မီဒီယာတွင်ဖော်ပြသော သတင်းများကို ကိုးကားပါသည်။ စင်္ကာပူနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသားများကို လက်ထပ်ယူဘို့ရန် ခွင့်ပြုမိန့်မကျသည့် အကြောင်းပင်ဖြစ်သည်။ ဤသည်မှာ သက်ဆိုင်ရာအာဏာပိုင်များနှင့် လွှတ်တော်အမတ်များထံ အကြိမ်ကြိမ် အသနားခံစာ တင်သွင်းသည့်ကြားက သက်ဆိုင်ရာ၏ ခွင့်ပြုမိန့်ကို မရကြခြင်းဖြစ်သည်။
ဝင်ငွေနည်းပါးသော၊ ပညာအရည်အချင်းနိမ့်ပါးသော (သို့မဟုတ်) အဆင့်နိမ့်ပါးသည့်အလုပ်များကိုသာ လုပ်ကိုင်နေသော စင်္ကာပူနိုင်ငံသားတို့အနေဖြင့် နိုင်ငံခြားသားနှင့် လက်ထပ်ရန်အလို့ငှာ အစိုးရထံမှ ခွင့်ပြုမိန့်ရဘို့မှာ တနေ့တခြား ပိုမိုခက်ခဲ၍လာပေသည်။
ဥပမာပြရပါက အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်တခုတွင် အရောင်းမန်နေဂျာလုပ်နေသော အသက်၄၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသားတဦးသည် လစာဝင်ငွေ စင်္ကာပူဒေါ်လာ ၁၇၀၀ မျှသာရသဖြင့် ခွင့်ပြုမိန့်ချမပေးချေ။ မိသားစုကို ထောက်ပံ့ကျွေးထားနိုင်ရန်အတွက် ထိုသူ၏ ၀င်ငွေမှာ နည်းပါးလွန်းသောကြောင့်ဟု အကြောင်းပြ၏။ ယခုအခါ ထိုသူ၏လစာသည် ၂၅၀၀ ဒေါ်လာအထိ တိုးမြှင့်ရထားပြီဖြစ်သည့်တိုင် ပြီးခဲ့သောလေးနှစ်ကျော်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာန (MOM)ထံ အကြိမ်ပေါင်း နှစ်ဆယ်ထက်မနည်း အသနားခံစာတင်ပြီးသော်လည်း အငြင်းပယ်ခံနေရဆဲဖြစ်သည်။
ဤအဖြစ်အပျက်သည် အင်မတန်မှ အမြီးအမောက်မတည့်သော ဖြစ်ရပ်ဟု ကျွန်ုပ်ထင်မြင်ယူဆသည်။ အဘယ်ကြောင့်ဆိုသော် စင်္ကာပူနိုင်ငံသားတယောက်သည် ဗီယက်နမ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ သွားရောက်၍ ဒေါ်လာထောင်ဂဏန်းအနည်းငယ်မျှ အကုန်အကျခံလိုက်ရုံမျှဖြင့် သူ့အနေနှင့် ရက်အနည်းငယ်သာ တွေ့ဘူးမြင်ဘူးသော သူတို့သမီးကို အလွယ်တကူ လက်ထပ်ယူနိုင်သောကြောင့်ဖြစ်သည်။
သို့သော် အဆိုပါ စင်္ကာပူနိုင်ငံသားသည် စင်္ကာပူတွင် ၀ါ့ခ်ပါမစ် သို့မဟုတ် အက်စ်ပါတ်စ်နှင့် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသူတယောက်ကို လက်ထပ်လိုပါက ခွင့်ပြုမိန့်ကို လျှောက်ထားရန် လိုအပ်လာလေတော့သည်။
သေချာသည်မှာ စင်္ကာပူနိုင်ငံအတွင်းတွင် နိုင်ငံခြားသူတယောက်နှင့် နှစ်ရှည်လများ ရစ်နှောင်ခဲ့သည့် ဆက်ဆံရေးသည် ရက်အနည်းငယ်အတွင်းတွင် သူတို့သမီးဝယ်ယူခဲ့ရသည့်အဖြစ်ထက် ပိုမိုခိုင်မြဲမှုရှိပြီး ပိုမိုချစ်ခင်စုံမက်ဘွယ်ရာလည်း ဖြစ်ပေလိမ့်မည်။
ယခု အစိုးရကျင့်သုံးနေသော ပေါ်လစီသည် အဖုအထုံးများသော အိမ်ထောင်ရေးများ ပိုမိုဖြစ်ပေါ်နေစေရန်၊ ကွာရှင်းပြတ်စဲမှုနှုန်းထားများ မြင့်တက်လာနေစေရန် တွန်းပို့နေရာ မရောက်သလော။ နောက်ဆုံးတွင်မတော့ အဆိုပါ မအောင်မြင်သော အိမ်ထောင်ရေးများကြောင့် ဆိုးရွားသော အကျိုးဆက်ကို ခါးစည်းခံစားကြရမည်မှာ လူမမယ်ကလေးငယ်များပင် ဖြစ်နေပေမည်။
ယခုအခါ လက်ထပ်ယူဘို့ ခွင့်ပြုမိန့်မကျသဖြင့် နိုင်ငံခြားသူ အိမ်ထောင်ဖက်နှင့်သားသမီးများကို ပြည်ပနိုင်ငံများသို့ ပုံမှန်သွားရောက်တွေ့ဆုံကြရရှာသော စင်္ကာပူနိုင်ငံသားများတို့၏ ဖြစ်ရပ်များလည်း ရှိလာကြသည်။
၎င်းတို့အနက် အချို့မှာ ပြည်ပသို့အပြီးတိုင် ပြောင်းရွှေ့အခြေစိုက်ရန် အနှေးနှင့်အမြန်ဆိုသလို ဆုံးဖြတ်ကြပေတော့မည်။
ယခုအချိန်သည် အစိုးရက စင်္ကာပူနိုင်ငံသားများအား ကလေးယူကြဘို့ တိုက်တွန်းအားပေးနေချိန်ဖြစ်သည်။ စင်္ကာပူနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသားများကို လက်ထပ်နှုန်းမှာလည်း မည်သည့်အခါကနှင့်မတူအောင် မြင့်တက်နေချိန်ဖြစ်သည်။ ကျွန်ုပ်နားလည်သလောက်ဆိုလျှင် လက်ထပ်ထိမ်းမြားမှု ၁၀ ခုအနက် ၄ ခုမှာ နိုင်ငံခြားသားနှင့် လက်ထပ်မှုဖြစ်သည်။ သို့စင်လျက် တကယ့်အစစ်အမှန် လက်ထပ်လိုသူများကို လက်ထပ်ခွင့်ပြုမိန့်ချပေးရန် ငြင်းဆန်နေမှုကြောင့် အစိုးရ၏ လုပ်ရပ်တွင် ရှေ့နောက်မညီဖြစ်နေခြင်းကို မြင်တွေ့နေရသည်။
ကျွန်ုပ်တို့၏ အခြေခံဥပဒေနှင့် အမျိုးသားသစ္စာအဓိဋ္ဌာန်တွင် နိုင်ငံသားအားလုံးအတွက် တန်းတူညီတူအခွင့်အရေးများ ပေးရမည်ဟု ပါရှိသည်။ သို့စင်လျက် အဘယ်ကြောင့် အချို့သောနိုင်ငံသားများအပေါ် သူတို့၏ ၀င်ငွေ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အဆင့်အတန်းပေါ်တွင် မူတည်ကာ ခွဲခြား ချိုးနှိမ် ဆက်ဆံရသနည်း။
လူတို့၏ ဉာဏ်ရည်ဉာဏ်သွေးသည် ပတ်ဝန်းကျင်ပေါ်ထက် မျိုးရိုးဗီဇပေါ်တွင် ပို၍ မှီတည်သည်ဟူသော သီအိုရီသာ မှန်ခဲ့ပါက ကျွန်ုပ်တို့အစိုးရသည် မျိုးရိုးဗီဇအလျောက်အားနည်းသူများအပေါ်တွင် သူတို့၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာ မေတ္တာသက်ဝင်ပိုင်ခွင့်၊ လွတ်လပ်စွာလက်ထပ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ကလေးယူပိုင်ခွင့်တို့ကို ပိတ်ပင်တားမြစ်နေခြင်းအားဖြင့် ဘူးလေးရာဖရုံဆင့်သလို ပိုမို၍ ကြပ်တည်းခက်ခဲအောင် ဖန်တီးနေရာ မရောက်သလော။
စင်္ကာပူတွင် အလုပ်လုပ်နေသူများအနေဖြင့် လက်ထပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာန (MOM) တွင် လျှောက်ထားရန်လိုအပ်ပြီး အခြားသူများအဖို့ Immigration and Checkpoints Authority (ICA) ခေါ် လူဝင်မှုကြီးကြပ်ရေးတွင် လျှောက်ထားရန်လိုအပ်သည်ဟု ကျွန်ုပ်နားလည်သဘောပေါက်သည်။
လက်ထပ်ရန်ခွင့်ပြုမပြု စဉ်းစားချိန်ထိုးသည့်အခါ ပြည့်မီရန်သတ်မှတ်ထားသည့် စံနှုန်းစံထား (criteria for assessment) တစုံတရာရှိသလော။ လုပ်ထုံးလုပ်နည်းနှင့် စံနှုန်းစံထား တသမတ်တည်းရှိစေရန် အဘယ်ကြောင့် အာဏာပိုင်အဖွဲ့အစည်းတခုကိုသာလျှင် မထားရှိသနည်း။
အကယ်၍ ပြည့်မီရန်သတ်မှတ်ထားသည့် စံနှုန်းစံထားရှိက အများပြည်သူသိသာစေရန် ထုတ်ပြန်ကြေငြာဘို့ ကျွန်ုပ်အကြံပြုလိုသည်။ သို့မှသာ စင်္ကာပူနိုင်ငံသားတွေအနေဖြင့် စံချိန်စံညွှန်းမပြည့်သူနှင့် မှားယွင်းပြီး ချစ်ကြိုက်မိခြင်းမှ လွတ်ကင်းပေလိမ့်မည်။
ယခုအခါ နိုင်ငံခြားသားဦးရေတိုးနှုန်းမှာ ဂဏန်းနှစ်လုံးအထိရှိပြီး အရေအတွက်အားဖြင့် တသန်းကျော်လာပြီဖြစ်သည်။ ထို့ကြောင့် ဤ (လက်ထပ်ခွင့်ပြုမိန့်မကျခြင်း) ပြဿနာ မှာလည်း ဆက်လက်ကြီးထွားလာဖို့သာရှိသည်။
အကယ်၍ အတုအယောင် ဟန်ပြလက်ထပ်မှုများကိုအသုံးပြု၍ စင်္ကာပူတွင်နေထိုင်ခွင့် ရရှိရန်ကြိုးပမ်းမှုများကို စိုးရိမ်သည်ဆိုပါကလည်း ကျွန်ုပ်တို့သည် ယူနိုက်တက်စတိတ်စ်ကဲ့သို့သော အခြားတိုင်းပြည်များမှ လေ့လာအတုယူနိုင်ပါသေးသည်။ အမေရိကန်ပြည်ထောင်စုသည် ထိုကဲ့သို့သော ဟန်ပြလက်ထပ်မှုများကို အပြစ်ဒဏ်ကြီးလေးစွာ ချမှတ်ခြင်းအားဖြင့် တဖက်တွင်လည်း ၄င်းနိုင်ငံသားများ၏ အခွင့်အရေးဖြစ်သော မိမိအမှန်တကယ်စုံမက်သူကို လက်ထပ်ပိုင်ခွင့်အား ထိန်းသိမ်းထားပေသည်။
ကျွန်ုပ်နားလည်သလောက် စင်္ကာပူနိုင်ငံသားအမျိုးသမီးများအနေဖြင့် နိုင်ငံခြားသားကို လက်ထပ်ရန် ခွင့်ပြုမိန့်ကျဖို့ဆိုသည်မှာ အမျိုးသားများထက်ပင် ပိုမိုခက်ခဲကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ပိုမိုမြင့်မားသော ၀င်ငွေအဆင့်အတန်း၊ ပညာရေးအဆင့်အတန်းနှင့် အလုပ်အကိုင်တို့ကို ပြသနိုင်ဘို့ လိုသောကြောင့်ပင်ဖြစ်သည်။
ဤသည်မှာ စင်္ကာပူနိုင်ငံအနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားသော အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း နည်းလမ်းမျိုးစုံပပျောက်ရေး ပဋိညာဉ် (Convention on the Elimination of All Forms of Discriminations Against Women, CEDAW) ကို ချိုးဖောက်နေခြင်းပင် မဟုတ်ပါလော။
(The Online Citizen အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော Leong Sze Hian ၏ ဆောင်းပါးကို ဘာသာပြန်သည်။)
မူရင်းကို ဖတ်ရှုရန်။