“သံစဉ်မဲ့တေးသွား”

ကိုပေါ ပို့စ်အသစ်မရေးနိုင်ခင်စပ်ကြား မဒမ်ပေါရေးထားတဲ့ ကဗျာတပုဒ်ကို ယူတင်လိုက်ပါတယ်။



“သံစဉ်မဲ့တေးသွား”

ငုံရာက ဖူး
ဖူးရာက ပွင့်
နွမ်းတဲ့အခါ ကြွေလွင့်ရတာ
ပန်းတပွင့်ရဲ့ ဓမ္မတာ။

မှိုင်းရာက ညို့
ညို့ရာက မဲ
မစဲဘဲ ရွာတတ်တာ
မိုးတိမ်တွေ ရဲ့ အလင်္ကာ။

ကြယ်တွေ လင်းလက်
မဟူရာ ကောင်းကင်ထက်မှာ
ဝါနစ်နစ် မျက်ဝန်းနဲ့
ကမ္တာမြေကို ပြုံးရင်းကြည့်နေတတ်တာ
လတစင်း ရဲ့ ကဗျာ။

အိပ်မက်စမ်းချောင်းထဲ
စိတ်ကူးပွင့်ကြွေလေးတွေ မျှောရင်း
သံစဉ်မဲ့တေးတစ
ခပ်ဖွဖွလေးဆိုညည်းနေတတ်တာ
အိမ်လွမ်းသူရဲ့ ဝေဒနာ။

-ထနောင်း
Read more

“ကြောင်ခုန်ချသည့်နေ့”


အဲဒီနေ့က ကိုဘို့အိမ်ကို ကျနော်တို့ လင်မယား အစောဆုံးရောက်သွားသည်။ သိပ်မကြာခင်မှာဘဲ ကျနော်တို့အဖွဲ့မှအဖွဲ့သား နောက်ထပ် နှစ်ယောက်၊ သုံးယောက် ထပ်ရောက်လာသည်။

“ကိုပေါတို့ ရောက်နှင့်တဲ့လူတွေ အရင်စားကြတော့မလား၊ ထမင်းပွဲပြင်လိုက်တော့မယ်”ဟု ကိုဘို့ဇနီး အစ်မက မေးသည်။

နာရီကြည့်လိုက်တော့ ၁၂ နာရီထိုးလုနေပြီ။ ဗိုက်ကလည်း ဆာလှပြီမို့ ကျနော်က......

“ဟုတ်ကဲ့...အစ်မ။ ကောင်းသားဘဲ။ ခဏနေ လူတွေ ထပ်ရောက်လာဦးမှာ ဆိုတော့ နေရာလောက်ငှအောင် ကျနော်တို့ အရင်စားနှင့်ထားလိုက်မယ်”

အမှန်က ထိုအကြောင်းပြချက်နောက်ကွယ်တွင် ကျနော့်မှာ ကျနော်ကိုယ်တိုင်သာ သိသည့် အားနည်းချက် တခု ရှိသည်။

အခြားမဟုတ်။ ကျနော်သည် ကျနော့်ရှေ့တွင် ထမင်းဟင်းနံ့ တလှိုင်လှိုင်ဖြင့် သူများတွေ စားနေသောက်နေကြလျှင် ကျနော်မစားရသေးပါက အင်မတန် သွားရည်တမြားမြား ဖြစ်လာတတ်သည်။ ဒန်ပေါက်၊ ထောပတ်ထမင်း၊ ဆွမ်းမွှေးရွက်နှင့် ချက်ပြုတ်ထားသည့် အနံမွှေးကြိုင်လှသည့် ထမင်းဟင်းလျာများဖြစ်က ပို၍ ဆိုးသည်။ သွားရည်များ ပါးစပ်ထဲတွင် အိုင်ထွန်းလာပြီး လူမသိ၊ သူမသိ အသံမမြည်စေဘဲ တံတွေး ‘တဂွပ်ဂွပ်’ ကျိတ်မြိုရသည်မှာ နေမထိ၊ ထိုင်မသာ အင်မတန် ဒုက္ခများသည်။ ဗိုက်ဆာနေချိန်ဖြစ်ပါက ဗိုက်ထဲကပါ ‘တဂြီဂြီ’ ကျယ်လောင်စွာ မြည်တတ်၏။ သည်အကြောင်းကြောင့်ပင် ဆွမ်းကျွေးအလှူများတွင် ဘုန်းကြီးကို ဆွမ်းဆက်ကပ်ရသည့်အလုပ်ကို မလွှဲရှောင်လွန်းမှသာ လုပ်တတ်သည်။ ထို့ကြောင့် အစ်မက စားနှင့်ဘို့ ပြောလာသည့်ခါ ဟန်ဆောင်ပန်ဆောင်ပင် မငြင်းဆန်နိုင်တော့ဘဲ လျှောလျှောလျှူလျှူ လက်ခံလိုက်ခြင်းဖြစ်သည်။

ထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်တော့ ဟင်းလျာများမှာ စုံလင်လှသည်။ ဟင်းတိုင်းကို ခံတွင်းတွေ့နေသည်။

ကျနော်တို့ ငါးယောက်သား စကားတပြောပြောနှင့် မြိန်ရည်ယှက်ရည် စားသောက်နေစဉ်မှာပင် မင်းသူရိယလည်း ရောက်လာသည်။ ကျနော်တို့ဝိုင်းမှာ နောက်ထပ် တယောက်စာ ထပ်ထိုင်လျှင် ရသေးသည့်အတွက် တခါတည်း ၀င်စားဘို့ ဖိတ်ခေါ်သည်။ သို့သော် ပုဂ္ဂိုလ်က ‘ပဲ များ’ နေသည်။ ထမင်းဝိုင်းနှင့် မလှမ်းမကမ်း မီးဖိုချောင်တံခါးကို မှီရင်း အိမ်မှာ စားလာပြီးဖြစ်၍ မစားလိုကြောင်း ပြန်ပြောသည်။ ပြောသာ ပြောသည်။ သူ့မျက်လုံးများမှာ စားပွဲပေါ်တွင်ရှိသော ဟင်းခွက်များဆီမှ မခွာ။

စားနေကြသည့်အထဲမှ တယောက်က...

“တွေ့လား၊ တွေ့လား.... ပါးစပ်ကသာ မစားချင်ဘူးပြောနေတာ။ မျက်လုံးကတော့ ဟင်းခွက်တွေကို မျက်တောင်မခတ်တမ်း ကြည့်နေတာ။ တော်ပြီ။ တော်ပြီ။ ဘယ်သူမှ နောက်တခါ ထပ်မခေါ်နဲ့တော့။ သေချာပေါက် ၀င်စားလိမ့်မယ်” ဟု လှမ်းနောက်သည်။

ဧည့်ခန်းထဲတွင်လည်း နောက်ထပ် လူငါးယောက်လောက် ထပ်ရောက်လာသည်ကို လှမ်းမြင်နေရသည်။ ထိုအချိန်မှာပင် မင်းသူရိယက....

“အစ်မတို့ နောက်တာနဲ့ ကျနော်လည်း ကြောင်ခုန်ချဇာတ်လမ်းထဲကလို ဖြစ်တော့မှာဘဲ”

“ဘာလဲကွ၊ ကြောင်ခုန်ချဇာတ်လမ်းဆိုတာ” ကျနော်က ၀င်မေးလိုက်သည်။

“တခါတုန်းက လူတယောက်ဟာ စားချိန်သောက်ချိန်မှာ အိမ်တအိမ်ကို အလည်ရောက်သွားသတဲ့။ ဒီတော့ စားလက်စ ထမင်းဝိုင်းက အိမ်ရှင်တွေက သူ့ကို တပါတည်း ထမင်းဝင်စားဘို့ ခေါ်သတဲ့။ အဲဒီမှာ ဒီလူဟာ အင်မတန် ၀င်စားချင်နေပေမယ့်လည်း မစားတော့ပါဘူးဗျာလို့ ငြင်းလိုက်တယ်။”

“နင့်လိုပေါ့”........တယောက်က ၀င်ဖောက်သည်။ မင်းသူရိယ တဟဲဟဲ ရယ်လျက် ဆက်ပြောပြန်သည်။

“ဒုတိယအကြိမ် ထပ်ခေါ်တော့လည်း သူက မစားတော့ပါဘူးဗျာလို့ ငြင်းသေးတာဘဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့.......နောက်တခါ ထပ်ခေါ်ရင်တော့ ၀င်စားပြီကွာ.....လို့ ကြုံးဝါးထားပြီး နောက်တကြိမ်အခေါ်ကို စောင့်နေသတဲ့။”

“သိနေတယ်လေ၊ ငါတို့က အဲဒီအကြောင်းသိလို့ မင်းကို ၀င်စားပါလို့ ထပ်မခေါ်တော့တာ”

ကျနော်က သူ့ကို လှမ်းပြောရင်း ပန်းကန်ထဲမှ ကုန်ခါနီးထမင်းကို စုပြီးစားနေသည်။ ဒီနေ့ ဟင်းရည်ကလည်း သောက်လို့တော်တော်ကောင်းသည်။ အစ်မ၏ အထူးလက်ရာ အမဲသားစပ်ကြော်ကလည်း တော်တော်ကောင်းသည်။

မင်းသူရိယကတော့ သူ့ထုံးစံအတိုင်း ဘယ်လောက်စစ စိတ်မဆိုး။ သူကလည်း လူတိုင်းကို စတတ်နောက်တတ်သူ။ လူစုမိပြီဆိုတိုင်း ရယ်စရာမောစရာလည်း ပြောနေကျ၊ ဒီကောင့်ကို လူချစ်လူခင်များသည်။ အခုလည်းကြည့်။ မျက်နှာက ပြုံးဖြဲဖြဲနဲ့ ဟင်းခွက်တွေကို မျက်လုံးက မခွာတမ်းကြည့်ရင်း သူ့ပြောလက်စ ဇာတ်လမ်းကို ဆက်သည်။

“အဲဒီလို ကြုံးဝါးထားပြီး သူဟာ နောက်တကြိမ် ထမင်းစားအခေါ်ကို စောင့်နေသတဲ့။ အဲဒီအချိန်မှာ ဖြစ်ချင်တော့ ဘီဒိုပေါ်မှာ ထိုင်နေတဲ့ကြောင်က သူ့ဘေး ကြမ်းပြင်ပေါ်ကို ဘုတ်ကနဲ ခုန်ချလိုက်သတဲ့။ အဲဒီမှာတင် ဒီလူ့ပါးစပ်က ယောင်ပြီးတော့....ဒါဆိုရင်လဲ စားရတာပေါ့ဗျာ....လို့ လွှတ်ကနဲ ပြောလိုက်မိတော့သတဲ့”

သူ့ဟာသကို တ၀ိုင်းလုံး ပွဲကျသွားကြသည်။

“ကိုမင်းသူရိယ၊ ဒီအိမ်မှာတော့ ကြောင်မရှိဘူးနော်” တယောက်တပေါက် စကြနောက်ကြသည့် အသံတွေ၊ ရယ်သံတွေ ကျွက်ကျွက်ညံသွားသည်။ ထိုအချိန်မှာပင် အစ်မက ထမင်းဝိုင်းကို လာကြည့်ရင်း...

“သြော်...ကိုပေါ၊ ထမင်းတောင်ကုန်နေမှကိုး။ နေဦး လိုက်ပွဲထမင်းယူလာပေးမယ်”

“ကျေးဇူးဘဲအစ်မ။ ကျနော် နည်းနည်းလောက် ထပ်ယူဦးမယ်”

စောစောက ရယ်သံတွေ ကြားထဲတွင် ကျနော်နှင့် အစ်မ အပြန်အလှန်ပြောစကားမှာ တိုးတိမ်နေသည်။ ထမင်းဝိုင်းမှ လူတွေက လွဲ၍ မင်းသူရိယ ကြားလိုက်ပုံမရ။ အစ်မပြန်လာသည့်အခါတွင်တော့ လက်ထဲတွင် ကျနော့်အတွက် လိုက်ပွဲ ထမင်းတပန်းကန် အပြည့်နှင့်။

အစ်မ ထမင်းပန်းကန် သယ်လာသည်ကို မင်းသူရိယမြင်သည့်အခါ သူ့အတွက် သယ်လာသည် ထင်မှတ်ကာ ထမင်းဝိုင်းဘက်ကို ကပျာကယာ လျှောက်လာရင်း အစ်မကို...

“အစ်မ၊ ထမင်းတွေ အရမ်းများတယ်၊ နည်းနည်း လျှော့လိုက်ဦး။ ကျနော် အဲဒီလောက်မကုန်ဘူး” .....တဲ့။

အဲဒီမှာတင် ထမင်းဝိုင်းတခုလုံး ရယ်သံတွေနဲ့ တအုန်းအုန်း ဆူညံသွားပြန်သည်။

“ဟာ၊ အခုမှ ကြောင်တကယ် ခုန်ချပဟေ့။ ကြောင်ခုန်ချပဟ”

ရယ်ရလွန်း၍ ထမင်းသီးသူသီး ဖြစ်ကုန်သည်။ မင်းသူရိယကတော့ ထုံးစံအတိုင်း သူ၏ ပြုံးဖြဲဖြဲမျက်နှာပေးနှင့်ပင် မထူးဇာတ်ခင်းကာ ထမင်းဝိုင်းရှိ လွတ်နေသော ထိုင်ခုံတွင် ၀င်ထိုင်လေတော့သည်။

သည့်နောက်ပိုင်းတော့ တလလောက်အထိ ကျနော်တို့ အုပ်စု ဆုံမိတိုင်း မင်းသူရိယကို “ကြောင်ခုန်ချ”ဟု ခေါ်ပြီး နောက်ပြောင်ကြတာကို မှတ်မိနေသေးသည်။
Read more

“သူ့လက်အောက်က တိုင်းပြည်”

ဒီ ဗီဒီယိုလေးမှာ စင်္ကာပူအကြောင်းကို အများသတိမထားမိတဲ့ ရှုထောင့်က ပြောပြနေပုံဟာ စိတ်ဝင်စားစရာ..........။

ကျနော်တို့ မြန်မာနိုင်ငံကို ပြန်လည် ထူထောင်တဲ့အခါမှာလည်း သတိပြုဘွယ်အချက်ကလေးတွေကို ဒီ ဗီဒီယိုလေးက ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ၃ပုံ ၂ ပုံလောက် အရောက်မှာ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပြောထားတာလည်း ပါပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားသူတိုင်း အေးအေးဆေးဆေး လေ့လာကြည့်ရှုသင့်တဲ့ Documentary တခုပါဘဲ။


One Nation Under Lee (complete video)
Read more

“ငါဘယ်သူလဲ”



“ဟဲလို”

ဖုန်းကို ကိုင်လိုက်တော့ တဖက်က ယောက်ျားသံတသံထွက်လာသည်။

“ကိုပေါလား”

“ဟုတ်ပါတယ်။”

“ဟေ့ကောင်….ကိုပေါ၊ ငါဘယ်သူလဲ မင်းသိရဲ့လား၊ ငါ့အသံကို မှတ်မိလား”

ကျနော် သူ့အသံကို မမှတ်မိပါ။ ပြောပုံဆိုပုံကတော့ တရင်းတနှီး ရှိလှသည်။ ထို့ကြောင့် တယ်လီဖုန်းထဲတွင် ကြားရသော အသံနှင့် အနီးစပ်ဆုံး အသံတူသည့် သူငယ်ချင်းတယောက်အမည်ကို ရမ်းတုပ်လိုက်သည်။

“ကျော်ခိုင်လား”

ထိုအခါ တဖက်က လူသည် ခွက်ထိုးခွက်လန်ရယ်လိုက်ပြီး…“မဟုတ်သေးဘူးကွ၊ စဉ်းစားဦး”

“စိုးပိုင်လား”

“ဒါလဲမဟုတ်သေးဘူး။ စဉ်းစားဦးကွာ”

“ကိုစိုးလွင်လား”

“ဟားဟား…မဟုတ်သေးဘူးကွ။ မင်းကို hint ပေးလိုက်မယ်……မင်းနဲ့ အထက်တန်းတုန်းက အတူတူ တတန်းတည်း တက်ခဲ့တာ”

ဗုဒ္ဓေါ။ အထက်တန်းကတည်းက တတန်းတည်းသူငယ်ချင်းတွေက အများကြီး။ စက်မှုတက္ကသိုလ်မှာ အတူတက်တာကိုက ၁၃ ယောက်ရှိသည်။ တခြားကျောင်းတွေမှာ ရောက်သွားတဲ့ကောင်တွေပါ ထည့်တွက်ရင် နည်းတာမဟုတ်။ သေချာတာတခုကတော့ ဒီကောင်က ကိုယ်နဲ့ ရွယ်တူသူငယ်ချင်းတယောက်။

နောက်ထပ် နာမည် တခုပြောပြတော့ ထပ်ပြီး ရယ်ပြန်သည်။ နည်းနည်းတော့ ကျွဲမြီးတိုလာပြီ။ စိတ်က သိပ်မရှည်တော့။

“ဟိတ်ကောင်…နှမပေး၊ ဘယ်သူဘဲဖြစ်ဖြစ်။ ပဟေဠိ လာလုပ်မနေနဲ့။ အထက်တန်းကတည်းကဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် ရှိတော့မယ်ဟ။ မင့်ဂျီးတော်ကြီးတဲ့မှဘဲ.....။ တယ်လီဖုန်းထဲက အသံကို ဘယ်လိုလုပ် မှတ်မိပါ့မလဲ...။”

ထိုသို့ ပြောတာတောင်မှ…မရပ်သေးဘဲ…

“နေဦးကွ။ မင်း XXX ကို မှတ်မိတယ်မို့လား။ သူနဲ့ တွဲပြီး စဉ်းစားလိုက်”

နှစ်ယောက်လုံးသိသည့် နာမည်တခုကို ရွတ်ပြလိုက်တော့မှ ဒင်းဘယ်သူမှန်း မှတ်မိတော့သည်။ တခွန်းလောက်တော့ ဆဲပေးလိုက်ရသည်။ ဘယ့်နှယ်…..မတွေ့တာဘဲ ၁၂ နှစ် ရှိတော့မည်။ လာပြီး ဦးနှောက်စားရကောင်းလားရယ်လို့။

ကျနော်တို့ မြန်မာတွေမှာ အဲသည်လို တယ်လီဖုန်းပေါ်ကတဆင့် “ငါဘယ်သူလဲ၊ သိလား”ဟု ပဟေဠိဖွက်ရတာကို တော်တော် ၀ါသနာပါကြပုံရသည်။

ယခုဖော်ပြခဲ့သော သူငယ်ချင်းက တော်သေးသည်။ သည့်ထက် ပိုဆိုးသည့် အဖြစ်မျိုးလည်း ကြုံရဘူးသေးသည်။

မကြာသေးမီက မြန်မာပြည်က အမေတို့ဆီကို Oversea call ခေါ်တော့ တဖက်မှာ အမျိုးသမီးတယောက် ဖုန်း လာကိုင်သည်။

ကျနော့်နာမည်ကို ပြောပြရင်း အမေနဲ့ ပြောချင်သည်ဟု တောင်းလိုက်တော့… အမေ့ကို ခေါ်မပေးသေးဘဲ….

“ဟဲ့…ငါဘယ်သူလဲသိလား။ ငါ့အသံကို နင်မှတ်မိလား”…..တဲ့။

လာပြန်ချေပြီ..တခါ။ ထုံးစံအတိုင်း ကိုယ်ထင်သည့် နာမည် ၂ ခု ၃ ခုလောက် လွဲမှားပြောပြီးသည့်နောက် မတတ်သာသည့်အဆုံး မမှတ်မိတဲ့အကြောင်း ရိုးသားစွာ ၀န်ခံလိုက်မှ…

“ငါ….ငါ မသွယ် လေဟာ။ နင်ကလည်း ငါ့အသံကိုတောင် မမှတ်မိဘူးလား”

အံမယ်လေး….အရေးထဲ သူမအသံမှာ ၀မ်းနည်းပက်လက်။ ကျနော် မမှတ်မိရကောင်းလားဆိုပြီး ၀မ်းနည်းနေပုံရသည်။ သူမက ကျနော့် ငယ်ငယ်တုန်းက အိမ်နီးချင်း။ မူလတန်းကျောင်းသားဘ၀၊ ညနေကျောင်းဆင်းချိန်တိုင်း ကျောင်းဝန်းတခုထဲရှိ ဘုန်းတော်ကြီးကျောင်းအတွက် ကျနော်တို့ ကျောင်းသားလေးများက နောက်ချန်နေရစ်ကာ ရေတွင်းမှ ရေကို ငင်၍ ကျောင်းရှိ ရေတိုင်ကီ၊ အုတ်ကန် အားလုံးကို ရေဆွဲ၊ ရေဖြည့်လုပ်ပေးရသည်။ သည်အချိန်တုန်းက မသွယ်တို့ ညီအမတတွေက ကျနော့် လွယ်အိတ်နှင့် ထမင်းဘူးကို သယ်သွားပေးနှင့်ပြီး အိမ်မှာ ၀င်ထားပေးနေကျ။ သူမက အလယ်တန်းအဆင့်မှာတင် ကျောင်းထွက်ပြီး ရွာမှာဘဲ ကျန်ရစ်ခဲ့သူ။ အမေတို့ကတော့ မြို့ပေါ်ကို ပြောင်းရွှေ့လာခဲ့သည်မှာ ကြာပြီ။ သူမသည် မြို့နယ်ဆေးရုံတွင် တက်ရောက်မီးဖွားမည်ဖြစ်သဖြင့် မီးမဖွားမီ မြို့ပေါ်ရှိ ကျနော့်မိဘများအိမ်တွင် ခေတ္တလာရောက်တည်းခိုခြင်း။

“ဟဲ့… မမှတ်မိဆို နှစ်တွေကြာပြီကိုးဟ။ မတွေ့တာ အနှစ် ၂၀ ကျော်ရော့မယ်။ ငါဘယ်လိုလုပ် မှတ်မိနိုင်ပါတော့မလဲဟာ” ဟုသာ ပြောလိုက်ရသည်။

တနေ့ကလည်း ရုံးကအပြန် လမ်းလျှောက်လာစဉ် လမ်းတွင် မြန်မာတယောက် (လက်ကိုင်ဖုန်းဖြင့်) ဖုန်းပြောနေသံကို ဤသို့ ကြားခဲ့ရသည်။ တဖက်က ပြန်ပြောသံကို ကြားရရန် မဖြစ်နိုင်၍ အစက်ကလေးများဖြင့်သာ ဖော်ပြလိုက်ပါသည်။ ကိုယ့်ဘာသာ မှန်းဆကြည့်ကြပါကုန်။

“ဟဲလို၊ ကိုဦးလား၊ ကျနော် အခု စင်္ကာပူက ဆက်နေတာလေ၊ နေကောင်းလား”

“……………………………………”

“အံမယ်၊ အံမယ်၊ အံမယ်၊ ဘယ်သူထင်လို့လဲ”

“………………………………..”

“ဘာ…လဲ။ ဘာ…လဲ။ ဘာ…..လဲ” (“ဘာ” ကို အသံမြှင့်ပြီး ရှည်ရှည်ဆွဲဖတ်ရန်)

“…………………………………”

“အွန်း….အွန်း….အွန်း…….ပြောစမ်းပါဦး၊ ပြောစမ်းပါဦး”

“……………………………..”

“အင်း...လုပ်တယ်.....လုပ်တယ်....လုပ်ချလိုက်ပြန်ပြီနော်”

“................................”

“ဟာ….ကိုဦး နောက်နေတာလား။ တကယ်။…….. ကျနော်ဘယ်သူမှန်း ကိုဦး တကယ်မသိဘူးလား။”

“………………………………”

“ဟာ…….ကျနော့်အသံကို မမှတ်မိဘူးလား။ စဉ်းစားပါဦး”

“……………………………..”

“မဟုတ်သေးဘူးဗျ။ စဉ်းစားဦး။ စဉ်းစားဦး”

“...............................”

ကျနော်သည် ခပ်သုတ်သုတ်လျှောက်ရင်း သူ့ကို ကျော်တက်လာခဲ့သည်။ သူဖုန်းပြောသံသည် ကျနော့်နောက်တွင် တဖြည်းဖြည်း ဝေးလံ တိုးတိမ်၍ ကျန်ရစ်ခဲ့သည်။ တဖက်က ဖုန်းပြောနေသည့် ကိုဦး ဆိုသူ၏ကိုယ်စား ကျနော်က ရင်မောနေမိခဲ့သည်။ သြော်…..ပဟေဠိ၊ ပဟေဠိ။

ကျနော်ဖုန်းခေါ်ဆိုသည့်အခါ တဖက်မှ “ဟဲလို၊ ပြော…ကိုပေါ” ဟူသော စကားမျိုးဖြင့် ဘယ်သူဘယ်ဝါ ခေါ်ဆိုသည်ကို သိရှိကြောင်း မပြခဲ့လျှင်…“ကျနော်ကိုပေါ…ပါ” ဟု အရင်ဦးဆုံး ပြောပြလေ့ရှိသည်။ ယခုခေတ် တယ်လီဖုန်းများတွင် ခေါ်ဆိုသူနံပါတ် ပေါ်သည်ဖြစ်သော်လည်း ရံဖန်ရံခါ ကမန်းကတန်းကိုင်လိုက်ရသည့်အခါမျိုး၊ အမှုမဲ့ အမှတ်မဲ့ ကိုင်လိုက်မိသည့် အခါမျိုးများလည်း ရှိတတ်သည်။ ထိုအခါ မိမိဘယ်သူဘယ်ဝါ ထုတ်ပြောလိုက်ခြင်းဖြင့် တဖက်လူအတွက် ဦးနှောက်ခြောက်သက်သာစေပြီး မလိုအပ်ဘဲ ရှုပ်ထွေးခြင်းကို ရှောင်ရှားနိုင်ပေသည်။

တယ်လီဖုန်းထဲမှ အသံအရည်အသွေးသည် အပြင်မှာပြောသောအသံအရည်အသွေးနှင့် တူညီသည်မဟုတ်။ ယခင်ကဆိုလျှင် ကွန်ပြူတာများတွင် အသံဖမ်းရာ၌ အသံအရည်အသွေးကို စီဒီအရည်အသွေး၊ ရေဒီယိုအရည်အသွေး၊ တယ်လီဖုန်းအရည်အသွေးဟု သုံးမျိုးသုံးစား ခွဲခြားထားရာ တယ်လီဖုန်းအရည်အသွေးမှာ အနိမ့်ဆုံးအမျိုးအစားဖြစ်သည်။ ထို့ကြောင့် ကြိမ်ဖန်များစွာ ထိတွေ့နေကျ လူမဟုတ်လျှင် တယ်လီဖုန်းပေါ်မှ အသံတဆင့် လူကို ရုတ်တရက် မှတ်မိဘို့မလွယ်။ ထို့ကြောင့် တယ်လီဖုန်းပေါ်မှတဆင့် “ငါဘယ်သူလဲ၊ မှတ်မိလား” မေးခြင်းသည် တဖက်လူကို မရည်ရွယ်သော်ငြား ဂျောက်ချရာ ရောက်ပေသည်။ တဖက်လူမှာ အလုပ်ရှုပ်၊ စိတ်ရှုပ်နေစဉ်ဖြစ်ပါက ဤပဟေဠိသည် ပို၍ပင် ဒုက္ခပေးရာရောက်စေသည်။

သို့သော် လူတိုင်းသည် ကိုယ်လိုတော့မဟုတ်။ ကျနော်တို့ လူမျိုးသည် ပဟေဠိဖွက်ရခြင်းကို ၀ါသနာထုံဟန် ရှိလေသည်။ တခုတော့ရှိသည်။ သူများတွေမှာ ကျနော့်လောက် စိတ်အနှောက်အယှက်ဖြစ်ချင်မှလည်း ဖြစ်မည်။ ကျနော်ကသာ ဆတ်ဆတ်ထိမခံ အကဲဆတ်နေခြင်း ဖြစ်ကောင်းဖြစ်မည်။

မည်သို့ပင်ဖြစ်စေ....နောင်တွင် ကျနော့်အား ထိုပဟေဠိကို ဖွက်လာပါက မိန်းကလေးဆိုလျှင် “အိန္ဒြာကျော်ဇင်လားဟင်” ဟူ၍လည်းကောင်း၊ ယောက်ျားလေးဆိုပါက “မျိုးကြီးလားဟေ့၊ ဘာကိစ္စရှိလဲကွ” ဟူ၍လည်းကောင်း ဖြေကြားလိုက်မည် စိတ်ကူးထားပါသည်။

ဘလော့ဂ်ဖတ်လာမိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ပဟေဠိဖွက်ခြင်း၊ ဂျောက်တွန်းခြင်း ကင်းရှင်းကြပါစေ။
Read more

“လှေကလေးကို လှော်မည်”




ပြဿနာက ကျနော့်မှာ လှေလှော်ချင်တဲ့ ဆန္ဒ သိပ်ပြင်းပြနေတဲ့ကိစ္စ။

လှေလှော်ချင်တာဘဲ ဘာပြဿနာရှိလို့လဲ မေးချင်ကြမယ်။ Water sports တွေ ရှိတဲ့ နေရာတွေမှာ သွားပြီး ပိုက်ဆံအတန်အသင့်အကုန်အကျခံလိုက်ရင် လှေငှား၊ လှေလှော်လို့ရတာဘဲဟာ။ ဒီတော့ အသေးအဖွဲကို လာပြီး ဇာချဲ့မနေစမ်းပါနဲ့လို့ ဆိုကြမယ်။

ဒါပေမယ့် ကျနော်လှေလှော်ချင်တာက ရေကန်ထဲမှာ အပျင်းပြေ ခဏတဖြုတ်လှော်ချင်တာမဟုတ်။ ဧရာဝတီမြစ်ထဲက တံတားမရှိတဲ့နေရာ (ဥပမာ ရေနံချောင်း၊ ညောင်လှနဲ့ တဖက်ကမ်းက ငါးခြောက်ကျွန်း၊ နန်းတော်ကျွန်း၊ လေးအိမ် စတဲ့ မြို့ရွာတွေ)မှာ တဖက်နဲ့တဖက် လှေပို့စားတာမျိုးကို လုပ်ချင်နေတာ။

အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့နဲ့ ကျောင်းပြီးခဲ့ပြီး စင်္ကာပူမှာ အလုပ်အကိုင်နဲ့ မိသားစုနဲ့ အခြေတကျ ဖြစ်နေသူတဦးက အသက် ၄၀ ပြည့်ဖို့ ၃ နှစ်လောက် လိုတဲ့အခါကျမှ လှေ့ပို့စားချင်တယ် ဖြစ်လာတော့ ကြားရသူအပေါင်းက “ဟာ....ဒီကောင်၊ ဒီအရွယ်ကြီးရောက်ကာမှ ဘာကြောင်တာလဲ” လို့ ပြောပြီး ဟားမှာသေချာတယ်။ ဒါပေမယ့် ကျနော်က ဒီအကြောင်းကို အဲသည်ဟားမယ့်လူတွေရှေ့မှာတော့ ဘယ်ပြောပါ့မလဲ။ ကိုယ့်ခံစားမှုကို နားလည်ပေးနိုင်မယ့် လူအနည်းငယ်လောက်ရှေ့မှာသာ ရင်ဖွင့်ဖြစ်တာပေါ့။ အဲဒီလို နားလည်ပေးနိုင်တဲ့ လူကလည်း တကယ်တမ်း ရေတွက်ကြည့်ရင် လက်ငါးချောင်းမပြည့်ပါဘူး။

အဲဒီလှေလှော်ချင်တဲ့ ရောဂါ ကျနော့်စိတ်ထဲမှာ ပေါ်လာတာ မကြာသေးဘူး။ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကမှ စပြီး ပေါ်လာတဲ့ရောဂါ။ ဒီ့အရင်က ဒါမျိုးစိတ်ထဲမှာ ဘယ်တောင့်တခဲ့မလဲ။ သူသူငါငါ တောင့်တသလိုဘဲ စင်္ကာပူမှာ ဖွင့်တဲ့ “တိုတို” သန်းဆုကြီးပေါက်ပြီး အလုပ်မလုပ်ဘဲ ကမ္ဘာတပတ် လျှောက်သွားဘို့ဘဲ စိတ်ကူးယဉ်ခဲ့တာပေါ့။ ဒါပေမယ့် ၉ နှစ်လုံးလုံး မလျှော့သော ဇွဲလုံ့လနဲ့ ထီမပြတ်ထိုးခဲ့ပေမယ့် သိန်းထီဝေးလို့ ရာဂဏန်းဆုတောင် တခါမှ မချိတ်ခဲ့ဘူးလေ။

အခုတော့....အဲဒီလှေလှော်ချင်တဲ့ ရောဂါက နည်းနည်း ပိုသည်းလာပြီ။ ရံဖန်ရံခါ အားလပ်ချိန်လောက်မှာသာ လှေပို့ဖို့ကိစ္စကို စိတ်ကူးမိတာမဟုတ်။ အလုပ်လုပ်ရင်းလည်း အဲဒီအကြောင်းက ခေါင်းထဲရောက်ရောက်လာတယ်။ အိပ်မက်တွေထဲမှာလည်း လှေလှော်တဲ့ အိပ်မက်တွေချည်းဘဲ မက်နေတော့တာကိုး။

ဒီရောဂါ ပေါ်လာတာ ကျနော့် ကလေးဘ၀တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့လည်း နည်းနည်းတော့ ပတ်သက်မယ်ထင်တယ်။

ကျနော် မူလတန်းစမတက်မီ ၄နှစ် ၅နှစ် အရွယ်လောက်အထိ ကျနော့်ဘာသာ အိမ်မှာ တယောက်တည်းဆော့ကစားတဲ့ ကစားနည်းက နှစ်မျိုးဘဲ ရှိတယ်။

ပထမတမျိုးက အစ်မတွေရဲ့ သနပ်ခါးခဲထည့်တဲ့ လေးထောင့် သစ်သားသေတ္တာငယ်လေးကို သနပ်ခါးခဲတွေထုတ်၊ လှေလိုဖြစ်အောင် တုတ်တိုင်၊ အထည်ညှပ်စတွေနဲ့ ပြုလုပ်ထားတဲ့ ရွက်ကိုဖွင့်။ ပြီးတော့ လှေစီးခရီးသည်တွေနေရာမှာ ကျနော့်မိဘတွေဝယ်ပေးထားတဲ့ သေနတ်နဲ့ ပစ်ကစားစရာ ပလစ်စတစ်ဘူးအဖြူကလေးတွေ (အခု စင်္ကာပူမှာ ဘိုးလင်းပစ်တဲ့အခါ ထောင်တဲ့ တိုင်ဖြူဖြူမျိုးလေးတွေပေါ့) ကို သေတ္တာထဲမှာ အစီအရီအကျအနတင်၊ ကျနော်က နောက်ကပဲ့ကိုင်သဘောမျိုးနဲ့ သေတ္တာလေးကို ဖျာပေါ်မှာ ဟိုသည် တွန်းရွှေ့ရင်း ကစားတတ်တာဘဲကလား။ ကျနော်ကစားတာကို လာကြည့်ရင် ကြည့်တဲ့လူတောင်ပျင်းမလားဘဲ။ ဒါပေမယ့် နေ့ရှိသ၍ အဲဒီ ကစားနည်းကိုဘဲ တယောက်တည်း မပျင်းမရိ ကစားတယ်။

ဒုတိယ ကစားနည်းကလည်း လှေနဲ့ဘဲ ပတ်သက်တာဘဲ။ ကျနော့်အကြိုက်ကို အဖေက ရိပ်မိလို့လားမသိဘူး။ ကျနော့်ကို ပေါ့ပါးတဲ့ ကုက္ကိုသား၊ လက်ပံသား တွေနဲ့ ကစားစရာ လှေကလေးတွေ နှစ်စဉ်ထွင်းပေးတယ်။ အဖေ့လှေကလေးတွေက တကယ်ကို အနုပညာလက်ရာမြောက်တာ။ ကျနော်တို့ အညာဒေသမှာ ရှိတဲ့ လှေဦးပိုင်းက ခေါင်းမုလို လိပ်နေတဲ့ ဦးတုံးတုံးလှေပုံစံတွေနဲ့ မတူဘူး။ ရွှေစိုးဟန်ရဲ့ ပန်းချီတွေထဲမှာ တွေ့ရတတ်တဲ့ လှေပုံစံလေးတွေနဲ့တူတယ်။ ဦးက ရှည်ရှည်မျောမျောနဲ့။ ဧရာကလည်း ကျနော်ကြီးလာတော့ ကြည့်ရတဲ့ ရောမဒဏ္ဍာရီထဲက လှေရဲ့ ဧရာလိုဘဲ။ လှေကလေးက ပြားပြားလေးတွေ။ ရွက်တိုင်စိုက်ဘို့ အပေါက်ကလေးလဲ လွန်နဲ့ ဖောက်ပေးထားတယ်။ လှေနောက်မြီးမှာ ပဲ့တက် စိုက်ဘို့ စူးနဲ့အပေါက်ကလေးဖောက်ထားပြီး အဲဒီအပေါက်မှာ ၀ါးကို စိတ်ရှည်လက်ရှည် တက်မပုံစံရအောင် အချောသတ်ပုံကိုင်ပြီး တက်မကလေး တပ်ပေးတယ်။ အဲဒီတက်မ စောင်းနေရင် လှေက ဖြောင့်ဖြောင့်မသွားဘူး။

ရာသီဥတုသာယာပြီး လှေညှင်းလေးတွေ တိုက်ခတ်နေတဲ့ ညနေခင်းတွေမှာ ကျနော်တို့အိမ်နဲ့ မနီးမဝေး ရွာထိပ်မှာရှိတဲ့ ရေကန်ထဲမှာ လှေကလေးကို ရွက်ဖွင့်လို့ ကန်တဖက်ကမ်းကနေ ရေထဲကို လွှတ်လိုက်။ ပြီးရင် ကန်ဘောင်ကနေ ပတ်ပြေးပြီး နောက်တဖက်ကနေ ဆီးကြိုဖမ်း။ အင်မတန် ပျော်စရာကောင်းတယ်။

ကျနော် ကျောင်းနေတဲ့အရွယ်။ နည်းနည်းကြီးလာတော့ မုန်းချောင်းထဲမှာ ပထမဦးဆုံးအကြိမ်လှေလှော်ခွင့်ရတယ်။ အဲဒီနေ့က မုန်းချောင်းထဲမှာ လှေပို့တဲ့ ဦးမောင်က လှေဆိပ်မှာ ရှိမနေဘူး။ လှေကို ၀ါးတိုင်မှာ ကြိုးချည်ထားတယ်။ ကျနော်က ၀ါးဖောင်စွန်းမှာ ရေချိုးနေတုန်း တဖက်ကမ်းကနေ ကျနော်တို့ အိမ်နီးချင်း မတင်တင်ဝင်းက လှမ်းအော်တယ်။ လှေလာကြိုဘို့။ ကျနော်က လှေမလှော်တတ်ဘူးလို့ ပြန်အော်တော့ သူက ...“ဘာမှမခက်ဘူး၊ ငါသင်ပေးမယ်။ လှေပေါ်သာတက်”...တဲ့။

အဲဒါနဲ့ လှေကို ကြိုးဖြုတ်လိုက်တော့ ရေစီးမှာ မျောပြီး ကမ်းက ကွာလာတယ်။ မတင်တင်ဝင်းက လှော်လှော် လို့ အော်တော့ ကျနော်က တက်နဲ့ ညာဘက်မှာ အားစိုက်ပြီးခပ်တယ်။ လှေက မျောရာက ရပ်ပြီး ရှေ့ကို ရွေ့လာတယ်။ ဒါပေမယ့် ဘယ်ဘက်ကို ကွေ့သွားတယ်။ မတင်တင်ဝင်းက ဘယ်ဘက်ကို ပြောင်းလှော်ဘို့ အော်ပြန်တယ်။ ဘယ်ဘက်မှာ ပြောင်းလှော်တော့ လှေက မတ်သွားတယ်။ ဒါပေမယ့် မကြာခင်မှာဘဲ ညာဘက်ကို ဦးလှည့်သွားပြန်တယ်။ ဒီလိုနဲ့ ဘယ်ဘက်နဲ့ ညာဘက် တဖက်ချင်းပြောင်းလှော်လိုက်တာ နောက်ဆုံးတော့ တဖက်ကမ်းကို ရောက်သွားတော့တယ်။ နောက်တော့ သိပ်မကြာပါဘူး။ ဘက်ပြောင်းစရာမလိုဘဲ တဖက်တည်းကနေ တည့်တည့်သွားအောင် လှော်တတ်သွားတယ်။

ဦးမောင်ရဲ့သား အောင်စိုးကျော်နဲ့ ကျနော်က ကျောင်းနေဖက်ဆိုတော့ မုန်းချောင်းကမ်းနဖူး တဲထဲက သူ့အဖေဆီ သူလာနေတဲ့အခါမျိုး၊ ကျနော်ကလည်း မုန်းချောင်းမှာ ရေလာချိုးတဲ့အခါမျိုးဆို နှစ်ယောက်သား တက်တယောက်တချောင်းနဲ့ မုန်းချောင်းကို အစုန်အဆန်လှော်ခဲ့ကြဘူးတယ်။ အင်မတန်ပျော်စရာကောင်းတဲ့ဘ၀။

မုန်းချောင်းရေဟာ နွေရာသီမှာဆိုရင် ကြည်လင်အေးမြပြီး ရေတိမ်တဲ့နေရာတွေမှာ အောက်ကသဲပြင်တွေ ကျောက်စရစ်ခဲတွေကို မြင်ရတယ်။ မုန်းချောင်းတဖက် မြေနုကျွန်းကိုင်းပြင်တွေပေါ်က ဖြတ်ပြီး မုန်းချောင်းရဲ့ ရေပြင်ကို ဖြတ်တိုက်လာတဲ့လေဟာ လတ်ဆတ်ပြီး အေးမြလှတယ်။ ကမ်းပါးယံမှာ တွင်းကလေးတွေတူးပြီး အသိုက်ဆောက်နေတတ်တဲ့ ပျံလွှားငှက်တွေဟာ ကောင်းကင်မှာ ပျံဝဲလို့။ တခါတခါ ရေပြင်ကို ရှပ်ပျံလိုက်သေးတယ်။

ဧရာဝတီမြစ်ကတော့ ခရီးသွားတဲ့အခါ၊ မြစ်ရိုးတလျှောက်မြို့တွေမှာနေတဲ့ အစ်မတွေဆီ သွားလည်တဲ့အခါတွေမှာဘဲ ထိတွေ့ရတာပေါ့။

ဒီလိုနဲ့ ၉ တန်း၊ ဆယ်တန်း နဲ့ တက္ကသိုလ်တလျှောက်လုံးရော၊ ဘွဲ့ရပြီးတော့ နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်တဲ့အချိန်တွေမှာရော ကျနော်ဟာ မုန်းချောင်းနဲ့ရော ဧရာဝတီမြစ်နဲ့ပါ ဝေးကွာခဲ့ရတော့တယ်။ (မှတ်မှတ်ရရ လွန်ခဲ့တဲ့ ရှစ်နှစ် လက်ထပ်ပြီးကာစအချိန်ကတော့ မုန်းချောင်းကို အမှတ်တရ ဇနီးနဲ့အတူ သွားလည်ဖြစ်တယ်။ မုန်းချောင်းဟာ အရင်အတိုင်း လှပဆဲဘဲ။)

ဘယ်လိုဘဲ နှစ်ရှည်လများ ဝေးကွာခဲ့တယ်ဆိုပေမယ့် မုန်းချောင်းနဲ့ ဧရာဝတီမြစ်ထဲက ရေစီးသံ၊ လှိုင်းပုတ်သံ၊ ရေပွက်သံ၊ လှိုင်းကြက်ခွပ်သံ သဲ့သဲ့ကို ကျနော့်ရဲ့ နားထဲမှာ အခုတိုင် ကြားယောင်နေဆဲ။ မြစ်ပြင်ချောင်းပြင်ကို ဖြတ်တိုက်လာတဲ့ လေနုအေးဟာ ကျနော့် အိပ်မက်တွေထဲအထိ လတ်ဆတ်နေဆဲ။

ဘလော့ဂ်လာလည်တဲ့ စာဖတ်သူတဦးရဲ့ ကူညီမှုကြောင့် အခုဆိုရင် ကျနော်ဟာ ယမုံနာ သီချင်းကို ဧရာဝတီ အလွမ်းပြေ နားထောင်ခွင့်ရပါတယ်။ အလွမ်းပြေနားထောင်ရင်း ပိုလွမ်းရတယ်။

Gone With The Wind ဇာတ်ကားကိုကြည့်စဉ်က အဓိကဇာတ်ကောင်ဖြစ်တဲ့ Scarlett O'Hara ဟာ သူမချစ်တဲ့ အိမ်နဲ့ လယ်တော (Tara) ကို ဘာကြောင့်ဒီလောက်တောင် ပြန်သွားချင်ရသလဲဆိုတဲ့ အကြောင်းကို အခုတော့ ကျနော်လည်း ကောင်းကောင်းနားလည်ခဲ့ပြီ။
အခုနေ ပြန်သွားပြီး လှေတစီးထောင်ပြီး အေးအေးဆေးဆေး နေနိုင်မယ်ဆိုရင် လှေသမားဘ၀မှာ နေလိုက်ချင်ရဲ့။ ဒါပေမယ့် လက်ရှိအနေအထားက လှေသမားတောင် အေးအေးလူလူ မနေနိုင်တဲ့ဘ၀။ မနှစ်က ပွင့်ဖြူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညိုတို့ ရေနံချောင်းကို အစည်းအဝေးသွားမယ်လုပ်တော့ လှေသမားတွေအားလုံးကို သူတို့အဖွဲ့အတွက် လှေငှားမလိုက်ရဘူးလို့ အာဏာပိုင်တွေက အမိန့်ထုတ်တယ်။ သံကိုင်းအနီး ရွာတရွာမှာနေတဲ့ မိန်းမသားသုံးယောက်ဘဲရှိတဲ့ အိမ်က မသိလို့ လှေပို့လိုက်မိတာကို အရေးယူခံလိုက်ရတယ်ဆိုတဲ့သတင်း ကြားလိုက်ကြမယ်ထင်ပါရဲ့။ ဒီတော့ လောလောဆယ်အခြေအနေက ကိုယ့်တိုင်းပြည်ထဲမှာကိုယ် လှေတောင် လွတ်လွတ်လပ်လပ် မလှော်ရတဲ့ အနေအထား။
တကယ်တော့ ကျနော်ဟာ ဧရာဝတီရဲ့ သားတယောက်။ အကြောင်းကြောင်းကြောင့် ဧရာဝတီနဲ့ ဝေးကွာခဲ့ရလည်း တချိန်မှာ ကျနော်ချစ်တဲ့ ဧရာဝတီရဲ့ ရင်ခွင်မှာ ပြန်လည်ခိုလှုံခွင့်ရပေဦးမပေါ့။ ဟိုးအနောက်ဖက် ရိုးမတောင်တန်းပေါ် ၀င်လုဆဲဆဲ နေမင်းက ရွှေရည်တွေဖျန်းပက်ထားတဲ့ မြစ်ပြင်ပေါ်မှာ လှေကလေးကို လွတ်လွတ်လပ်လပ် လှော်ရင်း ဘိလပ်ပြန်သန်းရဲ့ လှေကလေးသီချင်းကိုလည်း ဟောဒီလို တိုးတိုးသက်သာ သီဆိုရဦးမယ်။

“လှေကလေးကို လှော်မည်။ ဘေးမသန်းဘဲ အေးချမ်းတော့သည်။ မြစ်ကမ်းခြေရေနဒီ...စိမ်းလဲ့လဲ့ကြည်”
Read more

“မင်းသားကြီးတပင်တိုင်”

ပြည်ဖုံးကားအချမှာ
အားလုံး ပြီးဆုံးရသတဲ့။

ဘ၀ဇာတ်မောကြီးထဲ
လက်ပမ်းကျနေသူအတွက်တော့
တခန်းရပ်ဘို့တောင်
မတတ်နိုင်သေးပါကလား။
Read more

“ရှာပုံတော်”

ကျနော်တို့နဲ့ တချိန်တည်းလောက် စင်္ကာပူကိုရောက်လာတဲ့ မြန်မာအင်ဂျင်နီယာတွေမှာ အများစုဟာ ပရိုဂရမ်သွင်းထားသလို ဟောသည် အစီအစဉ်အတိုင်း တသွေမတိမ်း ပြုမူတတ်ကြတာကို တွေ့ရပါတယ်။

စင်္ကာပူကို ရောက်လာမယ်။ အလုပ်ရှာမယ်။ အလုပ်လုပ်မယ်။ မိန်းမယူမယ်။ ဒီက တက္ကသိုလ်တခုခုမှာ အချိန်ပိုင်းတက် မာစတာဘွဲ့ထပ်ယူမယ်။ ပြီးရင် ပီအာရ်လျှောက်မယ်။ မိသားစုခေါ်မယ်။ အိမ်ဝယ်မယ်။ ကားဝယ်မယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်။

အဲ...အကယ်၍ သင်ဟာ အကြောင်းကြောင်းကြောင့် အဲဒီအစီအစဉ်ထဲက တခုခုကို မလုပ်ဖြစ်ရင်ဘဲဖြစ်ဖြစ်၊ ကြန့်ကြာနေရင်ဘဲဖြစ်ဖြစ် ဟောသလို မေးသံတွေကို ညံနေအောင်ကြားရလတ္တံ့။

“မိန်းမ မယူသေးဘူးလား။”
“ကျောင်းမတက်သေးဘူးလား။”
“ပီအာမလျှောက်သေးဘူးလား။”
“မိသားစုမခေါ်သေးဘူးလား။”
“အိမ်မ၀ယ်သေးဘူးလား။”
“ကားမ၀ယ်သေးဘူးလား။”
“ကိုယ်ပိုင်လုပ်ငန်းမလုပ်သေးဘူးလား။”

ဘာကျန်သေးလဲမသိ။ “မသေသေးဘူးလား” လို့တော့ မမေးတန်ကောင်းဘူး ထင်ပါရဲ့လေ။

အများအားဖြင့် အဲသည်အစီအစဉ်အတိုင်း သွားကြလေ့ရှိပါတယ်။

မြန်မာထဲက မြန်မာတွေဖြစ်တဲ့ ကျနော်တို့လင်မယားလည်း တချိန်မှာတော့ အိမ်ဝယ်ဘို့ အချိန်ကို မလွှဲသာမရှောင်သာ ကျရောက်လာခဲ့ပါတယ်။ စင်္ကာပူမှာ အိမ်ခန်းဝယ်ရင် ဈေးမတန်တဆများတဲ့အတွက် မ၀ယ်ချင်ပါဘူး။ ဒါပေမယ့် အိမ်ငှားနေရင် လစဉ်ပေးနေရတဲ့ အိမ်ငှားခက ပြန်မရဘဲ ပလုံ သွားမှာလေ။ အိမ်ဝယ်လိုက်ခြင်းအားဖြင့် တချိန် ကိုယ်က စင်္ကာပူမှာ မနေတော့လို့ အိမ်ပြန်ရောင်းထုတ်ခဲ့ရင် အနည်းအကျဉ်းတော့ ငွေပြန်ပေါ်ကောင်းရဲ့ ဆိုတဲ့အချက်ရယ်၊ လစာထဲက စီပီအက်ဖ် ဖြတ်ပြီးတဲ့အခါ လစဉ် လက်ကျန်ငွေသားထဲက အိမ်ငှားခပေးနေရရင် လက်ထဲမှာ သုံးစရာ၊ စုစရာ ငွေသိပ်မကျန်တော့တာရယ်ကြောင့် အကြွေးဝယ်ပြီး စီပီအက်ဖ် စုဆောင်းငွေထဲကနေ ဖဲ့ဆပ်လို့ရတဲ့ အိမ်ဝယ်ခြင်းစနစ်ကို မြန်မာတွေ ကျင့်သုံးကြလေသတည်းပေါ့လေ။

ကျနော်တို့ အိမ်ဝယ်တော့ ကြည့်ရှုစစ်ဆေးရန်အချက်အလက်တွေထဲက အချို့မှာ....

အိမ်ဟာ တောင်ဘက်သို့ မဟုတ် မြောက်ဘက်ကို လှည့်တဲ့အိမ်ဖြစ်ရပါမယ်။ မနက်ခင်း တက်နေ၊ ညနေခင်း ကျနေ တွေကြောင့် နေထိုးမှာကို ရှောင်ရှားလိုပြီး တချိန်တည်းမှာ ရာသီမရွေး အ၀တ်လှန်းလို့ ကောင်းတဲ့အနေအထားမျိုးကို ရချင်လို့ပါ။

ချက်ချင်းတက်နေလို့ဖြစ်အောင် အိမ်ရှင်က အဆင်သင့် ပြုပြင်မွမ်းမံပြီးသား အိမ်မျိုးဖြစ်ရပါမယ်။ တခြားကြောင့်မဟုတ်။ ကိုယ့်ဟာကိုယ် မွမ်းမံရရင် ဒီက ကန်ထရိုက်တာတွေနဲ့ စကားပြောရမှာ အပေါက်အလမ်းမတည့်မယ့် အရေးကို ကြိုမြင်လို့ပါ။

အထပ်မြင့်ရပါမယ်။ အထပ်မြင့်ရင် လေသာမယ်။ အပေါ်က ပစ်ချတာတွေ၊ အဲယားကွန်းရေကျတာတွေ မကြုံနိုင်ဘူး။ အမှိုက်ကားဖြတ်သွားရင် အနံ့မရဘူး။ တခြားအထပ်မြင့်အိမ်တွေက ကိုယ့်အိမ်ထဲကို လှမ်းမြင်စရာအကြောင်းမရှိဘူး။ ပရိုက်ဗေစီ ရှိတယ်ပေါ့ဗျာ။

Basket ball ကစားကွင်းတွေနဲ့ ဝေးရပါမယ်။ NTU တက်နေစဉ်တုန်းက ကျောင်းနားမှာ အိမ်တအိမ် ငှားနေလိုက်တာ အရမ်းတန်ပါတယ်။ ငါးခန်းအိမ်အကျယ်ကြီးကိုမှ တလ ရှစ်ရာ၊ တခန်းဘဲ ပိတ်ထားတာ။ ကျောင်းသွားရင် တံတားကျော်လိုက်ရုံဘဲ။ ဒါပေမယ့် ကစားကွင်းနဲ့ အရမ်းနီးတော့ အဲဒီမှာ ဘတ်စကက်ဘော ကစားနေပြီဆိုရင် တဘုတ်ဘုတ်နဲ့ အင်မတန် ဆူတာ။ ဟီးဟီးဟားဟား ရယ်သံတွေကလည်း မစဲ။ တခါတလေ ညဘက် ဆယ်နာရီလောက်အထိ ကစားကြတယ်။ တီဗီကြည့်လို့လည်းမရ။ စာဖတ်လို့လည်းမရ။ အရမ်းစိတ်ညစ်ဘို့ကောင်းတယ်။

အထပ်များစွာပါတဲ့ ကားပါ့ခ်နဲ့ တည့်တည့် မဖြစ်စေရဘူး။ တချို့သော ကားစုတ်ကားနာတွေဟာ ညဘက် မိုးကြိုးပစ်လိုက်တာနဲ့ Alarm တွေ အတောမသတ် ထမြည်တာ၊ ကားက အပေါ်ထပ်ကို တက်လာရင် အင်ဂျင်သံပြင်းတာ၊ မနက်စောစော အိပ်ကောင်းတုန်း ကားစက်ကို တဗြင်းဗြင်းနှိုးပြီး အင်ဂျင်နွှေးနေတဲ့အသံမျိုးတွေ၊ ကားတံခါးကို ရီမုတ်နဲ့ ပိတ်လိုက်စဉ် တွီတွီ မြည်တဲ့အသံတွေဟာ ညကြီးသန်းခေါင်မှာ သည်းမခံနိုင်လောက်အောင်ပါဘဲ။

အဲ...လမ်းမတန်းလည်း မဖြစ်ရဘူး။ မော်တော်ဆိုင်ကယ်ကို ငယ်သံပါအောင် ညှစ်ပြီး စီးတတ်တဲ့ ဆိုင်ကယ်သမားတွေ ရန်ကို ကြောက်လို့ပါ။

အနီးအနား အိမ်နီးချင်းတွေဟာ စက်ဘီးတွေ၊ အ၀တ်စင်တွေကို လူသွားလမ်းမှာ ထားတတ်တဲ့ လူမျိုးတွေ မဖြစ်ရဘူး။ ကော်ရစ်ဒါမှာ လမ်းလျှောက်ရတာ မလွတ်မလပ်ဖြစ်တတ်လို့ပါ။

ကွန်မြူနတီစင်တာတွေနဲ့ ဝေးရမယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒါကလည်း ဆူညံတတ်တဲ့ နေရာဌာနတခုဖြစ်နေလို့ပါ။

စတဲ့...စတဲ့...အချက်တွေ ပါပါတယ်။

ပထမဆုံး စကြည့်ကြည့်ချင်း အိမ်တလုံးကို တွေ့တော့ အရမ်းသဘောကျတာ။ ရုံးနဲ့လည်း မဝေးဘူး။ ဈေးကလည်း မဆိုးဘူးပေါ့လေ။ ဒါပေမယ့် မိတ်ဆွေတွေအပြော ဈေးဆစ်ရတယ်ဆိုတော့ ဘုမသိ ဘမသိနဲ့ ဗိုလ်ချုပ်ဈေးမှာ ဆစ်သလို အများကြီး ဆစ်လိုက်မိလို့ အဲသည်အိမ်ကလေး ကိုယ်ကြိုက်ပါလျက် သူများလက်ထဲ ပါသွားပါတော့တယ်။ နောက်တော့မှ ရုံးကအပြန် အဲသည်အိမ်ကလေးကို မော့ကြည့်မိတော့ လားလား....တိုက်လေယာဉ်ပျံ ဆင်းတဲ့လမ်းကြောင်းမှာ တည့်တည့်ဘဲဗျိုး။ လေယာဉ်ပျံမှာ ချိတ်ထားတဲ့ ဗုံးတွေ ဒုံးကျည်တွေ မတော်တဆ ပြုတ်ကျရင်တောင် အိမ်ပြူတင်းပေါက်ထဲကို တိုက်ရိုက်ဘဲ။ ငါ့အိမ်ဘယ်နေ့ ဗုံးမှန်မလဲဆိုပြီး နေ့စဉ်ရက်ဆက် ပူပန်ပြီး ဆက်ဒမ်ဟူစိန်ရဲ့ ကျီးလန့်စာစား ဖီလင်မျိုးလေးနဲ့ နေရမှာတော့ နိပ်လှမယ်မထင်ဘူး။

ဟော...နောက်တအိမ်က ကျတော့ အိမ်အ၀င်တံခါးမကြီးကို ပိတ်လိုက်တာနဲ့ ကော်ရစ်ဒါနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားပြီး ပရိုက်ဗေစီ အပြည့်ရှိတဲ့ အိမ်မျိုးပေါ့။ ပါကေးလည်း ခင်းထားပါသေးသဗျား။ ပြုပြင်ထားတာကလည်း အရမ်းလှတယ်။ အခန်းတိုင်းမှာ ပြူတင်းပေါက်ရှိတယ်။ အထပ်က ၆ထပ်ဆိုတော့ နည်းနည်းတော့ နိမ့်တယ်။ ကိစ္စမရှိ။ တော်တော်ကို ကြိုက်နေပြီ။အို.. ဈေးကလည်း သက်သာလိုက်တာကွယ်။ နှစ်သိန်းတသောင်းငါးထောင်တဲ့။ အဲဒါနဲ့ ယူမယ်လို့ စိတ်ကူးပြီး ဆင်းလာတော့ အောက်မှာ ဘာသွားတွေ့တယ်မှတ်လဲ။ အဲသည်တိုက်က အမှိုက်ထွက်ပေါက်ဖုံးတဲ့ တံခါးအမြင့်ကြီးကို မေ့ပြီးမပိတ်မိတာနဲ့တူတယ်။ ဟောင်းလောင်းကြီးပွင့်နေတာသွားတွေ့တယ်။ ကြည့်လိုက်တော့ အမှိုက်ထွက်ပေါက်ကြီးက ဧည့်ခန်းအောက်တည့်တည့်လောက်မှာ။ မနက်မနက် အမှိုက်ကားလာသိမ်းရင် အမှုန်အမွှားတက်မယ့်နေရာဘဲ။ ၀ယ်လို့ မဖြစ်သေးဘူး။

မ၀ယ်မိတာ ကံကောင်းပါသဗျား။ အဲသည် အိမ်ရှေ့တည့်တည့်မှာ အခု MRT station အသစ်လာဆောက်တယ်ဗျား။ အံမယ်လေး....ဘူတာပေါ်က ကြည့်လိုက်ရင် ဧည့်ခန်းထဲရော၊ အိမ်ခန်းသုံးခန်းစလုံးထဲရော တိုးလျိုပေါက် မြင်ရတယ်။ ဒီလောက်တောင် ပရိုက်ဗေစီကြိုက်တဲ့ ကိုပေါ၊ ကိုယ်ကျိုးနည်းတော့မလို့ပါလား။ နောက်ဘူတာရုံဆိုတော့ သိတဲ့အတိုင်း အင်မတန် ဆူညံတာကလား။ “သာ့ကျားရှင် ကျူးလီ...ဝှေ့လိုင်နီ.............ဟုမ်းမြဲ့...ရှဲ့ရှဲ့” နဲ့ တံခါးပိတ်သံ “ကွပ်ကွပ်ကွပ်ကွပ်” ကို ငါးမိနစ်တခါ နားသောတဆင်ရကိန်းရှိတယ်။ ဘုရား၊သိကြား ကယ်ပေလို့ပေါ့။

နောက်တအိမ်ကတော့ ပတ်ဝန်းကျင်အနေအထားကို ပြောစရာမရှိ။ အိမ်ကလည်း ကျယ်ပါ၏။ သို့သော်...သူ့အိမ်ဖွဲ့စည်းပုံက နည်းနည်းဆန်းတယ်။ အိမ်သာက အိမ်အလည်ခေါင်မှာ ရှိတယ်။ ဧည့်ခန်းက ထလိုက်တာနဲ့ အိမ်သာကို တန်းနေတာဘဲ။ ဧည့်သည်စောင်သည်အတွက်တော့ ကွက်တိပါဘဲ။ သို့သော် ကျနော့်အကြိုက်နဲ့တော့ မကွက်တိဘူးဗျိုး။ အဲဒါနဲ့ အဲဒီအိမ်ကို အင်မတီးအင်မတန် ရောင်းထုတ်ချင်နေရှာတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားကို သနားပေမယ့်လည်း မ၀ယ်ဖြစ်ခဲ့ဘူး။ သူတို့က စင်္ကာပူလူမျိုးထုံးစံ၊ အသက်ကြီးလာတော့ စုငွေမလုံလောက်လို့ ငွေပိုငွေလျှံလေးရအောင် လက်ရှိအိမ်ကိုရောင်းပြီး ပိုဈေးပေါတဲ့ နေရာကို ရွှေ့ရတော့မှာလေ။

နောက်ဆုံးဝယ်ဖြစ်တဲ့ အိမ်က ရောင်းသူအိမ်ရှင်တရုတ်ကလည်း ထို့အတူပါဘဲ။ ငွေလိုလို့ရောင်းတာပေါ့ဗျာ။ ပြီးတော့ တနေရာမှာ ဈေးသက်သာတဲ့ အိမ်ကလေးတခုသွားဝယ်နေကြတာပေါ့။ သူငွေလိုတယ်ဆိုတာကလည်း သူကိုယ်တိုင်ပြောပြလို့ပါဘဲ။ ငွေချေတော့လည်း ကြိုတင်ငွေကို သူတောင်းသလောက် ဥပဒေအရ အမြင့်ဆုံးပမာဏကို ကျနော်တို့ ပေးခဲ့ပါတယ်။ သူတို့မပြောင်းခင် တလလောက် ပိုနေပါရစေဆိုတာတောင် ကျနော်တို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအတွက် ကျနော်တို့မှာ အိမ်ငှားခ ရှစ်ရာ အပိုကုန်ခဲ့ရပေမယ့် သူ့မှာ မကျန်းမာတဲ့ ဖခင်အိုကြီးတယောက်ရှိတာကို ငဲ့ညှာထောက်ထားလို့ရော၊ သူ့မှာ သားငယ်ကလေးတယောက်ရှိတာအပြင် လူက ပျူပျူငှာငှာရှိတာရောကြောင့်ပါ ကျနော်တို့ လိုက်လျောခဲ့တာပါ။

ဒီလိုနဲ့ အိမ်ပြောင်းပြီး အတော်လေးကြာတော့ တရက်မှာ (လိပ်စာမပြောင်းရသေးတဲ့အတွက်) သူ့စာတွေကို သူကိုယ်တိုင်လာယူတဲ့အခါ ကျနော်တို့ နဲ့ အိမ်ရှေ့ဝရန်တာမှာ ရပ်ရင်းစကားစမြည်ပြောဖြစ်ကြတယ်။ ကျနော်ကလည်း သူ့ကို အလာပ သလာပ ပြောရင်း “ဘယ်လိုလဲ၊ အိမ်အသစ်မှာ အဆင်ပြေလားပေါ့” မေးတော့....သူက...“ပြေပါတယ်။ အခုဝယ်ထားတဲ့အိမ်က နှစ်ထပ်မှာလေ။ အရမ်းကောင်းတယ်။ အခု ခင်ဗျားအိမ်ထက် ပိုကောင်းတယ်”တဲ့။

ကျနော်ကလည်း “သြော်....ဟုတ်လား၊ ဘယ်လိုကောင်းတာလဲ” မေးတော့ ပုဂ္ဂိုလ်က ဘယ်လိုဖြေတယ်မှတ်သလဲ။

“ဘယ်လိုကောင်းတာလဲဆိုတော့....အခု ဆယ့်ငါးထပ် ၀ရန်တာက အောက်ကို ငုံ့ကြည့်လိုက်။ ဟောဟိုအောက်မှာ လျှောက်လာတဲ့လူတွေကို မျက်နှာမသဲကွဲဘူးမို့လား။ နှစ်ထပ်ကငုံ့ကြည့်ရင် ထင်းနေအောင် မြင်ရတယ်တဲ့။”

သြော်...ဒုက္ခ၊ ဒုက္ခ။ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ ဒါဘဲနေမှာ။
Read more

“ငှက်တဲ့လား”

အုပ်စုဖွဲ့ရအောင်
အတောင် ညှပ်လိုက်ပါလား…တဲ့

ရှင်သန်မှုအတွက်
အပြေးမြန်ဘို့ အရေးကြီးသတဲ့….

အန္တရာယ်ကိုလက်ငင်း
မရှောင်ကွင်းနိုင်တဲ့အခါ
လည်ပင်းကို တဆုံးဆန့်ထွက်
သဲထဲမှာ ခေါင်းထိုးဝှက်ရမတဲ့….

ကိုယ်က မမြင်ရသလို
ကိုယ့်ကိုလည်း အပြန်အလှန်
ရန်သူမမြင်တန်ရာဘူးရယ်လို့
တကယ်ဘဲ စိတ်လက်ချသတဲ့…


လွင်တီးခေါင်ပြင်
ဆူးပင်မွဲမွဲ
နေပူကျဲမှာ
သဲထဲခေါင်းစိုက်
အပုန်းကြိုက်တဲ့
တသိုက်သော ငှက်ကုလားအုပ်များကို
နှုတ်ဆက်စကားဆိုပြီး
ကောင်းကင်ကို ပျံတက်စဉ်တခဏ
သဘာဝချင်း နှိုင်းဖက်ဘို့မဖြစ်နိုင်တဲ့
သိန်းငှက်ရဲ့ စိတ်ထဲမှာ
ဘာကိုများ တွေးတောနေမလဲ….။
Read more

“ကျားဆိုမှ....ကျား”



လယ်သမားတယောက်၊ ဓါတ်ပုံတပုံနဲ့ “အနီးအနားတောအုပ်ထဲမှာ လဲလျောင်းဝပ်တွားရင်း ကင်မရာကို စူးစိုက်ကြည့်နေတဲ့ ရှားပါးမျိုးနွယ် ကျားတကောင်တွေ့ခဲ့ရတယ်” ဆိုသော အဆိုတခု။ အဲဒါဟာ ဒီအဖြစ်အပျက်ကြီးတခုလုံးရဲ့ အစပေါ့။

“ကျိုးကျင်ယင်း”အနေနဲ့ သူ့ကျားကို တရုတ်တပြည်လုံးက ဒီလောက် အသည်းအသန် အာရုံစိုက်လာစရာ ကိစ္စတခု ဖြစ်လာလိမ့်မယ်လို့ လားလားမှ တွေးထင်ခဲ့ဟန်မတူဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ သတင်းပတ်အကုန်ကတော့ အဲဒီ ဓါတ်ပုံဟာ လံကြုပ်ဖြစ်ပါတယ်ဆိုတာကို အခိုင်အမာသိရှိသွားကြတဲ့အခါမှာ ဒေသခံ အစိုးရ၀န်ထမ်း ၁၂ ယောက်တိတိ အရေးယူတာ ခံရပါတော့တယ်။

ကျိုး ရဲ့ ဓါတ်ပုံတွေထဲက အဲဒီ ပထမဦးဆုံးဓါတ်ပုံကို လွန်ခဲ့တဲ့ ကိုးလ လောက်က အင်တာနက်ပေါ်မှာ စတင်ဖြန့်ဝေလိုက်ချိန်ကစလို့ ခေတ်မီဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းနေဆဲ တရုတ်ပြည်ကြီးမှာ “အတုအပ ပစ္စည်းတွေ၊ လောဘဇောတွေ နဲ့ အစိုးရအရာရှိတွေရဲ့ လိမ်ညာမှု” စတဲ့ အရေးကိစ္စတွေမှာ အသည်းအသန် ဆွေးနွေးငြင်းခုန်စရာ ဖြစ်လာခဲ့တယ်။

အခုဖြစ်ခဲ့တဲ့ အမှုမှာ အစိုးရအပေါ် နဲ့ အကျင့်ပျက်ခြစားမှုအပေါ် လူအများစုရဲ့ မနှစ်ခြိုက်မှုကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး လူထုရဲ့အယူအဆကို အင်တာနက်ကတဆင့် ထပ်ဆင့်အားချဲ့ပေးလိုက်တဲ့အခါ တရုတ်ပြည်က အာဏာရှင်တွေအပေါ်မှာတောင်မှ ရံဖန်ရံခါ လူထုဆန္ဒက အောင်ပွဲဆင်တတ်တယ်ဆိုတာကိုလည်း တွေ့မြင်ခဲ့ပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ ဒီကိစ္စဟာ အမှန်တရားနဲ့ အစိုးရရဲ့ အကျိုးစီးပွားဆိုတဲ့ အရာနှစ်ခုအကြားက အားပြိုင်မှုပါဘဲ” လို့ ဖူတန်တက္ကသိုလ် လူမှုဆက်ဆံရေးပါမောက္ခ ယူးဟိုင် က တယ်လီဖုန်းအင်တာဗျူးတခုမှာ ဖြေကြားသွားပါတယ်။ “ကျိုး ဟာ ငွေရဲ့ ဖြားယောင်းမှုကြောင့် ဒီကိစ္စကို လုပ်မိသွားတဲ့ သာမန် လယ်သမားတယောက်ပါ။ ကျိုးနောက်မှာ အဓိကပါဝင်သူတွေကတော့ အဲဒီ ရှာအန်ဇီပြည်နယ်က အစိုးရအရာရှိတွေပါဘဲ။”

ပထမတော့ ဓါတ်ပုံအပေါ် စိတ်ဝင်စားရုံ၊ စပ်စုရုံသက်သက်။ နောက်တော့ တရုတ်လူထုက ဒေါသထွက်လာကြတယ်။ တရုတ်အင်တာနက်အသုံးပြုသူအသိုင်းအ၀ိုင်းက ဒီဓါတ်ပုံထဲက ကျားဟာ စက္ကူရုပ်ကျားဖြစ်တယ်ဆိုတာကို ချက်ချင်းထောက်ပြကြတယ်။ -----တောထဲက သစ်ပင်တွေကြားထဲမှာ ပိုစတာ တခုကို ထောင်ရိုက်ထားတာ..တဲ့။ ပြီးတော့ အစိုးရအရာရှိတွေကို ဖိအားပေးကြတော့တာဘဲ။ ခရီးသွားတွေ အလာအပေါက်နည်းပါးတဲ့ ရှာအန်ဇီဒေသကို ခရီးသွားလုပ်ငန်းတိုးတက်လာအောင်ကြိုးပမ်းရင်း ဒီကျားအတုဓါတ်ပုံကိုဖန်တီးရာမှာ အစိုးရအရာရှိတွေကိုယ်တိုင်က နောက်ကွယ်ကနေ အားပေးအားမြှောက်ပြုတယ်လို့လဲ စွတ်စွဲလာကြတော့တယ်။

“အင်တာနက်ပေါ်မှာ ပြောနေဆိုနေ၊ ဝေဖန်နေတဲ့ လူတွေကို နှုတ်ပိတ်သွားစေချင်တယ်ဆိုရင်တော့ အစိုးရအနေနဲ့ တကယ့်စုံစမ်းစစ်ဆေးမှုတခုကို လုပ်ကိုလုပ်မှ ဖြစ်တော့မယ်” လို့ နက်တီဇင် လူငယ်တဦးဖြစ်တဲ့ ရှန်ဟိုင်းမြို့က ကျိုးယီက ဆိုပါတယ်။

အဲဒီလို လူတွေက အစိုးရအပေါ်မှာ (အထူးသဖြင့်) ဒေသခံအစိုးရအရာရှိတွေအပေါ်မှာ ဝေဖန်ရှုမြင်လာတာတွေဟာ သီတင်းပတ်အကုန်ပိုင်းလဲရောက်ရော ပိုမိုထင်ရှားလာတယ်။ ဘာကြောင့်လည်းဆိုတော့ ဆယ်ကျော်သက်မိန်းကလေးတဦးသေဆုံးမှုမှာ ရဲဘက်က စိတ်ကျေနပ်လောက်အောင် စုံစမ်းစစ်ဆေးမှုမပြုလုပ်ဘူး ဆိုပြီး ကွီကျောင်းပြည်တောင်ပိုင်းဒေသမှာ လူထောင်ပေါင်းများစွာပါဝင်တဲ့ အဓိကရုဏ်းမှုတခုဖြစ်ပါတော့တယ်။

အဲဒီအဓီကရုဏ်းကနေ ဆက်လက်ဖိအားပေးလိုက်တာ အခုသီတင်းပတ်လည်းရောက်ရော ကွန်မြူနစ်ပါတီက ဒေသပါတီကော်မတီအတွင်းရေးမှူးအပါအ၀င် ခရိုင်မှူး၊ ရဲမှူးနဲ့ အခြားအရာရှိတဦးတို့ အလုပ်က ထုတ်ပယ်ခြင်းခံရတယ်။

လွန်ခဲ့တဲ့ တနှစ်လောက်ကလည်း အုတ်ဖုတ်စက်ရုံတခုမှာ ကလေးလုပ်သားတွေကို ကျေးကျွန်သဖွယ်ခိုင်းစေမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုမကင်းဘူးဆိုတဲ့ စွတ်စွဲချက် ပိုစတာတွေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဗဟိုအစိုးရကို အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဘို့ အင်တာနက်ကတဆင့် ဒေါသတကြီး ဖိအားပေးမှုတွေ ပြုခဲ့ကြတာကို တွေ့ရပါတယ်။

ဆန္ဒပြပွဲ၊တောင်းဆိုပွဲတွေဖြစ်လာရင် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်အောင် လုပ်ပစ်တတ်တဲ့၊ အင်တာနက်ပေါ်မှာ ဝေဖန်တဲ့ပို့တွေ တက်လာရင် ချင်ချင်း ဖြုတ်ပစ်တတ်တဲ့ တိုင်းပြည်မှာ တရုတ်လူမျိုးတွေဟာ သူတို့ရဲ့ အယူအဆတွေကို ထုတ်ဖော်နိုင်ဘို့ အကွက်ကောင်းတွေ ရှာဖွေဖော်ထုတ်တဲ့နေရာမှာ အင်မတန် ထူးချွန်လာကြပါတယ်။ ပထမဦးဆုံး သူတို့ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ပစ်မှတ်က အတုအယောင်တွေကိုဘဲ။ ဘယ်လို အတုအယောင်တွေလဲဆိုရင် ကုန်ပစ္စည်းအတုတွေ၊ ဘွဲထူးဂုဏ်ထူးအတုတွေနဲ့ ပြီးခဲ့တဲ့နှစ်က ကတ်ထူစက္ကူတွေ အစာသွတ်ပြီး ရောင်းတယ်ဆိုတဲ့ ပေါက်စီအကြောင်း.... မဟုတ်မဟတ်ဇာတ်လမ်းဆင်ရိုက်တယ်ဆိုတဲ့ ရုပ်မြင်သံကြားသတင်းအတု....စသဖြင့်။

ဒီ “ကျား ဇာတ်လမ်း” ကလည်း ဘယ်ကစခဲ့သလဲဆိုတော့ အသက် ၅၄ နှစ်အရွယ် လယ်သမား၊ အမဲလိုက်သမား ကျိုး ဟာ “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်းက မမြင်မတွေ့ရတော့တဲ့ မျိုးတုန်းလုလု တရုတ်ပြည်တောင်ပိုင်းကျား ကို တွေ့ရင် ယွမ်ငွေ တသန်းဆုချီးမြှင့်မယ်” လို့ အစိုးရသတင်းဌာနကတဆင့် ကြားလိုက်မိတဲ့အခါကစတာဘဲ။

အောက်တိုဘာလ ရောက်တော့ သူဟာ ရှာအန်ဇီဒေသ တောအုပ်ထဲက ထွက်လာပြီး ကျားတွေ့ခဲ့ပါတယ် ပြောတယ်။ သူနဲ့အတူ ဓါတ်ပုံ ဒါဇင်တော်တော်များများလဲ ပါလာတယ်။

ရှာအန်ဇီက အစိုးရအရာရှိမင်းများက သူ့အပြောကို လက်ခံလိုက်ပြီး ချက်ချင်း ဆုငွေ ယွမ်း နှစ်သောင်း ဆုချလိုက်တဲ့အပြင် တပတ်လောက်နေတော့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မီဒီယာတွေမှာ သူ့ကို ချီးမွမ်းလိုက်ကြသေးသတဲ့။

“အသေအချာ စစ်ဆေးကြည့်ရှုပြီးတဲ့အခါမှာ ကျွမ်းကျင်သူတွေဟာ ဒီဓါတ်ပုံတွေဟာ အစစ်အမှန်ဘဲလို့ အတည်ပြုကြတယ်၊ ဒါကြောင့် နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက်မှာ ကျားပြန်တွေ့တယ်ဆိုတာ အဟုတ်ပါဘဲ” လို့ တရုတ်နေ့စဉ်သတင်းစာက ရှာအန်ဇီ သစ်တောအုပ်ချုပ်ရေးအဖွဲ့ လက်ထောက်ဒါရိုက်တာ ကျူဂျူယောင်ရဲ့ ပြောဆိုမှုကို ကိုးကားဖော်ပြခဲ့တယ်။

ဒီကျားဟာ ဒီ့မတိုင်မီက မျိုးတုန်းပြီလို့ ယူဆခဲ့ကြတာ။ အခုတော့ အကောင်အနည်းအကျင်း ကျန်သေးတာ ဖြစ်နိုင်တယ်လို့ သဘာဝတောရိုင်း ရန်ပုံငွေအဖွဲ့က ပြောတယ်။

ဒါပေမယ့် ဒီကျော်ကြားမှုဟာ ရေရှည်မခံလိုက်ပါဘူး။ တရုတ်ပြည်ရဲ့ အွန်လိုင်းအသိုင်းအ၀ိုင်းက ဒီကိစ္စကို အတုကြီးဘဲ၊ လိမ်ဆင်ကြီးဘဲလို့ ချက်ချင်းသံသယ ဖြစ်ကြတယ်။ ဓါတ်ပုံထဲမှာ ကိုရွှေကျားက အရမ်းတောက်ပြောင်လွန်းနေတယ်လို့ ဆိုကြတယ်။ သစ်ပင်ခြုံနွယ်တွေကြားမှာ ဘယ်နေရာမှာဘဲပြောင်းရိုက်ရိုက် ကျားရဲ့ အနေအထားက မပြောင်းမလဲ၊ တသမတ်တည်း။

အဲဒီအချိန်မှာ လူတယောက်က အဲဒီကျားနဲ့ တသွေမတိမ်းချွတ်စွပ်တူတဲ့ ပိုစတာအဟောင်းတခုပုံကို အွန်လိုင်းပေါ်မှာလည်း တင်ချလိုက်ရော ပြည်သူလူထုက ချက်ချင်းဘဲ ဒီကိစ္စကို စုံစမ်းစစ်ဆေးဘို့ ၀ိုင်းဝန်းတောင်းဆိုကြတော့တာပေါ့။
ဒါပေမယ့် ရှာအန်ဇီက အစိုးရအရာရှိတွေက သူတို့ နဂိုဇာတ်လမ်းကိုဘဲ အသေအလဲ ဖက်တွယ် ဆုပ်ကိုင်ထားကြဆဲ။

အဲသည် ရှားပါးကျားရှိနေခြင်းဖြင့် အလည်အပတ်လာသူ ခရီးသွားဦးရေကို ပိုမို တိုးမြှင့်နိုင်ပြီး သဘာဝအပန်းဖြေစခန်းတခု ဖန်တီးနိုင်မယ်လို့ အစိုးရအရာရှိတွေက ယုံကြည်ယူဆနေတာကြောင့် ဖြစ်တယ်လို့ တက္ကသိုလ်ပါမောက္ခတဦးဖြစ်သူ “ယူ” ကပြောဆိုတယ်။

နောက်ဆုံးတော့ တဖြည်းဖြည်းတိုးလာတဲ့ ဖိအားကို မခံနိုင်တော့ဘဲ ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာတော့ တာဝန်ရှိသူတွေဟာ အဲဒီကျားဟာ အတုအယောင် ကျားသက်သက် ဖြစ်ကြောင်းကို အတည်ပြုပြောကြားလိုက်ရပါတော့တယ်။ ကျိုး လည်း အဖမ်းခံရတယ်။ ငှားလာတဲ့ ကင်မရာနဲ့ ကျားရုပ်ပိုစတာကို သစ်ပင်တွေကြားမှာထောင်ပြီး ဓါတ်ပုံရိုက်ခဲ့တဲ့အတွက် လိမ်လည်မှုနဲ့ စွဲချက်အတင်ခံရတယ်။

ဒါပေမယ့် တရုတ်ပြည်သူတွေ ထွက်နေတဲ့ ဒေါသက ကျိုးအပေါ်မှာ ဒီလောက်မဟုတ်ဘူး။

“လူထုရဲ့ ယုံကြည်မှုကို လှည့်ဖြားကစားဘို့ အာဏာပိုင်တစုဟာ သိပ္ပံအထောက်အထား၊ သာမာန်ကျိုးကြောင်းဆင်ခြင်ဉာဏ်နဲ့ လူထုတရပ်လုံးရဲ့ အယူအဆကို မျက်ကွယ်ပြုခဲ့တယ်” လို့ ပြင်းပြင်းထန်ထန် ရေးသားသတင်းပို့လေ့ရှိတဲ့ နာမည်ကျော် တောင်ပိုင်းမက်ထရိုပိုလီတန် နေ့စဉ် သတင်းစာက ရေးတယ်။

“လူတွေရဲ့ ဉာဏ်ပညာက မင်းဧကရာဇ်ရဲ့ ၀တ်ရုံသစ်ကို ခွာချလိုက်တဲ့အခါ၊ အမှန်တရားတွေ အပြင်ကို ထွက်မလာအောင် အစိုးရအမှုထမ်းတွေဟာ လိမ်ညာလှည့်ဖြားပြီး ဗျူရိုကရေစီယန္တရားကို အသုံးချပြီး ဖုံးကွယ်ဘို့ ကြိုးစားတတ်ကြတယ်။” ..လို့လည်း ရေးတယ်။

အစိုးရအရာရှိတွေကိုယ်တိုင် ကျိုးကို နောက်ကွယ်ကနေ အကူအညီပေးခဲ့တာ ဖြစ်နိုင်တယ်လို့တောင် သတင်းစာက အရိပ်အမြွက် ရေးသွားသေးတယ်။

နောက်ဆုံးမတော့ ကျိုး တယောက်ဘဲ အဖမ်းခံခဲ့ရတယ်။ ကျိုးရဲ့ ဇနီးဖြစ်သူ လျို့ တားကူ ကို တယ်လီဖုန်းနဲ့ ဆက်သွယ်လို့တော့ မရခဲ့ဘူး။ ဒါပေမယ့် ကျန်းစူ အခြေစိုက် ယန်စီသတင်းစာကို သူမက “အပြစ်ရှိတာ သူမရဲ့ ခင်ပွန်းတယောက်တည်းမဟုတ်ပါဘူး” လို့ ပြောသွားခဲ့တယ်။

အဲဒီနောက် သစ်တောအရာရှိ “ကျူ” အပါအ၀င် အစိုးရအရာရှိ ၇ ယောက် အလုပ်က ထုတ်ပယ်ခြင်းခံရတယ်။ နောက်ထပ် ခြောက်ယောက်က စည်းကမ်းကြပ်မတ်ခံရတယ်။ “ကျူ”ကတော့ အပြစ်ဒဏ်ကို ခပ်ပေါ့ပေါ့ ဘဲ ယူဆတယ်။ “အခုဆိုရင် ငါနေချင်တဲ့ ဘ၀မျိုးကို ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပြီပေါ့” လို့တောင် တောင်ပိုင်းမက်ထရိုပိုလီတန် သတင်းစာကို ပြောသွားလိုက်သေးတယ်။

ရှီအန်ဇီက အာဏာပိုင်တွေလည်း တနင်္လာနေ့ရောက်တာနဲ့ အမှုထမ်း ထောင်ပေါင်းများစွာကို စည်းကမ်းမွမ်းမံမှုဆိုင်ရာ အရေးပေါ်အစည်းအဝေး တက်ခိုင်းတော့တာပေါ့။ ဒါပေမယ့် နောက်တနေ့ထုတ် ရှန်ဟိုင်းမောနင်းပို့စ်မှာ ပါလာတဲ့ အစည်းအဝေးဓါတ်ပုံထဲမှာ ၀န်ထမ်းအချို့ အိပ်မောကျနေတဲ့ ပုံပါလာတယ်။ (စာရေးသူ......အမျိုးသားညီလာခံမှာ ဗိုလ်ချုပ်တွေ ရှေ့ဆုံးတန်းမှာ အိပ်မောကျနေတာကိုတောင် သတိရမိတယ်)

“အင်မတန် ရယ်စရာကောင်းတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် တကယ်တော့ အင်မတန် ၀မ်းနည်းဘို့ကောင်းတဲ့ကိစ္စပါ” လို့ ရှန်ဟိုင်းအခြေစိုက် ရှေ့နေတဦးဖြစ်သူ ကျန်းချင်ကွီး ကပြောတယ်။

“အဲဒါဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ကျနော်တို့ အစိုးရအရာရှိတွေမှာ အခြေခံ ရိုးသားဖြောင့်မတ်တဲ့စိတ် ကင်းမဲ့နေတယ်ဆိုတာကို ပြတယ်။ အင်မတန် ဆိုးရွားပါတယ်ဗျာ”


(စီအင်န်အင်န် သတင်းတခုကို ဘာသာပြန်သည်။ မူရင်းကို ဖတ်လိုပါက ဒီမှာ ဖတ်ပါ။)
Read more

“အလိမ်ခံကြရခြင်း”

ကျနော်ငယ်ငယ်တုန်းက ကျောင်းမှာ မြန်မာ့သမိုင်းကို သင်ယူရတဲ့အခါ တနေရာမှာ ဖတ်ရတာက.....

“...ထိုသို့လျှင် နိုင်ငံတော်၏ အဖက်ဖက်မှ ယိုယွင်းလာသော အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းအံ့သောငှာ ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော တော်လှန်ရေးအစိုးရသည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းတာဝန်ယူလိုက်ရသည်။....” တဲ့။

အမယ်...ဖတ်လို့ အင်မတန် အာတွေ့တာဘဲ။ ညဦးပိုင်းမှာ ရေနံဆီမီးခွက်ကလေးထွန်းတဲ့ပြီး မီးအလင်းရောင်မှိန်ပျပျအောက်ကနေ အဲဒီအပိုဒ်ကို ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံကုန်ညှစ် အော်လိုက်ရတဲ့အခါမျိုးဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆင့်မြင့်ဘာသာရပ်တွေ လေ့လာ သင်ကြားနေရတဲ့ အတန်းကြီးကျောင်းသားကြီးလိုလို၊ ပညာတတ်ကြီးလိုလို၊ သမိုင်းပညာရှင်ကြီးလိုလို အထင်ရောက်လာလောက်အောင် အင်မတန် အရသာရှိခဲ့တာကလား။

နောက်ပြီး စာမေးပွဲအတွက် အဖန်တလဲလဲ အာဂုံဆောင်ပြီး ကြက်တူရွေးကျက် ကျက်မှတ်လိုက်ရတဲ့အခါ ကျနော့်စိတ်ထဲမယ်... တကယ်ဘဲ ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးအစိုးရကို အင်မတီး အင်မတန် အထင်ကြီး ကျေးဇူးတင်သွားတော့တယ်။

အပြင်မှာ လက်လှမ်းမီသလောက် သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေ၊ မြန်မာစာအုပ်စာပေတွေကို အသက်အရွယ်အလျောက် ဖတ်ပေမယ့်လည်း အဖြစ်မှန်ကို ဘယ်မှာသိရလို့တုန်း။ သူတို့ ခွင့်ပြုသမျှ၊ စာပေစိစစ်ရေးက ထွက်လာသမျှ၊ ဖြတ်တောက် တည်းဖြတ်ထားတာကိုဘဲ နှစ်ပေါင်းများစွာ တောက်လျှောက်ဖတ်လာရတဲ့အခါ သမိုင်းအလွဲကြီးကို အဟုတ်မှတ်ပြီး ဗိုလ်နေ၀င်းကို သူရဲကောင်းကြီးထင်မှတ်လာလိုက်တာ ၈ လေးလုံးအရေးတော်ပုံက စပြီးတော့မှ ဗိုလ်နေ၀င်းဆိုတာ ကျနော်တို့ ကျောကို အကြိမ်ကြိမ်ချလာတဲ့ ဓားပြအကြီးစားကြီး ဆိုတာကို ဗြုန်းစားကြီး သိလိုက်ရတော့တာကိုး။

တခုတော့ ရှိပါတယ်။ ၈၈ မတိုင်ခင်နှစ်များမှာ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် အဆင့်ဆင့်သော ပါတီဝင်တွေ၊ ကောင်စီဝင်တွေ အကျင့်ပျက်လာဘ်စားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ချဉ်တူးစတော့ ပြုလာပြီပေါ့ဗျာ။ ဒါတောင်မှ စစ်တပ်က စစ်တပ်သပ်သပ်၊ မဆလက မဆလ သပ်သပ် ဘာမှ မဆိုင်ဘူးလို့ ထင်တုန်းဗျ။ မဆလဟာ စစ်တပ်ရဲ့ အရပ်သားမျက်နှာဖုံးဆိုတာ သဘောမပေါက်သေးဘူး။ စာရေးဆရာမ ဂျူးလေသံနဲ့ပြောရရင် “ကျမတော်တော်ညံ့ခဲ့တာ” ပေါ့ဗျာ။

ဟော....အခုတော့ ဘလော့ဂ်တခုမှာ တင်ထားတဲ့ Youtube ဗီဒီယိုတခုကို ကြည့်ရတဲ့အခါမှာ ကိုယ့်ထက်တောင်မှ အဖြစ်ဆိုးတဲ့လူတွေကို သွားတွေ့ရတော့တာကိုးဗျ။

ဗီဒီယိုက မြောက်ကိုရီးယား နိုင်ငံသားတွေ အကြောင်းဗျား။

ဇာတ်လမ်းက ဒီလို။ နေရှင်နယ်ဂျီယိုဂရပ်ဖစ်က အထူးသတင်းအဖွဲ့တဖွဲ့ဟာ နီပေါနိုင်ငံက ဆေးပညာရှင်အဖွဲ့တဖွဲ့အတွင်းမှာ ဆရာဝန်တွေရဲ့ အကူလက်ထောက်တွေအနေနဲ့ လျို့ဝှက်အယောင်ဆောင်ပြီး မြောက်ကိုရီးယားနိုင်ငံကို လူသားချင်းစာနာတဲ့ စီမံကိန်းတခုအတွက် အရင်နှစ် မတ်လက လိုက်သွားခဲ့ကြတယ်။ အဲဒီမှာ မှတ်တမ်းတင်သဘောမျိုး ဗီဒီယိုတွေ ရိုက်ကူးခွင့်ရခဲ့တယ်။

ဗီဒီယိုဟာ သာမန် မြောက်ကိုရီးယားပြည်သူတွေရဲ့ ဘ၀ကို ရိုက်ကူးထားတာဖြစ်တယ်။

နှစ်ပေါင်းများစွာ အမြင်အာရုံဆုံးရှုံးကွယ်ပျောက်နေရာက အခုလို ခွဲစိတ်ကုသမှုခံရပြီး မျက်စိပေါ်မှာ စည်းနှောင်ထားတဲ့ ပတ်တီးစကို ဖြေပေးလိုက်တဲ့အချိန်မှာ လူနာတယောက်ချင်းစီဟာ ဘာစလုပ်တယ် ထင်သလဲ........ဟောဒီ
ဗီဒီယိုကို ကြည့်ကြပါ။

"As each (blind) patient regain their sight we were amazed to see them direct their gratefulness to their Great Leader...despite their hardship, He receives credit for everything that happens here. As I watched hundreds of people do and say virtually the same thing ("We praise you!") over and over again I wondered which people had genuine faith and which were acting out of fear....and finally it hit me...here after generations of absolute rule and complete indoctrination, there may not be a difference between true belief and true fear" - Lisa Ling (host in Part VII)

ကဲ....ကြည့်စမ်းပါဦးဗျာ။ ကောင်းကြသေးရဲ့လားဟင်။ မြောက်ကိုရီးယားဆိုတာ ဒီအာဏာရှင်စနစ်အောက်မှာ အဖက်ဖက်က ချွတ်ခြုံကျပြီး ပြည်သူတွေမှာ အငတ်ဘေးဆိုက်နေတာ။ အဲဒါကိုများ ချစ်လှစွာသော ခေါင်းဆောင်ကြီးကို ကျေးဇူးတင်နေကြရတယ်လို့။

အင်းလေ....ပြည်သူတွေကိုတော့ အပြစ်ပြောလို့ ဘယ်ဖြစ်ပါ့မလဲနော့။ သူတို့လည်း ကိုယ့်လိုဘဲ နှစ်ကာလ ရှည်ကြာစွာ အစိုးရက ၀ါဒဖြန့် မှိုင်းတိုက်တာကို အသားလွတ်ကြီးခံလိုက်ရတာကိုး။ ဟင်း.ဟင်း.. ပြောရင်းဆိုရင်း ကျောင်းကသင်သမျှစာတွေ ကို ဘလိုင်းကြီး အသံပြာအောင် အော်အော်ကျက်နေတဲ့ ငယ်ငယ်က ကိုယ့်ပုံလေးတောင် ကိုယ်ပြန်မြင်ယောင်လာပြီး နားရင်းပြေးရိုက်လိုက်ချင်တယ်။

လူတွေ ဆွံ့အ သွားတာဟာ နားရဲ့ အကြားအာရုံချို့တဲ့မှုကြောင့်ပါတဲ့။ တကယ်လို့ ဟယ်လင်ကဲလားဆိုတဲ့ အမျိုးသမီးလိုသာ ငယ်ငယ်ကတည်းက အမြင်အာရုံရော အကြားအာရုံပါ နှစ်မျိုးလုံး ဆုံးရှုံးခဲ့ရတယ်ဆိုရင် အသက်အရွယ်အလျောက် အသိဉာဏ်ဖွံ့ထွားလာဘို့ခဲယဉ်းပါတယ်။ ကျပ်မပြည့်တဲ့သူလို့တောင်မှ အထင်ခံရနိုင်တယ်။

အဲဒါကြောင့် မီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်တွေဟာ လူတွေရဲ့ အသိဉာဏ်ဖွံ့ထွားရင့်ကျက်မှုအတွက်၊ လူ့အဖွဲ့အစည်းရဲ့ အသိဉာဏ်နဲ့အတွေးအခေါ် ဖွံ့ထွားစေမှုအတွက် အင်မတန် အရေးကြီးတယ်လို့ ပြောနေကြပေတာဘဲ။ ဒီကြားထဲမှာ စင်္ကာပူလို စီးပွားရေးအရ တိုးတက်တဲ့ နိုင်ငံမျိုးမှာ မီဒီယာလွတ်လပ်ခွင့်စတဲ့ အခြေခံလွတ်လပ်ခွင့်တွေ မလိုအပ်ပါဘူးလို့ ပြော ပြောနေကြတာကလည်း တမှောင့်။

အေးလေ။ စင်္ကာပူဆိုတာလည်း သတင်းလွတ်လပ်ခွင့်အဆင့်အတန်းမှာ မြန်မာတို့၊ မြောက်ကိုရီးယားတို့နဲ့ သိပ်မကွာခြားလှတဲ့ နိုင်ငံဆိုတော့ အစိုးရက ချုပ်ကိုင်တဲ့ ရုပ်မြင်သံကြားနဲ့ သတင်းစာ တွေကိုဘဲ လွတ်လပ်တဲ့မီဒီယာတွေလို့ သွေးရိုးသားရိုး တထစ်ချ ယုံမှတ်မှားပြီး စွဲစွဲမြဲမြဲ ကြည့်မိ၊ နားထောင်မိကြတဲ့အခါ အခုလို သုံးသပ်ချက်မျိုးတွေ ထွက်လာတာ သိပ်အံ့သြစရာတော့ မဟုတ်လှပေဘူး။ ခုနက ဗီဒီယိုထဲက မြောက်ကိုရီးယား နိုင်ငံသားတွေလိုမျိုးဘဲပေါ့နော်။

ဒါထက် စကားမစပ်၊ စင်္ကာပူက ဘူတာရုံတွေမှာ အလကားဝေတဲ့ “တူဒေး” သတင်းစာကို ကျနော့်မိတ်ဆွေ တချို့က “Free Press” လို့ နောက်ရွှတ်ရွှတ်နဲ့ ကင်ပွန်းတပ်ထားကြသဗျ။ “လွတ်လပ်သော သတင်းစာ” ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခေါ်ဆိုခြင်းတော့မဟုတ်ဘူး။ “အလကားရသော သတင်းစာ” လို့ ဆိုလိုချင်တာပါတဲ့။

နှစ်ပေါင်းများစွာ လျို့ဝှက်ထိန်းသိမ်းထားတဲ့ အထူးထိပ်တန်းလျှို့ဝှက်ဖိုင်တွေကို ဗြိတိန်နိုင်ငံက မကြာသေးခင်ကမှ (Declassified) ဖွင့်ချလိုက်တဲ့အခါ စင်္ကာပူရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်လို့ စင်္ကာပူကကျောင်းတွေမှာ သင်ကြားရတဲ့ သမိုင်းစာအုပ်ပြဋ္ဌာန်းချက်နဲ့ ပီအေပီအစိုးရရဲ့ ပြောကြားမှုတွေဟာ အမှန်တရားနဲ့ ကွဲလွဲမှုတွေ ရှိနေတာကို သွားတွေ့ရတော့သတဲ့။ အတိုက်အခံတွေရဲ့ ပြောကြားချက်အရဆိုရင် အဲသည် အချက်အလက်တွေကို သိပြီးရတဲ့နောက်ပိုင်းမှာ လီကွမ်းယူအပေါ်မှာ အရင်က ထားရှိခဲ့တဲ့ သင့်ရဲ့ အမြင်ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေနိုင်တယ်လို့တောင် ဆိုတယ်။ စိတ်ဝင်စားသူများအနေနဲ့ အဆုံးမှာညွှန်းထားတဲ့ လင့်ခ်တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ကျနော်ကတော့ အဲဒီအကြောင်းတွေကို ဖတ်ရ၊ ကြားရတဲ့အခါ ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ ဖတ်ခဲ့ရတဲ့........

“...ထိုသို့လျှင် နိုင်ငံတော်၏ အဖက်ဖက်မှ ယိုယွင်းလာသော အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းအံ့သောငှာ ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော တော်လှန်ရေးအစိုးရသည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းတာဝန်ယူလိုက်ရသည်။....”

ဆိုတာကြီးကိုဘဲ ပြေးပြေးမြင်မိပါတော့တယ်။

ဟို....တို့အဘဆိုပြီး နိုင်ငံခေါင်းဆောင်ကြီးတဦးကို မရိုမသေ၊ မလေးမခန့် တချိန်လုံး ကလိနေ၊ ရိနေ၊ ထေ့နေတဲ့ ကလေးအဖေ ဘလော့ဂါ တယောက်အတွက် သမိုင်းသင်ရိုးတခု မေတ္တာနဲ့ အခမဲ့ ရေးပေးလိုက်မယ်။

“.....ထိုသို့လျှင် သူတလူ ငါတမင်း မင်းမဲ့စရိုက်များ လွှမ်းမိုးလာပြီး တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားမည့် အန္တရာယ်မှ ကာကွယ်စောင့်ရှောက်အံ့သောငှာ ဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်သော တပ်မတော်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အာဏာကို ထာဝရ လွှဲပြောင်းရယူလိုက်ရသည်....” (အဲဒီ အစိုးရကိုယ်တိုင်က မင်းမဲ့စရိုက်လို ပြုမူနေတာကျတော့ ဘယ်လိုခေါ်ရမလဲ မသိဘူးနော်)

ကဲကဲ.....ပို့စ်လည်း အတော်ရှည်သွားပြီမို့ သည်မှာ တထောက်နားလိုက်ဦးမယ်။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။
References :

Read more

“အာရှရဲ့ ဖရိုက်ဒေးများအကြောင်း(ဒုတိယပိုင်း)”



ဆူဟာတိုရဲ့ “နယူးအော်ဒါအစိုးရ”လက်ထက် “ကွန်မြူနစ်ရှင်းလင်းသန့်ထုတ်ရေး” ကြွေးကြော်သံခေါင်းစီးအောက်မှာ လူပေါင်းများစွာ အသတ်ခံခဲ့ကြရတယ်။ လပေါင်းအနည်းငယ်အတွင်း သေဆုံးခဲ့ရသူအရေအတွက်ဟာ ဗီယက်နမ်စစ်ပွဲကာလတလျှောက် သေဆုံးခဲ့တဲ့ လူအရေအတွက်ထက် ငါးဆတောင် ပိုများတယ်။ အဲဒီအထဲကမှ တယောက်သောသူဟာ သူ့ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ အခြား ဇာတ်လမ်းပေါင်းမြောက်များစွာကို ပြန်လည်ပြောပြနိုင်ဘို့ အသက်ရှင် လွတ်မြောက်ကျန်ရစ်ခဲ့တယ်။ သူ့အမည်ကတော့ “ပရာမိုးဒြ အနန္တ တောဝါ” (Pramoedya Ananta Toer) ဘဲ။ နားပင်းတဲ့အထိ အရိုက်အနှက်ခံခဲ့ရတယ်။ ပြီးတော့ ကျွန်းငယ်လေးတကျွန်းပေါ်မှာ အချုပ်အနှောင်ခံခဲ့ရတယ်။ အဲဒီကျွန်းကလေးမှာ နေထိုင်ရှင်သန်ရတဲ့ ဘ၀ဟာ အင်မတန်မှ ကြမ်းချော်ခက်ထန်လှတယ်။ ကမ်းမမြင် လမ်းမမြင် မဲမှောင်လှတဲ့ ငရဲခန်းကနေပြီး စာရေးဆရာကြီး ပရာမိုးဒြဟာ ရုန်းထွက်လွတ်မြောက်လာတဲ့အချိန်မှာတော့ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုရတဲ့ စာအုပ်စာတမ်းမြောက်များစွာ ရေးသားနိုင်ခဲ့တယ်။ သူ့ရဲ့ လေးအုပ်တွဲ ဧရာမ ကဗျာရှည်ကြီးဖြစ်တဲ့ “ဘုရုကိုတက်” (Buru Quartet) ဟာ ဘာသာစကားပေါင်း နှစ်ဆယ်ကျော် ဘာသာပြန်ခြင်းခံခဲ့ရရုံမက အကြိမ်ကြိမ်ပြန်လည်ရိုက်နှိပ်ထုတ်ဝေခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် ပရာမိုးဒြ ကိုယ်တိုင်တောင်မှ ရေးသားခြင်းငှာ မစွမ်းသာလောက်အောင် ကြေကွဲဝမ်းနည်းစဘွယ် ဘ၀ဇာတ်လမ်းကို ခံစားခဲ့ရသူကတော့ တိုင်ဝမ်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသူ “ရှိမင်းတဲ့”( Shih Ming-Teh) ပါ။ ယနေ့မျက်မှောက်ကာလ တိုင်ဝမ်ရဲ့ ထူးထူးကဲကဲ ပွင့်လင်းလွတ်လပ်မှုဟာ တချိန်က တယောက်တည်း အထီးကျန်စွာ တိုက်ပိတ်ခံထားခဲ့ရစဉ် လွတ်လပ်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့ရတဲ့ “ရှိ” ရဲ့ ပေးဆပ်မှုအပေါ်မှာမှာလည်း မှီတည်နေခဲ့ပါတယ်။ ပထမတကြိမ် တသက်တကျွန်းကျခံဘို့ အမိန့်ချခံခဲ့ရတယ်။ သည့်နောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခြင်းခံရတယ်။ တခါ နောက်တကြိမ် ပြန်အဖမ်းခံရပြီး တသက်တကျွန်း ထပ်မံ ချမှတ်ခံရပြန်ပါတယ်။ ဒါပေမယ့် “ရှိ”ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် မမှိတ်မသုန် ယုံကြည်စိတ်ကို ကိုင်စွဲလို့ ဒူးထောက်အညံ့မခံဘဲ မလျှော့သောဇွဲလုံ့လနဲ့ အာဏာရှင်စနစ်ကို ကြံကြံခံ တော်လှန်တိုက်ပွဲဝင်ခဲ့ပါတယ်။

တိုင်ဝမ်ဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို တိုးတက်ပြောင်းလဲခဲ့တယ်ဆိုရင် စင်္ကာပူနိုင်ငံကတော့ ဆန့်ကျင်ဘက်လားရာကို နိုင်ငံရေးအခြေအနေ ဆုတ်ယုတ်ခဲ့ရပါတယ်။ အဲသည်ဖြစ်စဉ်မှာ “ချားတိုင်ဖိုး” (Chia Thye Poh ) ရဲ့ ကြိုးပမ်းမှုနဲ့ သူ့အကြောင်းကို ချန်လှပ်ထားလို့ မရပါဘူး။ အာရှတန်ဘိုးဆိုတဲ့ အတွေးအခေါ်အယူအဆ ဖခင်ကြီးဖြစ်သူ လီကွမ်းယူရဲ့ ၂၂ နှစ်တိုင်တိုင် မတရားချုပ်နှောင်ခြင်းကို ခံခဲ့ရပေမယ့် ချားတိုင်ဖိုးဟာ ကမ္ဘာနဲ့ တ၀ှမ်း ဒီမိုကရေစီအရေးအတွက် လှုပ်ရှားမှုအပေါ် ယုံကြည်ချက် တပြားသားမှ မလျော့ခဲ့ပါဘူး။ အဲဒီသူယုံကြည်တဲ့ ကမ္ဘာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကတော့ သူ့ကို ရက်စက်ကြမ်းကြုပ်တဲ့ စင်္ကာပူအစိုးရရဲ့ လက်ထဲမှာ နှစ်ပေါင်းများစွာ အထီးကျန် မေ့မေ့လျော့လျော့ စွန့်ပစ်ထားရစ်ခြင်း ခံခဲ့ရပါတယ်။ သူထောင်က လွတ်မြောက်လာတဲ့အထိတိုင်အောင် သူဘယ်သွားနိုင်တယ်၊ ဘယ်သူနဲ့ တွေ့ခွင့်ရှိတယ် စတဲ့ကိစ္စမှန်သမျှကို စင်္ကာပူအစိုးရကဘဲ ဆုံးဖြတ်ပါတယ်။

တောင်ကိုရီးယားက “ကင်မ်ဒေဂျုန်း” အတွက်ကတော့ ဒီမိုကရေစီကို ယုံကြည်မိတဲ့အတွက် နှစ်ပေါင်းများစွာ ပြည်နှင်ဒဏ်၊ နောက် အကျဉ်းဒဏ်၊ တကြိမ်မှာ လုပ်ကြံသတ်ဖြတ်ဘို့ ကြိုးစားခံရတဲ့အထိ တန်ဘိုးကြီးမားစွာ ပေးဆပ်ခဲ့ရပါတယ်။ ပတ်ချုံဟီး၊ ချန်ဒူးဝှမ် စတဲ့ သမ္မတတွေကို ဆန့်ကျင်တော်လှန်ခဲ့ရတဲ့ ကင်မ်ရဲ့ နိုင်ငံရေးတိုက်ပွဲတွေဟာ ဒဏ္ဍာရီတခုပမာအလား ထင်မှတ်ရလောက်အောင်ပါဘဲ။ သူဟာ နိုင်ငံရေးစစ်ပွဲကြားကနေ ရှင်သန်ခဲ့ပြီး ယနေ့အခါမှာ (ဤစာအုပ်ကို ရေးသားစဉ် ၁၉၉၈ ခုနှစ်မှာ) တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတရာထူးကို အောင်မြင်စွာ ဆက်ခံလျက်ရှိပါတယ်။

“ဘင်နီနွိုင်းအက်စ် အကီနို ဂျူနီယာ” ကို လုပ်ကြံသတ်ဖြတ်ရတဲ့ လူသတ်သမားတွေဟာ ပြည်ပမှာ သုံးနှစ်တိတိ ပြည်ပြေးဘ၀နဲ့ နေထိုင်ခဲ့ရာက ပြန်လာတဲ့ အတိုက်အခံခေါင်းဆောင် အကီနိုကို ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ လေယာဉ်ပေါ်ကနေ လေယာဉ်ကွင်းထဲကို ခြေချလိုက်တာနဲ့ မလွဲမချော် တည့်တည့်ချိန်ရွယ် ပစ်သတ်နိုင်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီ လုပ်ကြံသတ်ဖြတ်မှုကဘဲ အာဏာရှင် သမ္မတ ဖာဒီနန်မားကို့စ် ကို အာဏာကနေပြုတ်ကျသွားစေမယ့် တော်လှန်ရေးစနက်တံကို မီးညှိပေးလိုက်တော့တယ်။ မားကို့စ် ပြည်ပကို စွန့်ခွာထွက်ပြေးတဲ့အခါမှာ ဖိလစ်ပိုင်နိုင်ငံကို အာရှမှာ အမွဲတေဆုံးနိုင်ငံငယ်လေးတခုအဖြစ်နဲ့ နောက်မှာ ချန်ထားရစ်ခဲ့တယ်။ သူ့ရဲ့ ဆိုးရွားတဲ့အုပ်ချုပ်မှုကြောင့် ဖွတ်ဖွတ်ညက်ညက်ကျေပြီး ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်ကို ဖိလစ်ပိုင်နိုင်ငံသားတွေအဖို့ တစစီပြန်ကောက်ပြီး ပြန်လည် ထူထောင်ဘို့ ယနေ့တိုင် ကြိုးစားနေကြရဆဲ။

အာရှတွင်း ဆင်းရဲမွဲတေမှုသရုပ်ရဲ့ အထင်ရှားဆုံးသက်သေကတော့ မြန်မာပြည်ပါဘဲ။ စစ်အာဏာရှင်စနစ်ကနေ အမျိုးမျိုးအဖုံဖုံ ဘက်ပေါင်းစုံက မုဒိန်းကျင့်ခြင်းခံလိုက်ရပြီးတဲ့နောက်မှာ “ရွှေရောင်တိုင်းပြည်” ဆိုတာ နာမည်သက်သက်လောက်ဘဲ ကျန်ရစ်ခဲ့တော့တယ်။ အဲဒီအချိန်မှာ အခုလို ကြမ်းတမ်းရက်စက်တဲ့ စစ်အစိုးရကို ကြံကြံခံအံတုဘို့၊ အထူးသဖြင့် အဲဒီအာဏာရှင်တွေ ကြောက်ဒူးတုန်ခြောက်ခြားစေဘို့ အမျိုးသမီးတယောက် ထွက်ပေါ်လာခဲ့တယ်။ သေနတ်တွေ၊ လက်ပစ်ဗုံးတွေကို ကိုင်ဆောင်ပြီး ထွက်လာခဲ့တာမဟုတ်။ သို့သော် ကျိုးကြောင်းဆက်စပ်တဲ့ ဆင်ခြင်တုံတရားနဲ့ ပြန်လည်သင့်မြတ်ရေး သက်သက်ကိုသာ ကိုင်စွဲထားခြင်းဖြစ်တယ်။ “အောင်ဆန်းစုကြည်”ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်သူတွေအောက်မှာ လွတ်လပ်ရေးအတွက် မျှော်လင့်ချက် အိပ်မက်ဆိုတာ မမှီတဲ့ပန်းရယ်လို့တောင် တွေးထင်ယူဆနေကြရရှာတဲ့ သူမရဲ့ နိုင်ငံသားတွေအတွက် ဒီမိုကရေစီပန်းတိုင်ဆီကို မဆုတ်မနစ် ဆက်လက်ဆောင်ရွက်နေဆဲ။ ဒီစာအုပ်ကို ရေးနေတဲ့အချိန်မှာ အောင်ဆန်းစုကြည်ဟာ လူထုကို တွေ့ဆုံဘို့အတွက် ရန်ကုန်မြို့အပြင်ဘက်ကို ခရီးထွက်သွားလာခြင်းဖြင့် စစ်အစိုးရရဲ့ တားမြစ်ချက်ကို ဖီဆန်အံတုနေပါတယ်။ တနေ့ကျရင် ဗမာပြည်သူတွေရဲ့ ဆန္ဒအတိုင်း အောင်မြင်မှုရမယ်ဆိုတာ သံသယဖြစ်ဘွယ်မရှိပါဘူး။

အာရှရဲ့ အာဏာရှင်တွေဟာ သူတို့ရဲ့ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်ဘို့နဲ့ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အနောက်တိုင်းနိုင်ငံတွေထံက ပြစ်တင်ဝေဖန်မှုတွေကို ရှောင်လွှဲနိုင်ဘို့အတွက် ကွန်ဖြူးရှပ်ဝါဒအရေဆွဲခြုံထားတဲ့ “အာရှတန်ဘိုး” တွေကို အသုံးချလာပါတယ်။ ဒီမိုကရေစီစနစ်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးမပါဘူးလို့ ခုခံချေပနေသူတွေလည်း အမြဲရှိနေမှာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်က အာရှစီးပွားပျက်ကပ်ဟာ အာဏာရှင်စနစ်ရဲ့ လှိုက်စားနေတဲ့ အတွင်းသရုပ်ကို လှစ်ပြလိုက်နိုင်ပြီး၊ ပွင့်လင်းလွတ်လပ်မှုနဲ့ တာဝန်ခံမှုဟာ (တနည်းပြောရရင်) ဒီမိုကရေစီဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်အရေးပါတယ်ဆိုတာကို ပိုမိုပြတ်သားစွာ ထင်သာမြင်သာဖြစ်လာစေခဲ့ပါတယ်။

ဒါပေမယ့် ဒီအချက်ကလည်း အဓိက ပြောချင်တဲ့ အချက် မဟုတ်သေးဘူး။

တချို့က ဒီမိုကရေစီ ဆိုတာ အနောက်တိုင်းရဲ့ အတွေးအခေါ်အယူအဆ၊ ဒါကြောင့် အရှေ့တိုင်းယဉ်ကျေးမှု၊ အရှေ့တိုင်းသားတွေနဲ့ မသင့်လျော်ဘူးလို့ ချေပပြောဆိုကြတယ်။ တကယ်တမ်းကျတော့ ၁၉ ရာစုနဲ့ ၂၀ ရာစု တွေရဲ့ ကာလအပိုင်းအခြား တော်တော်များများမှာ အရှေ့တိုင်းနိုင်ငံတွေကို ကျွန်ပြုဖိနှိပ်အုပ်ချုပ်တဲ့တာက အနောက်တိုင်းသားတွေ။ အဲဒီလို ကျွန်ပြုအုပ်ချုပ်ခံရမှုကနေ လွတ်လပ်ရေးကို အသာတကြည် ရခဲ့ကြတာမဟုတ်။ တိုက်ယူခဲ့ကြရတာသာဖြစ်တယ်။ ပုန်ကန်မှုခြားနားမှုဟာ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ ဗီဇစိတ်ဘဲ။ အတိုပြောရမယ်ဆိုရင် “တန်းတူညီမျှရှိမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှု”ကို လိုချင်တောင့်တကြတာဟာ အနောက်တိုင်းရယ်မဟုတ်၊ အရှေ့တိုင်းရယ်လည်း မဟုတ်။ လွတ်လတ်မှုကိုမြတ်နိုးတဲ့ လူသားတွေရဲ့ မွေးရာပါ အခြေခံဗီဇစိတ်ကြောင့် သက်သက်ပါဘဲ။

ဒါပေမယ့် ဒီအချက်ကလည်း အဓိက ပြောချင်တဲ့ အချက် မဟုတ်သေးဘူး။

လူသားတွေဟာ သူ့တို့ရဲ့လွတ်လပ်ရေးကို ရပြီးတဲ့အခါ ကမ္ဘာလောကကြီးထဲမှာ အတူတကွ ယှဉ်တွဲနေထိုင်တတ်အောင် ကြိုးစားကြရမယ်။ အဲဒီကမ္ဘာလောကကြီးမှာ ဖရိုက်ဒေးဟာ ရော်ဘင်ဆင်ကရူးဆိုးရဲ့ အမှိုက်ပုံးကို သွန်ပေးစရာမလို။ ဖရိုက်ဒေးဟာ ရော်ဘင်ဆင်ကရူးဆိုးရဲ့ စားကြွင်းစားကျန်ကို စားစရာမလို။ လူလူချင်း တန်းတူညီမျှမှုရှိတယ်ဆိုတဲ့ အခြေခံသဘောတူညီချက်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဘို့အတွက် လူသားမျိုးနွယ်တရပ်လုံးက ကြိုးပမ်းနေကြတဲ့နေရာမှာ ဖရိုက်ဒေးကိုယ်တိုင်ကလည်း သူ့လူမျိုးတွေကို တလှည့်ပြန်ပြီး မဖိနှိပ်ရဘူး။

ဒီအချက်ဟာ အဓိက ပြောချင်တဲ့အချက်ပါဘဲ။

ကျနော်တို့တတွေဟာ နိုင်ငံရေးအပြောင်းအလဲတွေကို ပုံဖော်ပေးနေတဲ့ လှုပ်ရှားမှုတွေ၊ အင်အားစုတွေ၊ အယူအဆတွေ အကြောင်းကိုသာ ထပ်ဖန်တလဲလဲ ပြောကြဆိုကြပါတယ်။ ဒါပေမယ့် လူတဦးတယောက်ချင်း ခံစားကြုံတွေ့ဖြတ်သန်းရတဲ့ ပုဂ္ဂလိက နာကျင်မှုတွေ၊ မျက်ရည်တွေ၊ ကြောက်ရွံ့မှုတွေ၊ ကျိုးကြေသွားတဲ့ အရိုးတွေ၊ ကျိုးကြေသွားတဲ့ စိတ်ဓါတ်တွေ၊ ဒီမိုကရေစီရရှိဘို့အတွက် အာရှက အတိုက်အခံနိုင်ငံရေးသမားတွေ ကျော်ဖြတ်ရတဲ့ မှောင်မဲတဲ့ အကျဉ်းခန်းငယ်လေးတွေထဲက မှောင်မိုက်တဲ့ နှစ်ကာလအပိုင်းအခြားတွေကိုကျတော့ မသိလိုက်မသိဘာသာ မေ့ထားတတ်ကြတယ်။ ကျနော်တို့အများစုရဲ့ နှလုံးသားတွေဟာ မာကျောထူပိန်းလွန်းတဲ့အတွက်ကြောင့် ဒီအတိုက်အခံနိုင်ငံရေးသမားတွေက ကမ္ဘာလောကကြီးကို အော်ဟစ်အကူအညီတောင်းနေတဲ့အချိန်မှာ သူတို့ရဲ့ ခေါ်သံကို ကျနော်တို့အထဲက လူအနည်းငယ်မျှကသာ ကြားမိတတ်ကြတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီ အတိုက်အခံနိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ ယုံကြည်ချက်အတွက် သူတို့ရဲ့ မူလဦးတည်ချက်လမ်းကြောင်းကနေ မသွေမစောင်း ချီတက်ကြိုးပမ်းကြဆဲ။

အဲဒီလို ကြိုးပမ်းမှုဟာ ငွေကြေးအတွက်ကြောင့် မဟုတ်။ ငွေကြေးအတွက်ဆိုရင် လူတယောက်ဟာ အာဏာရှင်ကို ဆန့်ကျင်တာထက် ထောက်ခံလိုက်တာက သူ့အနေနဲ့ ငွေရေးကြေးရေးအရ ကြီးပွားချမ်းသာဘို့ အခွင့်အလမ်းများလို့ပါဘဲ။

အဲဒီလို ကြိုးပမ်းမှုဟာ ရရှိလာမယ့် အာဏာကို မက်မောလို့လည်း မဟုတ်။ ဘာကြောင့်လည်းဆိုတာ့ သူ့တို့ရဲ့ အသက်ဟာ အာဏာရှင်တွေရဲ့ လက်ထဲမှာ ဘယ်အချိန်ဆုံးပါးသွားမလဲဆိုတာ ဘယ်သူမှ ကြိုတင်မသိမြင်နိုင်တဲ့အတွက်ဘဲ ဖြစ်တယ်။

အဲဒီလို ကြိုးပမ်းမှုဟာ တချိန်ကျရင် လွတ်လပ်မှုကို ရရှိမှာ အသေအချာဘဲ ဆိုတဲ့ ယုံကြည်မှုအတွက် ကြိုးပမ်းနေကြခြင်းသာဖြစ်တယ်။

အာရှက သူရဲကောင်းတွေဟာ အာဏာရှင်နဲ့ တိုက်ပွဲဝင်တဲ့နေရာမှာ နယ်လ်ဆင်မန်ဒဲလားထက် သတ္တိမလျော့ကြဘူး။ တချို့သော အဖြစ်အပျက်တွေမှာဆိုရင် သူတို့ရဲ့ တိုက်ပွဲတွေဟာ မန်ဒဲလားအဖြစ်ထက်တောင် ပိုမိုခါးသီးလှပါတယ်။ သူတို့ရဲ့ တိုက်ပွဲတွေဟာ အာရှသား အချင်းချင်းအကြား ဖြစ်တဲ့ ရုန်းကန်မှုတွေဖြစ်တာမို့ သူတို့ရဲ့ အဖြစ်အပျက်ဇာတ်လမ်းတွေဟာ လူဖြူက လူမဲကို နှိပ်ကွပ်လို့ တော်လှန်ရတဲ့ ဇာတ်လမ်းတွေလောက် လူတွေရဲ့ ခံစားချက်ကို မလှုပ်နှိုးနိုင်ဘူး။ လူသိလည်း မများလှဘူး။

တချို့လည်း သူတို့ရဲ့တိုက်ပွဲက ပြီးဆုံးအောင်မြင်သွားကြပြီ။ တချို့လည်း ဆက်လက် ရုန်းကန် တိုက်ပွဲဝင်ကြဆဲ။ သူတို့ဟာ ဘယ်လိုကြမ္မာနဲ့ဘဲ ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ အာရှရဲ့ သမိုင်းကြောင်းမှာတော့ ဖျောက်ဖျက်လို့မရတဲ့ အမှတ်အသားတခုကိုတော့ အသေအချာ ထားရစ်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့ ရဲရဲတောက် သတ္တိဟာ ဒေသတွင်း ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် ရှေ့ဆက်လှုပ်ရှားမှုမှာ မှတ်ကျောက်အဖြစ် တည်ရှိနေမယ်။

သူတို့ရဲ့ ဇာတ်ကြောင်းတွေကို နားထောင်လိုသူများအတွက်၊ သူတို့အပေါ် စာနာဖေးမလိုသူများအတွက်......................။

(ဒေါက်တာချီဆွမ်းဂျွမ်ရေးသားသော “To be free” ဆိုတဲ့ စာအုပ်မှ နိဒါန်းကို ဘာသာပြန်ခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် အထက်တွင်ဆိုခဲ့သော သူရဲကောင်းတယောက်ချင်း၏ ဘ၀နှင့်အားမာန်ကို အလျဉ်းသင့်သလို ဘာသာပြန်ဆိုပေးသွားပါမည်။ ပထမဦးဆုံးအနေနှင့် တိုင်ဝမ်မှ ဒီမိုကရေစီအရေးလှုပ်ရှားခဲ့သူ ရှိမင်တဲ့ ၏ ဘ၀ဇာတ်လမ်းဖြင့် စတင်ပါမည်။)

Read more

“အမှတ်တမဲ့...အမှတ်တရ ပုံရိပ်များ”

တခါတလေကျတော့လည်း ရှေးရှေးနှောင်းနှောင်းက ဓါတ်ပုံအဟောင်းတွေဟာ မထင်မှတ်ဘဲ တွေးတောစရာတွေကို ပေးနေတတ်ပြန်တယ်။


ဒေါက်တာချီဆွမ်းဂျွမ်နှင့် ဒေါ်အောင်ဆန်းစုကြည်



လီကွမ်းယူ နှင့် ဆူဟာတို

ဒီဓါတ်ပုံတွေကို ဒီလင့်ကနေ ရယူထားပါတယ်။
Read more

“ဖြောင့်တယ် မတ်တယ် ဆိုတာ...”

“သဗ္ဗေမနုဿတ္တ ညေနဘာယီအဝေါဿသောက္ထပေး....”

ဤကား ကျွန်ုပ်တို့၏ အကောင်းစားလေး ညောင်ရမ်းဂွတို ညနေဘက်တွင် ရွတ်လေ့ရွတ်ထ ရှိသော သစ္စာဂါထာ ဖြစ်ပါတယ်။

အနက်အဓိပ္ပါယ် မြန်မာပြန်မှာ “ သဗ္ဗေ...ခပ်သိမ်းကုန်သော၊ မနုဿတ္တ....မနုဿ လူသားအပေါင်းတို့သည်၊ ညေန...ညနေချမ်းတွင်၊ ဘာယီ....ဘီယာဆိုသောအရည်ကို၊ အဝေါဿ....အ၀သောက်မိသည်ရှိသော်၊ သောက္ထပေး...အမှန်စင်စစ် သေးထပေါက်ရကုန်၏။”

ညောင်ရမ်းဂွတိုဆိုတာ ဒီလိုဒီလို.. မှန်သော သစ္စာစကားကို ဆိုတတ်တယ်။ ဖြောင့်မတ်တယ်ပေါ့ကွယ်။
“ဖြောင့်တယ် မတ်တယ် ဆိုတာ၊ ဘယ်လိုဟာများ ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောစမ်းပါ နှမတော်လေးရယ်...အယ်” ....အဟိ ရွှေမန်းတင်မောင်အသံလေးနဲ့ မတူဘူးလားခင်ညာ။

ဖြောင့်မတ်တဲ့အကြောင်းပြောလို့ ညောင်ရမ်း လိုဘဲ လေးကိုင်းပမာ အင်မတန်မှ ဖြောင့်မတ်လွန်းတဲ့ ဘဘလီကွမ်းယူကို သတိရတယ်။ ဘဘလီက ဖြောင့်မတ်မှု (Integrity)နဲ့ ပတ်သက်လာရင် အင်မတန် ဂုဏ်ယူတဲ့သူ။ သူ့ဖြောင့်မတ်မှုကို တစုံတယောက်က သံသယနဲ့ မေးခွန်းထုတ်လာရင်တောင် လုံးဝသည်းမခံဘူး။ အသရေဖျက်မှုနဲ့ ချက်ချင်း တရားစွဲပစ်တာမျိုးကလား။

ဒါပေမယ့် ပြီးခဲ့တဲ့ ဒေါက်တာချီးတို့မောင်နှမ နဲ့ ဘဘလီတို့ သားအဖ တရားခွင်မှာ ရင်ဆိုင်တွေ့ခဲ့ကြတုန်းက.........

ဘဘလီ ပြောခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်းက စာပို့တယ်ဆိုတဲ့ ကိစ္စဟာ မဟုတ်မမှန်ပါဘူးလို့ ရှေ့နေအသင်းကနေ ဖြေရှင်းရှာသတဲ့။

တရားရုံးတော်မှာ ကျမ်းကျိန်ပြီးမှ မမှန်မကန်လီဆည် သက်သေထွက်ဆိုခဲ့ရင် Perjury ခေါ်တဲ့ သက်သေလိမ်ထွက်မှုနဲ့ အပြစ်ဒါဏ်ကျခံရတတ်ပါတယ်။ အခုအမှုမှာ ဘယ်သို့ဘယ်ပုံ ဖြစ်လာမလဲ။ ငွေရောင်ပိတ်ကားကြီးပေါ်မှာ ရှုစားတော်မူကြပါ။ ဒန်တန့်ဒန်....

စင်္ကာပူရဲ့ တရားရေးဟာ တကယ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှုရှိတဲ့ တရားရေးစနစ်လားဆိုတာ ညောင်ရမ်းဂွတိုလို အင်မတန် စပ်စုတတ်တဲ့သူအတွက် အင်မတီး အင်မတန် စိတ်ဝင်စားဘို့ ကောင်းနေပါပြီ။

အသေးစိတ်ကို ဒီမှာ သွားဖတ်ပါ။

ဒါထက် စကားမစပ် ဘလော့ဂ်လာ မိတ်သဟာပေါင်းကို ကျွန်ုပ်တို့၏ အကောင်းစားလေး ညောင်ရမ်းဂွတိုရဲ့ ဖြောင့်မတ်မှုနဲ့ ပတ်သက်ပြီး မေးခွန်းမထုတ်ဘို့ ဒီနေရာကနေ အတိအလင်း သတိပေးလိုက်ပါရစေ။ အသရေဖျက်မှုနဲ့ တရားစွဲပစ်လိုက်မယ်နော်။ ဘာမှတ်လဲ....ညှင်းညှင်းညှင်း
Read more

“အာရှရဲ့ ဖရိုက်ဒေးများအကြောင်း(ပထမပိုင်း)”



ဘင်ဂျမင်ဖရန်ကလင်က ပြောတယ်။ ဘ၀မှာ သေချာတာ နှစ်ခုဘဲ ရှိသတဲ့။ တခုက သေခြင်းတရား၊ နောက်တခုက အခွန်အတုပ်များ။ ကျနော်က နောက်တခု ထပ်တိုးလိုက်ချင်ပါသေးတယ်။ အဲဒါကတော့ “ဖိနှိပ်ခြင်း” ပါ။

လူအဖွဲ့အစည်းမှာ လူတယောက်ထက်ပိုရှိနေသမျှ လူဟာ လူအချင်းချင်း လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်ဘို့ ကြိုးစားတတ်ပါတယ်။

ရော်ဘင်ဆင်ခရူးဆိုးက သူ့တပည့် ဖရိုက်ဒေးကို ပြောတယ်။

“ဖရိုက်ဒေး..ရေ။ ငါ ၀မ်းနည်းပါတယ်ကွာ။ ငါမင်းကို အလုပ်ကဖြုတ်ပစ်ရတော့မယ်။”

“ဗျာ။ သခင်....ဘာအတွက်ပါလဲ ခင်ဗျာ”

“ဘာကြောင့်လဲဆိုတော့ မင်းသိတဲ့အတိုင်း ပြီးခဲ့တဲ့နှစ်က သီးနှံတွေ လိုအပ်တာထက် ပိုပြီး အထွက်တိုးခဲ့တယ်။ ဒီနှစ်မှာ ထပ်ပြီး စိုက်ပျိုးစရာမလိုတော့ဘူး။ ဆိတ်သားရေတွေ ဆိုတာကလည်း ငါ့တသက် သုံးမကုန်အောင် များပြားနေပြီ။ ငါ့အိမ်ကလည်း ပြုပြင်စရာမလိုသေးဘူး။ သောင်ပြင်က လိပ်ဥတွေကိုလည်း ငါ့ဘာသာ ငါသွား တူးနိုင်တယ်။ ဒီတော့ အခု ထုတ်ကုန်က လိုအပ်တာထက် ပိုနေပြီ။ မင်းကို ငါလိုအပ်ရင် လှမ်းခေါ်လိုက်မယ်။ အခုလောလောဆယ်တော့ မင်းဒီမှာ နေစရာမလိုတော့ဘူး။”

“ကောင်းပါပြီ...သခင်။ ဒါဆိုလည်း ကျနော့်ဘာသာ သီးနှံစိုက်စားတော့မယ်။ ကျနော့်ဘာသာ တဲတလုံးဆောက်နေမယ်။ လိပ်ဥနဲ့ သစ်သီးတွေ ကျနော့်ဟာကျနော် တူးပြီး၊ ခူးပြီး သယ်မယ်။ ဒီလိုနဲ့ အဆင်ပြေအောင် နေသွားနိုင်မှာပါ။”

“နေပါဦး...ဖရိုက်ဒေးရ။ မင်းက အခုပြောခဲ့တာတွေကို ဘယ်မှာ သွားလုပ်မှာတုန်း”

“ဒီကျွန်းပေါ်မှာဘဲပေါ့...သခင်”

“ဒီကျွန်းကို ငါပိုင်တယ်ဆိုတာ မင်းသိတယ်မို့လား၊ မင်းကို အဲဒါတွေ လုပ်ဘို့ ငါခွင့်မပြုနိုင်ဘူး။ အဲဒါတွေလုပ်ကိုင်ခွင့်ရဘို့အတွက် ငါတောင်းတဲ့ တန်ရာတန်ကြေးကို မင်းမပေးနိုင်မှတော့ ဒီကျွန်းကို ငါပိုင်တယ်ဆိုတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲကွ”

“ဒါဆိုလည်း ကျနော့်ဟာကျနော် လှေတစင်းထွင်းပြီး ပင်လယ်ထဲမှာ ငါးဖမ်းစားမယ်။ ပင်လယ်ကြီးကိုတော့ သခင် မပိုင်ဘူးမို့လား”

“မင်းငါးဖမ်းစားတာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်းလှေကို ဆောက်တဲ့အခါမှာတော့ ငါ့ကျွန်းပေါ်မှာ ရှိတဲ့ သစ်ပင်တွေကို မသုံးရဘူး။ ငါ့ ကျွန်းပေါ်မှာလည်း ဆောက်ခွင့်မပေးနိုင်ဘူး။ ငါ့ကမ်းခြေတွေကိုလည်း မင်းလှေဆိုက်ကပ်ရာ ဆိပ်ကမ်းအဖြစ် အသုံးပြုခွင့် မပေးနိုင်ဘူး။ ငါ့ရေပိုင်နက်နဲ့ လွတ်ကင်းရာမှာ သွားဖမ်းချေ။”

“ကျနော် အဲဒီလို မတွေးမိလို့ပါ သခင်။ ဒါပေမယ့် လှေမရှိဘဲလည်း ကျနော် ငါးဖမ်းတတ်ပါတယ်။ ဟောဟိုမှာ မြင်နေရတဲ့ ကျောက်ဆောင်ဆီကို ကျနော် လက်ပစ်ကူးသွားပြီး ငါးဖမ်းစားမယ်။ ပြီးတော့ စင်ရော်ဥတွေကို နှိုက်မယ်။”

“မရဘူး ဖရိုက်ဒေး။ အဲဒီကျောက်ဆောင်က ငါပိုင်တယ်။ ငါ့ရေပိုင်နက်အတွင်းမှာ ကျရောက်နေတယ်။“

“ဒါဆို ကျနော် ဘာလုပ်ရမလဲဟင်၊ သခင်”

“အဲဒါကတော့ မင်းပြဿနာဘဲ၊ ဖရိုက်ဒေးရ။ မင်းဟာ လွတ်လပ်တဲ့ လူတယောက်ဘဲ။ မင်းသိတဲ့အတိုင်း ဒီကျွန်းပေါ်မှာ ပုဂ္ဂလ လွတ်လပ်ခွင့်အပြည့်ရှိပြီး ကိုယ်ထူကိုယ်ထ စနစ်ကို ထိန်းသိမ်း ကျင့်သုံးနေတာ မဟုတ်လား။ ”

“အဲဒီလိုဆိုရင်တော့ သေချာပေါက် ကျနော် အစာငတ်သေမှာဘဲ၊ သခင်။ ကျနော် ဒီကျွန်းမှာဘဲ အစာငတ်သေတဲ့အထိ နေပါရစေ။ ဒါမှမဟုတ် သခင့်ရေပိုင်နက်ကို ကျော်တဲ့အထိ ရေကူးသွားပြီး အဲသည်မှာဘဲ ရေနစ်သေချင်သေ၊ ဒါမှမဟုတ်၊ အစာငတ်သေချင်သေ၊ အဲဒီလို လုပ်ရမလား။”

“နေဦးကွ၊ ငါတခု စဉ်းစားမိတယ် ဖရိုက်ဒေး။ တနေ့တနေ့ ငါ့အမှိုက်ပုံးကို ကမ်းခြေကို သယ်သွားပြီး စွန့်ပစ်ရတဲ့အလုပ်ကို ငါမလုပ်ချင်ဘူး။ မင်းဒီမှာဘဲ နေပြီး အဲဒီအလုပ်ကို မင်းလုပ်ချင်ရင် လုပ်လို့ရတယ်။ ငါ့ခွေးနဲ့ ငါ့ကြောင် စားလို့ ကျန်သမျှ မင်းစားလို့ရတယ်။ အေးလေ...မင်းတကယ့်ကို ကံထူးတဲ့လူပါဘဲ ငါ့လူရေ။”

“ကျေးဇူးတင်ပါတယ် သခင်။ အင်မတန် ရက်ရောလှပါတယ်။”

“နေဦးကွ။ ကျန်သေးတယ်။ အခုဆိုရင် ဒီကျွန်းပေါ်မှာ လူနှစ်ယောက်ရှိတဲ့အတွက် လူဦးရေက လိုတာထက် သိပ်သည်းနေပြီ။ ပြီးတော့ လူဦးရေရဲ့ ထက်ဝက်က အလုပ်လက်မဲ့ဖြစ်နေတယ်။ ဒီအတွက် ငါတို့ဟာ စီးပွားရေးကျဆင်းမှုဒဏ်ကို ခံနေရပြီ။ ဒီစီးပွားကျဆင်းမှုရဲ့ နိဂုံးကို ငါအခုထိ လှမ်းမမြင်နိုင်သေးဘူး။ ဖြီးဖြန်းပြောတတ်တဲ့ လူမျိုးကလွဲလို့ ဘယ်သူမှ စီးပွားပျက်ကပ်ရဲ့ နိဂုံးကို မြင်ရတယ် ပြောကြမှာမဟုတ်ဘူး။ ဒီတော့ မင်း ကမ်းခြေကနေ သေသေချာချာ စောင့်ကြည့်။ ဘယ်သူ တဦးတယောက်မှ ဒီကျွန်းကို တက်မလာစေနဲ့။ တကယ်လို့ သဘောင်္တစီးတလေ ဆိုက်ကပ်လာရင်တောင် ဘာကုန်ပစ္စည်းမှ မချပစေနဲ့။ မင်းကို ပြည်ပလုပ်အား (Foreign labour) ကနေ ကာကွယ်ပေးရမယ်။ ဒါပေမယ့် အခု အခြေအနေအရပ်ရပ်ကတော့ ကောင်းနေပါပြီ။ မကြာခင် စီးပွားရေး ပြန်လည်ဦးမော့ပြီး ကြွယ်ဝချမ်းသာမှုက တကြော့ပြန်လည်လာဦးတော့မှာ။”

ဖရိုက်ဒေးဟာ တခါတရံတော့ ခရူးဆိုးရဲ့ ဒီလှည့်ကွက်တွေကို သဘောပေါက်သလိုလိုရှိတယ်။ တခါတခါကျတော့လည်း သဘောမပေါက်ဘူး။ ဒါပေမယ့် သူလုံးလုံးသဘောပေါက်တဲ့ အချိန်မှာတော့ ငရဲပွက်တော့တာပါဘဲ။

ဒုတိယ ကမ္ဘာစစ်အပြီးမှာ အာရှမှာ အဲဒီလိုဘဲဖြစ်ခဲ့တယ်။ အာရှမှာရှိတဲ့ ပြည်သူတွေဟာ သူတို့ကို အုပ်ချုပ်နေတဲ့ ဥရောပသားတွေကို ဆက်လက် ရိုကျိုးအညံ့ခံဘို့ မတန်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ အထူးသဖြင့် ဂျပန်ဘုရင့်တပ်မတော်က အဲဒီ ဥရောပသားတွေကို အကြိမ်ကြိမ် အနိုင်ရလိုက်ပြီးတဲ့အခါမှာပေါ့။

ဒါကြောင့် ပြင်းပြလာတဲ့ အမျိုးသားရေး ကြွေးကြော်သံတွေနဲ့အတူ၊ ဒေသခံတွေဟာ သူတို့ရဲ့ အုပ်ချုပ်သူ ခရူးဆိုးတွေကို စတင် စစ်ကြေညာတိုက်ခိုက်ကြတော့တယ်။ အာရှက ဖရိုက်ဒေးပေါင်းမြောက်များစွာဟာ တန်းတူရည်တူရှိမှု နဲ့ လွတ်လပ်မှု ကို လိုချင်လာကြတယ်။ သူတို့ရဲ့ အရှင်သခင်ဟောင်းတွေကို သူတို့မြေပေါ်က တိုက်ထုတ်ကြတဲ့နေရာမှာ ဘယ်အရာကမှ သူတို့ကို တားဆီးလို့မရတော့ဘူး။

အင်ဒိုနီရှားလူမျိုးအများစုက ဘုရားတဆူလို ကိုးကွယ်တဲ့ ဆူကာနိုဟာ ဒတ်ခ်ျတွေကို အင်ဒိုနီးရှားကျွန်းစုတွေကနေ အပြီးတိုင် မောင်းထုတ်လိုက်နိုင်ပါတယ်။

စင်္ကာပူမှာလည်း ၁၉၅၆ ခုနှစ်မှာ ဗြိတိသျှတွေကို ဆန့်ကျင်တဲ့ စူးရှတဲ့ အသံတသံထွက်ပေါ်လာပါတယ်။ “ဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် ချွင်းချက်မရှိ ယုံကြည်ရမယ်”။ အဲဒီအချိန်တုန်းက အတိုက်အခံ အမတ်ငယ်တယောက်ဖြစ်တဲ့ လီကွမ်းယူဟာ ကိုလိုနီအရှင်သခင်များနဲ့ ထိပ်တိုက်ရင်ဆိုင်ကာ နောက်ဆုံး ဗြိတိသျှတွေ ဖျာလိပ်ပြီး ပြန်သွားတဲ့အထိ အဲဒီတောင်းဆိုချက်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

ကွာလာလမ်ပူရဲ့ မြောက်ဖက်ဆီကနေပြီး စလာလိုက်တဲ့ မာဒေးကား ကြွေးကြော်သံဟာလည်း လန်ဒန်မှာရှိတဲ့ အနိုင်ကျင့်ဗိုလ်ကျသူတွေကို တုန်လှုပ်စေပြီး ၁၉၅၇ခုနှစ်မှာ မလေးရှားဟာ ကိုလိုနီကနေ ကွန်ဂရက်စ်အဖြစ်ကို အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပါတယ်။

အင်ဒိုချိုင်းနားကျွန်းဆွယ်က ပြင်သစ်တွေဟာလည်း ၁၉၇၀ ခုနှစ်များအတွင်း ဒိန်ဘင်ဖူးတိုက်ပွဲအပြီးမှာ သူတို့လက်အောက်ခံတွေရဲ့ တွန်းလှန်ပုန်ကန်မှုတွေရဲ့ ဖိအားကို မခံနိုင်တော့ဘဲ နောက်ဆုံး အရှုံးပေးလိုက်ရပါတော့တယ်။

ဖိလစ်ပိုင်မှာတော့ “အညိုရောင်ညီအကိုများ”ဟာ ယန်ကီမန်းကီး တွေကို သူတို့တိုင်းပြည်ကနေ ထွက်ခွာသွားဘို့ တိုက်ထုတ်တဲ့နေရာမှာ ခွန်အားတိုးမြှင့်လို့ လာခဲ့ပါတယ်။

မြန်မာပြည်မှာလည်း ရဲဘော်သုံးကျိပ်ဟာ ဗြိတိသျှတွေလက်က မြန်မာပြည်ကို လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ရယူနိုင်ခဲ့ပါတယ်။

တရုတ်ပြည်သူများဟာလည်း နောက်ဆုံးမတော့ သူတို့အမိမြေကို တာရှည်သဖြင့် အရှက်ခွဲ အနိုင်ကျင့်လွှမ်းမိုးနေတဲ့ ပြည်ပက မကောင်းဆိုးရွားတွေကို သူတို့မြေပေါ်ကနေ အပြီးတိုင် ဖယ်ရှားလိုက်နိုင်တယ်။

အဲဒီအချိန်ကာလတွေဟာ ပြင်းပြတဲ့ အမျိုးသားစိတ်တွေနဲ့ တငြီးငြီးတောက်လောင်နေတဲ့အချိန်ပေါ့။ နောက်ဆုံးမတော့ ဖရိုက်ဒေး ဆိုတဲ့ လူသားဟာ အသိဉာဏ်ပွင့်လင်းလာပြီး လိမ္မာပါးနပ်လာကာ သူ့ပိုင်ဆိုင်မှုကို သူပြန်လိုချင်လာခဲ့တော့တယ်။

ဒါပေမယ့် ပုံပြင်က ဒီမှာတင် အဆုံးသတ်မသွားဘူး။

လွတ်လပ်ရေးအောင်ပွဲအတွက် ပျော်ရွှင်ဝမ်းမြောက်မှု အသံတွေမစဲခင်မှာဘဲ လွတ်လပ်သော ပြည်သူပြည်သားတွေရဲ့ ခေါင်းဆောင်လုပ်သူများဟာ သူတို့ပြည်သူတွေအပေါ်မှာ စတင်ပြီးတော့ ဖိနှိပ်မှုတွေ၊ ကြမ်းကြုတ်ရက်စက်မှုတွေကို စတင် လုပ်ဆောင်လာခဲ့တော့တယ်။ (ဆက်ရန်)

(ဒေါက်တာချီဆွမ်းဂျွမ်ရေးသားသော To Be Free စာအုပ်မှ စကားချီးကို နှစ်ပိုင်းခွဲ၍ ဘာသာပြန်ခြင်းဖြစ်သည်။ ဒုတိယပိုင်း (ဇာတ်သိမ်းပိုင်း)ကို မကြာမီ တင်ပေးပါမည်။ ဤစာအုပ်တွင် အာရှမှ ဒီမိုကရေစီ သူရဲကောင်းများဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဘီနီနွိုင်းအကီနို(ဖိလစ်ပိုင်)၊ ပရမိုးဒယ အနန္တတောဝါ (အင်ဒိုနီးရှား)၊ ကင်မ်ဒေဂျုန်း (တောင်ကိုရီးယား)၊ ရှိမင်တေ (တိုင်ဝမ်)၊ ချားတိုင်ဖိုး (စင်္ကာပူ) တို့၏ ရဲရဲတောက် ရုန်းကန်လှုပ်ရှားမှုများကို စိတ်ဝင်စားဖွယ် ရေးသားထားသည်။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs