“၀ါးဟားဟားဟား”

ခွင့်လွှတ်ကြပါ....ကွယ်ရို့။

ဝမ်းထဲကနေ ကျလိ....ကျလိ...ဆိုပြီး တလိပ်လိပ်နဲ့ လှိမ့် လှိမ့်တက်လာတော့လည်း ပါးစပ်ကနေ အဟိ..အဟိ...ဖြစ်သွားမိတာ မဆန်းပါဘူး။ ကျနော်မောင်ပေါ တယောက် ဘာတွေများ မပြုံးဘဲနဲ့ ၀ါးလုံးကွဲနေသလဲ သိချင်ကြမယ်ထင်ပါရဲ့။

အောက်ပါသတင်းလေးကို ဖတ်ကြည့်ပါ။ ကမ္ဘာပေါ်မှာ ပထမတန်းစားနိုင်ငံ (First World Country) ဆိုပြီး (အုပ်ချုပ်သူ အစိုးရက) ကိုယ့်တိုင်းပြည်ကိုယ် သမုတ်တတ်သော၊ အင်မတန်မှ ခေတ်မီတိုးတက်သော၊ အင်မတန်လုံခြုံသည်ဟု နာမည်ကျော်ကြားသော (ညအချိန် လမ်းထွက်လျှောက်တောင် ဘာမှမဖြစ်ဘူးလို့ အဆိုရှိတယ်)၊ အင်မတန် စွမ်းရည်ထက်မြက်သော လုံခြုံရေးတပ်ဖွဲ့ဝင်များရှိသည်ဟု ဆိုသော စင်္ကာပူသမ္မတ နိုင်ငံတော်ကြီးတွင် ဖြစ်ပျက် သွားခြင်းပါ။

http://www.straitstimes.com/Latest%2BNews/Singapore/STIStory_211064.html

အဖြစ်အပျက်ကို အတိုချုပ်ပြောရလျှင် စင်္ကာပူနိုင်ငံမှ ရထားလမ်းများ၊ ဘူတာရုံများ၊ ချန်ဂီလေဆိပ် အစရှိသည်တို့ကို ဗုံးဖောက်ခွဲရန်ကြံစည်ခဲ့ဘူးသော ဂျမားအစ္စလမ်းမီးယား အဖွဲ့ခေါင်းဆောင်ဖြစ်သူအား အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ဖမ်းမိပြီးနောက် စင်္ကာပူအာဏာပိုင်များ လက်သို့ အပ်လိုက်ပါသည်။ ထို အကြမ်းဖက်ခေါင်းဆောင်သည် ယခု စင်္ကာပူ အိုင်အက်ဒီ (ပြည်တွင်း လုံခြုံရေး ဌာန) လက်အောက် အကျဉ်းစခန်းတခုတွင် ထိန်းသိမ်းထားရာမှ ယနေ့ ထွက်ပြေး လွတ်မြောက်သွားပါသည်။ ယခု ဤပို့စ်ကို ရေးနေစဉ်အထိ ဖမ်းမမိသေး။ ရဲများ ဒေါင်းတောက်အောင် မြေလှန်ရှာနေကြပါသည်။ လွတ်မြောက်ထွက်ပြေးသူ အကြမ်းဖက်သမားသည်ကား သန်သန်စွမ်းစွမ်းမဟုတ်။ ခြေတဖက်မသန်။

အမှန်တကယ်တော့ ထိုသူ လွတ်မြောက်ထွက်ပြေးသွားခြင်းသည် အင်မတန် အန္တရာယ်များသည့် ကိစ္စဖြစ် သည်။ မထင်မှတ်သောသူများကို ဓါးစားခံ လုပ်နိုင်သည်။ လူစည်ကားရာနေရာများတွင် အန္တရာယ်ပေးနိုင်သည်။ လုံခြုံရေး အင်မတန်ပေါ့လျော့သည်ဟု ဆိုရပေမည်။

First World Countries များတွင်တော့ ဤအဖြစ်အပျက်မျိုး ဖြစ်ပါက တာဝန်ရှိသူ ပြည်ထဲရေး ၀န်ကြီး နှုတ်ထွက်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေါ့။ စင်္ကာပူမှာ တနှစ်တနှစ် ဒေါ်လာသန်းချီပြီး လုပ်ခ ရယူနေသော ပထမတန်းစား ပြည်ထဲရေးဝန်ကြီး ဦးဦး ဝေါင်ကန်ဆင်း တယောက်ရော အဲဒီလို ရဲရဲကြီး တာဝန်ယူရဲပါမည်လော မပြောတတ်။





ဒီလို ဒီလို လုံခြုံတဲ့ နိုင်ငံကြီးမှာ ဖြစ်သွားတာနော်.........


ကြည့်ရတာ လူဆိုးက ထွက်မပြေးခင်မှာ ဓါတ်ပုံထဲက ကွန်မန်ဒိုရဲ့ ခေါင်းစွပ်ကို မျက်စိနဲ့ အပေါက်နဲ့ လွဲသွားအောင် ဆွဲလှည့် သွားသေးတယ်ထင်တယ်... ခွိခွိ။ ဟိုကောင် တော့ ခေါင်းစွပ်နဲ့ နပန်းလုံးပြီး ကျန်ခဲ့မှာပေါ့။




Read more

“အချစ်ဆေးရောင်စုံ”

ဗယ်လင်တိုင်းဒေး ကတော့ ကျော်သွားချေပြီတမုံ့။ မနေ့ကတော့ သူများတကာတွေ “ချစ်ချင်းငယ် ပြိုင်”နေကြတာကိုဘဲ လျှောက်ဖတ်နေလိုက်မိသည်။ သြော် ဗမာစကား.. ဗမာစကား။ အချစ်အကြီးပြိုင်တာကိုဘဲ ကဗျာလေး စာလေးနဲ့ ဖွဲ့လိုက်တော့ “ချစ်ချင်း....ငယ်...ပြိုင်” ဖြစ်ရသေးတော့နော်။ ဧကန္တတော့ အနောက်နန်းမတော် မမြကလေးက သူ့လင် ရှင်ဘုရင်ကို စိတ်နာလို့ တကယ်တမ်းမှာ စိတ်ကုန်နေပြီဆိုတာကို တဖက်လှည့်နဲ့ မသိမသာ....

“ချစ်ချင်းငယ်ပြိုင် မြစ်မင်းပိုင်အဏ္ဏ၀ါက ပြန်မသာကဲ....။
ယွင်းစေ့ဝသုန် ငွေစန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ငယ်မှာ
ဘယ်မေ့လိမ့်လဲ” လို့ သူ့ရဲ့ ချစ်သမျှကို ပတ်ပျိုးမှာ ဟိုလိုလို ဒီလိုလို ရေးခဲ့တာထင်ပါ့...။ ပထမအပိုဒ်မှာ ဆဲလုံးလေးတောင် ပါလိုက်သေး.....။

သြော်....ဗယ်လင်တိုင်းနေ့ဆိုတော့ ချစ်သူတွေနဲ့ ပတ်သက်ပြီး စဉ်းစားလိုက်တဲ့အခါ အပေါင်းအသင်း မြှောက်ပေးလို့ ဒုက္ခရောက်ရတဲ့ ငနဲသား နှစ်ယောက်ရဲ့ မျက်နှာကို ကွက်ကနဲ ပြေးမြင်မိတယ်။

ပထမ တယောက်အကြောင်းက ဂလို။ ကျနော်မလေးရှားမှာ အလုပ်လုပ်တော့ ဗမာအင်ဂျင်နီယာ လေးယောက် တအိမ်တည်း အတူစုပြီး နေကြရတယ်။ အဲသည်လေးယောက်အနက် တယောက်က ကျန်သုံးယောက်ထက် ၅ နှစ်လောက် အတန်းကြီးတဲ့သူ။ ရည်းစားလက်ရှိနဲ့။ ကျန်သုံးယောက်က ရည်းစားဆိုလို့ မူးလို့ ရှူစရာမရှိဆိုတော့ အနှီပုဂ္ဂိုလ်ကြီးက ဟိုဒင်းတောမှာ လူချောဖြစ်နေတာပေါ့လေ။ အဲသည်ထဲမှာ တယောက်က အချစ်ရေးရာကိစ္စမှာ လုံးဝဥဿုံ မဘုတ်ဆုံ လို့ ပြောရ လောက်အောင် ဒုန်းဝေးသူ။ ကဗျာတွေ စာတွေနဲ့လည်း မယဉ်ပါး။ တခါတလေ အဲဒီ ရည်းစားလက်ရှိနဲ့ ပုဂ္ဂိုလ်က သူတက္ကသိုလ်ကျောင်းသားဘ၀ သွားခဲ့လာခဲ့တဲ့ နေရာလေးတွေကို လွမ်းလွမ်းဆွေးဆွေး တမ်းတတတ်တယ်။

“ငါကွာ....ငါ့အသည်းလေးနဲ့ ဒီအချိန် ပုဂံလမ်းမှာ လျှောက်ခဲ့တာကို သတိရတယ်ကွာ....” ဆိုတာမျိုးပေါ့။

အဲသည်အခါမျိုးမှာ ခုနက ကိုဒုန်းဝေးက “ကိုဉာဏ်၊ ပုဂံလမ်းဆိုတာ ဘယ်နေရာမှာလဲဗျ၊ သစ်ပုတ်ပင်ဆိုတာ ဘာကြီးလဲဗျ” စသဖြင့် အူကြောင်ကျားမေးခွန်းတွေ ထ ထမေးတတ်တယ်။ ဟိုပုဂ္ဂိုလ်ခမျာ စိတ်လေရှာတာပေါ့။ လွမ်းရတာတောင် မပီပြင်နိုင်တော့ဘူးမို့လား။

အဲ...တနေ့တော့ အဲသည် ဒုန်းဝေးတဲ့ ပုဂ္ဂိုလ်ဟာ၊ သဘာဝရဲ့ နိယာမတရားကြီးကြောင့်ဘဲ ပြောရမလား၊ ဟိုရည်းစားလက်ရှိပုဂ္ဂိုလ်ကို အားကျလို့ဘဲလား မသိ။ သူမြန်မာပြည်တုန်းက တဖက်သတ်ကျိတ်ပုန်း ကြိုက်ခဲ့တယ်လို့ ယူဆရတဲ့ ကောင်မလေးတယောက်ဆီကို ရည်းစားစာ ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲသည်မှာ ခုနင်က ပုဂ္ဂိုလ်ကြီးကို သူကဆရာတင်တယ်။ ရည်းစားစာ ရေးပုံရေးနည်းကအစ၊ နောက်ဆုံး စာရေးစက္ကူနဲ့ စာအိတ် အရောင် ရွေးပုံအဆုံး။ အဲသည် တုန်းက သူတို့နှစ်ယောက် အချီအချ ပြောနေတဲ့ စကားလေးတွေ ကျနော့်နားထဲက မထွက်။

“ကိုဉာဏ်ရေ၊ အချစ်ရဲ့ သင်္ကေတ အရောင်က ဘာရောင်လဲဗျ။”

“မရမ်းရောင်လေး၊ ငါ့ညီရေ။ မရမ်းရောင်လေး ရှာဝယ်ခဲ့”

ကျနော် စာအုပ်ဖတ်နေရင်း တစွန်းတစ ကြားလိုက်ရတယ်။ စိတ်ထဲမှာလည်း ကိုယ့်ဘာသာ တွေးလိုက်မိသေး။ သြော်... အချစ်ရဲ့ သင်္ကေတ အရောင်ကလည်း အတော့်ကို ပြောင်စပ်စပ် နိုင်လှပါကလားပေါ့လေ။ ဒီအကြောင်းကို အခုပြန်စဉ်းစားမိတော့တောင် ရယ်ချင်သေးတယ်။

ဟော....စင်္ကာပူရောက်တော့ အဲဒီလို ဂျောက်ကျတာကို ကိုယ်တွေ့ ကြုံရပါလေရော။ ကျနော် ကောင်မလေးဆီ ပထမဦးဆုံးအကြိမ် စာရေးနေတာကို သူငယ်ချင်းတယောက်က မြင်သွားတယ်။ (အိမ်က အဲသည်အချိန်က လူ ၇ ယောက် စုနေတာ)။ သူကပြောတယ်။

“ ဟေ့ကောင်....မောင်ပေါ၊ မင်းဒီအရွယ်ကြီး ရောက်နေပြီ။ ရည်းစားစာ ဘယ်လိုရေးရမှန်း မသိဘူးလား။ ခက်ပါလား။ ရိုးရိုးဘော့လ်ပင်ကြီးနဲ့ ရေးရသလားဟ။ လာစမ်း။ ရော့...ငါ့ ဒီဘော့လ်ပင်ကိုသုံး။ ဒီမှာ ရှူကြည့်စမ်း။ အနံ့ချင်းတူရဲ့လား”

အမယ်...ဟုတ်တယ်။ သူ့ဘော့လ်ပင်က မင်ကို နမ်းကြည့်တော့ ရနံ့သင်းသင်းလေး မွှေးသလိုလို ဘာလိုလို။ သဘောကျသွားတယ်။ အဲဒါနဲ့ အရောင်တွေ ဘာတွေလည်း ပုဂ္ဂိုလ်က သေသေချာချာ ထပ်ပြီး ရွေးချယ်ပေးလိုက်သေးတယ်။ ကျနော်ကလည်း မရမ်းရောင် မဟုတ်ရင်ပြီးရော။ သိပ်စောဒကမတက်ဘဲ သူ့ရွေးပေးတဲ့ အရောင်တွေ သုံးပြီး အဲဒီ စာကို ရေးလိုက်တယ်။ အံမယ်...ကျနော့် ပဲတီချဉ်လက်ရေးကို လှအောင် တော်တော် အချိန်ယူပြီး ရေးလိုက်ရတယ်။ ပြီးတော့မှ စာကို ပို့လိုက်တယ်။ အဆင်ပြေတယ်လို့ ပြောရမယ်။ အဲဒီအတွက် ဆရာသမားကိုလည်း လိုက်လံပြုစုလိုက်ရသေးတယ်။

နောက်တော်တော်ကြီးကြာမှ ကျနော့်ကောင်မလေး(အခု ကျနော့်မဒမ်)က ပြောတယ်။ ပထမဦးဆုံးရတဲ့စာက ပန်းရောင်ဖျော့ဖျော့စာရွက်ပေါ်မှာ ငွေမင်ပြောင်ပြောင်လက်လက်တွေနဲ့ ရေးထားမိလို့။ မင်ခြောက်သွားတော့ တော်ရုံနဲ့ ဖတ်ကြည့်ရင် မမြင်ရလို့ အိမ်ရှေ့က အလင်းရောင်မှာ ရည်းစားစာကို မနည်းထောင်ဖတ်ရတယ်တဲ့။ ကျနော့်ကောင်မလေးကလည်း မျက်စိက သိပ်ကောင်းလှတာမဟုတ်။ သူ့အမေက မြင်သွားတော့ သူ့ကို လှမ်းတောင် နောက်သတဲ့။ “ဟဲ့ မီးမီး။ နင့်စာက မီးကင်ပြီးမှ ဖတ်ရမှာလားမသိ” တဲ့။

အဲ....စကားစပ်မိလို့ ပြောရရင် ကျနော်အိမ်ထောင်ကျပြီးတဲ့နောက် ဇနီးနဲ့အတူ ငှားနေဘို့ အိမ်လိုက်ရှာတော့ ခုနက ဆရာသမားက ပြောသေးတယ်။ “မောင်ပေါ။ မင်းတို့ အိပ်ခန်းမှာ ရိုမန်းတစ်ဖြစ်ဘို့ မီးအရောင်လှလှ တပ်ဘို့လိုတယ်။ ငါ့ကို ဒေါ်လာ ၆၀၀ ရာနဲ့ဘဲ အပ်လိုက်။ အားလုံး အဆင်ပြေသွားအောင် အပြီးအစီး စီစဉ်ပေးမယ်။ အဲဒီမီးရောင်အောက်မှာဆိုရင် မင်းတို့ အသားအရေပေါ်မှာ ရှိတဲ့ အမာရွတ်တွေ၊ မှဲ့ခြောက်တွေ၊ ၀က်ခြံတွေကို လုံးလုံး မမြင်ရစေရဘူး။ လုံးဝ ရိုမန်းတစ် ဟေ့ကောင်ရေ...လုံးဝ ရိုမန်းတစ်” တဲ့။ အံမယ်လေး...လေး။ ရည်းစားစာမှာတုန်းကတော့ အိမ်ရှေ့အလင်း ရောင်မှာ ထွက်ဖတ်ရတာ ပြဿနာမရှိပေမယ့် သည်တခါမှာတော့ ကျနော့်မှာ “တခါသေဘူး၊ ပျဉ်ဖိုးနားလည်” ဆိုတဲ့အတိုင်း ကိုယ့်ဆရာကို ဆလံသပြီး ငြင်းလိုက်ရပါတယ်။

သြော်.....ဗယ်လင်တိုင်း...ဗယ်လင်တိုင်း.....ပေါက်တိပေါက်ရှာတွေကို သတိရပြီး ပြုံးရတဲ့ ဗယ်လင်တိုင်းပါတကား။

(တိုက်ဆိုင်သူများ ရှိပါက ထိုသူများကို ရည်ရွယ်၍ ရေးခြင်းဖြစ်ပါသတည်း။)
Read more

“ထာဝရ ပွင့်လန်းနေသော”.......အပိုင်း(၂)

အင်ဒီရဲ့အမှုဟာ တကယ့်ကို ဟိုးလေးတကျော် အမှုပေါ့။ ကျော်ဆို မပြောနဲ့လေ။ ဒီအမှုမှာ လူတွေရဲ့ သည်းခြေကြိုက် စိတ်ဝင်စားစရာအချက်တွေကလည်း တလှေကြီး။ စဉ်းစားကြည့် ဗျာ။ အသတ်ခံရတဲ့သူ နှစ်ယောက်မှာ တဦးက လူချစ်လူခင်များတဲ့ မိန်းမချောလေး တယောက်။ နောက်တဦးက ဒေသခံ အားကစားသမား အကျော်အမော် တယောက်။ ပြီးတော့ တရားခံ ၀က်ခြံထဲမှာ ရောက်နေတာက အောင်မြင်ပေါက်ရောက်တဲ့ ဘဏ်လုပ်ငန်းရှင် လူငယ်တဦး။ ဒီအမှုကို ဒီထက် ကျော်စောစေတဲ့ အချက်ကလည်း ရှိသေးတယ်။ သတင်းစာတွေက ရေးနိုင်တာထက် ပိုပြီး လူစိတ်ဝင်စားစေတဲ့အချက်လို့လည်း ပြောရင်မမှားဘူး။ တကယ်တော့ တရားလိုဘက်က အမှုသွား အမှုလာက အင်မတန် ရှင်းနေတယ်။ ခဏနဲ့ ပြီးရမယ့်အမှု။ ဒါပေမယ့် အဲဒီအမှုကို ကိုင်တွယ်တဲ့ ဒိစတြိတ်အစိုးရ၀တ်လုံ (ဒီအေ)က လာမယ့် ကွန်ဂရက် အမတ်ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ၀င်အရွေးခံဘို့ ပြင်ဆင်ထားတဲ့လူ ဗျာ။ ဒီတော့ ပုဂ္ဂိုလ်က မဲဆန္ဒရှင် အခွန်ထမ်း ပြည်သူများရဲ့ ရှေ့မှောက်မှာ သူ့ရဲ့အစွမ်းအစကို ပြရင်း သူ့ကိုလူတွေ မျက်မှန်းတန်းလာအောင် အမှုကို သူ့စိတ်တိုင်းကျ အချိန်ဆွဲစစ်တော့တာပေါ့။ ဟာ...တရားခွင်ဆိုတာ ဆပ်ကပ်ပြသလား အောက်မေ့ရတယ်။ လာရောက်ကြည့်ရှု နားထောင်သူတွေက ကြိတ်ကြိတ်တိုး။ ဘယ်လောက်တောင်လဲဆိုတော့ တရားခွင်မှာ စစ်ဆေးတာကို ကိုယ်တိုင်လာရောက် နားထောင်ချင်သူတွေဟာ ထိုင်ခုံလေး တနေရာ ရဘို့အရေး အရိုးကွဲမတတ် အအေးဓါတ်အောက်မှာ မနက်လေးနာရီ လောက်ကတည်းကစပြီး ကျူတန်းအရှည်ကြီး တန်းစီစောင့်ကြရတယ်တဲ့။

အဲ....တရားလိုဘက်က တင်ပြလာတဲ့ အချက်တွေမှာ အင်ဒီအနေနဲ့ လုံးဝ မငြင်းဆိုတဲ့ အချက်တွေကတော့.........
အင်ဒီ့မှာ လင်ဒါ ကောလင်းစ် ဒူးဖရိန်းလို့ခေါ်တဲ့ ဇနီးတယောက် ရှိခဲ့တယ်။ သူမ ဟာ ၁၉၄၇ ခု ဇွန်လအတွင်းမှာ ဖောလ်မောက်သ်ဟေး ကန်းထရီးကလပ်မှာ ဂေါက်သီးရိုက်သင်ဘို့ စိတ်ဝင်စားခဲ့တယ်။ တကယ်လည်း အဲသည်မှာ လေးလလောက် ဂေါက်ရိုက်နည်း သင်ယူခဲ့ သေးသတဲ့။ သူမကို သင်ပြပေးတဲ့ နည်းပြဆရာက ကန်းထရီးကလပ်က ကြေးစား ဂေါက်သီး ကျော် ဂလင်းကွင်တင်။ ၁၉၄၇ ခု သြဂုတ်လကုန်လောက်ရောက်တော့ အင်ဒီတယောက် ကွင်တင် နဲ့ သူ့မိန်းမ ကြိုက်နေကြပြီဆိုတာကို ရိပ်စားမိလာသတဲ့။ အဲဒီလိုနဲ့ ၁၉၄၇ခု စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်ခင်းမှာ အင်ဒီနဲ့ လင်ဒါ ဒူးဖရိန်းတို့ လင်မယား အကြီးအကျယ် စကားများ ရန်ဖြစ်ကြပါလေရောတဲ့။ ရန်ဖြစ်ရတဲ့အကြောင်းကတော့ သူမရဲ့ သစ္စာမဲ့မှု အတွက်ကြောင့်ပေါ့။

တရားရုံးမှာ အင်ဒီရဲ့ ထွက်ဆိုချက်အရ လင်ဒါက “ရှင်သိသွားတော့လည်း အေးတာပေါ့။ နောက်ကွယ်မှာ ခြေပုန်းခုတ်နေရတာ အင်မတန် စိတ်ပင်ပန်းတယ်” လို့ ပြောခဲ့သေးသတဲ့ဗျ။ ပြီးတော့ ရီနိုမြို့က တရားရုံးမှာ ကွာရှင်းပေးဘို့လည်း ပြောဆိုဘဲ။ အဲသည်တော့ အင်ဒီကလည်း “ရီနိုမှာ မဆုံခင် မင်းကို သေရွာကို အရင်ပို့မယ်” လို့ ကြိမ်းဝါးလိုက်သတဲ့။ လင်ဒါကလည်း ချက်ချင်းဆိုသလို အိမ်ကဆင်းသွားပြီး အဲဒီညမှာ ဂေါက်ကွင်းနဲ့ မနီးမဝေးက ကွင်တင်ငှားထား တဲ့ ဘန်ဂလိုလေးမှာ ကွင်တင်နဲ့အတူ အိပ်ဘို့ ထွက်သွားရောတဲ့။ နောက်တနေ့ မိုးလင်းတော့ ကွင်တင်ရဲ့ သန့်ရှင်းရေးအမျိုးသမီးက အိပ်ယာထဲမှာ သေနေတဲ့ သူတို့နှစ်ယောက် အလောင်း တွေကို တွေ့ရတော့တာဘဲ။ တယောက်မှာ သေနတ်ဒါဏ်ရာ လေးချက်စီနဲ့။

အဲဒီအချက်တွေထဲက နောက်ဆုံး အချက်ဟာ အင်ဒီအပေါ် အထိအနာဆုံးဘဲ။ ဒီစတြိတ် ၀တ်လုံတော်ရမင်း(ဒီအေ)ဟာ နိုင်ငံရေးသမားပီပီ သူ့ရဲ့ အဖွင့်လျှောက်လဲ ချက်မှာရော အပိတ်လျှောက်လဲချက်မှာပါ ဒီအချက်အပေါ် တော်တော်ကြီးကို ဇောင်းပေးပြီး ဇာတ်နာ အောင် ဖိပြောခဲ့တယ်။ သူ့အဆိုအရ အင်ဒီ ဒူးဖရန်းဟာ သစ္စာမဲ့တဲ့ ဇနီးအပေါ်မှာ သာမန် ဒေါသအလျောက် သွေးဆူပြီး ကလဲ့စားချေတဲ့ လင်ယောက်ျားမဟုတ်။ အဲသည်လို သွေးဆူပြီး လက်စားချေတဲ့ လုပ်ရပ်မျိုးဟာ ခွင့်မလွှတ်နိုင်သည့်တိုင်အောင် အနည်းဆုံးတော့ နားလည် ပေးလို့ ရသေးတဲ့ အဖြစ်မျိုးလို့ ဆိုသဗျ။ အခုတော့ အင်ဒီရဲ့ လက်စားချေမှုဟာ သွေးအေးအေးနဲ့ လုပ်သွားတဲ့ လုပ်ရပ်တဲ့ဗျို့။

“အားလုံး တချက်ကလေး စဉ်းစားကြပါခင်ဗျာ” ဒီအေ က ဂျူရီလူကြီးတွေကို မိုးခြိမ်းသလို အသံမြှင့်ပြီးပြောတယ်။ “တယောက်ကို လေးချက်စီ။ နှစ်ယောက်ပေါင်းကိုပစ်တာက ခြောက်ချက် မဟုတ်ဘူး။ ရှစ်ချက် ခင်ဗျ။ ရှစ်ချက်။....သူဟာ ခြောက်လုံးပြူးထဲက ကျည်ဆံခြောက်တောင့် အကုန် ကုန်အောင် ပစ်လိုက်တယ်။ ပြီးတော့ သေနတ်ကို ကျည်ဆံ ထပ်ဖြည့်ဘို့ ခဏ ရပ်နားလိုက်သေးတယ်။ ကျည်ဖြည့်ပြီးတော့မှ တယောက်ကို တတောင့်စီ စိန်ပြေနပြေ ထပ်ပစ်ပြန်တယ်။”

အဲဒီမှာဘဲ နောက်တနေ့ထုတ် ပို့တ်လင်း နေ့စဉ် သတင်းစာကြီးက... “လေးချက်က သူ့အတွက်၊ လေးချက်က သူမအတွက်” ဆိုပြီး ခေါင်းစီးစာလုံးမည်းကြီးတွေနဲ့ ချထည့်လိုက်ရော။
ဘော့စတွန်ရီဂျစ်စတာ သတင်းစာကလည်း အားကျမခံ အင်ဒီကို “စုံကိန်း လူသတ်သမား” လို့ ကင်ပွန်းတပ်ပစ်လိုက်တယ်။

သက်သေတွေကို စစ်တော့ ၀ိုက်စ်အပေါင်ဆိုင်က အပေါင်စာရေးရဲ့ သက်သေထွက်ဆိုချက်မှာ သူ့အနေနဲ့ အခင်းမဖြစ်ပွားခင် နှစ်ရက်အလိုက အင်ဒီ့ကို အထူးရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တတ်တဲ့ ပွိုင့်သာတီးအိတ် ခြောက်လုံးပြူးတလက် ရောင်းချပေးခဲ့တယ်လို့ ပြောသတဲ့။ နောက်ထပ် သက်သေဖြစ်တဲ့ အရက်ဘားက ကောင်တာအရက်ငှဲ့သူ (ဘားတင်ဒါ)ကလည်း စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ အင်ဒီတယောက် ဘားထဲကို ၀င်လာပြီး မိနစ်နှစ်ဆယ်အတွင်းမှာ ၀ီစကီသုံးခွက်ကို ရေမရောဘဲ တရှိန်ထိုးမော့သွားပုံ၊ ဘားကနေအထွက်မှာ သူအခုချက်ချင်း ဂရင်းကွင်တင် အိမ်ကို သွားတော့မှာ ဖြစ်တဲ့အကြောင်း၊ နောက်ပိုင်း ဖြစ်ပျက်သမျှကို နောက်နေ့သတင်းစာထဲမှာ စောင့်ဖတ်ဘို့ မူးမူးနဲ့ ပြောသွားတဲ့အကြောင်းတွေကို ထွက်ဆိုသွားခဲ့တယ်။ အစိုးရသက်သေ နောက်တဦးကတော့ ကွင်တင်ရဲ့ အိမ်နဲ့ တမိုင်လောက်အကွာမှာရှိတဲ့ စတိုးဆိုင်က အရောင်းစာရေး။ သူကလည်း ရုံးတော်မှာ ဘယ်လိုထွက်လဲဆိုတော့ အဲဒီည ၉နာရီ မထိုးမီ ၁၅ မိနစ်လောက်မှာ အင်ဒီဒူးဖရိန်း ဆိုင်ထဲဝင်လာပြီး စီးကရက်၊ ဘီယာသုံးပုလင်းနဲ့ ပန်းကန်သုတ်ပုဝါတွေ ၀ယ်သွားခဲ့ကြောင်း ထွက်ဆိုတယ်။

ဆရာဝန်စစ်ချက်ထဲမှာ ဂရင်းကွင်တင်နဲ့ ဒူဖရိန်းအမျိုးသမီးဟာ စက်တင်ဘာလ ၁၀-၁၁ရက် ည ၁၁နာရီ နဲ့ မနက် ၂ နာရီကြားအချိန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒါ့အပြင် အစိုးရရှေ့နေရုံးက မှုခင်းရဲရဲ့ ထွက်ချက်အရ ဘန်ဂလိုနဲ့ ကိုက် ၇၀ အကွာ အင်ဒီ ကားရပ်ပြီး စောင့်ကြည့်တဲ့နေရာမှာ အင်ဒီမောင်းတဲ့ ပလိုင်းမောက်သ် ကားဘီးရာတွေရယ်၊ အင်ဒီရဲ့ လက်ဗွေရာတွေ ထင်ကျန်ရစ်ခဲ့တဲ့ ဘီယာပုလင်းခွံ၂ခုရယ်၊ လက်ဗွေရာပါတဲ့ စီးကရက် အစီခံတွေရယ် စတဲ့ သက်သေခံပစ္စည်းတွေ ၁၁ ရက်နေ့ နေ့လည်မှာ တွေ့ရတယ်လို့ သိရတယ်။

ရဲတွေ ရောက်သွားတဲ့အချိန်မှာ ဘန်ဂလိုထဲက ဧည့်ခန်းဆိုဖာပေါ်မှာတော့ ပန်းကန်သုတ်ပုဝါ လေးထည်ကို တွေ့ရသတဲ့။ လေးထည်စလုံးမှာ ကျည်ဆံပေါက်ရာတွေ၊ ယမ်းလောင်ကျွမ်း ထားတဲ့အရာတွေနဲ့။ အင်ဒီရဲ့ ရှေ့နေ အသည်းအသန် ကန့်ကွက်တဲ့ ကြားကဘဲ ရဲအရာရှိက အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူ့ထင်မြင်ချက်ပေးတယ်။ သူ့အထင်အရ လူသတ်သမားဟာ လူသတ်လက်နက်ဖြစ်တဲ့ သေနတ်ကို အသုံးပြုရာမှာ အသံကို ကျယ်ကျယ်လောင်လောင် မထွက်ရလေအောင် သေနတ်ပြောင်းဝမှာ ပန်းကန်သုတ်ပုဝါတွေ အထပ်ထပ်ခံပြီးမှ ပစ်သတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားတယ်။

အဲဒီလိုနဲ့...အင်ဒီဒူးဖရိန်းထွက်ဆိုရမယ့် အလှည့်ရောက်လာတော့ သူက ဖြစ်ပျက်ခဲ့သမျှတွေ ကို အေးတိအေးစက်၊မတုန်မလှုပ်နဲ့ ခံစားချက်မရှိသလို ပြောပြတယ်။ သူ့မိန်းမနဲ့ ကွင်တင်ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အရှုပ်တော်ပုံအကြောင်း ကောလဟာလတွေကို ဇူလိုင်လ နောက်ဆုံးပတ်လောက်ကတည်းက သူအနေနဲ့ စကြားလာခဲ့တဲ့အကြောင်း၊ သြဂုတ်လထဲရောက်တော့ သူဆက်ပြီး သည်းမခံနိုင်တော့တာမို့ စတင် စုံစမ်းဘို့ ဆုံးဖြတ်လိုက်ကြောင်း။ တရက်မှာ လင်ဒါဟာ တင်းနစ်ကစားအပြီး ပို့တ်လင်းမှာ ဈေးဝယ်သွားရမှာကို မသွားဘဲ ကွင်တင်ဆီကို သွားကြောင်း။ သူဟာ ကွင်တင်နဲ့ လင်ဒါတို့နှစ်ဦးတို့ ငှားထားတဲ့ ဘန်ဂလိုကလေး (အဲဒီ ဘန်ဂလိုကလေးကို သတင်းစာတွေက အချစ်သိုက်မြုံ လေးလို့ ကင်ပွန်းတပ်ကြတယ်ဗျ) ကို အသွားမှာ နောက်ကနေ နောက်ယောင်ခံ လိုက်ကြည့်ခဲ့ကြောင်း။ သူဟာ ကွင်တင်အိမ်နဲ့ မလှမ်းမကမ်းမှာ ကားရပ်ပြီး စောင့်ကြည့်ခဲ့ကြောင်း။ နောက်သုံးနာရီလောက်ကြာတော့ ကွင်တင်က သူမကို ကားနဲ့ ဂေါက်ကွင်းကို ပြန်မောင်းပို့ပေးတဲ့အထိ နောက်ယောင်ခံ လိုက်ကြည့်ခဲ့ ကြောင်းတွေ ပါတယ်။

“ကွင်တင်ရဲ့ ကားနောက်မှာ ကပ်လိုက်လာတဲ့ ခင်ဗျားရဲ့ အသစ်စက်စက် ပလိုက်မောက်ဆီဒင်ကားကို ခင်ဗျားမိန်းမက မမှတ်မိဘူးလို့ ရုံးတော်ကို ပြောချင်တာလား” ဒီအေက ပြန်လှန်မေးခွန်းထုတ်တဲ့ အလှည့်မှာ အင်ဒီကို မေးတယ်။

“အဲဒီညနေက ကျနော့် သူငယ်ချင်းကားနဲ့ ခဏလဲလာခဲ့ပါတယ်” လို့ အင်ဒီက ပြန်ဖြေတယ်။ အဲဒီလို သူ့ရဲ့ နောက်ယောင်ခံ ခရီးစဉ်အတွက် သူ့အနေနဲ့ ဘယ်လောက် ပိပိရိရိ စီစဉ်ခဲ့သလဲဆိုတာကို သူ့ဘာသာ သွေးအေးအေးနဲ့ ၀န်ခံလိုက်တာဟာ ဂျူရီလူကြီးတွေ အားလုံးရဲ့ အင်ဒီ့အပေါ်ထင်မြင်ချက်ကို ဘယ်နည်းနဲ့မှ ကောင်းမလာစေခဲ့ဘူး။

သူ့သူငယ်ချင်းကားကို သူ့ကားနဲ့ ပြန်လဲပြီးတဲ့နောက် အိမ်ကို တန်းပြန်သွားတယ်။ လင်ဒါက အိပ်ယာထဲမှာ ရောက်နေနှင့်ပြီ။ စာအုပ်ဖတ်နေတယ်။ ပို့တ်လင်းကို ဈေးဝယ်သွားတာ ဘယ်နှယ့်နေလဲ လို့ သူက လင့်ဒါကို မေးတယ်။ လင်ဒါက “ပျော်ဘို့ကောင်းပါတယ်။ ဒါပေမယ့် စိတ်ကြိုက်ပစ္စည်းတခုမှမတွေ့လို့ ဘာမှ မ၀ယ်ခဲ့ရဘူး” လို့ ဖြေတယ်။

တရားရုံးထဲမှာ ရင်တမမနဲ့ နားထောင်နေတဲ့ ပရိတ်သတ်ရှေ့မှာ အင်ဒီက ဘာပြောလဲဆိုတော့ “အဲဒီအချိန်မှာ စပြီး (သူ ကျနော့်ကို သစ္စာဖောက်တယ်ဆိုတာကို) ကျနော် သေချာပေါက်သိလိုက်ပြီ။” အဲဒီ စကားကိုလည်း အင်ဒီဟာ တရားခွင်မှာ သူတလျှောက်လုံး ပြောလာတဲ့ အေးတိအေးစက် ခံစားမှုအလျင်းကင်းတဲ့ လေသံနဲ့ ပြောလိုက်တာဘဲ။

အင်ဒီရဲ့ ရှေ့နေက အင်ဒီကို မေးခွန်းထုတ်တယ်။
“အဲဒီက စလို့ ခင်ဗျားမိန်းမ အသတ်မခံရမီအချိန်အထိ ၁၇ ရက်တာ ကာလအတွင်းမှာ ခင်ဗျားရဲ့ စိတ်ခံစားမှုအခြေအနေ ဘယ်လိုရှိပါသလဲ”

“ကျနော် စိတ်အရမ်းကျနေပါတယ်” ထုံးစံအတိုင်း တည်ငြိမ်အေးဆေးတဲ့ အမူအရာနဲ့ဘဲ ပြန်ဖြေတယ်။ ပြီးတော့ ဈေးဝယ်မယ့်လူတယောက် သူ့ဈေးဝယ်ပစ္စည်းစာရင်းကို အလွတ်ပြန်ရွတ်ကြည့်တဲ့ လေသံနဲ့ ဆက်ပြောတာက သူစိတ်ကျလွန်းလို့ သူ့ကိုယ်သူ သတ်သေဘို့အထိ ကြံရွယ်မိကြောင်း၊ အဲဒီအတွက် ၈ ရက်နေ့က လျူဝစ်စတန်ကို သွားပြီး သေနတ်တလက်ကိုတောင် ၀ယ်ယူခဲ့တဲ့အထိ ဖြစ်ခဲ့ကြောင်း ပြောပြပါတယ်။

အဲဒီနောက် သူ့ရှေ့နေက လူသတ်မှုဖြစ်တဲ့ညက သူ့မိန်းမအိမ်ကဆင်း၊ ကွင်တင်နဲ့ တွေ့ဘို့ ထွက်သွားပြီးတဲ့နောက် ဘာတွေဖြစ်သလဲ မေးပါတယ်။ အဲသည်မှာ အင်ဒီ ပြန်ဖြေတယ်။ သူဖြေပုံဟာ တော်တော့်ကို ဆိုးလွန်းလို့ သည့်ထက်တော့ ဆိုးဘို့မရှိဘူးလို့တောင် ပြောလို့ရတယ်။

ကျုပ် အင်ဒီ နဲ့သိကျွမ်းခဲ့တာ နှစ်ပေါင်းသုံးဆယ်။ သူဟာ ကိုယ့်ကိုယ်ကို ချုပ်ထိန်းနိုင်တဲ့နေရာ အိနြေ္ဒဆည်နိုင်တဲ့နေရာမှာ အတော်ဆုံးသူပါဘဲ။ သူ့မှာ အင်မတန်မှန်တဲ့အချက်က သူ့အကြောင်းကို သူများကို နည်းနည်းဘဲ ပေးသိတဲ့အချက်။ သူ့မှာ အင်မတန်မှားယွင်း နေတာက ဖြစ်သမျှကို ကိုယ့်ဘာသာ တယောက်တည်း ကျိတ်ခံတတ်တဲ့ အကျင့်။ သူ့မှာ အတိတ်က အင်မတန်ကံဆိုးမိုးမှောင်ကျခဲ့တဲ့ အဖြစ်အပျက်ကြီးရှိတယ်ဆိုရင် ခင်ဗျားဘယ်တော့မှ သိရလိမ့်မယ် မထင်နဲ့။ နောက်ပြီးတော့ သူကဘယ်လိုလူစားမျိုးလဲဆိုရင် သူ့ကိုယ်သူ သတ်သေမယ်ဆိုရင်တောင် သေတမ်းစာ ရေးသွားမယ့် လူစားမျိုးမဟုတ်ဘူး။ ဒါပေမယ့် သူ့ကိစ္စအားလုံးကို သတ်မသေခင် သေသေသပ်သပ်ဖြစ်အောင် အရင်ရှင်းသွား မယ့်လူမျိုး။ အင်ဒီက အဲဒီလိုလူမျိုး။

တကယ်လို့သာ တရားခွင်က သက်သေ၀က်ခြံထဲမှာ ရှိနေတုန်း ရုတ်တရက် သူ ငို ချလိုက်ရင်ဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တကယ်လို့သာ သူ့အသံက မဆိုစလောက်ကလေး အက်ကွဲပြီး တုန်ခါသွားရင်ဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီ ၀ါရှင်တန်ကို သွားတော့မယ့် ဒိစတြိတ်ဝတ်လုံ ငနဲသားကို တချက်လောက် အော်ဟစ်ဆဲဆို လိုက်မယ်ဆိုရင်ဖြစ်ဖြစ် ကျုပ်ထင်တယ်၊ အခုလို ထောင်ဒဏ်တသက်လောက်အထိ ဖြစ်လာစရာ အကြောင်းမရှိဘူး။ တကယ်လို့ ထောင်ဒဏ်တသက်ချခံရတယ်ဆိုရင်တောင်မှ လျှော့ရက်နဲ့ ဘာနဲ့ ၁၉၅၄ မတိုင်ခင် သူ ပြန်လွတ်လောက်ပြီ။ ဒါပေမယ့် အင်ဒီဟာ သူ့အဖြစ်အပျက်ကို အသံဖမ်းစက်က ဖမ်းထားသမျှကို ပြန်ဖွင့်ပြသလိုပုံနဲ့ အေးတိအေးစက် ပြောသွားခဲ့တယ်။ ဂျူရီလူကြီးတွေ နေရာက ကြည့်ရင်တော့၊ “ကျုပ်ဇာတ်လမ်းကတော့ ဒါပဲ။ ခင်ဗျားတို့ ယုံချင်ယုံ။ မယုံချင်နေ” ဆိုတဲ့ အပေါက်မျိုး ရောက်နေတော့တာပေါ့။ အဲဒီတော့ ဘယ်သူမှ မယုံတာလဲ မဆန်းဘူးလေ။

သူပြောတဲ့အထဲမှာ အဲဒီညက သူ အရက်တော်တော်မူးနေကြောင်း၊ ပြောရရင် သြဂုတ်လ ၂၄ ရက်နောက်ပိုင်း အချိန်တော်တော်များများမှာ သူမူးနေခဲ့ကြောင်း၊ သူဟာ အရက်ကို သိပ်နိုင်နင်းတဲ့သူ မဟုတ်ကြောင်းလည်းပါတယ်။ ဒီစကားကို ဂျူရီလူကြီးတွေအနေနဲ့ တော်တော်ကို ယုံစားဘို့ ခဲယဉ်းလိမ့်မယ်။ အဲသည်လောက် အိနြေ္ဒတခွဲသားနဲ့သူက သူ့မိန်းမဇာတ်လမ်းရှုပ်လို့ အရက်အလွန်အကျွံတွေ လျှောက်သောက်ပြီး မူးလဲယိုင်ထိုး နေမယ့်အဖြစ်မျိုးကို ဂျူရီလူကြီးတွေအနေနဲ့ မှန်းဆပုံဖော်ကြည့်လို့ ရနိုင်မယ်မထင်ဘူး။ ကျုပ်တောင်မှ အဲဒီ မိန်းမ ၆ ယောက်၊ ယောက်ျား ၆ ယောက်ပါတဲ့ ဂျူရီလူကြီးအဖွဲ့က မြင်ခွင့်မရတဲ့ အင်ဒီ့အခြေအနေကို ထောင်ထဲမှာ မြင်ခွင့်ရလိုက်လို့ ယုံနိုင်တာ။

ကျုပ်သိခဲ့တဲ့ ကာလတလျှောက်လုံးမှာ အင်ဒီဟာ တနှစ်ကို အရက် လေးခွက် ဘဲ သောက်တယ်။ နှစ်စဉ်နှစ်တိုင်း သူ့မွေးနေ့မရောက်ခင် တပတ်အလိုမှာရယ်၊ ခရစ်စမတ်မတိုင်ခင် နှစ်ပတ်အလိုမှာရယ် အင်ဒီဟာ ကျုပ်ကို အားကစားလေ့ကျင့်ရေးကွင်း ထဲမှာ လာတွေ့လေ့ရှိတယ်။ အဲသည်အခါတိုင်းမှာ ဂျက်ဒယ်နီယယ် တလုံးရအောင် ၀ယ်ပေးဘို့ပြောမယ်။ သူအရက်ပုလင်းဝယ်ပုံကတော့ ထောင်ထဲက ထောင်သားတိုင်း ၀ယ်တဲ့နည်းအတိုင်းဘဲပေါ့။ ---ဒီထောင်ထဲမှာ ကျွန်လို အလုပ်လုပ်ပြီး ရလာတဲ့ လုပ်ခလေးရယ်၊ သူ့ကိုယ်ပိုင်ငွေရယ် စုပေါင်းပြီးပေါ့။ ၁၉၆၅ မတိုင်ခင်အထိ တနာရီလုပ်မှ တမူးလောက်ဘဲ လုပ်ခရတယ်။ ၆၅ ခု ရောက်တော့ တနာရီကို လုပ်ခ တမတ်အထိ တိုးပေးတယ်။ အရက် အတွက် ကျုပ်ယူတဲ့ ကော်မရှင်က ဆယ်ရာခိုင်နှုန်း။ အဲဒီ ကော်မရှင်ကြေးကို နဂိုကတည်း ကြီးလှတဲ့ ၀ီစကီကောင်းကောင်းရဲ့ ဈေးနှုန်းမှာ ပေါင်းထည့်လိုက်ရင် ခင်ဗျားမှန်းလို့ရသွားပြီး။ တနှစ်စာလုံးအတွက် အရက် လေးခွက် သောက်ရဘို့အရေး ထောင်ရဲ့ အ၀တ်လျှော်စက်ရုံထဲမှာ အင်ဒီတယောက် နာရီပေါင်း ဘယ်လောက်ကြာကြာ ချွေးနဲ့ ရင်းခဲ့ရမလဲဆိုတာ။

သူ့မွေးနေ့ စက်တင်ဘာလ ၂၀ မနက်ပိုင်းမှာ သူ အရက် ပက်ချင်များများ တခွက်ကို သောက်လိုက်မယ်။ အဲဒီည တန်းပိတ်ချိန်မှာ နောက်ထပ် တခွက်ချမယ်။ ဒါဘဲ။ နောက်တနေ့ မိုးလင်းပြီဆိုတာနဲ့ ပုလင်းထဲကျန်သမျှ ကျုပ်ဆီကို ပို့လိုက်တော့တာဘဲ။ ကျုပ်လဲ အဲဒါကို ဒီလိုဘဲ နီးစပ်ရာ ဝေငှသောက်လိုက်တာပေါ့။ တခြားတပုလင်းအတွက်ကတော့ ခရစ်စမတ်ညမှာ တခွက်သောက်မယ်။ နောက် နှစ်သစ်အကြိုညမှာ နောက်တခွက်။ အဲသည် ပုလင်းလဲ စောစောက ပုလင်းလိုဘဲ နောက်တနေ့ကျရင် ကျုပ်ဆီရောက်လာတော့တာဘဲ။ ထုံးစံအတိုင်း ဝေငှသောက်ဘို့ ညွှန်ကြားထားတဲ့စာနဲ့။ အဲဒါဟာ အရက်ကြောင့် ဒုက္ခရောက်လာတဲ့ အင်ဒီနဲ့ ပတ်သက်လို့ သူ့ရဲ့ နေပုံထိုင်ပုံ။ အရက်ကြောင့် သွေးဆိုးပြီး လူသတ်တယ်လို့တော့ဖြင့် ကျုပ်မယုံကြည်နိုင်အောင်ပါဘဲ။

အင်ဒီက ဂျူရီလူကြီးတွေကို ပြောတယ်။ ၁၀ ရက်နေ့ညမှာ သူဟာ အရမ်းမူးနေတဲ့အတွက် သူဟိုတကွက် သည်တကွက် ၀ိုးတိုးဝါးတားဘဲ မှတ်မိတယ်လို့ပြောတယ်။ အဲသည်နေ့လည် လင်ဒါနဲ့ စကားမများခင်ကတည်းက သူက စကော့ခ်ျဝီစကီ နှစ်ခွက်တိတိသောက်ပြီး မူးနေခဲ့တယ်လို့ ဆိုတယ်။

ကွင်တင့်ဆီကို လင်ဒါထွက်သွားပြီးတဲ့နောက် သူတို့နှစ်ယောက်လုံးကို ရင်ဆိုင်မယ်လို့ သူဆုံးဖြတ်ခဲ့တာကို သူမှတ်မိတယ်။ ကွင်တင်ရဲ့ ဘန်ဂလိုကိုအသွား ကန်းထရီး ကလပ်ထဲကို ၀င်ပြီး နှစ်ပက်လောက် မြန်မြန် ထပ်မော့လိုက်သေးတယ်။ ဒါပေမယ့် ဘားတင်ဒါကို “ဖြစ်ပျက်သမျှကို သတင်းစာထဲမှာ စောင့်ဖတ်ပေတော့” လို့ ပြောခဲ့ဘို့ နေနေသာသာ ဘာတခွန်းမှ ပြောခဲ့တယ်လို့ သူမထင်ဘူးလို့ ပြောတယ်။ နောက်ပြီး စတိုးဆိုင်မှာ ဘီယာဘူးတွေ ၀င်ဝယ်တာကို သူမှတ်မိပေမယ့် ပန်းကန်သုတ်ပုဝါတွေ ၀ယ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားလို့ မရဘူးတဲ့။ “ကျနော်က ပန်းကန်သုတ်ပုဝါ ဘာလုပ်ဘို့ ၀ယ်မှာတုန်း”လို့ မေးတော့ ဂျူရီအဖွဲ့ထဲမှာ ထိုင်နေတဲ့ မိန်းမသုံးယောက် ကြက်သီးတွေထပြီး တဆတ်ဆတ်တုန်သွားတာကို မြင်လိုက်ရတယ်လို့ သတင်းစာ တစောင်ကရေးတယ်။

နောင်နှစ်တွေ အတော်ကြီး ကြာတော့မှ စတိုးဆိုင် အရောင်းစာရေးက ထွက်ဆိုသွားတဲ့ ပန်းကန်သုတ်ပုဝါတွေနဲ့ ပတ်သက်လို့ အင်ဒီက သူ့အယူအဆကို ကျုပ်ကို ဖွင့်ပြောတယ်။ သူပြောတဲ့အကြောင်းက စဉ်းစားစရာကောင်းလို့ သူ့စကားအတိုင်း ချပြီး ရေးမှတ်ထားသင့်တယ် လို့တောင် ကျုပ်ထင်တယ်။

(ဆက်ရန်......)
Read more

“စွယ်တော်ရိပ်က မယ်တော်ကြီးလေးပါး”

ကျောင်းတုန်းက သူတို့ လေးယောက်ကို ကျနော်တို့က ကွယ်ရာမှာ “မယ်တော်ကြီးလေးပါး” လို့ အမည်ပေးထား ခဲ့ကြတယ်။ စက်မှုတက္ကသိုလ် တက်စဉ်က သူတို့က ကျနော့်ထက် ၂ တန်းကြီးတယ်။ မေဂျာကတော့ အတူတူဘဲ။ ကျနော် သူတို့နဲ့ စတင်သိကျွမ်းတော့ သူတို့တတွေက နောက်ဆုံးနှစ်ကျောင်းသူတွေ တောင်ဖြစ်ကုန်ကြပြီ။

သြော်...သူတို့နဲ့ ရင်းနှီးသွားတာက ၀ိုင်အိုင်တီကျောင်းသားတွေ စုထုတ်တဲ့ ကဗျာစာအုပ်ကို အကြောင်းပြုလို့ပါ။ အဲဒီကဗျာစာအုပ်မှာ သူတို့ လေးယောက်အနက် သုံးယောက်က ကဗျာရေးကြတယ်။ ကျနော်က သူတို့ကဗျာစာအုပ်ကို ကူညီရောင်းချပေးရင်းနဲ့ သူတို့နဲ့ ရင်းနှီးသွားတယ်ဆိုပါတော့။

အဲဒီအချိန်က တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကြားမှာ ကဗျာစာအုပ်တွေ ကိုယ့်ဘာသာ စုပြီး ထုတ်ရောင်းကြတာ တော်တော်ခေတ်စားတယ်။ သူတို့နဲ့ ခေတ်ပြိုင်လို့ ပြောရမယ့် ဆေးတက္ကသိုလ်က “မိကောက်” ရေးတဲ့ ကဗျာတွေကလည်း ကောင်းလွန်းလို့ သူငယ်ချင်းတယောက် ယူလာပေးတဲ့ မိကောက်ကဗျာ (ခပ်ညံ့ညံ့ကဗျာများ လို့ ခေါင်းစဉ်တပ်ထားတယ် ထင်ပါ့) စာအုပ်တွေကိုပါ ကူရောင်းပေး မိတယ်။ မိကောက်ရဲ့ ကဗျာတွေထဲမှာ “တောက်....ကျုပ်ချစ်တဲ့သစ်ရွက်၊ သိက္ခာပျက်အောင်၊ ဘယ်သူလာဖျက်သလဲ” ဆိုတဲ့ ကဗျာလေးကို ကြိုက်ခဲ့တာကို မှတ်မိနေသေးတယ်။

ကျနော့်မှာ ကိုယ်ရေးတဲ့ ကဗျာ တပုဒ်မှ မပါဘဲနဲ့ သူများကဗျာစာအုပ်တွေ လိုက် လိုက်ရောင်းတော့ အတန်းထဲက မိန်းကလေးတယောက်ကဆိုရင် နောက်ဆုံးနှစ် အမှတ်တရ စာအုပ်ထဲမှာ သည်လို စကားနာထိုးသွားပါတယ်။ “ကဗျာစာအုပ်ရောင်းချင်မှ စကားပြောဖော်ရတဲ့ ကိုပေါကို ကျနော်က ခင်ပါတယ်” တဲ့။

ခုနင်က မယ်တော်ကြီးလေးပါးဟာ ၀ိုင်အိုင်တီကျောင်းက အသင်းအဖွဲ့တွေမှာ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တော့ သူတို့လိုဘဲ “ပါလေရာ ငါးပိချက်” လုပ်တတ်တဲ့ ကျနော်နဲ့ မကြာခဏ ဆိုသလို ဗုဒ္ဓဘာသာမိသားစု အသင်းခန်းမှာ၊ ဒါမှမဟုတ် အီလက်ထရောနစ်ဌာန အသင်းခန်းမှာ၊ ဒါမှမဟုတ် ဌာနမှူးရဲ့ အခန်းမှာ ဆုံရတတ်ပါတယ်။ သူတို့လေးယောက်က ရထားတွဲလိုဘဲ။ အမြဲတမ်း လေးယောက်အတူတွဲလျက်ဘဲ တွေ့ရတတ်တယ်။

တခါက လိုင်ဘရီကနေ ကင်တင်းဘက်အထွက် စင်္ကြန်အောက်မှာ ကျနော်က မိကောက် ကဗျာတွေကို ကြိုက်တယ်လို့ ပြောတော့ သူတို့လေးယောက်ထဲက ခပ်နောက်နောက် တယောက်က သူ့ ကလောင်နာမည်ကိုပြောပြီး. “ဟဲ့။ နင်က ........ကိုရော မကြိုက်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးပါတယ်။ ကျနော်က သူတို့ မောင်ငယ်အရွယ်လောက်ဆိုတော့ သူတို့အတွက် စချင်နောက်ချင်စရာပေါ့။ ကျနော်ကလည်း အဲသည်တုန်းကတည်းက ရွှတ်နောက်နောက် ပြောတတ်တဲ့ ထုံးစံအတိုင်း “မိကောက်ကို ကြိုက်တာက တမျိုး။ “.......” ကြိုက်တာက တမျိုးပေါ့” ပြန်ပြောတော့ သူတို့ထဲက အပိန်ဆုံး တယောက်က “ကောင်းတယ်။ ကောင်းတယ်။ ၀မ်းသာတယ်။ မှတ်ပလားဟဲ့” လို့ ၀င်ပြောပါတယ်။

တခါကလည်း ဗုဒ္ဓဘာသာမိသားစု အသင်းခန်း (စာကြည့်တိုက်)မှာ သူတို့နဲ့ ဆုံတော့ သူတို့ အဲသည်တုန်းက လုပ်နေတဲ့ နောက်ဆုံးနှစ်ပရော့ဂျက်အကြောင်းကို မေးမိတယ်။

“အစ်မတို့ လုပ်တာ ဘာ ပရော့ဂျက်လဲ”

အဲသည်လိုမေးလိုက်တော့ ချက်ချင်းမဖြေကြသေးဘူး။ သူတို့ချင်း တယောက်မျက်နှာ တယောက် အရင် ကြည့်လိုက်ပြီးမှ စောစောက ခပ်နောက်နောက် တယောက်ကဘဲ
“အဟမ်း....အဟမ်း.....။ ငါတို့လုပ်တဲ့ ပရော့ဂျက်က ဘာလဲလို့ဆိုရင်..... နင်သိတယ်မို့လား။ ကွန်ပြူတာတွေ၊ ပရင့်တာတွေ... စတဲ့ ဒီကနေ့ အီလက်ထရောနစ်ပစ္စည်းမှန်သမျှမှာ မပါမဖြစ် အင်မတန်အရေးကြီးဆုံး စတက်ပါမော်တာ ဒရိုင်ဘာ ဆားကစ်ဘဲ” အစချီပြီး ကျနော့်ကို အတည်လိုလို နောက်သလိုလိုနဲ့ သူတို့ ပရော့ဂျက်အကြောင်း လေလုံးထွားထွားနဲ့ ရှင်းပြသွားတယ်။ ကိုယ်ကလည်း အတန်းငယ်ဆိုတော့ သူတို့ပြောသမျှ အထင်ကြီးစိတ်က လေးနဲ့ ခေါင်းတညိမ့်ညိမ့်နဲ့ နာခံခဲ့ရတာပေါ့လေ။

ဟော....သူတို့တွေ ကျောင်းပြီးသွားတော့ တယောက်က ကျောင်းမှာ ဆရာမ ၀င်လုပ်တယ်။ မှတ်မှတ်ရရ ကျနော် ပဉ္စမနှစ်မှာ Network ဘာသာရပ်ကို စာမေးပွဲဖြေတော့ သူက အခန်းစောင့် ဆရာမ လုပ်တယ်။ ကျနော်ကလည်း အဲသည်မတိုင်ခင်ညကမှ ကိုယ့်ရဲ့ Caculator ( Fx100) ကို အားမရလို့ အငယ်တန်းက ချာတိတ်တယောက်ရဲ့ (Fx100D) နဲ့ လဲယူပြီးလာခဲ့တယ်။ စာမေးပွဲခန်းထဲလည်း ရောက်ရော ပုစ္ဆာတွေကခက်ရတဲ့ ကြားထဲ၊ ကွန်ပလက်စ် ကိန်းတွေကို ကိုင်တွယ်တဲ့အခါ Fx100D ကို ကိုင်တွယ်နေကျမဟုတ်တဲ့အတွက် ရေရေလည်လည် အခက်ကြုံပါတော့တယ်။ ဒီကြားထဲ အစ်မ ကလည်း သူနဲ့ ခင်တဲ့လူဆိုတော့ ကျနော်တွက်နေတာ နောက်ကနေ ခဏခဏ လာပြီး ချောင်းကြည့်နဲ့။ ကျနော့်မှာ ဇောချွေးပြိုက်ပြိုက်ယိုပြီး အဲသည်ဘာသာ ကျပြီတောင် မှတ်တာ။

ကျနော် ကျောင်းပြီးတော့ သူတို့တတွေက တကယ် အားကိုးရတယ်။ ကျနော် မလေးရှားအလုပ်မှာ အရွေးချယ်ခံရပြီးမှ ဟိုက မခေါ်နိုင်လို့ နောက်ဆုံး မအောင့်နိုင်တော့ဘဲ သူတို့ထဲက တယောက် အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ လုပ်ချင်တယ်ပြောတော့လည်း အစ်မက နင်လုပ်ချင်ရင် ၀င်လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီက အခြေအနေမှန်ကို နားလည်အောင် စေတနာ အပြည့်နဲ့ ရှင်းပြပေးဖော်ရပါတယ်။ ဒါနဲ့ဘဲ ကျနော်နောက်ဆုံးတော့ ၀င်မလုပ်ဖြစ်ခဲ့ဘူး။ ကွန်ပြူတာ ကုမ္ပဏီတခုမှာဘဲ ၀င်လုပ်ဖြစ်တယ်။ အံမယ်... သူတို့ထဲက တယောက် အရင်ဆုံး စွံသွားတော့ ဆရာမလုပ်နေတဲ့တယောက်က ကျနော်တို့ကို အရင်ဆုံး ၀မ်းသာအယ်လဲ ဖောက်သည်ချတယ်။ ကျနော်တို့လည်း အံ့သြ၀မ်းသာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ အဲသည် အစ်ကိုကြီးကလည်း ကျနော်တို့နဲ့ အရမ်းခင်တဲ့ လူကြီးကိုး။ ဒါနဲ့ ကျနော်တို့ အစ်ကိုကြီးကို ကွန်ကရက်ကျူလေးရှင်းသွားလုပ်ကြတော့ လူကြီးက “မင်းတို့ကို .......က ပြောပြလိုက်တာမို့လား။ ခွေးကောင်မလေး” လို့ ဆဲပါတယ်။

ဟော....ကျနော် မလေးရှားမှာ ၂ နှစ်ခွဲ လုပ်ခဲ့ပြီး စင်္ကာပူကို ရောက်လာတော့လည်း သူတို့အားလုံးနဲ့ ပြန်ဆုံရပြန်ရော။ ကမ္ဘာကြီးက တကယ်တော့ ကျဉ်းကျဉ်းလေးပါကလား။ အရင်ထက်တောင် ပိုလို့ ခင်မင်ကြရပြန်ပါတယ်။

တရက်မှာ မရီန်နာဘေးမှာ မိတ်ဆွေတွေနဲ့အတူ ညစာစားပြီး အိမ်အပြန် မရီန်နာဘေး ဘူတာနားမှာ ကျနော့်ဇနီးလောင်းကို တယ်လီဖုန်းဆက်တော့ သူတို့ထဲက နှစ်ယောက်က နောက်ကနေ လိုက်ပြီး ချောင်းနားထောင်တယ်။ ကျနော်က တယ်လီဖုန်းဆက်ရင် အမြဲ အငြိမ်မနေ လမ်းလျှောက်ပြီး ဖုန်းပြောတတ်သူမို့ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်၊ မြက်ခင်းပေါ်တက်လိုက် လုပ်နေတာကို အဲဒီနှစ်ယောက်က ဇွဲကောင်းကောင်းနဲ့ ကျနော့်နောက်က ကျနော်မသိအောင် ကပ်လိုက်ကြပြီး နားထောင်ကြတယ်။ (တယောက်က အဲဒီအချိန်က ကိုယ်ဝန်အရင့်အမာကြီးနဲ့။ မပေါ့မပါးအနေအထားမှာတောင် ကျနော့်ကို စချင်နောက်ချင်တာနဲ့ လိုက်နားထောင်ရတာလေ)။ အတော်လေးကြာမှ မျက်စိထောင့်စွန်းက လူရိပ်မြင်တော့ ကျနော်က သင်္ကာမကင်းဖြစ်လာလို့ ရုတ်တရက် လှည့်လိုက်တဲ့အခါ စပ်ဖြီးဖြီးနဲ့ သူတို့နှစ်ယောက်ကို ပက်ပင်းတိုးတော့တာပါဘဲ။

ကျနော့်ကောင်မလေးကို အမှတ်တရ ဆွဲကြိုးဝယ်ပေးချင်လို့ လီဝှားဆိုင်ကို သူတို့တွေ လိုက်ပို့ပေးခဲ့တာတွေ၊ ကော်မွန်းဝယ့်သ် မှာ အိမ်ပြောင်းလာတော့ လာလည်တာတွေ၊ သူတို့အိမ်တွေမှာ အလှူလုပ်ရင် ဖိတ်ကျွေးခဲ့တာတွေ၊ အိမ်ပြောင်းတဲ့အခါ ကူညီရွှေ့ပေးခဲ့တာတွေ၊ မင်္ဂလာဆောင်အတွက် စင်္ကာပူက ပန်းတွေ ၀ယ်သွားပေးရတာတွေ၊ အားလုံးဟာ အမှတ်တရတွေပါဘဲ။

သူတို့ထဲက တယောက်ကတော့ မထင်မှတ်ဘဲ အဝေးဆုံးခရီးကို စောစီးစွာ နှုတ်ဆက်ထွက်ခွာ သွားခဲ့ပါတယ်။ အမြဲတမ်း အပြုံးလေးနဲ့ သဘောကောင်းပြီး ခင်မင်တတ်တဲ့ သူမကို အထူးသတိရမိပါတယ်။

လူ့ဘ၀ဟာ ရခဲလှစွာ.... တဲ့။ ဒီလို ရခဲတဲ့ လူ့ဘ၀မှာဘဲ သည်လို ခင်တဲ့မင်တဲ့ သူတွေအချင်းချင်း တိုင်းတပါး ရပ်ခြားမှာတောင် ခင်ခင်မင်မင် ပြန်လည်ဆုံဆည်းကြရတဲ့အဖြစ်ဟာ နည်းနည်းနောနောရေစက် မဟုတ်ပါလား။
Read more

“ ထာဝရ ပွင့်လန်းနေသော” ......အပိုင်း(၁)

(Stephen King ၏ ၀တ္ထုလတ် တခုဖြစ်သော “Rita Hayworth and Shawshank Redemption” ကို ဘာသာပြန်ဆိုပါသည်။ ဤ၀တ္ထုကို ရုပ်ရှင်မင်းသား တင်မ် ရော်ဘင်စ်၊ မော်ဂန်ဖရီးမင်း တို့ဖြင့် ရုပ်ရှင်ပြန်လည် ရိုက်ကူးထားရာ ရုပ်ရှင်အနေနှင့် အလွန်အောင်မြင်သော ဇာတ်ကားတကားဖြစ်လာသည်။ ကြိုက်နှစ်သက်သော ပရိတ်သတ်မှာ ထိုဇာတ်ကားကို အကြိမ်ပေါင်းများစွာ အဖန်တလဲလဲ ပြန်ကြည့်ကြသည် ဆို၏။ ကျနော်ကိုယ်တိုင်လည်း ထိုဇာတ်ကားကို ဆယ့်ငါးကြိမ်ထက်မနည်း အထပ်ထပ် ကြည့်ဘူးပါ၏။ ၀တ္ထုကိုမူကား နောက်မှ ဖတ်ရခြင်းဖြစ်သည်။ ၀တ္ထုနှင့် ရုပ်ရှင် အနည်းငယ် ကွဲပြားသော်လည်း ၀တ္ထုမှာလည်း ၀တ္ထုအလျောက် ကောင်းလှသည်ဖြစ်ရာ ကျနော်သည် အားလပ်ရက်တိုင်း၌ ဤ၀တ္ထုကို အခန်းဆက်အဖြစ် ဘာသာပြန်သွားရန် ရည်ရွယ်ပါသည်။ ရုပ်ရှင်ဒါရိုက်တာနှင့် သရုပ်ဆောင်များအဆိုအရလည်းကောင်း၊ ပရိသတ်အဆိုအရ လည်းကောင်း မူလ နာမည် ရှောရှမ့်ခ် ရီဒင့်ပ်ရှင်းမှာ ခေါင်းစဉ်အနေနှင့် သိပ်ဆွဲဆောင်မှုမရှိ၊ ဘာမှန်းလည်း မသိဟု ဆိုကြသည်။ ထို့ကြောင့် ကျနော့်ခေါင်းစဉ်ကို ၀တ္ထုအတွင်းဖုံးတွင် ပါသော “Hope springs Eternal” ဆိုသော စကားကိုပင် အခြေခံကာ ခေါင်းစည်းတခု ရွေးလိုက်ပါသည်။)

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အကျဉ်းထောင်တိုင်းနဲ့ ဗဟိုအစိုးရအကျဉ်းထောင်တိုင်း မှာ ကျုပ်လိုလူမျိုး တယောက်စီတော့ ရှိကြလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်။ ကျုပ်က ခင်ဗျားလိုချင်သမျှ ရအောင် ဆောင်ကျဉ်းပေးနိုင်တဲ့သူလေ။ အထူးစီမံပြုလုပ်ထားတဲ့ စီးက ရက်တွေကို လိုချင်သလား။ ကြိုက်တတ်လို့ ဆေးခြောက်တအိတ်လောက်ဘဲ လိုချင်သလား။ ဒါမှမဟုတ် ခင်ဗျားသား (သို့မဟုတ်) သမီးရဲ့ အထက်တန်းအောင်တဲ့ အထိမ်းအမှတ်အတွက် ဘရန်ဒီတလုံး လိုချင်သလား။ ဖြစ်နိုင်ချေရှိသမျှ အရာအားလုံးကို ကျုပ်က ဆောင်ကျဉ်းပေး နိုင်ပါရဲ့။

ကျုပ် ရှောရှမ့်ခ် ထောင်ကို ရောက်လာတော့ အသက် နှစ်ဆယ်ဘဲ ရှိသေးတယ်။ ထောင်ထဲမှာ ကိုယ့်အပြစ်ကိုယ် ဖွင့်ဟ၀န်ခံရဲတဲ့လူ လက်တဆုပ်စာမှာ ကျုပ်လည်း တယောက်အပါအ၀င် ပေါ့။ ကျုပ်ဟာ လူသတ်မှု ကျူးလွန်ခဲ့တယ်။ ကျုပ်ထက် အသက်သုံးနှစ်ကြီးတဲ့ ကျုပ်မိန်းမကို အသက်အာမခံကြေးငွေ မတန်တဆထား။ ပြီးတော့ ကျုပ်တို့ မင်္ဂလာဆောင်တုန်းက သူ့အဖေလက်ဖွဲ့ခဲ့တဲ့ ကျုပ်မိန်းမရဲ့ စီးတော်ယာဉ် ချက်ပလက် ကားကို ဘရိတ်ဖောက် ထားခဲ့တယ်။ ကျုပ်တွက်ထား မှန်းထားတဲ့အတိုင်း ကွက်တိတော့ ဖြစ်သွားပါရဲ့။ ဒါပေမယ့် ကျုပ်မှန်းတဲ့အထဲမှာ မပါတာကတော့ မြို့ထဲကို အသွားခရီးမှာ အိမ်နီးချင်းမိန်းမတယောက်နဲ့ အိမ်နီးချင်းရဲ့ လူမမယ် ကလေးလေးကို ကျုပ်မိန်းမက ၀င်ခေါ်သွားတဲ့ ကိစ္စဘဲ။ ကားက ဘရိတ်ပေါက်ပြီး မြို့လည်ခေါင် အစိုးရ ရုံးကြီးအစပ်က ခြံစည်းရိုး ပန်းခြုံတွေကိုကျော်။ အရှိန်မသတ်နိုင်ဘဲ ပြည်တွင်းစစ်ပွဲရုပ်တုကြီးရဲ့ အောက်ခြေအုတ်ခုံကို ၀င်ဆောင့်တဲ့အချိန်မှာ တနာရီ မိုင်ငါးဆယ်နှုန်းအောက်တော့ မလျော့ဘူးလို့ မျက်မြင်သက်သေတွေက ပြောကြ တယ်။

အဲ...ကျုပ်တွက်ထားတဲ့အထဲမှာ အဖမ်းခံရလိမ့်မယ် ဆိုတာလဲမပါဘူးဗျ။ ဒါပေမယ့် “ကွိကနဲ” မိအောင် အဖမ်းခံရပြီး ဒီနေရာကို ၀င်ဘို့ လက်မှတ်ရလာတော့တာဘဲ။ ကျုပ်တို့ မိန်းပြည်နယ်မှာ သေဒဏ်မရှိဘူး။ ဒီအတွက် ကျုပ်အမှုကို ကိုင်တဲ့ အစိုးရရှေ့နေက ကျုပ်အပေါ် လူသုံးဦးကို သတ်မှုနဲ့ ထောင်ဒဏ်တသက် သုံးထပ်ကွမ်း၊ တခုပြီးတခု ဆက်လျက် ကျခံစေရအောင် စွဲချက်တင်ခဲ့တယ်။ အဲဒီမှာဘဲ ကျုပ်အတွက် လွတ်ငြိမ်းချမ်း သာခွင့်၊ ပြစ်ဒဏ်လျော့ရက် စတာတွေအပေါ်မှာ ထားနိုင်တဲ့ မျှော်လင့်ချက်ဟူသမျှသည် ရေစုန်မျောလေသတည်း ဖြစ်သွားတော့တာပေါ့ဗျာ။ တရားသူကြီးက ကျုပ်လုပ်ခဲ့တဲ့ လုပ်ရပ်ကို အင်မတန် ရွံရှာစက်ဆုပ် အော့နှလုံးနာစရာ ကောင်းတဲ့ လုပ်ရပ်လို့ ပြောသဗျ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သို့ပေမယ့် ဘာဘဲဖြစ်ဖြစ်… ဒီဖြစ်ရပ်ဟာ အတိတ်မှာဘဲ ကျန်ခဲ့ပြီပေါ့ဗျာ။ တကယ်လို့ ကျုပ်တို့မြို့မှာ ထုတ်ခဲ့တဲ့ သတင်းစာအဟောင်းဖိုင်တွဲ ၀ါကြန့်ကြန့်တွေကို ပြန်ပြောင်းလှန်လှောကြည့်မယ်ဆိုရင် ကျုပ်ကို စီရင်ချက်ချတဲ့ သတင်းခေါင်းစည်း စာလုံးမဲကြီးတွေကို ဟစ်တလာတို့ မူဆိုလီနီတို့ရဲ့ သတင်းတွေနဲ့ ဘေးချင်းယှဉ်ပြီး တွေ့ရပါလိမ့်မယ်။

အခု ကျုပ် နောင်တ ရပြီလားလို့ ခင်ဗျားမေးမယ်ဆိုရင် နောင်တ ဆိုတာ ဘာလဲ ကျုပ်မသိဘူး။ အနည်းဆုံးတော့ ထောင်တွေ ပြုပြင်ရေးစခန်းတွေနဲ့ ပတ်သက်လို့ ဖြေရရင် အဲဒီ စကားလုံးရဲ့ ဆိုလိုရင်းကို ကျုပ် နားမလည်ဘူး။ ဒါဟာ နိုင်ငံရေးသမားတွေရဲ့ စကားလုံးသက်သက်ဘဲ။ တခြားအဓိပ္ပါယ်တော့ ရှိချင်လည်းရှိမှာပေါ့။ တနေ့နေ့ တချိန်ချိန်မှာ ကျုပ်ကိုယ်တိုင် အဲဒီ နောင်တ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ဖွေရှာဘို့ အခွင့်အရေး ရချင်လည်း ရလာလိမ့်မယ်။ ဒါပေမယ့် အဲဒါကလည်း နောင်အနာဂတ်မှာမှ သိရမယ့် ကိစ္စ။ “အနာဂတ်” ဆိုတာ ထောင်ထဲမှာ ရှိတဲ့ လူဆိုးဂျပိုးတွေ အားလုံးက မတွေးချင်လို့ မေ့ထားချင်တဲ့ အရာတခု။

ကျုပ်ငယ်ငယ်က လူချောလူလှ။ လူဆင်းရဲ ရပ်ကွက်မှာ ကြီးပြင်းခဲ့ရတယ်။ အဲသည်အနေအထားမှာ လူကုံတန်ရပ်ကွက်က အိမ်ကြီးရခိုင်နဲ့နေတဲ့ ချောမောလှပပြီး ခေါင်းမာတဲ့ မိန်းမတယောက်နဲ့ ညားခဲ့တယ်။ သူ့အဖေက သူပိုင်တဲ့ မျက်မှန်ကုမ္ပဏီမှာ ကျုပ်ဝင်လုပ်ပြီး ကိုယ့်ဒူးကိုယ်ချွန် ကြီးပွားအောင် ကြိုးစားမယ်ဆိုရင် ကျုပ်တို့ လက်ထပ်မယ့်ကိစ္စကို သဘောတူပါတယ်တဲ့။ နောက်တော့မှ ကျုပ်သဘောပေါက်လာတာက လားလား..ပုဂ္ဂိုလ်ကြီးက ကျုပ်ကို သူ့အိမ်မှာဘဲ အတူနေစေပြီး သူ့လက်အောက်မှာ သစ္စာရှိ ခွေးတကောင်လို သူချယ်လှယ်သမျှ ခံစေဘို့ အကွက်ချကြံစည်ထားတာကိုးဗျ။ ဒီလိုနဲ့ အမုန်းတရားနဲ့ ခါးသီးမှုတွေ တဖြည်းဖြည်းနဲ့ ပေါင်းစုလာတဲ့အခါ ကျုပ်မလုပ်သင့်တဲ့အရာကို လုပ်အောင် တွန်းပို့ခဲ့တာပါဘဲ။ နောက်တကြိမ်အခွင့်အရေးရမယ်ဆိုရင်တော့ ဒီလိုအမှုမျိုး ကျုပ်ကျူးလွန်မိတော့မှာ မဟုတ်ပါဘူး။ အဲဒါကိုဘဲ နောင်တ လို့ခေါ်မလား။ ကျုပ်တော့ သေသေချာချာ မသိဘူး။

အေးလေ...ထားလိုက်ပါတော့။ ခင်ဗျားကို အခုပြောချင်တာက ကျုပ်အကြောင်း မဟုတ်ပါဘူး။ ကျုပ်ပြောချင်တာက “အင်ဒီ ဒူးဖရိန်း” လို့ခေါ်တဲ့ လူတယောက်ရဲ့အကြောင်းပါ။ ဒါပေမယ့် အင်ဒီ့ အကြောင်းကို ခင်ဗျားကို ပြောမပြခင် ကျုပ်နဲ့ ပတ်သက်တဲ့ တချို့ ကိစ္စလေးတွေ အရင် ရှင်းလင်းထားဦးမှ တော်ကာကျမယ်။ သိပ်မကြာစေရပါဘူး။

ဆိုခဲ့တဲ့အတိုင်း ကျုပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်လုံးလုံး ဟောဒီ ရှောရှမ့်ခ် အကျဉ်းထောင်ထဲမှာ လိုသမျှကို ဆောင်ကျဉ်းပေးနိုင်တဲ့အကောင်။ ကျုပ်ယူပေးနိုင်တာ စီးကရက်၊ အရက်စတဲ့ တားမြစ်ပစ္စည်းတွေချည်း မဟုတ်ဘူး။ ဒီပစ္စည်းတွေက မှာတဲ့ စာရင်းမှာ အမြဲတစေ ထိပ်ဆုံးက ပြေးနေပေမယ့် ဒီထောင်ထဲမှာ ရှိတဲ့ လူတွေအတွက် တခြားပစ္စည်းအမျိုးအမည်ပေါင်း ထောင်နဲ့ ချီပြီး မှာပေးခဲ့ရဘူးတယ်။ တချို့ပစ္စည်းတွေက ဥပဒေနဲ့ လွတ်ကင်းတဲ့ ပစ္စည်းတွေပါဘဲ။ ဒါပေမယ့် ထောင်ဆိုတာ ခင်ဗျားကို အပြစ်ဒဏ်ပေးချင်လို့ ထည့်ထားတဲ့နေရာဖြစ်လေတော့ ဥပဒေနဲ့ မငြိစွန်းတဲ့ ပစ္စည်းမှန်ပေ မယ့်လည်း ထောင်ထဲကို ဒီအတိုင်း တံခါးမရှိ ဓားမရှိ သွင်းလာဘို့က လွယ်တာမဟုတ်ဘူး။

တခါက မိန်းကလေးတယောက်ကို မုဒိန်းကျင့်မှုရယ်၊ တခြား လူတဒါဇင်လောက်ကို မတော်တရော်လုပ်ပြမှုရယ်နဲ့ ထောင်ကျလာတဲ့ လူတယောက်ကို ပန်းရောင် ကျောက်တုံးလေး သုံးတုံး ကျုပ် ရှာပေးရခဲ့ဘူးတယ်။ အဲဒီ ကျောက်တုံးသုံးတုံးကို သူက မွေးကင်းစ ကလေးတယောက်ပုံ၊ ၁၂ နှစ်သား ကလေးတယောက်ပုံ၊ နောက်ပြီး မုတ်ဆိတ်မွှေးနဲ့ လူတယောက်ပုံရယ် တကယ်လက်ရာမြောက်အောင် ထွင်းထုခဲ့တယ်။ ပြီးတော့ သူ့လက်ရာကို သူ့ဘာသာ နာမည်ပေးပုံက “ယေရှုရဲ့ အရွယ်သုံးပါး” တဲ့။ အခုအချိန်မှာတော့ အဲသည် ပန်းပုလက်ရာတွေဟာ သည်ပြည်နယ်ရဲ့ ပြည်နယ်မှူးဖြစ်ခဲ့ဘူးတဲ့ လူတယောက်ရဲ့ အိမ်က ဧည့်ခန်းဆောင်မှာ အကျအန နေရာယူလို့ပေါ့။

တကယ်လို့သာ ခင်ဗျားဟာ မက်ဆာချူးဆက်ပြည်နယ် မြောက်ပိုင်းမှာ ကြီးပြင်းခဲ့တဲ့သူဆိုရင် ခင်ဗျားကြားဘူးလောက်မယ့် နာမည်တခု ရှိသေးတယ်။ “ရောဘတ် အလန်ကွတ်တီး” တဲ့။ ၁၉၅၁ ခုနှစ်က မက်ဆာချူးဆက်က စက်မှုဘဏ်ကို ဓါးပြတိုက်ဘို့ ကြိုးစားခဲ့သူပေါ့။ ဘဏ်ကို ၀င်စီးရာကနေ နောက်ဆုံးတော့ သွေးချောင်းစီးတဲ့ လူသတ်ပွဲအထိ ဖြစ်ကုန်တဲ့ ဓါးပြမှုလေ။ ဇာတ်ပေါင်းလိုက်တော့ ၆ ယောက်တိတိသေတယ်။ နှစ်ယောက်က ဓါးပြဂိုဏ်းက၊ သုံးယောက်က ဓါးစာခံတွေ၊ နောက်တယောက်ကတော့ အချိန်မှားပြီး ခေါင်းထောင်မိလို့ မျက်လုံးထဲ ကျည်ဆန်ဝင်သွားတဲ့ ပြည်နယ်ရဲတယောက်ပေါ့။ ကွတ်တီး က ပိုက်ဆံဒင်္ဂါးစေ့ စုဆောင်းရတာ အင်မတန် ၀ါသနာကြီးတယ်။ အကျဉ်းထောင်လုံခြုံရေးဝန်ထမ်းတွေကတော့ သူ့ကို ဘယ်ပေးစုပါ့မလဲ။ ဒါပေမယ့် သူ့အမေရယ်၊ ထောင်က လောင်ဒရီကားကို မောင်းတဲ့ ထရပ်ကားဒရိုင်ဘာတယောက်ရယ် အကူအညီတွေနဲ့ သူ့ကို ရှားပါးဒင်္ဂါးစေ့တွေ ရှာပေးခဲ့ရ ဘူးတယ်။

ကျုပ်က သူ့ကို ပြောရတယ်။
“ဘော်ဘီ ရာ၊ မင်းနှယ်... ရူးများ ရူးနေသလားကွာ။ ဒီလောက် သူခိုးတွေနဲ့ ပြည့်နေတဲ့ အုတ်ရိုးနန်းတော်ကြီးထဲမှာ မင်းက ကြံကြံဖန်ဖန် ဒင်္ဂါးစေ့ စုချင်ရတယ်လို့”

ဘော်ဘီက ကျုပ်ကို တချက်ကြည့် ပြုံးပြီး ပြောတယ်။ “ကျုပ် ဘယ်မှာ ၀ှက်ရမလဲ သိပါတယ်ဗျ။ တကယ့်ကို လုံခြုံတဲ့နေရာပါ။ စိတ်မပူပါနဲ့” တဲ့။

သူပြောတာ မှန်တယ်။ ၁၉၆၇ ခုနှစ်မှာ ဘရိန်းကျူမာနဲ့ ဘော်ဘီကွတ်တီး သေသွားတယ်။ ဒါပေမယ့် သူစုဆောင်းထားခဲ့တဲ့ ဒင်္ဂါးစေ့တွေကို ဒီနေ့အထိ ဘယ်သူမှ ရှာမတွေ့ဘူး။

တခါတခါ ဗယ်လင်တိုင်းနေ့တွေမှာဆိုရင် တချို့ပုဂ္ဂိုလ်တွေအတွက် ချော့ကလက်တွေ သွင်းပေး ရတယ်။ “အိုမော်လေး” လို့ခေါ်တဲ့ အိုင်ရစ်လူမျိုး ခပ်ကြောင်ကြောင် ငနဲ တယောက်အတွက် စိန့်ပက်ဒီ နေ့မှာ မက်ဒေါနယ်မှာရောင်းတဲ့ အစိမ်းရောင် နို့အေး သုံးခွက်ကို မှာပေးခဲ့ရဘူးတယ်။ နောက်ပြီးတော့ လူအယောက် ၂၀ လောက် သူတို့ ရှိစုမဲ့စုတွေ အားလုံးဝိုင်းထည့်ပြီး စီစဉ်ပေးပါပြောလို့ ညဘက် သန်းခေါင်ယံမှာ အပြာကား နှစ်ကားကို သူ့တို့ရဲ့ သန်းခေါင်ယံ ပါတီပွဲအတွက် စီစဉ်ပေးခဲ့ရဘူးတယ်။ အဲဒီအကျိုးဆက် အနေနဲ့ ကျုပ်တယောက်တည်း တပတ်တိတိ တိုက်ပိတ်တာ ခံလိုက်ရတယ်။ အဲ...အဲဒါက တော့ ထောင်ထဲကို ပစ္စည်းခိုးသွင်းတဲ့ လူတယောက်အနေနဲ့ ပေးဆပ်ရတဲ့ အရင်းအနှီးပေါ့။

ကျမ်းကိုးစာအုပ်တွေ၊ အညှီအဟောက်စာအုပ်တွေ၊ ဟာသပေါင်းချုပ်စာအုပ်တွေ၊ ခွေးလယားသီးမှုန့် စတာတွေလည်း သွင်းပေးရဘူးတယ်။ တခါကဆိုရင် နှစ်ကြီးသမား တယောက်အတွက် သူ့မိန်းမဆီက အတွင်းခံဘောင်းဘီ သွင်းပေးရဘူးတယ်။ အချိန်ဟာ ဓားသွားတလက်လို တဖြည်းဖြည်းချင်း ဆွဲနှုတ်နေတဲ့ ညတာရှည်တွေမှာ အဲသည်လူကြီးမင်းတွေဟာ ခုနက ပစ္စည်းတွေနဲ့ အချိန်ကို ဘယ်လိုကုန်ဆုံးစေသလဲဆိုတာ ခင်ဗျားဘာသာ တွေးကြည့်တတ်မယ်ထင်ပါတယ်။

ဒါတွေအားလုံးကို ကျုပ်က အခမဲ့ လုပ်ပေးနေတာမဟုတ်ဘူး။ တချို့ပစ္စည်းတွေဆိုရင် ဈေးက ၀ီခေါ်နေတာ။ ဒါပေမယ့်လည်း ဒီအလုပ်ကို ကျုပ်က ငွေကြေးသက်သက်အတွက် လုပ်နေတာ လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ငွေရှိလို့လည်း ကျုပ်အတွက် ဘာအသုံးကျလို့လဲ။ ကျုပ် အနေနဲ့ ဇိမ်ခံကား ၀ယ်စီးလို့ ရတာလည်းမဟုတ်။ ဖေဖော်ဝါရီလမှာ ဂျမေကာကို အပန်းဖြေခရီး နှစ်ပတ်တိတိ သွားလို့ ရတာမျိုးလည်း မဟုတ်။ ဒါဆို ကျုပ်ဘာအတွက် ဒီအလုပ်ကို လုပ်နေသလဲ။ ခင်ဗျားနားလည်အောင် ဥပမာပေးရရင် အသားသည်ဟာ သူရောင်းသမျှ အသားကို အကောင်းဆုံး အလတ်ဆုံးဖြစ်အောင်ကြိုးစားသလိုမျိုးပေါ့။ ကျုပ်မှာလည်း ဒီလုပ်ငန်းမှာ နာမည်ကောင်းကလေး ထွက်ပြီးသားဆိုတော့ အဲဒါကို ထိန်းသိမ်းချင်တယ်။ ပစ္စည်းနှစ်မျိုးဘဲ ကျုပ်လက်ရှောင်တယ်။ အဲဒါက သေနတ်နဲ့ အပြင်းစား မူးယစ်ဆေးဝါးဘဲ။ ကျုပ်ဘ၀ တလျှောက်လုံးနဲ့ရင်းပြီး ပေးဆပ်ခဲ့ရလောက်အောင် လုံလောက်တဲ့ လူသတ်မှုတွေ ကျုပ်ကျူးလွန်မိခဲ့တယ်။ သတ်တာ၊ ဖြတ်တာ၊ သေတာတွေ ကျုပ် မမြင်ချင်တော့ဘူးဗျာ။

ဟုတ်ပါတယ်။ တကယ်တော့ ကျုပ်ဟာ ထောင်တွင်းက အများအားထားရာ အ၀ယ်တော်ကြီး တယောက်ဆိုပါတော့။ ဒါကြောင့်မို့လို့ ၁၉၄၉ ခုနှစ်မှာ အင်ဒီဒူးဖရိန်းက ကျုပ်ဆီကိုလာပြီး ရီတာဟေးဝပ် (နာမည်ကျော် ရုပ်ရှင်မင်းသမီး) ကို သူ့အတွက် ထောင်ထဲကို သယ်လာပေးနိုင်မလား မေးတော့ ပြဿနာ မရှိပါဘူးလို့ ကျုပ်ပြောလိုက်တယ်။ တကယ်လဲ ပြဿနာမရှိခဲ့ပါဘူး။

........................

၁၉၄၈ ခုနှစ်မှာ အင်ဒီတယောက် ရှောရှမ့်ခ် အကျဉ်းထောင်ကို ရောက်လာတော့ သူ့အသက်က သုံးဆယ်ဘဲ ရှိသေးတယ်။ သူဟာ အရပ်ပုပု ညှက်ညှက်၊ ငွေရောင်ဆံပင်နဲ့ အင်မတန် သန့်ရှင်းသပ်ရပ်တဲ့ လက်အစုံကို ပိုင်ဆိုင်တယ်။ ရွှေရောင် မျက်မှန်ကိုင်းနဲ့။ သူ့လက်သည်းတွေဟာ အမြဲတစေ တိတိရိရိ ညှပ်ထားပြီး အမြဲတစေ သန့်ရှင်းနေတယ်။ လူတယောက်ကို သူ့ရဲ့ လက်သည်းတွေကတဆင့် အမှတ်ရနေရတာဟာ ရယ်စရာတော့ ကောင်းတယ်။ ဒါပေမယ့် အင်ဒီနဲ့ ပတ်သက်လို့ ကျုပ်တော့ အဲသည်လိုဘဲ ပုံဖော်ပြတတ်တယ်။ သူ့ကြည့်ရတာ အမြဲတမ်း နက်ကတိုင်လည်စည်း ၀တ်ဆင်ထားသင့်တဲ့ လူတယောက်လိုဘဲ။ အပြင်ဘက်မှာတုန်းကတော့ အင်ဒီဟာ အင်မတန်ကြီးတဲ့ ပို့တ်လန်းဘဏ်ကြီးတခုရဲ့ အာမခံဌာနမှာ ဒု-ဥက္ကဋ္ဌ ပေါ့။ သူ့အသက်အရွယ်နဲ့ဆိုရင် အင်မတန် ကြီးတဲ့ ရာထူးတခုကို ပိုင်ဆိုင်ထားခဲ့သူပေါ့။ အထူးသဖြင့် ရှေးရိုးစွဲတတ်တဲ့ ဘဏ်အများစုနဲ့ ရှေးရိုးစွဲတတ်တဲ့ နယူးအင်ဂလန် ဒေသက လူတွေရဲ့ စရိုက်ကိုပါ ပေါင်းထည့်လိုက်ရင် အဲသည်ရာထူးကိုရတဲ့ အင်ဒီဟာ သူ့အရွယ်မှာ အင်မတန်အောင်မြင်တဲ့ လူတယောက်လို့ ပြောလို့ရတယ်။ သိကြတဲ့အတိုင်း အဲဒီဒေသက လူတွေက သူတို့ပိုက်ဆံကို ထိပ်ပြောင်၊ ဗိုက်ရွှဲပြီး တုန်ချိချိနဲ့ လမ်းလျှောက်တတ်တဲ့ အိုကြီးအိုမဘဏ်သမားတွေ ထံမှာမှ ယုံယုံကြည်ကြည် အပ်ချင်ကြတာမျိုးကလား။

အင်ဒီ ထောင်ထဲ ရောက်လာတဲ့ အကြောင်းကတော့ သူ့မိန်းမနဲ့ သူမိန်းမရဲ့ ချစ်သူ (ကြာခိုနေသူ) ကို နှစ်လောင်းပြိုင် သတ်မှုကြောင့်ဘဲ။

ရှေ့မှာ ကျုပ်ပြောခဲ့ဘူးတယ် ထင်ပါတယ်။ ထောင်ထဲမှာ ရှိသမျှ လူတိုင်းဟာ သူတို့အဆိုအရဆိုရင် တကယ်ကို ပီဘိ အပြစ်ကင်းတဲ့လူတွေချည်းဘဲ။ အမယ်လေး... တချို့ဆိုရင် တီဗီထဲမှာမြင်ရတဲ့ ဘုရားရှိခိုးကျောင်းက လူတွေလို သမာကျမ်းစာ စာအုပ်နဲ့ မျက်နှာနဲ့ ခွာတယ်မရှိဘူး။ ဘာတဲ့။ သူတို့ဟာ ကျောက်ခဲနှလုံးသားပိုင်ရှင် စာနာခြင်းကင်းတဲ့ တရားသူကြီးတွေက မတရားသဖြင့် အမိန့်ချမှတ်ခြင်းကို ခံကြရရှာတဲ့ သနားစဘွယ် သားကောင်လေးတွေပေါ့။ ဒါမှမဟုတ် သူတို့ ဘက်က လိုက်ပေးတဲ့ ရှေ့နေတွေရဲ့ အသုံးမကျမှုကြောင့်၊ အဲလိုမှ မဟုတ်သေးဘူးဆိုရင် ရဲက အမှုဆင်ဖမ်းလို့ ၊ ကံဆိုးမိုးမှောင်ကျလွန်းလို့ စသဖြင့် ထောင်ထဲကို ရောက်လာကြရသူတွေဖြစ်တယ် ဆိုဘဲ။ ဘုရားစာ ကျမ်းစာအုပ်တွေဖတ်နေပေမယ့် သူတို့မျက်နှာပေါ်က ထင်ဟပ်နေတဲ့ တကယ့်အရိပ်အယောင်တွေကတော့ သူတို့ဖတ်နေတာတွေနဲ့ တခြားစီဘဲ။ များသောအားဖြင့် ဒီထဲမှာ ရှိတဲ့လူဆိုး လူလိမ်လူကောက်အားလုံးဟာ စကတည်းက လူ့လောကမှာ လူဖြစ်လာဘို့တောင် မကောင်းတဲ့သူတွေချည်းဘဲ။

ဒီထောင်ထဲမှာ နေလာခဲ့သမျှ တကယ် အပြစ်ကင်းပါတယ်လို့ ကျုပ်ယုံကြည်တဲ့လူ ဆယ်ယောက်လောက်ဘဲ ရှိတယ်။ အဲသည်ထဲမှာ အင်ဒီဒူးဖရိန်း က တယောက်အပါအ၀င်ဘဲ။ ဒါပေမယ့် သူ့ကို ကျုပ်ယုံတယ်ဆိုတာကလည်း နှစ်ပေါင်းများစွားကြာပြီးမှပါ။ ၁၉၄၇-၁၉၄၈ ခုနှစ်တွေဆီက မုန်တိုင်းထန်နေတဲ့ သီတင်းခြောက်ပတ်ကာလအတွင်း ကြားနာခဲ့တဲ့ သူ့အမှုမှာ ကျုပ်သာ ဂျူရီလူကြီးတဦးဖြစ်ခဲ့ရင် ကျုပ်လည်းဘဲ သူ့မှာ အပြစ်ရှိတယ်လို့ မဲပေးဆုံးဖြတ်ခဲ့မိမှာ အသေအချာဘဲ။

(ဆက်ရန်…..)
Read more

“အသစ်တဖန် ပြန်စခွင့်ရလျှင်”

(၁)

မြင့်နိုင်သည် ရိတ်သိမ်းပြီး ကောက်ပင်များကို ကောက်လှိုင်းထုံးဖြစ်အောင် စည်းနှောင်နေရာမှ ကျနော်နှင့် မျက်လုံးချင်း ဆုံသောအခါ သူ့နှုတ်ခမ်းကို တဖက်သို့ အစွမ်းကုန် ရွဲ့ပြလိုက်သည်။

ကြည့်စမ်း။ ဒီကောင် သူ့ကို ရန်မစပါဘဲနှင့် ကျနော့်ကို သက်သက် ရန်စချင်းဖြစ်သည်။ ကျနော့်ဖခင်မှာ လေဖြတ်ထား၍ နှုတ်ခမ်းရွဲ့နေသည်ကို ဒီကောင် သည်လိုဘဲ မကြာခဏ နောက်ပြောင်တတ်သည်။

နေပူပူ ကန်သင်းပေါင်တွင် ဖြတ်လျှောက်လာရင်းမှ ကျနော် ဒေါသ ထောင်းကနဲ ထွက်သွားသည်။ ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ လက်ထဲတွင် အသင့်ရှိနေသော လေးဂွတွင် လောက်စာလုံးတပ်၍ သားရေကြိုးကို အစွမ်းကုန်ဆွဲကာ သူ့ကို ပစ်ထည့်လိုက်သည်။
လောက်စာလုံးသည် သူ၏ ဘယ်ဘက်ပါးတည့်တည့်ကို အရှိန်ပြင်းစွာ ထိမှန်သွား၏။ နာကျင်ခြင်းနှင့် အငိုက်မိသွားခြင်းတို့ကြောင့် ရုတ်တရက်တော့ မြင့်နိုင် ခဏတွေဝေသွားသည်။ သို့သော် စက္ကန့်ပိုင်းမှာပင် သတိဝင်လာပြီး စည်းလက်စ ကောက်လှိုင်းစည်းကို ပစ်ချကာ ကျနော်ရှိရာ ကန်သင်းပေါင်ဆီသို့ ဒေါသတကြီး ပြေးလာလေသည်။

ကျနော်ဘာလုပ်သည် ထင်သနည်း။ စီးထားသော ရာဘာဖိနပ်ကလေးကို ကမန်းကတန်း ကုန်း၍ချွတ်သည်။ သည်ကောင်နှင့် ခံချ၍တော့ မဖြစ်။ နှစ်ယေက်စလုံး တတိယတန်းတက်နေပေမင့် သူက ကိုယ့်ထက် ၂ နှစ်ခန့်ကြီးကာ လူကောင်ကလည်း ထွားထွားကြီးဖြစ်သည်။

ကျနော်သည် ဖိနပ်နှင့် လေးဂွကို လက်ကကိုင်ကာ ရွာဆီသို့ ဒုန်းစိုင်းပြေး၏။ နောက်ခပ်လှမ်းလှမ်းတွင် မြင့်နိုင် ထပ်ချပ်မကွာ ပါလာသည်ကိုလည်း စောင်းငဲ့ကြည့်လိုက်တိုင်း မြင်နေရ၏။ ရွာအ၀င်လမ်းကိုဖြတ်၍ အိမ်ဆီသို့ တန်းပြေးကာ အိမ်ပေါ်တွင် တံခါးပိတ်ကာ တက်ပုန်းနေရ၏။ အိမ်အောက်ထပ်တွင် အဖေသည် ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ငါးဖမ်းပိုက်ကွန်ကို ဖာထေးနေလေသည်။ အဖေက ကျနော့်အခြေအနေကို သတိထားမိပုံမရ။

ခဏနေတော့ အိမ်အောက်သို့ မြင့်နိုင် ၀င်လာသည်ကို အိမ်အပေါ်ထပ်မှ ချောင်းကြည့်နေသော ကျနော်မြင်ရ၏။ သူသည် အိမ်အောက်ရှိ သောက်ရေအိုးစင်မှ ရေတခွက်ကို ၀င်သောက်ရင်း မျက်စိဖြင့် ဟိုဟိုသည်သည်ကြည့်ကာ ကျနော့်အား ရှာဖွေသည်ကို မြင်ရ၏။ ကျနော်တို့အိမ်မှာ ရွာအ၀င်နားတွင် ရှိသည်ဖြစ်၍ လယ်ထဲမှ ပြန်လာသူများ ဤသို့ပင် ရေ၀င်သောက်လေ့ရှိ၍ အထူးအဆန်းအဟုတ်ချေ။
ကျနော်သည် အိမ်အပေါ်ထပ် ၀ါးကြမ်းခင်းပေါ်တွင် ခင်းထားသော ဖျာနှစ်ချပ်အကြား ဟနေသော အပေါက်သေးသေးကလေးမှ မျက်နှာအပ်ကာ ၀မ်းလျားမှောက်ကြည့်နေရင်း ကျနော့်ရင်ခုန်သံကို မြင့်နိုင်ကြားသွားမည် စိုးရိမ်ကာ ယောင်ယမ်း၍ အသက်ကိုပင် အောင့်ထားမိ၏။ သို့သော် ကျနော့်ရင်မှာ တဒိန်းဒိန်းခုန်နေဆဲ။

မြင့်နိုင်သည် ကျနော် အိမ်ပေါ်တွင် ပုန်းအောင်းနေသည်ကို ရိပ်မိပုံရ၏။ သို့သော် အဖေရှိနေ၍ အိမ်ပေါ်သို့လည်း တက်လိုက်မလာရဲ။ ရေသောက်ပြီးသောအခါ သူသည် ရေအိုးအဖုံးကို နေရာတကျ ပြန်ဖုံးပြီး ကျနော်ကြားလောက်အောင် “အဟမ်း၊ အဟမ်း”ဟု တမင်ညှစ်ကာ ချောင်းဟန့်သံပေး၏။ ထို့နောက် အခဲမကြေဟန်ဖြင့် စောင်းကန်းစောင်းကန်းနှင့် အိမ်ခြံဝန်းထဲမှ ထွက်သွားလေတော့သည်။

(၂)

ကျနော်သည် မြေဆွေးများကို ဂေါ်ပြားနှင့် အားရပါးရ ကော်ကာ တောင်းထဲသို့ ထည့်ပေးနေ၏။ တောင်းပြည့်သွားသောအခါ ကျနော်နှင့် အတန်းတူ သတ္တမတန်း ကျောင်းသူ ၂ ဦးက တဖက်တချက် တောင်းကို မပြီး ဂေါ်ဖီပင်များ စိုက်ထားရာ စိုက်ခင်းဆီသို့ သယ်ယူသွား၏။

နောက်တကြိမ် ထည့်ပေးသည့်တောင်းကိုတော့ ရှစ်တန်းကျောင်းသူ နှစ်ဦးက လာ၍ သယ်ယူသွား၏။ သူတို့အတန်းမှာလည်း စိုက်ခင်းရှိသည်လေ။

ဤသို့ဖြင့် အခေါက်ခေါက်အခါခါ မြေဆွေးထည့်ပေးနေစဉ် တကြိမ်တွင် နောက်နားဆီက အသံထွက်လာသည်။

“ဟေ့။ မောင်ပေါ။ မင်းမြေဆွေးကို ထည့်ပေးနေတာက ငါတို့ အတန်းအတွက်လား။ အဋ္ဌမတန်းအတွက်လား”

လှည့်ကြည့်လိုက်တော့ မေးနေသူမှာ ကျနော်တို့ သတ္တမတန်း အတန်းပိုင်ဆရာမ။ မျက်နှာကို အစွမ်းကုန် တည်ထားကာ ကျနော့်အား စူးစူးဝါးဝါး စိုက်ကြည့်လျက် ကျနော့်အဖြေကို စောင့်နေ၏။

ကျနော့်နှုတ်က အဖြေတခု အထစ်ထစ်အငေါ့ငေါ့နှင့် ထွက်သွား၏။

“သတ္တမတန်းအတွက်ဘဲ ထည့်တာပါ ဆရာမ”

ဟင်.ကနဲ အာမေဋိတ်နှင့်အတူ တောင်းကို မယူတော့မည့် လက်ကလေး နှစ်စုံသည် လမ်းခုလပ်တွင် ရပ်တန့်သွားသည်။ ရှစ်တန်းကျောင်းသူလေးနှစ်ဦးသည် ရှက်ကိုးရှက်ကန်းဖြင့် အဝေးသို့ ထွက်သွားကြလေသည်။

(၃)

အထက်ပါ အဖြစ်အပျက်နှစ်ခုမှာ ကျနော်ငယ်စဉ်က ကြုံတွေ့ခဲ့သော အဖြစ်အပျက်များ ဖြစ်သည်။

ထိုအဖြစ်အပျက်နှစ်ခုကို ယခု ပြန်သုံးသပ်သောအခါ ပထမအဖြစ်အပျက်တွင် မြင့်နိုင်အား လေးဂွနှင့် ပစ်မိသည်အထိ ကျနော့်အနေဖြင့် မမှားသေးဟု ယူဆသည်။ ကိုယ့်အား အကြောင်းမဲ့ စော်ကားသူအား တုန့်ပြန်ခြင်းဖြစ်သည်။ သို့သော် လေးဂွနှင့် ပစ်ပြီး ထွက်ပြေးရသည့်အဖြစ်ကိုမူ သိပ်ဘ၀င်မကျချင်။ လူကောင်းချင်းမမျှ၍ ပြေးရသည်ဟု အကြောင်းပြလျှင်တော့ ရပါသည်။ သို့သော် ကြောက်၍ ပြေးရခြင်းဖြစ်ကြောင်း ကိုယ့်ဘာသာသိနေသောအခါ ကိုယ့်စိတ်က ဤအဖြစ်ကို မကျေနပ်နိုင်။ ဖြစ်သင့်သည်မှာ နေရာမှာပင် သေသေကြေကြေ ခံချသင့်သည်။ ကလေးချင်း ရန်ဖြစ်သည်ဖြစ်၍ သေသည်အထိတော့ မဖြစ်နိုင်။ သို့သော် သူတင်ကိုယ်တင် ခံချခဲ့လျှင် ဒီကောင်လည်း နောက်ပိုင်း ကိုယ့်ကို သိပ်အနိုင်ကျင့်ရဲ၊ စရဲ နောက်ရဲ တော့မည်မဟုတ်။ အခုတော့ ကျနော် ထွက်ပြေးမိသည့်အတွက် မြင့်နိုင်၏ ငယ်ကြောက်ဆိုသည့် ဘွဲ့ထူးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရသည့်အပြင် လူကြောက်တတ်သော အကျင့်လည်း ပါလာခဲ့လေသည်။

ဒုတိယ အဖြစ်အပျက်မှာ နှလုံးရည်သတ္တိနည်း၍ ဖြစ်ရခြင်း ဖြစ်သည်။ အမှန်ကို အမှန်အတိုင်း ဖွင့်မပြောရဲ၍ ဖြစ်သည်။ ဆရာမ စိတ်ဆိုးသွားမည်ကို မခံနိုင်သည့်အတွက် ညာပြောလိုက်မိခြင်း ဖြစ်သည်။ တကယ်ဖြစ်သင့်သည်မှာ ဆရာမစိတ်ဆိုးကာမှ ဆိုးပေရော့။ အမှန်အတိုင်း ထုတ်ပြောသင့်ပေသည်။ “ကျနော် နှစ်တန်းလုံးအတွက် လုပ်ပေးနေတာပါ” ပြောလိုက်လျှင်လည်း ရသည်။

ကျနော်သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထိုအဖြစ်အပျက်နှစ်ခုစလုံးကို စိတ်ထဲတွင် တအုံ့နွေးနွေးဖြင့် ယနေ့တိုင် သတိရနေဆဲဖြစ်သည်။

အထူးသဖြင့် “လမ်းခုလတ်တွင် ရုတ်သိမ်းသွားသော လက်ကလေးနှစ်စုံနှင့် ရှစ်တန်းကျောင်းသူလေးများ၏ မျက် ၀န်းများတွင် တွေ့မြင်လိုက်ရသည့် ယုံကြည်ကိုးစားမှုကို အဖြိုဖျက်ခံလိုက်ရခြင်း(တနည်း ပြောရလျှင် သစ္စာဖောက်ခံလိုက်ရခြင်း)တည်းဟူသော အကြည့်ကလေးများ”ကို နာကျင်စွာ သတိရနေမိပါတော့သည်။

ကာလယန္တရား(Time Machine) ကို စီးနင်း၍ အတိတ်သို့ ပြန်သွားခွင့်ရခဲ့ပါလျှင် ကျနော်သည် ထို အဖြစ်အပျက် နှစ်ခုကို ပြန်ပြင်လိုလှပါတော့သည်။
Read more

“ငါမဆိုင်စိတ် မွေးသင့်သလား”

ကျနော်စီးလာသော ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်မှ အထွက် လမ်းဘေးမှ စက်ဘီးနင်းလာသူတဦးနှင့် ပွတ်မိမလို ဖြစ်သွားသည်။

“ဟေ့....သေချင်လို့လား” ဘတ်စ်ကားဒရိုင်ဘာထံမှ ထွက်လာသော အသံဖြစ်သည်။

သို့နှင့် ဘတ်စ်ကားသည် မှတ်တိုင်များတွင် ရပ်လိုက်၊ မောင်းလိုက်နှင့် ခရီးဆက်လာသည်။ တနေရာတွင် ကားထွက်ပြီး မကြာခင် ၀ုန်းကနဲအသံကြီးနှင့်အတူ ဘတ်စ်ကား ထိုးရပ်သွားသည်။

“ဟာ...ဟိုကောင်၊ ကားကို ခဲနဲ့ ပေါက်ပြေးပြီ။ လိုက်လိုက်။ မလွတ်စေနဲ့” အသံများ ဆူညံပွက်လောရိုက်သွားသည်။

ကားစပယ်ယာသည် မော်တော်ကားဘီး ၀က်အူလှည့်ရာတွင် သုံးသော သံဒုတ်ကြီးကို ကားပေါ်က ဆွဲပြေးသွားတာလည်း မြင်လိုက်ရ၏။ ကားပေါ်မှ လှမ်းကြည့်လိုက်တော့ ကားကို ခဲဖြင့် ပစ်ပြေးသူ စက်ဘီးသမား (စောစောပိုင်းက ကားနှင့် တိုက်မိမလိုဖြစ်သောသူ)သည် စက်ဘီးပေါ် ကမန်းကတန်းတက်၍ လမ်းသွယ်လေးထဲသို့ ပြေးမည်လုပ်စဉ် စက်ဘီးချိန်းကြိုး ပြုတ်ကျသွားသည်ကို မြင်ရ၏။ လူများ ၀ိုင်းအုံသွားသည်။ ငါးမိနစ်လောက်အတွင်းမှာပင် အဖြစ်အပျက်များ မြန်ဆန်စွာ ဖြစ်ပျက်သွားသည်။

ခဏကြာတော့ ခေါင်းတွင် သွေးများယိုစီးလျက် သတိမေ့လျော့လျက်ရှိသော စက်ဘီးသမားကို ကားပေါ်သို့ ပွေ့တင်လာကာ ကားတံခါးများကို ပိတ်လိုက်သည်။ စပယ်ယာသည် သွေးစွန်းနေသော သံဒုတ်ကို မူလနေရာတွင် ပြန်ထိုးထည့်လိုက်သည်။ ကျနော်တို့နှင့်အတူ ကားပေါ်တွင် ကျန်ရစ်ခဲ့သော ဒရိုင်ဘာကို ကြည့်ရသည်မှာ အင်မတန်ပင် စိတ်ညစ်သွားဟန်ရှိသည်။

စပယ်ယာက ကားပေါ်ရှိခရီးသည်အားလုံးအား “ကဲ....ကဲ၊ ခရီးသည်တွေ အားလုံးမြင်ကြတယ်နော်။ ကားကို ခဲနဲ့ပေါက်ပြီးထွက်ပြေးလို့ နောက်ကနေ လူအုပ်လိုက်သွားပြီး ၀ိုင်းရိုက်ကြတာ။ အခု ဘယ်သူမှ ဆင်းလို့မရဘူး။ ရဲစခန်းကို သက်သေအဖြစ် လိုက်ခဲ့ကြရမယ်”

အချိန်မှာ ညနေတော်တော်စောင်းနေပြီဖြစ်သည်။ မပတ်သက်လိုသော ခရီးသည်များက ပူညံပူညံလုပ်သဖြင့် အင်းစိန်ကုန်းကျော်တံတားအလွန် ဟီးနိုးဂိတ်မှတ်တိုင်သို့ ရောက်သော အခါ ကားတံခါးပေါက်ကို တ၀က်တပျက် ဖွင့်ပေးကာ “ကဲကဲ အမျိုးသမီးများ ဆင်းကြပါ။ အမျိုးသားများကတော့ သက်သေလိုက်ခဲ့ကြဘို့ လိုပါတယ်” ဟု စပယ်ယာက အော်လေသည်။
သို့သော် တကယ်တမ်းတွင်မူ အမျိုးသားအချို့လည်း အလုအယက် တိုးဝှေ့ဆင်းသွားကြလေ သည်။ ထိုအထဲတွင် ကျနော့်အိမ်တွင် တည်းခိုနေသော ကျနော့်ညီဝမ်းကွဲလည်း ပါသွားရာ ကျနော့်မှာ စိတ်စနိုးစနောင့်ဖြစ်ရလေသည်။ အခြားကြောင့်မဟုတ်။ ကျနော်သည် ဤကိစ္စတွင် ရဲစခန်းသို့လိုက်ပြီး မျက်မြင်သက်သေအဖြစ် ရဲစစ်ချက်ခံဖို့ ဆုံးဖြတ်ပြီးဖြစ်ရာ ကျနော့်ညီဝမ်းကွဲကို အိမ်သို့ အရင်ပြန် ရောက်မသွားစေချင်ပါ။ အိမ်က မုချ စိတ်ပူမည် ဖြစ်သည်။

သို့နှင့် ရွာမရဲစခန်းသို့ ရောက်၏။ ကားပေါ်ကျန်ခဲ့သူများမှာလည်း ရွာမရဲစခန်းတွင် ကားရပ်ထားစဉ် မယောင်မလည်နှင့် ထလစ်ကြကုန်၍ နောက်ဆုံးတွင် မျက်မြင်သက်သေဟူ၍ ကျနော်နှင့် ရွှေပြည်သာမှ အကြော်သည်တဦးသာ ကျန်တော့သည်။

ရွာမရဲစခန်းက ၄င်းတို့ အပိုင်နယ်မြေထဲတွင် ဖြစ်ပွားသောအမှုမဟုတ်၍ လက်မခံ။ ဘုရင့်နောင် ရဲစခန်းသို့သွားရန် ပြော၏။ သို့သော် သတိမေ့နေသော လူနာကို ဒရစ်ပ်သွင်းကာ (လူနာတင်ကားမရှိ၍) ထိုပြဿနာဖြစ်သော ဘတ်စ်ကားကြီးနှင့်ပင် ရန်ကုန်ဆေးရုံကြီးသို့ ပို့စေသည်။

ရွာမကနေ ရန်ကုန်ဆေးရုံကြီးသို့ သွားရာလမ်း တလျှောက်လုံး လူနာသည် ဘတ်စ်ကား ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက်။ သတိလစ်လျက်ပင်။
ကျနော်နှင့် အကြော်သည် နှစ်ဦးသည် ဒရစ်ပ်ပုလင်းကို တလှည့်စီ ကိုင်ပေးရ၏။ ကျနော့်တို့နှစ်ဦးမှာ လူနာသေမည်ကို ပူပန်နေကြသည်။ ညနေစာလည်း ဘာမှ မစားရသေး။ အကြော်သည်က သူ့ဒန်ချိုင့်ထဲတွင် ညစာအတွက် ချန်ထားသော အကြော်နှစ်ခုကို ထုတ်ကာ ကျနော့်ကို ဝေမျှကျွေး၏။ ဒရိုင်ဘာနှင့် စပယ်ယာမှ ကျနော်တို့အား အန္တရာယ်ပြုနိုင်သည်ဖြစ်၍ အလစ်မပေးရဲချေ။

ဆေးရုံကြီးသို့ ရောက်သောအခါ ဆရာဝန်ကို ဆယ့်ငါးမိနစ်ခန့် စောင့်ရ၏။ လူနာကား သတိလုံးဝမလည်သေး။ ဆရာဝန်ရောက်လာတော့ လူနာ၏ မျက်ခွံကို လက်ဖြင့် ဖြဲဖွင့်၍ လက်နှိပ်ဓါတ်မီးအသေးကလေးနှင့် မျက်လုံးကို ထိုးကြည့်တာတွေ့ရ၏။ ပါးစပ်ကလည်း “ဟေ့လူ၊ ဟေ့လူ၊ နိုးပလား။ ကျုပ်ပြောတာကြားရလား” ဟု အော်သေး၏။ လူနာကား တုပ်တုပ်မလှုပ်။ အဖြစ်အပျက်ကို မေးမြန်းမှတ်သားကာ ဓါတ်မှန်ရိုက်ရန် သယ်ယူသွားလေသည်။
ထိုအချိန်တွင် ကျနော်တို့လေးယောက်မှာ စောင့်ရုံမှ တပါး အခြားမရှိဖြစ်နေစဉ် ကားဒရိုင်ဘာနှင့် စပယ်ယာက ကျနော်နှင့် အကြော်သည်အား ဆေးရုံနားက လမ်းဘေးအသုပ်ဆိုင်မှ လက်ဘက်သုတ်နှင့် ထမင်းသုတ်များ မှာကျွေး၏။ ကျနော်နှင့် အကြော်သည်မှာ ဗိုက်ဆာနေသော်လည်း မစားဘူးငြင်းကြ၏။ သူကျွေးတာစားပြီး သူ့ဘက်က သက်သေလိုက်ထွက်ပေးရမည်ကို မလိုလားသဖြင့် မစားကြ။ ကျနော်တို့နှစ်ယောက်သည် မိမိမြင်သည့်အတိုင်းထွက်မည်ဟု ကျိတ်၍ တိုင်ပင်ထားပြီးဖြစ်သည်။

ထိုအတောအတွင်း စပယ်ယာက ထပ်ကာတလဲလဲ တဖွဖွ ပြောနေသောစကားမှာ “အကိုတို့လည်း မြင်တယ်နော်။ လူတွေ အများကြီး ၀ိုင်းအုံသွားတာ။ ဘယ်သူရိုက်လိုက်မှန်းမသိဘူး။”
ဘတ်စ်ကားဒရိုင်ဘာကလည်း “နေရင်းထိုင်ရင်း အကုသိုလ် ၀င်တယ်ဗျာ။ ဘယ်တော့များမှ ဒီပြဿနာက ရှင်းမယ်မသိဘူး” စသဖြင့် ငြီးတွားလေသည်။ ဤသို့ဖြင့် ည ၁၁ နာရီခန့်တွင် ဆေးရုံကြီးမှ ဘုရင့်နောင်ရဲစခန်းသို့ သွားရ၏။ လူနာ၏ နောက်ဆုံးအခြေအနေကို မသိခဲ့ရချေ။

ဘုရင့်နောင် ရဲစခန်းသို့ ရောက်သောအခါ စခန်းတာဝန်ကျသူ (စခန်းမှူးဟု ယူဆရသူ)၏ စားပွဲတွင် ခဏ မတ်တပ်ရပ်ကာ စောင့်ရသည်။ ထိုသူသည် တာဝန်ကျရဲများကို ထိုနေ့ညအဖို့ လုပ်ဘွယ်ဆောင်တာများကို ညွှန်ကြားနေသည်ဟု ယူဆရသည်။ ကျနော်က နားထောင်ရင်း လက်က ဂဏှာမငြိမ်ဘဲ စားပွဲကို အသာအယာ ခေါက်မိသောအခါ စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကို မပုတ်ဘို့ ပြောလေသည်။ စားပွဲပုတ်ရင် ထိုညအဖို့ အမှုပွေတတ်သည် ဆို၏။

သည်လိုနှင့် ကျနော်တို့ ကိစ္စ အလှည့်ရောက်သည်တွင် ကျနော်တို့ စကားတခွန်းမှ မဟလိုက်ရခင်မှာပင် အမှုပေါ်သွားသည်ဟု ပြောရပေမည်။ စခန်းမှူးသည် စမေးကတည်းက ကားစပယ် ယာကို “မင်းသံဒုတ်နဲ့ ရိုက်လိုက်တယ်မဟုတ်လား” ဟု ခပ်တည်တည် မေးလိုက်ရာ ဟိုပုဂ္ဂိုလ်မှာ နဂိုသူပြောမည့်အတိုင်း ထွက်မလာတော့ဘဲ အိုးနင်းခွက်နင်းနှင့် မေးခွန်း ၃ ခုလောက်အတွင်းမှာပင် သူရိုက်ကြောင်း ပေါ်သွားတော့သည်။ ယခုပြန်စဉ်းစားကြည့်တော့ ရဲက သူ့အပိုင်နယ်မြေအတွင်းမှာ ဖြစ်ပျက်တာတွေကို ကြိုတင်သတင်းရထားပုံရသည်။ ထိုရဲမှူး၏ ကျွမ်းကျင်မှု။ အကင်းပါးမှုကို ချီးကျူးမိပါသည်။ ရဲမှူးက ကျနော်နှင့် အကြော်သည်အား သက်သေအဖြစ် လိုအပ်လျှင် ခေါ်မည်ဆိုကာ အချက်အလက်ယူထား လိုက်၏။ သို့သော် ယနေ့တိုင် မခေါ်ချေ။ ကျနော်တို့ ထွက်ချက် မလိုအပ်၍လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ဤအမှု တရားရုံးသို့ လုံးလုံးမရောက်သည်လည်း ဖြစ်နိုင်သည်။ ဘယ်သို့ဘယ်ပုံ ရှင်းလိုက်သည်ကား တွေးတောကြံဆရုံသာ ရှိတော့သည်။

နောက်ဆုံးတွင် စပယ်ယာတယောက်သာ နေခဲ့ရ၍ ဘတ်စကား ဒရိုင်ဘာမှာ စခန်းမှူးအမိန့်ဖြင့် ကျနော်နှင့် အကြော်သည်အား အိမ်တိုင်ရာရောက် လိုက်ပို့ပေးရလေသည်။
အထက်ပါအဖြစ်အပျက်များသည် လွန်ခဲ့သော ၁၆ နှစ်ခန့်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
မှတ်မှတ်ရရ ထိုညက အိမ်ပြန်ရောက်တော့ အစ်မ၏ ဆူပူကြိမ်းမောင်းခြင်းကို တော်တော်ဘဲ ခံလိုက်ရသည်။ ကျနော့်ညီဝမ်းကွဲရဲ့ စနက်တွေပေါ့။ တကယ့်ကောင်။ သူက အိမ်အရင်ပြန်ရောက်ပြီး အကြောင်းစုံ ဇာတ်စုံခင်းထားနှင့်တော့ ကျနော့် ဖခင်က စိတ်ပူပြီး ညမအိပ်နိုင်။ ယောက်ဖကို ရွာမရဲစခန်းသို့ ကားမောင်းပို့ခိုင်းသည်။ စခန်းရောက်တော့ ဘုရင့်နောင် ရဲစခန်းကို ညွှန်ပြန်သဖြင့် လိုက်ကြပြန်ရာ ဟိုရောက်တော့လည်း မတွေ့၍ ပြန်ခဲ့ကြရသည်ဆိုသည်။ ဘယ်တွေ့ပါ့မလဲ။ အဲသည်အချိန်က ကျနော်တို့က ဆေးရုံကြီးမှာ စောင့်နေကြဆဲ။

ကျနော့်တသက်တာမှာ အဲသည်လို ၀ိုင်းအရိုက်ခံရ၍ ခေါင်းကွဲသွားသူကို ဆေးရုံသို့လိုက် ပို့ပေးဘူးသည်မှာ ဤအဖြစ်အပျက်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက်ဖြစ်သည်။ တကြိမ်မှာ ရှစ်လေးလုံးကာလအတွင်းကဖြစ်ရာ နောင်အလျှင်းသင့်လျှင် ထိုအကြောင်းကို ရေးပါဦးမည်။

ထိုအချိန်က ထိုကိစ္စတွင် ကျနော်ဘာကြောင့် ၀င်ပါခဲ့သလဲဆိုတော့

(၁)အမိဖမ်း၍ ရဲစခန်းပို့၍ ရသည့်ကိစ္စမျိုးကို လူအုပ်နဲ့ ဥပဒေမဲ့ လက်လွတ်စပယ် ၀ိုင်းရိုက်တာမျိုး (ဆွမ်းကြီးလောင်းတာမျိုး) ကို မနှစ်သက်တာရယ်
(၂) အမှုမှန်မပေါ်မှာစိုးတာရယ်၊
(၃) နောက်ပြီး ရွာမရဲစခန်းက ရဲတွေတောင် အနေသာကြီး ပုတ်ထုတ်လိုက်တဲ့ကိစ္စမှာ ကျနော်တို့က ဆေးရုံကြီးအထိ လိုက်သွားလောက်အောင် သဲကြီးမဲကြီးဖြစ်နေသည်မှာ အရိုက်ခံရတဲ့လူသေသွားမှာကို စိုးတာက တကြောင်း၊ နောက်ပြီး ဆေးရုံအသွားလမ်းမှာ စပယ်ယာနဲ့ ဒရိုင်ဘာက သူတို့ချည်းဘဲဆိုရင် လက်စဖျောက်လိုက်မှာ စိုးတာက တကြောင်းတွေကြောင့် ကျနော် လိုက်သွားခဲ့တာဖြစ်ပါတယ်။

အဲသည်တုန်းက သည်အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တွေးပြီးအားမရမိတာတခုကတော့ ကားပေါ်မှာ လူတွေဒီလောက် ကြပ်ညပ်နေအောင် ပါလာလျက်နှင့် ရဲစခန်းရောက်တော့ ကျနော်တို့ နှစ်ယောက်ဘဲ ကျန်ခဲ့သည့်အဖြစ်ကို ဖြစ်သည်။ လူတွေသည် လူတယောက်၏ အသက်တချောင်းထက်ပင်၊ အမှုမှန်တခုပေါ်ပေါက်ဘို့ထက်ပင် မိမိတို့ အချိန်မီ အိမ်ပြန်ရောက် ဘို့က ပိုမို၍ အရေးကြီးနေပါသလော။

အကယ်၍ ရဲကသာ ကြိုတင်သတင်းရမထားလျှင်၊ ပြီးတော့ သက်သေလည်း တယောက်မှ မလိုက်ကြဘူးဆိုလျှင် ရာဇ၀တ်မှုကို ကျူးလွန်သူသည် သူ၏အပြစ်မှ အလွယ်တကူ လွတ်မြောက်သွားမည် မဟုတ်ပါလော။ အကယ်၍ ထိုသို့ လွတ်မြောက်သွားသူသည် အင်မတန် အန္တရာယ်ကြီးသော ရာဇ၀တ်သားမျိုးဖြစ်ပါက နောက်ဆုံးတွင် မိမိတို့ အကျိုးစီးပွား (လုံခြုံရေး) ကိုပင် ပြန်လည်ထိခိုက်လာမည်မဟုတ် ပါလော။ လူတို့သည် ပြဿနာတရပ်ကို ၀ိုင်းဝန်းဖြေရှင်းဘို့ မကြိုးစားဘဲ ငါနဲ့မဆိုင်ဘူးတည်းဟူသော “ငါမဆိုင်စိတ်”ကိုဘဲ မွေးနေကြမည်ဆိုလျှင် ထိုပြဿနာမှာ တဖြည်းဖြည်းကြီးထွားလာပြီး နောက်ဆုံးတွင် အားလုံးအကျိုးစီးပွားကို ပြန်လည်ထိခိုက်စေသည်သာဖြစ်သည်။

ဆက်စပ်စဉ်းစားလျှင် မြန်မာပြည်တွင် ယခု ဆိုးရွားလှသော စစ်အာဏာရှင်စနစ် ကြီးစိုးမင်းမူနေသည်မှာ လူအများက “ငါမဆိုင်စိတ်” မွေးနေကြသောကြောင့်ဖြစ်သည်။ အားလုံးကသာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စမှန်သမျှကို မတွက်ကပ်၊ မခိုကပ်ဘဲ ၀ိုင်းဝန်းလုပ်ဆောင်ကြမည်ဆိုပါက သာယာဝပြောသော လူ့ဘောင်ကို ရရှိမည်မှာ မလွဲမသွေပင်ဖြစ်ပါတော့သည်။
Read more

“နေဘုန်းလတ်သို့ ….“


နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။

မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။

မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိ ချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေအတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့ မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူတစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ် ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင် မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စီညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလော့ဂါရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

(ကိုပေါ၏ ဖြည့်စွက်ချက်။ ။ နေဘုန်းလတ်ကို လူကိုယ်တိုင် မမြင်ဘူးပါ။ မြင်ဘူးလျှင်လည်း လူနှင့် နာမည်တွဲမသိခဲ့။ ကိုယ်က ဘလော့လောကထဲ ရောက်လာသည်မှာ မကြာသေးတာလည်း ပါသည်။ နာမည်ကတော့ ဘလော့ဂါမိတ်ဆွေများ နှုတ်ဖျားမှာ မကြာခဏ ကြားရတတ်သည်။ သည်လိုနှင့် သူ့နာမည်ကို ကြားရသည့် အကြိမ် အရေအတွက် တဖြည်းဖြည်း ပိုစိတ်လာသည်။ ဇင်ကိုလတ်နဲ့ နေဘုန်းလတ် ဆိုပြီး လတ် ၂ လတ်ရှိပုံကိုလည်း သိခဲ့ရသည်။ ခင်မင်သူ၊ ချစ်ခင်သူများပြားသူ အနုပညာသမားတယောက် ဖြစ်ကြောင်းရိပ်စားမိလာသည်။ ယခု သူအထိန်းသိမ်းခံရတော့ ကျနော်စိတ်မကောင်း။

လူငယ်တယောက်၊ အနုပညာသမားတယောက်ကို ဘာအပြစ်မှ မယ်မယ်ရရမရှိဘဲ ဥပဒေမဲ့ ထိန်းသိမ်းခြင်းကို ကျနော် အပြင်းအထန် ကန့်ကွက်ပါသည်။ လူတယောက်၏လွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းဖြင့် ဘယ်သို့ဘယ်ပုံ ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်မည်လဲဟု ထိန်းသိမ်းထားသော အာဏာပိုင်များကို မေးချင်ပါသည်။ လူငယ်တွေ၏ အနာဂတ်ကို အိပ်မက်များကို ဖျက်ဆီးပစ်နေခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ်ကို ဘယ်လိုတည်ထောင်မလဲဟု မေးချင်ပါသည်။ အို......နိုင်ငံအတွက်တွေ ဒီမိုကရေစီအတွက်တွေ အသာထားလို့ ကိုယ်ချင်းစာ တရားနဲ့ဘဲ စဉ်းစားကြည့်ပါဦးတော့။ သင်တို့တူ၊ သင်တို့သား၊ သင်တို့ညီကို အခုလို မတရားသက်သက်ဖမ်းချုပ်လျှင် သင်တို့ စိတ်ကောင်းနိုင်ပါမည်လား။ ဘယ်လိုနှလုံးသားနဲ့များ လူငယ်များစွာရဲ့ အိပ်မက်တွေကို နင်းခြေဖျက်ဆီးရက်သလဲ။

နေဘုန်းလတ်ရဲ့ မိတ်ဆွေ၊ ဘလော့ဂ်ရေးဖော် မြန်မာလူငယ်များအတွက် နေဘုန်းလတ် ဘလော့ဂ်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သူတို့ ခင်တဲ့ “မြို့စားကြီး” ဓါတ်ပုံလေးကို ကြည့်ပြီး ပုံကလေးတပုံ ဆွဲပေးလိုက်ပါတယ်။)

Read more

“ရမ်ဘိုနှင့် စင်္ကာပူက မြန်မာများ”

ဘူးဂစ် (Bugis) ဘူတာတွင် ဆင်းပြီး လက်မှတ်ပေါက်မှ ထွက်ကာ လက်ယာဘက်သို့ ချိုးလိုက်သည်နှင့် Bugis Juntion အ၀တွင် ရပ်နေကြသည့် လူငါးယောက်၏ အကြည့်က ကျနော်တို့ လင်မယားအပေါ် ကျရောက်လာသည်။ ကျနော်တို့နှစ်ယောက်လုံးကိုယ်ပေါ်တွင် အနီရောင် တီရှပ်ကိုယ်စီဖြင့်။ ငါးယောက်အနက်မှ ကောင်လေးတယောက်က မ၀ံ့ မရဲဖြင့် လှမ်းမေးသည်။

“အကို၊ ရုပ်ရှင်ရုံကို ဘယ်လိုသွားရလဲခင်ဗျ”

(ကျနော်) “လာ လာ ညီလေး၊ အစ်ကိုတို့ အဲသည်ကို သွားမှာ။ နောက်က လိုက်ခဲ့ကြ”

ကျနော်တို့သည် စင်္ကာပူနိုင်ငံ Bugis Junction ရှိ Shaw ရုပ်ရှင်ရုံတွင် ပြသမည်ဖြစ်သော ရမ်ဘိုကားကို လာကြည့်ကြခြင်းဖြစ်သည်။

စက်လှေကားက တက်လာတော့ သူတို့တတွေ ဗမာလို တယောက်တပေါက်ပြောကာ ကျနော်တို့ နောက်က ပါလာသည်။ မောလ် (Mall) ထဲက ဖြတ်လျှောက်လာတော့ သည်လိုဘဲ ဆိုင်တန်းတွေကြားမှာ လမ်းပျောက်နေသူ မြန်မာများ ကျနော်တို့နောက်က တသီတတန်းကြီး ပါလာသည်။ သည်လိုနှင့် မောလ် တဖက်စွန်းရောက်တော့ စက်လှေကားဖြင့် ငါးထပ်ကို တက်ပြီးသည့်နောက် ရမ်ဘို ရုပ်ရှင်ကားပြသမည့် ရှော ရုပ်ရှင်ရုံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဆိုက်ရောက်လေတော့သည်။

ရုပ်ရှင်ရုံရှေ့ ကော်ရစ်ဒါတလျှောက်လုံး အင်္ကျီအနီရောင်ဝတ်မြန်မာလူမျိုးများနှင့် တင်းကြမ်း ပြည့်နေသည်။ ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့ (အိုဘီပီ) မှ လူငယ်များက စားပွဲများချကာ ကြိုတင်ရောင်းချထားသည့် တိုကင်များကို ရုပ်ရှင်လက်မှတ်များဖြင့် လဲလှယ်ပေးနေသည်။

စင်္ကာပူတွင် ရမ်ဘိုကား ရုံတင်သည်နှင့် အိုဘီပီအဖွဲ့မှ မျိုးချစ်လူငယ်များက ရှော ကုမ္ပဏီမှ ရုပ်ရှင်ခန်းမကြီးတခုလုံးကို ကြိုတင်ဘုတ်ကင် (Booking) လုပ်ကာ လက်မှတ်များကို မူရင်းဈေးအတိုင်း မြန်မာလူမျိုးများထံ ပြန်လည်ရောင်းချခဲ့သည်။ မြန်မာများ အတူတကွ ကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်းပင်။ စတင်ရောင်းချ၍ ၂ နာရီအတွင်းမှာပင် လက်မှတ် ၂၅၀ စောင်လုံးကုန်သွားရာ လက်မှတ်မရလိုက်သော မြန်မာများက တောင်းဆိုသဖြင့် လူ ၆၀၀ ကျော်ဆန့်သော ခန်းမကြီးသို့ ရွှေ့ပြောင်းကာ ဘုတ်ကင်လုပ်ရပြန်သည်။ ထိုလက်မှတ် ၆၀၀ လည်း ပြိုက်ကနဲ ကုန်သွားလေသည်။

သည်လိုနှင့် ၅ နာရီ ၄၅ တွင် စတင်ပြသသည်။ အမှန်တော့ ကျနော်တို့ လင်မယားသည် ဤကားကို စတင်ရုံတင်သည့် ဇန်န၀ါရီ ၂၅ ရက်နေ့ကတည်းက ကြည့်ပြီးဖြစ်သည်။ သို့သော် အိုဘီပီမှ မိတ်ဆွေများက မြန်မာများ ညီညီညွတ်ညွတ်အတူကြည့်ရအောင် တိုက်တွန်းသဖြင့် လက်မှတ်ဝယ်ကာ ဒုတိယအကြိမ် ထပ်မံလာရောက် ကြည့်ရှုခြင်းဖြစ်သည်။ ဤသို့ ကြည့်ရ သည့်အတွက် အင်မတန် ထိုက်တန်သော အဖြစ်အပျက်ကို ပြောပြရပေဦးမည်။

ပထမအကြိမ်ကြည့်စဉ်က ရုံထဲတွင် မြန်မာ တယောက်စ၊ နှစ်ယောက်စနှင့် ကျန်သူများမှာ နိုင်ငံခြားသား ပရိသတ်ဖြစ်သည်။ ယခုမူကား လူ ၆၀၀ ကျော်သည့် မြန်မာလူမျိုး ပရိတ်သတ် နှင့်အတူ ကြည့်ရခြင်းဖြစ်ရာ ကြည့်ရသည့်အရသာချင်း မတူချေ။

ဇာတ်ကားထဲတွင် ရမ်ဘိုက အသံလေးလေးကြီးနှင့် မြန်မာလို “လေး..စား..ပါ...ဒယ်” ဟု စတင်ပြောလိုက်သောအခါ မြန်မာပရိတ်သတ်မှာ ပတ်တုတ်မရအောင် ပွဲကျသွားသည်။ ကျနော်တို့လည်း အကျယ်ကြီးရယ်မောနေမိသည်။ နိုင်ငံခြားသားတွေကြားမှာ ကြည့်တုန်းက ဘယ်မှာ သည်လို ရယ်ရလို့တုန်း။ ကိုယ့်တယောက်တည်း ရုံထဲမှာ ထရယ်နေလို့ အရူးအထင်ခံရလျှင် ဒုက္ခ။ သည်တော့ ပထမ အကြိမ်တုန်းက ကျိတ်ရယ်ရသဖြင့် မလွတ်လပ်။

တဖန် မြန်မာဓါးပြဗိုလ်က ရမ်ဘိုတို့ အုပ်စုအား “ဟေ့ မင်းတို့ သောက်ခွက်တွေ ငါမြင်ချင်တယ်” လို့ ပြောတော့လည်း တခွိခွိ ရယ်ရသေးသည်။ သည့်နောက် မြန်မာစစ်ဗိုလ်က နိုင်ငံခြားသားများကို ပြန်လည် ဖမ်းမိတော့ “မင်းတို့ ငါတို့ ပြည်တွင်းရေးကို စွက်ဖက်တဲ့ကောင်တွေ” ဆိုကာ ၀ါးရင်းတုတ်နှင့် ရိုက်သည့်အခန်းမှာလည်း ငိုအားထက် ရယ်အားသန်ဖြစ်ရသည်။ ဒါက ရုပ်ရှင်ထဲမှာ ရယ်ရတာနဲ့ ပတ်သက်၍ဖြစ်သည်။

ရုပ်ရှင်မစခင် ကျနော်တို့အားလုံး မတ်တပ်ထပြီး ကမ္ဘာမကြေသီချင်းကို သီဆိုရတာလည်း ကြက်သီးထဘွယ်၊ မြန်မာပြည်ကို လွမ်းဆွတ်စဖွယ်ပင်။

တခါ ရုပ်ရှင်အပြီးမှာ စက္ကန့်ရှစ်ဆယ် မတ်တပ်ရပ်ကာ လက်ခုပ်ပြိုင်တူတီးကြရင်း တော်လှန်ရေးအတွင်းက သူရဲကောင်းများ၊ စင်္ကာပူတွင် အခုလို ပွဲဖြစ်အောင် ပါဝင်ကြသူများ၊ ပြီးတော့ ဤကားကို ရိုက်ကူးသူ ရမ်ဘို တို့အား ဂုဏ်ပြုဖြစ်ပါသည်။ ပြီးတော့ “အာဏာရူးကြီး သန်းရွှေ........ကျဆုံးပါစေ”၊ “လူသတ်စစ်အစိုးရ......အလိုမရှိ”၊ “ရရင်ရ...မရရင်ချ”၊ “အရေးတော်ပုံ အောင်ရမည်” စသည့် ကြွေးကြော်သံတွေကို အားပါးတရ ကြွေးကြော်ကြသည်။

သည်ဇာတ်ကားကို ကြည့်ပြီးတော့ ရုပ်ရှင်အကြောင်းထက် ရုပ်ရှင်ပွဲကို စီစဉ်သူတွေ အကြောင်းနှင့် ရုပ်ရှင်ကြည့် ပရိတ်သတ်အကြောင်းကို ပိုပြောချင်နေမိသည်။

လက်မှတ်အကုန် ရောင်းရမည် မရောင်းရမည် ဘယ်သူမှ သေချာဂဏ မပြောနိုင်သည့် အနေအထားမှာပင် ရုပ်ရှင်ရုံကြီး တခုလုံးကို ဘွတ်ကင်လုပ်ရဲသည့် မျိုးချစ်လူငယ်များကို ကျနော် ချီးကျူးပါသည်။ ကျနော့်မိတ်ဆွေတယောက်ကပင် သည်လို ဘွတ်ကင်လုပ်လိုက် သည်ကို ကြားတော့ အံ့အားသင့်စွာဖြင့် “ဟာ။ ရူးနေလားမသိဘူး။ ဘယ်သူက လာကြည့်မှာမို့လဲ” ဟု မှတ်ချက်ချသဖြင့် “ဘယ်သူလာကြည့်မှာမို့လဲတွေ ဘာလဲတွေ လုပ်မနေနဲ့တော့ ကိုယ့်လူ။ ဟိုမှာ ၂ နာရီအတွင်း လက်မှတ်ကုန်သွားပြီ” ဆိုတော့ မိတ်ဆွေမှာ အသံပင်မထွက်နိုင်တော့။ တော်တော့် သတ္တိနှင့် စေတနာနှင့် လုပ်ရဲမည်မဟုတ်။ နောက်တခု က စင်္ကာပူရောက် မြန်မာလူမျိုးတွေ၏ စိတ်အနေအထားကို မှန်မှန်ကန်ကန် ယုံကြည်စွာ သုံးသပ်နိုင်သည်ဟု ဆိုရပေမည်။ ပြီးတော့ (အောင်မြင်သွားသဖြင့်) အရင်းအနှီး တပြားတချပ်မှ မစိုက်ထုတ်လိုက်ရဘဲ လူ ၆၀၀ ကျော်ကို စုစည်းပြီး စိတ်ဓါတ်တက်ကြွအောင် လုပ်လိုက်နိုင်ခြင်းမှာလည်း အင်မတန် လှပသေသပ်သော ကစားကွက်ဖြစ်သည်။

နောက် ကျနော် အထူးအားရမိသည်က လာရောက်အားပေးသည့် ပရိသတ်ဖြစ်သည်။ ထိုပရိတ်သတ်သည် ရမ်ဘိုက စနစ်ကို တိုက်သည်လား၊ ဒီမိုကရေစီအတွက် တိုက်သည်လား ဘာညာ စဉ်းစား ခွဲခြမ်းစိတ်ဖြာနေသည်မဟုတ်။ သူတို့နားလည်သည်က ကိုယ့်ကို ဖိနှိပ်အုပ်ချုပ်နေသော နအဖ စစ်အစိုးရ၏ လက်ပါးစေ စစ်တပ်ကို ရမ်ဘို လာတိုက်သည်။ ဒါကြောင့် ရမ်ဘိုကို အပြတ်အားပေးရမည်။ ဒါဘဲ။ ရန်၊ငါပြတ်သည်။ သည်ပရိတ်သတ်သည် စင်္ကာပူနိုင်ငံ နေရာအနှံ့တွင် ရုပ်ရှင်ရုံတွေ မှိုလိုပေါက်နေရာ၌ မိမိနေထိုင်ရာနှင့် နီးသည့်ရုံမှာ အလွယ်တကူ သွားမကြည့်ဘဲ၊ မြန်မာတွေ အတူတကွကြည့်ရှုရသည့် ဤရုပ်ရှင်ရုံသို့ တကူးတက လာရောက်အားပေးခြင်းနှင့် ယင်းနောက်ကွယ်က စေ့ဆော်မှုကို ကျနော်တို့ သတိပြုသင့်သည် ထင်ပါသည်။ သူတို့သည် မြန်မာတို့၏ နအဖ အစိုးရအား ဆန့်ကျင်ရာတွင် ညီညွတ်ခြင်းသဘောကို လက်တွေ့ပြလိုခြင်းဖြစ်သည်။

သည်လို အကွက်မြင်သော စီစဉ်သူတို့နှင့် ပြတ်သားစွာထောက်ခံတတ်သော ပရိသတ် ပေါင်းစည်းမိသောအခါ အစစ မလွတ်လပ်သော စင်ကာပူမှာပင် ညီညွတ်ခြင်း၏ ရလာဒ်ကို သိသာထင်ရှား မြင်နိုင်ပေသည်။

ကျနော်တို့ တိုင်းပြည်တွင်းမှ စစ်အာဏာရှင်စနစ်ကို အမြစ်မှ ဖြုတ်ချရာတွင်လည်း အကွက်မြင်သော စီစဉ်သူ၊ ခေါင်းဆောင်သူများနှင့် ပြတ်သားသော လူထု၏ ထောက်ခံမှုတို့ အချင်းချင်း ပေါင်းစည်းမိသွားကြမည်ဆိုပါလျှင် ကျနော်တို့အားလုံး မျှော်မှန်းသော လွတ်လပ် သော နိုင်ငံတော်သစ်သည် မဝေးလှတော့ဟု ယုံကြည်မိပါတော့သည်။
Read more

"ရမ်ဘိုနှင့် သူတော်ကောင်း တသိုက်"

ရမ်ဘိုကား ရုံတင်ပြီးကတည်းက ဗမာတချို့ရဲ့ အော့ဂလီဆန်ချင်စရာကောင်းသော စရိုက်ကို ဘွားကနဲ ထင်းထင်းကြီးတွေ့လိုက်ရသည်။ တခြားမဟုတ်။ နေရာတကာ သူတော်ကောင်း ၀င်လုပ်ချင်သော စရိုက်ပင်ဖြစ်သည်။

ဟိုတုန်းက မြန်မာပြည်မှာ ရေပန်းစားခဲ့သော ဗိုလ်အောင်ဒင် ဇာတ်ကားထဲက ဒမြဗိုလ်၊ လူဆိုးဗိုလ် ဗိုလ်အောင်ဒင်အား သူ့တပည့် သုခ ကပြောလေ့ရှိသော စကားတခွန်းကိုလည်း သတိရမိသည်။ ဗိုလ်အောင်ဒင်သည် လူက ဒမြဗိုလ်လုပ်စားနေပြီး ကြင်နာသနားတတ်သော စိတ်ရှိရာ (ဒမြတိုက်နေရင်းတောင် ဒမြအတိုက်ခံရသောသားအမိက ငိုယိုတောင်းပန်သောအခါ စိန်တွေ ရွှေတွေ မယူတော့ဘဲ လမ်းစားရိတ် ငွေတစ်ဆယ်ကိုသာ တောင်းသူမျိုးဖြစ်ရာ) ကြာတော့ သုခက စိတ်မရှည်တော့ဘဲ “ဆရာ နေရာတကာ သူတော်ကောင်းစိတ်မွေး မွေးနေတာ ခက်တာပေါ့ ဆရာရဲ့” ဟု ပြောလေတော့သည်။ သုခ စကားကို ကျနော်ကြိုက်သည်။ လူဆိုတာ ကိုယ့်အလုပ်ကိုယ် ပီပြင်အောင် လုပ်ရမည်။ ယုတ်စွအဆုံး ဓါးပြလုပ်ရင် ဓါးပြအလုပ်ကို တူတူတန်တန်လုပ်ရမည်။ ဓါးပြလုပ်နေပြီး သူတော်ကောင်းစိတ်မွေးချင်နေ သေးလျှင် ဒီလူတခုခု မှားယွင်းနေပြီ။

ယခုလည်း ရမ်ဘိုကားနှင့် ပတ်သက်ပြီး နိုင်ငံရေး ရှုထောင့်ကရော၊ ဘာသာရေးရှုထောင့်ကရော၊ လူမျိုးရေးရှုထောင့်ကရော ဝေဖန်လိုက်ကြသည်မှာ မိုးမွှန်နေသည်။ အကယ်၍သာ ရမ်ဘိုကားသည် အက်ရှင်ကားမဟုတ်ဘဲ Documentary တခုသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ အရေးပါသော ဆောင်ရွက်ချက်တခုသော်လည်းကောင်း၊ သို့တည်းမဟုတ် နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခုခု၏ ပေါ်လစီသော်လည်းကောင်း ဖြစ်နေခဲ့လျှင် ၄င်းတို့ ဝေဖန်နေကြသည်ကို တလုံးတပါဒမျှ ကျနော့်အနေဖြင့် ၀င်ပြောဖြစ်မည် မဟုတ်ပါ။ ကျနော်ကိုယ်တိုင်ပင်လျှင် ၀င်ရောက် ဝေဖန်ကောင်း ဝေဖန်မည်ဖြစ်သည်။

ယခုမူကား အားလုံးသိကြသည့်အတိုင်း ရမ်ဘို သည် ဟောလီးဝုဒ် အက်ရှင်ကား တကားမျှသာဖြစ်သည်။ အက်ရှင်ကားတို့မည်သည်မှာ အပျင်းပြေကြည့်ရန် ရိုက်ကူးခြင်းမျှသာ ဖြစ်သည်။ ဤသည်ကို “စနစ်အား တိုက်ခြင်းမဟုတ်”ဟုလည်းကောင်း၊ “မြန်မာ့ ဒီမိုကရေစီအရေးအား မည်သို့မျှ အထောက်အကူမပြု”ဟုလည်းကောင်း၊ “တိုင်းရင်းသားလူမျိုးစုများကို အသိဉာဏ်နည်းသည်ဟု နှိမ်ရာရောက်သည်” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာကို ရန်တိုက်ပေးသည်” ဟု လည်းကောင်း အမျိုးမျိုး ဝေဖန်နေကြခြင်းမှာ ဝေဖန်သူများသည် ရူးသွပ်နေသူများမဟုတ်ပါက အထက်ကပြောခဲ့သလို နေရာတကာ သူတော်ကောင်းယောင် ဆောင်ချင်နေသူများသာ ဖြစ်ရချေမည်။ အက်ရှင်ကားကို အက်ရှင်ကားလိုဘဲ ကြည့်ကြပါ။ စတားလုံးက စီးပွားရေးအမြတ်ထုတ်သွားသည်ဆိုလည်း အပြစ်ပြောစရာမရှိ။ သူသည် မဟုတ်မဟတ်ကို လုပ်ကြံပြီး ရိုက်ကူးခြင်းမဟုတ်။ နအဖ စစ်တပ်များ နယ်စပ်ရှိကျေးရွာများကို ဖျက်ဆီးနှိပ်စက်သည်မှာ သူရိုက်ပြသည်ထက် မလျော့ကြောင်း အားလုံးအသိပင်ဖြစ်သည်။

အိုဘီပီ အဖွဲ့မှ ကိုကျော်စိုးပြောသလိုပင် ဇာတ်ကားထဲတွင် ရမ်ဘိုသတ်သွားသည်မှာ လမ်းမပေါ်တွင် မေတ္တာပို့၊ အေးချမ်းစွာ ဆန္ဒပြနေသော ဘုန်းတော်ကြီးများကို သတ်ခြင်းမဟုတ်၊ ကျောင်းသားလူငယ်လေးများကို သတ်ခြင်းမဟုတ်၊ ကရင်ကျေးရွာမှ အမျိုးသမီးနှင့် လူမမယ်ကလေးများ အပြစ်မဲ့ တိုင်းရင်းသားများကို သတ်ခြင်းမဟုတ်။ လက်နက်အားကိုးဖြင့် ရမ်းကားနေသော သတ်သင့်သတ်ထိုက်သူများကို သတ်ခြင်းဖြစ်သည်။ ထိုကြောင့် သင်သည် ဇာတ်လမ်းကြည့်ရှုနေစဉ်အတွင်း ရမ်ဘိုက မြန်မာစစ်သားများကို သတ်ဖြတ်သည်ကို နှစ်ထောင်းအားရစွာ ကြည့်ရှုနေပါက သင့်မှာ အပြစ်မရှိ။

ဗုဒ္ဓလက်ထက်ကလည်း သူဌေးသမီးတယောက် (ကျနော် နာမည်မမှတ်မိ)သည် အကွပ်မျက်ခံရတော့မည့် ရာဇ၀တ်သားသူခိုးဓားပြ တယောက်ကို သူသတ်ကုန်းသို့ ခေါ်ဆောင်အသွား အိမ်ပေါ်မှလှမ်းမြင်စဉ်တခဏ အရူးအမူးချစ်ကြိုက်မိ၍ သူသတ်တို့ထံမှ ရွေးယူကာ လင်မယားအဖြစ် ပေါင်းသင်းသည်။ သူခိုးသည် သူခိုးဗီဇမပျောက်။ နောက်ဆုံးတွင် သူဌေးသမီးအား တောင်စောင်းသို့ခေါ်သွားပြီး လက်ဝတ်ရတနာများကို ချွတ်ခိုင်းကာ အသေသတ်ဘို့ကြံသည်။ သူ့ကိုသတ်တော့မည်ကို သိသောအခါ သူဌေးသမီးက ဥပါယ်တံမျဉ်ဖြင့် သူ့လင်သူခိုးအား နောက်ဆုံး လက်ယာရစ် သုံးပတ်လှည့်ကာ ကန်တော့ခွင့်တောင်းသည်။ သူခိုးကို လှည့်ပတ်နေစဉ်အတွင်း သူခိုးအား ကမ်းပါးကျောက်စောင်းကနေ ရုတ်တရက် အားကုန်တွန်းချလိုက်ခြင်းဖြင့် သူမကိုယ်တိုင်မူ အသက်ဘေးမှလွတ်မြောက်ရသည်။ မြတ်စွာဘုရားလက်ထက်တွင် ထိုသူဌေးသမီးမှာ တင်္ခနုပ္ပတ္တိဉာဏ်အရာ (တွင်ထင်သည်) ဧတဒဂ်ရသည် ကြားဘူးသည်။ မိမိအားမတရား အနိုင်အထက်ပြုသူအား မိမိအသက်ကို ကာကွယ်ရန် ပြန်သတ်ရသည်မှာ အပြစ်မဟုတ်။ တရားဥပဒေမှာပင် မိမိအသက်ကို ခုခံကာကွယ်သည့်အနေဖြင့် သတ်မိလျှင် ပြစ်မှုမမြောက်။

ရမ်ဘိုသည် အလကားနေရင်း မြန်မာစစ်သားများကို သွားသတ်ခြင်းမဟုတ်။ လက်နက်ကိုင်ကာ ဥပဒေမဲ့ ရမ်းကားနေသူများကို ခုခံကာကွယ်ရင်း သတ်ခြင်းသာဖြစ်၍ တရားသည်။ တပ်စိတ်တစိတ်သာ သတ်လို့ ဘာဖြစ်မလဲ မမေးပါနှင့်။ တပ်စိတ်အများစုသည် ထိုနည်းနှင်နှင်သာဖြစ်ရာ ဤရမ်ဘိုကား ခိုးကူးအခွေများ မြန်မာပြည်တွင် ပျံ့နှံ့ပါက လူဆိုးနေရာရောက်နေသော သူတို့အဖြစ်ကို မြန်မာစစ်သားတွေ ရှက်ကြပေလိမ့်မည်။ တပ်ပြေးတွေ ပိုများလာမည်။ စိတ်ဓါတ်ရေးရာအရ မြန်မာစစ်တပ်ကို အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။

ဤဇာတ်ကားကြောင့် မြန်မာလူမျိုးဂုဏ်ကိုလည်း ထူးခြားပြီးမထိခိုက်၊ ရမ်ဘိုလည်း ၀င်ငွေအမြတ်အစွန်းရသည်။ အရှုံးထွက်သည်မှာ နအဖ အစိုးရသာလျှင်ရှိပေသည်။ သို့စင်လျက် အဘယ်ကြောင့် ရမ်ဘိုကားအပေါ် မုဒိတာ မပွားနိုင်ကြပေသနည်း။

အထက်ကပြောခဲ့သလို နေရာတကာ သူတော်ကောင်းစိတ် ၀င်မွေးလိုသော အကြောင်းကြောင့်သာဖြစ်ပေမည်။ ဗမာတွေ မဟုတ်တဲ့နေရာမှာ သူတော်ကောင်းစိတ်မွေးလိုခြင်းကို ရပ်တန်းက ရပ်သင့်ကြပေပြီ။

(မှတ်ချက်။ ။ စင်္ကာပူတွင် မြန်မာပေါင်း ၆၀၀ ကျော်ကို တစုတစည်းတည်း ရမ်ဘိုကား ကြည့်ခွင့်ရအောင် ကြိုးပမ်းပေးသော ပြည်ပရောက်မြန်မာမျိုးချစ်များ အဖွဲ့ မှ လူငယ်များအား အထူး ကျေးဇူးတင်ရှိပါကြောင်း။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs