“ရာမ လို လူစား ထင်လို့လား”

ရာမ ဆိုလို့ ရာမဇာတ်ထဲက “ရာမ ဆို တောင်လိုမောက်၊ ငါကြောက်သဟဲ့၊ မိဂန္ဘီရဲ့...” ဆိုရလောက်အောင် ဒဿဂီရိတယောက် ကြောက်ဒူးတုန်ရှာတဲ့ ရာမ မင်းသားကို ပြေးမမြင်ကြပါနဲ့ဦး။

ဗိုလ်အောင်ဒင်ရဲ့တပည့် ရာမကို ပြောတာပါ။ ဗိုလ်အောင်ဒင်အကြောင်းကို ပြီးခဲ့တဲ့ အပတ်က ဆောင်းပါးရေးတော့ စာဖတ်သူတွေ သဘောကျပုံရတယ်။ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ကလည်း ကွက်တိ အံဝင်ဂွင်ကျ ဖြစ်သွားတယ်ထင်ပါ့။ အဲဒီ ဗိုလ်အောင်ဒင်ဇာတ်ကားထဲမယ် လူဆိုးချင်းတူပေမယ့် သစ္စာဖောက်တဲ့ ရာမလို လူမျိုးကတော့ နာမည်လည်း ပိုပျက်တယ်။ လူမုန်းလည်းခံရတယ်။

ဘယ့်နှယ်ဗျာ...ဓားပြလုပ်စားတဲ့လူအချင်းချင်းကို ရဲကလည်းမိရော.......ဖမ်းပါဆရာ၊ သူ့ကို ဖမ်းပါ။ ကျနော်တို့ရဲ့ ခေါင်းဆောင် ဗိုလ်အောင်ဒင်ဆိုတာ သူပါဘဲ ဆရာ။ သူ့အကြောင်းကို ကျနော် သူ့ရှေ့မှာတော့ မပြောရဲဘူးဆရာ။ ရဲစခန်းရောက်ရင် ကျနော် အကုန်ပြောပြပါ့မယ်” ဆိုပြီး ဗိုလ်အောင်ဒင်အကြောင်းကို ရိုက်တောင် မစစ်ရသေးဘူး၊ အကုန်ဖော်တော့တာကိုး။ ရဲဘော်ရဲဘက်စိတ်ဆိုတာ ဒင်းမှာမရှိ။

မြန်မာ့သမိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ အလုပ်ကြံခံရတော့ ဂဠုန်ဦးစောတို့ အဖွဲ့ထဲက ဘညွန့်ဆိုတဲ့တယောက်က အစိုးရသက်သေလုပ်ပြီး အကုန်ဖော်တာဘဲ။ အဲဒီအတွက် သူကိုယ်တိုင်တော့ ကြိုးမိန့်က လွတ်သွားပါရဲ့။ ဒါပေမယ့် သူ့နာမည်လည်း ဖော်ကောင် ဘညွန့်ဆိုပြီး နာမည်ဆိုးတွင်ပြီး ကျန်ခဲ့တာပါဘဲ။ မှားတာမှန်တာ အပထားလို့ အဲဒီလို သစ္စာမရှိတဲ့ လုပ်ရပ်ကို လူတွေ မကြိုက်နှစ်သက်တတ်ပုံကို ပြောချင်တာပါ။

ဟောလီးဝုဒ်ရုပ်ရှင်တွေထဲမှာ အဲသည်လို ဖော်ခြင်း၊ မဖော်ခြင်း၊ သစ္စာဖောက်ခြင်း၊ မဖောက်ခြင်းနဲ့ ပတ်သက်လို့ အင်မတန်ကောင်းတဲ့ ရုပ်ရှင်ကားတကားရှိတယ်။ အယ်လ်ပါချီနို အကောင်းဆုံးအမျိုးသားသရုပ်ဆောင် အော်စကာဆုရတဲ့ “Scent of a woman” ဆိုတဲ့ ဇာတ်ကားပါဘဲ။ မကြည့်ရဘူးသူများ အား ကြည့်ဘို့ ညွှန်းလိုက်ပါရစေ။

ဒီလောက် နိဒါန်းချီနေရတဲ့အကြောင်းကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေက သံရုံးရှေ့ရောက်သွားတော့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးတခုကို သတိရမိလို့ပါဘဲ။ အဲဒီအကြောင်းကို မဖတ်ရှုမီ စင်္ကာပူထုတ်နေ့စဉ်သတင်းစာကြီး စထရိတ်စ်တိုင်းမ်းစ် သတင်းစာထဲမှာ ပါတဲ့ ဟောသည်ဓါတ်ပုံနဲ့ ပုံအောက်က ပုံအညွှန်းစာလေးကို အရင်ဖတ်ကြည့်ပါ။




ပုံစာက ဗမာလို ဆီလျော်အောင်ပြန်ဆိုရမယ်ဆိုရင်.......“စောင့်ရတာမောပေါ့။ စိန့်မာတင်ဒရိုက်လမ်းမှာတည်ရှိတဲ့ မြန်မာသံရုံးရှေ့က ကျူတန်းကြီးဟာ တစ်ကီလိုမီတာလောက် ရှည်လျားတယ်။ လူအများစုဟာ နိုး လို့ စာတန်းထိုးထားတဲ့ အနီရောင် တီရှပ်နဲ့ ဦးထုပ်တွေကို ၀တ်ဆင်ထားကြတယ်။ အဲဒီ အင်္ကျီနဲ့ ဦးထုပ်တွေကို မြန်မာသံရုံးရှေ့ ခြုံပုတ်တွေကြားမှာ လဲလျောင်းနေတဲ့ အမှိုက်အိတ်တွေထဲက ရတယ်” လို့ ရေးထားတာပေါ့။ မရယ်ရဘူးလား။ အဲဒီ အင်္ကျီအနီတွေ ထည့်ထားတဲ့ အမှိုက်အိတ်တွေက သူ့အလိုလို ခြေထောက်ပေါက်ပြီး ခြုံကြားထဲရောက်နေတာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

တကယ်တော့ အဲဒီ တနင်္ဂနွေနေ့ မနက် ၉ နာရီ ခွဲလောက်မှာ သံရုံးရှေ့ကို ကျနော်ရောက်သွားပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာနေတယ်။ လူတွေ တဖြည်းဖြည်းနဲ့ များလာပြီး ကျူတန်း နှစ်ခုက ရှည်လာတယ်။ ကျူတန်းတခုက ဖိတ်စာရသူတွေ၊ နောက်တခုက ဖိတ်စာမရသူတွေ။ နေကလည်း မြင့်လာ၊ ကျူတန်းကလည်း ရှည်လာဆိုတော့ လူတွေကို ရေဘူးဝေဘို့ လုပ်ရတယ်။ အမှန်ကတော့ ရေဘူး ၁၀၀၀ စီစဉ်ပြီးသား။ ဒါပေမယ့် ပင်နီဆူးလားက ထွက်လာမယ့် ကားတွေနဲ့မှ အတူပါမှာလေ။ ဒီတော့ မဒမ်ပေါကို ငွေငါးဆယ်ထုတ်ပေးလိုက်ပြီး အနားက ချာတိတ်တွေကို ရေဘူးကဒ်တွေသယ်ဘို့ ထည့်လိုက်တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ တခြားစေတနာရှင်တွေက သူတို့လည်း ငွေထည့်မယ်၊ လူလည်း လုပ်အားလိုက်ပေးမယ်ဆိုတာနဲ့ ရေဘူးတွေ လောက်လောက်ငှငှ ဝေပေးနိုင်ခဲ့တယ်။ ၁၁ နာရီလောက်ရောက်တော့ အင်္ကျီအနီတွေနဲ့ ဦးထုပ်တွေ ပထမဦးအသုတ်အဖြစ် ရောက်လာတယ်။ အမှိုက်အိတ်အမဲတွေနဲ့ထည့်ထားပြီးတော့လေ။ ဆယ်အိတ်လောက်ရှိတယ်။ အဲဒါတွေကို ကျနော်တို့ ထိုင်နေတဲ့အနားက ပန်းပင်ခြုံပုတ်တွေကြားမှာ မသိမသာ ချထားခဲ့ပြီး လူတွေက အဲသည်ရှေ့မှာ ပိတ်ထိုင်ကြရင်း စကားတွေ ပြောနေကြတယ်။ အင်္ကျီချထားခဲ့သူတွေက သေသေချာချာမှာသွားသေးတယ်။ နေ့လည် ၁ နာရီခွဲ မြို့ထဲက ကား ၇ စီးတိုက်လူတွေ ရောက်လာမှ ဝေရမယ်လို့။ (အင်္ကျီတွေ ထားသွားတာ ဘယ်သူတွေလဲလို သားသားမမှတ်မိဘူး။ လာမမေးကြနဲ့နော်)

မကြာပါဘူး။ ရဲတွေ ရောက်လာပြီး အဲဒီ အထုတ်တွေကို လိုက်ရှာတော့တာပါဘဲ။ သူတို့က သတင်းရပြီးသားလေ။ ရှာလို့မကြာခင်မှာဘဲ ကျနော်တို့ ထိုင်နေတဲ့အနားကို ရောက်လာပြီး အထုတ်တွေအားလုံးကို တွေ့သွားတော့တာပေါ့။

ရဲတွေက မေးတယ်။ ဒါ..ဘာအထုတ်တွေလဲ.....တဲ့။

ကျနော်တို့အားလုံး (အပြစ်ကင်းစင်သော မျက်နှာလေးတွေနဲ့)။ ။.....မသိဘူးခင်ည။

ရဲ။ ။ ဒီအထုတ်ထဲမှာ ဘာတွေရှိလဲ။

ကျနော်တို့။ ။ မသိဘူးခင်ည။

ရဲ။ ။ ငါတို့တော့ အင်္ကျီနဲ့ ဦးထုပ်တွေ ရှိတယ်လို့ထင်တယ်။ ငါတို့ထင်တာမလွဲဘူးဆိုရင် (အနားမှာ အိုဘီပီ အင်္ကျီအနီဝတ်ထားသော ကောင်လေးအား လက်ညိုးထိုး၍) မင်းဝတ်ထားတဲ့ အင်္ကျီမျိုးတွေ အဲဒီထဲမှာ ရှိမှာ သေချာတယ်။

အနီဝတ်ကောင်လေး။ ။(ပြုံဖြီးဖြီး မျက်နှာပေးဖြင့်) ကျနော်တော့ မထင်ဘူး။ (သူဝတ်ထားတဲ့ အင်္ကျီနဲ့ ဒီဇိုင်းမတူမှန်း လဒ ကလေးက အင်ကျူအီးရှင်းနဲ့ သိနေတယ်။း-)

ရဲ။ ။ (အထုတ်တထုတ်ကို ဖွင့်ကြည့်ကာ အထဲမှ အနီရောင် တီရှပ်များကို ချောင်းကြည့်ရင်း) ဒါ ဘယ်သူ့အထုတ်တွေလဲ။

ကျနော်တို့။ ။ မသိဘူး ခင်ည။

ရဲ။ ။ ဒါဆို ပိုင်ရှင်မရှိဘူးပေါ့။

ကျနော်တို့။ ။ဟာ ပိုင်ရှင်တော့ ရှိမှာပေါ့။ သူစောစောကမှ လာထားသွားတဲ့ဟာဘဲ..ဟာဘဲ။ ဒီနားမှာ မရှိဘူးလို့ပြောတာ။

ရဲ။ ။ ပိုင်ရှင်မရှိရင် ငါတို့ သိမ်းသွားရလိမ့်မယ်။ နောက်မှ သူ ရဲစခန်းမှာ ပြန်လာရွေးပေါ့။

ကျနော့်စိတ်ထဲမှာတော့....(ဟိုက်...သောက်ကျိုးနည်း၊ ဒုက္ခ။)

အဲဒီအချိန်မှာ ကျနော်တို့အထဲက တယောက်က တယ်လီဖုန်းနဲ့ တနေရာကို တိတ်တိတ်ခေါ်။ အချီအချ ဗမာလိုပြောကြ။ ပြီးတော့မှ ရဲတွေကို....

“ပိုင်ရှင်ကပြောတယ်။ ဒီအင်္ကျီတွေက ဒီမှာရှိတဲ့ လူတွေကို လှူဘို့တဲ့။ အဲဒီတော့ လူတိုင်းဟာ ပိုင်ရှင်ဘဲ။ သိမ်းချင်ရင် အားလုံးကို လိုက်မေးပြီး သိမ်းပေတော့။”

ပြောရင်းဆိုရင်းဘဲ ဖြစ်စဉ်တရပ်လုံးကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ဗမာတွေအားလုံးဘက်ကို လှည့်ပြီး...

“ကဲ...ကဲ...အားလုံး...အင်္ကျီတွေ နဲ့ ဦးထုပ်တွေ တယောက် တစုံစီ လာယူလှည့်ကြ” ဆိုပြီးလည်း အော်လိုက်ရော...........

ဟား.....ဗမာတွေဆိုတာ တက်ညီလက်ညီနဲ့ အပြိုင်အဆိုင် အပြေးအလွှား လာယူပြီး ၀တ်လိုက်ကြတာ ရဲတွေခမြာ သိမ်းဘို့ဆည်းဘို့နေနေသာသာ လက်ဖျားနဲ့တောင် ထိခွင့်မကြုံလိုက်ဘူး။

ကဲ....တွေ့ပလား။ အဲဒီနေ့က သံရုံးရှေ့လာတဲ့ မြန်မာတွေရဲ့ ရာမနဲ့ မတူတဲ့အချက်ကို။ အဲဒီနေ့က မြန်မာတွေဟာ သစ္စာမဖောက်ခဲ့ဘူး။ ဖော်ကောင်မလုပ်ခဲ့ဘူး။ ဘယ်သူဟာ ကိုယ့်အကျိုးအတွက် တိုက်ပွဲဝင်ပေးနေသလဲဆိုတာ သူတို့ ကောင်းကောင်းသဘော ပေါက်တယ်။

ဂျပန်ခေတ်က ဖက်ဆစ်တော်လှန်ရေးအတွက် မြေအောက်တပ်သားတွေကို ပြည်သူလူထုက ကူညီသလိုမျိုး၊ အခုခေတ်မှာ ကျောင်းသားတွေကို ထောက်လှမ်းရေးရန်ကလွတ်အောင် ပြည်သူလူထုက ကူညီသလိုမျိုး၊ အဲသည်လို ကူညီမှုမျိုးက အဲဒီတနင်္ဂနွေနေ့က မြန်မာသံရုံးရှေ့က မြန်မာတွေဆီမှာတွေ့လိုက်ရတယ်။

ကဲ....ကိုယ့်သွေးကိုယ့်သား မြန်မာလူမျိုးတွေဟာ ဘယ်လောက်ချစ်ဘို့ကောင်းသလဲဆိုတာ။

အဲဒီမြန်မာတွေပါဘဲ။ ညနေ ၆ နာရီခွဲတော့ လမ်းဘေးဝဲယာမှာ မတ်တတ်ရပ်ရင်း နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြတာ။

ကျနော်တော့ အဲသည်အချိန်မှာ မှတ်တမ်းဓါတ်ပုံရိုက်ရင်း ဘာကြောင့်ရယ်မသိ ကြက်သီးတွေ တဖြန်းဖြန်းထ၊ ရင်ထဲမှာလည်း ဆို့တက်လာပြီး မျက်ရည်များတောင် ၀ဲမိတယ်။ အဲသည်နေ့ကလောက် ဗမာဖြစ်ရတာ ဂုဏ်ယူမိတာ မရှိသေးဘူး။
အဲသည်နေ့က ဗမာတွေ စည်းကမ်းရှိတာ၊ ဇွဲရှိတာ၊ သတ္တိရှိတာ၊ ဒီမိုကရေစီနဲ့ ထိုက်တန်တာ၊ နိုင်ငံရေးအမြင်နိုးကြားတာ အားလုံး တနေ့တည်းနဲ့ အကုန်ပြသနိုင်လိုက်တယ်။ စင်္ကာပူလူမျိုးတွေရဲ့ အင်တာနက်စာမျက်နှာတွေမှာ ၀င်ကြည့်လိုက်ရင် မြန်မာတွေရဲ့ ဒီမိုကရေစီကို မြတ်နိုးမှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျိုးစွန့်မှုတွေကို တခမ်းတနား ချီးမွမ်းထားတာကို တွေ့နိုင်တယ်။
အဲဒီနေ့က အဲဒီလို ဖိအားပေးတောင်းဆိုလိုက်လို့လည်း ဘယ်တုန်းကမှ လူတွေအဆင်ပြေမှုအတွက် ဂရုမစိုက်တဲ့ မြန်မာသံရုံးဟာ မဲပေးရက်ကို သုံးရက်တိတိ တိုးမြှင့်ပေးလိုက်ရတာကို တွေ့ရတယ်။
အဲဒီနေ့က သံရုံးရှေ့က ပွဲကို ဖြစ်မြောက်အောင် စီစဉ်ခဲ့သူတွေရော၊ ပူးပေါင်းပါဝင်ခဲ့တဲ့ မြန်မာတွေကိုပါ ကျနော် ဒီပို့စ်နဲ့ ဦးညွတ်ဂါရ၀ ပြုလိုက်ပါတယ်။

Read more

“အောချာ့ဒ်က အနီရောင်လှိုင်းလုံး”



ဧပြီလ ၂ရ ရက်နေ့ (တနင်္ဂနွေနေ့)က စင်္ကာပူနိုင်ငံ မြန်မာသံရုံးတည်ရှိရာ စိန့်မာတင်ဒရိုက် လမ်းနဲ့ တန်လင်း လမ်းမကြီးပေါ်မှာ အနီရောင်တွေ ရဲရဲတောက်နီသွားခဲ့တဲ့မြင်ကွင်းကို ရိုက်ကူးခဲ့တဲ့ ကျနော့် ကင်မရာထဲက ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ အောက်ကလင့်ခ်မှာ ခေါက်ကြည့်ပါ။


မျိုးချစ်မြန်မာအပေါင်းဟာ ပူလှတဲ့ နေရောင်အောက်မှာ ဇွဲနဘဲနဲ့ တန်းစီပြီး စစ်အစိုးရရေးဆွဲတဲ့ အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ပုံကို စနစ်တကျ ထုတ်ဖော် ဆန္ဒပြသခဲ့ကြပါတယ်။ လူအများစုဟာ ဓါတ်ပုံများမှာ တွေ့မြင်ရမယ့်အတိုင်း NO စာလုံးကို ရှေ့ရောနောက်ပါ ရိုက်နှိပ်ထားတဲ့ တီရှပ်အနီများနဲ့ နိုး စာလုံးပါ ဦးထုပ်အနီများကို ဆောင်းထားကြပါတယ်။
လူတန်းကြီးကရှည်လွန်းတော့ စိန့်မာတင်ဒရိုက်လမ်းထဲမှာသာမက တန်လင်းလမ်းမကြီးပေါ်ကို လျှံကျသွားတယ်။
တနေကုန် နေပူကျဲကျဲအောက်မှာ ဇွဲကောင်းကောင်းနဲ့ ဆန္ဒထုတ်ဖော်ပြသနေသူတွေကို စေတနာရှင်များက သောက်ရေသန့်ဘူးများ၊ အအေးဘူး၊ လက်ဘက်ရည်၊ ပန်းသီးများ၊ ပေါင်မုန့်များ၊ သကြားလုံးများ၊ ဘီစကွတ်မုန့်များဖြင့် အလျှံပယ်ကျွေးမွေးတာကို တွေ့ရပါတယ်။
သံရုံးကတော့ သူ့ထုံးစံအတိုင်း အလွန်အမင်း နှေးကွေးစွာ ဆောင်ရွက်နေရုံမက လူအများစောင့်နေကြတဲ့ကြားက နေ့လည်စားချိန် နှစ်နာရီ ပိတ်ထားလိုက်သေးတယ်။ နောက်တော့ ခဏပြန်ဖွင့်ပြီး အနီရောင်တွေမြင်တော့ လန့်ဖျတ်သွားပြီး မဲရုံကို ခဏပိတ်လိုက်သေးတယ်။ နောက်တော့ အပြင်က ကိုယ်စားလှယ်နှစ်ယောက်ကို သံရုံးထဲခေါ်ပြီး ဆွေးနွေးတယ်။
မြန်မာတွေဟာ လုံးဝ ကြောက်ရွံ့စိတ်မရှိတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ စည်းကမ်းလည်း အင်မတန်သေ၀ပ်လို့ စင်္ကာပူရဲတွေကတောင် အသိအမှတ်ပြုရပါတယ်။နောက်ပြီး သောက်ရေသန့်ဘူးအလွတ်များနဲ့ စားပြီးအမှိုက်များကို မြန်မာလူငယ်များက စည်းကမ်းတကျ လိုက်လံသိမ်းဆည်းပေးပုံဟာ အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ မြင်ကွင်းတရပ်ပါ။
ရဲတွေကလည်း လမ်းမပိတ်အောင် ထိန်းသိမ်းပေးတာကလွဲလို့ မနေ့က ၀င်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။
ညနေဘက်ရောက်တော့ သံရုံးက မဲရုံပိတ်တယ်ဆိုတာ တရားဝင်ကြေညာမပေးတဲ့အတွက် ထိုင်သပိတ်မှောက်လိုက်ကြပါသေးတယ်။ ညနေ ၆ နာရီ ခွဲ မှာ အားလုံး လမ်းဘေးဝဲယာမှာ မတ်တပ်ရပ်ကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင် နှစ်ခေါက်တိတိ သီဆိုပါတယ်။
အဲဒီနောက်မှာတော့ အနီရောင်လှိုင်းကြီးဟာ အောချာ့ဒ်လမ်းမတလျှောက် စီတန်းကာ ပင်နင်ဇူးလား ပလာဇာရောက်သည်အထိ ငြိမ်းချမ်းစွာ လမ်းလျှောက်ပြန်ကြတာကို တွေ့ရပါတယ်။
တနင်္ဂနွေနေ့က စိန့်မာတင်ဒရိုက်ကို လာကြတဲ့ မြန်မာအများစုဟာ သံရုံးက ဖိတ်စာကို မရရှိကြပါဘူး။ မဲပေးခွင့်ရလိမ့်မယ်လို့လည်း မျှော်လင့်မထားကြပါဘူး။ ဒါပေမယ့် မိမိတို့ရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ ရပိုင်ခွင့်များအတွက် တောင်းဆိုရင်း မိမိတို့ရဲ့ သဘောထားကို ရဲဝံ့စွာ ထုတ်ဖော်ပြသခြင်း ဖြစ်တာကို သိရပါတယ်။တချို့ဆိုရင် မနေ့က မဲပေးပြီးသားလူတွေဖြစ်ပေမယ့် တမင်သက်သက် အင်အားလာပြတာဖြစ်ကြသလို တချို့ကလည်း မနေ့တွေကတည်းက ငြင်းပယ်ခံရလို့ ထပ်လာကြသူတွေလည်း ရှိပါတယ်။ နောက်ပြီး တနင်္ဂနွေနေ့မနက်ကတည်းက မဲပေးပြီးသော်လည်း မပြန်သေးဘဲ အင်္ကျီအနီက အပေါ်ကနေ နှစ်လွှာမြောက်ထပ်ဝပ်ပြီး ချွေးတပြိုက်ပြိုက်နဲ့ တနေကုန် တောင့်ခံနေတဲ့ မြန်မာတွေလည်း အမြောက်အများတွေ့ရပါတယ်။ သူတို့အချင်းချင်းပြောနေကြတဲ့ စကားတွေကို ဘေးက ဖြတ်သွားရင်း ကြားမယ်ဆိုရင် မြန်မာတွေ နိုင်ငံရေးအသိ ဘယ်လောက် နိုးကြားနေသလဲဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာတွေဟာ အခုဆိုရင် ဓါတ်ပုံထဲ ပါရမှာ ကင်မရာမှာ ပေါ်မှာကိုလည်း လုံးဝနောက်မတွန့်တော့ပါဘူး။ ကင်မရာတလုံးနဲ့ လျှောက်ရိုက်နေတဲ့ ကျနော့်ကို လှမ်းခေါ်ပြီး အုပ်စုပုံတွေ သီးသန့်ပုံတွေ ရိုက်ခိုင်းရတာလည်း သူတို့မှာအမော။ ပြီးတော့ သံရုံးပြူတင်းပေါက်က လှမ်းရိုက်နေတဲ့ ဗီဒီယိုကင်မရာကိုတောင် လက်တွေကြက်ခြေခတ်ပုံမြှောက်ပြီး စိန်ခေါ်လိုက်ပါသေးတယ်။
တနင်္ဂနွေနေ့မှာ အင်္ကျီအနီတွေဝတ်ပြီး ဆန္ဒပြမှာမို့ မဲပေးလိုတဲ့ မြန်မာတွေ မလာရဲလောက်ဘူးလို့ ပြောနေကြသူများ တက်တက်စင်အောင် လွဲမှားတာကို တွေ့ရပါတယ်။ လာတဲ့လူတိုင်းဟာ အဓိကရုဏ်းနှိမ်နင်းရေးကားကြီးများ အချုပ်ကားကြီးများ အဓိကရုဏ်းနှိမ်ရဲများ ထူထပ်စွာချထားပေမယ့် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိဘဲ အေးချမ်းစွာ တနေကုန်စုဝေးခဲ့ကြပါတယ်။
နောက်တခု သတိပြုရမှာကလည်း သံရုံးရဲ့ လုပ်ကိုင်ပုံဟာ အင်မတန် နှေးကွေးလွန်းခြင်းပါဘဲ။ မဲမပေးမီရက်ကတည်းက တာဝန်သိ ဒီမိုကရေစီအင်အားစုအချို့ဟာ သံရုံးကို သွားရောက်ပြီး သည်အချက်ကို ထောက်ပြတဲ့အခါ...သံရုံးက “အဲဒါ၊ ကျနော်တို့ ကိစ္စပါ။ ကျနော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်” ဆိုပြီး ပြန်ပြောတာကို ကြုံခဲ့ရပါတယ်။ စနေနေ့ကလည်း မြန်မာလူငယ်အချို့က Laptop Computer များနှင့်အတူ မဲပေးခြင်းကို မြန်ဆန်စေရန် ကူညီဘို့ ကမ်းလှမ်းတော့လည်း “လိုအပ်ရင် ဆက်သွယ်ပါမယ်” လို့ အလိမ္မာနဲ့ ငြင်းပယ်လိုက်ပြန်ပါတယ်။
အခုလို ပုံမျိုးနဲ့ဆိုရင် သံရုံးက ဖိတ်ကြားတဲ့ လူအရေအတွက် တစ်သောင်းလေးထောင် တောင်ပြည့်အောင် မဲပေးနိုင်ဖွယ်မရှိပါဘူး။
ကျနော်လည်း စနေနေ့ကတည်းက သွားရောက်ကန့်ကွက်မဲပေးခဲ့ပါတယ်။
ဘာဘဲဖြစ်ဖြစ်...ဒီ Referendum ဟာ အဆုံးသတ် တိုက်ပွဲဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သို့သော် ကျနော် တခါက ပြောဘူးသလိုဘဲ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ နိုးကြားမှုကို မြှင့်တင်နိုင်မယ့် အခွင့်အလမ်းတခုတော့ မုချမသွေ ဖြစ်လာပါလိမ့်မယ်။
(နောက်ပိုင်းမှာမှ စနေတနင်္ဂနွေ မဲပေးကြတဲ့အချိန်က အဖြစ်အပျက်တွေကို ဒီထက်ပိုပြီး အသေးစိတ်အောင် ရေးပြပါဦးမယ်။ အခုတော့ ဓါတ်ပုံတွေနဲ့ဘဲ ကျေနပ်ကြပါဦး)
Read more

“တွမ်ခရုဇ် နဲ့ ကျနော်”

“မပြောချင်ဘူး….မပြောချင်ဘူး…….ပြောကို မပြောချင်တော့ဘူး။ ”

ကိုပေါတယောက် အဲသလို စကားခံလိုက်ပြီ ဆိုရင် အများကြီးပြောတော့မယ်ဆိုတာ သဘောပေါက်။

ကြုံတုန်းမို့ (သူ့နှယ်...ကြုံဘဲ ကြုံနိုင်လွန်းတယ်လို့ ထင်တော်မမူကြပါနဲ့ဂျာ) နည်းနည်းလောက် ထပ်ပြီး လျှာရှည်လိုက်ဦးမယ်။ …..ဗမာစကားမှာ…

“ရိုင်းတယ်လို့လဲ မထင်ပါနဲ့” ….ဆိုတဲ့ စကားချီလာရင်….ကြပ်ကြပ် သတိသာ ထားကြပေတော့။ ဘာကြောင့်လဲဆိုရင် နောက်ဆက်တွဲအနေနဲ့ ပိဿလေးနဲ့ ဘေးပစ်သလို တစ်တစ်ခွခွ မေးတာ၊ ပြောတာ ခံရတော့မှာမို့လို့ပါဘဲ။

အလားတူ… “ဟောဒီက ငါ့နှမကြီးကို ကန်တော့ပါသေးရဲ့”…တို့၊ “နားနဲ့မနာ ဖ၀ါးနဲ့နာပါ…” တို့ နဲ့ အစချီလာရင် နောက်က မကြားဝံ့မနာသာတွေ ကပ်ပါလာဘို့ ၉၉ ဒဿမ ၉၉၉၉ ရာခိုင်နှုန်းလောက် ကျိန်းသေပြီသာမှတ်။ ခင်ဗျားတို့ ဗမာစကား တယ်လည်း ရှုပ်သကိုး။ ဒါကြောင့် အိုင်က ဘားမီးစ်လို သိပ် မစပိခ် ချင်တာ။

ဘာဘဲဖြစ်ဖြစ်.....အခုတော့ မပြောမပြီး မတီးမမြည်ဆိုတော့ ပုစွန့်လက်မ သက္ကဋ ရွှေစည်ကြီးကို ထီကနဲ တီးတဲ့ပြီး ကြေညာမောင်းခတ်လိုက်ရဦးမယ်။

ကျွန်ုပ်တို့၏ အကောင်းစားလေး လီယိုနာဒို ဒါကိုပေါ တယောက် လောလောလတ်လတ် ကြုံတွေ့နေရတဲ့ အဖြစ်ကတော့ မိုင်နော်ရတီ ရီပို့တ် (Minority Report) ဆိုတဲ့ ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ကားကြီးထဲက ဇာတ်လိုက် လိုတော့ ဖြစ်နေပါပြီဗျာ။ (ဘလော့ဂါ တီဇက်အေ၏ လေကို ခပ်တည်တည်နှင့် ခိုးသုံးလိုက်သည်။ ဘာတတ်နိုင်သေးလဲ ကိုယ့်လူ)

အများသိကြတဲ့အတိုင်း အဲသည်ဇာတ်ကားထဲမှာ သရုပ်ဆောင်တဲ့သူက ဟောလီးဝုဒ် မင်းသားချော တွမ်ခရုဇ်တဲ့။ အံမယ်လေး..နံမယ်ပြောရတာနဲ့တင် တရုတ်ဆိုင်မှာ ပြေးပြီး ခရုကြော်တပွဲလောက် မှာစား ချင်လာပြီနော်…ရှလွတ်။ အဲ…ရာရာစစ ကိုယ့်ကိုယ်ကို တွမ်ခရုဇ်နဲ့ နှိုင်းလို့ ရုပ်ချင်းတူသလားဆိုတော့…..ဟုတ်ရပေါင်။ တွမ်ခရုထက် အရပ်ပိုမြင့်လေတော့ ထောင်ထောင်မောင်းမောင်းနဲ့မို့ ပိုကြည့်ကောင်းသတဲ့။ ဟင့်အင်း... ဘယ်သူကမှ ပြောတာဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် မှန်ထဲမှာ ကြည့်ပြီး ပြောနေတာလေ…။

ကဲကဲ…ထုံးစံအတိုင်း ဗွေဖောက်ဖောက်လာရတာနဲ့ လိုရင်းမရောက်နိုင်ဘူးဖြစ်နေတယ်။
ခုနင်က ရုပ်ရှင်ဇာတ်ကားက အီးတီ၊ ရှင်းဒလားစ်လစ်၊ ဂျူရက်ဇစ်ပါ့ခ်၊ ဆေ့ဗင်း ပရိုက်ဗိတ်ရိုင်ယန်း၊ အာ့တီဖစ်ရှယ် အင်တဲလိဂျင့် (အေအိုင်) စတဲ့ နာမည်ကျော် ဇာတ်ကားကြီးတွေမှာ ဒါရိုက်တာ လုပ်တဲ့ စတီဗင် ငပိဘတ် ရိုက်ကူးတဲ့ ခေတ်လွန်သိပ္ပံကားလေ။

ခေတ်လွန်သိပ္ပံကားဆိုတဲ့အတိုင်း ဇာတ်ကားထဲမှာ အဆန်းတကြယ် အထက်အောက် ပြေးလွှားနိုင်တဲ့ သံလိုက် မော်တော်ကားတွေနဲ့အတူ အခြား ထူးဆန်းထွေလာ ကိရိယာတန်ဆာပလာ အသုံးအဆောင်တွေကို ရင်သပ်ရှုမော တွေ့နိုင်ပါတယ်။

အဲဒီဇာတ်လမ်းရဲ့ ကျောရိုးက အနာဂတ်ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်မှုကို ကြိုတင်ကာကွယ်တဲ့နေရာမှာ သုံးတဲ့နည်းလမ်းအကြောင်းဘဲ။ ဇာတ်လမ်းထဲက ရဲစုံထောက်တွေဟာ အနာဂတ်မှာ ဖြစ်ပွားမယ့် ရာဇ၀တ်မှုတွေကို ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ အကြားအမြင်ရတဲ့သူ သုံးဦးရဲ့ အကြားအမြင်တွေအပေါ်မှာ အခြေခံပြီး ရာဇ၀တ်သား အလောင်းလျာတွေကို အမှုမဖြစ်ခင်ကတည်းက ကြိုတင်ဖမ်းဆီးတယ်။ ပြီးတော့ လူကောင်းသူကောင်းဖြစ်လာအောင် ပြန်လည် ပြုပြင်ပေးရေးစခန်းတွေကို ပို့ပြီး လေ့ကျင့် ပြုပြင်ပေးတယ်။

တနေ့မှာ ရဲစုံထောက် ဂျွန်အင်တာဒမ် (တွမ်ခရုဇ်)ဟာ အနာဂတ်မှာ သူမမြင်ဘူးတဲ့ လူတယောက်ကို သူသတ်မိတော့မယ်လို့ ဟောကိန်းထုတ်ထားတဲ့ အကြားအမြင်ရသူ သုံးဦးရဲ့ ရီပို့တ်ကို သွားတွေ့တယ်။ အဲသည်မှာ သူအဖမ်းမခံရအောင် ထွက်ပြေးတာက စလို့ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရတဲ့ စိတ်ဝင်စားဘွယ် ရုပ်ရှင်ကားတကားပေါ့။

ပြောသာပြောရတယ်။ ခေတ်လွန်သိပ္ပံကားလို့ နာမည်ပေးတာ မှားနေပြီနဲ့တောင် တူတယ်။ ဘာကြောင့်လဲဆိုတော့ ဟောဒီ စင်္ကာပူဆိုတဲ့ ကျွန်းပိစိ နိုင်ငံလေးမှာ အဲသည်နည်းကို အခုကတည်းက စတင်အသုံးပြုနေတာ တွေ့ရလို့ဘဲ။

ဘာကြောင့် အဲသလို ပြောနိုင်ရသလဲဆိုတော့….

စင်္ကာပူသမ္မတနိုင်ငံတော်ကြီးမှာ အနော်တို့ အမိမြန်မာနိုင်ငံတော်ကြီးလိုဘဲ နိုင်ငံတော် လုံခြုံရေးကို ထိပါးလိုသူများ၏ အန္တရာယ်မှ ကာကွယ်သော အက်ဥပဒေဆိုတာ ရှိသတဲ့ကွယ်။ ဘိုလိုတော့ အင်တာနယ် ဆီကျူရတီအက် (၀ါ) အတိုခေါက် အိုင်အက်စ်အေ လို့ ခေါ်လေရဲ့။ မြန်မာလိုတော့ ၅(ည) ပေါ့။ မြန်မာပြည်မှာလည်း အဲသည်ဥပဒေနဲ့ ကျောင်းသားတွေ နိုင်ငံရေးသမားတွေကို ထောင်ထဲ ဆွဲဆွဲထည့်နေတာကြာပါပေါ့လား။ ဒီတော့ စင်္ကာပူကလည်း ကျနော်တို့မြန်မာနိုင်ငံနဲ့ ဒီနေရာတခုမှာတော့ ရင်ဘောင်တန်းနိုင်ရှာလေတယ်လို့ ဆိုရမယ်။ မြန်မာ့ မဟားတရား၊ ကမ္ဘာကို လွှမ်းစေရမည် ဆိုတာ ဒါမျိုးပေါ့။

အဲအဲ….ခုနင်က အိုင်အက်စ်အေ လို့ခေါ်တဲ့ အက်ဥပဒေကြီးကို ကိုင်ပြီး မသင်္ကာတဲ့လူတွေကို ကြိုက်သလောက် အချိန် အကန့်အသတ်မရှိ ဖမ်းဆီးထားလို့ ရသဗျ။ တရားမျှတစွာ ရုံးတင်စစ်ဆေးခြင်းလည်း အလျဉ်းမရှိချေဘူး။

ဥပမာ…ဟိုတလောက ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ အကြမ်းဖက်သမားလို့ သံသယအဖြစ်ခံရသူ မာ့စ် ဆီလာမက်ဆိုရင် အိုင်အက်စ်အေနဲ့ဘဲ အထိန်းသိမ်းခံ ထားရတာဘဲ။ အကြမ်းဖက်သမားလို့ သံသယ အဖြစ်ခံရတာဘဲ ရှိသေးတာနော်။ တကယ့်တကယ် တရားရုံးတော်ကနေ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်တာမျိုးမဟုတ်ဘူး။ တရားမျှတတဲ့ ဥပဒေ အရ ဖြစ်သင့်တာကတော့ လူတယောက်ဟာ ပြစ်မှုကျူးလွန်တာ ထင်ရှားတယ်လို့ တရားရုံးတော်က မဆုံးဖြတ်မချင်း အဲသည်လူမှာ အပြစ်မရှိဘူးလို့ သဘောထားရမယ်တဲ့။ ဘိုလိုပြောရရင် Innocent until proven guilty ပေါ့ဗျာ။ ဆိုလိုတာက ရဲတွေ ထင်တာမှားတာလည်း ဖြစ်နိုင်တာဘဲ။

အဲဒီအတွက် လူတယောက်ကို ရာဇ၀တ်မှုကျူးလွန်သူလို့ သံသယဖြစ်လို့ ရဲက ထိုသူ ထွက်ပြေးလွတ်မြောက်မသွားအောင်ဖြစ်စေ၊ အခြားသူများကို ရန်မမူနိုင်အောင်ဟန့်တားလို၍ ဖြစ်စေ ရဲက ဖမ်းချုပ်ထားချင်ရင် တရားရုံးတော်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်၊ သက်သေအထောက်အထား တင်ပြထားနိုင်မှသာ တရားရုံးတော်ရဲ့ ခွင့်ပြုချက်နဲ့ ခေတ္တဆက်လက်ထိန်းသိမ်းထားနိုင်တယ်။

ဒါပေမယ့် အဲဒီလို ရုံးတော်ရဲ့ ခွင့်ပြုချက်နဲ့ ထိန်းသိမ်းထားစဉ်တောင်မှ တရားခံအဖြစ် သံသယ အဖြစ်ခံရသူဟာ သူ့ကို တရားဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်မယ့် ရှေ့နေရှေ့ရပ်နဲ့ ပုံမှန် တွေ့ဆုံခွင့်ရှိရမယ်။ သူ့ကိုသူ တရားဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်။

သူ့မှာ အပြစ်ရှိတယ်ဆိုတာကို သက်သေပြဖို့ တာဝန်ဝတ္တရားဟာ အစိုးရ ရှေ့နေ (တရားလို) ဘက်မှာဘဲ လုံးလုံးရှိတယ်။ အဲဒီလို အပြစ်ရှိပါတယ်ဆိုတာကို ရုံးတော်မှာ သက်သေအထောက်အထား ခိုင်လုံစွာနဲ့ ရှင်းလင်းစွာ၊ ယုံကြည်လက်ခံနိုင်လောက်ဖွယ်ရာ (Beyond doubt) မပြဆိုနိုင်ဘူးဆိုရင် တရားခံမှာ တကယ်အပြစ်ရှိတယ်ဆိုဦးတော့ ဥပဒေကြောင်းအရ သံသယ အကျိုးကို ခံစားခွင့်ရှိပြီး အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရှိရမယ်။

အဲဒီတော့ လူတယောက်ကို စွဲချက်မတင်ဘဲ ရဲဘက်က သံသယ ရှိရုံသက်သက်နဲ့ နှစ်ရှည်လများ အကြာကြီး ထိန်းသိမ်းထားပိုင်ခွင့်မရှိဘူး။

နောက်ပြီး စိုးရိမ်စရာကောင်းတာက အဲဒီ အိုင်အက်စ်အေ ဆိုတဲ့ ဥပဒေကြီးကို အာဏာရ အစိုးရက အလွဲသုံးစားလုပ်ပြီး သူတို့နဲ့ အမြင်မတူတဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေ ကို ဖမ်းချင်တိုင်း ဖမ်းတဲ့နေရာမှာ အသုံးပြုနိုင်တယ်။ ကျနော်သိတဲ့ နိုင်ငံတနိုင်ငံဆိုရင် အဲဒီဥပဒေကို အလွဲသုံးစားလုပ်ပြီး အတိုက်အခံခေါင်းဆောင်တွေကို မတရားဖမ်းတယ်။ အတိုက်အခံခေါင်းဆောင်တယောက်ကိုဆိုရင် နှစ်ပေါင်း ၂၀ ကျော် မတရားသဖြင့် ထိန်းသိမ်းထားခဲ့တာမျိုးရှိတယ်။ ဘယ်နိုင်ငံလဲဆိုတာ နာမည်တပ်တော့ ကျနော်မပြောရဲဘူး။ အသရေဖျက်မှုနဲ့ တရားစွဲပြီး ကျနော့်ကို ဒေ၀ါလီခံရအောင် လုပ်မှာစိုးလို့။ အသရေဖျက်မှုနဲ့ တရားစွဲတိုင်း အစိုးရဘက်က အမြဲနိုင်တဲ့ နိုင်ငံပိစိကွေးလေး တနိုင်ငံလို့ဘဲ မှတ်ထားလိုက်ရအောင်။

လောလောဆယ် စင်္ကာပူမှာ မိုင်နော်ရတီ ရီပို့တ် ထဲကလို အမှုအခင်းကို မဖြစ်အောင် ဘယ်လိုတားဆီးသလဲ ဆိုတာပြောပြရဦးမယ်။

အရင်ပို့စ်တွေထဲမှာ ကျနော်ရေးခဲ့ဘူးတဲ့အတိုင်း စင်္ကာပူမှာ နေ့ကြီးရက်ကြီး ရောက်ကာနီးလာပြီဆိုရင် စင်္ကာပူရဲက ကျနော်တို့ကို ဖုန်းခေါ်လေ့ရှိတယ်။ (ကျနော်တို့မှာ ရဲတွေ တိတ်တခိုးစွဲလမ်းစေတဲ့ ချစ်မွှေးပါပုံရတယ်။ မနာလိုမဖြစ်ကြနဲ့။) ဥပမာ...ဒီတနင်္ဂနွေမှာ မြန်မာတွေ အလုံးအရင်းနဲ့ မြန်မာသံရုံးသွားပြီး မဲပေးတော့မယ်ဆိုရင် မနေ့ကတည်း ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကို တန်လင်း ရဲဌာနချုပ်က ဖုန်းခေါ်တယ်။ ဘာပြောတာလဲဆိုတော့ စင်္ကာပူရဲ့ ဥပဒေကို မချိုးဖောက်ဘို့ ပြောတယ်။

ကဲ....မိုင်နော်ရတီ ရီပို့တ် ဇာတ်ကားထဲက အဖြစ်နဲ့ တူမနေပေဘူးလား။ အမှုတောင် မကျူးလွန်ရသေးဘူး။ လူကို ကြိုတင်ပြီး ဥပဒေချိုးဖောက်သူအလောင်းလျာတွေအဖြစ် သတ်မှတ်နေပြီ။ အင်း....စင်္ကာပူမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူလုပ်ရတာ မချောင်ဘူး။ အလကားနေရင်း တွမ်ခရုဇ်နဲ့ အနှိုင်းခံနေရတယ်။

မဒမ်ပေါက ခပ်စွာစွာ အစားထဲကဆိုတော့ “နင်တို့ ငါတို့ကို ဘာကြောင့် ဒီလိုလာပြောရတာလည်း။ ငါတို့ကို ပြဿနာရှာတဲ့လူတွေ ( Trouble Maker ) တွေလို့ စွတ်စွဲချင်တာလား ” လို့ မေးတော့လည်း ....“မဟုတ်ပါဘူး။ အကြံပေးရုံသက်သက်ပါ။ စိတ်မရှိပါနဲ့” ဆိုပြီး ပြန်ပြောတယ်။

သြော်....တော်တော်ဘဲ...အားအားယားယား၊ အလကားနေရင်း အကြံဉာဏ်အလကား လိုက်ပေးရတယ်လို့။
ကဲ...ကဲ....ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ လေကြောက တော်တော်ရှည်သွားပြီ။ နေ့လည်စာ စားချိန်လည်း နီးပြီ။

အခု နေ့လည်စာ စားထွက်ရင်း မြန်မာသံရုံးကို သွားပြီး မဲရုံမှူးကို လိုအပ်သည်များကို သွားရောက် ညွှန်ကြားလိုက်ဦးမကွယ်။

ကဲ..... ညိုချောအမျိုးခေါ်တွင်တဲ့.... ကိုပေါသူခိုးဖော်ပင်....အဲလေ... ကိုပေါသတိုးတော်ဝင်ကလေးခမြာ....နဂိုသဘော “နိုး” ပေါ်တင်လေး ပေးနိုင်ရအောင်.....မြန်မာသံရုံးအပေါက်ဝကို.. မကြာအမြန်ဆုံးရောက်ရစေတော့လို့.... ဗေလုဝနတ်စောင်း ငါးကွင်းဥသျှောင် နတ်မင်းဆောင်တဲ့ သန်းခေါင်မောင်းမှာ ခုနစ်ချောင်းညှို့ ဆိုင်ရာကို တို့ပြီးလျှင် ချောပို့တော်မူစမ်း ကိုးရွာစား။ (ဒီတခါ ခိုးချလိုက်တာက ဦးပုညဆီကကွဲ့။ မောင်ပုည...မင်းဘာတတ်နိုင်သေးလဲကွယ်...ငှဲငှဲ)
Read more

“ငုတ်တုတ် ကိုပေါ”

ကျနော်ငယ်ငယ်က ကျောင်းက အခမ်းအနားတခုမှာ အခမ်းအနားမှူးလုပ်စဉ် စကားပြော မှားတဲ့ အဖြစ်အပျက်ကလေးတခုကို သတိရမိတယ်။

“ပထမဆုံး အစီအစဉ်အရ ကျောင်းအုပ်ဆရာကြီးမှ ဆုံးမသြ၀ါဒ ပြောကြားပေးပါရန် ဖြစ်ပါတယ်။ ဆရာကြီးခင်ဗျား..... ဆုံးမသြ၀ါဒ ပြောကြားပေးပါရန် ပန်ကြားအပ်ပါတယ်” ဆိုတဲ့ အစီအစဉ်ကို ကြေညာစဉ်ကပေါ့ဗျာ။ အဲသည်မှာ “ဆုံးမသြ၀ါဒ” လို့ပြောရမယ့်အစား ကျနော့်မှာ လျှာခလုပ်တိုက်ပြီးတော့ “အုံးမ ဆောဝါဒ” ချည်းဘဲ မှားပြောနေတယ်။ ကျနော့်ဟာ ကျနော် မှားမှန်းသိလို့ ပြင်ပြောဘို့ ကြိုးစားလေလေ “အုံးမ…အုံးမ…” နဲ့ ထစ်ပြီး ပိုမှားလေလေဘဲ။ ကျနော်မှားလိုက်တိုင်း စင်အောက်က ကျောင်းသားတွေဆိုတာ…. ဘာပြောကောင်းမလဲ…. ရယ်လိုက်ကြတာ တအုံးအုံးပေါ့။ ပိုဆိုးတာက ဆရာကြီးက စင်မြင့်ပေါ်လည်းရောက်လာရော ဘာပြောသလဲဆိုတော့... “ ဧကန္တတော့…. အခမ်းအနားမှူးစာရွက်ထဲမှာ အုံးမ လို့ မှားရေးထားပြီ ထင်တယ်” တဲ့။ အဲသလိုလည်း မှတ်ချက်ချလိုက်ရော… ဟာ၊ အောက်က ပရိတ်သတ်ဆိုတာ ပတ်တုပ်လို့ မနိုင်တော့ဘူး။ တဝေါဝေါ ပွဲကျ ကုန်ကြတာပေါ့။ အဲသည်တလောက ကျနော်ကိုပေါ အကောင်းစားလေးခမြာမယ် သူငယ်ချင်းတွေက “အုံးမ” “အုံးမ” နဲ့ လိုက်နောက်တာ အတော်လေး ခံလိုက်ရသဗျ။

အခုလည်း ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အကြားမှာ Vote No နဲ့ No Vote ကို ပြောကြရလွန်းလို့ ထင်တယ်။ လျှာခလုပ်တိုက်ပြီး “ဗိုးနုတ်”တွေ “နုတ်ဗိုး”တွေနဲ့ မှား မှားပြောသူတွေ စင်္ကာပူက အစည်းအဝေးတွေမှာ မကြာခဏကြုံရတယ်။ ဒါပေမယ့် ကိုယ့်တုန်းက သူများတွေ ရယ်သလိုတော့ အသံထွက် ရယ်လို့ ဘယ်ဖြစ်မတုန်း။ အစည်းအဝေးမှာ အားလုံးက မျက်နှာထိ မျက်နှာထားကြီးတွေနဲ့ အသည်းအသန် ဆွေးနွေးနေတာမို့လား။ ဒီတော့ သတိမထားလိုက်မိသလို ခပ်တည်တည် မျက်နှာသေလေးဖမ်း၊ စူးစိုက်နားထောင်နေသလိုလိုနဲ့ ၀မ်းထဲက ကျလိကျလိဆိုပြီး အလိပ်လိုက် အလိပ်လိုက် တက်လာတဲ့ ရယ်ချင်စိတ် လှိုင်းလုံးကြီးကို မနည်းကျိတ်မှိတ်ပြီး ချွန်းအုပ်ဘို့ ကြိုးစားရတာပေါ့။

ဘာဘဲဖြစ်ဖြစ်….အခုတော့ လူထုဆန္ဒခံယူပွဲကြီးက တရှူးရှူးတရှဲရှဲနဲ့ အရှိန်ရလာတဲ့ ရေနွေးငွေ့စက်ခေါင်းကြီးလိုဘဲ။ ရပ်တန့်ဘို့ လမ်းလွှဲဘို့ မဖြစ်နိုင်တော့ဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းသလိုဘဲ ကန့်ကွက်မဲ သွားထည့်ရတော့ပေမပေါ့။ စင်္ကာပူမှာလည်း ဒီလိုဘဲ လုပ်ကြဘို့ အားလုံး တိုင်ပင်ကြ သဘောတူကြပြီးပြီမဟုတ်လား။ အများညီတော့ “ဤ” ကို “ကျွဲ” ဖတ်ရတော့ပေမပေါ့။

အင်း……..ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကြီးကိုသာ ညည်းပစ်လိုက်ချင်တော့တယ်။

“ဖြစ်ချင်တာလည်း မဖြစ်ရပါ…..မဖြစ်ချင်တာလည်း ဖြစ်ရတာ” ဆိုတာလေ။

သို့ပေမယ့်လည်း….အဲ…တဲ့ပေါ့လေ။ ကိုမွှေးရဲ့ ကဗျာလေးကို တနေရာမှာ သွားဖတ်မိသဗျ။ ကျနော်ကိုယ်တိုင်လည်း လာမယ့် တနင်္ဂနွေနေ့မှာ မျက်လှည့်ဝိုင်းဘေး ငုတ်တုတ်ထိုင်သူတွေထဲက တယောက်…အမယ်မင်း… ဖြစ်ရတော့မယ်….ဟယ့်…အယ်။
အောက်မှာ ကိုမွှေးကဗျာလေး ကြိုက်လို့ ထည့်ပေးလိုက်ပါတယ်။ (ပိုင်ရှင်ကိုမွှေးရေ…ခွင့်မတောင်းဘဲ ထည့်လိုက်မိတာ ခွင့်လွှတ်ပါဗျာ။)

“ဆန္ဒခံယူပွဲ”

လူသတ်သမားဟာ ၀ိုင်းထဲဝင်လာတယ်
မောင်းကွဲတလုံးကို ကောက်ကာငင်ကာ တီးတယ်
မျက်လှည့်ပြတော့မယ် …။

ဖမ်းဟယ် … ဆီးဟယ် … နှက်ဟယ် … သတ်ဟယ်
ကြီးကြီးငယ်ငယ် ရွယ်ရွယ်ပျိုပျို
ဗြုန်း … ဆို တုန့်ဆိုင်း
မျက်လှည့်ဝိုင်းဘေး
ငုတ်တုတ်လေးတွေ …။

တချို့က
ဟဲ့ … ရှူး တိုးတိုး
သူစိတ်ဆိုးမယ်
ငြိမ်ကြည့်ကွယ် … တဲ့။

တချို့က
ရုတ်တရက်ထ
ပီယဆေးဝယ် …။

အလောင်းကတော့
ဘေးမှာ စင်းစင်း
သွေးချင်းနီတုန်း …။ ။

ကိုမွှေး
Read more

“စန္ဒကိန္နရီ”

ဂန္ဓမာ စန္ဒာတောင်
စုံမြိုင်နန်းမှာ
ဖူးပွင့်ကြတဲ့ ပန်းမာလာ…
ဆင်းရနံ့ကဖြာ…
ငှက်ပေါင်းရယ် သာရကာ
သံစာစာနဲ့
မြူးတူး…ပျော်ကြ….ရှာ။

မြောင်သီလာ
သီတာဗွေစွန်
ရေတံခွန်ဖြာ
မြသွေးရယ်ကြည်လင်စွာ
ခွေကာရစ်လည်
မြစ်နဒီ စန္ဒပါ။

သဲငွေသောင်
သောင်ယံဦး…မှာ
စန္ဒာစန္ဒီ ကိန္နရီတို့မှာ
ပန်းပေါင်းထွေထွေ
ပြာရွှေနီဝါ
ဆင်မြန်းကာဘဲ
ကခုန်မြူးရှာ
နန်းမူ..နန်းရာ
ဆန်လှတာ
ရွှေလည်တွဲ အောင်ပွဲခံကာ
ပျော်ကြရှာ။

လှမ်းမယ်…ပ
မြန်းစို့ ကိန္နရီ
ကိန္နရာ..တူမကွာ
တွဲကာ နွှဲကာ ၀ဲကာပျံကြ
တွဲကာ.. နွှဲကာ.. ၀ဲကာပျံကြ..
ပန်းစုံစွာ
ဂနိုင်တွင်း ကြိုင်သင်းလို့သာ
ပန်းစုံစွာ….
သြော်…ဂနိုင်တွင်း ကြိုင်သင်းလို့သာ
ဖို…မ သံချိုထူးလို့သာ
ငွေသောင်ယံ
ရွှေတောင်ပံ
မခွဲရက်အောင်
နွှဲ….ယှက်ပျော်တာ။

ထိုစဉ်အခါ
ဗာရာသနင်း
မင်းဗြဟ္မဒတ် ဘုရင်ရာဇာ
အဖော်မပါ တကိုယ်တည်းသာ
လေးတော်ထမ်းကာ
မြိုင်နန်းဟေမ၀ါ
ရောက်လို့လာတာ။
ကိန္နရီ ကိန္နရာ
နှစ်ဖော်ကြင်ရာ
ပျော်ရွှင်နေတာ
မြင်လိုက်တော့ကာ….။

မင်းဘုရင် အတင်းပင်
မြိုင်နန်းသူ ကိန္နရီ
ဒေ၀ီခင်ရဲ့အပေါ်
မေတ္တာတော် ထားဘို့ကြံရာ…
သူ့လင်သက်ဝေ..
ချစ်သူဆွေကို..
ဇီဝိန်ကြွေအောင်
စိန်စက်မြားနဲ့
တအားလွှဲပစ်ကာ
သနား….မညှာ
မင်းဗြဟ္မဒတ်ရာဇာ။

အို……ငွေမှုန်ကြဲ
သဲသောင်ယံမှာ
လောင်းမြတ်ကိန္နရာ…
အို…မြားနဲ့ခွင်း…ပါလို့
ချစ်မယားမှာ
သောကဖြာ
စီးကျ…မျက်ရည်တွေတွေ
လင်ရွှေတုံ
ဂမုန်း….မယ့်သက်လျာ
အို…ဆုံး…ဆုံးပေါ့တခါ
အသဲအူ ပူအောင်ဖန်လို့သာ
ပွေ့ယူ…ရင်ခွင်ထဲမှာ
ငိုမစဲ ရှိုက်ငင်သည်းထန်စွာ။

သည်စဉ်အခါ ဗြဟ္မဒတ်ဘုရင်မင်းမှာ
မျက်နှာချိုသွင်းကာ
ချစ်စကားပြောဘို့ အနားကိုကပ်ခါ
“ပျိုကိန္နရီ…မောင်ဘုရားကိုသနား..
မေတ္တာတော်ထားရင်
မိဘုရားမြှောက်ကာ လက်ယာထားမှာ…”

ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲ ဖွဲစကွဲ ထင်ကာ
ရက်စက်စွာ…ပြောသော်လည်း…
ချစ်လင်ကလွဲ ဖွဲစကွဲ ထင်ကာ
အတင်း..ငြင်း…
မချစ်နိုင်ပါ။
သေပေမယ့်လည်း
မခွဲခွာဘူး
ပျို့ချစ်ဦးသာ…။

သစ္စာဆို တိုင်တည်ထား၊
သိကြားမ ကာ အသက်ရှင်လာ
ပျော်မြူးစွာ ကိန္နရီ ကိန္နရာ
မောင်မယ်ချစ်ကြောင်း
နှစ်ပေါင်း…. နှစ်ထောင်ပင်ကြာ။

ဘာကြောင့်မှန်းမသိ စန္ဒကိန္နရီ သီချင်း ရင်ထဲရောက်လာသဖြင့် မှတ်မိသလောက် ပြန်ရေးချလိုက်ပါသည်။ သီချင်းရေးသူကို မမှတ်မိတော့ပါ။ စတင်သီဆိုသူမှာ ခေတ်ဟောင်းအဆိုတော် မလှရွှေထင်ပါရဲ့။ နည်းနည်းပါးပါး စာသားအမှားအယွင်းပါသွားလျှင် ကျွန်တော်ကိုပေါ၏ မေ့လျော့မှုကြောင့်သာ ဖြစ်ပါကြောင်း။

စာကြွင်း။ ။ဤသီချင်းလက်ဝယ်ရှိသူများ MP3 format ဖြင့် ကျနော့်ထံ ပေးပို့ပေးနိုင်ပါက အင်မတန်ကျေးဇူးတင်မည်ဖြစ်ပါသည်။



Read more

“ဗိုလ်အောင်ဒင်ဟေ့.. ဗိုလ်အောင်ဒင်”

သူမ၏မျက်စိပေါ်တွင် စည်းနှောင်ပိတ်ဖုံးထားသည့် အ၀တ်ကို ဖယ်ရှားလိုက်ပြီးနောက် လက်ထဲ၌ သူမဆုပ်ကိုင်ထားမိသော လက်ကိုင်ပုဝါစကို မြင်လိုက်ချိန်တွင် မမြ၀င်း၏ နှုတ်မှ အာမေဋိတ်စကားတခွန်း လွှတ်ကနဲ ထွက်သွားသည်။

“ဟင်….ကိုကိုချစ် လက်ကိုင်ပုဝါပါလား”
*******************************************************
ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ကူးတဲ့ နာမည်ကျော် “ဗိုလ်အောင်ဒင်” ရုပ်ရှင်ဇာတ်ကားကို ကြည့်ဘူးသူတိုင်း အထက်ပါ ဇာတ်ဝင်ခန်းကလေးကို သတိရကြမယ်ထင်ပါတယ်။ အဲဒီ ဇာတ်ဝင်ခန်းဟာ ဇာတ်လမ်းရဲ့ အထွတ်အထိပ်လို့လည်း ပြောလို့ရနိုင်ပါတယ်။

ဇာတ်လမ်းကျောရိုးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတခု။ အဓိက ဇာတ်ကောင်များ အနက် တဦးမှာ နာမည်ကျော် စီအိုင်ဒီ ရဲအရာရှိ ဦးဘချစ်။ နောက်တဦးက ဦးဘချစ်နှင့် လက်ထပ်တော့မည့် ချစ်ဇနီးလောင်း မိန်းမချောကလေး မမြ၀င်း။ ပြီးတော့ ဓားပြခေါင်းဆောင် လူဆိုးဗိုလ် ဗိုလ်အောင်ဒင်။

ရှစ်လေးလုံးအရေးအခင်း (၁၉၈၈) နောက်ပိုင်းမှ လူ့လောကသို့ ရောက်လာကြကုန်သော၊ ကျွန်ုပ်တို့ကဲ့သို့ “မဆလ ခေတ်ကောင်းကြီး” ကို (ဤအသုံးအနှုန်းအား သဘောမတူသူအပေါင်းတို့ ကျနော့်အား မဆဲရေးဘဲ လက်ရှိခေတ်ဆွေးခေတ်ပျက် ကြီးကိုသာ ဆဲရေးကြပါကုန်။ လူကြီးတွေ ပြောပြောနေတဲ့ ကာလနာတိုက်တယ်ဆိုတာ အခု နအဖခေတ်မျိုးကို ဆိုလိုတာထင်ပ။) …အဲအဲ ပြောရင်းနဲ့ စကားတွေ ချော်ကုန်ပြီ။ အဲသည် မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီအုပ်ချုပ်သော ခေတ်ကြီးကို ကံဆိုးမိုးမှောင်ကျစွာ မသိမီလိုက်ကြ ကုန်သော လူငယ်လူရွယ်၊ လူမမယ်တို့ နားလည်စိမ့်သောငှာ အကျွန်ုပ် လူလတ်ပိုင်းအရွယ် ရှုစဖွယ်အဆင်းနှင့် ပြည့်စုံသော ကိုပေါမှ ဇာတ်လမ်းကျောရိုးကို အနှစ်ချုပ်ပြောပြပါအံ့။ ကျွန်ုပ်ထက် ကြီးရင့်ကုန်ကြသော (အသက်အရွယ်ကိုသာ ဆိုလိုပါကြောင်း) အန်တီတို့၊ မမတို့၊ ဒေါ်ဒေါ်တို့၊ ဦးဦးတို့၊ ကိုကိုတို့ အနေဖြင့် အဆိုပါ အနှစ်ချုပ်အပိုင်းအား ကျော်လှန်ဒေထ လုပ်လိုက လုပ်ကြပါကုန်။ ဇာတ်လမ်းမှာ ခင်မောင်ရင်တို့ မေမေ၀င်းတို့ (မဆလ မတိုင်ခင်)ခေတ်များဆီက ခေတ်ဟောင်းကားဖြစ်ပြီး မဆလ ခေတ် လူဖြစ်ကြသော ကျနော်တို့တတွေ ကြည့်ခွင့်ရခဲ့သေးကြောင်းဆိုလိုခြင်းမျှသာ ဖြစ်ပါကြောင်း။

ဗိုလ်အောင်ဒင်ဆိုသော အနှီဇာတ်ကောင်သည် နဂိုက ဓားပြမဟုတ်။ မွေးရာပါ ဓားပြမဟုတ်ဟု ပြောချင်သည်မဟုတ်။ မူလက လူရိုးလူကောင်းဟု ဆိုလိုခြင်း။ သူ့အဆိုအရ ပြည်မြို့က စက်သူဌေးဦးသင်းက သူ့လယ်တွေ၊ မြေတွေ၊ စာချုပ်တွေကို မတရားသိမ်းသွားဖြင့် စီးပွားပျက်သွားကာ တနေ့တွင် ရန်ကုန်သို့ အဆင်း လမ်းခရီးတွင် ပင်ပင်းတိုးသော ဦးသင်းကို မတော်တဆ သတ်မိသွားသည်။ အဲသည်ကစလို့ တပည့်ဖြစ်သူ သုခ၏ မြှောက်ထိုးပင့်ကော်လုပ်မှုကို နားယောင်ခြင်းဖြင့် ဓားပြအဖြစ်ကို ရောက်ရှိသွားသူ။ တကတဲ…သူ့အပြစ်ကို တပြားသားမှ မပါဘူး။ အသတ်ခံရသူ ဦးသင်းရဲ့ ခြောက်လုံးပြူးကို ရသွားတဲ့ အချက်ကလည်း ဓားပြဖြစ်ဘို့ အထောက်အကူပြုလိုက်သွားတဲ့ အချက်တချက်ပါဘဲ။ အဲအဲ…ဓားပြဖြစ်သွားပေမယ့် သူ့ပင်ကိုယ်က သနားကြင်နာတတ်တယ်။ ကတိတည်တယ် ဆိုကိုးဗျ။

သူ့ဘ၀မှာ ပထဦးဆုံးအကြိမ် ဓားပြတိုက်တာကလည်း ပြည်မြို့က မမြ၀င်းတို့ သားအမိ (မမြ၀င်းနဲ့ မမြ၀င်းအမေ) အားကိုးရာမဲ့ မိန်းမသားနှစ်ဦးတည်းနေတဲ့အိမ်ကို ၀င်ပြီး ဓားပြတိုက်တာ။ အဘွားကြီးက အမျိုးမျိုးတောင်းပန်၊ သမီးဖြစ်သူ မမြ၀င်းကလည်း ရုပ်ကလေးကလှပြန်ဆိုတော့ အဲဒီ သနားကြင်နာတတ်ရုံမက နှာဘူးလည်းကျတတ်ဟန်တူတဲ့ ဗိုလ်အောင်ဒင်ဟာ တန်ဘိုးကြီးတဲ့ ရွှေငွေလက်ဝတ်ရတနာမှန်သမျှ ဘာမှမယူတော့ဘဲ နောက်ဆုံးမှာ ရန်ကုန်သွားဘို့ လမ်းစရိတ်ငွေတဆယ်ကိုသာ တောင်းယူသွားတော့သတဲ့။ မိုက်လိုက်တဲ့ ကိုယ့်လူနှယ်။ မ..ဘက်လိုက်တော့ မိုက်ဘက်ပါ ဆိုတာ ဒါမျိုးဘဲ ဖြစ်မယ်။

ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ ဗိုလ်အောင်ဒင်နေရာက သရုပ်ဆောင်တာ အဲသည်ခေတ်က ပျိုတိုင်းကြိုက်တဲ့ မင်းသားချော ခင်မောင်ရင်။ ဘာပြောကောင်းမလဲ။ ဓားပြကနေပြီး ဟီးရိုးဇာတ်ကောင်ကြီး ဖြစ်သွားလိုက်တာများဗျာ။ “မဲ့ပြုံးလေး ပြုံးလိုက်တာ စွဲလောက်တဲ့ ဗိုလ်အောင်ဒင်”၊ “ရွှေမျက်မှန် ကိုလူချော ဗိုလ်အောင်ဒင်”၊ “ဥပဒေနဲ့ လောင်းကစားတဲ့ ဗိုလ်အောင်ဒင်” စသဖြင့် ၀ိသေသထူးတွေနဲ့ ပရိသတ် အစွဲကြီး စွဲကြတာပေါ့။ အို….မဆီမဆိုင်….လူပုံ ဖြူသွဲ့သွဲ့ နဲ့ ကနွဲ့ကလျ လမ်းလျှောက်တတ်တဲ့ ဗိုလ်ချုပ်ခင်ညွန့် အချောစားကလေးကိုတောင် ပြေးသတိရမိလိုက်သေးတော့။

အဲဂလိုနဲ့ ရန်ကုန်ရောက်တော့ ဗိုလ်အောင်ဒင်ဂိုဏ်းက တစတစ ကြီးထွားလာပြီး ရန်ကုန်မြို့လယ်ခေါင် မဂိုလမ်းတို့ ဘာတို့မှာတောင် နေ့ခင်းကြောင်တောင် ဓားပြတိုက်တဲ့ အထိ အတင့်ရဲလာတယ်။ သတင်းစာတွေကလည်း ပုလိပ်တွေ အစွမ်းအစ မရှိပုံကို ဝေဖန်ကြတာပေါ့။ သြော်..ဒါလား။ အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့်ရှိတယ်ကွဲ့။ မောင်မင်းတို့ ခေတ်နဲ့ မတူဘူး။ ကြားလား…ကလေးတွေ၊ အတွန့်တက်မယ် မကြံနဲ့။

သတင်းစာတွေက အမျိုးမျိုး အော်လာတော့ နောက်ဆုံးမှာ ပုလိပ်မင်းကြီးခမြာ မနေသာတော့ဘဲ အရည်အချင်းရှိတဲ့ ပုလိပ်စုံထောက် မောင်ဘချစ်ကို ခွင့်နဲ့အနားယူနေရာက ရန်ကုန်ကို အမြန်ဆုံးပြန်ခေါ်ပြီး တာဝန်ပေးရတယ်။ (မှတ်ချက်။ ။စုံထောက်ဆိုတာက အမည်လှသော်လည်း ပြောင်းပြန်လှန်ရင် အဓိပ္ပါယ်ကောင်းတဲ့ စကားလုံးမဟုတ်။) အဲဒီအချိန်က စုံထောက်အရာရှိ မောင်ဘချစ်က ပြည်မြို့က ရွှေဆံတော်ဘုရားကြီးမှာ သူ့ချစ်သူ မမြ၀င်းကလေးနဲ့ နှစ်ကိုယ်သစ္စာထားနေတဲ့အချိန်ပေါ့။

ဦးဘချစ်ခမြာလည်း ရန်ကုန်ကို အရေးပေါ် ပြန်လာပြီး လိုက်လံစုံစမ်းတော့ ဗိုလ်အောင်ဒင် ဆိုတဲ့ ငနဲဟာ အဲသည်ခေတ်က လူကုံတန်အသိုင်းအ၀ိုင်းမှာ အရမ်းဝင်ဆန့်တယ်။ ပါတီကြီးတွေ အကြီးအကျယ်ပေး။ ကလပ်တွေဘာတွေမှာ လောင်းကစားကြပြန်ပြီဆိုရင်လည်း အကြီးအကျယ် ငွေအရှုံးခံနိုင်တယ်။ လုံးဝ မမှုဘူး။ အလုပ်ကလည်း မယ်မယ်ရရမရှိ၊ မိဘမျိုးရိုးက ချမ်းသာလှတာမဟုတ်ကြောင်းသိလာရတဲ့အခါမှာ ပုလိပ်မျက်စိနဲ့ မသင်္ကာစရာ ဖြစ်လာတော့တာပေါ့ခင်ဗျာ။ တကယ်ဆိုရင် ဒီဘက်ခေတ်မှာ ဦးတေဇတို့လို ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကြီးပွားလာမျိုးဆိုရင်တော့ ဘာ မသင်္ကာစရာရှိသလဲပေါ့။ ဟုတ်ဘူးလား။

ဒီတော့ ဦးဘချစ်တို့က နောက်ယောင်ခံ စောင့်ကြည့်နေတုန်းမှာ ဗိုလ်အောင်ဒင်ရဲ့ တပည့် တယောက် အမှားလုပ်တယ်။ နာမည်က ရာမ တဲ့။ သူက ဗိုလ်အောင်ဒင်ကို သိပ်ကြည်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ သူ့ဘာသာသူ သပ်သပ် တစင်ထောင်ချင်နေတဲ့သူ။ အဲဒီ ရာမက ဓားပြတိုက်ရင်း ဗိုလ်အောင်ဒင်အတန်တန်မှာထားတဲ့ ကြားက သေနတ်ကို ထုတ်သုံးမိလို့ လူသတ်မှုဖြစ်တယ်။ သတင်းကြားတော့ ဗိုလ်အောင်ဒင်က ရာမ ပုန်းနေတဲ့နေရာကို လိုက်သွားတယ်။ အဲသည်မှာ နောက်တကြိမ် သေနတ်ပစ်မှုထပ်ဖြစ်ပြီး ရာမလက်ချက်နဲ့ ရာမရဲ့ဇနီး သိန်းရင် သေသွားပြန်တယ်။ သေမှာပေါ့။ ပစ်မယ်မှန်းသိသိနဲ့ ဗိုလ်အောင်ဒင်က သိန်းရင်ကို ရှေ့ကထားပြီး ရာမပုန်းနေတဲ့ အခန်းထဲကို ၀င်လိုက်တာကိုး။ အဲသည်အချိန်မှာဘဲ နောက်ယောင်ခံလိုက်လာတဲ့ ဦးဘချစ်တို့ ရဲတွေ ရောက်လာပြီး အားလုံးကို လက်ရဖမ်းတယ်။ ရာမက ဗိုလ်အောင်ဒင်ကို အစကတည်းက မုန်းနေသူပီပီ အကုန်ဖော်တယ်။ ဖော်တယ်ဆိုလို့ တလွဲမတွေးကြနဲ့။ ပုလိပ်ကို ဗိုလ်အောင်ဒင်ဟာ သူတို့ ခေါင်းဆောင် ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်ဘဲလို့ ထုတ်ပြောတာကို ပြောတာ။

ဦးဘချစ်က ဗိုလ်အောင်ဒင်ကို ဒီမတိုင်မီကတည်းက ရင်းနှီးကြသူတွေ ဖြစ်တာလည်း ပါမယ်။ နောက် ဗိုလ်အောင်ဒင်က လူကုံထံအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်သူဆိုတော့ သူ့အနေနဲ့ သက်သေမခိုင်မာသေးတဲ့ အမှုတခုမှာ ဗိုလ်အောင်ဒင်ကို ရဲစခန်းမှာ ချက်ချင်းဖမ်းမချုပ်နိုင် သေးတာကြောင့်လည်း ဖြစ်နိုင်တယ်။ မျက်နှာကြီးတရားခံဆိုတော့ သူ့အိမ်မှာဘဲ ရာဇ၀တ်အုပ်ကလေးအစောင့် အရှောက်နဲ့ ခဏခေါ်ပြီး ရဲစစ်ချက်ယူဘို့ ကြိုးစားတယ်။ ဒါပေမယ့် ရဲစခန်းမှာ မထားဘဲ သူ့အိမ်မှာ ခေါ်ထားလိုက်တဲ့အချက်ကတော့ ဦးဘချစ် တော်တော်ရှော်တယ် ဆိုရမယ်။

ဗိုလ်အောင်ဒင်က ပြောတာကတော့ “ကျုပ်တပည့် ရာမက ကျုပ်ကိုမုန်းလို့ပြောတာနဲ့ ကျုပ်က ဓားပြဗိုလ်ဖြစ်ရရောတဲ့လား။ ခင်ဗျားတို့ ပုလိပ်မှာ ဘာသက်သေမှ မယ်မယ်ရရမရှိဘူး။ ဒီတော့ ကျုပ်အနေနဲ့ကတော့ ၀တ်လုံငှားပြီး ထွက်ပေါက်ရှာမယ်လေ။ ဒါဘဲ” တဲ့။ ဒါပေမယ့် သူ့ဆီက သိမ်းဆည်းရမိထားတဲ့ ပြည်မြို့က စက်သူဌေးဦးသင်းရဲ့ ခြောက်လုံးပြူးကိစ္စနဲ့ ပတ်သက်လို့ တော့ ဦးဘချစ်က ဆက်လက်မေးမြန်းစရာတွေ ရှိနေသေးသပေါ့။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်က မမြ၀င်းတို့ သားအမိကလည်း ရန်ကုန်ကို ဘုရားဖူးလာရင်း ဦးဘချစ်အိမ်မှာ တည်းနေတဲ့အချိန်။ ဦးဘချစ်က ဗိုလ်အောင်ဒင်ဆီက စစ်ချက်ယူစကား ပြောတုန်း ဦးဘချစ်ကို သူ့အထက်လူကြီး (ရဲမင်းကြီး)ကလှမ်းခေါ်လို့ ဦးဘချစ် ချက်ချင်း သွားရတယ်။ သွားကာနီးမှာ “ဦးအောင်ဒင်၊ လူကြီးလူကောင်းတယောက်လို နေရစ်မယ်လို့ ကျနော်ယူဆပါတယ်” လို့ ပြောပြီး ရာဇ၀တ်အုပ်ကလေးတယေက်ရဲ့ စောင့်ရှောက်မှုနဲ့ ဗိုလ်အောင်ဒင်ကို သူ့အိမ်မှာ ခဏထားရစ်ခဲ့ရတယ်။

အဲသည်တချိန်လုံးမှာ မမြ၀င်းက ဧည့်ခန်းထဲမှာ စန္ဒရားတီးဘို့လုပ်နေတုန်း စန္ဒရားက ကီးကြောင်နေလို့ အခက်တွေ့နေတယ်။ ဦးဘချစ် ထွက်မသွားခင်က ပြင်ပေးဘို့ နားပူတော့လည်း သူပြန်လာမှ ပြင်ပေးမယ် ပြောသွားတယ်။ အဲဒီမှာ ဗိုလ်အောင်ဒင်က နည်းနည်းပါးပါး နားလည်တော့ ၀င်ပြင်ပေးလိုက်တယ်။ မမြ၀င်းကလည်း ဗိုလ်အောင်ဒင်ကို တီးတတ်ရင် တလက်စတည်း သီချင်း တပုဒ်လောက်တီးပြပါဆိုတော့ နံဘေးက ရာဇ၀တ်အုပ်ကလေးရဲ့ ခွင့်ပြုချက်နဲ့ ဂန္ဓမာတောင် ဘွဲ့ကို ဆိုတီး တီးပြရတယ်။ သီချင်းတ၀က်လောက်ရောက်တော့ မမြ၀င်းနဲ့ ရာဇ၀တ်အုပ်ကလေး ဂီတရေယဉ်ကြောမှာ နစ်မျောနေတုန်း ရုတ်တရက် ၀ုန်းကနဲ ထတည့်ပြီး ရာဇ၀တ်အုပ်ငနဲကို လက်သီးစာကျွေး၊ ကြိုးနဲ့တုပ်၊ သူ့တပည့်သုခကို လှမ်းခေါ်၊ ကားနဲ့ စောင့်ခိုင်း။ မမြ၀င်းကိုပါ ဓားစာခံခေါ်ပြီး ကရင်တွေနေတဲ့ တောင်ပေါ်ဒေသကို ကားတတန်၊ ဆင်တတန် ထွက်ပြေးတော့တာဘဲ။ အမှန်ကတော့ ကားနှစ်တန်ခွဲ၊ ဆင်သုံးတန်လောက်ဆိုရင် ပိုမှန်မယ်။ စကားစပ်မိလို့ ပြောရရင် ဘဘလီတို့ ကျွန်းနိုင်ငံမှာ ဟိုတလောက အချုပ်စခန်းကနေ လွတ်ပြေးတဲ့ မက်စ် ဆီလာမက် ကတော့ စန္ဒယားတီးရင်းက ထွက်ပြေးတာတော့ ဟုတ်ဟန်မတူဘူး။ အိမ်သာတက်ရင်း ထွက်ပြေးရတာဆိုတော့။

တောင်ပေါ်စခန်းကို ရောက်တော့ ဗိုလ်အောင်ဒင်တယောက် မမြ၀င်းရဲ့ အမုန်းဒဏ်ကို ခံရ။ ဒါပေမယ့် သိတယ်မို့လား။ ဗိုလ်အောင်ဒင်အဖို့ကျတော့ ပထမဦးဆုံးအကြိမ် ဓားမြတိုက်က တည်းက မမြ၀င်းကို တဖက်သတ် စွဲလမ်းခဲ့တာလေ။ ဒီတော့ အခုလို ပြန်တွေ့ရတဲ့အချိန်မှာ… ရင်မှ အကြင်နာ ညင်သာစွာဘဲ နိုးထလာပြန်ပြီ… ဖြစ်ကုန်တော့တာပေါ့။ မမြ၀င်းကတော့ ခါးခါးသီးသီးပေါ့။ သူ့မှာ လက်ထပ်တော့မယ့် ရည်းစားကြီး ငုတ်တုတ် ရှိတာမဟုတ်လား။

တနေ့မှာ ထုံးစံအတိုင်း သုခရဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုနဲ့ မမြ၀င်းကို အကဲစမ်းဘို့ ဗိုလ်အောင်ဒင်က ကြိုးစားတယ်။ အဲသည်မှာ မမြ၀င်းက ဗိုလ်အောင်ဒင်ကို အသင့်ဝှက်ထားတဲ့ ဓားနဲ့ တွက်လိုက်တာ ဗိုလ်အောင်ဒင် အီတွန့်ပွမ်သွားတယ်။ ဒါပေမယ့် ဗိုလ်အောင်ဒင်က လူဆိုးပေမယ့် ကြင်နာသနားတတ်တယ်လေ။ အပြစ်မယူပါဘူး၊ ဗွေမယူပါဘူးပေါ့ကွယ်။ မမြ၀င်းကိုတော့ တော်တော်လန့်သွားပုံရတယ်။ အဲဒါနဲ့ သူတော်ကောင်းကြီး ဗိုလ်အောင်ဒင်က သူ့တပည့် သုခကို မှာတယ်။ မမြ၀င်းကို ကောင်းကောင်းမွန်မွန် ပြန်ပို့ပေးလိုက်ပါပေါ့။

ဒါပေမယ့် မမြ၀င်းက အဲသည်မှာ ဗိုလ်အောင်ဒင်ကို စပြီး ဂရုဏာသက်တယ်။ သူထိုးလိုက်တဲ့ ဓါးဒဏ်ရာ ပျောက်တော့မှ ပြန်တော့မယ်ပေါ့။ မြ..အဲသည်လောက်အထိ မရည်ရွယ်ပါဘူး။ ဒါကြောင့် ဖွဖွလေး ထိုးလိုက်တာပါ..ဘာညာပေါ့။ အဲသလိုနဲ့ အိုးချင်းထား၊ အိုးချင်းထိပြီး သံယောဉ်ဇဉ်တွေဖြစ်ကြ။ ကလေးတို့ရေ…ဒီနေရာမှာ စကားဖြတ်ပြီး ပြောရရင်… သင်ခန်းစာက ကိုယ့်ကို မုန်းနေတဲ့ မိန်းမတယောက်ရဲ့ အချစ်ကို ရချင်ရင် အဲဒီမိန်းမရဲ့ ဓားနဲ့ အထိုးခံဘို့ အရင်ကြိုးစားရမကွဲ့။ ပြီးမှ ကိုယ်ကခွင့်လွှတ်ပြလိုက်။ ဘယ်မိန်းမမှ မခံနိုင်ဘူး။ ကြွေဆင်းသွားမယ်။ အဲ…အဲ…ဓားဒဏ်ရာနဲ့ ကိုယ်က အရင် ကြွေမသွားဘို့တော့ လိုသပေါ့ ကွယ်။ (ဒေါက်တာနေ၀င်းမောင်တို့ ပြောပြောနေတဲ့ ကိုယ့်ဘက်က သဘောထားကြီးပြရေး ဖီလော်ဆော်ဖီဆိုတာ ဒါမျိုးပေါ့ကွယ်။)

မမြ၀င်းလေးခမြာမှာ သူ့အမေကိုလည်း ပူပန်၊ ကိုကိုချစ်ကိုလည်း သတိရ၊ ဟော အခု ဗိုလ်အောင်ဒင်နဲ့ကလည်း သံယောဇဉ်တွေ ဖြစ်ဆိုတော့ သူခံစားနိုင်တာထက် အများကြီးပိုပြီး ခံစားမှုတွေပေါင်းစုံအမျိုးသားညီလာခံကြီးကျင်းပလိုက်တော့ နောက်ဆုံး ဗုန်းဗုန်းလဲကျ နာမကျန်းဖြစ်တော့တာပေါ့။ အဲဒါနဲ့ဘဲ ပြည်မြို့က ဒေါက်တာစံသိန်းကို တဖက်လှည့်နဲ့ ညကြီးမင်းကြီး လူနာပင့်ခေါ်။ ပေါင်းတည်မှာ လူနာကြည့်ဘို့လို့ ညာပြောပြီး မြို့နဲ့ဝေးလာတော့မှ မျက်စိကို အ၀တ်စည်း။ တောင်ပေါ်ကို ဆင်နဲ့ ပင့်ခေါ်။ မမြ၀င်းကိုနာမကျန်းဖြစ်တာကို ဆေးကုသခိုင်း။ လူနာရောဂါပျောက်မှ ခြေကြွခ ရက်ရက်ရောရော ပေးပြီး ပြန်လွှတ်။ အပြန်မှာလည်း မျက်စိအ၀တ်စည်းသေးတယ်တဲ့။ အခုခေတ် စစ်ထောက်လှမ်းရေးတွေ ကျောင်းသားတွေကို ဖမ်းရင် မျက်စိကို အ၀တ်စည်းတာ ရွှေဒုံးဘီအောင်ရဲ့ ပယောဂ မကင်းဘူး။

ဦးဘချစ်တို့ပုလိပ်အဖွဲ့က ဒေါက်တာစံသိန်းရဲ့ မှန်းဆထွက်ဆိုချက်အရ ဖြစ်နိုင်ချေ ရှိတဲ့ နေရာတွေကို တောနင်းရှာ။ နောက်ဆုံးမတော့ ဗိုလ်အောင်ဒင်တို့ စခန်းနားလည်း ရောက်ရော ဗိုလ်အောင်ဒင့်တပည့်တွေ ခြုံခိုတိုက် ဖမ်းဆီးတာကို ခံရပြီး ကျားရှေ့မှောက်လျက်လဲဆိုသလို ဗိုလ်အောင်ဒင်ရဲ့ ရှေ့တော်မှောက်ကို ရောက်လာခဲ့ရတယ်။

သူ့လက်ခုပ်ထဲက ရေဘ၀ရောက်လာပေမယ့် ဗိုလ်အောင်ဒင်က သူတော်ကောင်းပီပီ ဦးဘချစ်တို့ကို အဆုံးမစီရင်ပါဘူး။ ဦးဘချစ်က လူသတ်မှုသက်သေခံအဖြစ် သိမ်းထားတဲ့ ပြည်မြို့က စက်သူဌေး ဦးသင်းရဲ့ ခြောက်လုံးပြူးကိုဘဲ ပြန်တောင်းပါတယ်။ ခြောက်လုံးပြူးရရင် ပြန်လွှတ်မယ်ပေါ့။

ဦးဘချစ်အနေနဲ့ကတော့ Duty is duty ပေါ့လေ။ အလုပ်ဝတ္တရားကို ဖောက်ဖျက်ဘို့ မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီး သူ့ကို ဗိုလ်အောင်ဒင်က သတ်လို့သေလိုက်ရတာကမှ ဖြေသာပါဦးမယ်။ အခုလို သူ့ချစ်သူ ဇနီးလောင်း မမြ၀င်းနဲ့ ဗိုလ်အောင်ဒင်တို့ တဦးနဲ့ တဦး မေတ္တာမျှနေတာ မြင်ရတာကကိုဘဲ ရည်စားလူလု ရွှေဥ..အဲလေ..အူနုကျွဲခတ် ဆိုသလို ဦးဘချစ်ခမြာ ပိုပြီး အသည်းနာတာပေါ့။ တကယ်ဆိုရင် မမြ၀င်းနဲ့ သူနဲ့က ပြည်မြို့ ရွှေဆံတော်ဘုရားကြီးမှာ သွေမပျက်ဘို့ သစ္စာထားခဲ့ကြတာမို့လား။

ဗိုလ်အောင်ဒင်ဘက်က ကြည့်ပြန်ရင်လည်း သူက တကယ်တော့ မမြ၀င်းကို အရင်ဆုံး စတွေ့ခဲ့သူ။ ချစ်ခဲ့သူ။ ပထမဦးဆုံးအကြိမ် ဓါးပြတိုက်တုန်းက အားကိုးရာမဲ့တဲ့ မိန်းမသားတွေ ဆိုပြီးတော့ ကျုပ်အနေနဲ့ လမ်းစားရိတ်ငွေတဆယ်ဘဲ ယူခဲ့တယ်မို့လား… ဘာညာ သာရကာနဲ့ ချေးခြောက်ရေနှူးပြီး မမြ၀င်းကို သူ့ဘက်ပါအောင် ငိုပြ။ အခုလောလောဆယ် မမြ၀င်းကလည်း သူ့ကို ပြန်ချစ်နေပြီဆိုတော့ ဦးဘချစ်လက်ထဲ ပြန်ထည့်လိုက်ဘို့ဆိုတာက သဘောထားကြီးတဲ့လူပေမယ့်လည်း ထင်သလောက်မလွယ်။ ဒါကြောင့်ပြောတာ။ လောကကြီးမှာ ကိုယ်မပိုင်တဲ့ သူများပစ္စည်းကို ကူညီချင်လို့ဘဲဖြစ်ဖြစ်၊ ကယ်တင်ချင်လို့ဘဲ ဖြစ်ဖြစ် အတင်းအဓမ္မ ကြာရှည်သဖြင့် လက်ဝယ်ထားရှိတာဟာ မကောင်းဘူးကွဲ့။ အချိန်တန်လို့ ပိုင်ရှင်က ပြန်တောင်းတဲ့အခါကျမှ ဒါကြီးကို ကိုယ်က သံယောဇဉ်တွယ်နေပါပြီ။ ပြန်မပေးနိုင်တော့ပါဘူးဆို…အရပ်ရပ် နေပြည်တော် ကြားလို့ဘယ်တော်ပါတော့မလဲ။ ဟုတ်ဘူးလား။ နေပြည်တော်ဆိုလို့ ကြပ်ပြေးကို ပြေးမမြင်နဲ့ဦး။ ဗမာဆိုရိုးစကားကို ဆိုရိုး စကားလိုဘဲ ရိုးရိုးသားသားဖတ်ကြပါ။ ခင်ဗျားတို့ ခက်တယ်ဗျာ။ ပြောပြောနေရတယ်။

အဲသည်လို ဦးဘချစ်နဲ့ ဗိုလ်အောင်ဒင်တို့ အသီးသီး အသက အသက မမြ၀င်းကို ကိုယ့်ဘက်ယိုင်အောင် အိုဘားမားနဲ့ ကလင်တန်တို့ မဲဆွယ်သလို အပြိုင်အဆိုင် သွေးဆောင်နေတဲ့အချိန်မှာ တကယ်အကြပ်ရိုက်နေရရှာသူကလေးကတော့ မမြ၀င်း။

မမြ၀င်းဘက်က ကြည့်ရင် ဦးဘချစ်က သူ့ချစ်ဦးသူ။ ဘုရားမှာ နှစ်ကိုယ်တူသွေမပျက်ဘို့ သစ္စာထားခဲ့သူ။ လက်ထပ်တော့မယ့်သူ။ ဒီဇာတ်လမ်းမှာ ဗိုလ်အောင်ဒင် ၀င်ဖျက်လို့ သူ့မှာ လှေနံနှစ်ဖက်နင်းတဲ့ မိန်းမဘ၀ကို ရောက်ရတဲ့သူ။ ဒါပေမယ့်လည်း တဖက်ကကြည့်ပြန်တော့ ဗိုလ်အောင်ဒင်ကိုလည်း လုံးလုံးကြီး ပစ်ပစ်ခါခါပြုလို့မရ။ တောင်ပေါ်စခန်းမှာ နေခဲ့စဉ်ခဏ သံယောဇဉ်တွေက ချည်နှောင်ခဲ့ရပြီလေ။ ….အကိုကြီးက မြအပေါ်မှာ ထားခဲ့တဲ့ စေတနာတွေ၊ အကြင်နာတွေ၊ အယုယတွေကို ဟောဒီ မိမြက ဘယ်လိုလုပ် လွယ်လွယ်ကူကူ မေ့ပျောက်လို့ ရနိုင်တော့မလဲ…..။

အဲသလိုနဲ့ မဝေခွဲနိုင်မှုတွေအကြားမှာ မမြ၀င်းခမြာ မျက်ရည်လည်ရွဲနဲ့ ငါးရံ့ပြာလူးသလို ထွန့်ထွန့်လူးအောင် ခံစားနေရရှာသပေါ့။ အဲသည်မှာတင် အကြံကောင်းပေးမယ့် (တတိယအုပ်စုလို) လူတယောက် ပေါ်လာတယ်။ (ဆရာတင်မောင်သန်းကို စောင်းမြောင်း ရေးခြင်းမဟုတ်ပါ။) ဦးဘချစ်နဲ့အတူပါလာတဲ့ ပုလိပ်အရာရှိတယောက်ဘဲ။ သူ့အလိုအရ ဗိုလ်အောင်ဒင်ရော၊ မမြ၀င်းရော၊ ဦးဘချစ်ရော ဘယ်သူမှ မမှားဘူး။ ကံကြမ္မာကကို သည်လိုဖန်တီးလာလို့ သည်စခန်းဆိုက်တာ။ သည်တော့ သည်ကိစ္စမှာလည်း ကံစီမံရာဘဲ။ ကံကြမ္မာကိုဘဲ ဆုံးဖြတ်ခိုင်းမယ်။

“ဦးအောင်ဒင်ကလည်း လက်ကိုင်ပုဝါ တထည်ပေးပါ။ ဆရာဦးဘချစ်ကလည်း လက်ကိုင်ပုဝါ တထည်ပေးပါ။ ဒီလက်ကိုင်ပုဝါနှစ်ထည်ကို သည်ကွပ်ပျစ်ပေါ်မှာ ချထားမယ်။ ဟောဒီက ငါ့တူမကြီးကိုတော့ မျက်စိကို အ၀တ်စည်းရမကွဲ့။ ဦးက ဆွဲဆိုတဲ့အချိန်မှာ ငါ့တူမက ကွပ်ပျစ်ပေါ်မှာ ချထားတဲ့ လက်ကိုင်ပုဝါနှစ်ထည်ကို ဆွဲရမယ်။ စပြီး လက်ထဲကို ဆွဲမိတဲ့ လက်ကိုင်ပုဝါ ပိုင်ရှင်ဟာ ငါ့တူမကြီးရဲ့ ဖူးစာရှင်ပေါ့ကွယ်။” ……လို့ အခါတော်ပေး ဆရာကြီးက အကြံကောင်းပေးတယ်။ မပိုင်လား။ တတိယအုပ်စုမှန်ရင် ဥာဏ်ပညာနဲ့ ပြည့်စုံတယ်မှတ်။

ဦးဘချစ်ရော၊ ဗိုလ်အောင်ဒင်ရော၊ ကျန်တဲ့လူတွေအားလုံးက ဒီအစီအစဉ်ကို သဘောတူကြတယ်။

ဒါပေမယ့် မမြ၀င်းမှာ ပူပန်နေတာ တချက်ရှိတယ်။ “ကိုကိုချစ် သဘောတူနိုင်မှ တူတယ်ပြောနော်။ နောက်တော့မှ မြ ကိုလေ သစ္စာမရှိတဲ့ မိန်းမရယ်လို့ စိတ်နဲ့တောင် မပြစ်မှားရဘူးနော်”

“ကိုကိုချစ် သဘောတူပါတယ် မြ ရယ်”

ဒိုင်လူကြီး တတိယအုပ်စုသမားမှာလည်း ပြောစရာ နည်းနည်းကျန်သေးတယ်။ “….ဒီကိစ္စမှာ တယောက်ယောက်က ရှုံးနိမ့်သွားခဲ့ရင် မင်းမှာသစ္စာ လူမှာကတိ ဆိုတဲ့အတိုင်း….. ”

ဟာ….ဒီလူ ဒီလောက်ပြောနေတာကို ဗိုလ်အောင်ဒင် အားကြီး စိတ်ဆိုးတယ်။ သူ့ကို စော်ကားတယ်လို့ ယူဆတယ်။

“ဘာလဲ….ခင်ဗျားက ကျုပ်ကို ရည်စူးပြီး ပြောနေတာလား။ ဗိုလ်အောင်ဒင်ဟာ ဓားပြဗိုလ် လူဆိုးဗိုလ် ဆိုပေမယ့် ခင်ဗျားတို့ထက် အများကြီး သစ္စာရှိတယ်။ ဒီမှာ….ကျုပ်ရှုံးရင် ပြုံးနေလိုက်မယ်။ ကျုပ်နိုင်ရင်သာ ခင်ဗျားတို့ မျက်နှာတချက်မပျက်ကြနဲ့။ အားလုံး ဒုက္ခရောက်သွားမယ်” တဲ့။

အဲသည်လိုနဲ့ မမြ၀င်းတယောက် မျက်နှာကို အ၀တ်စည်း။ အခါပေးဆရာကြီးက လက်ကိုင်ပုဝါ နှစ်ထည်ကို ကွပ်ပျစ်ပေါ်မှာ အသာချ။ မမြ၀င်းဟာ ရင်တမမနဲ့ အသက်ကို အောင့်ပြီး ပုဝါစကို ဆွဲလိုက်တယ်။

“ဟင်…..ကိုကိုချစ် လက်ကိုင်ပုဝါပါလား….”
********************************************************

ရုပ်ရှင်ထဲမှာတော့ ဗိုလ်အောင်ဒင်ဟာ ကတိအတိုင်း သူရှုံးတဲ့အခါမှာ ပြုံးနေလိုက်တယ်။ သူတပည့်တွေကို ညွှန်ကြားတယ်။ ဦးဘချစ်တို့ မမြ၀င်းတို့ကို နေမ၀င်ခင် ဆင်နဲ့ ပြန်ပို့ပေးဘို့ကိုပေါ့။ သူကိုယ်တိုင်ကတော့ အသည်းကွဲပြီး ကျန်ရစ်ခဲ့တာပေါ့။

ဒီဇာတ်ကားကို ကြည့်တော့ ဗိုလ်အောင်ဒင်ဟာ လူဆိုးဗိုလ်၊ ခိုးဆိုး၊ လုယက်၊ ဓါးပြတိုက် မကောင်းမှုတွေ ကျူးလွန်ခဲ့ပေမယ့် ပေးထားတဲ့ ကတိကိုတော့ တည်တာတွေ့ရတယ်။ နောက်ဆုံးမှာ သူ့ကတိအတိုင်း ဦးဘချစ်တို့ မမြ၀င်းတို့ကို ပြန်လွှတ်လိုက်တာတွေ့ရတော့ စောစောပိုင်းက မဟုတ်တရုတ် လျှောက်လုပ်ခဲ့တဲ့ သူ့အပြစ်တွေကိုတောင် ခွင့်လွှတ်ချင်သလို လို ဖြစ်လာတယ်။ ပရိတ်သတ်ကြီးမှာ သူ့ကို သနားစိတ်တောင် ၀င်လိုက်မိသေးရဲ့။ ဗမာတွေ ခွင့်လွှတ်တတ်ပုံများ ပြောပြပါတယ်။

ကျနော်တွေးမိတယ်လေ။

လူဆိုးတိုင်းသာ ဗိုလ်အောင်ဒင်လို ကတိတည်တတ်မယ်ဆိုရင် လောကကြီးက တော်တော်သာယာမယ်လို့။
Read more

“သစ္စာသည်သာ အလှတရား”

ကဗျာဆရာ ဒေါင်းနွယ်ဆွေ မကွယ်လွန်ခင် ဆေးရုံပေါ်မှာနောက်ဆုံးရေးစပ်သွားတဲ့ ကဗျာလေးတပုဒ်ကို အဲဒီခေတ်အခါက လစဉ်ထုတ် မြန်မာမဂ္ဂဇင်းတိုင်းလိုလိုမှာ ဖော်ပြကြတယ်။ ကဗျာက….

ငါသေတဲ့အခါ
ဘာအမွေများ ထားခဲ့ရပ
အို…လောကတ၀ှမ်းလုံး
အချောအလှအဆန်းဆုံး
သဘောဓမ္မလွှမ်းဖုံး
မနောမယပန်းကုံးတွေကို
တေးဖွဲ့ကာ ကဗျာတွေသီလို့
အသည်းလွှာမြေမဟီဝယ်
အုတ်ဂူလုပ်ကာ မြှုတ်ခဲ့မည်ပ…..တဲ့။

(နှစ်တွေလည်းကြာခဲ့ပြီမို့ ကျနော်အမှတ်လွဲပြီး မူရင်းနဲ့ ကွဲပြားနိုင်ပါတယ်။)

အဲဒီခေတ်က ရှုမ၀မဂ္ဂဇင်းမှာ... ဒေါင်းနွယ်ဆွေ အပါအ၀င် ကဗျာဆရာတော်တော်များများရဲ့ ကဗျာတွေကို သရုပ်ဖော်ပေးတာက ဗဂျီအောင်စိုး။ သူ့ပန်းချီတွေက မော်ဒန်အတ် ခေါ်မယ်ထင်ပါရဲ့။ အဲသည်တုန်းက ကျနော်ဟာ ကလေးသာသာအရွယ်ဆိုတော့ သူ့ပန်းချီတွေကို ကောင်းကောင်းနားမလည်။ (အဲ…အခုလည်း သိပ်နားမလည်လှပါ)။ သူ့ပန်းချီပုံမှာ လက်မှတ်ထိုးရင် အ၀ိုင်းလေးတခုမှာ ဘေးက အ၀ိုင်းသေးသေးလေးတွေ ၀န်းရံပြီး “သစ္စာသည်သာ အလှတရား” ဆိုတဲ့ သူ့လက်ရေး စာကြောင်းလေးကလည်း အမြဲပါတယ်။ ကျနော်က သူ့ပန်းချီတွေကိုသာ နားမလည်တာ။ အဲသည် စာကြောင်းလေးက မြင်ပါများတော့ ခေါင်းထဲစွဲနေတယ်။ အဲဒီတုန်းကတော့ ဒါဟာ ဗဂျီအောင်စိုးရဲ့ ထွင်လုံးသက်သက်၊ သူ့ဖီလော်ဆော်ဖီဘဲလို့ ယူဆခဲ့တာက လွဲလို့ သိပ်ပြီး လေးလေးနက်နက် မတွေးခဲ့ပါဘူး။

ဒါပေမယ့်…အခုအချိန်မှာတော့ သစ္စာသည်သာ အလှတရားဆိုတာကို လက်ခံလာတယ်။ သစ္စာတရားဆိုလို့ သစ္စာလေးပါး မြတ်တရားလောက်အထိကို တွေးမနေပါနဲ့ဦး။ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ သစ္စာတရား၊ အမှန်တရားတွေကို ကျနော်တို့အားလုံး ဘယ်လောက်အထိ လက်ခံနိုင်သလဲ။ တကယ်တော့ လူ့ဘ၀မှာ လူတွေက အမှန်တရားကို မျက်ကွယ်ပြုဘို့ ကြိုးစားနေကြလို့သာ။ တကယ့်တကယ် အမှန်တရားကို ရှင်းရှင်းလင်းလင်း လက်ခံနိုင်ကြမယ် ဆိုရင် ရှုပ်နေတာတွေ ရှင်းသွားမယ်။ ကောက်ကွေ့နေတာတွေ ဖြောင့်ဖြူးသွားမယ်။

အမဲကို မြင်ပါလျက် အဖြူပါလို့ ပြောနေရတာဟာ စိတ်ပင်ပန်းစရာကောင်းလှပါတယ်။ မဲရင် မဲတယ်။ ဖြူရင်ဖြူတယ်ပေါ့။ တခါတလေကျတော့လည်း သတ္တိကြောင်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ လောဘဇောတိုက်လို့ အတ္တထူပိန်းလွန်းသွားတဲ့အခါမှာဖြစ်ဖြစ် အဖြူအမဲ သဲကွဲနေပါလျက်နဲ့ အဖြူအမဲမသဲကွဲတဲ့ (Grey Area)တွေ လို့ ရောချနေကြတဲ့ အဖြစ်တွေလည်းရှိတယ်။ မာယာတွေ တပုံတပင်နဲ့ ချီတက်ကြရင်း တခါတလေမှာ ကိုယ့်မာယာတောမှာ ကိုယ် မျက်စိလည်နေကြရတာတွေလည်း ရှိတယ်။

တကယ်ကျတော့ မသိနားမလည်မှု (Ignorance) ကြောင့် အမှားအမှန်မခွဲခြားတတ်တာက ပြုပြင်ဘို့ သိပ်မခက်ဘူးလို့ ကျနော် ယူဆပါတယ်။ မသိတဲ့လူက သူသိသွားတဲ့တချိန်မှာ ပြုပြင်ရအရမ်းလွယ်တယ်။

ဟော… အမှားအမှန်ကို သိသိကြီးနဲ့ တမင်သက်သက် ရူးချင်ယောင်ဆောင်တာမျိုးကတော့ ပြောရဆိုရ အရမ်းကို ခက်တယ်။ အဲဒါကြောင့်လည်း ဗမာဆိုရိုးစကားမှာ “အိပ်ချင်ယောင် ဆောင်တဲ့သူကို အနှိုးရခက်တတ်တယ်”လို့ ဆိုကြတာပေါ့။ ကနေ့ခေတ် မြန်မာ့နိုင်ငံရေး ပြဿနာမှာလည်း အိပ်ချင်ယောင်ဆောင်တဲ့သူတွေ၊ ရူးချင်ယောင်ဆောင်တဲ့သူတွေ၊ နှာစေးနေတဲ့သူတွေ၊ အတင်းအဓမ္မ ဒိုင်လူကြီးလုပ်ချင်သူတွေ ဒုနဲ့ဒေး။ အဲဒီသူတွေကို သွားပြီးတော့များ တရားပြမယ်မကြံနဲ့။ ဘုန်းကြီးတစ္ဆေလိုဘဲ။ ကျမ်းကိုးကျမ်းကား တသီကြီးဆွဲထုတ်ပြီး ကိုယ့်ကိုတောင် တရားပြန်ဟောလိုက်ဦးမယ်။

နာမည်ကြီး အယ်ဒီတာ စာရေးဆရာတယောက် ကျနော်တို့ စက်မှုတက္ကသိုလ် စာပေဟောပြောပွဲမှာ လာပြီး ဟောပြောစဉ်က မာန်ပါပါနဲ့ စင်မြင့်ပေါ်က ရွတ်သွားတဲ့ ကဗျာထဲက စာသားတချို့ကို ယခုတိုင် ကျနော့်နားမှာ ကြားယောင်လျက်ရှိဆဲ။

“အမှန်တရားဆိုတာ
လှံနဲ့ထိုး လှံကျိုး
ဓါးနဲ့ထိုး ဓါးကျိုး
မသေတဲ့ အမျိုး”….တဲ့။

အင်း….အခုတော့ မည်သို့သော စွမ်းအားတရပ်က မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲ လိုက်လေသည်မသိ။ အဲသည်ဆရာကိုယ်တိုင်ပင်လျှင် ဖြောင့်တန်းနေသော အမှန်တရားကို ကွေးကောက်အောင် ပုံသွင်းဘို့ မချိမဆန့် ကြိုးစားနေပုံကို မြင်ရတာတော့ မြင်ရသူအဖို့ပါ စိတ်မသက်သာစရာ။

ဒါပေမယ့်လည်း သူဆိုခဲ့သလိုပင် အမှန်တရားဆိုတာ ထိုးနှက်ထုရိုက်လို့ ကောက်ကွေးသွား တတ်တာမျိုး မဟုတ်လေတော့ ထိုးနှက်ဘို့ ကြိုးစားသူများသာလျှင် ကြေမွပျက်သုဉ်းသွားရတဲ့ သာဓကတွေကို ကျနော်တို့မျက်မှောက်မှာပင် တပုံတပင်ကြီး တွေ့ခဲ့ကြရပြီ မဟုတ်ပါလား။

နောက်တခုက အမှန်တရားနဲ့အတူ အမြဲလိုလို ယှဉ်တွဲတွေ့ရလေ့ရှိတာက ရိုးဖြောင့်ခြင်း။

ရိုးသားတယ်၊ ဖြောင့်မတ်တယ်ဆိုတာ ဟန်ဆောင်မှုကင်းပြီး အရှိကိုအရှိအတိုင်း၊ ပကတိအတိုင်း မဖုံးကွယ်ဘဲ နေတာထိုင်တာ ပြုမူပြောဆိုတာလို့ ကျနော်နားလည်ပါတယ်။ ဘယ်လူ့အသိုင်းအ၀ိုင်းမှာမဆို ရိုးသားတာကို တန်ဘိုးထားကြပါတယ်။

အရှိကို အရှိအတိုင်း၊ ပကတိအတိုင်း မဖုံးမကွယ် နေထိုင်ပြုမူ ပြောဆိုတာဟာ မာယာကင်းတဲ့ သဘော။ လှည့်ဖြားခြင်း ကင်းတဲ့ သဘော…..လို့ ကျနော်ထင်တယ်။ အဲသည်လို သဘောသဘာဝရှိသူမှာ ရှိတဲ့ဂုဏ်ဟာ ရိုးဂုဏ်ပေါ့။

ကလေးတွေ ချစ်စရာကောင်းတဲ့အချက်တွေထဲမှာ မာယာပရိယာယ်ကင်းခြင်းလည်း တချက် ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ရွှေဥဒေါင်းရဲ့ “တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ” စာအုပ်ထဲမှာ လူကြီးလူကောင်းတွေနဲ့ ပတ်သက်လို့ “အမျိုးမြတ်ခြင်းအတွက် မာန်မတက်သော်လည်း ရိုးဖြောင့်ခြင်းအတွက် ဂုဏ်ယူတတ်တယ်” ဆိုတဲ့ စကားလေးကို ကျနော် အင်မတန် နှစ်သက်ပါတယ်။

လက်တွေ့မှာတော့ လူတွေဟာ အသက်ကြီးလာ၊ ပညာတတ်လာတာနဲ့အမျှ မာယာလည်း များလာတတ်ကြတယ်။ ကိုယ့်အကြံအစည် ကိုယ့်အတွေးအခေါ်တွေကို တင်ပြတဲ့နေရာမှာ မာယာတွေ သုံးလာတတ် ကြတယ်။ အမှန်တရားကနေ သွေဖီချင်တဲ့အခါ ကိုယ့်လုပ်ရပ်ကို လူမသိအောင် မာယာတွေ သုံးလာကြတယ်။ အဲသည်အခါမှာ စောစောက ပြောခဲ့တဲ့ “လောကတ၀ှမ်းလုံး၊ သဘောဓမ္မလွှမ်းဖုံး၊ မနောမယ ပန်းကုံးလေးတွေ”ကို ချောင်ထိုးလိုက်ပြီး မာယာမျက်နှာ ဖုံးစွပ်လို့ အမှန်တရားကို ထိုးနှက်တိုက်ခိုက်ဘို့ ကြိုးစားလာတော့တာပါဘဲ။

အမှန်တရားအတွက် တော်လှန်နေကြတဲ့ စစ်မြေပြင်မှာ အဲဒီမာယာစစ်သည်တွေရဲ့ စစ်ချီတေးသံတွေကြောင့် ရံဖန်ရံခါဆိုသလို အခိုက်အတန့် အခြေအနေ ရှုပ်ထွေးသွား တတ်တာတော့ ရှိပါတယ်။ နောက်ဆက်တွဲ အကျည်းတန်တဲ့ မြင်ကွင်းတွေလည်း အခိုက်အတန့် ဖြစ်ပေါ်လာကြတတ်ပါတယ်။ ဒါပေမယ့် အချိန်တန်တော့လည်း သမိုင်း စာမျက်နှာတွေမှာ အောင်ဆန်းလို ရိုးဖြောင့်တဲ့ သူတွေက ဘယ်လိုနေရာမှာ မှတ်တမ်းတင်ခံရ သလဲ။ မရိုးဖြောင့်တဲ့ မာယာစစ်သည်တွေက ဘယ်နေရာမှာ နေကြရသလဲ။ သူ့နေရာနဲ့သူ ထိုက်တန်သလို ကွဲပြားသွားကြပေမပေါ့။

လောလောဆယ်တော့ ကျနော်တို့တတွေဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို စုံနံ့သာမြိုင်ရှာပုံတော်ဖွင့်နေကြစဉ် တော်လှန်ရေးဆိုတဲ့ တောလမ်းခရီးစဉ်တလျှောက်မှာ သစ္စာတရားကို လက်ကိုင်ထားလို့ မာယာစစ်သည်တွေရဲ့ တောခြောက်သံကို နားမယောင်မိဘို့ သတိထားကြရပေဦးမယ်။
Read more

“နေ၀န်းနှင့်အတူ”




ပူလာအူဘင်ကျွန်းကအပြန် ချန်ဂီကမ်းခြေကို ရောက်တော့ တိမ်တိုက်တွေနောက်က ဖြတ်သန်းပြီး ၀င်လုဆဲဆဲ နေလုံးကြီးကို အခုလို မြင်တွေ့ရတယ်။

နေမင်းကြီးကတော့ ညရောက်လို့ ကမ္ဘာ့ဟိုဘက်ခြမ်းကို ပုန်းရှောင်သွားလည်း နောက်တနေ့ အရုဏ်တက်ပြီဆိုတာနဲ့ အရှေ့ဆီကနေ ကမ္ဘာမြေသည်ဘက်ခြမ်းကို ရွှေရည်တွေလွှမ်းလို့ အလင်းတန်းတွေ ပြန်လည် ဖြန့်ကျက်ပေးဦးတော့မှာပေါ့။

ဟောဒီကမ္ဘာကြီးမှာ သစ်ပင်တွေ၊ သက်ရှိတွေ ရှင်သန်နေနိုင်တာ နေမင်းကြီးရဲ့ ကျေးဇူးလည်း မကင်းဘူးတဲ့။ နေရဲ့ အလင်းရောင်ကနေတဆင့် ရှင်သန်ခြင်းတွေကို ရတယ်ဆိုရင် မမှားဘူးပေါ့။ နောင်လာမယ့် ကျနော်တို့ရဲ့ လူသားမျိုးဆက် ပေါင်းများစွာအထိတော့ ဒီအတိုင်းဘဲ မပြောင်းမလဲ ဆက်လက် ဖြစ်တည်သွားမယ်ထင်ရဲ့။

ဒါပေမယ့် ဒီနေမင်းကြီးဟာ ဘယ်တော့မှ မပျောက်ကွယ်ဘဲ ထာဝရ တည်ရှိသွားမှာတော့ မဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုကြတယ်။ နောင် နှစ်သန်းပေါင်း ထောင်ပေါင်းများစွာ ကြာလို့ သူ့ဆီက လောင်ကျွမ်းစရာ လောင်စာတွေ ကုန်ခန်းသွားတဲ့တနေ့မှာ သူ့ရဲ့ ဆွဲငင်အား တစတစ လျော့ပါးသွားတဲ့အချိန် သူ့အလုံးအ၀န်းက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီး ဟောဒီကမ္ဘာအပါအ၀င် သူ့ကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တွေကို လောင်ကျွမ်းရစ်ခြုံသွားလိမ့်မတဲ့။ အဲဒီအချိန်ကျရင်တော့ သက်ရှိတွေ၊ သစ်ပင်တွေဆိုတာ လည်း မရှင်သန်နိုင်ကြတော့ဘူးပေါ့။

အခုတော့.... မကြာခင် နေ၀င်တော့မယ်။

ညရောက်တဲ့အခါ မဟူရာကောင်းကင်မှာ နေမင်းရဲ့ အလင်းရောင်ကို ရောင်ပြန်ဟပ်ပေး မယ့် လမင်းကြီးရယ်၊ အရောင်တောက်ပတဲ့ ဂြိုလ်တွေရယ်၊ ဟိုးအဝေးမှာ ပေါက်ကွဲနေတဲ့ ကြယ်တွေရယ်ကို တိမ်တိုက်တွေကြားက မြင်တွေ့ရဦးမယ်။

အသက်ရှင်သန်နေသရွေ့တော့ ဆည်းဆာကိုလည်း ငေးမောနိုင်မယ်။ လရောင်ကိုလည်း တိမ်းမူးနိုင်မယ်။ အရုဏ်ကိုလည်း မျှော်လင့်နိုင်ဦးမယ်။

နေမင်းကြီးနဲ့အတူ နေ့နဲ့ ညဟာ လိုက်တမ်းပြေးတမ်း ကစားရင်း ကမ္ဘာပေါ်က ရှင်သန်နေတဲ့ ဘ၀တွေကို နရီစည်းကျ ပိုင်းခြား ပေးနေတော့တယ်။
Read more

“သုံးကြမယ် ဖြုန်းကြမယ်”

“ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မလွယ်နဲ့”
“ရှေးထုံးပယ်က လွဲတတ်သည်။ ဈေးသုံးလွယ်က မွဲတတ်သည်”
----------------------------------------------------(ကျည်းကန်ရှင်ကြီးမေတ္တာစာမှ)


အဲဒါက ရှေးတုန်းက ဗမာအယူအဆပေါ့။ အခုတော့ အစစ အရာရာ ရှေးထုံးကိုလိုက်နေရင် ရှေးရိုးစွဲ ဗမာအဖိုးကြီးလို့ လူငယ်တွေက ကွယ်ရာမှာ အတင်းအုပ်တာ ခံရနင်းကီး ရှိလယ်။

အလားတူပါဘဲ။ အရင်ကတော့ ဗမာတွေကို စုဘို့ဆောင်းဘို့ အားပေးတဲ့ စကားပုံတွေဆိုတာ တင်းကြမ်းပြည့်။ အပေါ်မှာ ဖော်ပြထားတဲ့ ကျည်းကန်ရှင်ကြီးမေတ္တာစာအပြင် “ချွေတာစုဆောင်း သူဌေးလောင်း”တို့၊ “လူမိုက်နဲ့ငွေ အတူမနေ”တို့ စသဖြင့် ငွေစုဘို့ အားပေးတဲ့ ဆိုရိုးတွေရှိတယ်။ (တင်းကြမ်းပြည့်လို့သာ အပေါ်မှာ ခပ်တည်တည်နဲ့ အုပ်ထည့်လိုက်တာ။ တကယ်စဉ်းစားတော့ ဆိုရိုးက နှစ်ခုဘဲ ထွက်လာတယ်...ဟီး။ ဘာဘဲဖြစ်ဖြစ် ပြန်မပြင်တော့ဘူး။ ငါ့စကားအတွက် နွားတကောင်ရလည်းမနည်းဘူး)။ ဒါပေမယ့် ငွေချည်းသက်သက် စုတာကိုတော့ စီးပွားရေးအမြင်နဲ့ ကြည့်ရင် မိုက်မဲရာကျသတဲ့။ ဘာကြောင့်လည်းဆိုတော့ ငွေတန်ဘိုးဟာ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် အချိန်နဲ့အမျှ တန်ဘိုးကျဆင်းနေတာမို့ ငွေချည်းသက်သက်စုတာထက်စာရင် တခြားရင်းနှီးမြုတ်နှံမှုလုပ်တာက ပိုပြီး အကျိုးရှိတယ်လို့ မြင်ကြတယ်။

ဒီလို ငွေစုခြင်း၊ သုံးဖြုန်းခြင်းတွေနဲ့ ပတ်သက်လို့ တဦးတယောက်ချင်းအနေအထား သုံးသပ်ရာကနေ လူမျိုးတမျိုးအနေနဲ့၊ တိုင်းပြည်တပြည်အနေနဲ့ခြုံငုံပြီး စဉ်းစားရင်ရော....ဘယ်လိုများ သုံးသပ်နိုင်ကြမလဲ။ စင်္ကာပူက စထရိတ်တိုင်းမ်းစ် သတင်းစာ ပေးစာကဏ္ဍက စာဖတ်သူတဦးရဲ့ စာကို ဆီလျော်အောင် ဘာသာပြန်ပြလိုက်တယ်။ မူရင်းကိုတော့ မဖော်ပြတော့ပါဘူး။ ကျနော်တလွဲကြီး ဘာသာပြန်ထားတာကို မြင်သွားရင် အလကားနေရင်း အထင် စမော သွားမှာစိုးလို့။
..............................................................................................................

ဂျပန်တွေ ပိုက်ဆံစုတယ်။ မဖြုန်းကြဘူး။ ဂျပန်ပြည်ရဲ့ ပြည်ပပို့ကုန်ဟာ သွင်းကုန်ထက် ပိုများတယ်။ ကုန်သွယ်ရေးရှင်းတမ်းမှာ ကြည့်ရင် နှစ်စဉ် ဒေါ်လာ ၁၀၀ ဘီလီယံကျော် ပိုငွေရှိတယ်။ သို့သော်လည်း…အဲ…တဲ့ပေါ့လေ။ ဂျပန်ရဲ့ စီးပွားရေးကို အားမကောင်းဘူးလို့ သတ်မှတ်ကြတယ်။ ပြိုကျလုနီးနီး စီးပွားရေးလို့ သမုတ်ကြတယ်။

ဟော…အမေရိကန်တွေကျတော့ သုံးတယ်၊ဖြုန်းတယ်။ လုံးလုံး မစုသလောက်ဘဲ။ အမေရိကန်ရဲ့ သွင်းကုန်က ပြည်ပပို့ကုန်ထက် အဆမတန်များတယ်။ နှစ်စဉ်ကုန်သွယ်ရေးရှင်းတမ်းမှာ ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် လိုငွေပြတယ်။ ဒါပေမယ့် အမေရိကန်စီးပွားရေးကို ခိုင်မာတောင့်တင်းတယ်လို့ ဆိုကြပြန်ရော ။ ပိုပြီး ခိုင်မာလာဦးမယ်လို့ လည်း ယုံကြည်ကြလိုက်သေးတယ်။

ဒီနေရာမှာ မေးစရာရှိတာက အမေရိကန်တွေ သုံးဘို့ဖြုန်းဘို့ငွေ ဘယ်ကများ ရပါလိမ့်…….ပေါ့။ ဂျပန်၊ တရုတ် နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေဆီက ချေးယူပါသတဲ့ခင်ဗျား။ တကယ်တမ်းပြောရရင် အမေရိကန်တွေ သုံးချင်တိုင်းသုံးဘို့ တခြားနိုင်ငံအားလုံးလိုလိုက ချွေတာစုဆောင်းနေကြတယ်။ ကမ္ဘာတလွှားနိုင်ငံတွေက သူတို့ စုငွေတွေကို အမေရိကန်ပြည်မှာဘဲ ဒေါ်လာဘ၀နဲ့ ရင်းနှီးမြှုတ်နှံထားကြတယ်လေ။

အိန္ဒိယ တနိုင်ငံတည်းက သူ့ရဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ဘီလီယံ ၅၀ ကျော်ကို အမေရိကန် အာမခံစာချုပ်တွေအဖြစ်နဲ့ ထားရှိတယ်။ အလားတူဘဲ တရုတ်ပြည်ကလည်း အားကျမခံ၊ ဒေါ်လာ ဘီလီယံ ၁၅၀ ကျော်ကို ယူအက်စ်အာမခံစာချုပ်တွေအနေနဲ့ ပစ်ထည့်ထားပြန်တယ်။ ဂျပန်ရဲ့ မြှုတ်နှံမှုဆိုရင်တော့ ပြောမနေနဲ့။ ထရီလီယံနဲ့ကို ချီပြီးရှိတယ်ဆိုကိုး။

ရလာဒ်က…..
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတလွှားကပိုင်ဆိုင်တဲ့ ငွေကြေး ဒေါ်လာ ၅ ထရီလီယံကို သူ၏လယ်ဝယ် အပိုင်လွှဲပြောင်းရယူထားတယ်။ ဒါကြောင့် ကမ္ဘာတလွှားကလူတွေ ခြစ်ခြုတ်ပြီး ငွေစုနေကြချိန်မှာ “မောင်ဘုရှ်(Mr. Bush)တို့တိုင်းသူပြည်သားတွေ”ကတော့ လွတ်လွတ်လပ်လပ် ကြီး သုံးဖြုန်းနေကြတယ်။ (ကျေးဇူးပြု၍ “မောင်ပွတ်တို့ တိုင်းသူပြည်သားတွေ” လို့ မှားယွင်း မဖတ်ရှုကြပါရန်)။

ဒီကနေ့အနေအထားမှာဆိုရင်….အမေရိကန်တွေရဲ့ ဖြုန်းတီးအားကောင်းနေဘို့အတွက် (တနည်းပြောရရင်) အမေရိကန်စီးပွားရေးကြီး ချောမွေ့စွာလည်ပတ်နေစေဘို့အတွက် ကျန်တဲ့တိုင်းပြည်တွေက လေးလတကြိမ်ဆိုသလို ဒေါ်လာ ၁၈၀ ဘီလီယံလောက်ကို ယူအက်စ်အေအရောကိ ပို့ပေးပြီး ချောဆီထည့်ပေးနေရတယ်။ တွက်ကြည့်ရင် ဒေါ်လာ ၂ ဘီလီယံလောက် နေ့စဉ် ယူအက်စ်ကို ပူဇော်ပသ နေရတယ်။

တရုတ်စီးပွားရေးပညာရှင်တယောက်က မေးတဲ့ မေးခွန်းလေးတခု အရမ်းသင်းတယ်။ အမေရိကန်က တရုတ်ပြည်တွင်းမှာ မြှုတ်နှံထားတာနဲ့ တရုတ်ပြည်က အမေရိကန်ပြည်တွင်းမှာ မြှုတ်နှံထားတာ၊ ဘယ်ဒင်းက ပိုများပါသလဲ….တဲ့။ အမေရိကန်ပြည်က မြှုတ်နှံမှုဟာ တရုတ်က မြှုတ်နှံထားတာရဲ့ ထက်ဝက်ခန့်ဘဲ ရှိပါသတဲ့ကွယ်။

အလားတူပါဘဲ။ အိန္ဒိယပြည်ဟာ ဒေါ်လာ ဘီလီယံ ၅၀ ကျော် အမေရိကန်ပြည်မှာ မြှုတ်နှံထားလေရဲ့။အဲဒီအချိန်မှာ အိန္ဒိယမှာထားရှိတဲ့ အမေရိကန်မြှုတ်နှံမှုကတော့ ဒေါ်လာဘီလီယံ ၂၀ အောက်မှာဘဲရှိတယ်။

အိန္ဒိယက အကြွယ်ဝဆုံးနဲ့ ထင်ရှားတဲ့ စက်မှုလုပ်ငန်းရှင် မစ္စတာ ဒီရူဟိုင်း အမ်ဘန်နီ (ကွယ်လွန်)က တခါက ပြောဘူးတယ်။ အိန္ဒိယအစိုးရဟာ အင်မတန် မိုက်မဲတယ်။ တိုင်းပြည်ပိုင် နိုင်ငံခြားငွေတွေကို အမေရိကန်ထံ အတိုးနှုန်း မည်ကာမတ္တလောက်နဲ့ ချချေးပေးပြီးတဲ့နောက် ကိုယ်ကကျတော့ အတိုးနှုန်းကြီးကြီးနဲ့ ပြန်လည် ချေးယူတဲ့အတွက် ကြောင့်ပါတဲ့။ (ထူးထွေတည့် အံ့ရာသော်)။

ဒါဆို ဘာကြောင့်များ တကမ္ဘာလုံးက ယူအက်စ်နောက်ကို ငွေတွေ လိုက်ပြီး ချေးပေးနေကြရသေးသလဲ…….။

ဝှက်ဖဲကတော့ အမေရိကန်တွေရဲ့ ဖြုန်းတီးအားပါဘဲ။……ဖြုန်းသမှ လုံးဝ မစုသလောက်ကို ဖြုန်းကြတယ်ဆိုဘဲ။ (ရုပ်ရှင်ကြည့်လိုက်၊ဒီအိတ်တီးကင်မရာများ၊ နားကြပ်များ ၀ယ်ယူလိုက်လုပ်နေသူ ဘလော့ဂါသူငယ်အား စောင်းမြောင်းရေးခြင်းမဟုတ်ပါဗျိုး)။ တကယ်တမ်းပြောရရင် အမေရိကန်တွေဟာ အကြွေးဝယ်ကဒ် (ခရက်ဒစ်ကဒ်)တွေကို သုံးပြီး အနာဂတ်မှာရမယ့် ၀င်ငွေကိုတောင် ကြိုတင်သုံးဖြုန်းကြသတဲ့။ အဲဒီလို အမေရိကန်တွေ ဖြုန်းအားကောင်းလာလေလေ အမေရိကန်ပြည်ထောင်စုကို (ကျန်တဲ့ တိုင်းပြည်တွေက) ထုတ်ကုန်တွေ တင်ပို့ဘို့ရာ ဆွဲဆောင်မှုအား ပိုကောင်းလာလေလေ ဖြစ်လာတော့တယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ် သွင်းကုန်ပမာဏဟာ ပို့ကုန်ထက် ပိုမိုများပြားနေတာဖြစ်တယ်။


ရလာဒ်ကတော့……
တကမ္ဘာလုံးဟာ သူတို့ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ပြည်ထောင်စုရဲ့ သုံးစွဲအားအပေါ်မှာ မှီခိုမှန်းမသိ မှီခိုလာရတယ်။ အမေရိကန်ဟာ သူ့လူမျိုးတွေရဲ့ ဖြုန်းတီးတတ်တဲ့ ဓလေ့ထုံးစံကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကျန်တဲ့တကမ္ဘာလုံးကို သူ့ရဲ့ဖြုန်းတီးအားပေါ်မှာ မှီခိုအသက်မွေးတတ်အောင် မသိမသာလေ့ကျင့်ပေးနေတယ်။ အဲဂလိုနဲ့ အဲဒီဖြုန်းတီးအားကို အသက်ဆက်နိုင်ဘို့ ယူအက်စ်မှာ ပိုက်ပိုက်တွေ လိုလာတဲ့အခါ တကမ္ဘာလုံးက အဲဒီ “လိုငွေ” ကို ထုတ်ချေးကြရလေသတည်းပေါ့လေ။

ဘာနဲ့ အလားသဏ္ဍာန်တူလဲဆိုတော့………ဈေးဆိုင်ပိုင်ရှင်တယောက်က ဖောက်သည်တယောက် သူ့ဆိုင်မှာ အမြဲဆက်လက် ဈေးဝယ်နေနိုင်ဘို့အတွက် အကြိမ်ကြိမ် ငွေထုတ်ချေးပေးနေရတဲ့ အဖြစ်နဲ့ တူတယ်။ သူ့ဖောက်သည်လာမ၀ယ်တော့ရင် သူ့အတွက် အလုပ်မဖြစ်တော့ဘူးမို့လား။ ဒါကြောင့် အဲသည်ဖောက်သည်ကိုဘဲ ထပ်ဖန်တလဲလဲ ငွေထုတ်ချေးနေရရှာတယ်။ ယူအက်စ်ကလည်း အဲသည်လို ကံကောင်းတဲ့ ဖောက်သည်မျိုးပေါ့။ အဲ…အဲ….ကျန်တဲ့ တကမ္ဘာလုံးကတော့ ကြံရာမရတဲ့ ဈေးဆိုင်ပိုင်ရှင်တပိုင်း ငွေချေးသူတပိုင်းနဲ့ တူနေတယ်။

ဒါထက် အမေရိကန်ကို အဲသည်လို ကြေးပံ့နေတဲ့ ဈေးဆိုင်ပိုင်ရှင်တပိုင်း ငွေချေးသူတပိုင်းဟာ ဘယ်သူဖြစ်မယ် ထင်သလဲ….။ တခြားဟုတ်ရိုးလား။ ဂျပန်နိုင်ငံဘဲပေါ့။ သူ့ရဲ့ စီးပွားရေးဟာ အားမကောင်းဘူးလို့ သတ်မှတ်ထားကြတဲ့ ဂျပန်နိုင်ငံပါ။ (အခုတော့ ဘဘလီတို့ စင်္ကာပူကတောင် ကျွန်ဝယ်ရာ အဆစ်ပါလိုက်သေး။ ကြားလိုက်တယ်မို့လား။ ယူအက်စ်မှာ ဒုက္ခရောက်နေတဲ့ ဘဏ်တွေကို ငွေတွေ အမြောက်အမြားထောက်ကူလိုက်တာ။ အခုတော့ “ပလုံ” သွားတော့မယ့်ကိန်းဆိုက်နေလေရဲ့။ သြော်...မှားလို့။ မှားလို့။ သူတို့က ရေတိုအတွက် မြှုတ်နှံတာ ဟုတ်ဘူးတဲ့။ ရေရှည်အတွက်ပါတဲ့။ ဘွာတေးနော်၊ ဘွာတေး။ Just honest mistake lah....)

ဂျပန်လူမျိုးတွေ ဒီလိုသာမသုံးမဖြုန်းနေကြမယ်ဆိုရင်ဖြင့် သူတို့ စီးပွားရေးလည်း ကြီးထွားမလာနိုင်ဘူးလို့ ခေတ်မီစီးပွားရေးပညာရှင်အများစုက ညည်းတွားကြပါတယ်။ ဂျပန်လူမျိုးတွေ သုံးလာဖြုန်းလာအောင် ဖိအားပေးတဲ့အနေနဲ့ ဂျပန်အစိုးရက စုငွေတွေအပေါ်မှာ ထားတဲ့ အတိုးနှုန်းတွေကို လျှော့ချပစ်လိုက်တယ်။ အလွန်အမင်းစုဆောင်းသူတွေကိုဆိုရင် တရားတောင်စွဲလိုက်သေးတယ်။ ဒါပေမယ့်လည်း ဂျပန်လူမျိုးတွေက ထူးပြီးတော့ သုံးဖြုန်းမလာကြပါဘူး။ အကျင့်ဆိုတာ ဖျောက်နိုင်ခဲတယ်မဟုတ်လား။ အခွန်အတုတ်တွေ စည်းကြပ်မယ် ဆိုတောင်မှ အဲဒီအကျင့်က ပျောက်မယ်မထင်။ ဟုတ်တယ်ဟုတ်။ ဂျပန်လူမျိုးတို့ထုံးစံ စာတိုက်ကတဆင့် စုဆောင်းငွေ ချည်းသက်သက်ကြည့်ရင်တောင် ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ ရှိပါသတဲ့။ အိန္ဒိယရဲ့ ဂျီဒီပီထက် သုံးဆလောက် များတယ်။ အဲသလို စုဆောင်းမှုဟာ ဂျပန်နိုင်ငံအတွက် ခွန်အားဖြစ်လာရမယ့်အစား ဒဏ်ရာဒဏ်ချက် တခုသာ ဖြစ်လာတော့တယ်။

အဲဒီတော့….မောင်ညီမလေးတို့ရေ….. သင်ခန်းစာက ဘာတဲ့လဲ။

တခြားမဟုတ်….။ လူထုရဲ့ သုံးအားဖြုန်းအားမရှိဘဲ တိုင်းပြည်တပြည်ဟာ မကြီးထွားမဖွံ့ဖြိုးနိုင်ဘူးဆိုတဲ့ သင်ခန်းစာဘဲကွဲ့။ ရိုးရိုးသုံးရုံဖြုန်းရုံနဲ့ မရသေးဘူးနော်။ ချေးငှားပြီးတော့ကို သုံးရဖြုန်းရမတဲ့။

အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ အိန္ဒိယပြည်ဖွား နာမည်ကျော် စီးပွားရေးပညာရှင် ဒေါက်တာ ဂျာဒစ်ရှ် ဘာဝါတီက အိန္ဒိယပြည်ဝန်ကြီးချုပ် မန်မိုဟာဆင်း ကို ပြောတယ်။ အိန္ဒိယလူမျိုးတွေဟာ အလဟဿပြုန်းတီးစွာ စုဆောင်းနေကြသတဲ့(Wastefully save)။ သူတို့ကို ပြည်ပက တင်သွင်းလာတဲ့ နိုင်ငံခြားဖြစ်ကားတွေ၊ အလှကုန်တွေ များများဝယ်သုံးခိုင်းပါ။ အဲဒါဆိုရင် အိန္ဒိယပြည်ကို ကြီးထွားမှုလမ်းကြောင်းပေါ်ကို ပြန်လည်ပို့ဆောင်ပေးနိုင်ပါလိမ့်မယ် တဲ့။ နောက်ပြီးတော့ အဲသလို သုံးစွဲမှုအားကို မြင်တွေ့ရခြင်းသည်ပင်လျှင် နိုင်ငံခြားကုမ္ပဏီ တွေကို အိန္ဒိယမှာ လာရောက်မြှုတ်နှံချင်အောင် ဆွဲဆောင်နိုင်တဲ့ အချက်တချက်ဖြစ်တယ်လို့လည်း သူက ဆိုတယ်။

ကဲကဲ….အခုပြောပြခဲ့တဲ့ ခေတ်သစ်စီးပွားရေးပညာရပ်ကို ခရေစေ့တွင်းကျ မလေ့လာ အားသေးဘူး ဆိုရင်တောင် လောလောဆယ် ပိုက်ဆံစုနေတဲ့ လူတချို့ဆီက အရင် ငွေချေးပြီး သုံးဖြစ်အောင်တော့ သုံးလိုက်ဦးဗျို့။
Read more

“မွန်းကြပ်ခြင်း”

လေအေးစက်ဖွင့်ဘို့ မေ့လျော့သွားတဲ့
ကုန်တင်ကားတစင်းရဲ့
အလုံပိတ် အအေးခန်းတွင်းမှာ
အသက်ရှုမွန်းလိုက်တာကွယ်…..တဲ့။

သြော်…အရင်ကတော့
ပစ္စည်းမဲ့၊ ပညာမဲ့၊ အနာဂတ်မဲ့….
အခုတော့ အသက်မဲ့၊ ပိုင်ရှင်မဲ့….
ကြမ်းပေါ်မှာ တုံးလုံးပက်လက်နဲ့
ပိုးစိုးပက်စက် သေဆုံးနေရှာတဲ့
၅၄ ဦးသော မျက်နှာမွဲနိုင်ငံသား
လက်လုပ်လက်စားတွေရေ……
နောင်ဘ၀တွေမှာ
လွတ်လပ်တဲ့
တရားမျှတတဲ့
အသက်အိုးအိမ်စည်းစိမ်ကို
အကာအကွယ်ပေးနိုင်မယ့် တိုင်းပြည်မှာ
သင်တို့…လူပြန်ဖြစ်နိုင်ကြပါစေ။

တကယ်တော့….
သင်တို့ ၅၄ ယောက်သာမဟုတ်
ငါတို့ ၅၄ သန်းလုံး
ဖုန်းဆိုးမြေမှာ
မွန်းကြပ်နေခဲ့တာ ကြာပါပြီ။


(အညွှန်း။ ။ မြန်မာအလုပ်သမား ၅၄ဦး ကုန်တင်ယာဉ်အအေးခန်းအတွင်းမွန်းကြပ်သေဆုံး)
Read more

“ဘွန်ဆိုင်း”



ဘွန်ဆိုင်းပင်တဲ့။
သစ်ပင်တော့ သစ်ပင်ပါဘဲ။
ဒါပေမယ့် သစ်ပင် အငယ်စား၊ အပုစားလေးပေါ့။
ဧည့်ခန်းမတွေ၊ ဥယျာဉ်တွေထဲမှာ ပသာဒအတွက် တကူးတက ပြုပြင်မွေးမြူထားတဲ့ သစ်ပင်ကလေးတွေ...ဟောဒီ ကမ္ဘာလောကမှာ ရှိနေကြတယ်။

ဘွန်ဆိုင်းပင်လေးတွေ အခုလို ပုနေ ညှက်နေတာဟာ မျိုးရိုးဗီဇကြောင့် မဟုတ်ရပါဘူးတဲ့။ အကိုင်း၊ အခက်၊ အရွက် နဲ့ အမြစ်တွေကို လွတ်လွတ်လပ်လပ် မကြီးထွားနိုင်အောင် ကာလ ရှည်ကြာ ပြုပြင်ပုံသွင်းခံထားရလို့သာပါတဲ့။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘွန်ဆိုင်းပင်ရဲ့အစဟာ တရုတ်ပြည်မှာ ဟိုးလွန်ခဲ့တဲ့ နှစ် ပေါင်း ၂၀၀၀ ခန့် ဟန်မင်းဆက် လက်ထက်ကတည်းက စခဲ့တယ် လို့ ယူဆကြပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဗီယက်နမ်တို့မှာ ဘွန်ဆိုင်းပင်ကို အသွင် အမျိုးမျိုးနဲ့ တွေ့လာကြရတယ်။

သစ်ပင်တွေဘဲ ချုပ်ချယ်ပုံသွင်းခံရလေသလား.......။

အချို့သော လူမှုအသိုင်းအ၀ိုင်း၊ အချို့သော နေရာဒေသမှာ ရှင်သန်ကြီးပြင်းရတာဟာ လည်း လူဖြစ်ပေမယ့် ဘွန်ဆိုင်းပင်နဲ့ မခြားပါလားလို့ တွေးမိတယ်။

လွတ်လပ်စွာ ရှင်သန်ဖွံ့ထွားခွင့်မရအောင် မိမိကြီးပြင်းရာ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းက နှစ်ရှည်လများဆိုသလို ပုံသွင်းပြုပြင်တာကို လှလှကြီး ခံလိုက်ရပြီးတဲ့ နောက်.... ကိုယ်တိုင် ဘွန်ဆိုင်းပင်ကလေးလို ပုညှက်ကြုံလှီသွားလေသလားလို့ ခံစားမိ ပါရဲ့။

ကျနော်တို့တတွေဟာ ဘွန်ဆိုင်းပင်လို လူသားတွေလား။

တချို့ကတော့ လူလိမ္မာလေးတွေ၊
လူယဉ်ကျေးလေးတွေ၊
ရိုးရာအစွဲအလမ်းကြီးသူလေးတွေ၊ လူကြောက်ကလေးတွေ၊
လူရိုးလူအ ကလေးတွေ.....
သရုပ်ပျက်လို့ သူများက သတ်မှတ်ထား တာတွေနဲ့ အနောက်တိုင်းအယူအဆလို့ သူများက ကင်ပွန်းတပ်ထားတာတွေကို ကိုယ်တိုင်ကြိုက်မကြိုက် ယောင်လို့တောင်မှ စမ်းသပ်မကြည့်ဝံ့တဲ့ သမားရိုးကျ လူ့ဘွန်ဆိုင်းလေးတွေ.....။

တချို့ကျတော့ ကိုယ့်ဘာသာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေ၊ ကျင့်ဝတ်သိက္ခာတွေ၊ တာဝန်ဝတ္တရားတွေ ကြားမှာ ကိုယ့်ဘာသာ ပိတ်မိပြီး မွန်းကြပ်နေတဲ့ ရှားရှားပါးပါး လူ့ဘွန်ဆိုင်းလေးတွေ....

ဒါပေမယ့် သစ်ပင်တွေမှာ ဘွန်ဆိုင်းပင်ကို အလှအပအဖြစ် ရှုမြင်တတ်သူတွေရှိသလို လူ့အဖွဲ့အစည်းမှာလည်း ကြုံလှီနေတဲ့ လူ့အဖွဲ့အစည်း (Retarded Society)ကိုမှ ပသာဒ ဖြစ်နေသူတွေလည်း ရှိလေရဲ့။

ဘွန်ဆိုင်းပင်ကလေးသာ စကားပြောတတ်ခဲ့မယ် ဆိုရင်....
“ဥယျာဉ်မှူးကြီးခင်ဗျား၊ ကျနော့်ကို သဘာဝအတိုင်း လွတ် လွတ်လပ်လပ် ရှင်သန်ကြီးထွားခွင့်ပေးပါ။ ကျနော်ဟာ တောင်ကုန်းထက်မှာ အရိုးပြိုင်းပြိုင်း အထီးကျန်ကျန် အရုပ် ဆိုးဆိုး ပသာဒမရှိတဲ့ သစ်ပင်ကြီးဘ၀နဲ့ နိဂုံးချုပ်ရလည်း ချုပ်ရပါစေတော့။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်။ အကိုင်း အခက် အလက်တွေ ဝေေ၀စည်စည်နဲ့ လေပြည်ထဲမှာ၊ မုန် တိုင်းထဲမှာ၊ မိုးသည်းထဲမှာ၊ နေပူကျဲထဲမှာ လောကဓံကို ကြံ့ ကြံ့ခံရင်း သူလိုငါလို သာမန် သစ်ပင်တပင်ဘ၀နဲ့ဘဲ ရှင်သန် ပါရစေခင်ဗျား” .....လို့များ ပြောရှာလေမလားမသိ။

လူတွေမှာတော့ စကားပြောတတ်ပေမယ့် လူ့ဘွန်ဆိုင်းပင်ဘ၀မှာဘဲ ပျော်မွေ့နေချင်ကြသူတွေလည်း ဟောဒီကမ္ဘာလောကမှာ ရှိနေလေရဲ့။
Read more

"ဘ၀ ပုံစံခွက်ထဲမှာ”

"ဘ၀ ပုံစံခွက်ထဲမှာ”



ငါ့ရဲ့ မနက်ခင်းတွေကလဲ ပုံသေ။
ငါ့ရဲ့ မြင်ကွင်းတွေကလဲ ပုံသေ။
ငါ့ရဲ့ တနေ့တာကလဲ ပုံသေ။
ငါ့..ဘဝ ကလဲ ပုံသေ။
အဲဒီ ပုံသေတွေထဲက 'ငါ' ကတော့....
တရွေ့ရွေ့ နဲ့ အညှာကြွေ။
…………………………………..ရေးသူ-MDP

အင်း....ကဗျာဖတ်ရပုံထောက်တော့…..မဒမ်ပေါ စိတ်ကျနေပုံရတယ်။

မဖြစ်ချေဘူး။ မဖြစ်ချေဘူး။ အပြောင်းအလဲလေးဘာလေးရအောင် (ပုံသေမဖြစ်အောင်) သင်္ကြန်ပြီးတာနဲ့ အလုပ်ကခဏနားပြီး ကရစ်ဘီယံပင်လယ်ထဲမှာ အပျော်စီးရွက်လှေနဲ့ ငါးသွားမျှားဦးမှ။ ဟုတ်တယ်။ ဒီအချိန်က အဲသည်ကို သွားလည်ဘို့ အချိန်ကောင်းဘဲတဲ့။




သယ်သွားမယ့် စားသောက်စရာတွေထဲမှာ နှင်းဆီဝိုင်တချို့ပါမယ်၊ ကာဗီယာ ငါးဥဆီစိမ်ပါမယ်။ စွံပလွန်သီးခြောက်ဘူးတွေလည်း သယ်ခဲ့ဘို့ မေ့လို့မဖြစ်ဘူး။ (၀တ္ထုထဲမှာ ဖတ်ဘူးတဲ့ အစားအသောက်တွေများ ပြောပါတယ်။)

အဲ…အဲ….အခု စနေတနင်္ဂနွေမှာတော့ ပုလာဥဘင် (Pulau Ubin) ကျွန်းမှာ နာစိလမက်(Nasi Lemak) နဲ့ဘဲ ကျေနပ်လိုက်ဦးနော်။


Read more

“သူတော်စင်နှင့် တွေ့ဆုံခြင်း”

မြန်မာ့နိုင်ငံရေးသမိုင်းမှာ စွန့်လွှတ်စွန့်စားသူတွေ၊ ရိုးဖြောင့်သူတွေကို မကြာခဏဆိုသလို တွေ့ရတတ်ပေမယ့် “သူတော်စင်” အဆင့်လောက်အထိ သတ်မှတ်လို့ရအောင် စင်ကြယ်သူတွေကတော့ ရှားမှရှားလှပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လို တတိုင်းပြည်လုံးရဲ့ ကြည်ညိုလေးစားချစ်ခင်မှုကို ခံရသူတောင်မှ “သူတော်စင်”တယောက် ရယ်လို့ သုံးနှုန်းထားတာတော့ မတွေ့ဖူးသေးဘူး။
ဒါပေမယ့် မြန်မာ့သမိုင်းမှာ မကြာသေးမီက သူတော်စင် တယောက် ရှားရှားပါးပါး ပေါ်ထွန်းခဲ့တာကို တွေ့ရပါတယ်။ တခြားသူမဟုတ်ပါဘူး။ ဒေါက်တာနေ၀င်းမောင်ပါ။ သူဟာ ဘယ်လောက်အထိ လောဘ ဒေါသနည်းသလဲဆိုရင် သူသာ ဒေါ်အောင်ဆန်းကြည်နေရာမှာ ရှိခဲ့ရင် သူ့သဘောထားကြီးတဲ့အကြောင်းကို အောက်ဖော်ပြပါ လုပ်ရပ်တွေနဲ့ သက်သေထူမယ်လို့ ရဲရဲကြီး ကြေညာခဲ့တာကို တွေ့ရပါတယ်။ (မဇ္ဈိမ သတင်းဌာနမှာ ပြုလုပ်ခဲ့တဲ့ ဒေါက်တာနေ၀င်းမောင်နဲ့ တွေ့ဆုံခြင်းကို ဖတ်ကြည့်ပါ။)
သူ့စကားအတိုင်း ထုတ်နှုတ်ကိုးကားရရင
“ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်ပေါ့နော်။ ဒုတိယ တခုကလည်းပဲ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဆက်ဆံရေးကောင်း တခုဖြစ်လာဖို့အတွက် ကျနော့်ဘက်က ရန်မလိုပါဘူး ဆိုတာကို ပြတဲ့အနေနဲ့ ကျနော်က ကျနော်သာ ဆိုခဲ့ရင်တော့၊ အိုကေ ကျမ NLD က အခုလာမယ့် ရွေးကောက်ပွဲမှာလည်းပဲ၊ အာဏာကို ဖြတ်လမ်းက လိုချင်တဲ့သဘော မရှိဘူး ဆိုတာကို ပြတဲ့အနေနဲ့ ရွေးကောက်ပွဲ လုပ်ချိန်မှာ ၃၃ဝ (မဲဆန္ဒနယ်မြေ) ရှိတယ်ဗျာ။
အဲဒီ ၃၃ဝ မှာ ကျနော်ဆို တဝက်ပဲ ဝင်ပြိုင်မယ်၊ ပထမဦးဆုံး ၁၆၅ နေရာလောက်ပဲ ဝင်ပြိုင်ပြီးတော့ အစောကြီးကတည်းက ကျမဟာ ဒီနိုင်ငံတည်ထောင်ရေးမှာ တနည်းမဟုတ် တနည်းနဲ့ ပါဝင်ချင်နေတာ ဖြစ်ပြီးတော့ အာဏာကိုဖြတ်လမ်းက လိုချင်တာ မဟုတ်ပါဘူး ဆိုတာ ပြတဲ့အနေနဲ့ ဝင်ကတည်းက ရွေးကောက်ပွဲမှာ တဝက်ပဲ ဝင်မယ်။ This is indicated that I am not seeking any political power. အဲလိုအတွက်နဲ့ မလိုအပ်ဘဲ အကျဉ်းချခံနေရတဲ့ သူတွေအားလုံးကိုတော့ လွှတ်ပေးလိုက်ပြီးတော့ ပျော်စရာကောင်းတဲ့ တိုင်းပြည်ရဲ့ စည်းလုံး ညီညွတ်မှုတခု တည်ထောင်ရအောင်ဆိုတဲ့ သဘောပါပဲဗျာ။ ကျနော် ဆိုလိုတာက Strong Opposition တခုအနေနဲ့ဘဲ ရပ်တည်ပြီးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ပြောတာပါ။ ”
ကဲ။ ကျုပ်မပြောဘူးလား။ အဲဒီလူဟာ သူတော်စင်တမျှ စိတ်နှလုံးသား ဖြူစင်တယ်ဆိုတာ။ သူသာ လူဝတ်ကြောင်မဟုတ်ဘဲ ဘုန်းကြီးသာဆိုရင် ရဟန္တာဘဲလို့ ကျိန်းသေတပ်အပ် ကျုပ်စွတ်စွဲမိမှာ အမှန်ဘဲ။
ရန်မလိုဘူးဆိုတာကို ပြဘို့အသင့်ရှိတဲ့အပြင် (တနည်းပြောရရင် မေတ္တာတရားကြီးမားတာ ပေါ့ဗျာ) အပြောမဟုတ်ဘဲ လက်တွေ့လည်း စွန့်လွှတ်အနစ်နာခံပြမယ့်လူဗျ။ ကြည့်လေ လွှတ်တော်အမတ်နေရာတွေတောင် ရှိတဲ့အရေအတွက်ရဲ့ ထက်ဝက်ကိုဘဲ ၀င်ပြိုင်မယ်ပြောတာ။ လုံးဝကိုယ်ကျိုးဆန္ဒသက်သက်ကို မကြည့်ဘူး။ အင်္ဂလိပ်လိုပြောတာလည်း ဒေါ်အောင်ဆန်းစုကြည်ထက် မညံ့ဘူးဆိုတာ ပြလိုက်နိုင်သေးတယ်။။
ကဲပါ။ သူ့အင်တာဗျူးကို ဆက်ဖတ်ကြည့်ရအောင်။
“မေး။ အကြံပြုချက် ၆ ချက် ထွက်လာဖို့ ဘယ်လို အခြေခံ အကြောင်းအရာတွေက လှုံ့ဆော်ပေးတာလဲ။
ဖြေ။ ကျနော်က Basically I am political animal. (ကျနော်က အခြေခံ နိုင်ငံရေးသတ္တဝါ) လေ။ အဲဒါတွေနဲ့ ကျနော် ရင်းနှီးပြီးသားလေ။ အဲဒါ ကျနော်ရတဲ့ဟာကို အဓိက ဒီမှာရှိနေတဲ့ တဖက်နဲ့ တဖက် အမုန်းပွားနေတာ၊ ရန်ဖြစ်နေတဲ့ Circle (သံသရာ) ကို ရပ်သွားစေချင်ပြီ။ ပြည်သူတွေမှာ ဘယ်လို ဒုက္ခရှိတယ်ဆိုတာ ကျနော် အသေအချာ သိပါတယ်။ ဆိုတော့ ကျနော်လည်း တစိတ်တပိုင်းအားဖြင့် ခံစားနေရတာပါပဲ။ အဲဒီအခါကျတော့ ဒီဟာ ပြီးသွားဖို့အတွက် တကယ်ကို သဘောထားကြီးတဲ့၊ အပြုသဘောဆောင်တဲ့ လမ်းစဉ်တွေသာလျှင် အဖြေ ဖြစ်တယ်ဆိုတော့ သေချာ ယုံကြည်တဲ့အတွက် ဒါကို ကျနော် ပြောတာပါ။
မေး။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ တုံ့ပြန်မှု ဘာတွေရသလဲရှင့်။ လူတွေ လက်ခံနိုင်မယ်လို့ မြင်သလားရှင့်။
ဖြေ။ ဘာမှ မရပါဘူး။ လူတွေ လက်ခံနိုင်မယ်လို့ ကျနော် သိပ်မထင်ဘူး။ လူတွေက စိတ်ခံစားချက်နဲ့နေတော့ ဒီ နိုင်ငံရေးပိတ်ဆို့မှုက နစ်နေဆဲ ဖြစ်နေတာ။ အဓိက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် စိတ်ခံစားချက် မဖြစ်ဘူးဆိုရင် အဖြေက ထွက်တာ ကြာလှပါပြီ။ အနိုင်၊ အရှုံးစဉ်းစားရင်ပေါ့။ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စက အနိုင်အရှုံးကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားတွေဘဝနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်။ တပ်မတော်က နိုင်နိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ နိုင်နိုင် ပြဿနာမရှိပါဘူး။ မရှိနိုင်ပါဘူး။ အဲလို စဉ်းစားနေလို့ ပြဿနာရှိနေတာပါ။ ”
တွေ့လား...တွေ့လား။ ကျုပ်အထင်ကို ပိုမိုခိုင်မာသွားစေတဲ့အချက်။ “လူတွေက စိတ်ခံစားချက်နဲ့နေတော့ ဒီ နိုင်ငံရေးပိတ်ဆို့မှုက နစ်နေဆဲ ဖြစ်နေတာ။ အဓိက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် စိတ်ခံစားချက် မဖြစ်ဘူးဆိုရင် အဖြေက ထွက်တာ ကြာလှပါပြီ။” တဲ့။
သူ့မှာ ချစ်ခြင်း၊မုန်းခြင်း စတဲ့ သာမန်လူတွေ ခံစားရတဲ့ စိတ်ခံစားချက်တွေ မရှိတော့ဘူး။ လောဘ၊ ဒေါသ၊ မောဟစတဲ့ အကုသိုလ် စေတသိက်တွေကိုလည်း ပကတိကြည်လင်နေတဲ့ သူ့စိတ်သွင်ပြင်က အပြီးတိုင် မောင်းထုတ်ပြီးသားဘဲဖြစ်ရမယ်။ ကြည်ညိုစရာမကောင်းဘူးလား။
“မေး။ အကြံပြုချက်တွေကို အစိုးရ အာဏာပိုင်တွေကို ခင်းပြပေးသေးလား။
ဖြေ။ ကျနော်တို့ အစိုးရကို၊ ဒီဘက်ပိုင်းကို ထားလိုက်ပါတော့။ ”
ဒီအဖြေမှာတော့ ဗြဟ္မစိုရ်တရားတပါးဖြစ်တဲ့ ဥပေက္ခာတရားကိုလည်း လက်ကိုင်ထားတယ်ဆိုတာ မြင်နိုင်ပါတယ်။ သူတော်ကောင်းတို့ ကျင့်စဉ်လေ။ နအဖ အစိုးရကို လုံး....၀၊ လုံးဝ....ဥပက္ခာပြုထားလိုက်တယ်။ မှတ်ကရော။
“မေး။ မြန်မာပြည် လက်ရှိ အနေအထားမှာ ဖြစ်သင့် ဖြစ်ထိုက်တယ် ထင်တာကို ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ။ တကယ်ကတော့ဗျာ၊ ဒီကိစ္စက တကယ် သဘောထားကြီးနိုင်တဲ့လူက ထစ်ကနဲ မစဉ်းစားဘဲနဲ့ ထပြီးတော့ သဘောထားကြီးတဲ့ အကြောင်းကို တကယ် ရဲရဲပြလိုက်ဖို့ပါပဲ။ တကယ်သဘောထားကြီးတဲ့ လူက တကယ်သဘောထားကြီးကြောင်း ပြလိုက်ရင် ဖြစ်သင့်တာ အားလုံး ဖြစ်သွားမှာပါ။ ဒီကိစ္စက 'သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ' ဆိုပြီး စဉ်းစားရမယ့်ကိစ္စ မဟုတ်ပါဘူး။ 'သင်ကောင်းလျှင် ကျွန်ုပ်မဆိုးဘူး' ဆိုရင် ပြဿနာ ရှိနိုင်တယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ အယူအဆအရ ပြောမယ်ဆိုရင်လည်း အပေါင်းလက္ခဏာဖြစ်တဲ့ ရလဒ်တခု ဖြစ်လာဖို့အတွက် တင်သွင်းပေးရမယ့် Input တွေ အားလုံးဟာ တကယ် အစစ်အမှန် အပေါင်းလက္ခဏာ ဖြစ်ဖို့ လိုပါတယ်။ အဲဒါမှပဲ အပြုသဘော ဖြစ်နိုင်မယ်။ အနုတ်ပေးရင် ထွက်လာတာလည်း အနုတ်လက္ခဏာ ဆောင်တဲ့ ရလဒ်တွေပဲ ရမယ်။ ”

ကျုပ်ယုံကြည်တယ်လေ။ တကယ်လို့သာ ဒေါက်တာနေ၀င်းမောင်ဟာ တောကြီးမျက်မဲထဲမှာ လူသားစားကျားနဲ့ ပက်ပင်းတိုးမိတယ်ဆိုရင်တောင် သဘောထားကြီးကြောင်းပြတဲ့အနေနဲ့ လက်ထဲမှာပါတဲ့ အမဲလိုက်သေနတ်ကို လွှတ်ချပြလိုက်မှာသေချာတယ်။ သြော်...မှားလို့...... ကန်တော့နော်...ကန်တော့။ သူတော်စင်ပါ ဆိုမှ အမဲလိုက်သေနတ်ကို ဘယ်ကိုင်ပါ့မလဲနော်။
ကျုပ်တို့ မြန်မာတမျိုးသားလုံး ကံဆိုးမိုးမှောင်ကျတာကတော့ အဲဒီလိုပုဂ္ဂိုလ်မျိုး လူထုခေါင်းဆောင်နေရာကို ရောက်မလာတာပါဘဲ ။ဒါကလည်း ကျုပ်ထင်ပါတယ်။ သူဟာ လူထုခေါင်းဆောင် နေရာကို ရောက်အောင် မကြိုးစားတော့ဘဲ သဘောထားကြီးကြောင်း ပြတဲ့အနေနဲ့ တမင်သက်သက် အစောကြီးကတည်းက ဘေးထွက်ထိုင်နေလိုက် တာလည်း ဖြစ်နိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျုပ်တို့ တမျိုးသားလုံးအတွက်တော့ အစားထိုးမရတဲ့ နစ်နာဆုံးရှုံးမှုကြီးတရပ်ပေါ့ဗျာ။

နောက်ပြီး နိုင်ငံရေးဖြစ်စဉ်ကြီးတရပ်လုံးကို တရားဓမ္မနဲ့ ယှဉ် သုံးသပ်ပြီး ကောက်ချက်ဆွဲသွားပုံများ အင်မတန် ကြက်သီးထဘို့ကောင်းတယ်။ ဒီနေရာမှာ ကျုပ်လို ပုထုဇဉ် အမိုက်အမဲလေးအနေနဲ့ ဉာဏ်မမီတော့ ဘာသာရေးအရတော့ နားမလည်နိုင်ပါဘူး။ ဒါပေမယ့် ကျောင်းတုန်းက သချာင်္ဘာသာရပ်မှာ အနှုတ်နဲ့ အနှုတ်နဲ့ မြှောက်ရင် အပေါင်းထွက်တာတို့၊ အပေါင်းနဲ့ အနှုတ် ပေါင်းလို့ အပေါင်းက များရင် အပေါင်းလက္ခဏာထွက်တာတို့ကတော့ ဒေါက်တာကြီး ရှင်းပြတာနဲ့ တော်တော်လေးကွဲလွဲတယ်။ ထားပါလေ။ ဒီကိစ္စက ကျုပ်တို့လို သာမန် ဉာဏ်စဉ်လောက်နဲ့ နားလည်ဘို့ မလွယ်လောက်ဘူးထင်ပါရဲ့။ နောက်ပြီး သူ့အင်တာဗျူးကို ဖတ်လိုက်ရမှ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးသမီးဟာ အင်မတန် သဘောထားသေးသိမ်တယ်ဆိုတာကို ကျုပ်သိလာရတော့တာကိုးဗျ။ ဒီလောက် တိုင်းပြည်နဲ့ လူမျိုးအတွက် သူ့တဘ၀လုံးပေးဆပ်ပြီး သဘောထားသေးသိမ်တဲ့ အမျိုးသမီးပါလားလို့ သဘောပေါက်လာတယ်။ တကယ်ဆိုရင် ကိုနေ၀င်းမောင်တို့လို ဘေးထွက်ထိုင်နေပြီး သဘောထားကြီးပြသင့်တာပေါ့။
“မေး။ မေလ လုပ်မယ့် ဆန္ဒမဲပေးဖို့ ဆိုတာကရော ဘယ်လိုမြင်ပါသလဲ။ တရားမျှတပြီး လွတ်လပ်တဲ့ ဆန္ဒမဲပေးပွဲဖြစ်၊ မဖြစ်။
ဖြေ။ မဲပေးမယ့် ကိစ္စကတော့ သူတို့ ဥပဒေ ထွက်ထားတာပေါ့နော်။ ထွက်ထားတဲ့ ဥပဒေကို ကြည့်လို့ ရှိရင် တရားမျှတမှု ဖြစ်မှာပါ။ သူမေးတာ မေးခွန်းက တခုပဲ ရှိတယ်လေ။ Yes လား/ No လား မေးတယ်လေ။ ဒီလို မေးတာက လူတိုင်းရဲ့ ဆန္ဒကို ရဲရဲထွက်ပေါ်လာအောင် လုပ်ပေးလိုက်တယ်ဆိုရင် မျှတတယ်လို့ ပြောရမှာပေါ့။ ”
ခုလောက်ဆို ဒေါက်တာနေ၀င်းမောင်ဘယ်လောက် အကောင်းမြင်တတ်သလဲ။ ဘယ်လောက် သမာသမတ်ရှိသလဲ ဆိုတာ အားလုံး သံသယ ရှင်းသွားလောက်ပြီထင်ပါတယ်။ နအဖက ထုတ်ထားတဲ့ (လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်တဲ့) ဥပဒေဟာ တရားမျှတမှုရှိမှာပါတဲ့။
ခင်ဗျားတို့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဒီမိုကရေစီအင်အားစု ဆိုသူတွေသာ တဆိတ်ရှိ နအဖ လုပ်သမျှ မကောင်းမြင်၊ အစွန်းရောက်အမြင်တွေနဲ့ ဘက်လိုက်ပြီးပြော။ ဒေါက်တာ့လို ချစ်ခြင်းမုန်းခြင်း၊ ကြောက်ခြင်း၊ မိုက်မဲခြင်းတွေကိုဖယ်ပြီး၊ ဆန္ဒာဂတိ၊ ဘယာဂတိ၊ မောဟဂတိ ဆိုတာတွေကို ဖျောက်ပြီး သမာသမတ်ရှိရှိဆုံးဖြတ်ကြစမ်းပါ။
ဘာဗျ....ဒေါက်တာနေ၀င်းမောင် ဟာ နအဖကို ကြောက်လို့ ဒီလိုဖြေတယ် ဟုတ်လား။ သူတော်စင်ကို မပြစ်မှားနဲ့၊ မြေမျိုမယ်။ ကြပ်ကြပ်သတိထား။
ခက်တယ်။ ခင်ဗျားတို့တတွေ။ သူ့အင်တာဗျူး မဇ္ဈိမသတင်းဌာနမှာလည်း ပါလာရော အင်တာနက်ကတဆင့် အောက်မှာ မှတ်ချက်(ကွန်မင့်)ပေးကြတဲ့အခါ လူတရာမှာ ကိုးဆယ့်ကိုးယောက်လောက်က ထုံးစံအတိုင်း အမှန်အတိုင်းမမြင်တတ်ကြဘူး။ သူ့ကို တိုက်ခိုက်ပြောကြားတာကို တွေ့ရတယ်။ သေချာတယ်။ အပါယ်လားမယ့်လူတွေ။ လူတယောက်ဆိုရင် “ဆိတ်မျိုးလုံးကလေးကို ခွင့်လွှတ်ကြပါကွယ်တို့” ဆိုပြီးတောင် ရေးလိုက်သေးတယ်။ တော်တော်ဆိုးတဲ့လူ။ အ၀ီစိမှာ ချိုးကပ်မယ့်လူ။ တော်သေးတယ်....မစ္ဈိမက အယ်ဒီတာတွေက စကားလုံးကြမ်းကြမ်းတွေဆို ဖျက်ပစ်လိုက်လို့ အဲဒီမကြားဝံ့မနာသာတွေကို ခင်ဗျားတို့ အခု မမြင်ရ၊ မဖတ်ရတော့တာ။
“မေး။ Third force အဖွဲ့အကြောင်း ပြောပေးပါလားရှင်။
ဖြေ။ Third force ဆိုတာ မရှိပါဘူး။ ကျနော်တို့ အချင်းချင်းကြားမှာ သတင်းအချက်အလက် ဖလှယ်တဲ့ သူငယ်ချင်းတွေပါပဲ။ အဖွဲ့ရယ်လို့ တကယ်ဖွဲ့ထားတာ မရှိပါဘူး။ ဖွဲ့ထားရင်လည်း ကျနော် ဖွက်ထားမှာ မဟုတ်ပါဘူး။ ဒါ ပြဿနာမရှိပါဘူး။ ဖွဲ့ထားမယ်ဆိုရင် နိုင်ငံရေး ရည်ရွယ်ချက် တခုရှိဖို့ လိုပါတယ်။ ကျနော့်မှာ နိုင်ငံရေး ရည်ရွယ်ချက် မရှိပါဘူး။ ကျနော် နိုင်ငံရေးသတ္တဝါပါ။ ဒါပေမဲ့ ကျနော် ရွေးကောက်ပွဲ မဝင်ဘူး။ အာဏာ၊ နိုင်ငံရေးနဲ့ ကျနော် မပတ်သက်ချင်ဘူး။
မေး။ အရင်တုန်းက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါခဲ့သေးလား။
ဖြေ။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးကိုတော့ ကျနော်တသက်လုံးပဲ လုပ်လာတာ။ ကျနော့် Living Color မှာ ရေးတဲ့ဟာတွေကလည်း နိုင်ငံရေးပဲ။ ဒါပေမဲ့ ဒါတွေဟာ နိုင်ငံရေးအာဏာ မဟုတ်ပါဘူး။ ကျနော် ကျောင်းတုန်းကတည်းက ဒါပဲ လုပ်လာခဲ့တာ။”
ကဲ....အားလုံးသံသယ ရှင်းပြီနော်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်းလိုဘဲ နိုင်ငံရေးသတ္တ၀ါ ဖြစ်ပေမယ့် အာဏာနိုင်ငံရေးနဲ့တော့ မပတ်သက်ချင်ဘူးတဲ့။ နောက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါမပါဆိုတာ ခင်ဗျားတို့ အတိုက်အခံတွေနဲ့အတူ လိုက်ပြီး လှုပ်ရှားနေမှ မဟုတ်ပါဘူး။ လူထုလှုပ်ရှားမှုတွေမှာ တချိန်လုံး ပါနေမှမဟုတ်ပါဘူး။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးကို တသက်လုံးလုပ်လာတာဘဲ တဲ့။
ကြိုက်တယ်။ ကျုပ်အရမ်းကြိုက်တယ်။ အခု ကျုပ်ဘလော့ဂ်ရေးနေတာ နိုင်ငံရေးမဟုတ်ဘူးလို့ ဘယ်သူပြောမလဲ။ အာဏာနိုင်ငံရေးမဟုတ်ဘူးနော်။ ပါတီနိုင်ငံရေးလည်း မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေး....ဟင်းဟင်း။ နောက်ဆိုရင်...ကျုပ်က ဒေါက်တာနေ၀င်းမောင်နဲ့ လက်တွဲပြီး သိပ္ပံနည်းကျအမျိုးသား နိုင်ငံရေးတို့၊ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံရေးတို့ လုပ်ဦးမှာ။ လုပ်ပြဦးမှာ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs