“သမီး ငယ်ငယ်က”

ရုံးပိတ်ရက်မှာ ဖလင်ခေတ်က ရိုက်ကူးထားတဲ့ မဒမ်ပေါရဲ့ လက်ရာဓါတ်ပုံတချို့နဲ့ မိန်းထဲက ဓါတ်ပုံဆရာရဲ့ ဓါတ်ပုံလက်ရာတခုကို ဒစ်ဂျစ်တယ်ပုံရိပ်လွှာအဖြစ် ကူးပြောင်းပြီး အမှတ်တရ တင်လိုက်ပါတယ်။

At SAKURA hospital
ကိုးလလွယ် ဆယ်လဖွား..... သမီးမွေးစဉ်အခါက။ ဆာကူရာ ဆေးရုံမှာ။ ကျနော်လွယ်ရတာမဟုတ်ပါဘူး....အဟီး။ မဒမ်ပေါလွယ်ရတာပါ။


At Shwedagon 1
ရွှေတိဂုံဘုရားရင်ပြင်မှာ သမီးကျောပိုးအိတ်နဲ့ လျှောက်သွားနေတုန်း....


At Shwedagon 3
ပိုက်ဆံအိတ်ကို ချိုင်းကြားကလည်း ညှပ်ချင်သေးတယ်။ တခုခုဆိုရင် “ဟဲ့..ဒုက္ခ” လို့ လူကြီးလူကျယ် ပြောတတ်တယ်။


At Shwedagon 4
ဘယ်လိုပဲ လူကြီးဂိုက်ဖမ်းဖမ်း၊ နောက်ဆုံးတော့လည်း နို့ဘူးနဲ့ပဲ နှစ်ပါးသွားရတာပဲ မဟုတ်လား။ (ဘေးကထိုင်နေတာ သူ့ အဖွားပါ)


Near the convocation
ဒါက မိန်းထဲက ဓါတ်ပုံဆရာရဲ့ လက်ရာ။
Read more

“ကံမကောင်း အကြောင်းမလှခဲ့လျှင်”

စင်္ကာပူနိုင်ငံသား မာတင်ဆီး(Martyn See) ရိုက်ကူးထားတဲ့ ဗီဒီယိုကို ယူကျု ကနေ ကူးယူပြီး တင်လိုက်ပါတယ်။ အရင်ကတော့ မာတင်ရဲ့ ဗီဒီယိုတွေကို စင်္ကာပူအစိုးရက စင်္ကာပူနိုင်ငံတွင်းမှာ ပြသခွင့် မပေးဘဲ ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။ အခုတော့ အချို့ကို Rating တစ်ခုနဲ့ စတင် ခွင့်ပြုလာပါပြီ။ အခု ဗီဒီယိုကို NC16 သတ်မှတ်ထားပါတယ်။ ဗီဒီယိုထဲမှာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ညစ်ညမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ တစ်ခုမှ မပါဝင်ဘဲနဲ့ ဘာကြောင့် ဆင်ဆာဘုတ်က NC16 သတ်မှတ်ထားရသလဲ ဆိုတာကတော့ အတွေးပွားစရာပါ။

စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးအများစုကတော့ ဒီဗီဒီယိုမှာပါတဲ့ မြင်ကွင်းတွေကို မြင်ဖူးကြမှာပါ။ ဒါပေမယ့် တခြားနိုင်ငံက မြန်မာတွေအနေနဲ့ စင်္ကာပူမှာ ဒီလို အဖြစ်အပျက်တွေ ရှိတယ်ဆိုတာကို ယုံနိုင်ကြမယ် မထင်ပါဘူး။ တကယ်တော့ ဒီအဖြစ်အပျက်တွေဟာ ဘဝမှာ ကံအကောင်းအကြောင်းမလှတဲ့ စင်္ကာပူနိုင်ငံသားတချို့အနေနဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်တွေပါ။ ကျနော်သတိထားမိတဲ့ နောက်တချက်ကတော့ ဒီနိုင်ငံမှာ အသက်ကြီးမှ ဒုက္ခရောက်သူတွေအများစုဟာ တရုတ်လူမျိုးတွေဖြစ်နေတာကို တွေ့ရပါတယ်။ ကျန်တဲ့ မလေးနဲ့ အင်ဒီယန်းတွေကို တွေ့ရခဲပါတယ်။ ဗီဒီယိုထဲမှာလည်း ဒီအချက်ကို သတိပြုနိုင်ပါတယ်။ ဘာကြောင့်ပါလဲ။



မာတင်ဆီးရဲ့ ဘလော့ဂ်ကို ဒီလင့်ခ်ကတဆင့် သွားနိုင်ပါတယ်။

ဒီဗီဒီယိုကိုပဲ The Online Citizen အင်တာနက် စာမျက်နှာမှာ ခရစ်စမတ်အတွက် တင်ထားတာကို တွေ့ရပါတယ်။

(ဖြည့်စွက်ချက်) ပို့စ်ခေါင်းစဉ်တွေကို ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ခပ်ဆင်ဆင် ခေါင်းစဉ်တခုနဲ့ အကြောင်းအရာလည်း ဆင်တူတဲ့ ပို့စ်တခု တင်ခဲ့မိတာကို သွားတွေ့ရတယ်။ အောက်မှာ အဲဒီပို့စ်ရဲ့ လင့်ခ်ကို ထည့်ပေးလိုက်ပါတယ်။

“ကံမကောင်း အကြောင်းမလှခဲ့လျှင်ဖြင့်…”
Read more

“အဖေတူသား”

ကျနော့်အဖေဆုံးတော့ အသက်ရှစ်ဆယ်။ အဖေ့အသက် ၆၀ လောက်စပြီး လူကြီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း နားနည်းနည်း လေး စပြုတယ်။ သူ့ကို ပုံမှန်အသံနဲ့ စကားလှမ်းပြောရင် မကြားဘူး။ နည်းနည်း အော်ပြောမှ ကြားတော့တယ်။ နောက်တော့ အဖေ့ကျေးဇူးနဲ့ ကျနော်တို့ တအိမ်သားလုံး စကားကို အော်ပြောတဲ့ အကျင့်ရလာကြတယ်။

ကျနော် မြန်မာပြည်ကို ပထမဦးဆုံးအခေါက်ပြန်တော့ အဖေ့အတွက် နားကြားကိရိယာလေးကို စင်္ကာပူက ဝယ်သွားပေးတယ်။ အဖေ အရမ်းသဘောကျတယ်။ သူဘောလုံးပွဲတွေကြည့်တဲ့အခါ၊ ရေဒီယိုနားထောင်တဲ့အခါ အင်မတန်အသုံးတည့်သတဲ့။

ဒါပေမယ့် အဲဒီ နားကြပ်ကြောင့် အဖေ့အနားမှာ နေတဲ့ အစ်မတွေ၊ ယောက်ဖတွေ ဒုက္ခရောက်ကြတော့တယ်။ သူတို့က အကျင့်ပါနေတဲ့အတိုင်း အဖေ့ကို အော်ပြောမြဲ အော်ပြောကြတော့…. “တိုးတိုးသက်သာပြောလည်း ငါကြားရပါတယ်ဟ။ စွတ်အော်မနေကြပါနဲ့” လို့ အဖေဟောက်တာကို ခံရသတဲ့။

အခုတော့ အဖေဆုံးသွားတာတောင် လေးနှစ်လောက်ရှိပြီ။ အဖေ့ရဲ့ တဦးတည်းသော သားယောက်ျားလေးဖြစ်တဲ့ ကျနော်ဟာ အခုအသက် ၃၈ နှစ်မှာပဲ နားနည်းနည်း လေးစပြုလာတာကို ကိုယ့်ဘာသာ သတိထားမိတယ်။

အရင်ကတော့ ကိုယ့်ဘာသာ နားလေးတယ်လို့ မထင်ဘူး။ တချို့လူတွေ စကားပြောတာ အရမ်းတိုးညှင်းလွန်းလို့သာ မကြားရတာလို့ပဲထင်တယ်။ အထူးသဖြင့် စင်္ကာပူနိုင်ငံသားတွေ စကားပြောတဲ့အခါ တိုးလွန်းလို့ မနည်း အာရုံစိုက်နားထောင်ယူရတယ်။ မြန်မာတွေကတော့ အချင်းချင်း အားပါးတရ အော်ကြီးဟစ်ကျယ် ပြောကြတာဆိုတော့ ကျနော့်အတွက် သိပ်ပြဿနာမရှိလှဘူး။

တချို့လူတွေကလည်း စကားပြောတဲ့အခါ လေကို အင်မတန် ချွေတာချင်ကြပုံ ရတယ်။ လည်ချောင်းထဲကလေ အပြင်ကို ထွက်လာတဲ့ အသံနဲ့ ပြောတာမျိုးမဟုတ်။ အပြင်ကလေ လည်ချောင်းထဲကို ပြန်ဝင်သလို စုပ်သံနဲ့ စကားပြောတဲ့လူတွေလည်း ရှိတယ်။ အဲဒီလူမျိုးတွေနဲ့ တွေ့ရင် ကျနော် ဒုက္ခလှလှကြီးတွေ့တော့တာပဲ။

ရုံးက ကျနော့်မျက်စောင်းထိုးစားပွဲမှာ ကျနော်နဲ့ ပရော့ဂျက် အတူလုပ်ရတဲ့ တရုတ်လူမျိုး အင်ဂျင်နီယာမကလေးရှိတယ်။ ကိုယ့်စားပွဲကနေ သူနဲ့ အပြန်အလှန် စကားလှမ်းပြောရင် မကြားရလို့ ပြောစရာတခုခုရှိတိုင်း တယ်လီဖုန်းနဲ့ လှမ်းပြောရတယ်။ သူကလည်း ကျနော်မကြားမှန်းသိလို့ သူပြောစရာရှိရင် တယ်လီဖုန်းကနေတဆင့်ပဲ လှမ်းပြောတယ်။ နှစ်ယောက်အကြားမှာ ငါးပေလောက်ပဲကွာမယ်ဆိုတော့ ရုပ်မြင်သံကြားကြီးပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီအတွက် အလက်ဇန်ဒါး ဂရေဟမ်ဘဲလ်ကို ကျေးဇူးတင်မိပါတယ်။

ကျနော့်ရှေ့တည့်တည့်မှာ ထိုင်တဲ့ စင်္ကာပူနိုင်ငံသားကတော့ ကျနော် နားသိပ်မကောင်းတာကို ရိပ်မိပုံ မရဘူး။ သူက ကျနော့်လိုပဲ နိုင်ငံရေးကို စိတ်ဝင်စားတော့ မနက်တိုင်း သတင်းတွေဖတ်ပြီး ကျနော့်ကို လှမ်းပြောပြရတာအမော။ ကျနော့်မှာတော့ မကြားတချက် ကြားတချက်။ သူပြောတဲ့ အထဲမှာ ရယ်စရာတွေလည်း ပါပုံရတယ်။ သူ့ကို အားနာတဲ့အတွက် တခါတလေ သူဘာပြောလိုက်မှန်း မသိလိုက်ပေမယ့် စကားဆုံးသွားလို့ သူရယ်တဲ့အခါ ကျနော်လည်း ဘုမသိ ဘမသိ ရောယောင်ပြီး သွားဖြဲလေးနဲ့ လိုက်ရယ်မိတဲ့အခါမျိုးလည်း ရှိသေးတယ်။ ဒါပေမယ့် လုပ်ရယ်ကြီးဆိုတော့ ဘယ်အသက်ပါပါ့မလဲ။ သဘာဝအတိုင်းမဟုတ်ဘဲ ညှစ်ပြီး ရယ်ရတာဆိုတော့ ကျနော့်မှာလည်း နည်းနည်းတော့ ပင်ပန်းတာပေါ့။

ကျနော့်အဖြစ်က ငယ်ငယ်က ကြားဖူးတဲ့ နားထိုင်းတဲ့ လူတယောက်အကြောင်းလို ဖြစ်နေတယ်။ အဲဒီလူက သူငယ်ချင်းတယောက်နဲ့အတူ ပွဲသွားကြည့်တဲ့အခါ သူ့ခမြာ နားမကောင်းရှာတော့ သူ့သူငယ်ချင်းကို ပွဲမစမီကတည်းက အခုလို ကြိုတင် မှာထားရှာသတဲ့။

“သူငယ်ချင်းရာ။ ငါက နားမကောင်းတော့ လူရွှင်တော်တွေ ပြက်တာကို ကြားရမှာ မဟုတ်ဘူး။ ဒီတော့ လူရွှင်တော်တွေ ပြက်တဲ့အထဲမှာ ရယ်စရာပါရင် ငါ့ကို လက်ကုပ်လိုက်ပါ။ ငါလည်း ရယ်ချင်လို့ပါ”…တဲ့။

ဒါပေမယ့် ပွဲစတော့ နားကောင်းတဲ့သူငယ်ချင်းက ရယ်စရာတွေ့ရင် သူချည်းပဲ လှိမ့်ရယ်နေတယ်။ မှာထားတဲ့အတိုင်း လက်ကုပ်ဖို့ကိုတော့ သတိမေ့နေသတဲ့။ ပွဲပြီးကာနီးလို့ အိမ်ပြန်ဖို့ လက်ကုပ်လိုက်တဲ့အခါကျမှ ဟိုနားထိုင်းတဲ့ လူခမြာမှာ ရယ်စရာရောက်ပြီအထင်နဲ့ တယောက်တည်း တဟားဟား ထပြီး ရယ်ရရှာသတဲ့။ ကျနော့်အဖြစ်နဲ့ တူမနေဘူးလား။

တော်သေးတယ်။ ကျနော်ကံကောင်းတာတချက်က ရုံးမှာ ကျနော့်ဘော့စ်တွေအားလုံး စကားကို ကျယ်ကျယ်ပြောတတ်တဲ့သူတွေ ဖြစ်နေသေးလို့။

အခု လက်ရှိ အနေအထားက အဆောက်အဦးအတွင်းမှာလို၊ အစည်းအဝေးခန်းတွေထဲမှာလို ဆိတ်ငြိမ်တဲ့နေရာတွေမှာဆိုရင် သာမန်ပြောရင် ကြားရပါသေးတယ်။ ကိုယ့်ကို ရှေ့မှာထားပြီး ကိုယ့်အတင်းအုပ်နေတာမျိုးဆိုရင်လည်း ကြားရတတ်သေးတယ်။ စားသောက်ဆိုင်တို့၊ food-court တို့လို ဆူညံနေတဲ့ နေရာမျိုးမှာဆိုရင်တော့ စင်္ကာပူနိုင်ငံသားတွေ ပြောတဲ့စကားကို စားပွဲတဝိုင်းတည်း ထိုင်နေပေမယ့်လည်း သဲသဲကွဲကွဲ မကြားရတော့ဘူး။

အိမ်မှာဆိုရင်လည်း တီဗီကို အသံအကျယ်ကြီးဖွင့်ပြီး ကြည့်ရမှ အားရတယ်။ တိုးတိုးဖွင့်ရင် အားမရဘူး။ ဒါပေမယ့် ကျနော့် နားက မဟုတ်တဲ့နေရာမှာတော့ ပါးနေပြန်ရော။ နေ့လည် နေ့ခင်း တရေးတမော အိပ်တဲ့အခါ ချွတ်ကနဲမြည်တဲ့ အသံကလေးကအစ ကြားတတ်ပြီး အိပ်ယာက လန့်နိုးသွားလို့ ဇိမ်ပျက်ရပေါင်းလည်း များလှပြီ။

ကိုယ်နားမကောင်းတဲ့အကြောင်းပြောရင်း နာမည်ကျော် The Aviator ရုပ်ရှင်ကားကြီးထဲက ဇာတ်ကောင်ဖြစ်တဲ့ (လေသူရဲ၊ တီထွင်စွန့်စားသူ၊ TWA လေကြောင်းကုမ္ပဏီပိုင်ရှင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ) Howard Hughes ကို သတိရမိတယ်။ အဲဒီ ဇာတ်ကားမှာ Howard Hughes အဖြစ် သရုပ်ဆောင်တဲ့ Leonardo DiCaprio (တိုင်တန်းနစ်မင်းသား) တောင် အကယ်ဒမီရသွားသေးတယ်လေ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုအတွက် တစ်ပေးခြင်း (nominated) ခံရသေးတယ်လေ။ ဟောင်းဝါ့ဒ်ဟျု ကလည်း ကျနော်လိုပဲ နားနည်းနည်း လေးတယ်ဗျ။ အဲ… ဘာဆိုင်သလဲဆိုတော့ ဘာမှ မဆိုင်ပါဘူး။ ဒီလိုပဲ လျှောက်ပြောကြည့်တာပါ။ “တန်ရာတန်ရာ ပြောတာမဟုတ်ဘူး။ ချေးစိမ်းပန်းတော့မှာပဲ”….လို့ ကျနော့်ကို မကြာခဏ ဝေဖန်တတ်တဲ့ တက္ကသိုလ်တုန်းက သူငယ်ချင်းတယောက်ကိုတောင် သတိရမိသေးတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် နှစ်သစ်မှာ လောကကြီးရဲ့ အသံဗလံတွေကို ကောင်းကောင်းအာရုံခံစားနိုင်ဖို့ ဆရာဝန်နဲ့ပြပြီး နားကြားကိရိယာလေးတခုလောက် ဝယ်တပ်မလား စိတ်ကူးနေတယ်။
Read more

“အာဏာရှင် ကိုပေါ”

“ကိုပေါဘလော့ဂ်ကို အခု ကျနော် မဖတ်တော့ဘူး။ ပို့စ်ထဲမှာ ကျနော့်အကြောင်းတွေ ပါလာတတ်လွန်းလို့”

မိတ်ဆွေများနှင့်အတူ ညစာစားရင်း စကားလက်ဆုံကျနေခိုက် တယောက်က မှတ်ချက်ချလိုက်ခြင်း ဖြစ်သည်။ သူပြောတာ မှန်သင့်သလောက် မှန်နေသဖြင့် ကျနော်လည်း အသာရယ်နေလိုက်ရသည်။ အခုလည်း ထိုမိတ်ဆွေနှင့် ပတ်သက်သော အတိတ်က အဖြစ်အပျက်တခုကို သတိရမိပြန်ပါသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်။ ထိုမိတ်ဆွေသည် စင်္ကာပူသို့ ရောက်လာကာစအချိန်တွင် တယောက်အိပ်မွေ့ယာ၊ ခေါင်းအုံး စသည်တို့ကို ဝယ်ယူရန် လိုအပ်လာသဖြင့် ကျနော့်အား အဖော်ခေါ်ကာ ကလင်မင်းတီးအရပ်ရှိ မွေ့ယာဆိုင်သို့ ရောက်သွားကြသည်။

သူသည် ဆိုင်ထဲတွင် မွေ့ယာများ၊ ခေါင်းအုံးများကို တခုပြီးတခု ကိုင်ကြည့်လိုက်၊ ဈေးမေးကြည့်လိုက်၊ ပြန်ချလိုက်နှင့် မပြီးနိုင် မစီးနိုင် လုပ်နေလေသည်။ အတန်ကြာသော် ဘေးက ရပ်ကြည့်နေသော ကျနော့်မှာ စိတ်မရှည်နိုင်အောင်ဖြစ်လာသဖြင့် အနီးရှိ လက်လှမ်းမီရာ မွေ့ယာတခုနှင့် ခေါင်းအုံး တခုကို ဆွဲယူကာ….

“ဟေ့ကောင်၊ သိပ်ရွေးမနေနဲ့။ ဒီမွေ့ယာလည်း ကောင်းတယ်၊ ဒီခေါင်းအုံးလည်း မဆိုးဘူး။ ဒါပဲ ယူလိုက်တော့၊ ပိုက်ဆံရှင်းလိုက်” ဟု ပြောလိုက်လေသည်။

သူသည် ကျနော်ရွေးချယ်ပေးသော မွေ့ယာနှင့်ခေါင်းအုံးကို သိပ်နှစ်သက်ပုံမရသော်လည်း ကျနော့်အား အတွန့်မတက်လိုသော သဘောဖြင့် ဘာမှပြန်မပြောဘဲ ပိုက်ဆံရှင်းကာ ဝယ်ယူလိုက်ပါသည်။

သို့သော် နှစ်ယောက်သား ခေါင်းအုံးနှင့် မွေ့ယာကို ကိုယ်စီပိုက်ကာ လမ်းလျှောက်ပြန်လာစဉ် သူက ကျနော့်အား စကားတခွန်းပြော၏။

“ကိုပေါ၊ အခုလို ကျွန်တော့်ကိစ္စတွေမှာ အတင်းဝင်ပြီး ဆုံးဖြတ်ရွေးချယ်ပေးတာ ဒီမွေ့ယာ ဝယ်တဲ့ ကိစ္စမှာ နောက်ဆုံးဖြစ်ပါစေနော်။ နောက်ပိုင်း ကျနော်မိန်းမယူတဲ့ အခါကျရင် ဒီအချိုး ထပ်မချိုးနဲ့တော့။ ကြားလား”

ထိုစဉ်ကတော့ သူ့မှာ ရည်စားပင် မရှိသေးသူဖြစ်ရာ သူ့စကားကို သဘောကျသဖြင့် သူရောကျနော်ပါ တဟီးဟီးနှင့် ရယ်မောဖြစ်ခဲ့ကြသည်။

သို့သော် ဖြစ်ချင်တော့ သူမိန်းမယူသည့်အခါမှာလည်း ကျနော်တို့(ကျနော်နှင့် မဒမ်ပေါ)က ထိုအချိုးမျိုးကို ထပ်ချိုးမိသေးသည်။ ကျနော်တို့ ဖြစ်စေချင်သည့် ဆန္ဒကို သူ့အပေါ်တွင် ပြဌာန်းမိသေးသည်။ သို့သော် သည်တခါတော့ မွေ့ယာခေါင်းအုံးဝယ်သည့် ကိစ္စမျိုးမဟုတ်သဖြင့် သူသည် သူ့စိတ်ကြိုက် လွတ်လပ်စွာပင် ရွေးချယ်ဆုံးဖြတ်လေတော့သည်။

ဖြစ်တတ်သည်မှာ ကျနော်တို့သည် လူတဦးတယောက်အား ခင်မင်ရင်းနှီးသည်ဆိုရုံမျှနှင့် “စေတနာ” ဆိုသည်ကို အကြောင်းပြကာ တဖက်သား၏ ကိုယ်ရေးကိုယ်တာနှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်မိတတ်ကြသည်။ ကာယကံရှင်၏ဆန္ဒထက် မိမိဆန္ဒကို အလေးပေးမိတတ်ကြသည်။ ကျနော်တို့ မြန်မာလူမှု ပတ်ဝန်းကျင်တွင် အလားတူအဖြစ်အပျက်များကို ကြိမ်ဖန်များစွာ ကြုံတွေ့ရတတ်ပါသည်။

မိတ်ဆွေအချင်းချင်း အကြံကောင်းပေးလိုသည့်အဆင့်အထိတော့ မမှား။ သို့သော် မိမိပေးသောအကြံအတိုင်း အတင်းအကြပ်လိုက်နာစေလိုခြင်းကား ဖြစ်သင့်သည်မဟုတ်။ တပါးသူ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် ဆင်ခြင်တုံတရားကို မလေးစားရာ ရောက်ပေသည်။ ထိုအပြုအမူသည် အာဏာရှင်ဆန်သော အပြုအမူလည်း ဖြစ်ပေသည်။

မိတ်ဆွေအချင်းချင်းအကြား၊ မိဘနှင့်သားသမီးအကြား၊ မောင်နှမသားချင်းများအကြား၊ ဆရာနှင့်တပည့်အကြား၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေးဟူသမျှတွင် တဖက်သား၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အပြန်အလှန်လေးစား အသိအမှတ်ပြုကြမည်ဆိုပါက လွတ်လပ်သော လူ့အဖွဲ့အစည်းကို ဖော်ဆောင်ဖန်တီးရာ၌ တနည်းတဖုံ အထောက်အကူပြုမည်ဟု ယုံကြည်မိပါသည်။
Read more

“စာရိုက်သူများ သတိထား”

အခုတလော ဂျူးရဲ့ စာပေဟောပြောပွဲ ဟောပြောချက်ကို ဟိုလူ ဒီလူတွေက အီးမေးလ်နဲ့ ပို့တာတွေ၊ ဘလော့ဂ်ပေါ်မှာ တင်ထားတာတွေကြောင့် အသစ်တကြိမ် ပြန်လည်ဖတ်ရှုရပါတယ်။

ဒီဟောပြောချက်ဟာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်နောက်ဆုံးနှစ် တက်နေကြတုန်းမှာ အော်ပီကျယ်၊ တင်မောင်သန်းတို့နဲ့အတူ ဂျူးလာရောက် ဟောပြောသွားတဲ့ ဟောပြောချက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ် လောက်က ဟောပြောချက်ပေါ့။ အဲဒီတုန်းက ဟောပြောသူသုံးယောက်စလုံးရဲ့ ဟောပြောချက်တွေကို ကျောင်းသားတွေ တဝေါဝေါ ပွဲကျပြီး လက်ခုပ်သံတဖြောင်းဖြောင်းနဲ့အတူ နားထောင်ခဲ့ကြရတာကို သတိရမိပါတယ်။

အခု အီးမေးလ်ကတဆင့် ထပ်မံဖြန့်ဝေနေတဲ့ ဂျူးဟောပြောချက် (အဆုံးမပါ။ တပိုင်းတစ ဟောပြောချက်မျှသာ)ကို ဖတ်ကြည့်လိုက်တဲ့အခါ တနေရာမှာ စာတွေ ကျကျန်နေခဲ့တာကို သတိပြုမိပါတယ်။

ဘယ်နေရာလဲဆိုတော့ ဂျူးက ၆-ကွက် ကာတွန်းလေး တခုအကြောင်းကို ပြန်ပြောပြတဲ့နေရာမှာပါ။ စာရိုက်တဲ့လူက ပဉ္စမမြောက် အကွက်အကြောင်း ဂျူးပြောသွားတာ ရိုက်ဖို့ ကျန်သွားခဲ့ပါတယ်။ နောက်ပြီး ဆဋ္ဌမအကွက်ကို ပဉ္စမအကွက်ဆိုပြီး မှားယွင်းဖော်ပြထားတာကိုလည်း တွေ့ရတယ်။ တကယ်တော့ ပဉ္စမအကွက်မပါရင် အဲဒီကာတွန်းဟာ အဓိပ္ပါယ်မပြည့်စုံတော့ပါဘူး။ ဖတ်တဲ့လူတွေလည်း ဘုမသိ ဘမသိနဲ့သာ ဖတ်လိုက်ကြရမယ်။ တကယ့်ကာတွန်းရဲ့ ဆိုလိုချက်ကိုတော့ နားလည်နိုင်ကြမယ် မထင်ဘူး။

အမှန်တော့ ဟောပြောချက်တွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေမှာ အခုလို စာတွေ ကျကျန်ခဲ့တာ၊ သတ်ပုံမှားယွင်းဖော်ပြတာတွေဟာ အင်မတန် အရုပ်ဆိုးပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမှာ ကျနော်ရေးခဲ့ဘူးတဲ့ ဝတ္ထုတိုလေးတပုဒ်ဆိုရင် စာစီတဲ့နေရာမှာ သတ်ပုံမှားယွင်းပြီး စာစီတဲ့အတွက် အဓိပ္ပါယ်ပျက်ယွင်းသွားခဲ့ရဘူးပါတယ်။ ဝတ္ထုထဲမှာ “တွေ့မိသည်တွင်” ဆိုတဲ့ စာသားကို “တွေးမိသည်တွင်” လို့ မဂ္ဂဇင်းက မှားယွင်းဖော်ပြတာပါ။ တစုံတခုကို မြင်တွေ့မိရာက အတိတ်ဇာတ်လမ်းကို နောက်ကြောင်းပြန်တွေးတောမိတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ရေးသားခဲ့တာပါ။ ဒါပေမယ့် သတ်ပုံမှားသွားတဲ့အတွက် တစုံတခုအကြောင်းတွေးတောနေရင်းက အတိတ်ဇာတ်လမ်းကို ဆက်စပ်တွေးတောမိသလို အဓိပ္ပါယ်တလွဲထွက်သွားပါတော့တယ်။ ကျနော်လည်း ကိုယ့်ဝတ္ထုလေးကို ပုံနှိပ်စာသားအနေနဲ့ မြင်ရလို့ ဝမ်းသာမိပေမယ့် တဖက်မှာလည်း တလွဲကြီးမြင်လိုက်ရတဲ့အတွက် တော်တော်လေး စိတ်ပျက်မိပါတယ်။

ဒီလိုလွဲမှားမှုဟာ အချို့နေရာတွေမှာ အရေးမကြီးလှပေမယ့်လည်း တတ်နိုင်သမျှ အမှားနည်းအောင် သတိထားရင်တော့ အကောင်းဆုံးပါ။ မိန့်ခွန်း(သို့မဟုတ်) သတင်းအချက်အလက်တွေကို ဖော်ပြရမှာ မှားယွင်းရိုက်နှိပ်မိခဲ့ရင် မျှော်လင့်မထားတဲ့ ပြဿနာတွေကိုတောင် ကြုံရတတ်ပါတယ်။ တစုံတယောက်ရဲ့ စာမူကို (သို့မဟုတ်) ဟောပြောချက်ကို စာသားအနေနဲ့ ပြန်လည် ရိုက်ကူးလိုသူများအနေနဲ့ အထူး သတိပြုဖွယ် အချက်တချက် ဖြစ်ပါတယ်။

အခုလည်း ဂျူးဟောပြောချက်ကို စာရိုက်ရာမှာ ကျကျန်ခဲ့တဲ့ နေရာအတွက် ကျနော်မှတ်မိသလောက် ဖြည့်စွက်ပြီး အောက်ပါအတိုင်း ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖြည့်စွက်ထားတဲ့နေရာကို အရောင်နဲ့ ပြထားပါတယ်။

“..... ဒါပေမယ့် ကျမရဲ့ ဆရာဝန်ဘ၀ကို ပိုပြီးတော့ ပုံပေါ်သွားအောင်၊ ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ နားလည်သွားအောင် ကျမ ကာတွန်းလေးတပုဒ်နဲ့ ဥပမာပေးချင်ပါတယ်။ အဲ့ဒီကာတွန်းလေးကို ရေးဆွဲတဲ့သူ ဘယ်သူလဲလို့ ကျမ မမှတ်မိတော့ပါဘူး။ ကျမညံ့တဲ့အထဲမှာ အဲ့ဒါလဲ ပါပါတယ်။ ကျမက ဆရာအော်ပီကျယ်ကို တောင် မေးကြည့်ပါသေးတယ်။ ကာတွန်းဟာ ကျမ အခုထိ သတိရနေသေးတယ်ဆရာလို့ ဆရာများ ဆွဲခဲ့ သလားလို့ ကျနော် မဆွဲခဲ့ ပါဘူးတဲ့။ ဒါပေမယ့် ကျမရင်ထဲမှာ အဲ့ဒီ ကာတွန်းလေးဟာ အခုချိန်ထိ နှစ်ပေါင်းများစွာ စွဲတင်ကျန်ရစ်ခဲ့ပါတယ်။ အော် ငါနဲ့ တူလိုက်လေခြင်း၊ အဲ့ဒီ ကာတွန်းအတွေးလေးကို ကျမ ပြောပြမယ်။ သူက တမျက်နှာ ကာတွန်းပါ။ မဂ္ဂဇင်းရဲ့ သရုပ်ဖော်ပုံ၊ မဂ္ဂဇင်းမှာ တမျက်နှာ ၄ ခု လောက်ပါတယ်။ တခါတလေ ၆ ခုလောက်ပါတယ်။ အခု ကျမကာတွန်း အကွက် ၆ ကွက်ပါတဲ့ ကာတွန်းပါ။

သူက ပထမဦးဆုံး အကွက်မှာ လူမမာတယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး စန့်စန့်ကြီး အိပ်နေတယ်၊ လူနာရဲ့ ဘေးနားလေးမှာ လူနာရဲ့ ဇနီးလို့ ထင်ရတဲ့ အမျိုးသမီးလေးက တယောက်၊ သူက ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စိတ်ပူနေတဲ့ မျက်နှာလေးနဲ့ လူနာကို ကြည့်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘေးနားမှာတော့ ဆရာဝန်တယောက် မတ်တတ်ရပ်နေပါတယ်။ အဲဒီဆရာဝန်က လူနာကို နားကြပ်ကလေး နားမှာထောက်ပြီး စမ်းသပ်နေပါတယ်၊ အဲဒါ ပထမဦးဆုံးအကွက်။

ဒုတိယအကွက်ကတော့ အဲဒီဆရာဝန်ကို ကာတွန်းဆရာက ပုံကြီးချဲ့ပြီး ဆွဲပါတယ်။ ဆရာဝန်ရဲ့ မျက်လုံးတွေကို အဓိက ထားတယ်။ ဆရာဝန်ရဲ့ မျက်လုံးက ဘာမှမသိတဲ့ အူကြောင်ကြောင် မျက်လုံးမျိုးပါ။ မျက်လုံးလေးက လည်နေတယ်။ ဆရာဝန်ရဲ့ ခေါင်းပေါ်မှာလဲ ကွက်ရှင်မတ်ပေါ့ မေးခွန်းလက္ခဏာလေးနဲ့၊ သူ့ရဲ့ဘေးနားမှာ ရှုပ်နေတဲ့ သပွတ်အူလို ပုံစံလေးနဲ့။ ဘာရောဂါပါလိမ့် သူတော်တော်ဦးဏှောက်ခြောက် နေပြီလို့ ကာတွန်းကြည့်တဲ့ပရိသတ် သိအောင် ကာတွန်းဆရာက ဆွဲထားပါတယ်။ အဲ့ဒါက ဒုတိယအကွက်။

နောက် တတိယအကွက်ရောက်တော့ ဆရာဝန်ကိုပဲ အသားပေးပြီး ဆွဲထားတယ်၊ ဆရာဝန်ရဲ့ မျက်ဝန်းမှာ စောစောက မြင်နေရတဲ့ အူကြောင်ကြောင် မျက်လုံးမရှိတော့ဘူး။ သူ့မျက်လုံးလေးတွေက တောက်နေတယ်။ သူ့ရဲ့ ခေါင်းပေါ်မှာလဲ စောစောက ကွက်ရှင်မတ်တွေ၊ သပွတ်အူတွေ မရှိတော့ပဲနဲ့ လင်းနေတဲ့ ဖန်သီးလေးတလုံးကို ခေါင်းပေါ်မှာ ဆွဲထားပါတယ်။ ဖန်သီးလေးဘေးမှာ အချောင်းချောင်းလေးတွေနဲ့ သူဘာရောဂါလဲဆိုတာ ရှာလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်၊ ကျမတို့ သိစေပါတယ်။

နောက် စတုတ္ထကွက်မှာရောက်တော့ ဆရာဝန်က သူတပ်ထားတဲ့ နားကျပ်ကို ချွတ်ပြီး လူနာရှင် အမျိုးသမီးဘက်ကို လှည့်ပြီးတော့ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျနော် ၀မ်းနည်းပါတယ်၊ လူမမာဟာ အသက်မရှိတော့ပါဘူးတဲ့။ (ရီသံများ) အဲ့ဒီလို ပြောလိုက်ပါတယ်။ အဲ့ဒါက စတုတ္ထအကွက်ပေါ့။

နောက် ပဉ္စမအကွက်ကို ရောက်တော့ စောစောက ကြမ်းပြင်ပေါ်မှာ စန့်စန့်ကြီး အိပ်နေတဲ့ လူမမာဟာ ငေါက်ကနဲ ထထိုင်ပြီးတော့ ဆရာဝန်ကို ဒေါသတကြီး ပြစ်တင်ဆဲဆို ရန်တွေ့နေတဲ့ ပုံကို သရုပ်ဖော်ထားပါတယ်။ အဓိပ္ပါယ်က သူမသေသေးဘဲနဲ့ သေပြီ ပြောရသလားပေါ့။ (ရယ်သံများ)။

နောက်ဆုံးအကွက်မှာကျတော့ စောစောတုန်းက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စိုးရိမ်ပူပန်တဲ့ မျက်နှာလေးနဲ့ သူ့ယောက်ျားကို ကြည့်နေတဲ့ လူမမာရှင်အမျိုးသမီးက သူ့ယောက်ျားဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ 'ရှင် ဆရာဝန်ထက် ပိုပြီးတော့ မသိချင်နဲ့' အဲ့ဒီလို ပြောလိုက်ပါတယ်။ (ရီသံများ၊ လက်ခုပ်သံများ).....”
Read more

မသိခြင်းနှင့် သိခြင်းတို့၏ အန္တရာယ်များနှင့် လေ့လာမှုခရီး

(ဘလော့ဂ်ရေးဖော်တယောက်က ပေးပို့မျှဝေလိုက်တဲ့ ဘလော့ဂါ ပုထုဇဉ် ရဲ့ ပို့စ်တခုပါ။ ဖတ်ကြည့်ပြီး နှစ်သက်တဲ့အတွက် ကျနော့်ဘလော့ဂ်က တဆင့် မူရင်းအတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်။ ရေးသားသူ ကိုပုထုဇဉ်ဆီမှာ တိုက်ရိုက် ခွင့်မတောင်းခဲ့ဖြစ်ပေမယ့် ခွင့်ပြုမယ်လို့ ယူဆပါတယ်။)

မသိခြင်းနှင့် သိခြင်းတို့၏ အန္တရာယ်များနှင့် လေ့လာမှုခရီး
via ပုထုဇဉ် မှတ်တမ်း by Pu-htu-zin on 8/24/07

(က) မိတ်ဆက်

စာရှုသူ အပေါင်း ခေါင်းစဉ်ကိုဖတ်ပြီး “ဘာကြီးပါလိမ့်” လို့ ထင်စရာ ရှိပါတယ်။ နပ်သူ၊ လျင်သူ စာဖတ်သူများကတော့ “ငပုတစ်ယောက် အပေါက်ဖာ နေပြီ” လို့ သိကြမှာပါ။ ဘယ်အပေါက် ဖာတယ် ထင်ပါသလဲ၊ ရှင်းပါတယ်၊ အခုတလော ကျွန်တော့် ဘလောဂ်မှာ အရေးများတဲ့ “မြန်မာပြည်မှာ သွားသွားလာလာ” လိုစာမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စတချို့ပေါ့။ ဒါဖြင့်ရင် ဘာအပေါက်လဲ၊ ကျွန်တော်ဆိုလိုတဲ့ “အပေါက်” pitfall ဆိုတာက ကျွန်တော်တို့တတွေ မြန်မာပြည် နိုင်ငံရေး (စကားလုံးကတော့ အကြီးကြီးပဲ၊ အမှန်ဆိုလိုတာက ကျွန်တော်တို့လို သာမန်ပြည်သူများ အနေနဲ့ သိသင့် သိထိုက်တဲ့ ကိစ္စရပ်တွေကိုသာ ဆိုလိုတာပါ၊ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး) အကြောင်း လေ့လာတဲ့ ခရီးမှာ ကြမ်းကျွံပြီး အန္တရာယ်ဖြစ်နိုင်တဲ့ တွင်းပေါက် ထောင်ချောက်များ အကြောင်းပါ၊ အဲဒီအပေါက်တွေကို ဖာထေးဖို့၊ မဖာနိုင်တောင် အနည်းဆုံးတော့ ရှိကြောင်း အသိပေးချင်လို့၊ ဒီတခါတော့ လူပုသလောက် အမြင့်ကြီး မှန်းပြီး ကြိုးစား လက်တည့် စမ်းကြည့်လိုက်ပါတယ်။ ကျွန်တော်က ဒီ “မြန်မာပြည်မှာ သွားသွားလာလာ” လို စာမျိုးကို ဘာသာပြန်တယ်၊ ဟိုဟာ သိသင့်တယ်၊ ဒီဟာ သိသင့်တယ်၊ လူငယ်တွေ လေ့လာရမယ်၊ ဘာဘာညာညာ လျှောက်ပြောမိတဲ့အတွက် လေ့လာရင်လည်း လေ့လာတဲ့ ခရီးလမ်းမှာ ဖြစ်တတ်တဲ့၊ တချို့ ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးတဲ့၊ အန္တရာယ်တွေ အကြောင်းကိုပါ ရေးဖို့ တာဝန်ရှိတယ်လို့ ထင်လို့ ဒီလိုစာမျိုး ရေးတာပါ။ ဒါ့ကြောင့်လည်း “မသိခြင်းနှင့် သိခြင်းတို့၏ အန္တရာယ်များနှင့် လေ့လာမှုခရီး” လို့ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်လိုက်မိတာပါ။

(ခ) မသိခြင်း၏ အန္တရာယ်

မသိခြင်း၏ အန္တရာယ်ကတော့ ရှင်းပါတယ်၊ မြန်မာပြည်မှာ ဖြစ်နေတဲ့ အကျပ်အတည်း၊ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်း၊ အကြောင်း မသိတဲ့လူတွေ များလေလေ၊ အဲဒီ မသိသူ ကျွန်တော်တို့လို သာမန်ပြည်သူအများရဲ့ အကြားအမြင် ဗဟုသုတ နည်းပါးမှုအပေါ် အခွင့်ကောင်းယူပြီး လက်တစ်ဆုပ်စာ လူတစ်စုက သူတို့ လုပ်ချင်တာလုပ်လို့ “ကျော” သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့တတွေရဲ့ ဒုက္ခကို အလေးမထားဘဲ သူတို့အတွက်၊ သူတို့လုပ်ချင်ရာသာ လုပ်သွားကြမှာပဲ။ အဲဒီလို အလုပ်မခံနိုင်ဘူး၊ အဲဒီလို အကျော မခံချင်ဘူး ဆိုရင် ကျွန်တော်တို့အနေနဲ့ သိသင့် သိထိုက်တာတွေကို သိရမယ်၊ လေ့လာရမယ်။ “မ အ အောင် သမိုင်းသင်ရမယ်” လို့လည်း ဆရာတွေက ပြောခဲ့ကြတယ် မဟုတ်လား၊ “သမိုင်းထဲမှာ အိပ်ပဲ မနေဖြစ်အောင်” တော့ သတိထားရမှာပေါ့။ မသိခြင်းရဲ့ အန္တရာယ်က ရှင်းလွန်းတော့ ဒါနဲ့ ပတ်သက်ပြီး ဘာဆက်ရေးရမှန်းကို မသိတော့ပါ။

(ဂ) သိခြင်း၏အန္တရာယ်များနှင့် လေ့လာမှုခရီး

အဲဒီလို မသိခြင်းရဲ့ အန္တရာယ်တွေကို ရှောင်ရှားလိုလို့ သိဖို့ လေ့လာတဲ့ အခါမှာလည်း အဲဒီ လေ့လာတဲ့ ခရီးမှာ အန္တရာယ် တွင်းပေါက်တွေက ရှိနေပြန်တယ်။ မြန်မာ့ နိုင်ငံရေးကို လေ့လာတဲ့ သာမန်ပြည်သူ လူကြီးလူငယ်မရွေး၊ အထူးသဖြင့် ပညာတတ် လူလတ်တန်းစားများ၊ ဖြစ်လေ့ရှိတဲ့၊ ဖြစ်ရိုးဖြစ်စဉ်လို့တောင် ပြောလို့ရတဲ့ ပုံစံကို ကျွန်တော် မြင်သလို ပြောကြည့်ပါမယ်။ ဘယ်လောက်ထိ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သလဲဆိုတာ စာရင်းနဲ့ အင်းနဲ့တော့ ကျွန်တော် သုတေသန လုပ်မပြနိုင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော့် ပြည်တွင်း ပြည်ပ ပတ်ဝန်းကျင်မှာ တွေ့နေရတာတွေကို ပြောပြတာပါ။

ပထမအဆင့်က မသိခြင်းနဲ့ လက်ရှိဘ၀ကို မကျေနပ်ခြင်းက စ ပါတယ်၊ ဘာတွေ ဖြစ်နေသလဲ သိပ်မသိပါ၊ ဒါပေမယ့် လက်ရှိဘ၀ကိုတော့ မကျေနပ်ပါ၊ ဒုက္ခသုက္ခတွေက သိသာ ထင်ရှားလွန်းပါတယ်၊ (အသက်ငယ်သူတချို့၊ ကျွန်တော် ထပ်ပြောပါတယ် တချို့ လိုပဲ ပြောတာပါ၊ ဆိုရင် လက်ရှိ အခြေအနေဟာ ပုံမှန်လို့ပဲ ထင်တယ်၊ ဘာလို့လဲဆိုတော့ လက်ရှိကလွဲလို့ တခြားနေရာ၊ တခြားဖြစ်နိုင်ခြေ စတာတွေကို ဘာမှမသိလို့၊ အင်္ဂလိပ်လို ပြောကြတာကတော့ they don’t know any better ဆိုပါတော့၊ အဲဒါကိုတော့ ပထမအဆင့် မတိုင်မီ သုည အဆင့်လို့ပဲ ခေါ်ကြပါစို့။ ကျွန်တော်တို့လည်း မဆလခေတ် ကလေးဘ၀တုန်းက ဒီလိုပဲ ထင်ခဲ့ကြတာ မဟုတ်ပါလား။)

ဒုတိယအဆင့်က ပထမအဆင့်မှာ ရောက်နေတဲ့ လူလတ်တန်းစား မြန်မာတွေဟာ လက်ရှိဘ၀က ဒုက္ခတွေကို ကျော်လွှားရင်ဆိုင်ဖို့ ပြဿနာကို လေ့လာခြင်းက စပါတယ်၊ အထူးသဖြင့် နိုင်ငံရေး အကျပ်အတည်းအကြောင်း၊ သတင်းတွေ၊ စာအုပ်တွေ တတ်နိုင်သလောက်ဖတ်တယ်၊ ပြည်ပမှာ ရောက်နေတဲ့ သူတွေဆိုရင် လေ့လာစရာ စာအုပ်စာတမ်းကအစ တပုံတပင်၊ ပြည်တွင်းမှာကတော့ ရေဒီယိုတွေ နားထောင်တယ်၊ အစိုးရသတင်းစာတွေက ပြောတာကို စားသင့်တာစား၊ မြှောက်သင့်တာမြှောက်၊ ပြောင်းပြန်ယူသင့်တာယူပြီး အမှန်နဲ့ နီးစပ်အောင် လေ့လာကြတယ်။ (အစိုးရပြောတိုင်း ယုံလို့မရဘူး ဆိုတဲ့ ဘ၀ပေး အသိက ရှိတာကိုး။) အဲဒီ အဆင့်ကတော့ ဒုတိယအဆင့်ပေါ့၊

အဲဒီ ဒုတိယအဆင့်မှာ သိတန်သလောက် သိပြီးနောက်ကျတော့ လေ့လာသူရဲ့ ပင်ကိုယ် စရိုက်၊ မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်၊ လက်ရှိဘ၀ထဲက ပုဂ္ဂလိက အကျိုးစီးပွား စတာတွေအပေါ် မူတည်ပြီး လေ့လာသူတွေ လေ့လာမှုအပေါ် တုံ့ပြန်ပုံက မတူတော့ပါ။ အဲဒီ ဒုတိယအဆင့် သိတန်သလောက် သိပြီးနောက်မှာ အောက်ပါ အန္တရာယ်များကို ရင်ဆိုင်မိကြတယ်လို့ ထင်ပါတယ်။ အောက်ဖော်ပြပါ အန္တရာယ် တွင်းပေါက် လေးမျိုးထဲက တချို့ထဲကို ကျွန်တော် လုံးလုံးလျားလျားလည်း ကျဖူးတယ်၊ တချို့ထဲကို ကျွန်တော် ကျတော့မလိုလည်း ဖြစ်ဖူးတယ်၊ အစကတည်း ရှောင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းများလည်း တွင်းအမျိုးမျိုးထဲကို ကျပုံ ကျနည်း အမျိုးမျိုးနဲ့ ကျကြတယ်။

(ဃ - ၁) ပထမ အန္တရာယ်တွင်းပေါက် (“ရှုပ်နေတာပဲ”)

ပထမဆုံး ကျွန်တော် သတိထားမိတဲ့ တွင်းပေါက်ကတော့ လန့်ပြီး ထုံသွားခြင်းပဲ။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအကြောင်း မသိလို့ သိအောင်လေ့လာတယ်၊ သိတော့ အကျပ်အတည်းက ကိုယ်ထင်ထားတာတက် အများကြီး ရှုပ်ထွေးတယ်၊ အန္တရာယ်များတယ် ဆိုတာ သိရတဲ့ အခါကျတော့ ထုံ သွားတယ်၊ လန့်သွားတယ်၊ နောက်ဆုတ်သွားတယ်။ ဥပမာ အခု ကျွန်တော် ဘာသာပြန်ပြန်နေတဲ့ “မြန်မာပြည်မှာ သွားသွားလာလာ” ကို ကြည့်ပါ၊ “ဗမာ အများစုဟာ ဒီမိုကရေစီရေးသည် တစ်ခုတည်းသော ပြဿနာ လို့ ထင်နေကြတယ် […] ကျုပ်တို့ အမြင်ကတော့ ဘယ်အစိုးရတက်တက် ဂရုမစိုက်ဘူး၊ အားနည်းလေ ကောင်းလေပဲ” ဆိုတဲ့ တိုင်းရင်းသား တစ်ယောက်ရဲ့ ပြောစကားကို ဖတ်မိသူ ပြည်မက ဗမာလူငယ်တစ်ဦးအနေနဲ့ ဘယ်လို ခံစားမိမလဲ၊ သူပြောတာ ဟုတ်သားပဲ၊ ဒီမိုကရေစီခေတ် ဆိုတဲ့ အချိန်ကတည်းက ပြည်တွင်းစစ်ကြီးက ဖြစ်ခဲ့တာ၊ မြန်မာ့ အကျပ်အတည်းက စစ်တပ်က အာဏာသိမ်းမှ စခဲ့တာ မဟုတ်၊ ရှေးကတည်း စခဲ့၊ ဖြစ်ခဲ့တာ၊ ပြဿနာက နိုင်ငံတော်အာဏာ တရားမ၀င် ယူထားတဲ့ အစိုးရ တစ်ခုတည်း မဟုတ်ဘူးဆိုတာ သိလာရင် ဘယ်လို ခံစားရမယ် ထင်ပါသလဲ၊ သေချာတာပေါ့၊ “အင်း… မလွယ်ပါလား” ဆိုတာက ပါလာမှာပါပဲ။ မလွယ်ပါလားရဲ့ နောက်ကနေ “ကိစ္စတွေ၊ လူတွေက ငါထင်သလောက် မရိုးရှင်းပါလား၊ ရှုပ်နေတာပဲ၊ ငါ့လို့ လူတစ်ယောက် ဘာများ လုပ်နိုင်မှာမို့လဲ၊ တော်ပါပြီ၊ ပိုနေမြဲ ကျားနေမြဲပဲ ကောင်းပါတယ်” ဆိုတဲ့ဆင်ခြေရလာပြီး လေ့လာတဲ့ ကိစ္စကို ရပ်ပစ်လိုက်တယ်၊ “Ignorance is a bliss” ဆိုတဲ့ စကားကို လိုက်နာပြီး မေ့ပစ်လိုက်ကြတယ်။ မသိတုန်းကလည်း မသိလို့၊ သိတဲ့အခါကျတော့လည်း ရှုပ်လို့ ဆိုပြီး ဒီကိစ္စကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ကြတယ်။ အဲဒီလို ဖြစ်သွားတာကို ကျွန်တော်ကတော့ လေ့လာမှုခရီးမှာ ပထမ အပေါက်ကျွံတယ်လို့ ပြောချင်တယ်။

ဒီအတွက် ကျွန်တော် ပြောချင်တာကတော့ ရိုးရိုးလေးပါပဲ၊ “ဇွဲ မလျှော့ပါနဲ့။” ရှုပ်တာ မှန်ပါတယ်၊ ကိုယ်က ရှင်းရှင်းလေး မြင်တတ်ဖို့ကသာ အရေးကြီးတယ်၊ အကုန်လုံးကို လိုတာထက် ပိုပြီး ရှင်းပစ်ဖို့၊ oversimplify လုပ်ပစ်ဖို့ ပြောတာမဟုတ်ပါ၊ ဒါပေမယ့် အနည်းဆုံး ကိုယ့်ရပ်တည်ချက်နဲ့ ပတ်သက်လို့ကတော့ ကိုယ်က ရှင်းနိုင်ရင် ရှင်းပါတယ်၊ မရှုပ်ပါ။ ဒီ ပထမ pitfall အပေါက်ထဲ ကျွံပြီး ဆက် မလေ့လာလို့ကတော့ အရင် လေ့လာသမျှလည်း အလကားဖြစ်၊ လက်တွေ့လည်း ဘာမှ အလုပ်မဖြစ်ဘဲ အဟောသိကံ ဖြစ်မှာပဲ။ ဇွဲမလျှော့ဘဲ ဆက်လေ့လာရင် ကိုယ်က ဘယ်လိုရပ်တည်ချက် ရှိရှိ၊ အမြင်တွေ ဘယ်လောက် ကွဲပြားကွဲပြား၊ “လက်ရှိ အခြေအနေသည် လက်မခံနိုင်သော အခြေအနေ” “လမ်းကြောင်းမှားနေတဲ့ အခြေအနေ” ဆိုတာကို လက်ခံလာလိမ့်မယ်၊ “လက်ရှိ ပုံစံနဲ့တော့ အနာဂတ် ချောက်ကျ ကြမယ်” ဆိုတဲ့ အသိကို ဆက်လက် လေ့လာသူ လူတိုင်း ရလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ဒီပို့စ်ရဲ့ နိဂုံးပိုင်းမှာလည်း ဒီအကြောင်း နည်းနည်း ထပ်ရေးပါဦးမယ်၊ အဲတော့ ဒီ ပထမတွင်းပေါက်နဲ့ ပတ်သက်လို့ကတော့ “ဇွဲမလျှော့ပါနဲ့၊ ဆက်လေ့လာပါ” လို့။ လျှော့လိုက်ရင်တော့ ကုန်ခဲ့သမျှ စွမ်းအင်တွေ အလဟဿဖြစ်ပြီး “လုပ် အလကား” ကြီး ဖြစ်တော့မှာပဲ။

(ဃ - ၂) ဒုတိယ အန္တရာယ်တွင်းပေါက် (“ဒီပုပ်ထဲက ဒီပဲ”)

နောက်တစ်ခုကတော့ “ဒီပုပ်ထဲက ဒီပဲ” ဆိုတဲ့ အန္တရာယ် တွင်းပေါက် ဖြစ်ပါတယ်။ လေ့လာရင်းနဲ့ အစိုးရ မကောင်းတာတွေအပြင် အစိုးရကို နည်းအမျိုးမျိုးနဲ့ အတိုက်အခံလုပ်နေတဲ့ အင်အားစုတွေထဲက တချို့ရဲ့ အားနည်းချက်တွေ၊ အမှားတွေကိုပါ လေ့လာသိမြင်သွားတယ်၊ ပြဿနာတွေရဲ့ အတိမ်အနက်ကို မှန်းမိလာတဲ့အခါ အစိုးရပြောတဲ့ တချို့ အမြင်တွေက မှန်သယောင်ယောင် ဖြစ်လာတတ်တယ်၊ အထူးသဖြင့် ဒီအစိုးရ တပြားသားမှ မကောင်းဘူးဆိုတဲ့ ဒေါသစိတ်အခံ တဘက်စွန်းရှိခဲ့ရင် အတိုက်အခံဘက်ကလည်း တချို့က မကောင်းတာ၊ အားနည်းတာလေးတွေကို သိလာတဲ့အခါ အရင်က အစွန်းရောက်ခဲ့အယူက တန်ပြန်သက်ရောက်ပြီး အားလုံး ဒီပုပ်ထဲက ဒီပဲဆိုတဲ့ ကောက်ချက်ကို အလွယ်လေးပဲ ချကြပါတော့တယ်။ အစိုးရနဲ့ အတိုက်အခံကို အာဏာလုနေတဲ့ ကျွဲနှစ်ကောင်၊ တိုင်းရင်းသားတွေပါ ပါရင် သုံးကောင်၊ လို့ ယူဆလိုက်ပြီး ကိုယ့်ကိုကိုယ်ကျတော့ သနားစရာ မြေစာပင်ပေါ့။ အဲဒီလို အပြစ် တစ်ပိဿာနဲ့ အပြစ် တစ်ကျပ်သားကို အတူတူလို့ သဘောထားတဲ့ “ဒီပုပ်ထဲက ဒီပဲ” ဆိုတဲ့ ချိန်ခွင်ပျက် စကားထဲမှာ စိတ်ပျက်အားလျော့တာ၊ ကိုယ့်ကိုကိုယ် ပြုသမျှ နုရမယ့် မြေစာပင်လို သဘောထားတာ၊ တနည်း ကိုယ့်ကိုကိုယ် တန်ဖိုးမထားတာ၊ ကိုယ့်ကိုကိုယ် victimize လုပ်တာ၊ စ တဲ့ အရိပ်အယောင် undertone တွေ ပါ ပါတယ်။ မွေးကတည်း နေ့စဉ်နဲ့အမျှ ကြားခဲ့ရတဲ့ အစိုးရရဲ့ ၀ါဒဖြန့်မှုတွေကလည်း ဒီနေရာမှာ အစွမ်းပြပါတယ်။

ဒီအတွက် ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လောကမှာ လူကောင်းနဲ့ လူဆိုး နှစ်မျိုးတည်း မရှိပါ၊ အများအားဖြင့် ကောင်းလေ့ရှိသူနဲ့ အများအားဖြင့် ဆိုးလေ့ ရှိသူလို့ ခွဲဖို့တောင် ကိုယ်က ဘယ်စံနဲ့ ကြည့်မလဲ ဆိုတဲ့အပေါ် မူတည်ပြန်တယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချိန်၊ အရေးကြီးတဲ့ ကိစ္စတွေမှာ လူကောင်း လူဆိုး ကွဲပြားမှုဟာ ပြတ်သားလာတတ်တယ်၊ အဲဒီ အချိန်မျိုးကို စောင့်ကြည့်လို့ရတယ်၊ ကိုယ်ပိုင် ဉာဏ်အားနဲ့ ပိုင်းခြားလို့ရတယ်၊ ဘယ်သူမှ ပြီးပြည့်စုံ ကောင်းမွန်တယ်ရယ်လို့ မရှိဘူးဆိုတာကို လက်ခံပြီးတဲ့ နောက်မှာတော့ “ဒီပုပ်ထဲက ဒီပဲ” ဆိုတဲ့ ချိန်ခွင်ပျက်စကားကို ပယ်ရှားနိုင်ဖို့က၊ လွယ်လွယ်လေးပဲ။ လက်တွေ့ အဖြစ်အပျက်တွေကိုသာ ကြည့်လိုက်ပါ၊ ဘယ်သူက မတရားလုပ်နေသလဲ၊ ဘယ်သူတွေ မတရားခံနေရသလဲ၊ အဖြေက ရှင်းလာပါလိမ့်မယ်။

ဒီလိုပြောလို့ ကိုယ်ကြိုက်တဲ့၊ ထောက်ခံတဲ့ ဘက်မှာ အကျင့်ပျက်တွေ ရှိရင် မဝေဖန်ရဘူးလို့ မဆိုလိုပါ၊ ဝေဖန်နိုင်ပါတယ်၊ ကိုယ့်ဝေဖန်မှုရဲ့ ရည်ရွယ်ချက်ကို သန့်စင်အောင် ဆေးကြောပြီးရင်၊ ကိုယ့်ဝေဖန်မှုရဲ့ အကျိုးအပြစ် အဆက်ဆက်ကို ချင့်ချိန်ပြီးရင် ဝေဖန်နိုင်တယ်၊ ဝေဖန်ဖို့လည်း တာဝန်ရှိပါတယ်။ အစိုးရနဲ့ နိုင်ငံရေး သမားတွေ အားလုံး ဒီပုပ်ထဲက ဒီပဲ ပါပဲ၊ ငါတို့ကသာ မြေစာပင် ဖြစ်ရတယ်လို့ ပြောရင်၊ ကိုယ်က တကယ့်ကို မြေစာပင် ဖြစ်မှာပဲ၊ ခိုင်မာတဲ့ ရပ်တည်ချက်ထားပြီး ကိုယ်နိုင်သလောက် လုပ်မှသာ မြေစာပင်ဘ၀က သက်သာရာ ရမှာပဲ။

(ဃ - ၃) တတိယ အန္တရာယ်တွင်းပေါက် (“သူတို့ လုပ်နေပုံ မဟုတ်လို့ ငါဝင်မလုပ်တာပေါ့”)

ဒီအန္တရာယ် တွင်းပေါက်ကတော့ မာန တမျိုးမျိုးကို လိုတာထက် ပိုထားမိတဲ့ လေ့လာသူတွေ၊ ကိုယ့်ကိုကိုယ် အသားကုန် ကာကွယ်တတ်သူတွေ ကျတတ်တဲ့ တွင်းလို့ မြင်ပါတယ်။ အတော်လေး တတ်သိနားလည်လာတဲ့ လူလတ်တန်းစား ပညာတတ် ပြည်သူတချို့မှာ အများအားဖြင့် တွေ့ရလေ့ ရှိတယ်။ ရှားရှားပါးပါး ကျွန်တော် တခါမှ မကျဖူးတဲ့ တွင်းလည်းဖြစ်တယ်။ ကိုယ်တိုင် မကျဖူးလို့လား မသိဘူး၊ ဒီတွင်းထဲကို ကျတတ်သူများကို ကျွန်တော် သိပ် အသည်းယားတယ်။

ဒီတွင်းကတော့ လေ့လာရင်း ကိုယ်သိတာတွေ များလာတယ်၊ ကိုယ့်မှာ လက်ရှိ နိုင်ငံရေးသမားတွေ လုပ်ဆောင်ပုံနဲ့ ကွဲပြားတဲ့ အကြံတွေ ဉာဏ်တွေ ပေါ်လာတတ်တယ်။ အဲဒီအခါမှာ ကြာညောင်းလာတဲ့ တော်လှန်ရေးထဲက နိုင်ငံရေး အင်အားစုတွေ လုပ်ပုံကိုင်ပုံကို ကြည့်ပြီး “သူတို့ လုပ်နေပုံ မဟုတ်ဘူး၊ ဒီလို လုပ်လို့မရဘူး၊ ဒီလို အချိုးမပြေတဲ့ ကောင်တွေကြောင့် ငါဝင်မလုပ်တာပေါ့၊” ဆိုတဲ့ ဆင်ခြေ ပေးမိခြင်းပဲ။ ပညာတတ်သူများကလည်း ဒီတော်လှန်ရေးသမားတွေ ဘာမှမတတ်ဘဲ လျှောက်လုပ်နေတယ်၊ ဒါလေးတောင် မသိဘဲ လျှောက်အော်နေတယ်၊ ဒီလို လုပ်လို့ မရဘူး၊ ဒါ့ကြောင့် ကျွန်တော်/ကျွန်မတို့က ၀င်မလုပ်တာပေါ့ ဆိုပြီး ပြောကြတယ်။

ကျွန်တော့် သဘောကတော့ ဒီတော်လှန်ရေးဆိုတာကို ကျဆုံးသွားတယ် ပြောပြော၊ တန့်နေတယ် ပြောပြော၊ မအောင်မြင်သေးတာတော့ အမှန်ပဲဆိုတာ လက်ခံပါတယ်။ နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်၊ ဒါပေမယ့် မရသေးဘူး၊ မအောင်မြင်ရသေးခြင်း အကြောင်းရင်းတွေ အများကြီးရှိမှာပဲ၊ ထောက်ပြပါ၊ ဝေဖန်ပါ၊ အကြံပေးပါ။ သူ့ကြောင့်၊ ကိုယ့်ကြောင့်၊ “ကြောင့်” တွေ တပုံတပင် ထွက်လာ ပါလိမ့်မယ်။ (လက်ရှိ လုပ်နေတဲ့ တော်လှန်ရေး သမားများကလည်း အပြုသဘော ထောက်ပြ ဝေဖန် အကြံပေးတာတွေကို ခံနိုင်တဲ့ အရည်အချင်း ရှိသင့်တယ်လို့ မြင်ပါတယ်။) ဒါပေမယ့် ဒီ “ကြောင့်” တွေဟာ “ငါ ၀င်မလုပ်ရခြင်း” ရဲ့ အကြောင်းရင်းတော့ ဟုတ် ကို မဟုတ်ဘူး။ ငါ ၀င်မလုပ်ရခြင်းရဲ့ တကယ့် “ကြောင့်”က “ငါ ကြောက်သောကြောင့်၊ ငါ မလုပ်ရဲသောကြောင့်၊ ငါ မစွန့်ရဲသောကြောင့်” ပဲ ဖြစ်တယ်ဆိုတာ မိမိ ကိုယ်ကို ရိုးရိုးသားသား ဝေဖန်ကြည့်ရင် တွေ့ပါလိမ့်မယ်။

စဉ်းစားကြည့်ပါ၊ လက်ရှိ လုပ်နေတဲ့ သူတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်ဘူးပဲထား၊ (ဟုတ်တာတွေ ရှိသလို မဟုတ်တာတွေလည်း ရှိနိုင်တယ်ဆိုတာ ကျွန်တော် လက်ခံတယ်) ဒါတွေကို မှန်တဲ့ လုပ်ပုံကိုင်ပုံ သိပါတယ်ဆိုတဲ့ သူက ဝေဖန်ပြောပြပြီး ကိုယ်တိုင် ၀င်လုပ်ဖို့ လိုတယ် မဟုတ်ဘူးလား၊ သိရင် သိတဲ့သူက လုပ်ပြရမှာပေါ့။ ကိုယ်သိတဲ့၊ နားလည်တဲ့ အချက်ကို မသိသေး၊ နားမလည်သေးသူတွေကို နားဝင်အောင် ရှင်းပြရမှာ ကိုယ့်တာဝန်ပဲပေါ့။ ဒါကို ရှင်းမပြရင်၊ ဒါမှမဟုတ် တခါနှစ်ခါလောက် ကြိုးစားပြီး မရရင်၊ ငါပြောသားပဲ သူတို့မှ လက်မခံတာ တော်ပါပြီ၊ ငါ ဘာမှ မလုပ်တော့ပါဘူး ဆိုပြီး နေလိုက်ရော။ အခြေအနေ အချိန်အခါအရ နားသင့်လို့ နားတယ်ဆိုရင် လက်ခံပါတယ်၊ ဒါပေမယ့် “ဒီလူတွေ လုပ်ပုံမဟုတ်လို့ ငါ ၀င် မလုပ်တာ” ဆိုတဲ့ ဆင်ခြေကြီးကတော့ ကိုယ့် အကြောက်တရားကို မ၀န်ခံရဲဘဲ မရိုးသားရာ ကျပါတယ်။

မသိစိတ်က စွန့်ရမှာ ကြောက်နေတယ်၊ မလုပ်ရဲဘူး၊ အဲဒီတော့ ကိုယ် မလုပ်ရဲတာကို သူတပါးအပြစ်ကြောင့်လို့ လက်ညှိုးထိုးဖို့ ဆင်ခြေရှာတဲ့အခါ “နိုင်ငံရေးသမားတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်လို့” ဆိုတဲ့ ဆင်ခြေကို ရှာတွေ့သွားတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ပါ၊ အဲဒါ လေ့လာမှုခရီးရဲ့ အန္တရာယ် တွင်းကြီးပဲ။ “လုပ်ပုံ ကိုင်ပုံ မဟုတ်ရင်၊” “လုပ်ပုံ ကိုင်ပုံ အမှန်ကို သိတယ်” ဆိုတဲ့ လူက လုပ်ပြရမှာပဲ မဟုတ်ဘူးလား။

ကျွန်တော်နဲ့ အမြင် သိပ်မတူသူ နိုင်ငံရေး သမား တချို့ အကြောင်းကို ဖတ်ဖူး ကြားဖူးပါတယ်၊ သူတို့က လက်ရှိ ပင်မ နိုင်ငံရေးအင်အားစုတွေ လုပ်နေ ကိုင်နေပုံတချို့ကို သဘောမကျပါ၊ အဲဒီတော့ သူတို့ မှန်တယ်ထင်တာကို လုပ်ပြတယ်၊ သူများတကာကို လက်ညှိုးထိုး အပြစ်ဖို့ပြီး ဆင်ခြေကန်မနေဘူး၊ ကျွန်တော် သူတို့ အမြင်တချို့ကို လက်မခံနိုင်ပေမယ့် သူတို့ ဒီလို လုပ်ပြတာကို သဘောကျတယ်၊ လေးစားတယ်။

တခုတော့ ရှိပါတယ်၊ ရိုးသားဖို့တော့ အများကြီး လိုပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်း (က) နဲ့ (ခ) နှစ်မျိုးရှိတယ် ဆိုပါစို့၊ (က) က အဖြစ်သင့်ဆုံး၊ အထိရောက်ဆုံး လုပ်နည်းဖြစ်ပြီး လုပ်သူအတွက် အန္တရာယ်ကတော့ များတယ်၊ (ခ) ကတော့ (က)နဲ့စာရင် ထိရောက်မှုအား အင်မတန်နည်းပေမယ့် လုပ်သူအတွက် အန္တရာယ်ကတော့ မရှိသလောက်ပဲ၊ အဲဒီ အခါမှာ (ခ) ကို ရွေးပြီး လုပ်တာက အပြစ်မဟုတ်၊ (ခ) ကို ရွေးရခြင်းသည် “ငါ (က) ကို မလုပ်ရဲလို့” ဆိုတဲ့ ကိစ္စကို ရိုးရိုးသားသား ၀န်ခံသင့်တယ်၊ ကိုယ် လုပ်ရဲတဲ့ အလုပ်ပဲ လုပ်တာက အပြစ်မဟုတ်၊ ကိုယ်က (ခ) ပဲ လုပ်ရဲလို့ (ခ)ပဲ လုပ်တာကို (က) က လုပ်ပုံမဟုတ်လို့ ဆိုတဲ့ ဆင်ခြေမျိုး မရိုးမသား ပေးမိရင်သာ အပြစ်ဖြစ်တယ်။ အဲဒီတော့ ဒီ တတိယတွင်းပေါက်နဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောချင်တာကတော့ “ရိုးသားပါ၊ ကိုယ်ကိုကိုယ့် မညှာတမ်း ဝေဖန်ပါ။”

(စကားကြုံလို့၊ အန္တရာယ် ဘယ်လောက်များများ လုပ်ရဲသူတွေ ရဲရဲတောက်တွေကို တောင်းပန်ချင်တာကတော့ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ခင်ဗျားတို့ ရဲရဲတောက်တွေလို သတ္တိမရှိဘူး၊ မစွန့်ရဲဘူး၊ အဲဒီတော့ အဲဒီလို သတ္တိ အလုံအလောက် မရှိသူတွေ သတ္တိရှိမလာခင် လောလောဆယ် လျှောက်နိုင်တဲ့ လမ်းကိုလည်း ပြကြပါ၊ သတ္တိမရှိသူတွေကို ကိုယ့်လောက်မှ သတ္တိမရှိရကောင်းလားလို့ ဝေဖန်ပြစ်တင်နေရုံနဲ့ သတ္တိတွေ ရှိလာမဟုတ်ဘူး၊ အလုပ်မဖြစ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဥပမာ - ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး စတဲ့၊ ၈၈ ကျောင်းသားတွေ လုပ်သလို “ပြည်သူလူထု အများ လိုက်ပါနိုင်တဲ့ နည်းလမ်း” ရှာဖွေ လုပ်ကိုင်ခြင်း နဲ့ “အနည်းဆုံးတော့ နိုင်ငံရေးသမားတွေနဲ့ လူမှုရေး ဆက်ဆံပါ” စတဲ့ guideline ချပေးခြင်း စသည်တို့လိုမျိုး လုပ်ပေးကြပါ။)

(ဃ - ၄) စတုတ္ထ အန္တရာယ်တွင်းပေါက် (“ငါ့တသက်တော့ လွတ်လမ်းမမြင်ပါ”)

ဒီတွင်းကတော့ ပထမ “ရှုပ်နေတာပဲ” ဆိုတဲ့ အန္တရာယ်တွင်းနဲ့ ဆက်စပ်ပါတယ်။ လေ့လာမှု များလေလေ၊ ပြဿနာ အတိမ်အနက်ကို သိလေလေ ဖြစ်လာပြီး ကိုယ်က မှန်ရာကို လုပ်ရဲတဲ့ သတ္တိ အလုံအလောက် မရှိတာကိုလည်း မချင့်မရဲ ဖြစ်လာတဲ့အခါ “ငါအပါအ၀င် လူတွေ ဒီလိုသာ ကြောက်နေလို့ကတော့ ငါတို့ တသက်တော့ လွတ်လမ်း မမြင်ဘူး” ဆိုပြီး စိတ်ပျက် အားလျော့ ဖြစ်လာတတ်တဲ့ အန္တရာယ်ပဲ။ ကျွန်တော် ခဏခဏ၊ တဖုတ်ဖုတ် ပြုတ်ကျတဲ့ တွင်းပေါ့။

ဒါနဲ့ပတ်သတ်ရင်တော့ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် အမြဲပဲ သတိပေးပါတယ်၊ သူများတကာက ထောင်တန်း အကျခံ၊ ဘ၀ပျက်ခံပြီး ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ကိုယ်က စိတ်ပျက် အားလျော့ နေမိတာ ရှက်ဖွယ်လိလိ ဖြစ်တယ်၊ လုပ်နိုင်သလောက် လုပ်ရဲ သလောက် လုပ်ရမယ် ဆိုတာကိုပေါ့။ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်မှာ မအောင်မြင်ခဲ့လို့ ကျွန်တော်တို့ ခံရတယ်၊ ကျွန်တော်တို့ မအောင်မြင်ရင် နောက်မျိုးဆက်တွေ ခံရမယ်လို့ ခေါင်းဆောင်တွေ မကြာမကြာ ပြောလေ့ရှိကြတယ် မဟုတ်လား။ “ငါ့တသက် လွတ်လမ်း မမြင်” လည်း နောက်လူတွေအတွက် လုပ်ရဲသလောက်၊ လုပ်နိုင်သလောက် လုပ်သင့်တယ်၊ “ငါ ဘာလုပ်နိုင်သလဲ” လို့ အမြဲပဲ ကိုယ့်ကိုကိုယ် မေးပြီး လုပ်နိုင်တာကို လုပ်နေသင့်တယ်လို့ ယူဆကြောင်းပါ။ (အပြောလွယ်ပြီး အလုပ်ခက်ပါတယ်၊ ဒါ့ကြောင့်လည်း ကျွန်တော် အပါအ၀င် မိတ်ဆွေသူငယ်ချင်းများ ဒီအန္တရာယ်တွင်းထဲ တဖုတ်ဖုတ် ပြုတ်ကျကြတာပေါ့။)

(င) မျှော်မှန်းမိသော လေ့လာမှု၏ စတုတ္ထအဆင့် နဲ့ နိဂုံး မဟုတ်သော နိဂုံး

မြန်မာပြည်မှာ သွားသွားလာလာကို ဘာသာပြန်ရင်း ကျွန်တော် တာဝန်မကင်း ဖြစ်လာတယ်လို့ ယူဆမိတဲ့အတွက် မသိခြင်းရော သိခြင်းရောရဲ့ အန္တရာယ်တွေကို ကျွန်တော် အပါအ၀င် မိတ်ဆွေ ပြည်သူတွေရဲ့ အတွေ့အကြုံတွေ အပေါ် မူတည်ပြီး ရေးလိုက်ပါတယ်။ သိလွန်း တတ်လွန်းလို့ ရေးနေတာ မဟုတ်ဘူးဆိုတာ ဒီစာကို ဖတ်လိုက်ရင်ပဲ သိသူ၊ တတ်သူ စာဖတ်သူအချို့ ကောင်းကောင်းသိပါတယ်။ သတ္တိ ဘယ်လောက် ရှိပြီး ဘာတွေ လက်တွေ့ လုပ်နေလို့ ဒါတွေ ပြောရတာလဲလို့ မေးရင် “ကျွန်တော် ကြောက်လို့ ပုဆိုးခြုံထဲကပဲ လက်သီးပြရဲတာသာ ကြည့်ပါတော့” လို့ ဖြေရမှာပဲ။ ကျွန်တော်က လေ့လာသင့်တယ် ပြောမိလို့၊ လေ့လာဖို့ စာတချို့ ဘာသာပြန်မိလို့၊ အဲဒီစာတွေ၊ လေ့လာမှုတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို ပြောဖို့လည်း ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ယူဆလို့ ပြောခြင်း သက်သက်ပါ။

အကျဉ်းချုပ်ပြောရရင်တော့၊ မသိခြင်းဟာ အန္တရာယ် ကြီးသလို၊ သိခြင်းကြောင့်လည်း အန္တရာယ်တွေ ဖြစ်နိုင်တယ်၊ ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့က “ဇွဲမလျှော့ပါနဲ့”၊ “ပြတ်သား ခိုင်မာတဲ့ ရပ်တည်ချက်ထားပြီး လုပ်နိုင်သလောက် လုပ်မှသာ မြေစာပင်ဘ၀က သက်သာရာရမယ်”၊ “မိမိကိုယ်ကို ရိုးရိုးသားသား ဝေဖန်ပါ”၊ “ငါဘာလုပ်နိုင်သလဲ၊ ငါဘာလုပ်လို့ ရသလဲ” လို့ အမြဲပဲ မေးနေ လုပ်နေပါ။

အဲဒီလို သိခြင်း၏ အန္တရာယ်တွေကို ကျော်လွှားနိုင်ရင် လေ့လာသူ အားလုံးဟာ နောက်ဆုံးမှာ “လက်ရှိ အခြေအနေသည် ပုံမှန်မဟုတ်၊ မှားနေတယ်၊ ဒါ့ထက် အများကြီး ကောင်းနိုင်ရက်သားနဲ့ လမ်းကြောင်းလွဲနေတယ်၊ ငါတို့ လုပ်နိုင်သလောက် တခုခုတော့ လုပ်မှ ဖြစ်မယ်” ဆိုတဲ့ ဘုံ သဘောတူညီချက် ရပြီး တက်ညီလက်ညီ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လေ့လာမှုတစ်ခုဟာ၊ (ကြီးကြီးကျယ်ကျယ် ပြောရရင် “ဘ၀” ဆိုတာကြီးကပါ) နိဂုံးတစ်ခု၊ ပန်းတိုင် တစ်ခုတော့ မဟုတ်ပါ၊ ခရီးတစ်ခု ဖြစ်ပါတယ်။ (ဒီစကားမျိုး ကြားရလွန်းလို့ နားခါးပြီးတောင် ဖြစ်လောက်ပြီ။) ပြီးပြည့်စုံခြင်း ဆိုတာကလည်း ဘယ်တော့မှ ဆိုက်ရောက်မှာမဟုတ်ပါ၊ ဒါပေမယ့် ပြီးပြည့်စုံခြင်းကို ဦးတည်ပြီး အမြဲပဲ သွားလာနေဖို့တော့ လိုပါတယ်၊ ဒါမှ မဆုတ်ယုတ်မှာပါ။ မြန်မာပြည်နိုင်ငံရေးဟာ ဘာနဲ့တူသလဲဆိုတော့ ရေစီးသန်တဲ့ မြစ်ကို ဆန်နေသလိုပဲ၊ မြစ်ဖျားထိတော့ ရောက်ချင်မှ ရောက်မယ်၊ ရောက်မှာ မဟုတ်လို့ ဆန်နေတာကို ရပ်လိုက်ရင်တော့ တခါတည်း ဟိုးအောက်ထိ စုန်ဆင်းသွားမှာပဲ၊ တပ်မတော် အစိုးရရဲ့ လက်ရှိအခြေအနေဟာ ဆန်ရမယ့် ကိစ္စကို မဆန်ဘဲ၊ ရပ်နေတဲ့ အဆင့်တောင် မဟုတ်ဘဲ၊ အားရပါးရ စုန်ဆင်းနေတယ် ဆိုတာကို လေ့လာသူများ မြင်နိုင်ရင်၊ ဆန်တက်နိုင်ဖို့ တတပ်တအား ကြိုးစားကြမယ် ဆိုရင် ရေးရကျိုးနပ် ပါကြောင်း။

(ဟူး… မောလိုက်တာ... :D)

ရေးသူ- ပုထုဇဉ်
(8/24/07)
Read more

“ဆူးပေါက်သူများ သတိထား”


“မုဆိုးနားနီးမုဆိုး။ တံငါနားနီးတံငါ။”

မြန်မာစကားပုံဖြစ်ပါသည်။ ပတ်ဝန်းကျင်သည် လူအပေါ်လွှမ်းမိုးတတ်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အလားတူအဓိပ္ပါယ်ရသော ပုံပြင်တပုဒ်ကိုလည်း ကျနော်တို့ ငယ်ငယ်က သင်ခဲ့ရပါသေးသည်။ လေမုန်တိုင်းဒဏ်ကြောင့် ပတ်ဝန်းကျင်နှစ်ခုသို့ တကွဲတပြားစီကျရောက်သွားသော ကျေးညီနောင်ပုံပြင်။ ထိုပုံပြင်တွင် ၄င်းတို့ရောက်ရှိသွားရာ ပတ်ဝန်းကျင်အသီးသီး၏ လွှမ်းမိုးမှုကို ကျေးငယ်များခံရကာ ယင်းတို့၏ စရိုက်သဘာဝ မတူခြားနားသွားပုံကို ဖော်ပြထားသည်။

ဤနေရာတွင် ကြုံကြိုက်၍ ကျောင်းတုန်းက အဖြစ်အပျက်တခုကို ကြားဖြတ် ပြောပြချင်ပါသေးသည်။ တက္ကသိုလ်ပထမနှစ်မှာ မြန်မာစာဆရာက တတန်းလုံးကို စာစီစာကုံး ရေးယူခဲ့ကြရန် မှာကြားလိုက်သည်။ အကြောင်းအရာက ပတ်ဝန်းကျင်၏ လူအပေါ်လွှမ်းမိုးတတ်ပုံ။ ခေါင်းစဉ်ကို ကိုယ့်သဘောကျ ရွေးချယ်ပေးနိုင်သည်ဟု ဆို၏။ ထိုစဉ်က ကျနော်ဘာရေးခဲ့သလဲကိုတော့ ကောင်းကောင်း မမှတ်မိ။ မှတ်မိသည်မှာ သူငယ်ချင်းတယောက် ရေးလာသော ခေါင်းစဉ်ကို ဖြစ်သည်။ “ပတ်ဝန်းကျင်ကောင်း ကိုယ်ပါကောင်း” တဲ့။ သူ့စာစီစာကုံးကို ကျနော့်အား ပေးဖတ်သဖြင့် နောက်တီးနောက်တောက် ကျနော့်အကျင့်အတိုင်း….“ အလဲ့…. ပတ်ဝန်းကျင်ဂေါင်း ကိုယ်ဖာဂေါင်း ဆိုပါလား” ဟု အသံထွက်ဖတ်လိုက်မိရာ အဆဲသန်သော ထိုသူငယ်ချင်း၏ မိုးမွှန်နေအောင် ဆဲဆိုမှုကို ခံလိုက်ရဖူးသည်။ (မှတ်ချက်။…….။ အဆဲသန်သည်ကလွဲ၍ ထိုသူငယ်ချင်းမှာ ဘာသာရေး ကိုင်းရှိုင်းသူတဦး ဖြစ်သည်။)

ဤပို့စ်၏ အစတွင် ဖော်ပြခဲ့သော ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုဆိုသည်မှာ တစုံတယောက်အပေါ်တွင် နေ့စဉ်နှင့်အမျှ၊ အချိန်နှင့်အမျှဆိုသလို ကျရောက်နေသော လွှမ်းမိုးမှုမျိုးကို ဆိုလိုသည်။ တခါတလေကျတော့ အမြဲတစေလွှမ်းမိုးမှုမဟုတ်ဘဲ တစုံတခုသောအဖြစ်အပျက်ကြောင့် တစုံတယောက်၏ အတွေးအခေါ် (သို့မဟုတ်) သဘောသဘာဝ သဏ္ဍာန်ကို ပြောင်းလဲသွားခြင်း ရှိသည်ဟုလည်း ထင်မိသည်။

ဝေးဝေးမကြည့်ပါနှင့်။ ကျနော်လေးစားသော စာရေးဆရာ ဆရာကြီးရွှေဥဒေါင်းပင် သူ့၏ ဘဝတသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင် သူ၏ စိတ်နေသဘာဝကို ချဉ်တူးခါးသီးစေခဲ့သော အဖြစ်အပျက်များ အကြိမ်ကြိမ် ကြုံကြိုက်ခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ သူ့အဆိုအရမူ ထိုအဖြစ်အပျက်များကြောင့် သူ့သဏ္ဍာန်တွင် ဖြူကောင်ကဲ့သို့ ဆူးကြီးများ တချောင်းပြီးတချောင်း ပေါက်လာခဲ့သည် ဆို၏။

စိတ်နေသဘာဝပြောင်းသည်ဆိုလျှင် အတွေးအခေါ်များ၊ အမူအကျင့်များလည်း ပြောင်းလဲသွားနိုင်သည်မှာ မလွဲမသွေပင်ဖြစ်သည်။ ကျနော်တို့သည် တစုံတယောက်၏ တစုံတရာသော အတွေ့အကြုံ၊အဖြစ်အပျက်ကို ကိုယ်တိုင်မကြုံဘူး၊ မခံစားခဲ့ရဘူးသော် အလွယ်တကူ အံ့အားသင့်တတ်ကြသည်။ အလွယ်တကူ ပြက်ရယ်ပြုတတ်ကြသည်။ အလွယ်တကူ ဝေဖန်အပြစ်တင်တတ်ကြပေသည်။ ထိုသူ၏ အဖြစ်အပျက်အား နားလည်ခံစားပေးဖို့ ဝန်လေးတတ်ကြသည်။ ဖေးမကူညီဖို့ ငြင်းဆန်တတ်ကြပေသည်။

ငယ်စဉ်ကတည်းက စွဲဝင်ကပ်ငြိခဲ့သော အတွေးအခေါ်များ၊ အမူအကျင့်များသည် အသက်ကြီးလာ၍ ဆင်ခြင်တုံတရားရှိလာသောအခါ၌ပင် ရုတ်တရက် ပြုပြင်ပြောင်းလဲယူဖို့ ခဲယဉ်းတတ်ပေသည်။ ဆောင့်ကြောင့်ထိုင်ရသော ကြွေခွက်အိမ်သာများတွင် တသက်လုံး အသားကျလာခဲ့သူအဖို့ ဘိုထိုင်အိမ်သာနှင့် ရုတ်တရက် အထာမကျသကဲ့သို့ပင်တည်း။

သို့သော်…. အတွေးအခေါ် အမူအကျင့်များသည် ကျနော်တို့၏ နေ့စဉ် ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ၊ ပြုလုပ်ချက်များ၊ စွမ်းဆောင်ချက်များအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်လျက်ရှိသည်။ တနည်းပြောရလျှင် ကျနော်တို့၏ ဘဝကို အချိန်နှင့်အမျှ ထုဆစ်လျက်ရှိသည်။ ထိုမျှမက ကျနော်တို့နှင့် ထိစပ်နေသူများ၊ ဆွေမျိုးမိတ်ဆွေများနှင့် လူ့အသိုင်းအဝိုင်းတခုလုံးကို ထုဆစ်ပုံသွင်းလျက်ရှိပေသည်။

ပထမတော့ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုက မိမိ၏ ဘဝနှင့်အတွေးအမြင်အပေါ် တစုံတရာသော အတိုင်းအတာတခုအထိ သက်ရောက်သည်။ နောက်တော့ မိမိ၏ အတွေးအမြင်နှင့်အပြုအမူက ပတ်ဝန်းကျင်အပေါ် အတိုင်းအတာတခုအထိ တုန့်ပြန် သက်ရောက်လေတော့သည်။

ကျနော်တို့သည် ဘာမှ မလုပ်ဘဲ ထိုင်နေသည် ဆိုဦးတော့။ ထိုသို့ ဘာမှ မလုပ်ဘဲ ထိုင်နေမှုသည် ပတ်ဝန်းကျင်အပေါ်တွင် အကျိုးသက်ရောက်မှု (ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ) တစုံတရာ ဖြစ်နေစေသေးသည်။ တစုံတရာကို ပြုမူလုပ်ဆောင်ခဲ့လျှင်ကား ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုသည် ပိုမိုထင်ရှားလာလေသည်။

လူ့လောကထဲ၌ နေထိုင်ကြသော ကျနော်တို့သည် မိမိတို့၏ ပြုမူဆောင်ရွက်ချက်များကို ပရမ်းပတာ အကျိုးသက်ရောက်မှုဖြစ်စေရန် မလိုလားကြ။ ပုံမှန်စိတ်ရှိသူ လူတို့သည် မိမိ၏ ပြုမူဆောင်ရွက်ချက်ကြောင့် မိမိကိုယ်တိုင်အပေါ်တွင် ကောင်းကျိုးသက်ရောက်ခြင်းကိုသာ လိုလားကြသည်။ မိမိအပေါ်တွင် ကောင်းကျိုးသက်ရောက်သော်လည်း မိမိနှင့်ဘဝတူလူသားအချင်းချင်းပေါ်တွင် ဆိုးကျိုးသက်ရောက်စေပြန်ပါက ထိုလုပ်ရပ်သည် ကောင်းသည်ဟု မဆိုသာ။ တရားမျှတသည်ဟုလည်း မပြောနိုင်။

ထို့ကြောင့် ပုံမှန်စိတ်ရှိယုံမက သူတပါးအပေါ်တွင် ကိုယ်ချင်းစာစိတ်ရှိသူတို့နှင့် အရှည်သဖြင့် တွေးတောတတ်သူတို့သည် လူသားတဦးတယောက်အပေါ်၊ ပတ်ဝန်းကျင်အပေါ်၊ လူ့အဖွဲ့အစည်းအပေါ်တွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်မည့် အပြုအမူမျိုး၊ လုပ်ဆောင်မှုမျိုးကို ရှောင်ရှားရန်လည်း သတိမူလာတတ်ကြသည်။

ပတ်ဝန်းကျင်သည် လူသားတယောက်အပေါ် တစုံတရာသောအတိုင်းအတာအထိ လွှမ်းမိုးနိုင်သည်ဆိုလျှင် မိမိကောင်းကျိုးကို လိုလားသူတို့သည် ကောင်းမွန်သော ပတ်ဝန်းကျင်ကိုသာ တောင့်တအပ်ပေသည်။ တဖန် ကောင်းမွန်သောပတ်ဝန်းကျင်ဖြစ်ပေါ်လာရေးအတွက် မိမိကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ရန်လည်း တာဝန်ရှိလာသည်။ ထိုသို့တာဝန်ရှိသည့်အတိုင်း မှန်မှန်ကန်ကန် ပြုမူဆောင်ရွက်နိုင်ရန် မှန်ကန်သော အတွေးအခေါ်လည်း လိုအပ်လာသည်။

အတွေးကြောင်လျှင် အလုပ်ကြောင်သည်။ အတွေးမှားလျှင် အလုပ်မှားသည်။ အတွေးမှန်မှ အလုပ်မှန်သည်။

အရွယ်ရောက်သူ လူသားတိုင်းအဖို့ ရင့်ကျက်လာသော အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် မိမိ၏ အတွေးအမြင်တို့သည် မိမိကောင်းကျိုး ဆောင်မဆောင်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုး ဆောင်မဆောင်ကိုသော်လည်းကောင်း အစဉ်သဖြင့် သုံးသပ်မိရန် လိုသည်ဟု ထင်မြင်ယူဆမိပါတော့သည်။
Read more

“မရယ်ရသော ပြက်လုံးများ”

တလောက သတင်းတပုဒ်ထဲမှာ ဖတ်လိုက်ရသည်။ မြန်မာပြည်တွင်း အငြိမ့်ခွေများ ထုတ်ဝေရောင်းချရာတွင် မင်းသမီးကသည့် အခန်းများကို ချန်လှပ်ပြီး လူရွှင်တော်ပြက်လုံးများချည်း စုစည်းထုတ်ဝေရသည်ဆိုသည်။ အကြောင်းမှာ မြန်မာပရိသတ်က မင်းသမီးခန်းကို မကြည့်ချင်တော့သောကြောင့်ပင်။ အကယ်၍ အခွေထဲတွင် မင်းသမီးခန်းပါလျှင်လည်း ပရိသတ်က ထိုအခန်းကို ကျော်ကြည့်ကြသည်ဟု သိရသည်။

တခြားသူအတွက်တော့ မသိ။ ကျနော့်အတွက်တော့ အငြိမ့်မင်းသမီးခန်းကို ကြည့်ရသည်မှာ အင်မတန်ပျင်းစရာကောင်းသည်။ မြန်မာအကကို မနှစ်သက်၍ မဟုတ်။ မင်းသမီး အယောက် ၁၀၀ ကလျှင် ကြည့်ကောင်းအောင် ကတတ်သူမှာ တယောက်မျှသာ ရှိသောကြောင့်ပင်တည်း။ ထို့ပြင် ကက်ဆက်ဖြင့်ဖွင့်၍ ကသော သီချင်းများမှလွဲ၍ မင်းသမီးများ ကိုယ်တိုင် သီဆိုသော သီချင်းများမှာလည်း ညံ့ဖျင်းလှချေသည်။

ဟိုခေတ်က အငြိမ့်မင်းသမီးများ နာမည်ကြီးကြသည်မှာ တေးရေးဆရာတွေကလည်း အကျော်အမော်တွေ။ နန်းတော်ရှေ့ဆရာတင်၊ ရွှေတိုင်ညွန့်စသဖြင့်။ မင်းသမီးတွေကိုယ်တိုင်က နာမည်ကျော် အဆိုကောင်းတွေ။ မမြရင်၊ သြဘာသောင်း၊ ကြည်ကြည်ဌေး စသည်။ သူ့တို့သီဆိုခဲ့သော သီချင်းများမှာ ယနေ့အထိ ပြည်သူတွေရင်ထဲတွင် စွဲငြိပြီး နိုင်ငံတဝှမ်း ပျံ့လွင့်နေဆဲဖြစ်သည်။

မင်းသမီးသီချင်းညံ့ပုံအကြောင်းကို အစပြုမိ၍ မနေ့က ကြည့်မိသော သီးလေးသီး အငြိမ့်အဖွဲ့မှ မင်းသမီး မြစပယ်ငုံအတွက် ရေးစပ်ပေးသောသီချင်းကို အနည်းငယ်မျှ ဥပမာ ပေးလိုပါသည်။ သီချင်းမှာ ဒီမိုကရေစီတော်လှန်ရေးသမားများကို အားပေးသော သီချင်းဖြစ်သည်။ သို့သော် စဖွင့်ဖွင့်ချင်း စာသားက “အရောင်စုံလင်းချေပြီ… ခွပ်ဒေါင်းကြီးလည်း တရေးနိုးလေပြီ”….တဲ့။ ကဲ…ကောင်းကြပါလေရော။ “တရေးနိုးလေပြီ” ဆိုတဲ့ စာသားက ဘယ်လို အနက်အဓိပ္ပါယ်ထွက်သွားသလဲဆိုတာကို သီချင်းရေးသူကရော မင်းသမီးကပါ စဉ်းစားမိကြပုံမရ။ “အနှစ်၂၀ လုံးလုံး ခွပ်ဒေါင်းကြီး ဘယ်ချောင်မှာ သွားအိပ်နေခဲ့သလဲ” ဟု အဓိပ္ပါယ်ထွက်မနေပေဘူးလား။ ယခုပြောခဲ့သည်မှာ သီချင်းညံ့ပုံကို စာသား နမူနာမျှ အနည်းငယ်ထုတ်နှုတ် ပြောပြခြင်းမျှသာ။ သီချင်းရဲ့ သံစဉ်တွေ၊ နောက်ခံတီးလုံးတွေ စွဲမက်စရာကောင်းမကောင်းကို သက်ဆိုင်ရာ ဗီဒီယိုလင့်ခ်မှာပဲ စာဖတ်သူတို့ကိုယ်တိုင် သွားရောက် အကဲဖြတ်စေချင်သည်။ ဗီဒီယိုလင့်ခ်တွေကို ပို့စ်အောက်ခြေမှာ ပေးထားပါသည်။

နောက်ပြီး ရှေးခေတ်အငြိမ့်မင်းသမီးတွေက သူ့ခေတ်သူ့အခါအလျောက် ထွင်လည်း ထွင်တတ်ကြသည်။ အငြိမ့်မင်းသမီး မထွေးလေးသည် ရုပ်သေးအရုပ်ကလေးနဲ့တူအောင် ကပြရာတွင် အလွန်ကြည့်၍ ကောင်းသည်ဟုဆိုသည်။ သို့သော် မထွေးလေးအက ကြည့်ကောင်းသည်နှင့် ထိုအကမျိုးကို ကသူတိုင်း ကြည့်ကောင်းမည်ဟု တွက်ဆ၍မရ။ ယခုခေတ်မင်းသမီးအချို့ အရုပ်နှင့် မတူတူအောင် ခေါင်းတုန်တုန် လက်တုန်တုန်ဖြင့် ကပြသည်ကို လုံးဝကြည့်၍မရ။ (မှတ်ချက်။……….။ မြစပယ်ငုံ အကတွင်တော့ ထိုအကွက်မျိုးမပါပါ။)။ ဒေါ်သြဘာသောင်းအကြောင်းကို ယခင်က မဂ္ဂဇင်းတွေတွင် ဖော်ပြရာ၍ ကျွဲကော်မျက်မှန်ကော်ကိုင်းကိုတပ်၊ ဦးထုတ်ကိုဆောင်း၊ ယောက်ျားလေးလို ဝတ်၊ တယောလေးကိုထိုးပြီး ဒေါ်သြဘာသောင်း သီချင်းဆိုရာ ပရိသတ် အထူးနှစ်သက်သည်ဟု သိရသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုယ်ပိုင်ဟန်ကို မထွင်နိုင်လျှင် ပရိသတ်က စွဲမက်မည်မဟုတ်။ ဤအချက်မှန်ကန်ကြောင်းကို ယခု မြန်မာပရိသတ်၏ တုန့်ပြန်ချက်က ထင်ဟပ်ပြနေပေသည်။

လူရွှင်တော်ပြက်လုံးများအကြောင်းဆက်ရလျှင် ပြက်လုံးတွေ အပ်ကြောင်းထပ်နေသည့်အကြောင်းက စရမည်ထင်သည်။ လူရွှင်တော်တွေ တဦးနှင့် တဦး ပညာစမ်းကြသည့် ပြက်လုံးမျိုးမှာ တခါလာလည်း မဲပြာပုဆိုးဟု ဆိုရလောက်အောင် ခေါက်ရိုးကျိုးနေသာ ပြက်လုံးအသွား (Pattern)တခု ဖြစ်လာသည်။

ဤပြက်လုံးအသွား၊ ပြက်လုံးခွင်မျိုးတွင် လူရွှင်တော်တဦးက “ဒီအဖွဲ့ထဲမှာ ငါပညာအတတ်ဆုံး။ မင်းတို့ ငါ့ကို တစ်ကနေ တစ်ဆယ်အထိ ကြိုက်တာမေး။ ငါအိုင်တင်တမျိုးတည်းနဲ့ ဖြေသွားမယ်” ဆိုတာမျိုးနဲ့ စတတ်သည်။ တချို့ကျတော့ “မင်းတို့ ငါ့ကို အေ၊ဘီ၊စီ၊ဒီ ကြိုက်တာမေး၊ ငါ ကာရန်လေးနဲ့ အဓိပ္ပါယ်ရှိရှိ ဖြေပြမယ်၊ စာနဲ့ပေနဲ့ဖြေပြမယ်” ဆိုတာမျိုး မူကွဲလေးတွေရှိသည်။ သူငယ်တန်းကလေးကို သွားမေးလျှင်တောင်သိမည့် တစ်ကနေ တစ်ဆယ်အထိသိခြင်း၊ အေ၊ ဘီ၊ စီ၊ ဒီ သိခြင်းကို ပညာရှိသည်ဟု လူရွှင်တော်တွေ ပြောနေကြခြင်းကိုလည်း စဉ်းစား၍ မရအောင်ရှိသည်။ နောက်တခုက ပြက်လုံးဆိုသည်မှာ ဘာကို ပြောတော့မည် (punch line)ကို ကြိုသိမနေမှ ရယ်စရာကောင်းသည်။ ခေါက်ရိုးကျိုးနေသော ပြက်လုံးများမှာ သူတို့ ပါးစပ်မဟမီမှာပင် ဘာပြောတော့မည်ကို ကြိုတင်ခန့်မှန်း၍ ရနေသဖြင့် ရယ်စရာပြက်လုံးကောင်းတစ်ခု ဖြစ်လာဖို့ ခဲယဉ်းသည်။

ဤ ပြက်လုံးအသွားမျိုးကို အပျော်တမ်းလူရွှင်တော်များက သုံးသည့်အပေါ် သည်းခံခွင့်လွှတ်နိုင်သေးသော်လည်း ပညာသည်လူရွှင်တော်များက ထပ်တလဲလဲ သုံးနေသည်မှာ လုံးဝမဖြစ်သင့်။ ပိုဆိုးသည်မှာ မနေ့က ကြည့်လိုက်ရသော “သီးလေးသီးအငြိမ့်အဖွဲ့”၏ ပြက်လုံးတွင် ဤပြက်လုံးမျိုးကို လူရွှင်တော်ငါးယောက်ရှိရာ ငါးယောက်စလုံးက တယောက်ပြီးတယောက် ဤနည်းအတိုင်း လူလဲပြီး ပြက်သွားသည်မှာ အင်မတန် စိတ်ပျက်ငြီးငွေ့ဖွယ် ကောင်းလှပေတော့သည်။ သို့သော် ထိုနည်းအတိုင်းပြက်သော်လည်း ရယ်ရလျှင်တော်ပေသေးသည်။ ယခုမှာမူ နိုင်ငံရေးပြက်လုံးဖြစ်လျှင်ပြီးရောဟု သဘောထားလေသလောမသိ။ အတုံးလိုက်အတစ်လိုက် ပြက်သွားကြသည်မှာ နအဖက ထုတ်လွှင့်နေတတ်သော ခပ်ညံ့ညံ့ပေါ်လစီဇာတ်လမ်းများကပင် “အဘ” ခေါ်ရလောက်ပေသည်။ အဆိုးဆုံးမှာ တနေရာတွင် ဇီးသီးသည် အတတ်ပညာတတ်ခြင်း နှင့် သစ်ပင်တက်ခြင်း ဆိုသည့် “တတ်” နှင့် “တက်” မတူညီသည့် အသံနှစ်ခုကို ကွဲကွဲပြားပြား မသိရှာသည့်လက္ခဏာဖြင့် ပြက်လုံးတခု ထုတ်လိုက်ခြင်းပင်ဖြစ်သည်။

ယခင်မျှော်စင်ကျွန်းတွင် သီးလေးသီး ပြက်ခဲ့သော ဂန်ဘာရီခရီးစဉ်ပြက်လုံးမျိုး၊ စင်္ကာပူတွင်ပြက်သွားသော မျက်နှာချင်းဆိုင်၊ ကျောချင်းကပ် လှေလှော်သည့် ပြက်လုံးမျိုးများသည် နိုင်ငံရေးပြက်လုံးဖြစ်သော်လည်း ရယ်ရသောပြက်လုံးများဖြစ်သည်။ ဟာသပါသည်။ အတွေးအခေါ်ပါသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းပြုလုပ်သော (စစ်အစိုးရ၏) မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲတွင် ဧရာတို့ ကျော်ထူးတို့ ပြက်သော ပြက်လုံးခွင်မျိုး (ယူကျုမှာ ရှာကြည့်ပါ)သည်လည်း နိုင်ငံရေးမပါသော်လည်း ဟာသမြောက်သည်။ ရယ်ရသည့် ပြက်လုံးခွင်မျိုးဖြစ်သည်။

သီးလေးသီးအဖွဲ့၏ အခုနောက်ဆုံး တစ်ကနေ တစ်ဆယ်ပြက်လုံးမှာမူ မရယ်ရရုံမက အပေါစားဆန်နေပေသည်။

ယနေ့ခေတ်ကာလသည် ရုပ်ရှင်၊တီဗီ၊အင်တာနက်၊ ဗီစီဒီ၊ ဒီဗီဒီ စသဖြင့် မီဒီယာမျိုးစုံ၊ ဖျော်ဖြေမှု ပုံစံမျိုးစုံ အပြိုင်အဆိုင် ပွင့်လန်းနေသောကာလဖြစ်သည်။ ယခင် မမြင်ရင်တို့ ဒေါ်သြဘာသောင်းတို့ခေတ်နှင့်မတူ။ ယခင်က အငြိမ့်နှင့် ရုပ်သေးပွဲများသာ ကြည့်စရာရှိသည်။ ယနေ့ခေတ်ကဲ့သို့ ဖျော်ဖြေမှုများ အပြိုင်အဆိုင်ဖြစ်ထွန်းနေသောကာလတွင် မြန်မာ့အငြိမ့်သဘင်ကို ဆက်လက်ရှင်သန်စေလိုလျှင် သက်ဆိုင်ရာအနုပညာရှင်များအနေဖြင့် ယခုထက် ဆတက်တံပိုးတိုး၍ ပိုမိုကြိုးစားသင့်သည်။ ဤပုံစံအတိုင်းသာ ပြီးစလွယ် လုပ်သွားမည်ဆိုပါက ကြာလျှင် အငြိမ့်မင်းသမီးအကကို လူတွေ ငြီးငွေ့သွားသကဲ့သို့ပင် လူရွှင်တော်တို့၏ ခေါက်ရိုးကျိုးနေသော၊ မရယ်ရသော ပြက်လုံးများကို ပရိသတ်က ကျောခိုင်းသွားကြမည်မှာ အမှန်ပင်ဖြစ်သည်။

သီးလေးသီးပြက်လုံး


မင်းသမီးအက

Read more

“ရှူးပေါက်သူများ သတိထား”

ခေါင်းစဉ်ကို ကြည့်ပြီးတဲ့အခါ… “လူတိုင်းရှူးပေါက်တတ်ကြတာပဲ။ ဘာဖြစ်လို့ပါလိမ့်၊ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းနဲ့များ ဆက်စပ်နေသလား”… ဆိုပြီး လန့်မသွားပါနဲ့ဦး။ အပေါ့အပါးသွားတဲ့ ကိစ္စကို ဆိုလိုတာ မဟုတ်ရပါဘူး။ “ရှူးဖိနပ်နဲ့ ပစ်ပေါက်သူများ သတိထား”…လို့ ဆိုလိုချင်တာပါ။

မှတ်မိကြဦးမယ်ထင်ပါရဲ့။ အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်တယောက် သူ့သမ္မတသက်တမ်း မကုန်ခင် အီရတ်ကို အလည်သွားတဲ့အခေါက်က သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း ပရိသတ်ထဲမှာ ထိုင်နေတဲ့ အီရတ်လူမျိုး ဂျာနယ်လစ်တယောက်က ဖိနပ်နဲ့ ချွတ်ပြီး ပေါက်လိုက်တဲ့ အဖြစ်အပျက်ကိုလေ။
အဲဒီတုန်းက ဘုရှ်ကလည်း အရှောင်အတိမ်း ဂျက်ဆီဂျိန်းမို့ မထိလိုက်ဘူး။ သမ္မတဘုရှ်က စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ “ပစ်လိုက်တဲ့ ဖိနပ်ဆိုက်က နံပါတ် တစ်ဆယ်ပဲ” ဆိုတာမျိုး ချက်ချင်းဆိုသလို ဟာသနှောပြီးတောင် ပြောလိုက်နိုင်ပါသေးတယ်။

အခု အဲဒီ ဖိနပ်ပစ်တဲ့ သတင်းထောက်ငနဲ.. ပဲရစ်က အခမ်းအနားတခုမှာ စကားပြောနေတုန်း ပရိသတ်ထဲကတယောက်က သူ့ကို ဖိနပ်နဲ့ ထပစ်ပေါက်တာ ခံရတယ်ခင်ဗျ။ ကံကောင်းလို့ ထိတော့ မထိဘူး။ ဒါပေမယ့် သူ့မျက်နှာကြည့်ရတာ တော်တော့်ကို တုန်လှုပ်ချောက်ခြားသွားပုံရတယ်။ ဘုရှ်တုန်းကလိုတောင် ရွှတ်နောက်နောက် ပြောနိုင်မယ့်ပုံ မပေါ်ဘူး။

အင်း…. ဝဋ်ဆိုတာ လည်တတ်တယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပါပဲ။ ဒီတော့ သူတပါးကို ဖိနပ်နဲ့ ပစ်ချင်သူမှန်သမျှ ကိုယ့်အလှည့်ကျရင်လည်း တပါးသူပစ်တာကို ပြုံးပြုံးလေးခံနိုင်အောင် နှလုံးသွင်းထားဖို့ လိုပေလိမ့်မယ်လို့ တွေးမိပါတယ်။

ဒီသတင်းကို ဟောဒီလင့်ခ်မှာ သွားကြည့်ပါ။
http://news.yahoo.com/s/ap/20091201/ap_on_re_eu/eu_france_iraq_shoe_thrower

ပူးတွဲဖတ်ရှုရန်။

“ဖိနပ်နဲ့ပစ်ပေါက်ခြင်းကို အားမပေးလို”

“ညောင်သီးကိုသာ စားရပါလိမ့်”
Read more

“လက်ဆောင်”

လက်ဆောင်….တဲ့။

မိတ်ဆွေတို့ လက်ဆောင် ပေးဖူးကြပါသလား။ လက်ဆောင်ရော ရဖူးကြပါသလား။

ကျနော့်ဘဝမှာ ပထမဦးဆုံးရဖူးတဲ့ အမှတ်တရလက်ဆောင်က ရန်ကုန်မှာကျောင်းတက်နေတဲ့ အစ်မက ကျောင်းပိတ်ရက် ရွာအပြန်မှာ ဝယ်လာပေးတဲ့ ရန်ကုန်ပြန်လက်ဆောင်၊ သတ္တုပြားနဲ့ လုပ်ထားတဲ့ ကစားစရာ ဝါကြန့်ကြန့် အဝေးပြေးဘတ်စ်ကားလေး တစီး။ ကားထိပ်ပိုင်းမှာ “ဧရာအရှေ့” လို့ ရေးသားထားပြီး ယာဉ်မောင်းသူရဲ့ ရှေ့မှန်ပေါ်မှာလည်း “မူးရင် မမောင်းနဲ့၊ မောင်းရင် မမူးနဲ့” ဆိုတဲ့ စာတန်းကလေးပါသေးတယ်။ အဲဒီ ကားကလေးကို ဘီးတွေ တစစီပြုတ်ထွက်ကုန်တဲ့အထိ ဖျာပေါ်မှာ တွန်းဆော့ခဲ့တာကို အမှတ်ရမိတယ်။

ကျနော်ကရော ဘယ်သူ့ကို ပထမဦးဆုံး လက်ဆောင်ပေးဖူးသလဲ။ ကျနော့်ပထမဦးဆုံးလက်ဆောင်က ၇တန်း စာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ငပလီရွှေဝါချိုင်လူရည်ချွန်စခန်းက လက်ဆောင် ပို့စ်ကဒ်ကလေးတခု။ လက်ခံရရှိသူက ကျနော့်ရဲ့ ကျောင်းအုပ်ဆရာကြီး။

ကျနော် ထူပုံအပုံကို ပြောပြရဦးမယ်။ အဲဒီ ပို့စ်ကဒ်ကလေးတွေ စခန်းမှာ ထုတ်ပေးတော့ မိဘတွေ၊ ဆရာတေ၊ွ မိတ်ဆွေတွေဆီကို ပို့ရကောင်းမှန်းမသိဘူး။ ဒါကလည်း ကျနော့်အပြစ်တော့ လုံးလုံးမဟုတ်ဘူး။ တောရွာမှာပဲ ကြီးပျင်းခဲ့တဲ့လူဆိုတော့ ၇ တန်းရောက်တဲ့အထိ ဘယ်မြို့ဘယ်ရွာကိုမှ စာတိုက်ကနေတဆင့် စာမပို့ဖူးဘူး။ စာတစောင်မှလည်း မရေးဖူးဘူး။ ရေးဖူးတဲ့စာဆိုလို့…

“သို့ ကျောင်းအုပ်ဆရာကြီး (အတန်းပိုင်ဆရာမှတဆင့်)

အကြောင်းအရာ။…………….။ ခွင့်တိုင်ကြားခြင်း။

ကျနော်သည် နေမကောင်းပါသဖြင့် ခွင့်တရက်မျှ ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်”

ပုံ….
မောင်ကိုပေါ
သတ္တမတန်း- (တန်းခွဲ-အေ)

(ဒီစာကို ရေးပြရင်းနဲ့ နဗနရဲ့ ဘလော့ပို့စ်တခုက “သို့…သားမောင်။ အဖေရိုသေစွာ စာရေးလိုက်ပါတယ်” ဆိုတာကို သတိရမိလို့ ရယ်မိသေးတယ်။)

ဒါဆို အဲဒီ ပို့စ်ကဒ်တွေ ဘာလုပ်ပစ်လိုက်သလဲ။ ဒီလိုပဲ လူရည်ချွန်စခန်းမှာ မိတ်ဆွေဖြစ်သွားတဲ့ သူတွေထဲက လိုချင်တဲ့သူက လာတောင်းရင် ထုတ်ပေးလိုက်တာပဲ။ ရန်ကုန်စုပေါင်းစခန်းပြန်ရောက်မှ စခန်းကို လာလည်တဲ့ အစ်မတွေက ကျနော့်ကို ပြောပြတယ်။ ကျနော့်ရဲ့ ကျောင်းအုပ်ဆရာကြီးက ပြောရှာသတဲ့။ “ကိုပေါကြီးတယောက်… ပို့စ်ကဒ်ကလေး တစောင်တောင် ပို့ပေးဖော်မရဘူး”….တဲ့။ အဲဒီအခါကျမှ ကျနော့်မှာ ပို့စ်ကဒ်ဆိုတာ လက်ဆောင်ပေးရတဲ့ အရာပါလားလို့ သဘောပေါက်ပြီး လက်ကျန် ပို့စ်ကဒ်ကလေးတခုကို အိပ်ယာလိပ်ထဲမှာ လှန်လှောရှာဖွေကာ ကျနော့်ဆရာကြီးထံ ကပျာကယာ ပို့လိုက်ရတယ်။

အဲဒါက ကျနော့်ဘဝမှာ ပထမဦးဆုံး ပေးဖူးတဲ့လက်ဆောင်ပါ။ အဲဒီနောက်ပိုင်း အင်းစိန်မှာ အထက်တန်း လာတက်တော့ လက်ဆောင်ပေးတဲ့ အလေ့အထတွေကို ကြုံလာရပြီ။ သူငယ်ချင်းအချင်းချင်း မွေးနေ့လက်ဆောင်ပေးတာ၊ ကျောင်းပိတ်ကာနီး လက်ဆောင်လဲတာ၊ ခရစ်စမတ်လက်ဆောင် စသဖြင့် ပေါ့လေ။ ကျနော်နေခဲ့တာ အင်းစိန်တောင်သူကုန်းထဲမှာ ဆိုတော့ ကရင်သူငယ်ချင်းတွေရှိတယ်။ ခရစ်စမတ်ပွဲတွေမှာ လက်ဆောင်လဲဖူးတယ်။

ဒါပေမယ့် ငယ်ငယ်ကတည်းက တောက်လျှောက် ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ လက်ဆောင်တမျိုးလည်း ရှိသေးတယ်။ အဲဒါက နှစ်စဉ် ဆရာကန်တော့ပွဲတွေမှာလုပ်တဲ့ ကန်တော့လက်ဆောင်။ ကျနော်တို့ခေတ်ကတော့ ဆရာကန်တော့ပွဲဆိုရင် ကျောင်းသားတွေ တယောက် ၂ ကျပ်၊ ၃ ကျပ် စုထည့်ကြပြီး တကျောင်းလုံးစုပေါင်းလို့ ရငွေနဲ့ ဆရာတွေကို ပုဆိုးလေး၊ ထမီလေး၊ ဒါမှမဟုတ် ဓါတ်ဘူး၊ ပန်းကန်ခွက်ယောက် စတာလေးတွေ စုပြီး ကန်တော့ကြတယ်။

ကျနော့်အစ်မတယောက်က အလယ်တန်းပြဆိုတော့ ဆရာကန်တော့ပွဲက သူရလာတဲ့ ကန်တော့ပစ္စည်းလေးတွေလည်း အိမ်မှာ မြင်ရတတ်သပေါ့။ အညာဒေသမှာတော့ ကန်တော့လက်ဆောင်က ဆရာတွေ တနှစ်မှာ တခါပဲ ရတယ်။ အဲဒါ အကုန်ပဲ။ ကျန်တဲ့အချိန်တွေဆို ကျနော်တို့က ဆရာတွေကို ကြောက်တဲ့ အစဉ်အလာရှိတော့ ဆရာ့အိမ် သွားဖို့ဝေးစွ၊ လမ်းမှာ ဆရာနဲ့ ပက်ပင်းတိုးရင်တောင် ကိုယ်ကလေးရို့ပြီး ခပ်ရွံ့ရွံ့နဲ့ နှုတ်ဆက်ရတာမျိုး။

ဒါပေမယ့် မှတ်မှတ်ရရ၊ တနှစ်မှာ စာမေးပွဲ ဖြေပြီးစ အချိန်ကြီးမှာ ရွာထဲက လူချမ်းသာအိမ်တအိမ်က ကျနော့်အစ်မ ကျောင်းဆရာမဆီကို အင်္ကျီစ တစ်စ ကန်တော့လက်ဆောင်ဆိုပြီး လာပို့တယ်။ လုပ်ပုံက၊ လုပ်ပုံက။ ဘာကြောင့်လဲဆိုတော့ သူ့သားက ကျနော့်အစ်မအတန်းမှာ။ သူ့သားက စာမေးပွဲ မဖြေနိုင်ဘူးကိုး။ ဒါကြောင့်… ပေါ်တင်ကြီး လာဘ်ထိုးတဲ့ သဘောပေါ့။

သူ့လက်ဆောင်က ကန်တော့လက်ဆောင်ဆိုသော်လည်း တကယ့်တကယ်မှာ တံစိုးလက်ဆောင် ဖြစ်နေတယ်။ တံစိုးလက်ဆောင်ပေးတာကို ပထမဦးဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ဖူးခြင်းပဲ။ ကျနော့်အစ်မက အင်မတန် စည်းကမ်းကြီးတဲ့လူဆိုတော့ မယူယုံမက နောက်ဒါမျိုးမလုပ်ဘို့ပါ မျက်နှာထားတည်တည်နဲ့ ခပ်မာမာ ပြောလွှတ်လိုက်တယ်။

ဆရာသမားတွေကို ကန်တော့တာဟာ ဂါရဝတရားနဲ့ ကျေးဇူးတရားကို အောက်မေ့ပြီး ကန်တော့တာမှန်ပေမယ့် အထက်မှာ ပြောခဲ့သလို မရိုးမဖြောင့်တဲ့ စိတ်ဓါတ်နဲ့ ကန်တော့လက်ဆောင်ပေးတာဆိုရင် အဲဒီလုပ်ရပ်ဟာ အင်မတန် အကျည်းတန်လှပါတယ်။ ဆရာလုပ်သူတွေဖက်ကလည်း အဲဒီလို တံစိုးလက်ဆောင်မျိုးကို မျှော်လင့်နေမယ်ဆိုရင် သာလို့တောင် ဆိုးရွားလှပါသေးတယ်။

ကျနော်တို့ ငယ်စဉ်က ကျောင်းဆရာအသိုင်းအဝိုင်းမှာ အဲဒီအဖြစ်အပျက်မျိုးတွေဟာ မရှိသလောက် ရှားလှပေမယ့် ဒီကနေ့မှာတော့ အတန်းပိုင်ဆရာကို လက်ဆောင်ပေးရတာ၊ ကျောင်းအုပ်ဆရာကို လာဘ်ပေးရတာ စတဲ့အဖြစ်အပျက်တွေကို နားမဆန့်အောင် ကြားနေ၊ ဖတ်နေရပါတယ်။

မြန်မာလူမျိုးတွေဟာ တစုံတယောက်ရဲ့ ကူညီမှုကြောင့် အမှုတခု အောင်မြင်သွားတဲ့အခါ ကျေးဇူးတရားကို အောက်မေ့ပြီး သဒ္ဓါတရားအလျောက် လက်ဆောင်ပစ္စည်းနဲ့ အတုန့်အလှည့် ကျေးဇူးပြုချင်တတ်ကြပါတယ်။

ဒါပေမယ့် ရုံးပြင်ကန္နားတွေနဲ့ ပတ်သက်ရလို့ အစိုးရအမှုထမ်း၊ အရာထမ်းတွေက သူတို့တာဝန်အရ လုပ်ဆောင်ပေးတဲ့ ကိစ္စမျိုးတွေမှာ ကျေးဇူးတရားကို ကိုယ်နှုတ်အမူအရာမျှနဲ့ပဲ ပြသသင့်ကြပါတယ်။ အဲဒီကိစ္စမျိုးတွေမှာ သဒ္ဓါတရားထက်သန်လို့ဖြစ်စေ၊ ကျေးဇူးတင်လို့ဖြစ်စေ တန်ဖိုးကြီးမားတဲ့ လက်ဆောင်ပစ္စည်းတွေကို မပေးသင့်ပါဘူး။ (မနေနိုင်လို့ ကျေးဇူးတင်လွန်းလို့ ပေးချင်လွန်းလှရင် ကျေးဇူးတင်ကြောင်းအထိမ်းအမှတ်လောက်ကို ဖော်ပြတဲ့ သော့ချိတ်တို့၊ ဘော့ပင်တို့ထက် မပိုသင့်ပါဘူး။) တကယ်တော့ ကိုယ်က စိတ်သန့်သန့်နဲ့ ပေးတယ်ဆိုရင်တောင်မှ ဒီအပြုအမူဟာ ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ကို ဖျက်ဆီးရာရောက်ပါတယ်။ ထုံးစံကြီးတခုလို ဖြစ်သွားနိုင်ပါတယ်။ သဒ္ဓါလွန်တော့ တဏှာကျွံတယ်ဆိုတဲ့အတိုင်း နောက်ပိုင်းမှာ မူရင်း စိတ်ထားဖြူစင်ကြယ်မှုတွေ ပျောက်ပျက်ပြီး ပေးသူဖက်ကလည်း မရိုးမဖြောင့်၊ ရသူဖက်ကလည်း ငမ်းငမ်းတက် ဖြစ်လာပြီး စနစ်ကြီးတခုလုံး ကမောက်ကမ ဖြစ်လာနိုင်တာ အားလုံးမျက်မြင်ပါပဲ။

ဒါကြောင့်…. လက်ဆောင်ဆိုတာ ချစ်လို့ပေးတာ၊ ခင်လို့ပေးတာ၊ လေးစားလို့ပေးတာ၊ ကြည်ညိုလို့ပေးတာ၊ ကျေးဇူးတင်လို့ပေးတာဆိုပေမယ့် လက်ဆောင်နဲ့ တံစိုးလက်ဆောင် အကြားက နံရံဟာ ပါးပါးလေးမို့ တတ်နိုင်သမျှ သတိထားကြဖို့တော့ လိုပါလိမ့်မယ်။ တတ်နိုင်ရင် တာဝန်အရ၊ အသက်မွေးဝမ်းကြောင်းအရ သူ့အလုပ်သူ လုပ်နေသူများကို လာဘ်ပေးခြင်းနဲ့ မဖျက်ဆီးမိကြဖို့ပါပဲ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs