“ဒုက္ခဘုံမှာ နေဖူးသလား”

Share |
“ရန်ကုန်မြို့ကို မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်စေရေးအတွက်…..”

ဒီစကားကို လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး သတင်းစာထဲမှာ မကြာခဏ ဖတ်ခဲ့ရတယ်။ တီဗီသတင်းထဲမှာ ဖန်တရာတေအောင် ကြားခဲ့ရတယ်။

အနှစ် ၂၀ ကျော်လာခဲ့ပြီ။ နားစွင့်လိုက်တဲ့အခါ လောလောလတ်လတ် ကြားနေရတာတွေကတော့….

“ရန်ကုန်မြို့လယ်ခေါင် ရေလျှံလို့တဲ့”

“ရန်ကုန်မြို့လယ်ခေါင် မီးပြတ်လို့တဲ့”

“ရန်ကုန်မြို့လယ်ခေါင် ရေပြတ်လို့တဲ့”

“တယ်လီဖုန်းလိုင်းတွေ ပြတ်သွားလို့တဲ့”

“အင်တာနက် ပြတ်တောက်သွားပြန်ပတဲ့”

ကြားလိုက်ရတဲ့ အသံတွေ။ သတင်းကောင်းတခုမှ မပါ။

မြို့ထဲမှာ ဟိုနားဒီနား လျှောက်ကြည့်ရင် လ မျက်နှာပြင်ထက်က ချိုင့်ခွက်တွေနဲ့ ရန်ကုန်မြို့ လမ်းမတွေပေါ်က ချိုင့်ခွက်တွေ ဘယ်ဒင်းက ပိုနက်ရှိုင်းသလဲလို့ တွေးတောစရာ ဖြစ်လာမယ်။

ဘတ်စ်ကားစီးရင် လူကြပ်မယ်။ ကားဆောင့်မယ်။ ပလက်ဖောင်းပေါ်မှာ ဘေးဘီငေးမောလမ်းလျှောက်မိရင် ခလုပ်တိုက်မယ်။ မြောင်းပေါက်ကျွံကျမယ်။ လမ်းမနားက ကပ်လျှောက်မိရင် ဗွက်စင်မယ်။ ကားပေါ်က လှမ်းထွေးတဲ့ ကွမ်းတံတွေး စင်မယ်။

မိုးထိမြင့်မားတဲ့ အမှိုက်ပုံတွေ။ အမှိုက်ပုံမှာ အဟောင်းရှာတဲ့ ကလေးငယ်တွေ။ မိဘက မတတ်နိုင်လို့ ကျောင်းကထွက်ပြီး လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေမှာ စားပွဲထိုးလုပ်နေတဲ့ ကလေးလုပ်သားတွေ၊ လမ်းမပေါ်မှာ တဖက်ပိတ်ဝါးပိုးဝါး အတိုအရှည်ကိုင်ပြီး သီချင်းဆိုကာ ပိုက်ဆံရှာကြရတဲ့ မောင်နှမတတွေ။

မြို့သူမြို့သားတွေလည်း လမ်းဘေးဆိုင်တွေမှာ ယင်ကောင်တလောင်းလောင်းနဲ့ စားကြ၊ သောက်ကြ။ မှောင်ရီပျိုးတာနဲ့ တဖျတ်ဖျတ် ခြင်မောင်းကြရ။

ဆင်ခြေဖုံးက လက်လုပ်လုပ်စားတွေ… မြို့ထဲသွား နေ့စားလုပ်ဖို့ လမ်းစရိတ်မရှိလို့ အိုးခွက်ပေါင်ကြ၊ မှတ်ပုံတင်ပေါင်ကြ။

လုပ်ငန်းရှင်တွေလည်း အလုပ်သမားငှားထားပြီးမှ မီးမလာလို့ အလုပ်မစနိုင်။ မစောင့်နိုင်ရင် မီးစက်နဲ့ နှစ်ပါးသွားဖို့ ပြင်ကြ။

ဝန်ထမ်းတွေ လခနဲ့ မလောက်လို့ ဘေးပေါက်ရှာကြ။ လာဘ်စားကြ။ အကျင့်ပျက်ကြ။

မြို့တော်သူမြို့တော်သား အများစုအတွက်တော့ ရန်ကုန်မြို့ဟာ ဒုက္ခမြို့တော်ကြီးပါပဲ။ အခုတော့ မြန်မာပြည်ရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်အဖြစ်ကနေလည်း တဆင့်လျှော့ခံလိုက်ရပြီ။ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ကြီးကို နအဖ စစ်အစိုးရက စိတ်နာနာနဲ့ ပျက်ချင်တိုင်း ပျက်စီးပစေတော့လို့ စနစ်တကျ ဖျက်စီးပြီး ထားပစ်ခဲ့လေသလားမသိ။

အဲဒီ ဒုက္ခမြို့တော်ကြီးမှာပဲ မတော်မတရား အသက်မွေးဝမ်းကျောင်းပြုကာ ဒေါ်လာသန်းချီပြီး အကြီးအကျယ် ကြွယ်ဝနေတဲ့ လူအနည်းစုလည်း ရှိတယ်။ ဒီလူတွေအနေနဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ အဖိုးတန်အိမ်ယာတွေဝယ်မယ်။ သူတို့ရဲ့ သားတွေ၊ သမီးတွေကို နိုင်ငံရပ်ခြားက ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ ပို့ပြီး ပညာသင်ခိုင်းမယ်။ ဒရိုင်ဗာတွေ၊ အိမ်ဖော်တွေနဲ့ လိုလေသေးမရှိ ထောက်ပံ့ထားမယ်။ ကျန်းမာရေးအတွက် နိုင်ငံခြားက နာမည်ကျော်ဆေးရုံကြီးတွေမှာ လာရောက် ဆေးဝါးကုသခံယူကြမယ်။ သူတို့ရဲ့ ကတော်တွေက ရှော့ပင်းထွက်ကြမယ်။ အိမ်ကြီးရခိုင်ကြီးတွေနဲ့ နိုင်ငံခြားဖြစ်အသုံးအဆောင်တွေ အလျှံပယ်သုံးစွဲနိုင်တဲ့ သူတို့တတွေအတွက်ကတော့ ရန်ကုန်မြို့ကြီးဟာ သုခဘုံကြီး ဖြစ်နေချင်လည်း ဖြစ်နေမှာပါ။

ကျနော်တို့တတွေ နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် အဲဒီ ဒုက္ခမြို့တော်ကြီးမှာ ကျနော်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ကျန်ရစ်ခဲ့တယ်။ မိတ်ဆွေ သူငယ်ချင်းတွေ ကျန်ရစ်ခဲ့တယ်။ ကျောင်းနေဖက်တွေ ကျန်ရစ်ခဲ့တယ်။ ဆရာ၊ ဆရာမတွေ ကျန်ရစ်ခဲ့တယ်။ ကျနော်တို့ သတိရ အောက်မေ့ဖွယ်ရာ အတိတ်ခြေရာတွေ ကျန်ရစ်ခဲ့တယ်။ ရန်ကုန်မြို့ကြီးအခုလို ဖြစ်ပျက်နေတာကို မြင်ရတဲ့ လူတိုင်း စိတ်မချမ်းမသာ ဖြစ်ကြတယ်။

ဒီအစိုးရလက်ထက်မှာတော့ ရန်ကုန်မြို့ကြီးဟာ အဖတ်ဆည်မရအောင် ပျက်စီးနေဦးမှာပါပဲ။ ရန်ကုန်တောင် အဖတ်ဆည်လို့မရရင် ကျန်တဲ့ တတိုင်းပြည်လုံးကတော့ ပြောစရာမလိုတော့ပါဘူး။

မုန့်ဆီကြော်က ဘယ်နေမှန်းမသိ။ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား လို့ စိတ်ကူးယဉ်နေတယ် ပြောရင်လည်း ခံရမှာပါဘဲ။

ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျသွားလို့ ပြည်သူ့အစိုးရတရပ်တက်လာရင်တောင် ရန်ကုန်မြို့ကြီးကိုရော၊ တတိုင်းပြည်လုံးကိုပါ ပြန်လည်ထူထောင်နိုင်ဖို့ တော်တော်ကြိုးစားယူရလိမ့်မယ်။

26 comments:

Anonymous said...

very good post.

Anonymous said...

ရန်ကုန် ရန်ကုန် ကျတော့်အတွက်တော့ .....
အကြံကုန်ရင် ဆားပြန်ချက်မဲ့မြို့ပေါ့ ......
ရေလျှံ မီးပြတ် နေစရာကျပ်တဲ့ ရန်ကုန် .....
နေဝင် ညဘက် ကြက်မ စည်တဲ့ ရန်ကုန် .....
ရေမလာ ပိုက်ပျက် ရေမလောက်တဲ့ ရန်ကုန် .....
လေမဝင် အမှိုက်နဲ့ အသက်ရှူ မဝတဲ့ ရန်ကုန် .....
ဒဏ်ရာ အပြည့်နဲ့ သေတော့မယ့် ရန်ကုန် ......
ကြံရာမရ ရင်တော့ ပြန်လာရမဲ့ ရန်ကုန် ......
နင့်ကြောင့် ခက်တယ် ရန်ကုန် .......
ကယ်သူမဲ့ပြီး အရှက်ပါကွဲပေါ့ ရန်ကုန်ရယ် ....

(ST-JB-Msia)

Anonymous said...

ရန်ကုန်မြို့ပေါ်မှာ ရေနံထွက်တယ်ဆိုတဲ့ သတင်းပါ ထပ်ဖြည့်ရရင် ကောင်းမလားလို့ ......

မိုးခါး said...

ဟူးးးးးးးးးးးးးးး
မောပါလား ကိုပေါရေ ..း(((
စိတ်မချမ်းသာစရာပဲ

Unknown said...

အဲဒါ Forbidden City လို့ပြောင်းရင်ကောင်းမလား စဉ်းစားနေတာ။ ဘာပဲ ဖြစ်ဖြစ် ရန်ကုန်မှာ လ က သာနေအုံးမှာပဲလေ။

JulyDream said...

ရန်ကုန်တော့ ကုန်ပါပြီလေ။ တကယ် နှမြောမိတယ်။

Nyi Nyi said...

City of Joy

Nyi Nyi said...

whooooo..:(

T T Sweet said...

ရန်ကုန်မြို့အကြောင်း သတင်းတွေ ဟိုဟို ဒီဒီကြားပါတယ်။ ကိုယ်ကြီးပျင်းလာတဲ့မြို့ ကျင်လည်ကျက်စားခဲ့တဲ့မြို့ ဆိုတော့ တော်တော်စိတ်မကောင်းဖြစ်ရတယ်။

Unknown said...

That is a way of junta's trick.They want people migrate to capital so called naypyidaw.

ညီမျိုး said...

ကိုပေါရေ-
ှကျွန်တော့သူငယ်ချင်းတယောက်ကပြောတယ်- မင်းတို့ Singapore မှာပျင်းစရာကြီးကွာတဲ့၊ ငါတို့မြန်မာပြည်မှာ ပျော်စရာတွေပေါတယ်တဲ့။ တို့ကိုအစိုးရက ခဏခဏပျော်ရအောင်ပျော်စရာတွေဖန်တီးပေးထားတယ်တဲ့။ ကျွန်တော်လည်းတော်တော်အံ့သြသွားတယ်- ဘာတွေလဲဟ ဆိုတော့။ တို့မှာ မီးလာရင်လည်းပျော်ရတယ်-အထူးသဖြင့် ကိုရီးယားကာလာခါနီးမီးလာရင်ပိုပျော်ရတယ်၊ ရေလာရင်လည်းပျော်ရတာပဲတဲ့၊ နောက်ဆုံးဖုန်းလေးကိုင်လိုက်လို့ လိုင်းဝင်နေရင်လည်း ပျော်ရတာပဲတဲ့။ Bus ကားစီးလို့ လူချောင်ရင်လည်းပျော်ရတယ်တဲ့။ ကဲဘယ်လောက်ပျော်စရာကောင်းသလဲ။

ဧပရယ်လ်ပူး@ပူးတေ said...

ကိုပေါရေ....

ဘာပဲပြောပြော အချိန်တန်ရင်တော့ ရန်ကုန်ကို တနှစ်တခါ ပြန်ချင်နေတာပါပဲ။ တနှစ်စာ ပိုက်ဆံလေးစုပြီး ကျမ အခွန်ဆောင်ခွင့်ပြုပါဆိုတဲ့ ပုံစံလေးကို သွားဖြည့်ဖို့ ကြိုးပမ်းနေရတော့တာပါပဲ။ :P

Thargyi(Gyobingauk) said...

စိတ်ပျက်စရာကောင်းပေမယ့် ငြိမ်းချမ်းတဲ့ ဘုရားဝန်းတွေရှိတဲ့ရန်ကုန်..
ချွေးစော်နံပေကျံနေကျပေမယ့် နွေးထွေးရင်းနှီးနေတဲ့အပြုံးတွေရှိတဲ့ရန်ကုန်..
ကိုယ်တိုင်ဒုက္ခဝေ နေပေမယ့် ကူညီတတ်တဲ့ ရိုင်းပင်း တတ်တဲ့ အကျင့်ကောင်းတွေရှိတဲ့ရန်ကုန်...
ဒါတွေရှိနေသ၍ ဒီမြေကိုတခြားမြေတွေနဲ့မလဲနိုင်သေး ပါဘူး ရန်ကုန်..

NG said...

တိုက်ဆိုင်လို့  ဘလော့ဂ်တခုမှာ နားထောင်ဖြစ်ခဲ့တဲ့ ကျားပေါက်ရဲ့ "အရင်အတိုင်းရန်ကုန် "

http://maynyane.blogspot.com/2009_09_01_archive.html

(တကယ့်ကို အတွေးအားကောင်းကောင်း အနုပညာအားကောင်းကောင်း နဲ့  ရေးစပ်ထားတဲ့ ရန်ကုန်ရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်စေတဲ့သီချင်းလေးပါ..)

ဆောင်းမြူခိုး said...

"ကျနော်တို့တတွေ နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် အဲဒီ ဒုက္ခမြို့တော်ကြီးမှာ ကျနော်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ၊ မိတ်ဆွေ သူငယ်ချင်းတွေ ၊ ကျောင်းနေဖက်တွေ ၊ ဆရာ၊ ဆရာမတွေ ကျန်ရစ်ခဲ့တယ်။ ရန်ကုန်မြို့ကြီးအခုလို ဖြစ်ပျက်နေတာကို မြင်ရတဲ့ လူတိုင်း စိတ်မချမ်းမသာ ဖြစ်ကြတယ်။"
စိတ်နဲ့ ထပ်တူကျတဲ့ စာသားလေးပဲ... ဟုတ်တယ်.. နိုင်ငံခြားထွက်ဖို့ အရင်းအနှီး မတတ်နိုင်တဲ့ ပညာတတ်လူငယ် သူငယ်ချင်းတွေ ကျန်နေသေးတယ်..

KMA said...

"ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျသွားလို့ ပြည်သူ့အစိုးရတရပ်တက်လာရင်တောင် ရန်ကုန်မြို့ကြီးကိုရော၊ တတိုင်းပြည်လုံးကိုပါ ပြန်လည်ထူထောင်နိုင်ဖို့ တော်တော်ကြိုးစားယူရလိမ့်မယ်။"
Can't agree no more!

Anonymous said...

ရန်ကုန်မှာ မိန်းမကျန်နေခဲ့တယ်ဗျ
ခုထိခေါ်နိုင်သေးဘူး အီး....ဟီး....ဟီး

June said...

ဒီရက်ပိုင်းကပဲ..စလုံးလုပ်ဖော်ကိုင်ဖက်တစ်ယောက် ခရစ်ယာန်အဖွဲ.နဲ ထင်ပါရဲ့..ရန်ကုန်အလည်သွားတာ....
ကိုယ်ရဲ့မြို့ ကြီးကိုဝေဖန်သွားလိုက်တာ..... လမ်းတွေဆိုးလိုက်တာတဲ့..
.မီးကလည်းခဏခဏပျက်တယ်တဲ့..
စားသောက်ဆိုင်နားမှာ
တောင်းနေတဲ့ခလေးတွေလည်းအများကြီးတဲ့....နင်တို့ နိုင်ငံအရမ်းဆင်းရဲတာပဲတဲ့.....
ကိုယ်လည်း မကျေမနပ်နဲ မေးရတယ်..ရွေတိဂုံဘုရားကြီးလေ..မရောက်ဘူးလားပေါ့..
shopping center တွေလည်းအများကြီးလေ..
မရောက်ဘူးလားလို့ ..မသွားခဲ့ဘူး...မိဘမဲ့ကျောင်းတွေပဲရောက်ခဲ့တယ်တဲ့လေ...
ငါတို့ ပိုက်ဆံတွေလည်းရှိသမျှအကုန်လှူခဲ့တယ်တဲ့.....
ကျေးဇူးတင်ပေမယ့်စိတ်မကောင်းလိုက်တာ..................

Anonymous said...

ဒါပေမဲ့ တော်တော်များများက အဲဒီရန်ကုန်ကိုပဲ စိတ်လိုလက်ရ ပြန်ချင်နေကြတာပဲ မဟုတ်လား

Anonymous said...

ဟ.. ပြန်ချင်တာပေါ့ကွ ကို့နေခဲ့တဲ့နေရာပဲ ကိုချစ်တဲ့နေရာပဲ အသုံးမကျတဲ့ အစိုးရကြောင့် လုပ်စားလို့မဖြစ်လို့ နိုင်ငံခြားထွက်လာရတာ ကို့နိုင်ငံပဲကိုယ်နေချင်တာပေါ့ ...

Nge Naing said...

ကိုပေါ အသစ်မတင်သေးဘူးလား။ Link ထားပေမယ့် တခါတလေ မ၀င်ပဲ ဖြစ်တတ်လို့ မကြာခဏ လာကြည့်တယ် အသစ်များ တင်ထားလားလို့။ ကျွန်မတော့ အေးအေးဆေးဆေးပဲ ရန်ကုန်လည်း တခါမှ မရောက်ဖူးဘူးဆိုတော့ လွမ်းရကောင်းမှန်းလည်း မသိဘူး။ ဒါပေယ့် မြန်မာနိုင်ငံရဲ့ အဓိက မြို့တော်ကြီးတခု အခုလို ဖြစ်နေတာ ကြားရတာ တကယ်ပဲ စိတ်မကောင်း ဖြစ်မိတယ်။

Moe Tain Nyo said...

ကိုပေါရေ
ကျွန်တော်တို့ ဆီမှာ ပျော်စရာတွေများလို့ပါ။
မီးလာလည်း ဟေးမီးလာပြီဟေ့လို့ ပျော်ရ
ရေလာလည်း ပျော်ရ
ဟိုလိုပျော်ရ ဒီလိုပျော်ရနဲ့
ပျော်စရာတွေ ဒီလောက်များတာ ဂုဏ်ယူရမှာပေါ့

ပျော်စရာအကောင်းဆုံး said...

ပျော်စရာအကောင်းဆုံးကတော့ န.အ.ဖ စစ်တပ် သေနတ်နဲ့  လိုက်ပစ်လို့  ထွက်ပြေးရတဲ့ အုပ်စုထဲမှာ ကိုယ်ပါပြီး အဖမ်းလဲမခံရ... ဒဏ်ရာလဲမရ လွတ်လာရင် ပိုပြီးတော့တောင် ပျော်ဖို့ ကောင်းသေး..

Me said...

ဟုတ်တယ်...ဘတ်စ်ကားစီးရင်း သတိထားမိလာတာက လူတွေဟာ ရုန်းရင်းကန်ရင်း ရလာတဲ့ ထိုင်ခုံတစ်နေရာအတွက် အတ္တပိုကြီးလာ ကြတယ်... မီးလာတဲ့အချိန်မှာ အလုအယက် ရေတင်ကြတယ်..။ တစ်စီးလွတ်ရင် မကြာခင် နောက်တစ်စိးလာလိမ့်မပေါ့ဆိုတဲ့ အာမခံချက်မျိုး မရှိတဲ့အတွက် မှတ်တိုင်မှာ ထိုးရပ်တဲ့ကားကို မမီမှာစိုးလို့ အမောတကော ဖိနပ်ပြတ်မတတ် ပြေးလိုက်ကြတယ်... စိတ်အေးချမ်းမျူ ဆိုတာ ရှားပါးပစ္စည်းဖြစ်နေပြီ။ .... သြော် ဒုက္ခ ရန်ကုန်....ဒုက္ခ... ရန်ကုန်...။

Anonymous said...

အော်..ကိုပေါရယ်..ရေမလာမီးမလာ လမ်းပျက်တာလေးများ စကားလုပ်ပြောလို့ဗျာ.
ဒီထက်မကပျက်နေတာ အားကြီး အပျက်ခြင်းပြိုင်ဘယ်သူနိုင်ပါ့မလဲ ရုပ်ရှင်တောင်ရိုက်လို့ရသေး..မီးလာရင်လည်းဝမ်းသာရ
ရေလာရင်လည်းဝမ်းသာရ ဘတ်စ်ကားနေရာရရင်လည်း
ထီပေါက်သလိုဖြစ်ရ အဲ့ဒီတရုတ်အားကိုး ရုရှားအားကိုး ဟိုအားကိုး ဒီအားကိုး ဟိုမျက်နှာချိုသွေး ဒီမျက်နှာချိုသွေး အဆိုးမြင်ဝါဒီတွေကလည်း တမျိုး အကောင်းကိုမမြင်နိုင်ဘူး.ဟော ၀န်ထမ်းတွေကြည့်လခနဲ့ မစားလောက်တော့ ကြိုက်သလိုတောင်းယူလို့ရတဲ့အခွင့်အရေးတောင်ပေထားသေး နောက်ခေတ်မှီဖွံဖြိုးတိုးတက်နေတဲ့ နေပြည်တော်ကြက်ပြေးကို ရုံးကိစ္စလာရတဲ့သူတွေက မစောင့်နိုင်တော့ တောင်းသလောက်ပေးရတော့လည်း ပိုရသေး..ချောက်ကမ်းပါးထဲကျတော့မဲ့ နိုင်ငံတော်ကြီးထဲက လူနည်းစုလေး ကောင်းစားလာအောင်လုပ်ပေးနိုင်တာ လူများစုကြီး လုပ်မပေးနိုင်တာနဲ့စာရင်တော်သေး..
လူတွေများခက်ပါတယ်..အဆိုးကိုမြင်တယ်..
ပြေးဒေါင်းကတော့ အဲ့လိုပြောတတ်တာကို လူအခွင့်ရေးသမားကြီးတွေက ရန်သူ့လူဆိုပြီးကျင်းထဲထည့်ထားမှာစိုးလို့..ပြေးပြီဗျာ..

ရေးသူ..
ပြေးဒေါင်း.

Anonymous said...

ကိုပေါရေ..

i just want to know singapore rule & regulation for downloading movies,music from Rapidshare,Megaupload...ကိုပေါက ရှာရှာဖွေဖွေ သိတတ်လွန်းလို့မေးတာပါ.. အဲ့ဒိလို လင့်ခ်တွေက ဒေါင်းလုပ်ချရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ပညာပေးသဘော ဆောင်းပါး တပုဒ်လောက် ရေးပေးပါလား ဗျာ..

ကျေးဇူးတင်လျှက်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs