“ဖိနပ်နဲ့ပစ်ပေါက်ခြင်းကို အားမပေးလို”

“ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့…. ရယ်တာပေါ့”

ငယ်ငယ်က သင်္ကြန်မှာ ရေပက်ရင်း အော်ခဲ့တာကို သတိရမိတယ်။ သတိရစရာအကြောင်းတွေကလည်း ဖြစ်ချေသကိုး။

ဒီလိုပါ။ အခုတလော ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ဖိနပ်နဲ့ ပစ်ပေါက်တာတွေ ခေတ်စားနေတာကို တွေ့ရတယ်။ ပထမ အီရတ်မှာ အမေရိကန်သမ္မတ ဘွတ်ရှ် ဖိနပ်နဲ့ အပစ်ခံရတယ်။ နောက် တရုတ်သမ္မတကြီး ဟူကျင်တောင်း (အင်္ဂလန်မှာ ထင်တယ်) ဖိနပ်နဲ့ အပစ်ခံရတယ်။ အခုနောက်ဆုံး နယူးယော့ခ်မှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်နဲ့ အပစ်ခံရတယ်။ (အမှားပြင်ဆင်ချက်။........။ ဖိနပ်နှင့် အပစ်ခံရသူ တရုတ်ခေါင်းဆောင်မှာ ဟူကျင်တောင်းမဟုတ်။ ဝန်ကြီးချုပ် ဝှေ့ကျားပေါင် ဟု ဆိုပါသည်။)

ကျနော့်သဘောကတော့ ဘွတ်ရှ်ကိုပဲဖြစ်ဖြစ်၊ ဟူကျင်တောင်း (ဝှေ့ကျားပေါင်)ကိုပဲဖြစ်ဖြစ်၊ ဥာဏ်ဝင်းကိုပဲဖြစ်ဖြစ်၊ ကုန်ကုန်ပြောရရင် ဦးသန်းရွှေကိုပဲဖြစ်ဖြစ် ဖိနပ်နဲ့ ကိုယ်ထိလက်ရောက် ပစ်ပေါက် ဆန္ဒပြတာကို အားမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ပစ်ပေါက်တဲ့ သတင်းထောက်တွေ၊ ဆန္ဒပြသူတွေအနေနဲ့ သူတို့အပေါ်မှာ အပ်နှင်းထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရာ ရောက်တာက ပထမအချက်ပါ။ အခု နောက်ဆုံးအဖြစ်အပျက်မှာဆိုရင် အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်စွာ ဆန္ဒပြခွင့် ပေးထားပါတယ်။ (စင်္ကာပူလို နိုင်ငံမျိုးမှာ အဲဒီလို အခွင့်အရေးမရှိပါ။) အဲဒီလို လွတ်လပ်စွာ ဆန္ဒပြခွင့် ပေးထားတဲ့ကြားက အခုလို ဖိနပ်နဲ့ ပစ်ပေါက်တာဟာ သက်ဆိုင်ရာ လုံခြုံရေးနဲ့ ဥပဒေ စိုးမိုးရေးရှုထောင့်ကကြည့်ရင် ကုလသမဂ္ဂကိုလာတက်တဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးရတဲ့ အိမ်ရှင်နိုင်ငံက လုံခြုံရေးအရာရှိတွေကို သက်သက် အလုပ်ပိုအောင် ဒုက္ခပေးတာနဲ့ တူပါတယ်။

ဥာဏ်ဝင်းတို့၊ သိန်းစိန်တို့ကို ကျနော်လည်း မနှစ်မြို့ပါဘူး။ သူတို့ဟာ ကျနော်တို့ရဲ့ တရားဝင်ခေါင်းဆောင်တွေမဟုတ်ဘူးဆိုတာလည်း လက်ခံပါတယ်။ ဒါပေမယ့် အခုအချိန်မှာ လက်တွေ့သဘောအရ နိုင်ငံတနိုင်ငံကို တရားဝင် သံတမန်အဖြစ် ရောက်နေစဉ်ကာလမှာ လွတ်လပ်စွာ ကန့်ကွက်ဆန္ဒပြခွင့် ရှိပါလျက် အဲဒီလို ဖိနပ်နဲ့ ပစ်ပေါက်တာဟာ မြန်မာ့အရေးလှုပ်ရှားသူတွေအပေါ်မှာ အထင်အမြင်သေးစရာ ဖြစ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ လိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းကို ကြံဖွံ့နဲ့ လက်ကိုင်တုတ်တွေ ဝိုင်းရိုက်တယ်၊ ခဲနဲ့ပေါက်တယ်ဆိုတုန်းကလည်း ကျနော်တို့ မနှစ်မြို့ခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ကို ဟိုကျက်သရေအိုးနှစ်ယောက်နဲ့ နှိုင်းချင်တာမဟုတ်ပါဘူး။ ခဲနဲ့ ပစ်သူတွေရဲ့ လုပ်ရပ်နဲ့ ဖိနပ်ပစ်သူတွေရဲ့ လုပ်ရပ်ကိုသာ နှိုင်းယှဉ်ပြချင်တာပါ။

နောက်တချက်က ကျနော်တို့ နောက်ဆုံးနှစ်ကျောင်းသားဘဝတုန်းက ယိုးဒယားမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးပွဲ (မြန်မာနဲ့ ဗီယက်နမ် ဆီမီးဖိုင်နယ်)ကို သတိရမိတယ်။ အဲဒီပွဲမှာ ဂိုးသမား အောင်ကျော်ကျော်က သူ့ဆီကို ခြေထောက်မြှောက်ပြီး ခုန်ဝင်လာတဲ့ တဖက်အသင်းကလူကို အပြစ်ပေးခံရအောင် ကြိုးပမ်းမယ့်အစား မြေပြင်ပေါ်မှာ လူးလှိမ့်ပြီး မူယာမာယာများနေတဲ့ အဲဒီ ဗီယက်နမ်ဘောလုံးသမားဆီကို အပြေးသွားပြီး ခြေထောက်နဲ့ ဖွဖွလေးကန်တယ်ခင်ဗျ။ ဘောလုံးပွဲကြည့်တဲ့ ပရိသတ်တွေဆိုတာ “ဟင်ကနဲ၊ ဟာကနဲ” ပေါ့။ တချို့ကလည်း ပျစ်ပျစ်နှစ်နှစ် ဆဲတယ်။ “ကန်မှကန်ရင်၊ စုတ်ပြတ်သွားအောင်ကန်ရောပေါ့ကွာ။ ဘာကြောင့် ဖွဖွလေးကန်ရသလဲ...”ပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီလုပ်ရပ်အတွက် အောင်ကျော်ကျော် အနီကဒ်အပြခံရပြီး ထွက်သွားရတယ်။ မြန်မာတွေလည်း ဗိုလ်လုပွဲနဲ့ လွဲခဲ့ရတယ်။

အောင်ကျော်ကျော်ရဲ့ လုပ်ရပ်ကို လူသားတယောက် ခံစားမှုအဖြစ် နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် အားကစားသမားတယောက်ရဲ့ လုပ်ရပ်အနေနဲ့ကြည့်ရင်တော့ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။

နယူးယော့ခ်မှာ ဖိနပ်ပေါက်တဲ့ ဆရာသမားများကိုလည်း အလားတူပဲ ပြောချင်ပါတယ်။ သူတို့ရဲ့ မုန်းတီးစိတ်ကိုတော့ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ လုပ်ရပ်အနေနဲ့ကြည့်ရင်တော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။

နောက်တချက် ထပ်မံစဉ်းစားမိတာက အချို့သော ဆရာကြီးများအနေနဲ့ မြန်မာပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်တိုင်း အမေရိကားကနေပြီး “ဒီနေ့အဖို့ ဘတ်စ်ကားတစင်းလောက် မီးမရှို့နိုင်ရင် ဒီမိုကရေစီအကြောင်း ပြောမနေနဲ့တော့” စသဖြင့် မဆီမဆိုင် မြှောက်ထိုးပင့်ကော်လုပ်တတ်ပါတယ်။ အချို့ ဆရာကြီးများလည်း ပြည်တွင်းကို လူငယ်တွေ လက်နက်ကိုင်ပြီး လျို့ဝှက်ဝင်ရောက်ဖို့ အကူအညီတွေ ပေးပါတယ်။ ဘာလုပ်ခိုင်းချင်သလဲတော့ မသိဘူးပေါ့လေ။

ကဲ…. အခု အမေရိကန်ပြည်ထောင်စုမှာ သိန်းစိန်တို့၊ ဥာဏ်ဝင်းတို့ ရောက်လာတဲ့အခါကျတော့ အဲဒီဆရာကြီးများ လုပ်နိုင်တာက ဖိနပ်နဲ့ ပေါက်တာလောက်ပဲ လုပ်နိုင်ကြတယ်။ ဂိုးသမား အောင်ကျော်ကျော်တယောက် ဗီယက်နမ်ရှေ့တန်းလူကို ဖွဖွလေး ပြေးကန်ပုံနဲ့ အတူတူပဲ ဖြစ်မနေဘူးလား။ လုပ်မယ့်လုပ်ရင် အပီလုပ်ပါ။ အခုတော့ သူတို့လုပ်ရပ်က အမေရိကားမှာ လက်နက်တွေ ဖောချင်းသောချင်း ရောင်းချပေးတဲ့ လက်နက်ခဲယမ်းဆိုင်ကြီးတွေကိုတောင် အားနာဖို့ကောင်းတယ်။ အခုပြောနေတာက အဲဒီလို လုပ်စေချင်လို့ တိုက်တွန်းအားပေးနေတာ မဟုတ်ဘူး။ (ဖိနပ်နဲ့ ပစ်ပေါက်တာကိုတောင် အားမပေးပါ)။ ပြည်တွင်းမှာ အကြမ်းဖက်ဖို့၊ နအဖဒေါက်တိုင်တွေကို ရိုက်နှက်သတ်ဖြတ်ဖို့၊ ကားတွေမီးရှို့ဖို့ စသဖြင့် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ အချို့ဆရာကြီးများအနေနဲ့ ကိုယ်တိုင်ကျတော့ အပြောနဲ့အလုပ် မညီတာကို ထောက်ပြချင်ရုံ သက်သက်ပါ။

အားတက်သရော ဆန္ဒပြခဲ့ကြတဲ့ လုပ်ရပ်တွေ၊ မြန်မာ့အရေးအတွက် အစဉ်တစိုက် ကြိုးပမ်းနေမှုတွေ၊ ထက်သန်မှုတွေအတွက်တော့ လေးစားပါတယ်။ အချို့သော လုပ်ရပ်တွေနဲ့ အတွေးအခေါ်တွေကို မနှစ်သက်နိုင်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးပြခြင်းမျှ ဖြစ်ပါတယ်။
Read more

“ဟောကိန်းထုတ်ကြမယ်”

ကောင်းကင်တွင် အလိပ်လိုက် မဲတက်လာသော မိုးသားများကို ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်ရင်း မိုးလေဝသဌာနမှ အရာရှိတဦးက မှတ်ချက်ချလိုက်သည်။

“ဒီနေ့တော့ ဒီမိုး ရွာကို ရွာမှဖြစ်မယ်။ ရွာရန် ရာနှုန်းပြည့် ဆိုပြီး ငါတို့ ဟောကိန်းထုတ်လာလိုက်တာ နှစ်ပတ်လောက် ရှိနေပြီ”



အထက်ပါ ဟာသကို စဖတ်ရစဉ်တုန်းကတော့ ကျနော်လည်း သဘောကျပြီး တခွိခွိ ရယ်ခဲ့မိပါတယ်။ ဒါပေမယ့် အခုစဉ်းစားကြည့်တော့ ကိုယ့်အဖြစ်ကလည်း အဲဒီ မိုးလေဝသအရာရှိနဲ့ ဘာမှမထူးဘူးဆိုတာ သိလာရတယ်။

ဒီလိုပါ။ လောကကြီးမှာ မိုးလေ၀သပညာရှင်တွေ၊ ဗေဒင်ဆရာတွေမှ ဟောကိန်းထုတ်တတ်ကြတာမဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသဖြင့် နယ်ပယ်အသီးသီးမှာ ဟောကိန်းထုတ်ကြသူတွေ တလှေကြီး ရှိတတ်ကြပါတယ်။ အဲဒီအထဲမှာမှ အနည်းစုက သက်ဆိုင်ရာ နယ်ပယ်မှာ၊ ပညာရပ်မှာ ကျွမ်းကျင်သူတွေ ဖြစ်နေတတ်ကြပြီး၊ အများစုကတော့ သူလိုကိုယ်လို ထင်ကြေးနဲ့ မှန်းဆကြရသူတွေ ဖြစ်ပါတယ်။

ကျနော်က ဒုတိယ အုပ်စုဖြစ်တဲ့ အများစုထဲမှာ ပါဝင်တယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိပါတယ်။ စာဖတ်သူ မိတ်ဆွေတို့အများစုဟာလည်း ကျနော့်လိုပဲ ဖြစ်ကြလိမ့်မယ်လို့ ယူဆပါတယ်။ ဒီလိုပြောလို့ ကျွမ်းကျင်သူ ပညာရှင်အုပ်စုမှာ မပါရဘူးဆိုပြီး ဝမ်းမနည်းလိုက်ပါနဲ့ဦး။ ကျွမ်းကျင်သူ ဆိုတဲ့လူတွေလည်း အမြဲတမ်းတော့ မှန်တတ်ကြတာ မဟုတ်ပါဘူး။ လွဲတဲ့အခါ လွဲတတ်ပါသေးတယ်။ အထင်ရှားဆုံးသာဓက ပြရရင်… ပြီးခဲ့တဲ့ စီးပွားပျက်ကပ် မတိုင်ခင်မှာရော၊ စီးပွားပျက်ကပ်အတွင်းမှာရော၊ အခုလက်ရှိအချိန်မှာရော စီးပွားပျက်ကပ်နဲ့ ပတ်သက်ပြီး ထုတ်လိုက်ကြတဲ့ ဟောကိန်းတွေ အမျိုးမျိုးပါပဲ။ တချို့လည်း လွဲ၊ တချို့လည်း ကွဲ၊ တချို့လည်း မွဲ ပေါ့လေ။

နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ ဆိုသူတွေ၊ စောင့်ကြည့်လေ့လာသူ ဆိုသူတွေ၊ အကဲခတ်ဆိုသူတွေ ထုတ်ကြတဲ့ ဟောကိန်းတွေ တက်တက်စင်အောင် လွဲခဲ့တာတွေကိုလည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ မြင်ခဲ့တွေ့ခဲ့ကြမှာပါ။

ကျနော်တယောက်ဟာလည်း ပိုက်ဆံ တပြားတချပ် မပေးရတဲ့အလျောက် အလကားနေ အလကား ဟောကိန်းတွေ ထုတ်တတ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့မှ မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ အနာဂတ်သိပ္ပံနည်းပညာ ဘာညာကွိကွ…. အစရှိသဖြင့်ပေါ့။ စောစောက ပြောခဲ့သလို ကျနော်ဟာ အများစု သူလိုကိုယ်လို ထင်ကြေးပေးတဲ့ အမျိုးအစားမှာ ပါဝင်လေတော့ တက်တက်စင်အောင် လွဲခဲ့တာတွေလည်း ဒုနဲ့ဒေးပေါ့။

အဲဒီလို ကျနော့်ရဲ့ ဟောကိန်းဒဏ်ကို အခံရဆုံးက မဒမ်ပေါပေါ့။ ဥပမာ တခုလောက်ပြောပြရရင်…

လွန်ခဲ့တဲ့ ရှစ်နှစ် မဒမ်ပေါ စင်္ကာပူရောက်လာစကတည်းက ကျနော်ဟောကိန်းထုတ်နေတာ တခုရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ OLED လို့ခေါ်တဲ့ Organic Light Emitting Diodes တွေနဲ့ ပတ်သက်လို့ပါ။ ကျနော်က မဒမ်ပေါကို ပြောတယ်။ နောင်ဆိုလို့ရှိရင် ရိုးရိုး LED တွေ နေရာမှာ OLED တွေ အစားထိုး ဝင်ရောက်လာတော့မယ်။ အဲဒီ OLED တွေဟာ လျှပ်စစ်ဓါတ်အားကို သိပ်မဆွဲဘူး (ဘက်ထရီ သိပ်မစားဘူး)။ နောက်ပိုင်းဆိုရင် သူတို့ကို ထုတ်လုပ်ရာမှာ Ink Jet printer လိုမျိုး ပရင့်တာတွေကို သုံးပြီး ဖောဖောသီသီ ထုတ်နိုင်တော့မယ်။ စက္ကူလို ကော်ပြားလို ကွေးလို့ ခေါက်လို့ရတဲ့ အခံပြားပေါ်မှာ OLED တွေကို ရိုက်ထုတ်နိုင်ပြီး ဈေးပေါပေါနဲ့ ရောင်းနိုင်တော့မယ်။

အဲဒီအခါကျရင် ရုံးတွေ၊ အိမ်တွေက နံရံတွေမှာ၊ အဆောက်အဦးက နံရံတွေမှာ Wall paper တွေဟာ OLED display ပြားတွေ ဖြစ်လာပြီး အခန်းပတ်ပတ်လည် ကိုယ့်ပတ်ဝန်းကျင်ကို ပင်လယ်ကမ်းခြေပုံမျိုးဖြစ်ချင်သလား၊ ဒါမှမဟုတ် ရေမြေတောတောင် သဘာဝရှုခင်းတွေမြင်ချင်သလား၊ ဒါမှမဟုတ် တိမ်တောင်တိမ်လိပ်တွေကြားမှာ ရောက်နေသလို ခံစားချင်သလား……စသဖြင့် ရှုခင်းအမျိုးမျိုးအဖုံဖုံနဲ့ အခန်းတွင်း အလင်းအမှောင်ကို စိတ်ကြိုက် ပြောင်းလဲနေအောင် တီထွင်လာနိုင်ကြမယ်။ အဲဒီအခါကျရင် လူတွေရဲ့ နေပုံထိုင်ပုံ အမူအကျင့်တွေလည်း တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်……… စသဖြင့် အင်တာနက်ထဲက လျှောက်ဖတ်ထားတဲ့ ဗဟုသုတလေးတွေ ကြားညှပ်ပြီး အလျဉ်းသင့်တိုင်း ဖောရွှေလုပ်တတ်ပါတယ်။

ကြာတော့ မဒမ်ပေါက သည်းမခံနိုင်တော့ဘူး။ အခုလို မှတ်ချက်ချတယ်။

“ဟင်…. ညားကာစကတည်းက ဟောကိန်းထုတ်လာလိုက်တာ အခုထိလည်း ဘာမှ ဖြစ်မလာသေးဘူး။ OLED screen ဆိုလို့ ဟဲန်ဖုန်းပေါ်မှာပါတဲ့ ဖဲချပ်လောက် အရွယ်အစားပဲ မြင်ရသေးတယ်။”

သူပြောတာလည်း ဟုတ်နေတော့…. ကျနော့်မှာလည်း မချိသွားဖြဲလေး တဟဲဟဲ ရီနေရတာပေါ့။ စောစောက ပြောခဲ့တဲ့ မိုးလေဝသဌာနက လူလိုပေါ့။

အလားတူပဲ…. Fuel Cell technology, Fusion technology, Solar Power industry စသဖြင့် ဟိုစပ်စပ် ဒီစပ်စပ် အာဖျံကွီးထားတာလေးတွေလည်း ရှိသေးတယ်။

ဒါပေမယ့် ကျနော်ပြောတာလည်း လုံးလုံးတော့ မလွဲလှပါဘူး။ အများသုံးဈေးကွက်မှာ ရောက်လာတဲ့အထိသာ မတွင်ကျယ်သေးတာ။ နည်းပညာအရကတော့ လုပ်နိုင်တဲ့အနေအထားမှာ ရောက်နေပါပြီ။

နည်းပညာတိုးတက်မှုကတော့ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ အံ့မခန်း။ ကျနော် စင်္ကာပူစရောက်တော့ ကျနော့်သူငယ်ချင်းတွေ ကိုင်နေကြတဲ့ ဟဲန်ဖုန်းဆိုတာ လူသတ်လက်နက်အနေနဲ့ ခေါင်းကိုထုရင်တောင် လူသေနိုင်လောက်တယ်။ စာကြောင်းကလည်း တတန်းချင်း ပေါ်တယ်။

တီဗီတွေဆိုရင်လည်း LCD တီဗီတွေဆိုတာ သောင်းဂဏန်း၊ ထောင်ဂဏန်း။ အခုတော့လည်း ဈေးတွေ ကျသွားလိုက်တာ။

ကျနော် ပထမဦးဆုံး ဝယ်ကိုင်တဲ့ Thumb Drive က 32MB တဲ့။ အခုဆိုရင် အလားတူဈေးနဲ့ 4GB လောက်ကို ဝယ်လို့ရတယ်။ ၂ နှစ် ကြာတိုင်းကြာတိုင်း သတ်မှတ်ဧရိယာတခုပေါ်မှာ ထည့်သွင်းနိုင်တဲ့ ထရန်စစ္စတာအရေအတွက်ဟာ ၂ ဆတိုးမယ်ဆိုတဲ့ Moore’s law ကလည်း အခုချိန်ထိ မှန်ကန်ဆဲပါ။

အာကာသထဲမှာ တွင်းနက်ကြီးတွေ (Black Holes) ရှိတယ်ဆိုတာကို သိပ္ပံအချက်အလက်တွေနဲ့ သချာင်္ညီမျှခြင်းတွေအပေါ်မှာ အခြေခံပြီး ဟောကိန်းထုတ်ခဲ့တာ အခုတော့ မှန်ကန်ကြောင်း အခုခေတ် နည်းပညာနဲ့ အတည်ပြုနိုင်ခဲ့ပါပြီ။ (မှတ်ချက်။.....။ဒီဟောကိန်းက ကျနော်ထုတ်တာမဟုတ်ပါ။ သူများထုတ်တာကို ပြောပြနေတာပါ။း-)

ဒီလို သိပ္ပံပညာနဲ့ ပတ်သက်လို့ဖြစ်စေ၊ နည်းပညာနဲ့ ပတ်သက်လို့ဖြစ်စေ ကြိုတင်ဟောကိန်းထုတ်တဲ့အခါ လတ်တလော အခြေအနေနဲ့ နှိုင်းယှဉ်ပြီး မဖြစ်နိုင်ဘူးလို့ ထင်ကြတဲ့အလျောက် ရယ်သွမ်းသွေးခဲ့ကြသူတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် အချိန်တန်တော့ ရယ်သွမ်းသွေးသူတွေ ဉာဏ်တိမ်တယ်ဆိုတာ ဘူးပေါ်သလို ပေါ်လာခဲ့တဲ့ အဖြစ်အပျက်တွေလည်း အနည်းလှဘူးပေါ့။ (မဒမ်ပေါကို စောင်းပြောတာ မဟုတ်ပါ…….အဟီး။)

ဟောကိန်းဆိုလို့ ဗေဒင်ပညာနဲ့ ပတ်သက်ပြီး ဆရာသော်တာဆွေ ပြောဖူးတာတခုကို သတိရမိတယ်။

ဆရာက ဗေဒင်ပညာကို ကမ္ဘာကျော် အမဲလိုက်သေနတ်ဖြစ်တဲ့ ဝင်ချက်စတာရိုင်ဖယ်နဲ့ နှိုင်းယှဉ် ဥပမာပေးပါတယ်။ အဲဒီ ရိုင်ဖယ်ကို ကမ္ဘာတလွှားက မုဆိုးအများစု သုံးကြရာမှာ တော်တဲ့ မုဆိုးတွေပါသလို၊ ရှော်တဲ့ မုဆိုးတွေလည်း ပါသတဲ့။ သေနတ် အမျိုးအစား အတူတူပေမယ့် သုံးတဲ့ မုဆိုးရဲ့ အရည်အသွေးအပေါ်မှာ မူတည်ပြီး ပစ်မှတ်ကို မှန်တဲ့အခါ မှန်သလို၊ လွဲတဲ့အခါ လွဲသတဲ့။ တော်တဲ့ မုဆိုးတယောက်ကို ရွေးထုတ်ကြည့်ရင်တောင်မှ အမြဲတမ်းတော့ မှန်နေနိုင်တာမျိုးမဟုတ်။ လွဲတဲ့အခါလည်း လွဲတတ်သတဲ့။

ဗေဒင်ပညာလည်း ထို့အတူပဲတဲ့။ ဒီပညာရပ်က အတူတူဆိုပေမယ့် ဟောတဲ့ ဗေဒင်ဆရာ အတော်စားရှိမယ်၊ အရှော်စားရှိမယ်။ သုံးသူရဲ့ အရည်အသွေးပေါ်မှာ မူတည်ပြီး မှန်တဲ့အခါ မှန်မယ်။ လွဲတဲ့အခါ လွဲမယ်။ ကျော်ကြားတဲ့ဆရာကြီးတွေတောင်မှ အမြဲတစေတော့ မှန်နိုင်တာမဟုတ်။ ဦးသန်းရွှေ အာဏာကနေ လျှောကျတော့မယ်လို့ နာမည်ကျော်ဆရာကြီးတွေ ဟောကိန်းထုတ်နေခဲ့တာ ဘယ်နှစ်နှစ်ရှိပလဲ။ သူတို့လည်း လူထဲကလူပဲမို့ လွဲတဲ့အခါလည်း လွဲပေမပေါ့။

ဘာပဲဖြစ်ဖြစ်လေ။ ဗေဒင်ပညာအကြောင်းကို အင်တာနက်ပေါ်က တနေရာမှာ ရှင်းပြထားတာကို ကျနော်နှစ်သက်မိပါတယ်။ ဒီလိုပါ။

ပတ်ဝန်းကျင်က ရာသီဥတုအပြောင်းအလဲ အသေးအဖွဲလေးတွေကို သတိထားကြည့်ရင် မကြာခင် မုန်တိုင်းလာတော့မယ်ဆိုတာကို ကြိုတင်ဟောကိန်းထုတ်နိုင်ပါသတဲ့။ ပင်လယ်ကမ်းစပ် တံငါရွာတွေက တံငါသည်အဖိုးအိုတွေ မုန်တိုင်းကို စောစောစီးစီး ကြိုတင်ခန့်မှန်းနိုင်သလိုမျိုးပေါ့။ အလားတူပဲ လူနာရဲ့ ရောဂါလက္ခဏာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ်က အပြောင်းအလဲတွေကို ကြည့်ရှုအကဲခတ်ရင်း ကျွမ်းကျင်တဲ့ သမားတော်ဟာ လူနာကြုံတွေ့လာနိုင်တဲ့ ရောဂါကို ကြိုတင်သိရှိနိုင်ပြီး အချိန်မီ ကာကွယ်ကုသပေးနိုင်ပါသတဲ့။ ဗေဒင်ပညာကလည်း အဲဒီလိုပဲ။ အနုစိတ်အပြောင်းအလဲလေးတွေကို သူများထက် ပိုသတိထားပြီး ကြည့်တတ်အောင် လေ့ကျင့်ထားကြသူတွေမို့ အနာဂတ်မှာ ဖြစ်ပျက်လာနိုင်တာကို ကြိုသိနိုင်တာမျိုးလို့ ဆိုပါတယ်။ နောက်ထပ်ဥပမာတခုကတော့ ကျောင်းသားတယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ အကဲခတ်ပြီး စာမေးပွဲ အောင်မယ် မအောင်ဘူးဆိုတာ ရာခိုင်နှုန်းတော်တော်များများ မှန်ကန်အောင် ကြိုတင် ဟောကိန်းထုတ်နိုင်သလိုပေါ့။ မှန်တာမမှန်တာအပထားလို့ အဲဒီ ရှင်းပြချက်ကို ကျနော်သဘောကျပါတယ်။

ကျနော်တို့လည်း မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ၊ မိမိကိုယ်မှာ ဖြစ်ပျက်နေတာတွေ၊ မိမိစိတ်မှာ ဖြစ်ပျက်နေတာတွေကို အမှုမဲ့အမှတ်မဲ့မနေဘဲ သတိထားစောင့်ကြည့်မယ်ဆိုရင် အနာဂတ်မှာ ဖြစ်လာမယ့်အရေးတွေကို သာမန်ထက်ပိုပြီး မှန်ကန်စွာ သိမြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ။ လူဆိုတာ ဆုံးဖြတ်ချက်တခု ချဖို့အတွက်ဆိုရင် ဒီလိုပဲ အသေးစိတ်စဉ်းစားဆင်ခြင်ပြီးမှ အနာဂတ်အတွက် ဖြစ်နိုင်ချေဆိုတာကို မဖြစ်မနေ ကြိုတင်မှန်းဆရတာမျိုး မဟုတ်လား။ အနည်းဆုံး ဘောလုံးပွဲလောင်းတာက အစပေါ့။ မှားသွားတော့လည်း ဘာတတ်နိုင်မလဲ။ အမှားကနေ သင်ခန်းစာယူရုံပေါ့။ ဘာကိုမှ မစဉ်းစားချင်လို့ ဆုံးဖြတ်ချက်မပြတ်သားဘဲ တွေဝေနေတာထက်၊ ဒါမှမဟုတ် ဖြစ်ချင်ရာဖြစ် ရမ်းသမ်းပြီး ဆုံးဖြတ်တာမျိုးတွေထက်တော့ သေသေချာချာ စဉ်းစားချင့်ချိန်ပြီးမှ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်တာက ပိုကောင်းတယ်လို့ ယူဆပါတယ်။

ဒီတော့…… ပထမဦးဆုံး ကိုယ့်ဘာသာကိုယ်ပဲ ကြိုတင် ဟောကိန်းထုတ်လိုက်မယ်။

“လာမယ့် ကြာသပတေးနေ့တွင် ToTo ပထမဆုကြီး ပေါက်အံ့။ (ထီလက်မှတ်ဝယ်ထားတယ်။း-)”
Read more

“သူ့ဒုက္ခ”

သူခိုးလက်ခံ ထိုနိုင်ငံ” ပို့စ်မှာ စာဖတ်သူတယောက်ရဲ့ ကွန်မင့်ကို ဖတ်ရတဲ့အခါ ဆရာသော်တာဆွေ တခါက ပြောခဲ့ဖူးတဲ့ ဟာသလေးတခုကို သတိရမိလို့ မှတ်မိသလို ပြန်လည်မျှဝေလိုက်ပါတယ်။



တခါက အပျိုကြီးတယောက်က ရဲစခန်းကို ဖုန်းဆက်ပြီး တိုင်တောသတဲ့။

“ကျမအိမ်နားက မြစ်ဆိပ်မှာ ကောင်လေးတွေ ကိုယ်တုံးလုံးချွတ်ပြီး ရေလာချိုးကြတာ ကျမအဖို့ အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ရတယ်ရှင့်”

ဒါနဲ့ တာဝန်ကျ ရဲအရာရှိက ဒီကိစ္စကို သူတို့ ဖြေရှင်းပေးပါမယ်လို့ ကတိပေးလိုက်တယ်။

နောက် ၂ ပတ်လောက်ကြာတော့ အပျိုကြီးက ဖုန်းထပ်ဆက်ပြီး ရဲစခန်းကို တိုင်တောပြန်တယ်။ တာဝန်ကျရဲက….

“မဖြစ်နိုင်တာခင်ဗျာ။ ပြီးခဲ့တဲ့ အပတ်ကပဲ ကောင်လေးတွေကို အစ်မကြီးအိမ်ကနေ တမိုင်လောက်ဝေးတဲ့ နေရာမှာ သွားချိုးကြဖို့ ကျနော်တို့ သေသေချာချာ မှာထားပါတယ် ခင်ဗျ”

အဲဒီအခါ အပျိုကြီး ပြန်ပြောပုံက….

“ဒါပေမယ့် ကျမ မှန်ပြောင်းနဲ့ လှမ်းကြည့်တော့ မြင်နေရတုန်းပဲရှင့်”…. တဲ့။
Read more

“အဲသည်ခေတ်ကို မလွမ်းချင်တော့ဘူး”

အဆိုတော် မအေးမိရဲ့ သီချင်းတပုဒ်ကို ရှေးဦးစွာ ဖော်ပြလိုပါတယ်။ ကျနော်နားထောင်ဖူးတာကတော့ ဒေါ်မာမာအေး ပြန်လည်သီဆိုထားတာကိုပါ။ ဒေါ်မာမာအေးရဲ့ အသံသာမှု၊ အဆိုကျွမ်းကျင်မှုတို့ကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က ခဏတဖြုတ် နားထောင်ခဲ့ရပေမယ့် အခုထိ နားထဲမှာ ကြားယောင်နေဆဲပါ။ တေးသွားအနေနဲ့ အင်မတန် နှစ်သက်ဖွယ်ကောင်းလှပါတယ်။ ကျနော့်မှာ သီချင်းမရှိတဲ့အတွက် စာသားလေးတွေကိုပဲ မှတ်မိသလောက် ဖော်ပြလိုက်ရတာကို သည်းခံခွင့်လွှတ်ပါ။

“သီဟာပျော်…. ညီလာတော်…. ရံရွေတော်နဲ့…..
မှန်ရဝေနန်းတော်…… စံလေမြန်းသော်…..။
မြန်မာဘုရင် ရှိစဉ်တုန်းက….
ရွှေဘုန်းတေးသွားဖွဲ့လို့ ဖြေဖျော်…. ရွှေဘုန်းတေးသွား ဖွဲ့လို့ဖြေဖျော်…. သွင်းသော်
ရွာစားမြို့စား အပ်နှင်းသော်…. ဂုဏ်ထူးဝိသေသနဲ့….. တော်သုံးနန်းသုံးစာဆိုတော်….။
တွေးမိတိုင်း အလွမ်းပေါ်…. ရှေးခေတ်က စာဆိုတော်……
အေးမိလေးမှန်းမျှော်…. တမ်းတလို့ ရည်ရော်……”

မအေးမိက ဒီသီချင်းကို မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှာ ကျရောက်နေစဉ်ခေတ်က သီဆိုခဲ့ဟန်တူပါရဲ့။ အရင်က ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေလာခဲ့တဲ့ မြန်မာတွေ။ တိုင်းတပါးလက်အောက်ကို ရောက်နေရတဲ့အခါမှာ မပျော်ပိုက်တဲ့အတွက် အဆိုတော်တယောက်ဖြစ်တဲ့ မအေးမိအနေနဲ့ ရှေးခေတ်ဟောင်း နန်းတွင်းစာဆိုတော်ဘ၀ကို ပြန်လည်တမ်းတတဲ့သဘော သီဆိုထားပုံရပါတယ်။

“အမှုတော်ကျေလို့…. ဆုတော်ငွေတို့နဲ့….. မင်းမြတ်ကိုယ်တော် မြှောက်စားသော်…..
နန်းတွင်းသူလို့ကျော်….. နန်းတွင်းသူလို့ကျော်….. ရဝေရှင်ထွေးကဲ့သို့နော်….”


ရှင်ဘုရင်ခေတ်တုန်းက နန်းတွင်းစာဆိုအများဟာ ဘုရင်ရဲ့ ဘုန်းတော်ဘွဲ့ကိုပဲ အမျိုးမျိုး သီဆိုဆက်သွင်းကြရတာကလား။ ဘုရင်ကို မြှောက်ပင့်ရတဲ့ အလုပ်မျိုးပေါ့။ ဘုန်းတော်ဘွဲ့၊ ပန်းဘွဲ့၊ ရာသီဖွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့တွေပဲ အရေးများကြတယ်။ ဒါပေမယ့် ၀န်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေ၊ ရှင်ငြိမ်းမယ်တို့၊ မယ်ခွေတို့ရဲ့ ကဗျာတွေမှာတော့ ပြည်သူလူထုရဲ့ ဘ၀ကို ထင်ဟပ်ပေါ်လွင်တာတွေကို တွေ့ရတယ်။

“ငိုချင်တယ်မောင်ရေ….. နိုင်ငံနဲ့မြို့တော်….. သုဉ်းသုည ကြုံလာပြန်သော်”

“ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏” ဆိုတဲ့ ဆီးဘန်နီဆရာတော်ရဲ့ ကဗျာလို သူ့ကျွန်ဘ၀ရောက်နေလို့ ရှေးခေတ်ဟောင်းကို တမ်းတရှာတာလို့ နားလည်ပေးလို့ ရပါတယ်။

အဲဒီခေတ်က ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ဆိုတာ မြန်မာ့နိုင်ငံရေးလောကမှာ၊ မြန်မာ့လူမှုနယ်ပယ်မှာ အခုခေတ်လောက် နားရည်မ၀သေးဘူးကိုး။ တိုင်းတပါးလက်အောက်က လွတ်မြောက်ချင်စိတ်တော့ ပြင်းပျနေခဲ့ကြတယ်။

ဒါပေမယ့် အခုခေတ်အမြင်နဲ့ ပြန်ကြည့်ရင်တော့ ရှင်ဘုရင်ကိုချည်း တချိန်လုံး ဘုန်းတော်ဘွဲ့တွေနဲ့ ချီးမြှောက်နေရ၊ ရှင်ဘုရင်ရဲ့ ဗောင်းတော်ညိတ် စိတ်တော်သိရတဲ့ ခေတ်အခါကြီးကို ပြန်လည် မတမ်းတချင်တော့ဘူး။

ရှင်ဘုရင်လည်း လူပဲ။ သာမန်လူလည်း လူပဲ။ လူလူချင်း အောက်မကျို့နိုင်ဘူး။ ကိုယ်ကြည်ညိုလေးစားသူတဦးဆိုရင် ထိုက်တန်သလောက် အရိုအသေ ပေးရုံလောက်ပဲ လုပ်ချင်တယ်။ ပြားပြားဝပ်ဆိုတာမျိုးအထိတော့ စိတ်မပါဘူး။ ကျနော်လို လူမျိုး ဘုရင်ခေတ်မှာ လူမဖြစ်ခဲ့ရတာ အများကြီး ကံကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် ဖြေတွေး တွေးရတယ်။

ဟုတ်တယ်လေ။ ရှင်ဘုရင်တွေ သူတို့ကိုယ်သူတို့ နေမျိုးနွယ်လို့ ထင်မှတ်နေတာ၊ ဘုန်းသမ္ဘာရှင်လို့ ထင်မှတ်နေတာ၊ မိုးကျရွှေကိုယ်လို့ အခြောက်တိုက်ထင်မှတ်နေတာကို ကိုယ်က အလကားနေရင်း ဘုန်းတော်ဘွဲ့ သွားစပ်မပေးနိုင်ပေါင်။ သူ့အလိုနဲ့ ဆန့်ကျင်ပြီး ဘုဂလန့် နေပြန်ရင်လည်း သူ့မှာ သက်ဦးဆံပိုင် အာဏာရှိနေလေတော့ ရွှေစိတ်တော်ငြိုငြင်ပြီး ကိုယ့်မှာ အသက်နဲ့ကိုယ် အိုးစားကွဲရဦးမယ်။ မလွယ်ဘူး… မလွယ်ဘူး…. သက်ဦးဆံပိုင်ဘုရင်ခေတ်များတော့ ကန်တော့ဆွမ်းပါ။

ကြည့်ပါဦး။ အဲသည်ခေတ်က ဘုရင်တွေရဲ့ သြဇာကြီးပုံကို ရည်ညွှန်းပုံများ…. ရေ၊ မြေ၊ လေ သနင်းကို အစိုးရတော်မူသော နေလို လလို ဘုန်းသမ္ဘာတောက်ဖြာသည့်မင်းတဲ့။ သူမမွေးခင်ကတည်းက ရှိနေတဲ့ ရေ၊ မြေ၊ လေ ကိုတောင် အစိုးရချင်သေးတယ်။

ထားချေတော့။ ရှိစေတော့။ ဟိုးခေတ်က အမြင်အယူအဆကိုး။

ဒါပေမယ့် ခက်တာက ဒီဖက် ခေတ်ကြီးထဲရောက်တဲ့အထိ ထူးထူးခြားခြား ဘုရင်ရူး ရူးနေသူတွေက ရှိသေးတယ်။ ရေ၊ မြေ၊ လေ သနင်းကို အတင်းအဓမ္မ ချုပ်ကိုင်ပြီး မြေပေါ်မြေအောက် သယံဇာတမှန်သမျှကိုလည်း ရောင်းစားလို့ ကုန်ပြီ။ အဲဒီ ဘုရင်ရူးအတွက် ဘုန်းတော်ဘွဲ့ စပ်ရရင်လည်း “မှန်ပါ။ ဘုန်းတော်ကြောင့် အကုန်လုံး ပြောင်ပြီ ဖုယာ့” လို့ ရေးစပ်ရကိန်းရှိတယ်။

ဘုရင်ရူးသူက သူစားရလို့၊ သူမိသားစု တဘ၀စာ ကောင်းစားလို့ ရူးတယ်ပဲ ထားဦး။ အဲဒီ ဘုရင်ရူးတွေရဲ့ နောက်မှာ အရိုးအရင်းလောက်ကို ကိုက်ပြီး ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရားလုပ်နေတဲ့ သခင်အားရ ကျွန်ပါးဝတွေလည်း ရှိတတ်သေးတယ်။ အဲဒီလူတွေရဲ့ ဘ၀ကတော့ သနားဖို့ကောင်းပါတယ်။

လူတွေမှာ တိရိစ္ဆာန်ထက် သာလွန်တဲ့အချက်တွေရှိတယ်။ အဲဒီထဲမှာ အသိဉာဏ်ပညာကြီးခြင်းနဲ့ ကိုယ့်ကျင့်စာရိတ္တရှိခြင်းတို့လည်း ရှေ့ဆုံးက ပါတယ်။ ကိုယ်ကျင့်စာရိတ္တစံနှုန်းတွေထဲမှာမှ သူတပါးအပေါ်မှာ မတော်မတရား မလုပ်လိုခြင်း၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုး မမွေးမြူတတ်ကြခြင်း၊ မကောင်းမှုကို လုပ်ရမှာ ရှက်ကြောက်တတ်ခြင်း (ဟိရိသြတ္တပ) စတဲ့ အချက်တွေပါဝင်ပါတယ်။

စောစောက ပြောခဲ့တဲ့ ဘုရင်ရူးများနဲ့ နောက်လိုက်နောက်ပါ ခြွေရံသင်းပင်းများမှာတော့ အဲဒီ ကိုယ်ကျင့်တရားစံနှုန်းတွေ ပျောက်ဆုံးနေတာကို သတိပြုမိတယ်။

ရခဲလှတဲ့ လူ့ဘ၀ကို လက်ဝယ်ပိုင်ပိုင် ရလာပေမယ့် စဉ်းစားဆင်ခြင်ဉာဏ်ပျောက်ဆုံးပြီး၊ ကိုယ့်ကျင့်စာရိတ္တစံချိန် ကျဆုံးနေတယ်ဆိုရင်ဖြင့် နောင်ဘ၀ရဲ့ လားရာကို အသာထားလို့ ယခုမျက်မှောက်ဘ၀မှာပင်လျှင် တိရိစ္ဆာန်နဲ့ မခြားနားလှပါကလားလို့ တွေးတောမိပါတယ်။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ… ချမ်းသာကိုယ်စိတ် မြဲပါစေ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။

မှတ်ချက်။...........။ ဒေါ်မာမာအေး ပြန်လည်သီဆိုထားတဲ့ မအေးမိရဲ့ သီချင်းကို လက်ဝယ်ရှိသူများ ကျနော်အား ကျေးဇူးပြု၍ မျှဝေပေးစေလိုပါသည်။
Read more

“မပြောမပြီး မတီးမမြည်...”

လူဆိုတာ မွေးလာကတည်းက အူဝဲလို့ အော်ငိုပြီး မွေးလာတတ်ကြတာပါ။ စကားမပြောတတ်ခင် နို့ဆာတဲ့အခါ၊ အနှီးသေးစိုလို့ နေမထိထိုင်မသာရှိတဲ့အခါ အူဝဲ ရယ်လို့ အော်ငိုတတ်ကြတယ်။ အဲဒီအခါမှာ ကလေးရဲ့ လိုအပ်ချက်ကို မိခင်က သိရှိသွားပြီး သူ့အလိုကို ဖြည့်ဆီးပေးရတာပေါ့။ နို့ဆာနေပါလျက်နဲ့ အော်မငိုတတ်တဲ့ ကောင်တော့ ငတ်ပြီပဲ။ မြန်မာစကားမှာ “အငိုသန်တဲ့ကလေးဟာ နို့ပိုစို့ရတယ်” ဆိုတဲ့ ဆိုရိုးစကားလည်း အရှိသားမဟုတ်လား။

လူမှန်ရင် မွေးကတည်းက မိမိဆန္ဒ၊ မိမိလိုအပ်ချက်တွေကို အသံနဲ့ ထုတ်ဖော်ပြသတတ်လာကြတာ သဘာဝပဲ။ မျက်နှာပေါ်မှာ ပါးစပ်ပေါက်ကြီး တပေါက် ပါလာတာဟာ အစာစားဖို့သက်သက်၊ တံတွေးမြိုချဖို့သက်သက်၊ ပလုပ်ကျင်းဖို့သက်သက်၊ သွားကြားထိုးဖို့သက်သက်လောက် မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။

လူ့သမိုင်းကို ပြန်ကြည့်ရင်လည်း တစထက် တစ လူ့အဖွဲ့အစည်း တိုးတက်ယဉ်ကျေးလာတာနဲ့အမျှ မိမိရဲ့ ဆန္ဒတွေကို၊ အတွေးအမြင်တွေကို ထုတ်ဖော်ဖို့အတွက်၊ ဖလှယ်ဖို့အတွက် ဘာသာစကားတွေကို တီထွင်သုံးစွဲလာကြတယ်။ တဦးနဲ့တဦး ဆက်သွယ် အချက်ပြဖို့အတွက် ဘာသာစကားတွေကို တိုးတက်ကြံဆောင်လာကြတယ်။

လူသတ္တ၀ါတွေအတွက် စကားပြောခြင်းဆိုတာ မရှိမဖြစ်လောက်နီးနီး လိုအပ်လာတဲ့ အစွမ်းအစတခု ဖြစ်လာတယ်။ ကံမကောင်း အကြောင်းမလှလို့ မွေးကတည်း အကြားအာရုံချွတ်ယွင်းခဲ့ရင်တော့ ပါးစပ်ကလည်း အလိုလို ဆွံ့အသွားတယ်။ အဲသည်လို ဆွံ့အနားမကြားတဲ့လူတွေတောင်မှ ဆက်သွယ်အချက်ပြနိုင်ဖို့ လက်ဟန်ခြေဟန်နဲ့ အချက်ပြ ပြောဆိုနည်းတွေကို သင်ယူ သုံးစွဲရတယ်။ ဒါပေမယ့် သူပြောတာကို နားလည်ဖို့ဆိုတာ သူ့ကို တချိန်လုံး ကြည့်နေရမှာ ဖြစ်တဲ့အတွက် ပါးစပ်ကနေ ပြောဆိုနိုင်သူကတော့ ဆက်သွယ်တဲ့နေရာမှာ တပန်းသာတာကို တွေ့ရမယ်။

ဇာတ်ကြီးဆယ်ဖွဲ့မှာ လောကရဲ့ အရှုပ်ဇာတ်တွေနဲ့ ကင်းကင်းနေချင်လို့ မွေးကတည်းက စကားမပြောပဲ နေလာခဲ့တဲ့ အလောင်းတော် တေမိယမင်းသားတောင် အချိန်ကျလာတော့ စကားပြောရသေးတယ် မဟုတ်လား။ ဒီလောက်ဆိုရင် စကားပြောခြင်းဟာ လူ့ဘ၀မှာ ဘယ်လောက်အရေးပါတယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းမိကြမယ်ထင်ပါတယ်။

လူ့သမိုင်းတိုတိုလေးအတွင်းမှာ လူတွေရဲ့ အသိဉာဏ်နဲ့ ယဉ်ကျေးမှု တိုးတက်မြင့်မားလာနှုန်းဟာ အံ့မခန်းဆိုတော့ လူတွေဟာ ပါးစပ်နဲ့ ပြောရတာတင် အားမရလို့ လူအများကို ထိထိရောက်ရောက် ဆက်သွယ်နိုင်တဲ့ အက္ခရာစာပေတွေကိုလည်း တီထွင်သုံးစွဲလာကြတယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ်ပြောင်းလဲစေတဲ့ တီထွင်မှုကြီးတွေထဲမှာ စက္ကူတီထွင်မှုနဲ့ ပုံနှိပ်စက် တီထွင်မှုတွေဟာ ရှေ့တန်းက ပါဝင်ပါသတဲ့။

ငယ်ရွယ်စဉ် စကားမပြောတတ်ခင်အရွယ်ကသာ “အူဝဲ”လို့ အော်ငိုပြီး မိမိဆန္ဒကို ပြသခဲ့ရတာမှန်ပေမယ့် လူလားမြောက်လာတဲ့အခါ မိမိတောင့်တရာရာကို ရယူနိုင်ဖို့အတွက် ဘာသာစကားတွေကို ထိထိရောက်ရောက် အသုံးချဖို့လိုအပ်လာတယ်။

တချို့သော လူတွေအတွက်ဆိုရင် စကားပြောဆိုခြင်းဟာ အသက်မွေးဝမ်းကြောင်း အလုပ်ဆိုရင်လည်း ဟုတ်တယ်။ ဥပမာ… ရှေ့နေ၊ ကျောင်းဆရာ၊ ကွက်စိပ်ဆရာ၊ ဗေဒင်ဆရာ၊ ပွဲစား၊ တရားဟော ဓမ္မကထိက၊ ဘတ်စ်ကားစပယ်ယာ စသဖြင့်ပေါ့လေ။ သူတို့ရဲ့ နေ့စဉ်ဘဝမှာ အလုပ်သဘောအရ စကားတွေ အများကြီးပြောနေရတယ်။ စကားပြောနေခြင်းသည်ပင်လျှင် အလုပ် လုပ်နေခြင်း။ အဲဒီလူတွေကို “အလကား လေချည်း စွတ်ကန်မနေပါနဲ့ဗျာ။ လက်တွေ့အလုပ်ကလေးလည်း လုပ်လိုက်ပါဦး” လို့ သွားပြောသူဟာ ဦးနှောက်ကျပ်မပြည့်သူသော်လည်းကောင်း၊ ရူးနှမ်းနေသူသော်လည်းကောင်း ဖြစ်ရမယ်။

အလားတူပဲ။ ဒီလူတွေလောက်နီးနီး စကားပြောခြင်းအမှုကို မလုပ်မဖြစ် လုပ်ကြရတဲ့ လူတန်းစား တမျိုး ရှိသေးတယ်။ အဲဒါကတော့ နိုင်ငံရေးသမားတွေပါ။ နိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးအယူအဆတွေ၊ ပေါ်လစီတွေ၊ စီမံကိန်းတွေ၊ ဦးတည်ချက်တွေကို တချိန်လုံး လူအများကို ပြောပြနေဖို့ လိုအပ်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံအနှံ့ လှည့်ပတ်သွားလာပြီး တောက်လျှောက် စကားပြောခြင်းအမှုကို ပြုနေကြရတာပါ။ ရွေးချယ်တင်မြှောက်ခံရလို့ အုပ်ချုပ်ရေးအာဏာကို လက်ခံရယူပြီးတဲ့အခါကျမှသာ မိမိပြောဆိုခဲ့တဲ့ အရာတွေကို စတင် အကောင်အထည် ဖော်ရပါတယ်။ ဒါက ရွေးချယ်တင်မြှောက်ခြင်း ခံရတဲ့ အာဏာရနိုင်ငံရေးသမားတွေကို ပြောတာပါ။

အတိုက်အခံနိုင်ငံရေးသမားတွေအနေနဲ့တော့ အုပ်ချုပ်ရေးအာဏာကို မပိုင်ဆိုင်တဲ့အတွက် သူ့တို့မှာ သူတို့ရဲ့ ပေါ်လစီကို အကောင်အထည်ဖော်ဖို့ အခွင့်မသာဘူး။ ဒါပေမယ့် အာဏာရအစိုးရရဲ့ ပေါ်လစီတွေကို တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်ပြီး အစဉ်သဖြင့် ဝေဖန်ထောက်ပြနေဖို့တော့ လိုပါတယ်။ အဲဒါကို လွတ်လပ်တဲ့ နိုင်ငံရေးစနစ်တွေမှာ Check and Balance လို့ ခေါ်ဆိုကြပြန်တယ်။ ဒီတော့ နိုင်ငံရေးသမားတွေအတွက် စကားပြောနေခြင်းသည်ပင်လျှင် သူတို့ရဲ့ အလုပ်ကို သူတို့လုပ်နေခြင်းလို့ ဆိုနိုင်ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားဖြစ်ပါလျက် အစိုးရရဲ့ ပေါ်လစီတွေကို စောင့်ကြည့် ဝေဖန်ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် အဲဒီအတိုက်အခံဟာ သူ့အလုပ်ကိုသူ ပီပီပြင်ပြင်မလုပ်ဘူးလို့ ဆိုနိုင်တယ်။ ဒါကြောင့် အတိုက်အခံ နိုင်ငံရေးသမားတွေကို လေကန်နေသူတွေ၊ လက်တွေ့မကျသူတွေလို့ ပြောသူဟာ စောစောက ပြောခဲ့တဲ့ ဦးနှောက်ကျပ်မပြည့်သူ (သို့မဟုတ်) ရူးနှမ်းနေသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ပြောတဲ့လူကိုယ်တိုင်က နိုင်ငံရေးသမားဆိုရင် ပိုဆိုးသေးတယ်။ အဲဒီလူဟာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်း မသိသူသာ ဖြစ်ရမယ်။

နိုင်ငံရေးသမားတွေတင် မကသေးဘူး။ မလွတ်လပ်တဲ့ အာဏာရှင်စနစ်အောက်မှာ ကျရောက်နေတယ်ဆိုရင် အဲဒီ တိုင်းပြည်က တော်လှန်ရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အတွေးအမြင်တွေ၊ ဆန္ဒသဘောထားတွေကို မိမိတို့ အချင်းချင်းကြားမှာ တချိန်လုံး ဆွေးနွေးပြောဆိုနေဖို့ လိုအပ်တယ်။ ဒါမှသာ မိမိနဲ့ ဆန္ဒတူရာ၊ ရည်မှန်းချက်တူရာ၊ သဘောထားတူရာ လူတွေအချင်းချင်း စုစည်းမိမယ်၊ စည်းရုံးမိမယ်။ တူညီသော ဘုံရည်ရွယ်ချက်တခုအတွက် ပူးပေါင်းနိုင်ကြမယ်။ အင်မတန်ရှင်းပါတယ်။ ဒါကြောင့် တော်လှန်ရေးသမားတွေအဖို့ရော၊ တက်ကြွလှုပ်ရှားသူတွေအဖို့ပါ စကားပြောဆိုခြင်းဟာ တခြား မလုပ်မဖြစ်လုပ်ရမယ့် လုပ်ငန်းတွေနည်းတူ ရှောင်လွှဲလို့မရတဲ့ (တနည်း) မလွှဲမသွေ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတရပ်ဖြစ်တယ်။ ဒီလူတွေအနေနဲ့ မိမိအမြင်ကို ပြောဆိုနေမယ်။ ရေးသားနေမယ်။ ဆွေးနွေးကြမယ်။ ငြင်းခုန်ကြမယ်။ ဒါတွေဟာ အခုစစ်အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာသာ အထောက်အကူပြုတာမဟုတ်။ နောင်တချိန် တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးတဲ့အခါ ဒီမိုကရေစီစနစ်နဲ့ အလျှင်အမြန် နေသားတကျ ဖြစ်သွားစေမယ့် ပတ်ဝန်းကျင်တခုကို အခုကတည်းက စတင်ဖန်တီးပေးနေရာလည်း ရောက်ပါတယ်။

နောက်ပြီး သတိပြုစရာတချက်ကတော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ စကားဖြင့် တွေ့ဆုံပြောဆုံ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းဟာ အင်မတန် အဆင့်မြင့်တဲ့ ဖြေရှင်းနည်းမျိုးပါ။ အဲဒီ တွေ့ဆုံဆွေးနွေးနည်းနဲ့ ဖြေရှင်းနိုင်ခဲ့ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန် ငြိမ်းချမ်းမှုလည်းရှိတယ်။ အကျိုးလည်း ရှိတယ်။

ဒါပေမယ့် တွေ့ဆုံဆွေးနွေးနည်းနဲ့ မဖြေရှင်းပဲ လက်နက် စွဲကိုင်ပြီး စစ်မက်နဲ့ ဖြေရှင်းရပြီးဆိုရင် အဲဒီအခြေအနေဟာ အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေအဖို့ အင်မတန်ဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေတရပ်ဖြစ်လာပါတော့တယ်။

ဒါကြောင့် စကားပြောဆိုခြင်းဖြင့် လွတ်လွတ်လပ်လပ် မိမိတို့ လိုအပ်ချက်တွေကို တောင်းဆိုနိုင်မယ်။ မိမိတို့ ဆန္ဒသဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်မယ်။ မိမိတို့ ထင်မြင်ချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်မယ်ဆိုရင် အဲသည်လူ့အဖွဲ့အစည်းဟာ လွတ်လပ်သော လူ့အဖွဲ့အစည်း၊ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့ အခြေခံလိုအပ်ချက်နဲ့ ပြည့်စုံပြီလို့ ပြောနိုင်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်မယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမဟုတ်သလို ယဉ်ကျေးတိုးတက်သော လူ့အဖွဲ့အစည်းလို့လည်း မခေါ်နိုင်ပါဘူး။ အဲဒီ လူ့အဖွဲ့အစည်းမျိုးကို ဆွံ့အသော လူ့အဖွဲ့အစည်း (Retarded Society)လို့ ခေါ်ဆိုနိုင်ပါတယ်။ အဲသည်လူ့အဖွဲ့အစည်းမျိုးမှာ အကြောက်တရား လွှမ်းမိုးနေတတ်တယ်။

ဒါကြောင့် အနှစ်ချုပ်ရရင် စကားပြောဆိုခြင်းဟာ လူ့ဘ၀အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခုဖြစ်တယ်။ လူတယောက်ဟာ စကားပြောဆိုခြင်း ပညာကို ကောင်းစွာ မလေ့လာထားခဲ့ရင်၊ ဒါမှမဟုတ် မိမိသုံးစွဲရာ ဘာသာစကားကို အတန်အသင့် လေ့လာထားခြင်းမရှိရင် “သဘင်မပြဲ့ ခံတွင်းမဲ့” ဆိုတာလို မိမိပြောလိုရာကို ထိထိရောက်ရောက် ပြောဆိုနိုင်စွမ်းမရှိဘူး။ စကားပြောတဲ့နေရာမှာ အရေမရ အဖတ်မရတွေချည်း တချိန်လုံး တောက်လျှောက်ပြောနေရင်တော့ အကျိုးမရှိဘူးပေါ့။ ဟုတ်မှန်မယ်၊ အကျိုးလည်းရှိမယ်ဆိုရင်တော့ ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောရပါတယ်။ နောက်ပြီး တချို့ကိစ္စမျိုးတွေမှာ နှုတ်ဆိတ်မနေအပ်တဲ့ အချိန်မျိုးတွေရှိတယ်။“ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုတဲ့ စကားတွေ၊ “မပြောမပြီး မတီးမမြည်” စတဲ့ စကားတွေလည်း ရှိတယ်မဟုတ်ပါလား။

ဒါကတော့ စကားပြောခြင်းနဲ့ ပတ်သက်လို့ လတ်တလော ကျနော်တွေးဖြစ်တဲ့ အကြောင်းတွေပါ။

ပူးတွဲဖတ်ရှုရန်။..........။ ပ၀ါရဏာပြုခြင်း (sonata-cantata ဘလော့ဂ်မှ)
Read more

“သူခိုးလက်ခံ ထိုနိုင်ငံ”

သူတပါးပစ္စည်းကို ခိုးယူခြင်းဆိုတာ တရားဥပဒေအမြင်နဲ့ ကြည့်ရင် ပြစ်မှုကျူးလွန်ခြင်းမြောက်တယ်။ ငါးပါးသီလထဲက အဒိန္နဒါနာ ဆိုတဲ့ သီလကို ချိုးဖောက်ရာလည်း ကျတယ်။

သူခိုးက ခိုးလို့ရလာတဲ့ ပစ္စည်းကို တစုံတယောက်ဆီမှာ အဖိုးအခနဲ့ ပြန်ရောင်းတယ်၊ ဒါမှမဟုတ် အကျိုးအမြတ် တစုံတခုကို ပေးပြီး ခေတ္တအပ်နှံထားတယ်ဆိုရင် ခိုးရာပါပစ္စည်းမှန်း သိသိကြီးနဲ့ လက်ခံတဲ့သူကို သူခိုးလက်ခံ လို့ အရပ်စကားနဲ့ ခေါ်ဝေါ်ကြတယ်။

သူခိုးလက်ခံအလုပ်ကို လုပ်လို့ ကြီးပွားချမ်းသာလာတာမျိုးကို အားမကျထိုက်ပါဘူး။ မတော်မတရားကြီးပွားချမ်းသာလာတာလို့ပဲ မှတ်ယူရပါမယ်။ ရှုတ်ချရပါမယ်။

ဒီနေ့ မြန်မာနိုင်ငံ ကမ်းလွန်သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးက ရလာတဲ့ ဘီလီယံနဲ့ချီတဲ့ ငွေတွေကို မသမာသူ (သူခိုး)တစုက ကိုယ်ကျိုးအတွက် အိတ်ထောင်ထဲကို ထည့်တယ်။ တနည်းအားဖြင့်ပြောရရင် တိုင်းပြည်ဘဏ္ဍာကို ခိုးယူခြင်းပေါ့။

အဲဒီ ခိုးရာပါပစ္စည်းကို လက်ခံတဲ့ နိုင်ငံ တနိုင်ငံကလည်း ဟောဒီအရှေ့တောင်အာရှမှာ ရှိနေတယ်။ အဲဒီနိုင်ငံဟာ အင်ဒိုနီးရှားကနေ ထွက်ပြေးလာတဲ့ အကျင့်ပျက်လာဘ်စားတဲ့ ဘဏ်လုပ်ငန်းရှင်တွေရဲ့ ခိုးရာပါငွေတွေကို လက်ခံရာမှာ နာမည်ကြီးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခုဒီမိုကရေစီနိုင်ငံဖြစ်လာတဲ့ အင်ဒိုနီးရှားနဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထုံး ဖြစ်ရတယ်။ အာဏာရှင် ဖိလစ်ပိုင် သမ္မတဟောင်း မားကို့စ်ရဲ့ ငွေတွေကို လက်ခံပြီး Freeze လုပ်ထားတယ်လို့လည်း သတင်းထွက်နေတယ်။ လတ်တလောမှာ အမေရိကန်နဲ့ ဥရောပက အခွန်တိမ်းရှောင်သူတွေရဲ့ ငွေတွေကို တိတ်တဆိတ်သိုဝှက်ထားပေးတဲ့ Tax haven လို့လည်း အမည်ကျော်စောတယ်။ အဲဒီအတွက် အမေရိကန်ရဲ့ ဖိအားပေးမှုကို အနှေးနဲ့အမြန် ခံရတော့မယ်လို့ သတင်းတွေ ထွက်နေတယ်။

ဒါတင်ပဲလား၊ မက သေးဘူး။ အကျင့်ပျက်လာဘ်စားမှုနဲ့ အခု ထောင်ဒဏ်တသက်ချမှတ်ခံရတဲ့ တိုင်ဝမ်သမ္မတဟောင်း ချန်ရွှေဗျန်းရဲ့ ခိုးဝှက်ထားတဲ့ ငွေတွေကို လက်ခံထားတဲ့အကြောင်းလည်း မနှစ်က ဘူးပေါ်သလို ပေါ်လာတယ်။ ခိုးရာပါပစ္စည်း လက်ခံတဲ့ သူခိုးလက်ခံ အဲဒီနိုင်ငံဟာ ဘေးနိုင်ငံတွေရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သွေးစုပ်အမြတ်ထုတ်မှုတွေ၊ ငွေကြေးခ၀ါချမှုတွေနဲ့ အရှေ့တောင်အာရှမှာ နာမည်ပျက်နဲ့ ကျော်ကြားစပြုနေတဲ့ အပျော့စားအာဏာရှင်နိုင်ငံလည်း ဖြစ်တယ်။ ဘေးနိုင်ငံတွေက အာဏာရှင်အစိုးရတွေအပေါ်မှာ ဘက်လိုက်ဖေးမပေးတတ်တဲ့ အကျင့်လည်း ရှိတယ်။ ဘေးနိုင်ငံတွေက ပြည်သူတွေအပေါ်မှာ အိမ်နီးချင်းကောင်းမပီသတဲ့ နိုင်ငံလို့လည်း ပြောလို့ရတယ်။

ဒါပေမယ့် မကောင်းမှုကို လုပ်တဲ့လူတွေဟာ တချိန်ချိန်မှာတော့ ကိုယ့်အကုသိုလ်ကံရဲ့ အကျိုးပေးကို မုချ ပြန်ခံရတာပဲ။ ၀န်တင်လှည်းဆွဲတဲ့ နွားရဲ့ နောက်ကို လှည်းဘီးဟာ ထပ်ချပ်မကွာလိုက်သလို သူတို့ ပြုခဲ့တဲ့ အကုသိုလ်ကံရဲ့ အကျိုးဟာ သူတို့နောက်ကို ထပ်ချပ်မကွာ လိုက်တယ်ဆိုရင် မမှားဘူး။

လွယ်လွယ်ရတဲ့ငွေဟာ လွယ်လွယ်နဲ့ပဲ ပြန်ထွက်သွားတတ်တာ ဓမ္မတာပဲ။ မကြာမီက ဖြစ်ပွားခဲ့တဲ့ စီးပွားပျက်ကပ်အတွင်းမှာ အဲဒီနိုင်ငံအစိုးရအနေနဲ့ ရင်းနှီးမြုတ်နှံထားတဲ့ ဘီလီယံပေါင်း မြောက်မြားစွာ အချိန်တိုကလေးအတွင်းမှာ ပလုံသွားတာကိုကြည့်ရင် သံဝေဂ ရဖို့ကောင်းတယ်။ သူ့နိုင်ငံသားတွေက အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအပေါ် တော်တော်လည်း အကြည်ညိုပျက်ကြတယ်။

ဒါကြောင့်ပြောတာ… သမာအာဇီဝမဟုတ်တဲ့ အလုပ်တွေဟာ အကျိုးပေးမကောင်းဘူးဆိုတာ။ ဒါပေမယ့် အခုပြောခဲ့တဲ့ အကျိုးပေးတွေဟာ အဲဒီအစိုးရ လုပ်ခဲ့တဲ့ မကောင်းမှုတွေနဲ့ နှိုင်းစာရင် ပင်လယ်ပြင်မှာ မျောနေတဲ့ ရေခဲတုံးကြီးရဲ့ ထိပ်ပိုင်းမျှသာ ရှိသေးတယ်။ အောက်မှာ နစ်မြုတ်နေတဲ့ အပိုင်းမပါသေးဘူး။ တလုံးတည်း တခဲတည်း အကျိုးပေးဖို့ မဝေးတော့ဘူးလို့ ယူဆရတာပဲ။

ဘယ်နိုင်ငံလဲဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူးနော်။
Read more

“ပင်စင်ယူတဲ့အခါ…”

အခုတလော အိမ်က မဒမ်ပေါမှာ ရောဂါတခု စွဲကပ်နေတယ်။ တခြားမဟုတ်။ စိုက်ပျိုးရေး ရောဂါ။

ရုံးကပြန်လာရင် အိမ်မှာ ရေမိုးချိုး၊ လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ အပင်စိုက်ပြီ။ အိမ်က သမီးကလည်း အသီးတွေ ကူခူးဖို့၊ ကူပြီး ရိတ်ဖို့သိမ်းဖို့ သူ့အမေ ပြန်အလာကို မျှော်နေတတ်တယ်။ သူတို့သားအမိနှစ်ယောက် အတူ သီးပင်စားပင်တွေ စိုက်ကြ၊ ရိတ်ကြ၊ သိမ်းကြ၊ လယ်ယာအတွက် ပစ္စည်းပစ္စယတွေ ၀ယ်ကြခြမ်းကြ။ လယ်ထဲမှာ ထားဖို့ သိုး၊နွား၊ ကြက်၊ ၀က်တွေ ၀ယ်ကြ။

ဟုတ်ကဲ့။ စင်္ကာပူမှာ ဘယ်ကမြေကွက်ရှိလို့ လယ်စိုက်သလဲ မမေးပါနဲ့။ Face Book ထဲမှာ အလကားမတ်တင်း ကစားလို့ရတဲ့ FarmVille ဆိုတာမှာ ဆော့တာပါခင်ဗျား။



မဒမ်ပေါတင်လားဆိုတော့…. မဟုတ်ဘူးခင်ဗျ။ ဘလော့ဂါရင့်မကြီးတွေ ဖြစ်ကြတဲ့ ဒေါ်ခင်မင်းဇော်တို့၊ ဒေါ်တန်ခူးတို့လည်း ဆော့ကြရှာလေတယ်။ ဒေါ်ခင်မင်းဇော်ဆိုရင် လယ်တွင်သာမက၊ စားသောက်ဆိုင်တွေ ဘာတွေလည်း ဖွင့်ထားပြီး အကြီးအကျယ် စီးပွားရေးသောင်းကျန်းနေတယ်လို့ ကြားရပါတယ်။ ဘလော့ဂါမဟုတ်တဲ့ ကျနော့်မိတ်ဆွေတွေလည်း အသည်းအသန်ဆော့နေကြတယ်။ လူတိုင်းကို မေးလိုက်ရင် အဲသည်ဂိမ်းကို မဆော့တဲ့လူ မရှိသလောက်ပဲ။ ကျနော့် Face Book account မှာတောင် ကျနော့်သမီးဆော့ဖို့ လယ်တကွက် ဖန်တီးပေးထားရတယ်။

မိတ်ဆွေ တယောက်က သူ့မိတ်ဆွေတယောက်နဲ့ ဖုန်းပြောကြရင်း ဖုန်းပေါ်မှာ သူအိမ်ဝယ်လိုက်ပြီ၊ သုံးသိန်းပေးရတဲ့အကြောင်းပြောပြလိုက်တော့ တဖက်က ပြန်မေးတယ်။ ဘယ်ဖက်မှာ ၀ယ်လိုက်တာလဲပေါ့….။ အွန်လိုင်းဂိမ်းမှာ ၀ယ်တာပါဗျာလို့ ပြန်ဖြေလိုက်တော့ တဖက်ကလူ တော်တော် စိတ်ပိန်သွားပုံရတယ်။

အဲဒီမိတ်ဆွေဆိုရင်…. လင်ရော မယားရောပါ အိမ်ရောက်တာနဲ့ ကွန်ပြူတာတလုံးစီရှေ့မှာ ထိုင်ပြီး သဲကြီးမဲကြီး ဆော့ကြတယ်ဆိုပဲ။

ကျနော်က မဒမ်ပေါကို ပြောရတယ်။ “မင်း… ဒီလောက် စိုက်ပျိုးရတာ ၀ါသနာပါရင်…ကမ္ဘောဒီယားမှာဖြစ်ဖြစ်၊ ထိုင်းမှာဖြစ်ဖြစ် မြေကွက်တကွက် ၀ယ်ပေးမယ်ကွာ။ သွားစိုက်မလား” ဆိုတော့…. အဲသည်လိုတော့ မစိုက်ချင်ဘူးတဲ့။ တကယ်အပြင်မှာ ပင်ပင်ပန်းပန်း လုပ်ရမှာတော့ ကြောက်တယ်ထင်ပါ့။

နေ့စဉ် ရုံးသွားရုံးပြန် ပုံမှန်အလုပ်ကြီးကို လုပ်နေကြရတာ ကြာတော့ လူတွေဟာ ပျင်းရိငြီးငွေ့လာကြတယ်ထင်ပါရဲ့။ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ စိတ်ချမ်းသာရာရကြောင်း စိတ်ကူးထဲမှာ ဖြစ်ချင်တဲ့အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်လို့ရတဲ့ အဲဒီ FarmVille ဂိမ်းကို ကစားကြရင်း အသည်းစွဲသွားတာဖြစ်မယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စီအင်အင်န် ဗီဒီယိုသတင်းတခုကို ကြည့်လိုက်ရတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခု စီးပွားပျက်ကပ်အတွင်း အိမ်ထောင်စုတွေဟာ အိမ်နောက်ဖေးမှာ စားသုံးပင်တွေကို စိုက်လာကြတယ်တဲ့။ Recession Gardening ခေါ်တာပေါ့။ စိုက်ပျိုးတဲ့ အရေအတွက်က မနည်းဘူး။ National Gardening Association ရဲ့ ခန့်မှန်းချက်အရ ဒီနှစ်ထဲမှာ အဲသည်လို အိမ်နောက်ဖေးမှာ ဥယျာဉ်စိုက်တဲ့ မိသားစုပေါင်း ၃၄ သန်းအထိ (အမေရိကန်ပြည်ထောင်စုအတွင်းမှာ) ရှိလာနိုင်တယ်ဆိုပဲ။ မျိုးစေ့ရောင်းတဲ့ ဆိုင်တွေမှာ အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက် ပိုရောင်းရတယ်တဲ့။ ကိုယ့်အိမ်နောက်ဖေး မြေကွက်လပ်မှာ ခရမ်းချဉ်သီး၊ ကြက်ဟင်းခါးသီး စတဲ့ အသီးအနှံတွေ စိုက်ပျိုးထားတဲ့အတွက် စူပါမားကက်က ၀ယ်စားတာထက် ပိုက်ဆံအကုန်အကျလည်း သက်သာတယ်၊ လတ်လည်း လတ်ဆတ်တယ် ဆိုပြီး စိုက်ပျိုးကြသူတွေ တနေ့တခြား များပြားလာတာဆိုပဲ။ ဒါဟာ လူတွေရဲ့ Life Style တပတ်ပြန်လည်လာခြင်းလို့ ဆိုရမယ်။

ကျနော်ကိုယ်တိုင်လည်း အသက်ကြီးလာရင် မြန်မာပြည်မှာ ပြန်ပြီး အေးအေးလူလူ ခြံစိုက်စားမယ် စိတ်ကူးတယ်။ မြေဈေး သိပ်မကြီးလှတဲ့ နယ်ဖက်မှာပေါ့။

လေရဟတ်အသေးစားတခု ကိုယ့်ဖာသာကိုယ်ဆောက်ပြီး အ၀ီစိတွင်းက ရေကိုတင်မယ်။ လေလာလို့ရှိရင် ရဟတ်ကလည်ပြီး ရေကန်ထဲကို ရေတွေ အလိုအလျောက်တင်မယ်။ နေသာတဲ့နေရာမှာ ဆိုလာဆဲလ်တွေ တပ်ထားပြီး ကိုယ့်အိမ်အတွက် လျှပ်စစ်ပါဝါကို ကိုယ့်ဘာသာကိုယ် ထုတ်ယူမယ်။ နေ့ဖက်မှာ အ၀တ်လျှော်စက်တို့၊ ထမင်းဟင်းချက်တာတို့မှာ လျှပ်စစ်မီးသုံးဖို့ပေါ့။ ညဖက်အတွက်တော့ ဘက်ထရီကို အားသွင်းထားပြီး အင်ဗာတာနဲ့ ပြန်မောင်းပေါ့။ (ကျနော့် အခု အလုပ်က အင်ဗာတာ ဒီဇိုင်းလုပ်နေရပါတယ်။) အခုဆိုရင် ဆိုလာဆဲလ်တွေက ထုတ်လုပ်မှုနည်းပညာမြင့်တက်လာတဲ့အတွက် ဈေးနှုန်းသက်သာစ ပြုပြီ။ မီးလုံးတွေနေရာမှာ လျှပ်စစ်ကို အဆွဲနည်းတဲ့ LED lighting ကို သုံးမယ်။

ကျနော်တို့ ပွင့်ဖြူဖက်မှာဆိုရင် မြေက ဘာစိုက်စိုက်ပေါက်တယ်။ ကျနော်တို့ ငယ်ငယ်က ခြံထဲမှာ ချဉ်ပေါင်၊ ရုံးပတီ၊ ဘူး၊ ဖရုံ၊ ပဲရှည်သီး (ဗုံလုံသီး)၊ တိုင်ထောင်ပဲ (ပဲသီးရှည်) စတာတွေ စိုက်ထားရင် အကုန်ပေါက်တာပဲ။ နှင်းဆီပင်တို့၊ စံပယ်ပင်တို့လည်း အစ်မတွေ စိုက်ထားတာ ပေါက်နေတာပဲ။ ပန်းတောင် ရောင်းစားလို့ရတယ်။ အပင်ကြီးတွေ အနေနဲ့ဆိုရင် လဲမှို့ပင်၊ မန်ကျည်းပင်၊ ကုက္ကိုပင်၊ မဲဇလီပင်၊ ဒန့်သလွန်ပင် အကုန်ပေါက်တယ်ခင်ဗျ။ အဲဒီတုန်းက ဘူးသီးတို့၊ ဘူးညွန့်တို့၊ ချဉ်ပေါင်တို့၊ ရုံးပတီတို့ဆိုတာ အိမ်နီးချင်းတွေကို အမြဲ ဝေငှလို့ရတယ်။

ညနေပိုင်းမှာ အိမ်ကို ကျနေမထိုးအောင် အနောက်ဖက် ခြံစည်းရိုးမှာ သစ်ပင်ကြီးတွေကို စီပြီး စိုက်ထားရမယ်။ ဆိုလာဆဲလ်တွေကိုတော့ မကွယ်စေနဲ့ပေါ့။

အသက်ကြီးလာတဲ့အခါ လိုအပ်ချက်တွေ နည်းလာမယ်။ သားသမီးကလည်း လက်လွတ်သွားပြီဆိုရင် အချိန်ပိုတွေ ထွက်လာမယ်။ အဲသည်အချိန်မျိုးမှာ အေးအေးလူလူရှိတဲ့ အရပ်မှာ ခြံကလေး တနိုင်တပိုင်စိုက်ရင်း အချိန်ကို ကုန်လွန်စေရမယ်။ မြို့ပြနဲ့ ဝေးတဲ့အရပ်ဖြစ်တဲ့အတွက် လတ်ဆတ်တဲ့ လေကို ရှူရှိက်ရမယ်။ ရွာအပြင်ထွက်လိုက်ရင် သဘာဝရှုခင်းတွေကို ငေးမောနိုင်သေးတယ်။ ညဖက်ကျရင် စာလေး ဘာလေးဖတ်မယ်။ ရေဒီယို နားထောင်မယ်။ ဒါမှမဟုတ် ရွာထဲက အဖိုးကြီးတွေနဲ့ အာရိုက်မယ်။

နောင်ဆယ်နှစ်လောက်နေလို့ ကိုယ်လည်း မသေသေးဘူးဆိုရင် အဲသည်ဘ၀မျိုးနဲ့ နေသွားဖို့ စိတ်ကူးထားပါတယ်။ ကိုယ့်ရဲ့ စုဆောင်းငွေ၊ ပိုငွေလေးတွေကို ဒီက စီးပွားရေးလုပ်ငန်းတွေမှာ မြုတ်နှံထားခဲ့ပြီး ကိုယ်က Dividends လေးကို ထိုင်စား။ တွက်ရေးနဲ့ စက်သူဌေးလုပ်ကြည့်နေတာပါ။

ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကျရင် ပြည်သူ့အချစ်တော် နအဖ ကြီးတော့ မရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ သူတို့ရှိလို့ မဖြစ်ဘူး။ တော်ကြာ…. အဖိုးကြီး၊ အဖွားကြီး နှစ်ယောက်ပဲရှိတာ… တအိမ်တယောက် လမ်းပြင်လုပ်အားပေးလိုက်ရမယ်၊ မလိုက်မနေရ… ထွက်ကြ ဆိုရင် မချောင်ဘူး။

အဲဒါကြောင့် အခုလောလောဆယ် နအဖ ပြုတ်ကျဖို့ကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အားထုတ်ရပေဦးမပေါ့။


Read more

“မေ့ထားတတ်တဲ့ အရာများ”

မြန်မာဆိုရိုးက “မသာတခေါက် ကျောင်းဆယ်ခေါက်” တဲ့။

အဲဒီဆိုရိုးကို ကျနော်နားလည်မိပုံကတော့ ဘုန်းကြီးကျောင်းကို အကြိမ်ကြိမ်ရောက်နေပေမယ့် မသာတခေါက်လိုက်ပို့တာနဲ့ သံဝေဂ ရပုံချင်း မတူနိုင်ဘူး။ အသုဘ လိုက်ပို့တဲ့အခါ လူတွေ နေ့စဉ်နဲ့အမျှ မေ့ပျောက်ဖို့ ကြိုးစားနေကြတဲ့ သေခြင်းတရား၊ မမြဲသောတရားတွေကို ရုတ်တရက်သိမြင်သွားနိုင်ဖို့ အခြေအနေ ပိုပေးတယ်လို့ ဆိုလိုချင်ဟန်တူရဲ့။

ဒါပေမယ့် များသောအားဖြင့်တော့ တရားရခဲကြပါတယ်။ ဒီလိုပဲ… သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ ပူဆွေးသောကရောက်နေတာကို တခဏတာ ဝေမျှခံစားပြီး သေခြင်းတရားကို ကိုယ်နဲ့ မဆိုင်သလိုဘဲ နေတတ်ကြတာပါ။ ဟုတ်တယ်လေ။ ကိုယ်သေတာမှ မဟုတ်တာ…..။ သူများသေတာပဲ။ ငါ့အသက်လမ်းကြောင်းကြီးက အရှည်ကြီး၊ လက်ကောက်ဝတ်အထိရောက်တယ်… ဘာညာနဲ့…. ကိုယ့်ကိုယ်ကို ကြံဖန် ဖြေသိမ့်လိုက်ကြတာပါပဲ။

ကျနော်ကတော့ အဲဒီ မြန်မာဆိုရိုးကို နည်းနည်းလောက် ထပ်ဖြည့်စွက်ချင်ပါတယ်။
“မသာဆယ်ခေါက် ဆေးရုံတခေါက်လို့လေ”….။

ဟုတ်တယ်။ ဆေးရုံတက်ရတာ အသုဘ လိုက်ပို့ရတာထက် သံဝေဂ ပိုရစရာကောင်းတယ်။ ကွာခြားချက်တွေ ရှိနေတယ်။

ပထမဆုံးအချက်ကတော့ စောစောက ပြောခဲ့သလို အသုဘပို့တယ်ဆိုတာက သူများသေတာ၊ ကိုယ်သေတာမဟုတ်။ ဆေးရုံတက်တာကျတော့ ကိုယ်တိုင်လည်း နာမကျန်းလို့ တက်ရတဲ့ အနေအထားမို့လား။ အိုခြင်း၊နာခြင်း၊သေခြင်း ဆိုတဲ့အထဲက နာခြင်းတရားကို ကိုယ်တိုင်ကိုယ်ကျ သိသိသာသာကြီး ခံစားရပြီလေ။

ကျနော်ဆေးရုံတက်တော့ ပထမ သုံးရက် ရောဂါအမည်မဖော်နိုင်ခင်မှာ… ကာကွယ်တဲ့အနေနဲ့ ကျနော့်ကို Isolation room လို့ ခေါ်တဲ့ သီးသန့်ခန်းမှာ ထားပါတယ်။ အခန်းထဲမှာ ကိုယ်တယောက်တည်း။ ရေချိုးခန်း၊ အိမ်သာ တွဲလျက်။ ဟိုတယ်ခန်းလိုလို ဘာလိုလိုနဲ့။ အခန်းမှန် ပြူတင်းပေါက်က လှမ်းကြည့်လိုက်ရင် တောအုပ်စိမ်းစိမ်းကလေးတွေနဲ့ အဝေးမှာ အသစ်ဆောက်ပြီးကာစ Fusionopolis လို့ ခေါ်တဲ့ အဆောက်အဦးကြီးကို မြင်ရတယ်။ အခန်းထဲက တီဗီမှာ ဒစ္စကာဗာရီတို့၊ HBO တို့ရတယ်။ ပျင်းရင် တီဗီကြည့်ပေါ့။

အဲဒီလို တယောက်တည်းနေတုန်းမှာ ကိုယ့်ဝေဒနာကို သတိထားမိတယ်။ ယားရင် ယားတယ်မှတ်။ ကုတ်ရင် ကုတ်တယ်မှတ်။ ချမ်းရင် ချမ်းတယ်မှတ်။ တုန်ရင်တုန်တယ်မှတ်။ ဟဲ..ဟဲ… နောက်တာပါ။ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကိုယ်အစိုးမရပုံကို သတိထားမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆေးရုံမတက်ခင်ကလေးကမှ ဗုဒ္ဓကိုယ်တိုင် ဖြေကြားတော်မူသော မေးခွန်းများ ဆိုတဲ့ စာလေးကို အင်တာနက်ကနေ တပိုင်းတစ ဖတ်ဖြစ်ခဲ့တယ်။ အဲဒီထဲမှာ သစ္စက ပရဗိုဇ် နဲ့ အမေးအဖြေ လုပ်တဲ့နေရာမှာ ဗုဒ္ဓက “ သစ္စက… သင်သည်၊ သင့်ခန္ဓာကိုယ်ကို အစိုးရသည်ဆိုလျှင် မအိုအောင်၊ နုပျိုအောင် သင်တတ်နိုင်သလော၊ လုပ်၍ ရသလော”…. ဆိုတဲ့သဘောမျိုး ပြန်လှန်မေးခွန်း ထုတ်တာကို မှတ်မိနေတယ်။ အဲဒီမှာ ဟိုပုဂ္ဂိုလ်က သူမှားသွားပြီဆိုတာကို သိပေမယ့် ညစ်တွန်းတွန်းပြီး ပြန်မဖြေဘဲ မရိုးမသား ငြိမ်နေခဲ့တာလေ။

အဲဒါကို ပြန်သတိရတော့ ဟုတ်သားပဲ။ ဒီခန္ဓာကိုယ်ကြီးဟာ ငါမဟုတ်ပါလား။ ငါမပိုင်ပါလား။ သည်ခန္ဓာကိုယ်ကြီးကို ငါအစိုးမရပါလား ဆိုတာမျိုးလေး ဆင်ခြင်မိတယ်။

နောက် အဖျားနည်းနည်းသက်သာလာတော့ ကုတင် ရှစ်လုံးရှိတဲ့ စီကလပ်စ် ဝါ့ဒ်ထဲကို ပြောင်းရတယ်။ အဲဒီမှာ နှစ်ရက်လောက် နေလိုက်တော့မှ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်လိုပဲ ဝေဒနာခံစားနေရတဲ့ တခြားလူနာတွေကို အချိန်နဲ့ အမျှ မြင်ရတော့တာကလား။ ဒါတောင်မှ အဲဒီလူနာဆောင်က ဆေးရုံက ဆင်းရတော့မယ့် လူတွေကို ထားတာ။ ကျနော့် ကုတင်ဘေးက မလေးကောင်လေးဆိုရင် သူ့ပါးမှာ ဘာဖြစ်သလဲတော့မသိဘူး။ နာကျင်လွန်းလို့ အော်ငိုညည်းနေရတာကို မြင်ရတယ်။ သူ့ဝေဒနာခံစားရပုံကို ဘေးကနေ အတိုင်းသား မြင်နေရတာပေါ့။ အလားတူပဲ… တခြားလူနာအဖိုးကြီးတွေ တုန်ချိ…တုန်ချိနဲ့ လမ်းလျှောက်သွားတာတွေ၊ ဝေဒနာခံစားနေရတာတွေကို မြင်ရသေးတယ်။

တကြိမ်မှာတော့ အိမ်သာခန်းထဲက အမျိုးသမီးအော်သံ၊ ငိုသံတွေ ကြားရပြီး နာ့စ်တွေ ပြေးဝင်သွားကြတယ်။ နောက်မှသိရတာက အဲသည်အမျိုးသမီးက ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် စိတ်ကျရောဂါရှိနေသူ။ ရေချိုးခန်းတံခါးကို အထဲက ဂျက်ထိုးထားပြီး အော်ငိုနေတာ။

ဒါတွေမြင်ရတော့ ကျနော်တို့ တချိန်လုံး မေ့နေတဲ့ အရာတွေကို သတိရလာတယ်။

ကျနော်တို့ မွေးကတည်းက အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားတွေဆိုတာ အတူတူ ပူးတွဲပါလာပြီးသား။ အိုခြင်းတရားကို အချိန်နဲ့အမျှ တွေ့ကြုံနေရမယ်။ နာခြင်းတရားကိုလည်း ဘယ်သူမဆို မလွဲမသွေ ခံစားရမယ်။ သေခြင်းတရားကိုလည်း လူတိုင်း မုချကြုံတွေ့ကြရမယ်။ ဒါပေမယ့် ကျန်းမာနုပျိုနေစဉ် အချိန်တုန်းဆိုရင်တော့ ဒီအကြောင်းတွေကို ကျနော်တို့ မေ့လျော့နေကြတာများတယ်။

ဒီကိုယ်မပိုင်တဲ့ ရုပ်ခန္ဓာကြီးကိုပဲ ငါလို့ ထင်ပြီး ကျနော်တို့မှာ ၀တ်ကြ၊ ဆင်ကြ၊ သကြ၊ ထုံကြ၊ မွှမ်းကြ။ လှပအောင်၊ နုပျိုအောင်၊ ကြည့်ကောင်းအောင် ကြိုးစားကြ။

တဖန် သေခြင်းတရားကို မေ့ပျောက်ပြီး ဘယ်တော့မှ မသေတော့မှာလိုဘဲ ရွှေငွေဥစ္စာပစ္စည်းနဲ့ ဂုဏ်ဒြပ်တွေနောက်ကို ဖတ်ဖတ်မောအောင် လိုက်ကြ။ ကိုယ်သေရင် ကိုယ့်နောက်ကို ပါမလာမယ့် အရာတွေအတွက် ကျနော်တို့ အချိန်တွေ အများကြီးပေးနေကြတာပါလား။

တကယ်တော့ ကံသာလျှင် မိမိဥစ္စာရှိ၏တဲ့။ ကံသာလျှင် အကြောင်းရှိ၏တဲ့။ ကံသာလျှင် အမိအဖ ဖြစ်၏တဲ့။ သေရင် မိမိနောက်ကို တကယ်ပါမှာက ကံ။ ကံကောင်းဖို့၊ ကုသိုလ်ကံဖြစ်ဖို့ရော တူမျှတဲ့ အချိန်ကို ကျနော်တို့တွေ ပေးခဲ့ကြပါသလား။

လူ့ဘ၀ဆိုတာ ရခဲလှတယ်တဲ့။ ရခဲလှတဲ့ လူ့ဘ၀ကလည်း တကယ်တော့ လူ့သမိုင်းနဲ့ နှိုင်းစာကြည့်ရင်တောင် တဒင်္ဂပါ။ လက်ဖျစ်တတွက်ကလေးပါ။ အဲဒီ တဒင်္ဂကို ထာဝရထင်ပြီး တချို့လည်း လောဘနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြ။ တချို့လည်း မတရားသဖြင့် အသက်မွေးကြ။ လူလူချင်း နှိပ်စက်ကြ။ နည်းမျိုးစုံနဲ့ အကုသိုလ်ကံတွေကိုပဲ အစဉ်သဖြင့် စိုက်ပျိုးနေတတ်ကြတယ်။

တကယ်လို့သာ ကိုယ့်မှာ အိုခြင်းသဘောရှိတယ်၊ နာခြင်းသဘောရှိတယ်၊ သေခြင်းသဘောရှိတယ်၊ မိမိချစ်မြတ်နိုးအပ်သူတွေနဲ့ သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း တချိန်မဟုတ် တချိန်မှာ ကွဲရမယ်။ ကံသာလျှင် မိမိဥစ္စာရှိတယ်… ဆိုတဲ့ အချက်တွေကို နေ့နေ့ညည နှလုံးသွင်းနိုင်မယ်ဆိုရင် လူတွေဟာ အခုထက်လည်း စိတ်ဓါတ်ရေးရာအရ ပိုမိုကြံ့ခိုင်လာမယ်။ လောကကြီးလည်း အထိုက်အလောက် ပိုမို အေးချမ်းသာယာလာမယ်လို့ တွေးမိပါတယ်။
Read more

“ဆန့်ကျင်ဖက်လှိုင်းများ”

ပြီးခဲ့တဲ့ တပို့စ်ကျော်တုန်းက ယက်တောကိစ္စမှာ နအဖရဲ့ လုပ်ရပ်ကို ရဟန်းမစားရသော ဆွမ်းတနပ်ထဲက ကျောက်သွေးဆရာရဲ့ ယုတ်ကန်းတဲ့ လုပ်ရပ်နဲ့ ဒီလိုပဲ အမှတ်မထင် သာမန်ကာလျှံကာ နှိုင်းယှဉ်ခဲ့တယ်။ အခုမှ ထပ်တွေးမိတာ ရှိသေးတယ်။ တကယ့်ကိုမှ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အခုစက်တင်ဘာလ ရောက်ပြီလေ။ ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ နှစ်ပတ်လည်တောင် နီးလာပြီပဲ။

စက်တင်ဘာတော်လှန်ရေးကြီးအတွင်းမှာ ရဟန်းတော်တွေရဲ့ ဦးပြည်းစိမ်းစိမ်းတွေကို ဝါးရင်းတုတ်တွေနဲ့ မညှာမတာ ရိုက်နှက်ရုံမက ရဟန်းတော်တွေကို ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ နအဖ လုပ်ရပ်တွေကို ပြန်လည်မြင်ယောင်မိတယ်။ ဘုရား…ဘုရား….. ရဟန်းမစားရသော ဆွမ်းတနပ် ဇာတ်ကားထဲက ကျောက်သွေးဆရာရဲ့ လုပ်ရပ်ထက်တောင် ပိုမိုရက်စက်ကြမ်းကြုပ်သော နအဖ အစိုးရရဲ့ လုပ်ရပ်ပါတကား။

ကြည့်စမ်းပါဦး။ အဲဒီ သံဃာတော်တွေ၊ ရဟန်းတော်တွေဆိုတာ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက်၊ တိုင်းပြည်အေးချမ်းစေလိုတဲ့အတွက် လမ်းမပေါ်မှာ အေးအေးချမ်းချမ်း မေတ္တာပို့ပြီး ဆုတောင်းပြီး ဒကာဒကာမတွေ၊ ပြည်သူတွေကိုယ်စား အစိုးရကို သာယာညှင်းပြောင်းစွာ နားချဖို့ ကြိုးစားခဲ့ကြတာမဟုတ်လား။ ဒါကို နအဖ အစိုးရက ဘယ်လို တုန့်ပြန်ပါသလဲ။

သင်္ကန်းဝတ်တွေ၊ ရဟန်းတုတွေလို့ မတော်မတရား စွတ်စွဲပြီး ဝါးရင်းတုတ်နဲ့ ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်၊ အကျဉ်းချတယ်။ အတင်းလူဝတ်လဲခိုင်းတယ်။ ပြီးတော့ ညှင်းပမ်းနှိပ်စက်သေးတယ်။ ရိုင်းစိုင်းရက်စက်ပုံကတော့ ကမ်းကုန်ပါပေတယ်။ ဦးပုညစကားနဲ့ ပြောရရင်တော့….

အမိုက်တကာ့ ဗိုလ်မင်း
အဖျင်းတကာ့ ဗိုလ်ချုပ်
အပယ်လေးလီ မြစ်နဒီမှာ
ပလုံစီအောင် ငုပ်မယ့်
လူယုတ်ကြီးတွေ….. ပေါ့။

တကယ်တော့ ဒီသံဃာတော်တွေဆိုတာ ရန်ကုန်က ကျောင်းတိုက်ကြီးတွေမှာ ပရိယတ္တိကို သင်ကြားနေကြတဲ့ သံဃာတွေ။ ဗုဒ္ဓသာသနာ ပျံ့ပွားစည်ပင်အောင်၊ အဓွန့်ရှည်အောင် ကြိုးပမ်းကြမယ့် မျိုးဆက်သွေးတွေ။

သူတို့တတွေ ဘာကြောင့် လမ်းပေါ်ထွက်ရသလဲ။ ဆွမ်းကွမ်း၊ ဝေယျာဝစ္စ အစစကို တာဝန်ယူကြရတဲ့ ဒကာ၊ ဒကာမတွေရဲ့ ဒုက္ခ (တနည်း) ပြည်သူလူထုရဲ့ ဒုက္ခအကြပ်အတည်းတွေကို မကြည့်ရက် မမြင်ရက်လို့ ဒီစစ်အစိုးရ ရက်စက်မယ်မှန်းသိသိနဲ့ လမ်းမပေါ်ထွက်ခဲ့ကြတဲ့ အာဇာနည်တွေပါ။ ဒီစစ်အစိုးရဟာ ရဟန်းသော၊ သံဃာသော နားမလည်ဘူးဆိုတာ ၁၉၈၈-၁၉၉၀ ခုနှစ်တွေ ကတည်းက သူတို့ သဘောပေါက်ကြပြီးသားပါ။ ပခုက္ကူမှာ သံဃာတွေကို နအဖ လက်ပါးစေတွေက ဘယ်လို ဆက်ဆံတယ်ဆိုတာ သံဃာတော်တွေ မသိမဟုတ် သိကြပါတယ်။

ဒါပေမယ့် ဗုဒ္ဓရဲ့သားတော်တွေပီပီ အထူးဖြောင့်မတ်သော အကျင့်ကို ကျင့်ကြတယ်။ မှန်သောဖက်မှာပဲ ရပ်တည်ကြတယ်။ မေတ္တာတရားကို ရင်ဝယ်ပိုက်လို့ လမ်းမပေါ်မှာ ငြိမ်းချမ်းစွာဆုတောင်းရင်း ပြည်သူ့ရဲ့ ဆန္ဒကို ပြည်သူ့ကိုယ်စားဖွင့်ဟကြတယ်။ သံဃာတော်တွေရဲ့ အကြမ်းမဖက် ငြိမ်းချမ်းသော ဆန္ဒထုတ်ဖော်ပွဲကို တကမ္ဘာလုံးက လေးစားအံ့သြကြရတယ်။

ဒါပေမယ့် ဒါရိုက်တာကြီး ဦးသုခရဲ့ ရဟန်းမစားရသော ဆွမ်းတနပ်ထဲက ဇာတ်ရှိန်အမြင့်ဆုံးအခန်းလိုပဲ…. သူယုတ်နေရာက သရုပ်ဆောင်တဲ့ နအဖအစိုးရဟာ ဘီလူးဆိုင်း တီးပြီးထွက်လာတယ်။ တဖက်မှာက အေးချမ်းတဲ့ မေတ္တာပို့ ရွတ်ဖတ်သံတွေ။ တဖက်မှာတော့ ဘီလူးဆိုင်းနဲ့ ဘီလူးစိတ်ဝင်နေတဲ့ လုပ်ရပ်။

ဦးသုခရဲ့ ဇာတ်လမ်းထဲမှာ ကျောက်သွေးဆရာရဲ့ ရိုက်ပုတ်မှုကြောင့် ရဟန်းတော်ရဲ့ ဦးပြည်းစိမ်းစိမ်းကနေ သွေးတွေ ရဲပြီး ဖြာကျလာသလို…. နအဖ စစ်အစိုးရရဲ့ အကြမ်းဖက်မှုကြောင့် သံဃာတော်ပေါင်းများစွာ ဦးခေါင်း၊ လက်မောင်း၊ ပုခုံးတို့မှာ ဒဏ်ရာတွေရကြရှာသလို အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရတယ်။ စက်တင်ဘာတော်လှန်ရေးကို နအဖက ရက်ရက်စက်စက် နှိပ်ကွပ်အပြီးမှာ ရန်ကုန်မြို့အနီးအပါးက ချောင်းတွေထဲမှာ သံဃာတော်အလောင်းတွေ ပုပ်ပွပြီး မျောလာတာကို ကမ္ဘာတလွှားက မီဒီယာတွေမှာ မြင်ကြတွေ့ကြရတဲ့အခါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေသာမက၊ ကမ္ဘာသူကမ္ဘာသား အားလုံးလိုလို နအဖရဲ့ ရက်စက်ယုတ်မာမှုကို အကြီးအကျယ် ထိတ်လန့်ကြတယ်။ အော့နှလုံးနာကြတယ်။ ရွံရှာစက်ဆုပ်ကြတယ်။

မေတ္တာနဲ့ ဒေါသ…။
ဓမ္မနဲ့ အဓမ္မ…..။
ငြိမ်းချမ်းမှုနဲ့ အကြမ်းဖက်မှု…..။
ရဲဝံ့ခြင်းနဲ့ သူရဲဘောကြောင်မှု…..။
မတူညီတဲ့ ဆန့်ကျင်ဖက်လှိုင်းတွေကို အဖြူနဲ့အမဲလို ပြက်ပြက်ထင်ထင် မြင်တွေ့လိုက်ကြရတယ်။

ဓမ္မနဲ့ အဓမ္မတွေ့ကြတဲ့အခါ ဓမ္မဖက်က ရပ်တည်ကြတဲ့ စစ်သည်တော်တွေ၊ သူရဲကောင်းတွေ အထိုက်အလျောက် သေကျေပျက်စီးဆုံရှုံးတာတော့ ရှိပါတယ်။ ဒါပေမယ့် ဓမ္မကိုယ်၌က ကျဆုံးသွားတာ၊ အရေးနိမ့်သွားတာတော့မဟုတ်ပါဘူး။ ဓမ္မကသာ ရေရှည်မှာ အောင်လံထူပါလိမ့်မယ်။

အလားတူ အဓမ္မကို လက်ကိုင်ကျင့်သုံးသူတွေအနေနဲ့လည်း အနှေးနဲ့အမြန်ဆိုသလို ကျဆုံးရမှာပါ။ သူတို့ဟာ အာဏာလက်ရှိကိုင်ထားသူတွေမို့ အသာစီးက ရနေသယောင် ထင်မှတ်မှားနေကြပေမယ့် တကယ်တော့ သူတို့ဟာ ရှုံးနိမ့်နေတဲ့ စစ်ပွဲတရပ်ကို ခြေကန်တိုက်နေကြရသူတွေပါ။ သူတို့မှာ နေ့စဉ်နဲ့အမျှ အကြောက်တရားတွေ၊ မလုံခြုံမှုတွေ ပတ်လည်ဝိုင်းနေတယ်။ လောဘ၊ ဒေါသ၊ မောဟမီးတွေ အစဉ်သဖြင့် လောင်မြိုက်နေတယ်။ မမြဲတဲ့ သဘောတွေကို မြဲတယ်လို့ထင်မှတ်ပြီး ထာဝရ ဆုပ်ကိုင်ထားနိုင်ဖို့ တပင်တပန်း ကြိုးပမ်းနေကြရရှာတယ်။ ပတ်ဝန်းကျင်မှာ မိတ်ဆွေစစ်တွေထက် အကျိုးလိုလို့ ညောင်ရေလောင်းသူတွေ၊ မြှောက်ပင့်သူတွေ၊ လိမ်ညာသူတွေ ပတ်လည်ဝိုင်းနေတယ်။ မိမိအာဏာရှိနေတုန်းမှာသာ အနားမှာ ခစားနေကြပေမယ့် အာဏာမရှိတော့တာနဲ့ ခြေစုံကန်သွားကြမယ့်လူတွေသာ ဝန်းရံနေတယ်ဆိုရင် မမှားပါဘူး။ တချက်ခြေလှမ်းမှားတာနဲ့ မိမိရော၊ မိသားစုပါ ဒုက္ခရောက်သွားနိုင်တဲ့ အခြေအနေကြီးထဲမှာ ပိတ်မိနေကြသူတွေလို့ မြင်ပါတယ်။

စက်တင်ဘာတော်လှန်ရေးကြီးဟာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံလူတန်းစားနှစ်ရပ်ကြားမှာ ခေတ်ရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ တိုက်ပွဲကြီးဆိုရင်လည်း ဟုတ်တယ်။ ဓမ္မနဲ့ အဓမ္မအကြားက အားပြိုင်မှုကြီး တခု ဆိုရင်လည်း မမှားဘူး။ ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှု ဝါဒလမ်းစဉ်နှစ်ရပ်အကြား အစပျိုး ပဋိပက္ခလို့လည်း ပြောလို့ရတယ်။

အခုဆိုရင် နအဖကတော့ ဆင်ကန်းတောတိုး ဆိုသလို သူသဘောကျရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကို သွားနေပြီ။ သူ့အနေနဲ့က ပေါက်တဲ့နဖူး မထူးတော့ပြီ ဆိုတာလို မထူးဇာတ်ကို ဘယ်သူပါပါမပါပါ သူ့တကိုယ်တော် ကပြတော့မှာပဲ။
ကပါစေ။ အားရပါးရ ကပါစေ။ နအဖအတွက် ဇာတ်သိမ်းခန်းက ရောက်တော့မှာပါ။ မကြာခင် အပူတိုက်ခန်းတွေ ဘာတွေ ကြားရကိန်းရှိတယ်။

သင်ခန်းစာက ပြည်သူထောက်ခံမှုမရတဲ့ အစိုးရတရပ်ဟာ ဘယ်အရာကို လုပ်လုပ် မအောင်မြင်နိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး နအဖလုပ်ခဲ့တဲ့ အမှုတွေကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ ဈေးကွက်စီးပွားရေး။ မအောင်မြင်ပါဘူး။ မြန်မာ့ခရီးသွားနှစ်။ မအောင်မြင်ပါဘူး။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်။ မအောင်မြင်ပါဘူး။ ပညာရေးစနစ်။ မအောင်မြင်ပါဘူး။ နွေစပါး။ မအောင်မြင်။ ကြက်ဆူ။ မအောင်မြင်။ ဘာဆိုဘာမှ အောင်အောင်မြင်မြင် မလုပ်နိုင်ခဲ့တဲ့ အစိုးရတရပ်ပါ။ အခု လုပ်နေတဲ့ လမ်းပြမြေပုံကလည်း မည်ကာမတ္တနဲ့သာ ပြီးသွားတော့မယ်။ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ မလုပ်ခင်ကတည်းက အဖြေထွက်နေပြီးသား။ နအဖ လုပ်တတ်တာ တခုပဲရှိတယ်။ တိုင်းပြည်မှာ ထွက်သမျှ သယံဇာတတွေကို လက်ညိုးထိုး ရောင်းစားပြီး ရတဲ့ငွေကို ကိုယ့်အိတ်ကပ်ထဲထည့်တာမျိုးလောက်ပဲ လုပ်တတ်တယ်။ အဲဒါကလည်း မရှက်တတ်ရင် ဘယ်သူမဆို လုပ်တတ်တဲ့ အလုပ်မျိုးကလား။

အာဏာရှင်စနစ်ရဲ့ မကောင်းဆုံးအချက်က…. အဲသည်လို မကောင်းတဲ့အစိုးရ အာဏာရနေပြီဆိုရင် ဖြုတ်ချရ ခက်ခဲတတ်တာ၊ ကြန့်ကြာတတ်တာပါပဲ။ ဘယ်လိုပဲ ခက်ခဲပါစေ၊ ကြန့်ကြာပါစေ…. စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ဖို့ဆိုရင်တော့ အဲသည်အဆင့်ကို ကျော်ဖြတ်ကြရမှာပါ။ ဇွဲ၊ လုံ့လ နဲ့ စိတ်ဓါတ်ခွန်အားတွေ၊ ရေရှည်ကျိတ်ကြရမယ့် အင်အားတွေ လိုပါမယ်။ ပြည်သူအများစု ပူးပေါင်းပါဝင်ကြပြီဆိုရင် နအဖရဲ့ ဇာတ်သိမ်းခန်းက မဝေးတော့ဘူးဆိုတဲ့အကြောင်း ထပ်လောင်းရေးသားလိုက်ပါတယ်။
Read more

“ဟိုအဝေးမှာ ငါးရက်တာ….”

ဘလော့ဂ်ဖတ် ပရိသတ်တို့ နေကောင်းရဲ့နော့။

ကျနော် တပတ်ကျော်ကျော်လောက် ပျောက်နေရခြင်းအကြောင်းကတော့ NUHမှာ ဆေးရုံတက်နေရလို့ပါ။ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က ညနေပိုင်း အဖျားတက်နေရာက ဆေးခန်းသွားပြတယ်။ ဆေးခန်းက ပေးလိုက်တဲ့ဆေးမှာ ကျနော်နဲ့ မတည့်တဲ့ ဆေးတမျိုးပါတဲ့အတွက် အဖျားမပျောက်ရုံမက ယားဖုတွေပါ ခြေထောက်မှာ ပေါက်လာလို့ ဆေးရုံကို ပြေးရတယ်။ ဆေးရုံမှာ ငါးရက်လောက်နေပြီး အခုတော့ အဖျားပျောက်လို့ ဆင်းလာပြီ။ ဆေးအရှိန်မပြယ်သေးလို့ အယားကတော့ နည်းနည်းကျန်သေးတယ်။

ငယ်ငယ်က ကျနော်တို့ ပြောနေကျ “မိဘုယားရင်ကုပ်ကုပ်ရင်မယားဘူး” ဆိုတဲ့ စကားလေးတောင် သတိရမိတယ်။ ဒီလို ဖတ်ရတာပါ။ “မိဘု….ယားရင်ကုပ်… ကုပ်ရင်… မယားဘူး” လို့။ အဲဒါကို မသိတဲ့လူတွေက “မိဘုယားရင် ကုပ်ကုပ်ရင်” စသဖြင့် ဖတ်တဲ့အခါ အတော် ရယ်ရပါတယ်။

အဲ… အခု ကိုယ်တိုင် ကုပ်နေရတော့ မရယ်ရတော့ဘူးပေါ့။ နည်းနည်းတော့ ဇိမ်ရှိပါတယ်။ ကာတွန်းရွှေမင်းသားရဲ့ ဆင်းရဲသား ဆုတောင်းလိုပေါ့။

“ဒီ ဝဲကြော်တွေ မပျောက်ပါစေနဲ့ ဘုရား။ တပည့်တော်မှာ ဇိမ်ခံစရာဆိုလို့ ဒီဝဲကြော်တွေလေးတွေပဲ ရှိတာပါ” ဆိုတာလေ။

ငါးရက်လောက် ဆေးရုံပေါ်မှာရောက်နေတုန်း ဒစ္စကာဗာရီကလာတဲ့ အစီအစဉ်တွေ ကြည့်လိုက်၊ စာအုပ်ကလေးလှန်လိုက်လှောလိုက်၊ ဟဲဖုန်းပေါ်မှာ အင်တာနက်ကလေး ကိုင်လိုက် လုပ်ရင် အချိန်ကုန်သွားတယ်။ ကိုယ့်ဘလော့ဂ်အပါအ၀င် မြန်မာဘလော့ဂ်တွေတော့ ဖတ်လို့မရခဲ့ဘူး။ ကိုယ့်ဘလော့ဂ်မှာ ကွန်မင့်တွေ ကောင်းနေတယ် သတင်းကြားပေမယ့် မဖတ်ခဲ့ရဘူး။ အခု ပြန်လာမှ အတိုးချပြီး ဖတ်ရတယ်။ လာရောက်ဖတ်ရှုကာ ကွန်မင့်ရေးသားကြသူများ၊ အားပေးကြသူများကို ကျေးဇူးတင်ပါတယ်။

ဆေးရုံက ဆေးခွင့်ကို ဒီလ ၂၈ ရက်နေ့အထိတောင် ပေးလိုက်တယ်။ ဒါပေမယ့် လူလည်း နေကောင်းနေပြီဆိုတော့ ဒီတပတ် အိမ်မှာ နားပြီးရင် နောက်တပတ်တော့ အလုပ်ပြန်စဖို့ စိတ်ကူးတယ်။ အလုပ်ကနေ နှစ်ပတ်တိတိ ကင်းကွာသွားတဲ့ သဘောပေါ့။

ဘလော့ဂ်ကတော့ ထုံးစံအတိုင်း ပြန်ရေးသွားမှာပါ။ တွေ့ကြဦးမယ်လေ…. ပျော်ပျော်ပါးပါးပေါ့။


Read more

“ဒေါ်အောင်ဆန်းစုကြည်၊ နအဖ နှင့် ရဟန်းမစားရသော ဆွမ်းတနပ်”

ဂျွန်ယက်တောကိစ္စကြီးတခုလုံးကို ပြန်ပြောင်းစဉ်းစားသုံးသပ်ကြည့်ရင် ဦးသုခ ရိုက်ကူးတင်ဆက်ခဲ့တဲ့ “ရဟန်းမစားရသော ဆွမ်းတနပ်” ဆိုတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းကို သတိမရဘဲ မနေနိုင်အောင်ပါဘဲ။

အဲဒီဇာတ်လမ်းကို အရင်က မြန်မာ့ရုပ်မြင်သံကြားကနေ အကြိမ်ကြိမ် ပြသတတ်တဲ့အတွက် စာဖတ်သူတို့လည်း ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ အဲဒီဇာတ်လမ်းမှာ ကျောက်သွေးဆရာနဲ့ သူ့ဇနီးတို့ အိမ်ကို ရဟန်းဆွမ်းခံဝင်တဲ့ ဇာတ်ကွက်က ဇာတ်လမ်းရဲ့ အထွဋ်အထိပ်ပါ။

ရဟန်းက အိမ်ရှေ့ခန်းမှာ တပါးတည်း ဆွမ်းအလာကို ထိုင်စောင့်နေတုန်း သားသမီးမထွန်းကားတဲ့ ကျောက်သွေးဆရာရဲ့ အိမ်မှာ မွေးမြူထားတဲ့ ကြိုးကြာကြီးက ကလပ်ပေါ်မှာ တင်ထားတဲ့ ပတ္တမြားကြီးကို အစာမှတ်ပြီး မျိုချလိုက်တယ်။ အဲဒီအဖြစ်အပျက်ကို ရဟန်းက မြင်လိုက်တယ်။ ပညာရှိတဲ့ ရဟန်းဆိုတော့ ရှေ့ရေးကို ကြိုမြင်ပြီး အနည်းငယ် တုန်လှုပ်သွားဟန်ရှိတာကိုလည်း ဒါရိုက်တာက မိမိရရ ပြလိုက်သေးတယ်။

တကယ်တော့ အဲဒီပတ္တမြားကြီးဟာ ဘုရင်က ကျောက်သွေးဆရာဆီမှာ ယုံကြည်လို့ အပ်ထားတဲ့ ပတ္တမြားကြီး။ ခဏနေတော့ ကျောက်သွေးဆရာနဲ့ ဇနီးဟာ ဧည့်ခန်းထဲကို ပြန်ရောက်လာတယ်။ ကလပ်ပေါ်မှာ တင်ထားခဲ့တဲ့ ပတ္တမြားကြီးကို မတွေ့ရတော့ သူ့ဇနီး တောင်းပန်တိုးလျှိုးနေတဲ့ကြားက ကျောက်သွေးဆရာက ရဟန်းကို သူခိုးလို့ စွတ်စွဲတယ်။ ရိုက်မောင်းပုတ်မောင်းလုပ်ပြီး မေးတယ်။ “ဒီအခန်းထဲမှာ နင်ကလွဲလို့ ဘယ်သူမှ မရှိဘူး။ နင်ယူသလား၊ ဘယ်မှာ ၀ှက်ထားသလဲ”…. ပေါ့။ ရဟန်းမှာလည်း ဦးခေါင်းမှာ အရိုက်ခံရတဲ့ ဒဏ်ကြောင့် သွေးတွေ စီးကျနေတာပေါ့။

ရဟန်းဟာ ကြိုးကြာ မျိုချလိုက်တာကို မြင်ပေမယ့် ဒါကို ထုတ်ဖော်ပြောကြားလိုက်ရင် သတ္တ၀ါရဲ့ အသက်ကို ဥပါဒ်ဖြစ်စေမှာသိတော့ သူ့ကျင့်ဝတ် (၀ိနည်း) နဲ့အညီ ကြိုးကြာ မျိုချလိုက်ပါတယ်လို့ ဖွင့်မပြောဘူး။ သူမယူပါဘူး ဆိုတာကိုသာ ထပ်ဖန်တလဲလဲ ပြောရှာတယ်။ အဲဒီမှာ ကျောက်သွေးဆရာက ဒေါသပိုထွက်လာပြီး ရိုက်ရင်းပုတ်ရင်း ဆွဲရင်းလွဲရင်းနဲ့ ကြားထဲက ကြိုးကြာကို မတော်တဆ ရိုက်မိသွားပြီး ကြိုးကြာသေသွားတယ်။

ကြိုးကြာသေသွားပြီ ဆိုတာကို သိရတဲ့ အခါကျမှ ရဟန်းက “ပတ္တမြားကို ရဟန်းမယူပါဘူး။ ကြိုးကြာကို ခွဲစိတ်ပြီးတော့ ရှာကြည့်ပါ။” လို့ ပြောတယ်။ ပြောတဲ့အတိုင်းရှာကြည့်တော့ ပတ္တမြားကိုတွေ့တယ်။ အဲဒီတော့မှ ကျောက်သွေးဆရာက သူအမှားကြီးမှားလေပြီ… ဆိုပြီး နောင်တရပါတယ်။ ဒါပေမယ့် ကျနော်အမှတ်မမှားဘူးဆိုရင် သူ့အကုသိုလ်ကံကြောင့် ကျောက်သွေးဆရာဟာ သေတဲ့အခါ ငရဲမှာ ခံစားရတယ်။

အခု ဂျွန်ယက်တော ကိစ္စကြီး တခုလုံးမှာလည်း အဲဒီ “ရဟန်းမစားရသော ဆွမ်းတနပ်” ဇာတ်လမ်းထဲက အဖြစ်အပျက်တွေနဲ့ ထပ်တူနီးပါးမျှ တူတဲ့ အချက်တွေကို တွေ့ရတယ်။

ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ဟာ…. သူမရဲ့ Principle (ကိုယ့်ကျင့်စည်းကမ်း) အရ သူတပါး ဒုက္ခရောက်မှာ မလိုလားတဲ့အတွက် ယက်တောဝင်လာတာကို သိပေမယ့် လုံခြုံရေးလက်ကို တန်းထည့်လိုက်တာမျိုး သူမ မလုပ်ခဲ့ဘူး။ ရဟန်းက ကြိုးကြာ ပတ္တမြားမျိုချလိုက်တာကို မြင်လျက်နဲ့ မပြောပြခဲ့သလိုပဲ။

တခါ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် စွတ်စွဲပြီး ထောင်ဒဏ်ချတာ၊ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတာတွေဟာလည်း ရဟန်းကို ရိုက်မောင်းပုတ်မောင်းလုပ်ပြီး အတင်းအဓမ္မ စွတ်စွဲခဲ့တဲ့ ကျောက်သွေးဆရာရဲ့ လုပ်ရပ်နဲ့ တထေရာတည်း တူပေတယ်။

အဲ… ဒီဇာတ်လမ်းမှာ ဘန်ကီမွန်းကတော့ ပန်းတိမ်ဆရာရဲ့ ဇနီး နေရာက သရုပ်ဆောင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။။ သူ့ခမြာ.. “မလုပ်ပါနဲ့ မောင်မောင်ရယ်… ငရဲကြီးလိမ့်မယ်” လောက်ပဲ ပြောနိုင်ရှာတာမို့ပါ။

ဦးသုခရဲ့ ဇာတ်လမ်းထဲမှာ ရဟန်းဟာ နောက်ဆိုရင် ဆွမ်းခံကြွလို့ရှိရင် အိမ်ထဲအထိ မကြွတော့ပဲ ခြံဝကသာ ဆွမ်းခံရပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာ ပါပါတယ်။ ဒါဟာ နောင်အနာဂတ်မှာ အလားတူအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားအောင် ကာကွယ်တဲ့သဘောဖြစ်တယ်။ အမြော်အမြင်ရှိတဲ့လုပ်ရပ်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုဆိုရင် သူမရဲ့ နေအိမ်ကို လူစိမ်းတွေ စည်းကမ်းမဲ့ ၀င်ရောက်ခြင်းကနေ ကာကွယ်နိုင်ဖို့ ဗိသုကာနဲ့ တိုင်ပင်ပြီး အိမ်ပြင်ဖို့လုပ်နေပါတယ်။ အမြော်အမြင်ရှိတဲ့လုပ်ရပ်ပါ။

ကျောက်သွေးဆရာနဲ့ နအဖရဲ့ ကွာခြားချက်ကတော့ ကျောက်သွေးဆရာက သူ့အမှားကို သိတဲ့အခါ နောင်တရသွားပေမယ့် ပြည်သူ့ချဉ်ဖတ် နအဖကတော့ အမှားကို မှားမှန်းသိသိကြီးနဲ့ နောင်တမရဘဲ ဆက်လုပ်နေတာမျိုးကလား။

ဘာပဲဖြစ်ဖြစ်… ကျနော်ကတော့ ဦးသုခ ဇာတ်လမ်းထဲမှာပါတဲ့ ကျောက်သွေးဆရာ ငရဲကျတယ်ဆိုတဲ့ ဇာတ်သိမ်းလေးကို သတိရနေမိပါတော့တယ်။
Read more

“ဟိုတုန်းကတော့…”

ကျနော်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ အဲဒီနောက် စစ်အစိုးရ က တက္ကသိုလ်၊ ကောလိပ်တွေကို ၃ နှစ်တိတိ ပိတ်ပစ်လိုက်တဲ့အတွက် ကျနော်လည်း အလကားထိုင်မနေလိုတဲ့အတွက် အဲဒီအချိန်က အလုပ် လုပ်ဖြစ်ပါတယ်။ အလုပ်ကြမ်းလုပ်ရတာပါ။

အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ခြံစည်းရိုးကာတဲ့ ၀ါးကပ်တွေ ရက်ရတယ်။ ပထမဦးဆုံး ၀ါးပုံထဲကနေ ၀ါးလုံးကောင်းကောင်း ဖြောင့်ဖြောင့်တွေကို ရွေးထုတ်တယ်။ ပြီးတော့ သံဖြတ်လွှနဲ့ ၀ါးကပ်အမြင့်လောက်ရှိတဲ့ အပိုင်းတွေအဖြစ် ဖြတ်တောက်ရတယ်။ အဲသည်နောက် မတ်တတ်ရပ်ပြီး ၀ါးလုံးကို လက်တဖက်ကိုင်၊ အခြားလက်တဖက်က ဓါးထက်ထက်နဲ့ ခွဲချရင်း ကလန့်လိုက်တဲ့အခါ ၀ါးကပ်ရက်ဖို့ ၀ါးခြမ်းတွေ ရပါတယ်။

ပြီးရင် ရက်ပေတော့။ တချပ်ကို ငါးကျပ်နှုန်းရပါတယ်။ ကျနော်က အလုပ်လုပ်တာ နည်းနည်းနှေးတဲ့အတွက် တရက်ကို ငါးချပ်လောက်ပဲ ပြီးအောင် ရက်နိုင်တော့ တရက်ကို နှစ်ဆယ့်ငါးကျပ်။ တလဆိုရင် ၇၅၀ ကျပ်။ အဲဒီခေတ်က အောက်တန်းစာရေးလစာနဲ့ ညီမျှပါတယ်။

တခါတလေတော့ ကြားဖောက်အလုပ်တွေ ပေါ်လာတတ်တယ်။ အိမ်ဆောက်ပစ္စည်းလာဝယ်သူတွေက ထုံးအိတ်၊ သဲအိတ်၊ ဘိလပ်မြေ စတာတွေကို လက်တွန်းလှည်းနဲ့တင်ပြီး အိမ်တိုင်ယာရောက် လိုက်ပို့ပေးပါဆိုရင် အဲသည်လို လှည်းတွန်းခက ၄၀ ကျပ်၊ ၅၀ ကျပ်လောက် ဆိုတော့ အဲဒီလို နေ့မျိုးဆိုရင် မြိုးမြိုးမြက်မြက်ကလေး ရတာပေါ့။ ဒီတော့ ကျနော့်မှာ တနေ့တနေ့ အဲသည်လို ကြားဖောက်အလုပ်ကလေးတွေကိုလည်း လည်ပင်းရှည်အောင် မျှော်ရပါတယ်။

တခါတလေကျတော့ အုတ်ကားလိုက်ရတယ်။ အုတ်ခဲတွေ သယ်တဲ့ကားနဲ့ လိုက်ပြီး အုတ်ခဲတွေကို အတင်အချ လုပ်ရတာပါ။ အင်မတန် အီစလန်ဝေသော အလုပ်ပါ။ အလုပ်ကြမ်း လုပ်နေကျသူတွေကတော့ အေးဆေးပါပဲ။ အုတ်ပုံထဲကနေ အုတ်ခဲလေးလုံးလောက်ကို အပူးလိုက်ဆွဲထုတ်လိုက်ပြီး ကား အပေါ်နဲ့အောက် အပူးလိုက် တင်ပေးတာ၊ မယူတာ အင်မတန် ကျွမ်းကျင်ကြပါတယ်။ ကျနော်က တကြိမ်ကို အုတ်ခဲ နှစ်လုံးစာပဲ ဆွဲနိုင်တာ။ ကျနော်ပါရင် အလုပ်မတွင်လှပါဘူး။ ဒါပေမယ့် အဲဒီအလုပ်သမားကြီးတွေက မတွက်ကပ်ကြရှာပါဘူး။

အုတ်ခဲရဲ့ မျက်နှာပြင်ဟာ အင်မတန်ကြမ်းရှတဲ့အတွက် ဆယ်တန်းရောက်တဲ့အထိ မိဘလုပ်စာကို အမြိုင့်သား ထိုင်စားခဲ့တဲ့ ကျနော့်အတွက်တော့ အုတ်ပုံထဲမှာ စီထားတဲ့ အုတ်ခဲတွေကို လက်ဖျားလေးတွေနဲ့ ဆွဲထုတ်ရတဲ့အခါ လက်တွေပေါက်ပြဲဖူးယောင်ကုန်တဲ့အထိ ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်ကြီးပေါ့။ ကားဆရာက အသိမိတ်ဆွေဆိုတော့ ကျနော်တို့ ပင်ပန်းမှန်းသိတဲ့အတွက် နေ့လည်စာတွေ ဘာတွေ ထမင်းဆိုင်မှာ လိုက်ပြီး ကျွေးဖော်ရပါတယ်။

ကျနော့်ဘော်ဒါတယောက်လည်း ဆိုက်ကားနင်းပြီး ငွေရှာရတယ်။ သူလည်း ကျနော့်လိုပဲ။ ပုံမှန်ဆိုက်ကားနင်းရာက ရတဲ့ငွေက နည်းတယ်။ အုံနာကြေးနဲ့ဘာနဲ့ သိပ်မကျန်ဘူး။ ဒီတော့ ကြားဖောက်ကလေးတွေ မျှော်တတ်တယ်။ သူ့ကြားဖောက်က ဘယ်လိုမျိုးလည်းဆိုတော့ ရပ်ကွက်ထဲက ပြည့်တန်ဆာအိမ်တွေကို လမ်းမသိလို့ လိုက်ပို့ပေးပါဆိုတဲ့ ဖောက်သည်တွေ ပေါ်လာရင် လိုက်ပို့ပေးရတာမျိုး။ အဲဒါမျိုးဆိုရင် ဆိုက်ကားခအပြင် သက်ဆိုင်ရာအိမ်က ကော်မရှင်လည်း ရတယ်ဆိုပဲ။ သူက ပြောရှာပါတယ်။ “သူငယ်ချင်းရာ… ငါ့မှာလည်း ခေါင်းတပိုင်း ဖြစ်နေပါပြီ”…တဲ့။ (ဒီစာကိုရေးရင်း ဘလော့ဂါ ကိုနဗန ကိုတောင် သတိရမိတယ်)။ အခုတော့ အဲဒီမိတ်ဆွေလည်း သင်္ဘောအင်ဂျင်နီယာဖြစ်ပြီး စင်္ကာပူကို မကြာမကြာ ရောက်လာတတ်ရဲ့။

အဲသည်တုန်းက အလုပ်လုပ်ရတာ ပင်ပန်းတာတော့ ပင်ပန်းပါရဲ့။ ၀င်ငွေကလည်း နည်းပါးလှပါရဲ့။ ဒါပေမယ့် ငယ်သေးလို့လားမသိ။ အဲဒီ ပင်ပန်းမှုဒဏ်ကိုလည်း ခံနိုင်တယ်။ နောက်ပြီးတော့ အမြဲတစေ စိတ်ပျော်ရွှင်နေတယ်။ တက်ကြွနေတယ်။ သောကဆိုတာလည်း မရှိသလောက်ပဲ။

အခုတော့ ၀င်ငွေလည်း ဟိုတုန်းကထက်စာရင် များလာပါပေရဲ့။ အဲယားကွန်းခန်းထဲမှာ ထိုင်ပြီး ကွန်ပြူတာရှေ့မှာ သက်တောင့်သက်သာ အလုပ်လုပ်နေရတာလည်း မှန်ပါရဲ့။ ဒါပေမယ့် ငယ်တုန်းက ပျော်ရွှင်တက်ကြွမှုမျိုးတော့ မရှိတော့ဘူး။

ငယ်ငယ်က ဘ၀ကိုတော့ လွမ်းဆွတ် တမ်းတမိတာ အမှန်ပဲ။ ဒါပေမယ့် ပြန်မရနိုင်တော့ဘူးလေ။
Read more

“ကိုယ့်ရှူးကိုယ့်ပတ်”



သမီးငယ်ငယ်က စူပါမားကက်တွေဘာတွေ ခေါ်သွားရင် အရုပ် ပူဆာတတ်တယ်။ အဲသည်လို ပူဆာတဲ့အခါမျိုးမှာ ကျနော်က တဟီးဟီး ငိုချလိုက်ပြီး “သွားပါပြီ၊ ဒီလို ပူဆာပုံနဲ့ဆိုရင်တော့ ငါ့ငွေတွေတော့ ကုန်ပါပြီ၊ မွဲပါပြီ” လို့ ပြောလိုက်ရင် သူ အင်မတန်သဘောကျတယ်။ သူက မိန်းကလေးမို့လားမသိ။ ဇွတ်တော့ မပူဆာဘူး။ ခဏ အရုပ်ကို ဖက်ကြည့်လိုက်ရတယ်၊ ကိုင်ကြည့်လိုက်ရတယ် ဆိုရင် ကျေနပ်သွားရော။ အခုအချိန်အထိ သူ့အဖွားက သူ့ကို ကွယ်ရာမှာ အရုပ်ဝယ်ပေးတယ်ဆိုရင် ကျနော့်ဆီကို ၀မ်းသာအားရ ယူလာပြပြီး “ဒီမှာတွေ့လား။ ဖေ့ဖေ့ငွေတွေ မီး ဖြုန်းပစ်လိုက်ပြီ” လို့ ပြောတတ်သေးတယ်။

အိမ်မှာကျတော့လည်း သားအဖ နှစ်ယောက်ဟာ တယောက်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို တယောက် List အပြိုင်အဆိုင် ပြုစုတတ်ပါသေးတယ်။

ဥပမာ… ကျနော်က “သမီးရဲ့ မကောင်းတဲ့ အမူအကျင့်က ဗိုက်ဆာပြီဆိုရင် ဆာတယ်လို့ မပြောဘဲ တခြားကိစ္စတခုခုမှာ ဂျီးကျတတ်တဲ့ အကျင့်ရှိတယ်” ဆိုရင် သမီးကလည်း ချက်ချင်းဆိုသလို “ဖေဖေ့ရဲ့ မကောင်းတဲ့အမူအကျင့်ကလည်း မေမေက ခေါက်ဆွဲကြော် ကြော်ပေးတယ်ဆို ခေါက်ဆွဲကြော်မစားချင်ဘူး။ ထမင်းကြော်ပဲ စားချင်တယ်လို့ ဂျီကျတတ်တယ်” လို့ ပြန်ပြောတတ်တယ်။

တခါကျနော်က “သမီးရဲ့ မကောင်းတဲ့ အမူအကျင့်က သူများ ကွန်ပြူတာကိုင်နေပြီဆိုရင် ဂိမ်းကစားချင်လို့ လာပူဆာတတ်တယ်”…။

အဲဒီမှာ သမီးကလည်း “ဖေဖေရဲ့ မကောင်းတဲ့ အမူအကျင့်က သူများ တီဗီကြည့်နေပြီဆိုရင် ဘီဘီစီ သတင်းကြည့်မယ်၊ ဒစ္စကာဗာရီ ကြည့်မယ်နဲ့ လာလုတတ်တယ်”….။

အဲသည်လို အပြန်အလှန်ပြောကြရင်းနဲ့ ကျနော့်ရဲ့ မကောင်းတဲ့ အကျင့်တွေ ထွက်လာလိုက်တာဆိုတာ အများကြီးပဲ။ သမီးကလည်း စေ့စေ့စပ်စပ် မြင်တတ်သလား မမေးနဲ့။ မဒမ်ပေါတောင် ကျနော့်ရဲ့ မကောင်းတဲ့ အမူအကျင့်ကို သမီးလောက် လုံးစေ့ပတ်စေ့ ပြန်မပြောပြနိုင်ဘူး။

ရှိသေးတယ်။ တရက်မှာ သမီးက… “ဖေဖေတို့ မီး ကို ဘလော့ဂ်စပေါ့လေး တခုလောက် လုပ်ပေးပါ” တဲ့။ ကျနော်တို့က “ဘလော့ဂ် ဘာလုပ်ဖို့လဲ” လို့ ပြန်မေးတော့…. “ဖေဖေ့ရဲ့ မကောင်းတဲ့ အကျင့်လေးတွေကို ဖေဖေ့သူငယ်ချင်းတွေသိအောင် ဘလော့ဂ်ပေါ်မှာ ရေးပြချင်လို့” တဲ့။ ဟူး…. မလွယ်ပါလား။

ကျနော်က သမီးကို အခွင့်သာတိုင်း စတတ်နောက်တတ်သေးတယ်။ ဥပမာ သမီးတို့ ကျောင်းကို မိဘအနေနဲ့ အတူလိုက်ရတော့မယ့် အခါမျိုးဆိုရင် “သမီး… ဘာမှ မပူနဲ့သိလား။ သမီးသူငယ်ချင်းတွေကိုတွေ့ရင် ဖေဖေ အင်ဒီးယန်းအက ကပြမယ်” လို့ ကြိုပြောထားနှင့် တတ်သေးတယ်။ အဲဒီတော့ သမီးက ကျောင်းရောက်တဲ့အခါ ကျနော်တကယ် ထဖောက်လေမလားဆိုပြီး သူ့မှာ စိုးတထင့်ထင့်နဲ့။ ကျောင်းမှာ သူက တနေရာသတ်သတ်။ ကျနော်တို့က တနေရာသတ်သတ် ထိုင်ရတာမျိုးဆိုရင် သမီးနဲ့ အကြည့်ချင်းဆုံတဲ့အခါ ဘယ်သူမှ မသိအောင် မသိမသာ အင်ဒီယန်းအက ကသလို တွန့်ပြတာမျိုး ကျနော် လုပ်ပြလေ့ရှိပါတယ်။ သမီးက အဲဒီအခါကျရင် မမြင်ချင်ယောင် ဆောင်နေတတ်တယ်။

သမီး စပြီး ရှက်တတ်တာကို သတိထားမိတာကတော့ တညနေမှာ သမီးရယ်… ကျနော်ရယ်… မဒမ်ပေါရယ်… မှောင်ရီပျိုးပျမှာ လမ်းလျှောက်ပြီး ပြန်လာတယ်။ အိမ်နားက ဘတ်စကက်ဘောကွင်းကိုရောက်တော့ ကျနော်က လက်ထဲမှာ ဘာဘောလုံးမှ မပါဘဲနဲ့ ဘောလုံးရှိသယောင် ဟန်ရေးအမျိုးမျိုးနဲ့ ဘတ်စကက်ဘော ကစားပြတယ်။ ဘောလုံးကို ခုန်ပြီး ခြင်းထဲ သွင်းတဲ့ ပုံစံမျိုး လုပ်ပြတယ်။

အဲဒီအချိန်မှာ သမီးဆီကနေ…. “ဖေဖေ… သူများတွေ ကြည့်နေတယ်” ဆိုတဲ့ အသံထွက်လာတော့ မဒမ်ပေါနဲ့ ကျနော့်မှာ ရယ်လိုက်ရတာလေ။ ကျနော်ပေါက်ကရလုပ်ရင် သူရှက်တတ်လာပြီ ဆိုတဲ့သဘော။ သမီးရဲ့ ပျော့ကွက်ကို ကျနော်သိလိုက်တာမို့ သူ့ကို နောက်စရာ တကွက်တိုးလာတဲ့သဘော။

ဒါတွင်ပဲလား။ ဘယ်ဟုတ်ဦးမလဲ။ ကျောင်းမှာ စာမေးပွဲအမှတ်တွေသိရတဲ့အခါ သမီးလာပြောတယ်ဆို ချက်ချင်းဆိုသလိုတော့ အတည်ပေါက် ချီးမွမ်းလိုက်ပါတယ်။ ဒါပေမယ့် တော်တော်လေးနေမှ “ဖေဖေ ငယ်ငယ်ကဆိုရင် ၁၀၀ ပေးရင် တရာအပြည့်ရတာ သိလား” လို့ သမီးမခံချင်အောင် ပြောတတ်တယ်။ သမီးကလည်း ကျနော်ပြောတာကို ယုံမယ်ထင်လို့လား။ ဝေးသေးတယ်။ သူ့အမေ (သို့မဟုတ်) သူ့အဖွားကို “အဲဒါ ဟုတ်သလားဟင်” လို့ သေချာအောင် လှမ်းမေးတတ်တယ်။ ဟိုက မျက်နှာကို ရှုံ့မဲ့ပြပြီး လက်ခါပြလိုက်ပြီဆိုရင် သူအရမ်းသဘောကျတယ်။

မနေ့ကလည်း ညဖက်မှာ အခန်းထဲကို ၀င်လာပြီး “မီးလေ… တရုတ်စာ(ဘာသာ)မှာ အမှတ် ၅၀ ပေးတာ ဖော်တီနိုင်းအင်ဟတ်လ်ဖ် (49.5) ရတယ်” လို့ လာပြောတယ်။

ကျနော်လည်း ထုံးစံအတိုင်း “ဖေဖေ ငယ်ငယ်ကဆိုရင် ၅၀ ပေးရင် ၅၀ အပြည့်ရတယ်” လို့ သမီးကို နောက်ပြောမလို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမယ့် သမီးမျက်နှာလေးက တည်တည်လေးဆိုတော့ ငါနောက်လိုက်ရင် ငါ့သမီး ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့သွားပါလိမ့်မယ်လေ ဆိုပြီး စိတ်ကောင်းလေး ၀င်လာတာနဲ့…..

“ဟား… သမီးတော်တာပေါ့။ ၅၀ ပေးတာ 49 and half ရတယ်ဆိုတော့…” လို့ အတည်ပေါက် ချီးကျူးစကားဆိုလိုက်တယ်။

အဲဒီမှာ သမီးက ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်မောရင်းက “နောက်ပြောတာ။ တရုတ်စာအမှတ်က မသိရသေးဘူး”……..တဲ့။

ကြည့်စမ်း။ ကိုယ့်ရှူးကိုယ့်ပတ်ဆိုတာ ဒါပဲ။ ဟင်း… ဒင်းကို ချီးကျူးတာ နည်းနည်း စောသွားတယ်။

Read more

“ကျေးဇူးတရား ဆိုရာဝယ်”

နအဖ စစ်အစိုးရက သတင်းစာတွေထဲမှာ သူ့ကိုယ်သူ ချစ်စနိုးလေးနဲ့ ရည်ညွှန်းပုံများ.. “နိုင်ငံတော်” တဲ့။

ဥပမာ ပြရရင်…“နိုင်ငံတော်ရဲ့ စေတနာကို နားလည်ကြဖို့”၊ “နိုင်ငံတော်အနေဖြင့် အကြိမ်ကြိမ် သည်းခံခွင့်လွှတ်ခဲ့ကြောင်း”၊ “နိုင်ငံတော်ရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်းယူပြီး”၊ “နိုင်ငံတော်ရဲ့ အမြော်အမြင်ကြီးမှုကြောင့်သာ”…. စသဖြင့်ပေါ့လေ။

နိုင်ငံတော် ဆိုလို့ ပြောရင်းနဲ့ မှတ်မိတာတခု ရှိသေးတယ်။ ညနေဖက် ရေဒီယိုကနေ လာတတ်တဲ့ စစ်သီချင်းတပုဒ်မှာဆိုရင်….

“နိုင်ငံတော်….
နိုင်ငံတော်…..
မထိနဲ့…….
မီးပွင့်သွားမယ်”
……တဲ့။

အဲသည် သီချင်းမှာ “နိုင်ငံတော်” ဆိုတဲ့ စာသားကို သရဲပူးသလို ကတုန်ကယင် အသံရှည်ဆွဲ ဆိုလာရာက “မထိနဲ့…” ဆိုတဲ့ နေရာအရောက်မှာ ၀မ်းခေါင်းသံကြီးနဲ့ ရုတ်တရက် ကြုံးအော်လိုက်ပုံများ ရေဒီယိုနားထောင်နေရင်းက ပက်လက်လန် လဲကျသွားမတတ် လန့်ဖြတ်သွားမိတယ်။

စစ်အစိုးရဟာ စစ်အစိုးရပေါ့။ ဘာ…နိုင်ငံတော်လဲ။ နိုင်ငံတော်လို့ ဆိုရအောင် ဒင်းတို့ကို ဘယ်ပြည်သူ၊ ဘယ်လူထုကမှ ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘူး။ အမေရိကန်တို့ ဘာတို့မှာလို State’s support, State’s involvement စသဖြင့် သုံးနှုန်းစရာအကြောင်းလဲ မရှိဘူး။

စစ်အစိုးရက အဲဒီလို သူ့ကိုယ်သူ နိုင်ငံတော်လို့ အမည်ပေးထားပြီး သူ့ကိုဆန့်ကျင်ရင်ပဲ နိုင်ငံတော်အပေါ် ဆန့်ကျင်ပုန်ကန်သူများ၊ နိုင်ငံတော်အပေါ်သစ္စာမရှိသူများ စသဖြင့် စွတ်စွဲချင်သေးတယ်။

နိုင်ငံတော်က သတ်သတ်။ စစ်အစိုးရက သတ်သတ်ပါ။ စစ်အစိုးရမဟုတ်ဘဲ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့အစိုးရဖြစ်နေပါစေဦး။ အဲသည်အစိုးရကို ဝေဖန်လို့ရပါတယ်။ အကြမ်းမဖက်နည်းနဲ့ ဆန့်ကျင်လို့ရပါတယ်။ အဲသည်အစိုးရအပေါ်မှာ သစ္စာစောင့်သိစရာမလိုပါဘူး။ ကျေးဇူးတရားဆိုတာ ဝေလာဝေး။ ကျေးဇူးတင်ရင်းတင်ရင် အစိုးရက သူ့ကိုရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူတွေကိုသာ ကျေးဇူးတင်ရမယ်။

အဲဒီလိုပဲ။ ကျေးဇူးတရားနဲ့ ပတ်သက်လို့ ကျနော်နှစ်သက်တဲ့ Singaporemind ဘလော့ဂ်မှာ စင်္ကာပူနိုင်ငံသား ဘလော့ဂါတယောက်ကလည်း သူ့အမြင်ကို ဟောဒီလို ရေးသားထားပါသေးတယ်။

(ကောက်နှုတ်ဘာသာပြန်ဆိုချက်)
“ အစိုးရအပေါ်ဝေဖန်တာကို ကျေးဇူးမသိတတ်ခြင်းနဲ့ လာရောက် ရောထွေးပြောဆိုနေတာကိုက ဒီလူတွေ မှားနေပြီ။ ဘလော့ဂါအများစုဟာ အောက်မှာ ဖော်ပြထားတဲ့ ကိစ္စတခုခုအတွက် အစိုးရကို ဝေဖန်ကြတာပါ။ စီးပွားရေးအရ တန်းတူညီမျှ မရှိခြင်း၊ လူနေမှုစားရိတ်မြင့်တတ်ခြင်း၊ ဆင်းရဲနွမ်းပါးသူများနဲ့ သက်ကြီးရွယ်အိုများအတွက် ထိရောက်တဲ့အကူအညီတွေ ချို့တဲ့နေခြင်း၊ ၀င်ငွေနည်းပါးသူများအတွက် အနည်းဆုံးလစာနှုန်းထား သတ်မှတ်ချက်မရှိခြင်း၊ ပြည်ပအလုပ်သမားအမြားအပြားကို ငှားရမ်းသုံးစွဲမှုကြောင့် မိမိနိုင်ငံသားအများစုအပေါ်မှာ သက်ရောက်တဲ့ ဆိုးကျိုးများကို ထောက်ပြလိုခြင်း တို့ကြောင့် ဖြစ်ပါတယ်။

အချို့ဘလော့ဂါများအနေနဲ့ မိမိတို့ အကျိုးစီးပွားအတွက် ဒီကိစ္စတွေအပေါ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့တောင်းဆိုတာဖြစ်ပြီး အများစုကတော့ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ စိတ်အရင်းခံရယ်၊ နောက်ပြီး စင်္ကာပူနိုင်ငံကို စင်္ကာပူနိုင်ငံသားတွေအတွက် နေချင့်စဖွယ် နေရာတခု ဖြစ်လာစေချင်တဲ့ ဆန္ဒကို အခြေခံပြီး အစိုးရကို ဝေဖန်ရေးသားနေကြတာဖြစ်ပါတယ်။

ဘာကြောင့် ဒီဘလော့ဂါတွေသာလျှင် အမှန်တကယ် ကျေးဇူးသိတတ်သူများဖြစ်ကြောင်းနဲ့ ဘယ်သူတွေဟာ ကျေးဇူးမသိတတ်သူတွေလဲ၊ ဘာကြောင့်လဲဆိုတာ ကျနော် ရှင်းပြပါ့မယ်။

အခု သက်ကြီးရွယ်အိုဖြစ်နေကြတဲ့ မျိုးဆက်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ကလေးသာသာ အရွယ်ပဲ ရှိကြပါမယ်။ ပညာကောင်းကောင်း မတတ်ကြပါဘူး။ ဒါပေမယ့် အလုပ်ကြိုးစားကြတဲ့ မျိုးဆက်ပါ။ သူတို့ဟာ ဆင်းရဲမွဲတေမှုအောက်မှာ ကြီးပြင်းလာခဲ့ကြတယ်။ ဒါပေမယ့် ၁၉၈၀ ခုနှစ်များဆီမှာ ကမ္ဘာ့ပထမတန်းစား လုပ်အားစုတရပ်အဖြစ် ကြိုးစားတက်လှမ်းနိုင်ခဲ့ကြတယ်။ အဲဒီ လုပ်အားစုတွေပါပဲ…. အလုပ်ခွင်မှာ တခါမှ သပိတ်မမှောက်ခဲ့ကြဖူးဘူး၊ အလုပ်ချိန်သုံးဆိုင်းကို မငြီးမငြူ လက်ခံခဲ့ကြတယ်။ လုပ်ခနည်းနည်းရတာတွေ၊ ပင်ပန်းတဲ့အလုပ်တွေ၊ ရှည်လျားတဲ့ အလုပ်ချိန်တွေ… ဘာတခုကိုမှ မငြင်းဆန်ခဲ့ကြဘူး။ အဲဒီအတွက် စင်္ကာပူဟာ ဒီကနေ့ ဒီလိုအနေအထားကို ရောက်လာခဲ့တယ်။

သူတို့ရဲ့ လုပ်အားကြောင့် စင်္ကာပူဟာ ဒီကနေ့ အခြေအနေ အောင်မြင်မှုကို ရရှိလာခဲ့ပြီး ကျနော်အပါအ၀င် ငယ်ရွယ်တဲ့ စင်္ကာပူမျိုးဆက်တွေဟာ သူတို့ရဲ့ ပေးဆပ်ခဲ့မှုအပေါ် ကျေးဇူးတင်မဆုံး ဖြစ်နေရာတာပေါ့။ ဒါကြောင့်မို့ ဒီလိုသက်ကြီးရွယ်အိုတွေအနေနဲ့ သူတို့ရဲ့ ဘ၀နေ၀င်ချိန်မှာ အလုပ်တွေ မရပ်မနား လုပ်နေရမယ့်အစား အေးအေးလူလူ အနားယူနိုင်စေချင်တာပေါ့။ ဒါကြောင့်မို့ စင်္ကာပူနိုင်ငံသား သက်ကြီးရွယ်အိုတွေ အိုကြီးအိုမကျမှ အမှိုက်ပုံးကို မွှေနှောက်ပြီး အလူမီနီယံ အအေးဘူးခွံတွေ ရှာဖွေနေတာကို မြင်ရတဲ့အခါ ကျနော့်ရင်ထဲ နာကျင်မိတာပေါ့။ ပီအေပီခေါင်းဆောင်တွေကတော့ ဒီအသက်အရွယ်အုပ်စုရဲ့ နိုင်ငံတော်အပေါ် ပေးဆပ်ခဲ့မှုတွေကို မေ့လျော့နေဟန်ရှိပြီး ဒီအိုကြီးအိုမတွေကို အင်အားချိနဲ့ပြီး မသန်မစွမ်းတော့တဲ့အချိန်အထိ အလုပ်ကို ပိုမိုကြိုးစားလုပ်ဖို့၊ အလုပ်ချိန်ပိုရှည်ကြာစွာလုပ်ဖို့ တိုက်တွန်းနေတာကို တွေ့ရတယ်။ သူတို့ကို လုံလောက်တဲ့ ကူညီမှုတွေ ပေးဖို့ကိုလည်း ငြင်းဆိုနေပါတယ်။

ကျနော်ဟာ စင်္ကာပူနိုင်ငံကို သန့်ရှင်းနေအောင် သန့်ရှင်းရေးအလုပ်သမားအဖြစ် တာဝန်ထမ်းနေကြတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံသားတွေ၊ ဘတ်စ်ကားဆရာတွေ၊ စာရေးစာချီတွေ… အစရှိတဲ့ ကျနော်တို့ စီပွားရေးရဲ့ ကျောရိုးသဖွယ်ဖြစ်တဲ့ အင်အားစုတွေကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလူတွေအနေနဲ့ အချိန်ပြည့်အလုပ်တွေအတွက် ထိုက်တန်တဲ့၊ သင့်တင့်လျောက်ပတ်တဲ့ လစာနှုန်းထားတွေ ရသင့်တယ်လို့ ယူဆပါတယ်။ လူနေမှုစားရိတ်တွေကတော့ မြင့်တက်သွားပြီး သူတို့ရဲ့ လစာတွေ၊ လုပ်အားခတွေကတော့ လျော့ကျသွားလို့ ယက်ကန်ယက်ကန် ရုန်းကန်နေရတဲ့ အနေအထားမှာ မထားရစ်ခဲ့သင့်ပါဘူး။

အလုပ်တွေ၊ ကုမ္ပဏီတွေဟာ သူတို့ပေးဆောင်ရတဲ့ မြင့်တက်လာတဲ့ နေရာငှားရမ်းခတွေ၊ ရေမီးသုံးစွဲခတွေ၊ မြင့်တက်လာတဲ့ အစိုးရ၀န်ဆောင်မှုနှုန်းထားတွေကို ကာမိအောင် စောစောက ပြည်သူတွေရဲ့ လုပ်ခတွေကို လျှော့ချနိုင်ဖို့ ပြည်ပက အလုပ်သမားတွေကို မနားတမ်း တင်သွင်းနေတာမျိုး မလုပ်သင့်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့လို လူငယ်ဘလော့ဂါတွေဟာ ဒီလူတန်းစားရဲ့ အရေးပါပုံနဲ့ ကျေးဇူးတရားကို နားလည်တဲ့အတွက် (သူတို့ကို ဆင်းရဲတွင်းမှာ နစ်မနေစေချင်တဲ့အတွက်) ဒီလူတွေအပေါ် ပိုမိုထိခိုက်နစ်နာစေတဲ့ စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ ပေါ်လစီကို ဝေဖန်ထောက်ပြနေရခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် စင်္ကာပူနိုင်ငံသားတွေအပေါ်မှာ ကျေးဇူးတရားမသိတတ်တာ ဘယ်သူတွေလဲ။
အဲဒီလူတွေဟာ နိုင်ငံခြားသားတွေကို ဒလဟော တင်သွင်းလိုက်ခြင်းအားဖြင့်သာလျှင် စင်္ကာပူကြီး တိုးတက်ဖွံ့ဖြိုးမယ်ဆိုပြီး လောင်းကြေးထပ် ကစားနေသူတွေဖြစ်တယ်။ သူတို့လုပ်ရပ်ကြောင့် သူတို့နဲ့ တနိုင်ငံတည်းသား စင်္ကာပူလူမျိုးတွေအတွက် မညီမျှတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေခဲ့တယ်။ အဲဒီကျေးဇူးမသိတတ်သူတွေဟာ ဘယ်သူတွေလဲဆိုရင် စင်္ကာပူနိုင်ငံကြီးကို ထူထောင်ရာမှာ စင်္ကာပူနိုင်ငံသားတွေရဲ့ ပေးဆပ်ခဲ့ရမှုတွေကို မေ့ပျောက်ထားကြသူတွေဖြစ်တယ်။ အဲဒီ ကျေးဇူးမသိတတ်သူတွေဟာ ဘယ်သူတွေလဲဆိုရင် စင်္ကာပူနိုင်ငံမှာ ၀င်ငွေကွာဟချက် အဆန်မတန်ကြီးထွားပြီး စင်္ကာပူမိသားစုအများအပြားကို ဒုက္ခရောက်အောင် ဖန်တီးသူများသာဖြစ်တယ်။ တချိန်တည်းမှာပဲ အဲဒီကျေးဇူးမသိတတ်သူများဟာ သူတို့အသက်မွေးဝမ်းကြောင်းအတွက် သူတို့ကိုယ် သူတို့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးလစာများ ပေးထားကြသူတွေဖြစ်တယ်။ သူတို့တတွေက ကျနော်တို့လို သာမန် စင်္ကာပူနိုင်ငံသားတွေအပေါ်မှာ ကျေးဇူးသိတတ်မှုလုံးဝမပြတဲ့အချိန်မှာ ကျနော်တို့က သူတို့ကို ဘာကြောင့်များ ကျေးဇူးပြန်တင်နေရဦးမလဲ။

မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။
Read more

“ကံမကောင်း အကြောင်းမလှခဲ့လျှင်ဖြင့်…”

စင်္ကာပူနိုင်ငံသားတယောက်ရဲ့ ဘလော့ဂ်မှာ အေအက်ဖ်ပီသတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုကလေးတခုကို သူ့မှတ်ချက်ကလေးတကြောင်းနဲ့ တင်ပြထားတာ မျှဝေလိုက်ပါတယ်။ အောက်က လင့်ခ်မှာ သွားကြည့်ပါ။ သူ့ပို့စ်အောက်က မှတ်ချက်တွေပါ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

What happens to people who fall through the cracks....
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs