(အရင်နှစ် ဖေဖေါ်ဝါရီလထဲက တင်ခဲ့ဖူးတဲ့ ပို့စ်တပုဒ်ကို နည်းနည်း ပြင်ရေးပြီး ပြန်တင်လိုက်ပါတယ်။)
ရန်ကုန်မပြန်ခင်တရက်မှာ ကျနော့် ဇာတိရွာကလေးကို အလွမ်းပြေ တခေါက်လောက် သွားလည်ဘို့ ပြင်ရတယ်။ ရွာကို စက်ဘီးနဲ့ သွားမယ်ဆိုရင် ငါးနာရီလောက်ကြာတယ်။ အိမ်က စက်ဘီးတွေကလည်း ကျောင်းဖွင့်ရက်ဆိုတော့ တစီးမှ မအားဘူး။ ဒါနဲ့ ယောက်ဖ၀မ်းကွဲရဲ့ ပြိုင်ဘီးလေးကို ခဏငှားစီးရတယ်။
လယ်ကိုင်းဖက်ကို သွားတဲ့ ကားလမ်းမကြီးအတိုင်းထွက်။ ရေပေးမြောင်းမကြီးကိုရောက်တဲ့အခါ ဖြောင့်ဖြူးနေတဲ့ မြောင်းဘောင်လမ်းပေါ်ကို အသာချိုးကွေ့လိုက်ပြီး ကျောင်းတော်ရာဘုရားရှိတဲ့ဖက်ဆီကို ဦးတည်လို့ ခပ်သွက်သွက် စနင်းလိုက်တယ်။
အဲသည်အခါကျမှ ပြိုင်ဘီးလေးရဲ့ အရသာကို သိတော့တာပဲ။ အဲဒီအချိန်မတိုင်မီက ကျနော်တခါမှ ပြိုင်ဘီးမစီးဖူးပါဘူး။ ရန်ကုန်မှာ သူများတွေ စီးနေတာတော့ တွေ့မိသားပေါ့။ ပြိုင်ဘီးဆိုတာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် စက်ဘီးကလေးပါကလား။ ကုန်းတက်ဆိုရင် ဂီယာတမျိုး၊ မြေညီဆိုရင် ဂီယာတမျိုး။ သက်တောင့်သက်သာ ရှိလှပါတကား။ ခါးကို ထောင့်ချိုးကွေးထားတာမို့ လေရဲ့ ခုခံတားဆီးမှုကို သိပ်မခံစားရ။ ရှေ့တူရူက တိုက်ခတ်လာတဲ့ လေဆန်ကို ပူစရာမလို။
ဒီလိုနဲ့ ပြိုင်ဘီးလေးနင်းရတဲ့ အရသာကို ကြည်နူးရင်း ကုက္ကိုပင်၊ မယ်ဇလီပင်၊ ထနောင်းပင်၊ ညောင်ပင်တွေ အစီအရီပေါက်နေတဲ့ ရေမြောင်းတလျှောက် နင်းလာလိုက်တာ “၀ဲဒေါင့်” ဆိုတဲ့ ရွာနားရောက်တော့ အရှိန်ကို နည်းနည်းလျှော့ချလိုက်ရတယ်။ ရေမြောင်းဘေးကပ်လျက် ညောင်ပင်ရိပ်အောက်မှာ ကောက်စိုက်သမတွေ ထိုင်နေကြလို့ပါ။ သူတို့လူအုပ်က အတော်တောင့်တော့ စက်ဘီးသွားလမ်းပေါ်ကိုတောင် လူတွေ ရောက်နေတယ်။
ကျနော်စက်ဘီးနင်းလာတာ မြင်တာနဲ့ ချက်ချင်းဆိုသလို သူတို့အားလုံးရဲ့ အာရုံတွေဟာ ကျနော့်အပေါ်ကို စုပြုံကျရောက်သွားပြီး နီးလာတာနဲ့အမျှ သူတို့အချင်းချင်း ပြောကြတဲ့ စကားသံတွေကိုလည်း တဖြည်းဖြည်းနဲ့ စပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ သူတို့ကလည်း တိုးတိုးသက်သာ ပြောကြတာမျိုးမဟုတ်။ ကျနော်မကြားကြားအောင် တမင် အသံကိုမြှင့်ပြီး အော်ကြီးဟစ်ကျယ် ပြောနေကြတာမျိုး။
“ကြည့်စမ်းပါဦးဟယ်။ ကိုယ့်ဒုက္ခကိုယ်ရှာလို့”
“အေးလေ… ကုန်းကုန်းကွကွကြီး စီးရတယ်လို့။”
“အဲဒီလိုစီးလိုက်တာနဲ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသားနဲ့တူသွားရော မှတ်နေသလားမသိ”
“ငါတော့…. ကြည့်လို့ကို မရဘူး။ ဘာစိတ်ကူးနဲ့များ ဒီစက်ဘီးမျိုး စီးချင်ရလဲမသိဘူး”
“သောက်ရူးထတာပေါ့အေ....”
တယောက်တပေါက် ပြောနေကြတဲ့ အဲဒီအသံတွေကို မသိကျိုးကျင်ပြုပြီး သူတို့အနားက အမြန် ကျော်ဖြတ်ဖို့ ကြိုးစားရတယ်။ စက်ဘီးလမ်းပေါ်ထိုင်နေတဲ့ သူတို့နဲ့ လွတ်အောင် လမ်းနည်းနည်းကြမ်းတဲ့ဘက်က ကွေ့ဝိုက် ရှောင်ပြီး နင်းလိုက်တယ်။ ကံဆိုးချင်တော့ အဲသည်မှာ ညောင်မြစ်ကို တက်နင်းမိတာပါဘဲ။
စက်ဘီးတော့ လဲကျမသွားပါဘူး။ ဒါပေမယ့် ညောင်မြစ်က ကန့်လန့်ခံနေတာဆိုတော့ ရေပိုက်လုံးပေါ် တက်နင်းမိသလို ရှေ့ဘီးနဲ့ နောက်ဘီး တချက်ချင်းစီ ဒုတ်ကနဲ၊ ဒုတ်ကနဲ ခုန်ပြီး လမ်းပေါ်ကို အရှိန်နဲ့ ပြန်ကျတာလောက်ပါပဲ။
ဒါပေမယ့် အဲဒီအချိန်မှာ ကောက်စိုက်မ အုပ်စုဆီက သံပြိုင်နီးပါး ထွက်ပေါ်လာတဲ့ အသံတွေကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။
“ကောင်းတယ်၊ ၀မ်းသာတယ်၊ လုံးဝ မသနားဘူး။”………..တဲ့။

10 comments:
ဟုတ်ရဲ့လား.။
အဲဒါဖတ်ဖူးတယ်.. ဘာဖြစ်လို့ ပြန်တင်တာလဲ အင်...။ (ဆိုလိုသည်မှာ ဘာအကြောင်းကို သွယ်ဝိုက်ပြောချင်လို့လဲ...ဟူလို)
P,
This is to demonstrate typical Burmese' mentality. We need to improve our society, value and vision.
Am I right Ko Paw?
:) ကိုပေါသနားပါတယ်... ကိုယ့်ထမင်း ကိုယ်စား ကောက်စိုက်သမတွေ မေတ္တာပို့တာ ခံခဲ့ရတာပေါ့လေ...
ကောက်စိုက်သမတွေအတွက် ကိုယ်စားပြုစကားလုံး
ဒါမှ ဒို့ဗမာဟေ့
မတော်မတရားပြောနေသလိုဘဲခံစားရပါတယ် ကောက်စိုက်သမားတွေ ဒီလောက်စိတ်ပုတ်တယ်လို့မထင်မိပါဘူး။ တစ်ကယ်အဖြစ်မှန်ဆိုရင်တော့ခွှုင်လွတ်ပါ. ဒါပေမဲကအားကြီးယုံရခက်တာဘဲ။
khin oo may...... “ဟုတ်ရဲ့လား.။”........ ဝုတ်ပါဒယ်။
:P.......... နှစ်ထပ်ရှိမှ မှတ်မိမှာမို့....။
Anonymous...... သွေးထွက်အောင် မှန်တယ်လို့ ဖြေလိုက်ရင် လူတွေက ဘယ်လို ထင်ကြမလဲ။း-)
ဧပရယ်လ်ပူး@ပူးတေ.... ဟုတ်တယ် ပူးတေ။.... ကိုယ့်ထမင်းကိုယ်စားနေတာတောင် မေတ္တာပို့တာခံရသေးတယ်ဆိုရင် သူများရဲ့ မသဒ္ဓါရေစာတွေကို မြို့ဆို့နေသူတွေဆိုရင် ကျိန်စာအတိုက်ခံရမလားသိဘူးနော်။ သနားပါဘိ။း-)
အောင်ကိုကိုထိုက်..... မျှော်စင်ကျွန်းမှာ ကင်းကောင်လုပ်သလို ပါးစပ်က အော်ရင်း ဂျွမ်းထိုးချလိုက်မယ်။း-)
နှစ်ကျော့ပြန် khin oo may...... ခွင့်လွှတ်ပြီးသားပါကွယ်။ မဟာဂရုဏာကြီးမားစွာနဲ့ အစဉ် ခွင့်လွှတ်နေပါဒယ်...ဟိဟိ။ အတင်း ယုံကြည်လာအောင် ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြရန်အထိတော့ ဆန္ဒမရှိပါဘူး။ ပါးစပ်မဆန့်လို့။
ပူးတေပြောသလိုပဲ.. သနားပါတယ် (ညောင်မြစ်ပြောပါတယ်).. ဟားဟား
khin oo may said...
“မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။
(Source: http://irrawaddy.org/bur/index.php/ching-mai-nat/joke/3040-2010-04-24-10-49-42)
တစ်ခြားပိုစ်မှာတွေ့ခဲ့တဲ့အဲဒီကွန်မက်က ကိုပေါများလားလို့။
မခင်ဦးမေ...
ဘာကို ဆိုလိုမှန်း သိပ်နားမလည်ဘူးဗျ။
အဲဒီကွန်မင့်က ကျနော့်ရဲ့ “ကိုပေါ” အိုင်ဒီနဲ့ရေးထားတာလေ။ ဒါကို အဲဒီကွန်မင့်က ကိုပေါများလားလို့ ဆိုတော့ ဘာဖြေရမှန်းမသိဘူးဗျ။
နောက်ပြီး ကျနော့်ကွန်မင့်ထဲမှာလည်း ပြောထားတယ်လေ။ ဧရာဝတီအွန်လိုင်းမှာ ဖော်ပြခဲ့ဘူးတယ်ဆိုတာ။ ကျနော်လည်း အဲသည်ကနေ ကော်ပီကူးပြီး မချစ်ကြည်အေးဆီမှာ မျှဝေလိုက်တာပဲ။
တခုပဲရှိတယ်။ အဲသည်ထဲမှာ ပါတဲ့ ဘုန်းကြီးက ကျနော်လား လို့ မေးချင်တာလား။ ဒါမှမဟုတ် အဲဒီ မူရင်းဟာသကို ရေးသားသူက ကျနော်လား လို့ မေးချင်တာလား။ အဲဒါဆိုရင်တော့ နှစ်မျိုးစလုံးမှာ ကျနော်မဟုတ်ပါလို့ ဖြေလိုက်ပါတယ်။
Post a Comment