ကာတွန်းငွေကြည်ရဲ့ ဟာသတခုကို သတိရမိတယ်။
တခါက လူတယောက်ဟာ စတိတ်ရှိုးပွဲ သွားကြည့်သတဲ့။ စတိတ်ရှိုးမှာ အဆိုတော်မေခလာကလည်း သူ့ရဲ့ နာမည်ကျော် သီချင်းတပုဒ်ဖြစ်တဲ့ “ကော်လာပေါ်က နှုတ်ခမ်းနီ” သီချင်းနဲ့ ဖျော်ဖြေပါသတဲ့။ မေခလာသီချင်းဆိုနေတုန်းမှာ အဲဒီလူဟာ စင်အောက်ပရိသတ်တွေအကြား မိုးတိုးမတ်တတ် ရပ်ကြည့်ရင်းက တိတ်တဆိတ် ကျိတ်ပြီး လေလည်လိုက်ရောတဲ့။ (ကျနော့်လို လူစားဖြစ်မယ်။ လူကြားထဲမှာ အင်မတန် ဒုက္ခပေးချင်တဲ့လူ။)
သူလေလည် ပြီးပြီးချင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေခလာက သူရှိရာဖက်ဆီကို လက်ညိုးထိုးတဲ့ပြီး….
“ကော်လာပေါ်မှာ နှုတ်ခမ်းနီ…… နင်လေ လည်တာ မိပြီ” လို့ သီဆိုလိုက်ချိန်နဲ့ တိုးသတဲ့။

အဲဒီလူ့စိတ်ထဲမှာ…. “အင်း…. ငါလေလည်တာ တိုးတိုးလေးပါ။ မေခလာက ဘယ်လိုလုပ်ပြီး သိသွားပါလိမ့်”….လို့ တွေးသတဲ့ဗျ။
လောကကြီးမှာ အဲသည်လိုပဲ… အိုးမလုံ အုံပွင့်တဲ့ ဇာတ်လမ်းလေးတွေက တခါတလေကျတော့ တော်တော်ရယ်ရပါတယ်။
ကျနော်လည်း ရမ်ဘို(၅) တို့၊ သူပုန်သုံးမျိုးတို့၊ အုတ်နီခဲများတို့၊ ပွဲသိမ်းငိုချင်း စတဲ့ ကဗျာလေးတွေကို သည်လိုပဲ အမှတ်မထင် ရေးချလိုက်ပါတယ်။ အမှန်တော့ ဒီကဗျာလေးတွေ ရင်ထဲမှာ ကိန်းအောင်းနေတာက ကြာပါပြီ။ ဘလော့ဂ်ပေါ်မှာ ချရေးဖြစ်အောင် စေ့ဆော်တဲ့အကြောင်းတရားတွေ ရှိပါတယ်။ တချို့သော လူတွေကို ရည်ရွယ်ပြီး ရေးမိတာလည်း အမှန်ပါ။
ဒါပေမယ့် ကျနော်ရည်ရွယ်သူတွေက သိတောင်မှ သိပါလေစမသိ။ (သိဖို့ မလွယ်ပါဘူး။ ကျနော့်ဘလော့ဂ်ကို သူတို့ တခါမှ လာဖတ်ပုံမရ။) သို့သော်လည်း မြန်မာ ဘလော့ဂါတယောက်ကတော့ သူ့ကို ရည်ရွယ်ရေးတယ်လို့ ထင်ရှာဟန်တူပါရဲ့။ ဆတ်ဆတ်ခါ ဆုန်ဆုန်ခွေ့ ဆွေ့ဆွေ့ခုန် နာကျည်းနေတာကို တွေ့ရတော့ ကျနော့်မှာ ငွေကြည်ဟာသကို ဖတ်ရတုန်းကလိုပဲ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတော့တယ်။ ယုန်ထောင်ကြောင်မိ ဆိုတဲ့အတိုင်းပါပဲ။
သူ့ခမြာ…. အတော်ထိသွားပုံရတယ်။ အခုတလော သူများဘလော့ဂ်တွေက ကွန်မင့်ကဏ္ဍမှာ သူ့ခမြာ ဘာရေးရေး အဲသည်အကြောင်းက မထွက်နိုင်ဘူးဖြစ်နေရှာတယ်။
ဆောရီးပါဗျိုး။ ခင်ဗျားကို ရည်ရွယ်တာမဟုတ်ပါဘူး။ (သက်ဆိုင်သူရေ…. မေ့အသံအား မှတ်မိပါရဲ့လားလေ။ ဟဲ…ဟဲ။)
အမှန်က ယုန်ထောင်တာပါဗျာ။ ယုန်သားက တယ်ချိုဆိုပဲ။ ကြောင်သားကတော့ ပူသတဲ့။ စားဖူးသေးဘူး။
“အကျွန်..ကျွန်ုပ်၊ ယုန်တထုပ်ကို၊ ခွာဆုတ်ရေလှန်၊ ကြတ်ခိုးခံ၍၊ ပရံန၀ါ၊ ရွက်နုညှာကို၊ ၀ါးပြာထည့်ကျို၊ အိုးနားတိုနှင့်..” ဆိုတဲ့ ရှေးကဗျာလေးကိုလည်း သတိရမိပါရဲ့။ ရှလွတ်....။