တခါက လူသွားလူလာများတဲ့ လမ်းမပေါ်မှာ ကျောက်တုံးကြီးတစ်တုံး ကျရောက် ပိတ်ဆို့နေသတဲ့။
လူတွေကလည်း အဲဒီလမ်းမကြီးကို အသုံးပြုနေကြရတာမှန်ပေမယ့် ကိုယ်နဲ့မဆိုင်သလို သူလုပ်နိုး၊ ငါလုပ်နိုး တွက်ကပ်ကြပြီး ကျောက်တုံးဘေးကပဲ ကွေ့ဝိုက်ပြီး သွားကြသတဲ့။ အဲသည်မှာ လမ်းဘေးက ချိုင့်ထဲ ထိုးကျလို့ လှည်းတွေ ဘာတွေမှောက်၊ ကလေးတွေလည်း လမ်းဘေးက ဆူးတွေ ဘာတွေ စူးပေါ့လေ။
နောက်တော့မှ မနေသာသူ တာဝန်သိပြည်သူတဦးက ကျောက်တုံးကို ဖယ်ရှားပေးလိုက်တဲ့အခါ ကျောက်တုံးအောက်မှာ ဆုတော်လာဘ်တော် အနေနဲ့ (ဘုရင်က) ထည့်ထားခဲ့တဲ့ အသပြာထောင်ထုပ်ကို ရသွားသတဲ့။
အဲသည်နောက်ပိုင်းတော့ လမ်းမပေါ်မှာ ကျောက်တုံးလေး တတုံးတလေ မတော်တဆ ကျရောက်လာရင် လူတွေဟာ သူဖယ်မယ်၊ ငါဖယ်မယ်နဲ့ အငြင်းပွားရင်း ရန်တွေ ဘာတွေတောင် ဖြစ်ကုန်ကြတယ်။ မိန်းမတွေဆိုတာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထမိန်တွေ ဘာတွေ ကျွတ်တဲ့လူ ကျွတ်ပေါ့။ အဲ…..ကျောက်တုံးကို ဖယ်ပြီးတိုင်းမှာလည်း ဖယ်ခဲ့တဲ့လူဟာ ကျောက်တုံးအောက်မှာ အသပြာထောင်ထုပ်ကို တွေ့မလားလို့ ရှာရတာ အမော။
ဒီလိုနဲ့ တနေ့မှာတော့ အဲဒီလမ်းမပေါ်မှာပဲ ကျောက်တုံးအကြီးကြီး တစ်တုံး ရောက်နေပြန်သတဲ့။ ထုံးစံအတိုင်း လူတွေ သူ့ထက်ငါ ဦးအောင် ပြေးတွန်းကြပြန်တာပေါ့။ ဒါပေမယ့် ဒီတခါ ကျောက်တုံးက နှယ်နှယ်ရရ ကျောက်တုံးမဟုတ်ဘူး။ ဘီလူးတကောင် စောင့်ကြပ်နေတဲ့ ကျောက်တုံး။
ဘီလူးက ကျောက်တုံးလာတွန်းတဲ့လူတိုင်းကို ကျောစုတ်သွားအောင် ကြာပွတ်နဲ့ ရိုက်ထုတ်လေ့ရှိသတဲ့။ အစောပိုင်းကတော့ အသပြာထောင်ထုပ် ရမလား၊ နာမည်ကောင်းရလေမလားဆိုပြီး အူယားဖားယား ပြေးတွန်းတဲ့သူတွေမှာ ကျောကော့အောင် ကြာပွတ်နဲ့ ရိုက်တဲ့ဒဏ်ကို အသီးသီး ခံလိုက်ကြရသတဲ့။
အဲသည်နောက်ပိုင်း ကျောက်တုံးရဲ့ သဘောသဘာဝကို သိလာကြတော့ လူတွေဟာ အဲသည်ကျောက်တုံးအနီးကို မကပ်ရဲတော့ဘဲ မမြင်ချင်ယောင်ဆောင်ပြီး ဘေးကနေ ပတ်သွားဖို့ပဲ ကြိုးစားကြတော့သတဲ့ကွယ်။
ဒါပေမယ့် အဲသည်လမ်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ လမ်းမကြီးဖြစ်နေတာကြောင့် အဆင်မပြေမှုတွေကို လူတိုင်း ကြုံတွေ့နေကြရတော့တာပေါ့။ အဲသည်အချိန်မှာ ထူးဆန်းတာက ကျောစုတ်မယ်မှန်းသိသိနဲ့ ကျောက်တုံးကြီးကို ခွန်နဲ့အားနဲ့ တွန်းဖယ်မယ့် လူအချို့ ထွက်ပေါ်လာကြတာပဲ။
ကျောက်တုံးစောင့်ဘီလူးကလည်း သူတို့ကို ဘယ်ချမ်းသာပေးပါ့မလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်းရိုက်လိုက်တာ သူတို့ရဲ ကျောပြင်တွေမှာ ဒဏ်ရာတွေနဲ့ သွေးချင်းချင်းနီကုန်သတဲ့။ ဒါပေမယ့်လည်း ဒီလူတွေဟာ နောက်ဆုတ်မသွားပဲ ဒဏ်ရာနဲ့ ဝေဒနာကို အံကြိတ်ခံစားရင်း တွန်းမြဲတွန်းနေကြသတဲ့။ ဒါပေမယ့် လူအရေအတွက်နည်းတာကတကြောင်း၊ ကြာပွတ်ဒဏ်ကြောင့် ခွန်အားဆုတ်ယုတ်တာကတကြောင်း၊ ကျောက်တုံးကြီးကိုယ်၌က လေးလံတာက တကြောင်းတို့ကြောင့် ကျောက်တုံးကြီးဟာ နေရာက မရွေ့နိုင်သေးဘဲ ဖြစ်နေတော့တာပေါ့။
ကနဦးကတည်း ကျောက်တုံးမတွန်းဘဲ ကျန်ရစ်တဲ့လူတွေထဲက တချို့ဟာ အစက ကြောက်လို့ ၀င်မတွန်းပေမယ့် တချိန်မှာတော့ ရဲရဲဝံ့ဝံ့ ၀င်တွန်းကြတာကိုလည်း တွေ့ရတယ်။
တချို့ကတော့ ကိုယ်တိုင်မတွန်းရဲပေမယ့် တွန်းတဲ့လူတွေကို အားရှိအောင် အော်ဟစ်အားပေးကြတယ်။
တချို့ကတော့ အရိုက်ခံရသူတွေရဲ့ ကြာပွတ်ဒဏ်ရာတွေကို သက်သာအောင် ဆေးဝါးကုသပေးခြင်း၊ အမောပြေအောင် အစာရေစာ ကမ်းလှမ်းခြင်းတွေ ပြုကြတယ်။ ဒါတောင်မှ ဘီလူးက အနီးအပါးကို ကပ်လာသူတွေကိုပါ ကြာပွတ်စာ လှမ်းကျွေးတတ်တော့ လူတော်တော်များများက ဒီလို ထောက်ပံ့အကူအညီပေးတဲ့ အလုပ်မျိုးကို မလုပ်ဝံ့ကြဘူး။
စိတ်ဝင်စားစရာကောင်းတာကတော့ အခုဆက်ပြောပြမယ့် လူနှစ်မျိုးနှစ်စားအကြောင်းဘဲ။
ပထမတမျိုးဟာ နေ့စဉ် ဒီလမ်းမကြီးကနေ ဖြတ်သန်းသွားလာနေကြပေမယ့် ဒီဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးတခုလုံးကို မမြင်ချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းသွားလာနေကြတဲ့သူတွေပဲ။ သူတို့ဟာ ဒီအဖြစ်အပျက်ကို သူတို့နဲ့ မဆိုင်သယောင်၊ ဖြစ်ရိုးဖြစ်စဉ် အရေးမကြီးတဲ့ ကိစ္စတရပ်သဖွယ် သဘောထားကြတယ်။ ဒီကိစ္စဟာ သူတို့နဲ့ သက်ဆိုင်ပါတယ် သွားပြောရင်လည်း မသိချင်ယောင် ဆောင်နေတတ်ကြတယ်။
ဒုတိယတမျိုးကတော့ ဒီအဖြစ်အပျက်ကြီးတခုလုံး အမှန်တကယ် ဖြစ်ပျက်နေတာကို သူတို့သိတယ်။ ဒီကျောက်တုံးကြီးမရှိတော့ရင် ကောင်းမယ်ဆိုတာကိုလည်း သိကြတယ်။ ဒါပေမယ့် သူတို့ဟာ ကျောက်တုံးကို ၀င်တွန်းဖို့ သတ္တိမရှိကြဘူး။ အဲဒီလို သတ္တိမရှိတာကိုလည်း ရိုးရိုးသားသား ၀န်ခံရမှာကို ရှက်ကြတယ်။ ဒီတော့ သွေးအလိမ်းလိမ်းနဲ့ ကျောက်တုံးတွန်းနေကြသူတွေကို ကြည့်ပြီး အောက်ပါအတိုင်း မှတ်ချက်တွေ ပေးတယ်။
“ဒီလူတွေဟာ မပါးနပ်ဘူး။ ဒီကိစ္စမျိုးဆိုတာ ပါးနပ်ဖို့လိုတယ်”
“ဒီလောက်ကြာကြာတွန်းလာတာတောင် ကျောက်တုံးကို ရွေ့အောင် မတွန်းနိုင်ကြဘူး။ တော်တော် အရည်အချင်းမရှိတဲ့လူတွေ”
“လူတိုင်းပါဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားကြဖို့ ကောင်းတယ်”
“ဘယ်သူက ကူတွန်းချင်ပါ့မလဲ။ စည်းရုံးရေးမှ မကောင်းတာ”
“ခေါင်းဆောင်မှုက ညံ့တာကိုး။ နည်းဗျူဟာကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ”
“ဘီလူးနဲ့ယှဉ်နိုင်တဲ့ ခေါင်းဆောင်မှ မပေါ်သေးတာ”
“အို… ကျောက်တုံးကို တွန်းမှမဟုတ်ပါဘူး။ လမ်းဘေးက ဆင်းသွားလို့ ဆူးစူးတဲ့လူတွေကို ဆူးထွင်ပေးရင်လည်း ဒါဟာ တဖက်တလမ်းက ကူညီရာရောက်ပါတယ်။”
သြော်... ပုံပြင်ထဲက လူတွေများ ပြောပါတယ်။
Read more