လက်ဖက်သားမှာ
ဆိုးဆေးပါဟု
တို့ရွာအလုံး
အုံးအုံးကျွက်ကျွက်
ယောက်ယက်ခတ်ကြ….။
ဥပါဒ်ရန်ဘေး
ထောက်ဆတွေးကာ
ကြောက်သေးဖြန်းဖြန်း
မိုးသို့ပန်းကြ……..။
ဇယန်းလက်ဖက်
နှမြောမက်လည်း
မသက်မသာ
လွှင့်ပစ်ရှာပြီး
ကျန်းမာအသိ
အရေးပေါ်ရှိကြ…..။
သို့သော်မပျက်
လက်ဖက်ဝိုင်းဝယ်
ဇွန်းငယ်တချောင်း
ပါးစပ်ပေါင်းစုံ
ခေါင်းအုံမတတ်
လှည့်ပတ်ထည့်ရင်း
အာခံတွင်းက
သွားရည်စကို
ဝေမျှခံစား
ရောဂါပွားလျက်…..။
ဆယ်ပါးအကျိုး
လင့်မျှော်ကိုးသည့်
ရေအိုးစင်ထက်
ရေခွက်ငယ်လည်း
သယ်ယူရောဂါ
အရေးပါလျက်။
အခါလည်သား
ကလေးများလည်း
ဝါးပြီးခွံ့လှာ
မိမာတာမှ
ရောဂါမျိုးစုံ
အမွေပုံလျက်။
စုံလီနဖာ
ရောဂါမျိုးစုံ
ကူးစက်ကုန်လည်း
မဖြုံဓလေ့
မွေ့လျက်သာပင်
မျက်မမြင်သည်
ဝိညာဉ်တစ္ဆေ
မကြောက်ချေသို့
နေမြဲစားမြဲ
သောက်မြဲသာတည့်
မီးမရှိသည့် တို့ရွာတွင်။
Posted by
ကိုပေါ
on Wednesday, April 8, 2009
Labels:
Poem
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
27 comments:
ဟုတ်ပါ့။ အဲဒီလိုတွေးမိတော့လဲ နေစရာကို မရှိတော့ပါလား။ မထူးတော့ဘူး။ လက်ဖက် ပြန်စားတော့မယ်။ စားချင်ရက် လက်တို့ ဖြစ်နေတာကို။ :)
ဒါလည်း ဟုတ်တာပဲ။ :P
ကြိုက်တယ် ကိုပေါရေ..။ ဒါလဲကွက်တိပဲဗျာ..။ ကျနော်ဆို ငယ်ငယ်ကတည်းက ဇွန်းတချောင်းထဲနဲ့ ဟင်းရည် ဝိုင်းခတ်သောက်ရတာကို ရွံခဲ့တာ..။
ဟိုးတုန်းကလို လက်ရေတပြင်စီး စားရရင် ဘယ်လိုလုပ်ရမလဲ မသိဘူး။
ကျနော်တို့ မြန်မာပြည်ကလူတွေကို hygiene ကောင်းစေချင်တယ်ဗျာ။
အဲ .. ကိုပေါရေ ...
မတူဘူးလေ ..
အသက်သေမှာနဲ့ ၀မ်းသွားမှာလောက်ကို ယှဉ်လို့ ဘယ်ရမလဲ။
ကိုပေါပြောတာတွေက ကျန်းမာရေး ရှုထောင့်အနေနဲ့ ကြည့်ရင် ဆင်ခြင်စရာဆိုတာ မှန်ပါရဲ့။ ဒါပေမဲ့ ဆိုးဆေး ဒုက္ခပေးသလောက်တော့ မဟုတ်ဘူးလေ။
ဒုက္ခပေးနိုင်တဲ့ အတိုင်းအတာချင်း တူတယ်ပဲ ထား။ လက်ဖက်သုပ်ကို ဇွန်းတချောင်းထဲစားတာ ခင်မင်ရင်းနှီးမှုရဲ့ ပြယုဂ်၊ အများသုံး ရေအိုးစင်က စေတနာရဲ့ သင်္ကေတ၊ အမေ့ဝါးဖတ်တော် ကဆီနှစ်က မေတ္တာကို ဖော်ညွှန်းတာ။
ဆိုးဆေးဆိုတာကတော့ ၀ိသမ လောဘသမားတွေရဲ့ မမှန်မကန် လုပ်ရပ်။ နှိုင်းယှဉ်လို့ မရစကောင်းဘူးလို့ ထင်တာပါပဲ။
What a great poem!
To Anonymous; what makes you think gastroenteritis is the only infection that can be spread by saliva? Do you know how Hepatitis B is spread?
အမေ့ဝါးဖတ်တော်ကြောင့် ၊ မိသားစု
တစ်ယောက်တလှည့် ပျော်ပျော်ပါးပါးစားခဲ့ကြတဲ့ လက်ဖက်ကြောင့် ရောဂါရမယ်ဆိုလည်း ရပါစေလေ။
တော်တော်ရွံတတ်ပုံရတဲ့ ကဗျာလေးပဲဗျ။ ခင်ဗျားအဲဒီ့ မေတ္တာတွေ ခံစားတတ်ပုံမရဘူး။ စင်ကာပူရောက်သွားလို့ ဒီကဗျာမျိုးတွေ စပ်တတ်လာတယ်ထင်ပ။
>>>အမည်မသိ…. မှန်တာပေါ့ဗျာ။ စင်္ကာပူရောက်သွားပြီးနောက်ပိုင်းမှ ဒီကဗျာမျိုး စပ်တတ်လာတာပါ။ အမှန်ပါပဲ။ ငြင်းစရာမရှိပါဘူး။ ကျနော်လည်း မြန်မာပြည်မှာတုန်းက သူလိုငါလိုပဲ ဇွန်းတချောင်းထဲ၊ ရေတခွက်ထဲနဲ့ အပီနှိပ်ခဲ့တာပေါ့။
“လက်ရည်တပြင်တည်း…. နှီးဒေါင်းလန်းကြီးတွေနဲ့ ၀ိုင်းဖွဲ့ကာ.. စားကြသည်တွင်….မမြရင် ခပ်ငယ်ငယ်…..ဟေ့…သူငယ်ချင်းရေ….တို့နယ်ပယ်တွင်…. မိုးသက်ကယ်ဆင်…ရှစ်ခွင်ကမဲ…. မိုးရွာမလိုလိုနဲ့ပင်….ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင်….လက်ရည်တပြင်တည်း…. ရှေးကတော့ ပိုချစ်ကြတယ်” ဆိုတဲ့ သီချင်းကို ခံစားမှုအပြည့်နဲ့ ဆိုလာခဲ့တဲ့သူပါ။
ဒါပေမယ့် အမှန်ပြောရရင် အဲဒီတုန်းက တကိုယ်ရေကျန်းမာသန့်ရှင်းမှုအကြောင်းကို ကောင်းကောင်း မသိခဲ့ဘူးလေ။
အခုတောင်မှ မြန်မာမိတ်ဆွေသူငယ်ချင်းတွေနဲ့ဆိုရင် (အားနာစိတ်ကိုမဖျောက်နိုင်သေးလို့) စားနေရတုန်းပဲ။ တကယ်တော့ မေတ္တာဆိုတာ ဒီနည်းနဲ့ပြမှ မဟုတ်ပါဘူး။ အခြားနည်းတွေနဲ့ ပြလို့ရတာ တပုံကြီး။ လက်ဖက်သုတ်ကို တဇွန်းထဲစားရုံနဲ့ မေတ္တာရှင်၊ မဟာဂရုဏာရှင်ကြီးဖြစ်လာမယ်လို့ မထင်ပါဘူးခင်ဗျာ။ မဆိုင်လှပါဘူး။ သူတပါးကို ဘေးဥပါဒ်မဖြစ်အောင် တွေးတွေးဆဆ စေတနာထားတာကမှ တကယ့်မေတ္တာအစစ်လို့ ယူဆရင် ပိုမကောင်းပေဘူးလား။
Sorry ပဲကိုပေါရေ။ ကျွန်တော်ပြောချင်တာက အမေ့ ဝါးဖတ်တော် ကိစ္စတခုထဲကိုပါ။ ကျွန်တော်လည်း အရမ်းရွံတတ်တဲ့သူပါ။ ကျွန်တော်ပြောတဲ့ မေတ္တာဆိုတာလည်း အမေ့မေတ္တာကိုပဲပြောတာပါ။ မြန်မာပြည်က ဘယ်အမေကမှ သူ့သားသမီးရောဂါရပါစေတော့ လို့ဝါးကျွေးနေတာမဟုတ်ဘူးဗျ။ ခင်ဗျားပြောသလို ကျန်းမာရေးအသိချို့တဲ့လို့ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အဲဒီလိုဝါးကျွေးနေစဉ်မှာတော့ မိခင်ရဲ့စိတ်ထဲမှာ သူ့သားသမီးအပေါ် ဘယ်လိုမှနှိုင်းလို့မရတဲ့ မေတ္တာတွေ လွှမ်းခြုံနေတယ်။ ခင်ဗျားကဗျာလေးက ဖတ်လို့ကောင်းပါတယ်။ ၀ါးကျွေးတဲ့အမေတွေကို သရော်သလိုဖြစ်နေတာလေးတခုပါပဲ။ ခင်ဗျားကဗျာထဲမှာ လင်မယားတွေ၊ သမီးရည်းစားတွေ ရဲ့hygiene အတွက်ပါထည့်ပြီး စပ်သင့်တယ်။ သွားရေ ကိစ္စကိုပြောတာပါ။
>>>Anonymous….. ဂလိုလား။ ရပါတယ်။ မိခင်မေတ္တာဆိုတာတော့ ကျနော်လည်း သံသယမရှိပါဘူး။ ကျန်းမာရေးအသိချို့တဲ့တာကို ပြောချင်တာပါ။ ဒီကိစ္စက ရှောင်လွှဲမယ်ဆိုရင် ရှောင်လွှဲလို့ ရနိုင်တာမျိုးမို့ပါ။ ဥပမာ ၀ါးမခွံ့ပဲ ဆန်မှုန့်ကို ဇွန်းနဲ့ကျွေးရင်လည်း မိခင်မေတ္တာကတော့ လျော့သွားတာမျိုးမဟုတ်ပါဘူး။ ရှောင်လွှဲလို့ မရနိုင်တာမျိုးတွေတော့ ဘယ်တတ်နိုင်ပါမလဲ။ ဥပမာ… မိခင်နို့ရည်ကတဆင့် ကူးစက်နိုင်တာမျိုးတွေပေါ့။ လင်မယားတွေ၊ သမီးရည်စားတွေအကြားမှာလည်း ဘီပိုးကာကွယ်ဆေးထိုးထားတာတို့၊ Immune ဖြစ်နေတာမျိုးတို့ဆို ကိစ္စမရှိဘူးပေါ့ဗျာ။ မဟုတ်ရင်တော့ သတိထားသင့်တဲ့အရာပါ။ အမှန်ကတော့ ကျန်းမာရေးရှုထောင့်က ကြည့်ပြီး ဆောင်းပါးရေးမယ်ဆိုရင်တော့ ရေးစရာတွေအများကြီးရှိမှာပေါ့ဗျာ။ အခုက…. ကဗျာဆိုတော့လည်း ကဗျာအလျောက် တခုနှစ်ခုလောက်ပဲ ပြောနိုင်တော့တာပေါ့။ သရော်ချင်တဲ့ သဘောပါတာကတော့ အမှန်ပါပဲ။ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတပုဒ်လိုပေါ့။ ညစ်ပတ်ပေကျံနေတဲ့ လူကြီးတယောက်က ယင်တလောင်းလောင်းနဲ့ စားပွဲဝိုင်းညစ်ပတ်ကြီးတခုမှာထိုင်ပြီး သောက်ရေသန့်ဘူးကို ကျေနပ်နှစ်သိမ့်တဲ့ မျက်နှာပေးနဲ့ သောက်နေတဲ့ ကာတွန်းလေ။
ကျွန်တော့်ဘလော့ဂ်မှာ ရေးသူအမည် သေချာတပ်ပြီး ဖော်ပြလို့ ရမလားဗျာ။
>> လောရှည်… ရပါတယ်။ ဖော်ပြပါ။ ကျေးဇူးတောင် တင်ပါသေးတယ်။ ဟို ပင်နင်ဆူးလား ဖုန်းကဒ်ကိစ္စမှာ ကိုလောရှည်ရေးထားတာ တော်တော်ပြည့်စုံကောင်းမွန်ပါတယ်။ ဒီမှာ မြန်မာဆိုင်တွေတင်မဟုတ်…. တချို့စင်္ကာပူက ဆိုင်တွေမှာပါ အဲဒီအကျင့်ရှိတယ်ဗျ။
မီးများ လာစရာလား ကိုပေါရဲ့
ဒါက ရိုးရာမပျက်လေ :D
ကိုပေါရေ အားလုံးကို ကြိုက်တယ်ဗျာ လင့်ထားလိုက်ဦးမယ် နော်
ဒီကဗျာ သင်္ကေတတွေ တယ်များပါလားဗျာ။ :)
ဒုတိယပိုဒ်ကို ဖတ်ပြီး ရီချင်တယ်။
တနေ့တော့အားလုံး သေရမှာပါပဲ
ဒီရောဂါနဲ့သေချင်တဲ့သူကသေမှာပါပဲ
ဟိုရောဂါနဲ့သေချင်သူကသေမှာပဲ
ဓါတုခေတ်မှာ ဘယ်လောက်ရှောင်ရှောင်
အဆိပ်တွေကသင့်နေမှာပဲ
ဇွန်းတစ်ချောင်းကြောင့်မဟုတ်လောက်ပါဘူး
ဓါတုကြောင့်ဖြစ်တဲ့ အဆိပ်တွေကရောဂါပေါင်းမြောက်များစွာဖြစ်စေတာပါ
ကျုပ်တို့ကတော့သေမထူးနေမထူးပါဗျာ
ကိုပေါရေ..
သေချိန်တန်ရင် သေမှာချည်းပါပဲ...
ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုတာ အကြောင်းပြချက်တွေပါ.. ဘာစားစား ဘာမှ မဖြစ်ဘူး..
သေချင်တဲ့သူက မစားလဲ သေမှာပဲ... မသေချင်တဲ့သူက ဘယ်လောက်စားစား မသေဘူးပဲ..
အသက်ကို ဥာဏ်စောင့်ဆိုပေမဲ့.. ကံကို လူက လုပ်တယ်ဆိုတာလဲ မမေ့သင့်ဘူး.. နေရာဒေသ အချိန်ကာလနဲ့ ကြီးပြင်းတဲ့ အသိုင်းအဝိုင်းကိုလိုက်ပြီး.. လူတွေ တယောက်နဲ့ တယောက် မတူညီနိုင်ဘူး.. အတွေးအခေါ်မတူသလို.ဓလေ့ထုံးစံချင်းလဲ ကွဲပြားမှာပဲ.
ဒါက ကိုယ်ခံအားနဲ့ ဆိုင်မယ်ထင်ပါတယ်၊ ဖုံတွေသဲတွေနဲ့ ယဉ်ပါးနေကျ ကျွန်မတို့မြန်မာလူမျိုးတွေက တော်ရုံရောဂါဆို ဘယ်လိုမှ မနေတော့ပါဘူး၊ စင်ကာပူရောက်လို့ ကျန်:မာရေးအသိတွေ ရှိလာပေမယ့် ကျမကတော့ ကိုယ်ချစ်တဲ့လူတွေနဲ့ လက်ဖက်ကိုဇွန်း၁ချောင်းထဲစားတုန်း၊ အအေးကို ပိုက်၁ချောင်းထဲ သောက်တုန်း၊ exp date တွေမကြည့်ပဲ အစားအသောက်တွေ စားတုန်းပါ (ခုထိတော့ ဘာမှ ဖြစ်သေးဘူး ဟိ)
ပန်ဒိုရာဆီက ကိုပေါရဲ့ ကော့မန့် သဘောကျလို့ ပါ။
မသိတော့ မကြောက်ဘူးပေါ့။ ဓလေ့ဖြစ်နေတာကိုး။
ဘယ်သူကမှလည်း အရေးတယူ ပညာပေးမနေပါဘူး။
ကိုပေါရေ… ဒါဖတ်ပြီး ခုတလော စင်္ကာပူမှာ hotနေတဲ့ ရိုဂျာ့သတင်းသွားသတိရတယ်…
၂ ယောက်သေသွားပြီတဲ့… လူမသိသူမသိ နာတာရှည်ရောဂါစွဲပြီးသေနေသူတွေကရော ဘယ်လောက်ရှိနေပြီလဲ… ဟင်းးးးးးးးးးးးးးးးး….
့ကိုပေါရေ
အခုထိ ကွန်မင့်တွေ ဖတ်ရသလောက် "ကြိုတင်ကာကွယ်ခြင်း"ဆိုတဲ့ ကျန်းမာရေးအမြင်ကို ရှေးကုသိုလ်ကံတို့၊ စေတနာ မေတ္တာ အကြင်နာ ခင်မင်မှုဆိုတာတွေနဲ့ ရောထွေးနေကြတုန်းပါပဲလား။
ခင်မင်ရင်းနှီးသူ အချင်းချင်း အရှည်သဖြင့် ကျန်းမာနေရအောင်၊ တဦးကို တဦး ဉာဏ်ကူပြီး ရှေးဦးမဆွ ကြိုတင်ဝိုင်းဝန်း ကာကွယ်စောင့်ရှောက် ပေးခြင်းကရော တကယ့် စေတနာ မေတ္တာ အကြင်နာ ခင်မင်မှုတွေ မမည်ဘူးလို့ ငြင်းနေကြတာများလားလို့ ပွားမိပါတယ်...။ လက်ရှိအာဏာပိုင်တွေကိုက ကျန်းမာရေးနဲ့ ပတ်သက်ပြီး စောင့်ရှောက်မှု အလွန်တရာ နည်းပါးနေရတဲ့အထဲ၊ ပြည်ပရောက်နေကြတဲ့သူ တချို့ (တချို့)ကပါ ပြည်တွင်းမှာရှိနေတဲ့ အများစု(အများစု)အတိုင်း တွေးခေါ်ပုံတွေ တူနေရတာကို အံ့သြမိပါတယ်..။ :P
မြန်မာတွေကတော့ ကိုပေါပြောတဲ့ရောဂါတွေကို immune ဖြစ်နေကြပါပြီ။ ဓလေ့ကို နော့်။
လာရောက် ဖတ်ရှုကွန်မင့်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျနော် ပြည်တွင်းမှာ နေတုန်းက Hepatitis b ခေါ်တဲ့ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးနဲ့ သူ့ရဲ့ ကူးစက်ပုံအကြောင်းကို မသိခဲ့ပါဘူး။ အခုနောက်ပိုင်းခေတ်မှာ ကလေးတွေကို ဘီပိုး ကာကွယ်ဆေး ထိုးလာကြပေမယ့် ကျနော်တို့ ခေတ်အခါက ကာကွယ်ဆေးထိုးရကောင်းမှန်းလည်း သိပ်မသိပါဘူး။
အဲသည်ပိုးဟာ တံတွေး၊ သွေး စတဲ့ body fluid တွေက တဆင့်ကူးစက်တတ်တာမို့ ရောဂါရှိသူရဲ့ တံတွေး၊သလိပ် စတာတွေနဲ့ မထိဖို့ သတိထားရမယ်ဆိုတာ အခုနောက်ပိုင်းမှ သိရတာပါ။
အဲသည် ရောဂါပိုးဟာ ကိုယ့်ကိုယ်ထဲ ရောက်သွားပေမယ့် ရောဂါချက်ချင်း ဖြစ်ချင်မှ ဖြစ်တာပါ။ တချို့လည်း အလိုအလျောက် ခန္ဓာကိုယ်ရဲ့ ခုခံစနစ်အရ ကာကွယ်ဆေးထိုးထားကြတဲ့လူတွေမှာလိုပဲ ခံနိုင်ရည်ရှိသွားကြတယ်။ Immune ဖြစ်မသွားတဲ့လူတွေမျာတော့ အဲသည်ပိုးဟာ အခွင့်သာတာနဲ့ အသည်းကို တိုက်ခိုက်ပါသတဲ့။ ဒါပေမယ့် ရောဂါဖြစ်လို့ ဖြစ်မှန်းမသိရဘူးနော်။ သူ့ကို Silent killer လို့ ခေါ်ပါသတဲ့။ ရောဂါဖြစ်လို့ဖြစ်နေမှန်း မသိရဘူး။ နောက်ဆုံး အရမ်းနောက်ကျနေတဲ့အချိန်မှ အသည်းကင်ဆာဆိုပြီး သိလိုက်ရတာမျိုး။
ဘီပိုး ရှိမရှိကို သိရှိနိုင်ဖို့ အဲသည်အတွက် သီးသန့်အထူးတလည် သွေးစစ်မှ သိရပါတယ်။ သာမာန်သွေးစစ်တာမျိုးမှာ မသိနိုင်ပါတဲ့။
အဲသည် အကြောင်းတွေကို ပြည်ပရောက်ပြီးမှ သိရတဲ့အခါ မြန်မာတွေရဲ့ စားသောက်ပုံကို ပြေးမြင်ပြီး စိုးရိမ်စိတ်ဖြစ်မိပါတယ်။
ဒီအကြောင်းတွေကို လူတွေသိပ်မသိတာ အစိုးရက လိုအပ်တဲ့ ကျန်းမာရေးပညာပေးတွေ၊ တပ်လှန့်တာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့်မလုပ်တာလည်း ပါတယ်။
နောက်တချက်က ကျနော်တို့ရဲ့ အရိုးစွဲနေတဲ့ဓလေ့ပေါ့။ ကျနော်ကိုယ်တိုင်တောင် ဒီလောက်အထိ သိပြီးသားတောင် အခုအချိန်အထိ အဲသည်အကျင့်ကို လုံးဝမဖျောက်ဖျက်နိုင်သေးဘူး။ တကယ်တော့ ဒါဟာ အိမ်သာတက်ပြီးရင် လက်ကို စင်ကြယ်အောင် ဆေးသလိုမျိုးပဲ၊ ကျန်းမာရေးအတွက် သန့်သန့်ရှင်းရှင်း နေထိုင်ခြင်း တမျိုးပါ။ လူတိုင်းဟာ ဒီလိုတွေးလာကြရင် နောက်ပိုင်းတော့ ပြည်ပမှာစားကြသလိုပဲ တယောက်ကို တပန်းကန်စီ ဇွန်းတချောင်းစီနဲ့ စားသောက်တာမျိုးဖြစ်လာကြမယ်။ ဓလေ့ဖြစ်လာတဲ့အခါ အဲသည်လိုစားလို့ အချစ်လျော့တယ်… ခင်မင်မှုလျော့တယ် ဆိုတာမျိုး မြင်တာမျိုးလည်း ရှိတော့မယ်လို့ မထင်ပါဘူး။
ပြောသင့်တာကို ပြောတာဟာ ကိုယ့်တာဝန်ကို ကိုယ်ကျေလိုက်တာလို့ နားလည်မိပါတယ် ....။ ကျန်းမာရေးးအတွက် အန္တရာယ်ရှိတဲ့ အနေအထိုင် အပြုအမူတွေကို တတ်နိုင်သမျှသတိပေးသင့်ပါတယ် ...။ တကယ်လို့ စေတနာကိုနားမလည်ဘဲ အပိုလုပ်နေတာလို့ ထင်ရင်တော့လည်း မတတ်နိုင်ဘူးပေါ့ .....။ ...
ကျေးဇူးတင်ပါတယ် ကိုပေါရေ ...။
Ko Paw
You are so smart.
My heart will go on because of you.
I fully recommended your a nice poem that clearly showed traditional society of country side.
But...But...But...
They don't know personal hygiene.
They don't know side effect of pesticides.
They don't know chemical reaction from dye, Auramine O,
They don't know poisonous arsenic.
They don't know....
They don't know....
They don't know.....
Because there is no light.
That is bloody right.
မီးမရှိသည့် တို့ရွာတွင်။
Bino
အကြိုက်တွေ့ စရာ မြန်မာ့ဓလေ့တွေမှာ
ပြင်သင့်တာတွေ ပြင်ရမှာပါ။
ဘိုးဘွားလက်ထက်က လူဦးရေနည်း အရောအနှောနည်းလို့  ရောဂါလည်းနည်းခဲ့တယ်။
အခုခေတ်မှာ ရောစရာလည်း နှောစရာလည်းများဆိုတော့ ပြင်သင့်တာပြင်ရမယ်။ ရှောင်သင့်တာရှောင်ရမယ်။
ကျွန်တော် ဒီကဗျာကို မျှဝေချင်လို့  ကျွန်တော့် blog < www.sanchaung.com> မှာ တင်ခွင့်ပြုနိုင်မလား ။
လေးစားလျှက်
www.sanchaung.com
>>>Sanchaung…. ကျေးဇူးတင်ပါတယ်။ တင်နိုင်ပါတယ်ခင်ဗျာ။
Post a Comment