ပုစဉ်းရင်ကွဲ

Share |
တောဖက်မှာ နေဖူးသူတွေအဖို့ ပုစဉ်းရင်ကွဲအော်သံတွေကိုလည်း ကြားဖူးကြပါလိမ့်မယ်။ ပုစဉ်းရင်ကွဲအော်သံက အော်နေတုန်းတော့ ဆူညံနေမှန်းမသိရဘူး။ ဒါပေမယ့် တချီတချီမှာ ရုတ်ချည်းဆိုသလို တပြိုင်တည်း အအော်ရပ်သွားတတ်ကြတယ်။ အဲဒီအခါကျမှ ညဥ့်ယံတခုလုံး တိတ်ဆိတ်ငြိမ်သက်နေတာကို အာရုံပြုမိပြီး သူတို့ တချိန်လုံးဆူညံနေခဲ့တာကိုပါ တဆက်တည်း သတိထားမိသွားတတ်တာမျိုး။ ဒါပေမယ့် အဲဒီလို ငြိမ်ကျသွားတာကလည်း ခဏတဖြုတ်ပါ။ ဆယ့်ငါးမိနစ်လောက်နေရင် ပြန်အော်ကြတာပါပဲ။

၂၀၁၀ ခုနှစ် နှစ်တဝက်ကျိုးလို့ စစ်အစိုးရရဲ့ တတိုင်းပြည်လုံးကို စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံ အတည်ပြုမယ့် ရွေးကောက်ပွဲကြီးလည်း နီးသထက် နီးကပ်လာပါချေပြီ။ ဒီအချိန်မှာ ပုစဉ်းရင်ကွဲအော်သံတွေလို တောက်လျှောက်အော်လာတဲ့ အသံတွေတချို့ ဗြုန်းစားကြီး တိတ်ဆိတ်သွားတာကို သတိထားမိတယ်။ မောသွားတာလား။ တကယ်ပဲ ရင်ကွဲသွားလေသလားတော့ မပြောတတ်။ ဘယ်အသံတွေလဲဆိုတော့ “ပွဲသိမ်းတိုက်ပွဲ” ဆိုတဲ့ အသံတွေပါ။ အထူးသဖြင့် ၂၀၁၀ ကို ပွဲသိမ်းတိုက်ပွဲ ဖြစ်ရမယ်လို့ အော်နေကြသူတွေ အခုတလော ဘာကြောင့်မှန်းမသိ အသံတိတ်သွားတာကို သတိထားမိလို့ပါ။

ပွဲသိမ်းတိုက်ပွဲ ဆိုတဲ့ အသုံးအနှုန်းက တခါတရံ သုံးတာဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ လူဆိုတာ ရည်မှန်းချက် ပန်းတိုင်ထားပြီး အလုပ်လုပ်တတ်ကြတာ သဘာဝမို့ ပန်းတိုင်မရှိတာနဲ့ စာရင် ကောင်းတယ်ပဲ ပြောရမှာပေါ့။ ဒါပေမယ့် တနှစ်တခါဆိုသလို ဒီနှစ်ထဲမှာ “ပွဲသိမ်းတိုက်ပွဲ” ဆင်နွှဲမယ်လို့ အချိန်မှန်မှန်ကြီး ပြောလာခဲ့ကြတာတွေကို တွေ့ရတော့ နှစ်တွေကြာလာတဲ့အခါ အဲဒီစကားမျိုးဟာ ပြောဖန်များလေ အနှစ်သာရ ကင်းမဲ့လေ ဖြစ်လာတော့တာပေါ့။ တကယ်လို့သာ တနှစ်အတွင်း လွတ်လပ်ရေးရစေရမယ်ဆိုတဲ့စကားကို ဂျပန်တွေနဲ့အတူ ပြန်ဝင်လာစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်း နှစ်တိုင်းပြောလာခဲ့ရင် ဘယ်သူမှ အဲဒီစကားကို အယုံအကြည် ရှိတော့မှာ မဟုတ်ပါဘူး။ ဆိုခဲစေ မြဲစေ ဆိုတဲ့ စကားကို သတိရမိပါတယ်။ ဒါက “ပွဲသိမ်းတိုက်ပွဲ”ဆိုတာကို တနှစ်တခါ ကြွေးကြော်ပြီး တိုက်နေသူတွေနဲ့ ပတ်သက်ပြီး ရေးပြချင်တာပါ။

နောက်တမျိုးကတော့ “အခုတော့ မပါသေးဘူး။ ပွဲသိမ်းတိုက်ပွဲကျရင်တော့ ဝင်ပါပြီကွာ…” ဆိုပြီး တချိန်လုံး လက်မောင်းပင့်နေတဲ့ လူတွေ ဖြစ်ပါတယ်။ နိုင်ဖို့ သေချာနေပြီဆိုတော့မှ ဝင်ပူးပေါင်းတာမျိုးကျတော့ ဘာလုပ်တော့မလဲ။ သူဝင်မပါလည်း နိုင်ဖို့က ကျိန်းသေနေပြီကိုး။ နိုင်မှ ဝင်ပါတာမျိုးက ဘောလုံးပွဲ အရှုံးအနိုင် အဖြေထွက်ပြီးမှ လောင်းကြေးထပ်ချင်တဲ့လူလို ဖြစ်နေတယ်။ တကယ်လိုအပ်နေတဲ့အချိန်မှာ အုတ်တချပ်သဲတပွင့်လို ဝင်ပူးပေါင်းပြီး ပါဝင်တာက နိုင်မယ်သေချာမှ ဝင်ပူးပေါင်းပါဝင်တာထက် ပိုပြီး တန်ဘိုးရှိပါတယ်။ အဲဒီ သဘောမျိုးနဲ့ ပြောတာမဟုတ်ပြန်ရင်လည်း…. “အာလိန်ငါးဆင့်၊ နဂါးနှင့်ဂဠုန်အရံ၊ ဂုဏ္ဘန်ယက္ခ၊ စတုဇ်မဟာရာဇာ မခံနိုင်ငြားမှ သိကြားထွက်တဲ့အခါ” ဆိုတဲ့ သီချင်း စာသားလို… “မင်းတို့ တိုက်ထားနှင့်ကြကွာ။ မင်းတို့ မနိုင်ကာမှ နောက်ဆုံးမှာ ငါဝင်ပါမယ်…” လို့ အဓိပ္ပါယ် ထွက်နိုင်ပါသေးတယ်။

အဲဒီ ပွဲသိမ်းတိုက်ပွဲ ဆိုတဲ့ အသံတွေကို ထပ်ဖန်တလဲလဲ ကြားရတော့ ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်နန်းရင်းဝန် ချာချီ ပြောခဲ့တာကို သတိရမိတယ်။

“Now this is not the end. It is not even the beginning of the end. But it is, perhaps, the end of the beginning.”
Sir Winston Churchill, Speech in November 1942

ချာချီကလည်း ဒီစကားကို (သူ့နိုင်ငံသားတွေက) ပွဲသိမ်းရောက်ကာနီးပြီလို့ လှိုင်လှိုင်ကြီး ပြောလာကြတဲ့အတွက် နားကလောဟန်နဲ့ ပြောခဲ့တာလို့ တနေရာမှာ မှတ်သားခဲ့ရဖူးပါတယ်။

အခုလည်း ကျနော်တို့ မြန်မာ့အရေးမှာ ပွဲသိမ်းလို့ မဆိုနိုင်သေးပါဘူး။ ပွဲက စရုံပဲ ရှိပါသေးတယ်။ အဲဒီအနေအထားမှာ ပွဲသိမ်းတိုက်ပွဲလို့ တစာစာ အော်နေကြရင် ပွဲမစခင်က ဇာတ်သိမ်းသွားနိုင်တဲ့အတွက်… တခါက ဒီလို ကဗျာနဲ့ ကာတွန်း ပို့စ်လေးတခုကို တင်ခဲ့ဖူးပါတယ်။

“ပွဲသိမ်းငိုချင်း”

ပွဲသိမ်းတိုက်ပွဲ….
ပွဲသိမ်းတိုက်ပွဲ….
ပွဲသိမ်းတိုက်ပွဲ….
အာတွေလည်း ပြဲခဲ့ပေါ့
အသေနွှဲမယ့် သဏ္ဍာန်လို
လေထဲက ရမ်ဘိုတွေကြောင့်
အံမယ်လေး….. အရပ်ကတို့ရဲ့
ပွဲမစခင်က ဇာတ်သိမ်းရပါပေါ့လား…..

ကိုပေါ။
July 03, 2010

9 comments:

Anonymous said...

ဟဟား ဟဟား ဟဟား ...ကြိုက်တယ်ဗျို့ ...
တင်ပြပုံအပါအဝင်.. ကဗျာကိုပါကြိုက်သွားတယ်...
လေးစားစွာဖြင့်
ကန

ဖိုးတုတ် said...

ပွဲသိမ်းတော့ ပွဲသိမ်း ဒါပေမဲ့ ၂၀၁၀ တော့ ဟုတ်မယ် မထင်သေးဖူး ၊ အချိန်က သိပ်ကပ်နေလို.ပါ ၊ နအဖ ကိုယ်တိုင် ရွေးကောက်ပွဲက ဘယ်ဆီမှန်း မသိသေးတဲ့ အချိန်လည်း ဖြစ်နေပါတယ် ၊ ဒါပေမဲ့ လူတိုင်း (ဒီမိုကရေစီမြတ်နိုးသူတိုင်း) က လုပ်သင့်လုပ်ထိုက်တာကို ၀ိုင်းဝန်းကူညီဆောင်ရွက်ကြမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်

Confucius ရဲ့ အဆိုအမိန်.ကို ကြိုက်လို. အောက်မှာ ကူးပေးလိုက်ပါတယ် ၊

" It does not matter how slowly you go, as long as you do not stop "

နောက်တစ်ခုက ကျွန်တော်ကြိုက်တဲ့ အဆိုအမိန်.လေးတစ်ခုပါ ၊ ရေးသူကိုလည်း မမှတ်မိတော့ပါ ၊ စိတ်ထဲမှတ်မိတာ ချရေးလိုက်တဲ့ အတွက် grammar မှားခဲ့ရင်တော့ ခွင့်လွှတ်ပါ ၊

အဲဒါကတော့

End of the game, you'll see the who is the winner.

အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ ၊

မန်းကိုကို said...

တော်တော်နောက်တဲ့လူ ...

(ကာတွန်းကိုပြောတာ)

မောင် လေး said...

ကာတွန်းလေးကိုသဘောကျသဗျို့ ........

Anonymous said...

ကိုပေါရေ..
မငယ်နိုင်ဘလောဂ်ထဲက ကော်မန်လေးတခု ကိုပေါလည်း သိသင့်မယ်ထင်လို့ .. ပြီးတော့ နောက်ထပ် ထပ်ရောက်ဖြစ်မယ်ထင်လို့ .. ဝေမျှလိုက်ပါတယ်... (မဆိုင်တာ Share မိလို့ Sorry)

Naing Linn Said
မကလျာ
ဘယ်ဘလောဂ့် ဘယ်လင့် ဆိုတာ ကျနော် မပြောတော့ပါဘူး.. ဒါပေမဲ့ ကြုံကြိုက်တုံး တခုလောက် ဥပမာပြချင်ပါတယ်.. ဘလောဂ်ဂါ တချို့ အပါအ၀င် တော်တော်များများဟာ ဘုရားဟောတဲ့ ကာလာမသုတ်ကို နားလည်မှု လွဲနေတာ ၀မ်းနည်းစွာ တွေ့ နေရပါတယ်.. ကာလာမသုတ် မှာ ဘုရားဟောတဲ့ ရှေးအစဉ်အဆက်က လက်ခံခဲ့လို၊ မိဘက ဆရာသမားက ယုံကြည်လောက်တဲ့ သူက ပြောလို့  နောက်ဆုံး ငါဘုရားက ဟောလို့ ဆိုပြီးတော့တောင် မျက်စိမှိတ် မယုံကြည်လိုက်နဲ့  ကိုယ်တိုင်ကျင်ကြံပြီး ကိုယ်တိုင်ကိုယ်ကျ သိမြင်ပြီးမှ မှန်တယ်ဆိုမှ လက်ခံဖို့ ဟောခဲ့တာဟာ.. ဘာသာခြား မိစ္ဆာဒိဋ္ဌိတွေ ဗုဒ္ဓဘာသာကို သက်ဝင်မယုံကြည်သူတွေ ကို အစမ်းသပ်ခံနိုင်တယ်ဆိုပြီး စိန်ခေါ်တာပါ..
ဗုဒ္ဓဘာသာတွေကို ဝေဖန်ဆန်းစစ်ခွင့်မပေးပါဘူး၊ သဒ္ဓါရှိသည်အလျှောက် ဒါနနဲ့ တန်သူကို ဒါန သီလနဲ့  သင့်တော်သူကို သီလ၊ ဥာဏ်ကြီးသူ၊ပါရမီဓါတ်ခံရှိသူတွေကို ၀ိပဿနာ ဘာဝတရား အစရှိသည့်ဖြင့် ကျင်ကြံပွားများဖို့ ပဲဟောပါတယ်။
အကယ်၍ဗုဒ္ဓဘာသာဝင်တွေကိုသာ ဝေဖန်ဆန်းစစ်ခွင့် ပေးပြီး အမှားလိုက်ရှာ ခွင့် ပေးထားပါက ဒီတရားများတွေကို ဘယ်အချိန်သွားကျင့်ပါမလဲ၊။
တရားတော်အပေါ် သံသယရှိတာဟာ သဒ္ဓါ(ယုံကြည်သက်ဝင်မှု) ရဲ့  ဆန့် ကျင်ဘက် ၀ိစ္ဆကိစ္စ ၊ (ရတနာသုံးပါးအပေါ်မှာ ယုံမှားခြင်း) လို့ ခေါ်ပါတယ်။ အဲဒါဟာ ကြောက်စရာအကောင်းဆုံး အကုသိုလ်တရားပါ။ ဗုဒ္ဓဘာသာဝင်တွေ ယုံမှားခြင်း၊ အမှားရှာ ဆန်းစစ်ခြင်းကင်းပြီး၊
သာသနာတွင်းတရား အစစ်အမှန်များ လိုက်စားနိုင်ကြပါစေ။

မူရင်း
https://www.blogger.com/comment.g?blogID=4430190991344802069&postID=3976960132041664064&isPopup=true

Dear Ko Paw
Thanks for ur highlighted poem composed by Hninkharmoe that's one of the great ones what I felt it. Salute to Ko Hininkharrmoe and I hv kept his blog in my favourite blogs. Thanks again.

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

( လူဆိုတာ ရည်မှန်းချက် ပန်းတိုင်ထားပြီး အလုပ်လုပ်တတ်ကြတာ သဘာဝမို့ ပန်းတိုင်မရှိတာနဲ့ စာရင် ကောင်းတယ်ပဲ ပြောရမှာပေါ့။ ဒါပေမယ့် တနှစ်တခါဆိုသလို ဒီနှစ်ထဲမှာ “ပွဲသိမ်းတိုက်ပွဲ” ဆင်နွှဲမယ်လို့ အချိန်မှန်မှန်ကြီး ပြောလာခဲ့ကြတာတွေကို တွေ့ရတော့ နှစ်တွေကြာလာတဲ့အခါ အဲဒီစကားမျိုးဟာ ပြောဖန်များလေ အနှစ်သာရ ကင်းမဲ့လေ ဖြစ်လာတော့တာပေါ့။ )
သို့
ကိုပေါ

ကျနော်က ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဝေးကလူတွေကို ဝေဖန် ထောက်ပြတဲ့ အလုပ်မျိုးကို မလုပ်ပါဘူး။ မိမိအသိုင်းအ၀န်းထဲမှာရှိနေတဲ့ လူတွေကိုပဲ ပြုပြင်ပါတယ်။ ဝေဖန်ပါတယ်။ တံငါနားနီး တံငါ။ မုဆိုးနားနီး မုဆိုးဆိုသလိုပဲ ကျုပ်တို့ လူ့ဘောင်ထဲက ပေါက်ဖွားလာတဲ့ ဗိုလ်ချုပ်တွေ ကောက်ကျစ်နေတာ မြန်မာ့လူ့ဘောင်မှာ တာဝန်အများကြီးရှိတယ်လို့လဲ ခံယူပါတယ်။ ဒီတော့ ကိုပေါကို ဝေဖန်ပါတော့မယ်။

တကယ်တော့ ဒီမိုသမားတွေလည်း ဗိုလ်ချုပ်တွေကို ဘယ်လို ဖြုတ်ချရမလဲဆိုတာ သူတို့လဲကြံရာမရဖြစ်နေပါတယ်။ လက်နက်အပြည့်အစုံနဲ့လူတွေကို ဖြုတ်ချဖို့ လမ်းစဉ်ကို ရှာဖွေလို့ မရဘူးဖြစ်နေတယ်။ “ပွဲသိမ်းတိုက်ပွဲ ဆိုတာကလဲ သူတို့အနေနဲ့ ဘာမှ မလုပ်ပဲနေတာထက် တစ်ခုခုတော့ လုပ်မယ်ဆိုတဲ့ သဘောနဲ့ လုပ်ကိုင်လိုက်ခြင်းဖြစ်ပါတယ်။

ဘာမှမကူညီပဲ ဘေးကနေ လက်ပိုက်ကြည့်ရင်း ဝေဖန်ရတဲ့အလုပ်ဟာ ကမ္ဘာပေါ်မှာ လွယ်ကူဆုံးအလုပ်ပါပဲ။ ဒီတော့ဗျာ။ ကိုပေါ ဝေဖန်သလို ဒီမိုသမားတွေ လုပ်ဆောင်ချက်မှားယွင်းတာ မှန်တယ်။ ဒီမိုသမားတွေကလည်း တခြားဘာလုပ်ရမှန်းမသိလို့ အဲဒါကိုလုပ်နေတာ ဖြစ်တယ်။ ဒီတော့ဗျာ . . . သူတို့တွေ ဘယ်လိုလုပ်သင့်လဲဆိုတဲ့ အကြံလေးပါ ဆောင်းပါးထဲမှာ ရေးပေးပါလား။ မိမိက ဘာမှ မကူညီပဲ ဘေးကနေ လက်ပိုက်ကြည့်ရင်း ဝေဖန်အပြစ်တင်နေရင်တော့ . . . တကယ်လုပ်နေတဲ့သူတွေကို စော်ကားရုံသက်သက်ပဲဖြစ်လိမ့်မယ်။

လေးစားလျက်
ဇော်မျိုး

Anonymous said...

အိုင်ဒီယာက တူသလိုလိုနဲ့မတူ၊ စိတ်ဝင်စားလို့
http://sosegado1.blogspot.com/2010/07/blog-post.html

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs