မှန်ကို မဒမ်ပေါ တပ်လိုက်သေးတယ်။ ချင်ကျားပူရောက်မှ လူတွေ ဝိုင်းကြည့်လွန်လွန်းလို့ မျက်မှန်လဲလိုက်ရတယ်။

စင်္ကာပူကို ရောက်လာပြီ။ MRT ပေါ်မှာ။ အဲသည်ခေတ်က ရထားဆိုတာ အဲသည်လို ချောင်တာကွဲ့။

ဒီလို အမှတ်တရ လေးတွေ။

ဒီလို ချိန်းဝိုင်းလေးတွေနဲ့လည်း ဘဝကို ကျော်ဖြတ်ခဲ့ကြဘူးတယ်။ အခုတော့ သူများတွေ ဂျက်အကြောင်းရေးရင် သွားပြီး သွားရည်ကျရုံပဲ တတ်နိုင်တော့တယ်။

ယခုလို ကျိကျိတက်မချမ်းသာခင် ဟိုးယခင်ဘဝက။ (Bird Park မှာ)

ဒါက ဖလင်ကင်မရာအသစ် ဝယ်လာကာစက ညဖက်ကြီး စမ်းထားတဲ့ပုံ။ အဲဒီအချိန်က မဒမ်ပေါ စိတ်ကောက်နေပါတယ်။ အိပ်ချိန်မှာ မအိပ်ရပဲ ကင်မရာအသစ်ကို မပြီးနိုင် မစီးနိုင် ကလိ နေလို့ပါ။ ဒါပေမယ့် နောက်ခံ ဘက်ဂရောင်းအတွက် တအိမ်လုံးမှာ နေရာလိုက်ရှာတာ... ဘယ်နေရာမှ ရှာမတွေဘူး။ နောက်ဆုံး အခန်းထဲက အိမ်သာတံခါးကို ဆွဲစေ့လိုက်ပြီး ဒီရှေ့မှာ လာရပ် ဆိုတော့မှ... စိတ်ဆိုးနေတဲ့မဒမ်ပေါလည်း ဘက်ဂရောင်းကိုကြည့်ပြီး မအောင့်နိုင်ဘဲ တဟီးဟီး ရယ်ပါတော့တယ်။