“ဘွန်းမာရန်း”

Share |


ဖြစ်ပျက်ခဲ့စဉ် အချိန်တုန်းက ကျနော့်အပြစ်ကြောင့်ရယ်လို့ တပ်အပ်သေချာ မပြောနိုင်ပေမယ့်လည်း အခုနေပြန်စဉ်းစားကြည့်လိုက်ရင် စိတ်ထဲမှာ စနိုးစနောင့်နဲ့ မအီမလည် ဖြစ်ရတဲ့ အဖြစ်အပျက်တွေ ကျနော့်ဘ၀မှာ အများကြီး ကြုံခဲ့ရဘူးတယ်။

အခု ကျနော်ပြောပြမယ့် ကိစ္စကလည်း အဲသည်အဖြစ်အပျက်တွေထဲက တခုပါပဲ။

ပြန်တွေးကြည့်ရင် ရှက်လည်းရှက်တယ်။ အားလည်းနာတယ်။ စိတ်လည်း မကောင်းဘူး။

အရင်ကတော့ သာမန်ဘဲ စဉ်းစားခဲ့တယ်။ စိတ်ထဲမှာလည်း ဘယ်လိုမှ စနိုးစနောင့်မဖြစ်ခဲ့ဘူး။ နှစ်တွေအတန်ကြာတဲ့အထိလည်း သာမန်ဖြစ်ရိုးဖြစ်စဉ်တခုလိုပဲ သဘောထားပြီး ပေါ့ပေါ့ပါးပါး ကျော်ဖြတ်ခဲ့တာပါ။ အခုတလောကျမှ လူက တောင်တောင်အီအီတွေးပြီး စနိုးစနောင့် ခံစားနေရမိပုံလေးကို ပြောပြချင်လို့ပါ။

ဒီလိုပါ.....။

လွန်ခဲ့တဲ့ရှစ်နှစ်ကျော်က......ဒီကိစ္စကို စတင် အဆိုပြုလာခဲ့သူက အခုမဒမ်ပေါဖြစ်လာတော့မယ့် ထိုစဉ်က ကျနော့်ဇနီးလောင်းပေါ့။

မင်္ဂလာဆောင်ကာနီးမှာ သူမက ကျနော့်ကို ပူဆာတယ်။ ဟိုတယ်မှာ မင်္ဂလာဆောင်တဲ့အခါကျရင် တီးဝိုင်းထည့်ချင်သတဲ့။ ကျနော်ကလည်း အဲသည်တုန်းက ခေါင်းခါတတ်တဲ့ အလေ့အကျင့်ကို မေ့လျော့နေသလား ထင်မှတ်ရလောက်အောင်ကို မဒမ်ပေါကို ခေါင်းတညိတ်ညိတ်နဲ့ အလိုလိုက်နေမိတဲ့အချိန်ပေါ့။ (အခုမှ ကိုယ်က တလှည့်တပြန် အတိုးချပြီး ဆိုးရတာပေါ့ဗျာ)။

ဒီတော့ “ငှားချင်တဲ့ တီးဝိုင်းကို ငှားလေ..” လို့ လွယ်လွယ်ပဲ ပြောလိုက်မိတယ်။ အဲသည်လိုနဲ့ “စပက်ထရမ်” လို့ အင်္ဂလိပ်လို အမည်ရတဲ့ တီးဝိုင်းကို ငှားဖြစ်သွားတယ်ဆိုပါတော့။ ဗမာလိုတော့ “ရောင်စဉ်လှိုင်းတေးဂီတအဖွဲ့” ပေါ့လေ...။

မင်္ဂလာဆောင်နေ့မှာ အဲသည်တီးဝိုင်းက တီးခတ်ပေးတယ်။ နာမည်ကျော် အဆိုတော်တွေလည်း တယောက်ပြီး တယောက် မင်္ဂလာဆောင်မှာ ဆိုလိုက်ကြတာ မနည်းဘူး။ အဲ...အဲဒီလို ဆိုတာကို မှတ်တမ်းဗီဒီယိုအခွေမှာ ပြန်ကြည့်တော့မှ သတိထားမိတာပါ။ မင်္ဂလာဆောင်နေတုန်းကတော့ ကိုယ့်မှာ ဧည့်သည်တွေကို နှုတ်ဆက်နေရတာနဲ့၊ ဓါတ်ပုံဆရာကို ပြုံးပြ အိုက်တင်တွေ ပေးရတာနဲ့ အလုပ်တွေ ရှုပ်နေတော့ ကိုယ့်မင်္ဂလာဆောင်မှာ ဘယ်သူတွေ လာဆိုသွားသလဲဆိုတာတောင် သတိမထားလိုက်မိဘူး။

ဟော ဗီဒီယိုမှာ ပြန်ကြည့်တော့မှ... ကျနော်အင်မတန်နှစ်သက်တဲ့ နိုင်ငံကျော်အဆိုတော်တွေ တသီတတန်းကြီး တွေ့လိုက်ရတယ်။ ပထမတော့..... “ဟယ်၊ ငါ့မင်္ဂလာဆောင်မှာ နာမည်ကြီးတွေ လာဆိုတယ်” ဆိုပြီး သဘောကျနေတာပေါ့။ အိမ်ကို လာလည်သမျှလူကိုတောင် အခွေထိုးပြပြီး ကြွားလိုက်သေးတယ်။ ကျနော့်သူငယ်ချင်းအရင်းတွေဆိုတာ အိမ်လာလည်ရင် အလကားတော့ မကြည့်နိုင်ဘူး။ အပြင်မှာ ထမင်းလိုက်ကျွေးမှ ကြည့်မယ် ဘာမယ် စသဖြင့် ဈေးကိုင်တဲ့အထိ ဖြစ်လာတယ်။ သည်လိုဘဲ နောက်တော့လည်း ထုံးစံအတိုင်း ရိုးသွားပါလေရော။

ဒါပါဘဲ။ အဖြစ်အပျက်က။

အခုထိ မအီမလည် ဖြစ်စရာအကြောင်း မရှိသေးပါလားလို့ စာဖတ်သူတို့ တွေးနေကြပြီ ထင်ပါရဲ့။ လာမှာပေါ့ဗျာ။ ဖြည်းဖြည်းပေါ့။

ကျနော့်စိတ်ကို ဒုက္ခပေးနေတာက ဘာလဲဆိုတော့...... ကျနော့် မင်္ဂလာဆောင်မှာ လာဆိုကြတဲ့ အဆိုတော်အားလုံးနီးပါးက ကျနော်အင်မတန်နှစ်ခြိုက်တဲ့ အဆိုတော်တွေဖြစ်နေလို့ပါပဲ။

ဟဲ့....အဲဒါ မကောင်းဘူးလား။ နင့်ဟာကလဲ” လို့ အပြစ်တင် မစောကြပါနဲ့ဦး။

ကျနော်ငယ်ငယ်က စာအုပ်တအုပ်ထဲမှာ အဆိုတော်တယောက်နဲ့ အင်တာဗျူးကို ဖတ်ဘူးတယ်။ မေဆွိလား၊ တင့်တင့်ထွန်းလား... ဘယ်သူလဲ အသေအချာ မမှတ်မိတော့။ အဲဒီ အဆိုတော်က ပြောတယ်။ သူတို့ သီချင်းဆိုရတဲ့အထဲမှာ ဧည့်ခံပွဲတွေမှာ ဆိုရတာလောက် ဖီလင် မလာတာ မရှိဘူးတဲ့။ အားလုံးက စားသောက်နေကြပြီး အစားအသောက်မှာ အာရုံရောက်နေကြတာ....ဘယ်သူကမှ ကိုယ့်သီချင်းကို အာရုံမထားကြဘူး....တဲ့။

ကဲ.... ကျနော် ဘာဖြစ်နေတာလည်း နည်းနည်းတော့ သဘောပေါက်စ ပြုလာပြီ ထင်ပါရဲ့။

ဟုတ်တယ်ဗျ။ ကျနော်ချစ်တဲ့ အနုပညာရှင်တွေကို ကျနော့်မင်္ဂလာဆောင်မှာ ပေါပေါပဲပဲနဲ့ ဆိုခိုင်းလိုက်ရတဲ့ အဖြစ်ကို မအီမလည် ဖြစ်နေတာ။

မင်းကလည်း ကျေနပ်လို့၊ သူတို့ကလည်း ကျေနပ်လို့ သမာအာဇီဝ ရိုးရိုးသားသား စီးပွားရှာတာဘဲကွာ။ ဘာမအီမလည် ဖြစ်စရာရှိလဲ လို့ မေးစရာ ရှိပါတယ်။

တကယ်တော့ အနုပညာရှင်တွေမှာ အနုပညာမာနရှိတယ်ဗျ။ ပွဲလမ်းသဘင်တွေ၊ စတိတ်ရှိုးတွေမှာ ပရိသတ်ကို ဖျော်ဖြေတာက တကဏ္ဍ။ စတိတ်ရှိုးမှာ လာတာက သူ့ကို သက်သက်လာအားပေးတဲ့ ပရိတ်သတ်။ မင်္ဂလာဆောင်လာတက်တဲ့ ဧည့်ပရိတ်သတ်ကို ဖျော်ဖြေရတာနဲ့ လားလားမှ တူမယ်မထင်ဘူး။

မင်္ဂလာဆောင်ဆိုတာမျိုးက ဖိတ်စာနဲ့ လိုက်ဖိတ်ထားလို့ သတို့သား၊ သတို့သမီး မျက်နှာ၊ နှစ်ဖက်မိဘ မျက်နှာနဲ့ လာကြတဲ့လူတွေ။ သီချင်းကို အဓိက ဖီလင်အပြည့်နဲ့ လာနားထောင်ကြတာမဟုတ်မှန်း သူတို့လည်း ခံစားသိရှိမှာပေါ့။ ဘယ်အဆိုတော် ပါပါ၊ မပါပါ မင်္ဂလာဆောင် လာမယ့် ပရိတ်သတ်ဆိုတာ ဖိတ်ကြားသူက ဖိတ်ထားရင် လူမှုရေးအရ လာကြမှာပဲ။ ဒီတော့ စတိတ်ရှိုးနဲ့ မင်္ဂလာဆောင် နှစ်ပွဲမှာ တက်ရောက်တဲ့ ပရိတ်သတ် အမျိုးအစားချင်းမတူဘူးနော် ပရိတ်သတ်ကြီး...... (ကြာနီကန်လေသံ နည်းနည်းပါသွားတယ်)

တခုတော့ရှိတယ်။...ကျနော်က နိုင်ငံကျော် လူသိများတဲ့ လူတယောက်ဖြစ်နေလို့ ကျနော့် မွေးနေ့ပွဲ (သို့) မင်္ဂလာပွဲမှာ အဆိုတော်တွေက မေတ္တာနဲ့ လာအားပေးတာဆိုရင်တော့ တမျိုးပေါ့လေ။ သို့ပေမယ့် အခုကိစ္စက ငွေကြေးအတွက် ဖြစ်နေမှန်း နှစ်ဦးနှစ်ဖက်က သိနေကြတော့ ခုနင်ကပြောတဲ့ မအီမလည် ဖီလင်က နှစ်ဦးနှစ်ဖက်စလုံးမှာ ဖြစ်ဖို့ အကြောင်းဖန်လာတော့တာပေါ့။

နေဦး.....ကျနော်မင်္ဂလာဆောင်ခဲ့တာက ရှစ်နှစ်ပြည့်သွားပြီ။ အခုကျမှ ဘာကိစ္စ ဒီလို ခံစားရသလဲ မေးရင် အကြောင်းရှိတယ်။

အခုတလော.... ကျနော့်မှာ အဲသည်လိုဘဲ အကြောင်းတရားတွေကို ဆက်စပ်စဉ်းစားရင်းနဲ့ မီးခိုးကြွက်လျှောက် စဉ်းစားလိုက်တာ “ဘွန်းမာရန်း(Boomerang)” အကြောင်းကို ရောက်သွားလို့ပါ။ “ဘွန်းမာရန်း” ကို နားလည်ရင် ဘာကြောင့် ရှစ်နှစ်တိတိ ကြာပြီးတဲ့နောက်မှ ကိုပေါတယောက် ကောက်ကာငင်ကာ သည်ဖီလင် ၀င်ရသလဲဆိုတာ နားလည်ပါလိမ့်မယ်။

အခု “ဘွန်မာရန်း” အကြောင်းကို ပြောပြတော့မယ်နော်။ သြော်ဇီမှာ ရောက်နေတဲ့ ကိုအင်ဒီတို့ဆိုရင် ကောင်းကောင်းသိမှာဘဲ။ သြစတေးလျမှာရှိတဲ့ အဘာရီဂျင်း လူမျိုးစုတွေ ကိုင်တဲ့ ခပ်ကွေးကွေး လက်နက်တမျိုးပေါ့။ လေထဲမှာ စနစ်တကျ ပစ်လွှတ်လိုက်ရင် ကိုယ့်ဆီကို ပျံဝဲပြီး ပြန်ရောက်လာတဲ့ လက်နက်လေ။ တော်တော်များများ မြင်ဘူးကြမှာပေါ့။

မင်္ဂလာဆောင်တီးဝိုင်းအကြောင်းပြောနေရာကနေ ဘွန်းမာရန်းအကြောင်း ပြောလို့ တောင်ရောက်မြောက်ရောက်လို့ မထင်မိဘူးလား။ ဆက်စပ်မှုရှိပါတယ်။ လာပါပြီ...လာပါပြီ။

နအဖ အစိုးရတက်လာတော့....ရုပ်မြင်သံကြားက လွှင့်တဲ့အစီအစဉ်တွေ၊ နအဖရဲ့ လှေပွဲသဘင် စတဲ့ ပွဲတွေမှာ အဆိုတော်တချို့က (ခုနက ကျနော့်မင်္ဂလာဆောင်မှာ လာဆိုကြတဲ့သူတွေလည်း ပါတယ်) နအဖရဲ့ ပေါ်လစီ သီချင်းတွေကို အားကြိုးမာန်တက် ဆိုပေးခဲ့တာတွေကို မြင်ခဲ့ကြားခဲ့ကြရတယ်မဟုတ်လား။ တချို့လည်း မလွှဲသာမရှောင်သာ ဆိုရတာမျိုးလည်း ပါမှာပါ။ ဒါပေမယ့် တချို့ကတော့ တကယ့်ကို လိုလိုချင်ချင်ကြီး ဆိုပေးနေတာမျိုးတွေ ရှိတယ်။

အဲသည် ပေါ်လစီတွေကို ပြည်သူ့အချစ်တော် နအဖ က နှစ်ပေါင်းများစွာ အကောင်အထည်လည်း ဖော်လိုက်ရော ပြည်သူတွေရဲ့ စီးပွားရေးက ကုန်းကောက်စရာမရှိလောက်အောင် ချွတ်ခြုံကျပြီး မူရင်းသီချင်းခွေတွေ၊ စီဒီတွေကို ၀ယ်ယူအားပေးခြင်း မပြုနိုင်တော့တဲ့ ဘ၀ကို ရောက်သွားကြလေသတည်းပေါ့။ အဲဒီမှာ (၀ယ်အားကျသွားတော့)အဆိုတော်တွေခမျာ စီးရီးအသစ်တွေ၊ အခွေသစ်တွေ မထုတ်နိုင်တော့ဘဲ မင်္ဂလာဆောင်တွေ၊ ရှိုးတွေကို အားကိုးရတဲ့ ဘ၀ရောက်သွားတယ်။ စဉ်းစားကြည့်ပါ။ ဘယ်နိုင်ငံကျော်အဆိုတော်က တတ်နိုင်ရင် မင်္ဂလာဆောင်မှာ လိုက်ဆိုချင်ပါ့မလဲဗျာ။ စင်္ကာပူမှာ အဲသည်လိုမျိုး အဆိုတော်တယောက် ကိုယ့်မင်္ဂလာဆောင်လာဆိုဖို့ ငှားကြည့်ပါလား။ ဘယ်လောက်ကုန်ကျမလဲဆိုတာ သိရအောင်။

အဲသည်လို အခွေအသစ်တွေ၊ စီးရီးအသစ်တွေ မထုတ်နိုင်ကြတော့တဲ့ နောက်ထပ် လက်သည်တရားခံ အကြောင်းအချက်တခုကတော့ မူပိုင်ခွင့်ကို မလေးစားဘဲ ခိုးကူးကြတာတွေ ခေတ်စားလာတာပါဘဲ။ သည်လောက် စည်းမဲ့ကမ်းမဲ့ ခိုးကူးနေမှတော့ ဘယ်သူက အရှုံးခံပြီး အခွေအသစ် ထုတ်ရဲပါတော့မလဲဗျာ။

အဲဒီလို အနေအထားရောက်လာတော့ နောက်ဆုံးနစ်နာတာ ဘယ်သူတွေလဲ ပြန်စဉ်းစားကြည့်ရင် နှစ်ဦးဘဲရှိတယ်။ ပထမတဦးက နားထောင်အားပေးတဲ့ ပြည်သူတွေ၊ နောက်တဦးက ပြည်သူချစ်တဲ့ အနုပညာရှင်တွေ။ နှစ်ဦးနှစ်ဖက် နစ်နာကြပါတယ်။

အဆိုတော်တွေ အသစ်တီထွင်ပြီး သီချင်းကောင်းတွေကို မထုတ်လုပ်နိုင်တော့တဲ့အတွက် နားထောင်ရသူ ပရိတ်သတ်မှာလည်း ကြာတော့ သီချင်းခပ်ညံ့ညံ့တွေ၊ ရိုးအီနေတဲ့ ပြန်ဆိုတေးအဟောင်းတွေနဲ့ဘဲ အာသာဖြေရတော့တာပေါ့။

အဆိုတော်တွေဘက်ကကြည့်ရင်လည်း နိုင်ငံကျော်အဆိုတော်တွေပီသစွာ စတိုင်အထွားသားနဲ့ နေရမယ့်ဘ၀ကနေ တွေ့ကရာ မင်္ဂလာဆောင်မှာ လိုက်ဆိုရတဲ့ ဘ၀ကို ကျဆင်းသွားတယ်။

သည်တော့ ဘွန်မားရန်းကိစ္စ ပြန်ကောက်မယ်။ ဘွန်မာရန်းကို ပစ်လွှတ်လိုက်ရင် နောက်ဆုံးမှာ ကိုယ့်ဆီကိုဘဲ တန်းတန်းမတ်မတ် ပြန်ရောက်လာသလို.....

အဆိုတော်တွေအနေနဲ့လည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးထင်ပြီး နအဖရဲ့ ပေါ်လစီသီချင်းတွေကို အားရပါးရ သွားဆိုခဲ့တာတွေဟာ အခုဆိုရင် အဲသည်ဆိုးကျိုးတွေက သူတို့ထံကို ပြန်ရောက်ပြီး သူတို့ကို အကျိုးပေးနေပြီ။

တခါ ပြည်သူတွေကလည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးထင်ပြီး အခွေတွေကို စည်းမဲ့ကမ်းမဲ့ ခိုးကူးကြတော့ အဆိုတော်တွေဆီက သီချင်းကောင်းတွေ၊ သီချင်းသစ်တွေ အရင်ကလို ထွက်မလာတော့ဘဲ သီချင်းဟောင်း သီချင်းဆွေးတွေနဲ့ အဟောင်းသံသရာထဲမှာ လည်နေကြရတော့တာပေါ့။

အဲသည်ကြားထဲမှာ ကျနော် ကိုပေါအကောင်းစားလေးခမြာပါ “စပ်ကြားက မထွားခါးနာ” ဆိုသလို အချောင် မအီမလည် ၀င်ပြီး ခံစားလိုက်ရသေးတယ်။

အဲဒါကြောင့်ပြောတာ..... ကျနော့်အပြစ်လုံးလုံးလျားလျား မဟုတ်ဘဲနဲ့ ကျနော့်မှာ မအီမလည် ခံစားနေရပါတယ်လို့။

ကဲ...ဘာပဲဖြစ်ဖြစ်။ ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးပြီ။ ပျက်အစဉ် ပြင်ခဏဆိုတဲ့ စကားလည်း ရှိတယ်မို့လား။ အခြေအနေတခုဟာ မှားယွင်းနေပြီဆိုရင် ပြုပြင်ဘို့ ကြိုးစားကြရမှာပေါ့။ နှမ်းတလုံးနဲ့ ဆီမဖြစ်ပါဘူးကွာလို့တော့ မပြောပါနဲ့။ ဆီဆိုတာကလည်း အဲသည်လို နှမ်းလုံးလေးတွေ အများကြီးပေါင်းပြီးမှ ဖြစ်လာတာမဟုတ်လား။ ဒီတော့ တဦးတယောက်ကနေ စပြီး အရာအထောင်အသောင်းအသိန်းအထိ တဖြည်းဖြည်း အရေအတွက်တွေ ဆပွားနိုင်ဘို့ ဒီနေ့ကစပြီး မိမိကိုယ်တိုင် သီချင်းခိုးကူးခြင်းတွေ၊ ခိုးကူးခွေတွေ ၀ယ်ယူနားထောင်ခြင်းတွေကို တတ်နိုင်သမျှ ကြိုးစားရှောင်ကြဉ်ကြပါစို့။ မူပိုင်ခွင့်ကို အလေးထားကြပါစို့။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
အဆိပ်ပင်ရင်း ရေလောင်းခြင်း ကင်းရှင်းကြပါစေ။
မူပိုင်ခွင့်အရ ထုတ်သမျှ ခိုးချခြင်းကို ရှောင်ကြဉ်လေ။

21 comments:

PAUK said...

ကိုပေါရေ..
အခုတလော ချွတ်ခြုံကျနေတယ်..
...........

သီချင်းနားမထောင်ပဲနေရင်..
ခိုးကူးခွေလည်းအားပေးရာမရောက်တော့ဘူး..ပေါ့
ဟီးဟိ

:P said...

မြန်မာသီချင်းခွေတော့ မူရင်းဝယ်ပါတယ်။
ကို၇ီးယားနဲ့ တရုတ် ဇာတ်လမ်းတွဲတွေကျ
ခိုးကူးခွေ ၀ယ်မိဒယ်...ဟဲ.....
အဲဒါတော့ရဒယ်မဟုတ်လား ငှင်.....

ThuHninSee said...

ဇော်ဝင်းထွဋ်လဲ အဲလိုပြောဖူးတယ်ထင်တာပဲ။

Moe Cho Thinn said...

ကိုပေါ ဘာကို ရစ်ချင် အဲလေ ပြောချင်ပါလိမ့်လို့ ဖတ်နေတာ နောက်မှာ ခိုးကူးခွေရဲ့ သမိုင်းဖြစ်စဉ် ပြောနေတာကိုး။
လူတိုင်း ဘွန်းမာရန်း တော့ မဖြစ်ချင်ကြဘူး ထင်ပါရဲ့။
ကိုယ့်ဆီပြန်လာတာ အတော်ထိ တာကိုး။

Anonymous said...

ကိုပေါ အဓိကပြောချင်တာက ပေါ်လစီသီချင်းမဆိုဖို့လဲ ပါတယ်မဟုတ်လား ဝေ့လည်ကြောင်ပတ်မလုပ်နဲ့နော် များတို့က တည့်တည့်ပဲ ပြောတတ်တာ ... ဟဲဟဲ
ခင်မင်စွာဖြင့်
ခင်မင်းဇော်

Anonymous said...

ကိုပေါရေ ...

ထိချက်က အရမ်း ပြင်းတယ် ... ချက်ကောင်းကို တည့်တည့် မှန်တယ် ... မခံစားနိုင်ပါဘူး ... အဟောင်းတွေ အသစ်ဖြစ်ရတယ် ...

ဒါပေမယ့် ဒါတွေ အားလုံးဟာ နိုင်ငံ တိုးတက်မှု မရှိလို့ ပြည်သူတွေ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပေါ်လာတာပါ။

လူတိုင်း စီးပွား တောင့်တင်းရင် ကိုယ်ကြိုက်တဲ့ အနုပညာရှင်ရဲ့ မှုရင်းခွေကိုပဲ တမြတ်တနိုး ၀ယ်ယူ သိမ်းဆည်းကြမယ်ဆိုတာ မလွဲမသွေပါပဲ ..

ဒါကြောင့် အရင်းစစ်တော့ ...

khin oo may said...

ပေါ့့ပေါ့ပါးပါး
တောင်တောင်အီအီ
စနိုးစနောင့်

ပိရိတ်သတ်ကြီး


ဆရာဒိုးတပည့် ဖြစ်နိုင်သည်။

ကိုပေါ said...

ပေါက်….. ချွတ်ခြုံကျ = ချွတ်ကနဲ ခြုံပေါ်သို့ ကျရောက်သည်။

ဆင်ဒဏ်လား…..ရဘူးဆို။

သုနှင်းဆီ….. ပေါ်လစီသီချင်းဆိုတဲ့အထဲမှာ၊ နအဖနဲ့ ဒွေးရောယှက်တင်နေတဲ့နေရာမှာ ဇော်ဝင်းထွဋ်လည်း ပါသဗျ။

မချိုသင်း…… ရစ်ပင်ရစ်မိုး ရစ်စပျိုး၍ ရစ်မိုးကြီး မစဲဘဲ ရွာခဲ့လေပြီတကား။

မခင်မင်းဇော်….. မှန်တာပေါ့။ နအဖဆိုတဲ့ အဆိပ်ပင်ကို ရှူး မပန်းမိဘို့ကလည်း တချက်ပေါ့။ တည့်တည့်မပြောရခြင်းအကြောင်းရင်းကတော့ စကားကြီးဆယ်မျိုးမှာ “ဝေ့လည်ကြောင်ပတ် ပြောနည်းတို့….ဆင်ကန်းတောတိုးပြောနည်းတို့” ကို သဘောကျလို့ပါ။း-)

လွန်လွန်း…. ဒါပေါ့။ ဘာဘဲပြောလိုက်ပြောလိုက် နောက်ဆုံးမှာ ကြပ်ပြေးဘူတာမှာဘဲ ဆိုက်ရတော့တာပေါ့။

မခင်ဦးမေ….. ဆရာဒိုး…ဆိုတာ ဘူလဲဟင်။

Thargyi(Gyobingauk) said...

ကိုပေါရေခဲရေ...အဲအဲဟုတ်ပေါင်..ကိုပေါရေ..
ကိုပေါကိုတော့မပြောချင်ဘူး...
ဝေ့လည်ကြောင်ပတ်တို့..ဆင်ကန်းတောတိုးတို့ဆို..သိပ်ပြောတာဘဲ.. ကျွန်တော်ဆို နအဖ ကသီချင်းဆိုခိုင်းရင်မဆိုပေါင်ဗျာ ...
ကို့သီချင်းဆိုလည်းခိုးကူးမှာကြောက်လို့ ဆီးသီးမထုတ်ပါ..ဪမှားကုန်ပြီ...စီးရီးမထုတ်ဘူး
ခိုးကူးတာကိုအားမပေးချင်လို့သီချင်းနားထောင်ချင်ရင်
www.myanmarmp3.net ကနေဘဲနားထောင်တော့တယ်..ရှလွတ်..

ကိုပေါ said...

မောင်ရွှေအောင်….ကောင်လေး….တယ်လဲ ပြောရဆိုရ ခက်ပါလားဟင်။ မိဘက လက်နဲ့ရေးရင် သားသမီးက ခြေနဲ့ဖျက်တယ်ဆိုတာ ဒါမျိုးထင်ရဲ့။ အချောင်ဝင်ပြီး မိဘလုပ်လိုက်ဦးမယ်….ဟိ။ (နအဖလိုဘဲ အတင်းဝင်ပြီး မိဘလုပ်ရတာ ၀ါသနာပါလို့)
ပြောဘို့ ကျန်နေခဲ့လို့။ စကားကြီးဆယ်မျိုးထဲမှာ “ငါ့စကားနွားရ ပြောနည်း” လည်းပါတယ်။ ဗိုလ်ချုပ်ကျော်ဆန်းတို့ ကောင်းကောင်းကျွမ်းသပေါ့။

တန်ခူး said...

အင်း… ကိုပေါရေ… တတ်နိုင်တဲ့သူတွေအတွက်တော့ ခိုးကူးခွေ အားမပေးသင့်ပါဘူး…
ဒါပေမယ့်… တနေ့ လုပ်မှတနေ့ စားရတဲ့ ဘ၀တွေလဲ သီချင်းတွေချစ်တတ်ကြတော့ ခိုးကူးခွေနဲ့  စိတ်ကျဉ်းကျပ်တာတွေ ထွက်ပေါက်ယူရတော့တာပေါ့… မူရင်းနဲ့ ခိုးကူးဈေးသိပ်မကွာရင်တော့ အကြောင်းမဟုတ်ဘူးပေါ့…
မင်္ဂလာဆောင်အကြောင်းပြောလို့  ကျွန်မတို့ မင်္ဂလာဆောင်မှာ ဟေမာ့ကို အခါတော်ပေးခိုင်းပြီးမှ ဦးကျော်စိုးဦးက အန်တီချို(ချိုပြုံး) ရှိနေတယ်… ပြောင်းမလား… မေးတော့… ဟေမာ့လဲ ပြောပြီးသားမို့  အားတွေနာ… အန်တီချိုလဲ အားတွေနာနဲ့ … သတို့ သားမျက်နှာကြီးက အခါတော်ပေးထွက်လာတော့ အားနာတဲ့ ရုပ်ကြီးဖြစ်နေတာ မှတ်မိနေသေးတယ်…

ကိုပေါ said...

တန်ခူးရေ… တန်ခူးမင်္ဂလာဆောင် တက်ခဲ့တာကို သတိရမိတယ်။ မဒမ်ပေါက ကိုယ်လေးဝက်ဝံကြီးနဲ့လေ။

ခိုးကူးခွေကိစ္စက….အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုသော်ငြား ကိုယ့်ရေရှည်အကျိုးအတွက်ကို ကြည့်ပြီး စောင့်ထိန်းနိုင်ကြရင် ကောင်းမယ်ထင်တယ်လေ။

Ko Boyz said...

Boomerang ဆိုလို့ ဒါပဲ သိတယ်...။
http://www.youtube.com/watch?v=Ya90fmUZYCY

ကိုပေါ said...

စိုင်းစိုင်းဘွိုင်းဇ်လှိုင်……အရေးထဲ ထုံချိုင်းပရိသတ်နဲ့ လာတိုးနေပါပေါ့လား။

ZT said...

ခိုးကူးခွေတော့ မဝယ်မိပါဘူး။
ဒါပေမယ့် အခွေအသစ်ထွက်တဲ့ အချိန် သူငယ်ချင်းတွေက MP3 တွေကို အီးမေးလ်နဲ့ လှမ်းပို့ပေးတော့လည်း အားနာပါနာနဲ့ သူခိုးလက်ခံ လုပ်လိုက်ရတာပါပဲဗျာ။

ကိုပေါ said...

လွိုင်လင်း….. ဒီလောက်အထိ စောင့်ထိန်းဖော်ရတယ်ဆိုရင် မဆိုးလှသေးပါဘူးလို့ တွက်ရမှာဘဲဗျ။

သူသူကိုယ်ကိုယ်ပါ။ ဒီကနေ့ခေတ်မှာ လူအများစုဟာ ခိုးတယ်လို့ ဆိုလိုက်ရင် “ခါးတောင်းကို တင်ပါးနှစ်ခြမ်းပေါ်တဲ့အထိ မြှောင်နေအောင်ကျိုက်၊ မျက်လုံးမှာ အပေါက်ဖောက်ထားတဲ့ အ၀တ်မဲလေးစီးပြီး လူခြေတိတ်မှာ သူများအိမ်ပြူတင်းပေါက်ကနေ တိတ်တဆိတ် ၀င်ခိုးတာမျိုးမှ” ခိုးတာလို့ ထင်တတ်ကြတာဗျ။ သူများမပေးတဲ့ ပစ္စည်းကို တိတ်တဆိတ်ယူသုံးတာဟာလည်း ခိုးမှုမြောက်နေတယ်ဆိုတာကို မမြင်တတ်ကြတာလား…မသိချင်ယောင်ဘဲ ဆောင်တာလား….သိပါဘူးဗျာ။ သိတယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ရှောင်ကြဉ်ဘို့ ကြိုးစားကြတာပေါ့ဗျာ။

Anonymous said...

ကိုကြီး နဲ့ မကြီး
နှုတ်ဆက်လိုက်ပါတယ် ...
တို့ရဲ့ ကောင်းကင်ပြာကြီးထဲ...
မိုးသားမည်းမည်းတွေ ကင်ရှင်းသွားတဲ့ တစ်နေ့တော့
လှပလွန်းတဲ့ ကောင်းကင်ပြာ...
ပြန်လည်လို့ တွေ့ခွင့်ရချင်သေးးးးးးးးး
(ဆိုသူ - မဖား)
ကျွန်တော်၂၄ရက် ၆လ ၂၀၀၇ စက`်ာပူ မလာခင်က ခွေ ၂ ဆိုင်ဖွင့်ခဲ့တာ။ ထုတ်လုပ်သူက ဖြန့်ချီရေးကိုဖိ၊
ဖြန့်ချီရေးက ခွေဆိုင်တွေပေါ်နှိပ်။
ငှါးသူတွေပေါ် မစော်ကားချင်တဲ့ ကျွန်တော် မျှတမှုကိုမြတ်နှိုးတဲ့ ကျွန်တော်
ထုတ်လုပ်သူကိုပဲ ဈေးနည်းနည်းနဲ့ တော်လှန်ရေး လုပ်ခဲ့မိပါတယ်။ ခွေလောကမှာ ခေါင်တွေကစလို့ သစ္စာမရှိကြပါဘူး။ ပြိုင်ပြီး မမိုက်ချင်လို့ လိမ်လိမ်မာမာ ပေါရာ စက`်ာပူကို လာခဲ့ပါ၏။ ခုတော့ လူမိုက်တို့ သွားရာလမ်းကို ခဏပြန်အုံးမည်။ တာ့တာ :P

Anonymous said...

ဦးပေါ
မီးကလေ သောတာပန် ဖြစ်ချင်သူဆိုတော့
ငါးပါးသီလ လုံပြီးသားတော့
မီးတို့ ပြည်သူလေးတွေက သူတို့ နှိပ်စက်တာကို ခံနေရမှာလားတော့
အဲ့တော့ကာ ကျေပြီလို့ သဘောထားလိုက်တော့
:D

pandora said...

နိုင်ငံဆင်းရဲတဲ့အခါ တီထွင်ဖန်တီးမှု အနုပညာဆိုတဲ့ အရာတွေ အရင် ချွတ်ခြုံကျတာပဲလေ။ စားဝတ်နေရေး ဆိုတာကိုပဲ အဓိက မနည်း ရုန်းကန်နေရတော့ ဒီလိုကိစ္စတွေမှာ ရေရှည်အတွက်တို့ လုပ်သင့်မလုပ်သင့်တို့ မစဉ်းစားနေနိုင်ဘူး။ လတ်တလောကိုပဲ ဖြေရှင်းရင်း ခိုးကူးခွေ အားပေးတဲ့ ပြဿနာပေါ်လာတယ်။ တကယ်တော့ ဈေးနှုန်း ညှိနှိုင်းတာတို့ တဖက်ကလည်း ဥပဒေကို တကယ် အသက်ဝင်စေတာတို့နဲ့ ပြေလည်အောင် (အာရုံထားရင်ပေါ့လေ) လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနိုင်ပါတယ်။ အခုတော့ ဦးစားပေးတွေက ဒီနေရာမှာ မဟုတ်ဘူးဗျ။
ဆိုးတဲ့အချက်ကတော့ တီထွင်ဖန်တီးမှုတွေဒီလိုနဲ့ တစစ ခေါင်းပါးလာရင် ခေတ်မီဖွံ့ဖြိုး တိုးတက်မယ့် အနာဂတ် နိုင်ငံတော်ကြီးအတွက် ရင်လေးစရာ ဆိုတာပါပဲ။

ကိုပေါ said...

ရွှေထုပ်ကလေး……နှုတ်ဆက်လိုက်ပါတယ်။ ကံကောင်းပါစေ။
မီးရှည်….. ဘာကို ဆိုလိုချင်ပါလိမ့်…။
ပန်ဒိုရာ….. မှန်၏။ ရင်လေးစရာအတိ…..။

Anonymous said...

စိတ်မရှိနဲ့ဗျာ.. ဒီ post က ကို ပြောချင်တာ ကို လိုရာဆွဲရေးထားတာပဲ.. (wesheme) က တဆင့်လာတာပါ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs