“တော်ကြပါတော့ဗျို့”

တင်းမားဆက်ရီဗျူးမှာ ပါတဲ့ ဆောင်းပါးတပုဒ်ကြောင့် မြန်မာတွေ အဲဒီမှာ အစုလိုက် အပြုံလိုက် ကော်မန့်တွေ ရေးနေကြတာ တွေ့ရတယ်။ တချို့ကလည်း အကျိုးသင့်အကြောင်းသင့်၊ တချို့ကလည်း လူမျိုးနဲ့ချီပြီး ဆဲသူဆဲ၊ နောက်ယောင်ခံပြီး လိုက်သတ်မယ်လို့ ကြိမ်းဝါးတဲ့လူတောင် ပါသေးတယ်။ အက်ဒမင်က အဲဒီ ကြိမ်းဝါးချက်ကိုတော့ ဖျက်ပစ်လိုက်ပါတယ်။

ဒီပြဿနာ စဖြစ်ပုံက စထရိတ်စ်တိုင်းမ် သတင်းစာမှာပါတဲ့ သတင်းတပုဒ်ကို ကိုးကားပြီး တင်းမားဆက်ရီဗျူးမှာ ဂျာနယ်လစ်တယောက်က ဆောင်းပါးတပုဒ်ရေးတယ်။ ဆောင်းပါးထဲမှာ မြန်မာအမျိုးသမီး စာရင်းကိုင် မယဉ်ယဉ်ဦးဟာ အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်လိုတဲ့အတွက် Community Club မှာ စာရင်းသွင်းတယ်ဆိုတဲ့အချက်က အစချီပြီး သူမရဲ့ အင်္ဂလိပ်ဘာသာ အရည်အချင်းဟာ Intermediate Level မှာ ရှိတယ်ဆိုတာ သူမ ဝန်ခံပုံ၊ သူမရဲ့ အလုပ်ဟာ အလတ်စားနဲ့ အငယ်စား ကုမ္ပဏီမှာ စာရင်းအင်းပြုစုရတဲ့လုပ်ငန်းကို လုပ်ခသက်သက်သာသာနဲ့ လုပ်တဲ့အလုပ်မျိုး ဖြစ်နိုင်ကြောင်း၊ အဲဒီအလုပ်မျိုးကို စင်္ကာပူက အိုင်တီအီးလို့ခေါ်တဲ့ စက်မှုလက်မှုအထက်တန်းကျောင်းဆင်း (သို့မဟုတ်) O Level အောင်လက်မှတ်ရထားတဲ့ စင်္ကာပူနိုင်ငံသားတယောက်နဲ့ အစားထိုးလို့ ရနိုင်ကြောင်း စသဖြင့် ရေးသားထားပြီး စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ဗုံးဗောလအော ငှားရမ်းသုံးစွဲခွင့်ပြုထားတဲ့ ပေါ်လစီကို ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးပါ။ အသေးစိတ်ကို ဒီမှာ သွားဖတ်ပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးတွေကလည်း မြန်မာနိုင်ငံသားကို ထိရမလားဆိုပြီး အဲဒီက ကော်မင့်ကဏ္ဍမှာ မြန်မာတွေ ဝင်ပြီး ဆဲကြတယ်။ ငြင်းခုန်ကြတယ်။ စင်္ကာပူဖက်က တချို့စင်္ကာပူနိုင်ငံသားတွေကလည်း မြန်မာတွေကို ပြန်နှိပ်တယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီပို့စ်မှာ ကျနော်ရေးသားခဲ့တဲ့ ကွန်မင့်ကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။

Ko Paw (Padauk-Yeik) on Mon, 18th Jan 2010 8:49 pm

မြန်မာညီအစ်ကို၊ ညီအစ်မများတို့….

စိတ်အေးအေးထားပြီး ဆင်ဆင်ခြင်ခြင် ရေးသားကြဖို့ တိုက်တွန်းလိုပါတယ်။ မလိုလားအပ်တဲ့ လူမျိုးရေးမုန်းတီးမှုတွေဆီကို ဦးတည်သွားမှာကို မိတ်ဆွေတို့လည်း လိုလားကြမယ်မထင်ပါဘူး။

ဒီပို့စ်မှာ မူလက တင်ထားတဲ့ မဆီလျော်တဲ့ ခေါင်းစဉ်ကိုလည်း အက်ဒမင်များက ပြင်ဆင်လိုက်တာကို သတိထားမိပါတယ်။ နောက်ပြီး ဒီဆောင်းပါးကိုယ်၌က စထရိတ်တိုင်းမ်စ်ပါ ဆောင်းပါးကို ရည်ညွှန်းကာ ရေးတဲ့အတွက် မယဉ်ယဉ်ဦးရဲ့ နာမည်နဲ့ မြန်မာလူမျိုးဆိုတဲ့ အချက်ပါသွားတာ ဖြစ်နိုင်ပါတယ်။ နောက် ဒီဆောင်းပါးရဲ့ အမှားတခုကတော့ သူမရဲ့ အလုပ်အကိုင်အရည်အချင်းကို သူမရဲ့ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအဆင့်အတန်းနဲ့ အလောတကြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဆောင်းပါးရဲ့ အနှစ်သာရက နိုင်ငံခြားသားအလုပ်သမားတွေကို ဗုံးဗောလအော ခွင့်ပြုထားတဲ့ စင်္ကာပူအစိုးရရဲ့ မူဝါဒကို ဝေဖန်ထားခြင်းမျှသာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသားတွေ အနေနဲ့ သူတို့အစိုးရရဲ့ မူဝါဒကို သူတို့ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှ သူတို့ကို တားမြစ်ပိတ်ပင်ပိုင်ခွင့် မရှိပါဘူး။

ကျနော့်အမြင်ပြောရရင်တော့ လုပ်ငန်းကျွမ်းကျင်မှုကို အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ အင်္ဂလိပ်စာမတတ်တဲ့ ဂျာမန်လူမျိုးပညာရှင်တွေ၊ တရုတ်လူမျိုးပညာရှင်တွေ၊ စသဖြင့် နိုင်ငံခြားသားမျိုးစုံ စင်္ကာပူမှာ အလုပ်လုပ်နေကြပါတယ်။

နောက်တချက်က ကျနော်တို့ မြန်မာတွေကို အင်္ဂလိပ်စကား ကျွမ်းကျင်မှုမရှိဘူးလို့ ဝေဖန်ရင်လည်း အဲဒါကို နာစရာလို့ မမြင်ပါနဲ့။ ကျနော်တို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ရယ်၊ အင်္ဂလိပ်ဘာသာစကားသုံးစွဲမှု နည်းပါးတဲ့ အလေ့အထရယ်ကြောင့် ကျနော်တို့ မြန်မာအများစုဟာ အင်္ဂလိပ်စကားပြော ပတ်ဝန်းကျင်ဖြစ်တဲ့ စင်္ကာပူလူမျိုးတွေလောက်တော့ မကျွမ်းကျင်နိုင်ဘူးဆိုတာ ယေဘုယျ လက်ခံကြရမယ့် အချက်ပါ။ သူတို့ရဲ့ အသံထွက်ပုံ လေယူလေသိမ်းကြောင့်သာ တကယ့်အင်္ဂလိပ်လူမျိုးတွေအနေနဲ့ သူတို့ပြောစကားကို နားမလည်နိုင်ကြတာက လွဲရင် အကြမ်းဖျင်းအားဖြင့်တော့ ကျနော်တို့ထက် သူတို့ ပိုပြောနိုင်ကြပါတယ်။ အဲဒီအချက်ကို လက်ခံလိုက်ရင် ဘာသာစကားနဲ့ ပတ်သက်လို့ ကျနော်တို့အပေါ် သူတို့ထားတဲ့ အမြင်ကို သိပ်ပြီး ဘဝင်မကျစရာမရှိပါဘူး။

နောက်တခုက….. နိုင်ငံခြားသား အလုပ်သမား ငှားရမ်းမှုနဲ့ပတ်သက်ပြီး သူတို့အစိုးရအပေါ် သူတို့ ဝေဖန်တာ သဘာဝကျပါတယ်။ တချို့သော စင်္ကာပူနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် အမြင်မကြည်လင်မှုကိုလည်း သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်း မလုံခြုံမှုအပေါ် စာနာ နားလည်ပေးလိုက်ရင် ခွင့်လွှတ်နိုင်ပါလိမ့်မယ်။

တဖက်မှာလည်း စင်္ကာပူနိုင်ငံသားအချို့အနေနဲ့ နိုင်ငံခြားသားအလုပ်လုပ်ကိုင်သူများအပေါ်မှာ မှားယွင်းပြီး အပြစ်ပုံချတာမျိုးကို ရှောင်ရှားသင့်တယ်လို့ မြင်မိပါတယ်။ တကယ်တော့ ကုမ္ပဏီတွေက ငှားရမ်းလို့၊ လူဝင်မှုကြီးကြပ်ရေးက ခွင့်ပြုလို့ ဘဝတိုးတက်ရေးအတွက် ရေခြားမြေခြားမှာ လာရောက်လုပ်ကိုင်နေကြသူတွေမှာ အပြစ်မရှိပါဘူး။ တကယ်တမ်း မိမိတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကာကွယ်လိုတယ်ဆိုရင် မိမိတို့အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားတင်သွင်းမှုနဲ့ ပတ်သက်တဲ့ ပေါ်လစီကိုသာ ပြောင်းလဲပေးဖို့ တောင်းဆိုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့….. အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုတဲ့စကားလို မလိုအပ်ဘဲ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်လာနိုင်စေတဲ့ မှတ်ချက်မျိုးတွေကို မချမိကြဖို့ မြန်မာနိုင်ငံသား ညီအစ်ကိုညီအစ်မများကို တိုက်တွန်းလိုက်ပါတယ်။

(ဒီစာကို နောက်ကွန်မင့်မှာ အင်္ဂလိပ်လို ဘာသာပြန်ပြီး ထည့်ပေးပါမယ်။)

လေးစားစွာဖြင့်….
ကိုပေါ (ပိတောက်ရိပ်)

(လောလော လောလော နဲ့မို့ ကျနော့် အင်္ဂလိပ်ဘာသာပြန်မှာလည်း အမှားလေးတွေ ပါသွားပါတယ်....ချောဒီး....အဟီး။)

■Ko Paw (Padauk-Yeik) on Your comment is awaiting moderation. Mon, 18th Jan 2010 9:23 pm

(English translation to the above comment in Burmese)

Dear Myanmar Brothers and Sisters,

Please calm down and think carefully before you make a comment. I believe that all of us don’t want to cause the racial hatred between Singaproeans and Myanmars.

I noticed that the Admin has already made some changes to the inapproriate original title to this article. Besides, this article made a reference to the Straitstimes report and that could be the reason why Miss Yin Yin Oo’s name appeared in it. The only mistake, I think, in this article is that the author tried to judge her professional competency only by her language skill alone. But the main objective of the article is to criticize the Foreign Talent policy (The excessive import of foreign workers) of the Singapore Government, not to insult Myanmar Nationals. Singaporeans do have their right to criticize their government’s policies and no one can urged them not to.

In my opinion, one’s professional skill could not be judged by English language skill alone. There are other foreigners such as Germans, Chinese, Koreans, Italians, etc., who can’t speak proper English but they are doing well in their fields here in Singapore.

Furthermore, If someone criticizes our English language skill, please don’t be offended. Due to the poor education system and the lack of English speaking enviroment in our country, we must accept that most of us can’t speak as good as most of the Singaporeans. They have only one disadvantage that some native speakers can’t understand their accent and pronunciation. But generally, they are better than us in English language. If we accept that fact, we won’t be so easily offended by their view.

If some Singaporeans show their disapproval to the foreigners, we should try to understand their worry about job insecurity and forgive them for that.

On the other hand, Singaporeans should also stop blaming wrongly on the foreigners who come to work in Singapore. We are here just because the companies are hiring us and the Singapore government approved our work permits. No one deserves the blame except the FT policy itself. So if you want to protect your jobs, you should urge your goverment to change the foreign talent policy or urge it to implement the minimum wage policy.

Finally, please avoid the comments which can cause misunderstanding and racial hatred among us.

With best regards,
Ko Paw (Padauk-Yeik)

Read more

“အမြင်မကျယ်လွန်းလို့”

မိုးကုပ်စက်ဝိုင်းကနေ ရုပ်ရှင်ပိတ်ကားပေါ်….
ပိတ်ကားကနေ တီဗီဖန်သားပြင်ပေါ်….
တီဗီကနေ ကွန်ပြူတာ မော်နီတာပေါ်….
မော်နီတာကနေ လက်ကိုင်ဖုန်းပေါ်….
သြော်…ငါ့မြင်ကွင်းတွေ ကျဉ်းကျဉ်းလာခဲ့ပေါ့။
နောင်ဆယ်နှစ်ဆိုရင် ကမ္ဘာကြီးကို အပ်နဖားပေါက်ထဲက ချောင်းကြည့်ရတော့မယ်ထင်တယ်။
Read more

“ညွှန်းလိုသော သုံးသပ်ချက်”

ဒေါက်တာလွဏ်းဆွေဘလော့ဂ်တွင် တင်ထားသော ထွန်းအောင်ကျော် ရေးသားသည့် “သက္ကရာဇ် ၂၀၀၉ မြန်မာနိုင်ငံစစ်တမ်း” ဆိုသည့် သုံးသပ်ချက် စာတမ်းကို ထပ်ဆင့် ညွှန်းလိုပါသည်။

မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသော အဓိက အင်အားစုများနှင့် အင်အားစု တခုချင်းစီ၏ အခြေအနေကို တိုတိုနှင့် ထိထိမိမိ ဝေဖန်သုံးသပ်ပြထားသည်။ စိတ်ဝင်စားဖွယ် အကြံပြုချက်များလည်း ပါဝင်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အကြံပြုချက်၊ တပ်ပေါင်းစု(DAB)နှင့် ပတ်သက်သော အကြံပြုချက်များမှာ လက်ခံစဉ်းစားဖွယ်ကောင်းသည်ဟု သဘောရသည်။ နိဂုံးတွင်ဖော်ပြထားသော ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထားမှာလည်း ကျနော့်အမြင်နှင့် တထပ်တည်းကျပါသည်။

မူရင်းစာတမ်းကို ဤနေရာ တွင်လည်း သွားရောက်ဖတ်ရှုနိုင်ပါသည်။
Read more

“ဘုရင်ရဲ့ အထက်မှာ”

ကျနော့် ဘလော့ဂ်တွင် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် ဘန်နာအသစ်လှလှလေးတခု တင်ရန် စိတ်ကူးရသည်။ ဘန်နာတွင် စာတန်းလေးတခုလောက်လည်း ထည့်ချင်သေးသည်။

သူများဘလော့ဂ်တွေကို သွားဖတ်လျှင် ဘန်နာတွင် ဆောင်ပုဒ်လိုလို၊ အတွေးအခေါ်လိုလို စာတန်းလေးတွေကို တွေ့ရသည်။

ဘလော့တခုတွင် ရေးထားသည်မှာ…“သေဆုံးခြင်းတွေကို ခေါက်သိမ်းထားတဲ့နေရာ”…တဲ့။ ဧကန္တ အနှီဘလော့ဂါသည် သေခြင်းတရားကို မေ့ပျောက်ဖို့ ကြိုးစားနေဟန်ရှိသည်။ သြော်…တရားမရှိပုံ… တရားမရှိပုံ။

တချို့ကလည်း ဘန်နာပေါ်ဝယ် ကဗျာတို၊ ကဗျာစ ရေးတင်တတ်သည်။

ရပ်လို့မနေ
ထိုင်ရင်းသေမည်
ဆိုဖာနားဆီ
ရစ်သီသီ…
”……တဲ့။ ထိုဘလော့ဂါသည်ကား မတ်တတ်ရပ်လျက် နေရမည်ကို ပျင်းရိတတ်သူပဲ ဖြစ်ရမည်။

နောက်တယောက်ကလည်း…. “ဖမ်းချုပ်ထားရသော ဝက်မြီးနဲ့တူတဲ့ လက်တစုံ”…တဲ့။ သူကတော့ လူပျိုကြီးဘလော့ဂါသာ ဖြစ်ချေအံ့။ မလွဲနိုင်။

တချို့ကတော့….. “ကုတ်အင်္ကျီဝတ်ခြင်းဆိုသည်မှာ ရှိုးထုတ်ပိုင်ခွင့်ပင် ဖြစ်သည်။”…တဲ့။ အကြင်ဘလော့ဂါသည်ကား ကုတ်အင်္ကျီဝတ်လိုက်လျှင် ပိုကြည့်ကောင်းသည်ဟု အထင်ရောက်တတ်သူသာ မုချ ဖြစ်ရချေမည်။

ထိုမှတပါးလည်း ရှိပါသေးသည်။….. “ခံတွင်းပျက်အောင် ဟင်းချက်နည်းလေးတွေ ရှယ်ပေးမယ်”….ဆိုတာမျိုး။

ဒါမှမဟုတ်….. တချို့ကလည်း ဘိုဆန်ဆန်လေး…. “Sleeping is my inspiration….. just like walking over the clouds….. and snoring aloud”….. စသဖြင့်…စသဖြင့်ပေါ့။

ဘာပဲဖြစ်ဖြစ် ကျနော်လည်း သူများနည်းတူ စာတန်းလေးတခုလောက်တော့ ထည့်ချင်ပါသည်။ လှပသည့် စကားလေးတွေ၊ စိတ်ကူးလေးတွေ အားလုံးကို သူများ ဦးသွားပြီ ဖြစ်၍ စိတ်ကူးထဲတွင် ပထမဦးဆုံး ပေါ်လာသော စာတကြောင်းကို အကြမ်း ချရေးကြည့်လိုက်မိသည်။

ပိတောက်ရိပ်သာ အမိ၊ ပိတောက်ရိပ်သာ အဖ၊ ပိတောက်ရိပ်ကိုပဲ လာဖတ်ကြ

ဟာ… မနိပ်သေး။ ဒီဆောင်ပုဒ်မျိုးကို လူမုန်းများသည်။ မတော်တဆ သွားရင်းလာရင်း ဖိနပ်စာ မိသွားနိုင်သည်။ ကြက်သီးဖြန်းဖြန်း ထသွား၏။ မဖြစ်ချေဘူး။ နောက်တမျိုး စဉ်းစားကြည့်ဦးမှ။

စစ်မှန်သော ဘလော့ဂ်တခု ပေါ်ပေါက်လာရေးသည် ကွန်မင့်ရေးသူအားလုံး၏ တာဝန်သာ ဖြစ်သည်

ဒါလည်း မနိပ်သေးပါဘူး။ ကိုယ့်ဟာကိုယ် ဘလော့ဂ်တခုထောင်၊ ကွန်မင့်တွေ နာမည်အမျိုးမျိုးနဲ့ လိုက်ရေး။ ပြီးမှ ၉၃ ဒဿမ ၂၇ ရာခိုင်နှုန်းက ကိုယ့်ဘလော့ကို တခဲနက် အားပေးထောက်ခံတယ်လို့ လံကြုပ်လုပ်လိုက်ရင်လည်း ရတာပဲဟာ…ပဲဟာ။ တော်ပြီ။ နောက်တမျိုး ထပ်စဉ်းစားစမ်း။ အား…ဟုတ်ပြီ။ ဒီတခု မဆိုးဘူး။

ပိတောက်ရိပ်အထက်တွင် မည်သူမျှ မရှိစေရ

ဟဲ…ဟဲ…. မနိပ်လား။ ပိတောက်ရိပ်အထက်မှာ ကိုပေါပဲ ရှိတယ်။ ဟား…ဟား…ဟား။ ငါသာလျှင် ငါ့ဘလော့ဂ်ရဲ့ ဘုရင်။ ကျနော့်ဘာသာ တွေးရင်း ပီတိတွေ ဖြာနေသည်။ ထိုစဉ်....

“ရုံးက ပြန်လာပြီး ကွန်ပြူတာရှေ့မှာ ထိုင်နေတာ ကြာလှပြီ။ ဘလော့ဂ်ထဲရောက်ပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့။ ကဲ… အခုချက်ချင်း ရေသွားချိုးချေတော့။”

နောက်နားမှ မဒမ်ပေါ၏အသံထွက်လာသဖြင့် ဘလော့ဂ်ရေးခြင်းကို ခေတ္တနားကာ ရေချိုးခန်းသို့ ဝင်ရန် ပြင်ရပါသည်။

အဲ…. ဆောရီး…..ပြောဖို့ မေ့တော့မလို့။ ပိတောက်ရိပ်အထက်မှာ မဒမ်ပေါတော့ ရှိသေးတယ်…. ဟီး။
Read more

“ဟိ”

စာရိုက်သူများ သတိထား” ဆိုတဲ့ ပို့စ်ကို ဖြစ်ပေါ်လာစေခဲ့တဲ့ ဆရာမောင်စိန်ရဲ့ ကာတွန်းလေးကို ဘလော့ဂ်လာလည်သူတဦးက အီးမေးလ်ကတဆင့် ကျနော့်ထံ အောက်ပါအတိုင်း ပေးပို့လာပါတယ်။

ဒီးရားကိုပေါ

ကိုပေါရဲ့ ဘလော့ဂ်မှာ ညွှန်းထားတဲ့
ချယ်ရီ အမှတ် ၁၀ ထဲက မောင်စိန် ရဲ့ ကာတွန်းကို ရှာဖွေ ပေးပို့လိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ ပါစေ။

ကိုမြ


အခုလို တကူးတက ရှာဖွေပို့ပေးတဲ့ ကိုမြ ကို အထူးကျေးဇူးတင်ကြောင်း ဘလော့ဂ်ပေါ်ကနေ ထပ်မံပြောကြားလိုက်ပါရစေ။


ဆရာမောင်စိန်ရဲ့ ကာတွန်းလက်ရာကို ဘလော့ဂ်လာလည်သူများလည်း ခံစားနိုင်အောင် ပြန်လည်ဖော်ပြလိုက်ပါတယ်။

Mg Sein's cartoon

ဒီကာတွန်းနဲ့ ပတ်သက်ပြီး ဘလော့ဂါ ပန်ဒိုရာ ကလည်း ဆရာမောင်စိန်ရဲ့ ကာတွန်းဖြစ်ကြောင်း သက်ဆိုင်ရာ ကွန်မင့်ကဏ္ဍမှာ မှန်ကန်စွာ ထောက်ပြသွားခဲ့ပါတယ်။
Read more

“ကျောက်ခဲ မဟုတ်ပါ”

ကျောက်ခဲတလုံးကို ရေထဲသို့ ပစ်ချလိုက်သည်။ ပလုံကနဲ အသံကိုပြုလျက် ချက်ချင်းပင် နစ်မြုတ်သွားသည်။ ရေကူးဖို့ နည်းနည်းလေးမှ မကြိုးစား။ ရုန်းကန်ဖို့လည်း မကြိုးစား။ ကျောက်ခဲပီသစွာပင် ပစ်ချလိုက်ရာ နေရာ၌ သစ္စာရှိရှိ နစ်မြုတ်သွားလေတော့သည်။

ရေမကူးရကောင်းလားဟု ကျောက်ခဲကို အပြစ်မတင်ပါနှင့်။ ကျောက်တုံးကျောက်ခဲတွင် အသက်ဝိဉာဉ်မရှိပါ။ အသိဉာဏ်လည်းမရှိပါ။ ထို့ပြင် ရေကူးရန် ခြေလက်များလည်း မပါပါ။

ဂဝံကျောက်များ၊ ကျောက်စရစ်ခဲများကို လမ်းခင်းသည့်နေရာ၌ အသုံးပြုကြသည်။ ၄င်းတို့အပေါ်မှ လူများ အကြိမ်ကြိမ် အထပ်ထပ် နင်းကျော် ဖြတ်လျှောက်ကြသည်။ ထိုမျှမက “လမ်းခင်းတဲ့ကျောက်ခဲကတော့ အသွေးအရောင် မပြောင်မွဲ၊ တန်ဘိုးမှာလည်းနည်း” ဟု သီချင်းလုပ်ပြီးတောင် အဆိုခံလိုက်ရရှာသေးသည်။ သို့စင်လျက် သမိုင်းကာလ တလျှောက်လုံးတွင် အနင်းခံ၊ အဖိနှိပ်ခံ ကျောက်တုံးကျောက်ခဲများက မခံမရပ်နိုင်ဖြစ်ကာ တော်လှန်ထကြွသည်ဟု မကြားစဖူး။ ကျောက်ခဲထုကြီးတရပ်လုံး လွတ်မြောက်ရေးအတွက် တခဲနက် ဆန္ဒပြတောင်းဆိုသည်ဟုလည်း မရှိခဲ့စဖူး။

ကျောက်ခဲများ ငုံ့ခံနိုင်လွန်းရန်ကောဟု အပြစ်မတင်ပါနှင့်။ ကျောက်ခဲတွင် ခံစားချက် မရှိပါ။ လက်သီးလက်မောင်းတန်းစရာ လက်နှစ်ဖက် ပါမလာပါ။ မကျေနပ်ကြောင်း အော်ဟစ် ဖော်ပြစရာ ပါးစပ်ပေါက် ပါမလာပါ။ အံကြိတ်ပြစရာ အံသွားများ ပါမလာပါ။

သည့်အတွက် ကျောက်ခဲများခမြာ လူပြုသမျှ နုရရှာလေသည်။ လမ်းအခင်းခံရသည့် ကျောက်ခဲများရှိသည်။ ဘိလပ်မြေနှင့်ရောကာ အင်္ဂတေအလုပ်ခံရသည့် ကျောက်ခဲများရှိသည်။ ဆင်းတုအဖြစ် ထုဆစ်ကာ ဘုရားစင်တွင် တင်၍ အကိုးကွယ်ခံရသည်လည်းရှိသည်။ ပါးလျစွာ ခွဲစိတ်၊ ဖြတ်တောက်၊ အချောကိုင် ခံရပြီးသကာလ အိမ်သာကြမ်းပြင်အဖြစ် အသုံးခံရသည်လည်းရှိသည်။ ထုနှက်သတ်ဖြတ်စရာ လက်နက်အဖြစ် အသုံးတော်ခံရသည့် (သွေးစွန်းပေလျက်ရှိသော) ကျောက်ခဲများလည်း လောကတွင်ရှိသည်။

ရောက်ရာဘဝတွင် ဒေါင်ကျကျ ပြားကျကျ မငြီးမငြူနေနိုင်သည့်အတွက် ကျောက်ခဲများကို ချီးမွမ်းစရာမလိုသလို လူပြုသမျှ နုရသည့်အတွက်လည်း အပြစ်တင်ရန် အကြောင်းမရှိ။ ဆိုခဲ့သည့်အတိုင်း ကျောက်ခဲတွင် အသက်မရှိပါ။ ခံစားချက်မရှိပါ။ အသိဉာဏ်လည်း မရှိပါ။

သို့သော်…. လူဆိုသည်ကတော့ ကျောက်ခဲလိုမဟုတ်။ အသက်လည်းရှိသည်။ ခံစားချက်လည်းရှိသည်။ အသိဉာဏ်လည်းရှိသည်။

လူသည် ဖိနှိပ်မှုနှင့် ကြုံကြိုက်လာလျှင် ကျောက်တုံးကဲ့သို့ ငုံ့မခံ။ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် လမ်းကို ကြိုးစားရှာဖွေသည်။

ကျနော်တို့၏ ဘိုးဘွားဘီဘင်များ ကျောက်တုံးကဲ့သို့ မကျင့်ကြံခဲ့သဖြင့် ကျနော်တို့နိုင်ငံသည် တိုင်းတပါးသားတို့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ လွန်ခဲ့သော ၆၂နှစ်က ဤနေ့ဤရက်တွင် လွတ်လပ်ရေးရခဲ့သည်။

ယခုအခါ ကျနော်တို့ မျိုးဆက်လက်ထက်တွင် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို ကြုံတွေ့နေရပြန်သည်။ သို့သော် မြန်မာနိုင်ငံသားများသည် အသက်မဲ့၊ ခံစားချက်မဲ့၊ အသိဉာဏ်မဲ့ ကျောက်တုံးကျောက်ခဲများ မဟုတ်ကြဖြစ်သဖြင့် ဖိနှိပ်မှုကို သည်အတိုင်း ငုံ့ခံနေကြမည် မဟုတ်ပါ။ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် လူပီသစွာ ကြိုးပမ်းကြမည်သာ ဖြစ်သည်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs