“ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်”

Share |
အဆိုတော်ကြီး ဒေါ်မေရှင် ဆုံးပြီဆိုသော သတင်းကို ဧရာဝတီ သတင်းစာမျက်နှာမှာ (၀ီရှီမီ ဘလော့ဂ်က တဆင့်) ဖတ်လိုက်ရသည်။

ငယ်ငယ်က အိမ်မှာ ရေဒီယိုမရှိသဖြင့် ခေတ်ဟောင်းသီချင်းကဏ္ဍတွင် မေရှင်သီချင်းလာတိုင်း သူများအိမ်ခြံစည်းရိုးနားမှာ တမေ့တမောကပ် နားထောင်ခဲ့ရသည်ကို သတိရမိသည်။ ပြည်လှဖေနဲ့ မေရှင်တို့ စုံတွဲသီဆိုသော “ရှေးရေစက်” သီချင်းက နာမည်ကြီးလှသည်။ ဟေမာနေ၀င်းတို့လိုဘဲ အဲဒီသီချင်းမှာ သီဆိုသူ ဒေါ်မေရှင့်နာမည်ကလေးက သီချင်းစာသားထဲမှာ ပါသေးသည်။ ဟေမာကတော့ “သဘောကောင်းလွန်းတဲ့ကိုကိုမို့လေ….ဟေမာဆိုးမိတာပါ” ပေါ့။

ပထမဦးဆုံးကြိုက်တဲ့ သီချင်းတွေက ချစ်ရေစင်၊ ကျေးစေတမန်၊ အောင်ခြင်းရှစ်ပါး၊ ရွှေပြောင်ပြောင်…. စသဖြင့်။ နောက်ပိုင်းမြို့ပေါ်ကျောင်းလာတက်တော့ မေရှင်လက်ရွေးစင်သီချင်းအခွေတွေကို လက်လှမ်းမီလာသည်။

“မွှေးတုန်းတော့ကွယ်…ပန်ဆင်ပြန်တယ်…နံရင်ပစ်ပယ်….ချစ်လက်စမဆုံးခင်….ရှောင်ကြဉ်မုန်းရက်တယ်”………..တဲ့။ ချစ်ရေစင်သီချင်းဟာ ဒေါ်မေရှင့်အသံကလေးနဲ့ နားထောင်ရရင် ဂရုဏာသက်စရာသီချင်းလေးပေါ့။

အလားတူပါဘဲ….“မြသွေးဖြာတဲ့….ကျေးတမာ…..ပေါက်လဲဝါ..ခိုင်ရွှေညှာက…..မယ်စက်ရာ….ရွှေသဉ္ဇာသို့….ယူငင်လာ…...။ မယ်မှာစမ်းမယ်ပ….လွမ်းသူရဲ့…..သ၀ဏ်ကိုယူကာ…. စစ်မြေတလင်းလေ…..ချစ်နေရင်းသူကလေးသို့သာ…..ပေးပါတော့…..မြသွေး…ငှက်ကျေး….စေတမန်…..။” ကျေးစေတမန်ထဲက အဆုံးသတ်ကလေးလေ။ ကျနော်ငယ်ငယ်က စစ်ဗိုလ်ရောဂါထရတဲ့အကြောင်းရင်းထဲမှာ ဒေါ်မေရှင်ရဲ့ ကျေးစေတမန် သီချင်းရဲ့ ပယောဂလည်း ပါပါလိမ့်မယ်။ ခေတ်ဟောင်းတေးကဏ္ဍမှာသာမက စစ်သည်အတွက် တေးလက်ဆောင်အခန်းမှာပါ ဒီသီချင်းလေးကို ကြားရတတ်တယ်လေ။

မဲဇာမြိုင်၊ ကိုယ်ပိုင်မေတ္တာ၊ မြကေခိုင်…စသဖြင့် အခွေထဲမှာ ပါသမျှသီချင်းတွေကို ကြိုက်မိတော့သည်။ တဖြည်းဖြည်းနဲ့ လူပျိုပေါက် အရွယ်ရောက်လာတော့ အချစ်သီချင်းတွေထဲမှာ “ဖူးစာပိုင်” သီချင်းလိုမျိုးကို ကြိုက်နှစ်သက်လာသည်။ တီးလုံးတီးကွက်ကလည်း ခပ်ဆန်းဆန်း။ ဖူးစာပိုင်သီချင်းကို နားမထောင်ဖူးသူများကို နားထောင်စေချင်စမ်းသည်။

“တူပြိုင်…မြတ်ဘုရားရှင်ရှေ့ဂူလှိုဏ်…လှစ်ကျူးမြွက်ရှက်မနေနိုင်….မှန်သရွေ့…ဖန်စေ့ရေလည်….ပိုင်ပိုင်နိုင်နိုင် သစ္စာထူးတိုင်……..မြဲခိုင်ခိုင်…ဖူးရွှေစာပိုင်…. တူမသွေနိုင်ပါစေမယ်နှင့်သာ…လျှောက်ထားခဲ့ချက်ပိုင်….အချစ်ကိုမြင့်မိုရ်လုံးမြေစိုင်….လေးဒီပါသီတာရေမြေ…ဆုံးတိုင်မမုန်းနိုင်…ပျို့ဖူးစာပိုင်”

ကြည့်စမ်း…..ဖူးစာပိုင်သီချင်းထဲက စာသားလေးတွေ။ တချိန်တုန်းက အနောက်နန်းမတော်မမြကလေးကို သူ့လင်တော်မောင် သာယာဝတီမင်း အထင်လွဲပြီး ကွပ်မျက်ဘို့ ချုပ်နှောင်ထားခဲ့တယ်။ အဲဒီအချိန်မှာ မိဖုရားမမြကလေးက သာယာဝတီမင်းဟာ မမြကလေးကို ဘယ်တော့မှ သွေမပျက်ပါဘူးဆိုပြီး တချိန်တုန်းက ဘုရားရှေ့မှာ သစ္စာဆိုခဲ့ပုံ၊ အခုတော့ သစ္စာမတည်ပုံ၊ ဒါပေမယ့် သူမဘက်ကတော့ အချစ်တွေကို ကျွန်းကြီးလေးကျွန်းရော၊ မြင့်မိုရ်တောင်ရော၊ သီတာရေမြေအကုန်ပေါင်းတောင် သူ့အချစ်ကသာဦးမယ့်အကြောင်းကို “ချစ်သမျှကို” ပတ်ပျိုးမှာ သည်လိုဘဲ ဖွဲ့နွဲ့ခဲ့တာ။ဟော….ဒေါ်မေရှင်တို့ခေတ်ရောက်တော့ အဲဒီအကြောင်းအရာကိုဘဲ မြူးမြူးကြွကြွ ခေတ်မီမီ သံစဉ်တွေနဲ့ ပြန်လည်ဖွဲ့ဆိုခဲ့တာ သီချင်းရေးဆရာကိုလည်း ချီးမွမ်းစရာပါဘဲ။

ဧရာဝတီမှာ ရေးသလိုပါဘဲ၊ ဒေါ်မေရှင်အသံကလေးက ၀င်ချည်ထွက်ချည်နဲ့ တိမ်တိမ်လေးပါဘဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊ အဲသည်အသံလေးကိုက စွဲမက်ချင်စရာဖြစ်နေသည်။ ဒေါ်မေရှင်သီချင်းတွေကို အသံမှီတဲ့ နောက်ပိုင်းနာမည်ကြီးအဆိုတော်တွေ ပြန်ဆိုတော့ သူ့နည်းသူ့ဟန်နဲ့ ကောင်းကြပေမင့် ဒေါ်မေရှင်ရဲ့ မူရင်းကို မမှီဘူးရယ်လို့ဘဲ ကျနော့်စိတ်က စွဲထင်နေသည်။ ကျနော်ကဘဲ ပုဂ္ဂိုလ်စွဲ ကြီးလေရော့သလား။ ဥပမာ ၀င်းဦးဆိုခဲ့တဲ့ သီချင်းတွေကို သုမောင်တို့ ပြန်ဆိုတော့ မကြိုက်နှစ်သက်သလိုဘဲ ဖြစ်နေသည်။

သြော်…မေရှင်ကို ရုပ်ရှင်ထဲမှာ မြင်ဘူးတာကတော့ ဇာတ်ကားနံမည်က “ချစ်ရေစင်” ထင်ပါရဲ့။ မြန်မာ့ရုပ်မြင်သံကြားက ပြန်လွှင့်ပေးတာကို ကြည့်ရတော့ ရုပ်ရည်ကလည်း မေတ္တာရှိချင်စရာ။ သရုပ်ဆောင်ပုံကလည်း နှစ်သက်စဖွယ်။ ကြည့်ရတာ မေတ္တာမျက်စိနှင့်ကြည့်တော့ ဘာဘဲလုပ်လုပ် အပြစ်မမြင်၊ အချစ်ဝင်နေပုံရသည်။

အဆိုတော်တွေထဲမှာ ကျနော် ဒီလို သီချင်းတိုင်းလိုလိုကို နှစ်သက်မိတာ “ဒေါ်မေရှင်” “၀င်းဦး” နဲ့ နိုင်ငံခြားအဆိုတော်တွေထဲက “ကာပင်တားစ်” ဘဲ ရှိသည်။ ကျနော့်အစ်မတယောက်ဟာ ဒေါ်မေရှင်ကို ဘယ်လောက်ကြိုက်သလဲဆိုလျှင် မန္တလေးရောက်ခိုက် ဒေါ်မေရှင်အိမ်သို့ သူငယ်ချင်းများနှင့်အတူ လက်ဆောင်များဝယ်ယူကာ သွားရောက်တွေ့ဆုံတတ်သည်။

ဒေါ်မေရှင်ဆိုတဲ့အထဲမှာ “……..မြစ်ဧရာ…တဖက်ကမ်း…လှမ်းလို့မြင်ရသည်…ပျိုလွမ်းသည်…။ စစ်ကိုင်းချောင်..တောင်ထိပ်ဆီ….မြင့်မြင့်မောက်မောက်…အံ့လောက်စရာအတည်…ပုညရှင်က စေတီစေတီ..ကြည်နူးဘွယ်တလီ”……..ဆိုတဲ့ “ရွှေအင်းဝ” သီချင်းကလည်း တမျိုးကြည်နူးစရာလေးပါ။ ကျနော့်လို အညာသားဖြစ်ပြီး မန္တလေး၊စစ်ကိုင်း၊ အင်းဝ တွေဘက် တခါမှ မရောက်ဘူးတဲ့ သနားစရာလူတောင် အဲဒီဘက်က ရှုခင်းတွေကို မြင်ယောင်မိတဲ့၊ အဲဒီမြို့တွေဆီကို သွားလည်ချင်စိတ်ပေါက်စေတဲ့ သီချင်းပါဘဲ။

တကယ်တော့ ဒေါ်မေရှင်ဆိုတာ ကျနော့်အဖွားလောက်ရှိမှာပေါ့။ ဒါပေမယ့် သူ့အနုပညာက နုပျိုပြီး ကျန်ရစ်တယ်။ သူ့မြေးလောက်အရွယ်ကျနော်က သူ့သီချင်းတွေကို နားထောင်တိုင်း ရင်ခုန်ရတုန်း။ ကျနော့်ကို ဖမ်းစားနိုင်တုန်း။ လူသေပေမယ့် အနုပညာကတော့ မသေဘူးဆိုတာ ဒါမျိုးဘဲနေမှာ။

ဒေါ်မေရှင်ကောင်းရာသုဂတိလားပါစေ။

8 comments:

Anonymous said...

အဖွားဒေါ်မေရှင်ရဲ့ သီချင်းတွေကို စိုးသန္တာထွန်း ဆိုလား စိုးစန္ဒာထွန်း ဆိုလား နံမယ်နဲ့ အမျိုးသမီးတယောက် ပြန်ဆိုထားတာရှိတယ်ဗျ။ ဒါပေမဲ့ ဒေါ်မေရှင်ကိုယ်တိုင် ဆိုတာတွေ နားထောင်ခဲ့ဘူးတဲ့ ကျွန်တော့နားထဲမှာတော့ အကြိုက်သိပ်မတွေ့ဘူး။
စင်ကာပူရောက်ရွှေ

Moe Cho Thinn said...

ကျမ အမေက မေရှင် ရဲ့ ထာဝရပရိသတ်ပေါ့။ အားရင် မေရှင့်သီချင်းတွေပဲ ဆိုနေတာ။ ဒါကြောင့် အမေ့နားကပ်တဲ့ ကျမလဲ မေရှင်ကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတာ။ သူ့အသံလေးက ဂရုဏာသံလေး၊ ချိုပြီး အေးနေတာ။ အခု ဆုံးသွားပြီ ဆိုတော့ ဘယ်လောက်ပဲ အသက်ကြီးပါစေ နှမြောလိုက်တာ။ တခေတ်မှာ တယောက်ဆိုတဲ့ အနုပညာရှင်မျိုးပါပဲ ကိုပေါရေ။

တန်ခူး said...

ကိုပေါရေ… ဒေါ်မေရှင် ဆုံးသွားတာ ခုမှပဲ သိရတယ်… အတော်စိတ်မကောင်းပါဘူး… ကျွန်မကလဲ သူ့ ပရိသတ်ပါ… ကိုပေါရေးပြသွားတဲ့ သီချင်းတွေကို ကိုပေါလောက် စာသားတွေ အတိအကျ မမှတ်မိပေမယ့် အကုန်ကြိုက်ပါတယ်… ရေဒီယိုကလာတိုင်း လိုက်ညည်း လိုက်ဖြီးတဲ့ သီချင်းလေးတွေပါ… ရွှေအင်းဝသီချင်းလေးကိုတော့ အတော်ကို နှစ်သက်ပါတယ်… ဒေါ်မေရှင်တို့ ခေတ်က မင်းသမီးတော်တော်များများကို မျက်စိထဲ လှတယ်လို့ မထင်ပေမယ့် ဒေါ်မေရှင်ကို ကျတော့ ဂရုဏာသံလေးရယ် ငြိမ်းချမ်းတဲ့မျက်နှာလေးရယ်နဲ့ မို့  ကြိုက်နှစ်သက်ပါတယ်… မို့ မို့ မြင့်အောင်တောင် ခပ်စိမ်းစိမ်းလေး နေပ့ါမယ် ဇာတ်ကားထဲမှာ ဒေါ်မေရှင်အသံကို တုလုပ်သေးတယ်… လုပ်သံနဲ့  နဂို ဂရုဏာသံလေးနဲ့ က တခြားစီပါ… ဒေါ်မေရှင် ကောင်းရာသုဂတိလားပါစေ…

kay said...

ကိုပေါ အစဖော်ပေး ထားတဲ့..သချင်းတွေ ပြန်ညည်း ရင်း..( မေရှင် ညည်းသံလေး နဲ့ -း) တခု ခု ကို တော့..လွမ်း နေမိ တယ်။

ခေတ်ပြိုင် ခံစားမူ များဖြင့်-

သစ်နက်ဆူး said...

ကိုပေါ....
ကျနော် ခင်ဗျားကို အရင်က စာရေးကောင်းလို့ 
သဘောကျတာဗျ...
ခု....ကိုပေါကို လေးစားသွားပြီ...
မြန်မာအဆိုတော်ကြီး ဒေါ်မေရှင် ကတော့ ရောက်ရာဘဝ
က...သာဓုခေါ်မှာပါဗျာ..။
.......
ကိုပေါ....လူစုံကြီး..။

သစ်နက်ဆူး said...

ကိုပေါ ...ကိုပေရဲ့ ဘလော့ဂ်ဆိုက်ကို ကျနော့်ဆီမှာလင့်ခ်ထားချင်ပါတယ်...ခွင့်ပြုပါ။

Myo Win Zaw said...

အဖွားဒေါ်မေရှင် ကောင်းရာမွန်ရာရောက်ပါစေ

တန်ခူး said...

ကိုပေါရေ… tagထားတယ်ဗျို့ …

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs