ကိုပေါ နဲ့ မဒမ်ပေါ (အသွင်တူ၏ မတူ၏)

Share |
တနေ့သ၌ ကျွန်ုပ်သည် အချိန်များ ဖြုန်းတီး၍ မကုန်အောင် ပိုလျှံနေသဖြင့် အကျင့်ပါနေသည့်အတိုင်း ဘလော့ဂ်များကို လှည့်လည်ဖတ်ရှုရာ သက်ဝေ ဆိုသူ၏ ဘလော့ဂ်တွင် ကျွန်ုပ်အား “အသွင်တူ၏ မတူ၏” ဟူသည့်ခေါင်းစဉ်ဖြင့် ပို့စ်တပုဒ်ရေးသားပေးရန် တိုက်တွန်းထားသည်ကို တွေ့ရသည့်အခါ သက်ဝေအား ခင်မင်သည့်အလျောက် သူ၏ တိုက်တွန်းချက်ကို လက်ခံကာ ဤဇဗ္ဗူဒိပ်ကျွန်းတွင် စံပြလင်မယား ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော ကျွန်ုပ်နှင့် မဒမ်ပေါတည်းဟူသည့် လင်မယားအကြောင်းကို နောင်လာနောက်သားများ အတုယူစိမ့်သောငှာ ကျားကုတ်ကျားခဲ၊ မဆုတ်မနစ်သော လုံလဥဿဟကို ထုတ်၍ ရေးသားလိုက်ပါသည်။ နည်းနမူနာယူကာ အတုယူမှတ်သားကြပါကုန်။

အင်း… နိဒါန်းနဲ့တင် ခဲတွေ၊ ပြောင်းဖူးရိုးတွေ ဝင်လာတော့မယ်။ ရီတာပြောသလို လူချစ်လူခင်များစေတဲ့ ဂါထာဆိုတာ ဒါမျိုးပဲဖြစ်ရမယ်။

နောက်တာပါဗျာ။ သူများတွေ မသိသေးတဲ့ ကျနော်တို့ အကြောင်း အချို့ကိုပဲ နည်းနည်းလောက် ရေးသားပြပါ့မယ်။ အောက်ဆုံးမှာလည်း ဘလော့ဂါ ပန်ဒိုရာရဲ့ တခါက တောင်းဆိုချက်အရ လက်လှမ်းမီသမျှ ဟိုးငယ်ငယ်က ဓါတ်ပုံတွေကစလို့ ယခုအချိန်ထိ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။ တခါပဲ တောင်းဆိုရတယ်။ နှစ်ခါတောင်းဆိုစရာ မလိုတာကို သတိပြုပါ။ ကျနော့် ငယ်ငယ်က ဓါတ်ပုံတော်တော်များများဟာ မိဘတွေအိမ် မီးထဲပါသွားတုန်းက ဆုံးရှုံးသွားပါတယ်။ အနာဂတ် သမိုင်းပညာရှင်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တော့မှာပါပဲ…. သွပ်သွပ်သွပ်။

ကဲ…လာပါပြီ။ မဒမ်ပေါနဲ့ မတူတာက စပြောရမယ်။ ကျနော်က သရဲမကြောက်တတ်ဘူး။ ကျောင်းပိတ်ရက်တွေမှာ သင်္ချိုင်းကုန်းနဲ့ မလှမ်းမကမ်းက မြေပဲခင်းမှာ တယောက်တည်း ညအိပ်စောင့်တတ်တယ်။ ကျနော့်မဒမ်ပေါကတော့ သရဲကြောက်တတ်တယ်ခင်ဗျ။ (အခု သူနဲ့ပေါင်းပြီး ကျနော်တောင် နည်းနည်း ကြောက်တတ်ချင်သလိုလို ဖြစ်လာတယ်။)

မဒမ်ပေါ သရဲကြောက်မှန်းသိတော့ ကျနော်ရော၊ သမီးကပါ မဒမ့်ကို အမြဲလိုလို စတတ် နောက်တတ်တယ်ဗျ။ ဥပမာ ညဖက်မှာ မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတဲ့ သူ့နောက်ကို ခြေဖွနင်းသွားပြီး နောက်ကနေ အသံမထွက်ဘဲ စိန်းစိန်းကြီး စိုက်ကြည့်နေတာမျိုးပေါ့။ ဒါပေမယ့် ဘယ်အချိန်နောက်နောက် အရမ်းစိတ်ဆိုးတတ်တယ်ဗျ။ လူသေအလောင်းတွေ ဘာတွေဆိုလည်း သူက အရမ်းကြောက်တာ။

ဒီတော့ ကျနော်ကလည်း မဒမ့်ကို တကူးတက မှာရတယ်။ ကျနော်သေရင် ချက်ချင်း မီးမသဂြိုဟ်ဖို့၊ အိမ်မှာ အနည်းဆုံး သုံးရက်လောက်တော့ ဆက်ထားဖို့၊ အဲသည်သုံးရက်အတွင်းမှာလည်း နောက်ဆုံးလိုက်လျောခြင်းအနေနဲ့ အလောင်းဘေးနားမှာ အမြဲ စောင့်အိပ်ပေးဖို့၊ မဟုတ်ရင် အလောင်းအနေနဲ့ အထီးကျန် အားငယ်မှာကို စိုးရိမ်မိတဲ့အကြောင်းတွေ ညဖက်တွေမှာ ရွေးပြီး တဖွဖွ မှာကြားရပါတယ်။ မဒမ်က ပြန်ပြောတယ်။ “မင်း… ဒီလောက်ဝနေတာ။ ဝတဲ့လူတွေက သေရင် အပုပ်မြန်တယ်။ ဒီတော့ နေ့မကူးဘဲ ချက်ချင်း သဂြိုဟ်မယ်”တဲ့။ ရက်စက်ပုံက။ နည်းနည်းမှ မကြင်နာဘူး။

ဒီလောက် အလောင်းကြောက်တဲ့ မဒမ်ပေါအတွက် စိတ်မသက်သာစရာ ကိုးလို့ကန့်လန့် အဖြစ်တခု ကြုံရပါသေးတယ်။ ဒီလိုပါ…. တခါက နိုင်ငံခြားသား အသိတယောက်ရဲ့ ညီဝမ်းကွဲလေး ဆုံးသွားတယ်။ မြန်မာလိုဆိုရင် အစိမ်းသေ သေတယ်ပဲ ဆိုပါစို့ရဲ့။ သေသူဟာ တခါမှ မသိမမြင်ခဲ့ဘူးတဲ့ တစိမ်းတယောက် ဖြစ်နေပေမယ့် မိတ်ဆွေရဲ့ ညီဝမ်းကွဲဆိုတော့ အိပ်ခ်ျဒီဘီ တိုက်အောက်မှာ လုပ်တဲ့ အဲဒီ အသုဘကို လင်မယားနှစ်ယောက် သွားကြပါတယ်။ ပထမတော့ အောက်မှာ နေကြာစိစား၊ အအေးသောက်၊ ထုံးစံအတိုင်း တခြား သိတဲ့လူတွေနဲ့ တော်ကီလေးတွေ ပွားရတာပေါ့လေ။

ခဏနေတော့ ကျနော်တို့အသိက အားလုံးကို တိုက်တွန်းတယ်။ တိုက်အပေါ်ထပ်မှာ သေဆုံးသူရဲ့ မိခင် (သူ့အဒေါ်) ရှိတယ်။ တသုတ်ချင်း အပေါ်ကို တက်သွားပြီး အားပေးလိုက်ကြရအောင်တဲ့။ ဟုတ်တာပေါ့။ လုပ်သင့်တာပေါ့။ လုပ်ရမှာပေါ့။ အဲဒါနဲ့ ကျနော်က ရှေ့ဆုံးကနေ ဦးဆောင်တက်ခဲ့တယ်။ မဒမ်က နောက်နားမှာ တခြားသူတွေနဲ့ စကားပြောရင်း လိုက်ပါလာတယ်။ အိမ်ထဲဝင်ကာနီး ကော်ရစ်ဒါမှာ ဆိုဖာတွေ၊ ထိုင်ခုံတွေ အပြင်ထုတ်ထားတာကိုတွေ့တော့ ကျနော်လည်း သံသယရှိလို့ ကော်ရစ်ဒါကနေ ဟထားတဲ့ တရုပ်ကပ်ကတဆင့် ဧည့်ခန်းထဲကို လှမ်းလည်း ကြည့်လိုက်ရော… လားလား… အလောင်းကို ကြမ်းပြင်ပေါ်မှာ အစန့်သား ခင်းကျင်း ချထားတာတွေ့ရတယ်။

ဒါနဲ့ ကျနော်က မဒမ့်ကို လှမ်း သတိပေးရတယ်။ “ချစ်လေးရေ… အခန်းထဲမှာ အလောင်းရှိနေတယ်နော်။ လန့်မသွားနဲ့ဦး” လို့။ မဒမ်က နောက်မှာ အမျိုးသမီးတယောက်နဲ့ စကားဖောင်နေတော့ ကျနော်ပြောတာကို မကြားဘူးဗျ။

ရှေ့ဆုံးကနေ အိမ်ထဲဝင်လိုက်တော့ တံခါးသော့ကို ပူးချည်ထားတဲ့ သံကြိုးစနဲ့ ခြစ်မိပြီး ကျနော့်လက်မှာ သွေးနည်းနည်းစို့သွားလို့ အယူမသည်းဘူးဆိုတဲ့လူလည်း ထိတ်ကနဲဖြစ်ပြီး နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်သွားသေးတယ်။

ထင်တဲ့အတိုင်း မဒမ်က ဝင်ဝင်ချင်းမှာ မမျှော်လင့်ဘဲ အလောင်းကြီးကို ဘွားကနဲမြင်လိုက်တော့ သူ့မျက်နှာဟာ သရဲအခြောက်ခံလိုက်ရသူလို ဖြူဖတ်ဖြူလျော်နဲ့ တော်တော်လေး ခြောက်ခြားသွားပုံရတယ်။ ဒါပေမယ့် နာမည်က ဟန်သူ ဆိုတဲ့အတိုင်း ဟန်မပျက်ပေါ့လေ။ မာန်တင်းပြီး ကျနော့်ဘေးမှာ လာရပ်တယ်။ ကျနော်တို့အားလုံး ဆယ့်နှစ်ယောက်လောက်ရှိမယ်။ အလောင်းပတ်ပတ်လည်မှာ ဝိုင်းပြီး မတ်တတ်ရပ်ရင်း အသုဘ ရှုကြတယ်ပေါ့။

ပန်းနဲ့ အမွှေးတိုင်နံ့တွေက အခန်းတခုလုံးကို စူးစူးရှရှ လွှမ်းခြုံထားတယ်။ ကြမ်းပြင်ပေါ်က အလောင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ လက်ကလေးတွေသာ ဖော်ထားပြီး ကျန်တာကတော့ ပိတ်ဖြူနဲ့ ပတ်၊ ကိုယ်ပေါ်မှာ ပန်းတွေ ကျိုးတို့ကျဲတဲ လွှမ်းထားတယ်။ မျက်နှာက ပြင်ထားပေမယ့် နည်းနည်းလေး ပြာချင်နေပြီ။ သူတို့ဘာသာစကားနဲ့ ဘုရားစာလို့ ထင်ရတဲ့ မန္တာန်တပိုဒ်ကို ကက်ဆက်ကနေ ထပ်ဖန်တလဲလဲ ရွတ်နေတယ်။ “ဥုံ…..ကွိစိနံကွ တကွမ်ကွ” ဆိုတာမျိုးပေါ့။ ကျနော်တို့တွေက တယောက်ချင်း အလောင်းရဲ့ ခြေရင်းမှာ ချပေးထားတဲ့ ခွက်ထဲက ပန်းပွင့်လေးတွေကို ယူပြီး အလောင်းပေါ်မှာ ကြဲဖြန့် ချပေးရတယ်။

အသိကတော့ သူ့ညီဝမ်းကွဲကို တော်တော်ချစ်ပုံရတယ်။ သေသူရဲ့ ပါးကလေးကို စမ်းကြည့်လိုက်။ ဆံစလေးကို သပ်ပေးလိုက်။ လက်ကလေးကို ကိုင်လိုက်နဲ့ပေါ့လေ။ ပြီးတော့ မဒမ်နဲ့ ကျနော့်ဖက်ကို လှည့်ပြီး “လာလာ…. အောင်နဲ့ ဟန်။ လာကိုင်ကြည့်လှည့်။ ဘယ်လိုမှ သဘောမထားဘူး။ ထိလို့ရတယ်။ ကိုင်လို့ရတယ်” ဆိုတဲ့အကြောင်းကို သုံးကြိမ်ထက်မနည်း လှည့်ခေါ်ပြီး တိုက်တွန်းပါတယ်။ ကျနော်ကလည်း စောစောက ခြစ်မိလို့ သွေးစို့နေတဲ့လက်နဲ့ သွားထိရမှာကို ဝန်လေးနေတယ်။ မဒမ်ပေါ မျက်နှာကို ကြည့်ရတာလည်း ပြိုတော့မယ့် မိုးလိုပါပဲ။ လင်မယားနှစ်ယောက် အကြံအိုက်နေကြတယ်။ ငြင်းရမှာလည်း အားနာစရာကြီးးမို့လား။ ကျန်တဲ့ လူတွေကလည်း ဘယ်သူမှတော့ သွားကိုင်မကြည့်ကြပါဘူး။ ကံကောင်းချင်တော့ သေဆုံးသူရဲ့ အမေဖြစ်ဟန်တူသူ မီးဖိုထဲက ထွက်လာတာတွေ့ရတဲ့အတွက် ဝမ်းနည်းကြောင်း သွားပြီး စကားပြောကြတယ်။ ခဏနေတော့ နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ်။ မဒမ်ပေါ ကြည့်ရတာ တက္ကစီပေါ်ရောက်မှ အသက်ဝဝ ရှူနိုင်ပုံပဲ။

ညဖက်ရောက်တော့ ကျနော်က အိပ်ယာပေါ်မှာ ခပ်တောင့်တောင့် စန့်စန့်ကြီးလှဲပြီး မဒမ့်ကို “လာ…. ဟန်။ ထိကြည့်၊ ကိုင်ကြည့်လို့ရတယ်” ဆိုတဲ့ နေ့လည်က မိတ်ဆွေရဲ့ အသံမျိုးနဲ့ ပြောမိလို့ အဲဒီညက မဒမ်ပေါ စိတ်ဆိုးတာ ခံလိုက်ရသေးတယ်။ (စကားစပ်မိလို့ ပြောရရင် မိုးမခ ဝက်ဆိုက်က ဆရာသမားများဟာ အသုဘအခမ်းအနားတွေအကြောင်း ဖော်ပြတဲ့အခါတိုင်းမှာ လူသေအလောင်းတွေကို မမေ့မလျော့ မျက်နှာအနီးကပ် ဖော်ပြရတတ်ကြတာကို တွေ့ရတယ်။)

ဒါကတော့ မဒမ်ပေါနဲ့ ကျနော်ရဲ့ အသွင်မတူပုံတွေထဲက တချက်ပေါ့။

တကယ်တော့ အစအနောက် သန်ပုံမှာ လင်မယားနှစ်ယောက်စလုံး အသွင်တူပါတယ်။ မဒမ်ပေါဆိုရင် ကျနော်တခါက လေနဲ့ဝမ်း မကွဲတာလေးတောင် ချမ်းသာမပေးဘူး။ အောက်ပါအတိုင်း ကဗျာစပ်ပြီး ကျနော့်ကို နောက်လိုက်သေးတယ်။ သူများကို နောက်ဖို့အရေး… မစင် နေရာက ဝင်ပြီး ခံစားရေးတာ။

" သွားခွင့်ပြုပါ....သခင် "

* သခင့်အပါး
အစိုင်အခဲဘဝနဲ့ ကိုယ့်ရပ်တည်မှုဟာ
မနေ့ကစလို့ ပျက်သုဉ်း
အရည်ဘဝ လုံးလုံးရောက်ခဲ့ပြီ....။

* သခင်နာကျင်မယ်မှန်းသိပေမယ့်
မဆင်မခြင် ထွက်ပေါက်ရှာ
'လေ'အလာကို စောင့်မိခဲ့တဲ့ကိုယ့်ကို
ခွင့်လွှတ်ပါ....သခင်။

* ဒီလိုနဲ့စောင့်နေတုန်း...
ဟောဟိုက 'လေ'တလုံး
ဗြုန်းကနဲဆို..ပေါ်အလာ
ပုန်းခိုကာ လိုက်လို့သွား
အပြင်ဘက်နားအရောက်မှာတော့
တုန်ခါနေတဲ့ သခင့်အသံ
မပီမသ ကြားလိုက်မိတာက...
"ဟာ...ထွက်ကုန်ပဟ"...တဲ့"

မဒမ်ပေါ
23 Nov 2007

ကဲ... ဘယ်လောက်ဆိုးတဲ့ မဒမ်ပေါလဲဆိုတာ။

ရုပ်ရည်အားဖြင့်ရော…။

ကျနော်က အညာသား။ အသားအရောင်လှတယ်။ အနောက်တိုင်းသားလူဖြူတွေဆို ကျနော့်လို အသားအရောင်မျိုးကို လိုချင်လွန်းလို့ ပင်လယ်ကမ်းခြေမှာ တနေကုန်တနေခန်းဆင်းပြီး နေလှန်းကြပ်တင်တာတောင် လိုက်မမှီတဲ့ အသားအရောင်မျိုး။ ကြေးနီရောင် အသားအရောင်ပေါ့။ အဲ…အဲ ပြည့်စုံအောင် ပြောရရင် ကြေးနီရောင်မှာမှ ခဲမဖြူတို့ အဖြိုက်နက်တို့ တော်တော်လေးရောစွက်တဲ့ ကြေးနီရောင်မျိုး။

ရုပ်ရည်ကတော့ “ကိုပေါက ဗမာချော ချောပြီး ကြည့်ကောင်းတယ်” တဲ့။ တခါက ကိုယ့်ကို မျက်နှာချင်းဆိုင် စေ့စေ့ကြည့်ပြီး အဲသလို ပေါ်တင်ကြီး လာပြောချလိုက်တာ မျက်နှာမထားတတ်အောင်ပဲ ရှက်သွားခဲ့ဖူးတယ်။ အဲသည်လို ဗြောင်လာပြောတာ ဘယ်သူမှတ်လို့လဲ။ မျက်နှာချင်းဆိုင် မှန်ထဲမှာ ပေါ်နေတဲ့ လူပေါ့။ ဟွန်း… မုန်းစရာကြီး။ ကဲကို ကဲတယ်။

မဒမ်ပေါကတော့ ကျောင်းတုန်းက ကျနော်တို့ နှစ်ရဲ့ Queen လေ။ ကျနော်တို့ မျက်မမြင်ကျောင်း တက်ခဲ့လေသလားလို့တော့ မိတ်ဆွေတို့ ကျေးဇူးပြု၍ မတွေးကြပါနဲ့ပေါ့။ မဒမ်ပေါရဲ့ ကျောင်းတုန်းက ဆံပင်ပုံက ကိုလေးပွ ပုံနဲ့။ ကင်တင်းမှာ ဆင်းပြီး ကေသာကို တချက်ဝဲလိုက်ရင် အားလုံး ကြွေသွားတယ်။ ကင်တင်းမှာ ဝဲပျံနေတဲ့ ယင်ကောင်တွေကို ပြောတာပါ။ ဆံပင်နဲ့ ယမ်းမိလို့။

ဘလော့ဂါ မသီတာ ပြောသလို လင်မယားနှစ်ယောက်ဟာ တမိုးတည်းအောက်မှာ အတူနေပြီး စားတဲ့ အာဟာရကလည်းတူတော့ ဥတုတွေ၊ အာဟာရတွေကပဲ ပြုပြင်သလားမသိ။ ဒီလောက် အဖြူအမဲ သဲကွဲနေတဲ့ ကျနော်တို့ မောင်နှံကို တူတယ်လို့ ပြောတဲ့လူတွေလည်း တော်တော်များပါတယ်။

ညားကာစက မဒမ်ပေါက ပြောဖူးတယ်။ “ကိုကို… ချစ်လေးက သူများမိန်းမတွေလို စိန်တွေ၊ ရွှေတွေ၊ အဝတ်အစား၊ အသုံးအဆောင်၊ အလှအပ ပစ္စည်းတွေ စိတ်မဝင်စားဘူး။ အစားအသောက်ကလေးပဲ တခုပဲ ကောင်းကောင်းမွန်မွန် စားနေရရင် ကျေနပ်ပါပြီ၊ အဲဒါလေးတခုတော့ လိုက်လျောပါ”….လို့ ကတိတောင်းဖူးတယ်။

အဲဒီစကားကြားရတော့ မောင်ပေါတို့ ပိုက်ဆံတွေ အပီ စုမိတော့မယ်၊ မိန်းမ အရတော်လေစွဆိုပြီး ပီတိတွေ လှိုင်လှိုင်ဖြာခဲ့ဖူးတယ်။ အစားအသောက်တော့ ဘာကုန်မှာလဲ။ ဒီတော့ လိုက်လျောပါ့မယ်။ ကတိပေးပါတယ်ကွယ်ပေါ့။ အစားမှာ မော်လမြိုင်ဆိုတဲ့အတိုင်း မော်လမြိုင်သူဆိုတော့ ဒီလောက်တော့ ရှိပေမပေါ့လို့လည်း ဖြေတွေး တွေးခဲ့သဗျ။

ဒါပေမယ့် နောက်တော့မှ သိရတာ။ မဒမ်ပေါတို့ အမျိုးက နှယ်နှယ်ရရ အမျိုးမဟုတ်ဘူး။ “စားပြီး ဆေးသောက်တဲ့ အမျိုး”တဲ့။ စာဖတ်သူများ မရှင်းမှာ စိုးလို့ နည်းနည်း ထပ်ပြောပြပါမယ်။ သူတို့အမျိုးမှာ မတည့်တဲ့အစာ၊ ရှောင်တဲ့အစာဆိုတာ ဘာဆို ဘာမှ မရှိဘူးတဲ့ ခင်ဗျ။ အစာမကြေမယ့် အစာဆိုလည်း စားပြီး အစာကြေဆေးသောက်လိုက်တယ်။ သွေးတက်မယ့် အစာမျိုးဆိုရင်လည်း စားပြီး သွေးကျဆေးကို မှီဝဲလိုက်တယ်။ အိမ်မှာ အဲသည်လိုသောက်ဖို့ ဆေးမျိုးစုံလည်း စုဆောင်းထားတယ်။ ကောင်းကြပါလေရော။

မောင်ပေါရဲ့ ဦးနှောက် ပရိုဆက်ဆာ က နှေးတော့ လက်ထပ်ပြီး ဆယ်နှစ်လောက်နေမှ သဘောပေါက်တယ်။ တကယ်တော့ စိန်တွေ ရွှေတွေ ဆိုတာက တခါတရံမှ ဝယ်တတ်ကြတာဖြစ်လို့ တခါတရံမှ ကုန်တတ်တာမျိုးကလား။ အစားအသောက်ကတော့ နေ့စဉ်နဲ့အမျှဆိုတော့….. ကျနော့်ခမြာမှာ တော်တော်လေး ထိရှာပါတယ်။ ဒါကြောင့် မောင်ပေါ မဒမ့်ကို တခါတလေ အစားအသောက်လိုင်းကနေ စိန်ရွှေ၊ အဝတ်အစားလိုင်းကို အပြောင်းအလဲလေးဖြစ်အောင် ပြောင်းကြည့်ပါလားလို့ ဖျားယောင်းတိုက်တွန်းကြည့်မိတယ်။ ဒါပေမယ့် မဒမ်က “ဟင့်အင်း…ရတယ်။ မပြောင်းတော့ပါဘူး။ စိန်တွေ၊ ရွှေတွေက ကိုယ်သေရင် ကိုယ့်နောက်ပါမှာမဟုတ်ဘူး။ နောက်မိန်းမ ကောင်းစားဖို့ ဖြစ်သွားလိမ့်မယ်” လို့ ပြန်ပြောတဲ့အတွက် ကျနော့်မှာ အကြံအိုက်နေပါတယ်။

အဲဒါနဲ့ပဲ ကျနော်လည်း အရှုံးမရှိရအောင် သူနဲ့အတူ ဘာမဆိုလိုက်စားရတယ်။ အရင်က ဒူးရင်းသီးဆို အနံ့မခံနိုင်တဲ့အညာသားဟာ အခု ဒူးရင်းသီးကိုတောင် ကျိတ်မှိတ်ပြီး စားတယ်။ မဒမ်ရဲ့ လက်သုံးစကားရှိတယ်။ “စားနိုင်တုန်း ကျွေးထားနော်။ နောင် အိပ်ယာထဲလဲပြီး မစားနိုင်တော့မှ ငါမကျွေးလိုက်ရလေခြင်း ဆိုပြီးတော့ နောင်တရနေမယ်”တဲ့။ ဒါနဲ့ ကျနော်ကလည်း ပြန်ပြောရပါတယ်။ “မင်း…. အခုတောင် တန်နေပြီပါကွာ” လို့။

ဒီလိုနဲ့ အစားမှာ တူလိုက်တာ အသောက်တူတာမှာပါ ဂိတ်ဆုံးသွားတယ်။ ပထမတော့ မဒမ်ပေါကို ဘီယာအတူသောက်ဖို့ ဆွယ်လိုက်တယ်။ သူကလည်း ပါရမီရင့်သန်တဲ့အလျောက် ပထမ ဘီယာ၊ နောက်တော့ ဝိုင်၊ နောက်တော့ မာတီနီ၊ နောက်တော့ ကော့ညက်၊ နောက်တော့ ဝီစကီ (ဂျက်ဒယ်နီယယ်၊ ချီးဗတ်စ်၊ ဘလက်၊ ဘလူးလေဘယ်) စသဖြင့် ကျနော့်ကိုတောင် ကျော်တက်ချင်လို့ မနည်း လမ်းပိတ်ထားရတယ်။ သူ့အကြိုက်ဆုံးက ဘလူးလေဘယ်လ်ပါတဲ့။

အခုတော့ ကျနော့်အသည်းမကောင်းလို့ သိပ်မသောက်နိုင်တော့ဘူး။ မဒမ်ပေါအတွက်တော့ ကြေကွဲမိုးတိမ်ပေါ့။ ဦးပုညစကားနဲ့ ပြောရမယ်ဆိုရင်….

“ဘဝဟောင်းက၊ ငယ်ပေါင်းပီပီ၊ လည်ချင်းမှီ၍၊ တိုက်ဂါးပညောင်၊ ဘီယာချောင်မှာ၊ ဆွေမောင်နဲ့မယ်၊ ကျီစယ်သမှု၊ အမြည်းလု၍၊ ကယုကယင်၊ ချစ်တုန့်တင်လျက်၊ ကျင်ကျင်လည်လည်၊ ပျော်ခဲ့ဘူးသည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ရေ၊ လှိုင်းဘောင်ဘင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင် အော်ဟစ်၍ငိုဆဲတွင်၊ နဂိုသောက်မြဲ၊ မောင်ပေါရဲ့လည်ဆွဲဟာ၊ ရင်ကွဲနာနဲ့ တခါတရံမျှသာ သောက်ရရှာလေသည်” လို့ စပ်ရမလားမသိဘူး။

အဲဒါကတော့ လူမသိသေးတဲ့ မောင်ပေါနဲ့ မဒမ်ပေါရဲ့ အသွင်တူခြင်း မတူခြင်းတွေပါ။ အောက်မှာ မဒမ်ပေါနဲ့ ကျနော်ရဲ့ ငယ်နုစဉ်က (အခုလည်း ငယ်ပါတယ်) ရုပ်ပုံလေးတွေကို မမြင်ဘူးသူများ ကြည့်လို့ရအောင် အမှတ်တရ ထည့်ပေးလိုက်ပါတယ်။

ဘလော့ဂါသက်ဝေ ကျပ်နေ… အဲလေ….ကျေနပ်မယ်ထင်ပါတယ်။ (မသက်ဝေ ကြည့်ရတာ စကားလိမ်တွေကို ပြောင်းပြန်လှန်တာ မကျွမ်းကျင်ဘူးထင်တယ်… ဟိဟိ။ ဟို စကားလိမ်ပို့စ်တုန်းက ကျနော့်ကို ကျေးဇူးတောင် တင်လိုက်သေးတယ်။ ဟီဟီဟီ။)

မဒမ်ပေါ ငယ်ငယ်ကပုံ (၁) မဒမ်ပေါ ငယ်ငယ်ကပုံ (၂)
အပေါ်ကပုံနှစ်ပုံက မဒမ်ပေါ ငယ်ငယ်က ပုံလေးတွေလေ။ မျက်လုံးနက်နက်ကလေးနဲ့ ချစ်စရာမကောင်းဘူးလား။ သူ့အမေ(ကျနော့်ယောက္ခမ)ကတော့ အဲဒါ ဓါတ်ပုံဆရာ ခဲထိုးထားလို့ပါဆိုပြီး အားပေးရှာတယ်။

ကိုပေါ ငယ်ငယ်ကပုံ (၁)
ကျနော်ငယ်ငယ်က ဓါတ်ပုံဆရာ ရွာကိုလာတုန်း အစ်မနှစ်ယောက်နဲ့အတူ ရွာထိပ်က လယ်ကွင်းတွေနားမှာ ရိုက်ထားတာ။ ဓါတ်ပုံအဖြူအမဲ ခေတ်ကပေါ့။ ဝတ္ထားတဲ့အက်ႌေတြက “မယ္ရက္ခုိး”ဆင္တ့ဲ။ အထက်မင်းလှမြို့နယ်ထဲက စမ်းမကြီး ဆိုတဲ့ ရွာကထွက်တာ။ ဆောင်းတွင်းမှာ ဝတ်ရင် နွေးတယ်။

ကိုပေါ ငယ်ငယ်ကပုံ (၂)
ကိုပေါ ငယ်ငယ်တုန်းက တော်ရှာပါတယ်တော်ရေ့...တော်ရှာပါတယ်အေ့...... ခုနစ်တန်း လူရည်ချွန်။ ငပလီ ရွှေဝါချိုင်စခန်းမှာ ရိုက်ထားတာ။ အဲသည်ကတည်းက လူက နည်းနည်းတော့ နွဲ့ချင်သား။ ကြည့်ပါလားလို့.... ပုံကို။

မဒမ်ပေါ ကျောင်းတုန်းကပုံ (၁)
မဒမ်ပေါ၊ သန်းသန်း၊ စန်းသီတာဦး(ရိမေ).......နောက်ဆုံးနှစ်မှာ ရိုက်ထားတာ။

ကိုပေါ ကျောင်းတုန်းကပုံ (၁)
စက်မှုတက္ကသိုလ်မြက်ခင်းပြင်ပေါ်မှာ။
(သိန်းဆောင်၊ ဇေယျာသင်း၊ ကိုပေါ၊ ဝင်းဇော်နိုင်၊ မြင့်လွင် (ဝူးဝါး)၊ မျိုးထွန်း၊ မောင်မောင်သန့်၊ မိုးဇော်လွင် (ပုံထဲတွင် ရင်ခေါင်းအထိ မြေမျိုခံနေရသူ)၊ ရဲမိုးထွန်း၊ ဝင်းမောင်ဦး)

မဒမ်ပေါ ကျောင်းတုန်းကပုံ (၂)

မဒမ်ပေါ ကျောင်းတုန်းကပုံ (၃)
မဒမ်ပေါ Extreme Makeover

ကိုပေါ ကျောင်းတုန်းကပုံ (၂)
အဲသည်တုန်းက လူကောင်းလေး ကိုပေါ။ ဘုရားဒကာ ကိုပေါ။ သေရည်သေရက်ကို လျှာဖျားမျှမတင်ဟု ကြွေးကြော်ခဲ့သူ။ အခုတော့ လျှာမထိ အာမထိ မော့တယ်။ အာစရိယပူဇော်ပွဲမှာ ကန်တော့ချိုး တိုင်ပေးနေပုံပါ။
(ဝင်းမောင်ဦး၊ ဟန်သက်အောင်၊ ဇေယျာသင်း(ကွယ်လွန်)၊ ကိုပေါ၊ ဝင်းသိန်း၊ ကျော်ဌေးကြီး)

ကိုပေါ ကျောင်းတုန်းကပုံ (၃)
အီလက်ထရွန်းနစ်ကျောင်းသားများရဲ့ စက်မှုပြပွဲတွင်။ (ကျော်မိုးလတ်၊ ဦးကြင်စိုး (ပါမောက္ခချုပ်)၊ ဒေါက်တာစန်းတင့် (ဌာနမှူး)၊ ဦးမျိုးကြည်(ကထိက)၊ ကိုပေါ၊ ဒေါ်မြင့်မြင့်(ဌာနမှူး)၊ ဦးညီလှငယ် (ဒု-ပါချုပ်)၊ ဦးသာလှိုင် (အငြိမ်းစား ဌာနမှူး)၊ သိန်းအောင်)

ကိုပေါ ကျောင်းတုန်းကပုံ (၄)
စက်မှုတက္ကသိုလ် ပင်မအဆောက်အဦးကြီးအတွင်း သြဘာလမ်းထိပ်မှာ (မျိုးထွန်း၊ ဇေယျာသင်း၊ မိုးဇော်လွင်၊ မြင့်လွင် (ဝူးဝါး)၊ ဇော်နိုင်၊ ရဲမိုးထွန်း၊ ကိုပေါ၊ မောင်မောင်သန့်၊ ဝင်းဇော်နိုင်၊ ဝင်းမောင်ဦး)

ကိုပေါ၊ မဒမ်ပေါ ကျောင်းတုန်းကပုံ
ရန်ကုန်စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစု ရန်ပုံငွေအတွက် စပါကလင် ရောင်းနေသော ကိုပေါနှင့် မဒမ်ပေါ။ မဒမ်ပေါရဲ့ ထိုစဉ်က ကေသာမှာ ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် လူပင်လေလော၊ တစ္ဆေလော ဆိုသည့် ကိုလေးပွ ဆံပင်မျိုးပေါ့။

ကိုပေါ၊ မဒမ်ပေါ ကျောင်းတုန်းကပုံ
ဂျီဟောသူ မဒမ်ပေါရဲ့ မထင်မှတ်ဘဲ ဟာသ မြောက်တဲ့ ဓါတ်ပုံတပုံ။ မျက်နှာပေါ်က ကြယ်သီးလေးနှစ်လုံးနဲ့ အင်္ကျီပေါ်က ကြယ်သီးတွေ အလှချင်းပြိုင်နေပုံပေါ့... ဟီးဟီး.... ဆံပင်ပုံကတော့ အတန်းထဲမှာ စက္ကူမြှားနဲ့ပစ်ရင် ဘယ်တော့မှမလွဲတဲ့ ဆံပင်ပုံမျိုးပေါ့။

မလေးရှားမှာ အလုပ်လုပ်စဉ်က
မလေးရှားမှာ အလုပ်လုပ်ခဲ့စဉ်က ပီနန်ဘုန်းကြီးကျောင်းရှေ့မှာ အမှတ်တရ (အောင်ချိုဦး၊ ကိုဉာဏ်စိုး၊ ညီညီဇော်မင်းနဲ့ ကိုပေါ)

ကျောင်းဆရာမ မဒမ်ပေါ
မင်္ဂလာပါ ချရာမ။ မဒမ်ပေါ ဆရာမလုပ်စဉ်က။ ဘလော့ဂါ တီတီဆွိတို့လိုပေါ့။ အဲသည်တုန်းက ဘုန်းကြီးမျက်မှန်လိုလို ရွှေကိုင်းမျက်မှန်ကို မဒမ်ပေါ တပ်လိုက်သေးတယ်။ ချင်ကျားပူရောက်မှ လူတွေ ဝိုင်းကြည့်လွန်လွန်းလို့ မျက်မှန်လဲလိုက်ရတယ်။

ကိုပေါနဲ့ မဒမ်ပေါ(၁)
စင်္ကာပူကို ရောက်လာပြီ။ MRT ပေါ်မှာ။ အဲသည်ခေတ်က ရထားဆိုတာ အဲသည်လို ချောင်တာကွဲ့။

ကိုပေါနဲ့ မဒမ်ပေါ(၂)
ဒီလို အမှတ်တရ လေးတွေ။

ကိုပေါနဲ့ မဒမ်ပေါ(၃)
ဒီလို ချိန်းဝိုင်းလေးတွေနဲ့လည်း ဘဝကို ကျော်ဖြတ်ခဲ့ကြဘူးတယ်။ အခုတော့ သူများတွေ ဂျက်အကြောင်းရေးရင် သွားပြီး သွားရည်ကျရုံပဲ တတ်နိုင်တော့တယ်။

ကိုပေါနဲ့ မဒမ်ပေါ(၃)
ယခုလို ကျိကျိတက်မချမ်းသာခင် ဟိုးယခင်ဘဝက။ (Bird Park မှာ)

ကိုပေါနဲ့ မဒမ်ပေါ(၃)
ဒါက ဖလင်ကင်မရာအသစ် ဝယ်လာကာစက ညဖက်ကြီး စမ်းထားတဲ့ပုံ။ အဲဒီအချိန်က မဒမ်ပေါ စိတ်ကောက်နေပါတယ်။ အိပ်ချိန်မှာ မအိပ်ရပဲ ကင်မရာအသစ်ကို မပြီးနိုင် မစီးနိုင် ကလိ နေလို့ပါ။ ဒါပေမယ့် နောက်ခံ ဘက်ဂရောင်းအတွက် တအိမ်လုံးမှာ နေရာလိုက်ရှာတာ... ဘယ်နေရာမှ ရှာမတွေဘူး။ နောက်ဆုံး အခန်းထဲက အိမ်သာတံခါးကို ဆွဲစေ့လိုက်ပြီး ဒီရှေ့မှာ လာရပ် ဆိုတော့မှ... စိတ်ဆိုးနေတဲ့မဒမ်ပေါလည်း ဘက်ဂရောင်းကိုကြည့်ပြီး မအောင့်နိုင်ဘဲ တဟီးဟီး ရယ်ပါတော့တယ်။

40 comments:

Anonymous said...

ဖတ်ရတာပျော်စရာ။သမီးလေးကရော အဖေ အမေနဲ့ ဘာတွေတူသလဲ။မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။

ဖိုးတုတ် said...

ကိုပေါ နဲ. မဒမ်ပေါတိုရဲ့ အကြောင်းကို စိတ်ဝင်စားစွာ ဖတ်လိုက်ပါတယ်

ကိုပေါက ငယ်ငယ်က ပိန်ပြီးလူချောဗျ
(မြှောက်လိုက်ဦးမှ) အဲ့ဒါမှ ကိုပေါ တစ်ယောက် ကြွက်တက်အောင် ကမှာ

ကိုပေါ အသားအရောင်က ရှေးခေတ် ရောမ က gladiator တွေရဲ့ အသားအရောင်မျိုးနဲ. ခပ်ဆင်ဆင်

ကိုပေါ နှင့် မဒမ်ပေါ ဓါတ်ပုံတွေကို ကြည့်ပြီး ကျီးကန်း ဘဲဥချီလာတယ်ဆိုတဲ့ စကားလေးကို သွားပြီး သတိရမိတယ်


ခင်မင်စွာဖြင့်

ကကစ

Unknown said...

ငယ်ကျွန်းဆွေတွေဆိုတော့ ပြောမနာ၊ ဆိုမနာ စမနာ ဖြစ်ကုန်တာပေါ့ဗျာ.... ကောင်းတယ်ဗျာ... ဖတ်တဲ့သူတောင် ရောယောင်ပြီး ပျော်လာတယ်...

Anonymous said...

love ur post..


s

Lun Lunn said...

ကိုပေါရေ …

မဒမ်ပေါကို သရဲတို့၊ အလောင်းတို့ ကြောက်တတ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။
ကိုပေါတော့ ဗိုက်ခေါက်နာတော့မှာပဲ။ မတူတာချင်း မဒမ်ပေါ အားနည်းချက်ကိုမှ ရွေးရေးရတယ်လို့။ အိမ်ဦးနတ်ဖြစ်ပြီး ကိုယ့်အားနည်းချက် ရေးသင့်တာပေါ့… ဟင်း … (အတို့အထောင် နည်းနည်းလုပ်လိုက်တာ)

တံခါးဝမှာ လက်ကို မတော်တဆ ခြစ်မိတာကတော့ ဘာအတိတ်နမိတ်မှ မဟုတ်ပါဘူး။ သိတဲ့အတိုင်း ကိုပေါက အရမ်းပိန်တယ်လေ။ အဲ့ဒါကြောင့် သူများတွေလို တံခါးဝနဲ့ ချောင်ချောင်ချိချိ မဖြစ်လို့ ထိခိုက်တာပါ။ နောက် တစ်ခုခုဆို အယူမသီးနဲ့။

မဒမ်ပေါရဲ့ ကလေးဘ၀ပုံလေးတွေက ချစ်စရာလေး။ အမှန်က ကိုပေါနဲ့ မယူခင်အထိ တော်တော် ကြည့်ကောင်းတာပဲ။ ကိုပေါနဲ့ ယူပြီးမှ …. ကိုပေါကြောင့် …

ကိုပေါကတော့ ငယ်ငယ်က အစာရေစာ သိပ်၀၀လင်လင် စားရပုံ မပေါ်ဘူး။ ဟီးဟီး …

မဒမ်ပေါရဲ့ " သွားခွင့်ပြုပါ....သခင် " ကဗျာကိုဖတ်ရင်း ရယ်လိုက်ရတာ။ သူတော်ချင်းချင်းဆိုတော့ အဲ့ဒီလို အကြောင်းအရာလေးတွေကို သဘောကျတယ်။
(နောက်ကြုံရင် ဆောင်းတွင်း မစင်စွန့်သူ အဖြစ်အပျက်ကို ရေးစပ်ထားတဲ့ သီချင်းစပ်လေး ဆိုပြမယ်။)

ကိုပေါရဲ့ မဒမ်ပေါအတွက် အသူရာ လွမ်းချင်းကလည်း ကောင်းပါ့။

((ဂျီဟောသူ မဒမ်ပေါရဲ့ မထင်မှတ်ဘဲ ဟာသ မြောက်တဲ့ ဓါတ်ပုံတပုံ။ မျက်နှာပေါ်က ကြယ်သီးလေးနှစ်လုံးနဲ့ အင်္ကျီပေါ်က ကြယ်သီးတွေ အလှချင်းပြိုင်နေပုံပေါ့... ဟီးဟီး....))
အဟုတ်ပါပဲ။ ပုံကြည့်ပြီး ရယ်လိုက်ရတာ။

ဒီပို့စ်လေးကို အိပ်ယာထစမှာ ဖတ်ဖြစ်ပြီး လူကို စိတ်ကြည်နှူးစေလို့ ကျေးဇူးပါ ကိုပေါ…

ကွန်မန့်ရေးတာရှည်သွားလို့ တတိယနေရာရောက်သွားတယ်။ ပထမဦးဆုံး မန့်ရပြီလို့ ထင်တာ …

ဂျူနို said...

ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ။
မဒမ်ပေါက ချောတယ်။ ကဗျာကလည်း ရှယ်ပဲ။ ကိုပေါတို့ တယ် အသွင်တူတာပဲ။

မအယ်

သက်ဝေ said...

အခုလို တက်ဂ်ပိုစ့်ကို စိတ်ရှည်လက်ရှည်ရေးပေးတာ ကျေးဇူးအများကြီး တင်တဲ့အကြောင်း အရင် ပြောပါရစေ...

ပိုစ့်ကတော့ အကြောင်းအရာတွေ စုံလင်လှသလို ရယ်လဲ ရယ်ရတယ်... ပြီးတော့ ငယ်ငယ်က ဓါတ်ပုံလေးတွေကလဲ ချစ်စရာလေးတွေ...

စာရော ဓါတ်ပုံတွေကပါ ဆေးရောင်စုံ ခံစားချက်တွေကို ပေးလို့ အားလုံးအတွက် လုံလောက်တဲ့ ကော်မန့်မျိုးရေးဖို့ရာ မစွမ်းသာသေးသောကြောင့်... နောက်မှ တခေါက်ထပ်လာခဲ့ပါ့မယ် ကိုပေါရေ...း))

ကျော်ထင် said...

ကိုပေါ ကျောင်း exbihition တုံးက ရေဒီယို or receiver တစ်ခုခု စမ်းသပ်ပြနေတာလား။ Microwave communication စာအုပ်အပြာကြီး (လို့ထင်တယ်) လဲတွေ့နေရတယ်။
စပါကလင် ရောင်းနေတုံးက မဒမ်ပေါနဲ့ဖြစ်နေကြပလား။ ဒါမှမဟုတ် ကြိုးစားဆဲအချိန်လား။ ကြည့်ရတာ နဲနဲ ရှိုးတိုးရှန့်တန့်ပုံပေါက်နေတယ် :D
မဒမ်ပေါရဲ့ ဟဒယ အခံကတော့ ကိုပေါအောက်မလျော့ဘူး။ အံ့မခန်းပဲဗျို့။

Anonymous said...

love to read your post.
Madam paw is more beautiful with new short hair style.

thanks for sharing old B&W photos.
I love to see old photos.

ကိုပေါ said...

Anonymous..... ကျေးဇူးတင်ပါတယ်ဗျာ။ သမီးလေးက ဖအေနဲ့ မအေဆီက မကောင်းတာတွေ အကုန်ရထားပုံရတယ်ခင်ဗျ။ ညစ်ကျယ်ကျယ်နဲ့။

ကိုကိုစန်း..... ကြွက် ကယ်ပေလို့။ ချီးမွမ်းခြေကျောက် ဆိုတာ ဒါပဲနေမှာ။ လူပျိုကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်မယ်။း-)

Heartmuseun..... အတူးနဲ့အသက် တော့ မဟုတ်ရပါဘူးဗျာ။ ကြီးကျွမ်းဆွေတွေပါ။

Anonymous.... Thanks.

Lun Lunn.... အိပ်ယာထချိန်လည်း ပြန်ကြည့်ဦး။

ဂျူနို..... မအယ်က မျက်နှာလိုက်တယ်ဂျာ။

သက်ဝေ.... အခုပို့စ်ကို ရေးဖြစ်အောင် တဂ်တဲ့သက်ဝေကိုလည်း ဦးတို့ မြန်မာ့အသံက ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ကျော်ထင်... ပြပွဲနဲ့ ပတ်သက်လို့ မေးသမျှ မှန်၏။ မဒမ်ပေါနဲ့ ပတ်သက်လို့ အဲသည်တုန်းက သူငယ်ချင်းမျှသာပါ။ သူ့မှာ ဘဲဘဲ ရှိပါလေ၏။ ကျနော်ကတော့ အဲသည်ကတည်းက တဖက်သတ် ကြိုက်နေသပေါ့။ ဒီတော့ ကျော်ထင်ရဲ့ ခန့်မှန်းချက်လည်း မှန်ပါ၏။

Anonymous..... မှန်တယ်ဗျ။ ကျနော်ကလည်း မဒမ်ပေါကို ဆံပင်တိုနဲ့ပဲ လှတယ်ထင်တာ။ သူက စင်္ကာပူရောက်တော့ အိမ်ဖော်လို့ အထင်ခံရမှာ စိုးလို့ထင်တယ်။း-) အရှည် ပြောင်းထားလိုက်တာ။

pandora said...

အော်.. ဒီလောက်တောင် အချီကြီး ရေးချလိုက်တာကိုး။
တစ်ယောက်နဲ့တစ်ယောက် မတူတာလေးတွေမှာ ဖြည့်စွက်အားကူလို့ တူတာလေးတွေကျတော့ အရောင်ချင်းဟပ်ပြီး လင်းလက်တောက်ပြောင်လို့ လိုက်ဖက်ကြတဲ့ စုံတွဲဟာ ငါးပိနဲ့လောက် ရွှေနဲ့ကျောက် ဆိုသလိုပါပဲ.. အဲလေ.. စကားပုံမှားသွားတယ်.. နေနဲ့လ ရွှေနဲ့မြ ဆိုသလိုပါပဲ လို့။

ko wunna said...

good one :) love to read ::)

Anonymous said...

Ko Paw. I have never missed your posts since last year. I have seen you and Mdm Paw at RIT. Now I remember you two.Your posts are very interesting. Keep up the good work.

BTW, I think I am 3 yrs Junior to you.

kay said...

ပြုံးပြုံးပျော်ပျော် နဲ့ ဖတ်သွားပြီး..ပုံတွေလည်း..စပ်စပ်စုစု နဲ့ စိမ်ပြေနပြေ ကြည့်သွားပါတယ်။

ကိုပေါက..ငယ်တုံးကတော့.. ချော သားပဲ.. ခုမှသာ..

း))

ဖိုးတုတ် said...

ပို.စ်က ကောင်းလွန်းတော့ ၂ခေါက်တောင် ပြန်ဖတ်ယူရတယ်၊ ကွန်.မန်. ၂ခါ ရေးမိတာကိုတော့ ခွင့်လွှတ်ပါ

မဒမ်ပေါ Extreme Makeover ဓါတ်ပုံက တကယ့်ကိုလှပါတယ်၊ ကိုပေါ ကံကောင်း ပါတယ်၊ ဇနီးချောလေးရထားလို.ပေါ့

လူပျိုကြီး လို. ဆုတောင်းပေးတာ နောက်ဘ၀မှ ဆုတောင်းပြည့်မလားမသိဖူး ၊ ကျွန်တော့်မှာ သားတစ်ယောက်ရှိတော့ ကျိကျိတက်ချမ်းသာတဲ့ ကိုပေါ လို သမီးရှင်နဲ. ခင်ရတာ ဂုဏ်ယူပါတယ်

ကိုပေါ ဘလော့မှာ မန်.ရင်းနဲ. နည်းနည်းတောင်ကြောက်လာတယ်၊ ကိုပေါရဲ့ ဓါတ်ပုံတွေကိုကြည့်ရင်းနဲ. ကိုပေါက ကျောက်ဆည်က အဘကြီး နဲ.တူနေသလိုပဲ ၊ အဘကြီးရဲ့ တူတော်မောင်များဖြစ်နေသလား မသိဖူး

((စိန်တွေ၊ ရွှေတွေက ကိုယ်သေရင် ကိုယ့်နောက်ပါမှာမဟုတ်ဘူး။ နောက်မိန်းမ ကောင်းစားဖို့ ဖြစ်သွားလိမ့်မယ်” လို့ ))

အဲ့ဒီ စာပိုဒ်လေးကိုဖတ်ပြီး ပြုံးမိပါတယ် တစ်လက်စတည်း ဆုတောင်းပေးမလို.ပါ ၊ ဆုမတောင်းခင် ကိုပေါ က မဒမ်ပေါ ကို ရာထူးတိုးပေးဖို. အစီစဉ်ရှိ ၊ မရှိ သိချင်ပါတယ်

ကိုပေါက second wife ယူပြီး မဒမ်ပေါကို first wife ဆိုတဲ့ promotion တိုးပေးဖို. အစီအစဉ်မရှိခဲ့ရင်

ကိုပေါ နှင့် မဒမ်ပေါ တို. ရာသက်ပန် မခွဲမခွာ ပေါင်းစည်းပြီး ကိုပေါ တို. မိသားစု ထာဝရ ပျော်ရွှင်စေရန် ဆုတောင်း အပ်ပါတယ်

ကျန်းမာ ရွှင်လန်းကြပါစေ

Anonymous said...

အားကျလိုက်တာ ကိုပေါလ်နဲ့ မဒမ်ပေါလ်၇ယ်အကြင်လင်မယားဆိုတာ ဒီလိုပဲဖြစ်သင့်ပါတယ်. ဒါမှ ရိုးမသွားမှာ အသစ်မရှာမှာ. တို့တွေလည်းအဲလို ကြိုးစားနေမှာပါ.:)

Rita said...

ကိုပေါက အတော်ရုပ်ပြောင်းသွားတယ် ထင်မိတယ်။ ကလေးပုံ၊ ကျောင်းတုန်းကပုံ၊ ခုပုံ တယောက်စီလိုပဲ။

အစ်မက လှတယ်နော်။

Sonata Cantata said...

သူတို့တူတာတွေက ကျမတို့တူတာတွေနဲ့ မတူဘူးတော့
သူတို့မတူတာတွေက ကျမတို့မတူတာတွေနဲ့လည်း မတူဘူးတော့ ဟမ်

ကိုပေါ said...

pandora... တာတမံကြီး ဖွင့်ချလိုက်သလိုပေါ့။ ဓါတ်ပုံတွေထွက်လာတာကတော့ ပန်ဒိုရာရဲ့ တောင်းဆိုချက်ကြောင့်ပါ...ညှင်းညှင်း....။

ko wunna..... ကျေးဇူးပါဗျာ။

Anonymous... သုံးတန်းငယ်တယ်ဆိုတော့ အီးစီကဆိုရင် ကေသီအောင် (ကွင်း)၊ တင်တင်ယု၊ စုစုလှိုင်၊ ဝင်းဝင်းကြည်၊ ယဉ်ပပအောင်၊ ဆန်းဇွာလီ၊ လှမျိုးတို့ အတန်းကပေါ့။ သူတို့တွေကိုတော့ ကောင်းကောင်းသိတယ်။

Kay.... မြန်မာစကားမှာ “ခုမှသာ” ဆိုတဲ့ အသုံးအနှုန်းကို ခဏလောက် မေ့ထားရင်ကောင်းမယ်။ ကျနော့်ရုပ်က အမျိုးမျိုးပြောင်းနေတယ်လို့ မကေ မိုးပြော ဂျိုးပြော အမျိုးမျိုး မပြောနဲ့လေ။း-)

ကိုကိုစန်း.... နေလိုလလို ဘုန်းသမ္ဘာတောက်ဖြာနေတဲ့ သူတယောက်နဲ့ တူတယ်ပြောလို့ ဂုဏ်ယူရမလား၊ အော်ငိုရမလား ဖြစ်သွားပါတယ်။ ဂလိုဆိုရင်လည်း မဒမ့်ရာထူးကို First lady လို့ဆိုရင် သာပြီး သင့်တော်ပါလိမ့်မယ်။

Anonymous.... အားကျမှု လွဲနေပြီ ထင်တယ်နော်။း-)

Rita... အသက်အရွယ်နဲ့ လိုက်ဖက်အောင် အမျိုးမျိုး ရုပ်ပြောင်းထားတာပါကွယ်။

sonata-cantata...... မတူ မတူ မတူ ဘယ်အရာမှမတူ.... မန်တလေးသားနဲ့ ရန့်ကုန့်သူ။ (ရန်ကုန်သားနဲ့ မန္တလေးသူ လို့ ဆိုရမယ့်နေရာမှာ) ကိုဧရာ နဲ့ မသီတာက ပြောင်းပြန်ဖြစ်နေတဲ့အတွက် သီချင်းက အလိုက်မမှန်ဘဲ ထောင့်တောင့်တောင့် ဖြစ်သွားပါတယ်။

Anonymous said...

ကိုပေါတို့ သူငယ်ချင်းတစ်စုရဲ့ ပုံလေးတွေက အမှတ်တရဖြစ်စရာပဲ။ အဲဒီပုံတွေထဲက ဇေကြီးရဲ့ ပုံရိပ်လေးကို တွေ့ရတော့ ဆယ်စုနှစ် ၂ခုကျော်က အတိတ်တွေ အိပ်မက်လိုပဲဗျ။
မနေ့က ဇေကြီးအကြောင်း ဖတ်ပြီး သူ့ပုံလေးတစ်ပုံကို သတိရမိတယ်။သူ ကနေဒါမှာ ကျောင်းတက်နေတုန်း ကျောင်းရှေ့မှာ ရိုက်ထားတဲ့ ပုံလေးတစ်ပုံ ရှိခဲ့ဘူးတယ်။ သူ သွေးကင်ဆာဖြစ်နေတဲ့အကြောင်း သူ့အမေက လာပြောရင်း ပေးခဲ့တာ။ သူဆုံးသွားတော့ အဲဒီပုံလေးကို စာကြည့်စားပွဲပေါ်တင်ထားဖြစ်တယ်။ ရွာက ထွက်အလာ အပြောင်းအရွှေ့နဲ့ ဘယ်စာအုပ်ကြား ညပ်မိလဲမသိ။ ရှာမတွေ့တော့ဘူး။ ခု သူ့ပုံတွေ့ ဒီမှာ ပြန်တွေ့ရတော့ လွမ်းမိတယ်ဗျာ။

Shinlay said...

ပျော်စရာအမှတ်တရလေးတွေ ၊ဓါတ်ပုံလေးတွေလာကြည့်
ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကဗျာလေးလည်း
ဖတ်သွားပါတယ်။ မဒမ်ကိုနှုတ်ဆက်ပေးပါ။

ရွှေရတုမှတ်တမ်း said...

ရှေးကထက် နှစ်ဆတိုး လာကြသကိုး..
အကြင်နာတွေ ပြောတာပါ...

Nge Naing said...

မဒမ်ပေါက တော်တော်ချောတယ်နော့်။ ကိုပေါပုံက ဟိုတခါဆံပင်ညှပ်တုန်းကပုံက ဒီပုံတွေထက် ပိုကြည့်ကောင်းသလိုပဲ။ ကျွန်မကိုလည်း မသက်ဝေက Tag ထားတာ မရေးရသေးဘူး အကြွေးတင်နေတယ်။ ကျွန်မကတော့ ရေးရင် ကိုပေါတို့လို အသွင်တူတာ သိပ်နည်းတော့ အသွင်မတူလည်း အိမ်တူဖြစ်လို့ရတယ် ဆိုတဲ့ခေါင်းစဉ်ကို ရွေးရမလား စဉ်းစားနေတယ်။ ကိုပေါပို့စ်ကို သဘောကျစွာ ဖတ်သွားပါတယ်။ ငယ်ငယ်က ဓါတ်ပုံတွေ အခုထိ သိမ်းထားနိုင်တာ ချီးကျူးပါတယ်။ ကိုပေါတို့ ဇနီးမောင်နှံ အသွင်တူစွာနဲ့ ဘ၀တလျှောက်လုံး ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ။

ဖိုးတုတ် said...

ကိုပေါ သို.

ကိုပေါ ရေးတာကတော့ ဟုတ်နေပြန်ရော

တစ်ချိန်ချိန် ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံတော်ကြီး မှာ (ဘယ်တော့မှန်းမသိ) ကိုပေါက သမ္မတကြီး နဲ. မဒမ်ပေါက First lady မဖြစ်နိုင်ဖူးဆိုတာ ဘယ်သူပြောနိုင်မလဲ - လှံထမ်းလာတာသာ မြင်ရ ကံထမ်းလာတာမမြင်ရဖူးတဲ့ -

အဲဒီလိုဆိုတော့လည်း ကိုပေါ နှင့် မဒမ်ပေါက ၀ နှင့် ၀ ... အဲလေ မှားသွားလို. ... နေနဲ.မြ ၊ ရွှေနဲ.လ ပေါ့

လောလောဆယ်တော့ ပြန်ကြားရေး ၀န်ကြီးဆိုတဲ့ ရာထူးကတော့ ကိုပေါနဲ. အထိုက်တန်ဆုံးပါပဲ

ခင်မင်စွာဖြင့်

ကကစ

ကိုပေါ said...

natthi... ကျနော်တို့နဲ့ အတန်းတူထဲကလားဗျ။

Shinlay said... လာလည်တဲ့အတွက် ကျေးဇူးပါ။ မဒမ်ကလည်း နှုတ်ဆက်လိုက်ပါသတဲ့။

ရွှေရတုမှတ်တမ်း... အကြင်နာတွေကို ရင်မှာ သိုဝှက်ထားကြတော့ လူကလည်း နှစ်ဆ တိုးလာသပေါ့ခင်ဗျာ။

Nge Naing... မငယ်နိုင်တယောက်ပဲ အမှန်အတိုင်း မြင်တတ် ပြောတတ်တဲ့သူ ပါသေးတယ်... ဟိဟိ... မကေတို့ဆို စိတ်ထဲကတမျိုး၊ နှုတ်ကတမျိုး အမျိုးမျိုး ပြောသွားတာသာ ကြည့်ပါတော့....(ခုမှသာ...တဲ့) ....း-)

ကိုကိုစန်း... အတော်သရမ်းတဲ့ ကျော်ဆန်းတယောက်တော့ မဖြစ်ပါရစေနဲ့။ ဟို နိုင်ငံပိစိကွေးလေးက သမ္မတကြီးလို အခမ်းအနားတွေမှာ ရှေ့ဆုံးခုံက မိန့်မိန့်ကြီး ထိုင်ပေးရုံနဲ့ လစာ ဒေါ်လာတွေ သန်းချီပြီး ရမယ်ဆိုရင်တော့ ဟိဟိ...သမ္မတ လုပ်ချင်သား။

khet myint myint said...

ဖတ်ရတာ ကြည်နူးစရာ ၊ ဓာတ်ပုံအစုံအလင်နဲ့ ဇာတ်လမ်းစုံပါ ကြည့်သွားပါတယ် ။

ခရေဖြူ said...

အရမ်:ရယ်ရတာ မျက်ရည်တွေရော ရှူးရှူးတွေပါထွက်ကုန်ပြီ။ သက်ဝေတက်သမျှ လူတွေထဲမှာ ကိုပေါရေးတာ အကောင်းဆုံးပဲ။ ကြယ်သီးလေးပုံက ချစ်စရာ။ ကိုပေါနဲ့အပြင်မှာတောင် ခင်ချင်လာပြီ။ နိုင်ငံရေးတွေသာ မပါရင် ကိုပေါက အတော်ပျော်တတ်ပီး ရီရမှာပဲ။ ဟီး (ရန်စတယ် မထင်ပါနဲ့ ဂယ်ပြောတာ)

ဖိုးတုတ် said...

ကိုပေါ သို.

ကျွန်တော့် ကွန်မန်.ကို နေ နဲ. လ ၊ ရွှေ နဲ. မြ သို.ပြင်ဆင်ဖတ်ပေးပါရန်

ကျွန်တော်ညွှန်းတဲ့ စကားပုံက ပြောင်းပြန်ကြီး ဖြစ်နေလို.ပါ

ခွင့်လွှတ်ပေးပါရန်


ခင်မင်စွာဖြင့်

ကကစ

TZA said...

ဟားဟား ရီရတယ်ကိုပေါ.. ဒီလင်မယား တကယ်ကြီးကို လိုက်သဗျာ။

Andy Myint said...

ရေးမည့် ရေးတော့လည်း အစကနေ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ရေးလိုက်တော့ ကိုပေါတို့ လင်မယား ဇာတ်လမ်းလေးကို ပီပီပြင်ပြင် ကြည့်လိုက်ရသလိုပဲ။ ယုံတယ်.. ကိုပေါက ဒီလောက် အစ အနောက်သန်တာ ဒီလို ပျော်စရာ ဇာတ်လမ်းတွေ အများကြီး ရှိဦးမယ်ဆိုတာ။ တဖြည်းဖြည်း ဖတ်လာရင်းနဲ့ ကိုပေါရဲ့ အသက်နဲ့ ခါးပတ်အရွယ်ကို ကျွန်တော်ရဲ့ အသက်နဲ့ တွက်ကြည့်ပြီး ငါ ကိုပေါ အရွယ်ကျရင် ဘယ်လိုများနေမယ် တွေးကြည့်မိတယ်။ (ဟီးဟီး တကယ် တွေးကြည့်မိတာ)

NSW said...

ကိုပေါရဲ့ ဒီPostလေးကိုဖတ်မိပြီးပျော်စရာကောင်းလို့  ဟန်သူနဲ့ ကိုပေါကိုအိမ်မက်တောင်မက်တယ်။
အစဉ်အမြဲပျော်ရွှင်ချမ်းမြေ့ ပါစေ

T T Sweet said...

ဟောတော့ ... ဒီပို့စ်ကို ဘယ်လိုကျော်သွားမှန်းမသိဘူး။ ခုမှဖတ်ရတယ်။ ရယ်လိုက်ရတာ။ ကဗျာကလဲရယ်ရတယ်။ အသုဘ အကြောင်းရောက်တော့ မဒမ်ပေါမျက်နှာကို ကွင်းကွင်းကွက်ကွက်ကို မြင်ပါ့ပဲ။

ကိုယ့်ညမလေး မဒမ်ပေါကို ကျိကျိတက်ချမ်းသာပြီးမှ တွေ့ကိုမတွေ့သေးဘူး။ သတိရပါ့။

ဟန်သူ့ စပါကလင်ရောင်းနေတဲ့ပုံကို မမှတ်မိဘူး။ တခြားတစ်ယောက်မှတ်နေတာ။ အဲ့တုံးက တော်တော်ပိန်တယ်နော်။

စကားမစပ် ... ကိုပေါ အစ်မတွေကျတော့ ချောသားပဲ ...း))

နွေးနေခြည် said...

တကယ့်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးပဲ။
ကိုပေါက ငယ်ရုပ်ပျောက်သွားတယ်။
မဒမ်ပေါကတော့ ချောလိုက်တာ...

ဖတ်ရတာ တကယ်ကိုပျော်စရာကြီး

မေဇင် said...

ဖတ်ရတာ ပျော်စရာ...ဓာတ်ပုံတွေကလဲ ငယ်ငယ်ကနေ အရွယ်အဆင့်ဆင့်..စိတ်ဝင်စားစရာ..

ကိုပေါ said...

khet myint myint... ကို အရင်က အမျိုးသမီးထင်လို့။ ဟုတ်ဘူးနဲ့တူတာပဲ။

ခရေဖြူ... အပြင်မှာ ခင်တတ်ပါတယ်။ ဘုမတောပါဘူး။း-)

ကိုကိုစန်း.... ပျက်အစဉ် ပြင်ခဏခဏ တဲ့။ ပြင်မနေနဲ့တော့။ မှားတဲ့အတိုင်းသာ ထားလိုက်။

တီဇက်အေ... ရီရတဲ့လူက ရီရတယ်ပြောတော့လည်း ရီရတာပေါ့ဗျာ... ဟမ်။

ကိုအင်ဒီ.... ခါးပတ်အရွယ် တွက်ရတာ လွယ်ပါတယ်။ မြန်မာပြည်ကထွက်လာကတည်း ကျနော့်ခါးဆိုက်က ပျမ်းမျှ ပြန်တွက်ကြည့်ရင် တနှစ်ကို တလက်မ နှုန်းတိုးပါတယ်။

NSW.... ကျနော်တို့ကို အိပ်မက်တောင်မက်တယ်ဆိုတော့ နောက်တခါတွေ့ရင် မုန့်ဝယ်ကျွေး။ အမ်... ဘာမှတော့ မဆိုင်ဘူး။

T T Sweet.... အတွက် (ခက်ဆစ်)

ကျိကျိတက် = ပေါင်ချိန်စက်ပေါ်သို့ တက်လိုက်တိုင်း စက်ကျိုးတော့မည်ကဲ့သို့ ကျိကျိ ကျိကျိ မြည်သည်။

နွေးနေခြည်..... ဟုတ်တယ်။ ငယ်ရုပ်ကို သိပ်မကြိုက်လို့ ဖျောက်လိုက်တာ။း-) မဒမ်က ကျေးဇူးပါတဲ့။

မေဇင်.... ဒါတောင် အကုန်မဟုတ်သေးဘူး။ ထုံးစံအတိုင်း ကြည့်ပျော်ရှိပျော် ရှိတဲ့ ပုံကလေးတွေကို ရွေးတင်ထားတာ။

ဖိုးတုတ် said...

ကိုပေါ ရာ

အဲဒီလိုလည်း မဟုတ်သေးပါဘူး ၊ ငေါ့ပြီးရေးတယ်ထင်မှာကြောက်လို.ပါ

ကျွန်တော်လည်း ကိုလူထွေး ဘလော့မှာ မန်.နေတာနဲ. ခင်ဗျားဆီ မှာတောင် မမန်.နိုင်ဖူးဖြစ်နေတယ်

မြို.မေတ္တာခံယူတဲ့သားပါလို. ပြောရမလိုဖြစ်နေပြီ ခင်ဗျားရဲ့ အဆိုကို ခင်ဗျားချစ်တဲ့ အဘကြီး ကိစ္စမှာ quote လုပ်လိုက်တာကိုတော့ ခွင့်လွှတ်ပါဗျာ

ကျွန်တော့်ရဲ့ ရန်သူတော်တွေက ကိုပေါ ဘလာ့အထိလိုက်လာနေတယ်

ကျွန်တော်ငယ်ငယ်တုန်းက ကြားဖူးတဲ့ လူကြမ်းမင်းသား အံ့ကျော်ကြီး ရဲ့ စကားတစ်ခွန်းကို သွားပြီးသတိရမိတယ်

အံ့ကျော်ကြီး က သိတဲ့အတိုင်း ဆိုးတဲ့နေရာ မကောင်းတဲ့နေရာမှာ သရုပ်ဆောင်တော့ နောက်ဆုံးလူတွေက ရုပ်ရှင်ထဲသာမက အပြင်မှာတွေ.ရင်တောင် မုန်းကြတယ်

အံ့ကျော်ကြီးက ဘာပြောသလဲဆိုရင် လူတွေ မုန်းကြပါစေဗျာ ကျွန်တော်သရုပ်ဆောင်တဲ့ အခန်းဏ္ဍက လူမုန်းတဲ့နေရာလေ သူတို. မုန်းလေ ကျွန်တော်ရဲ့ သရုပ်ဆောင်မှု အောင်မြင်မှုကို အသိမှတ်ပြုလေပေါ့တဲ့ ၊ မကောင်းဖူးလား?

ကျွန်တော်လည်း ကွန်မန်.၀င်ရေးရင်းနဲ. ရန်သူတွေများလာပြီး မိတ်ဆွေဆိုလို. လက်ငါးချောင်းတောင်မပြည့်တော့ဘူးဖြစ်နေတယ် ခင်ဗျားက ဘလာ့ဂါဘိုးဘိုးကြီး ဆိုတော့ အကြံလေးဘာလေးပေးပါဦး

ကိုပေါက တော့ ကိုကျော် ၊ ကိုဇော် တို. နေရာမှာ သရုပ်ဆောင်တဲ့သူပါ ဂုဏ်ယူပါတယ် ၊ ပြည်သူ.ဘလော့ဂါ ဂုဏ်ရည်ဆု ပေးချင်ပါတယ်

ပို.စ် နဲ. မဆိုင်ပဲ ရေးမိတာခွင့်လွှတ်ပါ ကျွန်တော်သတိထားမိတာ ကွန်.မန်.ရေးတဲ့ သူတွေများများက (ကျွန်တော်အပါအ၀င်) တစ်ခြားကိစ္စတွေကို ခင်ဗျားရဲ့ လွတ်လပ်တဲ့ ဘလော့ကြီး မှာလာပြီး ပေါက်ကွဲနေကြတယ်

ခင်မင်စွာဖြင့်

ကကစ

လသာည said...

ကိုပေါ..
ဖတ်ရတာ ပျော်စရာကောင်းလိုက်တာ..။ ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာကို ဖတ်ရတာပဲ..။
အစ်မ မဒမ်ပေါက တော်တော်ချောတာပဲ..။ ရယ်နေတဲ့ပုံများ တအားကို ချစ်ဖို့ကောင်းနော်။

အထက်မင်းလှနယ်က ဖျင်အင်္ကျီလေးကလည်း လှမှလှ။ ဒါနဲ့ အထက်မင်းလှမှာ အမျိုးတွေ ရှိတာလား..။ ကျွန်မက မင်းလှဇာတိလေ..။ အတင်း အမျိုးစပ်သွားပါတယ်း))

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာကြပါစေမင်္ဂလာပါခင်ဗျာ
လုံးဝမအားလို့ ဘလောက်ကိုမရောက်ဖြစ်သွားတာတော်တော်ကြီးနောက်
ကျသွားတဲ့ကွန့် မန်းကလေးပေါ့ဗျာ-
ပထမဦးဆုံးပြောချင်တာကတော့ ကိုပေါ က ရုပ်ရှင်မင်းသား ကျော်ဟိန်း နဲ့ တူသလို -
မဒမ်ပေါ က ရုပ်ရှင်မင်းသမီး သင်္ကြန်မိုးထဲက မေသန်းနု
နဲ့ တူတယ်။
ကျော်ဟိန်းနဲ့ မေသန်းနု ပေါ့ နော်-
တကယ်ပြောတာဗျ
မှတ်ချက်- - - -အရင်တုံးကပေါ့လေ
ကဗျာဆန်ဆန်ရေးရမယ်ဆိုရင်-
တခါတုန်းကတက္ကသိုလ် - - -
ဘာဘဲဖြစ်ဖြစ်ဓါတ်ပုံတွေမြင်ရလို့ ကျေနပ်သဘောကျ
တယ်ဗျို့ -
ဒီလင်ဒီမယား ပိုပိုပြီးချစ်သွားနိင်ပါစေ-
အရက်အတူတူသောက်နိုင်ပါစေ-
ရီစရာတွေအများကြီးပြောနိုင်ပါစေ-
- - - - - - - - -နိုင်ပါစေ-

ကိုပေါ said...

လသာည..... ကျနော့်အစ်မတယောက်ဟာ မင်းလှဖက်မှာ သားဖွားဆရာမအဖြစ် တာဝန်ကျဖူးလို့ပါ။

ဂျစ်တူး.. ဇင်ယော်မောင်မောင်နဲ့ (ယခုလက်ရှိ)ချိုပြုံး ဆိုရင် ပိုမှန်မယ်။း-)

rose of sharon said...

ပွင့်ပွင်းလင်းလင်း ဝေဖန်ရရင် မဒမ်ပေါက ကိုပေါထက်ချောတယ်ရှင့်... စိတ်မဆိုးပါနဲ့နော်... လိမ်မပြောတတ်လို့ပါ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs