ကောက်စိုက်မ နဲ့ ပြိုင်ဘီး

(အရင်နှစ် ဖေဖေါ်ဝါရီလထဲက တင်ခဲ့ဖူးတဲ့ ပို့စ်တပုဒ်ကို နည်းနည်း ပြင်ရေးပြီး ပြန်တင်လိုက်ပါတယ်။)

ရန်ကုန်မပြန်ခင်တရက်မှာ ကျနော့် ဇာတိရွာကလေးကို အလွမ်းပြေ တခေါက်လောက် သွားလည်ဘို့ ပြင်ရတယ်။ ရွာကို စက်ဘီးနဲ့ သွားမယ်ဆိုရင် ငါးနာရီလောက်ကြာတယ်။ အိမ်က စက်ဘီးတွေကလည်း ကျောင်းဖွင့်ရက်ဆိုတော့ တစီးမှ မအားဘူး။ ဒါနဲ့ ယောက်ဖ၀မ်းကွဲရဲ့ ပြိုင်ဘီးလေးကို ခဏငှားစီးရတယ်။

လယ်ကိုင်းဖက်ကို သွားတဲ့ ကားလမ်းမကြီးအတိုင်းထွက်။ ရေပေးမြောင်းမကြီးကိုရောက်တဲ့အခါ ဖြောင့်ဖြူးနေတဲ့ မြောင်းဘောင်လမ်းပေါ်ကို အသာချိုးကွေ့လိုက်ပြီး ကျောင်းတော်ရာဘုရားရှိတဲ့ဖက်ဆီကို ဦးတည်လို့ ခပ်သွက်သွက် စနင်းလိုက်တယ်။

အဲသည်အခါကျမှ ပြိုင်ဘီးလေးရဲ့ အရသာကို သိတော့တာပဲ။ အဲဒီအချိန်မတိုင်မီက ကျနော်တခါမှ ပြိုင်ဘီးမစီးဖူးပါဘူး။ ရန်ကုန်မှာ သူများတွေ စီးနေတာတော့ တွေ့မိသားပေါ့။ ပြိုင်ဘီးဆိုတာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် စက်ဘီးကလေးပါကလား။ ကုန်းတက်ဆိုရင် ဂီယာတမျိုး၊ မြေညီဆိုရင် ဂီယာတမျိုး။ သက်တောင့်သက်သာ ရှိလှပါတကား။ ခါးကို ထောင့်ချိုးကွေးထားတာမို့ လေရဲ့ ခုခံတားဆီးမှုကို သိပ်မခံစားရ။ ရှေ့တူရူက တိုက်ခတ်လာတဲ့ လေဆန်ကို ပူစရာမလို။

ဒီလိုနဲ့ ပြိုင်ဘီးလေးနင်းရတဲ့ အရသာကို ကြည်နူးရင်း ကုက္ကိုပင်၊ မယ်ဇလီပင်၊ ထနောင်းပင်၊ ညောင်ပင်တွေ အစီအရီပေါက်နေတဲ့ ရေမြောင်းတလျှောက် နင်းလာလိုက်တာ “၀ဲဒေါင့်” ဆိုတဲ့ ရွာနားရောက်တော့ အရှိန်ကို နည်းနည်းလျှော့ချလိုက်ရတယ်။ ရေမြောင်းဘေးကပ်လျက် ညောင်ပင်ရိပ်အောက်မှာ ကောက်စိုက်သမတွေ ထိုင်နေကြလို့ပါ။ သူတို့လူအုပ်က အတော်တောင့်တော့ စက်ဘီးသွားလမ်းပေါ်ကိုတောင် လူတွေ ရောက်နေတယ်။

ကျနော်စက်ဘီးနင်းလာတာ မြင်တာနဲ့ ချက်ချင်းဆိုသလို သူတို့အားလုံးရဲ့ အာရုံတွေဟာ ကျနော့်အပေါ်ကို စုပြုံကျရောက်သွားပြီး နီးလာတာနဲ့အမျှ သူတို့အချင်းချင်း ပြောကြတဲ့ စကားသံတွေကိုလည်း တဖြည်းဖြည်းနဲ့ စပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ သူတို့ကလည်း တိုးတိုးသက်သာ ပြောကြတာမျိုးမဟုတ်။ ကျနော်မကြားကြားအောင် တမင် အသံကိုမြှင့်ပြီး အော်ကြီးဟစ်ကျယ် ပြောနေကြတာမျိုး။

“ကြည့်စမ်းပါဦးဟယ်။ ကိုယ့်ဒုက္ခကိုယ်ရှာလို့”

“အေးလေ… ကုန်းကုန်းကွကွကြီး စီးရတယ်လို့။”

“အဲဒီလိုစီးလိုက်တာနဲ့ သူ့ကိုယ်သူ ရုပ်ရှင်မင်းသားနဲ့တူသွားရော မှတ်နေသလားမသိ”

“ငါတော့…. ကြည့်လို့ကို မရဘူး။ ဘာစိတ်ကူးနဲ့များ ဒီစက်ဘီးမျိုး စီးချင်ရလဲမသိဘူး”

“သောက်ရူးထတာပေါ့အေ....”


တယောက်တပေါက် ပြောနေကြတဲ့ အဲဒီအသံတွေကို မသိကျိုးကျင်ပြုပြီး သူတို့အနားက အမြန် ကျော်ဖြတ်ဖို့ ကြိုးစားရတယ်။ စက်ဘီးလမ်းပေါ်ထိုင်နေတဲ့ သူတို့နဲ့ လွတ်အောင် လမ်းနည်းနည်းကြမ်းတဲ့ဘက်က ကွေ့ဝိုက် ရှောင်ပြီး နင်းလိုက်တယ်။ ကံဆိုးချင်တော့ အဲသည်မှာ ညောင်မြစ်ကို တက်နင်းမိတာပါဘဲ။

စက်ဘီးတော့ လဲကျမသွားပါဘူး။ ဒါပေမယ့် ညောင်မြစ်က ကန့်လန့်ခံနေတာဆိုတော့ ရေပိုက်လုံးပေါ် တက်နင်းမိသလို ရှေ့ဘီးနဲ့ နောက်ဘီး တချက်ချင်းစီ ဒုတ်ကနဲ၊ ဒုတ်ကနဲ ခုန်ပြီး လမ်းပေါ်ကို အရှိန်နဲ့ ပြန်ကျတာလောက်ပါပဲ။

ဒါပေမယ့် အဲဒီအချိန်မှာ ကောက်စိုက်မ အုပ်စုဆီက သံပြိုင်နီးပါး ထွက်ပေါ်လာတဲ့ အသံတွေကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။

ကောင်းတယ်၊ ၀မ်းသာတယ်၊ လုံးဝ မသနားဘူး။”………..တဲ့။
Read more

ရာဇဝင်ထဲမှာ သူတို့ကို ထားရစ်ခဲ့

အခုတလော မိုးမခ ဘလော့ဂ်မှာ သွားဖတ်ရင်း ကုသိုလ်ပွားနိုင်တဲ့ ဓါတ်ပုံလေးတွေ အမှတ်ထင်ထင် တွေ့တွေ့နေရတယ်။ မိတ်ဆွေတို့လည်း ကုသိုလ်ဘာဝနာ ပွားများနိုင်အောင် ထပ်မံ မျှဝေလိုက်ပါတယ်။

(၁) လေဘာတီ မမြင်ရင် သီချင်းကို ဆိုနေမိတယ်...


(ဓာတ်ပုံ - getty images)

သေနိုင်ပါရိုးလား... လေဘာတီရယ်... ပေတရာဆီလျှောက်ပါလို့... မြင်သလောက် ပြလိုက်ချင်ပါသည်....” (ဒီသီချင်းကို ညီလင်းဆက်က သူ့ဘလော့ဂ်မှာ ဖော်ပြခဲ့ဖူးပါတယ်။)

အပေါ်ပုံက ကျနော်တို့ရဲ့ တိုင်းပြည်အုပ်ရှောင်.... အဲလေ.....ဥသျှောင် တိုင်းပြည်အကြီးအကဲလုပ်တဲ့ လူကြီးနဲ့ သူ့ရဲ့ ဦးဆောက်ပန်း မိဖုရားခေါင်ကြီး တြိလောကကြံသကာဒေဝီ ဒေါ်ကြိုင်ကြိုင်တို့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတဲ့ ဓါတ်ပုံပါတဲ့။ အင်း.... ဘာပဲဖြစ်ဖြစ် ခုလို ကုသိုလ်ကောင်းမှုပြုပုံမျိုးနဲ့ဆိုရင်တော့ ဟိုးအောက်ဆုံးထပ်မှာ ဂျိုးကပ်မယ့်အရေးကနေ အပေါ်ကပ်လျက် တထပ်ဆီကို ပြန်တက်ကောင်း တက်လာနိုင်ပါသေးတယ်။ “....ခင်ညာ...ကျနော် ဘာပြောမိလို့လဲ...” ။ စတုမဟာရာဇ်မှာ ဂျိုးကပ်မယ့်အရေးကနေ တာဝတိံသာကို တဆင့်ပြန်တက်သွားမှာလို့ ပြောချင်တာပါ။ တလွဲတွေ လျှောက်လျှောက် မတွေးကြစမ်းပါနဲ့ဗျာ။

(၂) ချာလီရဲ့ နတ်မိမယ်များ

နောက်ထပ် ဓါတ်ပုံတပုံကတော့ ချာလီရဲ့ နတ်မိမယ်များ (Charlie's angels)ဖြစ်ပါသတဲ့။ အပေါ်က ဘုရားဒကာကြီး လက်ချက်ကြောင့် ဒုက္ခအတိရောက်နေတဲ့ မြန်မာပြည်ကြီးကို ကယ်တင်ဖို့ လွှတ်လိုက်တဲ့ ချာလီရဲ့ နတ်မိမယ်သုံးယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာတော့ အဲဒီနတ်သမီးတွေ ဘယ်ဘုံဗိမာန်မှာ သွားပြီး စံစားနေကြသလဲတော့မသိပါဘူး။ အခု နတ်စည်ရွမ်းလိုက်သလို ရွေးကောက်ပွဲဆိုတဲ့ အသံကြားမှ ဘွားကနဲ ကိုယ်ထင် ထ ပြလိုက်ကြတာ.... စင်္ကာပူမှာ ငိုက်မျဉ်းနေတဲ့ မြန်မာဘလော့ဂါတောင် ရုတ်တရက် လိပ်ပြာလွင့်မတတ် လန့်ဖျတ်သွားမိပါတယ်။


ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး)၊ ဒေါ်နေရီဗဆွေ၊ (၀န်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး)၊ ဒေါ်မြသန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး) တို့ ဖြစ်သည်။ [ဓာတ်ပုံ - Jack Davies]

ချာလီသုဝေရဲ့ပုံကိုတော့ အများမြင်ဖူးကြမယ်ထင်လို့ တင်မပေးတော့ပါဘူး။ မိုးမခမှာ ဖတ်ရတဲ့သတင်းအရဆိုရင် ဘိလပ်က ဂါးဒီးယန်း သတင်းစာကြီးက အဲဒီသူတို့ဓါတ်ပုံကို ဖော်ပြပြီး “နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာပြည်မှ အမျိုးသမီး ၃ ဦး” လို့ ခေါင်းစဉ်တပ်ထားသတဲ့။ ရှက်ဖွယ်စလိ။

“တလောကလုံးက ပြောနေပြီ...
မင်းကိုလေ... မခံချင်ဘူး.... ကိုယ်ဘယ်လို ပြောလိုက်ရမှာလဲ.....”း-)

(၃) ရာဇဝင်ထဲက မိန်းမသား



အပေါ်က ဓါတ်ပုံထဲက ခန့်ခန့်ထည်ထည်ကြီးဟာ “ရာဝင်အိုးထဲက အဲလေ... ရာဇဝင်ထဲက မိန်းမသား” ကိုရေးသားတဲ့ ဒေါက်တာမတင်ဝင်းပါတဲ့။ တိုက်တိုက်ဆိုင်ဆိုင် နာမည်ကျော် “ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ဝတ္ထုတိုကိုရေးတဲ့ ဆရာမ ဂျူးရဲ့နာမည်ကလည်း ဒေါက်တာ တင်တင်ဝင်း လို့ မှတ်သားဖူးပါတယ်။

ရာဇဝင်ထဲမှာ ဒေါက်တာ မတင်ဝင်းကို မထားခဲ့ကြပါနဲ့။ အလေးခံပြီး သယ်ကြသေးတာပေါ့။ ကျနော်တို့ ကျောင်းသားဘဝက မဂ္ဂဇင်းတွေထဲမှာ ဒေါက်တာမတင်ဝင်းကြီးက ရာဇဝင်ထဲက မိန်းမသား ကို အခန်းဆက်ဆောင်းပါးတွေ ရေးနေတုန်း... တစ်လမှာ နရသီဟပတေ့မင်းရဲ့ မိဖုရားငယ်တပါးဖြစ်တဲ့ စောလုံ အကြောင်းကို ရေးတဲ့အခါ စောလုံနာမည်ကို မသိရှာတဲ့ အလျောက်.... “အမည် မထင်ရှားတဲ့ မိဖုရားငယ်တပါး” လို့ ရမ်းတုပ်လိုက်တယ်။ အဲဒါကို အခြားစာရေးဆရာတယောက်က အဲဒီ မိဖုရားနာမည်ဟာ မထင်မရှားမဟုတ်၊ စောလုံ ဖြစ်တယ်လို့ သွားထောက်ပြမိတဲ့အတွက် ရာဇဝင်ထဲက မိန်းမသားတယောက်ဖြစ်တဲ့ ဒေါက်တာမတင်ဝင်းကြီးလည်း ပညာရှိပီသစွာ ယမ်းပုံမီးကျ တားမရ ဆီးမနိုင် (ဆီးမနိုင်ဆိုလို့ ရှူးရှူးတွေထွက်ကျကုန်တယ်လို့ မထင်ပါနဲ့) ဒေါသအဖြိုင်ဖြိုင် ပွင့်ထွက်တာကို မဂ္ဂဇင်းပေါ်မှာ ဖတ်လိုက်ရသေးတယ်။ ထိုင်းနဲ့မြန်မာ ဆက်ဆံရေးမပြေလည်တဲ့အချိန်တုန်းက သတင်းစာထဲမှာရေးတဲ့ သူ့ဆောင်းပါးတွေကို ကျနော်က နိုင်ငံခြားမှာ ရောက်နေလို့ မဖတ်လိုက်ရတာ နာတာပဲ။ သတင်းတော့ တော်တော်မွှေးပါတယ်။

ဖြစ်နိုင်လို့ရှိရင် သူတို့အားလုံးကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့ချင်ပါရဲ့။
Read more

နားဝင်ပီယံ သူ့အသံ

ဟောဒီမှာ အသံဖိုင်လေးတဖိုင်။ အလွန်ဆုံး မိနစ်ဝက် (၃၂ စက္ကန့်)စာပဲ ကြာတာပါ။ မဖြစ်မနေ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

အဲဒီ အသံဖိုင်ထဲက ပီယဝါစာ ချစ်ဖွယ်သောစကားလေးကို ပြောဆိုနေတဲ့ အသံပိုင်ရှင်လေးဟာ ဘယ်ဒူ ဖြစ်မလဲဆိုတာ ပရိသတ်ကြီး ကိုယ့်ဘာသာပဲ ခန့်မှန်းကြည့်ကြပါ။ အနော် ကတော့ ထုတ် မပြောဝံ့ဘူးနော်။ သားသားကြောက်ကြောက်။ (အင်း ထုတ် မပြောဘူးလို့ ရည်ရွယ်ပေမယ့် ပရိသတ်အချို့ အတွေးချော်ပြီး လင်မယားရန်ဖြစ်တာလို့ ထင်နေပုံရတဲ့အလျောက် အောက်မှာ ဖြည့်စွက်ချက် ထပ် ထည့်ပေးလိုက်ပါတယ်။ သားသား ညစ်ညစ်။)



အပေါ်မှာ နားထောင်မရခဲ့ရင်... အောက်က ပလေယာ မှာ နားထောင်ကြည့်ပါ။



(ဘလော့ဂ်ပေါ်မှာ နားဆင်ရတာ အဆင်မပြေသူများ ...ဒီလင့်ခ်... မှာ အသံဖိုင်ကို ဒေါင်းလုပ် ယူလို့ရပါတယ်။ အဲဒီမှာ မရရင် မီဒီယာဖိုင်ယားမှာ တင်ထားပါတယ်။ ဒီမှာ ဒေါင်းလုပ်ကြည့်ပါ။ Bandwidth နည်းတဲ့အတွက် တခါတရံ နားဆင်မရရင် ခွင့်လွှတ်ပါ။)

နောက်ခံဘက်ဂရောင်းမှာ ပါတဲ့ ယောက်ျားသံကတော့ (စိတ်ထဲက မခံချိမခံသာ ဒေါသထွက်နေပုံရပေမယ့်လည်း) ပါးစပ်ကတော့ မတတ်သာတဲ့အလျောက် တောင်းပန်တိုးလျှိုး အောက်ကျို့ပြီး ပြေလည်ရာ ပြေလည်ကြောင်း ပြောနေရရှာတာကို ဘဝတူချင်း ကိုယ်ချင်းစာမိပါတယ်။

နောက်တခါ ပြည်သူ့ဂုဏ်ရည်ဆုပေးကြရင် အဲသည် ချိုသာသော အသံပိုင်ရှင်ကလေးကိုလည်း ပြည်သူ့ဂုဏ်ရည် စာရင်းမှာ ထည့်သွင်းစဉ်းစားပေးစေလိုပါတယ်ဗျာ။

အေးလေ.... သူ့ခမြာ အလုပ်တွေများလို့ စိတ်တိုနေရှာတာကို ရှင်တို့ကလဲ ... အဲလေ... ခင်ညားတို့ကလဲ နားလည်ပေးလိုက်ကြပါ။ ရှင်တို့နော်...ရှင်တို့....။ အင်း....ရှင်တို့နဲ့တော့ ခက်သေးတယ်။

ဖြည့်စွက်ချက်။............။ ချိုသာကြည်မြသော အသံရှင်ဟာ စင်္ကာပူမှာ မြန်မာလူမျိုးမှန်ရင် ခွင့် တကူးတက ယူပြီး မိမိဆန္ဒအလျောက် (သွားချင်လွန်းလို့) သွားရောက် စုဝေးတတ်ကြတဲ့၊ မိမိရဲ့ တနှစ်စာ စုဆောင်းထားသမျှ ချွေးနည်းစာထဲက အိတ်ထဲမှာ ပြောင်သလောက်နီးပါးကို (လှူချင်လွန်းလို့ လျှောက်လွှာရေးတင်ကာ) အလှူဒါနပြုလိုက်ကြရပြီးတဲ့နောက် တနေကုန်တနေခန်း ထိုင်စောင့်ကြရင်းနဲ့ မေတ္တာဘာဝနာများ ပွားများလေ့ရှိကြတဲ့ မကင်းရာ မကင်းကြောင်း ရုံးတခုရဲ့ ကောင်တာမှာ တာဝန်ယူရတဲ့ မမ ပါတဲ့။ ယောက်ျားသံကတော့ မြန်မာပြည်သူတဦးပါ။ သူ့အဆိုအရ အရင်နေ့က သူ့ကို အခြား ဝန်ထမ်းတယောက်က နောက်တနေ့ညနေ ပြန်လာဖို့ ချိန်းလိုက်တဲ့အတွက် လာတာဖြစ်ပါသတဲ့။ ဒါပေမယ့် မမလေးရဲ့ အဆိုအရ... ဖောင်တွေ ထပ်ရတာက မနက်ပိုင်းထပ်ရပြီး ညနေဖက်မှာ မနက်က ဖောင်ထပ်တဲ့ထားလူတွေကို ပြန်ပေးတာပါတဲ့။ ဒါပေမယ့် ဟိုလူက အရင်နေ့က ညနေပိုင်းလာခဲ့ဆိုလို့ အခုလို လာရတာဖြစ်တဲ့အကြောင်း၊ သူ့မှာလည်း အလုပ်တွေ ရှုပ်နေတဲ့အတွက် နောက်နေ့တွေမှာ ခွင့်ထပ်ယူပြီး လာဖို့ အခက်အခဲရှိကြောင်း၊ ဒါကြောင့်မို့ ဒီနေ့မှာ ဖောင်ကလေးကို လက်ခံပေးဖို့ တောင်းပန်တိုးလျှိုးတဲ့အတွက် အထက်ပါအတိုင်း အကောခံလိုက်ရခြင်း ဖြစ်ပါသတဲ့။

အဲသည်လို အားပါးတရ ကောပြီးတဲ့အခါ တံခါးဝနားမှာ စောင့်လေ့ရှိတဲ့ လုံခြုံရေးအဖိုးကြီးကို ခေါ်ပြီး အဲဒီလူကို ဆွဲထုတ်ခိုင်းတယ်လို့ သိရပါတယ်။ ပါးစပ်ကလည်း “This one. This one. Pull out!" လို့ အော်ပါသေးသတဲ့။

ကဲ.... ဒီလောက်ရှင်းပြရင် ရှင်တို့ အားလုံးဇာတ်ရည်လည်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်တို့နော်...ရှင်တို့....ရှင်တို့နဲ့ခက်တယ်...ဟွန်း။ ဒုံး။


(အသံဖိုင်ထဲက အသံတွေကို နားထောင်ပြီးတဲ့အခါ ကြားရတဲ့အတိုင်း စကားလုံးအတိအကျနဲ့ ကွန်မင့်ကဏ္ဍမှာ Transcripts သဘောမျိုး ပြန်ရေးပေးနိုင်ခဲ့ရင် ကျေးဇူးတင်မှာ ဖြစ်ပါကြောင်း။)
Read more

ကိုပေါ နဲ့ မဒမ်ပေါ (အသွင်တူ၏ မတူ၏)

တနေ့သ၌ ကျွန်ုပ်သည် အချိန်များ ဖြုန်းတီး၍ မကုန်အောင် ပိုလျှံနေသဖြင့် အကျင့်ပါနေသည့်အတိုင်း ဘလော့ဂ်များကို လှည့်လည်ဖတ်ရှုရာ သက်ဝေ ဆိုသူ၏ ဘလော့ဂ်တွင် ကျွန်ုပ်အား “အသွင်တူ၏ မတူ၏” ဟူသည့်ခေါင်းစဉ်ဖြင့် ပို့စ်တပုဒ်ရေးသားပေးရန် တိုက်တွန်းထားသည်ကို တွေ့ရသည့်အခါ သက်ဝေအား ခင်မင်သည့်အလျောက် သူ၏ တိုက်တွန်းချက်ကို လက်ခံကာ ဤဇဗ္ဗူဒိပ်ကျွန်းတွင် စံပြလင်မယား ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော ကျွန်ုပ်နှင့် မဒမ်ပေါတည်းဟူသည့် လင်မယားအကြောင်းကို နောင်လာနောက်သားများ အတုယူစိမ့်သောငှာ ကျားကုတ်ကျားခဲ၊ မဆုတ်မနစ်သော လုံလဥဿဟကို ထုတ်၍ ရေးသားလိုက်ပါသည်။ နည်းနမူနာယူကာ အတုယူမှတ်သားကြပါကုန်။

အင်း… နိဒါန်းနဲ့တင် ခဲတွေ၊ ပြောင်းဖူးရိုးတွေ ဝင်လာတော့မယ်။ ရီတာပြောသလို လူချစ်လူခင်များစေတဲ့ ဂါထာဆိုတာ ဒါမျိုးပဲဖြစ်ရမယ်။

နောက်တာပါဗျာ။ သူများတွေ မသိသေးတဲ့ ကျနော်တို့ အကြောင်း အချို့ကိုပဲ နည်းနည်းလောက် ရေးသားပြပါ့မယ်။ အောက်ဆုံးမှာလည်း ဘလော့ဂါ ပန်ဒိုရာရဲ့ တခါက တောင်းဆိုချက်အရ လက်လှမ်းမီသမျှ ဟိုးငယ်ငယ်က ဓါတ်ပုံတွေကစလို့ ယခုအချိန်ထိ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။ တခါပဲ တောင်းဆိုရတယ်။ နှစ်ခါတောင်းဆိုစရာ မလိုတာကို သတိပြုပါ။ ကျနော့် ငယ်ငယ်က ဓါတ်ပုံတော်တော်များများဟာ မိဘတွေအိမ် မီးထဲပါသွားတုန်းက ဆုံးရှုံးသွားပါတယ်။ အနာဂတ် သမိုင်းပညာရှင်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်တော့မှာပါပဲ…. သွပ်သွပ်သွပ်။

ကဲ…လာပါပြီ။ မဒမ်ပေါနဲ့ မတူတာက စပြောရမယ်။ ကျနော်က သရဲမကြောက်တတ်ဘူး။ ကျောင်းပိတ်ရက်တွေမှာ သင်္ချိုင်းကုန်းနဲ့ မလှမ်းမကမ်းက မြေပဲခင်းမှာ တယောက်တည်း ညအိပ်စောင့်တတ်တယ်။ ကျနော့်မဒမ်ပေါကတော့ သရဲကြောက်တတ်တယ်ခင်ဗျ။ (အခု သူနဲ့ပေါင်းပြီး ကျနော်တောင် နည်းနည်း ကြောက်တတ်ချင်သလိုလို ဖြစ်လာတယ်။)

မဒမ်ပေါ သရဲကြောက်မှန်းသိတော့ ကျနော်ရော၊ သမီးကပါ မဒမ့်ကို အမြဲလိုလို စတတ် နောက်တတ်တယ်ဗျ။ ဥပမာ ညဖက်မှာ မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတဲ့ သူ့နောက်ကို ခြေဖွနင်းသွားပြီး နောက်ကနေ အသံမထွက်ဘဲ စိန်းစိန်းကြီး စိုက်ကြည့်နေတာမျိုးပေါ့။ ဒါပေမယ့် ဘယ်အချိန်နောက်နောက် အရမ်းစိတ်ဆိုးတတ်တယ်ဗျ။ လူသေအလောင်းတွေ ဘာတွေဆိုလည်း သူက အရမ်းကြောက်တာ။

ဒီတော့ ကျနော်ကလည်း မဒမ့်ကို တကူးတက မှာရတယ်။ ကျနော်သေရင် ချက်ချင်း မီးမသဂြိုဟ်ဖို့၊ အိမ်မှာ အနည်းဆုံး သုံးရက်လောက်တော့ ဆက်ထားဖို့၊ အဲသည်သုံးရက်အတွင်းမှာလည်း နောက်ဆုံးလိုက်လျောခြင်းအနေနဲ့ အလောင်းဘေးနားမှာ အမြဲ စောင့်အိပ်ပေးဖို့၊ မဟုတ်ရင် အလောင်းအနေနဲ့ အထီးကျန် အားငယ်မှာကို စိုးရိမ်မိတဲ့အကြောင်းတွေ ညဖက်တွေမှာ ရွေးပြီး တဖွဖွ မှာကြားရပါတယ်။ မဒမ်က ပြန်ပြောတယ်။ “မင်း… ဒီလောက်ဝနေတာ။ ဝတဲ့လူတွေက သေရင် အပုပ်မြန်တယ်။ ဒီတော့ နေ့မကူးဘဲ ချက်ချင်း သဂြိုဟ်မယ်”တဲ့။ ရက်စက်ပုံက။ နည်းနည်းမှ မကြင်နာဘူး။

ဒီလောက် အလောင်းကြောက်တဲ့ မဒမ်ပေါအတွက် စိတ်မသက်သာစရာ ကိုးလို့ကန့်လန့် အဖြစ်တခု ကြုံရပါသေးတယ်။ ဒီလိုပါ…. တခါက နိုင်ငံခြားသား အသိတယောက်ရဲ့ ညီဝမ်းကွဲလေး ဆုံးသွားတယ်။ မြန်မာလိုဆိုရင် အစိမ်းသေ သေတယ်ပဲ ဆိုပါစို့ရဲ့။ သေသူဟာ တခါမှ မသိမမြင်ခဲ့ဘူးတဲ့ တစိမ်းတယောက် ဖြစ်နေပေမယ့် မိတ်ဆွေရဲ့ ညီဝမ်းကွဲဆိုတော့ အိပ်ခ်ျဒီဘီ တိုက်အောက်မှာ လုပ်တဲ့ အဲဒီ အသုဘကို လင်မယားနှစ်ယောက် သွားကြပါတယ်။ ပထမတော့ အောက်မှာ နေကြာစိစား၊ အအေးသောက်၊ ထုံးစံအတိုင်း တခြား သိတဲ့လူတွေနဲ့ တော်ကီလေးတွေ ပွားရတာပေါ့လေ။

ခဏနေတော့ ကျနော်တို့အသိက အားလုံးကို တိုက်တွန်းတယ်။ တိုက်အပေါ်ထပ်မှာ သေဆုံးသူရဲ့ မိခင် (သူ့အဒေါ်) ရှိတယ်။ တသုတ်ချင်း အပေါ်ကို တက်သွားပြီး အားပေးလိုက်ကြရအောင်တဲ့။ ဟုတ်တာပေါ့။ လုပ်သင့်တာပေါ့။ လုပ်ရမှာပေါ့။ အဲဒါနဲ့ ကျနော်က ရှေ့ဆုံးကနေ ဦးဆောင်တက်ခဲ့တယ်။ မဒမ်က နောက်နားမှာ တခြားသူတွေနဲ့ စကားပြောရင်း လိုက်ပါလာတယ်။ အိမ်ထဲဝင်ကာနီး ကော်ရစ်ဒါမှာ ဆိုဖာတွေ၊ ထိုင်ခုံတွေ အပြင်ထုတ်ထားတာကိုတွေ့တော့ ကျနော်လည်း သံသယရှိလို့ ကော်ရစ်ဒါကနေ ဟထားတဲ့ တရုပ်ကပ်ကတဆင့် ဧည့်ခန်းထဲကို လှမ်းလည်း ကြည့်လိုက်ရော… လားလား… အလောင်းကို ကြမ်းပြင်ပေါ်မှာ အစန့်သား ခင်းကျင်း ချထားတာတွေ့ရတယ်။

ဒါနဲ့ ကျနော်က မဒမ့်ကို လှမ်း သတိပေးရတယ်။ “ချစ်လေးရေ… အခန်းထဲမှာ အလောင်းရှိနေတယ်နော်။ လန့်မသွားနဲ့ဦး” လို့။ မဒမ်က နောက်မှာ အမျိုးသမီးတယောက်နဲ့ စကားဖောင်နေတော့ ကျနော်ပြောတာကို မကြားဘူးဗျ။

ရှေ့ဆုံးကနေ အိမ်ထဲဝင်လိုက်တော့ တံခါးသော့ကို ပူးချည်ထားတဲ့ သံကြိုးစနဲ့ ခြစ်မိပြီး ကျနော့်လက်မှာ သွေးနည်းနည်းစို့သွားလို့ အယူမသည်းဘူးဆိုတဲ့လူလည်း ထိတ်ကနဲဖြစ်ပြီး နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်သွားသေးတယ်။

ထင်တဲ့အတိုင်း မဒမ်က ဝင်ဝင်ချင်းမှာ မမျှော်လင့်ဘဲ အလောင်းကြီးကို ဘွားကနဲမြင်လိုက်တော့ သူ့မျက်နှာဟာ သရဲအခြောက်ခံလိုက်ရသူလို ဖြူဖတ်ဖြူလျော်နဲ့ တော်တော်လေး ခြောက်ခြားသွားပုံရတယ်။ ဒါပေမယ့် နာမည်က ဟန်သူ ဆိုတဲ့အတိုင်း ဟန်မပျက်ပေါ့လေ။ မာန်တင်းပြီး ကျနော့်ဘေးမှာ လာရပ်တယ်။ ကျနော်တို့အားလုံး ဆယ့်နှစ်ယောက်လောက်ရှိမယ်။ အလောင်းပတ်ပတ်လည်မှာ ဝိုင်းပြီး မတ်တတ်ရပ်ရင်း အသုဘ ရှုကြတယ်ပေါ့။

ပန်းနဲ့ အမွှေးတိုင်နံ့တွေက အခန်းတခုလုံးကို စူးစူးရှရှ လွှမ်းခြုံထားတယ်။ ကြမ်းပြင်ပေါ်က အလောင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ လက်ကလေးတွေသာ ဖော်ထားပြီး ကျန်တာကတော့ ပိတ်ဖြူနဲ့ ပတ်၊ ကိုယ်ပေါ်မှာ ပန်းတွေ ကျိုးတို့ကျဲတဲ လွှမ်းထားတယ်။ မျက်နှာက ပြင်ထားပေမယ့် နည်းနည်းလေး ပြာချင်နေပြီ။ သူတို့ဘာသာစကားနဲ့ ဘုရားစာလို့ ထင်ရတဲ့ မန္တာန်တပိုဒ်ကို ကက်ဆက်ကနေ ထပ်ဖန်တလဲလဲ ရွတ်နေတယ်။ “ဥုံ…..ကွိစိနံကွ တကွမ်ကွ” ဆိုတာမျိုးပေါ့။ ကျနော်တို့တွေက တယောက်ချင်း အလောင်းရဲ့ ခြေရင်းမှာ ချပေးထားတဲ့ ခွက်ထဲက ပန်းပွင့်လေးတွေကို ယူပြီး အလောင်းပေါ်မှာ ကြဲဖြန့် ချပေးရတယ်။

အသိကတော့ သူ့ညီဝမ်းကွဲကို တော်တော်ချစ်ပုံရတယ်။ သေသူရဲ့ ပါးကလေးကို စမ်းကြည့်လိုက်။ ဆံစလေးကို သပ်ပေးလိုက်။ လက်ကလေးကို ကိုင်လိုက်နဲ့ပေါ့လေ။ ပြီးတော့ မဒမ်နဲ့ ကျနော့်ဖက်ကို လှည့်ပြီး “လာလာ…. အောင်နဲ့ ဟန်။ လာကိုင်ကြည့်လှည့်။ ဘယ်လိုမှ သဘောမထားဘူး။ ထိလို့ရတယ်။ ကိုင်လို့ရတယ်” ဆိုတဲ့အကြောင်းကို သုံးကြိမ်ထက်မနည်း လှည့်ခေါ်ပြီး တိုက်တွန်းပါတယ်။ ကျနော်ကလည်း စောစောက ခြစ်မိလို့ သွေးစို့နေတဲ့လက်နဲ့ သွားထိရမှာကို ဝန်လေးနေတယ်။ မဒမ်ပေါ မျက်နှာကို ကြည့်ရတာလည်း ပြိုတော့မယ့် မိုးလိုပါပဲ။ လင်မယားနှစ်ယောက် အကြံအိုက်နေကြတယ်။ ငြင်းရမှာလည်း အားနာစရာကြီးးမို့လား။ ကျန်တဲ့ လူတွေကလည်း ဘယ်သူမှတော့ သွားကိုင်မကြည့်ကြပါဘူး။ ကံကောင်းချင်တော့ သေဆုံးသူရဲ့ အမေဖြစ်ဟန်တူသူ မီးဖိုထဲက ထွက်လာတာတွေ့ရတဲ့အတွက် ဝမ်းနည်းကြောင်း သွားပြီး စကားပြောကြတယ်။ ခဏနေတော့ နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ်။ မဒမ်ပေါ ကြည့်ရတာ တက္ကစီပေါ်ရောက်မှ အသက်ဝဝ ရှူနိုင်ပုံပဲ။

ညဖက်ရောက်တော့ ကျနော်က အိပ်ယာပေါ်မှာ ခပ်တောင့်တောင့် စန့်စန့်ကြီးလှဲပြီး မဒမ့်ကို “လာ…. ဟန်။ ထိကြည့်၊ ကိုင်ကြည့်လို့ရတယ်” ဆိုတဲ့ နေ့လည်က မိတ်ဆွေရဲ့ အသံမျိုးနဲ့ ပြောမိလို့ အဲဒီညက မဒမ်ပေါ စိတ်ဆိုးတာ ခံလိုက်ရသေးတယ်။ (စကားစပ်မိလို့ ပြောရရင် မိုးမခ ဝက်ဆိုက်က ဆရာသမားများဟာ အသုဘအခမ်းအနားတွေအကြောင်း ဖော်ပြတဲ့အခါတိုင်းမှာ လူသေအလောင်းတွေကို မမေ့မလျော့ မျက်နှာအနီးကပ် ဖော်ပြရတတ်ကြတာကို တွေ့ရတယ်။)

ဒါကတော့ မဒမ်ပေါနဲ့ ကျနော်ရဲ့ အသွင်မတူပုံတွေထဲက တချက်ပေါ့။

တကယ်တော့ အစအနောက် သန်ပုံမှာ လင်မယားနှစ်ယောက်စလုံး အသွင်တူပါတယ်။ မဒမ်ပေါဆိုရင် ကျနော်တခါက လေနဲ့ဝမ်း မကွဲတာလေးတောင် ချမ်းသာမပေးဘူး။ အောက်ပါအတိုင်း ကဗျာစပ်ပြီး ကျနော့်ကို နောက်လိုက်သေးတယ်။ သူများကို နောက်ဖို့အရေး… မစင် နေရာက ဝင်ပြီး ခံစားရေးတာ။

" သွားခွင့်ပြုပါ....သခင် "

* သခင့်အပါး
အစိုင်အခဲဘဝနဲ့ ကိုယ့်ရပ်တည်မှုဟာ
မနေ့ကစလို့ ပျက်သုဉ်း
အရည်ဘဝ လုံးလုံးရောက်ခဲ့ပြီ....။

* သခင်နာကျင်မယ်မှန်းသိပေမယ့်
မဆင်မခြင် ထွက်ပေါက်ရှာ
'လေ'အလာကို စောင့်မိခဲ့တဲ့ကိုယ့်ကို
ခွင့်လွှတ်ပါ....သခင်။

* ဒီလိုနဲ့စောင့်နေတုန်း...
ဟောဟိုက 'လေ'တလုံး
ဗြုန်းကနဲဆို..ပေါ်အလာ
ပုန်းခိုကာ လိုက်လို့သွား
အပြင်ဘက်နားအရောက်မှာတော့
တုန်ခါနေတဲ့ သခင့်အသံ
မပီမသ ကြားလိုက်မိတာက...
"ဟာ...ထွက်ကုန်ပဟ"...တဲ့"

မဒမ်ပေါ
23 Nov 2007

ကဲ... ဘယ်လောက်ဆိုးတဲ့ မဒမ်ပေါလဲဆိုတာ။

ရုပ်ရည်အားဖြင့်ရော…။

ကျနော်က အညာသား။ အသားအရောင်လှတယ်။ အနောက်တိုင်းသားလူဖြူတွေဆို ကျနော့်လို အသားအရောင်မျိုးကို လိုချင်လွန်းလို့ ပင်လယ်ကမ်းခြေမှာ တနေကုန်တနေခန်းဆင်းပြီး နေလှန်းကြပ်တင်တာတောင် လိုက်မမှီတဲ့ အသားအရောင်မျိုး။ ကြေးနီရောင် အသားအရောင်ပေါ့။ အဲ…အဲ ပြည့်စုံအောင် ပြောရရင် ကြေးနီရောင်မှာမှ ခဲမဖြူတို့ အဖြိုက်နက်တို့ တော်တော်လေးရောစွက်တဲ့ ကြေးနီရောင်မျိုး။

ရုပ်ရည်ကတော့ “ကိုပေါက ဗမာချော ချောပြီး ကြည့်ကောင်းတယ်” တဲ့။ တခါက ကိုယ့်ကို မျက်နှာချင်းဆိုင် စေ့စေ့ကြည့်ပြီး အဲသလို ပေါ်တင်ကြီး လာပြောချလိုက်တာ မျက်နှာမထားတတ်အောင်ပဲ ရှက်သွားခဲ့ဖူးတယ်။ အဲသည်လို ဗြောင်လာပြောတာ ဘယ်သူမှတ်လို့လဲ။ မျက်နှာချင်းဆိုင် မှန်ထဲမှာ ပေါ်နေတဲ့ လူပေါ့။ ဟွန်း… မုန်းစရာကြီး။ ကဲကို ကဲတယ်။

မဒမ်ပေါကတော့ ကျောင်းတုန်းက ကျနော်တို့ နှစ်ရဲ့ Queen လေ။ ကျနော်တို့ မျက်မမြင်ကျောင်း တက်ခဲ့လေသလားလို့တော့ မိတ်ဆွေတို့ ကျေးဇူးပြု၍ မတွေးကြပါနဲ့ပေါ့။ မဒမ်ပေါရဲ့ ကျောင်းတုန်းက ဆံပင်ပုံက ကိုလေးပွ ပုံနဲ့။ ကင်တင်းမှာ ဆင်းပြီး ကေသာကို တချက်ဝဲလိုက်ရင် အားလုံး ကြွေသွားတယ်။ ကင်တင်းမှာ ဝဲပျံနေတဲ့ ယင်ကောင်တွေကို ပြောတာပါ။ ဆံပင်နဲ့ ယမ်းမိလို့။

ဘလော့ဂါ မသီတာ ပြောသလို လင်မယားနှစ်ယောက်ဟာ တမိုးတည်းအောက်မှာ အတူနေပြီး စားတဲ့ အာဟာရကလည်းတူတော့ ဥတုတွေ၊ အာဟာရတွေကပဲ ပြုပြင်သလားမသိ။ ဒီလောက် အဖြူအမဲ သဲကွဲနေတဲ့ ကျနော်တို့ မောင်နှံကို တူတယ်လို့ ပြောတဲ့လူတွေလည်း တော်တော်များပါတယ်။

ညားကာစက မဒမ်ပေါက ပြောဖူးတယ်။ “ကိုကို… ချစ်လေးက သူများမိန်းမတွေလို စိန်တွေ၊ ရွှေတွေ၊ အဝတ်အစား၊ အသုံးအဆောင်၊ အလှအပ ပစ္စည်းတွေ စိတ်မဝင်စားဘူး။ အစားအသောက်ကလေးပဲ တခုပဲ ကောင်းကောင်းမွန်မွန် စားနေရရင် ကျေနပ်ပါပြီ၊ အဲဒါလေးတခုတော့ လိုက်လျောပါ”….လို့ ကတိတောင်းဖူးတယ်။

အဲဒီစကားကြားရတော့ မောင်ပေါတို့ ပိုက်ဆံတွေ အပီ စုမိတော့မယ်၊ မိန်းမ အရတော်လေစွဆိုပြီး ပီတိတွေ လှိုင်လှိုင်ဖြာခဲ့ဖူးတယ်။ အစားအသောက်တော့ ဘာကုန်မှာလဲ။ ဒီတော့ လိုက်လျောပါ့မယ်။ ကတိပေးပါတယ်ကွယ်ပေါ့။ အစားမှာ မော်လမြိုင်ဆိုတဲ့အတိုင်း မော်လမြိုင်သူဆိုတော့ ဒီလောက်တော့ ရှိပေမပေါ့လို့လည်း ဖြေတွေး တွေးခဲ့သဗျ။

ဒါပေမယ့် နောက်တော့မှ သိရတာ။ မဒမ်ပေါတို့ အမျိုးက နှယ်နှယ်ရရ အမျိုးမဟုတ်ဘူး။ “စားပြီး ဆေးသောက်တဲ့ အမျိုး”တဲ့။ စာဖတ်သူများ မရှင်းမှာ စိုးလို့ နည်းနည်း ထပ်ပြောပြပါမယ်။ သူတို့အမျိုးမှာ မတည့်တဲ့အစာ၊ ရှောင်တဲ့အစာဆိုတာ ဘာဆို ဘာမှ မရှိဘူးတဲ့ ခင်ဗျ။ အစာမကြေမယ့် အစာဆိုလည်း စားပြီး အစာကြေဆေးသောက်လိုက်တယ်။ သွေးတက်မယ့် အစာမျိုးဆိုရင်လည်း စားပြီး သွေးကျဆေးကို မှီဝဲလိုက်တယ်။ အိမ်မှာ အဲသည်လိုသောက်ဖို့ ဆေးမျိုးစုံလည်း စုဆောင်းထားတယ်။ ကောင်းကြပါလေရော။

မောင်ပေါရဲ့ ဦးနှောက် ပရိုဆက်ဆာ က နှေးတော့ လက်ထပ်ပြီး ဆယ်နှစ်လောက်နေမှ သဘောပေါက်တယ်။ တကယ်တော့ စိန်တွေ ရွှေတွေ ဆိုတာက တခါတရံမှ ဝယ်တတ်ကြတာဖြစ်လို့ တခါတရံမှ ကုန်တတ်တာမျိုးကလား။ အစားအသောက်ကတော့ နေ့စဉ်နဲ့အမျှဆိုတော့….. ကျနော့်ခမြာမှာ တော်တော်လေး ထိရှာပါတယ်။ ဒါကြောင့် မောင်ပေါ မဒမ့်ကို တခါတလေ အစားအသောက်လိုင်းကနေ စိန်ရွှေ၊ အဝတ်အစားလိုင်းကို အပြောင်းအလဲလေးဖြစ်အောင် ပြောင်းကြည့်ပါလားလို့ ဖျားယောင်းတိုက်တွန်းကြည့်မိတယ်။ ဒါပေမယ့် မဒမ်က “ဟင့်အင်း…ရတယ်။ မပြောင်းတော့ပါဘူး။ စိန်တွေ၊ ရွှေတွေက ကိုယ်သေရင် ကိုယ့်နောက်ပါမှာမဟုတ်ဘူး။ နောက်မိန်းမ ကောင်းစားဖို့ ဖြစ်သွားလိမ့်မယ်” လို့ ပြန်ပြောတဲ့အတွက် ကျနော့်မှာ အကြံအိုက်နေပါတယ်။

အဲဒါနဲ့ပဲ ကျနော်လည်း အရှုံးမရှိရအောင် သူနဲ့အတူ ဘာမဆိုလိုက်စားရတယ်။ အရင်က ဒူးရင်းသီးဆို အနံ့မခံနိုင်တဲ့အညာသားဟာ အခု ဒူးရင်းသီးကိုတောင် ကျိတ်မှိတ်ပြီး စားတယ်။ မဒမ်ရဲ့ လက်သုံးစကားရှိတယ်။ “စားနိုင်တုန်း ကျွေးထားနော်။ နောင် အိပ်ယာထဲလဲပြီး မစားနိုင်တော့မှ ငါမကျွေးလိုက်ရလေခြင်း ဆိုပြီးတော့ နောင်တရနေမယ်”တဲ့။ ဒါနဲ့ ကျနော်ကလည်း ပြန်ပြောရပါတယ်။ “မင်း…. အခုတောင် တန်နေပြီပါကွာ” လို့။

ဒီလိုနဲ့ အစားမှာ တူလိုက်တာ အသောက်တူတာမှာပါ ဂိတ်ဆုံးသွားတယ်။ ပထမတော့ မဒမ်ပေါကို ဘီယာအတူသောက်ဖို့ ဆွယ်လိုက်တယ်။ သူကလည်း ပါရမီရင့်သန်တဲ့အလျောက် ပထမ ဘီယာ၊ နောက်တော့ ဝိုင်၊ နောက်တော့ မာတီနီ၊ နောက်တော့ ကော့ညက်၊ နောက်တော့ ဝီစကီ (ဂျက်ဒယ်နီယယ်၊ ချီးဗတ်စ်၊ ဘလက်၊ ဘလူးလေဘယ်) စသဖြင့် ကျနော့်ကိုတောင် ကျော်တက်ချင်လို့ မနည်း လမ်းပိတ်ထားရတယ်။ သူ့အကြိုက်ဆုံးက ဘလူးလေဘယ်လ်ပါတဲ့။

အခုတော့ ကျနော့်အသည်းမကောင်းလို့ သိပ်မသောက်နိုင်တော့ဘူး။ မဒမ်ပေါအတွက်တော့ ကြေကွဲမိုးတိမ်ပေါ့။ ဦးပုညစကားနဲ့ ပြောရမယ်ဆိုရင်….

“ဘဝဟောင်းက၊ ငယ်ပေါင်းပီပီ၊ လည်ချင်းမှီ၍၊ တိုက်ဂါးပညောင်၊ ဘီယာချောင်မှာ၊ ဆွေမောင်နဲ့မယ်၊ ကျီစယ်သမှု၊ အမြည်းလု၍၊ ကယုကယင်၊ ချစ်တုန့်တင်လျက်၊ ကျင်ကျင်လည်လည်၊ ပျော်ခဲ့ဘူးသည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ရေ၊ လှိုင်းဘောင်ဘင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင် အော်ဟစ်၍ငိုဆဲတွင်၊ နဂိုသောက်မြဲ၊ မောင်ပေါရဲ့လည်ဆွဲဟာ၊ ရင်ကွဲနာနဲ့ တခါတရံမျှသာ သောက်ရရှာလေသည်” လို့ စပ်ရမလားမသိဘူး။

အဲဒါကတော့ လူမသိသေးတဲ့ မောင်ပေါနဲ့ မဒမ်ပေါရဲ့ အသွင်တူခြင်း မတူခြင်းတွေပါ။ အောက်မှာ မဒမ်ပေါနဲ့ ကျနော်ရဲ့ ငယ်နုစဉ်က (အခုလည်း ငယ်ပါတယ်) ရုပ်ပုံလေးတွေကို မမြင်ဘူးသူများ ကြည့်လို့ရအောင် အမှတ်တရ ထည့်ပေးလိုက်ပါတယ်။

ဘလော့ဂါသက်ဝေ ကျပ်နေ… အဲလေ….ကျေနပ်မယ်ထင်ပါတယ်။ (မသက်ဝေ ကြည့်ရတာ စကားလိမ်တွေကို ပြောင်းပြန်လှန်တာ မကျွမ်းကျင်ဘူးထင်တယ်… ဟိဟိ။ ဟို စကားလိမ်ပို့စ်တုန်းက ကျနော့်ကို ကျေးဇူးတောင် တင်လိုက်သေးတယ်။ ဟီဟီဟီ။)

မဒမ်ပေါ ငယ်ငယ်ကပုံ (၁) မဒမ်ပေါ ငယ်ငယ်ကပုံ (၂)
အပေါ်ကပုံနှစ်ပုံက မဒမ်ပေါ ငယ်ငယ်က ပုံလေးတွေလေ။ မျက်လုံးနက်နက်ကလေးနဲ့ ချစ်စရာမကောင်းဘူးလား။ သူ့အမေ(ကျနော့်ယောက္ခမ)ကတော့ အဲဒါ ဓါတ်ပုံဆရာ ခဲထိုးထားလို့ပါဆိုပြီး အားပေးရှာတယ်။

ကိုပေါ ငယ်ငယ်ကပုံ (၁)
ကျနော်ငယ်ငယ်က ဓါတ်ပုံဆရာ ရွာကိုလာတုန်း အစ်မနှစ်ယောက်နဲ့အတူ ရွာထိပ်က လယ်ကွင်းတွေနားမှာ ရိုက်ထားတာ။ ဓါတ်ပုံအဖြူအမဲ ခေတ်ကပေါ့။ ဝတ္ထားတဲ့အက်ႌေတြက “မယ္ရက္ခုိး”ဆင္တ့ဲ။ အထက်မင်းလှမြို့နယ်ထဲက စမ်းမကြီး ဆိုတဲ့ ရွာကထွက်တာ။ ဆောင်းတွင်းမှာ ဝတ်ရင် နွေးတယ်။

ကိုပေါ ငယ်ငယ်ကပုံ (၂)
ကိုပေါ ငယ်ငယ်တုန်းက တော်ရှာပါတယ်တော်ရေ့...တော်ရှာပါတယ်အေ့...... ခုနစ်တန်း လူရည်ချွန်။ ငပလီ ရွှေဝါချိုင်စခန်းမှာ ရိုက်ထားတာ။ အဲသည်ကတည်းက လူက နည်းနည်းတော့ နွဲ့ချင်သား။ ကြည့်ပါလားလို့.... ပုံကို။

မဒမ်ပေါ ကျောင်းတုန်းကပုံ (၁)
မဒမ်ပေါ၊ သန်းသန်း၊ စန်းသီတာဦး(ရိမေ).......နောက်ဆုံးနှစ်မှာ ရိုက်ထားတာ။

ကိုပေါ ကျောင်းတုန်းကပုံ (၁)
စက်မှုတက္ကသိုလ်မြက်ခင်းပြင်ပေါ်မှာ။
(သိန်းဆောင်၊ ဇေယျာသင်း၊ ကိုပေါ၊ ဝင်းဇော်နိုင်၊ မြင့်လွင် (ဝူးဝါး)၊ မျိုးထွန်း၊ မောင်မောင်သန့်၊ မိုးဇော်လွင် (ပုံထဲတွင် ရင်ခေါင်းအထိ မြေမျိုခံနေရသူ)၊ ရဲမိုးထွန်း၊ ဝင်းမောင်ဦး)

မဒမ်ပေါ ကျောင်းတုန်းကပုံ (၂)

မဒမ်ပေါ ကျောင်းတုန်းကပုံ (၃)
မဒမ်ပေါ Extreme Makeover

ကိုပေါ ကျောင်းတုန်းကပုံ (၂)
အဲသည်တုန်းက လူကောင်းလေး ကိုပေါ။ ဘုရားဒကာ ကိုပေါ။ သေရည်သေရက်ကို လျှာဖျားမျှမတင်ဟု ကြွေးကြော်ခဲ့သူ။ အခုတော့ လျှာမထိ အာမထိ မော့တယ်။ အာစရိယပူဇော်ပွဲမှာ ကန်တော့ချိုး တိုင်ပေးနေပုံပါ။
(ဝင်းမောင်ဦး၊ ဟန်သက်အောင်၊ ဇေယျာသင်း(ကွယ်လွန်)၊ ကိုပေါ၊ ဝင်းသိန်း၊ ကျော်ဌေးကြီး)

ကိုပေါ ကျောင်းတုန်းကပုံ (၃)
အီလက်ထရွန်းနစ်ကျောင်းသားများရဲ့ စက်မှုပြပွဲတွင်။ (ကျော်မိုးလတ်၊ ဦးကြင်စိုး (ပါမောက္ခချုပ်)၊ ဒေါက်တာစန်းတင့် (ဌာနမှူး)၊ ဦးမျိုးကြည်(ကထိက)၊ ကိုပေါ၊ ဒေါ်မြင့်မြင့်(ဌာနမှူး)၊ ဦးညီလှငယ် (ဒု-ပါချုပ်)၊ ဦးသာလှိုင် (အငြိမ်းစား ဌာနမှူး)၊ သိန်းအောင်)

ကိုပေါ ကျောင်းတုန်းကပုံ (၄)
စက်မှုတက္ကသိုလ် ပင်မအဆောက်အဦးကြီးအတွင်း သြဘာလမ်းထိပ်မှာ (မျိုးထွန်း၊ ဇေယျာသင်း၊ မိုးဇော်လွင်၊ မြင့်လွင် (ဝူးဝါး)၊ ဇော်နိုင်၊ ရဲမိုးထွန်း၊ ကိုပေါ၊ မောင်မောင်သန့်၊ ဝင်းဇော်နိုင်၊ ဝင်းမောင်ဦး)

ကိုပေါ၊ မဒမ်ပေါ ကျောင်းတုန်းကပုံ
ရန်ကုန်စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစု ရန်ပုံငွေအတွက် စပါကလင် ရောင်းနေသော ကိုပေါနှင့် မဒမ်ပေါ။ မဒမ်ပေါရဲ့ ထိုစဉ်က ကေသာမှာ ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် လူပင်လေလော၊ တစ္ဆေလော ဆိုသည့် ကိုလေးပွ ဆံပင်မျိုးပေါ့။

ကိုပေါ၊ မဒမ်ပေါ ကျောင်းတုန်းကပုံ
ဂျီဟောသူ မဒမ်ပေါရဲ့ မထင်မှတ်ဘဲ ဟာသ မြောက်တဲ့ ဓါတ်ပုံတပုံ။ မျက်နှာပေါ်က ကြယ်သီးလေးနှစ်လုံးနဲ့ အင်္ကျီပေါ်က ကြယ်သီးတွေ အလှချင်းပြိုင်နေပုံပေါ့... ဟီးဟီး.... ဆံပင်ပုံကတော့ အတန်းထဲမှာ စက္ကူမြှားနဲ့ပစ်ရင် ဘယ်တော့မှမလွဲတဲ့ ဆံပင်ပုံမျိုးပေါ့။

မလေးရှားမှာ အလုပ်လုပ်စဉ်က
မလေးရှားမှာ အလုပ်လုပ်ခဲ့စဉ်က ပီနန်ဘုန်းကြီးကျောင်းရှေ့မှာ အမှတ်တရ (အောင်ချိုဦး၊ ကိုဉာဏ်စိုး၊ ညီညီဇော်မင်းနဲ့ ကိုပေါ)

ကျောင်းဆရာမ မဒမ်ပေါ
မင်္ဂလာပါ ချရာမ။ မဒမ်ပေါ ဆရာမလုပ်စဉ်က။ ဘလော့ဂါ တီတီဆွိတို့လိုပေါ့။ အဲသည်တုန်းက ဘုန်းကြီးမျက်မှန်လိုလို ရွှေကိုင်းမျက်မှန်ကို မဒမ်ပေါ တပ်လိုက်သေးတယ်။ ချင်ကျားပူရောက်မှ လူတွေ ဝိုင်းကြည့်လွန်လွန်းလို့ မျက်မှန်လဲလိုက်ရတယ်။

ကိုပေါနဲ့ မဒမ်ပေါ(၁)
စင်္ကာပူကို ရောက်လာပြီ။ MRT ပေါ်မှာ။ အဲသည်ခေတ်က ရထားဆိုတာ အဲသည်လို ချောင်တာကွဲ့။

ကိုပေါနဲ့ မဒမ်ပေါ(၂)
ဒီလို အမှတ်တရ လေးတွေ။

ကိုပေါနဲ့ မဒမ်ပေါ(၃)
ဒီလို ချိန်းဝိုင်းလေးတွေနဲ့လည်း ဘဝကို ကျော်ဖြတ်ခဲ့ကြဘူးတယ်။ အခုတော့ သူများတွေ ဂျက်အကြောင်းရေးရင် သွားပြီး သွားရည်ကျရုံပဲ တတ်နိုင်တော့တယ်။

ကိုပေါနဲ့ မဒမ်ပေါ(၃)
ယခုလို ကျိကျိတက်မချမ်းသာခင် ဟိုးယခင်ဘဝက။ (Bird Park မှာ)

ကိုပေါနဲ့ မဒမ်ပေါ(၃)
ဒါက ဖလင်ကင်မရာအသစ် ဝယ်လာကာစက ညဖက်ကြီး စမ်းထားတဲ့ပုံ။ အဲဒီအချိန်က မဒမ်ပေါ စိတ်ကောက်နေပါတယ်။ အိပ်ချိန်မှာ မအိပ်ရပဲ ကင်မရာအသစ်ကို မပြီးနိုင် မစီးနိုင် ကလိ နေလို့ပါ။ ဒါပေမယ့် နောက်ခံ ဘက်ဂရောင်းအတွက် တအိမ်လုံးမှာ နေရာလိုက်ရှာတာ... ဘယ်နေရာမှ ရှာမတွေဘူး။ နောက်ဆုံး အခန်းထဲက အိမ်သာတံခါးကို ဆွဲစေ့လိုက်ပြီး ဒီရှေ့မှာ လာရပ် ဆိုတော့မှ... စိတ်ဆိုးနေတဲ့မဒမ်ပေါလည်း ဘက်ဂရောင်းကိုကြည့်ပြီး မအောင့်နိုင်ဘဲ တဟီးဟီး ရယ်ပါတော့တယ်။
Read more

လူတော်တယောက် ဆုံးရှုံးခြင်း

မခင်ဦးမေ ဘလော့ဂ်မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့ သူငယ်ချင်းတစ်ယောက် အကြောင်းကို ရေးထားတာ ဖတ်ရတယ်။

ဒီညကလည်း အိပ်မပျော်သော ညတညရဲ့ ညဥ့်လယ်သံသရာမို့ အတွေးတွေထဲမှာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ သူငယ်ချင်းတယောက်ကို သတိရမိတယ်။

သူက ရန်ကုန်စက်မှုတက္ကသိုလ် အီလက်ထရောနစ် မေဂျာမှာ တနှစ်တည်း အတူတူတက်ခဲ့ကြတဲ့ ကျောင်းသားတွေထဲက စာအတော်ဆုံး ကျောင်းသားတယောက်ပေါ့။ နှစ်တိုင်းလိုလို ပထမစွဲတယ်။ အဲသည်တုန်းက Roll 1 လို့ ခေါ်ကြတာပေါ့။ ပဉ္စမနှစ် စာမေးပွဲနီးကာမှ ဆေးရုံတက်ရလို့ နောက်ဆုံးနှစ်မှာ Roll 11 ဖြစ်သွားတယ်။ နောက်ဆုံးနှစ်အောင်တော့ Roll 1 ပြန်ဖြစ်သွားတယ်။

ကျနော့် Yearbook ထဲက သူ့ဓါတ်ပုံ၊ သူ့နာမည်နဲ့ စာမျက်နှာမှာ

VI Ec.E 11 (YIT)
အမှတ် ၁၁၊ ၁၁၁ လမ်း
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

…….ဆိုပြီး နံပါတ်ဝမ်းတွေ ရောပြွန်းနေတဲ့ သူ့လိပ်စာကို ဖော်ပြထားလို့ ဘေးနားမှာ တစုံတယောက်က “ဝမ်းများကို လက်ကိုင်ထားသူ၊ သိပ်ညစ်ပတ်တာပဲနော်” လို့ နောက်ရွှတ်ရွှတ် ခဲတံနဲ့ ရေးသား နောက်ပြောင်ထားတာ တွေ့ရတယ်။

သူ့ကို အားကျလို့ ထင်ပါရဲ့။ မြန်မာပြည်ကွန်ပြူတာလုပ်ငန်းရှင်များအသင်းမှာ လူကြီးတွေဘာတွေ ဖြစ်သွားခဲ့ဘူးတဲ့ ကျနော်တို့ အတန်းထဲက သူငယ်ချင်းတယောက်ဟာ စာကြည့်စားပွဲဘေးမှာ “စာသည် ပထမ၊ စာသည် ဒုတိယ၊ စာသည် တတိယ” လို့ ကြွေးကြော်သံဆောင်ပုဒ်ကို ကပ်ထားပြီး သူ့လို Roll-1 ဖြစ်ဖို့ ကြိုးစားလိုက်တာ အောင်စာရင်းထွက်လာတော့ Roll-111 ဖြစ်သွားလို့ အဲသည်တုန်းက ကျနော်တို့ကြားမှာ ဟားစရာ ဖြစ်သွားသေးတယ်။

သူက စာတော်ရုံတင်မက။ စိတ်ထားကလည်း ပြည့်တယ်။ ကူညီတတ်တယ်။ သူ့ဆီမှာ စာတွေဘာတွေ မေးရင်လည်း စိတ်ရှည်လက်ရှည် ကူညီရှင်းပြပေးတတ်တယ်။ အသင်းအပင်းကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတတ်တယ်။ သူ့ကို လူချစ်လူခင် တော်တော်များတယ်။

သူက အဆင့်တစ်ဆိုပြီး ရုပ်တည်ကြီးနဲ့ နေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်တယ်။ ဟာသဉာဏ်ကလည်း ရှိတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုက ထုတ်ဝေတဲ့ Yearbook မှာ လေကြောင်းစက်မှုဘာသာရပ်က ကိုကြည်သွင်အတွက် သူ ရေးထားတာလေးကို အခုထိတောင် သတိရမိလို့ ပြုံးမိသေးတယ်။

“ကိုကြည်သွင်….. ကောင်းကင်တမွတ် ကြယ်ကို ဆွတ်နိုင်ပါစေ”….တဲ့။ အောက်မှာကျတော့ သူဆွဲထားတဲ့ ကာတွန်းပုံကလေးတပုံ။ ဟိုးအမြင့်မှာ ကြယ်ကလေးတပွင့်။ ကြယ်ပွင့်အောက်နားဆီမှာ လေယာဉ်ပျံတစင်းဟာ မီးခိုးတွေအူပြီး အောက်ကို ထိုးစိုက်ဆင်းသွားတဲ့ ပုံကလေးနဲ့။

ကျောင်းပြီးတော့ သူက သိမ်ဖြူလမ်းမှာ ရှိတဲ့ ကွန်ပြူတာ ကုမ္ပဏီတခုမှာ အီလက်ထရောနစ် အင်ဂျင်နီယာ ဝင်လုပ်တယ်။ တနှစ်လောက်ကြာတော့ ထိုင်းနိုင်ငံ Asian Institute of Technology (A.I.T) တက္ကသိုလ်က သူ့ကို စကောလားရှစ် ပေးတဲ့အတွက် မာစတာဘွဲ့အတွက် အဲသည်မှာ ကျောင်းသွားတက်တယ်။ သူ့အလုပ်နေရာမှာ ကျနော့်ကို ထည့်ထားပေးခဲ့တယ်။ ကျနော်ကလည်း မလေးရှားက အလုပ်တခုက ခန့်တဲ့အတွက် အဲသည်အလုပ်မှာ ကြာကြာမနေလိုက်ရဘူး။ သူကျောင်းတက်တဲ့အချိန်နဲ့ ကျနော် မလေးရှားမှာ အလုပ်လုပ်နေချိန်နဲ့ တချိန်တည်းဆိုတော့ အီးမေးလ် အဆက်အသွယ် မပြတ်ဘူး။ သူ့အကြောင်းတွေ အမြဲလိုလို ကြားနေရတယ်။ အဲဒီတက္ကသိုလ်က မြန်မာကျောင်းသား အသင်းအဖွဲ့မှာလည်း သူက ပါဝင်လှုပ်ရှားလိုက်သေးတယ်။ ကျနော်တို့ နှစ်က အီလက်ထရောနစ်ကျောင်းသားတွေ အချင်းချင်း ဆက်သွယ်ကြဖို့ egroup တွေ ဘာတွေ သူက လုပ်ပေးလိုက်သေးတယ်။

ကျောင်းပြီးကာစ နိုင်ငံခြားကို မထွက်ခင် မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြစဉ်က သူ့ရဲ့ ပတ်စ်ပို့တ် ဓါတ်ပုံတပုံ ကျနော့်ကို ပေးထားဘူးတယ်။ ကျနော်က သူငယ်ချင်းတွေရဲ့ ရုပ်ပြောင်ပုံတူလေးတွေ ဆွဲပေးတတ်တော့ သူ့ရဲ့ ယီးယားဘွတ်ခ်မှာ သူ့ပုံတူ အမှတ်တရ ဆွဲပေးဖို့ ကျနော့်ကို ပူဆာတာပါ။ ကျနော်ကလည်း လူရင်းဆိုတော့ ဆွဲပေးမယ် ဆွဲပေးမယ်နဲ့ လူချင်းသာ ကွဲကွာသွားရော…. ဆွဲမပေးလိုက်ရဘူး။

ဒီလိုနဲ့ ကျနော်စင်္ကာပူကို ရောက်လာတဲ့အချိန်မှာ သူကလည်း အေအိုင်တီမှာ ကျောင်းပြီးကာ နီးနေပြီ။ လူကလည်း ကျနော်နဲ့အပြိုင် ဝလာတယ်။

တရက်မှာ ကျနော်ရုံးမှာ အိမ်သာတက်ရင်း ပိုက်ဆံအိတ်ဖွင့်ပြီး ဘာရယ်မဟုတ် လှန်လှောနေတုန်းမှာ သူ့ဓါတ်ပုံကလေးကို ပိုက်ဆံအိတ်ထဲမှာ တွေ့ရတယ်။ ဒါနဲ့ ကျနော်လည်း သူ့ဓါတ်ပုံကို ခဏထုတ်ကြည့်ပြီး အိတ်ထဲပြန်ထည့်မယ် အလုပ်မှာ ဓါတ်ပုံက မတော်တဆ ပြုတ်ကျပြီး အိမ်သာအိုးထဲအထိ ကျသွားတယ်။ ပြန်ကောက်လို့လည်း မဖြစ်နိုင်တော့တာမို့ စိတ်ညစ်ညစ်နဲ့ ရေဆွဲချလိုက်ရတယ်။ အဲသည်ကိစ္စ သူ့ကိုတော့ ပြန်မပြောဖြစ်တော့ပါဘူး။

နောက် တနှစ်လောက်ကြာတော့ ကျနော် မဒမ်ပေါနဲ့ လက်ထပ်တယ်။ သူကလည်း စကောလားရှစ် ထပ်ရလို့ ကနေဒါနိုင်ငံမှာ ပီအိတ်ခ်ျဒီ သွားတက်တယ်။ ကျနော်တို့တွေ အဆက်အသွယ် မပြတ်ဘူး။ သူက ကျနော်တို့လင်မယားကို ကနေဒါ ပြောင်းခဲ့ဖို့ အမြဲ တိုက်တွန်းတယ်။ ကျနော်တို့ကလည်း သမီးကိုမွေးတာ၊ မဒမ်ပေါကျောင်းဆက်တက်တာ၊ ကျနော် အချိန်ပိုင်းကျောင်းတက်တာ စတာတွေနဲ့ အလုပ်ရှုပ်နေတဲ့အလျောက် သူ့တိုက်တွန်းချက်ကို သဘောကျရုံကလွဲလို့ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။

ဒီလိုနဲ့ တရက်မှာ သူ့ဆီက စိတ်မကောင်းစရာ သတင်းကို ကြားရတာပဲ။ သူ့မှာ သွေးကင်ဆာ ဖြစ်နေတယ်ဆိုတဲ့အကြောင်း။ ဒါပေမယ့် ရိုးတွင်းချဉ်ဆီ လှူဒါန်းသူရှိလို့ အစားထိုးကုသတာ အောင်မြင်တယ်လို့ ဝမ်းသာစရာ ကြားရတယ်။

အဲဒီအတောအတွင်းမှာ သူနဲ့ ဖုန်း မကြာမကြာ ပြောဖြစ်တယ်။ ကျနော်တို့ လင်မယားနှစ်ယောက်စလုံးနဲ့ ခင်မင်သူဖြစ်တဲ့အလျောက် သူက ကျနော်တို့နဲ့ ဖုန်းပြောရတာကို ဝမ်းသာပုံရတယ်။ ကျနော်တို့လင်မယားလည်း အမြဲလိုလို ရွှတ်နောက်နောက် ပြောတတ်တော့ သူကလည်း ဟီးဟီးဟားဟားနဲ့ပေါ့။ ဒါပေမယ့် နောက်မကြာခင်မှာ မထင်မှတ်တဲ့ အခြားရောဂါတခုနဲ့ သူဆုံးသွားတယ်။ စားသောက်ဆိုင်တခုမှာ ညစာစားပြီး Wash room ကို အသွားမှာ stroke နဲ့ လဲကျပြီး ကွယ်လွန်သွားတယ်တဲ့။

အဲဒီသတင်းကြားကာစက ကျနော် သူ့ဓါတ်ပုံကလေး ပြုတ်ကျသွားတာကို ပြန်သတိရပြီး စိတ်ထဲမှာ မသိုးမသန့်နဲ့ အပြစ်ရှိသလိုလိုတောင် ခံစားမိသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ လူတော်လူကောင်းတယောက်၊ မိတ်ဆွေကောင်းတယောက်ကို နှမြောတသ သတိရမိပါတယ်။
Read more

တိတ်ဆိတ်ခြင်းကြောင့် ခရုကြေ

ကျောင်းတုန်းက အပေါင်းအသင်းတွေအကြား တခုခုကို အသည်းအသန် ဆွေးနွေးကြတဲ့အခါ အခြားတယောက်ယောက်ကို (ပျော်စေပျက်စေ) နှိပ်ကွပ်ချင်ပြီဆိုရင် ပြောတတ်တဲ့ သူငယ်ချင်းတယောက်ရဲ့ လက်သုံးစကားတခုရှိတယ်။

“ပြောပါစေ… ပြောပါစေ။ သူ့ဉာဏ်လေး ရှိသလောက် ပြောရှာတာ။ လွှတ်ပေးထားလိုက်”

အဲသလို ပြောလိုက်ပြီဆိုရင် အပြောခံရသူကလွဲလို့ အားလုံးက ရယ်လိုက်ကြတာပဲ။ အပြောခံရသူမှာတော့ အောင့်သက်သက်နဲ့ နည်းနည်း အခံရခက်တာပေါ့။

တကယ်တော့…. အဲသည်စကားဟာ တော်တော်မှန်ပါကလားလို့ အခုတွေးမိပါတယ်။ ဘယ်သူမဆို သူသိသလောက် (သူ့ဉာဏ်လေးရှိသလောက်)သာ ပြောနိုင်ကြတာပါလား။

တထွာလောက်ပဲ သိတဲ့သူက တတောင်လောက် ပြောချင်လို့ မရဘူး။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လက်တွေ့စမ်းသပ်လို့ရပါတယ်။ ကိုယ်မသိတဲ့ကိစ္စတခုကို ခေါင်းစဉ်တပ်ပြီး စာရွက်ပေါ်မှာ ချရေးကြည့်ပါ။ ဥပမာ… ဂျက်အင်ဂျင် အကြောင်း ဆိုပါတော့။ ဂျက်အင်ဂျင် အကြောင်း နကန်းတလုံးမသိတဲ့လူဟာ စာရွက်ပေါ်ကို စကားလုံးတလုံး ချရေးနိုင်ဖို့တောင် မလွယ်ပါဘူး။ နည်းနည်းသိတဲ့လူက နှစ်ကြောင်းသုံးကြောင်း ရေးပြနိုင်မယ်။ များများသိတဲ့လူက များများရေးနိုင်မယ်။ ခရေစေ့တွင်းကျသိသူက စာအုပ်စာတမ်းပေါင်းများစွာ ရေးထုတ်နိုင်မယ်။

ကိုယ်မသိတဲ့ကိစ္စကို ခပ်တည်တည်နဲ့ ဖြီးဖြန်းပြီး ပြောမယ်ဆိုရင် တခါတလေ စွတ်ရွတ် မှန်သွားတတ်တာကလွဲလို့ များသောအားဖြင့် မှားတတ်ကြပါတယ်။ ရှေ့နောက်မညီတွေ ဖြစ်ကုန်ကြတယ်။ အိုးနင်းခွက်နင်းတွေ ဖြစ်သွားတတ်တယ်။ ကပေါက်တိ ကပေါက်ချာတွေလည်း ကြုံရတတ်တယ်။ တနည်းပြောရမယ်ဆိုရင် တကယ် မသိဘဲနဲ့ ရမ်းဖြီးနေတယ်ဆိုတဲ့အကြောင်း မကြာခင်မှာဘဲ ပေါ်သွားတတ်တယ်။

ဒီတော့ အမှားနည်းချင်ရင် ကိုယ်တကယ်မသိတဲ့အကြောင်းတွေကို သိသလိုလို တတ်ယောင်ကားလုပ်ပြီး ပြောတာမျိုးတော့ ရှောင်ကြဉ်ဖို့ လိုပေမပေါ့။ ဆိုလိုတာက ကိုယ့်ကိုယ်ကို ရိုးသားဖို့ အဓိက လိုလိမ့်မယ်။

ဒါပေမယ့် နဂိုကတည်းက အမှားကြီးကိုပဲ အမှန်ထင်နေတဲ့အလျောက် ရိုးရိုးသားသား မှားပြောနေမိတာမျိုးတော့ သူသူကိုယ်ကိုယ် ဖြစ်တတ်ကြပါတယ်။ အဲလိုအခါမျိုးမှာ အမှန်ကို သိတဲ့လူက ကြားသွားရင် ကိုယ့်မှားကွက်ကို လာထောက်ပြလာပါလိမ့်မယ်။နှုတ်ဆိတ်နေသူအဖို့မှာတော့ ဒီအခွင့်အရေးမျိုးကို မကြုံရဘဲ အမှားကြီးအတိုင်းပဲ တသက်လုံး သေရာပါသွားနိုင်တယ်။

ခံယူသူရဲ့ ဉာဏ်အတိမ်အနက်၊ ခံယူသူရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေအပေါ်မူတည်လို့ အောက်ပါအတိုင်း တုံ့ပြန်ပုံတွေ အမျိုးမျိုး ဖြစ်လာတတ်ကြတယ်။

(၁) အမှားကို ပြောနေရာက ထောက်ပြလာတဲ့အခါ အမှန်ကို မြင်သွားတယ်။ ဒါကြောင့် ထောက်ပြမှုကို လက်ခံတယ်။ ထောက်ပြသူကို သိပ်ကျေးဇူးတင်တယ်။ ဒီလူမျိုးက ရှားတယ်။

(၂) အမှန်ကိုတော့ မြင်သွားတယ်။ ဒါပေမယ့် (လူ့သဘာဝ တလွဲမာနကြောင့်) ထောက်ပြမှုကို ချက်ချင်း တထိုင်တည်းနဲ့ လက်ခံလိုက်ဖို့ ဝန်လေးနေတတ်တယ်။ သွေးအေးသွားတဲ့အခါကျမှ တဖြည်းဖြည်းနဲ့ လက်ခံသွားတတ်ကြတယ်။ ဒီလူမျိုးတွေကိုတော့ အလွယ်တကူ မနာယူတတ်သူတွေလို့ သတ်မှတ်လို့ ရပါတယ်။ ဒါမျိုးက သူသူကိုယ်ကိုယ် အများစု ဖြစ်တတ်ကြတဲ့သဘော။

(၃) အမှန်ကိုတော့ မြင်သွားတယ်။ ဒါပေမယ့် ကိုယ်မှားပါတယ်ဆိုတာကို ဘယ်တော့မှ ဝန်မခံလိုတဲ့အတွက် (မဟုတ်တဲ့ဘက်မှာ မာန်မချချင်တဲ့အလျောက်) မူလ အမြင်မှားကိုပဲ သေတပန် သက်တဆုံး တွယ်ဖက်ပြီး သွားတတ်ကြသူတွေလည်း ရှိတယ်။ ယုံကြည်ချက် ပြင်းထန်တယ်လို့ နာမည်တပ်ချင်လည်း တပ်လို့ရပေမယ့် ဒီလူမျိုးတွေကိုတော့ အသိခေါက်ခက် အဝင်နက်တယ်လို့ ဆိုနိုင်ပါတယ်။

(၄) ထောက်ပြပေမယ့်လည်း ဉာဏ်တိမ်တဲ့အလျောက် အမှန်ကို မမြင်နိုင်သေးဘူး။ အမှန်ကို မမြင်တဲ့အလျောက် အမှားကိုပဲ ဆက်လက်စွဲကိုင်ထားတတ်ကြတယ်။ ဒီလူမျိုးတွေကတော့ အရေအတွက် အများဆုံးပဲ။ မောဟဖုံးတယ်ဆိုတာ ဒါမျိုးဖြစ်မယ်။ ဒါပေမယ့် အမှန်ကို မြင်နိုင်လောက်တဲ့အထိ ဉာဏ်ရည်မြင့်တက်လာပြီးဆိုရင် အမှန်ကို လက်ခံသွားတတ်ကြတယ်။

ဒါတွေက မှားကွက်ကို ထောက်ပြလာတဲ့အခါ တုန့်ပြန်ပုံ အမျိုးမျိုးကို (ကျနော့် ဉာဏ်လေးရှိသလောက်း-) တွေးကြည့်ပြီး ပြောပြတာပါ။

မြန်မာစကားမှာ “အသံကြောင့်ဖားသေ” ဆိုတဲ့ စကားရှိတယ်။ မူလကတော့ သူ့နေရာနဲ့သူ သုံးစွဲဖို့ ဖြစ်လာတဲ့ စကားပါ။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီစကားကြီးကို နေရာတကာမှာ တလွဲသုံးနေကြတာကို မြင်ရတာ စိတ်ပျက်စရာပါ။ အသံမထွက်တဲ့ ခရုတွေလည်း တက်နင်းခံရလို့ ဖောင်းကနဲကွဲကြေပြီး သေကြရတာ အများအပြားပါ။ ဒီတော့ “တိတ်ဆိတ်ခြင်းကြောင့် ခရုကြေ” ဆိုတဲ့ စကားပုံလည်း မြန်မာစကားမှာ အသစ်ထွင်သင့်ပြီလို့ ထင်ပါတယ်။

“ထဲထဲဝင်ဝင် မသိရင် မပြောနဲ့” ဆိုတဲ့ အယူအဆဟာ မှားယွင်းနေတယ်။ လူတိုင်းဟာ အလုံးစုံကို သိမြင်နိုင်တဲ့ ဉာဏ်တော်ကို ပိုင်ဆိုင်ထားကြတာမဟုတ်။ ဒီတော့ သိသလောက်ကို သိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုစေတဲ့ အလေ့အထကို မွေးမြူသင့်ပြီ၊ အားပေးအားမြှောက်ပြုသင့်ပြီလို့ တွေးမိပါတယ်။ စာမတတ်ရင် လမ်းမှာဖတ် ဆိုသလို ပိုသိတဲ့လူက ထောက်ပြကြပေါ့။ ဒါပေမယ့် ထောက်ပြတဲ့နေရာမှာ ငါထောက်ပြတာမှ အမှန်ပဲ၊ ငါပြောတာကိုပဲ ချက်ချင်းလက်ခံရမယ်လို့ အတင်းအဓမ္မ လက်မခံခိုင်းကြနဲ့။ စောစောက ပြောခဲ့သလို လူတွေဟာ အမှန်ကို မြင်သွားရင်တောင်မှ တထိုင်တည်းနဲ့ လက်ခံလိုက်ဖို့ ခဲယဉ်းကြတယ်။ အတင်းအဓမ္မလက်ခံခိုင်းသူတွေဟာ အမှန်ကို ထောက်ပြချင်တဲ့စေတနာထက် ကိုယ့်ဆန္ဒကို ရှေ့တန်းတင်တာ များနေပါတယ်။ သတိချပ်သင့်တာက ထောက်ပြသူကိုယ်တိုင်လည်း မှားနိုင်ပါသေးတယ်။

နောက်စကားတခုက “လည်လွန်းတဲ့ဘီး ချေးနင်းတတ်တယ်” ဆိုတဲ့ စကားပါ။ ရပ်နေတဲ့ဘီးတွေလည်း ခွေးသေးပန်းတာကို ခံရတတ်ပါတယ်။ ယုတ်မာတဲ့စိတ်နဲ့ မယှဉ်ဘူးဆိုရင် လည်လည်ပတ်ပတ်ရှိတာဟာ ကောင်းပါတယ်။ “ရိုးတယ်” ဆိုတဲ့စကားမှာ “ရိုးသား”တာကို ဆိုလိုတာဆိုရင် ကောင်းတဲ့ဂုဏ်ပုဒ်ဖြစ်ပြီး “ရိုးအ” တာကို ဆိုလိုတာဆိုရင်တော့ ညံ့ဖျင်းတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

နောက်ဆုံးတခုက “ကြောက်တတ် ရန်ကင်း” ဆိုတဲ့ စကားပါ။ မူလဇစ်မြစ်ကတော့ မကောင်းမှုပြုရမှာကို ကြောက်တတ်ဖို့ ဆုံးမချင်တဲ့ စကားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို ကြောက်တတ်ရင်ပဲ ဘေးရန်ကင်းဝေးပြီး အေးချမ်းသာယာစွာ နေကြရတယ်လို့ အများစုက အဓိပ္ပါယ်ဖွင့်နေကြဟန်တူတယ်။ အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားနေတာကို အကြောက်တရားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အာဏာရှင်တွေ ပြုသမျှနုနေရတဲ့အဖြစ်၊ ရန်သူမျိုးငါးပါးရဲ့ နှိပ်စက်မှုဒဏ်ကို အကြီးအကျယ် ခံစားရတဲ့အဖြစ်၊ ကပ်ကြီး သုံးပါးစလုံး ဆိုက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင်း ထင်ရှားလာပါတယ်။

ငှက်ကုလားအုပ်တွေဟာ အန္တရာယ်နဲ့ ပက်ပင်းကြုံတဲ့အခါ သဲထဲကို ခေါင်းထိုးဝှက်ကြသတဲ့။ ရန်သူကို သူတို့မမြင်ရဘူးဆိုရင် ရန်သူကလည်း သူတို့ကို မမြင်တော့ဘူးလို့ ယူဆတဲ့အတွက်ကြောင့်ပါတဲ့။ ငှက်ကုလားအုပ်တွေ တကယ်အဲသည်လို လုပ်မလုပ် ကျနော်မသိပါဘူး။ ဒါပေမယ့် ပြဿနာတရပ်ကို ရင်ဆိုင်ရမှာ၊ ဖြေရှင်းရမှာ ကြောက်လို့ ရှောင်ပုန်းနေတတ်သူတွေကို သဲထဲ ခေါင်းထိုးဝှက်ထားတဲ့ ငှက်ကုလားအုပ်တွေနဲ့ နှိုင်းတာတော့ သဘောကျမိပါတယ်။

ဒီတော့ ကိုယ့်အမြင်ကို ကိုယ်သိသလို ရိုးရိုးရှင်းရှင်းပဲ ပြောကြဆိုကြရအောင်။ မှားသွားတော့လည်း ဘာအရေးလဲ။ အမှန်ကို ထောက်ပြလာလို့ ကိုယ်ကလည်း မြင်နိုင်တဲ့ ဉာဏ်အဆင့်အတန်းရောက်နေရင် လက်ခံလိုက်တာပေါ့။ မာနကြောင့် ချက်ချင်း လက်မခံနိုင်ရင်လည်း အသာငြိမ်နေလိုက်။ နောက်တော့ သွေးအေးသွားတော့မှ ဖြည်းဖြည်းချင်း လက်ခံတာပေါ့။ ကိုယ့်ကို မှားပါတယ်လို့ အတင်းအဓမ္မဝန်ခံခိုင်းလာတဲ့လူတွေရှိရင် သူတို့ (ဒေါသ)ကို ဆွချင်တဲ့အခါ ဝန်မခံနဲ့။ အသာ ငြိမ်နေလိုက်။ ကိုယ့်အမှားကို ချောင်ပိတ်ဖမ်းမယ့်လူတွေရှိလာရင် (သူတို့ကို မချေပနိုင်တဲ့အခါ) တချို့ကွန်မင့်ရေးသူတွေလုပ်သလို ရှောင်ပြေးလိုက်။ ဝေဝေဝါးဝါး လုပ်ပစ်လိုက်။ ကိုယ်မဖြေနိုင်တဲ့ မေးခွန်းကို မေးလာရင် မဖြေနဲ့ပေါ့။ ငြိမ်နေလိုက်။ (ကောင်းတဲ့ အကျင့်တော့ မဟုတ်ပါဘူး။ ကောင်းတဲ့အကျင့်ကတော့ ရိုးသားတာက အကောင်းဆုံးပါ။)

ဒါပေမယ့် အကျိုးသင့်အကြောင်းသင့် မပြောနိုင်လို့ အသားလွတ်ဆဲရေးတာမျိုးတော့ မလုပ်မိအောင် တတ်နိုင်သမျှ သတိထားရမယ်။ ဘာကြောင့်လဲဆိုတော့ အသားလွတ် ဆဲဆိုခြင်းဆိုတာ အကျိုးသင့်အကြောင်းသင့် ပြောနိုင်တဲ့ အစွမ်းအစ မရှိတော့လို့ “ကျနော်(ကျမ)တော့ဖြင့် ပက်ပက်စက်စက်ကြီးကို ရှုံးနိမ့်သွားပါပြီ”ဆိုတဲ့အကြောင်း တလောကလုံးသိအောင် အောက်တန်းကျစွာ ကြေညာလိုက်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေလို့ပါပဲ။

မှားမှားမှန်မှန် တဖက်သားကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးတဲ့၊ သူတပါးရဲ့ ချေပခွင့်ကို မပိတ်ပင်တဲ့ အလေ့အထလေးကို ဘယ်သူမမွေးမွေး ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ဘာသာ မွေးမြူမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
Read more

ပဲပုံအသာဟစ်သံ

(၁) ပဲပြုတ်နဲ့နံပြား

“ကြိုင်ရေ…. ပဲပြုတ်နဲ့ နံပြားလေး စားချင်လိုက်တာ”

နောင်အနှစ် ၂၀ လောက်ကြာလို့ ကြပ်ပြေးက ဗိုလ်သန်းရွှေရဲ့ နေအိမ်မှာ သွားရှာကြည့်ကြရင် ဗိုလ်သန်းရွှေရဲ့ အလုပ်စားပွဲမှာ ဒီလို စာတိုမျိုးလေး မတွေ့ရဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဘယ်လောက်ပဲ အကောင်းစားတွေကို တနင့်တပိုး စားနေရတယ်ဆိုဆို…. သူလည်းလေ လောကီသားပေမို့ တခါတလေ ပဲပြုတ်နဲ့ နံပြားလေး တောင့်တချင်လည်း တောင့်တပေမပေါ့။ (ပူးတွဲဖတ်ရှုရန်။.............။ Hero (Rita) )

(၂) ပုံသေ စွဲမှတ်သူများ

လူဆိုးဆိုရင် အမြဲတမ်း ဆိုးတာတွေကို ပြုနေသူလို့ ထင်မှတ်တတ်ကြပြီး လူကောင်းဆိုရင်လည်း တလျှောက်လုံး ကောင်းတာတွေချည်း ပြုနေတတ်သူ၊ ခြောက်ပြစ်ကင်း သဲလဲစင်ကလေးတွေလို့ ထင်မှတ်တတ်ကြပြန်တယ်။ တသက်လုံး ကောင်းလာတဲ့လူပေမယ့်လည်း တဒင်္ဂအခိုက်အတန့်လေးမှာ စိတ်လိုက်မာန်ပါ (သို့မဟုတ်) အမှတ်မထင် လုပ်လိုက်မိတာလေးတခုကြောင့် အကြီးအကျယ် အမှားကြီးတခုကို ကျူးလွန်မိသွားတာလည်း ရှိနိုင်သလို တသက်လုံး ဆိုးယုတ်တာတွေ ပြုလုပ်ခဲ့သူပေမယ့်လည်း တခါတရံမှာ စိတ်စေတနာအရင်းခံနဲ့ ကောင်းတဲ့လုပ်ရပ်ကို ပြုမူလိုက်တာမျိုးလည်း ရှိတတ်ပါသေးတယ်။

(၃) အနိုင်လိုချင်စိတ် ပြင်းပြသူများ

လူတဖက်သားကို အတင်းအကြပ် ဖိအားပေးပြီး တောင်းပန်ခိုင်းချင်တာမျိုးတွေကိုလည်း တွေ့နေရတယ်။ လူဆိုတာ သူ့ဘာသာ အမှားကို သိလို့ သူ့ဆန္ဒအလျောက် တောင်းပန်မှ အဓိပ္ပါယ်ရှိမှာပေါ့။ အကြပ်ကိုင်လွန်းလို့ မလွှဲသာမရှောင်သာ ဝန်ချတောင်းပန်တာကို လိုချင်နေသူတွေဟာ ရူးနှမ်းနေသူတွေလား၊ ဒါမှမဟုတ် အနိုင်လိုချင်စိတ် ပြင်းပြသူတွေပဲ လားလို့ တွေးတော စဉ်းစားမိပါတယ်။ အဲဒီလူစားမျိုးတွေဟာ တဖက်က ဝန်ချတောင်းပန်လာသည့်တိုင်အောင် အမှန်တကယ် ခွင့်မလွှတ်နိုင်သူတွေ ဖြစ်နေတတ်ပြန်ပါတယ်။

(၄) သာသနာ့သူရဲကောင်းကြီးများ

အွန်လိုင်းပေါ်မှာ ငါတို့ ကိုးကွယ်တဲ့ ဘာသာတရားကို လာမထိနဲ့ဟေ့လို့…ဆိုပြီး ဒေါနဲ့မောနဲ့ အသည်းအသန် ငြင်းခုံ ကာကွယ်နေတဲ့ သာသနာ့ သူရဲကောင်းကြီးတွေကို စိတ်ပျက်စဖွယ် တွေ့ရပါတယ်။ အဲဒီ သူရဲကောင်းကြီးတွေအနေနဲ့ ဘာသာတရားရဲ့ အဆုံးအမကို ကိုယ်တိုင်လိုက်နာကျင့်ကြံပြီး လောဘ၊ ဒေါသ၊ မောဟတွေ လျှော့နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

(၅) ဟစ်တက်တဲ့ပို့စ်တွေ

မြန်မာဘလော့ဂ်ဖတ်ပရိသတ်ဟာ အငြင်းပွားဖွယ်ရှိတဲ့ပို့စ် (Controversial posts)တွေကို သည်းခြေကြိုက်ကြောင်း Site meter ကတဆင့် သတိထားမိပါတယ်။ ဘလော့ဂ်မှာ ဟစ်တက်ချင်တယ်ဆိုရင်ဖြင့် အငြင်းပွားရမယ့် ပို့စ်တွေသာ ဖိရေးပေတော့လို့ တိုက်တွန်းရမလို ဖြစ်နေတယ်။

(၆) သံတူကြောင်းကွဲ (ဗိုင်းကောင်းကျောက်ဖိများ မဖတ်ရ)

မြန်မာပြည်က လင်မယားနှစ်ယောက်ဟာ မအိပ်ခင် ဖိုမ ဆက်ဆံကြတဲ့အခါ မိန်းမဖြစ်သူက ငှက်ပျောတုံးကြီးလို ငြိမ်သက်နေတော့ ယောက်ျားဖြစ်သူဟာ စိတ်အလိုမကျလို့ ကာမဆန္ဒ ပြည့်ဝရှာပုံလည်း မပေါ်ဘူးပေါ့။ အဲဒါနဲ့ ယောက်ျားဖြစ်သူက သူ့မိန်းမကို ဒီလို ပြောသတဲ့။

“မိန်းမရယ်… နောက်တခါကျရင် ငြိမ်မနေပါနဲ့။ ပါးစပ်ကလည်း ညည်းစမ်းပါ”….. လို့ တောင်းဆိုသတဲ့။ ဘိုလို ပြောရရင်တော့ Please moan… လို့ ပြောတာ နေမှပေါ့နော်။

မိန်းမဖြစ်သူကလည်း နောက်တခါလည်းကျရော သူ့ယောက်ျားအလိုအတိုင်း ဟောသည်လို အော်ညည်းရှာပါသတဲ့။

“ဆန်အိုးထဲမှာလည်း ဆန်မရှိတော့ဘူးတော့်။ ဆီကလည်း ကုန်တော့မယ်။ ပိုက်ဆံကလည်း တပြားမှ မကျန်တော့ဘူး။ ”……… တဲ့။

အင်း…. ဗမာစကား၊ ဗမာစကား… သံတူကြောင်းကွဲတွေနဲ့တော့ ခက်သေးတယ်။

(မှတ်ချက်။...........။ ပို့စ်ခေါင်းစဉ်က ဘာကြီးလဲလို့ ခေါင်းခြောက်ခံမနေပါနဲ့။ ကဗျာဆရာ ကိုစောဝေ (အာဏာရူးကြီးမှူးကြီးသန်းရွှေ ကဗျာဆရာ) ရဲ့ စတိုင်လ်ကို အားကျလို့ ခေါင်းစဉ်ငယ်ခြောက်ခုက ရှေ့ဆုံးစာလုံးတွေကို စဉ်ထားတာ။)
Read more

ရင်ကို လာမှန်သော ဗလောင်းဗလဲ ခြောက်ခု

ပိတ်ရက်မှာ တောင်တွေးမြောက်တွေးနဲ့ စိတ်ထဲဝင်လာတဲ့ ဗလောင်းဗလဲ ဖြစ်ရပ် ခြောက်ခုကို နံပါတ်စဉ်အလိုက် ရေးပြချင်ပါတယ်။ တချို့သော ဗလောင်းဗလဲဖြစ်ရပ်များဟာ လူအများရဲ့ ဘဝကို ထိခိုက်စေပြီး တချို့ဗလောင်းဗလဲကတော့ ကျနော့်တယောက်တည်းရဲ့ စိတ်ကို ထိခိုက်စေရုံမျှသာ တတ်နိုင်ပါတယ်။

(၁) နအဖရဲ့ အာဏာလွှဲပေးမယ်ဆိုတဲ့ ကတိ

ကျနော့်ဘဝမှာ ဘယ်တော့မှ မေ့ပျောက်လို့ ရမှာမဟုတ်တဲ့ ကြုံဖူးသမျှ အကြီးမားဆုံးသော ဗလောင်းဗလဲကြီး တခုပါ။ (၈ ရက် ၈ လ ၁၉၈၈) ရှစ်လေးလုံး အရေးတော်ပုံကြီးကို လက်နက်အင်အားသုံး သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းပြီး အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ခေါ်ပေးမယ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးတာနဲ့ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားကို ချက်ချင်းပြန်သွားမှာဖြစ်ကြောင်း ကတိကဝတ်တွေ ပေးခဲ့ပါတယ်။ နောက်တော့ တတိုင်းပြည်လုံးထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတဲ့အခါ စစ်ဗိုလ်ချုပ်ကြီးများဟာ သူရဲဘောကြောင်စွာ ကိုယ့်တံတွေးကိုယ်ပြန်မျိုပြီး အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒီဗလောင်းဗလဲကြောင့် လူပေါင်းများစွာရဲ့ ဘဝတွေကို ဆိုးဝါးတဲ့ အကျိုးသက်ရောက်ခဲ့တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။

(၂) ကိုပေါ ကန့်ကွက်မဲပေးခြင်း

နံပါတ်နှစ်ကတော့ ကျနော်ကိုယ်တိုင်ရဲ့ ဗလောင်းဗလဲပါ။

အဲဒီဗလောင်းဗလဲအတွက် အခုထက်ထိ စိတ်ထဲမှာ တွေးမိတိုင်း မခံချိမခံသာဖြစ်ရပါတယ်။ ဘာလဲဆိုတော့ နအဖ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုရေးအတွက် လူထုဆန္ဒခံယူပွဲလုပ်တဲ့အခါ ကျနော့်ရဲ့ မူလဆန္ဒက အဲဒီဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ ဆန္ဒပါ။ ကိုယ်တိုင်လည်း မဲသွားမပေးဘူး။ သူများတွေကိုလည်း မဲမပေးကြဖို့ တိုက်တွန်းမယ်ပေါ့။ သပိတ်မှောက်ဖို့ ဆန္ဒဖြစ်ရခြင်းရဲ့ အကြောင်းတွေထဲမှာ မဲသွားပေးခြင်းအားဖြင့် နအဖအစိုးရရဲ့ လမ်းပြမြေပုံကို တရားဝင်အောင် လုပ်ပေးရာ ကျသွားမှာကို စိုးရိမ်မိတာကတကြောင်း၊ သူတို့ ရဲ့ ဖွဲ့စည်းပုံကို လုံးဝမထောက်ခံနိုင်တာကတကြောင်း၊ နောက်ဆုံးအနေနဲ့ ဒီဆန္ဒခံယူပွဲဟာ ပွင့်လင်းမြင်သာရှိမှုနဲ့ တရားမျှတမှု လုံးဝရှိမှာ မဟုတ်တာကို သိနေတာကတကြောင်း စတဲ့ အကြောင်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဆန္ဒခံယူပွဲ နီးလာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သွားရောက် ကန့်ကွက်မဲ ထည့်ကြဖို့ တိုက်တွန်းလာတဲ့အခါ အဖွဲ့ချုပ်ရဲ့ မူဝါဒကို ဝန်းရံရမယ်ဆိုတဲ့အသိနဲ့ ကိုယ့်ရဲ့ မူလဆန္ဒနဲ့ကြားမှာ မပြတ်မသား လွန်ဆွဲနေခဲ့ပါတယ်။ နောက်ဆုံးတော့ ကန့်ကွက်မဲသွားထည့်မိပါတယ်။ အဲဒီအတွက် နောင်တရမိပြီး စိတ်ထဲမှာ အင်မတန်လည်း မခံချိမခံသာဖြစ်ရပါတယ်။ မိမိရဲ့ မပြတ်သားမှုအတွက် အဖွဲ့ချုပ်ကို လက်ညှိုးထိုးတာမဟုတ်ပါ။ လူတွင်ပါလို့ နွားကျားကိုက်ဆိုသလို မိမိဘာသာ ဆုံးဖြတ်ချက် မပြတ်သားခဲ့ဘဲ ဗလောင်းဗလဲလုပ်ခဲ့မိတာကို ဆိုလိုခြင်းမျှသာပါ။ နောင်ဆိုရင် ဘယ်သူတွေ ဘာပြောပြော ကိုယ့်ဆန္ဒအတိုင်းပဲ ကိုယ်လုပ်ဖို့ အားခဲထားပါတယ်။ ကျနော့်ရဲ့ ဗလောင်းဗလဲလုပ်ရပ်ရဲ့ အကျိုးဆက်အတွက် တခြားသူတွေကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေမှာတော့ ကျနော့်စိတ်ကို ပြန်လည်ထိခိုက်စေခြင်းက ပိုပါတယ်။

(၃) ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးစိန်လှဦးနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း

ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းက အင်တာဗျူးမှာ ဒေါက်တာသန်းငြိမ်းက ပြောတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းဆိုတာ တကယ်တော့ သူရယ်၊ ဦးခင်မောင်ဆွေရယ်၊ နောက်ပြီးတော့ ဦးစိန်လှဦးရယ် အဓိက ရေးဆွဲခဲ့တာပါတဲ့။ အဲဒီအဆို ဟုတ်မဟုတ်ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေကပဲ အတည်ပြုနိုင်မှာပါ။ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နအဖအနေနဲ့ အသိအမှတ်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ဒီမိုကရေစီနဲ့မညီတဲ့ အချက်တွေကို ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး ပြင်ဆင်ပေးဖို့၊ ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းမှာ ပြည်တွင်းပြည်ပက လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုဖို့ စတဲ့ တောင်းဆိုချက်တွေကို လိုက်လျောပါမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လို့ ဆိုထားပါတယ်။ အခုအဲဒီအချက်တွေအားလုံးကို နအဖက ဘာတခုမျှ မလိုက်လျောတဲ့အပြင် ရွေးကောက်ပွဲဥပဒေတွေထုတ်ပြီး ထပ်မံဖိနှိပ်လာတဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့၊ တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ရွှေဂုံတိုင်ကြေညာစာတမ်းကို သူတို့ရေးခဲ့တာပါလို့ ကြွေးကြော်နေတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဦးစိန်လှဦးတို့က “ခုတမျိုး တော်ကြာတမျိုး” ဗလောင်းဗလဲလုပ်ပြီး မျက်နှာပြောင်စွာနဲ့ ပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲ ဝင်ဖို့ စိုင်းပြင်းနေပါပြီ။ စကားမစပ်ကြုံလို့ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်မဲပေးခဲ့တဲ့ အင်းစိန်မဲဆန္ဒနယ် အမှတ်(၂)က ဒီချုပ် ကိုယ်စားလှယ်က ဦးစိန်လှဦးပါခင်ဗျား။ အဲဒီတုန်းက အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ သူ့ကိုမဲပေးခဲ့ရတာ ကျနော့်ထောက်ခံမဲ “သန” တယ်လို့ အခုတော့ ခံစားနေရပါတယ်။

ဒေါက်တာသန်းငြိမ်းကလည်း ဧရာဝတီအင်တာဗျူးထဲမှာ ဘယ်လောက်ထိ ဗလောင်းဗလဲ ပြောသလဲဆိုတော့… ရွှေဂုံတိုင်ကြေညာစာတမ်းက ဒီအချက် ဒီအချက်တွေကို လိုက်လျောရင် ရွေးကောက်ပွဲ ဝင်ဖို့ စဉ်းစားမယ်လို့ပဲပြောခဲ့တာ…တဲ့။ ဒီအချက်တွေကို မလိုက်လျောရင် ရွေးကောက်ပွဲ မဝင်ဘူးလို့ မပြောထားဘူး….တဲ့။ မှားပါတယ် ဒေါက်တာရယ်...ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လို့သာ ပြောရမလားမသိ။ မြန်မာ့နိုင်ငံရေးမှာ ယုံကြည်စရာမကောင်းတဲ့၊ မရိုးသားတဲ့၊ ခုတမျိုး တော်ကြာတမျိုးပြောတတ်တဲ့ အတိုက်အခံနိုင်ငံရေးသမားဆိုတာရှိရင် ဒီလိုလူမျိုးပါလားလို့တောင် မှတ်သားနိုင်ဖွယ်ပါ။ သူတို့ရဲ့ ဗလောင်းဗလဲလုပ်ရပ်ကြောင့် မြန်မာ့နိုင်ငံရေးမှာ ဆိုးကျိုးတွေ အမြောက်အမြား ဖြစ်ပေါ်စေဦးမှာတော့ အသေအချာပါ။

(၄) စင်္ကာပူအစိုးရရဲ့ ပီအာရ် ပေါ်လစီ

လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကျော် အချိန်ကအထိ စင်္ကာပူမှာ ပီအာရ် (အမြဲတမ်းနေထိုင်ခွင့်) ကျဖို့ဆိုတာ အတော်အတန် ခက်ခဲပါတယ်။ ပီအာရ်ကျဖို့ အရည်အချင်းသတ်မှတ်ချက်တွေကို တရားဝင်ထုတ်ပြန်ကြေညာထားတာမျိုးမရှိပေမယ့် စင်္ကာပူမှာ နေထိုင်တဲ့ လုပ်သက်ကလည်း အတန်အသင့်ရှိရမယ်။ ဝင်ငွေအဆင့်အတန်းကလည်း မဆိုးရဘူး။ စင်္ကာပူက ဘွဲ့၊ ဒီပလိုမာ လက်မှတ်တခုခုကို ပိုင်ဆိုင်ရမယ်။ ရှေးတုန်းက အဲသလို ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်လောက်အတွင်းမှာ စင်္ကာပူအစိုးရက ပီအာရ်တွေကို ဖောချင်းသောချင်း ချပေးခဲ့ပါတယ်။ မြန်မာလူမျိုးတွေအကြားမှာ ဟာသ တခုတောင်ပေါ်လာတယ်။ “အိုင်စီအေ(လူဝင်မှုကြီးကြပ်ရေး၊ လဝက)အဆောက်အဦးရှေ့က လမ်းတောင် ဖြတ်မလျှောက်ရဲဘူး။ လက်ကို ဖမ်းဆွဲပြီး ပီအာရ်ချပေးလိုက်မှာ စိုးလို့” ဆိုတာမျိုးပေါ့။ အကျိုးဆက်အနေနဲ့ စင်္ကာပူမှာ လူဦးရေ အဆမတန် တိုးတက်လာပြီး ဘတ်စ်ကား၊ မီးရထား၊ စားသောက်ဆိုင်၊ အိုးအိမ် စတာတွေအားလုံးမှာ လူတွေ ကြပ်ညပ်ကုန်ပါတော့တယ်။ ဒီကြားထဲ စီးပွားပျက်ကပ်ကလည်း ဆိုက်လိုက်သေးတော့ အလုပ်လက်မဲ့နှုန်းထားမြင့်တက်လာတဲ့အခါ ဒေသခံ စင်္ကာပူနိုင်ငံသားတွေအတွက် သူတို့အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားငှားရမ်းမှု မူဝါဒကို ဝေဖန်စရာ၊ ကန့်ကွက်စရာ ဖြစ်လာတော့တာပေါ့။ အဲသည်မှာတင်ပဲ စင်္ကာပူအစိုးရရဲ့ လဝက ပေါ်လစီဟာ ချက်ချင်း ဂ ငယ်ကွေ့ကွေ့ပြီး ပီအာရ်ချထားမှုကို တင်းကြပ်လာတော့တာပါပဲ။ ဒီအထိကတော့ သူ့နိုင်ငံ၊ သူ့လိုအပ်မှုအရ ပေါ်လစီပြောင်းရတာဆိုတော့ ကိုယ်က နိုင်ငံခြားသားလည်း ဖြစ်တဲ့အလျောက် ဝေဖန်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ၊ အသိတွေထဲမှာ ပီအာရ်မိဘနှစ်ပါးကနေ (စင်္ကာပူမှာ)မွေးလာတဲ့ ကလေးကို ပီအာရ်ချမပေးတဲ့အတွက် မကြာခဏဆိုသလို အိုင်စီအေကို သွားပြီး ကလေးအတွက် Social Visit pass သက်တမ်းတိုးနေရတဲ့ လူတွေရဲ့ ဒုက္ခကို မြင်ရတဲ့အခါမှာတော့ စင်္ကာပူအစိုးရရဲ့ လဝက ပေါ်လစီ ဗလောင်းဗလဲကို မေးခွန်းထုတ်စရာ ပေါ်လာပါတယ်။ ပီအာရ်ချတာပဲဖြစ်ဖြစ်၊ တင်းကြပ်တာပဲဖြစ်ဖြစ်….လုပ်ချင်သလို လုပ်ကြပါ။ ဒါပေမယ့် ပီအာရ်မိဘနှစ်ပါးက (စင်္ကာပူမှာ)မွေးလာတဲ့ ကလေးကို ပီအာရ်ချမပေးတာကတော့ လူတွေကို အလုပ်မရှုပ်ရှုပ်အောင် သက်သက် ညစ်ရာကျနေပါတယ်လို့သာ ပြောချင်ပါတော့တယ်။

(၅) သီးလေးသီးနဲ့ ဗလောင်းဗလဲ

နံပါတ် ၅ အနေနဲ့ နာမည်ကျော် သီးလေးသီးရဲ့ ဗလောင်းဗလဲကို ပြောချင်ပါတယ်။ သိကြတဲ့အတိုင်း သီးလေးသီး မြန်မာပြည်ကထွက်လာတော့ စင်္ကာပူမှာ အရင်ဆုံးလာ ကပြ တာမို့လား။ သူတို့ရဲ့ ပတ်စ်ပို့၊ လေယာဉ်လက်မှတ် စတာတွေအားလုံးအတွက် စင်္ကာပူက စီစဉ်သူတွေ အိပ်ကပ်ထဲက အရင်းစိုက်ထုတ်ပြီး ခေါ်ကြတာပါ။ ဒီရောက်တော့ ခေါ်တဲ့လူတွေမှာ တာဝန်ရှိတဲ့အလျောက် သူတို့ သဘောထားကို အတိအလင်း ဆွေးနွေးရပါတယ်။ မြန်မာနိုင်ငံထဲကို ပြန်ဝင်ဖို့ ဆန္ဒရှိမရှိ၊ ဒုက္ခသည်ခံဖို့၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ဖို့ ရည်ရွယ်ချက်ရှိမရှိ ပေါ့။ ဒီမေးခွန်းတွေကို မေးရတာက အကြောင်းရှိပါတယ်။ တကယ်လို့ မြန်မာပြည်ထဲကို ပြန်ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ပြက်လုံးပြက်တဲ့နေရာမှာ သတိထားပြက်ဖို့အတွက်ရယ်၊ မီဒီယာတွေနဲ့ အင်တာဗျူးတဲ့နေရာမှာ စကားအပြောအဆို သတိထားဖို့ရယ်အတွက်ပါ။ ဘာကြောင့်လဲဆိုတာ့ သူတို့ ပြန်သွားဖို့ရည်ရွယ်ထားတယ်ဆိုရင် ပြည်ပက စီစဉ်သူတွေကတော့ ပြည်ပမှာ လွတ်လွတ်ကျွတ်ကျွတ် ကျန်ရစ်မယ်။ သူတို့ကတော့ ပရိသတ်အကြိုက် လိုက်ပြက်ပြီး ထောင်ထဲဝင်သွားရတယ်ဆိုတာမျိုး မဖြစ်စေလိုတဲ့အတွက် ကြိုတင်ပြီး ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးရခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူတို့ကိုယ်တိုင်က ပြန်မယ့်ရည်ရွယ်ချက်ရှိတယ်လို့ ပြောတဲ့အလျောက် စီစဉ်သူတွေကလည်း အဲဒီအချက်ကို ထည့်စဉ်းစားပြီး ပွဲဖြစ်မြောက်ရေးနဲ့ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာပါ ဂရုတစိုက် စီစဉ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်း ပြည်ပပွဲစဉ်ခရီးတွေအတွင်း သီးလေးသီးဟာ မီဒီယာအင်တာဗျူးတွေအတော်များများမှာ “သူတို့ဟာ အများထင်သလို ပြည်ပမှာ ခိုလှုံခွင့် တောင်းပြီး နေမယ့်လူတွေမဟုတ်ကြောင်း၊ မြန်မာပြည်ကို ပြန်ပြီး မြန်မာပြည်သူတွေကို ဖျော်ဖြေမှာဖြစ်ကြောင်း” တလျှောက်လုံး ပြောခဲ့ပါတယ်။ ဒီစကားကို ကြားကာစကတော့ သီးလေးသီးရဲ့ သတ္တိကို လေးစားမိပါတယ်။ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေအနေနဲ့ သီးလေးသီးရဲ့ သတ္တိကို အတုယူသင့်တယ်ပေါ့လေ။ ဒါပေမယ့် ၂၀၀၈ နှစ်ဦးပိုင်းကတည်းက ထွက်လာလိုက်တဲ့ သီးလေးသီးဟာ အခုအချိန်အထိ ပြည်ပမှာပဲ ရှိနေပါသေးတယ်။ မြန်မာပြည်ကို ပြန်ပြီး မြန်မာပြည်သူလူထုကို ဖျော်ဖြေမယ်ဆိုတဲ့ သူတို့စကားဟာလည်း လေလှိုင်းထဲကလာပြီး လေလှိုင်းထဲမှာပဲ ပျောက်ပျက်သွားပုံရပါတယ်။ အမှန်ကတော့ ဘာမှ မပြောခဲ့ဘဲ ပြည်ပမှာ ဆက်လက်နေထိုင်တယ်ဆိုရင်လည်း သူတို့ကို ဘယ်သူကမှ ဘာမှ ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်ပြန်ဖို့ ဆန္ဒလည်း မရှိဘဲ ဘာကြောင့် အဲသည်လို ပါးစပ်ကနေ ဗလွတ်ရွှတ်တွ ပြောထွက်ခဲ့သလဲဆိုတာ သီးလေးသီးကိုယ်တိုင်မှအပ အခြားသူကတော့ သေသေချာချာ သိနိုင်မှာ မဟုတ်ပါဘူး။

(၆) မေငြိမ်းရဲ့ ဗလောင်းဗလဲ

မေငြိမ်းဆိုတာက စာရေးဆရာမ၊ တက္ကသိုလ်ဆရာမဟောင်း၊ ဘလော့ဂါ ဒေါ်မေငြိမ်းပါ။ ဆရာမမေငြိမ်း ဘလော့ဂ်ရေးခဲ့တဲ့ တလျှောက်လုံးမှာရော၊ ပြည်ပက အင်တာနက်မဂ္ဂဇင်းတွေမှာ ရေးတဲ့ စာတွေကို ဖတ်မိသမျှလိုလိုကို အခုအချိန်အထိ ကျနော်နှစ်ခြိုက်ခဲ့တာတွေချည်းပါ။ (သူကိုယ်တိုင်က သူ့ကိုယ့်သူနိုင်ငံရေးသမားလို့ မခံယူပေမယ့်) သူ့ဘလော့ဂ်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ သူ့ခံစားချက်၊ သူ့အယူအဆ၊ သူ့အမြင်တွေကို ရေးတဲ့အခါတိုင်း ကျနော်နဲ့ ထပ်တူကျလွန်းလို့၊ နှစ်သက်လွန်းလို့ ကွန်မင့်ကဏ္ဍမှာ မကြာခဏဆိုသလို သွားရောက်ထောက်ခံရေးသားလေ့ရှိပါတယ်။ အဲသည်လို ထောက်ခံလွန်းလို့ နအဖ ဘက်တော်သားဖြစ်ဟန်တူတဲ့ သူများနဲ့ မေငြိမ်းကိုလည်း မုန်းတီးဟန်တူတဲ့ သူများက “ကိုပေါ… ခင်ဗျား သူ့ကို ဘလိုင်းကြီး ပင့်မနေနဲ့” ဆိုတဲ့ ကွန်မင့်မျိုး အရေးခံရတဲ့အထိပါပဲ။

ဒါပေမယ့် ဆရာမမေငြိမ်း ဘလော့ဂ်မှာ ကျနော့်စိတ်ကို ထိခိုက်စေတဲ့ ဗလောင်းဗလဲတခု ဖြစ်ခဲ့တယ်။ အဲသည် ဗလောင်းဗလဲက တခြားသူတွေကိုတော့ ထိခိုက်ချင်မှ ထိခိုက်မှာပါ။ အသေးအမွှားကိစ္စလေးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ကျနော့်စိတ်ကိုတော့ ကြီးကြီးမားမား ထိခိုက်စေပါတယ်။

ဘာလဲဆိုတော့….. အဲသည်တလောက ညီလင်းဆက်နဲ့ မေငြိမ်းတို့ “သောင်းသောင်းဖြဖြ” ဆိုတဲ့ အသုံးအနှုန်းက အစပြုလို့ ငြိကြတယ်ဆိုပါတော့။ ကျနော်က ဖေ့စ်ဘုတ်တွေ ဘာတွေအထိ တက်မဖတ်လို့ အကြောင်းစုံ မသိရပေမယ့်… အဲဒီအချိန်က ဖေ့စ်ဘုတ်သုံးသူ မဒမ်ပေါအပြောနဲ့ ကိုယ်ဖတ်မိတာတွေ ဆက်စပ်တွေးကြည့်မိတဲ့အခါ အဲသည်ကိစ္စမှာ ကျနော်က မေငြိမ်းမှန်တယ်ယူဆတဲ့အလျောက် မေငြိမ်းဖက်မှာ ရပ်ပါတယ်။ ညီလင်းဆက်ကို ကျနော်ကြိုက်တာမှန်ပေမယ့် အရာတိုင်းမှာတော့ ညီလင်းဆက်နဲ့ ကျနော်ကလည်း ထပ်တူကျတာတော့ မဟုတ်ပါဘူး။

အဲသည်လို ညီလင်းဆက်ကိစ္စက အစပြုလို့ မေငြိမ်းရေးတဲ့ ပို့စ်တွေတိုင်းမှာ မေငြိမ်းကို မလိုလားသူများက ကွန်မင့်တွေနဲ့ အကြီးအကျယ် လာရောက်တိုက်ခိုက်တာကိုလည်း ကျနော်သတိထားမိပါတယ်။ အရင်ကလည်း နအဖ ဘက်တော်သားတွေ ဒီလိုပဲ လာရောက်တိုက်ခိုက်နေကြမို့ ဆရာမမေငြိမ်းက လုံးဝ ဖြုံမှာမဟုတ်ဘူးလို့လည်း ကျနော်တွက်ဆထားပြီးသားပါ။ ဒီကြားထဲမှာ မေငြိမ်းက “ပေးသူယူသူ နောက်ဆက်တွဲ” ဆိုတဲ့ ပို့စ်မှာ ကွန်မင့်တွေနဲ့ ပတ်သက်လို့ သူမရဲ့ သဘောထားကို ပြောရာမှာ...

“နောက်တခုက လောက်လောက်လားလား ဝေဖန်တာမျိုးလည်း မဟုတ်ကြလေတော့ မှတ်သားစရာလည်း မရှိ...။ ဒီတော့ Blog စည်တယ်လို့ပဲ သဘောထားလိုက်တော့တယ်..။ ..................................................................... ....................................................................................... .......................................................... ကဲ... Comment ချင်ကြသေးသူများ... ကြိုဆိုပါတယ်ဗျားးးး” လို့ ရေးထားတာတွေ့ရတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အလေးထားသူတယောက်အနေနဲ့ ဆရာမရဲ့ သဘောထားကိုရော၊ အဝေဖန်ခံနိုင်တဲ့ စိတ်ဓါတ်ကိုပါ ပိုပြီး သဘောကျမိပါတယ်။

ဒါပေမယ့် မကြာလိုက်ပါဘူး။ ဝမ်းနည်းစရာကောင်းတာက ဆရာမဘလော့ဂ်မှာ ကွန်မင့်တွေကို ပိတ်ထားတာ တွေ့ရတော့တာပါပဲ။ ကျနော်သုံးတဲ့ ကွန်ပြူတာတွေမှာ ကွန်မင့်ဖတ်မရတာကြောင့်တော့ မဖြစ်နိုင်လောက်ဘူးလို့ တွက်ဆရတာပဲ။

ဒီကိစ္စကလည်း ပြောရရင် သီးလေးသီး အဖြစ်တုန်းကလိုပဲ။ ဘလော့ဂါ တယောက်အနေနဲ့ သူ့ဘလော့ဂ်မှာ ကွန်မင့်တွေကို ပိတ်ခြင်း၊ မပိတ်ခြင်းက သူ့လွတ်လပ်ခွင့်ပဲ။ ဆရာမမေငြိမ်းမှာလည်း သူ့ပို့စ်ထဲမှာ ရေးခဲ့ဖူးတဲ့အတိုင်း သူ့ဘလော့ဂ်ကို နည်းပညာအရ ကူညီပေးနေတဲ့ တပည့်သားချင်း၊ မိတ်ဆွေတွေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ ကွန်မင့်တွေကို ပိတ်လိုက်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုတွေးရင်လည်း ရပါတယ်။ ဒါပေမယ့် ဒီဗလောင်းဗလဲက ကျနော့်စိတ်ကို ဘာကြောင့်ထိခိုက်စေသလဲဆိုတော့…. ဆရာမမေငြိမ်းဟာ မြန်မာပြည်မှာ နာမည်ကြီး စာရေးဆရာတယောက်ဖြစ်တဲ့အလျောက် စာပေစိစစ်ရေးရဲ့ ဆိုးရွားမှုကို သာမန်ဘလော့ဂါတွေထက် ပိုသိသူဖြစ်တာက တချက်၊ နောက်လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အလေးထားသူဖြစ်တယ်ဆိုတာကို ကျနော်ယုံကြည်တာက တချက်၊ နောက်ပြီး ဝေဖန်မှုကို မကြောက်ရွံ့သူ၊ စိတ်ထဲရှိတဲ့အတိုင်း အမှန်ကို မကြောက်မရွံ့ပြောရဲသူဖြစ်တယ်ဆိုတာ အတိတ်က သူမရဲ့ အပြုအမူအပြောအဆို လုပ်ရပ်တွေကတဆင့် သိနိုင်တယ်ဆိုတဲ့အချက်… စတဲ့အချက်တွေကို ကျနော်သိထားတော့ ဒီကိစ္စမှာ သာမန်ဘလော့ဂါတယောက်က ကွန်မင့်တွေကို ပိတ်လိုက်ရင် ကျနော့်စိတ်ထဲမှာ ဘယ်လိုမှ နေမှာမဟုတ်ပေမယ့် ဆရာမမေငြိမ်းက ပိတ်လိုက်တဲ့အခါ ကျနော့်အရှိုက်ကို လက်သီးနဲ့ထိုးလိုက်သလို၊ စစ်မြေပြင်မှာ ကိုယ့်ရဲ့ ရှားရှားပါးပါး တိုက်ဖော်ရဲဘော်တယောက် ကျဆုံးသွားသလို ရင်ထဲမှာ အတော်လေး အောင့်ပြီး နှမြောသတလည်း ဖြစ်မိပါတယ်။

ဒါတွေဟာ ရုံးပိတ်ရက်မှာ တောင်တွေးမြောက်တွေး လျှောက်စဉ်းစားရင်း ရင်ကိုလာမှန်တဲ့ အပြောင်းအလဲ ဗလောင်းဗလဲ ခြောက်ခု အကြောင်း ရေးပြလိုက်တာပါ။
Read more

ပုစဉ်းရင်ကွဲ

တောဖက်မှာ နေဖူးသူတွေအဖို့ ပုစဉ်းရင်ကွဲအော်သံတွေကိုလည်း ကြားဖူးကြပါလိမ့်မယ်။ ပုစဉ်းရင်ကွဲအော်သံက အော်နေတုန်းတော့ ဆူညံနေမှန်းမသိရဘူး။ ဒါပေမယ့် တချီတချီမှာ ရုတ်ချည်းဆိုသလို တပြိုင်တည်း အအော်ရပ်သွားတတ်ကြတယ်။ အဲဒီအခါကျမှ ညဥ့်ယံတခုလုံး တိတ်ဆိတ်ငြိမ်သက်နေတာကို အာရုံပြုမိပြီး သူတို့ တချိန်လုံးဆူညံနေခဲ့တာကိုပါ တဆက်တည်း သတိထားမိသွားတတ်တာမျိုး။ ဒါပေမယ့် အဲဒီလို ငြိမ်ကျသွားတာကလည်း ခဏတဖြုတ်ပါ။ ဆယ့်ငါးမိနစ်လောက်နေရင် ပြန်အော်ကြတာပါပဲ။

၂၀၁၀ ခုနှစ် နှစ်တဝက်ကျိုးလို့ စစ်အစိုးရရဲ့ တတိုင်းပြည်လုံးကို စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံ အတည်ပြုမယ့် ရွေးကောက်ပွဲကြီးလည်း နီးသထက် နီးကပ်လာပါချေပြီ။ ဒီအချိန်မှာ ပုစဉ်းရင်ကွဲအော်သံတွေလို တောက်လျှောက်အော်လာတဲ့ အသံတွေတချို့ ဗြုန်းစားကြီး တိတ်ဆိတ်သွားတာကို သတိထားမိတယ်။ မောသွားတာလား။ တကယ်ပဲ ရင်ကွဲသွားလေသလားတော့ မပြောတတ်။ ဘယ်အသံတွေလဲဆိုတော့ “ပွဲသိမ်းတိုက်ပွဲ” ဆိုတဲ့ အသံတွေပါ။ အထူးသဖြင့် ၂၀၁၀ ကို ပွဲသိမ်းတိုက်ပွဲ ဖြစ်ရမယ်လို့ အော်နေကြသူတွေ အခုတလော ဘာကြောင့်မှန်းမသိ အသံတိတ်သွားတာကို သတိထားမိလို့ပါ။

ပွဲသိမ်းတိုက်ပွဲ ဆိုတဲ့ အသုံးအနှုန်းက တခါတရံ သုံးတာဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ လူဆိုတာ ရည်မှန်းချက် ပန်းတိုင်ထားပြီး အလုပ်လုပ်တတ်ကြတာ သဘာဝမို့ ပန်းတိုင်မရှိတာနဲ့ စာရင် ကောင်းတယ်ပဲ ပြောရမှာပေါ့။ ဒါပေမယ့် တနှစ်တခါဆိုသလို ဒီနှစ်ထဲမှာ “ပွဲသိမ်းတိုက်ပွဲ” ဆင်နွှဲမယ်လို့ အချိန်မှန်မှန်ကြီး ပြောလာခဲ့ကြတာတွေကို တွေ့ရတော့ နှစ်တွေကြာလာတဲ့အခါ အဲဒီစကားမျိုးဟာ ပြောဖန်များလေ အနှစ်သာရ ကင်းမဲ့လေ ဖြစ်လာတော့တာပေါ့။ တကယ်လို့သာ တနှစ်အတွင်း လွတ်လပ်ရေးရစေရမယ်ဆိုတဲ့စကားကို ဂျပန်တွေနဲ့အတူ ပြန်ဝင်လာစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်း နှစ်တိုင်းပြောလာခဲ့ရင် ဘယ်သူမှ အဲဒီစကားကို အယုံအကြည် ရှိတော့မှာ မဟုတ်ပါဘူး။ ဆိုခဲစေ မြဲစေ ဆိုတဲ့ စကားကို သတိရမိပါတယ်။ ဒါက “ပွဲသိမ်းတိုက်ပွဲ”ဆိုတာကို တနှစ်တခါ ကြွေးကြော်ပြီး တိုက်နေသူတွေနဲ့ ပတ်သက်ပြီး ရေးပြချင်တာပါ။

နောက်တမျိုးကတော့ “အခုတော့ မပါသေးဘူး။ ပွဲသိမ်းတိုက်ပွဲကျရင်တော့ ဝင်ပါပြီကွာ…” ဆိုပြီး တချိန်လုံး လက်မောင်းပင့်နေတဲ့ လူတွေ ဖြစ်ပါတယ်။ နိုင်ဖို့ သေချာနေပြီဆိုတော့မှ ဝင်ပူးပေါင်းတာမျိုးကျတော့ ဘာလုပ်တော့မလဲ။ သူဝင်မပါလည်း နိုင်ဖို့က ကျိန်းသေနေပြီကိုး။ နိုင်မှ ဝင်ပါတာမျိုးက ဘောလုံးပွဲ အရှုံးအနိုင် အဖြေထွက်ပြီးမှ လောင်းကြေးထပ်ချင်တဲ့လူလို ဖြစ်နေတယ်။ တကယ်လိုအပ်နေတဲ့အချိန်မှာ အုတ်တချပ်သဲတပွင့်လို ဝင်ပူးပေါင်းပြီး ပါဝင်တာက နိုင်မယ်သေချာမှ ဝင်ပူးပေါင်းပါဝင်တာထက် ပိုပြီး တန်ဘိုးရှိပါတယ်။ အဲဒီ သဘောမျိုးနဲ့ ပြောတာမဟုတ်ပြန်ရင်လည်း…. “အာလိန်ငါးဆင့်၊ နဂါးနှင့်ဂဠုန်အရံ၊ ဂုဏ္ဘန်ယက္ခ၊ စတုဇ်မဟာရာဇာ မခံနိုင်ငြားမှ သိကြားထွက်တဲ့အခါ” ဆိုတဲ့ သီချင်း စာသားလို… “မင်းတို့ တိုက်ထားနှင့်ကြကွာ။ မင်းတို့ မနိုင်ကာမှ နောက်ဆုံးမှာ ငါဝင်ပါမယ်…” လို့ အဓိပ္ပါယ် ထွက်နိုင်ပါသေးတယ်။

အဲဒီ ပွဲသိမ်းတိုက်ပွဲ ဆိုတဲ့ အသံတွေကို ထပ်ဖန်တလဲလဲ ကြားရတော့ ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်နန်းရင်းဝန် ချာချီ ပြောခဲ့တာကို သတိရမိတယ်။

“Now this is not the end. It is not even the beginning of the end. But it is, perhaps, the end of the beginning.”
Sir Winston Churchill, Speech in November 1942


ချာချီကလည်း ဒီစကားကို (သူ့နိုင်ငံသားတွေက) ပွဲသိမ်းရောက်ကာနီးပြီလို့ လှိုင်လှိုင်ကြီး ပြောလာကြတဲ့အတွက် နားကလောဟန်နဲ့ ပြောခဲ့တာလို့ တနေရာမှာ မှတ်သားခဲ့ရဖူးပါတယ်။

အခုလည်း ကျနော်တို့ မြန်မာ့အရေးမှာ ပွဲသိမ်းလို့ မဆိုနိုင်သေးပါဘူး။ ပွဲက စရုံပဲ ရှိပါသေးတယ်။ အဲဒီအနေအထားမှာ ပွဲသိမ်းတိုက်ပွဲလို့ တစာစာ အော်နေကြရင် ပွဲမစခင်က ဇာတ်သိမ်းသွားနိုင်တဲ့အတွက်… တခါက ဒီလို ကဗျာနဲ့ ကာတွန်း ပို့စ်လေးတခုကို တင်ခဲ့ဖူးပါတယ်။

“ပွဲသိမ်းငိုချင်း”



ပွဲသိမ်းတိုက်ပွဲ….
ပွဲသိမ်းတိုက်ပွဲ….
ပွဲသိမ်းတိုက်ပွဲ….
အာတွေလည်း ပြဲခဲ့ပေါ့
အသေနွှဲမယ့် သဏ္ဍာန်လို
လေထဲက ရမ်ဘိုတွေကြောင့်
အံမယ်လေး….. အရပ်ကတို့ရဲ့
ပွဲမစခင်က ဇာတ်သိမ်းရပါပေါ့လား…..

ကိုပေါ။
July 03, 2010
Read more

“မျိုးစေ့ ပါလာသော”

အာဏာရှင်စနစ်ဟာ Self-destructive တဲ့။ စကတည်းက သူ့ကိုယ်သူ ပြန်ဖျက်ဆီးမယ့် မျိုးစေ့ပါလာသတဲ့။

ဘယ်လောက်ခိုင်ခံ့တဲ့ အာဏာရှင်စနစ်ပဲဖြစ်ဖြစ်၊ တချိန်မှာတော့ ကျဆုံးရတာကို သမိုင်းတွေထဲမှာ တွေ့နေမြင်နေရတယ်။

မြန်မာပြည်က အာဏာရှင်စနစ်ဟာ ၁၉၆၂ ခုနှစ်က စပြီး ရေတွက်ရင် ရာစုနှစ်ဝက်လောက် ကြာခဲ့ပြီဆိုတော့ ဘယ်တော့မှ မပျက်နိုင်တော့ဘူးလို့ ထင်တဲ့လူတွေလည်း ထင်ကြမယ်။ စနစ်ကသာ မပျက်သေးတာ။ အာဏာရှင်တွေတော့ တယောက်ပြီး တယောက် သေမင်းခေါ်ရာနောက်ကို လိုက်သွားကြကုန်ပြီ။ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာရှင် ဦးသန်းရွှေလည်း အသက်အရွယ်အရ နေရလွန်းလှ နောက်ထပ် ဆယ်နှစ်ပေါ့။

စနစ်ဆိုတာမျိုးကလည်း တချိန်လုံးတော့ တည်တံ့နေနိုင်တာမဟုတ်။ လူထုက ကြည်ဖြူတဲ့စနစ်၊ လက်ခံတဲ့စနစ်ဆိုရင်တော့ ကြာရှည်ခံ ကောင်းခံမယ်။ ဒါပေမယ့် အခုလက်ရှိစနစ်ကို လူအနည်းစုကလွဲလို့ ဘယ်သူမှ မနှစ်သက်ကြဘူး။ လူတွေ မလှန်ရဲဘူးဆိုတာ အကြောက်တရားနဲ့ မလှန်ရဲအောင် ဖိနှိပ်အုပ်ချုပ်ထားလို့သာဖြစ်တယ်။ အခွင့်သာတာနဲ့ လှန်ကြဖို့ ကြိုးစားကြဦးမှာပဲ။

နောက်တချက်က ဒီအာဏာရှင်စနစ်က ခေတ်နဲ့ တကယ်အံမဝင်ဘူး။ အရင် မြန်မာရှင်ဘုရင်တွေခေတ်ကလို ကုန်းတွင်းပိုင်းမှာ မင်းနေပြည်တော် တည်ထောင်ပြီး အပြင်လောက ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတယ်ဆိုရင်တော့ ပြည်သူပြည်သားတွေလည်း ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုနည်းတဲ့အလျောက် တသီးတခြား မတိုးတက်ဘဲ ကျန်ရစ်နေနိုင်ကောင်းရဲ့။ ဒါတောင်မှ ဘာသာရေး၊ ယဉ်ကျေးမှုဆိုတာမျိုးတွေ သမိုင်းတလျှောက်မှာ စိမ့်ဝင်ထိုးဖောက်တာကိုတော့ ခံရသေးတာပါပဲ။

အခုခေတ်မှာတော့ ကမ္ဘာတဖက်ခြမ်းက အဖြစ်အပျက်တွေကို တခြားတဖက်က ချက်ချင်းဆိုသလို သိနိုင်ကြားနိုင်မြင်နိုင်ကြတဲ့ခေတ်။ နိုင်ငံအချင်းချင်း ကူးသန်းသွားလာမှုကလည်း ဘယ်တုန်းကနဲ့မှ မတူညီအောင် လွယ်ကူမြန်ဆန်တဲ့ခေတ်။

ဒီခေတ်ကြီးထဲမှာ ရှင်ဘုရင်ခေတ်တုန်းကလို လူတွေဟာ မျက်စိပိတ်၊ နားပိတ်မဟုတ်ကြတော့ဘူး။ လူတွေကို ဝါဒဖြန့်မှိုင်းတွေ အရင်ကလို တိုက်လို့ မရတော့ဘူး။ လူတွေက မြန်မာ့အလင်းနဲ့ မြန်မာ့အသံလောက်ပဲ ဖတ်ကြ၊ နားထောင်ကြတာ မဟုတ်ဘူး။ လှိုင်းတိုရေဒီယိုတွေကတဆင့် ပြည်ပက လွတ်လပ်တဲ့ အသံလွှင့်ချက်တွေကို ဖမ်းယူနားထောင်ကြတယ်။ ဂြိုဟ်တုစလောင်းတွေ ကြည့်လာကြတယ်။ နိုင်ငံခြားနဲ့ ဥဒဟို သွားလာနေကြတယ်။

ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင် စတာတွေကတဆင့်လည်း ကမ္ဘာတလွှားက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေကို သိမြင်လာကြတယ်။ ခေတ်ရေစီးကြောင်းအလိုက် အနည်းနဲ့အများ ပြောင်းလဲ လက်ခံလာကြတယ်။ ဝတ်စားဆင်ယင်မှုကအစ ပြောင်းလာတယ်။ ရန်ကုန်ဓါတ်ပုံတွေထဲမှာ ဘောင်းဘီဝတ်တဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ တော်တော်များလာတာကို တွေ့ရလို့ သဘောကျမိတယ်။ အဝတ်အစားတွင်မက တွေးခေါ်ပုံတွေပါ ပြောင်းလဲလာတယ်။ နောက်ပိုင်း လူငယ်တွေဆိုရင် တွေးခေါ်ပုံတွေမှာ ကျနော်တို့နဲ့ မတူတော့ဘူး။ ကျနော်တို့ခေတ်က လူကြီးပြောတာဆိုရင် မျက်စိမှိတ် ယုံလိုက်တာပဲ။ ဒီခေတ်လူငယ်တွေက ပိုပြီး လွတ်လပ်စွာ တွေးခေါ်တတ်လာကြတယ်လို့ ထင်ပါတယ်။

စစ်အစိုးရကိုယ်တိုင်ကလည်း သူတို့ရဲ့ စနစ်ကြီးဟာ အလုပ်မဖြစ်ဘူး၊ မမှန်ကန်ဘူးဆိုတာ သိတယ်။ ဒါကြောင့်လဲ ဒီမိုကရေစီစနစ်ကို သွားဖို့လုပ်နေပါတယ်လို့ (လူကြားကောင်းရုံဖြစ်စေ) အော်ပြနေရတယ်။ ဟန်ဆောင်ပန်ဆောင်ဖြစ်စေ အပေါ်ယံတွေ လုပ်ပြနေတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက်၊ အာဏာတည်မြဲရေးအတွက် အချိန်ဆွဲတဲ့နည်း၊ မျက်လှည့်ပြတဲ့နည်းတွေကို အချိန်နဲ့အမျှ ကြံဆ သုံးစွဲနေကြရတယ်။ သူတို့မှာလည်း စိုးရိမ်ကြောင့်ကြစိတ်က မသေးဘူး။ ဒါပေမယ့် ဘယ်လောက် အချိန်ဆွဲဆွဲ၊ ဘယ်လောက်ပဲ လှည့်ဖျားဖို့ ကြိုးစားကြိုးစား တချိန်မှာတော့ ဗုန်းဗုန်းလဲရမှာပဲ။

ဒါပေမယ့် သူ့ဘာသူ လဲကျပျက်သုဉ်းတဲ့အချိန်အထိ ထိုင်စောင့်နေကြမယ်ဆိုရင်တော့ ကြာနိုင်သေးတယ်။ ကိုယ်တိုင်အတွက်၊ ကိုယ့်မျိုးဆက်တွေအတွက် လွတ်လပ်တဲ့ ပစ္စုပ္ပာန်နဲ့ အနာဂတ်ကို တမ်းတသူ၊ ဆန္ဒပြင်းပြသူများကတော့ ထိုင်မစောင့်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးကို အစဉ်သဖြင့် ကြိုးပမ်းနေကြတယ်။ ဒီလို ကြိုးစားသူများလာလေလေ တိုင်းပြည်လွတ်လပ်ဖို့ မြန်လေလေပါပဲ။ မကြိုးစားဘဲ ဘေးထိုင်နေတဲ့လူ များရင်လည်း ဘေးထိုင်နေတဲ့လူတွေအပါအဝင် မြန်မာပြည်သူပြည်သားတွေဟာ အာဏာရှင်စနစ်ရဲ့ ဒုက္ခတွေကို ပိုပြီးကြာကြာ ခံကြရဦးမှာပဲ။ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်ထူကိုယ်ထပဲ ကြိုးစားကြရမှာပါ။ သူများကယ်တာ ထိုင်စောင့်နေလို့ဖြင့် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အနည်းဆုံး… လွတ်လပ်စွာ တွေးခေါ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခြင်းတွေကို မိသားစုအတွင်းမှာ၊ မိတ်ဆွေသူငယ်ချင်းအသိုင်းအဝိုင်းမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ စတင်ကျင့်သုံးလာကြရင် တိုင်းပြည်လွတ်လပ်ရေးအတွက် တဖက်တလမ်းက အထောက်အကူဖြစ်မယ်လို့ ယူဆမိပါတယ်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs