“မိုးတွေလေတွေ လာပါပေါ့၊ ကဆုန်လပြည့်ကျော်...
အပျိုလေးတွေ လာပါပေါ့.....ခုံဖိနပ်နဲ့ဆော်”
မည်သို့မည်ပုံ သက်ဆိုင်သလဲတော့မသိ။ ငယ်ငယ်တုန်းက မိုးတွေလေတွေလာရင် အားရပါးရ အော်ဆိုခဲ့တာကို သတိရမိလို့ပါ။ ငယ်ငယ်တုန်းကများ ပျော်ဘဲ ပျော်နိုင်လွန်း။ မိုးရွာရင်လည်းပျော်၊ လေတိုက်ရင်လည်း ပျော်၊ နေပူရင်လည်းပျော်....။
မိုးရွာရင် မိုးရေထဲ ရေထွက်ချိုး၊ လေတိုက်ရင် ရွာလယ်ကျောင်း (ရွာလယ်ဘုန်းတော်ကြီးကျောင်း) သရက်ပင်အောက်မှာ သရက်သီးတွေ တဖြုတ်ဖြုတ်ကြွေတာကို ဘုန်းကြီးကျောင်းသားတွေနဲ့အပြိုင် လုကောက်ကြ။ ဟော...နေပူတော့ရော...ဘယ်လိုပျော်သလဲမသိချင်ဘူးလား။
ရွာထိပ်က ရေခန်းစ ရေအိုင်ကနေ ရွှံမြေတွေ တလုံးတခဲကြီးအိမ်ကို သယ်လာပြီး အိမ်မှာ လောက်စာလုံးလုံးပြီး နေပူလှမ်းတယ်။ မပိုင်လား။ လောက်စာလုံးတွေ ခြောက်သွားရင် လွယ်အိပ်နဲ့ အပြည့်ထည့်၊ တခါတလေ နှီးပုံးအဟောင်းတလုံးနဲ့ ထည့်ပြီး သူငယ်ချင်းတွေရှိရာ ဘုန်းကြီးကျောင်းက ကွင်းပြောင်ပြောင်ကိုသွား၊ လေးလုံးတပုံ ပိရစ်မစ်လို အပုံငယ်လေးတွေ တန်းစီပုံ၊ ပြီးရင် အဝေးကနေ လေးခွနဲ့ ဖြစ်စေ၊ ရာဘာကြိုးတပ် သံဒိုးကွင်းနဲ့ဖြစ်စေ ပစ်ကစားရတယ်။ ခေါင်အပုံ (ကိုယ်နဲ့ဝေးရာ ရှေ့ဆုံးကအပုံကို) ကို မှန်ရင် လောက်စာလုံး သူဋ္ဌေးကြီး ဖြစ်ပေရော့။ အဲ...တခါတလေတော့လည်း ကိုယ်ကြိုးစားပမ်းစား လုံးထားခဲ့သမျှလေးတွေ နှီးပုံးထဲမှာ တလုံးမကျန်အောင် ခွက်ခွက်လန်ပြီး ပြန်လာရတာလဲ ရှိသပေါ့။ ဒါပေမယ့် နိုင်လည်းပျော်၊ ရှုံးလည်းပျော်ပါ။ ငယ်ငယ်တုန်းကပေါ့။
အခုရော.....
အခုလည်း လေတွေမိုးတွေတော့လာပါချေပေါ့။ ရိုးရိုး လေတွေမိုးတွေ မဟုတ်။
အမေရိကန်ပြည်ထောင်စုကနေ ဗဟိုပြုပြီး အာရှနိုင်ငံတွေကိုပါ ရိုက်ခတ်လာတဲ့ စီးပွားပျက်ကပ်ကြီးရဲ့ မိုးဒဏ်လေဒဏ်တွေပေါ့။ ဒီမိုးဒီလေတွေကို ကိုယ်က တတ်နိုင်ရင် ငယ်ငယ်တုန်းကလိုဘဲ ခုံဖိနပ်နဲ့ ဆီးပြီးဆော်လိုက်ချင်ပါရဲ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ကိုယ်ကဆော်နိုင်ဘို့ နေနေသာသာ အခုတောင်မှ ဒီမုန်တိုင်းဒဏ်က ကိုယ့်အိပ်ကပ်ကို ရိုက်ခတ်စပြုနေပြီ။
စင်္ကာပူမှာ အလုပ်လုပ်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း နှစ်စဉ်တိုးမြှင့်ပေးနေကျ (လစာ)နှစ်တိုးကို ပထမဦးဆုံးအကြိမ်အဖြစ် တရုံးလုံး ဆိုင်းငံ့ထားခြင်းခံလိုက်ရတယ်။ အဟင့်...ရွှတ်။ ဒီပုံအတိုင်းဆို နှစ်ကုန်ရင် ရနေကျ ၁၃လစာ ခေါ်တဲ့ အပိုလစာ တလစာတောင် ရပါတော့မလားမသိ။ ဒါ့အပြင် ခါတိုင်းနှစ်တွေမှာ ရနေကျ ဘောနပ်စ်တွေလည်း အိပ်မက်တောင်မက်လို့ ရတော့မယ်မထင်ဘူး။
ဒီကြားထဲ လွတ်တဲ့ငါးကြီးတယ်ဆိုသလို ဟိုတလောက အမေရိကန်ဒေါ်လာတွေ (တဒေါ်လာကို စင်္ကာပူဒေါ်လာ ၁.၃၇ တုန်းက) ၀ယ်လိုက်မယ် စိတ်ကူးပြီးမှ ပျင်းရိခြင်းခြောက်ပါးနဲ့ နေ့ရွှေ့ညရွှေ့လုပ်နေလိုက်တာ အခု ၂လလောက်အတွင်း ဒေါ်လာဈေးတွေတက်သွားတော့ ကြေကွဲရပါလား မောင်ပေါရယ်။
ဒါပေမယ့် တဖက်မှာ ကံကောင်းတာကလည်း ရှိသေး။ ကိုယ့်လက်ထဲမှာ လောလောဆယ် ကိုင်ထားတဲ့ စတော့ရှယ်ရာတွေ မရှိ။ ဘယ်ရှိမတုန်း...လွန်ခဲ့တဲ့ သုံးနှစ်လောက်က ခွက်ခွက်လန်ပြီးကတည်းက ရှယ်ယာဆိုရင် အသံတောင် မကြားချင်တော့တာ။ တချို့တွေ စီပီအက်ငွေနဲ့ ၀ယ်ထားတဲ့ပုဂ္ဂိုလ်တွေ အခုဆိုရင် သူတို့ ၀ယ်ထားတဲ့ ရှယ်ယာတန်ဘိုးက ၇၅% လောက် ထိုးကျသွားတာ။ ကျနော့်မိတ်ဆွေ စလုံးတယောက်ဆိုရင် ဒီလို ငြီးတွားတယ်။ “သွားပရော့ဟဲ့.....ငါ့ အိုစာမင်းစာလေး”.....တဲ့။
၁၉၉၇-၁၉၉၉ ခုနှစ်များဆီကလည်း အာရှစီးပွားပျက်ကပ်ကြီးကို ကြုံဘူးပါရဲ့။ အဲသည်တုန်းကတော့ ကိုယ်လုပ်နေတဲ့ မလေးရှားက ကုမ္ပဏီလေး ပြိုလုပြိုခင်ဖြစ်လာတော့ ကိုယ်က အသာဖုတ်ဖက်ခါထပြီး စင်္ကာပူမှာ လာအလုပ်ရှာလိုက်တာ အခုလုပ်နေတဲ့ အလုပ်ကို ရလေသတည်းပေါ့။ သူများတွေ မျက်ကလဲဆန်ပြာ ဒုက္ခရောက်နေတုန်းမှာ ကိုယ်က စုတ်ကော၊ လာဘ်ကောဝင်ပြီး အိမ်ထောင်တွေကျ၊ ကလေးလည်းရ၊ ကျောင်းတက်၊ ပီအာရ်ကျ၊ အိမ်ဝယ်။ ဟော...ယောက္ခမကလည်း တဦးတည်းသောသမီးနောက်ကို လိုက်နေတဲ့အတွက် ကလေးကို ပြုစုစောင့်ရှောက်ပေးဖော်လည်းရ။ အံမယ် လောကကြီးက အင်မတန်သာယာလှပါလား....ပေါ့လေ။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး နေ့လည်စာ စားဖော်စားဖက်၊ ရုံးမှာ တချိန်တည်းပြိုင်တူအလုပ်ဝင်ခဲ့သူလည်းဖြစ်တဲ့ မလေးရှားနိုင်ငံသား တရုတ်အင်ဂျင်နီယာက ပါးစပ်ပုပ်ကြီးနဲ့ “အောင်၊ စီးပွားပျက်ကပ်ဆိုတာ သူ့ cycle ပြည့်ရင် တပတ်ပြန်လည်လာတတ်တယ်။ ၁၉၈၇ လောက်မှာ စီးပွားပျက်ကပ်တခါ၊ ၁၉၉၇ မှာ နောက်တခါဆိုတော့ တကြိမ်နဲ့ တကြိမ်အကြား ဆယ်နှစ်ကွာခြားတတ်တယ်။ အခုလာချိန်တန်ပါပေါ့” ဆိုပြီး နှစ်ယောက်သား မမျှော်ကောင်းတဲ့ စီးပွားပျက်ကပ်ကြီးကို ကြောက်ကြောက်နဲ့ဘဲ လာတော့မလား လာတော့မလားဆိုပြီး လည်တဆန့်ဆန့်နဲ့ မျှော်ခဲ့ကြတယ်။
အခုတော့......တရွေ့ရွေ့.....လာချေပြီလေ....ပင်လယ်တွေဖြတ်သန်း....ရိုးမအပေါ်...လွှားကျော်ကာလေ..
အင်း........မုဒ်ဝင်သွားလို့ စန္ဒယားလှထွတ်ရဲ့ တိမ်တမန်လေးကိုတောင် ဟစ်လိုက်မိရဲ့။
လာပါပြီဗျာ စီးပွားပျက်ကပ်ကြီး။ အမေရိကန်မှာ အဲသည်စီးပွားပျက်ကပ်ရဲ့ အတိမ်အနက်ကို အကဲဖြတ်ဘို့ ဖွဲ့စည်းပေးလိုက်တဲ့ Panel ကလည်း ဟောကိန်းထုတ်လိုက်တာ အားရှိစရာပါဘဲ။ အခုစီးပွားပျက်ကပ်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက သမိုင်းမှာ အဆိုးဆုံးဖြစ်လိမ့်မယ်တဲ့။ အမေရိကန်မှာ ၁၄ လ လောက်ကြာလိမ့်မယ်တဲ့။
အင်း....သူတို့တွက်ကိန်းမှန်ရင် ကမ္ဘာတလွှားမှာလည်း ၂ နှစ်လောက်တော့ ကြာဦးမယ်ထင်ရဲ့။ ကုမ္ပဏီတွေ၊ အလုပ်တွေလည်း ရပ်ဆိုင်းကုန်ကြပါလိမ့်ဦးမယ်။ လူတွေလည်း အလုပ်တွေ ပြုတ်ကြပါလိမ့်ဦးမယ်။
စုပြီးဆောင်းပြီး အသင့်အတင့်ရှိတဲ့လူကတော့ အလုပ်မရှိခင်စပ်ကြားမှာ ဟန်မပျက်ထိုင်စားနိုင်ကြမယ်။ မြန်မာပြည်က ရောက်လာကစ အလုပ်စလုပ်ကာစ လူမျိုးတွေအတွက်တော့ ဒုက္ခပွေကိန်းမြင်တယ်။ အဲ.... ပိုက်ဆံစုဆောင်းမိပြီးသား လူတွေတောင်မှ သိပ်တော့ စိတ်မချရဘူး။ ဘဏ်တွေဘာတွေ ပြိုသွားရင် ကုန်းကောက်စရာ ကျန်မှာမဟုတ်။ စင်္ကာပူအစိုးရကတော့ လုံးဝ တရာရာခိုင်နှုန်း ပြန်ပေးမယ်လို့တော့ အာမခံထားတာဘဲလေ။ သို့သော်....မိုးမပြိုဘူး၊ ပြိုခဲ့သည်ရှိသော်......
အဆိုးထဲက အကောင်းကို နည်းနည်း ရှာကြံကြည့်လိုက်ဦးမှ။ မြန်မာပြည်ကတော့ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတာဆိုတော့ မြန်မာပြည်သူများ စီးပွားပျက်ကပ်ဒဏ်ကို ထူးပြီးခံစရာအကြောင်းမရှိ။ ဒီလို စီးပွားပျက်ကပ်တွေ ကျရောက်ခြင်းကြောင့် တခါတရံမှာ ဖြုတ်ချရန်ခက်ခဲတဲ့ အာဏာရှင်အစိုးရတွေပါ ပြုတ်ကျသွားတတ်သတဲ့။ ပလိစ်လား....ဒုန့်ဆေး အစ်တစ် ၀ှစ်ရှ်ဖူး သင့်ကင်း...လား။
ဟီ...ဟိ.....ကံကောင်းရင်၊ စင်္ကာပူတို့၊ မြန်မာနိုင်ငံတို့နဲ့အတူ အာရှက အာဏာရှင်အစိုးရတွေ ပြုတ်ကျသွားနိုင်တယ်။ ငါ့စုငွေလေးနဲ့ စီပီအက်ဖ်ငွေလေးပါရင်...ပါသွားပါစေ....အာဏာရှင်တွေ ပြုတ်ကျသွားရင်တော့ ကြိုက်တယ်...ဟိဟိ။ အဲသည်အခါကျရင်....ရှန်ပိန်ပုလင်းအရင် ဖောက်လိုက်ဦးမယ်။ ပြီးတော့မှ ပြည်တော်ပြန်ပြီး လှေပို့စားမယ်။ (လူဆိုတာ အဲသည်လို မြင့်မြင့်မားမား ရည်မှန်းချက်ထားရတယ်။)
အဲ...အဲ....ပေါက်ကရရှစ်ဆယ်လည်း ပြောပြီးပြီ။ အခုတော့ ညဥ့်လည်းနက်ပြီ။ အိပ်မှ။ အိပ်မှ။ ဝေါ်ယောက်စွေ့ကျောက်။ ၀ါး.....
ဘလော့ဂ်ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
Crisis ဘေး....ကင်းစင်ဝေး...ငြိမ်းအေးကြပါစေ။

25 comments:
ဒီမိုး ဒီလေ နဲ့ ဒီလူတွေ ခံရပြန်ပေါ့ တခါ။
တို့ ၉၇ကနေ ၉၉ အာရှ စီးပွားပျက်ကပ်ဆိုက်တော့ စင်ကာပူ၊ မလေးရှားမှာ အလုပ်လုပ်နေတာ။
အခု ၂၀၀၇ အမေရိကား စီးပွားပျက်ကပ်ဆိုက်တော့ အမေရိကားမှာ ရောက်နေပြန်ရော။
ကိုယ်သွားတဲ့နေရာ လိုက်နေသလား အောက်မေ့ရတယ်။ ဒါမှမဟုတ် သူ့ဖာသာသူ နေနေရင် အကောင်းသား၊ ကိုယ်ခေါ်လာသလား ထင်ရတယ်။ :(
2007မှာ ယူအက်စ်စရောက်ပါတယ်။ ကိုယ်လဲရောက်ရော စီးပွားလဲ ပျက်ရော။ ရှေးခေတ်တုန်းကလို မဲချပြီးသာ လှေပေါ်က ကန်ချခံရမယ်ဆို ကံဆိုးသူ မယ်မွန် ထိပ်ဆုံးကထင်တယ်။
အင်း.. ပူနေရတယ်.
အလုပ်ပြုတ်လောက်အောင်တော့ မဟုတ်ဘူး မျှော်လင့်နေရတာပဲ။
ကျနော်ကတော့ သတင်းတောင်မကြည့်ရဲဘူး
ဖြစ်ချင်ရာဖြစ်...
ဝယ်ထားတာတွေ..တစ်ပါးမှမတန်လည်းအေးတာပဲ..
(မဟုတ်စိတ်ပူနေရဦးမှာ..ဟီးး)
တစ်ပြား လို့ရေးချင်တာ...ဟားဟား..
စီးပွားပျက်ကပ်က ကိုယ်နဲ့မဆိုင်သလိုပါပဲ..
ဟဲ..... တကယ်လည်းဆိုင်မှမဆိုင်တာ...
ဘယ်ဘဏ်မှာမှ ပိုက်ဆံစုမထား.. ဘာရှယ်ယာမှဝယ်မထား..မြန်မာပြည်ကလာတဲ့လူတွေ
လေဆိပ်ကနေပြန်လွှတ်ခံရတယ်လို့
်ကြားတာတော့စိတ်မကောင်းစရာ....
ကိုပေါကဗျာကို
"လေတွေမိုးတွေတိုက်ပါလို့ ကဆုန်လပြည့်ကျော်..
ဘိုကေလေးတွေ လာပါလို့ ခုံဖိနပ်နဲ့ဆော်"
ကျွန်မတို့ကျ အဲလိုဆိုခဲ့တာ..ကိုပေါရဲ့..
ဒေသကွာတော့ version နည်းနည်းပြောင်းသွားတယ်ထင်ပါ့။:P:P:P
မမိုးချိုသင်း….. ကံကောင်းသူသွားရာ…မိုးလိုက်လို့ရွာဆိုတာမျိုးပေါ့။း-)….
သုနှင်းဆီ….. အခုတောမီးတွေလောင်နေတဲ့ အာနိုးတို့ ပြည်နယ်မှာဆိုရင် မယ်မွန်ကြောင့်ဆိုတာ သေချာပြီ။
ပန်ဒိုရာ…. ပူတော့လည်း ပူတာပေါ့လေ။ လူဘဲ။ သို့သော် ပြည်တွင်းက ဒုက္ခတွေနဲ့စာရင် ခြင်ကိုက်သလောက်ဘဲ ရှိပါသေးတယ်။
ပေါက်…. ကောင်းပါပေ့။ အဲသည်လိုဘဲ စိတ်ထားတတ်ရမှာ။
ဆင်ဒန်လား….ကျေးဇူးဘဲ။ ကဆုန်နဲ့ နယုန် ကျနော့်စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေတုန်းမှာ ဆင်ဒန်လား ကွန်မင့်ကို တွေ့လိုက်တော့ သေချာသွားတယ်။ ပြင်လိုက်ပြီ။ မူရင်းကတော့ ဘိုကေလေးတွေ ဖြစ်မှာပါ။ ဒါပေမယ့် ကျနော်တို့ဘက်မှာတော့ အပျိုလေးတွေလို့ဘဲ ဘုမသိ ဘမသိနဲ့ ဆိုခဲ့ကြတယ်။
ကျိတ်ပြီးဆုတောင်းနေတာ..ကျွန်တော်အလုပ်လုပ်နေတဲ့ ကုမ္ပဏီ ကကျွန်တော့်က ၁၀ လစာပေးပြီးဖြုတ်လိုက်ရင်ကောင်းမယ်လို့ :D
ဟီး... ရွာပြန်ပြီး ကွမ်းယာဆိုင် ဆိုင်ခွဲတွေကို ဖရန်ခွိုက် (မရေးတက်ဘူး) ပေးဖွင့်ပြီးစီးပွားရေးလုပ်ငန်းရှင်ကြီးပဲလုပ်တော့မယ်.. ငှဲငှဲ..ကျွန်တော်ကတော့ကိုပေါလိုလှေမထိုးစားဘူးနော်.. ကွမ်းယာဆိုင်လုပ်ငန်းရှင်ကြီးဆိုပါတော့..ကိုပေါနဲ့မဒမ်ပေါလည်းကျွန်တော့်လုပ်ငန်းမှာရှယ်ရာထည့်ဖို့ဖိတ်ခေါ်ပါတယ်.. စောစောကြိုပြောထားနော် ဘူးသီးသီးမှအရီးလာမတော်နဲ့..ဒါပဲ
ဘာလဲ….ကိုရွှေအောင်။ အစုစပ် ရှယ်ယာထည့်ဘို့ ဖိတ်ခေါ်ပြီး နောက်တော့ ငွေတွေဘုံးပြီး လစ်ပြေးမယ် ကြံသလား။ မရဘူးနော်။ ဒီက အရမ်းစိတ်ကြီးတယ်။ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်တိုင် လိုက်လံချေမှုန်းမယ် ဟင်း…ဟင်း….။ တူရွင်းတောင်ခြေက အညတရ ဓါးသမားလေး ကိုပေါကို အထင်သေးမယ် မကြံနဲ့။
အလကားပြောတာပါဗျာ။ ထည့်စရာ အရင်းအနှီးမရှိဘူး။ ဒါကြောင့် အရင်းမစိုက် လှေထိုးလိုက် ဘို့ ကြံနေတာပေါ့ဗျ။
ရီထချင့်မင့် ပက်ကေ့ဂ်ျ မျှော်ပုံခြင်းကတော့ တူပါ့ဗျား။ ကျနော်လည်း လုပ်ခဲ့တဲ့ လုပ်သက်တနှစ်တိုင်းအတွက် တနှစ်ကို တလစာ ပေးပြီး အလုပ်ဖြုတ်ပါစေ ဆုတောင်းနေတာဗျ။ ဒါကြောင့်လည်း Great minds think alike လို့ ဆိုကြတာ ထင်ပါရဲ့…ဟီးဟီး။
ကိုပေါရေ.. အခုတော့ နေရာတိုင်း ကုမ္မဏီတိုင်းမှာ ပြုတ်ဆော်နံနေတာနော်။ ဟိုနေ့ကမခိုင်ပြောတယ်။ ဒီကုမ္မဏီက အကြီးကြီးတွေကပြောတယ်တဲ့။ အလုပ်က နောက်၂လစာလောက်ပဲရှိတော့တယ်တဲ့။ ပြီးရင်ဘာဆက်လုပ်ကြမလဲတဲ့...
ငြိမ်းရေ….. ဘာမှမပူနဲ့။ အကြံကောင်းရှိတယ်။ ကျနော်တော့ ဘွန်းလေး ဘူတာမှာ နေရာဦးထားပြီးပြီ။ ၀ါးပိုးဝါး အဆစ်ပိတ် နှစ်ခုရရင် အလုပ်ဖြစ်တယ်။ သီချင်းကတော့ မြန်မာသံစဉ်လေးပေါ့။ “သီရိဓမ္မာသောက မဟာရာဇာ…ဗုံ..တုံ..တုံ…..ဗုံ..တုံ..တုံ”။
စိတ်ကူးကြည့်မိတယ်။ ကိုပေါအပါအ၀င် ကိုယ်တို့နေ့တိုင်းဖတ်လောက်အောင် ကောင်းတဲ့ Blogger တွေအရမ်းချမ်းသာပြီး အလုပ်လုပ်စရာ မလိုလောက်အောင် နေရရင်ကောင်းမယ်။ အားလုံးမြန်မာပြည်ပြန်ပြီး စာတွေပဲရေးကြ။ Online ပေါ်မှာတင် မကဘဲ စာအုပ်တွေပါထုတ်ကြပေါ့။ ကိုပေါဆိုရင်တော့ အကြည်တော်တို့ နီကိုရဲတို့ နားထားပဲ။
Butttttttttttttt , စာပေစီစစ်ရေးကိုတော့ မသေချာဘူးနော့။ :)
Hi Ko Paw,
Your writing '“ကြွေရက်ကယ်စော”' has been copied by this blog without mentioning your blog as reference http://zawphyowai.blogspot.com/2008/11/blog-post_14.html
Thanks
Wunna...... မှတ်ချက်ဖတ်အပြီး ခေါင်းထိပ်မှာ အာလူးဖုသွားတယ်။ မြောက်ပြီး မျက်နှာကျက်နဲ့ တက်ဆောင့်လို့။ အလုပ်လုပ်စရာမလိုအောင်တော့ ချမ်းသာချင်တယ်။ စာအုပ်တော့ ထုတ်မရောင်းရဲဘူး။ ခွက်ခွက်လန် သွားမှာ စိုးရိမ်လို့။ စာပေကင်ပေတိုင်ကတော့ မပြောပါနဲ့တော့ဗျာ။
Paing Ye…. အခုလို လာရောက် အသိပေးပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ချက်ချင်းဘဲ ကျနော်သွားဖတ်ကြည့်ပါတယ်။ အားပါးပါး…ခေါင်းစဉ်လည်း ပြောင်းထားတယ်။ နာမ်စားတွေလည်း နည်းနည်းပြောင်းထားသေးတယ်။ လုပ်ရက်ပါပေ့ကွယ်ပေါ့။ သို့သော် စီးပွားဖြစ်လုပ်စားတာမဟုတ်လို့ တော်သေးရဲ့လို့ ကြံဖန်ပြီး ဖြေသိမ့်လိုက်ပါတယ်။ မဖြေသိမ့်လို့လည်း ကိုယ်ဘာမှ မတတ်နိုင်ဘူးလေဂျာ။
Hi Ko Paw,
When I go and read the link given by Paing Ye, I cannot really take it ...the way he edit your post.So disgustinggggggg.....!!!!!!
I copy the thief blogger " zawphyowai " post and share with you all here.
"သြော်….အခုတော့ သူတကယ်ဘဲ သွားရှာပါပြီ။
“….သွားပေဦးတော့…ရဲဘော်ရေ…..”
ကျနော့်စိတ်ထဲမှာ တိတ်တဆိတ်ရေရွတ်လိုက်မိသည်။ ငါးနှစ်တိတိ ကျနော်နှင့်အတူ လက်တွဲရင်း ကျနော့်ဒဏ်ကို ဆိုးတူကောင်းဖက် သည်းညည်းခံခဲ့သည့် ရဲဘော်တယောက်၏ နောက်ဆုံးခရီးတွင် မျက်ရည်မကျမိအောင် ထိန်းထားနိုင်ခဲ့သည်မို့ ကျနော့်အဖြစ်ကို နည်းနည်းတော့ ကျနော်အံ့သြမိသည်။ အမှန်တော့ အဲသည် အဝေးဆုံးခရီးကို သူ့အနေနှင့် သည်လောက် စောစီးစွာ ထွက်ခွာသွားလိမ့်မည်လို့တော့ ကျနော် စိုးစဉ်းမျှ မထင်မှတ်ထားခဲ့။
မှတ်မိသေးသည်။ လွန်ခဲ့သည့်ငါးနှစ် ကျနော်တို့အိမ်ကိုသူစရောက်လာစဉ်က ကျနော်ကကျောင်းတက် နေတုန်း။ ကျောင်းက ပရော့ဂျက်ကို စလုပ်နေချိန်။ ကျနော့်ပရော့ဂျက်အတွက် အစစ သူက ကူညီပံ့ပိုးပေးသည်။ ကျနော့်ကျောင်းစာများမှာလည်း သူ့အကူအညီသာမပါလျှင် ကျနော်နားလည်ဘို့မလွယ်။
အဲသည်တုန်းက ကျနော်တို့က ရပ်ကွက်ထဲမှာနေကြတော့ အိမ်ကကျင်းတယ်။ ဒါပေမဲ့လဲ သူရောက်လာသည့်အတွက် ကျနော်တို့ အနေမကျုံ့ပါ။ ကျနော်တို့ ဒဏ်ကိုသာ သူကောင်းကောင်းခံရလေတော့သည်။ ကျနော်တို့ ညဥ့်နက်သန်းခေါင်အထိ မအိပ်ဘဲနေလျှင် သူပါ အိပ်စက်ခွင့်မရ။ အရက်မသောက်တတ်သော သူ့ကို ဘေးမှာထားပြီး ကျနော်ဘီယာပုလင်းထောင်တာမျိုး၊ ကော်ဖ်ီသောက်ကြတာမျိုးကတော့ သူ့အဖို့ အဆန်းမဟုတ်တော့။ တခါတလေများ လင်းအားကြီးမှာ အလိုက်ကန်းဆိုးမသိ သူ့ကို နှိုးချင်တတ်သေးသည်။ တခါတလေ….တညလုံး
သူကတော့ တကယ့်ရေခဲတုံး။ ဘာဆိုဘာမှ မပြော။ လုပ်တိုင်းခံသည်။
ဟော….ကျနော်တို့ အိမ်ပြောင်းတော့လည်း သူပါလိုက်ပြောင်းလာပြီး မခွဲမခွာ တအိမ်တည်း အတူဆက်နေဖြစ်သည်။ ကျနော်တို့ကလည်း သူ့ကို သံယောဇဉ်တွယ်နေပြီမို့ မထားရစ်ခဲ့ရက်။
သည်လိုနှင့် ကျနော်တို့ သူ့အကူအညီမပါလျှင် ကျနော်သည်လောက် ခရီးရောက်မည်မဟုတ်။ ပြည်တွင်းနှင့် နိုင်ငံတကာတွင်ရှိသော သူငယ်ချင်းများကိုလည်း များသောအားဖြင့် သူကတဆင့်သာ ဆက်သွယ်ရသည်။
ကျနော့်ဒဏ်ကိုတော့ ပြောစမှတ်တွင်လောက်အောင် သည်းခံနိုင်သူပင်။ ကျနော်က တခါတလေ သူနဲ့အလုပ်လုပ်ရင်း အဆင်မပြေမှုကြုံလာသည့်အခါများ၌ စိတ်ဆတ်သူပီပီ ဒေါသကို မထိန်းနိုင်ဘဲ သူ့ကို ခြေနှင့် ကန်ကျောက်မိသည့် အခါများပင်ရှိသည်။ ဤသည်ကိုပင် သူက စိုးစဉ်းမျှ စိတ်ကွက်ဟန်မပြ။
များသောအားဖြင့်တော့ သူ့ခမြာ အလျှော့ပေးကာ ကျနော်ဖြစ်စေချင်သည့်အတိုင်းသာ တသွေမတိမ်း လိုက်လံလုပ်ဆောင်ပေးခဲ့ရသည်ချည်းဖြစ်သည်။
သို့သော်….လွန်ခဲ့သည့် လအနည်းငယ်ကစ၍ သူ့ကျန်းမာရေး ချူချာလာသည်။ အလုပ်လုပ်ရာတွင် အရင်ကလို သွက်သွက်လက်လက်မရှိတော့။ တကြိမ်တွင် မနည်းနှိုးယူရသဖြင့် သူသွားတော့မည်လောဟု ကျနော် အကြီးအကျယ် ထိတ်လန့်ရဘူးသည်။
သြော်…..အခုတော့ သူတကယ် သွားရှာပြီ။
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းဟူသည် ကွေကွင်းနောက်ဆုံးဖြစ်ရချေပြီ။ သူ့ကို မခွဲခွာလိုသော်လည်း အိမ်မှာ ဆက်ထား၍ မဖြစ်တော့။ ထုံးတမ်းစဉ်လာအတိုင်း သူ့ကို အိမ်မှ ထုတ်ရပေတော့မည်။
သူ့ကို အိမ်မှ မထုတ်ခင် နောက်ဆုံးအမှတ်တရအဖြစ် သူ၏ ကိုယ်တွင်းအင်္ဂါတွေဖြစ်သော Memory stick နှစ်ချောင်း၊ Harddisk နှစ်လုံးနှင့် ကျနော့်ဘာသာ ၀ယ်တပ်ထားသော Video Capture card တို့ကို ကျနော်ဖြုတ်ယူထားလိုက်သည်။
သူ့၏ အသက်မဲ့ ခန္ဓာကိုယ်ကြီးအား “အပနား”ခေါ် ပစ္စည်းအဟောင်းဝယ်သူ၏ လက်ထဲသို့ အပ်လိုက်ပြီးနောက် ကျနော့်နှုတ်မှ နောက်ဆုံးအကြိမ် လှိုက်လှိုက်လှဲလှဲ ရေရွတ်လိုက်သည်။
“ကဲ…သွားပေဦးတော့…..Acer Desktop PC ကြီးရေ။ မင်းကို Recycle လုပ်ဖြစ်ကြလို့ နောင်ဘ၀ ဆိုတာများရှိခဲ့ရင် ကိုယ်နဲ့မင်းရဲ့ ဘ၀ဟာလည်း နှစ်လွှာပေါင်းမှ တရွက်ဘဲ ဖြစ်တဲ့ စွယ်တော်ရွက်ကလေးများလို “ဘလော့ဂါနဲ့ PC” ဘ၀ကို ပြန်ရောက်ပါစေလို့ ကိုယ်တကယ်ဘဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်….ခိုင်ရယ်….အဲလေ၊ ဟုတ်ပေါင်….Acer Desktop PC ကြီးရယ်။ နောင်ဘ၀ဆက်တိုင်းမှာ မင်းကိုလည်း PC လို့ဘဲ ဆက်၍ ခေါ်မည်…Acer”
.......
"
စိတ်ညစ်ညစ်နဲ့  ရယ်သွားတယ် ကိုပေါရေ…
မနေ့ ကပဲ လင်မယား၂ယောက် အသုံးလျော့ဖို့ တိုင်ပင်နေတာ…
တချို့ ကလဲ အသုံးလျော့ရင် ပိုဆိုးမယ်… အရင်ကအတိုင်း သုံးဆိုပဲ…
ပိတ်ရက်ဆို အိမ်ထဲမှာနေ ချက်ပြုတ်စား၊ ဘယ်မှမသွား၊ အဲကွန်းနဲ့ အိပ်တဲ့ အကျင့်ဖျောက်၊ ၀င်းဒိုးရှောပင်လောက်နဲ့ ရပ်၊ ဟန်ဖုန်းတွေ ခဏခဏမလဲနဲ့ … အင်း…ဒီလောက်ဆို နဲနဲတော့ စုမိမယ်ထင်တယ်… ကောင်းတာကတော့ ဘလော့ဂ်များများရေး… အကုန်အကျသက်သာတယ်… ရုံးမှာရေးရင်တော့ သတိထား… နဂိုကမှ လှုပ်တုတ်တုတ် ပြုတ်သွားရင် အခက်… ထီတော့ပြန်ထိုးမလားလို့ … ပြောနိုင်ဘူးမိုလား…
ဒါထက်. အပျိုလေးတွေ လာတော့ ဘာလို့ ခုံဖိနပ်နဲ့ဆော်တာလဲ
"ZawPhyoWai" has removed that edited version of '“ကြွေရက်ကယ်စော”' post and my comments for him (in his C-box) too. :-)
Blog Police…… ကျေးဇူးတင်ပါတယ်ဗျိုး။ အခုလို စွမ်းစွမ်းတမံ ဘလော့ဂါတွေရဲ့ ဥစ္စာပစ္စည်းအိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးတာကို။း-)
တန်ခူးရေ….. တန်ခူး နောက်ကျနေပြီ။ ကျနော် မနက်ဖြန်ဖွင့်မယ် သုံးသန်းထီ တိုတိုလက်မှတ် ၀ယ်ထားပြီးပြီ။
နန်းညီရေ…. ဘာလို့ဆော်သလဲမသိဘူးဂျ။ အပေါ်က စင်ဒန်လားကွန်မင့်မှာ ပြောသလိုဆိုရင်တော့ ဘိုကေလေးတွေလာပါပေါ့ ခုံဖိနပ်နဲ့ဆော် ဖြစ်ရမှာ။ အဲဒါက ယုတ္တိရှိသလိုဘဲ။ ကောင်မလေးတွေက ကောင်လေးတွေကို ကျီစားချင်တာဖြစ်မလားဘဲ။
ဘလော့ဂ်ရဲမှူး….. ကျေးဇူးတင်ပါတယ်ဗျိုး။ မြန်မာနိုင်ငံလွတ်လပ်သွားရင် ဘလော့ဂ်ရဲမှူး ကို မူပိုင်ခွင့် ဌာနမှာ အလုပ်ခန့်မှ ဖြစ်မယ်။း-) အသိအမှတ်ပြုပါတယ်ဗျိုး။
ကိုကြီး ပေါ ရေ ညီမတို့ကတော့ ဒီလိုဆိုကြတာ “ မိုးတွေလေတွေ လာပါပေါ့၊ ကဆုန်လပြည့်ကျော်...
ဘိုကေလေးတွေ လာပြန်တော့.....ခုံဖိနပ်နဲ့ဆော်” လို့။ မိုးရွာရင် ခုန်ပေါက်အော်ခဲ့ကြတာ။
အင်း ဒီမိုး ဒီလေတွေကိုတော့ဖြင့် ကြောက်လှတယ်။
မဇနိရေ.... ဘိုကေလေးတွေ လာပြန်တော့က မူရင်း ဖြစ်နိုင်ခြေများပါတယ်။ အပျိုလေးတွေဆိုတာက တယောက်ယောက် ဖျက်ဆိုလိုက်ရာကနေ တွင်သွားဟန်တူပါရဲ့။
ဒီကနေ့ ထပ်ကြားရတဲ့သတင်းတွေအရကတော့ ဒီ စီးပွားပျက်ကပ်ဒဏ်ကို ကျနော်တို့ ကျောကော့အောင် ခံရဦးမယ့်ကိန်းရှိတယ်။
be careful of negative equity. ur hdb value might come down too.
To anonymous..if you can think of it with your "2 cents brain ", so do everybody. Don't worry. :D
မြန်မာပြည်ပြန်ပြီး စာရေးချင် ဘလော့ ရေးချင်တဲ့ ကိုကြီးရေ
အလုပ်လုပ်စရာမလိုပဲ မနှစ် ၂၀ ကျွေးထားမယ်တဲ့
ဘဘသေခါနီးကြီးက။
အရင်ကတည်းက ရန်သူမျိုး ၅ ပါး မက ဒဏ်ခံနေရတဲ့ မြန်မာပြည်ကြီးကတော့ ထူးမခံရပါဘူး
မသေခင် ကပ်ကြီးများမှ အမြန်ဆုံး ကျော်လွှားနိုင်ရပါလို၏ အရှင်ဘုရား။
အနှစ် ၂၀ (သို့) အနှစ် ၆၅
(မတရား ဥပဒေ)
သို့သော်လည်း ဘယ်တော့မှ.......
Post a Comment