ဒီကနေ့မနက် ရုံးအသွားမှာ မိုးက တစိမ့်စိမ့် စွေရွာနေပြန်တယ်။ ညို့မှိုင်းနေတဲ့ ကောင်းကင်နောက်ခံမှာ ရံဖန်ရံခါ ယှက်ဖြာသွားတတ်တဲ့ လျှပ်နွယ်လျှပ်ပန်းတွေကလည်း တလက်လက်။ နောက်ဆက်တွဲ မိုးချုန်းသံကလည်း ဂျိုးတဂျိမ့်ဂျိမ့်။
မြန်မာပြည်မှာတော့ မိုးလေကင်းလွတ်တဲ့ လတန်ဆောင်တိုင်အခါသမယပေါ့။ စင်္ကာပူမှာသာ မိုးက စွေလို့ကောင်းဆဲ။ တခါတလေ….ခရစ်စမတ်လိုရာသီမျိုးမှာ တီဗီက လာနေတဲ့သီချင်းက “Let it snow, let it snow”။ အပြင်မှာတော့ မိုးကတဝေါဝေါနဲ့ ရွာချင်ရင် ရွာနေတတ်တာမျိုး။
မတတ်နိုင်ပါဘူး။ စင်္ကာပူမှာက မိုးရာသီဖြစ်နေပြန်တော့ ရာသီအချိန်ကွာခြားပေမယ့် ဗမာပြည်က မိုးရာသီကိုဘဲ ပိုပြီးသတိရမိတော့တယ်။
ပြာမယောင်ခိုးမင်အသွေးရယ်နဲ့
ဝဠာဘောင်မိုးဆင်လို့ပေးပြန်တော့
ပျိုးပင်လေးတွေက စိမ်းလဲ့ကြည်….တဲ့။
(သော်တာဆွေရဲ့ ကျနော့်ဘ၀ဇာတ်ကြောင်းထဲမှာ ရေးပြတဲ့ ဒဂုန်နတ်သျှင်ရဲ့ ကဗျာအချိုးလေးလေ။ နည်းနည်းလွဲရင် ခွင့်လွှတ်ပါ။)
ကျနော်အလယ်တန်းကျောင်းသားဘ၀က သည်လိုမိုးရာသီမှာ တခြားရွာက အလယ်တန်းကျောင်းကို တကူးတက သွားတက်ရတာကို အမှတ်ရမိတယ်။ ကိုယ့်ရွာမှာက မူလတန်းကျောင်းဘဲ ရှိတာကိုး။ ရွာတရွာကျော်အထိ သွားတက်ရတယ်။
လမ်းမှာ ရိုးကိုလည်း ဖြတ်ရတယ်။ ရေဖွေးဖွေးနဲ့ လယ်ကွင်းတွေကိုလည်း ဖြတ်ကျော်ရတယ်။ ကန်သင်းဘောင်တလျှောက်မှာ ဖိနပ်ကို လက်ကတဖက်ချွတ်ပြီးတော့ကိုင်၊ ထီးနဲ့ ထမင်းဘူးနဲ့ကို ကျန်တဖက်မှာကိုင်၊ မိုးထဲလေထဲမှာ ခြေချော်မလဲအောင် သတိထားပြီး လျှောက်ခဲ့ကြရတာပ။
ပျိုးမနှုတ်ရသေးတဲ့အချိန်ဆိုရင် စောစောက ဒဂုန်နတ်သျှင်ကဗျာထဲကလိုဘဲ လယ်ကွင်းတွေထဲမှာ ပျိုးပင်လေးတွေက တကယ့်ကို စိမ်းလဲ့ကြည်နေတော့တာပေါ့။ လေအနော့မှာ ပျိုးပင်ထိပ်ဖျားချွန်ချွန်လေးတွေက မြကမ္ဗလာမှာ ၀ဲဂယက်ပုံသဏ္ဍာန် ယိမ်းတနွဲ့နွဲ့။ လယ်ကွင်းထဲက ဖြတ်တိုက်လာတဲ့ လတ်ဆတ်တဲ့ လေနုအေးထဲမှာ ရေမှော်နဲ့လိုလို၊ တမန်းနံ့လိုလို ရနံ့တမျိုးကလေးကလည်း ပါသေးတယ်။
ရှစ်တန်းကျောင်းသားဘ၀ရောက်တော့ လူကလည်း ကြီးကောင်နည်းနည်းဝင်စအရွယ်။ ဟိုသည် စိတ်လှုပ်ရှားတဲ့အရွယ်။ သစ်ရွက်ကလေးတွေ လှုပ်တာနဲ့တော့ မရယ်ခဲ့မိပါဘူး။ ဒါပေမယ့် တော်တော်လေးတော့ အရယ်သန်တဲ့ အရွယ်ပေါ့။
အဲသည်အချိန်မှာ သူကလေးကို စ သတိထားမိတာပါဘဲ။ သူကလေးက ကျနော်တို့ ရွာရဲ့တောင်ပိုင်းမှာ ရှိတယ်။ ကျနော်ကျောင်းသွားချိန်ဆို သူ့အိမ်ခြံစည်းရိုး ကျိုးတိုးကျဲတဲ ကြားက ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေတတ်တာကို ကြုံရလေ့ရှိတယ်။
သူကလေးက အရွယ်နဲ့မလိုက်အောင် ဖွံ့ထွားလွန်းတယ်ပြောရမယ်။ ရွာထဲမှာ သူ့ကို မျက်စိကျနေသူ သုံးယောက်လောက်ရှိတယ်လို့ ပြောသံကြားရတယ်။
တညနေ ကျောင်းမှာ အချိန်ပိုသင်ပေးနေလို့ အိမ်ပြန်နောက်ကျတယ်။ ကျနော်က အတူပြန်နေကျ သူငယ်ချင်းတွေထက်တောင် နောက်ကျလို့ နောက်မှာ တယောက်တည်းလျှောက်လာခဲ့တယ်။ ဟော သူကလေးတို့ အိမ်နားရောက်တော့ ထုံးစံအတိုင်း ကျနော်ကလည်း ဘာရယ်မဟုတ် လှည့်ကြည့်မိပြန်တယ်။ မန်ကျည်းပင်အောက် ခြံစည်းရိုးကလေးနားမှာ သူကလေးရပ်လို့။
အဲသည်နေရာလေးက သူကလေးအမြဲရပ်နေကျ နေရာ။ သူ့အိမ်က လူတွေကလည်း သူကလေးကို အိမ်အပြင်ကိုမှ လွတ်လွတ်လပ်လပ် ပေးထွက်ပါလေစ။
သည်တခါမှာလည်း ကျနော့်ကို မျက်လုံးရွဲကြီးတွေနဲ့ စိုက်ကြည့်နေပြန်တယ်။ ဘယ်လိုစိတ်ဆန္ဒက စေ့ဆော်တယ်မသိ။ ကျနော်ဟာ ရွာလမ်းမက ရွှံ့ဗွက်တွေထဲမှာ တစွပ်စွပ် နင်းပြီးလျှောက်နေရာက အဲသည်ခြံစည်းရိုးနားကို အသာချဉ်းကပ်ခဲ့တယ်။ သူကလေးကို မျက်နှာချင်းဆိုင် အနီးကပ် ကြည့်မိတယ်။
သူကလေးရဲ့ မျက်ဝန်းတွေက ရွှန်းရွှန်းစားစား နိုင်လွန်းလှတယ်။ ကျနော်ဟာ ၀ါးခြမ်းပြား ကျိုးတိုးကျဲတဲ ခြံစည်းရိုး ၀င်းထရံကြားကနေ လက်ကို အသာလျှိုပြီး သူကလေးရဲ့ နဖူးလေးကို လက်ချောင်းထိပ်ဖျားလေးတွေနဲ့ အသာအယာတို့ထိမိတယ်။ သူမရဲ့ နဖူးက ချောချောမွေ့မွေ့လေး။ နောက်တော့ နည်းနည်းတဆင့်တက်ပြီး ပါးကလေးကို ကိုင်ကြည့်မိပြန်တယ်။ အဲသည်အခါမှာတော့ သူကလေးက အသံမထွက်ဘဲ တဖက်ကို လှည့်သွားတော့တယ်။ ဒါပါဘဲ။ သည့်ထက်မပိုပါဘူး။ ကျနော်လည်း ခြံစည်းရိုးအပြင်ဘက်မှာ ရပ်နေရာက ခဏနေတော့ အသာလှည့်ထွက်ပြီး အိမ်ပြန်ခဲ့တော့တယ်။
သည်အဖြစ်အပျက်က ကြာတော့ ကြာခဲ့ပါပြီ။ နောက်ပိုင်း ကိုးတန်းဆယ်တန်း ၂ နှစ်ကိုတော့ ကျနော် ရန်ကုန်မှာ ကျောင်းသွားတက်ဖြစ်တယ်။ သူကလေးကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ ဆယ်တန်းဖြေပြီးတဲ့နောက် ရွာကိုပြန်လာတော့ အဲသည်အိမ်နားက စက်ဘီးဖြတ်နင်းသွားရင် တွေ့နေကျနေရာလေးမှာ သူကလေးရှိလေမလားရယ်လို့ လှည့်ကြည့်ဖြစ်သေးတယ်။ ဒါပေမယ့် သူကလေးကို မတွေ့ရတော့ဘူး။
ဘယ်ရောက်သွားသလဲ၊ ဘာဖြစ်သွားသလဲ ဘယ်သူ့ကိုမှ ကျနော်မမေးဖြစ်ခဲ့မိပါဘူး။ သည်အဖြစ်အပျက်ကလေးဟာ သူကလေးနဲ့ ကျနော်အကြားမှာ ဘယ်သူမှမသိဘဲ ဖြစ်ခဲ့တဲ့ အဖြစ်ကလေး။ ကျနော့်ရင်ထဲမှာ ကာလရှည်ကြာစွာ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောဘဲ တိတ်တဆိတ် သိမ်းဆည်းထားခဲ့တဲ့ အဖြစ်အပျက်ကလေး။
သြော်…..အခုဆိုရင် သူကလေးတောင် လောကကြီးမှာ ရှိချင်မှ ရှိတော့မှာပါ။ သို့သော် ကျနော့်မှာတော့ အခုလို မိုးကလေးညို့တဲ့အခါမျိုးမှာ ငယ်ငယ်က အဲသည်အဖြစ်အပျက်ကလေးနဲ့တကွ သူကလေးကို တခါတရံ အောက်မေ့သတိရမိပါတယ်။
ငယ်ငယ်က ကျောင်းသွားလမ်းဘေးရှိ အိမ်တအိမ်က မန်ကျည်းပင်အောက် ချည်တိုင်တွင် တွေ့ရလေ့ရှိသော၊ ၀ယ်ယူချင်လွန်း၍ ရွာထဲကလူတွေ မျက်စိကျနေခဲ့ကြသော နွားနီမ ဖွံ့ဖွံ့ထွားထွား ချောချောလှလှလေးသို့ အမှတ်တရ…

24 comments:
ကောင်မလေးမဟုတ်လောက်ဘူးတော့ အထင်သား…
နို့ မို့  နဖူးလေးသွားပွတ်ရင် ခုချိန်ဆို ကိုပေါနဖူးမှာ ခြံစည်းရိုးက ဒုတ်ခညောင်းနဲ့  အရိုက်ခံထားရတဲ့ အမာရွတ်လေး ရှိနေမှာပေါ့…
ကိုပေါပြုသမျှနုနေတယ်ဆိုတော့ မှန်းလိုက်တာ ကြောင်လေးလားလို့ …
နဲနဲပဲ လွဲသွားတယ်…
ကိုပေါရေ… ဒီမှာ မိုးတွေညိုရင် ကျွန်မက စိတ်ညစ်တယ်… လမ်းတွေပိတ်လွန်းလို့ လေ…
ရွာတဲ့မိုးကလဲ ရုံးဆင်းရုံးတက်ချိန် အချိန်ကိုက်…
ကိုယ့်မြေကိုယ့်ရေကိုယ့်မိုးပဲကောင်းတယ်နော်…
လူနောက်ဂျီး...
း)
အော်.. ဘာလဲပေါ့ ဖတ်နေတာ..မဒမ်ပေါကို အသိပေးရေးတာများလားပေါ့လေ...
ကိုပေါတို့ ရေးချက်ကတော့နော်...ဟမ်းးးးးးး
ခင်မင်စွာဖြင့်
ခင်မင်းဇော်
Ha ha ha... that's why I was thinking why she never slap you!
Yeh! This few days, keep raining like even dun wanna wake up for work in the morning.....
သူမရဲ့ နဖူးက ချောချောမွေ့မွေ့လေး။
I like it too much. love it.
ကွန်ပျူတာ နဲ့ ခံရပြီးကထဲက သတိထားဖတ်နေတာ။ တစ်ချက်တစ်ချက် အမိ ခံလိုက်ရသေးတယ်။
မျက်လုံးရွဲ ကြီး နဲ့ ဖွံ့ ထွားကြီး ဆိုတော့..
မယ်လမင်းပါတယ်.. နွားနီနို့မှုန့်တွေက ... သတိထား...
တတ်လ တတ်နိုင်တဲ့သူ... ဟွန်း...
ကိုယ်ဖေါ်တဲ့ ဖေါ်မြူလာကို ကိုယ်တိုင် စမ်းသုံးလို့ အောင်မြင် အဆင်ပြေမှ သူများကို သုံးခိုင်းပါ...။
ပုံ/
စားသုံးသူ
E pipe
e.ပိုက် ပိတ်သွားပြန်ပြီ လို့အင်ဂျင်နီယာ က တင်ပြ လာတာနဲ့ခေါင်း ခြောက် သွားတယ်။ e တုံး ကဘဲ ကြီးလေ သလား။ တစ်ရှူးစက္ကူတွေ ကဘဲ ပိတ်လေ သလား။ အကြံ မရတာနဲ့ ရွှန်းမီပြောတဲ့ Heart museum ကလဲ ထောက်ခံထားတဲ့ MR MUSCLE DRAIN DECLOGGER ကို NTUC မှာ မိုးထဲ လေထဲ သွားဝယ်။ တစ်နာရီလောက် ထာြး့ပီး စုပ်ခွက်နဲ့တွနးချ တော့ ရေ ဆင်းသွားတယ်။ ဒါပေမဲ့ နှေးသေးတယ်။
စိတ် မချသေးတာနဲ့ byakga အကြံပေးထားတဲ့အတိုင်း ကိုကာကိုလာ တပုလင်းကို ထည့်လိုက်တယ်။ ခဏနေတော့ sprite တဗူးကို ထည့်ပြန် တယ်။ ကိုပေါ ညွန်ကြားတဲ့ အတိုင်း mentos သုံ့းပြား (သူကတော့ တပြားနှစ်ပြားလို့ဘဲ ပြောပါတယ်။ အမှန် က သူက Boyz ကို အကြံပြူတာကို ကိုယ်က လိုသလို အသုံြး့ပူ ) ကို ထည့်လိုက်တယ်။ sprite တွေ ဆူသွားတယ်။ sprite သူံ့းဗူး ထည့်လိုက်တယ်။ ရေနွေးတွေလည်း ကြိုပြီး ငါးဗူးလောက် လောင်းလိုက်တယ် ။ စပရိုက် ၇ ဗူးနဲ့ ကိုကာကို လာ တဗူးပို နေ တာကိုတော့ ကိုယ်ဘဲ သောက်တော့ မယ်။ အခု အိုကေ သွားပါပြီ။ အားလုံး ကို ကျေးဇူးတင် ရှိပါကြောင်း။
အင်းးးးးးးးး
ခုတော့ ကျမ သိပြီ
နွားနို့ သောက်လို့
ကိုပေါ ဝသည်။
:)
နဖူးတွေ ပါးတွေ သွားကိုင်ကတည်းက နွားပဲ လို့ ထင်လိုက်ပြီးသားပါ။
ဘယ်ရမလဲ။ သံရုံး ကဗျာမှာ တခါခံပြီးကတည်းက မှတ်သွားပြီ။ :))
တန်ခူး….. ဟားဟား ဒီတခါတော့ နပ်သွားပြီပေါ့။ နေဦး။ တန်ခူးအသုံးအနှုန်းထဲမှာ ဒေသအလိုက် ကွဲပြားနေတဲ့ အသုံးတခုကို သွားတွေ့တယ်။ ဒုတ်ခညောင်း ဆိုတာလေ။ ကျနော်တို့ဘက်မှာ ဒုတ်ခနောင်း လို့ ခေါ်တယ်။
ကို(မ)ဇနိ….. ကိုဇနိကို အားကျလို့ အတည်ပေါက်နောက်ကြည့်တာပါ။
မခင်မင်းဇော်…… ဘယ်ဖြစ်မလဲဂျ။ မိုးမီးလောင်သွားမှာပေါ့။
Shin…….ရှင်ရယ်….ကိုပေါရဲ့ ပါးနုနုထွတ်ထွတ်လေးကိုများ ဘယ်ရိုက်ရက်ကြပါ့မလဲ ရှင်ရယ်…။ မနက်စောစောမချင်တာတော့ တူသဗျိုး။
Trh…… သူမရဲ့ နှုတ်ခမ်းလေးကလည်း ဖူးဖူးလေးနဲ့ ရွှန်းစိုနေတယ်။ သွားရည်တွေနဲ့လိမ်းကျံပြီးတော့လေ။
အမည်မသိ….. I like it too much. Love it. ဆိုတော့……ဒို့ရဲ့စာကို မင်းခင်တွယ်တာလား။ ဒို့စာထဲမှာပါတဲ့ နွားမလေးကို မင်းခင်တွယ်တာလား….. ကွဲပြားခြားနားတဲ့ အဖြေကို ရောနှောမပစ်လိုက်နဲ့…..။ အသေအချာ..ဝေဖန် စဉ်းစားဆုံးဖြတ်ဦး…..မသေမချာတွေဝေကာ…ရောရောထွေးထွေးလာမချစ်နဲ့ကွာ…နောက်တော့မှတို့ကိုဆွေးရအောင်….ယာယီလာမချစ်နဲ့ကွယ်….ကြိုတင်သတိပေးထားမယ်။ (ဟေမာနေ၀င်း သီချင်းဖြစ်ပါသည်။) နောက်တာပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။
ကမောင်ရင်…. ခဲမှန်ဘူးတဲ့ စာသူငယ်လေးလိုပေါ့။ အဟဲ… ကာလသားကြိုက်နည်းနည်းထည့်လိုက်တာလေ။
ကိုဘွိုင်းဇ်…… အဲဒါ ဗမာပြည်က နွားနို့။ ပရိုတိန်း အပြည့်ပါတယ်။ မယ်လမင်းမပါ။
ဖေါ်မြူလာနဲ့ ပတ်သက်လို့တော့ စားသုံးသူလက်ကို ပို့ချင်ဇောကြီးသွားလို့ပါဂျာ။ အဆင်မပြေဖြစ်ခဲ့ရင် စားသုံးသူကို တောင်းပန်ပါတယ်။
မခင်ဦးမေ….. ကိုဘွိုက်ဇ်ပို့စ်မှာ ကျနော်ရေးခဲ့တဲ့ ပရိုဆီဂျာမှာ နောက်ဆုံးတချက်ကျန်ခဲ့တယ်။ တကယ်လို့ သုံးပြီးလို့ ဘူးထဲမှာ ကိုကာကိုလာလက်ကျန် ကျန်သေးတယ်ဆိုရင် စိတ်ချလက်ချ သောက်သုံးနိုင်ပါကြောင်း။
ရွှေထုပ်လေး…. ကောက်ချက်ဆွဲတာ တယ်တော်ပါလားဟင်။
မမိုးချိုသင်း….. ဟဲဟဲ။ နောက်တော့ ကျနော်အတည်ပေါက်ရေးရင်တောင် လူတွေက သံသယနဲ့ ဖတ်တော့မှာ သေချာတယ်။ ကျားကျားဆိုတော့ မပြေးကြတော့ဘူးပေါ့။
ကိုပေါနော်...
ကျွန်တော်တော့...
ကွန်ပျူတာ နဲ့ ခံရပြီးကထဲက သတိထားဖတ်နေတာ။
ထင်တဲ့အတိုင်းဘဲ..
မဒမ်ပေါများလားလို့...ဟိ..
မဒမ်ပေါ မဟုတ်ဘဲနွားမကြီးဖြစ်နေတယ်....ခွိခွိ.. :D
မှားစရာရှားလို့ ကိုရွှေအောင်ရယ်…..ကျနော့်မဒမ်ပေါက အဲသည်ထက် ချောပါတယ်ဗျ…ငှဲငှဲ။
သြော်.........................
နွားကိုပြောနေတာကိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လူဆိုးးးးးးးးးးးးးးးးးးး
စင်ဒန်လား….ကျည်းကန်ရှင်ကြီးရေးတဲ့ နွားမေတ္တာစာ ဆိုတာ ဒါမျိုးတော့ ဟုတ်ဘူးထင်ရဲ့။
ဒီတခါတော့ မရတော့ဘူး။ နပ်သွားပြီ။ လူမဟုတ်မှန်း စ ဖတ်ထဲက သိတယ်။ အစက ခွေးထင်တာ။ ဟိ
You do have a great sense of humour which would help you to make your life a lot easier especially when you feel down. By the way, I like your recent comment on jealousy at we she me . We ,human at some points in life are jealous of somebody. It's much easier said than done not to have it.To me, I do not want to be jealous of somebody . I would rather like somebody who is jealous of me.Contentment plays a big role to control that kind of feeling. Again, it's not easy.
kom: khin oo may said...Boyz's က live လွှင့်တော့မယ် ဆိုဘဲ။ procedure ကို demonstrate နဲ့တူတယ်။ အမလေး
ကိုပေါရဲ့ငယ်ကျွမ်းဆွေလားလို့..
နောက်တော့ နွားမလေးဖြစ်သွားတာကိုး..
နှစ်ခါခံထားရတောင်မမှတ်သေးဘူး..
လူနောက်ဂျီး...
ဟိုနေ့က ဖတ်ပြီး မှတ်ချက်ပေးဖို့ မေ့သွားလို့ဗျ။
စဖတ်ကတည်းက သိတယ် နွားမလေး ဖြစ်တော့မယ်လို့။
မခံလိုက်ရဘူး။ ဒါပဲ။ ဟဲဟဲ။
ကိုပေါရယ် ရက်စက်ပါ့..
မဟန်သူက ဒီပို့စ်ရေးတာ သဘောတူရှာတယ်ဆိုပြီးတွေးတုန်း...
ဗြုန်းဆို ကောင်မလေးမဟုတ်ပဲ နွားမလေးဖြစ်နေတယ်။ ဟဲဟဲ။
s0wha1..... ကိန်။
Anonymous..... Thanks. I noticed one of my colleagues can take his unfortunate incidents with a great sense of humor. He is leading a happier life than me. I am always envious of him.
မခင်ဦးမေ.....ဘုရား...ဘုရား။
KK......ဒီတံတားလေးပေါ်မှာ...ပျော်ပါးဆော့ကစားခဲ့တာတွေ...မှတ်မိပါတယ်....အတူးရေ...မှတ်မိပါတယ် အသက်ရေ.....ငယ်ကကျွမ်းတဲ့...ငယ်ကျွမ်း..ငှမ်းငှမ်း....ငှမ်းဆွေ....
ဒေါ်ကြီးပန်..... ဒေါ်ကြီးပန်မှ မသိရင် အဘယ်လူ သိနိုင်အံ့နည်း။
ငြိမ်း.... နွားမလေးမို့ မဒမ်ပေါက ခွင့်လွှတ်လိုက်ပါတယ်..တဲ့။
ကိုကိုပေါ
တယ်နောက် တာကို......
အဟုတ်မှတ်လို့ ဖတ်နေတာဗျာ...
ဟာ ဟား ရယ် တယ်...
Post a Comment