“မျိုးစေ့ ပါလာသော”

Share |
အာဏာရှင်စနစ်ဟာ Self-destructive တဲ့။ စကတည်းက သူ့ကိုယ်သူ ပြန်ဖျက်ဆီးမယ့် မျိုးစေ့ပါလာသတဲ့။

ဘယ်လောက်ခိုင်ခံ့တဲ့ အာဏာရှင်စနစ်ပဲဖြစ်ဖြစ်၊ တချိန်မှာတော့ ကျဆုံးရတာကို သမိုင်းတွေထဲမှာ တွေ့နေမြင်နေရတယ်။

မြန်မာပြည်က အာဏာရှင်စနစ်ဟာ ၁၉၆၂ ခုနှစ်က စပြီး ရေတွက်ရင် ရာစုနှစ်ဝက်လောက် ကြာခဲ့ပြီဆိုတော့ ဘယ်တော့မှ မပျက်နိုင်တော့ဘူးလို့ ထင်တဲ့လူတွေလည်း ထင်ကြမယ်။ စနစ်ကသာ မပျက်သေးတာ။ အာဏာရှင်တွေတော့ တယောက်ပြီး တယောက် သေမင်းခေါ်ရာနောက်ကို လိုက်သွားကြကုန်ပြီ။ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာရှင် ဦးသန်းရွှေလည်း အသက်အရွယ်အရ နေရလွန်းလှ နောက်ထပ် ဆယ်နှစ်ပေါ့။

စနစ်ဆိုတာမျိုးကလည်း တချိန်လုံးတော့ တည်တံ့နေနိုင်တာမဟုတ်။ လူထုက ကြည်ဖြူတဲ့စနစ်၊ လက်ခံတဲ့စနစ်ဆိုရင်တော့ ကြာရှည်ခံ ကောင်းခံမယ်။ ဒါပေမယ့် အခုလက်ရှိစနစ်ကို လူအနည်းစုကလွဲလို့ ဘယ်သူမှ မနှစ်သက်ကြဘူး။ လူတွေ မလှန်ရဲဘူးဆိုတာ အကြောက်တရားနဲ့ မလှန်ရဲအောင် ဖိနှိပ်အုပ်ချုပ်ထားလို့သာဖြစ်တယ်။ အခွင့်သာတာနဲ့ လှန်ကြဖို့ ကြိုးစားကြဦးမှာပဲ။

နောက်တချက်က ဒီအာဏာရှင်စနစ်က ခေတ်နဲ့ တကယ်အံမဝင်ဘူး။ အရင် မြန်မာရှင်ဘုရင်တွေခေတ်ကလို ကုန်းတွင်းပိုင်းမှာ မင်းနေပြည်တော် တည်ထောင်ပြီး အပြင်လောက ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတယ်ဆိုရင်တော့ ပြည်သူပြည်သားတွေလည်း ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုနည်းတဲ့အလျောက် တသီးတခြား မတိုးတက်ဘဲ ကျန်ရစ်နေနိုင်ကောင်းရဲ့။ ဒါတောင်မှ ဘာသာရေး၊ ယဉ်ကျေးမှုဆိုတာမျိုးတွေ သမိုင်းတလျှောက်မှာ စိမ့်ဝင်ထိုးဖောက်တာကိုတော့ ခံရသေးတာပါပဲ။

အခုခေတ်မှာတော့ ကမ္ဘာတဖက်ခြမ်းက အဖြစ်အပျက်တွေကို တခြားတဖက်က ချက်ချင်းဆိုသလို သိနိုင်ကြားနိုင်မြင်နိုင်ကြတဲ့ခေတ်။ နိုင်ငံအချင်းချင်း ကူးသန်းသွားလာမှုကလည်း ဘယ်တုန်းကနဲ့မှ မတူညီအောင် လွယ်ကူမြန်ဆန်တဲ့ခေတ်။

ဒီခေတ်ကြီးထဲမှာ ရှင်ဘုရင်ခေတ်တုန်းကလို လူတွေဟာ မျက်စိပိတ်၊ နားပိတ်မဟုတ်ကြတော့ဘူး။ လူတွေကို ဝါဒဖြန့်မှိုင်းတွေ အရင်ကလို တိုက်လို့ မရတော့ဘူး။ လူတွေက မြန်မာ့အလင်းနဲ့ မြန်မာ့အသံလောက်ပဲ ဖတ်ကြ၊ နားထောင်ကြတာ မဟုတ်ဘူး။ လှိုင်းတိုရေဒီယိုတွေကတဆင့် ပြည်ပက လွတ်လပ်တဲ့ အသံလွှင့်ချက်တွေကို ဖမ်းယူနားထောင်ကြတယ်။ ဂြိုဟ်တုစလောင်းတွေ ကြည့်လာကြတယ်။ နိုင်ငံခြားနဲ့ ဥဒဟို သွားလာနေကြတယ်။

ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင် စတာတွေကတဆင့်လည်း ကမ္ဘာတလွှားက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေကို သိမြင်လာကြတယ်။ ခေတ်ရေစီးကြောင်းအလိုက် အနည်းနဲ့အများ ပြောင်းလဲ လက်ခံလာကြတယ်။ ဝတ်စားဆင်ယင်မှုကအစ ပြောင်းလာတယ်။ ရန်ကုန်ဓါတ်ပုံတွေထဲမှာ ဘောင်းဘီဝတ်တဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ တော်တော်များလာတာကို တွေ့ရလို့ သဘောကျမိတယ်။ အဝတ်အစားတွင်မက တွေးခေါ်ပုံတွေပါ ပြောင်းလဲလာတယ်။ နောက်ပိုင်း လူငယ်တွေဆိုရင် တွေးခေါ်ပုံတွေမှာ ကျနော်တို့နဲ့ မတူတော့ဘူး။ ကျနော်တို့ခေတ်က လူကြီးပြောတာဆိုရင် မျက်စိမှိတ် ယုံလိုက်တာပဲ။ ဒီခေတ်လူငယ်တွေက ပိုပြီး လွတ်လပ်စွာ တွေးခေါ်တတ်လာကြတယ်လို့ ထင်ပါတယ်။

စစ်အစိုးရကိုယ်တိုင်ကလည်း သူတို့ရဲ့ စနစ်ကြီးဟာ အလုပ်မဖြစ်ဘူး၊ မမှန်ကန်ဘူးဆိုတာ သိတယ်။ ဒါကြောင့်လဲ ဒီမိုကရေစီစနစ်ကို သွားဖို့လုပ်နေပါတယ်လို့ (လူကြားကောင်းရုံဖြစ်စေ) အော်ပြနေရတယ်။ ဟန်ဆောင်ပန်ဆောင်ဖြစ်စေ အပေါ်ယံတွေ လုပ်ပြနေတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက်၊ အာဏာတည်မြဲရေးအတွက် အချိန်ဆွဲတဲ့နည်း၊ မျက်လှည့်ပြတဲ့နည်းတွေကို အချိန်နဲ့အမျှ ကြံဆ သုံးစွဲနေကြရတယ်။ သူတို့မှာလည်း စိုးရိမ်ကြောင့်ကြစိတ်က မသေးဘူး။ ဒါပေမယ့် ဘယ်လောက် အချိန်ဆွဲဆွဲ၊ ဘယ်လောက်ပဲ လှည့်ဖျားဖို့ ကြိုးစားကြိုးစား တချိန်မှာတော့ ဗုန်းဗုန်းလဲရမှာပဲ။

ဒါပေမယ့် သူ့ဘာသူ လဲကျပျက်သုဉ်းတဲ့အချိန်အထိ ထိုင်စောင့်နေကြမယ်ဆိုရင်တော့ ကြာနိုင်သေးတယ်။ ကိုယ်တိုင်အတွက်၊ ကိုယ့်မျိုးဆက်တွေအတွက် လွတ်လပ်တဲ့ ပစ္စုပ္ပာန်နဲ့ အနာဂတ်ကို တမ်းတသူ၊ ဆန္ဒပြင်းပြသူများကတော့ ထိုင်မစောင့်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးကို အစဉ်သဖြင့် ကြိုးပမ်းနေကြတယ်။ ဒီလို ကြိုးစားသူများလာလေလေ တိုင်းပြည်လွတ်လပ်ဖို့ မြန်လေလေပါပဲ။ မကြိုးစားဘဲ ဘေးထိုင်နေတဲ့လူ များရင်လည်း ဘေးထိုင်နေတဲ့လူတွေအပါအဝင် မြန်မာပြည်သူပြည်သားတွေဟာ အာဏာရှင်စနစ်ရဲ့ ဒုက္ခတွေကို ပိုပြီးကြာကြာ ခံကြရဦးမှာပဲ။ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်ထူကိုယ်ထပဲ ကြိုးစားကြရမှာပါ။ သူများကယ်တာ ထိုင်စောင့်နေလို့ဖြင့် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အနည်းဆုံး… လွတ်လပ်စွာ တွေးခေါ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခြင်းတွေကို မိသားစုအတွင်းမှာ၊ မိတ်ဆွေသူငယ်ချင်းအသိုင်းအဝိုင်းမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ စတင်ကျင့်သုံးလာကြရင် တိုင်းပြည်လွတ်လပ်ရေးအတွက် တဖက်တလမ်းက အထောက်အကူဖြစ်မယ်လို့ ယူဆမိပါတယ်။

16 comments:

pandora said...

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းမှာ နောက်ဆက်တွဲတွေ ရှိတယ်။ လွတ်လပ်စွာ တစ်ယောက်တစ်ပေါက် ပြောပြီး ကွဲလွဲသွားတော့ ရန်ထဖြစ်ကုန်လို့လည်း မဖြစ်သေးဘူး။ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြီးကြတဲ့အခါ ကွဲလွဲမှုများကို သဘောထားကြီးစွာ အပြုသဘောဆောင် ဆွေးနွေးအဖြေရှာခြင်း။ ကွဲလွဲမှုတွေကို ဆုံးဖြတ်ရတဲ့အခါ ငါ့စကားနွားရမလုပ်ပဲ အများစုရဲ့ ဆန္ဒကို လေးစားလိုက်နာခြင်း။ တဖက်ကလည်း အများစုက အနည်းစုရဲ့ သဘောထားကို ထည့်တွက်ပေးခြင်း။
ဒါတွေက မလွယ်ပါဘူး။ culture ကိစ္စကိုး။ အထူးသဖြင့် ကွဲလွဲမှုတွေကို ရန်သူလိုသဘောမထားပဲ အပြန်အလှန် လေးစားရမယ့်ကိစ္စ။ ဒါပေမယ့်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတဲ့ အဆင့်ကနေ စရမယ်ဆိုတာကိုတော့ သဘောတူပါတယ်။

Ko Paw said...

>>>pandora... မှန်ပါ၏။ မလွယ်တော့ မလွယ်ဘူးခင်ဗျ။ အစပိုင်းတော့ ဒီလိုပဲ ရန်ထဖြစ်ကြဦးမှာပဲ။ အလေ့အကျင့်မှ မရှိသေးတာကိုး။ ဒါပေမယ့် အားလုံးမှာ တန်းတူရည်တူပြောဆိုပိုင်ခွင့်ရှိမယ်၊ ဘယ်သူက ဘယ်သူ့ကိုမှ မပိတ်ပင်ဘူး၊ ကိုယ်ထိလက်ရောက် ထမချဘူး။ လွတ်လပ်စွာပဲ ထုတ်ဖော်ပြောဆိုကြမယ် (စကားလုံးလောက်နဲ့ပဲ ရန်ဖြစ်ကြမယ်) ဆိုရင်တော့ အခြေအနေကောင်းပါတယ်။ ကျင့်သားရလာရင်တော့ ဒီလို အဖြစ်အပျက်တွေ နည်းပါးသွားမှာပေါ့။ အဲဒီကာလလေးကို ကျော်ဖြတ်နိုင်အောင် စိတ်ရှည်ဖို့ပဲ လိုတာပါ။

အလားတူပဲ.... ပါလီမန် ဒီမိုကရေစီခေတ်ရောက်ရင်လည်း ပထမပိုင်းတော့ ကယောက်ကယက်တွေ၊ ကမောက်ကမ တွေကို ကျော်ဖြတ်ရဦးမှာပေါ့။ ဒီမိုကရေစီအလေ့အထတွေကို ယဉ်ပါးသွားပြီဆိုတော့မှ ကမောက်ကမတွေ နည်းပါးသွားမယ်။

လမ်းစလျှောက်တတ်ကာစမှာ ယိုင်ထိုးယိုင်ထိုးနဲ့ လဲကျလိုက်၊ ပြန်လျှောက်လိုက် သွားသလိုမျိုးပေါ့။ နောက်တော့လည်း ဖြောင့်ဖြောင့်တန်းတန်း လျှောက်တတ်သွားမှာပေါ့။ အဓိကကတော့ စလျှောက်ဖို့ပဲ လိုတာပါ။

zizawa said...

တခါတခါ အပြင်မှာ အကြောင်းကြောင်းကြောင့် ကိုယ့်ကိစ္စအတွက် ဘာပဲ လုပ်နေရ လုပ်နေရ တိုင်းပြည်အရေးကို မေ့မပစ်ကြသေးဘူးဆိုရင်ကိုပဲ မဆိုးဘူးလို့ စိတ်ထဲဖြစ်မိတယ်။ ကိုပေါပြောသလို အားတက်စရာတွေလည်း ရှိသလို စိတ်ဓာတ်ကျစရာတွေလည်း ရှိပါတယ်။

sonata-cantata said...

(သူ့ဘာသူ လဲကျပျက်သုဉ်းတဲ့အချိန်အထိ ထိုင်စောင့်နေကြမယ်ဆိုရင်တော့ ကြာနိုင်သေးတယ်။ )

ဘုန်းကြီးတစ်ပါး တရားဟောတာကို သတိရမိတယ်။ “ကံကြမ္မာဆိုတာ လှည်းဘီးကြီးလိုပဲ အမြဲအပေါ်မှာ ရောက်နေမှာ မဟုတ်ပါဘူး” လို့ ဟောတော့ ဒကာတစ်ယောက်က အထွန့်တက်တယ်။ “ဒါပေမယ့် တပည့်တော်တို့ အောက်မှာ ရောက်နေတဲ့ အချိန်ကကြာလွန်းတယ်” တဲ့။ ဘုန်ကြီးလည်း ခဏ တွေနေပြီးမှ... “ဒါဆိုလည်း ဒကာကြီးရာ မြန်အောင် ၀ိုင်းတွန်းပေးလိုက်ကြပေါ့” လို့ဖြေလိုက်တယ်။

လွတ်လပ်စွာ ဖော်ထုတ်ရင်း, (ပန်ဒိုရာ ပြောသလို) ကွဲလွဲမှုတွေကို ရန်သူလိုသဘောမထားပဲ အပြန်အလှန် လေးစားတတ်အောင် လေ့ကျင့်ခြင်းဟာလည်း ၀ိုင်းတွန်းပေးခြင်းတစ်မျိုး ဖြစ်ပါလိမ့်မယ်။
- ဧရာ

khin oo may said...

အဲဒါတွေ မပါဘဲမရေးလို့မရဘူးလား.။

Ko Paw said...

>>>>zizawa အခြေခံအားဖြင့်တော့ တိုင်းပြည်အရေးကို မမေ့သေးရင် မဆိုးဘူးပေါ့။ မမေ့သေးသရွေ့ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးနေပါလား၊ ကိုယ့်ကို ထိခိုက်နေပါလား၊ ကိုယ်လူမျိုးတွေကို ထိခိုက်နေပါလားလို့ တွေးမိတဲ့အခါ အဲဒီအဖြစ်က ရုန်းထွက်ချင်စိတ် ပေါ်လာမယ်လို့ ထင်ပါတယ်။

>>>sonata-cantata..... ကိုဧရာပြောတာကို လက်ခံပါတယ်။ ကွဲလွဲမှုအပေါ်မှာ ရန်သူလို သဘောမထားတာဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံပါ။ တဖက်မှာလည်း စကားစစ်ထိုး(debate)သလို တဖက်နဲ့ တဖက် အပြန်အလှန် ပြောကြရတဲ့အခြေအနေမျိုးတွေ ကြုံလာနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရာရာတိုင်းမှာ ဆွေးနွေးညှိနှိုင်းအဖြေရှာတာနဲ့ အဆုံးသတ်ချင်မှ သတ်နိုင်တာကိုး။ debate လုပ်ပြီး အများစုဆန္ဒနဲ့ မဲခွဲဆုံးဖြတ်ရတာလည်း ရှိသေးတာကိုး။ အများစုရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့လိုသလို အများစုကလည်း အနည်းစုရဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုတာပေါ့။ ငါတို့က အများပဲဆိုပြီး အနည်းစုတွေကို ချေမှုန်းချင်တဲ့ စိတ်မျိုးတွေ ဖျောက်ဖို့လိုပါလိမ့်မယ်။

ဒါတွေအားလုံးဖြစ်လာဖို့ဆိုတာ ကိုဧရာပြောတဲ့ ကွဲလွဲမှုတွေအပေါ်မှာ ရန်သူလို သဘောမထားဘဲ အပြန်အလှန်လေးစားတတ်အောင် လေ့ကျင့်ခြင်းအပေါ်မှာ အခြေခံပါတယ်။ ဂန္ဓီကြီးပြောတဲ့ ကိုယ့်ရဲ့ ပြိုင်ဖက်အပေါ်မှာ လေးစားမှုရှိရမယ် (respect your opponent) ဆိုတဲ့ အယူဝါဒနဲ့လည်း ကိုက်ညီပါတယ်။

>>>khin oo may.... ရေးတတ်ပါဘူး ရှိုနေမှး-)

Andy Myint said...

တစ်ဖက်က ကြည့်မည်ဆိုရင်လည်း Media တွေများလာတာ ၀ါဒဖြန့်မှိုင်းတွေ တိုက်ဖို့ ပိုကောင်းလာတာပါ။ TV လိုမျိုး အများ မလုပ်နိုင်တဲ့ Media ထက် လူတိုင်းလိုလို သုံးနိုင်တဲ့ Internet လို Media မျိုးကြောင့် ၀ါဒဖြန့်ရတာ ပိုလွယ်လာပါတယ်။ ဘယ်လို ၀ါဒဖြန့်သလဲပေါ်လည်း အတော်မူတည်လာပါတယ်။ Strategy တွေ အများကြီးလိုပါတယ်။ ၀ါဒဖြန့်တာ အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်ထားလို့လည်း (လူငယ်တွေဟာ အတွေးအခေါ် ဆင်ခြင်တုံတရား ပိုများလာတယ် ဆိုတာတောင်) ဆေးလိပ်ကြော်ငြာလိုမျိုးတွေကို ပိတ်ပင်ထားတာပါ။ စက္ကန့် ၃၀ စာ ကြော်ငြာ၊ စာရွက်တစ်ရွက်လှန်စရာ ကြော်ငြာတစ်ခုတောင် အဲဒီလောက် အကျိုးသက်ရောက်မှုရှိတယ်ဆိုရင် လူတွေကို အခုလို စိတ်ဓါတ်လှုံ့ဆော်ပေးတဲ့ပို့စ်မျိုးတွေလည်း အကျိုးရှိမယ် မျှော်လင့်ရပါတယ်။
“အလားတူပဲ.... ပါလီမန် ဒီမိုကရေစီခေတ်ရောက်ရင်လည်း ပထမပိုင်းတော့ ကယောက်ကယက်တွေ၊ ကမောက်ကမ တွေကို ကျော်ဖြတ်ရဦးမှာပေါ့။ ဒီမိုကရေစီအလေ့အထတွေကို ယဉ်ပါးသွားပြီဆိုတော့မှ ကမောက်ကမတွေ နည်းပါးသွားမယ်။”
အထက်က ဟာကိုတော့ မစ္စတာလီ (အကြီးရော အငယ်ရော) သိသင့်တယ်။ (တကယ်တော့ သိပါတယ်)။ ဘာတဲ့ ပါလီမန်ထဲမှာ ငြင်းခုံနေရတာနဲ့ အလုပ်ပြီးမှာ မဟုတ်ဘူးဆိုလား။ ဒီမှာ ပါလီမန်ထဲမှာ ငြင်းခုံနေကြတာကို TV Channel တစ်ခုကနေ ကြည့်လို့ရတယ်။ ထိုင်ဝမ်တို့ ဘာတို့မှာလို့ ထီးနဲ့ ထရိုက်တာတို့ ရေနဲ့ ပက်တာတို့ မရှိတော့ပေမယ့် Debate လုပ်ကြတာ အတော်ကြည့်လို့ ကောင်းပါတယ်။ ဒီစနစ်က ဒီမှာ အတော်ကြာပြီဆိုတော့ ရင့်ကျက်လာပြီ ဆိုတာတောင် ငြင်းခုံကြတာ ဆိုတော့ မာန်ပါပါတယ်။ အဲဒါတွေ ကြည့်ရင် ကိုပေါကို သတိရတယ်။ အင်း နိုင်ငံရေးသမားဖြစ်ချင်ရင် အချက်ကျကျ ငြင်းနိုင်မှလို့။ (ပြောနိုင်မှလို့)

Auber said...

ဒီမိုကရေစီမှာ ရန်သတ် စရာမလိုပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် ဖဲ့တာလေးတွေ နှိပ်ကွပ်တာလေးတွေတော့ရှိပါတယ်။ ဒါပေမဲ့ နှိပ်ကွပ်တဲ့လူကလည်း ချက်နဲ့ ချက်နဲ့ပြောတာပေါ့လေ၊ ပညာတတ် educated ဆန်တယ်၊ အခြေအနေမဲ့တွေလို အော်ဆဲနေ တာတော့မဟုတ်ဘူးပေါ့။ အဲ့ဒီတော့ သူ့သဘောကိုက criticism ကိုခံနိုင်ရည်ရှိနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေး လိုပါတယ်။
အပေါ်က ကို Andy Myint ပြောတဲ့ ချန်နယ် ကလည်း ကြည့်လို့ကောင်းပါတယ်။ British Parliament မှာ debate လုပ်တာလေးတွေလည်း သွားကြည့်ကြပါ။ သိပ်ကောင်းပါတယ်။ youtube မှာ ရပါတယ်။ တစ်ခေတ်တစ်ခါ က မြန်မာပြည် Parliament မှာ လည်းဒီလိုရှိခဲ့ဖူးတယ်လို့ဖတ်ဖူးပါတယ်။ အရေးကြီးတာက ဒီမိုကရေစီကိုမြတ်နိုးတယ် မြန်မာပြည်မှာ ထွန်းကားစေချင်တယ်လို့ ပြောနေအော်နေသူတွေ ဒီမိုကရေစီဘက်တော်သားတွေကိုယ်တိုင် ဒီလို practice တွေကိုနားလည်ဖို့၊ ကျင့်သုံးနိုင်အောင်ကြိုးစားကြဖို့လိုပါတယ်။ အခုတချို့သော ဒီမိုကရေစီ လိုလား ပါတယ်ဆိုတဲ့သူတွေ ဘလော့တွေ မှာဆိုရင် ကိုယ်နဲ့ အမြင်မတူတဲ့သူတွေအားလုံးအပေါ်မှာ ပြန်ပြီး အချက်ကျကျ ဖြေရှင်းတဲ့ ပုံစံ Discuss လုပ်တဲ့ ပုံစံမဟုတ်တော့ပဲ အတင်းဘူးငြင်း၊ နောက်ဆုံးမငြင်းနိုင်ရင် အပြင်းအထန် ရန်ပြန်တွေ့ တာတွေ တွေ့နေရတာပါပဲ။ ဒါတောင် ဘလော့ပေါ်မှာ keyboard ပဲကိုင်နေရသေးလို့။ တကယ့်တကယ် နိုင်ငံကို ဦးဆောင်ပြီး နိုင်ငံတော်အာဏာကိုသာ လက်ကိုင်ထားနေရလို့ကတော့ ဘယ်လိုတွေလုပ်ကြမလဲတောင်မသိနိုင်ဘူး။ ဘယ်သူ့ကိုသွားသတိရသလဲဆိုတော့ ဦးနေဝင်း၊ သူလည်း တစ်ချိန်တုံးက ခေတ်စားတဲ့ လွတ်လပ်ရေး ဆိုတာကို ကြုံးဝါးပြီးလုပ်ခဲ့တာပဲ။ သူ့လက်ထက်လည်းရောက်ရော လူတွေလည်း အဂ်လိပ်ခေတ်ကလောက်တောင် မလွတ်လပ်တော့တဲ့ အပြင် ဆင်းရဲကြပ်တည်းတာတောင် ပိုလာသေးတော့တယ်။

မောင် လေး said...

မှန်ပါတယ်အကိုရေ...။အပြောင်းအလဲကိုထိုင်စောင့်နေလို့ကတော့ကြာနေဦးမှာပါ။ကိုယ်လုပ်နိုင်သလောက်
ကျွန်တော်တို့ကြိုးစားကြရမှာပါ။နောက်တခုက
အကြောက်တရားနဲ့ကြီးစိုးခြင်းခံနေရတဲ့လူထုကိုရင်ထဲ ကဆန္ဒအမှန်ကိုထုတ်ဖော်ရဲ၊ပြောရဲ၊ဆိုရဲလာအောင် ကိုယ်တိုင် ရှေ့ကဦးဆောင်လမ်းပြနိုင်မယ့်အဖွဲ့အစည်းတွေ၊
ခေါင်းဆောင်ကောင်းတွေများများပေါ်ထွက်လာဖို့်လဲလို ပါတယ်။ဦးဆာင်သူတစ်ဦးတစ်ယောက်တည်းကိုမှီခိုမ
နေပဲ အဲဒီခေါင်းဆောင်ကိုထိန်းချုပ်မှုတွေလုပ်ထားခဲ့ရင်
လည်းကျန်တဲ့သူတွေက တဗိုလ်ကျ၊တဗိုလ်တက်ဆို သလို ခေါင်းဆောင်မှုပေးနိုင်ရမယ်လို့ ထင်မိပါတယ်။
(ကျွန်တော်နားလည်သလောက်ဝင်ပြောကြည့်တာပါခင်ဗျာ)

Ko Paw said...

>>>>Andy Myint...... ဝါဒဖြန့်မှိုင်းတွေ တိုက်ချင်သလောက် တိုက်ပါစေ၊ လွတ်လပ်တဲ့ မီဒီယာရှိနေသရွေ့ ဆန့်ကျင့်ဖက်အယူအဆတွေကိုလည်း တင်ပြခွင့်ရနေမယ်ဆိုရင် လူတွေဟာ သူ့ဟာသူ အဆိုးအကောင်း ရွေးချယ်သွားနိုင်တဲ့ တွေးခေါ်နိုင်စွမ်း ရှိကြပါတယ်။ များသောအားဖြင့် ဖြစ်တတ်ကြတဲ့ ဝါဒမှိုင်းအတိုက်ခံရတယ်ဆိုတာမျိုးက ဆန့်ကျင်ဖက်အမြင်တွေကို လုံးဝ ပိတ်ပင်ထားပြီး သူတို့ မြင်စေချင်ရာကိုပဲ ကွက်ပြီး မြင်ခိုင်းတဲ့အခါမျိုးမှာသာ ဖြစ်တတ်တာပါ။ လွတ်လပ်တဲ့ မီဒီယာတွေမှာ အဲသည်လို ပြဿနာ မရှိနိုင်ပါဘူး။

ဗြိတိသျှ ပါလီမန်ထဲမှာ တိုနီဘလဲတို့၊ ဂေါ်ဒွင်ဘရောင်းတို့၊ ဒေးဗစ်ကင်မရွန်းတို့ အပြန်အလှန် အချေအတင် ပြောကြတာတွေကို ကြည့်ရတဲ့အခါ အင်မတန် အားရမိပါတယ်။ တယောက်နဲ့တယောက် မျက်နှာကို စေ့စေ့ကြီးပြီး မျက်လုံးချင်းကြည့်ပြီး အားပါးတရ ပြောနေကြတာ။ ကျနော်တို့ တိုင်းပြည်မှာ အဲသည်လို အခြေအနေတွေ ဖြစ်ထွန်းလာစေချင်ပါတယ်။

ကျနော်ကတော့ နိုင်ငံရေးသမား မဖြစ်ချင်ပါဘူး။ (အထင်သေးလို့မဟုတ်။) လူအများကို တာဝန်ခံရတဲ့အလုပ်တွေကို တတ်နိုင်သမျှ မလုပ်ချင်ဘူး။ နောက်ပြီး လူတွေကို မဲဆွယ်ရတာလည်း ဝါသနာ မပါဘူးခင်ဗျ။ ကျနော့်အလိုအရကတော့ ကျနော့်အယူအဆကိုပဲ ကျနော့်ဘာသာ လွတ်လွတ်လပ်လပ် ပြောချင်သလို ပြောရတာကို အားရတယ်။ ကြိုက်တဲ့လူ ယူ။ မကြိုက်တဲ့လူ မယူနဲ့။ ကျနော့်အယူအဆကို ဘယ်သူမှ မထောက်ခံလည်း ပြဿနာမရှိဘူး။ နိုင်ငံရေးသမားဆိုရင် ကိုယ့်ကို ထောက်ခံကြဖို့ မဲဆွယ်နေရဦးမယ်။ တတ်နိုင်ရင် နိုင်ငံရေးသမားတွေကို ဝေဖန်တဲ့လူပဲ လုပ်ချင်တယ်ဗျ။း-)

ကျနော့်အသိထဲမှာတော့ စကားစစ်ထိုးကောင်းတဲ့ လူငယ်တွေ တစ်ယောက်စ နှစ်ယောက်စ တွေ့ဖူးတယ်။ နိုင်ငံရေးသမားတွေအတွက်တော့ debate စွမ်းရည်ဟာ သူ့နိုင်ငံရေးဘဝအတွက် အသုံးဝင်ထိရောက်တဲ့ လက်နက်ကောင်းတခု ဖြစ်နိုင်ပါတယ်။

>>>> Auber..... လူတွေပဲဗျာ။ ရဟန္တာတွေမှ မဟုတ်ကြတာကိုး။ ဖဲ့တာ၊ နှိပ်ကွပ်တာလေးတွေတော့ ရှိကြမှာပေါ့။ အချက်ကျကျ ပြန်လည် ချေပနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အချက်ကျကျ မချေပနိုင်လို့ ရန်တွေ့တဲ့ပုံစံနဲ့သွားလည်း သွားတဲ့လူ မြုတ်မှာပဲ။ ဒါပေမယ့် အရေးကြီးတာက သူများရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တန်ဘိုးထားဖို့။ မပိတ်မိဖို့ပဲ။ ကိုယ်ကချည်း တဖက်သတ်ပြောပြီး တဖက်လူ ပြန်မပြောသာအောင် ကိုယ့်အယူအဆကို ဆန့်ကျင်တဲ့ ကွန်မင့်တွေကို တမင်တကာ ပိတ်ပင်တဲ့ဘလော့ဂ်မျိုးဆိုရင် ကျနော်က အထင်သေးမိပါတယ်။း-)

>>> ကိုမောင်လေး.... စစ်သူကြီး ဘယ်လောက်တော်တော် (နှစ်ဦးတည်း စီးချင်းထိုးတာမဟုတ်တဲ့) စစ်မြေပြင်မှာ နောက်လိုက်ငယ်သား တယောက်မှ မရှိရင် သူလည်း အဖမ်းခံရမှာပဲ။ ခေါင်းဆောင်ကောင်းရှိဖို့ လိုအပ်သလို နောက်လိုက်ကောင်းတွေ ရှိဖို့လည်း အင်မတန်အရေးကြီးပါတယ်။

Anonymous said...

There are limitations in any democracy. One among them is
intra party primaries.

In UK, if you are a tore (the conservative party), if you are
well connected among the tores,
you will get safe seat, that
means you will get easy or tore friendly (likely to beat Labour
and Liberals) electorates to get elected. So intra party assignment of such electrorates is important
for fast tracking. If you were not
well connected, you may have to
contest arm to arm with Labour in
places where Labour is strong.

In US, as we can see how Obama won
primary over Hillary even when the
total popular votes of Hillary was
higher than Mr. O, and even when there were evidence of cross voting
in South Carolina (where African Americans were majority) and it was
rumoured that black Republican grass root organizers canvass and rally voters to cross vote for Mr. O against Hillary Clinton. So all democracies have their own built-in limitations but there are no other alternative to democracy.

But what we need is to kick the asses of politicians (3 slaps in the face and 1 kick in the asses)
so that those sorry suckers will know they are serving us all the time. I love democracy because it
is only where we can kick their sorry asses. Thank them no way but I will happy to kick their asses.
That is why we need democracy to
kick the asses of the government, one of the five enemies in our Buddhist Burmese culture.

ကို ကို စန်း said...

မငယ်နိုင် ရဲ့ ဘလော့မှာ ကျွန်တော်လုပ်ထားတဲ့ ကွန်.မန်.ကို ပို.စ်နဲ. သက်ဆိုင်နေလို. တည်းဖြတ်ပြီး ထပ်တင်
လိုက်ပါတယ် ၊

တကယ်တော့ မြန်မာနိုင်ငံ ရဲ. နိုင်ငံရေး စီးပွားရေး ပြဿနာ ဟာ ပြည်တွင်း ၊ ပြည်ပ မှာ ရှိတဲ့ မြန်မာနိုင်ငံသား အားလုံးနဲ. သက်ဆိုင် နေပါတယ် ၊

ကျွန်တော် ဥပမာ တစ်ခု နဲ. ရှင်းပြပါ့မယ်၊

ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံး (နိုင်ငံခြားသား ခံယူသူများ အပါအ၀င်) ဟာ မြန်မာနိုင်ငံရေး ပြဿနာတွေနဲ. ပတ်သက်နေရပါတယ်၊ ချွင်းချက်အနေနဲ. လူတစ်ယောက် ဟာ တစ်ကောက်ကြွက် ၊ ဆွေမျိုးသားချင်း လဲ မြန်မာနိုင်ငံ မှာမရှိ၊ နိုင်ငံခြားသားလည်းခံယူပြီး မြန်မာနိုင်ငံ ကိုလည်း မပြန်တော့မဲ. သူကလွဲလို. ဆွေမျိုးသားချင်းတွေရှိတဲ့ သူတွေအားလုံးနဲ. သက်ဆိုင်နေပါတယ် ၊ မြန်မာနိုင်ငံ က ကိုယ့်ဆွေမျိုးသားချင်းတွေ ရဲ. စားဝတ်နေရေး မပြေလည်မှုတွေ ဟာ ကိုယ့်ရဲ. ပြဿနာဖြစ်လာပါတယ်၊

အဲဒီ စနစ်ဆိုးကြီး ဟာ ပြည်သူတွေသာမက ခုလက်ရှိ နအဖ ၀န်ကြီးတွေသာ ခံစားရမှာဖြစ်ပါတယ်၊ လက်ရှိ ရာထူးရှိနေတုန်းတော့ လာဘ်ဝင်နေတော့ မသိသာပေမဲ့ ပြုတ်သွားတဲ့ အချိန်မှာ သူတို.လည်း စီးပွားရေးဒဏ်ကို ခံစားကြရမှာပါ၊ မဆလ လူကြီးဟောင်းများ လည် ခုချိန်မှာ ဆင်းဆင်းရဲရဲ နဲ. ဘ၀ကိုရင်ဆိုင်နေရသလို ၊ ပြုတ်ပြီး အချိန်နည်းနည်းကြာလာတဲ့ နအဖ ၀န်ကြီးပြုတ် နှင့် သူတို.ရဲ. သား ၊သမီး တွေ ကလည်း ဒီဆိုးရွားလာတဲ့ စီးပွားရေး ဒဏ်ကို စတင် ခံစားရနေပြီ ဖြစ်ပါတယ်၊ တကယ်သာ လက်ရှိရာထူးရှိနေသူတွေ ဟာ သူတို.ရဲ. မြေးတွေကို ချစ်ရင် တကယ့်ကို ပြောင်းလဲမှု တွေ လုပ်ရမှာဖြစ်ပါတယ် ၊ ဘယ်သူမှ ရာသက်ပန်ဝန်ကြီး မဖြစ်နိုင်သလို ရာသက်ပန်ဝန်ကြီး ရှိခဲ့ရင်လည်း ဘယ်သူမှ သေချင်းတရားတော့ မလွန်ဆန်နိုင်ကြပါဘူး ၊ ဒါပေမဲ့ လက်ရှိရာထူးရှိသူတွေဟာ အမှန်ကို မြင်နိုင်ဖို.ခက်ပါတယ် ၊ မြန်မာပြည်ကြီး က ဘာဖြစ်နေသလဲဆိုတော့ ရာထူးရတာနဲ. ရသလောက်စားတော့တာပဲ ၊ ဘာလို.လည်း ဆိုတော့ သူတို.လည်း အချိန်မရွေး ပြုတ်နိုင်တာကို ၊ အဆိုးသံသရာကြီး လည်နေတယ်လို.ပဲ ပြောရမှာပဲ ၊ စားလိုက်ကြ ၊ ပြုတ်သွားကြ နောက်တစ်ယောက် တက်လာလိုက် စားလိုက်နဲ. အစားအသောက်ပြိုင်ပွဲကြီး ကျင်းပနေတယ် လို.တောင်ထင်ရပါတယ် ၊ အစားအသောက်ပြိုင်ပွဲကြီး မှာ ပြည်သူတွေတော့ ပါဝင်ခွင့်မရှိပါဘူး ပြည်သူတွေ အတွက်တော့ နည်းနည်းလေးတော့ ငဲ့ကြည့် ပေးပါဦး ၊

ရွေးကောက်ပွဲဝင်တဲ့သူတွေကိုတော့ သူတို.ရဲ. ကိုယ်ပိုင်အခွင့်အရေးမို. ကျွန်တော်မဝေဖန်ချင်ပါဘူး ၊ ဒါပေမဲ့ အနှစ် ၂၀ နီးပါးအုပ်ချုပ်လာတဲ့ အဘကြီး ရဲ့ အာဏာကို လွှဲပေးမယ်ဆိုတာကို ယုံပြီး ရွေးကောက်ပွဲဝင်တာကတော့ ဆုပေးဖို. ဒိုင်းကြီး မရှိတဲ့ ဘောလုံးပွဲကြီးကို အားကြိုးမာန်တက် ၊ သဲကြီးမဲကြီး ကန်နေသလိုပဲ ထင်မိပါတယ် ၊

အားလုံးအမြင်မှန်ရပါစေ ......

Rita said...

(ကျနော်ကတော့ နိုင်ငံရေးသမား မဖြစ်ချင်ပါဘူး။ (အထင်သေးလို့မဟုတ်။) လူအများကို တာဝန်ခံရတဲ့အလုပ်တွေကို တတ်နိုင်သမျှ မလုပ်ချင်ဘူး။ နောက်ပြီး လူတွေကို မဲဆွယ်ရတာလည်း ဝါသနာ မပါဘူးခင်ဗျ။ ကျနော့်အလိုအရကတော့ ကျနော့်အယူအဆကိုပဲ ကျနော့်ဘာသာ လွတ်လွတ်လပ်လပ် ပြောချင်သလို ပြောရတာကို အားရတယ်။ ကြိုက်တဲ့လူ ယူ။ မကြိုက်တဲ့လူ မယူနဲ့။ ကျနော့်အယူအဆကို ဘယ်သူမှ မထောက်ခံလည်း ပြဿနာမရှိဘူး။ နိုင်ငံရေးသမားဆိုရင် ကိုယ့်ကို ထောက်ခံကြဖို့ မဲဆွယ်နေရဦးမယ်။ တတ်နိုင်ရင် နိုင်ငံရေးသမားတွေကို ဝေဖန်တဲ့လူပဲ လုပ်ချင်တယ်ဗျ။း-))

2 thumbs up!

ကို ကို စန်း said...
This comment has been removed by the author.
ကို ကို စန်း said...

-(ကျနော်ကတော့ နိုင်ငံရေးသမား မဖြစ်ချင်ပါဘူး။ (အထင်သေးလို့မဟုတ်။) လူအများကို တာဝန်ခံရတဲ့အလုပ်တွေကို တတ်နိုင်သမျှ မလုပ်ချင်ဘူး။ နောက်ပြီး လူတွေကို မဲဆွယ်ရတာလည်း ဝါသနာ မပါဘူးခင်ဗျ။ ကျနော့်အလိုအရကတော့ ကျနော့်အယူအဆကိုပဲ ကျနော့်ဘာသာ လွတ်လွတ်လပ်လပ် ပြောချင်သလို ပြောရတာကို အားရတယ်။ ကြိုက်တဲ့လူ ယူ။ မကြိုက်တဲ့လူ မယူနဲ့။ ကျနော့်အယူအဆကို ဘယ်သူမှ မထောက်ခံလည်း ပြဿနာမရှိဘူး။ နိုင်ငံရေးသမားဆိုရင် ကိုယ့်ကို ထောက်ခံကြဖို့ မဲဆွယ်နေရဦးမယ်။ တတ်နိုင်ရင် နိုင်ငံရေးသမားတွေကို ဝေဖန်တဲ့လူပဲ လုပ်ချင်တယ်ဗျ။း-)) -

2 thumbs up! ))

အင်း မရီတာ ကတော့ ကိုပေါကို အတင်းမြောက်နေပြန်ပြီ ၊ တကယ်တော့ ကျွန်တော်က ထိုင်ပြီး လက်မ ၂ချောင်း ၊ ခြေမ ၂ ချောင်း ထောင်ချင်တာ ၊ ငေါ့တယ်လို.ထင်မှာစိုးလို.

ပို.စ်တွေကို မဝေဖန်ချင်ပါဘူး ၊ ဘလော့ဂါ တစ်ယောက်နဲ.တစ်ယောက် အတွေးအခေါ် ၊ အကြောင်းအရာ မတူနိုင်ပါ ၊ ကျွန်တော် စဉ်းစားမိတာက ကိုယ်ပေါ ရဲ့ ကွန်.မန်.တွေကို အချက်ကျကျ ဒေါသ မပါပဲ တုန်.ပြန်တာက တကယ့်ကို ကောင်းပါတယ် တစ်ချို. ဘလော့ဂါတွေ အတုယူသင့်တယ် ၊ တစ်ခါတစ်လေတော့ လည်း ကိုပေါက ဆွမ်းကြီး ၀င်လောင်းသွားတာတောင် မတုန်.ပြန်ဘူး -

အရေထူတယ်လို.ပဲပြောရမလား ၊

သည်းငြီးခံနိုင်တယ်လို. ပြောရမလား မသိပါဘူး

ကိုပေါ နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ

ကို ကို စန်း said...

ကိုပေါကို ဒေါ်အောင်ဆန်းစုကြည် ထက် တောင်လေးစားတယ် ၊

ဒီလောက်အမြှောက်ကြိုက်တဲ့သူကို ထပ်မြှောက်ပေးလိုက်တယ် ၊

တွေးမိတွေးရာ ရေးမိရေးရာ မှာ ကိုပေါ ကွန်.မန်.ကို တွေ.၍ ရေးရန်အကြံ ပေါ်လာရခြင်း ဖြစ်ပါတယ် ၊

အင်း စာဖတ်သူတွေကတော့ ခင်ဗျားကို အမြင်ကပ်မလား ကျွန်တော်ကို အမြင်ကပ်မလားမသိဖူး ၊ မတတ်နိုင်ဖူး စိတ်ထင်ရာရေးလိုက်တာ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs