“တောင်လေလာပါ”

Share |
မနေ့က အမှတ်တမဲ့ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းတရပ်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ခံစားချက်သည် ယခုအချိန်ထိ ကျနော့် နှလုံးသားအား ပီတိနှင့်အတူ နာကျင်စေလျက်ရှိသည်။

ကျနော်တို့သည် ပီတိဖြစ်သည့်အခါ “ဖရဏာပီတိ ဂွမ်းဆီထိ” ဆိုသကဲ့သို့လည်းကောင်း၊ “နှလုံးကို ဆီစိမ်ထား သည်” ဆိုသကဲ့သို့လည်းကောင်း နူးညံ့နွေးထွေးသော ခံစားမှုနှင့်သာ ၀မ်းမြောက်ကြည်နူးကြတတ်ကြခြင်း ဖြစ်ပါသည်။

ယခုကား ထိုသို့မဟုတ်။ ကျနော့်နှလုံးသားသည် ပီတိနှင့်အတူ တစစ်စစ် နာကျင်လျက် ရှိပါသည်။

အဖြစ်အပျက်က သည်လို။

မနေ့က “စင်ကာပူ လူ့အခွင့်အရေး” အဖွဲ့မှ ပြုလုပ်သော “အာဆီယံ ပြည်သူများသည် လူ့အခွင့်အရေးကို ယခုချက်ချင်း လိုချင်ကြသည်” ခေါင်းစဉ်ပေးထားသည့် ဖိုရမ်တခုသို့ တက်ရောက်ဖြစ်သည်။ စင်ကာပူရောက် မြန်မာအများအပြားလည်း ကျနော့်နည်းတူပင် တက်ရောက်လာကြ၏။ တက်ရောက်လာသမျှ နိုင်ငံခြားသားရော၊ မြန်မာများပါ စုစုပေါင်း ပရိသတ် ၁၃၀ ခန့်။ အများစုက အနီရောင်တီရှပ်များ ၀တ်ဆင်ထားကြသည်။ မြန်မာ့ဒီမို ကရေစီအရေးကို ထောက်ခံအားပေးသည့် သဘော။

အစီအစဉ်အရ မိုးပျံပူပေါင်းများလွှတ်တင်မည့် အစီအစဉ်ပါသည်။ မိုးပျံပူပေါင်း စုစုပေါင်း ဆယ်လုံး။ အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံကို ကိုယ်စားပြုသည်။ ပူပေါင်းတလုံးချင်း၏ အောက်ဖက်တွင် “ဖရီးဘားမား” စာတန်းပါ ဒေါ်အောင်ဆန်းစုကြည်ပုံ (အေဖိုး ဆိုက်)တပုံစီ ချိတ်ဆွဲထားကာ ဓါတ်ပုံ ကျောဘက်တွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတခုချင်း၏ အမည်ကို ရေးထိုးထားသည်။ ဖိုရမ်ပြုလုပ်နေစဉ် တလျှောက်လုံး အဆိုပါ ပူပေါင်းများသည် ခန်းမ မျက်နှာကျက်ကို ထိကပ်လျက်။ အောက်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ မျက်စေ့နှင့် တတန်းတည်းရှိနေပုံမှာ အင်မတန်ပသာဒ ရှိလှပါသည်။

ဖိုရမ်အပြီးတွင်တော့ အားလုံးအောက်သို့ဆင်းကာ ဟိုတယ်အ၀င်ပေါက် ဆင်ဝင်အောက်တွင် စုရုံးကာ ပူပေါင်းများကို လွှတ်တင်ဘို့ ပြင်ဆင်ကြသည်။ ကျနော်တို့သည် မိုးပျံပူပေါင်း ဆယ်လုံးကို တစုတစည်းတည်း စုချည်လိုက်သည်။ အာဆီယံ၏ စုစည်းညီညွတ်သည့် သဘောကို ပြလိုသည့် သင်္ကေတ။

အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေသည်။ တော်တော်နှင့်လည်း တိတ်မည့်ပုံ မပေါ်။ သည်တော့ မိုးရွာထဲတွင်ပင် ပူပေါင်းလွှတ်ဖို့ ပြင်ကြသည်။

ဆင်ဝင်ဘေးဘက်နားဆီမှ ပူပေါင်းများကို လေထဲသို့ လွှတ်တင်လိုက်ချိန်၊ အားလုံးက “ဖရီးဘားမား”ဟု သုံးကြိမ်။ “ဖရီးစင်္ကာပူ”ဟု သုံးကြိမ် အင်္ဂလိပ်လို လက်သီးလက်မောင်းတန်း ကြွေးကြော်ကြသည်။

သည်အချိန်မှာပင် မထင်မှတ်ထားတာတခု ရုတ်တရက် ထဖြစ်သည်။ မိုးကရွာနေသဖြင့် ပူပေါင်းတွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ရေစိုကာ အလေးချိန်များ လာသဖြင့် မိုးပျံပူပေါင်းများသည် အောက်သို့ တဖြည်းဖြည်းချင်း ပြန်နိမ့်ဆင်းလာခြင်းဖြစ် သည်။

ချက်ချင်းဆိုသလို ဆင်ဝင်အောက်တွင်ရှိနေသော လူငယ်အုပ်စုမှ ကျောင်းသားလူငယ် များသည် ခေါင်းပေါ်တွင် လက်ကလေးများ ယှက်မိုးလျက် မိုးရွာထဲသို့ ပြေးထွက်ကာ ပူပေါင်းများနောက်သို့ ပြေးလိုက်ကြလေတော့သည်။ သူတို့သည် ပူပေါင်းများတွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ မြေပေါ်သို့ ပြန်ကျလာမည်ကို မလိုလားကြ။ မိုးရေအစိုခံ၍ လိုက်ဖမ်းကြသည်။ ထို့နောက် ပူပေါင်းတွေနဲ့အတူ ဆင်ဝင်အောက်ကို ပြန်ရောက်လာကြတော့ သူတို့ကိုယ်မှာ ရွှဲရွှဲစိုလျက်။ နောက်တော့ ပုံအရေအတွက် ကိုလျှော့ကာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

ကျနော့်ရင်ကို ပီတိဖြစ်စေသည်မှာ အခြားမဟုတ်။
စင်္ကာပူတွင် ကျောင်းတက်လျက်ရှိသော ခေတ်ပညာတတ်ကျောင်းသားလူငယ်များအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ပုံပါ ပူပေါင်းများကို မြေမကျအောင် မိုးထဲရေထဲတွင် ပြေးဖမ်းသည်မှာ အယူသည်း၍ မဖြစ်နိုင်။ ကျနော်တို့အားလုံး၏ အခွင့်အရေးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသော လူထုခေါင်းဆောင် တယောက် အပေါ်တွင် ထားရှိသော သူတို့၏ မေတ္တာ၊ စေတနာနှင့် လေးစားမှုကြောင့်သာ ဖြစ်ကြောင်း ကျနော့်အနေနှင့် ကောင်းကောင်းနားလည် သဘော ပေါက်သောကြောင့်ဖြစ်သည်။

ကျနော့်နှလုံးသားတွင် နာကျင်ရသည်မှာကား အခြားမဟုတ်။
ကျနော်၏ ညီငယ်အရွယ်မျှသာ ရှိမည်ဖြစ်သော အဆိုပါကျောင်းသားကလေးများသည် အကယ်၍ ကျနော်တို့နိုင်ငံသာ လွတ်လပ်နေမည်ဆိုပါက လူငယ်တို့ဘာသာဘာဝ ပျော်ရွှင် ဘွယ်ကျောင်းသားဘ၀ကို အပူအပန်မရှိ ကျော်ဖြတ်နေကြမည်သာဖြစ်သည်။ ယခုမူကား သမိုင်း၏တောင်းဆိုမှုအရ သူတို့၏ ရှားရှားပါးပါး ကိုယ်ပိုင်အချိန်များကို လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီအရေးအတွက် နေ့နေ့ညည လာရောက် ပေးဆပ်နေကြရသည်။ သည်အတွက် ဂုဏ်ယူစိတ်နှင့်အတူ သူတို့လေးတွေ၏ ပေးဆပ်မှုအတွက် ရင်နင့်အောင် ခံစားမိခြင်း ဖြစ်ပါသည်။

တဆက်တည်း သတိရမိသည်မှာ မြန်မာပြည်တွင်း၌ တိုင်းပြည်လွတ်မြောက်ရေးနှင့် ဒီမိုက ရေစီအရေးအတွက် တဘ၀လုံးကို ပုံအပ်နှင်းကာ ပေးဆပ်နေကြသော ကျောင်းသား ခေါင်း ဆောင်များ။ ကျောင်းသားလူငယ် မျိုးဆက်သစ်များ။ နောက် ရဟန်းရှင်လူ ပြည်သူလူထုများ။

“ဘ၀မှာ အလှပဆုံး ဂုဏ်ပုဒ်တစ်ခုက
ဘာလဲ လို့မေးခဲ့ရင်
အရုပ်ဆိုးဆိုး နံရံလေးဘက်ကြားက
တွားသွားခဲ့ရတဲ့ နုပျိုမှုတွေပဲရှိတယ်.. တဲ့။ ”

(နှင်းခါးမိုး ဘလော့ဂ်တွင် ဖော်ပြထားသော ကဗျာတပုဒ်မှ)

သြော်…သူတို့တွေ အားလုံးအတွက် လေးစားစိတ်၊ ဂုဏ်ယူစိတ်နှင့်အတူ တိုင်းပြည်၏ အနာဂတ်အတွက် ဖြစ်ပေါ်လာသောပီတိ၊ သူတို့၏ ကိုယ်ကျိုးစွန့်ပေးဆပ်မှုများအတွက် ကျနော့်ရင်တွင် ဖြစ်ပေါ်ရသော နာကျင်ရမှုများ။

တခါက ဖတ်ခဲ့ဘူးသော မဂ္ဂဇင်းဝတ္ထုတပုဒ်မှ ခေါင်းစဉ်စာကြောင်းတိုလေးတခုသည် ရင်ထဲသို့ တိုးဝင် လာသည်။

“တောင်လေလာပါ”…တဲ့။

တောင်လေလာပါ။
အမိမြန်မာပြည်၏ နာကျင်ရမှုများကို
မုတ်သုံမိုးနဲ့ ဆေးကြောပေးပါ။
တောက်ပသော အနာဂတ်ကို
ကျနော်တို့ အားလုံးထံ သယ်ယူဆောင်ကြဉ်း ပေးလှည့်ပါ။

ကိုပေါ။
(၁၉ ရက်။ နိုဝင်ဘာ။ ၂၀၀၇)

7 comments:

pandora said...

ဟုတ်တယ် ။ ပေးဆပ်ရတာတွေက များလှပြီ။ ဘ၀တွေနဲ့ရင်း အသက်တွေနဲ့ရင်း။
စိတ်မကောင်းဘူး။
ဒီဆောင်းပါးလေးအတွက် ကျေးဇူးပါ။

ခင်မင်းဇော် said...

အင်း
မြန်မာတီးရှော့က ကိုညောင်ရမ်းရဲ့ လက်ရာတွေလဲ လွမ်းမိတယ်။
သိမ်းထားတာတွေ မရှိဘူးလား။ မောင်ဆန်နဲ့ ချဲကြ ဗျင်းကြတာတွေ သတိရသဗျိုး။
အဲဒီတုန်းက ကျမက မင်းကြည်နာမည်နဲ့ ဟိဟိ
ယောက်ျားလေး လုပ်ပြီး ၀င်ရမ်းတာ။

Anonymous said...

ရဲစခန်းမှာ….အမှတ်(၂)ကို ရေးပါဦး။ ဖတ်ဖို့ စောင့်နေတယ်။

ကိုပေါ said...

ပန်ဒိုရာရေ... ကျနော့်သူငယ်ချင်းတယောက် အိုးဝေစင်ကာပူ စာမျက်နှာမှာ ရေးတဲ့ကဗျာလိုပေါ့။
“ဂုဏ်ဒြပ်မြင့်မားသူတွေကတော့
ဓမ္မကို လက်ကိုင်ထားနေဆဲ
အနိဋ္ဌာရုဏ် လေထုထဲ
တစစီကျဲပြန့်နေတဲ့
နစ်နာချက်တွေကို သယ်ဆောင်ရင်း
မျှော်လင့်ချက် အရုဏ်ဦးဆီ
တရွေ့ရွေ့ ခရီးဆက်နေကြပေါ့....” (အပြည့်အစုံကို ဒီမှာ ဖတ်ပါ)

မခင်မင်းဇော်....သြော် လက်စသတ်တော့ ကိုမင်းကြည်က မခင်မင်းဇော်ကိုး။ ကျနော်က အဲသည်တုန်းက တကယ်ယောက်ျားလေးမှတ်နေတာ။ ညောင်ရမ်းဂွတိုဆွေးနွေးခန်းတွေတော့ သိမ်းမထားမိဘူး။ တီးရှော့ပျက်သွားမယ်လည်း မထင်ဘူးလေ။ အဲဒီတုန်းက မောင်ဆန်တို့၊ ပတ်ဗလစ်လို့ လူကြီးမင်းတို့ကို လွမ်းမိသေးတော့...ဟိ။

ကိုပေါ said...

ဇက်ရေ.....ကျနော် ဒီအပတ်ထဲမှာ အမှတ် (၂) ကို ဆက်ရေးပါမယ်။

လာလည်ပြီး ကွန်မင့်ပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။

Anonymous said...

ငါတူတို့ လုပ်နေကိုင်နေတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက်လား၊ ဒေါ်စုကြည် အာဏာရဖို့လား၊၊ ငါတူတို့ရဲ့ စိတ်ထဲမှာ ကိုယ်လူမျိုး အချင်းချင်း စာနာနားလည်စွာနဲ့ ပြန်လည် စည်းလုံး ချစ်ကြည်လိုစိတ်ရော ရှိပါ့မလား၊ အဲဒီ စိတ်ဓါတ်က ပါးစပ်နဲ့ ပြောနေရုံတင် နဲ့ မရဘူး၊ စိတ်ထဲက တကယ်ပါမှ အလုပ်ဖြစ်မှာ အောင်မြင်မှာ၊၊
လူကြီးမင်း

ကိုပေါ said...

လူကြီးမင်းသို့…..မှတ်ချက်ဝင်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦး။ ကျနော်တို့ လုပ်နေကိုင်နေတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက်ပါ။ လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲသည် ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုရဲ့ တပ်ဦးမှာ ရှိနေပါတယ်။ ကိုယ့်လူမျိုးအချင်းချင်း နားလည်စွာနဲ့ ပြန်လည်စည်းလုံးချစ်ကြည်လိုစိတ် အပြည့်အ၀ ရှိသည့်အတွက် “အမျိုးသားရင်ကြားစေ့ရေး၊ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး”အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အသက်တွေ ဘ၀တွေကို ရင်းနှီးပြီး စွမ်းဆောင်နေကြပါတယ်။ ဒီလို စိတ်ရော၊ ကိုယ်ပါ အလုပ်လုပ်နေတဲ့အတွက် အောင်မြင်ရမယ်ဆိုတာကိုလည်း လုံးဝ ယုံကြည်ပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs