“ပုရွက်ဆိတ်”


(ဒီပုံကို ဒီနေရာက ယူပါတယ်။)

အခု ကျနော့် ကွန်ပြူတာရဲ့ မော်နီတာမှာ ပြဿနာတခုဝင်နေတယ်။

ပြဿနာကတော့ သေးသေးလေးပါ။

သေးဆို ပြဿနာက ပုရွက်ဆိတ်တကောင်ဖြစ်နေတာကိုး။

ကျနော့် ကွန်ပြူတာ LCD မော်နီတာက ရှေ့အကြည်သားအလွှာရဲ့နောက်မှာ ၀င်နေတာ။

ဒီအကောင် ကျနော့်ကို စိတ်အနှောက်အယှက်ပေးနေတယ်။

ကွန်ပြူတာကိုင်တိုင်း ဒီအကောင်က Screen ပေါ်မှာ နေရာအနှံ့ လျှောက်သွားနေတာ။ သူ့ကို ထိလို့လည်းမရ၊ ကိုင်လို့လည်း မရဘူး။ ဖယ်ရှားလို့လဲ မရဘူး။

ဘယ်လိုက ဘယ်လို အထဲကို ၀င်သွားသလဲ မသိဘူး။ ကျနော်သတိထားမိတဲ့အချိန်ကစပြီး ရေတွက်ကြည့်ရင် နှစ်ရက်လောက်ရှိသွားပြီ။ ကြည့်ရတာ ကျနော်ကော်ဖီသောက်ပြီးရင် ပန်းကန်ကို မော်နီတာနားမှာ အမှုမဲ့ အမှတ်မဲ့ ချထားတတ်တော့ ဒီကောင် ကော်ဖီပန်းကန်ဆီလာရင်း မော်နီတာထဲကို ၀င်သွားတာဖြစ်ရမယ်။

ဒါလေးများ ဒီလောက်အဖြစ်သည်းစရာလားကွာလို့ ထင်စရာရှိမယ်။ ကျနော်က ကွန်ပြူတာပေါ်မှာ ဗီဒီယိုကြည့်ရင်တောင် Cursor မြားကလေး စခရင် (Screen) ပေါ်မှာ မြင်နေရရင် စိတ်အနှောက်အယှက်ဖြစ်တတ်သူမို့ ဘေးကို မရောက်ရောက်အောင် တွန်းရွှေ့တတ်တဲ့အကျင့်ရှိတယ်ခင်ဗျ။

အခုတော့ ဒီအကောင်က ကျနော်ဘလော့ဂ်ဖတ်နေရင်လည်း ဟိုနားက ပေါ်လာလိုက်၊ ဒီနားက ပေါ်လာလိုက်နဲ့ စိတ်အနှောက်အယှက်ပေးတယ်။ တော်တော်နဲ့ ပြန်ထွက်သွားမယ့်ပုံလည်း မပြဘူး။

ပထမတော့ ကျနော့်မိန်းမက ပြောပါတယ်။

“ပုရွက်ဆိတ်ပဲကွယ်၊ သူ့သက်တမ်းကုန်သွားရင်တော့ သေသွားမှာပေါ့၊ တပတ်လောက် စောင့်ကြည့်ပါဦးတဲ့”

သူပြောတာလည်း ဟုတ်သလိုလိုတော့ အရှိသား။

ဒါနဲ့ ကျနော်က ပုရွက်ဆိတ်ရဲ့ သက်တမ်းကို အင်တာနက်ပေါ်မှာ ရှာကြည့်တော့ သီတင်းခြောက်ပတ်ကနေ၊ ဆယ်ပတ်လောက် ရှိသတဲ့။ ဒါလောက်ဆိုရင်တော့ သည်းခံစောင့်ရမှာပေါ့ဗျာ။

ဒါပေမယ့် ခက်တာက ပုရွက်ဆိတ်ဘုရင်မဆိုရင် ၁၅ နှစ် ကျော် ကြာတဲ့အထိ အသက်ရှည်နိုင်သတဲ့။

လုပ်သားပုရွက်ဆိတ်အချို့ဆိုရင်လည်း ၇ နှစ်လောက်အထိ အသက်ရှည်သတဲ့။

ဘုရားရေ... ဒီအကောင်များ သက်တမ်း ၇ နှစ်လောက်ရှည်နေရင် ဒုက္ခ။ သူ့ကို မြန်မြန်သေပါစေလို့ ဆုတောင်းရင်လည်း ကိုယ်ပဲ အကုသိုလ်ဝင်မယ်လေ။ အခုပဲ အကုသိုလ် ၀င်လှပါပြီ။

မော်နီတာကို ပစ်လိုက်ရအောင်ကလည်း ၀ယ်ထားတာမှ မကြာသေးဘူး၊ နှမြောစရာကြီး။

တကယ်ကတော့ စာဖတ်ရာ၊ စာရေးရာမှာ သိပ်အနှောက်အယှက်တော့ မဖြစ်လှပါဘူး။ ဒါပေမယ့် ဒီကောင်က ကျနော့် Attention (ဂရုပြုမှု)ကို သိပ်လိုချင်နေဟန်ရှိတယ်။ မော်နီတာအလယ်လောက်ရောက်ရင် ခေါင်းထောင်သလိုလို၊ ဖင်ထောင်သလိုလိုနဲ့ ကျနော့်ကို မခိုးမခန့် လုပ်ပြနေတယ်လို့တောင် ထင်စရာရှိတယ်။

ဒီအကောင် ဒီထဲမှာ ရောက်နေတာ ၂ ရက်လောက်တောင်ရှိပြီ။ အစာလည်း ထွက်စားပုံမရဘူး။ အာဟာရသိဒ္ဓိများ ပြီးပြည့်စုံနေသလားမသိ။

ဒင်းတယောက်တည်းမဟုတ်ဘဲ ဒင်းရဲ့ ဆွေမျိုးသားချင်းတွေ မိသားစုတွေပါ ပါလာသေးလားမသိဘူး။ အခုလောလောဆယ်တော့ ဒင်းတယောက်ကိုပဲ မြင်ရသေးတယ်။ နောင်များမှာ အတင့်ရဲလာပြီး ဆွေပြမျိုးပြလုပ်သလို အုံနဲ့ကျင်းနဲ့ ထွက်လာဦးမလား မပြောနိုင်ဘူး။ (ပုရွက်ဆိတ်တွေ မော်နီတာနောက်မှာ အုံကျင်းဖွဲ့နေရင် ဘယ်လိုမြင်ရမလဲဆိုတာကို ဘလော့ဂါ မောင်ရင်ရဲ့ ဘလော့ဂ်ဘန်နာမှာ နမူနာအနေနဲ့ သွားကြည့်နိုင်ပါတယ်။)

ဒီကောင်တွေက လျှော့တွက်လို့မရဘူး။ နေ့ဘို့ညစာ စုဆောင်းတတ်တဲ့အကောင်တွေတဲ့။ ကျနော်မသိလိုက်ခင်အချိန်အတွင်းမှာ ဘယ်နှစ်နှစ်စာ ရိက္ခာများ မော်နီတာနောက်မှာ စုဆောင်းထားသေးလဲမသိဘူး။

ဘာပဲဖြစ်ဖြစ်....တော်ပါသေးတယ်လေ။ အဲသည်ပုရွက်ဆိတ်က မော်နီတာနောက်ကပဲ ကျနော့်ကို မခိုးမခန့် လုပ်ရဲပေလို့။ ၀င်းဖေ၀တ္ထုတပုဒ်ထဲကလို နားရွက်ထဲကနေ ခေါင်းထဲအထိဝင်သွားပြီး ခေါင်းထဲမှာ အုံကျင်းဖွဲ့နေသွားမယ်ဆိုရင် ဒုက္ခလှလှကြီး ရောက်နိုင်တယ်။

အင်း ပုရွက်ဆိတ်၊ ပုရွက်ဆိတ်။ ပေါ့သေးသေးတော့ လုပ်လို့ မဖြစ်ဘူး။ အကောင်သေးသလောက် လူကို စိတ်ဒုက္ခပေးလှပါလား။

ဟော.....ကြည့်ဦး၊ ကြည့်ဦး... အခုကိုပဲ ဟိုမှာ ကိုယ်လုံးကို ကွေးသလိုလို ဆန့်သလိုလို လုပ်နေပြန်ပါပြီ....ဟင်း။
Read more

“ညောင်စောင်းရွှေသလွန်ထက်က ဆင်းသက်လာလေပြီ”

“လှသောမဟာဒေ၀ီ...
ညောင်စောင်းရွှေသလွန်ထက်က ဆင်းသက်လာလေပြီ.....
မဟာဒေ၀ီ...မဟာဒေ၀ီ.....
ခြေသလုံးပေါ်တာ ကြည့်ရုံမျှနဲ့
ဝိပါကကြောင့် ဈာန်လျှောရလေသည်”

ရွှေမန်းတင်မောင်သီချင်းပါ။ ဟိုးခေတ်က မင်းဆရာ ဈာန်ရသူ (ရသေ့/ရဟန်း) တဦး ကောင်းကင်ကနေ ဈာန်နဲ့ ကြွအလာမှာ ဘုရင့်မိဖုရားဖြစ်သူက သလွန်ညောင်စောင်းပေါ်ကအဆင်း ခြေသလုံးလှစ်ကနဲ ပေါ်သွားတာကို ပြတင်းပေါက်ကတဆင့် မြင်လိုက်ရတဲ့အခါ တပ်မက်ခြင်းတဏှာကြောင့် ဈာန်လျှောရတာကို သီချင်းဆိုထားတာပါ။ (ဇာတ်လမ်းအတိအကျကတော့ ဗုဒ္ဓခေတ်က ဇာတ်လမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ ပိုသိကြမှာပါ။ သိသူရှိရင် ကွန်မင့်မှာ ဖော်ပြသွားစေလိုပါတယ်။)

သီချင်းနားထောင်ရင်း ကျနော့်စိတ်ထဲမှာ တွေးမိတာက “သြော်.... ကိုယ်တော့်နှယ်၊ မတန်လိုက်တာပေါ့” ။ ဟုတ်တယ်လေ...တကိုယ်လုံးပေါ်တာ မြင်လိုက်ရလို့ လျှောရတယ်ဆိုရင် တော်သေးတယ်။ အခုတော့ ခြေသလုံးလေးပေါ်တာလောက်နဲ့ ဈာန်လျှောရတာကို ကျနော်က ကြားထဲက မနေနိုင်မထိုင်နိုင် နှမြောမိလို့ပါ။

ကျနော်တို့ ဆယ်တန်းလောက်(၁၉၈၇-ခုနှစ်တ၀ိုက်)ခေတ်အခါက မြန်မာမလေးတွေ ထမိန်တိုတို ၀တ်ကြတာခေတ်စားပါတယ်။ အံမယ်... သီချင်းတောင်ရှိသေးတယ်။ “သူဟာ ထမိန်တိုတို” တဲ့။

အဲ....အဲဒီမတိုင်ခင်ကတော့ ထမီကို ခြေမျက်စိဖုံးအောင် ၀တ်ကြတဲ့ခေတ်ခင်ဗျ။ ထမိန်ကို ဒရွတ်ဆွဲပြီး တံမြက်စည်းလှဲသလိုပေါ့။ ခြေသလုံးပေါ်အောင်ဝတ်ရင် လူကြီးတွေက မကြိုက်ဘူး။ မှတ်မှတ်ရရ..... ဆယ်တန်းအတန်းပိုင် (ကျနော့်ကို တပည့်တယောက်အနေနဲ့ အရမ်းချစ်တဲ့) ဆရာမက ကျောင်းဖွင့်စမှာ ကျောင်းသူတွေကို ပြောပုံက... “နင်တို့ ထမီတိုတို ၀တ်တာတွေ၊ ခါးဖော်တာတွေ မမြင်ချင်ဘူး။ နင်တို့ အသားတွေကို ဘယ်သူမှ မကြည့်ချင်ဘူး၊ လာပြမနေနဲ့” တဲ့။ ဆရာမက အဲသည်လို ဗြောင်ပြောတတ်တယ်။

ဒါပေမယ့် ကျနော်က အဲသည်ကိစ္စမှာတော့ ဆရာမနဲ့ အမြင်ချင်း သိပ်မတူပါဘူး။ ကျနော်တို့အဖို့တော့ အဲသည်တုန်းက ကောင်မလေးတွေ ခါးပေါ်တာကို၊ ခြေသလုံးတုတ်တုတ်ခဲခဲလေးတွေကို ကြည့်ရတာ ကြည့်လို့ကောင်းတာကတော့ အမှန်ပဲ။ ကျိန်ပြောဆို ကျိန်ပြောပါမယ်။ ခါးပေါ်တာ၊ ခြေသလုံးပေါ်တာကို ရှက်စရာကြီးဆိုပြီး လုံးဝမကြည့်ပဲတော့ မနေပါဘူး။ ဒါပေမယ့် အင်မတန် ငမ်းတဲ့အဆင့်အထိ ရောက်မသွားအောင်တော့ ကိုယ့်ဘာသာကိုယ် ဣနြေ္ဒဆည်ပြီး မသိမသာ ခိုးကြည့်ရတာပေါ့။

ဒါပေမယ့်လည်း ကျနော်တို့တက္ကသိုလ်တက်တဲ့အချိန်မှာတော့ ဒီခြေသလုံးပေါ်တာက အဆန်းမဟုတ်တော့ဘူး။ အားလုံးလိုလို ခြေသလုံးဖော်ကြတဲ့ခေတ်ဆိုတော့ ရိုးသွားပြန်ရော။

အဲသည်အချိန်မှာ တချို့တလေလည်း ဒီထက်ဆန်းဆန်းပြားပြား ဖော်ကြပါတယ်။ အဲဒီအချိန်က ရယ်စရာတခုကို ပြောပြရဦးမယ်။ တက္ကသိုလ်မှာ ကျနော်နဲ့ တွဲဖော်တွဲဖက် သူငယ်ချင်းတယောက်ရှိတယ်။ အဲဒီသူငယ်ချင်းက မျက်စိအရမ်းလျှင်ပြီး သွက်သွက်လက်လက် ရှိတယ်။ ကျနော်က အာရုံနှစ်ခုမရတဲ့လူဆိုတော့ လမ်းသွားရင်း စကားပြောနေရင် ဘေးဘီကို အာရုံမရှိတော့ဘူး။ စကားထဲမှာ အာရုံနစ်နေတတ်တယ်။ ရှေ့မျက်နှာချင်းဆိုင်က အသိဖြတ်လျှောက်သွားရင်တောင် မြင်တော့တာမဟုတ်ဘူး။

အဲဒီသူငယ်ချင်းမှာ ချစ်စရာကောင်းတဲ့ အလေ့တခုရှိတယ်။ ထူးထူးခြားခြားလှပတဲ့ မိန်းကလေးတွေ၊ အနိပ်စားကလေးတွေ တွေ့ရင် ကျနော့်ပုခုံးပေါ် သူ့လက်တင်ထားရာကနေ ပုခုံးကို လက်နဲ့ အသာညှစ်ပြီး ပြလေ့ရှိတယ်။ အစားကောင်းအသောက်ကောင်းကို စားရရင် မိတ်ကောင်းဆွေကောင်းကို သတိရတယ်ဆိုတဲ့ စကားအတိုင်းပါဘဲ။ ဝေမျှတာ၊ ဝေမျှတာ။

ဒါပေမယ့် ကျနော်ကလည်း အာရုံက အဲလောက် မသွက်တော့ နှစ်ခါသုံးခါလောက် ပုခုံးကို ညှစ်လိုက်မှ သဘောပေါက်ပြီး ကြည့်လိုက်အခါကျ လွန်သွားပြီ၊ မတွေ့လိုက်ရတော့ဘူး၊ ငတ်ကရော...ဆိုတာမျိုးပေါ့။

စကားစပ်မိလို့ ကျနော့်အင်မတန်နှစ်သက်တဲ့ ကာတွန်းဆရာမောင်ဝဏ္ဏရဲ့ ကာတွန်းလေးတကွက်ကို သွားသတိရတယ်။ အဲသည်ကာတွန်းမှာ အဖိုးကြီး နှစ်ယောက် ညောင်ပင်အောက်က ခုံတန်းမှာ ထိုင်နေကြတယ်။ (လက်ထဲမှာ စိတ်ပုတီးကလေးတွေကိုယ်စီတောင် ပါသလားမသိဘူး။) အဲသည်အချိန်မှာ ကိုယ်လုံးကိုယ်ပေါက်လှလှ ကောင်မလေးတယောက် ရှေ့က ဖြတ်လျှောက်လာတယ်။ အဲဒါကို အဖိုးကြီးနှစ်ယောက်အနက် တယောက်က စမြင်လိုက်တော့ ဒုတိယအဖိုးကြီးကို အသာလက်တို့ အချက်ပြလိုက်တယ်။ အဲဒီနောက် ကာတွန်းကွက်ကလေးထဲမှာတော့ ရှေ့ကမိန်းကလေးဖြတ်လျှောက်သွားတဲ့အခါ လှုပ်ရမ်းနေတဲ့ တင်ပဆုံလေးကို အဖိုးကြီးနှစ်ယောက်စလုံးက မျက်လွှာလေးတွေ ချထားသလို မျက်စေ့ကို မှေးစင်းထားလျက်က မျက်ဆန်နက်နက်ကလေးကတော့ ထပ်ချပ်မခွာလိုက်ကြည့်နေကြပုံကို သရုပ်ဖော်ထားတဲ့ ကာတွန်းမောင်ဝဏ္ဏရဲ့ လက်ရာဟာ အင်မတန် ရယ်စရာလည်းကောင်း၊ သဘာဝလည်းကျ၊ ပြောင်လည်း ပြောင်မြောက်လှပါတယ်။ နောက်ဆုံးကာတွန်းအကွက်မှာ.....ကောင်မလေးလဲ သူတို့ထိုင်နေရာကို လွန်သွားရော.... လက်တို့ပြီး အပြခံလိုက်ရတဲ့ အဖိုးကြီးဆီက အသံထွက်လာတယ်။ “သာဓုဗျာ...သာဓု....သာဓု”.....တဲ့။

စောစောက ကျနော့်သူငယ်ချင်းနဲ့ ကျနော့်အကြောင်းကို ပြောပြရင်း အဲသည်ကာတွန်းလေးက ကျနော့်စိတ်ထဲကို ပြန်ဝင်လာသေးတယ်။

ဟော.... အခု စင်္ကာပူရောက်လာတော့ ခြေသလုံးပေါ်တာလောက်ကို မပြောနဲ့တော့။ ပေါင်တံတခုလုံးနဲ့ တင်အရင်းလောက်အထိ ပေါ်နေတဲ့ ၀တ်စားဆင်ယင်ပုံမျိုးတွေဆိုတာ မမြင်ချင်အဆုံးပါဘဲ။ အဲဒါတွေမြင်ရလို့လည်း သိပ်ပြီး ရင်ခုန်လှိုက်မောတော့ မဖြစ်တော့ပါဘူး။ ယုံကြပါ။ ကြည့်ရတာ အသက်အရွယ် ရလာတာကြောင့် ထင်ပါရဲ့။ ဟိုတလောက ဘလော့ဂါပန်ဒိုရာရဲ့ (သာသည့်မြေသို့)ဆိုတဲ့ပို့စ်တခုမှာ ကျနော့်ထုံးစံ ငြင်းကြခုံကြတော့ ပန်ဒိုရာက “ကိုပေါဟာ စလုံးမပေါင်ဖြူဖြူလေးတွေကို စွဲလန်းလို့ စင်္ကာပူက မခွဲနိုင်မခွာရက်တာ ဖြစ်နိုင်တယ်” ဆိုတာမျိုး ကောက်ချက်ဆွဲပြတော့ ကျနော့်မှာ ဖတ်ရင်းနဲ့ ရယ်ရသေးတယ်။ တကယ်က စလုံးမလေးတွေထက် ဥရောပသူ ပေါင်ဖြူမလေးတွေကို ပိုသဘောကျတာဗျ...။

အဲ....ဟို တက္ကသိုလ်တုန်းက သူငယ်ချင်းနဲ့ အခုနောက်ပိုင်းတွဲမသွားဖြစ်တော့ပေမယ့် ကျနော့်ရဲ့ ထူးခြားလှတဲ့ ကံဇာတာအကျိုးပေးကြောင့် လှတာလေးတွေမြင်ရင် လက်ကုပ်ပြမယ့်သူက ကျနော့်ဘေးမှာ အမြဲရှိနေပါသေးတယ်။ တခြားလူမဟုတ်ပါဘူး။ မဒမ်ပေါ..ပါ။ မဒမ်က ဥရောပလှပျိုဖြူလေးတွေကို ကျနော်မတွေ့ခင် သူသာအရင်မြင်လိုက်ရင် အတင်းလက်ကုပ်ပြတော့တာပါဘဲ။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ဇနီးမယား ပါလဲ။

ဟိုတနေ့က မြို့ထဲကို အသွား ပလက်ဖောင်းပေါ်မှာ မျက်နှာချင်းဆိုင်က လာတဲ့ အဖြူမလေး နှစ်ယောက်ဟာ ဘာကြောင့်မှန်းမသိ ကျနော့်ကို အသေအချာ စူးစူးစိုက်စိုက် ကြည့်သွားကြပါတယ်။ ရုပ်ရှင်ထဲက လူကြမ်းတယောက်ယောက်နဲ့ တူလို့ ကြည့်တာလဲ ဖြစ်နိုင်ပါတယ်။း-) အဲဒါကို မဒမ်မြင်သလို ကျနော်လည်း သတိထားလိုက်မိတယ်။

မဒမ်က ပြောတယ်။ “ကိုကို....မင်းကို ဟိုက အဖြူမလေးနှစ်ယောက်က သေသေချာချာ ကြည့်သွားတယ်..သိလား၊ အဲဒါ မင်းမြင်လိုက်ရဲ့လား”...တဲ့။ အဲဒါကို ကျနော်က “အေးလေ၊ မြင်သားပဲ။ အဲဒါဘာဆန်းသလဲ” ဆိုပြီး ရိုးအီနေတဲ့ အိုက်တင်မျိုးလုပ်ပြလိုက်တော့ မဒမ့်ခမြာက တက်မတတ်ချက်မတတ် ရယ်ရှာပါတော့တယ်။ “အံမယ်လေးဟယ်...ပြောမိတာ မှားပါတယ်”...တဲ့။

နေဦးဗျ။ ဖော်တာချွတ်တာနဲ့ ပတ်သက်လို့ ပြောရရင်....စင်္ကာပူက ဆင်ဆာတွေက ၀တ်တာဆင်တာ နည်းနည်းပါးပါး ဖော်ရင်၊ ပေါ်ရင်လည်း အဲဒီနေရာကို နည်းပညာနဲ့ ၀ါးလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဒစ္စကာဗာရီ တီဗီလိုင်းမှာ လူရိုင်းတွေအကြောင်းလာရင် လူရိုင်းတွေရဲ့ ပစ္စည်းပစ္စယတွေများ တိုးလိုးတွဲလောင်းနဲ့ မမြင်ချင်အဆုံးဗျာ။ လူရိုင်းတွေကို လူလို့ မသတ်မှတ်တဲ့ သဘောလားတော့ မသိပါဘူး။

ကျနော် သုံးသပ်မိတာ တခုရှိတယ်။ တကိုယ်လုံးကို ဖုံးလွှမ်းပြီး လုံလုံခြုံခြုံဝတ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ နည်းနည်းပါးပါး ပေါ်တာ၊ဖော်တာကို မြင်ရရင် ရင်ခုန်လှုပ်ရှားကြပြီး မရိုးမရွ စိတ်တွေ ပေါ်တတ်ကြတယ်ထင်ပါရဲ့။ စောစောက ရွှေမန်းတင်မောင်သီချင်းထဲက ရသေ့ဈာန်လျှောရရှာသလိုပေါ့။ အ၀တ်မကပ်တဲ့ လူရိုင်းတွေလို လူ့အဖွဲ့အစည်းမှာတော့ တင်သား၊ ရင်သားတွေကို ပကတိအတိုင်း အထင်းသားမြင်နေရလည်း ထူးခြားပြီး မရိုးမရွ မဖြစ်စေတော့သလိုပဲ။

အဲဒီတော့ အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ဆင်တာဟာ လိင်စိတ်ကို မလှုံ့ဆော်စေချင်လို့ ဆိုတဲ့ အယူအဆဟာ အလုံးစုံ မှန်မှ မှန်ပါ့မလားလို့ စဉ်းစားမိလာတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လို လုံလုံခြုံခြုံဝတ်ဆင်တဲ့ လူ့အဖွဲ့အစည်းမှာမှ ခြေသလုံးပေါ်တာကြည့်ရုံနဲ့ မရိုးမရွ ဖြစ်တတ်ကြတာမျိုးကလား။ အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ခြင်းဟာ လိင်စိတ်ကို Pressure Cooker လို ပေါင်းဖိုထဲမှာ ဖိအားများများနဲ့ နှိပ်ကွပ်ထားပြီး နည်းနည်းလေးဖော်လိုက်တာနဲ့ အင်နဲ့အားနဲ့ ပေါက်ကွဲထွက်လာစေအောင်များ ရှေးလူကြီးတွေက ပရိယာယ်ေ၀၀ုစ်နဲ့ တမင်သက်သက် စီမံထားခဲ့လေရော့သလားလို့ ရောက်တတ်ရာရာ တွေးတောမိသလို တင်ပြလိုက်ပါတယ်။
Read more

“မုသားမပါ လင်္ကာမချောဟု ဆိုကြရာဝယ်”

(အာရ်အက်ဖ်အေ ရေဒီယိုရဲ့ “လေလှိုင်းထဲက စာအုပ်စင်” ကဏ္ဍမှာ ဦးအောင်ခင် သုံးသပ်တင်ပြသွားတဲ့ ဒေါက်တာမောင်မောင်ကြီးရဲ့ Burmese Political Values စာတမ်းက ကောက်နှုတ်ချက် အပိုင်း(၂၀)ကို ဆက်လက်တင်ပြလိုက်ပါတယ်။ မူရင်းကို သက်ဆိုင်ရာမှာ ခွင့်မတောင်းနိုင်တာ နားလည်စေချင်ပါတယ်။ နောက်တပို့စ်မှာတော့ ကျနော်ရေးထားပြီးဖြစ်နေတဲ့ ပို့စ်တွေထဲက နည်းနည်းချင်း အသစ်တင်ပေးသွားပါမယ်။ ဦးအောင်ခင်ရဲ့ ထုတ်လွှင့်ချက်တွေကိုလည်း နောက်ပိုင်းမှာ အလျဉ်းသင့်သလို ပြန်တင်ပေးသွားပါမယ်။)

မြန်မာ့နိုင်ငံရေးအတွေးအခေါ်-အပိုင်း(၂၀)

တရားဥပဒေကို အာဏာရှိသူရဲ့ အလိုကျ အသုံးချနေတာဟာ တရားဥပဒေမရှိတာနဲ့ အတူတူပါပဲ။ မြန်မာ့ဓလေ့မှာ တရားဥပဒေက အဆုံးအဖြတ်မပေးဘဲ အာဏာရှိသူကသာ အဆုံးအဖြတ်ပေးတာမို့ အထက်အောက်ဆက်ဆံရေး၊ အစိုးရပြည်သူဆက်ဆံရေး စတာတွေမှာ အမှန်အတိုင်းမပြောရဲဘူးလို့ သမိုင်းပညာပါမောက္ခဟောင်း ဒေါက်တာမောင်မောင်ကြီး သုံးသတ်ထားတာကို မြန်မာ့နိုင်ငံရေးအတွေးအခေါ် အပိုင်း ၂၀ မှာ တင်ပြလိုက်ပါတယ်။ အထက်လူကြီးအကြိုက်လိုက်ပြောပြီး အမှန်တရားကို ဖုံးကွယ်တဲ့အကျင့်ဟာ ဗမာမင်းခေတ်ကအမွေပေးလိုက်တဲ့ အထက်အောက် ဆက်ဆံရေး စနစ်ဖြစ်နေပါတယ်။

သြဇာအာဏာရှိသူကိုကြောက်ကြရတာဟာ ဗမာ့ဓလေ့ပါ။ အထူးသဖြင့် မိမိကိုချက်ချင်းဒုက္ခပေးနိုင်တဲ့အထက်အရာရှိကို ကြောက်ကြပါတယ်။ ရာထူးအာဏာရှိသူဟာ သူ့မှာရှိတဲ့အာဏာကိုအသုံးပြုပြီး အောက်လူကို ဒုက္ခပေးတတ်တာကို ဗမာတွေနားလည်ကြပါတယ်။ ဒါကြောင့် အာဏာရှိသူ မကြိုက်မဲ့စကားကို မပြောဘဲ လိမ်ပြောတာမျိုး (ဒါမှမဟုတ်လည်း) အမှန်တရားကို ရေရောပြီး ပြောတာမျိုး လုပ်တတ်ပါတယ်။ ဖြစ်ရပ်မှန်ကို မတင်ပြဘဲ အထက်အရာရှိအကြိုက် လိုက်ပြောတာဟာ ဗမာမင်းလက်ထက်ကမင်းမှုထမ်းတွေရဲ့ အကျင့်ဓလေ့ပါ။ ဥပမာ.. ပထမ အင်္ဂလိပ်-ဗမာစစ်ပွဲမှာ ဗမာဘက်က အကျအဆုံးများတာကို ဖုံးကွယ်ခဲ့ပါတယ်။ အမှန်အတိုင်းမပြောတဲ့ဗမာ့အကျင့်ကို ၁၉ ရာစုအစောပိုင်းမှာ ရောက်လာတဲ့ အီတလီဘုန်းကြီးက ကောင်းကောင်း သတိထားမိတဲ့အတွက် မှတ်တမ်းတင်ထားပုံက....

“ဗမာတွေလိုက်နာရမယ့် အဓိကကျင့်ဝတ်တွေထဲမှာ မုသာဝါဒါဆိုတဲ့ ပညတ်ချက်လည်းပါဝင်တယ်။ ဒါပေမဲ့ ဒီပညတ်ချက်ကို မလိုက်နာဆုံးပါဘဲ။ ဒီလူမျိုးအဖို့ အမှန်ကိုပြောဘို့ဆိုတာ မဖြစ်နိုင်သလောက်ဘဲ။ ဒါတင်မကသေးပါဘူး၊ အမှန်အတိုင်းပြောဘို့ ကြိုးစားသူကို အရူးလို့ခေါ်တတ်ပါတယ်။ အမှန်အတိုင်းပြောသူဟာ လူကောင်းဖြစ်ပေမယ့် မအောင်မြင်နိုင်တဲ့လူလို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ပရိယာယ်ဆင်ပြီး ဟန်ဆောင်လှည့်ဖြားတဲ့နေရာမှာ ဗမာတွေကျွမ်းကျင်ကြတယ်။ ကိုယ်တကယ်လိုချင်တာကို မလိုချင်သလိုဟန်ဆောင်တာမျိုး လုပ်တတ်တယ်။ မချစ်သော်လည်း ချစ်ဟန်ဆောင်တာတွေ သိပ်များတယ်” လို့ ၁၉ ရာစု အစောပိုင်း မြန်မာပြည်ကိုရောက်လာတဲ့ အီတလီဘုန်းကြီးက မှတ်တမ်းတင်ထားပါတယ်။

မုသာဝါဒါဆိုတဲ့ ပညတ်ချက်ကို ဗမာတွေအချိုးဖောက်ဆုံးပဲလို့ ၁၈၂၇ ခုနှစ်မှာ အင်းဝကို သံတမန်အဖြစ်ရောက်သွားတဲ့ John Crawford က မှတ်ချက်ချပါတယ်။ အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲအတွင်း အင်းဝမှာထောင်ကျနေတဲ့ အမေရိကန်သာသနာပြု Mr. Judson ရဲ့ ပြောပြချက်ကိုလည်း ဖော်ပြထားပါတယ်။ သူနဲ့အတူ ထောင်ကျနေတဲ့ မင်းမှုထမ်းနှစ်ဦးပြောတာကို Mr. Judson ကြားခဲ့ရတာပါ။ ငယ်ရွယ်တဲ့ မင်းမှုထမ်းက ဖြောင့်မတ်တယ်ဆိုတာဘာလဲလို့ မေးတဲ့အခါမှာ အသက်ကြီးတဲ့ မင်းမှုထမ်းက “ဖြောင့်မတ်တယ်ဆိုတာဟာ အသိဉာဏ်ကင်းမဲ့တဲ့ လူအ၊လူနနဲ့ အတူတူပဲ” လို့ ဖြေလိုက်ပုံ Mr. Judson ကြားခဲ့ရပါတယ်။ ရိုးသားဖြောင့်မတ်မှုကို ထုံထိုင်းမှုလို့ ယူဆကြ တာကြောင့် “လူရိုးလူအ” ဆိုတဲ့ အသုံးအနှုန်း ပေါ်လာပုံရပါတယ်။

“မုသားမပါ လင်္ကာမချော” ဆိုတဲ့ စကားအတိုင်း မကောင်းတဲ့သတင်းကို လျှော့ပြောပြီး ကောင်းတဲ့သတင်းကို ပုံကြီးချဲ့ပြီး ပြောတာဟာ ဗမာ့ဓလေ့လိုဖြစ်နေပါပြီ။ အထက်လူကြီးအကြိုက်လိုက်ပြောချင်တာကြောင့် စကားအရာမှာ လှည့်ပတ် ပြောဆိုတတ်တဲ့ အကျင့်ဓလေ့ ပေါ်ထွက်လာတာဖြစ်ပါတယ်တဲ့။ မိမိကိုမထိခိုက်အောင် လှည့်ပတ်ပြောဆိုတဲ့အတတ်ပညာကို တန်ဖိုးထားတဲ့သဘောပါပဲ။ လူတဖက်သားကို စော်ကားသလိုမဖြစ်အောင်၊ မထိခိုက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လိမ်ညာပြောဆိုတဲ့ ကိစ္စတွေဟာ ဆက်ဆံရေးအဆင်ပြေအောင် လုပ်တဲ့သဘောဖြစ်နေလို့ ဗမာတွေက စိတ်မသိုးမသန့် မဖြစ်ကြပါဘူး။

စိတ်သာရှင်စော ဘုရားဟော”၊ “စိတ်ထားတတ်က မြတ်၏”ဆိုတဲ့ စကားကိုကြည့်ရင် ရည်ရွယ်ချက်က တကယ့်လုပ်ရပ်ထက်အရေးကြီးပုံကို ဗမာတွေလက်ခံတာကို သိနိုင်ပါတယ်တဲ့။ သူများရည်ရွယ်ချက်ကို အကဲခတ်ရတာနဲ့ သံသယဖြစ်ရတာဟာ ဗမာ့အမှုထမ်းလောကရဲ့ ထင်ရှားတဲ့အသွင်လက္ခဏာတခုပါပဲ။ နန်းတွင်းလျှို့ဝှက်ကြံစည်မှုတွေက ဆင်းသက်လာတဲ့ အကျင့်ဓလေ့လည်း ဖြစ်ပါတယ်။ ရာထူးတက်အောင်၊ သြဇာအာဏာရှိလာအောင် နန်းတွင်းမှာ အပြန်အလှန် စုံစမ်းထောက်လှမ်းတဲ့အခါ စိတ်ထဲရှိသမျှ အကုန်ထုတ်ပြောလို့ မဖြစ်ပါဘူး။ သူများရဲ့ ရည်ရွယ်ချက်ကို သံသယအပြည့်နဲ့ သုံးသပ်ရပါတယ်။

အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲပြီးသွားပေမယ့် အင်္ဂလိပ်ရဲ့ ရည်ရွယ်ချက်ကို ဗမာက သံသယရှိနေတဲ့အတွက် ပေးရမယ့် စစ်လျော်ကြေး ပထမအရစ်ကို မပေးသေးဘဲ ဆိုင်းထားပါတယ်။ စစ်လျော်ကြေး ပထမအရစ်ပေးလိုက်တာနဲ့ အင်္ဂလိပ်စစ်တပ် ချက်ချင်းဆုတ်ခွာသွားတာကို ဗမာတွေအံ့သြနေကြပုံရပါတယ်။ ဒါကြောင့် “ဒီကုလားတွေဟာ အရက်သောက် နွားသတ်ပြီး အလွန်လောဘကြီးပေမယ့် ကတိတည်ပြီး အမှန်အတိုင်းလုပ်တာကို တန်ဖိုးထားကြတယ်။ ငါတို့ဗမာတွေကတော့ မှန်တာဆိုရင် တခုမှမပြောရဲဘူး”လို့ မှတ်ချက်ချကြပုံကို အင်္ဂလိပ်သံတမန်တဦးက သက်သေ ထွက်ဆိုခဲ့ပါတယ်။

အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးစနစ်ကျင့်သုံးတော့လည်း သံသယဖြစ်တတ်တဲ့ ဗမာ့ဓလေ့ဟာ ကွယ်ပျောက်သွားတာမဟုတ်ပါဘူး။ ၁၉၂၇ မှာ ကျင်းပတဲ့ မိတ္ထိလာအရာရှိငယ်သင်တန်းမှာ “သံသယစိတ်တိုက်ဖျက်ရေး” ကို ဘုရင်ခံ Harcourt Butler မိန့်ခွန်းပြောပါတယ်။ ဖြစ်ရပ်မှန်နဲ့ ပကတိအချက်အလက်တွေကိုသာ အဓိကထားပြီး စဉ်းစားဘို့နဲ့ ကိုယ်ဖြစ်ချင်တာ၊ ထင်မြင်ယူဆတာတွေကို ဦးစားမပေးဘဲ သိပ္ပံနည်းကျလေ့လာသုံးသပ်ဖို့ Harcourt Butler က တက္ကသိုလ်ကျောင်းသားတွေကို တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံအုပ်ချုပ်ရေးပြုပြင်ဘို့အတွက် ၁၉၃၀ ခုနှစ်က လန်ဒန်မှာ စားပွဲဝိုင်းဆွေးနွေးပွဲလုပ်တဲ့အခါ ဗမာကိုယ်စားလှယ်တဦးက ရှမ်းစော်ဘွားတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေရှိနေကြောင်း ရမ်းသန်းပြောလိုက်ပါတယ်။ အချက်အလက် အထောက်အထားမပြနိုင်ဘဲ ထင်ရာမြင်ရာ ရမ်းသန်းစွပ်စွဲတာမျိုးကို လုံးဝလက်မခံနိုင်ကြောင်း အင်္ဂလိပ်ဘက်က သတိပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ အရှိကိုအရှိအတိုင်း တန်ဖိုးဖြတ်နိုင်တဲ့စွမ်းရည် ဗမာတွေမှာ ချို့တဲ့နေတာ တွေ့ရပါတယ်တဲ့။

ပေါ့ပေါ့တန်တန်နေထိုင်ပြောဆိုမှုတွေနည်းပါးသွားပြီး လေးလေးနက်နက် နေထိုင်ကျင့်ကြံတတ်ဘို့အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဲ့ အဓိပ္ပါယ်ကို ဗမာတွေ နားလည်သဘောပေါက်ဖို့လိုတယ်လို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသဘောကို နားလည်တဲ့ ပြည်သူလူထုကသာ မိမိကိုယ်မိမိ ယုံကြည်လာမှာဖြစ်ပါတယ်။ စိတ်ထင်သလို ဖမ်းဆီးထောင်ချတာမျိုး မလုပ်ဘဲ တရားမျှတတဲ့ ဥပဒေကို ကျင့်သုံးနိုင်ရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ရရှိပါလိမ့်မယ်။ တရားဥပဒေရဲ့ စောင့်ရှောက်မှုကို ရရှိထားတဲ့ ပြည်သူလူထုကသာ လေးလေးနက်နက် စဉ်းစားပြီး အလုပ်ကြိုးစားကြပါလိမ့်မယ်တဲ့။

ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက် ကျင့်သုံးနိုင်တဲ့ အလေ့အကျင့် ဗမာတွေမှာ မရှိသေးပါဘူး။ ပြည်သူ့ကိုယ်စားလှယ်တွေလက်ထဲ အာဏာရောက်ရှိလာဘို့ နှစ်ပေါင်းများစွာ အနောက်တိုင်းမှာ တိုက်ပွဲဝင်ခဲ့ရတာကို ဗမာတွေ သတိပြုဘို့ လိုပါတယ်။ ထိရောက်စွာ ကျင့်သုံးနိုင်တဲ့ နိုင်ငံရေးစနစ်ကို မွေးထုတ်ရာမှာ သမိုင်းကြောင်း ရှည်လျားတာကို မမေ့သင့်ဘူးလို့ ဆရာမောင်မောင်ကြီးကဆိုပါတယ်။


ကိုပေါမှတ်ချက်။..............။ ဆရာဒေါက်တာမောင်မောင်ကြီးက ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက် ကျင့်သုံးနိုင်တဲ့ အလေ့အကျင့် ဗမာတွေမှာ မရှိဘူးပြောတာဟာ မြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးလို့ ဆိုလိုတာလို့ ကျနော်မယူဆပါဘူး။ မြန်မာတွေဟာ သူများနည်းတူ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို တန်းတူရည်တူ ခံစားခွင့်ရှိရမှာပါ။ ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ ကြုံရမယ့် အလေ့အထတွေ၊ အကျင့်စရိုက်တွေနဲ့ ယဉ်ပါးဘို့ဆိုရင် အချိန်ယူရမှာ ဖြစ်ကြောင်းကို ဆိုလိုဟန်ရှိပါတယ်။ ကျနော့်မိတ်ဆွေ လူငယ်တယောက်ကတော့ ပြောပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ တံဆိပ်ပြောင်းကပ်လိုက်တာမျိုးမဟုတ်။ လူတွေရဲ့ စိတ်ဓါတ်နဲ့တွေးခေါ်ပုံကို ပြောင်းလဲကြရမှာ ဖြစ်တယ်။ သူဥပမာပေးပုံက.... ဒီမိုကရေစီဟာ အင်ဂျင်စက်ကြီးတလုံးဆိုရင် လူတွေရဲ့ စိတ်ဓါတ်နဲ့ တွေးခေါ်ပြုမူကျင့်ကြံပုံတွေက အဲဒီအင်ဂျင်ကြီးကို မောင်းနှင်မယ့် လောင်စာဆီနဲ့တူမယ်။ လောင်စာဆီက သူ့အင်ဂျင်နဲ့ မလိုက်ဖက်တဲ့ ကြက်ဆူဆီတွေဖြစ်နေမယ်ဆိုရင် အင်ဂျင်ကြီးဟာ မလည်ပတ်နိုင်ရုံမျှမက ကြာရင် သံချေးတောင်တက်သွားနိုင်ပါသေးသတဲ့။

ပူးတွဲဖတ်ရှုရန်။.........။ လွတ်လပ်သောစိတ် (ကိုရွှေအောင်ရဲ့ စိမ်းလန်းသောမြေမှ)
Read more

“မြန်မာတွေရဲ့ စိတ်အစဉ်မှာ စွဲဝင်နေတဲ့ အာဏာရှင်စရိုက်”

အခုတလော အင်တာနက်ပေါ်မှာ ဂျောက်ဂျက်သီချင်းကိစ္စနဲ့ပတ်သက်လို့ ပိတ်ပင်ဖို့ ရေးကြသားကြတာတွေကို ဖတ်ရတဲ့အခါ မြန်မာတွေရဲ့ စိတ်အစဉ်မှာ ရှေးအတီတေကတည်းက စွဲဝင်နေပုံရတဲ့ အာဏာရှင်ဆန်တဲ့ ဉာဉ်လေးတွေကို အတိုင်းသား မြင်လိုက်ရပါတော့တယ်။ မတွေးပဲမနေနိုင်အောင် ဖြစ်ရတာက စစ်အစိုးရပြုတ်ကျသွားလို့ အဲဒီလူမျိုးတွေသာ နောက်အစိုးရတခုဖွဲ့စည်းမယ်ဆိုရင် နအဖထက်မလျော့တဲ့ ဖိနှိပ်မှု ဥပဒေအမျိုးမျိုးနဲ့ ပြည်သူတွေကိုများ ဖိနှိပ်ချုပ်ချယ်လေမလားဆိုတဲ့ စိုးရိမ်စိတ်အတွေးပါဘဲ။

မြန်မာအများစုရဲ့ သဏ္ဍာန်မှာ စွဲဝင်နေတဲ့ အာဏာရှင်ဆန်တဲ့ စရိုက်အကြောင်းကို သမိုင်းပါမောက္ခဒေါက်တာမောင်မောင်ကြီးရေးသားတဲ့ Burmese Political Values ဆိုတဲ့ စာတမ်းမှာ အပြည့်အစုံရေးသားထားပြီး အာရ်အက်ဖ်အေ ရေဒီယိုရဲ့ “လေလှိုင်းထဲက စာအုပ်စင်” ကဏ္ဍမှာ ဦးအောင်ခင် ကောက်နှုတ်ဖော်ပြလွှင့်ထုတ်သွားချက်များကို ဖော်ပြလိုက်ပါတယ်။ (ခွင့်ပြုချက်မတောင်းနိုင်ပဲ ဖော်ပြလိုက်ရတဲ့အတွက် သက်ဆိုင်ရာက ဖြုတ်ပေးဖို့ တောင်းဆိုလာခဲ့ရင် ဖြုတ်ပေးပါမယ်။)

မြန်မာ့နိုင်ငံရေး အတွေးအခေါ်- အပိုင်း(၁၉)

အစိုးရမင်းကို စက်ဆုပ်ရွံရှာပြီး တချိန်တည်းမှာပဲ မင်းမှုထမ်းဖြစ်ချင်တဲ့စိတ် ဗမာတွေမှာ ရှိနေပုံနဲ့ ဗုဒ္ဓ၀ါဒမဟုတ်တဲ့ အယူသီးမှုအစွဲအလမ်း၊ အာဏာရှင်စရိုက်ရှိနေပုံကို ဆရာမောင်မောင်ကြီးရဲ့ မြန်မာ့နိုင်ငံရေးအတွေးအခေါ် အပိုင်း ၁၉ မှာ တင်ပြလိုက်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းကို ဗုဒ္ဓ၀ါဒရောက်ရှိလာတာ အနှစ်တထောင်ကျော်သွားပြီဖြစ်ပေမယ့် ရုပ်ဝတ္ထုကိုးကွယ်တဲ့ ဗမာ့ဓလေ့ဟာ ကွယ်ပျောက်သွားတာ မဟုတ်ပါဘူး။ အဲနားမစ်ဇင် Animism ခေါ် ရုပ်ဝတ္ထုကိုးကွယ်တဲ့ဓလေ့ကို ဗုဒ္ဓ၀ါဒနဲ့ ရောစပ်တဲ့အခါမှာ နတ်ကိုးကွယ်မှုကို အားသစ်လောင်းသလိုဖြစ်သွားပါသေးတယ်တဲ့။ ဗုဒ္ဓဘာသာဝင် ဗမာမင်းတွေ နတ်ကိုးကွယ်တာကို သမိုင်းမှတ်တမ်းမှာ အထင်အရှားတွေ့နိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဗမာလူမျိုးတွေဟာ နက္ခတ်ဗေဒင်၊ ပယောဂ၊ မှော်အတတ်၊ ထိုးကွင်းမင်ကြောင်နဲ့ အတိတ်နိမိတ်ကို ယုံကြည်ကြတာ များပါတယ်။ အတိတ်ဆိုးနိမိတ်ဆိုးတွေ ပေါ်လာပြီး မကြာမီ ရှင်ဘုရင်သေဆုံးရပုံကို ဗမာရာဇ၀င်ကျမ်းတွေမှာ တွေ့နိုင်ပါတယ်။ ဂျပန်ခေတ်မှာ နိုင်ငံတော်အကြီးအကဲအမည်ခံခဲ့တဲ့ ဒေါက်တာဘမော်ရဲ့ ခြံဝင်းထဲကို လိပ်တကောင်ဝင်လာပြီးမကြာမီ ဒေါက်တာဘမော်ဟာ ဂျပန်နဲ့အတူထွက်ပြေးရပုံကို ဂျပန့်ခေတ်သာသနာရေးဝန်ကြီးက မှတ်တမ်းတင်ထားပါတယ်။ “လိပ်”ဟာ အင်္ဂလိပ်ကို ကိုယ်စားပြုတဲ့အတိတ်နိမိတ်မို့ အင်္ဂလိပ်ဝင်လာလို့ ဒေါက်တာဘမော်ပြေးရတာကို နိမိတ်ကောက်ထားတာပါဘဲ။ ဒေါက်တာဘမော်ဟာ အင်္ဂလန်နဲ့ ပြင်သစ်မှာ ဘွဲ့တွေယူထားတဲ့ ခေတ်ပညာတတ်ဖြစ်ပေမယ့် အင်္ဂလိပ်စစ်ရှုံးအောင် ၀ိုင်းတိုက်ပေးကြဘို့ နတ်ပေါင်းစုံကို ပူဇော်ပသ ပန်ကြားခဲ့ပါတယ်။

အယူသီးတဲ့ဗမာတွေဟာ ပုဏ္ဏားနဲ့ ဗေဒင်ဆရာမပါရင် ဘာမှမလုပ်နိုင်ဘူးလို့ ၁၉ ရာစုနှောင်းပိုင်းထုတ် အစိုးရပြန်တမ်းမှာ ဖော်ပြထားပါတယ်တဲ့။ အရေးကြီးတဲ့ကိစ္စဆိုရင် ရက်ကောင်းရက်မြတ်ရွေးရတာကလည်း အလုပ်ကြီးတခုလိုဖြစ်နေပါတယ်။ ဂျန်န၀ါရီလ ၄ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ မှာ ဗမာ့လွတ်လပ်ရေးကြေညာရတာကလည်း ဗေဒင်ဆရာ့လက်ချက်ပါပဲ။ မနက် ၄ နာရီမှာ လွတ်လပ်ရေးရတာမို့ အခမ်းအနားတက်သူတွေအားလုံး အစောကြီးထကြရပါတယ်။ ဒါကိုမကျေနပ်တဲ့ အင်္ဂလိပ်အရာရှိတဦးက “ကြိုက်သလိုလုပ်ကြပေါ့ကွာ၊ ငါတို့က ဒီတခါပဲ အိပ်ရေးပျက်ရတာ။ မင်းတို့ကတော့ အမြဲတမ်းအိပ်ရေးပျက်ရမှာပါ” လို့ ကိုယ်ရေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ခေါင်းဆောင်ပိုင်းကစပြီး ဗေဒင်ဆရာပြောတဲ့အတိုင်း ယုံကြည်နေရင် ဆင်ခြင်တုံတရားနဲ့ အညီဆုံးဖြစ်နိုင်ဘို့ ခက်ခဲသွားပါလိမ့်မယ်။

ဝန်ကြီးချုပ်ဦးနုစီးလာတဲ့ မော်တော်ကား ခွေးတကောင်တိုက်မိတာကို နိမိတ်မကောင်းဘူးလို့ ယူဆပြီး ခရီးဆက်မသွားတော့တာကိုလည်း ကြားဘူးပါတယ်။ အင်္ဂလန်မှာ ငယ်စဉ်ကတည်းက ပညာသင်ခဲ့တဲ့ ဗမာပညာတတ်တဦး ထိုးကွင်းမင်ကြောင်ကို ယုံကြည်တာဟာလည်း အံ့သြစရာပါပဲ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့အထဲမှာ သူပါမသွားတာဟာ သူ့ကျောကုန်းမှာထိုးထားတဲ့ ထိုးကွင်းမင်ကြောင်ရဲ့ အစွမ်းပဲလို့ အဲဒီပုဂ္ဂိုလ်က ပြောလေ့ရှိပါတယ်။ နောက်တော့ သူလည်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဆရာဝန်အပါအ၀င် ခေတ်ပညာတတ်ထဲမှာ ကလေးနေမကောင်းတာကို ဗေဒင်မေးပြီး ယတြာချေသူတွေ ရှိပါတယ်။ စစ်ဗိုလ်တွေကလည်း အကြားအမြင်ရသူနဲ့ ဗေဒင်ဆရာကို အားကိုးကြပါတယ်။ ဘုရားကိုးဆူဆိုတဲ့ ဂြိုဟ်ပူဇော်ပွဲ ကျင်းပနေကြတုန်းပါပဲ၊ ရည်ရွယ်ချက်က မကောင်းတာတွေ ပျောက်ကွယ်ဘို့ပါပဲ။

ဒီလိုအယူသီးပြီး အစွဲအလမ်းကြီးတဲ့ ဗမာတွေမှာ အာဏာရှင်ဓလေ့ကို လိုလားတဲ့အတွေးအခေါ်ရှိတယ်လို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ အကြွင်းမဲ့အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဗမာတွေဟာ ၂၀ ရာစု ရောက်လာတော့လည်း အာဏာရှင်စနစ်ကို တောင့်တနေတုန်းပဲလို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အင်္ဂလိပ်ကို ပြိုင်ဆိုင်နိုင်တဲ့ နာဇီဂျာမဏီနဲ့ ဖက်ဆစ်အီတလီက အာဏာရှင်တွေကို ဗမာခေါင်းဆောင်တွေသဘောကျပြီး ဒေါက်တာဘမော်က သူ့ကိုယ်သူ အာဏာရှင်လို့ ကြေညာခဲ့ပါတယ်။ ဂျပန်ခေတ်က ကျင်းပတဲ့ လွတ်လပ်ရေးအခမ်းအနားမှာ ဒေါက်တာဘမော်ကို ရှင်ဘုရင်အဖြစ်ရည်ညွှန်းပြီး သခင်ကိုယ်တော်မှိုင်းက ကျမ်းကျိန်ပွဲမှာ ပြောဆိုသွားပါတယ်တဲ့။

ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်ကလည်း အင်္ဂလိပ်ကို တန်ပြန်နိုင်တဲ့ အာဏာရှင်စနစ်ကို အားကျဘူးပါတယ်။ “ခေါင်းဆောင်မှုမှန်ကန်ရင် အားလုံးကောင်းမွန်ပြီး၊ ခေါင်းဆောင်မကောင်းရင် အားလုံးကမောက်ကမဖြစ်ကုန်တယ်လို့ ဗမာတွေက ယုံကြည်ကြောင်း၊ ဒါကြောင့် ခေါင်းဆောင်ဆိုတာ ပြယုဂ်သာမဟုတ်ဘဲ တကယ်စွမ်းဆောင်နိုင်ရမှာဖြစ်ကြောင်း၊ အစိုးရတခု၊ တပါတီနဲ့ ခေါင်းဆောင်တဦးသာ ရှိသင့်ပြီး နိုင်ငံတော်အာဏာကို လူတိုင်းနာခံရမယ်” လို့ ၁၉၄၂ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ပြည်မှာ ရေးခဲ့ပါတယ်။

အဲဒီတုန်းက အာဏာရှင်စနစ်ခေတ်စားနေလို့ သံယောင်လိုက်တာလား၊ ယုံကြည်လို့ ပြောတာလားဆိုတာကို မသိရဘူးလို့ ဆရာမောင်မောင်ကြီးကဆိုပါတယ်။ ဖက်ဆစ်အာဏာရှင်ကို အကူအညီတောင်းဘို့အသွား ဂျပန်မှာရေးတဲ့ လွတ်လပ်ရေးစီမံကိန်းစာတမ်းဖြစ်တဲ့အတွက် ရေပန်းစားနေတဲ့ အာဏာရှင်စနစ်ကို အမွှန်းတင်တာပဲဖြစ်ဖို့များပါတယ်။ ဂျပန်စစ်ရှုံးလို့ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့မိန့်ခွန်းတွေမှာ ဒီမိုကရေစီစနစ်ကိုသာ ထောက်ခံပြောဆိုတာ တွေ့ရပါတယ်။ “ဒေးဗစ်စတိုင်းဘတ်” ဆိုတဲ့ အမေရိကန်ပညာရှင်ကလည်း ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း ဂျပန်ပြည်မှာရေးခဲ့တဲ့ စာတမ်းလေးကို ထောက်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာရှင်စနစ်လိုလားသူအဖြစ် မဆင်မခြင်စွပ်စွဲပြီး ရေးသားခဲ့ဘူးပါတယ်။

ဗမာတွေမှာ အာဏာရှင်ဆန်တဲ့ အကျင့်ဓလေ့တွေ ရှိနေတာမို့ ကွဲလွဲတဲ့သဘောထားကို လက်မခံနိုင်တာလို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ ဒီမိုကရေစီဆိုတာ “ရပိုင်ခွင့်တွေ” မဟုတ်ဘဲ လေ့ကျင့်ယူရမယ့် အကျင့်ဓလေ့သာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ပါမောက္ခဟောင်း B. R. Peam က ပြောဘူးပါတယ်တဲ့။ မိမိရထားတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ထင်သလိုအလွဲသုံးစားလုပ်တာဟာ အာဏာရှင်ဆန်တဲ့ ဗမာစရိုက်ပဲဖြစ်ပါတယ်တဲ့။ အထက်အောက်ဆက်ဆံရေးပုံစံဟောင်း အပိုးကျိုးနေတာကလည်း အာဏာအလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုးကို အားပေးသလိုဖြစ်နေပါတယ်။ အင်္ဂလန်မှာတော့ မတရားလုပ်တဲ့အစိုးရအမှုထမ်းကို ခံချတဲ့ အစဉ်အလာကြီးမားတာမို့ အာဏာအလွဲသုံးစားလုပ်မှု နည်းပါးပါတယ်။

ဗမာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ရာထူးနဲ့ သြဇာအာဏာရှိပြီဆိုတာနဲ့ မာနကြီးမောက်မာပြီး နိုင်ထက်စီးနင်းလုပ်တော့တာပါပဲ။ ရာထူးပြုတ်သွားတော့မှ မနေတတ်မထိုင်တတ် ရှက်သလိုလို ကြောက်သလိုလိုနဲ့ ဟိတ်ဟန်မထုတ် ရိုးရိုးကုပ်ကုပ် ပြန်ဖြစ်သွားပါတော့တယ်။ အာဏာကို အထင်ကြီးလွန်းတာကြောင့် အာဏာရှိသူရှေ့ရောက်ရင် ဗမာတွေဟာ ကြောက်လန့်ပြီး ခခယယ လုပ်တော့တာပဲလို့ အင်္ဂလိပ်ကိုလိုနီအရာရှိတဦးက မှတ်ချက်ချဘူးပါတယ်။ အာဏာရှိသူကို ကြောက်ပြီး အာဏာမရှိသူကို အထင်သေးတာဟာ ဗမာဓလေ့လိုဖြစ်နေပါတယ်။

ငါးပါးသီလမှာ “မုသာဝါဒါ” မဟုတ်မမှန် လိမ်လည်ပြောဆိုတာကို ရှောင်ကြဉ်ပါ့မယ်လို့ ဘုရားရှိခိုးတိုင်း ကတိပြုနေကြတဲ့ ဗုဒ္ဓဘာသာဗမာတွေဟာ အထက်လူကြီးအကြိုက်လိုက်ပြီး အမြဲတမ်းလိမ်လည်ပြောဆိုတတ်ပုံကို ရှေ့အပတ်မှာ ဆက်လက်တင်ပြပါမယ်။
Read more

“အင်တဲလ် အင်ဆိုက်ဒ်”


(ဤပုံကို ဤနေရာမှ ကူးယူထားခြင်း ဖြစ်ပါသည်။)

intel inside တဲ့။

ကွန်ပြူတာဝယ်လိုက်တိုင်း အဖုံးပေါ်က တံဆိပ်ကလေးက ငါ့ကို ပြုံးပြနေတယ်။

ဘယ်လောက် ဂိုင်ဂါဟတ်ဇ် ( GHz ) လဲ။

Core 2 Duo လား။ Core 2 Quad လား။
ဘယ်လောက် ပေးခဲ့ရသလဲ။

ပရိုဆက်ဆာ (Processor)တွေက အမျိုးမျိုး အစားစား။

တချို့ကလည်း တွက်ချက်နိုင်မှု စွမ်းရည်မြင့်မားတယ်။

တချို့ကလည်း ဈေးပေါပေါနဲ့မို့ စွမ်းရည်နိမ့်တယ်။

တချို့ကွန်ပြူတာတွေမှာ အချက်အလက်တွေကို ထိန်းသိမ်းသိုလှောင်နိုင်တဲ့ Memory အရွယ်အစား ကြီးမားပါရဲ့။ တချို့ကွန်ပြူတာတွေမှာတော့ အချက်အလက်များများ မဆံ့ဘူး။

ကွန်ပြူတာကို မောင်းနှင်ဖို့အတွက် Operating System တခုခုတော့ လိုသပေါ့။ အဲသည် အပေါ်မှာ ထပ်ဆင့်ပြီးတော့မှ အသစ် အသစ်သော၊ အမျိုးမျိုးအစားစားသော ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲ တွေကို ထပ်မံ တပ်ဆင်သုံးစွဲကြပြန်တယ်။

မော်ဒယ်အောက်နေတဲ့ စက်တွေမှာ နောက်ဆုံးပေါ် Operating System တွေကို တင်ပြီး သုံးဖို့ခက်တယ်။

သူ့မှာ အနိမ့်ဆုံးလိုအပ်တဲ့ Computing Power နဲ့ RAM size ကလည်း လိုသေးတယ်မို့လား။

မော်ဒယ်နိမ့်တဲ့ စက်တွေမှာ နောက်ဆုံးပေါ် ပရိုဂရမ်တွေ တပ်ဆင်အသုံးပြုရင် သုံးနေရင်း Hang သွားတတ်တာကလည်း သဘာဝ။ တချို့ကျတော့လည်း Compatible မဖြစ်ဘူးတဲ့။

မော်ဒယ်နိမ့်တဲ့ စက်တွေကို ဆက်သုံးချင်သေးရင်တော့ နည်းနည်းပါးပါး Upgrade လုပ်ပေးရတယ်။

Upgrade လုပ်လို့မရရင်တော့ “ကာရန်ကူနီ” ခေါ်တဲ့ အဟောင်းဝယ်တဲ့လူဆီမှာ နှစ်ပဲခြောက်ပြားလောက်နဲ့ ရောင်းလိုက်။ ဒါမှမဟုတ် အမှိုက်ဟောင်း စွန့်ပစ်တဲ့နေရာမှာ အသာသွားချထားလိုက်။

ကွန်ပြူတာမော်ဒယ်တိုင်းဟာ သူ့ခေတ်သူ့အခါလျောက် အသုံးဝင်ခဲ့တာမှန်ပေမယ့် အချိန်ကြာလာတဲ့အခါ၊ မော်ဒယ်အောက်လာတဲ့အခါမျိုးမှာ အသစ်အသစ်သော မော်ဒယ်တွေက အစားထိုးနေရာယူသွားကြတာ ဓမ္မတာပဲ။

မော်ဒယ်မြင့်တဲ့ စက်တွေမှာတောင် အချက်အလက် (data)တွေကို သွင်းပေးဖို့ ထုတ်ပေးဖို့အတွက် Input, Output port တွေ၊ User Interface တွေ မပါဘူးဆိုရင် အလကားပဲ။ သိပ်အသုံးမတည့်လှဘူး။ ပါပြန်တော့လည်း ဗိုင်းရပ်စ်ကြောက်လို့ဆိုပြီး ပြင်ပကမ္ဘာက ဒေတာတွေကို မသွင်းမထုတ်ရဲပဲ ပိတ်ထားလို့ မရပြန်ဘူး။

တချိန်က ကိုယ်ဈေးကြီးပေးဝယ်ခဲ့ပြီး အမြတ်တနိုး တယုတယ ကိုင်တွယ်ခဲ့ရပေမယ့် ကွန်ပြူတာတွေဆိုတာ တချိန်ကျတော့လည်း စွန့်ပစ်လိုက်ရတာပါဘဲလေ။ အစွဲအလန်းကြီးမားသူတွေကတော့ အဟောင်းကလေးကိုပဲ တသသ ကိုင်တွယ်ရင်းနဲ့ ပရိုဂရမ်အသေးစားလေးတွေ၊ ဆော့ဖ်ဝဲ အဟောင်းအမြင်းလေးတွေနဲ့ နှစ်ပါးသွားကြလေတယ်။

Operating System တွေ၊ ဆော့ဖ်ဝဲ တွေဆိုတာလည်း ဒီအတိုင်းပါဘဲ။ အချိန်နဲ့အမျှ အသစ်အသစ်တွေ ထွက်လာနေတာ။ တချို့သူတွေလည်း ဆော့ဖ်ဝဲဗားရှင်း (Softwares Version)အသစ်တွေကို မရင်းနှီးလို့ သုံးစွဲရမှာကို ကြောက်ရွံ့ကြ။ တချို့ကျတော့လည်း လက်ရှိသုံးနေတဲ့ ဗားရှင်းကို အားမရလို့ အသစ်ကိုစောင့်မျှော်ကြ။ တီထွင်ကြ။

ဘာပဲဖြစ်ဖြစ်......ကွန်ပြူတာနည်းပညာနဲ့ ဆော့ဖ်ဝဲ Industry ကတော့ အကြီးအကျယ် တိုးတက်ဆဲ၊ အလုပ်ဖြစ်ဆဲပါ။
Read more

“အမှန်တရားနှင့် ဆေးခါးတလက်”

“သားရေ...လာပါကွာ။ ချိုပါတယ်။ သောက်လိုက်နော်......တဇွန်းထဲပါ။ ဦးဦးဆရာဝန်ကြီးက ပြောတယ်မို့လား။ ဒီဆေးလေးကို သောက်လိုက်ရင် သားသားနေကောင်းသွားမှာ”

ကလေးကို ဆေးချော့တိုက်နေရသည့် အဖြစ်အပျက်တွေကို ကျနော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို မြင်တွေ့နေရသည်။ အသိဉာဏ်နုနယ်သေးသလို၊ အတွေးအခေါ် မရင့်ကျက်သေးသည့် ကလေးဘ၀ပေမို့ သကြားအုပ်ထားသော ဆေးချိုချိုကလေးကို တိုက်ကျွေးကြသည်။

သည်လိုနှင့် ကလေးငယ်သည် တဖြည်းဖြည်း ကြီးပြင်းလာပြီး အသိဉာဏ်လည်း ရင့်ကျက်လာသည်။ လူကြီးဘ၀သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် နေထိုင်မကောင်းပါက ခါးသက်သော ဆေးခါးကိုလည်း ရောဂါပျောက်ကင်းရေးအတွက် မိမိ ဆင်ခြင်ဉာဏ်ဖြင့် ဆင်ခြင်ကာ ကြိတ်မှိတ်မျိုချရသည့်အခါလည်း မျိုချရသည်။

လောကကြီးတွင် ရှိသမျှ ဆေးဝါးတိုင်းသည် သကြားအုပ်ထားသော ဆေးဝါးတွေချည်း ဖြစ်မနေနိုင်ချေရာ အရွယ်ရောက်သည့်တိုင် ဆေးခါးဆိုလျှင်မသောက်လို၊ သကြားအုပ်ထားသော ဆေးကိုသာ တောင့်တနေပါက ထိုသူသည် ဇီဇာကြောင်သူအဖြစ်တော့ အနည်းဆုံး သတ်မှတ်ခြင်း ခံရချေတော့မည်။

အချို့သော အမှန်တရားတို့သည်လည်း ခါးသက်ချေ၏။ ခါးသက်သောအမှန်တရားဖြစ်သဖြင့် မကြားဝံ့ မရင်ဆိုင်ဝံ့လျှင် ဆေးခါးကိုမသောက်လိုပဲ ကြေးများ (ဂျီးများ)သူကဲ့သို့ပင် စိတ်နုသူတယောက်၊ ဇီဇာကြောင်သူတယောက်၊ မရင့်ကျက်သူတယောက် အဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

“ဂါရဝေါစ..... ရိုသေထိုက်သောသူကို ရိုသေခြင်း”

ရိုသေထိုက်သောသူကို ရိုသေခြင်းသည် ကောင်း၏။ သို့သော် လူကြီးသူမဟုဆိုကာ အသက်ကြီးသူတိုင်းကို ရိုသေရမည်မှာ အဓိပ္ပါယ်မရှိချေ။

ဗုဒ္ဓသည် ကပ္ပိလ၀တ်သို့ ပထမဦးဆုံး ကြွချီစဉ်က သာကီဝင်မင်းတို့သည် ဗုဒ္ဓကို အသက်ငယ်သူဟူ၍ အရိုအသေမပြုလိုကြ။ ထိုအခါ ဗုဒ္ဓက ကောင်းကင်သို့ ပျံတက်ကာ ရေမီး အစုံထွက်သော ယမိုက်ပြာဋိဟာကို ပြသမှ ရိုသေရကောင်းမှ သိကြသည်ဟူ၏။ (အချို့စာများ အဆိုအရ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးက စတင် ရှိခိုးမှ အားလုံး လိုက်လံ၍ ဦးခိုက်ကြသည် ဆို၏။)

ဖြစ်သင့်သည်မှာ အသက်အရွယ်သည် ပဓာနမဟုတ်။ အချို့သူများသည် ငယ်ရွယ်သော်လည်း ပညာဉာဏ်၊ သမာဓိ၊ သိက္ခာနှင့် ပြည့်စုံကာ အရိုအသေပေးရန် ထိုက်တန်၏။ ဥပမာ မဟောသဓ ကလေးသည် ငယ်ရွယ်သော်လည်း ပညာဉာဏ်ဖြင့် ပြည့်စုံသဖြင့် လူကြီးများကပင် အရိုအသေပြုရန် ထိုက်တန်သကဲ့သို့ပင်တည်း။

အချို့သူများသည်ကား အသက်ကြီးလျက် အချိန်မစီး။ ထိုသူများအား ရိုသေလေးစားခြင်း မပြလျှင် မပြသူ၏ အပြစ်ဆိုစရာမလို။

ကျွန်ုပ်အနေဖြင့် ကား၊ ရထား၊ ဘတ်စ်ကားပေါ်တွင် လူကြီးသူမ တက်လာပါက နေရာဖယ်ပေးခြင်းမှာ သူတို့၏ ဇရာအို ပျက်ယွင်းနေသော၊ အားနည်းတုန်ချိနေသော အနေအထားကို စာနာထောက်ထား၍ ဖယ်ပေးခြင်းသာ ဖြစ်သည်။ ရိုသေကိုင်းရှိုင်းသဖြင့် ဖယ်ပေးခြင်းမျိုးမဟုတ်။ သင်ဖယ်ပေးလိုက်သူ လူကြီးသည် သူခိုးဓားပြ၊ လူအန္ဓလည်း ဖြစ်နေနိုင်သည်။ ဤသည်ကို သင်က ရိုသေသည်ဆိုက သင်သည် လူ့အန္ဓကို အရိုအသေပေးသူတဦးအဖြစ် ရောက်မသွားပေလော။

နောက်တချက်က မောင်ကျည်ပွေ့ ဘလော့ဂ်တွင် တခါက ဖတ်ရသည်။ ကျွန်ုပ်အလွန် နှစ်သက်သည်။ မိဘစကားကို မြေ၀ယ်မကျနားထောင်ရမည်ဟု ဗုဒ္ဓကမဟော။ ဗုဒ္ဓကိုယ်တိုင်ပင် သူ့မိဘစကားကိုနားထောင်ပြီး တောမထွက်ပဲနေပါက သဗ္ဗုညုတဉာဏ်တော်ကို ရမည်မဟုတ်။ (စကြ၀တေးမင်းတော့ ဖြစ်မည်ဆိုသည်)။ မိဘစကားပင်ဖြစ်သော်ငြား မိမိ စဉ်းစားဉာဏ်ဖြင့် ချင့်ချိန်ယုံသင့်သည်။

မိဘကလည်း ငါ့စကားမှအမှန်။ ငါစကားနားမထောင်ချင်လျှင် အိမ်ကဆင်းသွား။ ထိုသို့ ပြုမူသင့်သည်မဟုတ်။ အကျိုးသင့်အကြောင်းသင့်ပြောပြပြီး သားသမီးကိုလည်း အကျိုးသင့်အကြောင်းသင့် ပြန်လည်ပြောဆိုခွင့် ပေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် မိဘလည်း လူပင်ဖြစ်သောကြောင့် မိဘလည်း မှားနိုင်သည်။

“ပုဂ္ဂိုလ်ခင်မှ တရားကို မင်မှာလား”

တခါက ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး သင်္ကန်းရုံသည့်အခါ (အ၀န်းအ၀ိုင်းမညီ) အထာမကျဖြစ်နေသည်ကို ရှင်သာမဏေတပါးက မြင်၍ ထောက်ပြဝေဖန်ရာ အရေးတယူ နာယူ၍ ပြန်ပြင်ဆင်ဝတ်ကာ “ညီပါပြီလား ငါ့ရှင်”ဟု တလေးတစား မေးမြန်းဖော်ရ၏။

ဆိုလိုသည်မှာ မှန်ကန်သော၊ အကျိုးရှိသောစကားကို မည်သူ့ပါးစပ်က ထွက်သည်ဖြစ်စေ လက်ခံနာယူသင့်၏။ ကျော်စောတိက္ကမ ရှိသော ပုဂ္ဂိုလ်ကြီးက ပြောလျှင် ပြောသမျှ ယုံသည်။ သာမန်လူက ပြောလျှင် လက်မခံ။ ဤသည်မှာ ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းဖြစ်ရာ တရားသဘောကို လက်ကိုင်မထားသဖြင့် တရားလက်လွတ်ဖြစ်ခြင်း မည်ပေသည်။

၎င်းသည် Celebrity Worship ခေါ် နာမည်ကြီးသူကို ကိုးကွယ်သူများဖြစ်သည်။ ထိုသူများသည် နာမည်ကြီးသူပြောသည့်အထဲ၌ အမှားပါလျှင်လည်း အများ၏ ကြဉ်ခြင်း၊ စိတ်ခုခြင်းကို ခံရမည်ကြောက်၍ ထောက်မပြ၀ံ့။ ခပ်မဆိတ်သာ နေကြကုန်၏။ နာမည်မကြီးသူ ပြောသည့်အထဲတွင် အမှားပါ ပါက တောကျီးကန်းများသို့ပင် ၀ိုင်းအာကြ ၀ိုင်းဆိတ်ကြကုန်၏။ ရေနစ်သူကို ၀ါးကူထိုးဖော် ရကြပေ၏။

“ဗိုလ်ချုပ်အောင်ဆန်းကိုပင် ကြဉ်မည့်လူများ”

အချို့လူများသည် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲမှာ ကြမ်းကြမ်းတမ်းတမ်းပြောသောအခါ “ဗိုလ်ချုပ်လိုလူက ပြောတာတော့ လက်ခံနိုင်စရာရှိသည်” ဟု ဆိုကြလေသည်။ သို့သော် ဗိုလ်ချုပ်လိုပင် သာမန်လူတဦးတယောက် အမှန်တရားကို သကြားမအုပ်ပဲ ဗြောင်ဖွင့်ပြောသောအခါ လက်မခံနိုင်ဖြစ်ကြပြန်လေသည်။ ထိုသူတို့သည် စိတ်ဓါတ်မရင့်ကျက်သူများသဖွယ် အမှန်တရားကို သကြားအုပ်ပြီး ခွံ့ကျွေးရန် မျှော်လင့်နေကြကုန်သည်။ သနားဖွယ်ကောင်းလေစွ။

သူတို့သတိမပြုမိသည်က ဗိုလ်ချုပ်အောင်ဆန်းသည် အောင်မြင်သော လူထုခေါင်းဆောင်ဘ၀သို့ရောက်လာမှ ဤသို့ပြောဆိုခြင်းမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် စိတ်ထဲရှိသည့်အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချတတ်သည့် အကျင့်ရှိသည်။ ပွင့်လင်းသည်။ သို့ဆိုလျှင် ငယ်စဉ်ကတည်းက ဤသို့ ကြမ်းကြမ်းပြောတတ်သည့်အလေ့ရှိရမည်။ ကြီးလာမှ၊ အောင်မြင်လာမှ ဖက်ရှင်လုပ်ပြီး ပြောခြင်းမဟုတ်နိုင်ဆိုသည်ကို အတိုင်းသားမြင်နိုင်ပေသည်။

ထိုသို့ဆိုလျှင် စောစောက ဗိုလ်ချုပ်လိုလူက ပြောတာကို လက်ခံနိုင်စရာရှိသည်ဟု ဆိုသူများသည် ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ် အမျိုးသားခေါင်းဆောင်ဘ၀မရောက်ခင်အခါက ဆိုလျှင် (ယခုအခါ သာမန်ဟောဟောဒိုင်းဒိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောတတ်သူများကို တဖက်သတ် ဝေဖန်သလိုပင်) အောင်ဆန်းကလေးအား ၀ိုင်းကြဉ်ကြမည်ပင်ဖြစ်သည်။ ၀ိုင်းဆိတ်ကြ၊ ၀ိုင်းအာကြမည်မှာ မုချပင်ဖြစ်သည်။ ဗိုလ်ချုပ်အကြောင်းဖတ်ကြည့်ရသောအခါ ဗိုလ်ချုပ်အောင်ဆန်းကို ထိုခေတ်ထိုအခါက အင်မတန် လူမုန်းများသည်ဟု ဖတ်ရသည်။ ဗိုလ်ချုပ်ကိုယ်တိုင်က သူ့မှာ ရန်သူတွေ ၀ိုင်းနေသည့်အဖြစ်ကို ဆာဟူးလ်ဘရန့်အား ၀မ်းနည်းကြေကွဲစွာ ပြောပြဘူးသည်ဆို၏။

အမှန်တော့ အထက်က ဆိုခဲ့သူများသည် လူတယောက်ကို ကြည်ညိုသည်ဆိုလျှင် ဘာအတွက် ကြည်ညိုကြောင်း သူတို့ဘာသာ ကွဲကွဲပြားပြားသိပုံမရ။ အများယောင်၍ လိုက်ယောင်သည့်နှယ် ရှိချေသည်။

ကျနော့်အနေနှင့်မူ ဗိုလ်ချုပ်အားလေးစားသည့်အချက်များအနက် ရှေ့ဆုံးက အချက်မှာ ရိုးသားခြင်း၊ ဟန်မဆောင်တတ်ခြင်းဖြစ်သည်။ ဉာဏ်ပညာထက်မြက်ခြင်း၊ သတ္တိရှိခြင်းနှင့် ပြည်သူလူထုအပေါ် စေတနာရှိခြင်းတို့မှာ နောက်ကလိုက်သည်။ အမြင့်ဆုံး လေးစားသည့်အချက်မှာ ရိုးသားပွင့်လင်းခြင်း၊ ဟန်မဆောင်တတ်ခြင်းဖြစ်သည်။

ဤရိုးသားပွင့်လင်းခြင်းသည်ပင် ဘုမသိဘမသိ အများယောင်၍ ဟန်ဆောင်ပန်ဆောင် ရောယောင်ညာဝါးကြကုန်သော ကြောင်သူတော် ဟန်ဆောင်အရေခြုံများနှင့် မိုးနှင့်မြေလွှာလို ကွာခြားနေပေသည်။

နောက်တချက်မှာ အမှန်တရားနှင့် အကျိုးစီးပွားကို ပေးလိုသော သတင်းစကားဖြစ်လျှင် ချိုသာသော စကားလုံးများနှင့်စီခြယ်ထားသည်ဖြစ်စေ၊ ကြမ်းတမ်းသော စကားလုံးများဖြင့် ရောပြွမ်းနေသည်ဖြစ်စေ ပေးချင်သော အချက်ကို ရအောင်ယူတတ်ဘို့ အရေးကြီးပေသည်။

ထို့အတူ သကာဖုံးလွှမ်းထားသော မုသားများ၊ မက်ဆေ့ခ်ျ (Message) အလွဲများကိုလည်း စစ်ယူတတ်ရန် အရေးကြီးပေသည်။

ဗိုလ်ချုပ်ကို အမှန်တကယ်လေးစားသည်ဆိုလျှင် ဗိုလ်ချုပ်တွင် ရှိသောအရည်အသွေးများကို အားကျစိတ်ဖြင့် မိမိထံသို့ ကူးယူနိုင်အောင် အနည်းဆုံး ကျင့်ကြံသင့်သည်။ သို့မှသာ အမှန်တကယ် လေးစားရာရောက်မည်။ သို့မဟုတ်လျှင် လျှာဖျားကလေးနဲ့ ဟန်ဆောင်ပန်ဆောင် လေးစားပြခြင်းသာ ဖြစ်ပေတော့မည်။

“အရေခြုံ”

လောကကြီးတွင် သူတော်စင် သူတော်ကောင်း အစစ်အမှန်များလည်း အမှန်ပင်ရှိ၏။

သူတော်ကောင်းအစစ်အမှန်များကို သာမန်လူတို့က ကြည်ညိုကြသည်။ လေးစားကြသည်။

ထို့ကြောင့် သူတော်ကောင်းဖြစ်လိုသူများ ဒုနဲ့ဒေး ဖြစ်လာသည်။

သို့သော် သူတော်ကောင်းဖြစ်ဘို့ လွယ်သည်မဟုတ်။ အင်မတန်ခက်ခဲသည်။ သို့နှင့်အချို့လူများ ဖြတ်လမ်းကလိုက်ကာ သူတော်ကောင်းဖြစ်ဖို့ကြံသည်။ အလွယ်ဆုံးနည်းလမ်းမှာ သူတော်ကောင်း အရေခြုံလိုက်ခြင်းပင်ဖြစ်သည်။

သူတော်ကောင်းအရေခြုံရာတွင် အသုံးအများဆုံးနည်းလမ်းအချို့မှာ...

(၁) ဘာသာရေးအရေခြုံခြင်း
(၂) လူမှုရေး အရေခြုံခြင်း
(၃) အမျိုးသားရေး အရေခြုံခြင်း
(၄) ဒီမိုကရေစီအရေး အရေခြုံခြင်း
(၅) ယဉ်ကျေးမှု အရေခြုံခြင်း တို့ဖြစ်သည်။

သူတော်ကောင်းအတုကို အစစ်ထင်၍ ယုံကြည်မိသူများမှာ ထိုသူ၏ သူတော်ကောင်းအရေခြုံကွာကျသွားသောအခါ အကြီးအကျယ် ခံစားကြရလေသည်။

ဤမှာပင် “ဘုရားမှတ်လို့ ကိုးကွယ်ပါတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ” ဆိုသည့် စကားပုံလည်း ပေါ်လာခြင်းဖြစ်သည်။

သူတော်ကောင်းအတုနှင့်အစစ်မှာ ခွဲခြားလိုပါက အောက်ပါအချက်ဖြင့်လည်း ခွဲခြားနိုင်သည်။

သူတော်ကောင်းအစစ်သည် သူယုံကြည်ရာအရေးကိစ္စရပ်တခုကို ဆောင်ရွက်ကျင့်ကြံပြုမူရာတွင် သူ၏ စည်းမျဉ်းစည်းကမ်း ( Principle ) မှ တဆံခြည်မျှ မသွေဖီဘဲ မြဲမြဲမြံမြံ ပြုမူတတ်သည်။

သူတော်ကောင်းအတုသည်ကား သူအရေခြုံထားသော အရေးကိစ္စတခုကို ဆောင်ရွက်ပြုမူကျင့်ကြံရာ၍ အစဉ်တစိုက်မရှိတတ်။ လစ်ရင်လစ်သလို စည်းမျဉ်းစည်းကမ်းမှ ဖဲခွာသွားတတ်၏။ ဖောက်ဖျက်တတ်၏။

ဥပမာဖြင့် ထင်လင်းအောင် ပြရလျှင် သူတော်ကောင်းသည် ငါးပါးသီလကို စောင့်ထိန်းသည်ဆိုလျှင် မကြောင်မကျား မကျိုးမပေါက်ရအောင် ထိန်းသိမ်းသည်။ သူတော်ကောင်းယောင်ဆောင်သူနှင့် သာမန်လူများသည်ကား ရံဖန်ရံခါ ချိုးဖောက်တတ်ကြသည့် ဥပမာကဲ့သို့တည်း။

ပူးတွဲဖတ်ရန်....

အခါးကိုသကာအုပ်ရင်ဖြင့်

Read more

“မယဉ်ကျေးသူများ”

လွတ်လပ်မှုဟူသည် အဘယ်နည်း။

လွတ်လပ်မှုကို အတိုချုပ်၍ အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ပြုမူရာတွင်လည်းကောင်း၊ ပြောဆိုရာတွင်လည်းကောင်း၊ တွေးကြံရာတွင်လည်းကောင်း မိမိအလိုကျ ပြူမူ၊ ပြောဆို၊ တွေးခေါ်နိုင်သော ခွန်အား (သို့မဟုတ်) အခွင့်အရေး ရှိခြင်းပင်တည်း။

လူသားတိုင်းသည် လွတ်လပ်မှုကို အလိုရှိကြသည်ချည်းသာလျှင်ဖြစ်သည်။ မိမိဘ၀ကို မိမိ စိတ်တိုင်းကျသာ နေထိုင်လိုကြသည်။ မိမိစိတ်တိုင်းကျသာလျှင် ပြုမူပြောဆိုချင်ကြသည်။ မိမိတွေးခေါ်ချင်သလို လွတ်လပ်စွာတွေးခေါ်လိုကြသည်။

မလွတ်လပ်သောဘ၀ကို နှစ်ခြိုက်မက်မောသူဟူ၍ ဤလောကတွင် ရှိမည်မထင်။

အကယ်၍ လူသည် ကျွန်းတကျွန်း (သို့မဟုတ်) ဂြိုဟ်ကမ္ဘာတခုပေါ်တွင် တယောက်တည်းနေရပါက သူသည် သူ့စိတ်တိုင်းကျ ထင်သလို နေနိုင်ပေသည်။ ထိုအခါမျိုးတွင် ရရှိသော လွတ်လပ်မှုမှာ အကြွင်းမဲ့လွတ်လပ်မှု ( Absolute freedom )ဟုပင် ခေါ်ဆိုနိုင်ပေမည်။

သို့သော် လူသည် အခြားလူတဦးတယောက် (သို့မဟုတ်) အများနှင့်အတူ ယှဉ်တွဲနေထိုင်မည်ဆိုပါက အဆိုပါ အကြွင်းမဲ့လွတ်လပ်မှုကို ရနိုင်တော့မည်မဟုတ်ပေ။ အခြားသူများသည်လည်း မိမိကဲ့သို့ပင် လွတ်လပ်မှုကို လိုချင်တောင့်တကြသည်ချည်း ဖြစ်၍ မိမိ၏ လွတ်လပ်ခွင့်သည် အခြားသူများ၏ လွတ်လပ်ခွင့်ကို မထိပါးမိစေရန် စတင် သတိပြုလာရသည်။

ထိုအနေအထားတွင် မိမိ၏ လွတ်လပ်မှုသည် အကြွင်းမဲ့လွတ်လပ်မှုဟု မှတ်ယူကာ စိတ်ရှိတိုင်း ပြုမူပြောဆိုကျင့်ကြံမည်ဆိုလျှင် အခြားသူတို့၏ လွတ်လပ်ခွင့်ကို ထိပါးနိုင်သည်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ဥပမာ ပေးခဲ့သည့် “လွတ်လပ်ပြီဆိုပြီး လမ်းမပေါ်မှာ ဆေးတက်လှန်းသည့်” ဖြစ်ရပ်ကဲ့သို့ပင်တည်း။ မိမိ၏လွတ်လပ်စွာ လမ်းမပေါ်တွင် ဆေးတက်လှန်းမှုသည် လမ်းသွားလမ်းလာတည်းဟူသော အခြားသူများ၏ လွတ်လပ်စွာ သွားလာပိုင်ခွင့်ကို ထိခိုက်လာသည်။ ထိုသို့ မိမိတဦးတည်းအကျိုးအတွက် အခြားသူများကို ထည့်သွင်းမစဉ်းစားသည့် အပြုအမူမျိုးမှာ ကိုယ်ချင်းစာစိတ်ခေါင်းပါးသော (၀ါ) မျှတမှုမရှိသော (၀ါ) ယဉ်ကျေးမှုအဆင့်နိမ့်ပါးသော (၀ါ) ရိုင်းစိုင်းသော အပြုအမူပင် ဖြစ်သည်။

ထို့ကြောင့် လူသည် အသိုင်းအ၀ိုင်း၊ အစုအဖွဲ့နှင့်နေလာသောအခါ အခြားသူများ၏ လွတ်လပ်မှုကို မထိပါးမိစေရန် ကိုယ်ပိုင်လွတ်လပ်မှုတွင် အတိုင်းအတာ၊ အကန့်အသတ်များ စတင် သတ်မှတ်လာရသည်။ အကြွင်းမဲ့ လွတ်လပ်မှုကို ရယူကျင့်သုံးရန် မဖြစ်နိုင်သောအခါ အကန့်အသတ်ရှိသော လွတ်လပ်မှုအဖြစ် တဆင့်လျှော့၍ လက်ခံနိုင်ရန် လူတို့အနေဖြင့် နားလည်ကြိုးပမ်းလာကြသည်။ ဤနေရာတွင် “တန်းတူညီမျှ လွတ်လပ်မှု” ဆိုသော ကိစ္စသည် အရေးပါလာသည်။

လူတဦးနှင့်တဦး မည်သူ၏လွတ်လပ်မှုကိုမျှ မထိပါးပဲ အပြန်အလှန် အတူယှဉ်တွဲနေနိုင်ရန်မှာ “တန်းတူညီမျှ လွတ်လပ်မှု”သည် အခရာဖြစ်သည်။

တစုံတယောက်တွင် သူ့သဘောအလျောက် ပြောဆိုပြုမူပိုင်ခွင့်ရှိပါလျက် အခြားသူတဦးတွင် အလားတူ ပြောဆိုပြုမူပိုင်ခွင့်မရှိဆိုပါက တန်းတူညီမျှ လွတ်လပ်မှု (တနည်း) တန်းတူညီမျှ အခွင့်အရေးရှိသည်ဟု မဆိုနိုင်ချေ။

ထို့ကြောင့် လူတိုင်းလူတိုင်း တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်ခွင့်များ ရရှိစေရန်အတွက် လူအများသဘောကျ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များက အများ၏ တန်းတူညီမျှ အခွင့်အရေးနှင့် တန်းတူညီမျှ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် စည်းမျဉ်းဥပဒေသများ ရေးဆွဲကြသည်။ ဤသို့ဖြင့် အခြေခံဥပဒေများ ပေါ်ပေါက်လာသည်။

ထိုအခြေခံဥပဒေပါ စည်းမျဉ်းဥပဒေများအတိုင်း လူတဦးချင်း၏ အခွင့်အရေးကို လည်းကောင်း၊ လူအများ၏ အခွင့်အရေးများကို လည်းကောင်း ကာကွယ်စောင့်ရှောက်စီမံပေးရန်အတွက် လူအများသဘောကျ ရွေးချယ်တင်မြှောက်သော အုပ်ချုပ်ရေးအဖွဲ့ (၀ါ) အစိုးရများလည်း ပေါ်ပေါက်လာသည်။

ထိုစည်းမျဉ်းဥပဒေသများကို ချိုးဖောက်သူများအား ထိုက်တန်သော အပြစ်ဒဏ်များကို စီရင်ချမှတ်နိုင်ရန် တရားစီရင်ရေးမဏ္ဍိုင်လည်း ပေါ်ပေါက်လာသည်။

ထို့အပြင် လူ့အဖွဲ့အစည်းတွင်းမှ ပြဿနာများ၊ ပဋိပက္ခများ၊ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ၊ တရားခွင်များအကြောင်းကို လူအများသိသာစေရန် မီးမောင်းထိုး ဖော်ပြပေးသော မီဒီယာများ၏ ကဏ္ဍသည်လည်း အရေးပါလာပြန်သည်။

ဤဖြစ်ထွန်းမှုများသည် လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဖြစ်ထွန်းပေါ်ပေါက်လာခြင်းသာဖြစ်သည်။

သို့သော် ကံမကောင်းအကြောင်းမလှသည့်အခါ လူ့အများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် လူထုအနေဖြင့် ယုံကြည်ကိုးစားစွာ ရွေးခြယ်တင်မြှောက်လိုက်သော အစိုးရများကိုယ်တိုင်က ထိုအခွင့်အရေးများကို ပိတ်ပင်ချိုးဖောက်ကာ မိမိတို့ အကျိုးစီးပွားသက်သက်အတွက် လူအများအား နိုင်ထက်ကလူ အုပ်ချုပ်ကြသည်ကိုလည်း တွေ့ရတတ်သည်။

ထို့ထက်ဆိုးရွားသည်မှာ လူထုက ရွေးချယ်တင်မြှောက်ထားခြင်းလည်း မဟုတ်ရပါပဲလျက် လက်နက်အားကိုးဖြင့် အတင်းအဓမ္မ အာဏာသိမ်းယူကာ ဖိနှိပ်အုပ်ချုပ်သော အစိုးရမျိုးများပင် ဖြစ်သည်။

ကျွန်ုပ်သည် ယခင်ပို့စ်တွင် ကိုယ်ချင်းစာတရား ရှိခြင်းနှင့် မျှမျှတတ ရှိခြင်းကို အယဉ်ကျေးဆုံး အပြုအမူဟု ဆိုခဲ့သည်။

အထက်ပါ အစိုးရမျိုးများကား ကိုယ်လွတ်လပ်သကဲ့သို့ အခြားသူများလည်း လွတ်လပ်ချင်ရှာပေလိမ့်မည်ဟူသော ကိုယ်ချင်းစာတရားနှင့် တန်းတူညီမျှမှုများ ခေါင်းပါးလှသည်ဖြစ်၍ မယဉ်ကျေးသော၊ ရိုင်းစိုင်းသော၊ အောက်တန်းကျသောသူများ ပါဝင်ဖွဲ့စည်းထားသော အစိုးရများဟူ၍ သတ်မှတ်ရချေမည်။

ဤပို့စ်အတွက် စာဖတ်သူမိတ်ဆွေတို့ကို မေးလိုသော မေးခွန်းမှာ....

လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်သည် သင့်ဘ၀အတွက် အရေးပါသည်ဟု သင်ထင်ပါသလား။ အဘယ်ကြောင့်နည်း။
Read more

“သံတူကြောင်းကွဲ”

မြန်မာဘာသာစကားမှာ အနက်အဓိပ္ပါယ်တခုထက်ပိုတဲ့ ဝေါဟာရတွေရှိပြီး သုံးစွဲတဲ့အခါ နားထောင်သူအဖို့ အဓိပ္ပါယ်ကောက်မလွဲအောင် သတိထားသုံးစွဲရတာတွေ ရှိပါတယ်။

ဥပမာ......... “ယုံကြည်မှု”။

ယုံကြည်မှုလို့ ဆိုလိုက်ရင် တစုံတခုအပေါ် သက်ဝင်ယုံကြည်မှု (Belief) ဆိုလိုတာ ဖြစ်နိုင်သလို တဦးနဲ့ တဦး အပြန်အလှန် ယုံကြည်စိတ်ချမှု (Trust)ကို ဆိုလိုတာလည်း ဖြစ်နေနိုင်ပါတယ်။ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုဟာ သက်ဝင်ယုံကြည်မှုဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းအချင်းချင်းကြားက ယုံကြည်မှုဟာ ယုံကြည်စိတ်ချမှု ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံရေးစကားဝိုင်းတွေမှာ အဲဒီ ယုံကြည်မှု အကြောင်းကို ကွဲကွဲပြားပြားဖြစ်အောင် ဂရုတစိုက်နဲ့ ပြောဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပြောချင်တာဟာ အရေးတော်ပုံတခုအပေါ် ယုံကြည်မှုကို ပြောချင်တာလား၊ ဒါမှမဟုတ် အရေးတော်ပုံအတွင်းမှာ အတူတကွပါဝင်ကြမယ့် ရဲဘော်ရဲဖက် အချင်းချင်းအကြားက ယုံကြည်မှုကို ပြောချင်တာလား။ နားထွေးသွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။

နောက်ထပ် ဝေါဟာရ တခုက..... “ယဉ်ကျေးမှု”။

ယဉ်ကျေးမှုဆိုတာမှာလည်း လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှု ( Culture ) နဲ့ အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု ( Politeness )ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။

အပြောအဆို၊ အနေအထိုင်၊ အပြုအမူရဲ့ ယဉ်ကျေးမှု (Politeness )မှာတောင်မှ နှစ်မျိုးနှစ်စား ထပ်ခွဲရမယ်လို့ ယူဆမိပါတယ်။

ပထမ တမျိုးက လူအဖွဲ့အစည်းအတွင်းမှာ ယဉ်ကျေးတယ်လို့ အစဉ်အလာအရသတ်မှတ်ထားတဲ့ သင်္ကေတတွေ( etiquette )ပါ။ အဲဒါတွေက ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ဦး၊ ဒေါ် တပ်ပြီး ခေါ်ဝေါ်တာမျိုး၊ ဘုန်းကြီးနဲ့ ဆက်ဆံတဲ့အခါ ခေါ်ဝေါ်သုံးစွဲ ပြုမူတာမျိုးတွေ၊ သံခင်းတမန်ခင်းတွေနဲ့ ထိတွေ့ပြောဆိုတဲ့အခါ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေ၊ ဧည့်ခံပွဲတွေတက်ရောက်တဲ့အခါ နေရာဒေသအလိုက် လိုက်လျောညီထွေ ပြုမူပြောဆိုသင့်တယ်လို့ အများလက်ခံသတ်မှတ်ထားချက်တွေပါ။

ဒုတိယတမျိုးကတော့ ပိုပြီးအဆင့်မြင့်တဲ့ ယဉ်ကျေးမှုမျိုးပါ။ အဲဒါက တဖက်သားအပေါ်မှာ လေးစားမှု၊ ကိုယ်ချင်းစာမှု တို့ကို ပြတဲ့ ယဉ်ကျေးမှုမျိုးပါ။ ဥပမာ ကိုယ့်ဝေစု ရိက္ခာထုပ်ကို ကိုယ်မစားပဲ ကိုယ့်ထက် ငတ်ပြတ်နေသူကို ကျွေးလိုက်တာမျိုး၊ အတူတကွ ခရီးထွက်လာသူချင်းအပေါ်မှာ ကူညီစောင့်ရှောက်မှုမျိုး၊ သူတပါးအပေါ်မှာ မတရားလူလည်ကျခေါင်းပုံဖြတ်ဖို့ကို စက်ဆုတ်မှုမျိုး၊ သူတပါးလွတ်လပ်ခွင့်ကို မထိပါးတာမျိုး စတဲ့ အပြုအမူမျိုးတွေဟာ အယဉ်ကျေးဆုံး အပြုအမူတွေပါ။ အတိုချုပ်ပြောရရင်တော့ အယဉ်ကျေးဆုံး အပြုအမူတွေဟာ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ရှိမှုအပေါ်မှာ အရင်းခံပါတယ်။

လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အဆင့်မြင့်ပညာတွေတတ်ကောင်း တတ်နေနိုင်ပါတယ်။ ငွေကြေးအရလည်း ကျိကျိတက် ချမ်းသာနေနိုင်ပါတယ်။ ဒါမှမဟုတ် တဖက်ဖက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေနိုင်ပါတယ်။ ဒါမှမဟုတ် အာဏာကို လက်ကိုင်ရထားတာလည်း ဖြစ်နေနိုင်ပါတယ်။

ဒါပေမယ့် အဲဒီ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ အခြားလူတွေအပေါ်မှာ ကိုယ်ချင်းစာစိတ်ခေါင်းပါးပြီး မျှမျှတတ ရှိဖို့ မကြိုးစားဘူးဆိုရင် ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးဌာနန္တရ ကြီးကြီး မယဉ်ကျေးသူလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။

အဲဒီနေရာမှာ စောစောကပြောတဲ့ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု ( Culture ) အစိတ်အပိုင်းတခုဖြစ်တဲ့ တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေ ခေါင်းပေါင်း စတဲ့ အဆင်တန်ဆာသက်သက်ကို ၀တ်ဆင်ပြရုံနဲ့ ယဉ်ကျေးသူလို့ သတ်မှတ်လို့မရပါဘူး။ အလားတူပဲ လူကြီးရှေ့မှာ ခါးကုန်းသွားတတ်ပြီး၊ နှုတ်ကနေ ချိုသာယဉ်ကျေး ပြောဆိုတတ်ရုံမျှနဲ့လည်း ယဉ်ကျေးသူလို့ ပြောလို့ မရပြန်ပါဘူး။

တကယ့်အယဉ်ကျေးဆုံးလူသားဆိုတာက လူသားအချင်းချင်းအပေါ် ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ ဆက်ဆံတတ်သူသည်သာလျှင် အယဉ်ကျေးဆုံးလူသားလို့ ကျနော်ယူဆချင်ပါတယ်။

အလားတူ နောက်ထပ် ဝေါဟာရတခုကတော့...... “ရိုးတယ်” ဆိုတဲ့ စကားပါ။

ရိုးတယ်ဆိုတာ ရိုးသားတာ (Sincere) ကို ပြောတာဖြစ်နိုင်သလို၊ အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း ( Simple ) ကို ဆိုလိုတာဖြစ်နိုင်တဲ့အပြင်၊ ရိုးအခြင်း၊ ထူခြင်း (Naive) ကို ပြောလိုခြင်းလည်း ဖြစ်နိုင်ပါတယ်။

အဲဒီသုံးမျိုးမှာ ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးသားတယ်ဆိုတာ တဖက်သားကို လှည့်ဖြားလိုတဲ့သဘော ကင်းစင်လို့ဖြစ်ပါတယ်။ လက်တွေ့လောကမှာ ဘယ်သူမှ လှည့်ဖြားခံရခြင်းကို နှစ်သက်မယ်မထင်ပါဘူး။ “လက်တွေ့လောကမှာ” ဆိုတဲ့ စကားကို ရှေ့မှာ ခံထားရခြင်းကတော့ “အနုပညာအရ” လှည့်ဖြားခြင်းလည်း ရှိနိုင်သေးလို့ပါပဲ။

အနုပညာမှာတော့ လှည့်ဖြားဆိုတာထက် တကယ်မရှိတာကို ရှိသယောင် ဖန်တီးယူခြင်းတွေ ပါဝင်လို့ပါပဲ။ အဲသည်လို လှည့်ဖြားခြင်းကိုတော့ အနုပညာကို ခံစားတတ်တဲ့ လူတွေရဲ့ သဘောသဘာဝအရ တကယ်မဟုတ်မှန်းသိသိကြီးနဲ့ နှစ်သက်နိုင်ပါတယ်။

လက်တွေ့လောကမှာ လှည့်ဖြားခြင်းကတော့ အထက်မှာပြောခဲ့တဲ့ လူအချင်းချင်းအပေါ်မှာ ရှိသင့်တဲ့ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတရှိမှုကို မလေးစားရာ၊ ဖောက်ဖျက်ရာရောက်တဲ့အတွက် မယဉ်ကျေးတဲ့ အပြုအမူလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လှည့်ဖြားခြင်းသဘော ကင်းစင်တဲ့အတွက် ရိုးသားခြင်းဟာ ကောင်းမွန်တဲ့ အရည်အသွေးတခုလို့ ကျနော်ယူဆပါတယ်။

အနေအထိုင် အတွေးအခေါ် မဆန်းပြား မရှုပ်ထွေးခြင်း (Simple) ဖြစ်ခြင်းကတော့ လူတဦးတယောက်ချင်းရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်သွားပါပြီ။ ကောင်းတယ်ဆိုးတယ် ပြောစရာ မရှိတော့ပါဘူး။ တိုက်ပုံနဲ့ ပုဆိုးကို နှစ်သက်သူက တိုက်ပုံပုဆိုးကို ၀တ်နိုင်သလို၊ ဂျင်းဘောင်းဘီနဲ့ နားသံသီးဝတ်ချင်သူကလည်း သူ့ဘာသာ လွတ်လပ်စွာ ၀တ်ဆင်နိုင်ပါတယ်။ အဲဒီနေရာမှာ ငါက တိုက်ပုံ၊ ပုဆိုးဝတ်လို့၊ ငါက ရင်ဖုံးနဲ့ ချိတ်ထမီဝတ်လို့ ဂျင်းဘောင်းဘီ၊ စကပ်ဝတ်တဲ့လူတွေထက် ပိုပြီး လူကောင်းဖြစ်တယ်၊ ပိုပြီး လူယဉ်ကျေးဖြစ်တယ်လို့ သတ်မှတ်ရင် မှားယွင်းတယ်လို့ ယူဆပါတယ်။


နောက်ဆုံးတခုဖြစ်တဲ့ ရိုးအခြင်း ( Naive )ကတော့ မကောင်းတဲ့ အဓိပ္ပါယ်လို့ သဘောရပါတယ်။ အတယ်ဆိုမှတော့ ဘယ်ကောင်းပါတော့မလဲ။ သူတပါးက ကိုယ့်အပေါ်မှာ မမျှမတလာလုပ်ရင်လည်း ခံရတော့မှာကိုး။

ကျနော်ငယ်ငယ်က အ ပုံကို အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။

ကျနော် သုံးလေးနှစ်သား အရွယ်က ကျနော့်အိမ်ကို လာလည်တဲ့ အကိုဝမ်းကွဲတယောက်ဟာ အိမ်ကို ရောက်တိုင်း ကျနော်ကို အနင်းခိုင်းတတ်ပါတယ်။ ကျနော်ကလည်း နင်းပေးတာပေါ့။ နင်းလို့ မိနစ် ၂၀ လောက် ကြာပြီဆိုရင် အကိုက အောက်က အနင်းခံရင်းက ကျနော့်ကို နင်းခ တောင်းပါတော့တယ်။ ကျနော်ကလည်း အကို့ကို နင်းခ ပေးဖို့အတွက် အမေ့ဆီပြေးပြီး ပိုက်ဆံတောင်းပါတယ်။

အမေကတော့ ပြောရှာပါတယ်။ “ငါ့သားနှယ်.... အလိုက်တာဟယ်။ နင်က နင်းခ ပေးရမယ့်လူမဟုတ်ဘူး။ တကယ်တော့ နင်က ရ ရမယ့်လူ။” ။ ဒါနဲ့ ကျနော်က အကို့ဆီကို ပြန်ပြေးပြီး ကျနော်က နင်းခ ရ ရမယ့်လူ ဖြစ်တဲ့အကြောင်း ပြန်ပြောပြတယ်။ အကိုက တခါ ရှင်းပြပြန်တယ်။ “ဒီမှာ.... မင်းက ငါ့အပေါ် တက်နင်းတဲ့သူ။ ငါက အနင်းခံရတဲ့လူ။ ငါ့မှာ အနင်းလည်းခံရသေးတယ်၊ မင်းကိုလည်း နင်းခ ပြန်ပေးရဦးမယ်ဆိုတော့ မင်းတရားသလား” လို့ ပြန်မေးတယ်။

အဲဒီတော့ ကျနော်လည်း အမေ့ဆီကို ပြန်ပြေးပြီး ကျနော်သာလျှင် နင်းခကို ပေးရမယ့်သူ ဖြစ်တဲ့အကြောင်း အမေ့ကို နောက်တခေါက် ရှင်းပြရ ပြန်တာပေါ့။ ကဲ.... ကျနော့်မွေးသမိခင်အဖို့တော့ သူ့သားတော်မောင်ရွှေသွေးဟာ ဒီလောက် အူအနေပုံကို ဘယ်လောက်များ အားမလိုအားမရ ဖြစ်လိုက်လေမလဲ။

အဲဒါ ကျနော်ငယ်ငယ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အခုကြီးတော့လည်း အဲဒီလို ရိုးအပုံကို မကောင်းမှန်းသိလို့ ပြုပြင်ပေမယ့် တချို့နေရာတွေမှာတော့ ခံရဆဲပါ။

ကဲ......ရှေ့တပို့စ်တုန်းကလိုပဲ။ ကျနော့်ပို့စ်ကို မေးခွန်းလေးတခုနဲ့ အဆုံးသတ် လိုက်ပါတယ်။

မိတ်ဆွေအနေနဲ့ မယဉ်ကျေးဆုံးလို့ ယူဆသတ်မှတ်တဲ့ အပြုအမူလုပ်ရပ်ဟာ ဘယ်လိုအပြုအမူလုပ်ရပ်မျိုး ဖြစ်ပါသလဲ။
Read more

“အားနာခြင်းဆိုတာ”

“အမေးနွားကျောင်း၊ အဖြေဘုရားလောင်း” ဆိုတဲ့ စကားရှိတယ်။

အဓိပ္ပါယ်က မေးတဲ့ မေးခွန်းဟာ ပညာမတတ်တဲ့ နွားကျောင်းသားတယောက်ရဲ့ မေးခွန်းလို ရိုးစင်းတဲ့ မေးခွန်းဖြစ်ကောင်းဖြစ်မယ်။ သို့သော် ဖြေဆိုတဲ့အခါမှာတော့ ဖြေဆိုသူရဲ့ ပညာဉာဏ်ကြီးရင့်မှုအပေါ်မှာ တည်မှီပြီး အဆင့်မြင့်ပြီး ပညာသားပါတဲ့အဖြေမျိုး ဖြစ်နိုင်တယ်.........လို့ ကျနော်ယူဆနားလည်ထားပါတယ်။

အခုတလော ကျနော်လည်း ကောင်းဘွိုင်စိတ် ၀င်နေလို့ ဘလော့ဂ်လာဖတ်တဲ့ မိတ်ဆွေတွေကို မေးခွန်းလေးတွေ ထုတ်ချင်ပါတယ်။ ဘိုဘိုဟန်သီချင်းထဲကလို “မြန်မာပြည်က ကောင်းဘွိုင်...သေနတ်မပစ်ပါ...” ဆိုတဲ့ စာသားလေးကိုတောင် ပြေးသတိရတယ်။ ကျနော်လည်း သေနတ်မပစ်ပါဘူး။ မေးခွန်းပဲထုတ်မှာပါ။

ကျနော်အရင်က မြန်မာတီးရှော့ပ် ဖိုရမ်မှာတုန်းက ယူခဲ့တဲ့ “ညောင်ရမ်းဂွတို” ဆိုတဲ့ အမည်နဲ့လည်း လိုက်ဖက်သွားတာပေါ့။ ရောင်ပေစူးကလေးနဲ့ ပုဆိုးကို စလွယ်သိုင်းပြီး၊ လက်တဖက်မှာ လေးဂွကိုင်ထားမယ့် ကျနော့်ပုံကို အရင်မြင်ယောင်ကြည့်ကြပေါ့။

ကဲ.... အခု ပထဦးဆုံးမေးခွန်းလေးကို မမေးခင် အဲသည်မေးခွန်းကို ဘာကြောင့် မေးရသလဲဆိုတဲ့ နောက်ကြောင်းရာဇ၀င်လေးကို နည်းနည်း တီးခေါက်မိအောင် အတိုချုံးပြီး ပြောပြချင်တယ်။

မြန်မာလူမျိုးတွေဟာ အားနာတတ်ကြပါသတဲ့။ အဲဒီ “အားနာခြင်း”ကို အခြေခံလို့ အရင်တုန်းက ဘားမားတူဒေး စာမျက်နှာမှာ “သင်အားနာတတ်သလား” ဆိုပြီး ကျနော် စာတပုဒ်ရေးဘူးပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်လောက်က ကျနော်တို့ရဲ့ စကားဝိုင်းတခုမှာ အဲဒီ အားနာတတ်တဲ့ ကိစ္စက ခေါင်းစဉ်တခုအနေနဲ့ ပြန်ပါလာပြန်ရော။

မိတ်ဆွေတယောက်ကတော့ အားနာခြင်းဆိုတာဟာ တဖက်လူကို ကိုယ်နဲ့နှိုင်းပြီး စာနာတတ်သောစိတ်ကနေ ပေါက်ဖွားလာတာလို့ ဆိုပါတယ်။ ကောင်းတဲ့သဘောပေါ့။

နောက်တယောက်ကတော့ အားနာခြင်းဆိုတာ စိတ်ထဲမှာ ရှုပ်ထွေးခြင်း (a state of confusing)၊ ကွဲကွဲပြားပြား ပိုင်းခြားမသိခြင်းကနေ အခြေခံတယ်လို့ဆိုပါတယ်။ မကောင်းတဲ့သဘောကို ဆောင်ပါတယ်။

ကျနော်က မိတ်ဆွေတို့ကို မေးချင်တဲ့မေးခွန်းမှာ နှစ်ပိုင်းပါဝင်ပါတယ်။

( စကားမစပ် ကြားဖြတ်ပြောရရင် နိုင်ငံရေးသမားတွေ စကားပြောတဲ့အခါ သူတို့ကို ဘာပဲမေးလိုက်မေးလိုက်......“ဒါက နှစ်ပိုင်းရှိတယ်” ဆိုတဲ့ စကားနဲ့ စဖြေတာကို အကြိမ်အတော်များများမှာ တွေ့ဖူးပါတယ်။ တကယ်နှစ်ပိုင်းရှိလို့ ပြောတာမျိုးမဟုတ်ပဲ ပြောနေကျ အကျင့်ကြီးပါနေလို့ ပြောထွက်သွားတာမျိုးပါ။ တချို့လူတွေလည်း ဘာပဲပြောပြော....“တခုတော့ ရှိတယ်” ဆိုတာမျိုး ရှေ့ကခံပြောတတ်ကြတယ်။ အဲသည်လူမျိုးနဲ့တွေ့ရင် အတွေးချော်တတ်တဲ့ ကျနော်တို့မှာ ကျိတ်ပြီး အူနှိပ်နေရတတ်တယ်။)

ကဲ....ဘေးချော်သွားပြီ။ ပြန်ကောက်ရရင် ကျနော့် မေးခွန်းမှာ နှစ်ပိုင်း ရှိတယ်။

(၁) အားနာခြင်း ဆိုတာ ဘာလဲ။
(၂) အားနာတတ်ခြင်းဟာ ကောင်းသလား၊ ဆိုးသလား။


မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ။ ကျနော့်ကို နွားကျောင်းသားကလေးလိုပဲ သဘောထားပြီး မိတ်ဆွေအမြင်ကို အားမနာပ ဖြေဆိုသွားကြဘို့ တိုက်တွန်းလိုက်ပါတယ်။

(နောင်ကိုလည်း အလျဉ်းသင့်ရင် သင့်သလို မေးခွန်းလေးတွေ တင်ပေးသွားပါမယ်။)
Read more

“ကျနော်ဘိသိက်ဆရာ”

မနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့။

မနက်ကို အိပ်ယာက စောစောထလို့ ဘလော့ဂ်တွေနဲ့ သတင်းနည်းနည်းပါးပါး ဖတ်ပြီးတာနဲ့ ၉ နာရီခွဲလောက်မှာ အိမ်ကထွက်ရတယ်။သူငယ်ချင်းတယောက်ရဲ့ မင်္ဂလာဆောင်မှာ ကျနော်က MC လုပ်ပေးရမှာမို့ပါ။

သူငယ်ချင်းက စက်မှုတက္ကသိုလ်မှာကတည်းက မေဂျာအတူတူ၊ တတန်းတည်းသူငယ်ချင်း။ ဟော... စင်္ကာပူက NTU မှာ မာစတာ ဆက်တက်တော့လည်း တချိန်တည်း၊ တတန်းတည်း။ ယူတဲ့ ဘွဲ့နဲ့ ဘာသာရပ်အားလုံးအတူတူ၊ စာအတူတူ လုပ်ခဲ့တဲ့ သူငယ်ချင်း။

ကျနော်ကငြင်းပါသေးတယ်။ “သူငယ်ချင်း... ငါ အမ်စီ မလုပ်တတ်ဘူး။ တလွဲတွေ ဖြစ်ကုန်လိမ့်မယ်”လို့။ ဒါပေမယ့် သူက “လုပ်ပါဗျာ။ ကျနော်က ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ထဲက တယောက်ယောက်လုပ်ပေးတာမျိုး ဖြစ်စေချင်လို့ပါ”..တဲ့။

အဲသည်လိုနဲ့ လူရှေ့ထွက် စကားပြောရတာကို ရွံ့ကြောက်တတ်တဲ့ ကျနော်လည်း မနေ့က မင်္ဂလာဆောင်မှာ ရှေ့ထွက်ပြီး အခမ်းအနားမှူး လုပ်ခဲ့ရပါတော့တယ်။

ဟိုတယ်ကို အစောကြီးရောက်သွားတယ်။ သူတို့သားက အ၀တ်အစားတောင် မလဲရသေးဘူး။ ဘောင်းဘီတိုနဲ့ တီရှပ်နဲ့ အခန်းဝက ဆီးကြိုနေတယ်။ မဒမ်ပေါက “သတို့သားက ဟော့ကာ စတိုင်လ်ပါလား” လို့ မှတ်ချက်ချတော့ သတို့သားက “ဟီးဟီး...ဟီးဟီး” လို့ ရယ်တယ်။

ဟိုတယ်အပေါ်ထပ်က ဗင်ဒါ (၁) ဆိုတဲ့ အခန်းတခန်းကို သူတို့သမီးပြင်ဆင်ဘို့အတွက် ဟိုတယ်က ပေးထားတယ်။ အဲသည်မှာ သူတို့သမီးကို မိတ်ကပ်၊ ဆံပင်ပြင်ပေးနေတာကို ခပ်လှမ်းလှမ်းက ထိုင်ကြည့်ရင်း၊ ဟိုဟို ဒီဒီ စကားစမြည်ပြောရင်း ၁၁ နာရီ ထိုးအောင် စောင့်ကြရတယ်။

ကလစ်တွေ၊ ဘီးတွေအများကြီးထိုးထားတဲ့ အလှပြင်ဆဲ သတို့သမီးကို ကျနော်က လှမ်းနောက်တယ်။ “သတို့သမီးက အခုလိုကျတော့လည်း အာကာသ သူရဲကောင်းအတိုင်းပါလား။ ဂါဂါရင်နဲ့ တူနေတယ်” လို့ ပြောတော့ သတို့သားက “ဟီးဟီး” ဆို ရယ်ပြန်ရော။

၁၁ နာရီလောက်မှာ သူငယ်ချင်းက မင်္ဂလာဆောင် နေရာအခင်းအကျင်းတွေ လိုက်ပြပြီး ရုပ်သံပိုင်းဆိုင်ရာ တက္ကနစ်ရှင်ရယ်၊ အခမ်းအနားအတွက် တာဝန်ရှိတဲ့ ဟိုတယ်ဝန်ထမ်းရယ်နဲ့ တွေ့ဆုံပေးတယ်။ ကျနော်ကလည်း သူ့အစီအစဉ်အတိုင်း လိုက်လျောညီထွေ ပြောပေးရမှာကိုး။

မဒမ်ပေါ ကတော့ သတို့သမီးကို ပြင်ဆင်တဲ့နေရာမှာ သတို့သမီးရဲ့ ကင်မရာလေးနဲ့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေ ရိုက်ပေးနေတယ်။ နောက်တော့ ငှားထားတဲ့ ပရော်ဖက်ရှင်နယ် ကင်မရာမင်း ရောက်လာတယ်။

အမ်စီ လုပ်ရမှာမို့ ကင်မရာကို အိမ်မှာထားခဲ့တာ နည်းနည်း နောင်တရတယ်။ ဘာကြောင့်လဲဆိုတော့ မင်္ဂလာပွဲကျင်းပတဲ့နေရာလေးက တော်တော့်ကို လှတယ်။ ဟိုတယ်ခန်းမထဲမှာ ဆောင်တာမဟုတ်။ ဟိုတယ်အပြင်ဘက် ရေကူးကန်ဘေးက ဥယျာဉ်လေးထဲမှာ လုပ်တာ။ စားပွဲဝိုင်းတွေကတော့ အမိုးအောက်မှာပေါ့။ ဒါပေမယ့် တရားသူကြီးရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး လက်စွပ်လဲတဲ့အခါကျတော့ အပြင်ဘက် နေရောင်တောက်တောက်အောက်မှာ လုပ်တာ။ ဧည့်ပရိသတ်ကတော့ အစီအရီချထားတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ကြတယ်။ နိုင်ငံခြားရုပ်ရှင်ကားတွေမှာပါတဲ့ မင်္ဂလာပွဲကလေးလိုပဲ။

လူရင်းတွေချည်း ဖိတ်ထားတဲ့အတွက် ပကာသနလည်းမပါ၊ ရိုးရိုးရှင်းရှင်းနဲ့ ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲကလေးဖြစ်ပါတယ်။ လက်ဖွဲ့ကောင်တာမှာ တာဝန်ယူပေးတာက တချိန်က စက်မှုတက္ကသိုလ် အီလက်ထရွန်းနစ်မေဂျာရဲ့ အလှဘုရင်မ။ အခုအချိန်ထိ နုပျိုလှပဆဲပါ။

လက်စွပ်လဲပြီးလို့ တရားသူကြီး စင်ပေါ်က ဆင်းပြီး ပြန်တဲ့အခါကျတော့ မင်္ဂလာပွဲမစခင်အထိ အစစ ထောင့်စေ့အောင် စီစဉ်နေခဲ့ရတဲ့ သတို့သားက အကျင့်ပါပြီး တရားသူကြီးကို လိုက်ပို့မယ်လုပ်လို့ မိတ်ဆွေတွေက အမြန်တားရသေးတယ်။ နို့မို့ရင် သတို့သမီးတယောက်တည်း စင်ပေါ်မှာ ကျန်ခဲ့မှာ။

မင်္ဂလာပွဲမှာ ကျွေးတဲ့အစားအသောက်ကလည်း တော်တော်လေးကောင်းတယ်။ ကျနော်တို့ ၀ိုင်းမှာလည်း တက္ကသိုလ်တုန်းကရော မာစတာတက်တော့ပါ အတူတက်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ အတူထိုင်ရတာဆိုတော့ စကားလည်း ပြောလို့ကောင်းတယ်။ ကျနော်ကတော့ အစီအစဉ် တခါပြောင်းကာနီးတိုင်း ရှေ့ထွက်ပြီး စကားနည်းနည်းပြောပေါ့။

လက်ထပ်ကိတ်မုန့်နဲ့ ဖန်ခွက်ပိရမစ်တွေရှိတဲ့ စင်မြင့်ဘေးနားမှာ အခမ်းအနားမှူးအတွက် စကားပြောစင်ကလေးရှိတယ်။ ကျနော့်ကို ကြိုးမဲ့ မိုက်ကရိုဖုန်းတခု ပေးထားတယ်။ အများမြင်သာအောင် ပုံဖော်ပြရရင် အိုဘားမားတို့ မက်ကိန်းတို့ debate လုပ်တုန်းက စကားပြောစင်ကလေး အတိုင်းပါပဲ။

သတို့သားနဲ့ သတို့သမီး ရှန်ပိန်ပုလင်းဖွင့်ပြီး ဖန်ခွက်ပိရမစ်ထဲကို လောင်းထည့်နေတုန်း မိတ်ကပ်ပြင်တဲ့အခန်းထဲတုန်းက ကျနော်စပ်လာတဲ့ ကဗျာလေးကို ရွတ်ပြလိုက်တယ်။

နှစ်သစ်မင်္ဂလာမှာ
အချစ်စစ်အကြင်နာတွေနဲ့
အစဉ်သာနှောင်တွယ် ရစ်လျက်ခွေလို့
မင်္ဂလာမောင်မယ် ချစ်သက်ရှည်စေကြောင်းကို
ဆုတောင်းပတ္ထနာ....


စင်္ကာပူက ကျဉ်းကျဉ်းလေးဆိုပေမယ့် အချင်းချင်း သိပ်မတွေ့ဖြစ်ကြသမျှ မင်္ဂလာဆောင်ကျမှပဲ မိတ်ဆွေတွေအားလုံးကို တစုတစည်းထဲ တွေ့ခွင့်ရတယ်။ အဲ....ကိုတီဇက်အေ ကောင်းမှုကြောင့် ကျနော့်လန်ကွတ်တီဇာတ်လမ်းကို လူတော်တော်များများ သိကြတယ်ဗျိုး။း-)

ဒီလိုနဲ့ နေ့လည် ၃ နာရီလောက်မှာ သတို့သား၊ သတို့သမီးကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။

အပြန်မှာ ဖူနန် အိုင်တီမောလ်ကို ၀င်ပြီး Dance Dance Revolution, Hottest Party II ဂိန်းမ်ကို ၀င်ဝယ်ခဲ့သေးတယ်။ သူနဲ့ တွဲဆော့ဖို့အတွက် ကျနော့်မှာ ၂၀၀ရ ခရစ်စမတ်တုန်းက ဌာနထဲမှာပြုလုပ်တဲ့ ကံစမ်းမဲပေါက်ထားတဲ့ နီတင်းဒိုး ၀ီး ရှိနေတယ်။

အိမ်ပြန်ရောက်တော့ တီဗီရှေ့မှာ သမီးရယ်၊ မဒမ်ရယ်၊ ကျနော်ရယ် တယောက်တလဲ ကလိုက် ခုန်လိုက်ကြတာ ချွေးတွေ တော်တော်ထွက်သွားတယ်။ လေ့ကျင့်ခန်း မလုပ်တာ ကြာပြီဖြစ်တဲ့အတွက် အခုလို ပုံမှန် ကပေးနိုင်ရင်တော့ ကိုယ်အလေးချိန်ကျမယ်လို့ ခန့်မှန်းရတာပဲ။ (ပိန်သွားကာမှ ဓါတ်ပုံတင်ပြီး ကြွားရဦးမယ်။)

ညဘက်ရောက်တော့ သမီးရယ်၊ သမီးအဖွားရယ်၊ မဒမ်ရယ်၊ ကျနော်ရယ် လေးယောက်သား အိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ တရုတ်ဆိုင်မှာ နှစ်သစ်အထိမ်းအမှတ် ညစာသွားစားကြတယ်။

နောက်တော့ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့ကြတယ်။

ဒီကနေ့ သမီးကျောင်းပြန်ဖွင့်ပြီ။ ဒီတခါ အဖေ လုပ်သူတွေ ကျောင်းမှာ တနေကုန် လိုက်လာပြီး နေပေးရမယ်ဆိုလို့ ကျနော် ရုံးက ခွင့်ယူထားတယ်။

အင်း.....၂၀၀၉ ကတော့ စပါပြီ။ မင်္ဂလာပွဲနဲ့စလိုက်ရတဲ့အတွက် မင်္ဂလာရှိမယ့် နှစ်တနှစ်ပဲလို့ စိတ်ထဲမှာ ယုံကြည်နေပါတယ်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs