“ခေါ်သံ”

ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။

နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ…..ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။

ကိုယ့်ရှေ့မှာ…
ကိုယ့်နောက်မှာ…
ကိုယ့်ဘေးပတ်လည်မှာ….
စိတ်မရှည်တဲ့မျက်နှာနဲ့
လူတွေဟာ လူတွေဟာ..
ခေါ်သံကိုသာ နားစွင့်နေကြတယ်။

တယောက်ပြီးတယောက်
အလှည့်ရောက်ရင်မနွဲ့စတမ်း..
တလှမ်းချင်းလျှောက်
သူ့ရှေ့မှောက်ကို
ရွံ့ကြောက်မှုတွေ ကိုယ်စီနဲ့လေ။

ဟော…
ငါ့နာမည်ကို ခေါ်သံပါလား….
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့လာတယ်။

နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။

ရှောင်လွှဲလို့မရတဲ့
သည်ခဏအချိန်ကလေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။

အဆုံးမတော့

ငါဟာ…တုန့်ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ပဲ
သူ့ရှေ့မှောက်အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။


ကမ္ဘာလောကကြီးက

အသံဗလံတွေအားလုံးဟာ
အဲသည်တခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း ငါထင်လိုက်မိပါရဲ့။

ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။

“အခွန်ဆောင်မှာလား။ သက်တမ်းတိုးမှာလား”…….တဲ့။
Read more

“ပြည်သူ့အတွက် မြန်မာ့အသံ”



“ပြန်ကြားပေးရန် မြန်မာ့အသံ
ပညာပေးရန် မြန်မာ့အသံ
ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ…မြန်မာ့အသံ

ပြည်သူ့အတွက် မြန်မာ့အသံ… မြန်မာ့အသံ………….”

အဲဒါကတော့ ကျနော်တို့ ငယ်ငယ်က ရေဒီယိုနားထောင်ရင် ကဏ္ဍတခုကနေ နောက်တခုကို ကူးပြောင်းတဲ့အခါ ကြားရလေ့ရှိတဲ့ သံပြိုင်တေးတဖြစ်လဲ မြန်မာ့အသံရဲ့ လက်စွဲဆောင်ပုဒ်ပါ။

မြန်မာ့အသံရဲ့ လက်စွဲဆောင်ပုဒ်ကတော့ ကောင်းပါရဲ့။ ၀မ်းနည်းစရာကောင်းတာက ကျနော်လူမှန်းသိတတ်ကတည်း အချိန်ကစလို့ ယခုထက်တိုင် မြန်မာ့အသံဟာ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတွေရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့ပြီး “ပြည်သူ့အတွက် မြန်မာ့အသံ” ဘ၀ကို လုံးလုံးလျားလျား မရောက်ခဲ့ခြင်းပါ။

ဒါပေမယ့် ဖျော်ဖြေမှုကိုတော့ အောင်အောင်မြင်မြင် ပေးစွမ်းခဲ့တယ်လို့ ဆိုရပါမယ်။

သီချင်းကြီးကဏ္ဍ၊ ခေတ်ဟောင်းတေးကဏ္ဍ၊ အနှစ် နှစ်ဆယ်တေး ကဏ္ဍ၊ ခေတ်ပေါ်တေးကဏ္ဍ၊ ရုပ်ရှင်သီချင်းကဏ္ဍ၊ သူ့လက်သံကဏ္ဍ စသဖြင့် ခေတ်အဆက်ဆက်က တေးဂီတမျိုးစုံကို တိုင်းပြည်နဲ့ အ၀ှမ်းလူထုထဲကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်ပေးနိုင်ခဲ့တယ်။

မေရှင်၊ ပြည်လှဖေ၊ ဥသြဘသောင်တို့ကစလို့ ၀င်းဦး၊မာမာအေး၊ တင်တင်မြ၊ ကိုသန်းလှိုင်၊ ကိုတင်လှိုင်တို့အလယ် မီမိဝင်းဖေတို့ ဟေမာနေ၀င်းတို့ခေတ်အထိ အဆိုတော်ပေါင်းမြောက်များစွာရဲ့ သီချင်းတွေကို ကျေးလက်တောရွာကလူတွေပါ နားထောင်နိုင်ဘို့အထိ စွမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့အသံမှာ ထုတ်လွှင့်တဲ့ ဇာတ်လမ်းပမာတွေထဲက တချို့တလေကတော့ အစိုးရရဲ့ ၀ါဒဖြန့် ပေါ်လစီတွေကနေ ကင်းလွတ်နေပြီး လူထုရဲ့ နှလုံးသားထဲမှာ စွဲမြဲကျန်ရစ်နေခဲ့တာလေးတွေ ရှိပါတယ်။ ဥပမာဆိုရင် ဆရာသော်တာဆွေ ဒန့်သလွန်သီးရောင်းတဲ့ ၀တ္ထုလေးကို အသံသွင်းဇာတ်လမ်းအဖြစ် ပြောင်းလဲတင်ဆက်ထားတဲ့ “လူ့မနော” ဆိုတဲ့ ဇာတ်လမ်းမျိုးလေးပေါ့၊ အများစုကတော့ ၀ါဒဖြန့်စကားလုံးတွေ ညှပ်ထည့်ထားတတ်လွန်းလို့ တခါတလေ ကျနော်တို့ မိတ်ဆွေတွေအချင်းချင်း စကားပြောရာမှာတောင် တစုံတယောက်က မယုံကြည်နိုင်လောက်အောင် မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေကို စကားဝိုင်းမှာ လာပြောနေရင် ကျန်သူတွေက “ဇာတ်လမ်းပမာတွေ လာလုပ်မနေစမ်းပါနဲ့ကွာ….” လို့ ပြောယူခဲ့ရပါတယ်။

ကျနော့်တသက်မှာ ရေဒီယိုနားထောင်ခဲ့ရသမျှ ကျနော်နှစ်သက်ခဲ့တဲ့ ကဏ္ဍတွေက နံနက်ချိန်ခါတေးသံသာ ကဏ္ဍ၊ သူ့လက်သံကဏ္ဍ၊ ခေတ်ဟောင်းတေးကဏ္ဍ၊ အနှစ်နှစ်ဆယ်တေးကဏ္ဍ၊ သောတရှင်လိုရာကဏ္ဍ၊ ရုပ်ရှင်တေးကဏ္ဍတွေကို သဘောကျခဲ့ပါတယ်။

အဲ…. အမုန်းဆုံးကဏ္ဍကတော့ နအဖ လက်ထက်မှာ တင်ဆက်လေ့ရှိတဲ့ တပ်မတော်ကဏ္ဍဆွေးနွေးခန်းအစီအစဉ်က သာဓုနဲ့ အာယု ဆွေးနွေးခန်းအစီအစဉ်ဘဲဖြစ်ပါတယ်။ ဦးနှောက်မရှိတဲ့ ဖားနှစ်ကောင် တလှည့်စီအော်နေတာကို နားထောင်ရသလိုပါဘဲ။ နှစ်ယောက်သား ဘယ်သူက ဘာဘဲပြောလိုက်ပြောလိုက်၊ ကျန်တယောက်က “ဟုတ်တာပေါ့ ကိုသာဓုရာ”၊ “မှန်ပါပေတယ်၊ ကိုအာယုရယ်” စသဖြင့် အပြန်အလှန်ထောက်ခံနေကြတဲ့ ဆွေးနွေးခန်းပေါ့။ တပ်မတော်ကောင်းကြောင်း၊ ကျန်တဲ့ ဒီမိုကရေစီနိုင်ငံရေးသမားတွေမကောင်းကြောင်း လှိုင်လှိုင်ကြီးပြောရတဲ့ ကဏ္ဍပေါ့။

မြန်မာ့အသံကို ကျနော် ၇ တန်းနှစ်က လူရည်ချွန်လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်လေ့လာခဲ့ရဘူးပါတယ်။ ဓါတ်ပြားတွေကို ဘယ်လိုသိမ်းဆည်းပုံ၊ ဓါတ်ပြားခုတ်တဲ့အခန်း၊ အသံဖမ်းတဲ့ စတူဒီယို စတာတွေအပြင် ရုပ်မြင်သံကြားရိုက်ကူးတဲ့ စတူဒီယို စတာတွေကို လေ့လာခဲ့ရပါတယ်။

မြန်မာ့အသံဟာ တချိန်က လူထုအသဲစွဲ အနုပညာရှင်တွေကို ပြည်သူနဲ့ ထိစပ်ပေးရာ တခုတည်းသော မီဒီယာအဖြစ် တည်ရှိခဲ့ပါတယ်။

ဒီနေ့မနက် ကိုမိုးသီးဘလော့ဂ်မှာ ပြည်လမ်းပေါ်က မြန်မာ့အသံအဆောက်အဦးကြီးကို လေလံပစ်ရောင်းချဘို့ စာကပ်ထားတဲ့ သတင်းကို ဖတ်လိုက်ရတယ်။

သင်္ချိုင်းကအစ၊ စာကြည့်တိုက်အလယ်၊ အမျိုးသားအသံလွှင့်ရုံအဆုံး ဘာမှမကျန်အောင် ရောင်းစားပစ်တဲ့ မြန်မာစစ်အစိုးရရဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းတတ်ပုံကိုတော့ အံ့သြလို့ မကုန်နိုင်အောင် ဖြစ်ရပါတော့တယ်။
Read more

“မင်းကိုနိုင်”

(ရွှေဝါရောင်တော်လှန်ရေးမတိုင်မီလများဆီက ကျနော့်မိတ်ဆွေ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းနဲ့ ကျနော်တို့ ရက်အနည်းငယ်ကြာ ညအိပ်ညနေ အတူနေဖြစ်ခဲ့ကြတယ်။ ကိုစိုးထွန်းက ကိုမင်းကိုနိုင် ပထမအကြိမ်ထောင်က ထွက်လာပြီးချိန်ကစလို့ ကိုမင်းကိုနိုင်နဲ့ တောက်လျှောက် နီးနီးကပ်ကပ် အတူလက်တွဲလုပ်ခဲ့သူတဦးဆိုတော့ သူ့ကို ကျနော်က တိုက်တွန်းရတယ်။ “သူငယ်ချင်း။ ကိုမင်းကိုနိုင်အကြောင်းကို မင်း…ရေးပေးပါကွာ” ဆိုတော့ ကျနော်တို့နဲ့ မခွဲခွာခင်မှာ ကျနော့်ကို သူရေးပြီးသား စာမူတချို့ပေးခဲ့တယ်။ အဆုံးသတ်ကိုတော့ အချိန်မရတော့တဲ့အတွက် ကျနော့်ကွန်ပြူတာထဲမှာဘဲ သူ့ဘာသာ အသံသွင်းထားခဲ့တယ်။

ဒီနောက်ပိုင်းမှာ ကျနော်ကလည်း တောက်လျှောက်အလုပ်ရှုပ်နေတဲ့အတွက် သူ့လက်ရေးမူကို ကွန်ပြူတာစာလုံးဘ၀ကို မပြောင်းလဲဖြစ်ခဲ့ဘူး။ အခု တနှစ်ခွဲလောက်ကြာမှ သူ့စာမူကို ပြန်ထုတ်ပြီး ကျနော့်ဘလော့ဂ်မှာ အမှတ်တရ တင်ပေးလိုက်ပါတယ်။ ကွန်ပြူတာထဲမှာ သူသွင်းပေးတဲ့ အသံဖိုင်ကတော့ ကျနော့်ကွန်ပြူတာထဲမှာ ပြန်ရှာလို့ မတွေ့တော့တဲ့အတွက် အဆုံးသတ်အပိုဒ်ကလေးမှာ မပြည့်မစုံဖြစ်နေတာကို သည်းခံကြပါ။)


မင်းကိုနိုင်….

သူ့ကို ကျနော်တို့ ခေါ်ကြတာကတော့ ကိုပေါ်ဦး။ နာမည်အပြည့်အစုံကတော့ ပေါ်ဦးထွန်း။

သူ့ကို ကျနော် စတင်ပြီး သိကျွမ်းရင်းနှီးခဲ့တာက ထောင်ကနေ လွတ်လာတဲ့ ကျနော်တို့ရဲဘော်တယောက်ရဲ့ ရဟန်းခံအလှူတခုမှာပါ။ အဲဒီတုန်းက ကျနော်တို့ ကျောင်းသားတော်တော်များများ ထောင်က လွတ်ကာစပေါ့။ အထဲက လွတ်လာသူအချင်းချင်း ပြန်လည်တွေ့ဆုံကြ၊ အပြင်မှာ ရှိနေတဲ့ လူဟောင်းများနဲ့လည်း ပြန်လည်ဆုံဆည်းကြရတဲ့ ၀မ်းမြောက်စရာ ပေါင်းစည်းမှုလေးတခု…….မှတ်မှတ်ရရဖြစ်ရတာကတော့ ဖက်ဆစ်အာဏာရှင်တွေကို တတိုင်းပြည်လုံးတော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးနေ့မှာဖြစ်နေတယ်။

ကျနော်လည်း သိကျွမ်းခင်မင်ခဲ့ရတဲ့ ခရီးဖော်အချင်းချင်း အပြန်အလှန်မိတ်ဆက်လို့အပြီးမှာ ခဏထိုင်နေမိတယ်။ ခဏအကြာမှာ ကျနော်တို့နဲ့ ဘ၀တက္ကသိုလ်တခုမှာ အတူနေခဲ့ဘူးတဲ့ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုဇေယျ(လူ့ဘောင်သစ်) တို့ ရောက်လာတာတွေ့လိုက်ရတယ်။ အဲဒီ အုပ်စုထဲမှာ မင်းကိုနိုင်ဆိုတဲ့လူ ပါတယ်ဆိုတာလည်း ကျနော်ကြားလိုက်ရတယ်။ သူ့ကို ၀ိုင်းပြီးနှုတ်ဆက်နေကြတာကိုလည်း မြင်နေရတယ်။ ခဏကြာတော့ ကိုပြုံးချိုနဲ့ ကျနော် နှုတ်ဆက်ဖြစ်ကြတယ်။ သူက ၀မ်းသာအားရနဲ့ “လာ..လာ။ ခင်ဗျားကို ကျနော် ကိုပေါ်ဦးနဲ့ မိတ်ဆက်ပေးမယ်”လို့ ပြောပြီး ကိုပေါ်ဦးဆီ ခေါ်သွားတယ်။

ကိုပေါ်ဦးကို ကျနော့်အကြောင်းပြောပြီး မိတ်ဆက်ပေးတော့ ကျနော်က ပုံမှန်အတိုင်းဘဲ လက်ဆွဲနှုတ်ဆက်လိုက်မိတယ်။ အဲဒီမှာသူက…“ဟာ…ခင်ဗျား အဲဒီလိုတော့ သူစိမ်းမဆန်ပါနဲ့ဗျာ” လို့ ပြောရင်း ကျနော့်ကို အားရပါးရဖက်ပြီး နှုတ်ဆက်တယ်။

ကျနော်လည်း အံ့သြသွားတယ်။ သူ့ရဲ့ မာန်မာနကင်းစင်မှု၊ နှိမ့်ချမှု၊ ရိုးသားဖြူစင်မှုတွေ တွေ့လိုက်ရတယ်။ ကျနော့်ရင်ထဲမှာ အတော်ကြာ ခွဲနေရတဲ့ ငယ်ပေါင်းသူငယ်ချင်းတယောက်နဲ့ ပြန်ဆုံရသလို ချစ်ခင်ရင်းနှီးမှုတွေ ခံစားလိုက်ရတယ်။ သူက “ကျနော် စစ်တွေရောက်တော့ ခင်ဗျားတို့အကြောင်းတွေ ကြားရတယ်။ အဲဒီကတည်းက ခင်ဗျားကို လေးစားမိတယ်။ ကျနော်တို့က အဲဒီသတင်းတွေကြားရရင် အားပိုရှိတယ်”…..
ရိုးသားပွင့်လင်းပြီး သူတပါးအပေါ်မှာ တန်ဘိုးထားလေးစားတဲ့ စိတ်ကိုလည်း သူ့မှာ တွေ့လိုက်ရတယ်။

သူနဲ့ ကျနော် တနေရာမှာ ထိုင်ပြီး အတူစကားပြောဖြစ်ခဲ့ကြတယ်။ အဲဒီမှာ သူက “ကျနော်တော့ နိုင်ငံရေးသမား မလုပ်ချင်ဘူးဗျာ။ တိုင်းပြည်အနေအထား လမ်းကြောင်းတခုပေါ် မှန်မှန်ကန်ကန် ရောက်သွားပြီဆိုရင် စာလေးရေးလိုက်၊ ပန်းချီဆွဲလိုက်နဲ့ အေးအေးဆေးဆေး နေချင်တယ်။ အခုတော့ အခြေအနေနဲ့ အချိန်အခါက တောင်းဆိုနေတော့ မလုပ်မဖြစ် လုပ်ကြရဦးမယ်”..။

သူ့ရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ကို လေးစားမိပြီး ကျနော်က “အေးဗျ၊ ကျနော်လဲ ခင်ဗျားလိုဘဲ….။ တိုင်းပြည်နဲ့လူထုက လိုအပ်နေတဲ့အချိန်မှာတော့ ရှောင်နေလို့ မဖြစ်ဘူး။ တိုင်းပြည်အေးချမ်းသွားရင်တော့ ကိုယ်ဝါသနာပါရာ လုပ်ကြတာပေါ့ဗျာ။ ဒါပေမယ့်ကျနော်တို့ တိုင်းပြည်မှာ ရိုးသားပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာထားတဲ့၊ ကိုယ်ကျိုးစွန့်တဲ့ ခေါင်းဆောင်တွေ အရမ်းလိုအပ်နေတယ်ဗျ။ လူတယောက်မှာ အရေးအကြီးဆုံး လိုအပ်ချက်က ရိုးသားမှုဗျ။ မရိုးသားရင် ပညာတွေ ဘယ်လောက်ဘဲ တတ်တတ် အလကားဘဲ” လို့ ကျနော်ပြောလိုက်တယ်။

သူနဲ့အတူတွဲလုပ်ရင်းကျနော်တွေ့ရတာက စာပေသမားတွေနဲ့ တွေ့ရင် စကားကောင်းနေတာ၊ တော်တော်နဲ့ မထဖြစ်ဘူး။ တခါတလေ အရေးကြီးတဲ့ ကိစ္စမရှိရင် သူချန်နေခဲ့ပြီး စကားလက်ဆုံကျနေတတ်တယ်။ သူ့အိမ်ကို ကျနော်ရောက်တဲ့အခါတွေမှာ တခါတလေ နားနားနေနေ စကားပြောကြရင်း ကျနော့်ကို အထဲမှာ သူရေးဖြစ်ခဲ့တဲ့ ကဗျာနဲ့ ၀တ္ထုတိုတွေ ပေးတော့၊ တချို့ဝတ္ထုတိုတွေမှာ အတွေးအခေါ်ပိုင်းနဲ့ဆိုင်တာလေးတွေကို သွားတွေ့တယ်။

သူ့နေရာကနေ ကျနော်ဝင်ပြီး စဉ်းစားကြည့်မိတယ်။

သူဟာ ၁၅ နှစ်ကျော်ကြတဲ့ ကာလရှည်ကြီးတခုကို တယောက်တည်းလိုလို နေခဲ့ရတယ်။ အထဲမှာ ကျနော်တို့ ကြားရတာက ကျန်းမာရေးတောင် သိပ်မကောင်းဘူးလို့ ကြားလိုက်ရသေးတယ်။ စစ်တွေထောင်ရောက်မှ နည်းနည်း ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်လို့ ကြားလိုက်ရတော့ ၀မ်းသာရတယ်။ သူ့မှာက တယောက်တည်းလိုလို နေရတာများတော့ လူငတ်တဲ့ ပြဿနာရှိတယ်။ လူဆိုတဲ့ သတ္တ၀ါမှာ အများစုက စကားပြောဖော်လေးရှိမှ နေတတ်ကြတာကိုးဗျ။

အထဲမှာ နေထိုင်မကောင်းရင် ပိုသိသာတယ်။ တခါတလေ အားငယ်စိတ်ဝင်လာတဲ့အခါမျိုးမှာ အချင်းချင်း မတွေ့ရပေမယ့် မနက်မိုးလင်းရင် ကျနော်တို့က “မောနင်းဗျိုး” ဆိုတဲ့အသံ၊ “မောနင်းဗျာ” ဆိုတဲ့အသံတွေနဲ့ နှုတ်ခွန်းဆက်ကြ၊ စိတ်ဓါတ်တွေ ခိုင်မာအောင် စုစည်းနိုင်ခဲ့ကြတယ်။ ကဗျာဆရာတယောက်ကတော့ ကျနော်တို့ နေခဲ့ရတဲ့ အင်းစိန်ထောင်ကြီးကို “မဟာကာလငရဲ”လို့ ခိုင်းနှိုင်းဖွဲ့ဆိုခဲ့တယ်။ ပိဋကတ်လာ ငရဲကြီးရှစ်ထပ်ထဲက တခုပေါ့ဗျာ။

သူ့အဖြစ်က ငရဲထဲကို ရောက်နေရတာချင်းအတူတူ သူက နည်းနည်း ပိုပြီးပူတဲ့ နေရာမှာ ရောက်သွားတာလို့ ဆိုရမှာပေါ့။ အဲဒီအချိန်မှာ သူ့မှာ စာပေ၀ါသနာလေးရှိခဲ့တာရယ်၊ အဖေက ပန်းချီဆရာကြီးဆိုတော့ ပန်းချီနဲ့ ပတ်သက်တဲ့ အနုပညာစိတ်ကူးလေးတွေရယ်၊ ကဗျာစိတ်ကူးလေးတွေရယ်ကို အဖော်လုပ်ပြီး အတူနေထိုင်နိုင်ဘို့ ကြိုးစားခဲ့ရမယ်လို့ ကျနော်မြင်မိတယ်။ တော်ရုံတန်ရုံ စိတ်ဓါတ်နဲ့ ဒီလောက်ရှည်လျားတဲ့ ကာလကြီးကို ဒီလို ငရဲမျိုးမှာ နေထိုင်ဖြတ်သန်းဘို့ သိပ်မလွယ်ဘူးလို့ ကျနော်မြင်မိတယ်။

အထဲမှာ အချိန်က ကိုယ့်ကို ၀ါးမြိုသွားတာ မခံရအောင် ကျနော်တို့ အချင်းချင်း အပြန်အလှန် သင်ယူဖလှယ်ကြ၊ အပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်တွေဖလှယ်ပြီး စိတ်ဓါတ်တွေ ခိုင်မာအောင် တည်ဆောက်ကြရတယ်။ စစ်တွေထောင်ကို ရောက်ပြီးတဲ့နောက်ပိုင်း အိမ်နဲ့တွေ့ခွင့်ရလို့ သူက “ထမင်းငတ်တာထက် သတင်းငတ်တာက ပိုဆိုးတယ်” လို့ ပြောတဲ့အကြောင်းကြားရတော့၊ သူ့မိသားစုနဲ့ တွေ့ခွင့်ရပြီး သူ့အသံကို ကြားရလို့ ၀မ်းသာရတယ်။ ကျနော်တို့တွေ မလွတ်မြောက်ကြသေးပေမယ့်၊ လွတ်လပ်မှု၊ တရားမျှတမှုကို တည်ဆောက်ကြမယ့် စိတ်ဓါတ်တွေ ရောယှက်ပြီး အခိုင်အမာ စုစည်းမိသလို ခံစားရတယ်။

အထဲမှာ စကားတွေ စုဖွဲ့ပြောကြတဲ့အခါ “မင်းကိုနိုင်” ဆိုတဲ့ နာမည်နဲ့ ပတ်သက်ပြီး အတည်လိုလို နောက်သလိုလို ပြောကြတာတွေ ကြားခဲ့ရသေးတယ်။ မင်းကိုနိုင်ဆိုတဲ့သူဟာ အစက မရှိဘူး။ ကြေငြာချက် (statement) ထုတ်တဲ့အခါမှာ သုံးဘို့ နာမည်ပေးခဲ့တာ၊ နောက်ပိုင်းမှ ပေါ်ဦးထွန်းဆိုတဲ့ ကျောင်းသားတယောက်ကို “မင်းကိုနိုင်” နာမည်ပေးပြီး ခေါင်းဆောင်လုပ်ဘို့ျေကာင်းသားတွေက ဆုံးဖြတ်ခဲ့တာလို့ ကြားခဲ့ရတယ်။

အပြင်မှာ သူနဲ့ဆုံမှ သူဟာ မွန်သွေးနှောနေတာရယ်၊ မင်းဆိုတာ မောင်၊ နိုင် ဆိုတာ ဦး…. မင်းကိုနိုင်ဆိုတော့ မောင်ကိုဦးလို့ သိရတယ်။ သူ့နာမည်အရင်းကတော့ ပေါ်ဦးထွန်း… သူ့ကို ကျနော်တို့ လုပ်ဖော်ကိုင်ဖက်အများစုကတော့ ပေါ်ဦး(သို့မဟုတ်) ကိုပေါ်ဦးလို့ ခေါ်ကြတယ်။ မွန်သွေးနှောပေမယ့် မွန်စကားမပြောတတ်ဘူး။ ဒါပေမယ့် ရခိုင်(စစ်တွေတက္ကသိုလ်) မှာ နေလိုက်ရတော့ ရခိုင်လူမျိုးတွေနဲ့တွေ့ရင်တော့ ရခိုင်လို အတည်ပေါက်ပြောတော့တာဘဲ။ ရခိုင်လို့တောင် ထင်သွားနိုင်တယ်။

ရေးသူ....စိုးထွန်း

(ဒါကတော့ ကျနော့်မိတ်ဆွေ ရေးပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အကြောင်းပါ။ နိဂုံးချုပ်အသံဖိုင် ပျောက်ဆုံးနေတဲ့အတွက် ဤမျှနဲ့ ကျေနပ်ကြပါ။ နောက်မှ အခြေအနေတွေပေးမှ သူ့ကို နိဂုံးအပိုင်းကို ဆက်လက်ရေးသားဘို့ တိုက်တွန်းပါဦးမယ်။)
Read more

“သံမဏိလိပ်ပြာငယ်တို့၏ တောင်ပံရိုက်ခတ်သံများ”

ဖိနှိပ်တတ်တဲ့ အစိုးရတရပ် (သို့မဟုတ်) အခိုင်အခန့်တည်ရှိတဲ့ အာဏာရှင်စနစ် ကြီးတခုလုံးကို ဖြိုဖျက်ဘို့ ခက်ခဲလှတဲ့ အုတ်နံရံကြီးနဲ့ တင်စားတတ်ကြပါတယ်။ အဲသည်လို အာဏာရှင်အစိုးရ (သို့မဟုတ်) အာဏာရှင်စနစ်တရပ်ကို ပြုပြင်ပြောင်းလဲဘို့၊ လွတ်လပ်ရေးကို အရယူဘို့ ကြိုးစားသူတွေကိုတော့ အုတ်နံရံကို ခေါင်းနဲ့ တိုက်သူတွေဘဲရယ်လို့ တင်စားပြောလေ့ရှိကြပါတယ်။

ကျနော်ကတော့ သူတို့တွေကို လှပတဲ့ လိပ်ပြာလေးတွေနဲ့ တင်စားလိုပါတယ်။ သည်လိပ်ပြာလေးတွေဟာ အာဏာရှင်အစိုးရယန္တရားကြီးတခုနဲ့ ယှဉ်ပြိုင်အံတုရတဲ့အခါ နူးညံ့တဲ့ လိပ်ပြာလေးတွေပီပီ အလွယ်တကူ အနာတရဖြစ်လွယ်၊ ပျက်ပြုန်းလွယ်တာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သံမဏိစိတ်ဓါတ်ခွန်အားနဲ့ အလှတရားကတော့ ဖျက်ဆီးလို့ မရနိုင်ပါဘူး။

ကမ္ဘာတဖက်က လိပ်ပြာငယ်တကောင်ရဲ့ တောင်ပံခတ်လိုက်တဲ့ တုန်ခါလှိုင်းတွေဟာ ဟောသည်ကမ္ဘာဘက်ခြမ်းမှာ မုန်တိုင်းကြီးတခု အစပြုသွားစေဘို့အတွက် လုံလောက်တဲ့ အကြောင်းတရားတခုလည်း ဖြစ်နေနိုင်ပါသတဲ့။

အခုဆိုရင် ကမ္ဘာတလွှားမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ သံမဏိလိပ်ပြာငယ်လေးတွေရဲ့ တောင်ပံခတ်သံက တစထက်တစ ပိုမိုဝေစည်လို့ လာပါပြီ။ ဒီလိပ်ပြာငယ်တွေရဲ့ တောင်ပံရိုက်ခတ်တဲ့လှိုင်းတွေကြောင့် မကြာခင်မှာ မုန်တိုင်းကြီးတရပ် တိုက်ခတ်လို့ ဟောင်းနွမ်းတဲ့လူ့အဆောက်အဦးတွေ၊ ဖောက်ပြန်တဲ့ လူတန်းစားတွေကို မုန်တိုင်းက တိုက်စားသွားပါလိမ့်မယ်။

ဟောသည်မှာ ကျနော့်မိတ်ဆွေ စင်္ကာပူနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ ဆီလန် နဲ့ အခြားလှုပ်ရှားသူတဦးဖြစ်တဲ့ ဂျက်စလင်းဂို တို့ရဲ့ အမြင်တွေကို ကျနော့်ဘလော့ဂ်မှာ ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာ အတိုင်းဘဲ ဖော်ပြလိုက်ပါတယ်။

"What we must reclaim: Seelan Palay "



Since I began to read actively in my teens, I have been keeping myself aware of civil disobedience and how it is effectively used by people all over the world. In relation, I could always see the merit, reason and rationale in the actions of Dr Chee Soon Juan. Meeting and befriending him a few years ago helped assure my opinions.

I found that we shared a vision to see a freer, fairer, more compassionate Singapore. But there was a burden to carry for that, which Dr Chee definitely carried more than me. And so I decided that I must help him as much as I can, because I could not just stand by and watch the Singapore government try to ruin this honest man.

We mostly worked together from then on and then came March the 15th – a day I knew was going to be different. On that day, we were going to send a strong and clear message to the authorities that we've had enough.

Almost everyone was arrested, myself being dragged on the road by police officers who refused to tell me what I was being arrested for. This Thursday all 18 of us will be tried in court, and after that, probably jailed.

But I will continue participating in protests and demonstrations. My experiences in Malaysia and Indonesia have taught me that protests are important because they give people a sense of belonging, community and hope. And through my participation in protests here I want to prove these values to be true.

In the years to come, I hope for you and I in Singapore to reclaim the term "nation building" from the government, its institutions and its media. And in doing so, open the way for Singaporeans to participate more actively in all facets of life so that we may together build a future that we can call our own.

Note: Mr Seelan held a 5-day protest (watch video here) outside the Malaysian High Commission in 2007, calling on the Malaysian government to release the five Hindu Rights Action Force (HINDRAF) leaders who were detained without trial. He also initiated the 400 frowns campaign in response to the Singapore government's 4 million smiles program during the World Bank-IMF meeting held here in 2006. For that project, he was detained and investigated by the police, and had his computer seized. He was not charged.



"For those who still have yet to see / understand / resonate what we are doing.."



Let me share with you a small part of the lyrics from Amazing Grace..
"Amazing grace how sweet the sound..
that save a wretch like me..
I once was lost, but now am found..
was blind but now I see"
I know the road to democracy is long..
I know it will not take days / months for democracy to happen in SG..
I know we all have a price to pay in pursuing our beliefs..
I know some of you out there might not agree with what we are doing..
but all I ask, is for you to see the things that is happening around us..
Are our government listening to our VOICES??
DO they hear us?
DO they respect the basic rights of their citizens to speak up against unjust and unfair laws / policies?
Are our elders enjoying their retirement?
In our pursuit for a democratic SG, we have wounded ourselves but not others..
While the government has wounded the very people that have given them mandate to run the country with;
1) GST increase
2) Transport increase
3) PUB tariff increase
4) Ministers pay increase
5) ERP increase (rates and gantries)
6) many more.....
I know it will take time to convince people of what we are doing, but at the very least, don't dismiss us..
Read more

“မပြီးသေးသော”

နှစ်ရှည်လများ
လုံးပါး ပါးခဲ့တဲ့ လူမမာမို့
တချို့လည်း
ဆေးမသိတဲ့အဆုံး
လုံးလုံးလက်လျှော့
သဗ္ဗေသတ္တာ
ကမ္မသကာပေါ့….တဲ့။

“ဘယ်သူသေသေ
ငတေမာရင် ပြီးရော”
တောကျီးကန်းတစု
ဆင်သေပေါ်နေရာလုရင်း
ရာစုထက်ဝက်မက
မျှောပါပြီးလိုက်နေကြ၊
“ငါမဆိုင်” မိုးခါးရေတွေသောက်သုံးမိလို့
ဆင်ခြင်တုံတရားတွေလည်း ပျောက်ဆုံး
လှိုင်းလေ တ၀ုန်းဝုန်း
ပျက်သုဉ်းခြင်း ပင်လယ်ဆီကို
ချီလေတဲ့ ချီလေ….။

“ခပ်ကင်းကင်းနေပါရစေ”တဲ့
နင်းပြားလေးတွေရဲ့ အော်သံ
တွင်းထဲက လျှံတက်
ကယ်သူ့လက်က ထွက်ပြေး
အေးလေ…စောလူးမင်းနဲ့ နို့စို့ဘက်ဇာတ်လမ်း
တခေတ်ဆန်းချိန် ထင်ပါရဲ့။

ဟောသည်မှာ တမျိုး….
“ရန်သူကို ၀င်ပေါင်းပြီး
အတွင်းက ပြောင်းဦးမတဲ့”
အလဲ့…. တယ်ဆိုတဲ့စာပါလား
ထရိုဂျန်မြင်းရုပ်
အလုပ်မဖြစ်တာ ကြာပြီအကို။
ခေတ်ပျက်မိုးကြီးကျပြီဆို
ဒီလိုအသံတွေ သောသောညံပေါ့။
ကိစ္စမရှိ…..
(ဆရာဂျမ်းနဲ့ဆရာစွမ်းရေ)
“မီးအုပ်နဲ့တုတ်”သာ
မစပါ ဆရာ။
လူမမာအတွက် အာဟာရ
ခေတ္တတော့ ဖူလုံစေ့မယ်။

အားပြတ်နေတဲ့လူကောင်းနဲ့
ဗိုက်ဖောင်းနေတဲ့လူဆိုး
ကြိုးဝိုင်းအပြင်ဘက်
တဖက်သတ်ထိုးပွဲမှာ
ဒိုင်လူကြီးပါ….တဲ့။
သမာဓိအပြည့်နဲ့
ကြားနေရဲတဲ့ သတ္တိ
လေးစားမိတော့သကွာ။

“အစွယ်လိုသူ မိဖုရား
အသွားစေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူ ဘုရားကျွန်တော်
ဤကြံဖော်ကြံဖက် သုံးယောက်သားအနက်တွင်မှ” ဆိုပြီး
ပုဝါနှစ်စ
ဘယ်ညာချလို့
မျက်ရည်စတွေနဲ့ တနေ့
သောနုတ္ထိုရ် ကြုံရပါစေ့မယ်။

မေ့လို့ မရဘူး….
ချစ်လေသူတယောက်ကတော့
ပြူတင်းပေါက်ကနေ အဝေး
ငေးမောရင်း ပင့်သက်ရှိုက်နေလေမလား။
သူ့မျက်ရည်တစ
ပါးပြင်ပေါ် စီးကျခဲ့လျှင်တော့
အားလုံးရင်ထဲ
နာကျင်ကြေကွဲ….

ရောင်စုံပန်းချီကားတချပ်
အပြီးမသတ်သေးခင်
ဆေးစက်ကျရာ အရုပ်ထင်ဘို့
ကြိုးစားချင်ဆဲ။


ကိုပေါ (၂၀၀၆)

လွန်ခဲ့တဲ့ ၂ နှစ်လောက်က အိုးဝေ(စင်္ကာပူ) အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ ကျနော့်ကဗျာလေးကို နည်းနည်း မွမ်းမံပြီး ပိတောက်ရိပ်မှာ ပြန်တင်လိုက်ပါတယ်။
Read more

“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ.....(၃) (နိဂုံး)”

ဒီလိုနဲ့ အီလက်ထရောနစ်အင်ဂျင်နီယာအသင်းနဲ့ စက်မှုအင်ဂျင်နီယာအသင်းနှစ်သင်းရဲ့ ဘောလုံးဗိုလ်လုပွဲနေ့ကို ရောက်လာခဲ့တယ်။

ကျောင်းကနေ ကားကြီးကားငယ်အသွယ်သွယ်နဲ့ မေဂျာနှစ်ခုက ကျောင်းသားတွေရော တခြားမေဂျာက မကင်းရာမကင်းကြောင်းတွေပါ သထုံကွင်းအထိ လာရောက်အားပေးလိုက်ကြတာ ပွဲကြည့်စင်နှစ်ခုလုံး ပြည့်လျှံသွားရော။ ဆရာဆရာမတွေက ရန်ပွဲတွေကို ကာကွယ်နိုင်ဘို့ Mechanical ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ်၊ အီလက်ထရောနစ်က ကျောင်းသားတွေကို ပွဲကြည့်စင်တခုသတ်သတ် ခွဲခြားထိုင်ခိုင်းတယ်။

ပွဲမစခင် နှစ်ဖက်အသင်းက ကျောင်းသူအလှပဂေးတွေက ဘောလုံးသမားတွေကို တယောက်ချင်းဆီ အအေးဘူးနဲ့ မျက်နှာသုတ်ပုဝါလေးတွေ ကမ်းရတယ်။ (တချို့ မာနကြီးတဲ့ ကျောင်းသူတွေကို အဲသည်လိုလုပ်ပေးဘို့ မနည်းတိုက်တွန်းလိုက်ရတာပါ။) အဲ… အီလက်ထရောနစ်ကျောင်းသူတွေ ကမ်းရတဲ့အထဲမှာ ဂျီဟောသူတွေက ဗေဒင်၊ ယတြာ၊ မန္တာန် တွေနဲ့ စီရင်လာတဲ့ အပ်ချည်ကြိုးနဲ့ပြုလုပ်ထားတဲ့ အဆောင်လက်ဖွဲ့လေးတွေလည်း ပါတယ်။ အဲဒါလေးတွေကို ဘောလုံးသမားတွေ လက်မှာ ပတ်ရတယ်။ ကျနော်မှတ်မိသေးတယ်။ အဲသည်ကိစ္စမျိုးတွေမှာ ဂျီဟောသူတွေဖြစ်တဲ့ ဆွေမာတို့ လဲ့နှင်းဇင်တို့ အရမ်းအားကိုးရတယ်။

စက်မှုတက္ကသိုလ်ဘောလုံးပွဲမှာ ဗေဒင်ယတြာတွေပါတယ်ဆိုလို့ မအံ့သြကြပါနဲ့ဦး။ အဲဒါက ထုံးတမ်းစဉ်လာလိုဖြစ်နေတာ။ ကိုယ့်ကျောင်းကွင်းမှာ ကန်ကြတုန်းကဆိုရင် ဘောလုံးပွဲမစခင်မှာ တရက်ကြိုတင်ပြီး ဂျီဟောသူတွေ ဂိုးတိုင်နောက်မှာ သွားပြီး သူတို့ စီမံအပ်တဲ့ အင်းအိုင်ခလှဲ့ လက်ဖွဲ့တွေကို မြေမြှုတ်တန်သင့်တာမြှုတ်၊ မီးရှို့တန်သင့်တာရှို့၊ ပြာချတန်သင့်တာ ပြာချ။ အင်မတန် ကိစ္စများမြောင်ကြတာကလား။ ဘယ်လိုစီရင်ကြသလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဂျီဟောသူတွေမှဘဲ သိလိမ့်မယ်။

သထုံကွင်းမှာတော့ ကွင်းကို သံတိုင်တွေ ပတ်ပတ်လည်ကာထားတော့ အဲသည်လို လုပ်လို့မရတော့ဘူး။ ဒါတောင်မှ ယတြာကိစ္စကြောင့် အကြိုဗိုလ်လုပွဲနေ့က စက်မှုအသင်းနဲ့ မြို့ပြအင်ဂျင်နီယာအသင်း ကွင်းထဲမှာ ချတော့မလိုဖြစ်သေးတယ်။ ဖြစ်ပုံက ဒီလို။ မြို့ပြအသင်းက ကျောင်းသူတွေ စီမံပေးလိုက်တဲ့ ယတြာပန်းစည်းလေးကို ဘောလုံးသမားတယောက်က သူတို့ဘက်ခြမ်းက ထောင့်ကန်ဘောအလံတိုင်ကလေးထိပ်မှာ သွားချိတ်ထားရတယ်။ ဘောလုံးပွဲစလို့ မကြာခင်မှာ စက်မှုအင်ဂျင်နီယာအသင်း အရံဘောလုံးသမားတယောက်က အဲသည်ဂိုးတိုင်ဘက်ဆီကို တယောက်တည်း ဘေးစည်းအပြင်ကနေ ပြေးလာတယ်။ ပရိတ်သတ်ကတော့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ပြေးလာတာလို့ ထင်ကြတာပေါ့။ ဘယ်ဟုတ်လို့လဲ….ပုဂ္ဂိုလ်က ထောင့်ကန်ဘောအလံတိုင်နားရောက်တော့ အဲသည်မှာ ချိတ်ထားတဲ့ ပန်းစည်းကို ဆွဲဖြုတ်၊ မြေကြီးပေါ်ကို ပစ်ချ၊ ပြီးတော့မှ ပန်းစည်းပေါ်မှာ အားရပါးရ တက်ခုန်တော့တာကိုး။

ပရိတ်သတ်က ၀ိုင်းအော်တော့ Civil အသင်းက ဘောလုံးသမားတွေပါ သိသွားပြီး ကန်နေတာရပ်ပြီး အဲသည်အကောင်နောက်ကို ထိုးဘို့ ဘောလုံးကွင်းထဲမှာ ၀ိုင်းလိုက်တာ။ ဟိုကောင်က ကွင်းစပ်မှာ ဘောလုံးကွင်းကို ပတ်ပြေးရတယ်။ ဆရာတွေ ဖျန်ဖြေတာမြန်လို့ ရန်ပွဲအဆင့်အထိ မရောက်လိုက်ဘူး။

အဲ….. အီလက်ထရောနစ်အသင်းကို အဲသည်အချိန်က လေ့ကျင့်ပေးတာက မြန်မာ့လက်ရွေးစင်အသင်းမှာ တောင်ပံကနေ ကစားတဲ့ကျော်မင်း။ စက်မှုအင်ဂျင်နီယာအသင်းကို လေ့ကျင့်ပေးတာတော့ နာမည်ကျော် သန်းတိုးအောင်။ အီလက်ထရောနစ်အသင်းက ဂိုးသမားက အဲသည်နှစ် ဘောလီဘောပြိုင်ပွဲမှာလည်း ဒိုင်းရအောင် ယူပေးနိုင်ခဲ့တဲ့ ရခိုင်သား စောမင်းနိုင်။ သူ့အရပ်က အရှည်ကြီးဘဲ။ အခု ဒီကောင်လည်း စင်္ကာပူမှာ။ အိမ်ချင်းလည်း မဝေးဘူး။ သူ့သားနဲ့ ကျနော့်သမီးနဲ့ မူလတန်း တကျောင်းတည်းတက်တယ်။ ဒီကောင်က ဘောလီဘောရော ဂိုးဖမ်းပါ တော်တယ်။

ကစားကြတော့..... အီလက်ထရောနစ်က ဂိုးတဂိုးစရတယ်။ အငယ်တန်းက တရုတ်ဆိုတဲ့ ကောင်လေးသွင်းလိုက်တာ။ တရုတ်က ပွဲတိုင်းမှာ ကောင်းတယ်။ ဒါပေမယ့် အဲသည်ဗိုလ်လုပွဲမှာ ခြေမပေါ်ဘူး။ အဲဒါနဲ့ တရုတ်ကို လူလဲမယ်ဆိုပြီး ဒိုင်ကို ပြောထားပြီးသွားပြီ။ ဒိုင်က ခေါ်ထုတ်ဘို့ စောင့်နေတုန်းမှာ တရုတ်က ဂိုးသွင်းလိုက်တာ။ သူ့ခမြာ ၀မ်းသာအားရ အင်္ကျီလေး လှန်ပြီး ပွဲကြည့်စင်ဘက်ကို ပြေးလာရုံရှိသေး စည်းကြပ်ဒိုင်နဲ့ကွင်းဘေးဒိုင်က သူ့နံပါတ်ကို မြှောက်ပြပြီး လူလဲလိုက်တော့ အူကြောင်ကြောင်နဲ့ ဘုမသိဘမသိ ထွက်ပေးလိုက်ရတယ်။ ဟတ်ကော့ ကြီးဖြစ်သွားတော့တာပေါ့။

ဂိုးလည်း ဂိုးရော ကျနော်နဲ့ ဟန်သက်အောင် နဲ့ နှစ်ယောက်သား အီးစီအသင်းဘန်နာကြီးကို ရှေ့တယောက် နောက်တယောက် ကိုင်၊ ခုန်ပေါက်ပြီး စက်မှုအင်ဂျင်နီယာအသင်းပွဲကြည့်စင်ရှေ့ကို ပြေးအော်ကြတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ကိုယ့်စင်ဘက်ကို ပြန်ပြေးလာရတယ်။ စင်ပေါ်ကနေ ရေသန့်ဗူးအလွတ်တွေနဲ့ ၀ိုင်းပေါက်ကြလို့။

နောက်ခဏအကြာမှာဘဲ Mechanical က ဂိုးပြန်သွင်းတယ်။ အဲသည်မှာ သူတို့အသင်းဘက်ကလည်း ကြွကြအော်ကြတော့တာပေါ့။ အဲသည်အချိန်မှာ ကျနော်တို့ဘက်က ဘယ်ကောင့်လက်ချက်လဲတော့ မသိဘူး။ ရေအပြည့်နဲ့ ရေသန့်ဘူးတဘူး လေထဲကို ပျံဝဲသွားပြီး စက်မှုအသင်းရဲ့ ပွဲကြည့်စင်ဘက်သွားကျတယ်။ ဘာပြောကောင်းမလဲ၊ ရာဇ၀တ်အိုးကို တုတ်နဲ့ သွားထိုးမိတယ်ဆိုတဲ့ အတိုင်းပါဘဲ။ Mechanical ကကောင်တွေ တအုပ်ကြီး ကျနော်တို့စင်ဘက်ကို ထိုးဘို့ ကြိတ်ဘို့ ပြေးလာကြတယ်။ ရှေ့ဆုံးမှာ ဦးဆောင်လာတာက ကျနော်တို့နဲ့ အင်မတန်ခင်တဲ့ ကိုသက်ထွန်းတို့အုပ်စုပေါ့။ အဲသည်အချိန်မှာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ဆရာမတွေက ကျောင်းသူတွေအားလုံးကို ထရပ်ခိုင်းလိုက်တယ်။ ရှေ့ဆုံးတန်းမှာ ကျောင်းသူတွေတန်းစီနေတို့ တက်လို့မရတာနဲ့ သူတို့ ပြန်လှည့်သွားရတယ်။ ဒါတောင်မှ စင်ဘေးကနေ ရေသန့်ဘူးတွေနဲ့ အပြန်အလှန် ပစ်လိုက်ကြသေးတယ်။

အဲသည်လိုနဲ့ တဖက်တဂိုးစီနဲ့ ကန်လိုက်ကြတာ ဒုတိယပိုင်း ပြီးကာနီးလေးမှာ အလယ်တန်းလူ မုံရွာသား မိုးဟိန်းက ကွင်းတ၀က်မကျတကျကနေ လှမ်းပြီး ကန်သွင်းလိုက်တာ၊ ကန်ချက်က တော်တော်လည်း ပြင်းတယ်၊ ဂိုးထောင့်ထဲကို တန်းနေတာဘဲ။ အဲသည်လိုနဲ့ အီးစီအသင်းက ဗိုလ်စွဲသွားတော့တယ်။ အဲသည်တုန်းက အားကစားသတင်းဂျာနယ်တွေမှာတောင် ကျော်မင်းသင်ပြပေးတဲ့အသင်းက သန်းတိုးအောင် သင်ပြပေးတဲ့အသင်းကို နိုင်သွားပြီဆိုတာ ပါလိုက်သေးတယ်။

မိုးဟိန်းလည်း ပွဲပြီးတာနဲ့ ရင်ဘတ်ကလေးကော့ပြီး ကွင်းပြင်ကိုထွက်လာတုန်း ကျနော်တို့ အီလက်ထရွန်းနစ်က ဆရာဦးမောင်မောင်လတ်က ၀မ်းသာအားရ ဆီးကြိုပြီးမေးလိုက်တယ်။

“ဟေ့ကောင်…မိုးဟိန်း၊ မင်း…ရမ်းသန်းကန်ထည့်လိုက်တာ မဟုတ်လား” တဲ့။

အဲ...အဲ.... ရေးရင်းမေ့တော့မလို့။ ပွဲပြီးလို့ အပြင်ထွက်လာကြတော့ အီးပီက ဘုရားဒကာ ဇော်မျိုးလှိုင် (ဗုဒ္ဓဘာသာမိသာစုမှာ အတွင်းရေးမှူးဖြစ်ခဲ့ဘူးသူ) က အာချောင်တယ်။ အီးစီက ပထမ ဂိုးက လူကျွံဘောကြီးပါကွာတဲ့။ အဲဒါကို တရုတ်က ကြားသွားတယ်။ အစကတည်းက ဂိုးသွင်းပြီးစမှာ ဘုမသိ၊ ဘမသိ ထွက်လိုက်ရလို့ စိတ်တိုနေတဲ့ တရုတ်ဟာ ရေရေလည်လည် ဒေါသထွက်သွားတယ်။ “အကိုက စည်းကြပ်ဒိုင်မို့လား” လို့ ပြန်ဘုတောတယ်။ အဲဒါကို ဘုရားဒကာက “ငါကတော့ ဒိုင်မဟုတ်ဘူး၊ ဒိုင်က မင်းအဖေ” လို့ ပြန်ပြောလို့ တရုတ်က ထိုးမယ်ကြိတ်မယ် လုပ်တော့တာဘဲ။ ကျနော်တို့ ကြားကနေ မနည်းဆွဲရတယ်။

အဲဒါနဲ့ ကျနော်တို့ ဒိုင်းကြီးကို တီအီး ၂၀၀၀ ကားပေါ်မှာ တင်ပြီး ရှေ့ခန်းမှာက ဆရာ ဦးမောင်မောင်လတ်ရယ်၊ ကိုမင်းလွင် ရယ်ထိုင်ကြတယ်။ ကိုမင်းလွင်က အီလက်ထရောနစ်နဲ့ ဘွဲ့ရပြီးသား ကျောင်းသားဟောင်းတယောက်။ သူ့ကျောင်းသားဘ၀က အီးစီအသင်း ကက်ပတိန်ပေါ့။ အသင်းသံယောဇဉ်နဲ့ အလုပ်ကနေ ခွင့်ယူပြီး တကူးတကပြန်လာအားပေးရှာတာ။ ကိုမင်းလွင်တို့ (အခုစင်္ကာပူမှာရောက်နေတဲ့)ကိုလှမင်းတို့လည်း ဘောလုံးကန်အရမ်းကောင်းတယ်။ ဒါပေမယ့် သူတို့ခေတ်က အီးစီအသင်းက ကံမလိုက်ဘူးပြောရမယ်။ တခါမှတော့ ဒိုင်းမရခဲ့ဘူး။

အဲသည်ကားတန်းကြီးနဲ့ ကျနော်တို့ ပထမ အင်းလေးဆောင်တွေဘက်ကို လှည့်ပတ်မောင်းကြတယ်။ သီချင်းတွေဆို သံချပ်တွေ ဆိုကြပေါ့ဗျာ။ သံချပ်တခုထဲမှာ….

“မိုးဟိန်းသွင်းတဲ့ ဘောလုံးဟာ……..ပိုက်ကောင်းလို့သာ တော်ပါပေရဲ့…” တဲ့။

ပထမဦးဆုံးအကြိမ် ဒိုင်းရတာဆိုတော့ အပျော်ကြီးပျော်ကြတာပေါ့။ ကြွားကလည်း ကြွားချင်ကြသေးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲသည်နောက်နေ့ကစပြီး ပိတ်ရက်တွေဖြစ်နေလို့ အင်းလေးဆောင်တွေမှာ ကျောင်းသားတွေ မကျန်ကြတော့ဘူး။ အိမ်ပြန်ကုန်ကြပြီ။ ကျနော်တို့ သိပ်မကြွားလိုက်ရတော့ဘူး။

အဲဒါနဲ့ ဂျီဟောကိုဘဲ မောင်းရတော့တယ်။ ဂျီဟောရောက်တော့ ဆွေမာတို့က အဆောင်ပေါ်က က။ ကျနော်တို့က ကားပေါ်က က။

ဂျီဟောမှာ အီလက်ထရောနစ်နဲ့ စက်မှုဘာသာရပ် တခန်းတည်းတွဲလျက်ကျတဲ့အခန်းဖော်ကျောင်းသူတွေ တချို့ဆိုရင် နောက်ထပ်တပတ်လောက်အထိ အချင်းချင်းစကားမပြောကြတော့ဘူးတဲ့။

နောက်တော့ အဲသည် ဒိုင်းကြီးကို ကြို့ကုန်းဆောင်က ဖိုးမောင်တို့ အခန်းထဲမှာ ခဏ ၀င်ထားခဲ့ရတယ်။ ကျနော်တို့အကြံက ကျောင်းပြန်ဖွင့်လို့ လူစုံကာမှ အဆောင်က ဒိုင်းကို လူတွေကြားမှာ အခမ်းအနားနဲ့ သိုက်သိုက်မြိုက်မြိုက်ကြီး အသင်းခန်းကို သယ်ယူမယ်ပေါ့။ (ကြွားချင်တာ၊ ကြွားချင်တာ)။

ဒါပေမယ့် ကျောင်းပြန်ဖွင့်တော့ တက္ကသိုလ်စိန်ရတုပွဲဈေးရောင်းပွဲမှာ ဆိုင်ခန်းကိစ္စနဲ့ပတ်သက်ပြီး အသင်းတွေ တခုနဲ့တခုအကြား အပြိုင်အဆိုင်တွေရှိ၊ တင်းမာမှုတွေ ရှိလာလို့ ကျနော်တို့ရဲ့ မူလအကြံအစီဖြစ်တဲ့ လူအမြင်ကတ်အောင် လူစုလူဝေးနဲ့ ဒိုင်းသယ်ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတော့တယ်။

အဲသည် တက္ကသိုလ်စိန်ရတုဈေးရောင်းပွဲမှာ ပင်နီအင်္ကျီနဲ့ ယောပုဆိုး၊ ယောထမီ တူညီဝတ်စုံကို ၀တ်ဆင်ရောင်းချမိလို့ တီဗီသတင်းမှာ ရိုက်ပြခြင်းမခံခဲ့ရတဲ့ စက်မှုတက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုရဲ့ ဘူးသီးကြော်ဆိုင်အကြောင်းကို နောက်မှ သတ်သတ်ရေးပြရဦးမယ်။ အဲသည်တုန်းက ဗုဒ္ဓဘာသာမိသားစု အတွင်းရေးမှူးကတော့ အခုအချိန်မှာ နအဖရဲ့လက်က ရှောင်တိမ်းရင်း ပုန်အောင်းလှုပ်ရှားနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းပေါ့။

(ပြင်ဆင်ချက်။ ။နောက်ဆုံးအပိုဒ်မှာ ကျနော်လွဲသွားပါတယ်။ အဲသည်နှစ်က ဗုဒ္ဓဘာသာမိသာစုအတွင်းရေးမှူးက အီးပီက ဘုရားဒကာ ကိုဇော်မျိုးလှိုင်ပါ။ နောက်တနှစ်မှာ (ကျနော်တို့ ကျောင်းပြီးသွားချိန်မှာမှ) အတွင်းရေးမှူးက ကိုသူရိန်ထွန်းဖြစ်လာပြီး ကိုစိုးထွန်းက ပြန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကွန်မင့်မှာ ထောက်ပြလာတဲ့ “Once upon a time” ကို ကျေးဇူးတင်ပါတယ်။)
Read more

“စက်မှုတက္ကသိုလ်ဘောလုံးပွဲများ………(၂)”

ကျနော်တို့အီလက်ထရောနစ်မေဂျာက ဗိုလ်စွဲခဲ့တဲ့ နောက်ဆုံးနှစ် ဗိုလ်လုပွဲအကြောင်းမရေးခင် တက္ကသိုလ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲအကြောင်းကို ရေးပြချင်သေးတယ်။

သထုံလမ်းက အားကစားရုံမှာလုပ်တဲ့ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲကို ကျနော်သွားအားပေးတယ်။ အဲသည်အချိန်က (အခု နာမည်ကျော်ဘလော့ဂါ)တန်ခူးတို့က ကဗျာစာအုပ်ကလေးတွေ ထုတ်ပြီးရောင်းကြတဲ့အချိန်။ ကျနော်က သူတို့ ကဗျာစာအုပ်တွေ သယ်သွားပြီး တခြားမေဂျာကလူတွေရော၊ တခြားတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေကြားမှာပါ ကူညီရောင်းချပေးချိန်ပေါ့။

ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ကျနော်တို့ စက်မှုတက္ကသိုလ်ကျောင်းတော်သားများက အိုးစည်၊ ဒိုးပတ်တွေနဲ့ လာအားပေးတာခင်ဗျ။ သံချပ်တွေ ပြိုင်တူဆိုကြတယ်။ တခြားကျောင်းက ကောင်မလေးတွေကို မခံချင်အောင် စပ်ဆိုထားတဲ့ သံချပ်တွေပေါ့။ ကျနော်မှတ်မိသလောက်တော့….

“ကတော်ဆယ်ပါး တပါးအ၀င်
အင်ဂျင်နီယာကို ရအောင်ပိုးကြ…… အင်ဂျင်နီယာကို ရအောင်ပိုးကြ”

ကွန်ပြူတာတက္ကသိုလ်က ကျောင်းသူတွေကိုတော့….

“လက်နှိပ်စက်နဲ့ တီဗီဟာ
ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ……..ပေါင်းစပ်လိုက်ရင် ကွန်ပြူတာဘဲ”

စတဲ့ ခပ်နှိမ်နှိမ်လေး ရေးစပ်ထားတဲ့ သံချပ်မျိုးတွေပေါ့။ အဲသည်သံချပ်တွေကို အိုးစည်ဒိုးပတ်တွေနဲ့ မြိုင်နေအောင် သံပြိုင်အော်လိုက်ကြတော့ တခြားကျောင်းက ကောင်မလေးတွေဆိုတာ ၀ိုင်အိုင်တီကျောင်းသားတွေကို စိစိညက်ညက်ကြေတဲ့အထိ အမှုန့်ချေပစ်ချင်လောက်အောင် ဒေါသတွေ အလိပ်လိုက်ထွက်နေတာပေါ့။

အဲဒါကို ကျနော်က အမှတ်မရှိဘဲ အီကို က ကောင်မလေးတွေကို ကဗျာစာအုပ်သွားရောင်းတယ်။ ကျနော်က ၀ိုင်အိုင်တီကမှန်းသိတော့ “မ၀ယ်ချင်ပါဘူး၊ သူတို့ ၀ိုင်အိုင်တီက ယောက်ျားလေးတွေက ယောက်ျားမဆန်ဘူး။ အရမ်းမိန်းမဆန်တယ်” လို့ ပြောလွှတ်တယ်။ ကျနော်ကလည်း မျက်နှာပြောင်စွာဖြင့် “အို….ဒီလိုတော့ မပြောပါနဲ့လားဗျာ။ ကျနော်ကတော့လေ…တကယ်ဘဲ….ဟို...ဟိုလေ…ကိုယ်က...ယောက်….ယောက်ျား…ဆန်ပါတယ်ဗျာ…အန်…အန်…အန်” လို့ ၀င်ဦးလေသံကို တုပြောတော့ သူတို့ မရယ်ဘဲ မနေနိုင်ဘူး။

အဲသည်တုန်းက ကျနော်တို့ကျောင်းက ကောင်တွေကလည်း ပြောရရင် တော်တော့်ကို လွန်တယ်။

အမျိုးသမီးကြက်တောင် တယောက်ချင်းပြိုင်ပွဲတခုမှာ ကျနော်တို့ကျောင်းဘက်က မိန်းကလေးက အရေးနိမ့်နေတယ်။ တဖက်က ရေရေလည်လည်ကောင်းတယ်။ ဖြစ်ချင်တော့ အဲသည်တဖက်ကျောင်းက ကောင်မလေးက ရိုက်နေရင်းတန်းလန်းနဲ့ တိုင်းမ်အောက်တ် လုပ်ပြီး အိမ်သာခဏ၀င်တယ်။ ဟာ…အဲသည်မှာ ကမ္ဘာပျက်တော့တာဘဲ။

“ကြောက်သေး…ကြောက်သေး.ကြောက်သေး” နဲ့ မနားတမ်း အော်ကြရော။ ကျနော်တို့ကျောင်းက ရူပဗေဒဆရာ ဆရာဦးဇော်ဝေက “ဟေ့ကောင်တွေ၊ မင်းတို့မှာ မအေ၊နှမ မရှိဘူးလား” လို့ လာမန်မဲတာလည်း ခဏဘဲ ငြိမ်တယ်။ ဆရာဟိုဘက်လှည့်သွားတာနဲ့ အော်ကြပြန်ရော။

ပိုဆိုးသွားတာက…. မယ်မင်းကြီးမက အိမ်သာက ပြန်ထွက်လာတော့ အားကစား ဘောင်းဘီတိုကို ရှေ့နောက် ပြောင်းပြန်မှားဝတ်လာတယ်။ ဟာ…ဘာပြောကောင်းမလဲ။

“ဘောင်းဘီ ပြောင်းပြန်ကြီးဟေ့….. ဘောင်းဘီ ပြောင်းပြန်ကြီး” နဲ့ သံပြိုင် ကုန်းအော်ကြတာ သူမခမြာ လက်ရည်သာပါလျက်နဲ့ အကွက်တွေမှားကုန်ပြီး နောက်ဆုံး ရှုံးပါရှုံးတော့တာဘဲ။ ပြန်စဉ်းစားကြည့်တော့ ကျနော်တို့တွေ တော်တော်အကျင့်မကောင်းတာဘဲ။ ပြိုင်ပွဲဆိုပေမယ့် တကယ်ဆို မိန်းကလေးတယောက်ကို ကာယိနြေ္ဒပျက်အောင် သည်လောက်ထိတော့ မအော်သင့်ဘူးပေါ့။

နောက်ပို့စ်ထဲကျမှ ကျနော်တို့ အီလက်ထရောနစ်တွေ ဗိုလ်စွဲခဲ့တဲ့ သထုံကွင်းကဘောလုံးပွဲအကြောင်းကို ဆက်ပါဦးမယ်။
Read more

စက်မှုတက္ကသိုလ်ဘောလုံးပွဲများ……(၁)

အခုတလော နဗန ရဲ့ ဘလော့ဂ်ကိုဘဲ အချိန်ရှိသရွေ့ သွားဖတ်နေမိတော့တယ်။ ပုဂ္ဂိုလ်က စာရေးကောင်းပြီး ဘ၀ကလည်း စုံသလားမမေးနဲ့။ ဆရာသော်တာဆွေနဲ့ နင်လားငါလားဘဲ။

နဗန ဆိုတာ ကျနော်နဲ့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ စတုတ္ထနှစ်ကနေ နောက်ဆုံးနှစ်အထိ တတန်းထဲ အတူတက်ခဲ့ရတဲ့ မန္တလေးစက်မှုတက္ကသိုလ်ကျောင်းသားတယောက်။ နောက်ဆုံးနှစ်ရောက်တော့ အီလက်ထရောနစ် အင်ဂျင်နီယာ ဘောလုံးအသင်းရဲ့ ကက်ပတိန်ပေါ့။ ကျောင်းတုန်းကတော့ ကျနော်က နဗန နဲ့ သိပ်မခင်ဘူး။ ဟန်သက်အောင်၊ မုံရွာသား မိုးဟိန်းစတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပိုရင်းနှီးတယ်။

မန္တလေးစက်မှုတက္ကသိုလ်က ပြောင်းလာကြတဲ့အထဲမှာ နဗနတို့ မိုးဟိန်းတို့လို ဘောလုံးကန်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါလာတဲ့အတွက် (အငယ်တန်းက တရုတ်တို့လို ၀ိုင်အိုင်တီကျောင်းသားတွေ ကောင်းတာလည်း ပါတယ်။)ကျနော်တို့နောက်ဆုံး နှစ်လည်းရောက်ရော စက်မှုတက္ကသိုလ် မေဂျာပေါင်းစုံဘောလုံးပွဲမှာ ပါမောက္ခချုပ်ဒိုင်းကြီးကို ကျနော်တို့ အီလက်ထရောနစ်က ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တယ်။ ခါတိုင်းဆိုရင်တော့ ယောက်ျားအင်အားတောင့်တဲ့ စက်မှုတို့၊ မြို့ပြတို့ကဘဲ ဗိုလ်စွဲလေ့ရှိတယ်။ အီလက်ထရောနစ်မှာရှိတဲ့ ယောက်ျားလေးအတော်များများကလည်း စာဂျပိုးလိုလို ဘာလိုလိုက များတာကိုး။

မှတ်မှတ်ရရ အဲသည် ဗိုလ်စွဲတဲ့နှစ်က ဗိုလ်လုပွဲကို သထုံကွင်းမှာ သွားကန်ရတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲမှာ ဘောလုံးကွင်းရှိပါလျက်နဲ့ ဘာကြောင့် ဝေးဝေးလံလံ သထုံကွင်းမှာ ဗိုလ်လုပွဲသွားလုပ်ရသလဲလို့ မေးစရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ကျောင်းက ဘောလုံးပွဲတွေမှာ အမြဲရန်ဖြစ်လေ့ရှိကြတယ်။ ရန်ဖြစ်ပြီဆိုရင် ကွင်းအပြင်ကကောင်တွေ ကွင်းထဲဝင်ပြေးလာပြီး ထိုးဟယ်ကြိတ်ဟယ်နဲ့ ဘောလုံးပွဲကို ခဏခဏ နားရတယ်။ အဲသည်ထိုးကြကြိတ်ကြတဲ့ကောင်တွေကလည်း တခြားကောင်တွေမဟုတ်ဘူး။ အဆောင်မှာတော့ အချင်းချင်းလည်ပင်းဖက်နေကြတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဘဲ။ အဲသည်ရန်ဖြစ်တဲ့အချိန်မှာတော့ သူငယ်ချင်းသော ဘာသော နားမလည်ဘူး။ မေဂျာမတူရင် တွယ်ထည့်လိုက်တာဘဲ။ ဒါပေမယ့် ဘောပွဲပြီးသွားတာနဲ့ လည်ပင်းပြန်ဖက်ကြရော။ သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာဘဲ။

အဲသည် ရန်ဖြစ်ကြတဲ့ ဘောလုံးပွဲတွေထဲမှာ ကျနော်တို့ ပဉ္စမနှစ် ဗိုလ်လုပွဲမှာ ဖြစ်တဲ့ ရန်ပွဲက အကြီးကျယ်ဆုံးဘဲ။ စက်မှုအသင်းနဲ့ မြို့ပြအသင်း ရဲ့ ဗိုလ်လုပွဲပေါ့။ အီလက်ထရောနစ်ကျောင်းသားကျနော်က ငိုစားရယ်စား မဆီမဆိုင် သွားအားပေးတယ်။

ပထမပိုင်းမှာကတည်းက ချလိုက်၊ ငြိလိုက်၊ ကွင်းပြင်ကကျောင်းသားတွေ ကွင်းထဲဝင်ပြေးလိုက်နဲ့ ဖြစ်နေလိုက်တဲ့ ရန်ပွဲ။ တချီမှာ တော်တော့်ကို အကြီးအကျယ်ဖြစ်လို့ ပါမောက္ခချုပ် ဦးကြင်စိုး၊ ဒု-ပါချုပ် ဦးညီလှငယ်နဲ့ ဆရာတွေ လာဖြေရှင်းရတယ်။ တချို့ဆရာတွေကလည်း ရန်ဖြစ်ကြလွန်းလို့ ပွဲရပ်စေချင်ပြီ။ ဒါပေမယ့် ဦးကြင်စိုးကပြောတယ်။ သူ့လက်ထက်မှာ ရန်ဖြစ်လို့ ပွဲရပ်ရတယ်ဆိုတာ မဖြစ်စေရဘူး။ ပြီးအောင်ဆက်ကစားဆိုပြီး သူတို့ကိုယ်တိုင် ဘောလုံးပွဲမှာ စောင့်ကြပ်ရတယ်။

ဖြစ်ချင်တော့ ဒုတိယပိုင်း အချိန်သာစေ့သွားရော သရေဖြစ်နေတုန်းဘဲ။ အဲဒါနဲ့ အချိန်ပို ဆက်ကစားရတယ်။ ကြားထဲမှာ ရန်ကလည်း မကြာခဏဖြစ်တော့ ဆရာတွေ ထထ တားရတယ်။ အချိန်ပို ကစားပြီးတော့လည်း သရေကျနေတုန်းဘဲ။ အဲဒါနဲ့ ထုံးစံအတိုင်း ပင်နယ်တီ ငါးလုံးစီ ကန်ဘို့လုပ်ရတယ်။ ရန်ဖြစ်ထားတဲ့အရှိန်တွေ၊ ကိုယ့်မေဂျာအနိုင်ရချင်ဇောတွေနဲ့ အားပေးသူတွေဟာ ပင်နယ်တီကန်မယ့် ဂိုးတိုင်တ၀ိုက်မှာ လူတွေ စုပြုံတိုးနေကြတော့တယ်။ လူတွေက ပင်နယ်တီ ကန်မယ့်နေရာကနေ ဂိုးတိုင်နှစ်တိုင်စီအထိ ကတော့ပုံ တန်းစီပြီး အုံရပ်နေကြတာ။ နောက်ကို ထပ်ဆုပ်ခိုင်းလို့လည်း မရတော့ဘူး။

ပင်နယ်တီကန်ရမယ့် ကောင်တွေခမြာလည်း အင်မတန် ပရက်ရှာ များနေတော့ပေါ့။ အနိုင်အရှုံးက သူတို့ ပုခုံးပေါ် လုံးလုံးကျလာပြီကိုး။ အမှန်တော့ လူတန်းကြီးက ဒီလောက် အမှတ်အသားပေးထားတာ။ လူတန်းနှစ်တန်းကြားထဲက အသာလှိမ့်ကန်ရင်တောင် အသာလေးဂိုးဝင်နိုင်တယ်။ ဒါပေမယ့် လူတွေက စိတ် အရမ်းလှုပ်ရှားနေကြတော့ ကန်လိုက်ကြတာ တောင်တလုံး၊ မြောက်တလုံး။ ဘေးမှာ တန်းစီရပ်ကြည့်နေတဲ့ လူအုပ်ပေါ်ကတောင် ကျော်ပြီးထွက်သွားတယ်။ ဘေးကန်မိတဲ့ကောင်တွေလည်း ကန်ပြီးတာနဲ့ စိတ်လှုပ်ရှားလွန်းပြီး မူးမေ့လဲကျသွားတာဘဲ။ လူအုပ်ထဲကနေ တယောက်ပြီး တယောက်ထမ်းထုတ်ရတယ်။

အရမ်းစိတ်လှုပ်ရှားဘို့ကောင်းတာက ငါးလုံးစီကန်ပြီးတော့လည်း သရေကျနေတုန်းဘဲ။ နောက် တလုံးစီ ထပ်ကန်ရပြန်တယ်။ သရေဘဲကျသဗျိုး။ နောက်ထပ် တလုံးစီထပ်ကန်ခိုင်းတယ်။ ပရိတ်သတ်ကလည်း ဆူလှပြီ။ မှောင်စကလည်း ပျိုးလာပြီ။ ဘောသမားတွေလည်း တငိုငို တရယ်ရယ်ဖြစ်ကုန်ပြီ။ သရေထပ်ကျပြန်တယ်။

၇ လုံးစီကန်ပြီးတာတောင် တဖက်နဲ့တဖက် သရေကျနေတော့ ပါချုပ်က ဌာနမှူးတွေနဲ့ တိုးတိုးကျိတ်ကျိတ် လှည့်တိုင်ပင်ပြီး နောက်ဆုံး ကြေညာလိုက်တယ်။ စက်မှုနဲ့မြို့ပြ အင်ဂျင်နီယာအသင်းနှစ်သင်းဟာ ပူးတွဲဗိုလ်စွဲသွားပါပြီ၊ ဒိုင်းကို စာသင်နှစ်တ၀က်စီ တလှည့်စီ လက်ဝယ်ထားခွင့်ရမယ် ဆိုတဲ့အကြောင်းကိုပေါ့။ ကျောင်းသားတွေ အားလုံး ဟာကနဲ ဖြစ်သွားတယ်။ ဘယ့်နှယ်… ဒီလောက်အကန်ကြီး ကန်လာပြီးမှ အနိုင်အရှုံးမရှိဘဲ ပူးတွဲဗိုလ် ပေးရသလားပေါ့။ အဲဒီနေ့ညက ဘောကွင်းကနေပြန်လာတော့ ကျနော်တို့တွေ သံချပ်တိုင်ပြီး ပြန်လာကြတယ်။

“ပင်နယ်တီကန်ပြီး သရေကျတာ
ဝိုင်အိုင်တီဟာ ပထမဆုံးပါဘဲ… ၀ိုင်အိုင်တီဟာ ပထမဆုံးပါဘဲ”

အဲသည်လိုနဲ့ဘဲ ကျနော်တို့ နောက်ဆုံးနှစ်လည်းရောက်ရော ဆီမီးဖိုင်နယ်ကစလို့ ဘောပွဲတွေကို ကျောင်းကွင်းမှာ မကျင်းပရဲတော့ဘဲ ပွဲကြည့်စင်နဲ့ ဘောလုံးကွင်းအကြား သံတိုင်တွေခြားထားတဲ့ သထုံကွင်းမှာ သွားကန်ကြရတယ်။

နောက်ပို့စ်ထဲမှာကျမှ သထုံကွင်းမှာ ကန်ခဲ့တဲ့ ဘောလုံးပွဲနဲ့ ပွဲကြည့်စင်က ရန်ပွဲတွေအကြောင်း ရေးပြရဦးမယ်။


နဗန ဘလော့ဂ်ကို ဖတ်ရှုလိုလျှင် ဒီမှာ သွားဖတ်ပါ။

Read more

“မဟူရာနောက်ခံဝယ်…….(၁)”



There is not enough darkness in all the world to put out the light of even one small candle.
--Robert Alden.

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက အလုပ်ပိတ်ရက်တွေမှာ လမ်းပြကြယ်စာကြည့်တိုက်ကို ရောက်သွားတိုင်း မသိစိတ်က စေစားတဲ့အလျောက် ကျနော်မျက်လုံးများက တစုံတယောက်ကို အမှုမဲ့အမှတ်မဲ့ လိုက်ရှာနေမိခဲ့တယ်။ ဒါပေမယ့် ကျနော်ရှာနေသူကို တွေ့ရမှာမဟုတ်ဘူးဆိုတာကို သိစိတ်ဝင်သွားတဲ့အချိန်တိုင်းမှာ နင့်ကနဲ လွမ်းမောစိတ်နဲ့ ရင်ထဲမှာ ဟာပြီး ကျန်ရစ်ခဲ့တယ်။

ဟုတ်ပါရဲ့။ လမ်းပြကြယ်ကိုရောက်တိုင်း “နေနေ”တယောက်ကို ကျနော့်မသိစိတ်က လိုက်ရှာနေမိတာပါလား။ လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး လမ်းပြကြယ်ကို ရောက်တိုင်း အဲသည်က စာအုပ်ငှားတဲ့ ကောင်တာမှာ၊ ဒါမှမဟုတ် လမ်းပြကြယ်ရှေ့မှာ နေနေ့ ကို အမြဲလိုလို တွေ့ရလေ့ရှိတာကိုး။ နေနေနဲ့အတူ သူမရဲ့အမေ “အန်တီ”ကိုလည်း အမြဲလိုလို တွေ့ရတယ်လေ။ သူမရဲ့ ရယ်သံ၊ စကားပြောသံတွေနဲ့ အမြဲလိုလို အသက်ဝင်လှုပ်ရှားနေခဲ့တဲ့ စာကြည့်တိုက်ကလေး။ အခုတော့…

…….ဒီအချိန်ဆိုရင် နေနေဟာ ကျနော်တို့နဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ ကမ္ဘာတဖက်ခြမ်းမှာ။ လမ်းပြကြယ်နဲ့အတူ စင်္ကာပူမှာ နောက်ချန်ထားရစ်ခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လွမ်းဆွတ် သတိရနေပေလိမ့်မယ်။



လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူမကို ကျနော်တို့ စသိတော့ ကျနော်တို့က အိုးဝေ(စင်္ကာပူ)ဆိုပြီး စင်္ကာပူမှာ နိုင်ငံရေးအသိစိတ်မြှင့်တင်ရေးလှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ၊ ပြည်တွင်းအင်အားစုထောက်ကူရေးတွေကို အားသွန်ခွန်စိုက် စတင်လုပ်ဆောင်စဉ်ကာလ။ သူမက တခြားမိန်းကလေးသူငယ်ချင်းတယောက်နဲ့အတူ ဘားမားအက်ရှင်(စင်္ကာပူ)ဆိုပြီး အဖွဲ့ငယ်လေးတခုဖွဲ့ပြီး မြန်မာ့အရေးကို တက်တက်ကြွကြွ လှုပ်ရှားနေချိန်ပေါ့။

ဟော…ကျနော်တို့တွေ အချင်းချင်းတွေ့ပြီး သိပ်မကြာပါဘူး….ဘယ်လှုပ်ရှားမှုမှာမဆို အတူတူဘဲ စုစုစည်းစည်းနဲ့ လှုပ်ရှားဖြစ်ကြတော့တယ်။

အထိမ်းအမှတ်ပွဲတွေအတွက် ပိုစတာထုတ်တာတွေ၊ ဈေးနှုန်းမေးမြန်းစုံစမ်းတာတွေ၊ အခန်းငှားတာတွေ၊ လက်ကမ်းစာစောင်ထုတ်တာတွေမှာ ဘားမားအက်ရှင်(စင်္ကာပူ)က အင်မတန် အားကိုးရတယ်။ လက်သွက်ခြေသွက်ရှိတယ်။ အသေးစိတ်ကအစ အကွက်စေ့ပြီး အပင်ပန်းလည်း ခံနိုင်တယ်။ အစစ သူတို့ချည်း ဒိုင်ခံလုပ်လွန်းလို့ သူတို့ပင်ပန်းတာကို မြင်ရတော့ ကျနော်က သူတို့ကိုပြောရတယ်။ ဘားမားအက်ရှင်ဆိုတဲ့ အမည်ကြောင့် ပညတ်သွားရာ ဓါတ်သက်ပါပြီး မနားတမ်းလုပ်နေရတယ်ဆိုတဲ့အကြောင်းကိုလေ။

နောက်မကြာခင်မှာဘဲ စေတနာရှင် မြန်မာလူကြီးအချို့ရဲ့ သဒ္ဒါတရားနဲ့ လူငယ်တွေရဲ့ တက်ကြွမှု၊ ထက်သန်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ စင်္ကာပူမှာ ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာတွေအချင်းချင်းအကြား ဗဟုသုတတွေ၊ နားလည်မှုတွေ၊ ထက်သန်မှုတွေ၊ အပြန်အလှန် စီးကူးပျံ့နှံ့ကာ အယူအဆတွေ၊ အိပ်မက်တွေကို ပေါင်းကူးပေးနိုင်မယ့် “လမ်းပြကြယ်” ဆိုတဲ့ မြန်မာစာကြည့်တိုက်ကလေးတခု ပေါ်ပေါက်လာခဲ့တယ်။

နေနေအပါအ၀င် လမ်းပြကြယ်အဖွဲ့ဝင် လူငယ်တွေရဲ့ ဖန်တီးတတ်တဲ့ စိတ်ကူးစိတ်သန်းလေးတွေအောက်မှာ လမ်းပြကြယ်စာကြည့်တိုက်ဟာ မြန်မာစာပေ၊ မြန်မာ့လူမှုအဖွဲ့အစည်းနဲ့ မြန်မာ့အရေးကိစ္စတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ဘူမိနက်သန်လေးတခုအဖြစ် ရုပ်လုံးပေါ်လာခဲ့တယ်။

ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ၊ နာဂစ်မုန်တိုင်းအတွင်းမှာ လမ်းပြကြယ်စာကြည့်တိုက်ဟာ စင်္ကာပူရောက်မြန်မာလူမျိုးတွေရဲ့ အရေးကြီးလို့ သွေးနီးစရာ အချက်အချာ နေရာတခုအဖြစ် သမိုင်းတာဝန်ကျေပွန်ခဲ့တယ်။

အဲသည်အချိန်တွေတုန်းက တနှစ်လောက်သာ သက်တမ်းနုနုလေးဘဲ ရှိသေးတဲ့ လမ်းပြကြယ်စာကြည့်တိုက်အနေနဲ့ ဒီလောက် ကြီးမားရင့်ကျက်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့တာဟာ နေနေတို့လို နိုင်ငံရေးအသိစိတ်ရှိတဲ့၊ သမိုင်းပေးတာဝန်ကို ၀ံ့ဝံ့စားစား ထမ်းဆောင်ရဲတဲ့၊ တာဝန်သိတဲ့ လူငယ်တွေကြောင့်ပါ။

ဒီလိုပါဘဲ။ ရွှေဝါရောင်တော်လှန်ရေးအတွင်းပြုလုပ်ခဲ့တဲ့ မြန်မာသံရုံးရှေ့က မီးထွန်းဆုတောင်းပွဲ၊ အာဆီယံထိပ်သီးညီလာခံအတွင်း အောချာ့ဒ်လမ်းမက ဆန္ဒပြပွဲ၊ ပြီးခဲ့တဲ့ မေလက မြန်မာသံရုံးရှေ့ပြုလုပ်တဲ့ ကန့်ကွက်မဲပေးပွဲ စတဲ့လှုပ်ရှားမှုတွေမှာလည်း နေနေ တို့ မိန်းကလေးဆိုပြီး နောက်ချန်မနေခဲ့ပါဘူး။



လက်တွဲလုပ်ခဲ့သမျှပွဲတွေအနက် အမှတ်တရ အရှိဆုံးကတော့ “သီးလေးသီးဆေးရောင်စုံအငြိမ့်”ကို ပြည်ပမှာ ပထမဦးဆုံးအကြိမ် ပွဲထုတ်တဲ့ စင်္ကာပူက ရံပုံငွေပွဲပါဘဲ။ အဲသည်ပွဲက ရလာတဲ့ အမြတ်အစွန်းတွေအနက်က ၆၀ ရာခိုင်နှုန်းကို အငြိမ့်အဖွဲ့သားများအတွက် ထိုက်ထိုက်တန်တန် ချီးမြှင့်နိုင်ခဲ့သလို ကျန် ၄၀ ရာခိုင်နှုန်းကိုလည်း မြန်မာပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေအတွက်၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးရှိရှိ ပေးပို့နိုင်ခဲ့ပါတယ်။

အဲသည်ပွဲ ဖြစ်မြောက်ဘို့အတွက် နေနေ တို့ အပင်ပန်းခံနိုင်ပုံကို ကျနော်တို့မှာ လက်ဖျားခါယူရပြီး တချို့နေရာတွေမှာ “တော်ပြီ၊ မလုပ်နဲ့တော့” လို့တောင် တားယူရပါတယ်။ စဉ်းစားကြည့်လေ…. ခန်းမငှားရမ်းတာ၊ လက်မှတ်တွေ ရိုက်နှိပ်ရာမှာ၊ လက်မှတ်တွေ ရောင်းချရာမှာ၊ ထိုင်ခုံနေရာချထားတဲ့နေရာမှာ တာဝန်ယူမှုတွေကအစ၊ နောက်ခံစာလုံးတာဝန်တွေအပြင် သီးလေးသီးအဖွဲ့သားတွေကို သူ့အိမ်မှာ တင်ထားပြီး စားရေးသောက်ရေးအတွက် ချက်ပြုတ်တဲ့တာဝန်ကိုပါ ယူရတာကိုး။ ပွဲလည်းပြီးရော နေနေ တို့ ဖလက်ပြသွားတော့တာပါဘဲ။ ပွဲကအပြီးနောက်တနေ့မှာ သီးလေးသီးအဖွဲ့သားတွေ စားဘို့ ဘဲကင်တွေ ၀ယ်ပြီး သူမအိမ်ကို သွားပို့တော့ နေနေတို့ အိပ်နေလိုက်တာ၊ ကျနော်တို့ လင်မယား လာလည်သွားတာကိုတောင် မသိလိုက်တော့ဘူး။



နေနေ နဲ့ ပတ်သက်လို့ ကျနော်တို့မှာ မမေ့နိုင်စရာ အမှတ်တရတွေက အများကြီးပါ။ သူက ကလေးဆန်တယ်။ တခါတလေ ကလေးလိုဘဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျပြီး ရုတ်တရက်ကြီး ငိုချရင် ငိုချလိုက်တာမျိုး။ စိတ်ကလည်း ကောက်တတ်သေးတယ်။ ဒါပေမယ့် ခဏဘဲ။ ကြာကြာ စိတ်မဆိုးတတ်ဘူး။ ခဏနေရင် သူ့အသံ စာစာ စာစာ နဲ့ ပြန်ကြားရပြီ။

အဲသည်လို ကလေးဆန်တဲ့ ကျနော့် ညီမလေးအရွယ်လောက်သာရှိတဲ့မိန်းကလေးဟာ မိုးထဲရေထဲ လိုအပ်လာတဲ့အချိန်မှာတော့ သူမရဲ့စိတ်ဓါတ်ဟာ သံမဏိလိုခိုင်မာတာကို လေးစားစဖွယ်တွေ့ရပါတယ်။

ဒီလိုပါ၊ စင်္ကာပူအစိုးရဟာ လမ်းပြကြယ်စာကြည့်တိုက်ရဲ့ လုပ်ငန်းတွေ၊ အတွင်းရေးတွေကို အသေးစိတ် သိချင်ပါတယ်။ အဲသည်အတွက် နေနေရဲ့ ပီအာရ် ရီအင်ထရီပါမစ် သက်တမ်းတိုးတဲ့အခါမှာ ချက်ချင်းတိုးမပေးဘဲ အချိန်ဆွဲပြီး နေနေကို အင်တာဗျူးသီးသန့်ခေါ်ပါတယ်။ အင်တာဗျူးမှာ မေးမြန်းတာက ရီအင်ထရီပါမစ်သက်တမ်းတိုးခြင်းနဲ့ ဘယ်လိုမှ မဆက်စပ်တဲ့ လမ်းပြကြယ်အကြောင်းကို အသေးစိတ်မေးမြန်းပါတယ်။ သူတို့မေးတိုင်း နေနေက မဖြေတော့ သူတို့ အကြပ်တွေ့ပါတယ်။ သူတို့သိလိုတဲ့ အချက်အလက်တွေကိုမပေးရင် နေနေရဲ့ ရီအင်ထရီသက်တမ်းတိုးမပေးဘူးဆိုတဲ့အကြောင်း၊ သူမအနေနဲ့ သူတို့ရဲ့ သတင်းပေးလုပ်ရင် သူမရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မှာ ကြည့်ပြီး သက်ညှာစွာ ဆုံးဖြတ်မယ်ဆိုတဲ့အကြောင်းပြောပြကာ ဆက်သွယ်ရန် ဖုန်းနံပါတ်တခုပေးလိုက်ပါတယ်။ စင်္ကာပူအာဏာပိုင်တွေရဲ့ လုပ်ပုံကိုင်ပုံကို သုံးသပ်ရတာ မိန်းကလေးတယောက်ကို သည်လို အခက်အခဲတွေနဲ့ အကြပ်ကိုင်ခြိမ်းခြောက်လိုက်ရင် အလွယ်တကူ သူတို့ခိုင်းတဲ့အတိုင်း လုပ်လာလိမ့်မယ်လို့ လျှော့တွက်ထားပုံရပါတယ်။

ဒါပေမယ့် နေနေ ဟာ သူ့ရဲ့ သက်တောင့်သက်သာရှိမှုအတွက်၊ ဘ၀လုံခြုံမှုအတွက် ရဲဘော်ရဲဘက်တွေအပေါ်မှာ သစ္စာဖောက်တဲ့ လူစားမျိုးမဟုတ်ဘူးဆိုတာ၊ သူမရဲ့ သိက္ခာနဲ့ သစ္စာစောင့်သိမှုကို ရောင်းစားတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာကို စင်္ကာပူက အာဏာပိုင်တွေ သိထားခဲ့ဟန် မတူပါဘူး။

သူမရဲ့ ရီအင်ထရီသက်တမ်းကို တိုးမပေးတဲ့အတွက် သြစတေးလျမှာ ကျောင်းပရော့ဂျက်သွားလုပ်ရမယ့် အခွင့်အရေးတခုလုံးကို စွန့်လွှတ်လိုက်ရတယ်။ စင်္ကာပူအာဏာပိုင်တွေရဲ့ မတရားလုပ်ရပ်မှုကြောင့် သူမအနေနဲ့ နှစ်ပေါင်းများစွာ တက်လာတဲ့ ဒီဂရီ တခုကို ပြီးကာနီးမှ လက်လွှတ်လိုက်ရတယ်။ ဒါပေမယ့် နေနေ တို့ ဒူးမထောက်ခဲ့ဘူး။ ယုံကြည်မှုကို ဆုပ်ကိုင်ထားနိုင်ဘို့ နေနေ့ဘက်က ပေးဆပ်လိုက်ရတာတွေ အများကြီးပါ။


တချို့တွေတောင်မှ ယောင်္ကျားရင့်မကြီးတွေတန်မယ့် စင်္ကာပူအစိုးရက ပီအာရ် ချပေးမယ်၊ စီတီဇင်ဖြစ်ဘို့အခွင့်အရေးပေးမယ်ဆိုတဲ့ မက်လုံးတွေအတွက် တမျိုးသားလုံးအရေးကို ဈေးပေါပေါနဲ့ လဲလှယ်ရောင်းစားခဲ့တဲ့လူတွေလည်း ရှိခဲ့ပါတယ်။ တချို့လည်း ရီအင်ထရီပါမစ်သက်တမ်းကလေး တနှစ်လောက်တိုးဘို့အတွက် စင်္ကာပူအစိုးရဆီမှာ အပြေးဒူးထောက်ကာ ခြေသလုံးကို ဖက်လိုက်တဲ့လူတွေလည်း ရှိပါတယ်။

အဲသည်လို လူစားမျိုးတွေထဲမှာ နေနေ မပါဝင်ခဲ့ဘူး။ တကယ့် ရေထဲမိုးထဲကျမှ ဘယ်သူဟာ သတ္တိရှိသလဲ၊ ဘယ်သူဟာ သတ္တိကြောင်သလဲ၊ ဘယ်သူဟာ သစ္စာရှိသူလဲ၊ ဘယ်သူဟာ သစ္စာဖောက်လဲဆိုတာ အလွယ်တကူ ခွဲခြားလို့ ရနိုင်တာကလား။



နေနေရေ…. တို့တတွေ တယောက်နဲ့ တယောက် သိကျွမ်းခဲ့ရတဲ့ကာလဟာ အလွန်ဆုံးရှိလှရင် သုံးနှစ်ပေါ့။ ဒါပေမယ့် ယုံကြည်ရာ စိတ်ထားချင်း ဖလှယ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေမို့ တသက်တာလုံး သိကျွမ်းခဲ့ရတဲ့သူတွေထက်တောင် တို့တတွေ ပိုနီးခဲ့ကြပါတယ်။ တို့တတွေ ပိုရင်းခဲ့ကြပါတယ်။

မိုင်ထောင်ပေါင်းများစွာဆိုတဲ့ ခရီးတာအကွာအဝေးက တို့တတွေရဲ့ စိတ်နှလုံးသားအချင်းချင်း သွေးစည်းနေမှု၊ သွေးနီးနေမှုကို မတားဆီးနိုင်ပါဘူး။ တို့တွေဟာ တူညီတဲ့ ယုံကြည်ချက်တခုနဲ့ လမ်းကြောင်းတခုတည်းပေါ်မှာ လျှောက်နေကြသူတွေပေါ့၊ တိုက်ပွဲဝင်ဖော် ရဲမက်တွေပေါ့။

ကမ္ဘာရဲ့ ဘယ်ထောင့် ဘယ်နေရာကိုဘဲရောက်ရောက် တို့တတွေ ယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်လို့ လွတ်လပ်ခြင်းဆိုတဲ့ တို့ရဲ့ ဘုံအိပ်မက်ကို အကောင်အထည်ဖော်သွားကြမယ်။

စနစ်တခုကို ပြောင်းလဲဘို့ ကြိုးစားရာမှာ ပါဝင်တဲ့သူတွေအဘို့ ပေးဆပ်စွန့်လွှတ်ရမှုတွေ အသီးသီးရှိကြတာ အသေအချာပါဘဲ။ ကိုယ့်ယုံကြည်ချက်အတွက် ဘာမဆို ပေးဆပ်စွန့်လွှတ်ဘို့ အသင့်ရှိတဲ့လူတွေ တစထက်တစ များပြားတဲ့အချိန်ဟာ အဲသည်စနစ်ကို တို့တတွေ အောင်မြင်စွာ ထူထောင်နိုင်တဲ့အချိန်ပေါ့။

မဟူရာည နောက်ခံမှာ ပြိုးပြက်လက်နေတဲ့ ငွေကြယ်ပွင့်လေးများရဲ့ လင်းလက်မှုကို ဘယ်လိုအမှောင်ထုမျိုးကမှ ချိုးဖျက်လို့ မရနိုင်သလို တကမ္ဘာလုံးကို လွှမ်းမိုးရစ်ခြုံထားတဲ့ အမှောင်ထုကြီးတောင်မှ သေးငယ်တဲ့ ဖယောင်းတိုင်လေးရဲ့ အလင်းရောင်ကို လုံးဝပျောက်ပြယ်သွားအောင် မတတ်စွမ်းနိုင်ပါဘူး။

ပတ်ဝန်းကျင်မှာ ကြောက်ရွံ့စိုးထိတ်ခြင်းဆိုတဲ့ ပိန်းပိတ်တဲ့ အမှောင်ထုကြီး ဘယ်လိုပင်ကြီးစိုးနေပါစေ ရင်ထဲက နှလုံးအိမ်မှာ လွတ်လပ်ခြင်း ဆိုတဲ့ ဖန်မီးအိမ်ကို အခုလိုဘဲ ထိန်နေအောင် အစဉ်အမြဲဆက်လက်ထွန်းညှိထားနိုင်ဘို့ ဆန္ဒပြုရင်း………………

Read more

“ရှင်သန်နေဆဲ…”


(တိုပါးရိုး ဘုန်းကြီးကျောင်းမှ ဗောဓိညောင်နှင့် ဘုရားဆင်းတုတော်တွင် ဆီမီးများပူဇော်ထားပုံ)

ပြီးခဲ့တဲ့ စက်တင်ဘာလထဲတုန်းက စင်္ကာပူမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေစုစည်းပြီး ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့်အထိမ်းအမှတ်အဖြစ် စင်္ကာပူက တပါးကျောင်း(SMC)မှာ ဘုန်းကြီးငါးပါးကို ပင့်ဖိတ် ဆွမ်းကပ်ဖြစ်ကြတယ်။ ငါးပါးအနက် ဘုန်းဘုန်းတပါးကတော့ အဲသည်နေ့လည်မှာ မလာနိုင်တော့တဲ့အတွက် စုစုပေါင်းလေးပါးဖြစ်သွားတယ်။

အဲသည်နေ့မှာ ဆွမ်းကပ်ဘို့ ဆုံးဖြတ်လိုက်ကြတော့ ခါတိုင်းလို ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်တာမျိုးမလုပ်ဘဲ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ အိမ်ကနေ ဟင်းအမယ် ၂ မျိုးဆီလောက် ကိုယ့်ဘာသာချက်ယူခဲ့ကြဘို့ ဆုံးဖြတ်လိုက်တယ်။

အဲသည်လိုနဲ့ ကျနော်တို့အိမ်ကနေ ငါးသလောက်ပေါင်းနဲ့ ကြက်သားဆီပြန်ဟင်း ၂ မျိုးချက်ယူခဲ့တယ်။ ငါးသလောက်ပေါင်းက မဒမ်ပေါရဲ့ အမေချက်တာ။ ကြက်သားဆီပြန်ဟင်းကတော့ မဒမ်ရဲ့လက်ရာ။ ဟိုရောက်တော့ အဲသည်လိုဘဲ တခြားလူတွေ ချက်လာတဲ့ ဟင်းတွေနဲ့ စုလိုက်တော့ အခုလို ဟင်းအမည်ပေါင်းများစွာနဲ့ ဖွယ်ဖွယ်ရာရာ ဖြစ်သွားတော့တယ်။

(ဘုန်းကြီးဆွမ်းပွဲအတွက် ပြင်ဆင်ထားပုံ)

အစည်းအဝေးမှာတုန်းက ဘုန်းကြီးပွဲအတွက်ဘဲ ချက်ကြမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ချက်ပြုတ်လာသူတိုင်းရဲ့ စေတနာကြောင့် လာတဲ့ ဧည့်ပရိတ်သတ်ပါ စားလို့မကုန်တဲ့အတွက် (ဘုန်းကြီးကလည်း ကျောင်းမှာ မထားခဲ့ဘို့ အမိန့်ရှိတဲ့အတွက်) ပိုတဲ့ ဟင်းတွေကို ချိုင့်ဆင့်နဲ့ သေသေချာချာ ထုတ်ပိုးပြီး ပြန်သယ်ရတဲ့အထိ ဖြစ်သွားတယ်။

မှတ်မှတ်ရရ…အဲသည်နေ့က ဟင်းတွေအနက်မှာ ပဲခူးက လူပျိုကြီး ကိုသူရိန် ချက်လာတဲ့ ၀က်သားဟင်းနဲ့ ၀က်ကလီစာဟင်းကတော့ လူကြိုက်အများဆုံးပေါ့။ (အခမဲ့ ကြော်ငြာထိုးပေးလိုက်သည်။ စွံပေလေရော့ဟယ်...)



(ဆွမ်းပွဲနှင့် အချိုပွဲများကို ကပ်လှူနေစဉ်)

ဘုန်းဘုန်းတွေကြွလာတော့ ဆွမ်းကပ်၊ သင်္ကန်းနဲ့ ၀တ္ထုငွေတွေကပ်၊ ပြီးတော့ တရားနာကြတယ်။ ဘုန်းဘုန်းနှစ်ပါးတိတိက တရားဟောတယ်။ အဲသည်နောက် ဘုန်းဘုန်းတွေ ပြန်ကြွသွားတော့ ကျနော်တို့လူတွေချည်း ကျောင်းမှာ ကျန်ရစ်ခဲ့တယ်။

(တရားနာနေကြစဉ်)

အမှန်ကတော့ မနေ့ညက အိပ်ရေးပျက်ထားတဲ့အတွက် ဆွမ်းကျွေးပြီးတာနဲ့ အိမ်ပြန်ပြီး တရေးတမောအိပ်ဖို့ပါဘဲ။ ဒါပေမယ့် ညပိုင်းမှာ တိုပါးရိုးဘုန်းကြီးကျောင်းကို သွားပြီး ၀တ်ရွတ်သူတွေကို အအေးဘူးတွေ လှူဘို့နဲ့ ဘုရားမှာကပ်ဘို့ ပန်းတွေဝယ်ဘို့ကလည်း ရှိသေးတော့ အိမ်မပြန်ဖြစ်ဘဲ ဘုန်းကြီးကျောင်းမှာဘဲ ခဏထိုင်ပြီး ၀ိုင်းဖွဲ့စကားပြောဖြစ်ကြတယ်။ အားလုံးကလည်း မကြာခဏ တွေ့ဆုံနေကျ အမာခံလူတွေချည်းဘဲဆိုတော့ ပြောတဲ့အကြောင်းအရာက နိုင်ငံရေးလည်းပါရဲ့။ ဆံပင်ဆေးဆိုးတဲ့အကြောင်းလည်းပါရဲ့။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပါဘဲ။

အဲသည်မှာ ခဏကြတော့ မျိုးမြင့်မောင်နဲ့ ကျနော်က ခဏတဖြုတ် ကျောဆန့်ရင်းနဲ့ ဘုန်းကြီးကျောင်းပေါ်မှာ အိပ်ပျော်သွားသေးတယ်။ အိုဘီပီက ဆရာသမားတယောက်က ကျနော်ဟောက်နေတာကို ဗီဒီယို မှတ်တမ်းတင်သွားသေးတယ်။

ညနေလေးနာရီလောက်ရောက်တော့ နှင်းဆီပန်းအနီ အပွင့် ၁၁၀ ပွင့် ၀ယ်ဘို့ လူစုခွဲပြီး ရှာပုံတော်ထွက်ကြတယ်။ ကျနော်တို့လင်မယားနဲ့ တခြားနှစ်ယောက်က ဂေလန်းဘက်မှာ သွားဝယ်ဘို့ တာဝန်ကျတယ်။ တက္ကစီစီးပြီး ဂေးလန်းအသွားမှာဘဲ တခြားအုပ်စုက “ပန်းတွေရပြီ” သတင်းပို့လို့ တိုးပါးရိုး ဘုန်းကြီးကျောင်းကိုဘဲ တိုက်ရိုက်တန်းသွားရတော့တယ်။ ကျောင်းမရောက်ခင် လမ်းထိပ်နားက ကော်ဖီဆိုင်နားမှာ တက္ကစီပေါ်ကဆင်း၊ လက်ဘက်ရည်သောက်ကြရင်း စကားစမြည်ပြောကြ။ ခဏနေတော့ ဘုန်းကြီးကျောင်း ဒုတိယအထပ်မှာ သွားပြီး ခဏ စက်တော်ခေါ်လိုက်သေးတယ်။ ထိနမိဒ္ဓများပုံများ။

ဟော…. ညနေစောင်းတာနဲ့ ပန်းတွေလည်းရောက်လာ၊ အအေးဘူးတွေ၊ ရေခဲတွေလည်း ရောက်လာ၊ ဆီမီးခွက်တွေလည်း ရောက်လာ။

(နှင်းဆီပန်းအနီများဘုရားတွင်ကပ်လှူပူဇော်ထားပုံ)

ပန်းအိုးတွေမှာ ပန်းတွေထိုးပြီး ဘုရားမှာ ပန်းကပ်တဲ့သူက ကပ်၊ အအေးဘူးတွေကို ဒန်အိုးထဲမှာ ရေခဲနဲ့ ထည့်ပြီး စိမ်တဲ့လူကစိမ်၊ ရေခဲမလောက်လို့ ပြေးဝယ်သူက ၀ယ်ပေါ့။ ကျနော်ကတော့ ဟိုနားမှာ ဓါတ်ပုံရိုက်လိုက်၊ ဒီနားမှာ ဓါတ်ပုံရိုက်လိုက်၊ ဟိုလူနဲ့စကားပြောလိုက်၊ သည်လူနဲ့ စကားပြောလိုက်နဲ့၊ နည်းနည်းပါးပါး နှမ်းဝင်ဖြူးလိုက်နဲ့ ယောင်ခြောက်ဆယ် လုပ်ရတာပေါ့။


(၀တ်ရွတ်လာသူများကို အအေးဘူးများ ဝေငှနေစဉ်)

ညဘက်ရောက်တော့ ဘုရားမှာ ဆီမီး၁၁၀ ထွန်းကြတယ်။ ဖယောင်းတိုင်ခွက်ကလေးတွေမှာ ထွန်းပြီး ပလပ်စတစ်ခွက်ထဲကို ထည့်လိုက်တာပေါ့။ လေတိုက်လည်း မငြိမ်းတော့ဘူး။ ၀တ်ရွတ်သူတွေ ဆင်းလာတော့ အင်္ကျီအနီတွေဝတ်ထားတဲ့ ကျနော်တို့တွေက “ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လှူဒါန်းတာပါ” လို့ပြောပြီး အအေးဘူးတွေကို ဝေကြတယ်။ တချို့ ပရိတ်သတ်ထဲကနေ ကူညီပူးပေါင်းပြီး ဝေပေးကြတယ်။ နောက်လူစဲသွားတော့ ဆီမီးတွေကို နောက်ခံထားပြီး အုပ်စုလိုက် အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။ နောက်ည ၉ နာရီ ခွဲလောက်မှာ လူစုခွဲလိုက်ကြတယ်။


(ဆီမီးများ ကပ်လှူပူဇော်နေစဉ်)

အဲသည်နေ့ပွဲက ကျနော်တို့ လုပ်ခဲ့သမျှ ပွဲတွေအနက် ကျနော်တို့အနေနဲ့ ကျေနပ်အားရမှုအရှိဆုံး၊ အနှစ်သာရအပြည့်ဝဆုံးပွဲပါ။ တကယ်တော့ အဲသည်နေ့မှာ လာရောက်သူတွေဟာ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ပရိတ်သတ်နဲ့ဆိုရင် မယှဉ်သာအောင် နည်းပါးလှပါတယ်။ ပြောရမယ်ဆိုရင် အမာခံလှုပ်ရှားသူတွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် အဲသည်နေ့မှာ ပါဝင်လှုပ်ရှားကြသူအားလုံးဟာ အခက်အခဲတခုကြောင့်၊ အဟန့်အတားတခုကြောင့် ကိုယ့်ပန်းတိုင်ကနေ သွေဖီသွားမယ့်လူတွေမဟုတ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်နေဆဲ၊ ယုံကြည်ချက်တွေ ခိုင်မာနေဆဲ။ နောက်ပြီး တူညီတဲ့ ရပ်တည်ချက်တခုအပေါ်မှာ ညီညွတ်နိုင်ဘို့ မိမိတို့ရဲ့ အသေးအမွှားကွဲလွဲမှုတွေကို ဘေးချိတ်ပြီး စုစည်းကြတဲ့ ပွဲဖြစ်နေလို့ပါ။ အဲသည်နေ့က လှုပ်ရှားမှုမှာ စင်္ကာပူမှာရှိတဲ့ အဖွဲ့တိုင်းလိုလိုက အမာခံအဖွဲ့သားတွေ စုစည်းမိကြပါတယ်။

ဆရာကြီး ဦးဝင်းတင် ထောင်ကထွက်လာကာစက ပြောသလိုဘဲ ကျနော်တို့ဟာ နိုင်ငံရေးမှာ အမြဲတစေ တခုခုကို လုပ်နေရမယ်။ Dynamism ဆိုတာပေါ့။ စင်္ကာပူမှာ လှုပ်ရှားလို့သက်သက်ကြောင့်တော့ဖြင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်မလာနိုင်တာ အသေအချာပါ။ ဒါပေမယ့်လည်း ကျနော်တို့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိစိတ်ကို မြှင့်တင်နိုင်ဘို့၊ သူတို့ရဲ့ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်မှုကို ဖန်တီးနိုင်ဘို့ အရေးကြီးပါတယ်။ အဲသည်ကမှတဆင့် ပြည်တွင်းအင်အားစုတွေကို အစဉ်တစိုက် ထောက်ကူနေကျအတိုင်း ရှေ့ဆက်နိုင်ဘို့ကို အမြဲတစေကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ကျနော်တို့ နောက်ဆုံးရ ၀မ်းသာစရာ သတင်းတခုကတော့ ပြည်တွင်းမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေတဲ့ မျိုးချစ်တွေ အများကြီးရှိတယ်ဆိုတဲ့အချက်ပါဘဲ။

အဲသည်နေ့က ဆွမ်းကျွေးမှာ ကိုယ်တိုင်လာရောက်မပါဝင်လိုက်နိုင်ပေမယ့် ဆွမ်းကျွေးအတွက် အလှူငွေ အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေကို ကျေးဇူးတင်ကြောင်း ဒီပို့စ်ကတဆင့် ပြောကြားလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မုချအောင်ရမည်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs