“အောက်စ လွတ်တဲ့အခါ”

“အောက်စ လွတ်တဲ့အခါ”

မုသား အောက်စလွတ်တဲ့အခါ
အမှန်တရားဟာ ကွင်းကွင်းကြီးပေါ်လာတယ်။
မျက်နှာမလွှဲလိုက်ပါနဲ့။
ရဲရဲကြီး စိုက်ကြည့်လိုက်ပါ။

-ကိုပေါ-
(၂၁-၉-၂၀၁၀)

(မှတ်ချက်။........။ နေရာလွဲပြီး အသုံးချပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်အပေါ် တာဝန်မယူ။)
Read more

“၂၀၁၀ မယ်သီတာ”

“၂၀၁၀ မယ်သီတာ”

ဘီလူးကိုမြင်
လင်လုပ်ချင်ဆဲ။

မယ်သီတာ စည်းပြင်ထွက်လို့
နန့်နန့်တက်ကဲ။

-ကိုပေါ-
(၂၀-၉-၂၀၁၀)
Read more

“ကိုယ်လုံးတီးမို့ မကြည့်ရဲပါ”

မုသားက ဝတ်စုံပြည့်နဲ့
ပွဲတက်လာတယ်
သူ့နံဘေးမှာ ဝိုင်းဝိုင်းလည်လို့။

အမှန်တရားကြီး
ကိုယ်လုံးတီးနဲ့ ရပ်နေတာကိုတော့
မကြည့်ရဲကြသလို ရှောင်ဖယ်ဖယ်နဲ့။

-ကိုပေါ-
(၂၀၊ ၉၊ ၂၀၁၀)
Read more

“အရုဏ်ဦးကြောင့် ရူးတော့မည်”

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” အမည်ရသည့် သမိုင်းလိမ်ဝါဒဖြန့်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များ ပြည်ပသို့ လာရောက်ဖျော်ဖြေသောအခါ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန့်ကျင် ဆန္ဒပြကြသည့် သတင်းများ၊ အီးမေးလ်များ၊ ဓါတ်ပုံများကို ခုတလော နေ့စဉ်လိုလို ဖတ်နေရသည်။ မြင်နေရသည်။ ကြားနေရသည်။

ဤကိစ္စအပေါ်တွင် မတူညီကွဲပြားသည့် အမြင်များ အမျိုးမျိုး ထွက်ပေါ်နေသည်ကိုလည်း စိတ်ဝင်စားစွာ သတိပြုမိသည်။

ကျွန်ုပ်၏ သဘောထားကို ပြောရလျှင် ထိုကဲ့သို့သော ဝါဒဖြန့်ဇာတ်ကားတွင် အနုပညာရှင်များ ပါဝင်ခြင်းကို မနှစ်သက်ပါ။ ထိုသူတို့သည် နအဖ၏ ဖိအားပေးမှုကို လက်မခံနိုင်၍ နအဖအလိုကျ ပါဝင်သရုပ်ဆောင်ရသည်ဟု ဆင်ခြေပေးစေဦး၊ သူတို့သည် အဂတိတရားလေးပါးတွင် ဘယာဂတိ ဟူသော ကြောက်ရွံ့ခြင်းကြောင့် မမှန်ကန်သည့်ဖက်မှ ဘက်လိုက်ခြင်းအမှုကို ပြုမူခဲ့ကြသူများဖြစ်သည်။ အကယ်၍ အခွင့်အရေးလာဘ်လာဘအတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက ဆန္ဒာဂတိတည်းဟူသော အဂတိတရားကိုပါ ချိုးဖောက်ခြင်း မည်ပေသည်။ သမိုင်းကြောင်းကို သေချာမသိ၍ သဘောရိုးဖြင့် ဝင်ရောက်သရုပ်ဆောင်သည်ဆိုလျှင်လည်း မောဟဂတိကြောင့် ဘက်လိုက်ခြင်းအမှုကို ပြုခဲ့ရာရောက်လေသည်။

သို့သော် ထိုသူများအား ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြကြခြင်းနှင့် ပတ်သက်၍ကား ကျွန်ုပ်တွင် အတွေးပွားစရာ များစွာရှိပါသည်။ မရှင်းလင်းသည်များ၊ မေးခွန်းထုတ်စရာများ ရှိလာပါသည်။

ပထမဦးဆုံးအနေဖြင့် စဉ်းစားရန်ရှိသည်မှာ ဘယ်လို အနုပညာရှင်မျိုးတွေကို ဆန္ဒပြကြမှာလဲဆိုသည့် မေးခွန်း (သို့မဟုတ်) သတ်မှတ်ချက် (criteria) ဖြစ်သည်။ စစ်အစိုးရ ဝါဒဖြန့်ချီရေးယန္တရားတွင် ပါဝင်သူတိုင်းကိုသာ ဆန္ဒပြရလျှင် တင်သန်းဦးရိုက်ကူးသော “လှလေးစိန်” ဇာတ်ကားတွင် “လှလေးစိန်” အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ပြည်သူ့ဂုဏ်ရည်ဆုရှင် ရုပ်ရှင်သရုပ်ဆောင် ကျော်သူပင် ပြေးလို့ လွတ်မည်မဟုတ်။

အလားတူပင် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာ ဦးဝင်းငြိမ်းကြီး အမေရိကားသို့ လာရောက်သောအခါ ဝိုင်းဝန်းဆန္ဒပြရမလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော ရွှေအမြုတေမဂ္ဂဇင်းအပါအဝင် လစဉ်ထုတ်မဂ္ဂဇင်းတိုင်းလိုလိုတွင် ရှေ့ဆုံးစာမျက်နှာ၌ နအဖ၏ ဝါဒဖြန့် ဆောင်ပုဒ်များ၊ ကြွေးကြော်သံများကို ထည့်သွင်းဖော်ပြကြရသောကြောင့်ပင်တည်း။ ရွှေအမြုတေပရိသတ်လည်း ဝိုင်းစု ပရိသတ်ထက် သေးမည်မထင်ပါ။

ထိုမှတဖန် ထပ်၍ စဉ်းစားပြန်သော် နအဖ ကမကထလုပ်သော ပွဲလမ်းသဘင်များတွင် သီဆိုဖျော်ဖြေခြင်း မပြုဖူးသည့် အဆိုတော်များလည်း မရှိသလောက် ရှားလှပေသည်။ ထိုအဆိုတော်များ ပြည်ပထွက်လာလျှင်လည်း ဆန္ဒပြကြမည်လော။ ထို့အတူ ဗိုလ်ချုပ်ကြီးများအလည်အပတ်မလာခင် လမ်းများကောင်းမွန်နေစေရေးအတွက် နအဖ၏ အဓမ္မလုပ်အားပေးခိုင်းစေခံရသူများ၊ တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ဆင်ရာတွင် အသုံးချရန် ပေါ်တာအဆွဲခံရသူများအား ဆန့်ကျင်ဆန္ဒပြကြမည်လော။

ဤသည်ကား မည်သည့်အနုပညာရှင်များအား ဆန္ဒပြသင့်သနည်းဟု စဉ်းစားလိုက်သောအခါ အတွေးထဲတွင် ရှေးဦးစွာ ထွက်ပေါ်လာသည့် အချက်များဖြစ်သည်။ ဝိုင်းစုခိုင်သိန်းကတော့ နအဖ ခိုင်းစေသမျှ ခံကြရသူတွေထဲတွင်မှ သူမ တယောက်တည်း ကံကွက်ကျား၍ ဆန္ဒအပြခံရခြင်းမှာ အတော်ပင် ကံဇာတာ နိမ့်ပါးနေ၍ ဖြစ်ရချေမည်ဟု တွေးတောနေမည်လား မပြောတတ်။ (သူမတယောက်တည်းတော့ မဟုတ်။ ထိုဇာတ်ကားတွင် ပါဝင်သူအားလုံးဟု ပြောရချေမည်။)

မည်သူများအား ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်း၏ နောက်တွင် ဒုတိယ ကပ်လိုက်လာသည့်မေးခွန်းမှာ မည်သူတွေက ဆန္ဒပြသင့်သနည်းဆိုသည့် မေးခွန်းဖြစ်သည်။

လူအများနှင့် သက်ဆိုင်သော ကိစ္စများတွင် ကိုယ့်သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ဆန္ဒပြခွင့်ရှိသည်။ ဤအချက်ကို အားပေးသည်။ လက်ခံသည်။ ယုံကြည်သည်။ သို့သော် မေးခွန်းမှာ “ဆန္ဒပြသင့်သလော၊ မပြသင့်သလော” ဟူ၍ မဟုတ်ဘဲ “မည်သူတွေက ဆန္ဒပြသင့်သနည်း” ဆိုသည့် မေးခွန်းသာဖြစ်သည်။

ဤမေးခွန်းကို မေးရခြင်းမှာ အကြောင်းရှိသည်။ ပြည်ပ၌ လာရောက်နေထိုင်သူများတွင် နိုင်ငံရေးသမားဟောင်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များ၊ ကျောင်းသားများ၊ အလုပ်လုပ်ကိုင်သူများ စသဖြင့် လူမျိုးစုံပါဝင်သည်။ ယေဘုယျ ခြုံငုံပြောရလျှင် ထိုသူအားလုံးသည် ပြည်တွင်းမှ အခြေအနေအရပ်ရပ်ကို ဆက်လက် ခါးစည်းမခံနိုင်သဖြင့်၊ နအဖ၏ ဖိနှိပ်မှုကို ဆက်လက်မခံစားနိုင်တော့သဖြင့် လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာကြသူချည်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးနှင့်ဆက်နွယ်ဖူးသူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များမှာ နအဖ၏ နှိပ်ကွပ်မှုဒဏ်ကို မခံနိုင်တော့၍ ထွက်ပြေးလာကြသူများဖြစ်သည်။ ထိုအထဲတွင် တတိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသွားကြသော လက်နက်ကိုင်တော်လှန်ရေးသမားများလည်း အပါအဝင်ဖြစ်သည်။

ထိုသူများအနေဖြင့် မြန်မာ့အရေးကိစ္စများတွင် ဆက်လက်၍ စိတ်ဝင်စား ရှင်သန်နေခြင်း၊ မြန်မာပြည်နိုင်ငံရေးအခြေအနေအားပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဆက်လက်အားထုတ်နေခြင်းများအား အားပေးထောက်ခံပါ၏။ တချိန်တည်းမှာပင် စစ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်း၊ ပြည်ပအကူအညီများကို ရယူ၍ ပြည်တွင်းသို့ ပံ့ပိုးရန်ကြိုးပမ်းနေခြင်းများအတွက်လည်း ချီးကျူးပါ၏။ အားပေးထောက်ခံပါ၏။

သို့သော် အနုပညာရှင်များကို ဆန္ဒပြသည့် ကိစ္စတွင်မူ စဉ်းစားစရာတချက်ရှိနေသည်။ မိမိတို့ကိုယ်တိုင် ဖိနှိပ်မှုကို မခံနိုင်၍ ပြည်ပသို့ ထွက်ခွာလာပြီးမှ ပြည်တွင်းတွင် ကျန်ရစ်နေသေးသည့် အနုပညာရှင်များကို နအဖအား အာမခံရဲရကောင်းလားဟု အပြစ်တင်နေသည်မှာ နည်းလမ်းမကျဟု မြင်မိပါသည်။ ဥပမာပေးရသော် “အငှားဗိုက်နှင့် ဓားထိုးခံကြည့်ချင်သူများ” သဖွယ် ဖြစ်နေချေသည်။ တဖန် “ကုလားမနိုင်၍ ရခိုင်မဲ” ရာလည်း ရောက်နေသည်။ ပစ်မှတ်လွဲနေသည်ဟု တွေးမိပါသည်။ အကယ်၍ ဝိုင်းစုခိုင်သိန်းတို့အား ဆန္ဒပြသူများသည် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများမဟုတ်ဘဲ ပြည်တွင်းမှ ပရိသတ်၊ ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများဖြစ်ခဲ့သော် ယခုကဲ့သို့ မေးခွန်းထုတ်စရာ အကြောင်းမရှိပါ။

ပြည်ပတွင် နေထိုင်သူများအနေဖြင့် ပြည်တွင်းကလူများ လုပ်နေသည်ကို အားမလိုအားမရသူများရှိသော် ပြည်တွင်းသို့ ပြန်၍ ကိုယ်တိုင်ကိုယ်ကျ လုပ်ကြရန်သာရှိသည်။ ကိုယ်တိုင်မလုပ်နိုင်သည့်အရာကို သူတပါးအား လုပ်စေချင်နေခြင်းမှာ သိပ်တော့ နည်းလမ်းမကျ။

နောက်ဆုံးမေးခွန်းမှာ…. ဤသို့သော ပေါ်လစီဇာတ်ကားမျိုး၌ ပါဝင်သရုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကဲ့သို့ ကြီးလေးသည့် ပြစ်မှုမြောက်ပါရဲ့လော ဟူသည့် မေးခွန်းဖြစ်သည်။ နအဖ စစ်ဗိုလ်ချုပ်များ ပြည်ပသို့လာသည့်အခါ ကန့်ကွက်ဆန္ဒပြခြင်းကို နားလည်လက်ခံ၍ ရသည်။ ထောက်ခံအားပေးပါသည်။ နအဖနှင့် အလိုတူအလိုပါ ကိုယ်ကျိုးရှာ စီးပွားရေးသမားများ ပြည်ပသို့ လာရောက်ခွင့်ဗီဇာကို ပိတ်ပင်ခြင်းအားလည်း နားလည်ထောက်ခံနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုစီးပွားရေးသမားများမှာ နအဖနှင့်ပေါင်းကာ ပြည်သူလူထုကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူများ ဖြစ်သောကြောင့်တည်း။ သို့သော် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပါဝင်သရုပ်ဆောင်ရသော အနုပညာရှင်များကို ပြည်ပတွင်နေထိုင်သူများက ကန့်ကွက်ဆန္ဒပြခြင်းသည် တရားမျှတပါရဲ့လော စဉ်းစားစရာဖြစ်သည်။ ဝါဒဖြန့် ပေါ်လစီကားများတွင် သရုပ်ဆောင်ခြင်းကို စစ်အစိုးရလက်ပါးစေဟု သတ်မှတ်သင့်၊ မသတ်မှတ်သင့်ဆိုသည်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ အထူးပြကျွမ်းကျင်သူများ ဝင်ရောက်ဆွေးနွေးသင့်သည်ဟု ထင်မြင်မိပါသည်။

မလွတ်လပ်သော နိုင်ငံများတွင် စစ်ကြောရေး၊ သို့မဟုတ် ရဲလက်တွင် နှိပ်စက်မှုကို မခံနိုင်တော့၍ မိမိမကျူးလွန်ခဲ့သော အမှုကို ကျူးလွန်ပါသည်ဟု ဝန်ခံကတိ လက်မှတ်ထိုးသူများစွာရှိသည်။ ထိုရဲစစ်ချက်တခုတည်းအပေါ် မူတည်ပြီး ထိုသူအား ပြစ်မှုထင်ရှားစီရင်လိုက်လျှင် အပြစ်စီရင်ခံရသူအနေဖြင့် နစ်နာပေသည်။ အလားတူပင် မလွတ်လပ်သော အခြေအနေတခု၌ မိမိဆန္ဒနှင့်ဆန့်ကျင်ကာ ဖိအားပေးသဖြင့် လုပ်ဆောင်လိုက်ရသော အလုပ်တခုအတွက် မည်သို့ အရေးယူမည်နည်း။ အထူးသဖြင့် ထိုအမှုသည် ရာဇဝတ်မှုမမြောက်သည့်ကိစ္စဆိုလျှင် မည်သို့တုန့်ပြန်ကြမည်နည်း။

ကျွန်ုပ်သဘောအရမူ ဝါဒဖြန့်ဇာတ်ကားများနှင့်ပတ်သက်၍ နအဖက ဝါဒဖြန့်လျှင် မိမိတို့ကလည်း တုန့်ပြန်၍ အမှန်တရားကို ပြန်လည် ဖြန့်ဝေကြမည်။ နအဖမှာ လက်ရှိအာဏာကို ကိုင်စွဲထားသူများဖြစ်၍ ဝါဒဖြန့်ချီရေးယန္တရားတွင် တပန်းသာသည်ဟုဆိုနိုင်သည်။ သို့သော် မိမိတို့က တပန်းသာသည်မှာ လူထုက စစ်အစိုးရကို မယုံကြည်။ တက်ကြွလှုပ်ရှားသူများအနေနှင့် သစ္စာတရားကို လက်ကိုင်ထားပြီး မုသားများကို တုန့်ပြန်ချေပကြမည်ဆိုလျှင် မိမိတို့က အသာစီးရနိုင်သည်။ ဤသို့ချေပရာတွင် အနုပညာရှင်များအား ပြည်ပမှနေ၍ ဆန္ဒပြခြင်းထက် လူထုကို စည်းရုံး၍ လူထုအင်အားသုံးကာ အမှန်တရားကို ဖြန့်ဖြူးမည်ဆိုလျှင် ပိုမိုထိရောက်မည်ထင်သည်။ မိမိက ပြည်ပရောက်နေလျှင်လည်း ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် အစွမ်းကုန်ကူညီသင့်သည်။ ဤသို့ဆိုလျှင် စစ်အစိုးရ၏ ဝါဒဖြန့်ဇာတ်ကားများကို ဂရုစိုက်စရာမလိုဟု မြင်မိပါသည်။
Read more

ဖောရှောယဉ်ကျေးမှုနှင့် ဖောရွှေတို့ရွာ

မြန်မာဘလော့ဂ်ကွန်မင့်ကဏ္ဍများတွင် “မှတ်သားသွားပါတယ်။ နာယူသွားပါတယ်” စသည့် ကွန်မင့်များကို အတည်ပေါက်ကြီးရေးနေသူတွေ အတော်များသည်။ ထိုသူများ ပြောသည့်အတိုင်းသာ အမှန်တကယ် မှတ်သားနာယူသွားသည်မှန်ပါက ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ပညာယှိကြီးများ ပြည့်နှက်နေသော နိုင်ငံတနိုင်ငံသာဖြစ်ချိမ့်မည်။ ကျွန်ုပ်မူကား ၄င်းတို့ “ဖောရှော” လုပ်နေသည်ဟုသာ ထင်မိသည်။ ထို့သို့ ဖောရှောလုပ်သောသူများနှင့် ပြည့်နှက်နေသော ဖောရွှေတို့၏ နိုင်ငံတော်ကြီးသည် သာယာပါရဲ့လားဟု ဆင်ခြင်ကြည့်လိုက်သော်....

“ဖောရွှေတို့ရွာ”

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ရွာလယ်လမ်းမှာ
အနှိပ်ခန်းနဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါပေ ညနေစောင်းရင်
ခြင်မောင်းကွဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် အိမ်အထွက်မှာ
မီးစက်နဲ့လေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် အင်တာနက်မှာ
လိပ်ထက်ပင်နှေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ဖုန်းရယ်ဆက်လို့
လိပ်ခေါင်းထွက်သေး။

ဖောရွှေတို့ရွာ သာပါစမေး။
သာပါတယ် ကျောင်းတကယ်ဖွင့်မှ
မြို့ပြနဲ့ဝေး။

ဖောရွှေတို့ရွာ သာပါစမေး
သာပါတယ် ဟိုကြပ်ပြေးမှာ
လောက်တွေနဲ့ဖွေး။

-အမည်မသိ ဘလော့ဂ်စာဆို-

Read more

“အလောင်းစည်သူ ပြန်လာပြီ”

(ငယ်ငယ်က ဖတ်ခဲ့ဖူးသော ကာတွန်းမောင်ဝဏ္ဏ၏ “လူကြီးလူကောင်း” ကာတွန်းဇာတ်လမ်းအား ဇာတ်ကောင်များအစားထိုး၍ မှတ်မိသလောက် ဘလော့ပိုစ့်အနေနှင့် ပြန်လည် ဆန်းသစ်ထားပါသည်။ ဤဇာတ်လမ်းတွင် ပါသော လူများ၊ နေရာများမှာ အစစ်အမှန်မဟုတ်ဘဲ စာရေးသူ၏ စိတ်ကူးထဲတွင် ဖန်တီးထားသော ဇာတ်ကောင်များ၊ နေရာများသာဖြစ်ပါသည်။ တိုက်ဆိုင်မှုရှိက ခွင့်လွှတ်ကြပါကုန်။)

တနေ့သ၌ တပ်ချုပ်ကြီးသည် ဂြိုဟ်တုမှ ထုတ်လွှင့်သော ဘောလုံးပွဲကြည့်နေရင်း သူအားပေးသောအသင်းက ဂိုးသွင်းလိုက်သဖြင့် ထိုင်ရာမှ ထ၍ လက်ပမ်းပေါက်ခတ်ရာ သက်တော်ကြီးရင့်ပြီ ဖြစ်သဖြင့် ဘွတ်ကနဲ လေလည်မိသွားလေသည်။

“အဟိဟိ” “ခစ်ခစ်ခစ်”

ဘေးတွင် ဘောလုံးပွဲအတူ ထိုင်ကြည့်နေသော သူရရွှေပန်း၊ သာအေး၊ သာဂိ စသည့် ဗိုလ်ချုပ်ကြီးများထံမှ ရယ်သံများ ထွက်လာလေသည်။

တပ်ချုပ်ကြီးက စိတ်ဆိုးမာန်ဆိုးဖြင့် လှည့်ကြည့်လိုက်ပြီး…. “မင်းတို့က ဘာရီတာလဲကွ” ဟု မေးလိုက်၏။(မှတ်ချက်။……..။ဤနေရာတွင် ဘာရယ်တာလဲ ဟု ဖတ်ပါရန်။ တော်ကြာ ဘလော့ဂါ ရီတာကို မေးသည်ဟု ထင်မှတ်မှားမည် စိုးသဖြင့်)

သူရရွှေပန်း (ကပျာကယာဖြင့်)။.........။ ဟို..ဟို... ရယ်တာမဟုတ်ပါဘူး... အဘ။ ဝမ်းထဲက ကျလိကျလိ ဖြစ်လာလို့ ပါးစပ်ကနေ အဟိအဟိ မြည်သွားတာပါ။

တပ်ချုပ်ကြီး။……..။ အေး…. မင်းတို့ ရူးကြောင်မူးကြောင် လုပ်မနေကြနဲ့။ ကြပ်ပြေးတောင်ခြေမှာ စပိုက်ဒါမင်း အဝတ်အစားနဲ့ လူဆိုးတယောက် သောင်းကျန်းနေတယ်ကြားတယ်။ အဲဒါ မင်းတို့ နောက်တနေ့ညနေ သွားပြီး လက်ရဖမ်းချေကြ။

ဘောလုံးပွဲပြီး၍ ဗိုလ်ချုပ်ကြီးများ အပြင်သို့ ထွက်လာကြသောအခါ အချင်းချင်း ဤသို့ တီးတိုးတိုင်ပင်ကြလေသည်။

“အဘတော့ ငါတို့ရယ်လိုက်တာနဲ့ ရှက်ရမ်းရမ်းပြီး အလောင်းစည်သူမင်းကြီး အထာချိုးနေပြီ။ မနက်ဖြန်ကျရင် သူကိုယ်တိုင် စပိုက်ဒါမင်းအဝတ်အစားဝတ်ပြီး ရုပ်ဖျက်လာလိမ့်မယ်။ ဖိုက်တင်ပလေးကြရင် တကယ် မလုပ်နဲ့။ သူစိတ်ကျေနပ်အောင် မင်းတို့ ဟန်ဆောင်ပန်ဆောင် ဖိုက်ပြီး လှဲချပြလိုက်…ကြားလား”

ဤသို့ဖြင့် နောက်တနေ့ နေဝင် တယောကိုတင်ရီ အချိန်တွင်…အဲ… နေဝင်ရီတရောအချိန်တွင် ရွှေပန်း၊ သာအေး၊ သာဂိ စသည့် အမိုက်တကာ့ဗိုလ်မင်း၊ အဖျဉ်းတကာ့ဗိုလ်ချုပ်၊ အပယ်လေးလီ မြစ်နဒီတွင် ပလုံစီအောင် ငုပ်မည့် လူရှုပ်ကြီးများသည် ဒဂုံဂျစ်၊ မြန်မာဂျစ် စသည့် ခေတ်မီမော်တော်ကားကြီးများ ကိုယ်စီဖြင့် ကြပ်ပြေးတောင်ခြေတွင် ပုန်းအောင်း၍ အသင့်စောင့်နေကြလေသည်။

အီးတညှစ်မျှ ကြာသောအခါတွင် (စစ်ရေးပြအခမ်းအနားများတွင် သုံးသော) အမိုးဖွင့် ကားနက်ကြီးကို စီးလျက် စပိုက်ဒါမင်း အဝတ်အစားကို ဝတ်ဆင်ထားသော တပ်ချုပ်ကြီး ပေါက်ချလာလေသည်။

သာအေး၊ သာဂိ၊ ရွှေပန်းတို့လည်း ပုန်းအောင်းနေရာက အသီးသီးထွက်ကြပြီး စပိုက်ဒါမင်းကို ဖမ်းရန် ကြိုးစားကြလေသည်။ စပိုက်ဒါမင်းလည်း အမိုးဖွင့်ကားကို ကပ်တုံ၊ ခွာတုံ၊ ရပ်တုံ၊ ဘက်ဂီယာထိုးတုံ အမျိုးစုံဖြင့် မရိုးရအောင် ကားရေးပြလေသည်။ နောက်ဆုံးတွင် ကားပေါ်မှ အသီးသီးဆင်းလာကြပြီး မြေပြင်ပေါ်တွင် (ကြက်ဖခွပ်သလို) ဖိုက်တင်ပလေး ကြလေသည်။ သာအေးတို့လည်း တင်ကြိုတိုင်ပင်ထားသည့်အတိုင်း အယောင်ပြသာ ဖိုက်ကြပြီး စပိုက်ဒါမင်းက လက်သီးထိုးလိုက်သည့်အခါ မထိမီကပင် “အားကနဲ” “အီးကနဲ” အော်ဟစ်ငြီးတွားကာ အသီးသီး ပစ်လှဲပြကြလေသည်။ နှပ်တညှစ်ခွဲခန့်အတွင်းမှာပင် သာအေးတို့လူစု မြေပေါ်သို့ အတုံးအရုံး လဲကျ ကုန်တော့သတည်း။

ထိုအခါမှ စပိုက်ဒါမင်းလည်း ကားနက်ကြီးပေါ်သို့ ပြန်တက်သွားပြီး… “ဝူးထွားဟားဟား။ စပိုက်ဒါမင်းတဲ့ဟေ့…တမင်းပဲရှိတယ်။ နှစ်မင်းရှိရင် စင်ပြိုင်အစိုးရတောင် ပြည်တွင်းမှာ မနေနိုင်ဘူး။ ထွက်ပြေးရတယ်။” ဟု အသံနက်ကြီးဖြင့် ရယ်မောလျက် မိုင်ကုန်မောင်းကာ ထွက်ခွာသွားလေသည်။

စပိုက်ဒါမင်းမြင်ကွင်းမှ ပျောက်ကွယ်သွားသော် သာအေးတို့လူစုလည်း မြေကြီးပေါ်က အသီးသီးထပြီး အူနှိပ်ကာ ရယ်မောကျန်ရစ်ခဲ့ကြလေသည်။

“ဟားဟားဟား။ တပ်ချုပ်ကြီးတော့ ငါတို့ရဲ့ အကယ်ဒမီရှော့တ်တွေကို တကယ် အဟုတ်ထင်ပြီး စိတ်ကြီးဝင်သွားပြီ။ ဧကန္တ အလောင်းစည်သူမင်းကြီးလည်း ငါတို့လို အကယ်ဒမီအဖွဲ့တွေနဲ့ တွေ့သွားတာပဲ ဖြစ်ရမယ်…ဟားဟား”

နောက်တနေ့ လေးလပတ် အစည်းအဝေးသို့ ရောက်သောအခါ သူရရွှေပန်းတို့ လူစုအား တပ်ချုပ်ကြီးက မေးလေသည်။

“ဘယ့်နှယ့်လဲကွ။ မင်းတို့ လူဆိုးကို ဖမ်းမိခဲ့ရဲ့လား”

သူရရွှေပန်းတို့လည်း ကြိုတင်တိုင်ပင်ထားသည့်အတိုင်း….. “မှန်ပါ။ ဤလူဆိုးသည် လူမက နတ်တမျှ စွမ်းလှကြောင်းပါ။ ကျနော်တို့မှာ အနားမျှပင် မကပ်နိုင်ဘဲ နောက်ဆုံး အလဲလဲ အကွဲကွဲဖြင့် ရှုံးနိမ့်ပြီး ပြန်ခဲ့ရပါသည်” ဟု လျှောက်ထားကြလေသည်။

ဤအခါတွင်မှ တပ်ချုပ်ကြီးလည်း…. “အိမ်း….. နင်တို့ ငါ့ကို အိုပြီ ထင်ကြသည်။ ငါမအိုသေး။ တပ်ထဲမှာ မဲဖောက်ပေးမယ့် မုဆိုးမ ရှိသေးရင် နောက်ထပ် ဆယ်ယောက်လောက် ထပ်ပြီး ယူပြနိုင်သေးတယ်….အဟေးဟေး”

ရွှေပန်း၊ သာအေး၊ သာဂိ စသည့် ဗိုလ်ချုပ်ကြီးများလည်း ပြင်းစွာ ကြောက်လန့် ခန့်ညားရိုသေကြလေသည်။ (တကယ်မလန့်လည်း လန့်သည့်သဏ္ဍာန် အကယ်ဒမီ အိုက်တင်များကို ပေးကြလေသည်။)

ထိုအခိုက် သာအေး၏ နဖူးကို လောက်စာလုံးတလုံး အရှိန်ပြင်းစွာ လာမှန်လေသည်။

“ဟေ့ ဘယ်ကောင်လဲကွ။ လေးလပတ်အစည်းအဝေးလုပ်နေတဲ့နေရာမှာ လေးဂွ လာသရမ်းတာ”

“ကျုပ်ပစ်လိုက်တာပဲဗျ…ဘာလုပ်ချင်သလဲ”

အသံကြား၍ အားလုံး လှည့်ကြည့်လိုက်သောအခါ အစည်းအဝေးခန်းမ အဝင်ဝတွင် လေးဂွကို လက်တဖက်က ကိုင်စွဲလျက် ရပ်နေသော မြေးတော် မျောက်လောင်းကလေး ဖိုးလောက်လန်း ကို တွေ့လိုက်ကြရသည်။

တပ်ချုပ်ကြီး။………..။ မြေးတော်လေး။ ဘာကြောင့် လေးဂွနဲ့ ပစ်ရသလဲ။

ဖိုးလောက်လန်း။……….။ မှန်လှပါ ဖိုးဖိုး။ ဒီလူတွေ ဖိုးဖိုးကွယ်ရာမှာ အတင်းတုပ်နေကြတာတွေ့ရတယ်။ သူတို့ အကယ်ဒမီအိုက်တင်နဲ့ ပတ်ချလိုက်တာ ဖိုးဖိုးတော့ ခံလိုက်ရပြီတဲ့။ နောက်ပြီး ပြောသေးတယ်။ အလောင်းစည်သူမင်းကြီးလည်း သူတို့လို အကယ်ဒမီသရုပ်ဆောင်တွေနဲ့ တွေ့သွားတာလို့ ပြောပြီး ဟားနေကြတယ်။

ဤမှာပင် တပ်ချုပ်ကြီးလည်း သူ့လူများ၏ မရိုးသားပုံကို ရိပ်မိသွားပြီး….

“မင်းတို့ ဒီလောက်တောင် အကယ်ဒမီ အိုင်တင်ပေးချင်တဲ့ကောင်တွေ၊ အရပ်ဝတ်ပြောင်းပြီး သရုပ်ဆောင်သင်တန်းတက်ပေတော့” ဟုဆိုကာ ရွှေပန်း၊ သာအေး၊ သာဂိတို့အား စစ်ဖက်ရာထူးအသီးသီးမှ အနားပေးလိုက်လေသတည်း။

ဒီကနေ့ တနေ့တည်း တင်ဖြစ်တဲ့ ရှေ့က တပို့စ်ကို ဖတ်ရန်။

ရေနစ်သူကို ကယ်ကြရာဝယ်
Read more

ရေနစ်သူကို ကယ်ကြရာဝယ်

လူတယောက် ရေနစ်နေပြီဆိုရင် ဘယ်လိုကယ်မလဲ။ ရေနစ်သူကို ကယ်ဖို့ ကယ်သူကိုယ်တိုင် ရေကူးတတ်ဖို့ လိုသလား။ ဒီမေးခွန်းကို အဖြေတခုတည်းနဲ့ ဖြေဖို့ မလုံလောက်ဘူး။

ပထမဦးဆုံး မေးခွန်းတခုတော့ ပြန်မေးရမယ်။ ဘယ်နေရာမှာ ဘယ်လိုနစ်နေသလဲ ဆိုတာကိုပေါ့။

ရေချိုးခန်း ကြွေကန်(bathtub)ထဲမှာ ရေစိမ်ရင်း နစ်တာဆိုရင်တော့ ဒါဟာ ရေချိုးနေရင်း သတိလစ်သွားတာ၊ လေသင်တုန်းဖြတ်သွားတာဖြစ်ဖို့များတယ်။ ရေတိမ်နစ်တယ်လို့လည်း ပြောချင်ပြောနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာ ကယ်သူအဖို့ ရေကူးတတ်ဖို့မလိုဘူး။ ကြွေကန်ထဲက ရေကို ဖောက်ထုတ်ချပြီး ဆေးရုံလူနာတင်ကားကို ဖုန်းဆက်ခေါ်တတ်ဖို့ပဲ လိုလိမ့်မယ်။

တခါ ကမ်းနဲ့ မနီးမဝေးမှာ နစ်နေတာမျိုးဆိုရင်လည်း ကယ်သူကိုယ်တိုင်က ရေမကူးတတ်ပေမယ့် ဘောကွင်းပစ်ချပေးတာတို့၊ ကြိုးရှည်ရှည်နဲ့ ကြိုးစကို ပစ်ချပေးတာမျိုး၊ ဝါးလုံးလို ရှည်မျောတဲ့အရာတခုနဲ့ ရေနစ်သူလှမ်းဆွဲနိုင်ဖို့ ကမ်းလင့်ကူညီပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ဝါးလုံးကမ်းတဲ့နေရာမှာ ရေနစ်သူကို ဝါးကူထိုးဆိုသလို ကယ်ရာမရောက် ထိုးနှစ်ရောက်တဲ့ အဖြစ်မျိုးကို ရှောင်ရှားဖို့ပါပဲ။

ကယ်သူက လှေပေါ်ကဆိုရင်လည်း ရေနစ်သူကို ကယ်တဲ့နေရာမှာ ကယ်သူကိုယ်တိုင် ရေကူးတတ်ခြင်း မကူးတတ်ခြင်းက အရေးမပါလှပါဘူး။ ကယ်ချင်တဲ့ စေတနာကသာ အရေးပါတော့တယ်။ တချို့လည်း လူကိုတော့ မကယ်ဘဲ ရေနစ်သူလက်က လက်ပတ်နာရီတို့ လက်စွပ်တို့လို အဖိုးတန်ပစ္စည်းလေးတွေကိုပဲ ရွေးကယ်သွားတာမျိုး ရှိတတ်တယ်။

တကယ်လို့ ရေနစ်တဲ့နေရာမှာ ဘောကွင်း၊ ဝါးလုံးရှည်၊ ကြိုးရှည်ရှည် စသဖြင့် ပစ်ပေးစရာ၊ ကမ်းပေးစရာ မရှိဘူးဆိုရင် ကိုယ်တိုင် ရေကူးပြီး ဆင်းကယ်ရမယ့်အဖြစ်မျိုးတွေ ကြုံလာနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ကယ်ချင်သူအဖို့ ရေကူးတတ်ဖို့ လိုလာပါပြီ။ ကိုယ်တိုင်ရေမကူးတတ်ဘဲ ဆင်းကယ်လို့ကတော့ တလောင်းကနေ နှစ်လောင်း ဖြစ်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ရေကူးတတ်တာတောင်မှ သက်လုံကောင်းဖို့တို့၊ ကယ်တဲ့ နည်းစနစ်မှန်ဖို့တို့ လိုပါလိမ့်ဦးမယ်။ ဘာကြောင့်လဲဆိုတော့ ရေနစ်သူဟာ ကြောက်အားလန့်အားနဲ့ အတင်းတွယ်ဖက် တက်တတ်ပြီး အခန့်မသင့်ရင် ကယ်သူပါ နှစ်ယောက်လုံး ရုန်းရင်းဆန်ခတ်နဲ့ နစ်မြုတ်သွားတတ်လို့ပါ။

အညာမှာ အလယ်တန်းကျောင်းတက်နေစဉ်က မုန်းချောင်းတဖက်ကမ်းကနေ ကျောင်းလာတက်တဲ့ ကျောင်းသူတချို့နဲ့ ဆရာတယောက်ပါတဲ့ လှေ၊ ချောင်းထဲမှာ နစ်တယ်။ တခြားလှေတွေ လာကယ်တာမြန်လို့ အသေအပျောက်တော့မရှိ။ ဒါပေမယ့် ကျောင်းသူနှစ်ယောက်ဟာ ကြောက်အားလန့်အားနဲ့ ဆရာ့အပေါ် အတင်း ဖက်တွယ်တက်ကြတော့ ဆရာ့ခမြာ ရေအောက်မှာ အချိန်တော်တော်များများ ရောက်နေပြီး ကုန်းပေါ်ရောက်တော့ မြော့မြော့ပဲ ကျန်တယ်။ ကံကောင်းလို့ မသေတယ်။

ရုပ်ရှင်တွေထဲမှာတော့ အဲသည်လို ကယ်တုန်းမှာ ရုန်းကန်နေရင် ကယ်သူက ရေနစ်သူရဲ့ ဇက်ပိုးကို လက်ဝါးစောင်းနဲ့ တချက်ခုတ်ချလိုက်တာကို ပြတယ်။ အကယ်ခံရမယ့်သူ သတိလစ်ပြီး ငြိမ်ကျသွားမှ အသာဆွဲပြီး ကယ်လာတယ်။ ဒီနည်းကလည်း အငြင်းပွားဖွယ်ပါပဲ။ မတော်လို့ ရိုက်တာ လက်လွန်သွားခဲ့ရင် ရေနစ်လို့မသေ၊ လက်ဝါးစောင်းဒဏ်ကြောင့် သေသွားတာမျိုး ဖြစ်သွားနိုင်လို့ပါ။ (ဒီနေရာမှာ ရုရှားက ကဇာတ်ရုံကို အကြမ်းဖက်သူတွေက စီးနင်းပြန်ပေးဆွဲထားတော့ ရုရှားကယ်ဆယ်ရေးအဖွဲ့တွေက ကဇာတ်ရုံထဲကို ဓါတ်ငွေ့လွှတ်ပြီး ကယ်တာကို သတိရမိတယ်။ အဲသည်တုန်းက ဓါတ်ငွေ့လွှတ်တာများသွားလို့ ဓားစာခံအတော်များများ သေကြေပျက်စီးခဲ့ကြတယ်။) ဒါကြောင့် ရေကူးသင်တန်းပေးတဲ့အခါ လက်ဝါးစောင်းကို အနေတော်ခုတ်တတ်အောင်ပါ ပူးတွဲ သင်တန်းပေးသင့်ပါတယ်။

သောင်ကမ်းနဲ့ အလှမ်းဝေးတဲ့နေရာမှာ ရေကူးတတ်သူရော၊ မကူးတတ်သူပါ ရေထဲကို တပြိုင်တည်း ကျရောက်နေတယ်ဆိုပါတော့။ ရေကူးတတ်သူဟာ သူ့ဘာသူ ကိုယ်လွတ် ကူးသွားရင် ကမ်းကို ရောက်နိုင်သေးတယ်။ ရေမကူးတတ်သူကို ကယ်တင်မယ်ဆိုရင် နှစ်ယောက်လုံးသေဖို့များတယ်။ ဒီလိုအခြေအနေမျိုးမှာ ကယ်မှာလား၊ မကယ်ဘူးလား။ ဘယ်လမ်းကို ရွေးမလဲ။ တိုက်တန်းနစ်ဇာတ်ကားထဲမှာ လီယိုနာဒို က ကိတ်တ်ဝင်းစလက်ကို ပျဉ်ပြားလေး ပေးလိုက်ပြီး သူကတော့ ရေထဲမှာ ကျန်ရစ်ခဲ့တဲ့ မြင်ကွင်းလေးကို သတိရမိတယ်။

မကူးတတ်သူတွေက အများကြီး။ ကူးတတ်သူက တယောက်တည်းဆိုရင်လည်း ကြယ်ငါးကောက်တဲ့ ဥပမာလို တယောက်ကိုပဲ ကယ်နိုင်မယ့် အနေအထားမျိုးလည်း ဖြစ်လာနိုင်ပါသေးတယ်။

ကမ်းမမြင်လမ်းမမြင်မှာ ရေထဲကို ရောက်နေပြီး ကူးတတ်တဲ့လူလည်း တယောက်မှ မပါ၊ အသက်ကယ်အင်္ကျီလည်း မပါဘူးဆိုရင်တော့ အားလုံး မကြာခင်မှာ နစ်မွန်းကြရကိန်းပါပဲ။

P.S… ရေကူးသင်တန်းတက်လိုသူများ ပိတောက်ရိပ်ဘလော့ဂ်ပိုင်ရှင် ကိုပေါထံသို့ အီးမေးလ်ဖြင့် စုံစမ်းကာ စာရင်းပေးနိုင်ပါသည်။ လူဦးရေကန့်သတ်ထားသည်။ လာသလောက်သာ လက်ခံမည်။း-)
Read more

ကြားကြားသမျှ

(၁) တရုတ်ပြေးမင်း

မြန်မာရာဇဝင်ထဲက တရုတ်ပြေးမင်းအကြောင်း အခုတလော အတွေးထဲကို ရောက်နေတယ်။ ရာဇဝင်ကို မဖတ်ဖူးတဲ့လူဆိုရင်တော့ တရုတ်ပြေးမင်းဆိုတာ… ကိစ္စကြီးငယ်ရှိတိုင်း တရုတ်ပြည်ကိုပြေးပြီး သံတော်ဦးတင်တတ်တဲ့ ဘုရင်လား၊ ဒါမှမဟုတ် တရုတ်တွေကို ကြောက်ပြီးထွက်ပြေးရတဲ့မင်းလား၊ ဒါမှမဟုတ် သူ့ကိုကြောက်လို့ပဲ တရုတ်တွေ ထွက်ပြေးရတဲ့မင်းလား စသဖြင့် သို့လော သို့လော ဖြစ်စရာပါ။

အဲသည်မင်းက အကျင့်မကောင်းဘူးလို့ သိရတယ်။ သူ့ကို မင်းခွေးချေးလို့လည်း ခေါ်ကြသေးတယ်။ ပွဲတော်တည်ရင် (ထမင်းစားရင်) ဟင်းခွက် ၃၀၀ ပြည့်မှ တည်တတ်တယ်လို့လည်း သိရတယ်။ အမြော်အမြင်မရှိဘူး။ ကျေးဇူးမသိတတ်ဘူး။ ရက်စက်တယ်…..စတဲ့ အရည်အချင်းများနဲ့ ပြည့်စုံသူလို့လည်း မှတ်သားရပါတယ်။

ရာဇဝင်ထဲက မင်းခွေးချေး ခေါ် တရုတ်ပြေးမင်းအကြောင်းပါ။ ဘာကြောင့် အခုတလောမှ ခေါင်းထဲရောက်လာသလဲ မစဉ်းစားတတ်အောင်ပဲ။

(၂) တရားစီရင်ရေး နည်းလမ်းနှစ်မျိုး

တရားရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီး မြန်မာ့အသိုင်းအဝိုင်းမှာ ပြောကြတဲ့ စကားကို ငယ်ငယ်က ဖန်တရာတေအောင် ကြားဖူးတယ်။

“ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” ဆိုတဲ့စကား။ ဘာအဓိပ္ပါယ်နဲ့ ပြောသလဲဆိုတာ ငယ်ငယ်က သဘောမပေါက်ဘူး။ အခုမှ သဘောပေါက်တယ်။

စစ်အစိုးရ (နအဖ) လက်ထက်မှာ စစ်တပ်က ကျူးလွန်သမျှ ရာဇဝတ်မှုတွေဆိုရင် “ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” လုပ်ရုံတင်မက ကြီးသည့်အမှုကိုပါ ပပျောက်အောင် လုပ်နေတာကို တွေ့နေရတယ်။

ပဲခူးမှာ လူငယ်လေးနှစ်ယောက်ကို မကြာခင်ရက်ပိုင်းကမှ စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်တဲ့အမှုကို ကြားကြမှာပေါ့။ ရပ်ကွက်ထဲ သာမန်ခိုက်ရန်ဖြစ်ပွားတာကို သွေးသောက်ရဲဘော် ဇာနည်ရှော်ကြီးများက သူရသတ္တိပြည့်ဝစွာဖြင့် လက်နက်ကိုင်စစ်သားတွေကို ခေါ်ချလာပြီး လက်နက်မဲ့ကလေးတွေကို ရပ်ကွက်ထဲအထိ လိုက်လံပစ်သတ်တဲ့ ရာဇဝတ်မှုကြီးပေါ့။ ဒီရာဇဝတ်မှုကြီးကို တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းရမယ့်အစား သက်ဆိုင်ရာများက ဘယ်လိုလုပ်သလဲဆိုတော့…..

- အမှုဖြစ်ပွားရာနေရာက သွေးတွေကို သဲတွေနဲ့ ဖုံးတယ်။ ရေနဲ့ဆေးတယ်။ ဒါဟာ ရာဇဝတ်မှု သက်သေခံ အထောက်အထားတွေကို ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့တင် နောက်ထပ် ပြစ်မှု ထပ်မြောက်နေပါသေးတယ်။

- အလောင်းတွေကို ရင်ခွဲရုံယူသွားပြီးတဲ့နောက် သက်ဆိုင်ရာ မိသားစုလက်ထဲကို ပြန်မအပ်ဘူး။ စစ်တပ်က တာဝန်ယူပြီး သဂြုင်္ိဟ်တယ်။ ဒါလဲ နောက်ထပ် သက်သေခံပစ္စည်း ဖျောက်ဖျက်မှုပဲ။

- သေဆုံးသူမိဘတွေကို ငွေ ဆယ်သိန်း လာပေးပြီး ကြေအေး ခိုင်းတယ်။ သဘောကတော့ ယူချင်ယူ မယူချင်နေ။ ဒို့ဖက်က လုပ်ပေးနိုင်တာကတော့ ဒါအကုန်ပဲဆိုတဲ့ သဘောလားတော့ မသိ။ ကျနော့်အမြင်မှာတော့ အထက်က ပြောခဲ့သလို “ကြီးသည့်အမှု ပပျောက်အောင်” လုပ်ဖို့ ကြိုးစားတာနဲ့ ဘာမှ မထူးပါဘူး။

ဒီ ပဲခူးက ဖြစ်ရပ်ဟာ “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး” လို့ အသံကောင်းဟစ် တကြော်ကြော်အော်နေတဲ့ နအဖရဲ့ “ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား” လုပ်ရပ်ကို ထပ်မံမီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ မြို့ပေါ်မှာတောင် ဒီလောက် ရမ်းကားတယ်ဆိုရင် နယ်စပ်က တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လောက် ရက်စက်မယ်၊ တရားလက်လွတ်ပြုမူမယ်ဆိုတာ တွေးကြည့်လို့ ရပါတယ်။

ဒီလို စစ်တပ်က ကျူးလွန်တဲ့အမှုတွေမှာသာ အပြစ်ပေါ့အောင်၊ ပပျောက်အောင် လုပ်ပေမယ့် ပြည်သူ့ဖက်က ရပ်တည်သူတွေနဲ့ ပတ်သက်လာရင်တော့ နအဖ က “ငယ်သည့်အမှု ကြီးအောင်၊ မရှိသည့်အမှုကို ရှိလာအောင်” ဆိုတဲ့ အဆိုကို လက်ကိုင်ထားပြီး မတရားစီရင်တတ်ပါတယ်။ ဒါကတော့ နအဖ စစ်အစိုးရလက်ထက် မြန်မာပြည်က တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ နည်းလမ်း ၂ မျိုးပါ။

(၃) လေထီးတပ်သား

နိုဝင်ဘာလရောက်ရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရတော့မှာပါ။ နောက်ထပ် ၂ လ နီးပါးခန့်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ဂျွန်ဝီလျံယက်တော တယောက် လေထီးခုန်ကျင့်မနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က တာဝန်ရှိသူတွေအနေနဲ့ရော ပြည်သူတွေပါ သတိနဲ့ စောင့်ကြည့် ကာကွယ်သင့်ပါတယ်။

(၄) ချီးကုန်းစက္ကူတဲ့ဗျား

မကြာခင်က စင်္ကာပူက အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ပြောသွားတယ်။ စင်္ကာပူမှာ ပီအာရ် ငါးသိန်းလောက်ရှိတဲ့အနက်က ဆယ်ရာခိုင်နှုန်းလောက်ကို သူတို့က ချဉ်းကပ်ပြီး နိုင်ငံသားခံဖို့ ကမ်းလှမ်းမတဲ့။ ကမ်းလှမ်းချက်ကို လက်မခံရင် အဲဒီလူတွေရဲ့ ပီအာရ် status ကို ထပ်ပြီးတော့ သက်တမ်းတိုးမပေးတော့ဘူးတဲ့။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ပီအာရ်ဆိုတာ အမြဲတမ်းနေထိုင်ခွင့်လို့ အဓိပ္ပါယ်ရပါတယ်။ ကျနော်ပီအာရ်လျှောက်လွှာတင်စဉ်က စင်္ကာပူအင်မီဂရေးရှင်း အရာရှိတယောက်ကို မေးမြန်းခဲ့ဖူးလို့ သူမ ရှင်းပြပုံရအရ အမြဲတမ်းနေထိုင်ခွင့်ဆိုတဲ့အတိုင်း အသက်ထက်ဆုံးနေထိုင်ခွင့်ကို ဆိုလိုတာပါ။ အင်မီဂရေးရှင်းမှာ သွားပြီး သက်တမ်းတိုးနေရတာက ရီအင်ထရီပါမစ် (Re-entry permit) လို့ ခေါ်ပါတယ်။ အရင်တုန်းက အဓိပ္ပါယ်အရဆိုရင် ပီအာရ်ကျထားသူတယောက်ဟာ စင်္ကာပူမှာပဲ နေထိုင်မယ်ဆိုရင် ဘာမှ သက်တမ်းတိုးစရာမလိုဘဲ သူကြိုက်သလောက် စင်္ကာပူမှာ နေလို့ရတယ်။ စင်္ကာပူနိုင်ငံရဲ့ ပြင်ပကို ခရီးထွက်ပြီး စင်္ကာပူကို ပြန်ဝင်မယ်ဆိုရင်တော့ သူ့အတွက် ရီအင်ထရီပါမစ် လိုအပ်ပါတယ်။ အဲသည်အချိန်မှာ ပါမစ်ကို သက်တမ်းတိုးထားတာမရှိဘူးဆိုရင် ပြန်ဝင်လို့ မရတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ပီအာရ် Status ပါ ပျက်ပြယ်သွားပါတယ်။

ဒီတော့ အခု ဂိုချုပ်တောင်ပြောတဲ့ ကိစ္စက နည်းနည်းတော့ ထူးဆန်းနေပါတယ်။ ပီအာရ်ဆိုတာ သက်တမ်းတိုးစရာ မလိုတဲ့ကိစ္စမှာ ဘယ်လိုလုပ် သက်တမ်းတိုးမပေးတော့ဘူးလဲဆိုတာ စဉ်းစားစရာပါ။ ပီအာရ်အဆင့်အတန်းကို ပြန်လည် ရုတ်သိမ်းတာကို ဆိုလိုသလားတော့ မသိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဂိုချုပ်တောင်ပြောပြီးတဲ့အခါ သူတို့နိုင်ငံသားတွေအကြားမှာရော၊ ပီအာရ်တွေ အကြားမှာပါ ဝေဖန်ပြောဆိုမှုတွေ ကြီးထွားလာတဲ့အတွက် ဂိုချုပ်တောင်ရဲ့ သတင်းပြန်ကြားရေးမှူးက ကပျာကယာ ဖြေရှင်းချက်ထပ်ထုတ်ရတဲ့ အခြေအနေကို ဆိုက်သွားပါတယ်။

အဲဒီဖြေရှင်းချက်ကို စထရိတ်တိုင်းမ်စ် သတင်းစာမှာဖော်ပြတော့ အောက်မှာ မှတ်ချက်ရေးသူတယောက်က ဟောသည်လို ရေးသဗျ။

“ကမ္ဘာပေါ်မှာ စင်္ကာပူနိုင်ငံဟာ ပီအာရ်တွေကို ဖိအားပေးပြီး နိုင်ငံသားပြောင်းခိုင်းတဲ့ ပထမဦးဆုံး နိုင်ငံတနိုင်ငံဖြစ်သွားပါပြီ။ စင်္ကာပူနိုင်ငံသားအဖြစ်ဟာ ဘာအဓိပ္ပါယ်မှ မရှိတော့တာ အံ့သြစရာမလိုတော့ပါဘူး။ စင်္ကာပူနိုင်ငံသားဖြစ်ကြောင်း အထောက်အထားစာရွက်ဟာ ချီးကုန်းစက္ကူနဲ့ ပို၍ ပို၍ တူလာတယ်”

ဆိုပြီး ရေးသားသွားတာကို တွေ့ရလို့ ပြုံးရပါသေးတယ်။

ဒီကိစ္စကြေညာအပြီးမှာ စင်္ကာပူ နိုင်ငံသားခံယူရမှာကို ဝန်လေးသူများဟာ တခြားနိုင်ငံကို ပြောင်းဖို့ အသည်းအသန် စလုပ်လာကြတာကို တွေ့ရပါသဗျား။ ကိုယ့်မျက်စေ့အောက်မှာတင် ဟောတယောက် ဟောတယောက် မြင်နေရပါတယ်။

ဒါကတော့ အခုတလော တွေးမိသမျှ ကြားမိသမျှကို ရေးပြလိုက်ခြင်းဖြစ်ပါတယ်။
Read more

မသာအိမ်က ဖဲဝိုင်း

လူသတ်သမားဟာ
မသာအိမ်မှာ
ဖဲလိမ်ရိုက်ဖို့ ကြိုးစားနေတယ်။

သူ့ဖဲထုပ် သူယူလာ
သူ့ဟာသူ ကုလားဖန်ထိုး
သူ့ဖဲကို သူချိုးလို့
သေနတ်အားကိုးနဲ့
(ပြောင်ပြောင်တင်းတင်း) ဖဲခိုးဖို့လည်း ပြင်နေရဲ့။

သေနတ်ဒဏ်ရာနဲ့
အနီးက ကြမ်းပြင်ထက်
ပက်လက်သေနေရှာတဲ့
အလောင်းရဲ့ဟနေဆဲ ပါးစပ်ထဲမှာ
မတ်စေ့တောင်မပါ။

ယမ်းငွေ့တွေ အူနေတုန်း
နေလုံးကလည်း ကွယ်လုကွယ်ချင်
ချစ်သူခင်သူ ကျန်ရစ်သူများ
ယူကြုံးမရ ငိုကြွေးကြစဉ်....။

အမြင်ရိုင်းတဲ့ ဒီဖဲဝိုင်းကို
လူတိုင်းလိုလို ကြဉ်ကြတယ်။
လူသတ်သမားနဲ့ နောက်ပါတစုကတော့
(မြို့မှာ) တခုတည်းသော ကစားနည်းဆိုပြီး
မောင်းတီးကာ လူခေါ်စုနေကြလေရဲ့။

မကြာခင်မှာပဲ
လူအများရဲ့ အနာဂတ်ကို
မိုက်မိုက်ကန်းကန်း လောင်းကြေးထပ်ပြီး
အမြတ်ပိုက်ယူပြမလို့တဲ့
ဇာတ်လိုက်လူအ တချို့ ထွက်လာပြန်တယ်။

ဟေ့... မလုပ်နဲ့... မလုပ်နဲ့...
ကြေးကြီးလွန်းတယ်။
ဟာ...မလုပ်ပါနဲ့ ရှူံးသွားလိမ့်မယ်။
အားလုံးက တားကြတယ်။
တားကြပါတယ်။
တားကြရှာပါတယ်။
တားမရဘူး...။
မှားပြတော့မယ်။

ကျန်ရစ်သူတို့
ကူကယ်ရာမဲ့
တပူပေါ်နှစ်ပူဆင့်
ရင်နင့်စရာ
မသာအိမ်ကဖဲဝိုင်းကြောင့်
ရာဇဝင် တကယ်ပဲ ရိုင်းတော့တယ်။

ကိုပေါ
၃၀ သြဂုတ်လ ၂၀၁၀။
Read more

ဖုတ်သွင်းရထား ဆိုက်ရောက်လာ


(Photo credit- Link)

ကသုတ်ကယက်နဲ့
ဖုတ်သဘက်ဟာ
ရုတ်တရက်ကြီး
နှုတ်ထွက်သွားတယ်။

ကြားပြီးကြပြီလား….
အနူယား
အနားယူလိုက်ပြီတဲ့။

အလုပ်သစ်မှာ
အလစ်သုတ်ဖို့
လစ်သူ
လူသစ်စာရင်းလည်း ထွက်လာပြီ။

တွေးမိနေတာကတော့…

အပြောင်းအလဲတွေဖော်ချင်သယောင်ပြတုန်းမှာ
မြောင်းထဲခြေချော်ဖင်ထောင်ကျရှုံး သွားသူတွေအကြောင်း။

ဟန်ပြသာ ပြောင်းလဲနေတုန်းမှာ
ပြန်ထမလာ ခေါင်းကွဲသေဆုံးသွားသူတွေအကြောင်း။

နောက်မှလာတဲ့ မောင်ပုလဲ
ဒိုင်းဝန်ထက် ကဲတတ်တဲ့အကြောင်းတွေ။

မူစနစ် နဂိုအဟောင်းမှာ
လူညစ်ကိုပြောင်းရုံမျှနဲ့
ယူပစ်သလို ကောင်းသွားနိုင်ပါ့မလား ဆိုတာတွေ။

ဘာပဲဖြစ်ဖြစ်လေ…
သတင်းစကားတခုတော့
အရှင်းကြားလိုက်ရတယ်။

ငဖျင်းတြား စံမြန်းရာ
ပျဉ်းမနား မှန်နန်းမှာ
ကုပ်ကမြင်းသား ငမိုက်နောက်ပါများအတွက်
ဖုတ်သွင်းရထား ဆိုက်ရောက်လာပြီ ဆိုတဲ့အကြောင်း။

“ဖုတ်သွင်းရထား” အဓိပ္ပါယ်ကို မူရင်းအနက်အဓိပ္ပါယ်နှင့်မယူဘဲ အောက်ပါအတိုင်း မော်ဒန်ခက်ဆစ်နှင့်အညီ ယူပါရန်။း-)

ဖုတ်သွင်းရထား = ဖုတ်၊ သရဲတစ္ဆေ၊ မကောင်းဆိုးရွားများသာ စီးနင်းလိုက်ပါလေ့ရှိသော ရထားကြီး။

Read more

လူရှော်ကြီးများအကြောင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး ပါတီအသစ်ထောင်သွားတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဦးစိန်လှဦးတို့ကို ကိုယ့်တံတွေးကိုယ်ပြန်မျိုသူ၊ စကားမတည်သူ “ဗလောင်းဗလဲ” လူတွေအဖြစ် ယခင်က ထင်မြင်ယူဆခဲ့ဖူးပါတယ်။

အခုတော့ အဲဒီလူကြီးတွေကို အင်မတီး အင်မတန် နုံချာ ညံ့ဖျင်းတဲ့ “လူရှော်ကြီး”တွေ အနေနဲ့ပါ ထပ်မံ အသိအမှတ်ပြုလိုက်ပါတယ်။

ဒီကနေ့ ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းမှာ သတင်းတပုဒ်ဖော်ပြထားတယ်။ အဲဒီသတင်းမှာ ဖော်ပြထားတာက ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့၊ ဦးစိန်လှဦးတို့ ပထမအကြိမ်တင်လိုက်တဲ့ “အသနားခံစာ”ကို ရွေးကောက်ပွဲကော်မရှင်က ပြည့်စုံလုံလောက်မှုမရှိဘူးလို့ အကြောင်းပြန်တယ်။ အသနားခံစာ နောက်ထပ် တကြိမ် ထပ်တင်ရမယ်တဲ့။

အကြောင်းကတော့ ပထမအကြိမ် သူတို့တင်ခဲ့တဲ့ အသနားခံစာထဲမှာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ အဓိဋ္ဌာန်(ကတိသစ္စာစကား)မပါဝင်တဲ့အတွက်ရယ်၊ နောက်ပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ အပြုအမူမျိုး နောက်နောင်မှာ မလုပ်ပါဘူးဆိုတဲ့ ခံဝန်ချက်ရယ်၊ တရားမဝင်အဖွဲ့အစည်းတွေနဲ့ မပတ်သက်အောင်နေပါ့မယ် ဆိုတဲ့ ကတိစကားတွေရယ် မပါလို့ပါတဲ့။

ဦးခင်မောင်ဆွေတို့ တယ်လဲ မိုက်ပေသကိုးကွဲ့။ ကျွန်ုပ် မဟာပညာကျော် ပိတောက်ရိပ်ပဏ္ဍိတကိုပေါက မဟာဂရုဏာနဲ့ ရေးသားစီရင်ပေးအပ်တဲ့ အသနားခံစာ ကို ယူမသုံးတဲ့အတွက် သည်လို အရှက်တကွဲ အကျိုးနည်းဖြစ်ရပေတာပဲ။

ကျွန်ုပ် ရေးပေးတဲ့ အသနားခံစာထဲမှာ ၂၀၀၈ အခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့အကြောင်း၊ တပ်မတော်စစ်ဦးစီးချုပ် အလိုတော်ကို မဆန့်ကျင်ပါဘူးဆိုတာ အဖန်တရာမက ကတိပေးကြောင်း၊ ဤကတိ ဖောက်ဖျက်မိပါက ချီးကားတိုက်၊ မိုးကြိုးပစ်၊ မြွေပွေးကိုက် စသဖြင့် ကျိန်ဆိုပါကြောင်းတွေကို အမြော်အမြင်ရှိရှိ ပြည့်ပြည့်စုံစုံ ထည့်သွင်း ရေးသားပေးပါလျက်ကနဲ့ ကျွန်ုပ်လို ပဏ္ဍိတကို အားမကိုးဘဲ၊ ဘာမဟုတ်တဲ့ သာမန်ရှေ့နေရှေ့ရပ်ကို အားကိုးပြီး မိုက်ရူးရဲတော့....အိမ်း.... အခုလို အရှက်တကွဲ အကျိုးနည်းအဖြစ်ကို ကြုံရပေတော့တာပေါ့။ (အမှန်က အီဖေကိုယ် ရေးတဲ့ အသနားခံစာကို ဗိုလ်သန်းရွှေ အရင် ဖတ်ရပုံ ပဲ။ အဲဒါကို ဖတ်ပြီးတဲ့နောက် ဦးခင်မောင်ဆွေတို့ရေးတဲ့ အသနားခံစာကို ဦးသန်းရွှေ ခံတွင်းမတွေ့တော့တာပဲ ဖြစ်မယ်.... ဟိ..ဟိ။)

ဧရာဝတီသတင်းထဲမှာ ဦးခင်မောင်ဆွေပြောတာ တခုရှိသေးတယ်။

“Since the commission said it would report to 'superiors' about our appeal letters, this shows that the commission itself is not independent,” he said.

သူ့စကားကို ဆီလျော်အောင် ဘာသာပြန်ဆိုကြည့်ရရင်....“ ကျွန်တော်တို့ အသနားခံစာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က အထက်(လူကြီးတွေ)ကို တင်ပြပေးပါမယ်လို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီးနှောင်ကြိုးကင်းတဲ့ ကော်မရှင်(Independent commission) မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်”.....တဲ့။

ကျွတ်...ကျွတ်...ကျွတ်.... မောင်မင်းကို ကျွန်ုပ် သနားပါဘိတော့ ဦးခင်မောင်ဆွေရယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်ပြီး နှောင်ကြိုးကင်းတဲ့ ကော်မရှင်မဟုတ်ဘူးဆိုတာ မောင်မင်း အခုမှ သိရှာသကိုး။

ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာလည်း နအဖ အစိုးရရဲ့ မတရားသဖြင့် နှစ်ရှည် ထောင်ချခြင်းကိုလည်း ခံခဲ့ရပြီးပြီ။ ဒီလောက် ကျောချထားတာတောင် ဓားပြမှန်း မသိသေးဘူးဆိုတော့ တော်တော့်ကို အသိဉာဏ်နုံနဲ့တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း “လူရှော်ကြီးများ” ဆိုတဲ့ ဘွဲ့ထူးကို ချီးမြှင့်ချင်တာပါ။ ဒီလိုအရည်အချင်းနဲ့များ နအဖ လွှတ်တော်ထဲဝင်ပြီး နအဖရဲ့ စစ်ကျွန်ပြုမယ့် ဖွဲ့စည်းပုံကို ရအောင် ပြောင်းဦးမယ် ဆိုသေးသဗျား။

အေးလေ... ဘာပဲဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ သဲသဲလှုပ် နန့်နန့်တက် ဝင်ပြိုင်ချင်နေသေးတယ်ဆိုရင်လည်း နေပြည်တော်က အဘရဲ့ ခြေဖမိုးကို နဖူးနဲ့ထိပြီး ဖင်ဘူးတောင်းထောင်အောင် ရှိခိုးဦးတင်အသနားခံလိုက်ပါလို့ အကြံပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးခင်မောင်ဆွေတို့ ဒေါက်တာသန်းငြိမ်းတို့၊ ဦးစိန်လှဦးတို့မှာ နောက်ထပ် ထပ်မံ ဆုံးရှုံးကျဆင်းစရာ သိက္ခာဆိုလို့ စိုးစဉ်းမျှပင် မကျန်တော့လို့ ဖြစ်ပါတယ်။

ပူးတွဲဖတ်ရှုရန်။..........။

(၁) အသနားခံစာ

(၂) NDF Leaders Told to Appeal Second Time
Read more

စာဖတ်သူ အကျိုးရှိစေဖို့

စိတ်တွက် တွက်မကြည့်ဘဲ ခန့်မှန်းခြေ သင့်အထင်ကိုသာ ချက်ချင်း ပြောကြည့်ပါ။

“လူသက်တမ်းသည် အနှစ် ၈၀ ဆိုလျှင် ရက်အားဖြင့်ရေတွက်သော် (နှစ် ၈၀ သည်) ရက်ပေါင်း ဘယ်နှစ်ရက်နှင့် ညီမျှသည်ဟု သင်ထင်ပါသနည်း။”

အထက်ပါ မေးခွန်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နီးစပ်ရာ လူအချို့အား မေးကြည့်မိပါသည်။ စိတ်တွက် မတွက်ပါနှင့်ဟု ကြိုတင်ပြောထားသည့်ကြားက အားလုံးလိုလို ချက်ချင်းပြန်မဖြေဘဲ မျက်လုံးကလေး အပေါ်လှန်ကာ စိတ်တွက် တွက်ချက်နေကြပုံမှာ စိတ်ကုန်စရာပင် ကောင်းသေးတော့သည်။ Kiasu ???

မြန်မြန်ဖြေဖို့ လောဆော်သောအခါ အများစုက “ရက်ပေါင်း ၃ သိန်းခန့် ရှိမည်”ဟု ခန့်မှန်း ဖြေဆိုကြသည်။ ဖိလစ်ပိုင်လူမျိုး အင်ဂျင်နီယာ ဉာဏ်ကြီးရှင်တယောက်ကမူ “ရက်ပေါင်း တသန်းကျော်တယ်မို့လား” ဟု ထူးထူးခြားခြား ရမ်းတုပ်ဖော်ရလေသည်။

အဖြေမှန် အတိအကျမှာ ရက်ပေါင်း နှစ်သောင်း ကိုးထောင့် နှစ်ရာ ဖြစ်သည်။ ( ၈၀ x ၃၆၅ = ၂၉၂၀၀)

အဖြေထက် ဆယ်ဆခန့် ကျော်လွန်၍ ဖြေဆိုနေကြခြင်းကို ကြည့်လျှင် ကျွန်ုပ်တို့ အများစုသည် နှစ် ၈၀ ဆိုသည်ကို အင်မတန် ကြာရှည်လှသည်ဟု ထင်မှတ်နေကြကြောင်း ထင်ရှားသည်။

အသက် ၄၀ အရွယ်သို့ရောက်နေသူများအဖို့ဆိုလျှင် ရက်ပေါင်း တစ်သောင်းလေးထောင့်ခြောက်ရာသာလျှင် ကျန်တော့သည်။ ဤနေရာတွင် အသက်လေးဆယ်တန်းသို့ ဝင်နေကြပြီဖြစ်သော အသိ ဘလော့ဂါမမတွေကို တသီတတန်းကြီး မျက်စိထဲတွင် မြင်ယောင်လာမိသည်။ သြော်… မိန်းမသားတွေဆိုတာ အသက်လေးဆယ်ဆိုလျှင် အလိုအလျောက် တော်လေးဝ ဝင် မိန်းမသားများ ဖြစ်လာကြသည်မှာ ဓမ္မတာပါကလား။ (ခက်ဆစ်။……..။ တော်လေးဝ = တော်တော်ကို လေးပင်အောင် ဝသောသူများ)။

တဖန် ကျန်ရှိနေသော ရက်တသောင်းခွဲခန့်မှ အိပ်ချိန် ၈ နာရီကို ထပ်မံ ဖယ်ထုတ်လိုက်ပါက အသက် ၄၀ ပြည့်နေသူများအဖို့ သိစိတ်ဖြင့် ရှင်သန် နေထိုင်ရမည့် ရက်ပေါင်းမှာ ကိုးထောင့်ခုနစ်ရာသုံးဆယ့်သုံးရက်သာ ကျန်ပေတော့မည်။ ရက်တသောင်းပင် မပြည့်တော့။ ဤသည်မှာ သက်တမ်းစေ့ နေရဦးပါမှ ဖြစ်သည်။ အသက် ၆၀ တွင် သေရမည့်သူများ၊ အသက်ငါးဆယ်တွင် သေရမည့်သူများဆိုလျှင် ဘာမှ မကျန်တော့။

ဤသို့တွက်ပြလိုက်သောအခါ အလွန်အမင်း ထိတ်လန့်သွားပုံရသော မိတ်ဆွေတယောက်က “အချိန်ကို တတ်နိုင်သမျှ ဆန့်ထုတ်နိုင်ဖို့အတွက် ညဖက်တွင် မအိပ်ဘဲ အလုပ်ထဲ ရောက်မှ အိပ်ငိုက်နေရလျှင် မကောင်းဘူးလား” ဟု တွေးတွေးဆဆဖြင့် ပြောလေသည်။ ကျွန်ုပ်ကလည်း “နေ့ဖက်အိပ်ငိုက်ခြင်းသည် လူ့သဘာဝနှင့် မကိုက်ညီသဖြင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် အလုပ်ထဲတွင် အိပ်ငိုက်လိုပါက ညစောင့်အလုပ်မျိုးကို ဝင်ရောက် လုပ်ကိုင်သင့်ကြောင်း” ပြန်လှန်၍ အကြံပေးရလေသည်။

ထိုသို့ ရက်တသောင်းအောက်လျော့ကာ ကျန်သည့်အချိန်ထဲကမှ အင်တာနက်ပေါ်တွင် အချိန်ကုန်သွားသည်မှာ တရက်ကို လေးငါးနာရီ အသာကလေးရှိမည်။ နှမြောဖွယ်ကောင်းလေစွ။ သို့ဖြစ်၍ စာဖတ်သူအနေနှင့် အင်တာနက်ပေါ်တွင် အချည်းနှီး အလွန်အကျွံ အချိန်မဖြုန်းသင့်။ (ဤကား ငပြူးက ဦးအောင် ပြဲပြခြင်း မည်၏)။

ကျွန်ုပ်၏ ဘလော့ဂ်တွင် လာရောက်ဖတ်ရှုသူအများစုသည် စင်္ကာပူတွင် ရောက်နေသော မြန်မာများဖြစ်သည်။ အခြားမြန်မာဘလော့ဂ်များတွင်လည်း လာရောက်လည်ပတ်သူအများစုသည် ကျွန်းပိစိက မြန်မာတွေချည်းဖြစ်နေတာကို သတိပြုမိပါသည်။

အဘယ်ကြောင့် ဤသို့ ဖြစ်နေရသနည်းဟု စဉ်းစားဆင်ခြင်လိုက်သောအခါ အောက်ပါအတိုင်း ဖြစ်နေခြေ အကြောင်းရင်းများ ထွက်လာပါသည်။ လုံးဝဥဿုံမှန်မည်ဟု မဆိုလို။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းများသာဟုသာ မှတ်ကြပါကုန်။

(၁) စင်္ကာပူတွင် မြန်မာလူမျိုးဦးရေ အများအပြားရှိခြင်းသည် အကြောင်းတချက် ဖြစ်နိုင်သည်။ မြန်မာသံရုံး၏ ခန့်မှန်းချက်အရ မြန်မာခြောက်သောင်းကနေ တသိန်းအကြားရှိနိုင်သည် ဆို၏။ စင်္ကာပူအစိုးရ၏ လူဝင်မှုကြီးကြပ်ရေး(အိုင်စီအေ)ကား ထုံးစံအတိုင်း ကိန်းဂဏန်းတွေကို ထုတ်ပြန်ရန် ၀န်လေးသည့်အတွက်ကြောင့် အတိအကျ သိခွင့်မသာချေ။

(၂) စင်္ကာပူရောက် မြန်မာများတွင် အင်တာနက်ကို သုံးစွဲနိုင်သူ ဦးရေများပြားသည်။
အလုပ်ခွင်တွင်သော်လည်းကောင်း၊ အိမ်တွင်သော်လည်းကောင်း၊ အင်တာနက်ကဖီးများတွင်သော်လည်းကောင်း အင်တာနက်ကို ကိုင်တွယ်သုံးစွဲနိုင်ကြသူဦးရေ အများအပြားရှိသည်။

(၃) အင်တာနက်ကို လက်လှမ်းမီ သုံးစွဲနိုင်ကြသော်ငြား မြန်မာ့လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားမြန်မာ့ရေးရာ ကိစ္စများအား စိတ်မ၀င်စားလျှင် မြန်မာဘလော့ဂ်များကို ဖတ်ဖြစ်ကြမည်မဟုတ်။ ထို့ကြောင့် စင်္ကာပူရောက်မြန်မာအများစုသည် မြန်မာနိုင်ငံအပေါ် သံယောဇဉ်မကုန်သေးသော၊ မြန်မာပြည်နှင့် တရင်းတနှီးရှိနေသေးသူများ ဖြစ်နေသေးသည့်အတွက်ဟု ယူဆလိုက ယူဆနိုင်ချေပြန်ပါသည်။

(၄) စင်္ကာပူတွင် အားလပ်ချိန် သွားရောက်လည်ပတ်စရာ နေရာရှားပါးသည်ကလည်း အင်တာနက်ပေါ်သို့ လူတွေ တက်လာစေခြင်း၏ အဓိက အကြောင်းရင်းတခုဖြစ်နိုင်ပါသည်။ ဤအချက်တွင်မတော့ စင်္ကာပူက မြန်မာများ ဘဝမှာ သနားစရာကောင်းလှပေသည်။

(၅) စင်္ကာပူ လုပ်ငန်းခွင်တွင် အင်္ဂလိပ်ဘာသာစကားကို သုံးစွဲကြသော်လည်း စင်္ကာပူရောက် မြန်မာအများစုသည် အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို၊ရေးသား၊ ဖတ်ရှုနိုင်စွမ်း နည်းပါးသည်။ (အနည်းစုကတော့ ကျွမ်းကျင်နိုင်ပါသည်။) ထို့ကြောင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ဘလော့ဂ်များထက် မြန်မာဘလော့ဂ်များအပေါ် ပိုမို အားသန်တာလည်း ဖြစ်နိုင်ပါသည်။

ပသို့ပင်ဖြစ်စေ…“တန်ဆေး လွန်ဘေး” ဆိုသကဲ့သို့ အင်တာနက်၏ ကျေးကျွန်မဖြစ်အောင် စင်္ကာပူတွင် မှီတင်းနေထိုင်ကြသော မြန်မာ ဘလော့ဂ်ဖတ် မိတ်ဆွေတို့ ကြိုးစားကြပါ။ (ငပြူးက ဒုတိယအကြိမ် ထပ်မံ ပြဲပြခြင်း။)

နိဂုံးချုပ်အနေဖြင့် တိုက်တွန်းရလျှင် အခြားဘလော့ဂ် ဆယ်ခုကို တနေ့ တကြိမ်စီ သွားဖတ်မည့်အစား ကျွန်ုပ်ဘလော့ဂ်သို့သာ တနေ့ ငါးကြိမ်မျှလာကာ ပို့စ်အသစ်မရှိပါက ပို့စ်အဟောင်းများကို ပြန်လှန်ဖတ်ပြီး အချိန်ကို အကျိုးရှိစွာ သုံးစွဲကြပါကုန်။း-)
Read more

မကောင်းသူသုံးယောက်

တယောက်က
တိုင်းပြည်ကြီးကို လက်ညှိုးထိုးပြီး
ရောင်းစားသူ။

နောက်တယောက်က
တိုင်းပြည်ကြီးအား လက်ညှိုးထိုးပြီး
တောင်းစားသူ။

ကျန်တယောက်ကား
တိုင်းပြည်ကြီးအား လက်ညှိုးထိုးပြီး
ပေါင်းစားသူ။

ပထမလူ
နှိပ်စက်မူ၍
ပြည်သူအပေါင်း
ထောင်းလမောင်းကြေ ဟောင်းလောင်းခွေ။

ဒုတိယလူ
ဆန်တောင်းထူ၍
ပြည်သူများတွင်
လူစင်စစ်က မျောက်ဖြစ်ရ။

တတိယလူ
ပေါင်းစားသူကား
ရောင်းသူထံပါး
သူခစားလိုက်
တောင်းစားလိုက်ဖြင့်
အလိုက်မျိုးစုံ
သူအကုန်သိ
ပညာရှိယောင်
ဂျာနယ်ထောင် အဲလေ နားရွက်ထောင်၍
ဟိုပေါင် ဒီပေါင် ကပ်သတည်း။

-ဆားတုံးဘလော်ဂါအရှော်-
Read more

ပေါက်ကရ လေးချိုးကြီး

ရှစ်လေးလုံးနှစ်ပတ်လည်အခါသမယမှာ
မြန်မာအရေးဆိုတာကြီးကို
ပြန်ကာတွေး ဆွေးမိပြန်တော့
အာရုံထဲမှာ ကွေးကွေးကြီးမြင်လာရပြန်တာက....

သံသရာဘေးအထိ မလန့်မရွံ့ရှာပြီဘု
ဆန်သာပေးကြည့် နန့်နန့်ထွန့်ပါမည် ထင်နေပုံရတဲ့
(အိုကွယ်) မမှန်တာတွေးသည့် ကြံဖွံ့ပါတီ။

သြော်...လမ်းမှားမပြင်ခဲ့
ရမ်းကားချင်တဲ့
စွမ်းအားရှင်အဖွဲ့ဆိုတာကလည်း ခြံထဲမှာ တစီစီ။

သူခိုးကြီးဘေးမှာဆို ကျုပ်ပျော်သည်တဲ့
အဖိုးနည်းခွေးပမာ နဂိုအဟုတ်လော်လီကြပေရဲ့
အရိုးချည်းလွေးကာ ဗိုလ်စုတ် အဲလေ ဗိုလ်ချုပ်ကတော်ပီပီ
(ဟိုလေ များတို့က)....အမျိုးသမီးရေးရာရဲ့ ဗဟိုအလုပ်ကော်မတီ။

အင်း...အမွှေးလက်တောက်တဆုံးသာ မြော်မြင်နိုင်ကြလို့ (မျက်တောင်မွှေးနော်.. မျက်တောင်မွှေး... လျှောက်မတွေးနဲ့)
လေးဘက်ထောက် ကုန်းကာ အော်ချင်နေရှာတဲ့
ခွေးနောက်ဆွဲ အဖော်မင်သူတစုအတွက်
ရွေးကောက်ပွဲ ကော်မရှင်တခုလည်း ပေါ်လာရပြန်သည်။

တရားမှန်တာ အလေးမမူကြလေတော့
နဖားသန်ရာ ပြေးသူ ငအတွေမှာဖြင့်
အမှားအဖန်တရာ အပေးအယူ မလှချေမှ
နွားကန်တာ ခွေးအူပြသလိုပ
အသနားခံစာ ရေးသူဘဝကိုလည်း ရောက်ခဲ့ပြီ။

ပိတောက်ရိပ်ဆို ဘလော့ဂ်ပေါ်မှာလည်း
တယောက်စိတ်တို အသော့ကော်ကာ ဆဲလေတော့
(ဘာလဲဟ... ဒီငနဲက.... ဟိုလူ့ကော်ဆဲ ဒီလူ့ကော်ဆဲနဲ့)
အတော့်အတော်ကို အာပြဲလို့ မောလှချေပြီ။
အင်း.... ညနေကျရင် ဘီယာထွက်သောက်တာပဲ ကောင်းတော့မည်။

ဟာ....ဘာမှလည်း မဆိုင်ဘူး၊ ကဗျာဖွဲ့ပုံနည်းစနစ်လည်း မညီဘူး လာမပြောကြနဲ့။ ဒါပို့စ်မော်ဒန်လေးချိုးကြီးလို့ခေါ်တယ်။ ငါ့ကဗျာငါရေး ကြပ်ပြေးရောက်ရောက်။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အမှတ်တရအဖြစ် ဒီနေ့ မြန်မာ့အရေးမှာ ဖြစ်ပျက်နေသမျှ ပေါက်ကရတွေကို ကပေါက်တိကပေါက်ချာ ကဗျာတခုအနေနဲ့ ရေးချလိုက်ပါတယ်။

ကိုပေါ
၈-၈-၂၀၁၀
Read more

“မြန်မာတွေ သတိပြုမိကြဖို့”

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တယ်ဆိုတဲ့ ကိစ္စကို အသက်နည်းနည်းကြီးလာတော့ စ ပြီး ကြားဖူးတယ်။ နောက် နိုင်ငံခြားထွက်လာတော့ ဒီအကြောင်းတွေ ထပ်ကာတလဲလဲ ဆိုသလို ကြားဖူးလာတယ်။ ကမ္ဘာကျော် အမှုအခင်းတွေအကြောင်း၊ ဘာသာရေးနယ်ပယ်က ယုံကြည်ကိုးစားအပ်တဲ့ ပုဂ္ဂိုလ်များကိုယ်တိုင်က ကလေးတွေအပေါ်မှာ ရာစုနှစ်နဲ့ချီပြီး မတော်မတရားလုပ်ခဲ့ကြတဲ့အတွက် အခုအခါ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေက ဝန်ချတောင်းပန်ရတဲ့ အကြောင်း၊ နယ်စပ်က ကလေးသူငယ်ပြည့်တန်ဆာပြဿနာတွေ အကြောင်း စသဖြင့် မကြာမကြာ ကြားရ၊ ဖတ်ရပါတယ်။

ဒါတွေမြင်ရ ကြားရတော့ ကျနော်တို့ တိုင်းပြည်မှာရော ဒီလိုကိစ္စမျိုးတွေ မရှိနိုင်ဘူးလားလို့ တွေးတောကြည့်လိုက်တဲ့အခါ ရှိကောင်းရှိနေနိုင်တယ်လို့ သုံးသပ်မိပါတယ်။ ကျနော်တို့ မြန်မာလူမျိုးက လိင်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အရှက်အကြောက်ကြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုမရှိတာ၊ ဒီလိုကိစ္စတွေမှာ ပညာပေး အလုံအလောက်မရှိတာ၊ သတင်းလွတ်လပ်ခွင့်မရှိတာ စတဲ့အခြေအနေတွေကြောင့်သာ ဒီကိစ္စမျိုးတွေ ဟိုးလေးတကြော် ဖြစ်မလာတာလို့ ယူဆမိပါတယ်။

မြန်မာ့ထုံးစံမှာ သမီးမိန်းကလေးတွေကိုသာ မျက်စိအောက်က အပျောက်မခံဘဲ ထိန်းသိမ်းစောင့်ရှောက်ကြတတ်ပေမယ့် သားယောက်ျားလေးတွေကိုတော့ သူစိမ်းယောက်ျားတွေနဲ့လည်း လက်လွတ်စပါယ် ပစ်ထားတတ်ကြပါတယ်။ အရွယ်မရောက်သေးတဲ့ ကိုယ့်သားငယ်ကို အရွယ်ရောက်ပြီး သူတွေနဲ့ စိတ်ချလက်ချ ပေးအိပ်တတ်ကြပါတယ်။ ဒီလိုကိစ္စမျိုးတွေ ဖြစ်နေနိုင်တယ်လို့ ဘယ်သူမှ စိုးစဉ်းမျှ မတွေးမိကြပါဘူး။ ကျနော်တို့လည်း နိုင်ငံခြားကို ထွက်လာတဲ့အထိတောင် မတွေးမိသေးပါဘူး။

တောရွာတွေမှာဆို သားယောက်ျားကလေးတွေကို ငယ်ငယ်လေးကတည်းက ဘုန်းကြီးကျောင်းတွေမှာ ဘုန်းကြီးကျောင်းသားတွေ အဖြစ်နဲ့ ကျောင်းအိပ်ကျောင်းစား အပ်နှံထားကြတဲ့ ထုံးစံရှိပါတယ်။ ကျနော်တို့ငယ်ငယ်က ရွာမှာ အတန်းကျောင်းတက်တဲ့ အတန်းကျောင်းသားနဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့ ဘုန်းကြီးကျောင်းသားဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။

ဘုန်းကြီးကျောင်းတွေဟာ လူပေါင်းစုံ ဝင်ထွက်သွားလာနေကြတဲ့ နေရာမျိုးဆိုတော့ ကလေးသူငယ်တွေကို မတော်မတရားလုပ်တဲ့ အဖြစ်မျိုးတွေ အဲသည်လို နေရာဌာနတွေမှာ ဖြစ်ပွားကောင်း ဖြစ်ပွားနေနိုင်ပါတယ်။ မတော်မတရား လုပ်ချင်တဲ့သူတွေဟာ ကပ္ပိယအနေနဲ့ဖြစ်စေ၊ ဘုန်းကြီးကျောင်းသားကြီးအနေနဲ့ဖြစ်စေ၊ တည်းခိုတဲ့ ဧည့်သည်အနေနဲ့ဖြစ်စေ၊ ဒါမှမဟုတ် သင်္ကန်းဝတ်အနေနဲ့ဖြစ်စေ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရုပ်ဖျက်ပုန်းခိုနေနိုင်ပြီး လူမမည် ကျောင်းသားကလေးတွေအပေါ်မှာ လူမသိသူမသိ အခွင့်ကောင်းယူပြီး ကျူးလွန်နေတာမျိုးတွေ ရှိနေနိုင်ပါတယ်။

ကျနော်တို့ငယ်ငယ် ကိုရင်ဝတ်တုန်းက ရွာထဲက ကာလသားအချို့ ဘုန်းကြီးကျောင်းကို ညဖက်တွေမှာ တခါတရံ ပေါက်ချလာတတ်ပြီး ကျောင်းသားတွေ၊ ကိုရင်တွေရှေ့မှာ ပေါက်တတ်ကရတွေ ပြောကြ၊ လုပ်ကြတာတွေ ကြုံဖူးပါတယ်။

နောက်တခုက ဘုန်းကြီးတွေနဲ့ ပတ်သက်လို့။

အခုတလော အွန်လိုင်းပေါ်ကနေတဆင့် ဖြစ်ပျက်သွားတဲ့ ဘုန်းကြီးတပါးနဲ့ အမျိုးသမီးတယောက်ရဲ့ အကြောင်းကနေ ဆက်စပ်ပြီးတော့ စဉ်းစားမိပါတယ်။ ဘုန်းကြီးဆိုတိုင်း၊ သင်္ကန်းဝတ်ဆိုတိုင်းလည်း မယုံကြည်ရပါဘူး။ အကျင့်သီလ စင်ကြယ်တဲ့ ဘုန်းကြီးတွေ ရှိသလို အကျင့်မစင်ကြယ်တဲ့ ဘုန်းကြီးတွေ၊ ဦးဇင်းတွေလည်း အများကြီးရှိပါတယ်။ ဒကာမတွေနဲ့ ဇာတ်လမ်းရှုပ်နေတဲ့ ဦးဇင်းတွေကလည်း အများသား။ ငယ်ငယ်တုန်းက အကြောင်းတိုက်ဆိုင်လို့ ဦးဇင်းတပါး အမျိုးသမီးတယောက်ဆီကို ရေးလိုက်တဲ့ ရည်းစားစာတစောင်ကို ဖတ်ခဲ့ရဖူးပါတယ်။ ဘွဲ့အမည်က အာနန္ဒာတဲ့။ စာထဲမှာတော့ သူ့ကိုယ်သူ “ကိုကိုနန်” လို့ သုံးတယ်။ ဒီစာဖတ်ရတော့ တချို့ဦးဇင်းတွေ တော်တော်ရှုပ်ပါလားဆိုတဲ့ အသိတော့ ရခဲ့ပါတယ်။ တခါ ဘလော့ဂါ “နဗန” ရဲ့ ပို့စ်တခုထဲမှာ Porn ကြည့်တဲ့ ဘုန်းကြီးတွေအကြောင်း ကိုယ်တွေ့အဖြစ်အပျက်ကို ရေးသားထားတာ ဖတ်ခဲ့ရဖူးပါတယ်။

ခက်တာက မြန်မာပြည်မှာ ဘုန်းကြီးတွေ၊ ဦးဇင်းတွေဆိုရင် အင်မတန် သြဇာရှိကြပါတယ်။ ဘုန်းကြီးဆိုရင် ဒကာ ဒကာမတွေကရော၊ ဘုန်းကြီးကျောင်းသားကပါ ဖိန့်ဖိန့်တုန်နေအောင် ကြောက်ကြရပါတယ်။ ဘုန်းကြီးမဟုတ်မဟတ် လုပ်နေတာကို (ဘုန်းကြီးကျောင်းသား)ကလေးက သူ့မိဘထံ ပြန်ပြောခွင့်ရတယ်ဆိုရင်တောင် ပြောဝံ့ရှာမှာ မဟုတ်ပါဘူး။ ပြောတယ်ဆိုဦးတော့ မိဘက ဘုန်းကြီးရဲ့ အရှိန်အဝါကို ကြောက်တော့ ရေငုံနှုတ်ပိတ်နေနိုင်ပါသေးတယ်။ ဒီတော့ ဘုန်းကြီးကျောင်းသားကလေးတွေဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရားအလုပ်ခံရဖို့ အခြေအနေမှာ ကောင်းကောင်းကြီး ကျရောက်နေပါတယ်။

ဒါပေမယ့် ထူးဆန်းတာက ဒီကိစ္စကို ဘယ်သူမှ ရေးကြီးခွင်ကျယ် ဂရုတစိုက် ရေးသားဖော်ထုတ်ကြတာမျိုး မတွေ့ဖူးသေးဘူး။ မြန်မာပြည်မှာ ကလေးစစ်သားတွေအကြောင်း၊ ကလေးလုပ်သားတွေအကြောင်းသာ ဇောင်းပေး ရေးသားထုတ်ဖော်နေကြပေမယ့် ကလေးသူငယ်တွေကို လိင်အားဖြင့် မတော်မတရားပြုကျင့်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူမှ အာရုံမစိုက်ကြသေးတာကို သတိပြုမိပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အငြိုငြင်ခံရမှာကို စိုးရိမ်လို့ လက်ရှောင်နေကြတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလို ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ နအဖစစ်အစိုးရကိုတော့ အားကိုးနိုင်ဖွယ် မရှိပါဘူး။ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအတွင်းမှာပဲ ကိုယ့်အချင်းချင်း ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်တွေကို ဖော်ထုတ်ကြဖို့၊ တားဆီးကြဖို့၊ ပညာပေးကြဖို့၊ သြဇာတိက္ကမ ရှိတဲ့ ဆရာတော်ကြီးများက ကမကထ ပြုပြီး ဒီလိုကိစ္စတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးဖို့ နည်းလမ်းများကို ရှာကြံစဉ်းစားကြဖို့ အကြံပြုလိုက်ရပါတယ်။
Read more

သိကြားမင်းဖြစ်ချင်သူ

တနေ့သ၌ သိကြားမင်းထိုင်နေသော ကုလားထိုင်လှုပ်သဖြင့်...အဲ... ပဏ္ဍုကမ္ဗလာမြကျောက်ဖျာတင်းသဖြင့် အကြောင်းရင်းကို သိရအောင် လူ့ပြည်သို့ ကြည့်လိုက်သော် လူတယောက်သည် သိကြားမင်း၏ အရိုက်အရာကို ဆက်ခံရန် ယုံကြည်ချက်ပြင်းထန်စွာဖြင့် အပတ်တကုတ် ကြိုးပမ်းအားထုတ်နေကြောင်း တွေ့မြင်ရသဖြင့် သိကြားမင်းလည်း မနေသာသည့်အလျောက် အသေးစိတ်စနည်းနာရန်အတွက် သင်္ကြန်ကျသည်အထိ မစောင့်ဆိုင်းနိုင်တော့ဘဲ လူ့ပြည်သို့ တမုဟုတ်ချင်း ဆင်းသက်ခဲ့လေသည်။

(ကားလိပ်ဖွင့်)

တေဒူးထန့်.. ဘူနောင်းတေးဘူး... ထန့်ဗျော်ဘူ.....(ဤကား သိကြားမင်းဆင်းလာစဉ် တီးခတ်ရန် တီးလုံး)

သို့နှင့် ကျွန်ုပ်တို့၏ သိကြားမင်းလည်း ကြက်ဆူပင်များ မင်းမူနေသော တိုင်းပြည်ကြီးတပြည်ကို ရောက်လာပေသည်။ ထိုမှတဖန် ဂူဂယ်အတ်သ် ကို Zoom In လုပ်သကဲ့သို့ ထပ်မံ၍ သွားလိုက်ပြန်သောအခါ လူရုပ်ကြီးသုံးရုပ်ရှိသော မြို့တော်သစ်ကြီးတခုဆီသို့ ရောက်သွားလေ၏။ ထိုမြို့တော်ကြီးတွင် သိကြားမင်း၏ ထိုင်ခုံကို အရယူရန် ကြိုးပမ်းနေရှာသော သိကြားအလောင်းကို တွေ့ရသဖြင့် ထိုသူ့အနီးတွင် မကြာချက်ချင်း သိကြားမင်းတို့၏ တန်ခိုးဣတ္ထိပါတ်ဖြင့် ဘွားကနဲမြင်အောင် ကိုယ်ထင်ပြလိုက်လေသည်။

“ဟဲ့... သောက်ပလုပ်တုတ်၊ ဘာကြီးလဲဟ”.... ထိုသူသည် ရုတ်တရက်မို့ အာမေဋိတ်သံပြုရင်း လန့်ခုန်လိုက်သည်။

ထို့ကြောင့် သိကြားမင်းလည်း မနေသာဘဲ.... “ကျုပ်ကတော့ ငါပေါ့.... အဲလေ.... ငါကား သိကြားဖြစ်တော့သကိုး”

ထိုလူ။.............။ “အသံမပေး၊ ဘာမပေးနဲ့ လန့်လိုက်တာ။ ဦးမာဃဆိုတာ ခင်ဗျားကြီးလား။ နောက်ကို အဲသလို မလုပ်နဲ့။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ်တစ်သောင်း ပေးပစ်လိုက်မယ်၊ ဘာအောက်မေ့နေလဲ။ ကဲ...ဆိုပါဦး။ ဘာကိစ္စလဲ။”

သိကြားမင်း။..........။ သင်သည် ကျွန်ုပ်၏ အရိုက်အရာကို ဆက်ခံရန် အပတ်တကုတ် ကြိုးစားနေသည်ဟု ကြားသိရသဖြင့် ဟုတ်မဟုတ် စနည်းနာရန် ကျွန်ုပ်ဆင်းလာခဲ့သည်။ ကျုပ်မေးတာကို ဖြေပါ။ သိကြားမင်းရာထူးကို ချိန်ရအောင် သင်ဘယ်လို ကုသိုလ်ကောင်းမှုတွေ ပြုခဲ့ဖူးသလဲ။

လူ။............။ မေးနေရသေးလား။ ခင်ဗျားတုန်းကလိုပဲ လမ်းထီးလမ်းမတွေ ပြင်ခဲ့၊ ဖောက်ခဲ့ဖူးတာပေါ့။

သိကြားမင်း။...........။ အင်း....သာဓု၊ သာဓု၊ သာဓု။ ကိုယ့်လူက အပြောအဆို မညက်ပေမယ့် အလုပ်ကတော့ ညက်ပေသားပဲ။ လမ်းတွေ ပြင်ခဲ့၊ ဖောက်ခဲ့တယ်ဆိုတော့ အတော် ပင်ပန်းမှာပေါ့နော်။

လူ။.............။ ဟင့်အင်း.... ဉာဏ်ကို လွှာသုံးတတ်တော့ တယ်ပြီး မပင်ပန်းလှပါဘူး။ တအိမ်တယောက် မထွက်မနေရဆိုပြီး ဆင့်ခေါ် လုပ်အားပေးခိုင်းလိုက်တာပါပဲ။ ကိုယ်က နည်းမှန်လမ်းမှန်နဲ့ ဆော်သြတတ်ဖို့ပဲလိုတာ။ “အကယ်၍ ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း” ဆိုတဲ့ စာသားလေး ထည့်ပြီး ဆော်သြပေးရတယ်။ အဲဒါဆိုရင် မနေဝံ့ဘူး။ ထွက်လာကြရတာပဲ။ မသိရင် မှတ်ထား။

သိကြားမင်း။..........။ သြော်...မှတ်သားထိုက်ပါပေတယ်။ သာဓုခေါ်တာ နည်းနည်းစောသွားတယ်။ ကဲပါလေ... ထားလိုက်တော့။ တခြား ဘာကုသိုလ်ကောင်းမှု လုပ်ဖူးသေးလဲ။

လူ။........။ ဘုရားတွေ စေတီတွေလည်း တည်ခဲ့ဖူးတယ်။

သိကြားမင်း။.............။ ဟိုက်..ရှာလပတ်ရည်။ အာဂလူပါလားဟေ့၊ ဘုရားတည်ဖို့ဆိုတာကတော့ နည်းနည်းနောနော ထက်သန်တဲ့ သဒ္ဓါတရား ဟုတ်နိုင်ရိုးလား။ ငွေတွေအများကြီးလိုမှာမို့ မင်္ဂလာတရားတော်နဲ့အညီ တော်တော်လေးကို ခြိုးခြံချွေတာ စုဆောင်းခဲ့ရမှာပေါ့နော်။

လူ။........။ ဟင့်အင်း.... ဉာဏ်ကို လွှာသုံးတတ်သူအဖို့ကတော့ ဒီလောက်ကြီးလည်း ခြိုးခြံဖို့ မလိုပါဘူး။ ခိုးလို့ ဝှက်လို့ ရတဲ့အထဲက သုံးစွဲပြီး ဘုရားတည်လိုက်တာပါပဲ။

သိကြားမင်း (မျက်နှာကြီးရှုံ့မဲ့၍)။..........။ သြော်...ဉာဏ်ကလည်း လွှာပဲ လွှာတတ်လွန်းပါပေတယ်ကွယ်။ သိကြားမင်းတောင် ငိုချင်လာပြီနော်။ ကဲ... ရှိစေတော့၊ ရှိစေတော့။ မင်္ဂလာတရားတော်ထဲက တခြား ဘယ်မင်္ဂလာတရားနဲ့ ညီအောင် နေခဲ့သေးလဲ။

လူ။..........။ မင်္ဂလာတရားတော်နဲ့အညီ ကိုယ့်အဆွေအမျိုးတွေ၊ မိတ်ဆွေသင်္ဂဟတွေကို ထောက်ပံ့တယ်။ ကြည့်ရှုစောင်မတယ်။ ပါမစ်တွေ ချပေးတယ်။ စီးပွားရေး လုပ်ကွက်တွေ ကန်ထရိုက်တွေ ချပေးတယ်။ ရာထူးကောင်း၊ နေရာကောင်းတွေဆို ကျုပ်အမျိုးတွေချည်းပဲ။ မယုံရင် တတိုင်းပြည်လုံး လိုက်မေးကြည့်လိုက်ဦး။

သိကြားမင်း။...........။ အင်း....ဉာတကာနဉ္စသင်္ဂဟောဆိုတာကို အကျင့်ပျက်ခြစားတဲ့ ဆွေမျိုးကောင်းစားရေးဝါဒ (Nepotism)နဲ့ မှားနေပုံရတယ်။ ဒုက္ခ...ဒုက္ခ... သိကြားမင်း တခါမှ ဒီလောက် စိတ်မညစ်ဖူးသေးဘူးနော်။ အေးလေ.... မေးမိလက်စနဲ့ ဆက်မေးလိုက်ပါဦးမယ်။ လောလောလတ်လတ် ဘာကုသိုလ်များ လုပ်ခဲ့သေးလဲ။

လူ။.........။ ကျုပ်လား။ မကြာသေးခင်ကမှ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားပြီး ပြန်လာတာ။ ပြီးတော့ မဟားဒယား ဂန္ဓီပြတိုက်မှာလည်း လေလည်...အဲလေ... ဝင်လည်ခဲ့သေးတယ်။

သိကြားမင်း။.........။ သြော်...သြော်....မဟတ္တမဂန္ဓီကို ပြောတာလား။ ကိုယ့်လူက ဂန္ဓီရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့တော့ ကောင်းကောင်း ရင်းနှီးတယ်ပေါ့လေ။

လူ။...........။ ဟာ... ဘယ့်နှယ့်ပြောပါလိမ့်။ မရင်းနှီးဘဲ နေမလားဗျ။ အဲဒီလမ်းစဉ် ကျင့်သုံးတဲ့သူတွေကို ထောင်ချတာတို့၊ ဝါးရင်းတုတ်နဲ့ ရိုက်တာတို့၊ သေနတ်နဲ့ ပစ်သတ်တာတို့ ကျုပ်အကုန် လုပ်ခဲ့ဖူးပါတယ်။ မယုံရင် ယူကျုမှာ ရှာကြည့်လိုက်။ ဗီဒီယို မှတ်တမ်းတွေတောင် ရှိသေး... ဟေး...ဟေး။

သိကြားမင်း။.........။ တော်ပါပြီ... ယုံပါတယ်၊ ယုံပါတယ်။ ကိုယ့်လူနဲ့ စကားပြောတာ ဆယ်မိနစ်မပြည့်သေးဘူး။ ကိုယ့်လူရဲ့ လားရာ လမ်းပြမြေပုံ (road map) ကို ကျုပ်ကောင်းကောင်းကြီး မြင်ရချေပြီတကား။

လူ။.........။ မြင်ရမယ်လေ။ ကျုပ်တို့ကလည်း အလုပ်လုပ်ရင် ရုဒ်မက် ကလေးနဲ့မှ လုပ်တတ်တာ။ အခုပဲ လမ်းပြမြေပုံ နောက်ဆုံးအဆင့်ကို ရောက်တော့မယ်။

သိကြားမင်း။...........။ ဟုတ်ပါတယ်။ လမ်းဆုံးကို ရောက်နေပါပြီ။ ဒါထက် ကိုယ့်လူက သေရင် သိကြားမင်းဖြစ်မယ်လို့ တကယ်ကြီးကို ယုံကြည်နေတာလား။ တကယ်လို့ ကျုပ်က နေရာဖယ်မပေးဘူးဆိုရင်ကောဗျာ။

လူ။.........။ (ဘုကြည့်ကြည့်လိုက်ပြီး) စမ်းကြည့်လိုက်လေ။ ဟို ကျုပ်ရှေ့က အကြီးအကဲ တယောက်တော့ နေရာကို အသာတကြည် ဖယ်မပေးတဲ့အတွက် အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတာပဲ။

ဤစကားကို ကြားသောအခါ သိကြားမင်းလည်း အောက်ပါအတိုင်း ပြောကြားပြီး ကိုယ်ယောင်ဖျောက်သွားလေတော့သည်။

“ ဟယ်.... ငမိုက်သား။ သင် နတ်ပြည်ရောက်ပါက နတ်အခွင့်အရေးများကိုလည်း မုချ ချိုးဖောက်မယ့်ပုဂ္ဂိုလ်မျိုးသာဖြစ်တယ်။ နတ်ပြည်ကိုတောင် စကြဝဠာမှာ အဆင်းရဲဆုံး ဘုံအဆင့် မရောက် ရောက်အောင် ဆွဲချမယ့်သူလည်း ဖြစ်တယ်။ ဒီတော့ ယနေ့မှစ၍ သင့်အား နတ်ပြည်ခြောက်ထပ်ကို ဝင်ရောက်ခွင့် ဗီဇာ ပိတ်ပင်လိုက်ပြီ။ သင်နဲ့တော်ရာ ငရဲဘုံကိုသာ သွားပေရော့...လဟယ်။”

သိကြားမင်း နတ်ပြည်သို့ ပြန်တက်။

တေဒူးထန့်... ဘူးနောင်းတေးဘူ ထန့်ဗျော်ဘူး....ဘူးဘုနေ ဘူနေဘု...ဘူးနောင်တေးဘူ ထန့်ဗျော်ဘူ။

(ကားလိပ်ချ)

(ဤဇာတ်လမ်းထဲမှ ဇာတ်ကောင်များသည် စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသည်။ မတော်တဆ တိုက်ဆိုင်မှုရှိပါက ဘွာတေး...နော်... ဘွာတေး။ ဗွေမယူကြေး။)
Read more

အသနားခံစာ

ကျွန်တော်တို့သည် နိုင်ငံတော်၏ စေတနာအမှန်ကို ကောင်းစွာ နားလည်သဘောပေါက်လာသည့်အလျောက် မူရင်းပါတီမှလည်း ခွဲထွက်ခဲ့ကြပြီး ဖြစ်ပါသည်။

မတရားသည့် ရွေးကောက်ပွဲ ဥပဒေမှန်း သိပါလျက်နှင့်ပင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန်အတွက် ကျနော်တို့သည် ပါတီအသစ်တခုအဖြစ် မှတ်ပုံတင်ခဲ့ကြပြီး ဖြစ်ပါသည်။

ကျနော်တို့အား ယခင်က ရွေးချယ်တင်မြှောက်ထားခဲ့သော မဲဆန္ဒရှင် ပြည်သူလူထု၏ မျက်နှာကိုလည်း ဤနည်းအားဖြင့် ကောင်းကောင်းကြီး အိုးမဲသုတ်နိုင်ခဲ့ကြပြီး ဖြစ်ပါသည်။

ယခုအခါ ကျနော်တို့တွင် ကုန်းကောက်စရာ သိက္ခာနှင့် ရွေးကောက်ပွဲ ရန်ပုံငွေပါ တပြားတချပ်မျှပင် မကျန်ရှိတော့ပါ။

ထိုမျှမက အနာဂတ်မြန်မာနိုင်ငံသမိုင်းတွင်လည်း ကျနော်တို့သည် သစ္စာဖောက်များ၊ အာဏာရှင်ထံတွင် ဒူးထောက်လက်မြှောက်သူများအဖြစ် သမိုင်းတွင်ရစ်ဦးမည် ဖြစ်ပါသည်။

သို့ပါ၍ ကျနော်တို့၏ အထွေထွေ မိုက်ပြစ်များကို ညှာတာသနားသောအားဖြင့် ခွင့်လွှတ်တော်မူပါရန်နှင့် ကျနော်တို့အား ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုပါရန် ခြေသလုံးဖက်၍ ရှိခိုးဦးတင် အသနားခံလွှာ တင်အပ်ပါသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရပါက တပ်မတော်ဦးစီးချုပ်၏ အလိုတော်ဆန္ဒနှင့် ကွဲလွဲသော လုပ်ဆောင်ချက်များ၊ ကွဲလွဲသော အဆိုများကို မည်သည့်အခါမျှ မလုပ်ဆောင်ပါ မတင်သွင်းပါဟုလည်း အကြိမ်ကြိမ်အထပ်ထပ် ကတိသစ္စာပြုပါသည်။ (... ဒီလူသားရဲ့ သစ္စာဟာ... ကမ္ဘာတည်သရွေ့ပါ....)

ပါတီမှတ်ပုံတင်စဉ်က ၂၀၀၈ ဖွဲ့စည်းပုံအား သေတပန်သက်တဆုံး ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျွန်တော်မျိုးတို့ ကတိလက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။

ဤကတိသစ္စာ မတည်ပါက ကျနော်တို့အား ချီးကားတိုက်၊ မြွေပွေးကိုက်၊ မိုးကြိုးပစ် စသည့် ဘေးရန်များ ထိပါစေသားဟုလည်း အဖန်တရာမက ကျိန်ဆိုပါသည်။

ပုံ……
သနားစရာအကောင်းဆုံး နိုင်ငံရေးသမားတစု

(အသနားခံစာတင်ရန် ပြင်ဆင်နေသူများအနေဖြင့် ဤစာကို ကျွန်ုပ်ထံမှ ခွင့်ပြုချက် တောင်းခံရန် မလိုဘဲ အဆင်သင့် ယူသုံးနိုင်ပါသည်။)


ပူးတွဲဖတ်ရှုရန်။.............။

(၁) NDF အဖွဲ့ဝင်တချို့ကို အသနားခံစာ တင်ခိုင်း
(၂) NDF ခေါင်းဆောင် ၄ ယောက် ရွေးကောက်ပွဲဝင်ဖို့ အသနားခံစာ တင်ရမည်
Read more

ကောက်စိုက်မ နဲ့ ပြိုင်ဘီး

(အရင်နှစ် ဖေဖေါ်ဝါရီလထဲက တင်ခဲ့ဖူးတဲ့ ပို့စ်တပုဒ်ကို နည်းနည်း ပြင်ရေးပြီး ပြန်တင်လိုက်ပါတယ်။)

ရန်ကုန်မပြန်ခင်တရက်မှာ ကျနော့် ဇာတိရွာကလေးကို အလွမ်းပြေ တခေါက်လောက် သွားလည်ဘို့ ပြင်ရတယ်။ ရွာကို စက်ဘီးနဲ့ သွားမယ်ဆိုရင် ငါးနာရီလောက်ကြာတယ်။ အိမ်က စက်ဘီးတွေကလည်း ကျောင်းဖွင့်ရက်ဆိုတော့ တစီးမှ မအားဘူး။ ဒါနဲ့ ယောက်ဖ၀မ်းကွဲရဲ့ ပြိုင်ဘီးလေးကို ခဏငှားစီးရတယ်။

လယ်ကိုင်းဖက်ကို သွားတဲ့ ကားလမ်းမကြီးအတိုင်းထွက်။ ရေပေးမြောင်းမကြီးကိုရောက်တဲ့အခါ ဖြောင့်ဖြူးနေတဲ့ မြောင်းဘောင်လမ်းပေါ်ကို အသာချိုးကွေ့လိုက်ပြီး ကျောင်းတော်ရာဘုရားရှိတဲ့ဖက်ဆီကို ဦးတည်လို့ ခပ်သွက်သွက် စနင်းလိုက်တယ်။

အဲသည်အခါကျမှ ပြိုင်ဘီးလေးရဲ့ အရသာကို သိတော့တာပဲ။ အဲဒီအချိန်မတိုင်မီက ကျနော်တခါမှ ပြိုင်ဘီးမစီးဖူးပါဘူး။ ရန်ကုန်မှာ သူများတွေ စီးနေတာတော့ တွေ့မိသားပေါ့။ ပြိုင်ဘီးဆိုတာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် စက်ဘီးကလေးပါကလား။ ကုန်းတက်ဆိုရင် ဂီယာတမျိုး၊ မြေညီဆိုရင် ဂီယာတမျိုး။ သက်တောင့်သက်သာ ရှိလှပါတကား။ ခါးကို ထောင့်ချိုးကွေးထားတာမို့ လေရဲ့ ခုခံတားဆီးမှုကို သိပ်မခံစားရ။ ရှေ့တူရူက တိုက်ခတ်လာတဲ့ လေဆန်ကို ပူစရာမလို။

ဒီလိုနဲ့ ပြိုင်ဘီးလေးနင်းရတဲ့ အရသာကို ကြည်နူးရင်း ကုက္ကိုပင်၊ မယ်ဇလီပင်၊ ထနောင်းပင်၊ ညောင်ပင်တွေ အစီအရီပေါက်နေတဲ့ ရေမြောင်းတလျှောက် နင်းလာလိုက်တာ “၀ဲဒေါင့်” ဆိုတဲ့ ရွာနားရောက်တော့ အရှိန်ကို နည်းနည်းလျှော့ချလိုက်ရတယ်။ ရေမြောင်းဘေးကပ်လျက် ညောင်ပင်ရိပ်အောက်မှာ ကောက်စိုက်သမတွေ ထိုင်နေကြလို့ပါ။ သူတို့လူအုပ်က အတော်တောင့်တော့ စက်ဘီးသွားလမ်းပေါ်ကိုတောင် လူတွေ ရောက်နေတယ်။

ကျနော်စက်ဘီးနင်းလာတာ မြင်တာနဲ့ ချက်ချင်းဆိုသလို သူတို့အားလုံးရဲ့ အာရုံတွေဟာ ကျနော့်အပေါ်ကို စုပြုံကျရောက်သွားပြီး နီးလာတာနဲ့အမျှ သူတို့အချင်းချင်း ပြောကြတဲ့ စကားသံတွေကိုလည်း တဖြည်းဖြည်းနဲ့ စပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ သူတို့ကလည်း တိုးတိုးသက်သာ ပြောကြတာမျိုးမဟုတ်။ ကျနော်မကြားကြားအောင် တမင် အသံကိုမြှင့်ပြီး အော်ကြီးဟစ်ကျယ် ပြောနေကြတာမျိုး။

“ကြည့်စမ်းပါဦးဟယ်။ ကိုယ့်ဒုက္ခကိုယ်ရှာလို့”

“အေးလေ… ကုန်းကုန်းကွကွကြီး စီးရတယ်လို့။”

“အဲဒီလိုစီးလိုက်တာနဲ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသားနဲ့တူသွားရော မှတ်နေသလားမသိ”

“ငါတော့…. ကြည့်လို့ကို မရဘူး။ ဘာစိတ်ကူးနဲ့များ ဒီစက်ဘီးမျိုး စီးချင်ရလဲမသိဘူး”

“သောက်ရူးထတာပေါ့အေ....”


တယောက်တပေါက် ပြောနေကြတဲ့ အဲဒီအသံတွေကို မသိကျိုးကျင်ပြုပြီး သူတို့အနားက အမြန် ကျော်ဖြတ်ဖို့ ကြိုးစားရတယ်။ စက်ဘီးလမ်းပေါ်ထိုင်နေတဲ့ သူတို့နဲ့ လွတ်အောင် လမ်းနည်းနည်းကြမ်းတဲ့ဘက်က ကွေ့ဝိုက် ရှောင်ပြီး နင်းလိုက်တယ်။ ကံဆိုးချင်တော့ အဲသည်မှာ ညောင်မြစ်ကို တက်နင်းမိတာပါဘဲ။

စက်ဘီးတော့ လဲကျမသွားပါဘူး။ ဒါပေမယ့် ညောင်မြစ်က ကန့်လန့်ခံနေတာဆိုတော့ ရေပိုက်လုံးပေါ် တက်နင်းမိသလို ရှေ့ဘီးနဲ့ နောက်ဘီး တချက်ချင်းစီ ဒုတ်ကနဲ၊ ဒုတ်ကနဲ ခုန်ပြီး လမ်းပေါ်ကို အရှိန်နဲ့ ပြန်ကျတာလောက်ပါပဲ။

ဒါပေမယ့် အဲဒီအချိန်မှာ ကောက်စိုက်မ အုပ်စုဆီက သံပြိုင်နီးပါး ထွက်ပေါ်လာတဲ့ အသံတွေကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။

ကောင်းတယ်၊ ၀မ်းသာတယ်၊ လုံးဝ မသနားဘူး။”………..တဲ့။
Read more

ရာဇဝင်ထဲမှာ သူတို့ကို ထားရစ်ခဲ့

အခုတလော မိုးမခ ဘလော့ဂ်မှာ သွားဖတ်ရင်း ကုသိုလ်ပွားနိုင်တဲ့ ဓါတ်ပုံလေးတွေ အမှတ်ထင်ထင် တွေ့တွေ့နေရတယ်။ မိတ်ဆွေတို့လည်း ကုသိုလ်ဘာဝနာ ပွားများနိုင်အောင် ထပ်မံ မျှဝေလိုက်ပါတယ်။

(၁) လေဘာတီ မမြင်ရင် သီချင်းကို ဆိုနေမိတယ်...


(ဓာတ်ပုံ - getty images)

သေနိုင်ပါရိုးလား... လေဘာတီရယ်... ပေတရာဆီလျှောက်ပါလို့... မြင်သလောက် ပြလိုက်ချင်ပါသည်....” (ဒီသီချင်းကို ညီလင်းဆက်က သူ့ဘလော့ဂ်မှာ ဖော်ပြခဲ့ဖူးပါတယ်။)

အပေါ်ပုံက ကျနော်တို့ရဲ့ တိုင်းပြည်အုပ်ရှောင်.... အဲလေ.....ဥသျှောင် တိုင်းပြည်အကြီးအကဲလုပ်တဲ့ လူကြီးနဲ့ သူ့ရဲ့ ဦးဆောက်ပန်း မိဖုရားခေါင်ကြီး တြိလောကကြံသကာဒေဝီ ဒေါ်ကြိုင်ကြိုင်တို့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့ ဓါတ်ပုံပါတဲ့။ အင်း.... ဘာပဲဖြစ်ဖြစ် ခုလို ကုသိုလ်ကောင်းမှုပြုပုံမျိုးနဲ့ဆိုရင်တော့ ဟိုးအောက်ဆုံးထပ်မှာ ဂျိုးကပ်မယ့်အရေးကနေ အပေါ်ကပ်လျက် တထပ်ဆီကို ပြန်တက်ကောင်း တက်လာနိုင်ပါသေးတယ်။ “....ခင်ညာ...ကျနော် ဘာပြောမိလို့လဲ...” ။ စတုမဟာရာဇ်မှာ ဂျိုးကပ်မယ့်အရေးကနေ တာဝတိံသာကို တဆင့်ပြန်တက်သွားမှာလို့ ပြောချင်တာပါ။ တလွဲတွေ လျှောက်လျှောက် မတွေးကြစမ်းပါနဲ့ဗျာ။

(၂) ချာလီရဲ့ နတ်မိမယ်များ

နောက်ထပ် ဓါတ်ပုံတပုံကတော့ ချာလီရဲ့ နတ်မိမယ်များ (Charlie's angels)ဖြစ်ပါသတဲ့။ အပေါ်က ဘုရားဒကာကြီး လက်ချက်ကြောင့် ဒုက္ခအတိရောက်နေတဲ့ မြန်မာပြည်ကြီးကို ကယ်တင်ဖို့ လွှတ်လိုက်တဲ့ ချာလီရဲ့ နတ်မိမယ်သုံးယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာတော့ အဲဒီနတ်သမီးတွေ ဘယ်ဘုံဗိမာန်မှာ သွားပြီး စံစားနေကြသလဲတော့မသိပါဘူး။ အခု နတ်စည်ရွမ်းလိုက်သလို ရွေးကောက်ပွဲဆိုတဲ့ အသံကြားမှ ဘွားကနဲ ကိုယ်ထင် ထ ပြလိုက်ကြတာ.... စင်္ကာပူမှာ ငိုက်မျဉ်းနေတဲ့ မြန်မာဘလော့ဂါတောင် ရုတ်တရက် လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားမိပါတယ်။


ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး)၊ ဒေါ်နေရီဗဆွေ၊ (၀န်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး)၊ ဒေါ်မြသန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး) တို့ ဖြစ်သည်။ [ဓာတ်ပုံ - Jack Davies]

ချာလီသုဝေရဲ့ပုံကိုတော့ အများမြင်ဖူးကြမယ်ထင်လို့ တင်မပေးတော့ပါဘူး။ မိုးမခမှာ ဖတ်ရတဲ့သတင်းအရဆိုရင် ဘိလပ်က ဂါးဒီးယန်း သတင်းစာကြီးက အဲဒီသူတို့ဓါတ်ပုံကို ဖော်ပြပြီး “နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာပြည်မှ အမျိုးသမီး ၃ ဦး” လို့ ခေါင်းစဉ်တပ်ထားသတဲ့။ ရှက်ဖွယ်စလိ။

“တလောကလုံးက ပြောနေပြီ...
မင်းကိုလေ... မခံချင်ဘူး.... ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ.....”း-)

(၃) ရာဇဝင်ထဲက မိန်းမသား



အပေါ်က ဓါတ်ပုံထဲက ခန့်ခန့်ထည်ထည်ကြီးဟာ “ရာဝင်အိုးထဲက အဲလေ... ရာဇဝင်ထဲက မိန်းမသား” ကိုရေးသားတဲ့ ဒေါက်တာမတင်ဝင်းပါတဲ့။ တိုက်တိုက်ဆိုင်ဆိုင် နာမည်ကျော် “ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဝတ္ထုတိုကိုရေးတဲ့ ဆရာမ ဂျူးရဲ့နာမည်ကလည်း ဒေါက်တာ တင်တင်ဝင်း လို့ မှတ်သားဖူးပါတယ်။

ရာဇဝင်ထဲမှာ ဒေါက်တာ မတင်ဝင်းကို မထားခဲ့ကြပါနဲ့။ အလေးခံပြီး သယ်ကြသေးတာပေါ့။ ကျနော်တို့ ကျောင်းသားဘဝက မဂ္ဂဇင်းတွေထဲမှာ ဒေါက်တာမတင်ဝင်းကြီးက ရာဇဝင်ထဲက မိန်းမသား ကို အခန်းဆက်ဆောင်းပါးတွေ ရေးနေတုန်း... တစ်လမှာ နရသီဟပတေ့မင်းရဲ့ မိဖုရားငယ်တပါးဖြစ်တဲ့ စောလုံ အကြောင်းကို ရေးတဲ့အခါ စောလုံနာမည်ကို မသိရှာတဲ့ အလျောက်.... “အမည် မထင်ရှားတဲ့ မိဖုရားငယ်တပါး” လို့ ရမ်းတုပ်လိုက်တယ်။ အဲဒါကို အခြားစာရေးဆရာတယောက်က အဲဒီ မိဖုရားနာမည်ဟာ မထင်မရှားမဟုတ်၊ စောလုံ ဖြစ်တယ်လို့ သွားထောက်ပြမိတဲ့အတွက် ရာဇဝင်ထဲက မိန်းမသားတယောက်ဖြစ်တဲ့ ဒေါက်တာမတင်ဝင်းကြီးလည်း ပညာရှိပီသစွာ ယမ်းပုံမီးကျ တားမရ ဆီးမနိုင် (ဆီးမနိုင်ဆိုလို့ ရှူးရှူးတွေထွက်ကျကုန်တယ်လို့ မထင်ပါနဲ့) ဒေါသအဖြိုင်ဖြိုင် ပွင့်ထွက်တာကို မဂ္ဂဇင်းပေါ်မှာ ဖတ်လိုက်ရသေးတယ်။ ထိုင်းနဲ့မြန်မာ ဆက်ဆံရေးမပြေလည်တဲ့အချိန်တုန်းက သတင်းစာထဲမှာရေးတဲ့ သူ့ဆောင်းပါးတွေကို ကျနော်က နိုင်ငံခြားမှာ ရောက်နေလို့ မဖတ်လိုက်ရတာ နာတာပဲ။ သတင်းတော့ တော်တော်မွှေးပါတယ်။

ဖြစ်နိုင်လို့ရှိရင် သူတို့အားလုံးကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ချင်ပါရဲ့။
Read more

နားဝင်ပီယံ သူ့အသံ

ဟောဒီမှာ အသံဖိုင်လေးတဖိုင်။ အလွန်ဆုံး မိနစ်ဝက် (၃၂ စက္ကန့်)စာပဲ ကြာတာပါ။ မဖြစ်မနေ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

အဲဒီ အသံဖိုင်ထဲက ပီယဝါစာ ချစ်ဖွယ်သောစကားလေးကို ပြောဆိုနေတဲ့ အသံပိုင်ရှင်လေးဟာ ဘယ်ဒူ ဖြစ်မလဲဆိုတာ ပရိသတ်ကြီး ကိုယ့်ဘာသာပဲ ခန့်မှန်းကြည့်ကြပါ။ အနော် ကတော့ ထုတ် မပြောဝံ့ဘူးနော်။ သားသားကြောက်ကြောက်။ (အင်း ထုတ် မပြောဘူးလို့ ရည်ရွယ်ပေမယ့် ပရိသတ်အချို့ အတွေးချော်ပြီး လင်မယားရန်ဖြစ်တာလို့ ထင်နေပုံရတဲ့အလျောက် အောက်မှာ ဖြည့်စွက်ချက် ထပ် ထည့်ပေးလိုက်ပါတယ်။ သားသား ညစ်ညစ်။)



အပေါ်မှာ နားထောင်မရခဲ့ရင်... အောက်က ပလေယာ မှာ နားထောင်ကြည့်ပါ။



(ဘလော့ဂ်ပေါ်မှာ နားဆင်ရတာ အဆင်မပြေသူများ ...ဒီလင့်ခ်... မှာ အသံဖိုင်ကို ဒေါင်းလုပ် ယူလို့ရပါတယ်။ အဲဒီမှာ မရရင် မီဒီယာဖိုင်ယားမှာ တင်ထားပါတယ်။ ဒီမှာ ဒေါင်းလုပ်ကြည့်ပါ။ Bandwidth နည်းတဲ့အတွက် တခါတရံ နားဆင်မရရင် ခွင့်လွှတ်ပါ။)

နောက်ခံဘက်ဂရောင်းမှာ ပါတဲ့ ယောက်ျားသံကတော့ (စိတ်ထဲက မခံချိမခံသာ ဒေါသထွက်နေပုံရပေမယ့်လည်း) ပါးစပ်ကတော့ မတတ်သာတဲ့အလျောက် တောင်းပန်တိုးလျှိုး အောက်ကျို့ပြီး ပြေလည်ရာ ပြေလည်ကြောင်း ပြောနေရရှာတာကို ဘဝတူချင်း ကိုယ်ချင်းစာမိပါတယ်။

နောက်တခါ ပြည်သူ့ဂုဏ်ရည်ဆုပေးကြရင် အဲသည် ချိုသာသော အသံပိုင်ရှင်ကလေးကိုလည်း ပြည်သူ့ဂုဏ်ရည် စာရင်းမှာ ထည့်သွင်းစဉ်းစားပေးစေလိုပါတယ်ဗျာ။

အေးလေ.... သူ့ခမြာ အလုပ်တွေများလို့ စိတ်တိုနေရှာတာကို ရှင်တို့ကလဲ ... အဲလေ... ခင်ညားတို့ကလဲ နားလည်ပေးလိုက်ကြပါ။ ရှင်တို့နော်...ရှင်တို့....။ အင်း....ရှင်တို့နဲ့တော့ ခက်သေးတယ်။

ဖြည့်စွက်ချက်။............။ ချိုသာကြည်မြသော အသံရှင်ဟာ စင်္ကာပူမှာ မြန်မာလူမျိုးမှန်ရင် ခွင့် တကူးတက ယူပြီး မိမိဆန္ဒအလျောက် (သွားချင်လွန်းလို့) သွားရောက် စုဝေးတတ်ကြတဲ့၊ မိမိရဲ့ တနှစ်စာ စုဆောင်းထားသမျှ ချွေးနည်းစာထဲက အိတ်ထဲမှာ ပြောင်သလောက်နီးပါးကို (လှူချင်လွန်းလို့ လျှောက်လွှာရေးတင်ကာ) အလှူဒါနပြုလိုက်ကြရပြီးတဲ့နောက် တနေကုန်တနေခန်း ထိုင်စောင့်ကြရင်းနဲ့ မေတ္တာဘာဝနာများ ပွားများလေ့ရှိကြတဲ့ မကင်းရာ မကင်းကြောင်း ရုံးတခုရဲ့ ကောင်တာမှာ တာဝန်ယူရတဲ့ မမ ပါတဲ့။ ယောက်ျားသံကတော့ မြန်မာပြည်သူတဦးပါ။ သူ့အဆိုအရ အရင်နေ့က သူ့ကို အခြား ဝန်ထမ်းတယောက်က နောက်တနေ့ညနေ ပြန်လာဖို့ ချိန်းလိုက်တဲ့အတွက် လာတာဖြစ်ပါသတဲ့။ ဒါပေမယ့် မမလေးရဲ့ အဆိုအရ... ဖောင်တွေ ထပ်ရတာက မနက်ပိုင်းထပ်ရပြီး ညနေဖက်မှာ မနက်က ဖောင်ထပ်တဲ့ထားလူတွေကို ပြန်ပေးတာပါတဲ့။ ဒါပေမယ့် ဟိုလူက အရင်နေ့က ညနေပိုင်းလာခဲ့ဆိုလို့ အခုလို လာရတာဖြစ်တဲ့အကြောင်း၊ သူ့မှာလည်း အလုပ်တွေ ရှုပ်နေတဲ့အတွက် နောက်နေ့တွေမှာ ခွင့်ထပ်ယူပြီး လာဖို့ အခက်အခဲရှိကြောင်း၊ ဒါကြောင့်မို့ ဒီနေ့မှာ ဖောင်ကလေးကို လက်ခံပေးဖို့ တောင်းပန်တိုးလျှိုးတဲ့အတွက် အထက်ပါအတိုင်း အကောခံလိုက်ရခြင်း ဖြစ်ပါသတဲ့။

အဲသည်လို အားပါးတရ ကောပြီးတဲ့အခါ တံခါးဝနားမှာ စောင့်လေ့ရှိတဲ့ လုံခြုံရေးအဖိုးကြီးကို ခေါ်ပြီး အဲဒီလူကို ဆွဲထုတ်ခိုင်းတယ်လို့ သိရပါတယ်။ ပါးစပ်ကလည်း “This one. This one. Pull out!" လို့ အော်ပါသေးသတဲ့။

ကဲ.... ဒီလောက်ရှင်းပြရင် ရှင်တို့ အားလုံးဇာတ်ရည်လည်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်တို့နော်...ရှင်တို့....ရှင်တို့နဲ့ခက်တယ်...ဟွန်း။ ဒုံး။


(အသံဖိုင်ထဲက အသံတွေကို နားထောင်ပြီးတဲ့အခါ ကြားရတဲ့အတိုင်း စကားလုံးအတိအကျနဲ့ ကွန်မင့်ကဏ္ဍမှာ Transcripts သဘောမျိုး ပြန်ရေးပေးနိုင်ခဲ့ရင် ကျေးဇူးတင်မှာ ဖြစ်ပါကြောင်း။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs