“ကျွန်းပိစိမှာဆိုရင် အိုဘားမား အရွေးချယ်မခံရနိုင်”

Share |

(မှတ်ချက်။ မားလိုင်းယင်း-ပုံနှင့် အိုဘားမား-ပုံ နှစ်ပုံကို အင်တင်နက်မှ ကူးယူကာ ဖိုတိုရှော့ပ်ဖြင့် ဖြတ်ညှပ်ကပ်ထားသည်)

(ပြီးခဲ့တဲ့ ပို့စ်မှာ စင်္ကာပူနိုင်ငံက ပီအေပီခေါင်းဆောင်များနှင့် အမေရိကန်သမ္မတအဖြစ် တင်မြှောက်ခံရသူ အိုဘားမားတို့အကြား ကွာဟချက်တွေကို နှိုင်းယှဉ်ရေးသားထားတဲ့ ဆောင်းပါးကို ဘာသာပြန်တင်လိုက်တော့ စာဖတ်သူတွေ စိတ်ဝင်စားကြတာကို တွေ့ရတယ်။

အခုတခါ.... အိုဘားမားဟာ တကယ်လို့သာ စင်္ကာပူနိုင်ငံမှာ ကြီးပြင်းခဲ့ရင်၊ ဒီကရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ရင် အနိုင်ရနိုင်ပါ့မလား ဆိုတာကို စင်္ကာပူက နိုင်ငံရေးအင်တာနက်စာမျက်နှာတခုမှာ ဖတ်မိတဲ့အတွက် ဘာသာပြန်ပေးလိုက်ပါတယ်။ မူရင်းရေးသူနဲ့ ကျနော် အလုံးစုံတော့ သဘောမတူပါဘူး။ ဒါပေမယ့် သူ့ရေးဟန်ဟာ ပြုံးချင်စရာကောင်းသလို ဒီကျွန်းနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်ယောင်စေပါတယ်။ )

သူရဲ့ အောင်ပွဲခံမိန့်ခွန်းမှာ အမေရိကန်သမ္မတအဖြစ်ရွေးချယ်ခံရသူ အိုဘားမားက ဒီလိုပြောခဲ့ပါတယ်။

“အမေရိကားဟာ ဘယ်အရာမဆို ဖြစ်မြောက်နိုင်တဲ့ နေရာတခုဆိုတာကို သံသယ ဖြစ်နေသူများ ရှိနေသေးရင်......။ ကျနော်တို့ တိုင်းပြည်ကို ထူထောင်ခဲ့တဲ့ အဘိုးအဘွားတို့လက်ထက်က အိပ်မက်တွေဟာ ကျနော်တို့လက်ထက်မှာ ဆက်လက်ရှင်သန်နေပါသေးရဲ့လားလို့ ဒွိဟစိတ်နဲ့ တွေးတောနေသူများ ရှိနေသေးရင်....။ ကျနော်တို့ ဒီမိုကရေစီစနစ်ရဲ့ စွမ်းအားကို မေးခွန်းထုတ်လိုသူများ ရှိနေသေးရင်....။
ဒီညဟာ ခင်ဗျားတို့အတွက် အဖြေဘဲ။”

အိုဘားမားရဲ့ အောင်မြင်မှုဇာတ်လမ်းမျိုးကို စင်္ကာပူမှာ ထပ်မံမြင်တွေ့ရလိမ့်မယ်လို့ စိတ်ကူးယဉ် မျှော်လင့်နေသူများ ရှိနေခဲ့ရင်..... အဲဒီဆရာသမားများ အမှားကြီး မှားပါလိမ့်မယ်။

အကယ်၍ အိုဘားမားဟာ ကျနော်တို့အကြားမှာ ရှိခဲ့ရင်... (နည်းနည်းနောနော “အကယ်၍” တော့ မဟုတ်) အဲသည်ပုဂ္ဂိုလ်ဟာ အစကတည်းက သူ့လက်တွေမှာ နိုင်ငံရေး စွန်းထင်းစေမယ့်အစား ရှေ့နေတယောက်အနေနဲ့ ရိုးရိုးသားသား အသက်မွေးဝမ်းကြောင်းနေဘို့ အလားအလာ ပိုများတယ်။

ရှည်ရှည်ဝေးဝေး သွားမကြည့်ပါနဲ့။ မစ္စတာ ဖိလစ် ဂျာယားရက်တ်နမ်ကိုသာ ကြည့်လိုက်ပါ။ သူဟာ စင်္ကာပူရဲ့ သက်တမ်းအရှည်ကြာဆုံး ဒုက္ခခံခဲ့ရတဲ့ အတိုက်အခံနိုင်ငံရေးသမားဖြစ်သူ မစ္စတာ ဂျေဘီ ဂျာယားရက်တ်နမ်ရဲ့ သားအငယ်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း အထက်တန်းရှေ့နေကြီးတဦးဖြစ်ပါတယ်။

အကယ်၍ သူဟာ အိုဘားမားငယ်ငယ်တုန်းကလိုဘဲ ရှီကာဂိုမြို့က မြို့ထဲလမ်းတွေမှာ လျှောက်သွားပြီး သူ့အသိုင်းအ၀ိုင်းရဲ့ အကျိုးကို သယ်ပိုးရာမှာ တက်တက်ကြွကြွပါဝင်ပတ်သက်ရင်းနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ထားရှိတဲ့ လက္ခဏာအရိပ်အယောင်တွေ ပြသမိခဲ့ရင် အာဏာရ ပီအေပီ ပါတီကနေ ချက်ချင်းဘဲ “လက်ဘက်ရည်ဝိုင်း” ကိုဖိတ်ကြားပြီး နောက်ရွေးကောက်ပွဲအတွက် အမတ်လောင်းအဖြစ် ပြောင်းလဲခံရမှာ သေချာပါတယ်။ (ဘာသာပြန်သူမှတ်ချက်။ ။လက်ဘက်ရည်ဝိုင်းဆိုတာက ပီအေပီ ပါတီရဲ့ အမတ်လောင်းသစ်တွေကို ရွေးချယ်ရာမှာ အသုံးပြုတဲ့ နည်းလမ်းပါ။ လူမှုလုပ်ငန်းတွေမှာ တက်ကြွသူများ၊ ထူးချွန်သူများကို ပီအေပီပါတီခေါင်းဆောင်ပိုင်းက သမ္မတအိမ်တော်မှာ လက်ဘက်ရည်သောက်ဘို့ ဖိတ်ခေါ်ရင်း စကားပြော တီးခေါက်ကြည့်တတ်ပါတယ်။ သူတို့ သဘောကျတဲ့လူမျိုးဆိုရင် အမတ်လောင်းဝင်အရွေးခံဘို့ ဆွယ်တတ်ပါတယ်။)

ဒါကြောင့်မို့ စင်္ကာပူရဲ့ မစ္စတာအိုဘားမားအနေနဲ့ အတိုက်အခံကို လာရောက်ပူးပေါင်းနိုင်ဘို့ အခွင့်အလမ်းဟာ အင်မတီး အင်မတန်မှ သေးငယ်ကျဉ်းမြောင်းလှပါတယ်။ တကယ်လို့ မတော်တဆ မျက်စေ့လည် လမ်းမှားပြီး အတိုက်အခံဘ၀ကို ရောက်လာတယ်ထားဦး၊ သူ့အနေနဲ့ ကျော်လွှားရမယ့် အခက်အခဲတွေက ဒုနဲ့ဒေးပါ။

ပထမဦးဆုံးအနေနဲ့ သူ့ကို တကယ့်အထင်ကရ မီဒီယာတွေမှာ လူသိများအောင် လျှမ်းလျှမ်းတောက်အောင် ဖော်ပြပေးခြင်း ခံရလိမ့်မယ်မဟုတ်ပါဘူး။ တကယ်တမ်းမှာ သူ့အနေနဲ့ မီဒီယာတွေ သူ့ကို သတိမထားမိအောင်တောင် ဘုရားတ နေရမယ့်အနေအထားပါ။ ဘာကြောင့်လည်းဆိုတော့ မီဒီယာတွေက သူ့ဓါတ်ပုံကို သတင်းစာပေါ်မှာ ဖော်ပြပြီဆိုတာနဲ့ အဲဒါဟာ သူ့ကို နာမည်သေအောင် အညွန့်ချိုးဘို့ (character assasinate) သက်သက်အတွက်ဘဲ ဖြစ်နေလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ မှားခဲ့ဘူးတဲ့ ရိုးရိုးသားသား အမှားကလေးများ၊ သူ ငယ်စဉ်ဘ၀က မှားခဲ့ဘူးတဲ့ လက်မထပ်မီ လိင်ဆက်ဆံခဲ့ခြင်း၊ ကျောင်းပြေးခြင်း၊ ကျောင်းသားကြေးတွေကို စာတိုက်တံဆိပ်ခေါင်းအတွက် သုံးစွဲခဲ့ဘူးခြင်းနဲ့ သူ့ကုမ္ပဏီရဲ့ ငွေစာရင်းမှာ ပုဒ်မချရန် မေ့ကျန်ခဲ့ခြင်း စတဲ့အကြောင်းအရာအားလုံးဟာ ဗြုန်းစားကြီးဆိုသလိုဘဲ အများပြည်သူ သိသာစေရန် ခရေစေ့တွင်းကျ ဖော်ထုတ်ခြင်း ခံရပါလိမ့်မယ်။

အဲ....ပြည်တွင်းလုံခြုံရေးဌာန (ISD) ကလည်း သူ့နောက်ကြောင်းရာဇ၀င်ကို ဘီးစိတ်တိုက် စစ်ဆေးပါလိမ့်မယ်။ သူ့နာမည်မှာ အလယ်စာလုံးက “ဟူစိန်” ဖြစ်တဲ့အတွက် တကယ့်အကြမ်းဖက်သမားတွေနဲ့ဖြစ်စေ၊ လုပ်ကြံဖန်တီးထားတဲ့ အကြမ်းဖက်သမားတွေနဲ့ဖြစ်စေ အဆက်အသွယ်ရှိတယ်ဆိုပြီး အတင်းကြီး စွတ်စွဲခံရကောင်း ခံရနိုင်ပါတယ်။ သူရဲ့ ဆိုရှယ်လစ်ဘက် နည်းနည်းယိမ်းယိုင်တဲ့ ရပ်တည်ချက်ကြောင့် ကွန်မြူနစ်လို့လည်း စွတ်စွဲခံရနိုင်ပါတယ်။ အဲသည်လို ကြီးလေးတဲ့ စွတ်စွဲချက်တွေနဲ့ ယိုးစွပ်ခံရပြီဆိုရင် တရားရုံးမထုတ်ဘဲ အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ISA (Internal Security Act) ကိုသုံးပြီး အကန့်အသတ်မရှိ အကျဉ်းချတာ ခံရနိုင်ပါသေးတယ်။ အဲဒီအခါမျိုးမှာ ဘယ် စင်္ကာပူနိုင်ငံသားကမှ အရေးလုပ်ပြီး မျက်လွှာပင့်ကြည့်ဖော်တောင် ရမှာမဟုတ်ပါဘူး။

အကယ်၍ သူ့ရဲ့ အကျင့်စရိုက်၊ ကိုယ်ကျင့်သိက္ခာ၊ သူ့တန်ဘိုးတွေအပေါ်မှာ တိုက်ခိုက်ချေမှုန်းခံရတာကို နာမည်မသေဘဲ တနည်းနည်းနဲ့ လွတ်မြောက်လာသေးတယ်ဆိုရင်လည်း မပြီးသေးပါဘူး။ ရွေးကောက်ပွဲကာလမှာ သူ့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေဆီကို သူ့အယူအဆတွေကို တင်ပြနိုင်ဘို့ဆိုတာက မယုံနိုင်စရာကောင်းလောက်အောင် တိုတောင်းလှတဲ့ ရက်အနည်းငယ်ကလေးအတွင်းမှာ အရောက်ပို့နိုင်ဘို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

တခြားအချိန်တွေမှာ အဲသလို ပြည်သူနဲ့ထိတွေ့ဘို့ ကြိုးစားခဲ့ရင် အကြိမ်တိုင်းမှာ ရဲဆီမှာ ပါမစ်လျှောက်ထားဘို့လိုအပ်ပြီး အမြဲလိုလို လျှောက်ထားချက်ကို ပယ်ချတာလည်း ကြုံရပါမယ်။ သူ့အနေနဲ့ ဟုန်လင်း ပန်းခြံမှာ လုပ်ချင်ရင်တော့ လုပ်လို့ရပါပြီ။ ဒါပေမယ့် အဲသည်ပန်းခြံမှာ သူ့ကို အဖော်ပြုပေးဘို့ကတော့ ပန်းခြံထဲက ကြောင်လေကြောင်လွင့်အနည်းငယ်မျှသာ ရှိပါလိမ့်မယ်။

နောက်ဆုံးနည်းလမ်းတလမ်းကတော့ ဒေါက်တာချီး နည်းအတိုင်းလုပ်၊ အဖမ်းခံ၊ တရားအစွဲခံ၊ ထောင်အကျခံ။ တခြားရွေးချယ်စရာလမ်းမရှိတဲ့အတွက် ကျနော်တို့ရဲ့ အိုဘားမားဟာ တီဗီပေါ်မှာ လွှင့်ခွင့်ရတဲ့ မိနစ်အနည်းငယ်စာ မိန့်ခွန်းလောက်နဲ့ ရွေးကောက်ပွဲကာလ လူထုရှေ့မှောက် ခဏတဖြုတ်ပြောခွင့်ရတဲ့ မိနစ်အနည်းငယ်နဲ့သာ ကျေနပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ သူ့အိပ်မက်ဆိုးရဲ့ အစဘဲ ရှိသေးတယ်။

သူစကားပြောတဲ့အခါမှာလည်း သူပြောသမျှ စကားတိုင်းကို တခွန်းချင်း အသေအချာ ဂရုထားပြီး ပြောဘို့လိုပါတယ်။ တကယ်လို့ သူပြောတဲ့စကားထဲက တလုံးတပါဒဟာ ကျနော်တို့ရဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်မီ ခေါင်းဆောင်ကြီးများကို မရိုမသေမလေးမခန့်ပြုရာ ရောက်သွားခဲ့ရင် သူဟာ ကြိမ်ဖန်များစွာ ထပ်တလဲလဲ တရားစွဲခံရပြီး နောက်ပိုင်းမှာ ကုန်းကောက်စရာမကျန်တော့တဲ့ဘ၀ ရောက်သွားနိုင်ပါတယ်။

အထက်က ပြောခဲ့သမျှ ကျော်လွှားဘို့ရန် မဖြစ်နိုင်လှတဲ့ အတားအဆီးမှန်သမျှကို တနည်းနည်းနဲ့ ခလုပ်မထိ ဆူးမငြိဘဲ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ရင်တောင်မှ သူဟာ စင်္ကာပူအတိုက်အခံရဲ့ အကြီးမားဆုံး ပြဿနာကြီးကို စတင်ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ အဲဒါကဘာလဲဆိုရင် “အပြောင်းအလဲ”ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားမလည်ရှာတဲ့ ကြောက်ရွံ့တတ်သော၊ လက်တွေ့ကျသော၊ ရုပ်ဝတ္ထုဆန်သော မဲဆန္ဒရှင်ပြည်သူများဘဲ ဖြစ်ပါတော့တယ်။

ရွေးကောက်ပွဲအကြိုနေ့မှာ အာဏာရပါတီဟာ မဲဆန္ဒရှင်ပြည်သူတွေကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ပါလိမ့်မယ်။ တကယ်လို့သာ အိုဘားမား အရွေးခံရပြီဆိုရင် သူတို့ရဲ့ မဲဆန္ဒနယ်မှာရှိတဲ့ နယ်မြေအဆောက်အဦး ပြုပြင်ထိန်းသိမ်းရန်၊ မွမ်းမံရန် လျာထားတဲ့ ရန်ပုံငွေတွေကို ပြန်လည် ရုတ်သိမ်းပစ်မယ်လို့ ပေါ်တင် ခြိမ်းခြောက်ပါလိမ့်မယ်။ အဲဒီအခါမှာ ပြည်သူတွေဆီ ပစ်ပေးနိုင်လောက်တဲ့ ငွေပိုငွေလျှံ ငွေသန်းပေါင်းများစွာ အိုဘားမားဆီမှာ ရှိပါ့မလား။ တကယ်လို့ရှိခဲ့ရင်တောင်မှ သူပစ်ပေးလို့မရ။ ဘာကြောင့်လဲဆိုတော့ ဥပဒေအရ တရားမ၀င်လို့ပါ။

အိုး......တကယ်လို့ တကယ့်ကို ကံမျက်စေ့လည်ပြီး အိုဘားမားဟာ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်ဆိုရင်တောင့် သူ့ကို ဆုံးမပေးဘို့ အသင့်စောင့်နေတဲ့ စစ်တပ်ရှိသေးတယ်။ (ဘာသာပြန်သူမှတ်ချက်။ ။ "Without the elected president and if there is a freak result, within two or three years, the army would have to come in and stop it" -- MM Lee Kuan Yew on what would happen if a profligate opposition government touched Singapore's vast monetary reserves.)

ဒါဆို အိုဘားမားအနေနဲ့ စင်္ကာပူ ပါလီမန်မှာ အမတ်တနေရာနိုင်ဘို့ အခွင့်အလမ်းဟာ ဘယ်လောက်များရှိပါသလဲ။ အမေရိကန်ပြည်ထောင်စုမှာ အိုဘားမားတယောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းကြယ်တခုရဲ့ အခွင့်အလမ်းထက်တော့ မုချကို နည်းပါးပါလိမ့်မယ်။

မူရင်းကို ဖတ်ရှုရန်။

7 comments:

KMA said...

ကိုပေါတို့ စင်ကာပူက ဒီလောက်တောင်ဆိုးရွားလှသလားဗျာ.. အစက စင်ကာပူလေးတိုးတက်လို့ မြန်မာပြည်မပြန်ဖြစ်ရင်တောင် အဲ့ဒီမှာ အခြေချရင်ကောင်းမလား စိတ်ကူးယဉ်နေတာ..ခုတော့ ...

sin dan lar said...

မူရင်းကို အေးဆေးမှ ဖတ်ဖို့ချန်ပြီး ကိုပေါရဲ့ ဘာသာပြန်ကိုအရင်ဖတ်သွားပါပြီ

ရွှေထုပ်လေး said...

ဘယ်သူပဲ ရရ မြန်မာပြည်ကို ဘာလုပ်ပေးနိုင်ကြမလဲ
ဘာလုပ်ကြရင် ကောင်းလာနိုင်မလဲ
ဆုံးဖြတ်ချက်ချပြီး တကယ်လုပ်နိုင်အောင်
ကြိုးစားကြရအောင်..
ကျွန်တော်ကတော့ ရယ်ဒီပါ..
ဘာပဲလုပ်လုပ်ပေါ့။

Anonymous said...

kopaw,

may be u should try to write something like

1. 100 bad things abt PAP
2. 100 good things abt the government u like or opposition
3. wat can sg opposition offer to sg and ppl like u, the new immigrants
4. how does PAP make lousy job

things like that....

Anonymous said...

To anonymous..

Hi dear friend,

In my point of view, it will be more realistic to do the followings in stead of asking ko paw to make a ready-made report.

1. For 100 bad things abt PAP ( may be more than that ), there are numbers of websites/blogs/forums of their active citizens writing their views and reporting/discussing the current issues. From there we can get ourselves updated.

2.For 100 good things abt PAP ( sure more than 100 ), it can easily be achieved by reading through the FOC Today newspaper and 1 S$ worth Straightstimes newspaper everyday.:D

3.For the moment, sg opposition( together with their active fellow citizens) is doing at least "one" good thing as an opposition elsewhere in the world by speaking up/pointing out the plight of their people despite the harsh punishments from the rulers.Along their road of hurdles, they inspire /open up the eyes of their own citizens as well as the new immigrants and downsize the room of apathy for everyone.

But to see their real action on stage, we need to wait until one day when they all get the level-playing field.


4. That can also be done by what i said in No.(1).

Good Day !

rgds,
True Blue Burmese

Anonymous said...

hey ng paw,
are you SG PR ?
If you don't like SG gov and rules around here, why don't u go back to where u came from.

Anonymous said...

kp,

may be my list is too long..
u should start by writing...

- 100 good things that a gov u like do

or a q very short is - do u think its necessary to have a gov at all?

regards,

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs